← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း (၅၃၃) ရွှမ်ယီ၏ လျှို့ဝှက်ချက်

​"ဒါဆို သူ တကယ်ပဲ အောင်မြင်သွားတာပေါ့"

​လုံချန်းက ရွေးချယ်ခံရသည့် စာရင်းမှ သူ၏အမည်ကို ပယ်ဖျက်ရန် အာရုံစိုက်နေချိန်တွင် အခြားသူများမှာမူ ရူရှင်သည် ပထမဆုံး ရွေးချယ်ခံရသူဖြစ်သည်ဟူသော သတင်းကြောင့် ပို၍ အံ့အားသင့်နေကြသည်။ ၎င်းမှာ သူသည် သက်ရှိညွန်ပျံထဲသို့ ဝင်ရောက်ပြီးနောက်မှာပင် အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု အဓိပ္ပာယ်ရပေသည်။ ၎င်းမှာ သူတို့အတွက် တကယ့် သတင်းထူးကြီးပင်။

​သူ သေဆုံးသွားခဲ့သော်လည်း အကြီးအကဲ ရွှမ်ယီက ပြန်လည် ကုသပေးလိုက်ခြင်းလည်း ဖြစ်နိုင်သော်လည်း သူသည် စမ်းသပ်မှု အောင်မြင်ရန် လိုအပ်သည့် အချိန်ထက် ပို၍ ကြာရှည်စွာ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်ရမည်။

​မည်သို့ပင်ဖြစ်စေ သူ ကျရှုံးသွားပြီဟု ယုံကြည်ထားသူတိုင်းအတွက် ထိုသည်က အံ့သြစရာတစ်ခု ဖြစ်ခဲ့ပြီး ယခုအခါ သူ အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့် သူတို့စိတ်ထဲရှိ သူ၏ ဂုဏ်သတင်းမှာ ပို၍ပင် မြင့်မားလာတော့သည်။

​"ကျွန်တော် မပါလို့ရမယ့် နည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား။ ကျွန်တော့်ရဲ့ စွမ်းရည်တွေရော ကျင့်ကြံခြင်းတွေအကြောင်းပါ ဘာမှတ်ဉာဏ်မှ မရှိသေးဘူး။ ကျွန်တော် ပါဝင်ဖို့ အခြေအနေ မကောင်းသေးဘူးလို့ ထင်တယ်" လုံချန်းသည် နောက်ဘက်မှ ဆူညံသံများကို လျစ်လျူရှုကာ ရွှမ်ယီကို ဆက်လက် ကန့်ကွက်နေသည်။

​"ဒါက နောက်ဆုံး ဆုံးဖြတ်ချက်ပဲ။ နင်က ငါတို့အတန်းကနေ ရွေးချယ်ခံရသူ ဖြစ်တယ်။ နင့်အမေ ဒီကိုလာပြီး နင့်ကို လာခေါ်တဲ့အခါ သူ့ကိုလည်း ငါ ပြောပြလိုက်မယ်။ ငါ ပြောခဲ့သလိုပဲ၊ နင် ယဇ်ပူဇော်ပွဲမှာ မပါဝင်ချင်တဲ့ ဆန္ဒကို ယဇ်ပုရောဟိတ်တွေဆီ ငါ ပါးပေးရုံပဲ တတ်နိုင်တယ်၊ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ သူတို့ပဲ ဆုံးဖြတ်လိမ့်မယ်" ရွှမ်ယီက ပြန်ပြောရင်း နောက်သို့ လှည့်ထွက်သွားသည်။

​သူမသည် သူမ၏ ထိုင်ခုံသို့ ပြန်သွားသည်။ လုံချန်းသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။ သို့သော် အရာအားလုံး ဆိုးနေသည်တော့ မဟုတ်ပေ။ နယ်ပယ်အသစ်တစ်ခုသို့ ရောက်ရှိခြင်းက သူ့အတွက် အကျိုးရှိနိုင်သည်ကို သူသိသလို အဆင့်မြင့် လူ့အသိုင်းအဝိုင်းထဲသို့ ရောက်သွားပါက အမှန်တရားကို ရှာဖွေနိုင်မည့် အခွင့်အလမ်းမှာလည်း ပို၍ များလာမည် မဟုတ်လော။

​ရွှမ်ယီသည် ထိုင်ခုံတွင် ထိုင်လိုက်ရင်း တပည့်များကို လှမ်းကြည့်လိုက်သည်။

​"တိတ်တိတ်နေကြစမ်း" တပည့်များ စကားပြောနေဆဲ ဖြစ်သည်ကို သတိပြုမိသဖြင့် ရွှမ်ယီက အသံကျယ်ကျယ်ဖြင့် ဟန့်တားလိုက်သည်။

​တပည့်များမှာ ပါးစပ်ပိတ်သွားကြပြီး သူမကို လှမ်းကြည့်ကြသည်။

​"အတွင်းပိုင်း ရွေးချယ်မှု တရားဝင် ပြီးဆုံးသွားပြီ။ ရွေးချယ်ခံရတဲ့ နှစ်ယောက်ကတော့ မူလင်းနဲ့ ရူရှင်တို့ပဲ ဖြစ်တယ်။ မမျှော်လင့်ထားတဲ့ အပြောင်းအလဲ တစ်ခုခု မရှိခဲ့ရင် သူတို့နှစ်ယောက်က ငါတို့ကိုယ်စား ယဇ်ပူဇော်ပွဲမှာ ပါဝင်ကြလိမ့်မယ်။ ဒါပါပဲ၊ မင်းတို့ အခု သွားနိုင်ပြီ" သူမက တပည့်များကို ပြောလိုက်သည်။

​တပည့်များ အားလုံး မတ်တပ်ရပ်ကာ ထွက်ခွာသွားကြသည်။ လုံချန်းသည်လည်း မတ်တပ်ရပ်လိုက်သည်။ သူသည် သူတို့နှင့်အတူ လိုက်သွားရင်း တစ်ယောက်ယောက်နှင့် စကားပြောရန် အခွင့်အရေး ရှာချင်သော်လည်း သူ မတ်တပ်ရပ်လိုက်သည်နှင့် ရွှမ်ယီက သူ့ကို လှမ်းခေါ်လိုက်သည်။

​လုံချန်းသည် နောက်သို့လှည့်ကာ ရွှမ်ယီကို ကြည့်လိုက်သည်။

​"ဒီကိုလာဦး" ရွှမ်ယီက အမူအရာမဲ့သော မျက်နှာဖြင့် လုံချန်းကို ပြောသည်။

​အခြားတပည့်များ ထွက်ခွာသွားသည်ကို လုံချန်း ကြည့်နေမိသည်။ သူသည် သက်ပြင်းချကာ ရွှမ်ယီထံသို့ လျှောက်သွားရုံမှအပ မတတ်နိုင်ပေ။

​သူမရှေ့တွင် သူ ရပ်လိုက်သည်။

​"ဘာကိစ္စလဲဗျ" သူ သူမကို မေးလိုက်သည်။

​"နင် အခု သွားလို့ မရသေးဘူး။ နင့်အမေက နင့်ကို လာခေါ်လိမ့်မယ်။ သူ လာတဲ့အထိ ဒီမှာပဲ စောင့်နေပါ" ရွှမ်ယီက အေးအေးဆေးဆေး ပြောလိုက်သည်။

​'မူလင်းက အမေနားပဲ ကပ်နေတဲ့ ကလေးလား။ တခြားကလေးတွေက သူတို့သားရဲတွေနဲ့ ပြန်သွားကြချိန်မှာ သူကတော့ ဒီမှာ အမေလာခေါ်တာကို စောင့်နေရတာလား' လုံချန်းက တွေးတောမိသော်လည်း အကြီးအကဲ ရွှမ်ယီ၏ စကားကိုတော့ နားထောင်ရပေလိမ့်မည်။

​သူသည် သူ၏ ထိုင်ခုံသို့ ပြန်သွားကာ ထိုင်လိုက်သည်။

​"ငါ့အထင်တော့ သူက နင့်ကို သဘောကျနေပုံပဲ"

​လုံချန်း ပျင်းရိစပြုလာချိန်မှာပင် ရွှင်း၏ အသံကို ကြားလိုက်ရသည်။

​'နောက်မနေနဲ့စမ်းပါနဲ့' လုံချန်းက ပြန်ပြောလိုက်သည်။

​ရွှင်းသည် သူ့ကို နောက်ပြောင်နေခြင်းသာ ဖြစ်ကြောင်း သူသိသည်။ သူမသည် တစ်ခါတရံတွင် အဓိပ္ပာယ်မရှိသည့် အရာများကို ရုတ်တရက် ပြောတတ်လေသည်။

​"ငါ နောက်နေတာ မဟုတ်ဘူး။ သူ နင့်ကို ခဏခဏ လှမ်းကြည့်နေတာ။ နောက်ပြီး သူက တခြားသူတွေအပေါ် တင်းကျပ်ပေမဲ့ နင့်အပေါ်မှာတော့ အလိုလိုက်ဆုံးပဲလို့ ငါ ထင်တယ်" ရွှင်းက ရယ်မောရင်း ပြောသည်။

​'ဒါက မတူဘူး။ ဒါဟာ တစ်နည်းနည်းနဲ့ မူလင်းရဲ့ ပါရမီနဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ ဆိုင်လိမ့်မယ်။ သူက ဒီက အကြီးအကဲတစ်ယောက်ရဲ့ သားလေ၊ ပြီးတော့ သူတို့ရဲ့ တုံ့ပြန်မှုတွေအရ သူ့ရဲ့ ပါရမီကလည်း သာမန်မဟုတ်တာ သေချာတယ်။ ငါကိုယ်တိုင် အသေးစိတ်ကို မသိသေးပေမဲ့ မကြာခင် သိရလိမ့်မယ်လို့ ငါ ယုံကြည်တယ်' လုံချန်းက မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။

​လုံချန်းနှင့် ရွှင်းတို့ စကားပြောနေစဉ်မှာပင် အမှောင်ဝိညာဉ်ပျံလွှား တစ်ကောင် ပျံသန်းလာပြီး တိုက်ကွင်းအတွင်း ဆင်းသက်လိုက်သည်။

​မူယွမ်သည် သားရဲပေါ်မှ ဆင်းလာသည်။

​"ငါ့လေ့ကျင့်ရေးကွင်းထဲကို နင့်ရဲ့ သားရဲကို မခေါ်လာပါနဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ" ရွှမ်ယီက စိတ်တိုတိုဖြင့် ပြောလိုက်သည်။

​"စိတ်အေးအေးထားပါ ယီယီရဲ့။ တခြားတပည့်တွေ ရှေ့မှာတော့ နင့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းပေးဖို့ မနက်က ငါ အထဲကို မဝင်ခဲ့ပါဘူး၊ ဒါပေမဲ့ အခုက တို့နှစ်ယောက်တည်း ရှိတာလေ။ အဲဒီ စိတ်တိုတတ်တဲ့ အမူအရာကြီးကို လျှော့လိုက်စမ်းပါ" မူယွမ်က ပြုံးရင်း ရွှမ်ယီကို ပြောလိုက်သည်။

​"နင်ကတော့ ငတုံးပဲ၊ နင့်သား ဒီမှာ ရှိနေသေးတာကို။ ဘာပဲဖြစ်ဖြစ်၊ ငါ နင်နဲ့ သီးသန့် ပြောစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်" ရွှမ်ယီက ပြန်ဖြေသည်။

​"ဘာဖြစ်လို့လဲ။ သူက မှတ်ဉာဏ်မပျောက်ခင်ကတည်းက နင့်ရဲ့ တကယ့် အမူအရာကို သိပြီးသားပဲ။ သူ မွေးကတည်းက နင်က သူ့ရဲ့ ဒေါ်လေးလို ဖြစ်နေခဲ့တာပဲ မဟုတ်လား" မူယွမ်က ရယ်မောရင်း ပြောလိုက်သည်။

​လုံချန်းသည် သူတို့ကို ကြည့်ကာ မှင်တက်သွားမိသည်။ အကြီးအကဲ ရွှမ်ယီနှင့် ထိုအဘိုးကြီးမှာ သူ၏ အလားအလာကို မြင်ပြီးနောက် အလွန် ဝမ်းသာသွားကြသဖြင့် အကြီးအကဲ အချင်းချင်း ရင်းနှီးကြသည်ဟု သူ ယူဆထားခဲ့သော်လည်း ယခု သူမြင်နေရသည်မှာ ထိုထက်ပင် ပို၍ နက်ရှိုင်းလှသည်။ ရွှမ်ယီနှင့် မူယွမ်တို့မှာ အခြေခံအားဖြင့် ရင်းနှီးသော ညီအစ်မများကဲ့သို့ပင် ဖြစ်နေကြသည်။ သူတို့သည် မနက်က ဟန်ဆောင်နေကြခြင်းသာ ဖြစ်သည်။

​မနက်က သူတို့၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် ဤသို့ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် တကယ့်ကို သရုပ်ဆောင် ကောင်းသူများ ဖြစ်ကြောင်း သူ ယုံကြည်သွားတော့သည်။ ရွှမ်ယီမှာ သဘောကောင်းသူဟု မည်သူမျှ မထင်စေရန် သူတို့ ထိုသို့ လုပ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်သော ကမ္ဘာတွင် ကြောက်စရာကောင်းသော ဆရာတစ်ယောက် ရှိခြင်းက ပို၍ ထိရောက်သည် မဟုတ်ပါလား။

​"နေဦး... ငါ ချက်ချင်း ပြန်လာခဲ့မယ်" မူယွမ်က ဆိုကာ လုံချန်းထံသို့ လျှောက်သွားသည်။

​သူမသည် လုံချန်း၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

​"ဒီနေ့ ဘယ်လိုနေလဲ သားလေး" မူယွမ်က လုံချန်းကို ကြည့်ကာ မေးလိုက်သည်။

​"ကောင်းပါတယ်" လုံချန်းက မတ်တပ်ရပ်ရင်း ပြန်ဖြေသည်။

​"မှတ်ဉာဏ်တွေ တစ်ခုခု ပြန်ရလာပြီလား။ ဘာတွေ သတိရလာတာ ရှိလဲ" မူယွမ်က သူ့ကို မေးသည်။

​လုံချန်းက ခေါင်းခါပြရုံသာ တတ်နိုင်ပေသည်။

​"စိတ်မပူပါနဲ့။ မှတ်ဉာဏ်တွေက ပြန်ရလာမှာပါ။ တကယ်လို့ ပြန်မရခဲ့ရင်တောင် တို့တွေ မှတ်ဉာဏ်အသစ်တွေ ထပ်ဖန်တီးကြတာပေါ့။ အမေက သားအတွက် အမြဲ ရှိနေမှာပါ" ထိုသို့ ဆိုကာ မူယွမ်က လုံချန်း၏ ပခုံးကို ပုတ်ပေးသည်။

​"ခဏလေး စောင့်ဦးနော်။ သားရဲ့ အကြီးအကဲရွှမ်က အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောချင်လို့တဲ့။ သူနဲ့ စကားပြောပြီးရင် အမေတို့ ပြန်ကြမယ်" သူမက လုံချန်းကို ပြောသည်။

​"ဟုတ်ကဲ့" လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။

​မူယွမ်သည် ရွှမ်ယီထံသို့ ပြန်လျှောက်သွားသည်။

​"ဘာကိစ္စမို့လို့လဲ" မူယွမ်က ရွှမ်ယီ၏ ဘေးတွင် ထိုင်ရင်း မေးလိုက်သည်။

​"နင့်သား အကြောင်းပဲ။ သူ ပြန်ကောင်းလာပြီ" ရွှမ်ယီက လုံချန်းကို တစ်ချက် လှမ်းကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

​"ပြန်ကောင်းလာပြီ ဆိုတာက ဘာကို ဆိုလိုတာလဲ။ ငါ အခုပဲ သူနဲ့ စကားပြောခဲ့သေးတယ်။ သူ ဘာမှ မှတ်မိသေးတာ မဟုတ်ဘူးလေ" မူယွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ ရွှမ်ယီ ဘာကို ပြောလိုသည်ကို သူမ နားမလည်ပေ။

​"အဲဒါကို ပြောတာ မဟုတ်ဘူး။ သူ မြေကမ္ဘာအဆင့် ၅ ကို ရောက်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းက ရပ်တန့်သွားခဲ့တာ နင် မှတ်မိတယ် မဟုတ်လား" ရွှမ်ယီက မေးမြန်းလိုက်လေတော့သည်။

အခန်း (၅၃၄) ပြန်ကောင်းလာခြင်း

​"ဒါကို မနေ့ကမှ ဖြစ်ခဲ့သလိုမျိုး ငါ မှတ်မိနေသေးတာပေါ့။ အဲဒီနေ့တုန်းက မူလင်း ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရလဲဆိုတာ ငါ မှတ်မိသေးတယ်။ ဒါတွေဟာ မကြာခင် ပြီးဆုံးသွားတော့မယ့် အိမ်မက်ဆိုးတစ်ခုပဲ ဖြစ်ပါစေလို့ သူ ဘယ်လောက်တောင် မျှော်လင့်ခဲ့လဲ။ သူ ကျင့်ကြံတာကိုလည်း မရပ်တန့်ခဲ့ဘူး၊ ဒါပေမဲ့ ဘာမှ ဖြစ်မလာခဲ့ဘူးလေ။ နောက်ဆုံးမှာတော့ ပါရမီစစ်ဆေးတဲ့ ဝင်္ကပါက မီးခိုးရောင် ပြသခဲ့လို့ သူ့ရဲ့ ပါရမီက တစ်ခုခုကြောင့် ပျက်စီးသွားတာ ဒါမှမဟုတ် အဟန့်အတား ဖြစ်သွားတာလို့ပဲ ကောက်ချက်ချလိုက်ကြတာလေ" မူယွမ်က ထိုစဉ်က အကြောင်းအရာများကို ပြန်ပြောင်းပြောပြရင်း သက်ပြင်းချလိုက်မိသည်။

​"အတိအကျပဲ။ အခု သူ ပြန်ကောင်းလာပြီ" ရွှမ်ယီက ပြုံးလျက် ပြောလိုက်သည်။

​"နင်ကလည်း အဲဒီစကားကိုပဲ ထပ်ပြောနေပြန်ပြီ။ အဲဒါက ဘာကို... နေပါဦး။ နင် ပြောချင်တာက သူ့ရဲ့ ပါရမီတွေ ပြန်ကောင်းလာပြီလို့ ပြောတာလား" မူယွမ်က အံ့သြလွန်းသဖြင့် မတ်တပ်ရပ်ကာ အော်ဟစ်လိုက်မိသည်။

​ရွှမ်ယီက ခေါင်းညိတ်ပြပြီး ပြုံးနေရာမှ သွားလေးများ ပေါ်သည်အထိ ရယ်မောကာ ထပ်မံ အတည်ပြုပေးလိုက်သည်။ "ဟုတ်တယ်... သူ ပြန်ကောင်လာပြီ။"

​"ငါ တပည့်တွေကို ကျင့်ကြံခြင်းစွမ်းအားနဲ့ ပညာရပ်တွေ မသုံးဘဲ အနီးကပ် တိုက်ခိုက်ခိုင်းကြည့်ခဲ့တယ်။ မူလင်းရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပဲ။ သူ့ရဲ့ တုံ့ပြန်မှုတွေ၊ လှုပ်ရှားမှုတွေနဲ့ တိုက်ကွက်တွေက... ဟိုးအရင် သူ အကောင်းဆုံး အခြေအနေမှာ ရှိခဲ့တုန်းက မူလင်းကို ပြန်မြင်နေရသလိုပဲ။ အဲဒါကြောင့် သူ ပြန်ကောင်းလာနိုင်ချေ ရှိတယ်လို့ ငါ တွေးမိသွားတာ" ရွှမ်ယီက စတင် ရှင်းပြသည်။

​"ဒါနဲ့ပဲ ငါ သူ့ကို ပါရမီ သွားစစ်ခိုင်းလိုက်တာပေါ့။ အဲဒီမှာ ဘာအရောင် ထွက်လာတယ် ထင်လဲ" သူမက ရယ်မောလျက် မေးလိုက်သည်။

​"ဘာအရောင်လဲ" မူယွမ်က စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ မေးသည်။ "အဆင့် ၄ ထက် ကျော်ရင်ကို ငါ့အတွက်တော့ အံ့သြစရာကြီး ဖြစ်နေပါပြီ"

​"ဝင်္ကပါကို အသက်သွင်းလိုက်တာတောင် ဘာအရောင်မှ ထွက်မလာဘူး။ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ နင် သိတယ် မဟုတ်လား" ရွှမ်ယီက ရယ်မောရင်း ပြန်မေးသည်။

​"အဆင့် ၇ ထက်တောင် မြင့်နေတာလား။ သူ... သူ တကယ်ပဲ ပြန်ကောင်းလာပြီပေါ့" မူယွမ်၏ မျက်ဝန်းမှ ဝမ်းသာမျက်ရည်များ စီးကျလာတော့သည်။

​"ဟုတ်တယ်။ သူက တိုင်းတာလို့ မရနိုင်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတာ။ သူ့ရဲ့ ပါရမီက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ တို့တွေ သိပြီးသားပဲလေ။ ငါ ပြောနိုင်တာကတော့ သူ ပြန်ကောင်းလာပြီ ဆိုတာပါပဲ။ ကျောင်းတော်အရှင်ဆီကိုလည်း အခုလောက်ဆို သတင်းရောက်နေလောက်ပြီ" ရွှမ်ယီက ရှင်းပြသည်။

​"ငါ့သားလေး နာလန်ထလာပြီ။ သူ နောက်ထပ် ဝမ်းနည်းနေစရာ မလိုတော့ဘူးပေါ့" မူယွမ်က လုံချန်းကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

​"ဟုတ်တာပေါ့။ သူ လျှောက်လှမ်းရမယ့် ကံကြမ္မာအတိုင်း နောက်ဆုံးတော့ နေထိုင်သွားနိုင်တော့မယ်။ တစ်နေ့မှာ သူက သူ့အဖေရဲ့ အဆင့်အတန်းမျိုးအထိတောင် ရောက်လာနိုင်တာပဲ" ရွှမ်ယီက အပေါ်သို့ မော့ကြည့်ရင်း ဆိုသည်။

​"ဒီနေ့ည ငါ့ရဲ့ ဝင်းထဲမှာ အောင်ပွဲခံစားပွဲ လုပ်မယ်။ နင် လုံးဝ လာရမယ်နော်။ နင်က ငါ့ဘဝရဲ့ အကောင်းဆုံး သတင်းကို ပေးလိုက်တာပဲ" မူယွမ်က လှပသော အပြုံးဖြင့် ပြောလိုက်သည်။

​"ဪ... ဒါနဲ့ နင် သိထားသင့်တဲ့ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်" ရွှမ်ယီက ရုတ်တရက် သတိပေးလိုက်သည်။

​"ဘာကိစ္စလဲ။ နောက်ထပ် သတင်းကောင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ" မူယွမ်က မျက်မှောင်ကြုတ်ရင်း မေးသည်။

​"အမြင်မှန်ရင်တော့ သတင်းကောင်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ့အတန်းရဲ့ အတွင်းပိုင်း ရွေးချယ်မှုကို လုပ်ခဲ့တယ်လေ" ရွှမ်ယီက ဆိုသည်။

​"သူ ရွေးချယ်ခံလိုက်ရတယ်လို့တော့ မပြောနဲ့နော်" မူယွမ်က မျက်မှောင် အကြီးအကျယ် ကြုတ်ရင်း မေးလိုက်သည်။

​"အင်း... သူ ရွေးချယ်ခံလိုက်ရတယ်။ ဒါက ကံကြမ္မာပဲ။ သူ ရွေးချယ်ခံရဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ဒါပဲ ဖြစ်လာခဲ့တာပဲ။ ငါ ပြောသလိုပေါ့... ဒါဟာ သူ့ရဲ့ ကံကြမ္မာဆိုရင်တော့ သူ့အတွက် ကောင်းနိုင်ပါတယ်" ရွှမ်ယီက ခပ်အက်အက် ရယ်မောရင်း ပြောပြသည်။

​သူမသည် ထိုကိစ္စ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို စတင် ရှင်းပြတော့သည်။

​"မဖြစ်ဘူး။ ငါ သူ့ကို အဲဒီမှာ ပါဝင်ခွင့် မပေးနိုင်ဘူး။ ယဇ်ပူဇော်ပွဲက ဘယ်လောက် အန္တရာယ်များလဲဆိုတာ နင် သိသားပဲ။ သူ သေသွားရင် ပြန်လာလို့ မရတော့ဘူး။ ဘာပဲဖြစ်လာဖြစ်လာ ငါ သူ့ကို ပါဝင်ခွင့် မပေးဘူး" မူယွမ်က ချက်ချင်း ငြင်းဆိုလိုက်သည်။

​"အန္တရာယ် ရှိတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ သူက ထူးခြားတယ်ဆိုတာ နင် သိပါတယ်။ ကျောင်းတော်အရှင်က သူ့ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး။ သူ့ကို ကာကွယ်ဖို့ သူ့ရဲ့ အဖိုးတန်ဆုံး လက်နက်ကို ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ မူလင်းမှာ အဲဒါသာ ရှိမယ်ဆိုရင် သူ ယဇ်ပူဇော်ပွဲမှာ သေဆုံးသွားရင်တောင် တို့တွေ သူ့ကို ပြန်အသက်သွင်းနိုင်လိမ့်မယ်။ သူသာဆိုရင် ဒါက သိပ်ပြီး အန္တရာယ် မရှိပါဘူး။ ကျောင်းတော်အရှင်က အဲဒီ လက်နက်ကို ဘယ်သူ့ကိုမှ ပေးမှာ မဟုတ်ပေမဲ့ မူလင်းဆိုရင်တော့ ပေးမှာပဲ။ ဒါက သူ့အတွက် တကယ့်ကို ကောင်းတဲ့ အခွင့်အရေးပဲ။ ငါ ပြောတာ မှန်တယ်ဆိုတာ နင် သိပါတယ်" ရွှမ်ယီက ဇွတ်အတင်း ပြောဆိုသည်။

​"မဖြစ်သေးဘူး။ သူက ဘာမှ မမှတ်မိသေးဘူးလေ။ အရင်က သင်ခဲ့တာတွေလည်း သူ ဘာမှ မသိတော့ဘူး။ သူ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး" မူယွမ်က ခေါင်းခါရင်း ထပ်မံ ငြင်းဆိုပြန်သည်။ "သူ ပါဝင်ဖို့ မလိုပါဘူး"

​"ပွဲစဖို့ အချိန်ရှိပါသေးတယ်။ သူ အရေးကြီးတာတွေကို သင်ယူလို့ ရတာပဲ။ မူလင်းအတွက် အန္တရာယ်ဆိုတာ မရှိသလောက်ပဲဆိုတာ နင် သိပါတယ်။ သူ့ကို ကြီးထွားလာအောင် ခွင့်ပြုရမယ်။ သူ ပြန်ကောင်းလာပြီ၊ သူက ကြီးကျယ်တဲ့သူ ဖြစ်လာဖို့ ကံပါလာပြီးသား။ အဲဒါကြောင့်လည်း သူ မပါဝင်ဘဲ နေတာတောင် ကံကြမ္မာက ဒီအခွင့်အရေးကို သူ့ဆီ ယူလာပေးတာပေါ့။ ဒါကို သေချာ စဉ်းစားကြည့်ပါဦး။ နောက်ပြီး ကျောင်းတော်အရှင်က ဆုံးဖြတ်ပြီးမှ နင် ဆုံးဖြတ်လို့ ရတာပဲ။ တကယ်လို့ သူက အဲဒီ လက်နက်ကို မပေးဘူးဆိုရင်တော့ နင် သူ့ကို ပါဝင်ခွင့် မပေးရင် ရတာပဲလေ" ရွှမ်ယီက အကြံပေးလိုက်သည်။

​မူယွမ်မှာ စိတ်ရှုပ်ထွေးနေပုံ ရသော်လည်း ပြန်မဖြေသေးပေ။

​"ကောင်းပြီ... ငါ ဒါကို စဉ်းစားကြည့်ပါ့မယ်" အတန်ကြာ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။

​"အဲဒါ ကောင်းတာပေါ့။ ဒါဆို သူ ပြန်ကောင်းလာတဲ့ အတွက် အောင်ပွဲခံစားပွဲက ရှိနေတုန်းပဲလား၊ ဒါမှမဟုတ် ဒီသတင်းကြောင့် နင် စိတ်ပြောင်းသွားပြီလား" ရွှမ်ယီက ရယ်မောရင်း မေးသည်။

​"ဒီနေ့ည လာခဲ့ရမယ်နော်။ ဆင်ခြေပေးလို့ မရဘူး။ ငါ အခု သွားတော့မယ်" ထိုသို့ ဆိုကာ မူယွမ်က ရွှမ်ယီ၏ ခေါင်းကို ပုတ်လိုက်သည်။ "နောက်မှ တွေ့ကြမယ်"

​မူယွမ်သည် လုံချန်းထံသို့ ပြန်သွားသည်။

​"ပြန်ရအောင် သားလေး" သူမက လုံချန်းကို ပြောလိုက်သည်။

​လုံချန်းမှာ မတ်တပ်ရပ်ကာ မူယွမ်နှင့်အတူ အမှောင်ဝိညာဉ်ပျံလွှားဆီသို့ လိုက်သွားသည်။ သူသည် ရွှမ်ယီနှင့် မူယွမ်တို့၏ စကားဝိုင်းကို ကြားခဲ့ရသဖြင့် မူလင်း၏ အတိတ်အကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ ဖြစ်သည်။ သူ ခန့်မှန်းထားသည့် အချက်အတော်များများမှာလည်း မှန်ကန်နေခဲ့သည်။ သူသည် တကယ့်ကို ဂိုဏ်းအတွက် အရေးပါသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။

​'နှမြောစရာပဲ... သူ ဒီလိုမျိုး သေသွားရတာ' လုံချန်းက သူတို့နှစ်ဦးလုံး၏ အနာဂတ်တွင် ဘာတွေ ဖြစ်လာမည်ကို မသိဘဲ တွေးတောနေမိသည်။

​အမှောင်ဝိညာဉ်ပျံလွှားသည် သူတို့ကို နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါဆီသို့ ခေါ်ဆောင်သွားသည်။

​"အမေ... ဒီ ဝင်္ကပါတွေအကြောင်း ကျွန်တော် တစ်ခုလောက် မေးလို့ရမလား။ တခြားကလေးတွေဆီက သတင်းအချို့ ရထားပေမဲ့ အချို့အချက်တွေကို ဇဝေဇဝါ ဖြစ်နေလို့ပါ" မူယွမ်က သားရဲကို သားရဲအိတ်ထဲ ပြန်ထည့်နေစဉ် လုံချန်းက မေးလိုက်သည်။

​"ရတာပေါ့ သားရဲ့။ ဘာအကြောင်း ပြောချင်လို့လဲ" မူယွမ်က လုံချန်းနှင့်အတူ ဝင်္ကပါထဲသို့ ဝင်ရင်း မေးလိုက်သည်။

​သူတို့သည် ၂၁ ထပ်မြောက်ရှိ ဝင်္ကပါထဲသို့ ရောက်ရှိသွားကြသည်။

​"ဒီ ဝင်္ကပါတွေက ကျွန်တော်တို့ သွားချင်တဲ့ အထပ်တွေကို ပို့ပေးတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု ဘယ်လို ခွဲခြားရမလဲဆိုတာ မသိသေးဘူး။ တကယ်လို့ ကျွန်တော်က ၁၁ ထပ်ကနေ ၁၂ ထပ်ကို သွားချင်တယ်ဆိုရင် ရှိသမျှ ဝင်္ကပါ ၂၆ ခုထဲက ဘယ်တစ်ခုက ၁၂ ထပ်ကို ပို့ပေးမလဲဆိုတာ ဘယ်လို သိနိုင်မလဲ" လုံချန်းက စုံစမ်းလိုက်လေတော့သည်။

All Chapters