အခန်း (၈၃၈-၈၄၀)
Vol. 56 Ch. 838-840
အခန်း(၈၃၈) လောဘကြောင့် ဒုက္ခတွေ့ခြင်း
“ကျန်းဟောက် ဘာလုပ်နေတာလဲ”
ကျင့်ကြံသူများက ရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်သွားကြသည်။ သူတို့က သူတို့အနေဖြင့် ကျန်းဟောက်သည် ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု ထင်မထားမိကြပေ။ ထိုစဥ် အားလုံးက သူ့ကို ရန်သူအလား သတိတကြီးဖြင့် စောင့်ကြည့်လိုက်ကြ၏။
အမြဲတမ်း သတိကြီးကြီး ထားထားသည့် ကျန်းဟောက်က ဘယ်ညာကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းတို့ကို သတိပေးလိုက်မယ်။ ငါ့နောက်ကို မလိုက်နဲ့။ ဒီအသက်ဓာတ် နှလုံးသားက ငါ့အပိုင်ပဲ။ မင်းတို့ အဆင့် အားလုံးက ငါ့ထက် နိမ့်တယ်။ တကယ်လို့ ငါ့နောက် လိုက်ဖမ်းရင် မင်းတို့ အားလုံးကို သတ်ပစ်မယ်”
သူက အသက်ဓာတ် နှလုံးသားကို လက်ထဲတွင် ကိုင်ဆောင်ရင်း ထွက်သွားဖို့ ပြင်လိုက်သည်။
“ကျန်းဟောက် မင်းက တစ်ယောက်ယောက်ကို သတ်ပြီးတဲ့နောက်မှာ ထွက်သွားချင်နေတာလား။ မင်းရဲ့ ကျင့်ကြံဆင့်က မြင့်တယ်ဆိုပေမဲ့ ငါတို့ ၅ယောက်လုံးကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်မယ်လို့ ထင်နေလား”
ကျန်းဟောက်နှင့် အနီးဆုံး ကျင့်ကြံသူက တခြားကျင့်ကြံသူများကို ကြည့်ကာ အတူတကွ ပူးပေါင်းရန် ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။
“သူ့ကို ထွက်မသွားစေနဲ့။ ငါတို့တွေ သူ့ကို ဝိုင်းတိုက်ကြမယ်”
“ကောင်းပြီ” တခြားသော ကျင့်ကြံသူများက နှစ်ခါပြန် မတွေးဘဲ သဘောတူလိုက်ကြ၏။
ကျန်းဟောက်က ထိုသူများ၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားဟန်ပေါ်သည်။ သို့သော်လည်း ယခုကိစ္စများက ဤချိန်ထိ ရောက်ရှိလာပြီဖြစ်၍ နောက်ပြန်ဆုတ်စရာ မရှိတော့ပေ။ သူက တောင်ကြားမှ ထွက်ကာ ကောင်းကင်အထက် ပျံသန်းလိုက်သည်။
တခြားသော ကျင့်ကြံသူ ၅ယောက်ကလည်း တစ်ပြိုင်နက် ပျံသန်းလာကြပြီး မဟာနည်းစနစ်များကို ထုတ်သုံးလိုက်ကြသည်။ သူတို့ထဲက ၂ယောက်က ကောင်းကင်ကို စောင့်ကြပ်ထားစဥ် ကျန် ၃ယောက်က တောင်ကြား၏ ထွက်ပေါက်ကို တားဆီးထားလေ၏။
ကျန်းဟောက်က နှာခေါင်းရှုံ့လိုက်ပြီး “မင်းတို့က အသက်ဓာတ် နှလုံးသားကို လိုချင်တယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ”
“အသက်ဓာတ် နှလုံးသားကို ပေးရင် မင်းကို ထွက်သွားခွင့်ပြုမယ်”
“ကောင်းပြီ။ မင်းတို့တွေက ငါ့ဆီက ယူနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”
ဤသို့ဖြင့် ယုံ အလောင်းရှိရာ နေရာ၏ ကောင်းကင်အထက် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။
...
လုကျိုးက ခေါင်းအသာယမ်းလိုက်၏။
ထိုကျင့်ကြံသူများက အနီးအနားတွင် ရှိကြ၏။ သူတို့က မြန်မြန်ဆန်ဆန် ရောက်လာကြသည်။ ကံဆိုးစွာဖြင့် သူတို့သည် အသက်ဓာတ် နှလုံးသားကို သိမ်းထားဖို့ ကံကောင်းမှု မရှိသလို အင်အားလည်း မရှိကြပေ။ ကမ္ဘာကြီးက အမြဲတမ်း ရက်စက်လှ၏။
မည်သို့ပင်ဆိုစေကာမူ လုကျိုးအနေဖြင့် သူတို့သည် အသက်ဓာတ် နှလုံးသား ထုတ်ယူသွားမည်ကို စိုးရိမ်စရာ မလိုပေ။
ထိုအချိန်တွင် ဂိုဏ်းကြီးများက ရောက်ရှိလာလိမ့်မည်။
သို့သော်လည်း လုကျိုးက မလှုပ်ရှားသေးပေ။ သူက ပတ်ဝန်းကျင်ကို ဆက်လက် စောင့်ကြည့်နေ၏။ စိတ်ရှည်မှုက အမဲလိုက်မုဆိုးများ ရှိသင့်သည့် အခြေခံစွမ်းရည်တစ်ခု ဖြစ်ပေသည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်ထိပ်တိုက် တွေ့ဆုံသံများက တောင်ကြားအထက် ပျံ့လွှင့်လာ၏။ စိတ်ဝိညာဥ်သဏ္ဌာန်အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုက လေထဲတွင် အသံများစွာ ထွက်ပေါ်လာသည်။
လုကျိုးက မော့ကြည့်လိုက်သည့်အခါ ကျန်းဟောက်တွင် ပွင့်ချပ်ခုနစ်လွှာ ရှိနေကြောင်း မြင်လိုက်ရသည်။ တစ်ဖက်တွင် ကျင့်ကြံသူ ၅ယောက်အနက် ၃ယောက်က ပွင့်ချပ်ခြောက်လွှာ ရှိပြီး ကျန်၂ယောက်က ပွင့်ချပ်ငါးလွှာအဆင့် ဖြစ်ကြသည်။ သူတို့ကို မဟာကျင့်ကြံသူများဟုပင် မှတ်ယူနိုင်လေ၏။ သူက ဤအခွင့်အရေးကို အသုံးချကာ သူတို့အားလုံးကို သတ်နိုင်မလားဟု စဥ်းစားနေမိသည်။
သူ့လက်ရှိ အနေအထားဖြင့် အုပ်ချုပ်သူသက်ဆင်းခြင်း အသုံးပြုလိုက်ခြင်းက သူတို့အားလုံးကို သတ်ဖို့ လုံလောက်ပေသည်။
အဆုံးသတ်တွင် သူက သူတို့ကို သတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပြောရလျှင် သူက သားကောင်ကို မျှားခေါ်ဖို့ ယုံအလောင်းပေါ် အသက်ဓာတ် နှလုံးသားကို ထားခဲ့သည် မဟုတ်ပါလော။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူ လှုပ်ရှားတော့မည့်ဆဲဆဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအရာက တစ်စုံတစ်ယောက် ချဉ်းကပ်လာဟန်ပေါ်၏။ ဤတွေ့ရှိမှုဖြင့် သူသည် မလှုပ်ရှားတော့ပေ။
သူ လှည့်ကြည့်လိုက်သည့်အခါ ကျင့်ကြံသူတချို့က ခိုးကြောင်ခိုးဝှက် ပြုမူနေကြောင်း မြင်လိုက်ရသည်။
ကျင့်ကြံသူတစ်ယောက်က လုကျိုးကို မြင်သည့်အခါ အံ့အားသင့်သွားလေ၏။ သို့သော်လည်း သူက အသိပြန်ဝင်လာကာ တိုးတိုးတိတ်တိတ်ဖြင့် ပြောလိုက်သည်။
“ရောင်းရင်း ရောင်းရင်းလည်း ဒီမှာ ပုန်းနေမယ်လို့ ထင်မထားမိဘူး။ ကြည့်ရတာ ကျုပ်တို့က စိတ်တူကိုယ်တူတွေပဲ”
လုကျိုးက မျက်မှောင်ကြုတ်လိုက်ကာ “မင်းတို့က ဘယ်သူလဲ”
“ဟန်ဆောင်မနေစမ်းပါနဲ့ဗျာ။ ကျုပ်က ယုံကို မြင်တယ်။ ခင်ဗျား နာမည်က ဘယ်သူလဲ” ထိုအမျိုးသားက တဲ့တိုးသာ ပြောလိုက်သည်။
“ကျုပ်မျိုးရိုးက လု” လုကျိုးက ပြောလိုက်သည်။ သူက သူ့ကိုယ်သူ နာမည်ပြောလုနီးပါး ဖြစ်သွားလေ၏။
“အာ လာပါ လာပါ ရိုးရိုးသားသားပဲ ပြောစမ်းပါ။ ကျုပ်နာမည်က ဝေကျွင်းကျစ်။ ဒါက ကျုပ်ညီလေ”
ဘန်း ဘန်း ဘန်း
စိတ်ဝိညာဥ်သဏ္ဌာန် ၂ခု ထိပ်တိုက်တွေ့ဆုံသံများက ထွက်ပေါ်လာသည်။ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက တောင်တစ်လုံးနှင့် ရင်ဆိုင်နေရသလိုဖြစ်ကာ ကျန်းဟောက်၏ စိတ်ဝိညာဥ်သဏ္ဌာန်ကြောင့် ပျက်စီးသွား၏။ ဤသို့ဖြင့် သူ့ပြိုင်ဘက်သည် ဆိုးဆိုးဝါးဝါး သေဆုံးသွားလေသည်။
ဝေကျွင်းကျစ်က တုန်လှုပ်သွား၏။ သူက ခေါင်းအသာယမ်းလိုက်ပြီး “နှမြောစရာပဲ။ လောဘကြောင့် ဒုက္ခတွေ့ရတာပဲ။ အသက်ဓာတ် နှလုံးသားကို ပိုင်ဆိုင်ဖို့ လွယ်မယ်များ ထင်နေလား”
လုကျိုးက မေးလိုက်၏။
“မင်းတို့ကလည်း အသက်ဓာတ် နှလုံးသားကို လုဖို့ ရောက်လာတာ မဟုတ်ဘူးလား”
ဝေကျွင်းကျစ်က ပြောလိုက်သည်။
“မဟုတ်ဘူး။ ကျုပ်က အဲ့လောက် မတုံးဘူး”
လုကျိုးက ဝေကျွင်းကျစ်ဆီတွင် ကျန်းအိုက်ကျန့်၏ အရိပ်ကို မြင်လိုက်ရသည်။ သူတို့ ၂ဦးလုံးက အတော်လေး တူညီလေ၏။ သို့သော် ဝေကျွင်းကျစ်က ပိုမိုသတ္တိကောင်းဟန်ပေါ်သည်။ ထို့အပြင် ဝေကျွင်းကျစ်က သူ့ကို သတိမထားသည်မှာ ထူးဆန်းသည်ဟု ထင်မိ၏။
မည်သို့ပင်ဆိုစေကာမူ လုကျိုးက ထိုကိစ္စကို စိတ်ထဲ မထားတော့ပေ။ ထိုလူများက မည်မျှကြံစည်နေကာမူ သူတို့ကို အလွယ်တကူ အနိုင်ပိုင်းနိုင်လေ၏။
ဘန်း ဘန်း ဘန်း
ဆူညံသံများ တိုးလျသွားပြီးသည့်နောက်တွင် တိုက်ပွဲက အဆုံးသတ်သွားဟန်ပေါ်သည်။
လုကျိုးက သူ့အာရုံကို တောင်ကြားဘက် ပြန်ဆက်လိုက်ပြီး ကျန်းဟောက်က လက်တစ်ဖက် ဆုံးရှုံးသွားသည်ကို တွေ့လိုက်ရသည်။
ကျန်းဟောက်က သူ့မျက်နှာမှ သွေးများကို သုတ်ပြီးသည့်နောက် မြေပြင်ပေါ်မှ အလောင်းများကို အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်သည်။
ဝေကျွင်းကျစ်က ပြောလိုက်၏။
“အကောင်းကြီးကြီးတွေ လာနေပြီ။ ကျုပ်တို့ကို ရှာမတွေ့စေချင်ရင် အခုထွက်သွားတာ အကောင်းဆုံးပဲ”
သူ့စကားအဆုံးတွင် သူ့တွဲဖက်ကို ဆွဲခေါ်ကာ တောအုပ်အတွင်း နောက်ဆုတ်သွား၏။
သို့သော်လည်း ဝေကျွင်းကျစ်က လုကျိုးသည် ရပ်နေဆဲ ဖြစ်သည်ကို မြင်သည့်အခါ အလျင်စလို လှမ်းခေါ်လိုက်သည်။
“အစ်ကိုလု မြန်မြန်လာ”
လုကျိုးက ခရမ်းရောင် တောက်ပသံကျောက် ရှိသည့်အတွက် ရှာဖွေတွေ့ရှိခံရမည်ကို မကြောက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဝေကျွင်းကျစ် နောက်မှ လိုက်သွားလိုက်၏။
...
ကျန်းဟောက်က သူ့လူများကို သတ်ပြီးသည့်နောက်တွင် အသက်ဓာတ် နှလုံးသားကို ကိုင်ဆောင်ပြီး ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။ သူက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမည်ဖြစ်ကြောင်း သိထား၏။ သူသာ တောအုပ်အနက်ပိုင်းကို ထွက်ပြေးနိုင်သရွေ့ မည်သူကမှ သူ့အား ရှာတွေ့မည် မဟုတ်ပေ။
သို့သော် ကျန်းဟောက်က တောင်ကြားမှ ထွက်သွားတော့မည့်ဆဲဆဲတွင် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ကောင်းကင်မှ ဆင်းသက်လာ၏။
ဝုန်း
ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်က မိုးကုတ်စက်ဝန်းအတွင်း ရောက်ရှိလာကာ သစ်ပင်များကို ပျက်စီးသွားစေပြီး ကျန်းဟောက်၏ လမ်းကို ပိတ်ဆို့ထား၏။
ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်ရှေ့တွင် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူက ကျန်းဟောက်ထံ လက်ညှိုးထိုးကာ ပြောလိုက်၏။
“အသက်ဓာတ် နှလုံးသားကို ယူပေးတဲ့အတွက် ကျေးဇူးပဲ”
ကျန်းဟောက်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တုန်လှုပ်သွား၏။ သူ့နှုတ်ခမ်းများက တုန်တုန်ယင်ယင် ဖြစ်လာကာ ခြေထောက်များက အားနည်းသွားသည်။ သူက ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်၏။ သူ ကိုင်ဆောင်ထားသည့် အသက်ဓာတ် နှလုံးသားက မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူက ခြေလှမ်းအနည်းငယ် ဆုတ်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
“ခင်ဗျားက ကောင်းကင်မီးတောက်ဂိုဏ်းရဲ့ ဖုန်းကျစ်ဟယ်လား”
ဖုန်းကျစ်ဟယ်က အမူအရာကင်းမဲ့စွာ ခေါင်းအသာယမ်းလိုက်၏။ သူ့လက်တစ်ချက် အဝှေ့တွင် အသက်ဓာတ် နှလုံးသားက သူ့လက်အတွင်း ကျရောက်လာသည်။ သူ့လက်ချောင်းများက အနည်းငယ် တုန်ယင်နေလေ၏။ သို့သော် သူက အလျင်အမြန် ပြန်လည်ထိန်းချုပ်ကာ မထူးမခြားနား ပြောလိုက်သည်။
“ဒီအသက်ဓာတ် နှလုံးသားက မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တယ်ဆိုတော့ လေးစားမှု ရှိသင့်တယ်။ ဒီဟာကို မလေးစားတဲ့သူတွေကို သုတ်သင်ပစ်သင့်တယ်”
ဖုန်းကျစ်ဟယ်က လက်ကို ဆန့်ထုတ်လိုက်သည့်အခါ စွမ်းအင်ဓားမော့က ကျန်းဟောက်ဆီ ပြေးဝင်လာ၏။
“မဖြစ်ဘူး” ကျန်းဟောက်က အော်ဟစ်လိုက်၏။ သူက ချက်ချင်းလှည့်ကာ ထွက်ပြေးတော့သည်။ သို့သော် သူက စွမ်းအင်ဓားမော့ကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေ၏။ သူက ပြန်မတိုက်ခိုက်နိုင်ခဲ့ပေ။
ဖုန်းကျစ်ဟယ်က အသက်ဓာတ် နှလုံးသားကို ရရှိပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်ပြီးသည့်နောက် စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း သူက ထွက်သွားတော့မည့်ဆဲဆဲတွင် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုက ခပ်နိမ့်နိမ့် ပျံသန်းလာနေသည်ကိုမြင်လိုက်ရ၏။ သူက တခြားသူများ ရှိသည်ကို သတိထားမိသည့်အခါ တကယ်တမ်း ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန် ၃ခုက ဘက်အသီးသီးမှ သူ့ဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။
“မဖြစ်ဘူး” ဖုန်းကျစ်ဟယ်က မျက်လုံးအပြူးသားဖြင့် တောင်ကြားအတွင်း ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ စောစောလေးက ကျန်းဟောက်ကို တားဆီးဖို့ရာအတွက် သူသည် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ရုံမှအပ ရွေးချယ်စရာ မရှိခဲ့ပေ။ ကံဆိုးစွာဖြင့် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို တခြားသူများက ရှာဖွေတွေ့ရှိသွားဟန်ပေါ်၏။
ဖုန်းကျစ်ဟယ်က ဆက်လက်ထွက်ပြေးလိုက်သည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန် ၃ခု သူ့ဆီ ပျံသန်းလာနေသည်ကို ရံဖန်ရံခါ လှည့်ကြည့်လေ၏။ သစ်ပင်ကြီးများစွာကို ဖြတ်သန်းလာပြီးသည့်နောက် ၂ပိုင်း ပြတ်လုနီးပါးဖြစ်နေသည့် ယုံ၏ အလောင်းကို မြင်လိုက်ရသည်။ သူက မျက်မှောင်အသာကြုတ်ပြီးသည့်နောက် တောင်ကြား၏ အနက်ပိုင်းအတွင်း ဆက်လက် ဝင်ရောက်လိုက်၏။
...
တောင်အနီးရှိ တောအုပ်အတွင်း
ဝေကျွင်းကျစ်က ရယ်မောလိုက်ပြီး “ကျုပ် ထင်ထားတဲ့အတိုင်းပဲ။ တကယ်လို့ ကျုပ်နောက်ကို လိုက်ရင် ခင်ဗျား ပြပွဲကောင်းကောင်း ကြည့်ရလိမ့်မယ်။ အစ်ကိုလု ဒါနဲ့ ကျုပ်ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ။ စိတ်မပူပါနဲ့။ ကျုပ်က ဒီနေရာနဲ့ ကျွမ်းကျင်တယ်”
“မင်းက ဘာလို့ ငါ့ကို ကူညီတာလဲ။ ငါက မင်းကို သတ်မှာ မကြောက်ဘူးလား” လုကျိုးက မေးလိုက်သည်။
“ကျုပ်တို့တွေက ပဋိပက္ခမှ မရှိတာ။ ကျုပ်ကို ဘာလို့သတ်မှာလဲ။ ကျုပ်တို့တွေ ဘာလို့ အတူတူ အလုပ်မလုပ်ရမှာလဲ။ တကယ်လို့သာ အောင်မြင်တယ်ဆိုရင် ခင်ဗျားက အသက်ဓာတ် နှလုံးသားကို ရနိုင်တယ်။ ကျုပ်က ရည်မှန်းချက်ကြီးတဲ့သူ မဟုတ်ပါဘူး။ သူတို့ ထွက်သွားပြီးရင် ကျုပ်က ရတနာရှိမလားလို့ အလောင်းတွေကိုပဲ ယူဖို့ ပြင်ဆင်ထားတာ” ဝေကျွင်းကျစ်က ပြောလိုက်သည်။
လုကျိုးက သူ့အား ကြည့်ပြီး “ဒါပေမဲ့ ငါ့အကူအညီ မရှိဘဲနဲ့လည်း မင်းက အဲဒါတွေ လုပ်နိုင်တယ် မဟုတ်ဘူးလား”
ဝေကျွင်းကျစ်က ပြန်ပြောလိုက်သည်။
“ခင်ဗျားက အတော်လေးကို သတိထားတာပဲ။ ကျုပ် ခင်ဗျားပုံစံကို သဘောကျတယ်။ တကယ်လို့ ကျုပ်နောက်ကို လိုက်ရင် ဘာဆိုလိုတယ်ဆိုတာကို သိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လိုက်မလား မလိုက်ဘူးလားဆိုတာ ခင်ဗျားအပေါ်ပဲ မူတည်တယ်”
ထို့နောက် သူက သူ့ညီငယ်ဖြစ်သူဘက် လှည့်ကာ ပြောလိုက်သည်။
“သွားကြစို့”
“ဟုတ်ကဲ့ ခေါင်းဆောင်”
နှစ်ဦးသားက တောင်ကုန်းဆီ ပြေးလိုက်ကြသည်။
လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ ထိုနှစ်ဦးကို လှမ်းကြည့်နေ၏။ ထိုစဥ် သူက သူတို့နောက်မှ လိုက်သွားလိုက်သည်။
...
လုကျိုး၊ ဝေကျွင်းကျစ်နှင့် အပေါင်းအပါတို့က ဖြတ်လမ်းလိုက်ကာ ခုနစ်ကွေ့၊ ရှစ်ကွေ့ ကွေ့ပြီးသည့်နောက်တွင် တောင်ကြား၏ အဆုံးသို့ ရောက်ရှိလာကြသည်။
လုကျိုးက တည်ငြိမ်နေလေ၏။ သူက သူတို့နှစ်ဦး ပျောက်ကွယ်သွားသည့်နောက်ကို ကြည့်ကာ လိုက်လာလေသည်။
“ရှူး” ဝေကျွင်းကျစ်က အားလုံးကို တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်၏။
ထိုစဥ် ဖုန်းကျစ်ဟယ်က တောင်ကြား၏ အဆုံးဘက်သို့ ပြေးလာပြီး ပုန်းအောင်းစရာ နေရာ ရှာတွေ့သွားသည်။
ဤသည်က တောင်ကြား၏ အနက်ပိုင်းအတွင်း မှောင်မဲနေလေ၏။
သိပ်မကြာခင် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်များ ပေါ်ထွက်လာသည်။
“သူက ဒီမှာ ပုန်းနေတာပဲ နေမယ်။ သူ့ကို ထွက်မသွားစေနဲ့။ ထွက်လမ်းတွေ အကုန်လုံး ပိတ်ထားလိုက်”
“ထွက်ခဲ့စမ်း။ အသက်ဓာတ် နှလုံးသားကို ငါတို့ သွေးနီရောင်နေမင်းဂိုဏ်းကို အသက်ဓာတ် နှလုံးသား လာပေးလှည့်။ မင်းအသက်ကို ချမ်းသာပေးမယ်။ ငါတို့က အသက်ဓာတ် နှလုံးသားကို လိုချင်ရုံပဲ။ မင်း မသေချင်ရင် ထွက်လာခဲ့”
ထိုနောက်ဆုံးစကား ၂ခုတွင် တောင်ကြားတစ်ခုလုံးကို လှုပ်ခါသွားစေသည့် အသံလှိုင်း ပါဝင်နေသည်။ ထိုအသံလှိုင်းက တိုက်ခိုက်နိုင်၏။ ကျင့်ကြံဆင့် နိမ့်သည့်သူများက ခုခံနိုင်သည့် နည်းလမ်း မရှိသည့်အတွက် သွေးချီများ ဆူပွက်လာသလို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ လုကျိုးက နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။
တစ်ဖက်တွင် ဝေကျွင်းကျစ်၏ ညီငယ်ဖြစ်သူက အသံလှိုင်းကြောင့် ဖြူဖျော့သွားလေသည်။
“မင်း ထွက်မလာဘူးဆိုရင် သွေးနီရောင်နေမင်းဂိုဏ်းကို သက်ညှာမှု မရှိဘူးဆိုပြီး အပြစ်မတင်နဲ့။ ၃ထိ ရေမယ်”
“၁”
“၂”
“၃”
စိတ်ဝိညာဥ်သဏ္ဌာန် ၃ခု ထွက်ပေါ်လာသည့်အတွက် အသံလှိုင်းများက ပြန်လည်ထွက်ပေါ်လာသည်။
ထိုစဥ် ဝေကျွင်းကျစ်က မျက်မှောင်ကြုတ်ကာ “ကောင်းကင်သိုင်းခုံရုံးက လူတွေ ဘာလို့ မရောက်သေးတာလဲ”
“ကောင်းကင်သိုင်းခုံရုံးက လူတွေ လာမယ်လို့ ဘာလို့ ထင်နေတာလဲ” လုကျိုးက မေးလိုက်သည်။
“မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ် နှလုံးသားက အကြောင်းအရင်း မရှိဘဲ ပေါ်လာပါ့မလား။ အဲဒီ တိမ်တိုက်တောင်ပေါ်က လုမျိုးရိုးနဲ့ မြေခွေးအိုကြီးက ဉာဏ်များတယ်။ သူက ဒီလိုနည်းလမ်းမျိုးနဲ့ အင်အားစုတွေ အကုန်လုံးကို မြှားခေါ်ဖို့ တွေးနေတာပဲ။ ဒါပေမဲ့ သူ ဒီလိုလုပ်တဲ့အကြောင်းအရင်းကို နားမလည်ဘူး”
“မြေခွေးအိုကြီးတဲ့လား” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ဝေကျွင်းကျစ်က များစွာသိထားဟန်ပေါ်၏။
ဝေကျွင်းကျစ်က ရယ်မောလိုက်ပြီး “အော် ဒါနဲ့ ခင်ဗျားက သူနဲ့ မျိုးရိုး တူတာပဲ”
ဝေကျွင်းကျစ် စကားမဆုံးခင် တောင်ကြား၏ အနက်ပိုင်းမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ အံ့သြသွားမိ၏။
“မွေးဖွားဇယားချပ် စွမ်းအားလား”
…
အခန်း (၈၃၉) အကျော်အမော်များ စုဝေးမှု
လုကျိုးသည် ဝေကျွင်းကျစ်က သူ့ကို ကောက်ကျစ်သောမြေခွေးအိုကြီးအနေဖြင့် ဖော်ပြတာကို ကြားပြီးနောက် သူ့ကို မေးတော့မည့်အချိန်တွင် အလင်းတန်းကို တွေ့လိုက်ရသည်။
“ဒါက မွေးဖွားဇယားချပ်ရဲ့စွမ်းအားလား” လုကျိုးက တအံ့တဩပြောလိုက်သည်။
ဝေကျွင်းကျစ်က လုကျိုးကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။
“ခင်ဗျားပြောပုံနဲ့ ဟန်ပန်အမူအရာက ခင်ဗျားက ကျင့်ကြံသူအသစ်မဟုတ်ကြောင်း ညွှန်ပြနေတယ်၊ ဒါကို ခင်ဗျား ဘယ်လိုလုပ် မသိတာလဲ”
“ဒါဆို မင်းက စွမ်းအင်ဓားသုံးခုကို ထိန်းချုပ်နိုင်လား” လုကျိုးက ပြန်ပက်လိုက်၏။
လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြသည်။
“ဟုတ်ပြီ၊ ခင်ဗျားနိုင်တယ်”
ဝေကျွင်းကျစ်သည် ကူကယ်ရာမဲ့စွာ လက်ဖြန့်လိုက်တော့သည်။ သူသည် စွမ်းအင်ဓားသုံးမျိုးကို တကယ် မထိန်းချုပ်နိုင်ပေ။
“မွေးဖွားဇယားချပ်စွမ်းအားက မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားအတွက် တမူထူးကဲတယ်၊ ဒါက ရူးရောက်တာပဲ၊ သူ့ရဲ့တည်နေရာကို လူတိုင်းဆီ ကြေညာလိုက်တာ မဟုတ်ဘူးလား”
တကယ်တော့ ဖုန်းကျစ်ဟယ်သည် မွေးဖွားဇယားချပ်စွမ်းအားကို တမင်တကာ ထုတ်ဖော်ပြီး အလင်းတန်းကို ထုတ်လွှင့်လိုက်တာပဲဖြစ်သည်။
သွေးနီရောင်နေမင်းဂိုဏ်းမှ သိုင်းပညာရှင်သုံးယောက်သည် ချက်ချင်းပင် လိုက်ဖမ်းတာ ရပ်တန့်လိုက်၏။
“ပြန်ဆုံမယ်”
သူတို့သုံးယောက်သည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ပြန်ရုပ်သိမ်းလိုက်၏။ သူတို့အားလုံး၏မျက်နှာပေါ်၌ မျက်မှောင်ကြုတ်သည့် အမူအရာကိုတွေ့ရသည်။
“နောက်ကျသွားပြီ၊ သူဒီနေရာဆီ သိုင်းပညာရှင်တွေအားလုံး မျှားခေါ်ချင်နေတာပဲ”
“မဟုတ်ဘူး၊ မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို ရှာတွေ့ဖို့ မလွယ်ဘူးလေ၊ ငါတို့ဘယ်လိုလုပ် လက်လျော့နိုင်မှာလဲ”
သုံးယောက်သားက လေထဲပျံဝဲလျက် သူတို့အချင်းချင်း ဆက်လက်အငြင်းပွားနေသည်။
“နောက်ကျလွန်းသွားပြီ”
ထိုစဉ် အရှေ့တောင် ၊ အရှေ့နှင့် အရှေ့မြောက် ကောင်းကင်ချားတောင်တန်းဒေသ၏ အရှေ့မြောက်အရပ်မျက်နှာဆီမှ ရထားလုံးပျံများ ပျံသန်းလာတာကို မြင်တွေ့နိုင်သည်။
အနောက်အရပ်တွင် ဧရာမသားရဲများကို စီးလာသည့် ကျင့်ကြံသူများသည် လျင်မြန်စွာ ပျံသန်းလာ၏။
ထိုစဉ် ဖုန်းကျစ်ဟယ်က ရူးသွပ်စွာ ရီမောလိုက်၏။
“ငါမရနိုင်ရင် မင်းတို့အားလုံးရဖို့ တွေးတောင် မတွေးနဲ့”
သွေးနီရောင်နေမင်းဂိုဏ်းမှ သိုင်းပညာရှင်သုံးယောက်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။
“ကောင်းပြီ၊ သွေးနီရောင်နေမင်းဂိုဏ်းက အသက်ဓာတ်နှလုံးသားကို မရလောက်ပေမဲ့ မင်းက သေချာပေါက် သေမှာပဲ”
ယခုအချိန်တွင် အသက်ဓာတ်နှလုံးသားသည် အာလူးပူပူကဲ့သို့ဖြစ်နေသည်။ ၎င်းကို ပိုင်ဆိုင်ထားသူတိုင်းသည် ဒုက္ခသာ ဆွဲခေါ်မိလိမ့်မည်။
အဆုံးကျ သွေးနီရောင်နေမင်းဂိုဏ်းမှ သိုင်းပညာရှင်သုံးယောက်သည် တောင်ဘက်သို့ ပျံသန်းသွားပြီးနောက် ကျန်သည့်သိုင်းပညာရှင်များ ရောက်လာမှာကို စောင့်နေသည်။
ဝေကျွင်းကျစ်သည် အရပ်မျက်နှာအနှံ့မှ သိုင်းပညာရှင်များ ရောက်လာတာကို မြင်ပြီး တအံ့တဩပြောလိုက်သည်။
“အဲဒီလုမျိုးရိုးနဲ့လူက တကယ်ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ၊ အံ့ဩဖို့ကောင်းလိုက်တဲ့လှည့်ကွက်၊ သူ့ကို တကယ်လေးစားမိတယ်”
လုကျိုးသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။
“လှည့်ကွက်လား”
“ဟ တိမ်တိုက်တောင်က မဟာသိုင်းပညာရှင်သုံးယောက် ယုံကိုတိုက်ခိုက်နေတာ ကျုပ်တွေ့ခဲ့တယ်လေ၊ အဲဒီတုန်းက အခြေအနေအရ တိမ်တိုက်တောင်က ယုံကိုသတ်နိုင်ခဲ့လောက်တယ်၊ ဒါကြောင့် ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်၊ ဒါတွေအားလုံးကို တိမ်တိုက်တောင်က ကြံစည်ထားတာ၊ မြေခွေးအိုကြီးက တံငါသည်ရဲ့ အကျိုးအမြတ်ကို ရိတ်သိမ်းချင်နေတာ ဖြစ်လောက်တယ်” ဝေကျွင်းကျစ်သည် သူ၏ယူဆချက်ကို ထုတ်ပြောရန် တွေဝေမနေပေ။
“မင်းက တိမ်တိုက်တောင်နား ဘာကြောင့် ရောက်လာတာလဲ” လုကျိုးက မေးလိုက်၏။
“ညီအစ်ကိုလု မမေးနဲ့”
“ဒါဆို ကျုပ်ကို ဘာကြောင့် ဒီကိုခေါ်လာတာလဲ” လုကျိုးက ဆက်မေးလိုက်သည်။
ကောင်းကင်ချားတောင်တန်းဒေသသို့ ရောက်လာသူများနှင့် တောင်ကြားထဲရောက်လာသူများသည် လိုချင်တာ တစ်ခုသာရှိသည်။ မွေးဖွားဇယားချပ်သားရဲ၏ အသက်ဓာတ်နှလုံးသားကို ရယူရန်ဖြစ်သည်။ ဝေကျွင်းကျစ်က သူ့ကို ဤနေရာသို့ သူ့နောက်လိုက်လာရန် ပြောရသည့်အကြောင်းအရင်းကို မဖော်ထုတ်နိုင်ပေ။ ဆိုရလျှင် လူပိုတစ်ယောက်က ရှင်သန်သူတစ်ယောက် ပိုတိုးလာခြင်းပဲဖြစ်၏။
ဝေကျွင်းကျစ်၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာသည်။
“ခဏနေရင် ခင်ဗျားသိလိမ့်မယ်၊ စိတ်မပူနဲ့၊ ခင်ဗျားထိခိုက်အောင် မလုပ်ဘူး”
ထိုစဉ် ရထားလုံးပျံသုံးစင်းနှင့် ဧရာမသားရဲပျံသည် ကောင်းကင်ချားချိုင့်ဝှမ်းပေါ်၌ ပေါ်လာလေ၏။
တစ်ချိန်တည်းတွင် သွေးနီရောင်နေမင်းဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း ကောင်းကင်ထဲ ပျံသန်းသွားကြသည်။
“သွေးနီရောင်နေမင်းဂိုဏ်းမှ စွန်းကျဲက လူကြီးမင်းတို့ကို နှုတ်ခွန်းဆက်ပါတယ်”
သွေးနီရောင်နေမင်းဂိုဏ်းမှ လူသုံးယောက်သည် ရထားလုံးပျံသုံးစင်းအတွင်းမှ ဖြုံလောက်သော အရှိန်အဝါများကို တိတိကျကျ အာရုံခံမိသည်။
မည်သို့ပင်ဆိုစေ သူတို့သုံးယောက်သည် အချိန်အတော်ကြာ ရပ်နေခဲ့တာဖြစ်၏။ သူတို့သုံးယောက်ကို မည်သူမျှ အာရုံမစိုက်ပေ။ အဆုံးကျ အရှေ့ဘက်ခြမ်းရှိ အနီရောင် ရထားလုံးထဲမှ တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ဟူရယ် ဒီနေရာမှာ မင်းအတွက် ဘာမှမရှိတော့ဘူး ထွက်သွား”
သားရဲပျံကို မောင်းနှင်သောကျင့်ကြံသူသည် ကြွက်သားများဖြင့် ထူးဆန်းသော သွင်ပြင်ရှိသည်။ ထိုစကားများကို ကြားသောအခါ သူမငြင်းခဲ့ပေ။ ထို့အစား အနီရောင် ရထားလုံးပျံဘက် အရိုအသေပေးပြီးပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ဟူရယ်သည် နယ်ခြားသားဖြစ်သည်။ ရထားလုံးပျံသုံးစီးသည် တာ့ထန်မှ လာမှန်းသူသိ၏။ အသက်ဓာတ်နှလုံးသားကို သူလုယူခဲ့သော်ငြား သူသည် ထိုအခြေအနေအောက်၌ ထိုအတွက် မတိုက်ခိုက်ရဲချေ။ ထို့ကြောင့် သူသည် နာနာခံခံ ထွက်သွားရုံသာရှိ၏။ ထိုစဉ် သွေးနီရောင်နေမင်းဂိုဏ်းမှ လူသုံးယောက်သည် အသက်တောင် ကျယ်ကျယ်မရှုရဲတော့ပေ။
အနီရောင်ရထားလုံးပျံများနှင့် ဆင်တူသည့် ကျန်သည့်ရထားလုံးပျံနှစ်စင်းကလည်း ခမ်းနားလှပေ၏။ သို့သော်သူတို့သည် အနီရောင်ရထားလုံးပျံများထက် ပိုကြီးမား၏။
ထိုစဉ် တောင်ကြားထဲရှိလေထုက အတော်လေး တင်းမာလာတော့သည်။ မှုန်မှိုင်းမှိုင်းအလင်းရောင်နှင့် ပေါင်းစည်းလိုက်ရာ ပိုတောင် တောင့်တင်းသွားစေတော့၏။
ထိုစဉ် အနီရောင်ရထားလုံးပျံထဲရှိလူက အနည်းငယ် အံ့ဩနေသောလေသံဖြင့် ပြောလိုက်၏။
“အစစ်အမှန် ခွန်းလွန်ဂိုဏ်းနဲ့ လေဟာနယ်ဂိုဏ်းက ပွင့်ချပ်ဆယ်လွှာသိုင်းပညာရှင်တွေ တကယ်မွေးထုတ်ခဲ့တာပဲ”
“ခုံရုံးသခင်ယွီ ကျုပ်တို့ မတွေ့ခဲ့တာ အတော်ကြာလှပြီ”
အရှေ့မြောက်ဘက်ခြမ်းရှိ အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ရထားလုံးပျံထဲမှ အသံတစ်သံပေါ်ထွက်လာသည်။
“ဂိုဏ်းချုပ်သခင်ယွီက ကျုပ်တို့ဆီ လာလည်တာ ရှားပါးပါဘိ”
လေဟာနယ်ဂိုဏ်း၏ ရထားလုံးပျံထဲမှ ထေ့ရိသော အသံတစ်သံက ပေါ်လာသည်။
ထိုစဉ် အလင်းတန်းက မိုးကုပ်စက်ဝိုင်းထဲ တောက်ပနေသေးဆဲဖြစ်သည်။ ဤအလင်းတန်းသည် မွေးဖွားဇယားချပ်၏ စွမ်းအားဖြစ်ပြီး သူတို့ကို ဤနေရာသို့ မျှားခေါ်လာသည့်နေရာဖြစ်သည်။
အလင်းတိုင်သည် သူတို့ကံကြမ္မာများ၏ စွမ်းအားများဖြစ်သည်။ သူတို့အားလုံးကို ဤနေရာသို့ လာစေသော သွေးအဆောင်နိုင်ဆုံး ရတနာပဲဖြစ်သည်။ သူတို့အားလုံးသည် ၎င်းကိုရရန် ကြီးမားသည့်တန်ကြေးကို ဝမ်းမြောက်ဝမ်းသာစွာ ပေးဆပ်ကြလိမ့်မည်။
ထိုစဉ် ကောင်းကင်သိုင်းခုံရုံး၊ အစစ်အမှန် ခွန်းလွန်ဂိုဏ်း၊ လေဟာနယ်ဂိုဏ်းတို့သည် သုံးဖက်အခင်းအကျင်းဖြင့် အလင်းတန်းနား ဝိုင်းနေကြသည်။ ကောင်းကင်ချားတောင်တန်းဒေသသို့ နောက်ကျမှရောက်လာသော ကျန်သည့်ဂိုဏ်းများနှင့် ကျင့်ကြံသူများသည် အဝေးကနေ ကြည့်ရုံသာတတ်နိုင်၏။ ထို့အပြင်သူတို့က အနားမကပ်ရဲချေ။ သန်မာသောဂိုဏ်းများက ဤနေရာတွင် ရှိနေလေရာ သူတို့က မည်သို့အခွင့်အရေးရမည်နည်း။
တောင်ခြားပေါ်ရှိ ဝေဟင်ထဲတွင် လေထုအခြေအနေက တင်းမာပြီး တိတ်ဆိတ်နေသည်။
အတော်ကြာပြီးနောက် အနီရောင်ရထားလုံးပျံထဲတွင် ထိုင်နေသော ယွီချန်းရှုသည် ကွေ့ဝိုက်မနေပဲ ပြောလိုက်၏။
“အသက်ဓာတ်နှလုံးသားကိုရအောင်ယူဖို့ ငါဆုံးဖြတ်ထားတယ်၊ ငါက အစစ်အမှန်ခွန်းလွန်ဂိုဏ်းနဲ့ လေဟာနယ်ဂိုဏ်းကို လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်၊ အညံ့ခံမှာမဟုတ်ဘူး”
ဤအကျော်အမော် ယွီချန်းရှုသည် ညှိနှိုင်းဆွေးနွေးရာ၌ တိုက်ရိုက်သာ ပြောခဲ့သည်။
ထိုစဉ် ဝေကျွင်းကျစ်က ထိုစကားများကို ကြားသောအခါ စိတ်လှုပ်ရှားလာလေ၏။ သူကသူ့အသင်းဖော်ကို ခေါ်လျက် သူ၏လက်ညှိုးကို နှုတ်ခမ်းနားကပ်ကာ တိတ်တိတ်နေရန် ပြောလိုက်သည်။
ယွီချန်းရှုပြောပြီးနောက် အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ရထားလုံးပျံထဲမှ ရီသံတစ်သံပေါ်ထွက်လာ၏။
“ခုံရုံးသခင်ယွီက ကျုပ်တို့ကို ဘယ်လိုလျော်ကြေးပေးဖို့ ရည်ရွယ်ထားလဲ၊ ပြောရရင် ဒါက မွေးဖွားဇယားချပ် သားရဲတစ်ကောင်ရဲ့ အသက်ဓာတ်နှလုံးသားလေ”
“ကျုပ်လည်း သိချင်မိသား၊ ကျုပ်တို့ကို ဘယ်လိုလျော်ကြေးပေးဖို့ စီစဉ်ထားလဲ”
သုံးသွယ်ညှိနှိုင်းနေသည်ဟု ထင်ရသော်ငြား အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့သည် ယခုအချိန်တွင် တစ်ဖက်တည်း၌ ရှိတာသိသာ၏။
ယင်းသည် သုံးပြည်ထောင်မှ မြင်ကွင်းတစ်ခုနှင့်တူသည်။
ထိုစဉ်လုကျိုးသည် ဧရာမရထားလုံးပျံများကို လေ့လာနေ၏။ ရထားလုံးပျံနား၌ ဝန်းရံနေသည့်လူက အတော်များသည်။
ထိုလူများအဖို့ ကောင်းကင်သိုင်းခုံရုံးနှင့် ဤမျှ ယုံကြည်ချက်ရှိရှိ ညှိနှိုင်းစေနိုင်ရန် ဂိုဏ်းနှစ်ဂိုဏ်းသည် လွန်ခဲ့သည့် နှစ်ပေါင်းအတွင်း ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်တစ်ယောက် ပေါ်ပေါက်ပြီးဖြစ်ရမည်။ မွေးဖွားဇယားချပ်သားရဲ၏ အသက်ဓာတ်နှလုံးသားပေါ်ပေါ်လာသောကြောင့် ဂိုဏ်းနှစ်ဂိုဏ်းသည် သူတို့ခွန်အားကို ဖုံးကွယ်ရန် မလိုအပ်တော့၊ သို့မဟုတ် အချိန်ဆက်ဆွဲရန်မလိုအပ်တော့တာ သဘာဝကျသည်။
“ပြိုင်ဘက်ကင်းအဆင့် လက်နက်၊ သာလွန်အဆင့် အဆောင်တစ်သောင်း၊ ကောင်းကင်အဆင့် လက်နက်ငါးခု၊ ထိပ်တန်းအဆင့် ကွန်ဖြူးရှပ်ဗုဒ္ဓတာအိုကျင့်စဉ်သုံးမျိုး”
ယွီချန်းရှုက မျက်နှာသေဖြင့် ပြောလိုက်လေ၏။
“ကောင်းကင်သိုင်းခုံရုံးက တကယ်ကြွယ်ဝချမ်းသာပြီး ရက်ရောတာပဲ၊ ဒါဆို အဲဒီတုန်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ပစ္စည်းတွေအများကြီး ဖန်တီးခဲ့တာပဲ၊ တကယ်အားကျမိပါရဲ့”
အစစ်အမှန်ခွန်းလွန်ဂိုဏ်းမှ လူတစ်ယောက်က ပြောလိုက်၏။
“ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးရဲ့ အုတ်မြစ်က ရှိနေသေးတယ်၊ ကျုပ်တို့ လေဟာနယ်ဂိုဏ်းက မယှဉ်နိုင်ဘူး” လေဟာနယ်ဂိုဏ်းမှ လူတစ်ယောက် ပျက်ရယ်ပြုကာပြောလိုက်သေး၏။
ယွီချန်းရှုသည် ဂိုဏ်းနှစ်ဂိုဏ်း၏လှောင်ပြောင်သော စကားများကို လျစ်လျူရှုထားပြီး ပြောလိုက်သည်။
“ဝေ့ဝိုက်မနေကြရအောင်၊ သဘောတူ၊ မတူပဲ ပြောလိုက်”
“ခုံရုံးသခင်ယွီ ခင်ဗျားက ဒီနေ့နည်းနည်းလေး အလျင်လိုနေတယ်၊ ဒီနေရာဆီ လူတစ်ယောက်ပို့ဖို့ လုံလောက်ရုံ မဟုတ်ဘူးထင်တယ်” အစစ်အမှန် ခွန်းလွန်ဂိုဏ်းမှလူက ထပ်ပြောလိုက်၏။
လေဟာနယ်ဂိုဏ်းမှလူသည် ထောက်ခံကြောင်းပြောလိုက်၏။
“အင်း ကျုပ်တို့တွေက မွေးဖွားဇယားချပ်သားရဲနဲ့ သူ့ရဲ့အသက်ဓာတ်နှလုံးသားအကြောင်း ပြောနေပြီဆိုတော့ အံ့ဩစရာမဟုတ်ဘူးပဲ၊ ဒါပေမဲ့ ပြိုင်ဘက်ကင်းအဆင့်လက်နက်ကတော့ ကျုပ်စိုးရိမ်မိတာက”
အစွမ်းထက်သောဂိုဏ်းများသည် ပြိုင်ဘက်ကင်းအဆင့်အောက် အရာဝတ္ထုများကို အထင်သေးကြသည်။ ထို့အပြင် ကောင်းကင်သိုင်းခုံရုံး၌ သန်မာသောအုတ်မြစ်ရှိပြီး ထိုလက်နက်များ မချို့တဲ့ပေ။
ထိုစဉ် သွေးနီရောင်နေမင်းဂိုဏ်းမှ စွန်းကျဲသည် ရုတ်တရက်ရှေ့တက်ပြီးပြောလိုက်၏။
“ချန်ပေ့တို့ ကျေးဇူးပြုပြီး ကျုပ်ကို စကားပြောခွင့်ပေးပါ၊ အသက်ဓာတ်နှလုံးသားက အခု တောင်ကြားထဲက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆီရဲ့ လက်ထဲမှာပါ၊ သူကမွေးဖွားဇယားချပ်ရဲ့ စွမ်းအားကို တမင်တကာ ထုတ်ဖော်ခဲ့တယ်၊ အငြင်းပွားရမဲ့အချိန်မဟုတ်ပါဘူး၊ မွေးဖွားဇယားချပ်ရဲ့စွမ်းအား ကုန်ခမ်းသွားခဲ့ရင် အသက်ဓာတ်နှလုံးသားက မိမိရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ဖို့ ကူညီပေးနိုင်မဲ့စွမ်းရည် ကုန်ဆုံးသွားပါလိမ့်မယ်၊ ကျုပ်အရင်သွားပြီး အသက်ဓာတ်နှလုံးသားကို အရင်ယူလိုက်ရမလား”
ရထားလုံးပျံသုံးစင်းမှ တုန့်ပြန်မှုမရှိပေ။
ထိုစဉ် လုကျိုးက အတွေးနက်နေလျက် မုတ်ဆိတ်သပ်နေတော့သည်။ သူသည် ထိုလူများကို သူတို့အချင်းချင်း တိုက်ခိုက်မည့် အင်အားစုသုံးစုက သဘောတူညီချက်တစ်ခု ရသွားခဲ့လျှင် သူ၏အစီအစဉ်က ကျရှုံးသွားလိမ့်မည်။
ဝေကျွင်းကျစ်က လက်မြှောက်ပြီးနောက် အသံလုံအရံအတားကို ဖွင့်လိုက်၏။ သူ၏ကနဦးချီက မပျံ့နှံ့တော့ပေ။ သူက အသံတိုးတိုးဖြင့် ရီပြီးပြောလိုက်သည်။
“ခင်ဗျားက အတော်လေး ခေတ်နောက်ကျသလို ပြုမူနေတာပဲ”
လုကျိုး၏အကြည့်က ဝေကျွင်းကျစ်ဆီရောက်သွားသည်။ သူ့ကိုကြည့်ပြီးနောက် သူသည် အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
“ဘာလို့လဲ၊ မင်းကငါ့ကို ဆန့်ကျင်ဖို့ စီစဉ်ထားတာလား”
…
အခန်း (၈၄၀) လူတွေက ချမ်းသာမှုအတွက် သေဆုံးကြပြီး ငှက်တွေက အစားအစာအတွက် သေဆုံးကြတယ်
“ကျုပ်လား။ ကျုပ်က ဘာလို့ အဲ့လောက်ရဲတင်းမှာလဲ။ အစ်ကိုလုလည်း သတိထားသင့်တယ်။ စိတ်မပူပါနဲ့ စောင့်ကြည့်နေလိုက်ပါ” ဝေကျွင်းကျစ်က မလုံမလဲ ပြောလိုက်သည်။
လုကျိုးက ဘာမှမတုံ့ပြန်ဘဲ လေထဲ ပျံသန်းလာသည့် ရထားလုံးပျံ ၃စင်းကိုသာ လှမ်းကြည့်လိုက်သည်။
ထိုအင်အားစု ၃ခုကြားမှ ညှိနှိုင်းမှုသည် ကောင်းကင်ချားတောင်ကြားရှိ လေထုကို သိပ်သည်းကာ တင်းကျပ်လာစေသည်။
ထိုစဥ် ဝေကျွင်းကျစ်က အပြုံးလေးဖြင့် ပြောလိုက်၏။
“သူတို့ဘာသာသူတို့ မတိုက်ခိုက်ရင် ဘယ်လိုလုပ် ကောင်းမှာလဲ။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဒီတောင်ကြားမှာ နောက်ထပ် မွေးဖွားဇယားချပ် သားရဲတစ်ကောင် ရှိသေးတယ်”
“နောက်ထပ် မွေးဖွားဇယားချပ်သားရဲလား” လုကျိုးက ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားသည်။
ထိုစဥ် အင်အားစု ၃ခုက ယုတ္တိမဆန် မပြုမူရဲကြပေ။ သူတို့အနေဖြင့် နောက်ထပ် မွေးဖွားဇယားချပ် သားရဲ ရှိနေမလားဟု မသေချာပေ။
လုကျိုးက ယုံ၏ အသက်ဓာတ်နှလုံးသားကို ထိုလူများကြား ပဋိပက္ခဖြစ်ဖို့ ထားရှိခဲ့သည်။ မွေးဖွားဇယားချပ် သားရဲ၏ အသက်ဓာတ် နှလုံးသားက ကျင့်ကြံရေးလောက၏ ထိပ်တန်းအင်အားစု အားလုံးကို ဆွဲခေါ်နိုင်လိမ့်မည်ကို သံသယဖြစ်စရာ မလိုပေ။ သို့သော်လည်း နောက်ထပ် မွေးဖွားဇယားချပ်သားရဲ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“ကောင်းကင်သိုင်းခုံရုံးက အရမ်းအားကောင်းလွန်းတယ်။ အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့က သူတို့ရဲ့ အင်အားကို အထင်ကြီးနေကြတာ။ တကယ်တမ်းတော့ ကောင်းကင်သိုင်းခုံရုံးရဲ့ အပေးအယူကို လက်ခံလိုက်တာ အကောင်းဆုံးပဲ။ ဒါပေမဲ့ သူတို့သာ နောက်ထပ် မွေးဖွားဇယားချပ်သားရဲ ရှိနေတယ်ဆိုတာ သိသွားရင် ဘယ်လိုဖြစ်မယ် ထင်လဲ”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ မွေးဖွားဇယားချပ်သားရဲ ၂ကောင်ဆီမှာ အသက်ဓာတ် နှလုံးသား ၂ခုနေလျှင် ကောင်းကင်သိုင်းခုံရုံးက အသက်ဓာတ် နှလုံးသား ၂ခုလုံးကို ရယူလိုမည်မှန်း သိလေသည်။ သို့သော်လည်း တခြားသော အင်အားစု ၂ခုက မကျေမနပ်ဖြစ်ကြလိမ့်မည်။ ကောင်းကင်သိုင်းခုံရုံးက အသက်ဓာတ် နှလုံးသား ၁ခုကို ယူဖို့ ဆုံးဖြတ်လိုက်လျှင်ပင် အင်အားစု ၃ခုကြားမှ မျှချေက ပျက်စီးသွားလိမ့်မည်။
“မင်း အစီအစဥ်က ဒီမျှချေကို ချိုးဖောက်ချင်တာလား” လုကျိုးက ဝေကျွင်းကျစ်ကို မျက်တောင်မခတ်ဘဲ မေးလိုက်သည်။
“အဲဒါကြောင့် အစ်ကိုလုကို ကျုပ်နောက်လိုက်ဖို့ ပြောတဲ့ အကြောင်းအရင်းပဲ” ဝေကျွင်းကျစ်က သူ့ရင်ဘတ်ထဲရှိ အိတ်ထောင်ထဲမှ အစိမ်းရောင် ပုလင်းလေးတစ်ခု ထုတ်ပေးလာသည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။
“ဒါက အသက်ဓာတ်စွမ်းအင်ကို အတုလုပ်နိုင်တဲ့ ဆေးလုံးပဲ။ အချိန်တိုအတွင်း သက်ရောက်မှု ရှိလာလိမ့်မယ်။ ဒီအသက်ဓာတ်က အသုံးပြုသူအပေါ် ချက်ချင်း ကပ်တွယ်သွားလိမ့်မယ်”
ဝေကျွင်းကျစ်က ဆက်လက်ရှင်းပြလိုက်သည်။
“ဒီအသက်ဓာတ် စွမ်းအင်အတုက အနံ့သက်သက်ပဲ။ သားရဲတွေက အတုနဲ့ အစစ်ကို ခွဲခြားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအသက်ဓာတ် စွမ်းအင်အတုကြောင့် ဆွဲဆောင်ခံလိုက်ရလိမ့်မယ်”
ထို့နောက် ဝေကျွင်းကျစ်က ထိုပုလင်းကို လုကျိုးဆီ ပေးလိုက်ပြီး “အစ်ကိုလုကိုပဲ ဒုက္ခပေးရတော့မှာပဲ”
လုကျိုးက မျက်မှောင်ကြုတ်ကာ “ဒီလူအိုကြီးကို ငါးစာဖြစ်စေချင်တာလား”
“အဲ့လိုမှ မဟုတ်ရင်ရော” ဝေကျွင်းကျစ်က လက်ဖြန့်ကာ ကူကယ်ရာမဲ့သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ ၃ယောက်ကြားမှာ ခင်ဗျားက အသင့်တော်ဆုံးပဲလေ။ ပြီးတော့ ခင်ဗျားကိုယ်ခင်ဗျား လူအိုကြီးလို့ မပြောစမ်းပါနဲ့။ ခင်ဗျားက အဲ့လောက်ကြီးလည်း အသက်မကြီးသေးပါဘူး။ ဘာလို့ ကိုယ့်ကိုယ်ကို လူအိုကြီးလို့ ခေါ်နေတာလဲ”
မည်သို့ပင်ဆိုစေကာမူ လုကျိုးက အစိမ်းရောင် ပုလင်းကို ယူလိုက်သည်။
ဝေကျွင်းကျစ်က ဆက်ပြောလိုက်၏။
“အရင်တုန်းက ဒီတောင်ကြားကို စစ်ဆေးဖူးတယ်။ ကျုပ်တို့တွေ တိုက်ခိုက်ရင် ခင်ဗျားက ဒီပုလင်းကို ဖွင့်လိုက်။ နောက်ဆုံး ဘယ်လိုဆုလာဘ်ရမလဲဆိုတာတော့ ခင်ဗျားရဲ့ ကံကောင်းမှုပေါ်ပဲ မူတည်တယ်။ ဘယ်လိုထင်လဲ”
“မင်းဘာသာ မင်း သုံးလေ။ ငါ့ကို ဘာလို့လိုအပ်တာလဲ”
“မွေးဖွားဇယားချပ်သားရဲက အရမ်းအားကောင်းတယ်။ ကျုပ်က အဲ့လိုလုပ်ဖို့ သတ္တိမရှိဘူး” ဝေကျွင်းကျစ်က ပြန်ဖြေလိုက်သည်။ သူ့စကားအဆုံးတွင် အကာအရံကို ဖယ်ရှားလိုက်၏။
သူက အသံတိုးတိုးနေဖို့ လက်ဟန်ပြကာ လက်ဝှေ့လိုက်သည်။ သူတို့က ရထားလုံးပျံထဲရှိ လူများ သူတို့၏ တည်ရှိမှုကို မသိသွားစေရန် တိတ်ဆိတ်ဖို့ လိုအပ်နေ၏။ သူ့အမူအရာက သူတို့သာ ပေါက်ကြားသွားခဲ့လျှင် အားလုံး သေရမည် ဖြစ်ကြောင်း ပြောနေဟန်ပေါ်သည်။
လုကျိုးက တိတ်ဆိတ်နေလျက် လေထဲမှ အခြေအနေကို ဆက်လက်သုံးသပ်လိုက်သည်။
...
အနီရောင် ရထားလုံးပျံအတွင်း ယွီချန်းရှုက တည်ငြိမ်စွာ ပြောလိုက်သည်။
“လူသားတွေက ဆင်ကို ဝါးမျိုချင်တဲ့ မြွေတစ်ကောင်လိုမျိုး လောဘမကြီးသင့်ဘူး။ အစစ်အမှန် ခွန်းလွန်ဂိုဏ်းနဲ့ လေဟာနယ်ဂိုဏ်းတို့က ပြိုင်ဘက်ကင်းအဆင့် လက်နက်များ ရှိလို့လား”
အစစ်အမှန် ခွန်းလွန်ဂိုဏ်း၏ ရထားလုံးပျံအတွင်းမှ လူက ပြန်ဖြေလိုက်သည်။
“ခုံရုံးသခင်ယွီက စိုးရိမ်လွန်းနေတာပဲ။ ကျုပ်တို့အတွက် ပြိုင်ဘက်ကင်းအဆင့် လက်နက်တစ်ခုကို ရဖို့ ဘာမှမခက်ခဲဘူးဆိုတာ သေချာတယ်။ ပြီးတော့ ခင်ဗျားတို့ ကောင်းကင်သိုင်းခုံရုံးကလည်း ပြိုင်ဘက်ကင်းအဆင့် လက်နက် လိုအပ်နေတာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်”
လေဟာနယ်ဂိုဏ်းမှ လူက ဝင်ပြောလိုက်သည်။
“ ဂိုဏ်းချုပ်ယွီ ၂ခုက အရမ်းမနည်းသလို ၃ခုက အရမ်းမများလွန်းပါဘူး။ ကျုပ်တို့တွေက မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ် နှလုံးသားကို ပြောနေတာလေ။ ကျေးဇူးပြုပြီး သေသေချာချာ စဥ်းစားပေးပါ”
ပြောလိုက်သည့်သူ၏ လေသံတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်ကို ဖုံးကွယ်မထားပေ။
သို့သော်လည်း သူက စကားတစ်ခွန်း နှစ်ခွန်းဖြင့် ထိပ်သီးကျင့်ကြံသူများကို မည်သို့တိုက်ခိုက်စေနိုင်မည်နည်း။
“တစ်ယောက်ကို ပြိုင်ဘက်ကင်းအဆင့် လက်နက် ၂ခုစီ။ ဒါက ကျုပ်ရဲ့ နောက်ဆုံး အပေးအယူပဲ” ယွီချန်းရှု၏ အသံက အနီရောင် ရထားလုံးပျံမှ ထွက်ပေါ်လာသည်။
“ကောင်းပြီ” လေဟာနယ်ဂိုဏ်းမှ လူက အရင်ဆုံးသဘောတူလိုက်၏။
သို့သော်လည်း ထိုစဥ် အလင်းတန်းက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားသည်။
သွေးနီရောင်နေမင်းဂိုဏ်းရှိ ကျင့်ကြံသူ ၃ယောက်က တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် စွန်းကျဲက အော်ပြောလိုက်သည်။
“ချန်းပေ့တို့ အဲဒီလူကို ထွက်မပြေးစေနဲ့”
အနီရောင် ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“သူက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
ထို့နောက် အနီရောင်ရထားလုံးပျံပေါ်ရှိ အကြီးအကဲ ၂ဦးက အနီရောင်အလင်းတန်းအသွင်ဖြင့် တောင်ကြားထဲ ခုန်ချကာ လှုပ်ရှားလာကြသည်။
“မော့ပုရန်နဲ့ ကျန်းထင်းကျုံးလား”
ကောင်းကင်သိုင်းခုံရုံးမှ ယွီချန်းရှုတစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ပေ။
ထိုစဉ် ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲနှစ်ဦးက လျှပ်စီးလို အရှိန်ဖြင့် လှုပ်ရှားလာကြသည်။
စိတ်ဝိညာဥ်သဏ္ဌာန်များ၏ ထိပ်တိုက်တွေ့ဆုံသံက တောင်ကြားအနှံ့ ပဲ့တင်ထွက်လာသည်။
သားရဲများက ထွက်ပြေးသွားကြပြီး ငှက်များက ချက်ချင်း ပျံသန်းသွားကြသည်။ တစ်ချိန်တည်းဆိုသလို သစ်ပင်များက ပြားပြားဝပ်သွား၏။
ထိုစဥ် အသက်ဓာတ် နှလုံးသားကို ကိုင်ဆောင်ထားသည့် ဖုန်းကျစ်ဟယ်က တောင်ကြား၏ အနက်ပိုင်းသို့ မြန်မြန်ဝင်ရောက်လာသည်။ သူက ထိုအင်အားစု ၃ခုကို အေးအေးချမ်းချမ်း သဘောတူခွင့် ပေးမည် မဟုတ်ပေ။ အကယ်၍ ထိုသို့ ဖြစ်ပျက်ခဲ့ပါက သူက သေချာပေါက် သေဆုံးရလိမ့်မည်။
ပဋိပက္ခဖြစ်ခြင်းကို အခွင့်ကောင်းယူလျှင် သူ လွတ်မြောက်နိုင်လိမ့်မည်။ အကယ်၍ သူသာ ကံကောင်းပါက အကောင်းအတိုင်း လွတ်မြောက်နိုင်ရုံသာမက အသက်ဓာတ် နှလုံးသားကိုလည်း ရရှိနိုင်လိမ့်မည်။
ဖုန်းကျစ်ဟယ်က ကောင်းကင်အထက် ပျံသန်းလာသည့် စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုကို မြင်ပြီး မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ ထိုနောက် သူက ရထားလုံးပျံ ၃ခုကို မုန်းတီးစွာ ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ကောင်းကင်သိုင်းခုံရုံးက တကယ့်ကို အသုံးမကျတာပဲ။ သူတို့က ညှိနှိုင်းနေတဲ့အစား တိုက်ခိုက်ကြတာ မဟုတ်ဘူး။ ယွီချန်းရှုက တကယ့်ကို ရက်ရောလွန်းတာပဲ”
ကောင်းကင်သိုင်းခုံရုံးရှိ ပညာရှင်များကြားမူ မော့ပုရန်နှင့် ကျန့်ထင်ကျုံးတို့ကသာ အားအကောင်းဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများ ဖြစ်၏။ ထိုစဥ် သွေးနီရောင်နေမင်းဂိုဏ်းမှ ၃ယောက်က သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းသွားကြသည်။ သူတို့ကလည်း ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်သော်လည်း သူတို့၏ အင်အားနှင့် မော့ပုရန်နှင့် ကျန့်ထင်ကျုံးတို့၏ အင်အားက မိုးမြေလို ကွာခြားလှသည်။
ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲတစ်ဦးချင်းစီက ပြိုင်ဘက်ကင်းအဆင့် လက်နက်ဖြစ်သည့် ချိတ်ကောက်နှင့် ဓားမော့ကို ကိုင်စွဲထားကြသည်။ သူတို့က ဖုန်းကျစ်ဟယ်ကို ရှာဖွေရန် တောင်ကြားကို ဖျက်ဆီးပစ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
ကောင်းကင်သိုင်းခုံရုံး၏ အခြေခံအုတ်မြစ်က အမှန်တကယ် အားကောင်းလောက်သည်ဟု ပြောရမည်။ အကြီးအကဲများပင် ပြိုင်ဘက်ကင်းအဆင့် လက်နက်တစ်ခုစီ ပိုင်ဆိုင်ထားကြ၏။ ယွီချန်းရှုက အသက်ဓာတ် နှလုံးသားအတွက် အင်အားစု ၂ခုအတွက် ပြိုင်ဘက်ကင်းအဆင့် လက်နက် ၂ခုစီ ပေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ထိုစဥ် ဖုန်းကျစ်ဟယ်၏ အသံက တောင်ကြား၏ အနက်ပိုင်းမှ ထွက်ပေါ်လာ၏။
“တကယ်လို့ တစ်ယောက်ယောက် တိုးလာရင် တောင်ကြားရဲ့ ချောက်နက်ထဲကို ခုန်ချဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”
ကျန့်ထင်ကျုံးနှင့် မော့ပုရန်တို့က ရပ်တန့်လိုက်ကြပြီး မော့ကြည့်လိုက်ကြသည်။
အဆုံးသတ်တွင် မော့ပုရန်က ပြောလိုက်၏။
“အသက်ဓာတ် နှလုံးသားကို ပေးလိုက်။ မင်းအသက်ကို ချမ်းသာပေးမယ်”
“မရဘူး။ ကျုပ်က အသက်ဓာတ် နှလုံးသားကို ရဖို့ အသက်ကို စွန့်စားထားရတာ။ ဘာလို့ ခင်ဗျားတို့ကို ပေးရမှာလဲ” ဖုန်းကျစ်ဟယ်က ပြန်ဖြေလိုက်၏။
“မင်းက သေချင်နေတာပဲ”
ကောင်းကင်သိုင်းခုံရုံးမှ ၂ယောက်က လှုပ်ရှားတော့မည့်ဆဲဆဲတွင် ရထားလုံးပျံပေါ် ထိုင်နေသည့် ယွီချန်းရှုက လက်မြှောက်ကာ ပြောလိုက်သည်” ခဏနေအုံး”
မော့ပုရန်နှင့် ကျန့်ထင်ကျုံးတို့က နာနာခံခံဖြင့် ဆက်လက် မလှုပ်ရှားကြတော့ပေ။
ယွီချန်းရှုက ဖုန်းကျစ်ဟယ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။
“မင်းက ဘာလိုချင်လဲ”
ဖုန်းကျစ်ဟယ်က နှာခေါင်းရှုံ့ကာ “ခင်ဗျားက ကျုပ်ကို ဘာပေးနိုင်လဲ”
“လွှမ်းမိုးအဆင့် လက်နက်လား”
တောင်ကြားတစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။
အားလုံးက ထိုစကားများကြောင့် အံ့အားသင့်နေကြ၏။
ယွီချန်းရှု၏ ရက်ရောမှုနှင့် အသက်ဓာတ် နှလုံးသားကို ရယူဖို့ ဆုံးဖြတ်ထားမှုတို့က အားလုံး၏ မှန်းချက်ထက် ကျော်လွန်နေသည်။ သူက လွှမ်းမိုးအဆင့် လက်နက်ကိုပင် ပေးဖို့ရာ ဆန္ဒ ရှိနေ၏။
ထိုလွှမ်းမိုးအဆင့် လက်နက်၏ တန်ဖိုးက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ လက်ထဲတွင် အသက်ဓာတ် နှလုံးသား လက်နက်ထက်ပင် ကျော်လွန်နေ၏။
ဒီလို အပေးအယူက ဘယ်သူက သဘောမကျဘဲ နေမှာလဲ...
သို့သော်လည်း ယွီချန်းရှုက အသက်ဓာတ် နှလုံးသားကို ရယူပြီးသည့်နောက်တွင် လွှမ်းမိုးအဆင့်လက်နက်ကို ပေးပြီး သူ့စကားကို စောင့်ထိန်းမည်လား။
ဖုန်းကျစ်ဟယ်က ပြောလိုက်သည်။
“ကျုပ်ကို လှည့်စားလို့ ရမယ်လို့ ထင်နေတာလား။ တကယ်လို့ တစ်ယောက်ယောက် အနီးလာရဲရင် အသက်ဓာတ် နှလုံးသားကို ချောက်နက်ထဲ ပစ်ချလိုက်မယ်။ ဘယ်သူမှ အချိန်မီ ရယူနိုင်မှာ မဟုတ်ဘူး”
ယွီချန်းရှုက မျက်မှောင်ကြုတ်လိုက်၏။ ကိစ္စများက အမှန်တကယ် ရှုပ်ထွေးကာ ပြောင်းလဲနေသည်။ သူက အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့မှ လူများဖြင့် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သည်ဟု ထင်ပြီးသည့်နောက်တွင် ထိုလူက အရှုပ်အထွေးများ လုပ်ဖို့ ရုတ်ခြည်း ပေါ်ထွက်လာ၏။
...
ထိုစဥ် ပုန်းအောင်းနေသည့် လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
ဟေး ငါက အသက်ဓာတ် နှလုံးသားကို ရပြီး ဒီနေရာမှာ တမင်ထားခဲ့တဲ့သူပါ။ ငါက အသက်ဓာတ် နှလုံးသားကို ဘယ်လိုလုပ် အဆုံးရှုံးခံမှာတုံး...။
ထိုစဥ် ဝေကျွင်းကျစ်က ရုတ်ခြည်းပြောလိုက်သည်။
“စိတ်မကောင်းပါဘူး”
ဝေကျွင်းကျစ်က တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် အစိမ်းရောင် ပုလင်းတစ်ခုကို ထုတ်ကာ ကျောက်တုံးဖြင့် ချေမွပစ်လိုက်သည်။ လုကျိုးက လှည့်လိုက်သည့်အခါ ဝေကျွင်းကျစ်တွင် အစိမ်းရောင် တစ်ပုလင်းထက် ပိုကာ ပိုင်ဆိုင်ထားကြောင်း သိလိုက်၏။
ခွမ်း
အစိမ်းရောင် ပုလင်းက ကျောက်တုံးနှင့် ထိမှန်သွားသည့်အခါ အသံကျယ်ကျယ် ထွက်ပေါ်လာသည်။
ထိုအသံက ဝေဟင်ရှိ အင်အားစုများ၏ အာရုံအောက်မှ လွတ်မြောက်မည် မဟုတ်ပေ။
“ဘယ်သူလဲ” လေဟာနယ်ဂိုဏ်း၏ ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ ဝေကျွင်းကျစ်က သူ ပေါက်ကြားသွားမည်မှန်း မျှော်လင့်ထားပြီးသားဖြစ်ရာ လုကျိုးကို လက်ဝှေ့လိုက်ပြီး ပြောလိုက်သည်။
“ကျုပ်တို့တွေ ထပ်တွေ့ကြတာပေါ့”
လုကျိုးက လက်မြှောက်လိုက်၏။ သူ့လက်ချောင်းများက တောက်ပလာပြီး ဝေကျွင်းကျစ်၏ ပခုံးကို ကိုင်စွဲထားလိုက်သည်။
“မင်းက ငါ့ကို ဒီလို လှည့်ကွက်မျိုးနဲ့ လှည့်စားရဲတယ်ပေါ့”
ဝေကျွင်းကျစ်၏ အမူအရာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွား၏။ သူက ထိုတောက်ပနေသည့် လက်ချောင်းများမှ အန္တရာယ်ကို ခံစားမိလိုက်သည်။ သူက လျပ်စီးလို အလျင်ဖြင့် ထွက်ပြေးဖို့ လှုပ်ရှားလိုက်သော်လည်း လုကျိုး၏ လက်ချောင်းအောက်မှ မလွတ်မြောက်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။
လုကျိုးက တစ်ချက်လှည့်ကြည့်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။
ဘန်း
လက်ဝါးရိုက်ချက်ဖြင့် လုကျိုးသည် သူတို့အကာကို ဖျက်ဆီးပစ်လိုက်သည်။ ဤသို့ဖြင့် သူ၊ ဝေကျွင်းကျစ်နှင့် သူ့အပေါင်းအပါတို့က ပေါက်ကြားသွားလေသည်။
ဝေကျွင်းကျစ်က အံ့အားသင့်ကာ တုန်လှုပ်တကြီးဖြင့် “ခ ခ ခ ခင် ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ။ ကျုပ်ကို လွှတ်”
ထိုစဥ် အားလုံး၏ အာရုံက လုကျိုး၊ ဝေကျွင်းကျစ်တို့ဆီ ရောက်ရှိလာသည်။
ကောင်းကင်သိုင်းခုံရုံး၏ ရထားလုံးပျံမှ တစ်ယောက်ယောက်က တအံ့တသြဖြင့် ပြောလိုက်သည်။
“ဝေကျွင်းကျစ်လား။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“ဒါက နားလည်မှုလွဲတာပါ။ ကျွန်တော်က ပြပွဲကောင်း လာကြည့်တာပါ။ ကျွန်တော်ကို စိတ်ထဲ မထားပါနဲ့။ လုပ်လက်စကို ဆက်လုပ်ကြပါ”
ဝေကျွင်းကျစ်က အလျင်အမြန် ပြောလိုက်သည်။ သို့သော်လည်း သူက မည်သို့ထွက်သွားနိုင်မည်နည်း။ သူ့ကို လုကျိုးက အခိုင်အမာ စွဲကိုင်ထားသည်။
ထိုနောက် အားလုံးက လုကျိုးကို ကြည့်လိုက်ကြသည်။
လုကျိုးက ရထားလုံးပျံ ၃ခုကို မော့ကြည့်ကာ ပြောလိုက်၏။
“ကောင်းကင်သိုင်းခုံရုံးက တကယ့်ကို ချမ်းသာပြီး ရက်ရောတာပဲ။ ခင်ဗျားတို့က အသက်ဓာတ် နှလုံးသားကို လိုချင်တယ်ဆိုတော့ ကျုပ်ကိုရော ဘာလို့လျော်ကြေး မပေးရတာလဲ”
မော့ပုရန်နှင့် ကျန့်ထင်ကျုံးတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။
ဝေကျွင်းကျစ်က လုကျိုးကို လက်မထောင်ကာ “ခင်ဗျားက တကယ်အံ့သြဖို့ ကောင်းတာပဲ။ ကောင်းကင်သိုင်းခုံရုံးဆီကတောင် ဒီလိုမျိုး တောင်းဆိုရဲတယ်ဆိုတော့”
အားလုံး၏ ထင်မြင်ချက်နှင့် ကွဲလွဲစွာ အနီရောင် ရထားလုံးပျံအတွင်း ထိုင်နေသည့် ယွီချန်းရှုက ပြောလိုက်၏။
“ဒီနေ့ ဒီနေရာမှ ရှိတဲ့သူတိုင်း လျော်ကြေးရမယ်။ တကယ်လို့ ခင်ဗျား လိုချင်တယ်ဆိုရင် ကောင်းကင်အဆင့် လက်နက်ကို ပေးမယ်”
“...”
ကောင်းကင်သိုင်းခုံရုံးက သူတို့၏ ဂုဏ်သတင်းနှင့် အမှန်အကန် ကိုက်ညီလှသည်။ သူတို့က ချမ်းသာကာ ရက်ရောလှ၏။
ထိုစကားများကို ကြားသည့် ဝေကျွင်းကျစ်က အပေးအယူကောင်းဟု ထင်မိသည်။
သို့သော်လည်း ထိုစဥ် လုကျိုး၏ အသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာ၏။
“လွှမ်းမိုးအဆင့် လက်နက်ဆိုရင်တော့ အကောင်းဆုံးပေါ့”
ဝေကျွင်းကျစ် “...”