← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 54 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 54 Ch. 535-536

အခန်း (၅၃၅) သေမင်းခန်းမ

​"အဲဒါကတော့ သား လေ့လာရဦးမှာပဲ၊ ဒါပေမဲ့ သိနိုင်တဲ့ ဖြတ်လမ်းတစ်ခုတော့ ရှိတယ်။ တပည့်တံဆိပ်က အဲဒီနေရာမှာ တကယ့်ကို အသုံးဝင်တယ်။ သား သွားခွင့်ရှိတဲ့ အထပ်တိုင်းရဲ့ မြေပုံတွေက အဲဒီ တံဆိပ်ထဲမှာ ရှိနေပြီးသား။ အခုလိုမျိုး ပုံစံတူမှာပေါ့။ သားရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေရမယ်" မူယွမ်က ဆိုကာ သူမ၏ တံဆိပ်ကို ထုတ်ပြလိုက်သည်။

​လုံချန်းသည် သူ၏ တပည့်တံဆိပ်ကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူကာ ကြည့်လိုက်သည်။

​"မြေပုံ ဘာမှမမြင်ရပါလား" သူက ဇဝေဇဝါမျက်နှာထားဖြင့် မေးလိုက်သည်။

​"ဒါက သား လုပ်ပုံလုပ်နည်း မမှန်သေးလို့ပါ" မူယွမ်က ပြောရင်း သားရဲအိတ်ထဲမှ အမှောင်ဝိညာဉ်ပျံလွှားကို ထုတ်လိုက်သည်။

​သူမသည် လုံချန်းကို ခေါ်ကာ သားရဲပေါ်သို့ တက်လိုက်သည်။ အမှောင်ဝိညာဉ်ပျံလွှားသည် မူယွမ်၏ စံအိမ်ဝင်းဆီသို့ ပျံသန်းသွားတော့သည်။

​"သား အဲဒီကတ်ကို လက်ထဲမှာ ကိုင်ထား၊ မျက်စိမှိတ်ပြီး မြေပုံလို့ ပြောလိုက်။ အခုရောက်နေတဲ့ အထပ်ရဲ့ မြေပုံက သားရဲ့ စိတ်ထဲမှာ ပေါ်လာလိမ့်မယ်။ ဘယ်ဝင်္ကပါက ဘယ်ကို ပို့ပေးမလဲဆိုတာကို အဲဒီမြေပုံမှာ ကြည့်လို့ရတယ်" မူယွမ်က ရှင်းပြသည်။

​လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကတ်ကို လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ကာ မျက်စိမှိတ်လိုက်သည်။ ယခုပင် စမ်းသပ်ကြည့်ချင်နေ၍ ဖြစ်သည်။

​မျက်စိမှိတ်ပြီးနောက် သူက မြေပုံဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

​သူ ပြောလိုက်သည်နှင့် ၂၁ ထပ်မြောက်၏ မြေပုံတစ်ခုသည် သူ၏ ဦးနှောက်ထဲတွင် ပေါ်လာပြီး ရှိသမျှ ဝင်္ကပါများနှင့် ၎င်းတို့ မည်သည့်နေရာသို့ ဆက်သွယ်ထားသည်ကို အကုန်မြင်လိုက်ရသည်။ နံပါတ် ၂၅ ဟု ပြထားသည့် ဝင်္ကပါကိုလည်း သူ မြင်လိုက်ရသည်။ နောက်ဆုံးတော့ သူ သွားချင်သည့် ဝင်္ကပါကို သူ အတိအကျ သိသွားပြီ ဖြစ်သည်။

​သူ မျက်လုံးဖွင့်လိုက်သောအခါ မြေပုံမှာ ပျောက်ကွယ်သွားသည်။

​"တကယ် အလုပ်လုပ်တာပဲ" လုံချန်းက ပြုံးရင်း ပြောလိုက်သည်။

​"အလုပ်လုပ်တာပေါ့။ ဒါပေမဲ့ ဒီကတ်တွေက သား သွားခွင့်ရှိတဲ့ အထပ်တွေရဲ့ မြေပုံကိုပဲ ပြပေးနိုင်တာ။ ဒီအရာတွေက တကယ့်ကို အသုံးဝင်ပြီး အရေးကြီးတာမို့ သေချာ သိမ်းထားရမယ်နော်" မူယွမ်က အလေးအနက် သတိပေးသည်။

​သူမ၏ စကားကြောင့် လုံချန်း၏ စိတ်ထဲတွင် နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာပြန်သည်။ ကျောင်းတော် ယဇ်ပုရောဟိတ်များ ရှိသည့် အထပ်သို့ မည်သို့ သွားရမည် ဖြစ်ကြောင်း သူ သိသွားပြီဖြစ်သော်လည်း ပြန်လာမည့် နည်းလမ်းကိုမူ သူ မသိသေးပေ။

​အကယ်၍ သူသာ ကျောင်းတော်ယဇ်ပုရောဟိတ်များ နေထိုင်သည်ဟု သူယူဆထားသော ၂၅ ထပ်မြောက်ကို သွားခဲ့လျှင် ပြန်လာရန် ခက်ခဲပေလိမ့်မည်။

​သူ၏ တံဆိပ်က ၂၅ ထပ်ကို သွားခွင့်မရှိသဖြင့် ထိုနေရာသို့ ရောက်သွားသည့်အခါ မြေပုံအား မြင်ရမည် မဟုတ်ပေ။ ထိုအခါ ၂၁ ထပ်သို့ ပြန်ပို့ပေးမည့် ဝင်္ကပါကို ရှာရန်မှာ အလွန် ခက်ခဲသွားပေလိမ့်မည်။

​"ကျောင်းတော် ယဇ်ပုရောဟိတ်တွေ အကြောင်းလည်း ကျွန်တော် ကြားဖူးတယ်။ သူတို့က ကျောင်းတော်မှာ တကယ့်ကို အရေးကြီးတဲ့သူတွေဆိုတာလေ။ သူတို့က ဘယ်မှာ နေကြတာလဲ" လုံချန်းက မေးလိုက်သည်။

​"သူတို့က ၂၃ ထပ်မှာ နေကြတာ။ အမေတို့ အပေါ်ထပ်နားမှာပေါ့" မူယွမ်က အပေါ်သို့ လက်ညှိုးညွှန်ပြရင်း ပြန်ဖြေသည်။

​အမှောင်ဝိညာဉ်ပျံလွှားသည် သူတို့၏ စံအိမ်ဝင်းသို့ ရောက်ရှိကာ အဆောက်အအုံရှေ့တွင် ဆင်းသက်လိုက်သည်။

​"၂၃ ထပ် ဟုတ်လား။ ကျောင်းတော်အရှင်က အပေါ်ဆုံးထပ်မှာ နေတာလို့ ကျွန်တော် ကြားထားတယ်။ ယဇ်ပုရောဟိတ်တွေက ၂၃ ထပ်မှာ နေတယ်ဆိုရင် သူတို့ကြားထဲမှာ ဘယ်သူတွေ နေတာလဲ" လုံချန်းက စုံစမ်းသည်။ ကျောင်းတော် အကြီးအကဲများက ကျောင်းတော်အရှင်၏ အောက် တစ်ထပ်တည်းမှာ မနေဘဲ အကြားထဲမှာ အထပ်များ ခြားနေသည်မှာ အဓိပ္ပာယ်မရှိသလို ဖြစ်နေသည် မဟုတ်လော။

​"အဲဒါကတော့ လျှို့ဝှက်ချက်ပဲ" မူယွမ်က ပြုံးရင်း ပြန်ဖြေသည်။

​သူမသည် လုံချန်း၏ လက်ကို ဆွဲကာ သားရဲပေါ်မှ ဆင်းလိုက်သည်။

​ထို့နောက် အမှောင်ဝိညာဉ်ပျံလွှားကို သားရဲအိတ်ထဲ ပြန်ထည့်လိုက်သည်။

​"သား သွားပြီး ဆေးရေချိုးလိုက်ဦး။ ဆေးရည်တွေက အဆင်သင့် ပြင်ထားပြီးသား။ ချိုးပြီးမှ အမေတို့တွေ စကား ဆက်ပြောကြတာပေါ့" ထိုသို့ ဆိုကာ သူမက လုံချန်းကို ခေါ်၍ အိမ်ထဲသို့ ဝင်သွားသည်။

​"ကောင်းပါပြီ" လုံချန်းက ခေါင်းညိတ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

​သူသည် ဆေးရည်များ ပြည့်နေသော ရေချိုးကန်ထဲတွင် ထိုင်ရင်း ယနေ့ သူ သိရှိခဲ့သမျှ အချက်အလက်အားလုံးကို ပြန်လည် စုစည်းနေမိသည်။ သတင်းအချက်အလက်များ တော်တော်လေး စုံစုံလင်လင် ရခဲ့သည်ဟု ဆိုရမည်။

​ကျောင်းတော်အရှင်၏ အထပ်နှင့် ယဇ်ပုရောဟိတ်များ၏ အထပ်ကြားရှိ အထပ်အကြောင်းကို သူ အတော်လေး သံသယ ဖြစ်နေမိသည်။ ထိုနေရာမှာ တစ်ခုခု ရှိနေမှာ အသေအချာပင်။ သူကိုယ်တိုင် သွားရောက် ရှာဖွေရမည်ဟုလည်း သူ ခံစားနေရသည်။ သို့သော် ပြဿနာက ရှိနေဆဲပင်။ ၂၄ ထပ်၏ မြေပုံအား သူ မမြင်နိုင်သဖြင့် မည်သည့် ဝင်္ကပါက မည်သည့် အထပ်သို့ ပို့ပေးမည်နည်းဆိုသည်ကို သိရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

​တံခါးပိတ်ထားပြီဖြစ်သဖြင့် သူသည် မျက်နှာဖုံးကို ချွတ်လိုက်သည်။ နောက်ဆုံးတော့ မျက်နှာဖုံး မပါဘဲ မိမိ၏ တကယ့်မျက်နှာကို ပြန်မြင်ရသည်မှာ စိတ်ချမ်းသာစရာပင်။ သူသည် စိတ်အေးချမ်းသွားစေရန် ခေါင်းအပါအဝင် တစ်ကိုယ်လုံးကို ရေထဲတွင် နှစ်လိုက်သည်။ ရေချိုးကန်က အလွန်ကြီးသဖြင့် မြုပ်နေအောင် ချိုးရန်မှာ အခက်အခဲ မရှိပေ။

​အတန်ကြာမှ သူသည် ခေါင်းကို ပြန်ဖော်လိုက်ပြီး ဆံပင်များကို နောက်သို့ သပ်လိုက်သည်။

​မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် သူသည် ရေထဲမှ ထွက်လာကာ ကိုယ်ကို သုတ်လိုက်သည်။ ထို့နောက် လှည့်စားခြင်းမျက်နှာဖုံးကို ပြန်ဝတ်ကာ အဝတ်အစားလဲလိုက်သည်။ ဤကဲ့သို့ ရေချိုးရသည်ကို သူ သဘောကျသည်။ ၎င်းက သူ့ကို ပို၍ သန်မာလာစေသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

​မျက်နှာဖုံးကို အသက်သွင်းပြီးနောက် သူ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

​မူယွမ်မှာ ဧည့်ခန်းထဲတွင် ရပ်နေသည်။

​"တစ်ခုခု စားကြရအောင်။ အကြီးအကဲကုက သားရဲ့ မှတ်ဉာဏ်တွေ ပြန်ကောင်းလာဖို့ အထူး ဆေးပင်တွေ ကျွေးဖို့ ပြောထားတယ်။ အရသာကတော့ နည်းနည်း ထူးဆန်းနိုင်ပေမဲ့ ကျန်းမာရေးအတွက် အရမ်းကောင်းတာမို့ အောင့်ပြီး စားလိုက်ပါဦး" သူမက လုံချန်းကို ပြောသည်။

​သူမသည် ဟင်းပွဲများ ပြင်ဆင်ထားသည့် ထမင်းစားပွဲဆီသို့ သူ့ကို ခေါ်သွားသည်။

​"သားအတွက် ဒီနေ့က ပထမဆုံးရက်ဆိုတော့ မေးစရာတွေ အများကြီး ရှိလိမ့်မယ်ထင်တယ်။ စားရင်းနဲ့ ကြိုက်တာ မေးလို့ရတယ်နော်" မူယွမ်က ပြုံးလျက် ဆိုသည်။

​"ကျွန်တော်က မမျှော်လင့်ဘဲ ယဇ်ပူဇော်ပွဲမှာ ပါဝင်ဖို့ ရွေးချယ်ခံလိုက်ရတယ်။ အဲဒါက ဘာလဲဆိုတာ ကျွန်တော် သိချင်မိတယ်။ အန္တရာယ်ရှိတယ်ဆိုတာပဲ ကျွန်တော် သိထားတာ။ တကယ့်တကယ်က အဲဒါက ဘာလဲဟင်?း" လုံချန်းက မူယွမ်ကို ကြည့်ကာ စုံစမ်းလိုက်သည်။

​"ဒါက ကျောင်းတော်မှာ အချိန်အကြာကြီးနေမှ တစ်ခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါ။ ယဇ်ပုရောဟိတ်တွေနဲ့အတူ နက်နဲနယ်မြေကို သွားရောက် စူးစမ်းမယ့် တပည့်တစ်ယောက်ကို ရွေးချယ်တဲ့ ပွဲမျိုးပေါ့" မူယွမ်က ရှင်းပြသည်။

​"နက်နဲနယ်မြေ ဆိုတာက ဘာလဲ။ ပြီးတော့ ယဇ်ပူဇော်ပွဲမှာ နိုင်ဖို့အတွက် ကျွန်တော် ဘာတွေ လုပ်ရမှာလဲ" လုံချန်းက ထပ်မံ မေးမြန်းသည်။

​"အဲဒီ မေးခွန်း နှစ်ခုလုံးက တော်တော်လေး ကျယ်ပြန့်တယ်၊ ဒါပေမဲ့ သား နားလည်အောင် အကျဉ်းချုပ်ပြီး ရှင်းပြပေးပါ့မယ်"

​"ယဇ်ပူဇော်ပွဲ ဆိုတာ သေမင်းခန်းမထဲမှာ ရှိတဲ့ အန္တရာယ်များတဲ့ လမ်းကြောင်း တစ်ကြောင်းလိုပါပဲ။ ဘယ်လို အတားအဆီးတွေ ရှိမလဲဆိုတာကို ယဇ်ပုရောဟိတ်တွေကပဲ ဆုံးဖြတ်တာမို့ ဘယ်သူမှ ကြိုမသိနိုင်ဘူး။ ဒါပေမဲ့ အမေ ပြောနိုင်တာ တစ်ခုကတော့ အဲဒီမှာ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက သိပ်ပြီး အရေးမပါလှဘူး။ ပြီးတော့ အတားအဆီးတွေ အကုန်လုံးကလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အရာတွေချည်းပဲ။ ဒါပေမဲ့ အဲဒီမှာ အန္တရာယ်အရှိဆုံးက အတားအဆီးတွေ မဟုတ်ဘူး။ အတားအဆီးတွေကြောင့် သေတာဆိုရင် အသက်ကယ်ဆေးနဲ့ ပြန်အသက်သွင်းဖို့ လွယ်ကူပေမဲ့ သေမင်းခန်းမထဲမှာ သေတာဆိုရင်တော့ မလွယ်ဘူး"

အခန်း (၅၃၆) နက်နဲနယ်မြေ၏ လျှို့ဝှက်ချက်

​"သေမင်းခန်းမဆိုတာ တကယ့်ကို အန္တရာယ်များတဲ့ နေရာပဲ။ သေမင်းခန်းမထဲမှာ တစ်ယောက်ယောက် အသက်ပျောက်သွားတာနဲ့ သူတို့ရဲ့ ဝိညာဉ်ဟာ ခန်းမရဲ့ ဝါးမြိုဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။ ဝိညာဉ်ပါ ပျက်စီးသွားတာဖြစ်တဲ့အတွက် အသက်ကယ်ဆေးတွေကလည်း အဲဒီတပည့်တွေကို ပြန်အသက်မသွင်းနိုင်တော့ဘူး။ ဒါကြောင့်လည်း ယဇ်ပူဇော်ပွဲက အရမ်းကို ကြောက်ဖို့ကောင်းတာပေါ့။ ကျောင်းတော်အရှင်ရဲ့ အထူးလက်နက်သာ မရှိရင် အဲဒီမှာ သေဆုံးခြင်းဆိုတာ ထာဝရ သေဆုံးခြင်းပဲ" မူယွမ်က ရှင်းပြသည်။

​"အဲဒါကြောင့် သားကို မပါဝင်စေချင်တာ" မူယွမ်က လုံချန်းကို ဆက်ပြောသည်။ "အနည်းဆုံးတော့ ကျောင်းတော်အရှင်ဆီက အဲဒီလက်နက်ကို မရမချင်းပေါ့"

​လုံချန်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

​"ကဲ... အကြောင်းအရာကို ပြန်ဆက်ရအောင်။ သေမင်းခန်းမအကြောင်းက ရှင်းပြရခက်သလို နက်နဲနယ်မြေ အကြောင်းကတော့ ပိုတောင် ခက်သေးတယ်။ နက်နဲနယ်မြေဆိုတာ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ အရာပဲ။ အဲဒါက တခြား ကမ္ဘာတစ်ခုနဲ့တောင် တူတယ်။ ဘယ်လို တည်ဆောက်ထားလဲ၊ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာ အမေတို့တွေ မသိကြဘူး၊ ဒါပေမဲ့ ပထမဆုံး ကျောင်းတော်အရှင် ဒီနေရာကို ရောက်လာကတည်းက အဲဒီရဲ့ အဝင်ဝက ရှိနေခဲ့တာ။ အဲဒီ နက်နဲနယ်မြေကြောင့်ပဲ ပထမဆုံး ကျောင်းတော်အရှင်က ဒီကျွန်းပေါ်မှာ တစ္ဆေကျောင်းတော်ကို တည်ထောင်ခဲ့တာပေါ့" မူယွမ်က လုံချန်းကို ရှင်းပြသည်။

​'စိတ်ဝင်စားစရာပဲ။ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ပေါ်လာပြီး တခြားကမ္ဘာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ဟင်းလင်းပြင်ဥမင်လိုမျိုး ဖြစ်နေမှာပေါ့။ အဲဒီ တခြားကမ္ဘာကို သူတို့က နက်နဲနယ်မြေလို့ ခေါ်ကြတာနေမယ်' ရွှင်းက လုံချန်း၏ စိတ်ထဲမှ ပြောလိုက်သည်။

​"ဟေး... သား ဘာမှ မစားသေးပါလား" လုံချန်း စားဖို့ မေ့နေသည်ကို မူယွမ်က သတိပြုမိသွားသည်။

​လုံချန်းသည် ချက်ချင်းပင် ဇွန်းကိုကိုင်ကာ စတင် စားသောက်လိုက်သည်။

​"နက်နဲနယ်မြေထဲမှာ ဘာတွေ ရှိတာလဲဟင်" လုံချန်းက စားရင်း မေးလိုက်သည်။

​"နက်နဲနယ်မြေထဲမှာက တခြားကမ္ဘာတစ်ခု ရှိနေတာလို့ အမေ ယုံကြည်တယ်။ ပျောက်ကွယ်သွားတဲ့ ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေ ရှိပုံရတယ်။ အဲဒီ အပျက်အစီးတွေထဲမှာ ယဇ်ပုရောဟိတ်တွေ စူးစမ်းချင်နေတဲ့ တကယ့်ကို ထူးခြားတဲ့ နေရာတစ်ခု ရှိတယ်။ အဲဒီ ရှေးဟောင်းနေရာက အရမ်း ဆန်းကြယ်တာ။ အမေတို့တွေ နက်နဲနယ်မြေထဲကို ကြိုက်တဲ့အချိန် ဝင်လို့ရပေမဲ့ အဲဒီ နေရာကိုတော့ လုံးဝ ရှာမတွေ့နိုင်ဘူး"

​"အဲဒီနေရာက နှစ်တစ်ထောင်မှ တစ်ခါပဲ ပေါ်လာတာ။ နောက်ဆုံး ပေါ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကပေါ့၊ အခု နောက်တစ်ကြိမ် ပေါ်လာဖို့ အချိန်ကလည်း နီးနေပြီ။ အဲဒီနေရာရဲ့ အပြင်ဘက်မှာ ထောင်ချောက်တွေနဲ့ ဝင်္ကပါတွေ အများကြီး ရှိနေပေမဲ့ ယဇ်ပုရောဟိတ်တွေက အထဲကို တော်တော်လေး ရောက်အောင် သွားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံး ကျန်နေတဲ့ ဝင်္ကပါ အချို့ကိုတော့ သူတို့ မကျော်ဖြတ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဒီတစ်ခါမှာ သူတို့ အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပြီး တပည့်တစ်ယောက်ကိုပါ သူတို့နဲ့အတူ ခေါ်သွားမှာပေါ့။ အဲဒီ ရှေးဟောင်းနေရာထဲမှာ တကယ့်ကို အရေးကြီးတဲ့ အရာတစ်ခု ရှိနေတယ်လို့ သူတို့ ယုံကြည်ကြတာ။ အမေတောင် အဲဒီထဲမှာ ဘာရှိမလဲဆိုတာ သိချင်မိတယ်" မူယွမ်က ဆိုသည်။

​'ရှေးဟောင်းအပျက်အစီးတစ်ခု အကြောင်းပေါ့။ ဒါပေမဲ့ ဘာလို့ ကလေးတစ်ယောက်ကို ခေါ်သွားချင်ရတာလဲ။ အထဲမှာ ယဇ်ပူဇော်ဖို့ဆိုရင်လည်း ကျောင်းတော်ရဲ့ တပည့်ကောင်းတစ်ယောက်ကို ရွေးမှာမဟုတ်ဘူး။ တခြား အကြောင်းရင်း တစ်ခုခု ရှိရမယ်' လုံချန်း တွေးတောမိသည်။

​"အမေ သိထားတဲ့ အချက်အလက်တွေကတော့ ဒါပါပဲ" မူယွမ်က ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။

​လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဆေးရည်စွပ်ပြုတ်ကို ဆက်စားနေရင်း ကျောင်းတော်ရှိ အတန်းများအကြောင်းနှင့် အခြား အသုံးဝင်နိုင်မည့် အခြေခံ အကြောင်းအရာများအား မသိနားမလည်သော ကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ မေးမြန်းနေခဲ့သည်။ သို့သော် သံသယဖြစ်စေမည့် အရာများကိုမူ သူ လုံးဝ မမေးမြန်းခဲ့ပေ။

​လုံချန်းနှင့် မူယွမ်တို့ စကားပြောနေချိန်တွင် အခြားတစ်နေရာ၌လည်း ဆွေးနွေးပွဲတစ်ခု ဖြစ်ပွားနေသည်။

​၎င်းမှာ တစ္ဆေကျောင်းတော်၏ အမြင့်ဆုံး အထပ်ဖြစ်သည်။

​အခန်းထဲတွင် အဘိုးကြီးတစ်ယောက် မတ်တပ်ရပ်နေသည်။

​သူသည် လုံချန်း ပါရမီ စစ်ဆေးစဉ်က ဝင်္ကပါ ခန်းမတွင် ရှိနေခဲ့သည့် ထိုအဘိုးကြီးပင် ဖြစ်သည်။

​သူ၏ ရှေ့တွင် မျောလွင့်နေသော ပလ္လင်တစ်လုံးပေါ်တွင် ထိုင်နေသည့် လူတစ်ယောက် ရှိနေသည်။

​ထိုပလ္လင်မှာ မြေပြင်ပေါ်တွင် ရှိမနေဘဲ လေထဲတွင် ပျံဝဲနေခြင်း ဖြစ်သည်။

​ပလ္လင်ပေါ်တွင် ထိုင်နေသောသူမှာ အသက် လေးဆယ်ကျော်ခန့်သာ ရှိသေးပုံရသော အမျိုးသားတစ်ဦး ဖြစ်သည်။

​ထိုသူမှာ တစ္ဆေကျောင်းတော်၏ အရှင် ဖြစ်ပြီး ကျောင်းတော်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

​"ဒါတွေက တကယ်ပဲ ဖြစ်ပျက်ခဲ့တာလား" ထိုအမျိုးသားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​"မှန်ပါတယ်" အဘိုးကြီးက ပြန်ဖြေသည်။

​"ဟင်း... အဲဒီလူရဲ့ သားက ပြန်ကောင်းလာပြီပေါ့။ အနာဂတ်အတွက်တော့ ကောင်းတာပေါ့လေ" ထိုသူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"သူ့ကို ဘယ်လို လုပ်ကြမလဲ။ သူ ပြန်ကောင်းလာပြီဆိုတာ အခြားသူတွေကို ပြောပြရမလား" အဘိုးကြီးက ကျောင်းတော်အရှင်ကို မေးလိုက်သည်။

​"သူ့ရဲ့ ပါရမီတွေပဲ ပြန်ကောင်းလာသေးတာပါ၊ လောလောဆယ်တော့ ငါတို့တွေ အလောတကြီး လုပ်ဖို့ မလိုသေးဘူး။ သူ့ကို အရင် ကျင့်ကြံခိုင်းလိုက်ဦး။ တကယ်လို့ သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က သူ ငယ်ငယ်တုန်းကလိုမျိုး မြန်ဆန်နေသေးတယ်ဆိုရင်တော့ တခြားသူတွေကို ပြောပြဖို့ အဆင်ပြေပါတယ်" ကျောင်းတော်အရှင်က တုံ့ပြန်လိုက်သည်။

​"ကောင်းပါပြီ" အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

​"မင်း သွားလို့ရပြီ။ ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့ဦး" ကျောင်းတော်အရှင်က ဆိုသည်။

​အဘိုးကြီးသည် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

​အဘိုးကြီး ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် အခြားလူတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။

​၎င်းမှာ အသက် နှစ်ဆယ်နှောင်းပိုင်းခန့် ရှိပုံရသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။

​"ဘာပြောစရာ ရှိလို့လဲ" ကျောင်းတော်အရှင်က မေးလိုက်သည်။

​"ကျောင်းတော် စမ်းသပ်ပွဲမှာ ပါဝင်မယ့်သူတွေရဲ့ အမည်စာရင်းကို ကျွန်မ ရထားပါတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားစရာ နာမည်တစ်ခု ပါနေတယ်။ ရွှမ်ယီရဲ့ အတန်းက ကိုယ်စားလှယ် နှစ်ယောက်ထဲက တစ်ယောက်က မူလင်း ဖြစ်နေတယ်။ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းတော်အရှင်နဲ့ ဆွေးနွေးဖို့ ကျွန်မကို ပြောလိုက်တယ်။ သူ ပါဝင်ခွင့် ရှိ မရှိဆိုတာ ကျောင်းတော်အရှင်ပဲ ဆုံးဖြတ်နိုင်မယ်လို့ သူက ပြောပါတယ်" ထိုအမျိုးသမီးက ဆိုသည်။

​"သူ ပါဝင်မှာလား။ ကောင်းပြီ... အဲဒါက စိတ်ဝင်စားဖို့ ကောင်းပေမဲ့ အန္တရာယ်လည်း ရှိနိုင်တယ်။ သူ့ကို ဘာမှ အဖြစ်မခံနိုင်ဘူး။ ဒါပေမဲ့ သူ့အတွက် အထောက်အကူ ဖြစ်နိုင်တာမို့ ငါ သူ့ကို မတားချင်ပြန်ဘူး။ ရွှမ်ယီက နင့်ကို ဘာလို့ လွှတ်လိုက်တာလဲဆိုတာ ငါ နားလည်ပါပြီ" ထိုသူက ပြုံးရင်း ပြောလိုက်သည်။ "သူ့ကို အဲဒီလက်နက် ပေးပြီးတော့မှ ပါဝင်ခွင့်ပေးစေချင်တာကိုး။ သူက တကယ့်ကို ပါးနပ်တဲ့သူပဲ"

​"သူက ကျောင်းတော်အရှင်ရဲ့ သမီးပဲလေ" အမျိုးသမီးက မျက်စောင်းထိုးရင်း ပြန်ပြောလိုက်သည်။

​"ဟားဟား... ဟုတ်တာပေါ့။ ကောင်းပြီ... သူ့ကို ပါဝင်ခွင့် ပေးလိုက်ပါ။ ကျန်တာကို ငါ ကိုင်တွယ်လိုက်မယ်" ကျောင်းတော်အရှင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

​"ကောင်းပါပြီ" အမျိုးသမီးက ဆိုကာ ထွက်ခွာသွားသည်။

​ထိုအမျိုးသားသည် သူ၏ ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ၏ လည်ပင်းမှ ဆွဲကြိုးကို ငုံ့ကြည့်လိုက်သည်။

​"ငါတို့တွေ ရက်အနည်းငယ်လောက် ခွဲခွာရတော့မယ် ထင်တယ်" ထိုသူက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

​"လူကောင်ကြီး... မင်းရဲ့ သားက နောက်ဆုံးတော့ပြန်ကောင်းလာပြီ။ သူ ဒီလောက်တောင် ဒုက္ခခံခဲ့ရတာကို မင်း သိတောင် မသိဘူး။ အနည်းဆုံးတော့ မင်း ပြန်လာတဲ့အခါ ငါ့ကို စိတ်ဆိုးလို့ မရတော့ဘူးပေါ့။ မင်း သားလေး ပါရမီတွေ ပျောက်ဆုံးသွားလို့ မင်း ဒီဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်မလားလို့ ငါ တော်တော်လေး စိတ်ပူနေခဲ့တာ"

​"မင်းက အမြဲတမ်း ဒီလိုပါပဲ။ သန်မာလာဖို့အတွက်ဆိုရင် မင်းရဲ့ သား သေသွားရင်တောင် မင်း ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ တခြား အကြောင်းပြချက်နဲ့ဆိုရင်တော့ မင်း ဒေါသထွက်တော့မှာပဲ။ ဘာပဲဖြစ်ဖြစ် မင်း ရှိနေတဲ့နေရာမှာပဲ ဆက်ရှိနေပါဦး။ ဒီဂြိုဟ်သေးသေးလေးကို ပြန်လာဖို့ မလိုပါဘူး" ကျောင်းတော်အရှင်က တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။

All Chapters