အခန်း (၅၃၇-၅၃၈)
Vol. 54 Ch. 537-538
အခန်း (၅၃၇) တိုက်ကြီးမှ ထွက်ခွာခြင်း
တစ္ဆေကျွန်းပေါ်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ လုံချန်းသည် သူ၏ အခန်းထဲရှိ ကုတင်ပေါ်တွင် လဲလျောင်းရင်း အပြင်ထွက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေသည်။ သို့သော် လောလောဆယ်တွင် သူ အပြင်ထွက်ရန် အဟန့်အတား ဖြစ်စေသည့် ပြဿနာအချို့ ရှိနေသည်။
သူသည် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာချင်သော်လည်း သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ကြည့်ရှုလိုက်ရာ မူယွမ်နှင့် ရွှမ်ယီတို့မှာ အပြင်ဘက်တွင် သောက်စားနေကြဆဲ ဖြစ်သည်အား မြင်လိုက်ရသည်။ သူတို့၏ အောင်ပွဲခံစားပွဲမှာ ကျင်းပနေဆဲပင်။ လုံချန်း ပြန်ကောင်းလာသည့်အတွက် မူယွမ်က ရွှမ်ယီကို ဖိတ်ကြား၍ ဂုဏ်ပြုနေခြင်းဖြစ်ပြီး သူတို့၏ စကားဝိုင်းမှာ မပြီးဆုံးသေးပေ။
သူ့အနေဖြင့် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ထွက်သွားနိုင်သော်လည်း ထိုအမျိုးသမီးနှစ်ယောက်လုံး အိမ်ထဲတွင် နိုးနိုးကြားကြား ရှိနေချိန်၌ မင်ယုအား ချန်ထားခဲ့ရန်မှာ မလုံခြုံဟု သူ ယူဆထားသည်။ ထိုအခြေအနေမှာ အန္တရာယ်များလွန်းလှသည်။
မူယွမ်က သူ့ကို လာစစ်ဆေးလျှင် ကိစ္စမရှိသော်လည်း အကယ်၍ ရွှမ်ယီ ရှိနေသဖြင့် အကြောင်းပြချက် တစ်ခုခုကြောင့် သူ့ကို အပြင်သို့ လှမ်းခေါ်လိုက်ပါက အလွန် အန္တရာယ်ကြီးသွားပေလိမ့်မည်။ သူသည် ထိုသို့ စွန့်စားမှုမျိုး မလုပ်လိုပေ။ မူယွမ် အနားမယူမချင်း သူ ဤနေရာ၌သာ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
လုံချန်းသည် ထထိုင်လိုက်ပြီး မူလင်း၏ တံဆိပ်ကို ထုတ်ယူလိုက်သည်။ သူ အားနေချိန်တွင် ထွက်ခွာပြီးနောက် ပြုလုပ်မည့် ပြင်ဆင်မှုများအတွက် ဤအချိန်ကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၂၄ ထပ်မြောက်၏ ဝင်္ကပါ အကြောင်းကို သူ ထပ်မံ အတည်ပြုလိုသည်။ ဒီနေ့အတွက် သူ၏ ပစ်မှတ်မှာ ထိုအထပ်ပင် ဖြစ်သည်။ ကျောင်းတော်ယဇ်ပုရောဟိတ်တွေက ၂၃ ထပ်မှာ နေပြီး၊ ကျောင်းတော်အရှင်က ၂၆ ထပ်မှာ နေထိုင်ခြင်းကြောင့် သူ သံသယအရှိဆုံး အထပ်နှစ်ထပ်မှာ ၂၄ ထပ်နှင့် ၂၅ ထပ်တို့ ဖြစ်သည်။ သူသည် ၂၄ ထပ်မှ စတင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာမှ ပြန်လာရန်အတွက် ပြဿနာရှိနေသော်လည်း ပြန်လာမည့်အခါတွင်မူ ဝင်္ကပါ တစ်ခုခုကို စမ်းသပ်ရန် သူ ဆုံးဖြတ်ထားသည်။ သူ ရွေးချယ်လိုက်သော မည်သည့် ဝင်္ကပါမဆို သူ့ကို အခြားအထပ်တစ်ခုသို့ ပို့ဆောင်ပေးလိမ့်မည်ဖြစ်ပြီး မြေပုံကြည့်ခွင့်ရှိသော အထပ်သို့ ရောက်သည်အထိ သူ ထိုသို့ ထပ်ခါတလဲလဲ စမ်းသပ်သွားမည် ဖြစ်သည်။ အောက်ထပ် တစ်ခုခုသို့ ရောက်သွားသရွေ့ သူ အဆင်ပြေသည်။ သူ သွားခွင့်ရှိသော အထပ်သို့ ရောက်သည်နှင့် ဤနေရာသို့ ပြန်လာမည့် လမ်းကြောင်းကို သူ ရှာတွေ့နိုင်မည် ဖြစ်သည်။ အကယ်၍ အောက်ထပ်သို့ မရောက်ခဲ့ပါက သူ ထပ်မံ စမ်းသပ်ရုံသာ ရှိသည်။
အရိပ်အသွင်ပြောင်းခြင်းနှင့် ပုံရိပ်ယောင်နိယာမတို့မှာ သူ၏ အောင်မြင်မှုအတွက် အဓိက လက်နက်များ ဖြစ်လာလိမ့်မည်။ သူ၏ အစီအစဉ်မှာ အတင်းအဓမ္မ တိုးဝင်ရန် မဟုတ်ဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်တဆိတ် ခိုးဝင်ရန် ဖြစ်သည်။ သူ သေချာ ဂရုစိုက်သရွေ့ ၎င်းကို လုပ်ဆောင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
နောက်ထပ် တစ်နာရီခန့် ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် အောင်ပွဲခံစားပွဲမှာ နောက်ဆုံး၌ ပြီးဆုံးသွားခဲ့သည်။ ရွှမ်ယီသည် မတ်တပ်ရပ်ကာ နှုတ်ဆက်၍ စံအိမ်ဝင်းထဲမှ ထွက်ခွာသွားသည်။ သူမသည် သူမ၏ နေရာသို့ ပြန်လည် ပျံသန်းသွားတော့သည်။
ယခုအခါ ဧည့်ခန်းထဲတွင် မူယွမ်တစ်ယောက်တည်းသာ ကျန်တော့သည်။ မူယွမ်သည်လည်း မတ်တပ်ရပ်လိုက်သည်။
လုံချန်းသည် သူ၏ ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေစဉ် မူယွမ်သည် သူ၏ အခန်းဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။ သူသည် ကုတင်ပေါ်တွင် ချက်ချင်း လဲလျောင်းကာ စောင်ခြုံလိုက်သည်။ အိပ်ပျော်နေသော မျက်နှာကိုသာ ဖော်ထားပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
မူယွမ်သည် သူ၏ အခန်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်လာသည်။ သူမသည် တိတ်ဆိတ်သော ခြေလှမ်းများဖြင့် သူ၏ အနားသို့ လျှောက်လာသည်။
သူမသည် လုံချန်း၏ ကုတင်ဘေးတွင် ဒူးထောက်ထိုင်ကာ သူ့ကို မျက်နှာမူလိုက်သည်။
သူမသည် လက်ကို ဆန့်ထုတ်ကာ အိပ်ချင်ယောင်ဆောင်နေသော လုံချန်း၏ ပါးပြင်ကို အသာအယာ ထိတွေ့လိုက်သည်။
"ဒီနေ့က အမေတို့ ဘဝမှာ အပျော်ဆုံးနေ့ပဲ။ သားမှာ နောက်ဆုံးတော့ မျှော်လင့်ချက် ရှိလာပြီ။ သား လိုချင်တဲ့အရာကို နောက်ဆုံးတော့ ရခဲ့ပြီပေါ့။ သားရဲ့ မှတ်ဉာဏ်တွေ ပြန်ရပါစေလို့ အမေ ဆုတောင်းပါတယ်၊ ဒါမှ သား ပြန်ကောင်းလာတာနဲ့ သားရဲ့ အိမ်မက်တွေ ပြန်လည်ရှင်သန်လာတာကို သား ကိုယ်တိုင် ခံစားနိုင်မှာ" သူမက ပြုံးရင်း တိုးတိုးလေး ပြောလိုက်သည်။
သူမသည် ခေါင်းကို ရှေ့သို့ တိုးလိုက်ပြီး လုံချန်း၏ နဖူးကို နမ်းလိုက်ကာ အခန်းထဲမှ ပြန်ထွက်သွားသည်။ အသံမထွက်စေရန် တံခါးကို အသာအယာ ပိတ်သွားဖို့လည်း သူမ မမေ့လျော့ခဲ့ပေ။
သူမ အခန်းထဲမှ ထွက်သွားပြီးနောက် လုံချန်းသည် မျက်လုံးဖွင့်ကာ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ထထိုင်လိုက်သည်။
'သနားစရာ မိန်းမပဲ။ သူ့ရဲ့ သားက သေနေပြီဆိုတာကို သူ မသိရှာဘူး။ ငါတောင် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒါဟာ ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝပဲပေါ့' ရွှင်းသည် လုံချန်း၏ ဘေးတွင် ပေါ်လာပြီး တံခါးဆီသို့ ကြည့်ကာ ရေရွတ်လိုက်သည်။
"စိတ်မကောင်း ဖြစ်မနေပါနဲ့။ ဒါဟာ ဘဝပဲလေ။ လူတွေဟာ မွေးဖွားလာကြတယ်၊ ပြီးရင် သေဆုံးကြရတာပဲ။ အချို့က ငယ်ငယ်နဲ့ သေကြတယ်၊ အချို့ကတော့ အိုမှ သေကြတာပေါ့။ သူ သူ့ရဲ့ သားကို ဆုံးရှုံးလိုက်ရတာဟာ ကံဆိုးတာ မှန်ပေမဲ့ အဲဒါကို ဘာမှ လုပ်လို့ မရတော့ဘူး။ သေပြီးသားလူက ပြန်မရှင်လာဘူးလေ။ ငါ ဒါကို အစကတည်းက မြင်ခဲ့ပြီးသားပဲ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"အစကတည်းက ဟုတ်လား" ရွှင်းက မျက်မှောင်ကြုတ်ကာ မေးသည်။
"ငါ နှလုံးသားမိစ္ဆာရဲ့ လွှမ်းမိုးမှုအောက်မှာ မြို့စောင့်စစ်သည်တွေကို ပထမဆုံးအကြိမ် သတ်ခဲ့တုန်းကပေါ့။ အဲဒီတုန်းက တကယ့်ကို စိတ်ပျက်စရာ ကောင်းခဲ့တာ။ ငါ အဲဒီလို လုပ်ခဲ့မိတဲ့အတွက် ငါ့ကိုယ်ငါ အရမ်း မုန်းခဲ့တာ။ သူတို့ရဲ့ သင်္ဂြိုဟ်ပွဲမှာ သူတို့ရဲ့ သားသမီးတွေ၊ ဇနီးတွေနဲ့ မိဘတွေ ငိုယိုနေကြတာကို မြင်ရတာ ပိုဆိုးတယ်။ ကလဲ့စားချေရမယ့် ပစ်မှတ် မဟုတ်တဲ့လူကို ငါ ပထမဆုံးအကြိမ် သတ်မိတာဖြစ်ပြီး အဲဒီကနေ ငါ ရင့်ကျက်လာခဲ့တာ။ ကျင့်ကြံသူတစ်ယောက် အနေနဲ့ ငါတို့တွေဟာ သတ်ကြမယ်၊ ဒါမှမဟုတ် အသတ်ခံကြမယ်။ ဒီနှစ်ခုပဲ ရွေးချယ်စရာ ရှိတယ်" လုံချန်းက ဆိုသည်။
"ဒီလို အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ ကမ္ဘာမှာ အသက်ဟာ အရမ်းကို ပျက်စီးလွယ်တယ်။ ငါတို့ရဲ့ အသက်နဲ့ ငါတို့ချစ်ရတဲ့သူတွေရဲ့ အသက်အတွက်ပဲ ငါတို့ ပူပန်နေရတာလေ။ တခြားသူတွေရဲ့ အသက်အတွက်ပါ လိုက်ပူပန်နေမယ်ဆိုရင် ပိုပြီးတော့တောင် ရှုပ်ထွေးသွားလိမ့်မယ်။ အဲဒီအချက်မှာတော့ အမှောင်ယဇ်ပဏ္ဏာ လုပ်လိုက်ရတာကို ငါ ဝမ်းသာမိသလိုပဲ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "အဲဒါက ဖြစ်လာနိုင်တဲ့ အားနည်းချက်တစ်ခုကို ဖယ်ရှားပေးလိုက်တာပဲ"
ရွှင်းသည် သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
အမှန်တရားတာအိုဂိုဏ်း၏ ဆိပ်ကမ်းမြို့တွင် နောက်ထပ် သင်္ဘောတစ်စင်းမှာ တိုက်သစ်သို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ပထမဆုံး သင်္ဘောမှာ ခရီးလမ်းတစ်ဝက်သို့ ရောက်ရှိနေဆဲ ဖြစ်သော်လည်း အမှန်တရားတာအိုဂိုဏ်းတွင် သင်္ဘောများစွာ ရှိပြီး အနည်းဆုံး တစ်လလျှင် သင်္ဘောတစ်စင်း ထွက်ခွာလေ့ ရှိသည်။ ထိုကဲ့သို့သော သင်္ဘောတစ်စင်းမှာ မိနစ်အနည်းငယ်အတွင်း ထွက်ခွာတော့မည် ဖြစ်သည်။
သင်္ဘောလက်မှတ် ရှိသူများ အားလုံး သင်္ဘောထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ စစ်ဆေးမှုများ အားလုံးလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
သင်္ဘောကပ္ပတိန်က အချက်ပြလိုက်ရာ သင်္ဘောသည် ခရီးသည်အားလုံး၏ မျှော်လင့်ချက်နှင့် အိပ်မက်များ တည်ရှိရာ တိုက်သစ်ဆီသို့ စတင် ထွက်ခွာသွားတော့သည်။
ဤတိုက်ကြီးမှ လူများအတွက် အိပ်မက်နယ်မြေဟု လူသိများသော ထိုတိုက်သစ်သို့ သွားချင်သည့် အခြားလူနှစ်ဦးလည်း ရှိနေသေးသည်။ သူတို့သည်လည်း တိုက်သစ်သို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ။ သို့သော် ထိုလူနှစ်ဦးတွင် လက်မှတ် မရှိကြပေ။
လက်မှတ် မလိုကြောင်း သူတို့ သိထားသဖြင့် လက်မှတ်ဝယ်ဖို့ပင် သူတို့ မကြိုးစားခဲ့ကြပေ။
ထိုလူနှစ်ဦး လက်မှတ် မလိုရခြင်းမှာ သူတို့သည် သင်္ဘောဖြင့် ခရီးသွားမည် မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့သည် မည်သူမျှ မထင်မှတ်ထားသော နည်းလမ်းဖြင့် ထွက်ခွာသွားကြတော့မည် ဖြစ်သည်။
အခန်း (၅၃၈) အပျက်အစီးများအတွင်းဝယ်
ထိုလူနှစ်ဦးသည် လှပသော အဖြူရောင်တိမ်တိုက်တစ်ခုကဲ့သို့ ထင်ရသည့်အရာပေါ်တွင် ထိုင်နေကြသည်။ ထိုတိမ်တိုက်မှာ တကယ့်တိမ်တိုက်နှင့် တူသော်လည်း တိမ်ပေါ်တွင် လူထိုင်ရန် မဖြစ်နိုင်သဖြင့် တိမ်စစ်စစ်တော့ မဟုတ်ပေ။ ဤပျံသန်းနေသော တိမ်တိုက်မှာ ထိုထက်ပင် ပို၍ ထူးခြားသည့်အရာ ဖြစ်သည်။ ၎င်း၏ အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှပြီး လျှပ်စီးလက်သည့် အရှိန်ထက်ပင် ပို၍ မြန်နေတော့သည်။
တိမ်တိုက်သည် အန္တရာယ်ရှိသောပင်လယ်ကို ဖြတ်သန်းသွားစဉ် တိမ်ပေါ်ရှိ လူများကို ရန်ပြုရန် ကြိုးစားသော မိုးပျံ ပင်လယ်သားရဲများစွာနှင့် ရင်ဆိုင်ရသည်မှာ သေချာသည်။ ထိုသားရဲအများစုမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းပြီး အင်အားကြီးမားကြသော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။ သားရဲများ တိမ်တိုက်အနားသို့ ချဉ်းကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာ ဘာမျှမရှိတော့သည်အထိ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။ သားရဲအားလုံးမှာ ထိုနည်းတူပင် ဖြစ်သည်။
သားရဲတစ်ကောင်သည် မည်မျှပင် သန်မာပါစေ တိမ်တိုက်အနားသို့ ရောက်လာသည်နှင့် သေဆုံးသွားရုံသာ ရှိသည်။
တိမ်ပေါ်တွင် ထိုင်နေသူ နှစ်ဦးရှိပြီး နှစ်ဦးလုံးမှာ အလွန်ပင် ငယ်ရွယ်ပုံရသည်။ ထိုနှစ်ဦးမှာ မည်သည့်ဂိုဏ်း၏ အမှတ်အသားမျှ မပါသော အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ကြည့်ရသည်မှာ သူတို့သည် လေလွင့်ကျင့်ကြံသူများနှင့် တူသော်လည်း အမှန်တရားမှာ ထိုသို့မဟုတ်ပေ။ ထိုသူနှစ်ဦးထဲမှ တစ်ဦးမှာ လုံချန်း သိသောသူ ဖြစ်သည်။ ထိုသူသည် ထင်ရှားသော ဂိုဏ်းကြီးတစ်ဂိုဏ်းတွင် အလွန် မြင့်မားသော ရာထူးနေရာ၌ ရှိနေသူလည်း ဖြစ်သည်။
တိမ်ပေါ်ရှိ လူနှစ်ဦးထဲမှ တစ်ဦးမှာ လုံချန်းနှင့် ခင်မင်မှု ရရှိထားသော မူဖန်ပင် ဖြစ်သည်။ မူဖန်သည် လုံချန်းက ဆိပ်ကမ်းမြို့တွင် တွေ့ဆုံခဲ့သည့် အမှန်တရားတာအိုဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သည်။ သူသည် လုံချန်းနှင့် အနီရောင် ပွင့်လွှာ ပုံဆောင်ခဲ လောင်းကစား ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ထိုနေရာ၌ပင် လုံချန်းက သင်္ဘောလက်မှတ်များကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မူဖန်သည် ဆိပ်ကမ်းမြို့ရှိ ကိစ္စရပ်များကို ကိုင်တွယ်သော မူမျိုးနွယ်စုမှ ဖြစ်ပြီး ဆိပ်ကမ်းမြို့တွင် အလွန် လေးစားခြင်းခံရသော ရာထူးနေရာ၌ ရှိသူဖြစ်သည်။ သူသည် ထိုနေရာ၏ မင်းသားလေးနှင့်ပင် တူလှသည်။
တိမ်ပေါ်ရှိ အခြားတစ်ဦးမှာလည်း လုံချန်း အရင်က တွေ့ဖူးသောသူ ဖြစ်သော်လည်း ကောင်းမွန်သော တွေ့ဆုံမှုမျိုးတော့ မဟုတ်ပေ။ ထိုကောင်လေးသည် လုံချန်းက လုံရွှယ်ရင်းကို ပြန်ပေးဆွဲပြီးနောက် သူမ၏ ဂိုဏ်းမှ ထွက်ခွာလာစဉ် လုံချန်း၏ ဘေးမှ ဖြတ်သွားခဲ့သူ ဖြစ်သည်။ ထိုကောင်လေးသည် လုံချန်းအတွက် ပြဿနာများစွာ ဖန်တီးပေးခဲ့သူလည်း ဖြစ်သည်။
ထိုကောင်လေး၏ လည်ပင်းတွင် ဆွဲကြိုးတစ်ကုံး ဆွဲထားသည်။ ဆွဲကြိုး၏ ထိပ်ဖျားတွင် နတ်ကောင်းကင်ဘုံဂိုဏ်း ပျက်စီးသွားကတည်းက ပျောက်ဆုံးနေသော ဂိုဏ်းတံဆိပ် တစ်ခု ပါရှိသည်။
ထိုအချိန်ကတည်းက အခု ၂၀ မြောက် တံဆိပ်ကို လုံးဝ ရှာမတွေ့ခဲ့သလို နတ်ကောင်းကင်ဘုံဂိုဏ်းထဲသို့ ဝင်ရောက်ရန်အတွက်လည်း အသုံးမပြုခဲ့ပေ။ အနည်းဆုံးတော့ လူများက ထိုသို့ ယုံကြည်ထားကြသည်။ ထိုကောင်လေးသည် ထိုတံဆိပ်ကို အချိန်အတော်ကြာ လက်ဝယ်ထားရှိခဲ့ခြင်း ဖြစ်သည်။ လုံချန်း၏ မျိုးနွယ်စုအတွက် ဒုက္ခများ စတင်စေခဲ့သည့် နတ်ကောင်းကင်ဘုံဂိုဏ်း အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ဂိုဏ်းကြီးများမှ အကြီးအကဲများအား သတ်ဖြတ်လိုက်သည်ဟူသော စာများကို ဂိုဏ်းချုပ်များထံ ပေးပို့ခဲ့သူမှာလည်း ဤကောင်လေးပင် ဖြစ်သည်။
မူဖန်သည် တိမ်ပေါ်တွင် ထိုင်နေရင်း မိမိထက်ပင် ငယ်ပုံရသော ကောင်လေးကို ကြည့်နေမိသည်။ ထိုကောင်လေးသည် သူ၏ လည်ပင်းမှ ဆွဲကြိုးကို စိုက်ကြည့်နေသည်ကို သူ သတိပြုမိသွားသည်။ ထိုဆွဲကြိုးက တစ်ခုခု ထူးခြားနေသလားဟု သူ တွေးတောမိသည်။ ထို့ကြောင့် မိမိဘာသာ တွေးမနေတော့ဘဲ ကောင်လေးကိုပင် တိုက်ရိုက် မေးလိုက်တော့သည်။
"ဆရာ... ဘာလို့ အဲဒီတံဆိပ်ကို ခဏခဏ ကြည့်နေတာလဲ။ အဲဒီထဲမှာ တစ်ခုခု ထူးခြားတာ ရှိလို့လား" မူဖန်က ဆွဲကြိုးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"ထူးခြားတာလား။ အင်း... ထူးခြားတဲ့အရာလို့ ခေါ်မယ်ဆိုရင်လည်း ခေါ်လို့ရတာပေါ့" ကောင်လေးက ကောင်းကင်ကို လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်အချို့ ယှက်သန်းနေပြီး မသာယာသော အတိတ်မှတ်ဉာဏ်အချို့ကို ပြန်လည် ခံစားနေရပုံ ရသည်။
"ဒါဟာ အချိန်တန်တဲ့အခါ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အရာပဲ။ စကြဝဠာရဲ့ ဟန်ချက်ညီမှုဟာ ဒီအပေါ်မှာ မူတည်နေလိမ့်မယ်" ကောင်လေးက ထပ်ပြောသည်။ "တစ်နည်းအားဖြင့် ပြောရရင် ဒါက မင်း ဒါမှမဟုတ် ငါ့ထက်တောင် ပိုပြီး အရေးကြီးတယ်လေ"
"တကယ်လား။ ဘာလို့ ဒီတံဆိပ်တစ်ခုတည်းကပဲလဲ။ ကျန်တဲ့ တံဆိပ် ၁၉ ခုကရော အတူတူပဲ မဟုတ်ဘူးလား" မူဖန်က စုံစမ်းသည်။ ၎င်းမှာ အခု ၂၀ မြောက် တံဆိပ် ဖြစ်ကြောင်း သူ သိပြီးသား ဖြစ်သည်။ သူ ဤဆွဲကြိုးကို ပထမဆုံး မြင်စဉ်ကတည်းက အမှန်တရားတာအိုဂိုဏ်းတွင် ရှိသော တံဆိပ်တစ်ခုကို တွေ့ဖူးသဖြင့် ၎င်းမှာ နတ်ကောင်းကင်ဂိုဘုံဏ်း၏ တံဆိပ်ဖြစ်ကြောင်း သူ ရိပ်မိခဲ့သည်။ ကောင်လေးကို မေးကြည့်သောအခါ ၎င်းမှာ အခု ၂၀ မြောက် တံဆိပ်ဖြစ်ကြောင်း အဖြေ ရရှိခဲ့သည်။
"မင်း နားလည်မှာ မဟုတ်သေးဘူး။ အခုချိန်မှာ မင်းအတွက် ဒါက အရမ်း စောလွန်းသေးတယ်" ကောင်လေးက ဆက်ပြောသည်။ "ငါပေးထားတဲ့ တာဝန်ကိုပဲ အာရုံစိုက်ပါ။ အနာဂတ်မှာ မင်း ထမ်းဆောင်ရမယ့် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ရှိတယ်"
ကောင်လေးသည် တစ်စုံတစ်ခုကို မကျေမနပ် မြင်လိုက်ရသကဲ့သို့ မျက်မှောင်ကြုတ်ကာ ဦးတည်ချက်တစ်ခုသို့ လှမ်းကြည့်လိုက်သည်။
'အဲဒီ အပျက်အစီးတွေက အဲဒီနေရာမှာ ထပ်ပြီး ပေါ်လာတော့မှာပဲ။ ဟူး... ဒီအရာက နေရာတကာမှာ ပေါ်နေတာကို ရပ်တန့်သင့်ပြီ။ အဲဒီနေရာနားကို ဘယ်သူမှ မသွားနိုင်အောင် ငါ ဝင်ရောက် စွက်ဖက်ချင်ပေမဲ့ အဲဒီ ရှေးဟောင်းနေရာနဲ့ ပတ်သက်သမျှ ငါ ဘာမှ ဝင်ပါလို့ မရဘူး။ အထဲမှာ ဘာရှိလဲဆိုတာ ငါတောင် နားမလည်နိုင်တဲ့အရာပဲ။ ငါ စူးစမ်းဖို့ ကြိုးစားတိုင်း ဘာမှ မမြင်ရဘူး။ ငါ သိတာ တစ်ခုကတော့ ငါ အဲဒီကိစ္စမှာ ဝင်ပါရင် ငါ သေလိမ့်မယ် ဆိုတာပဲ။ ငါ လုပ်စရာတွေ အများကြီး ကျန်သေးတာမို့ အခုချက်ချင်းတော့ မသေချင်သေးဘူး။ ငါ ဒီကိစ္စနဲ့ ဝေးဝေးမှာပဲ နေရလိမ့်မယ်' ထိုကောင်လေးက တစ္ဆေကျွန်း ရှိရာဘက်သို့ ကြည့်ရင်း တွေးတောနေမိသည်။
'ဒီငတုံးတွေ ဒီတစ်ခါလည်း အထဲကို ဝင်ဖို့ ကျရှုံးပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်။ တကယ်လို့ သူတို့ အောင်မြင်သွားရင် ကမ္ဘာကြီး ပြောင်းလဲသွားလိမ့်မယ်။ အဲဒါက ကောင်းမလား၊ ဆိုးမလား ငါ မသိပေမဲ့ ဟန်ချက်ညီမှုတော့ ပျက်သွားမှာ သေချာတယ်။ ငါကတော့ စောင့်ကြည့်နေရုံပဲ တတ်နိုင်တယ်။ လုံချန်းရဲ့ ကိစ္စတွေမှာ ပါဝင်နေတာနဲ့တင် ငါ့အတွက်တော့ စွန့်စားမှု အကြီးကြီး ဖြစ်နေပြီ။ နောက်ထပ် ကိစ္စတစ်ခုသာ ထပ်ပေါ်လာရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်' ကောင်လေးက တွေးတောနေသည်။
"ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး" မူဖန်က ကောင်လေးကို ကြည့်ကာ ပြောလိုက်သည်။
"လိမ္မာတယ်" ကောင်လေးက ပြုံးရင်း ပြန်ဖြေသည်။
ထို့နောက် သူ သွားမည့် ဦးတည်ချက်သို့ ကြည့်ကာ "ငါ လာနေပြီနော်၊ သူငယ်ချင်းဟောင်းကြီး" သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့နှင့် အလွန်ဝေးကွာသော သဲကန္တာရအရပ်တွင် အမျိုးသားတစ်ဦး ရှိနေသည်။ ထိုသူမှာ မျက်နှာတစ်ခြမ်းကိုသာ ဖုံးအုပ်ထားသော ကျိုးပဲ့နေသည့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ သူသည် မင်ယုအား သူမ၏ ကံကြမ္မာဆီသို့ ပို့ဆောင်ပေးမည့် ကံကြမ္မာပုံဆောင်ခဲကို ပေးခဲ့သူပင် ဖြစ်သည်။
ထိုအမျိုးသားသည် ပင်လယ်ရှိရာဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သော်လည်း သူ၏ မျက်နှာထားမှာ ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ နောက်တွင် လူငယ်တစ်ဦး လိုက်ပါ လျှောက်လှမ်းနေသည်။
နက်နဲနယ်မြေ ဆိုသည်မှာ ကြာမြင့်စွာကတည်းက မျိုးသုဉ်းသွားခဲ့သော ယဉ်ကျေးမှုတစ်ခု၏ အပျက်အစီးများမှအပ ဘာမျှမရှိသော ဆိတ်သုဉ်းသည့် နေရာတစ်ခု ဖြစ်သည်။ နေရာအနှံ့တွင် ကျောက်ခဲများနှင့် အုတ်ကျိုးအုတ်ပဲ့များ ရှိနေပြီး တစ်ချိန်က ဤနေရာတွင် သက်ရှိများစွာ နေထိုင်ခဲ့ကြောင်း ပြသနေသော်လည်း ယခုအခါတွင်မူ ခြောက်ကပ်နေသော အငွေ့အသက်များသာ ထွက်ပေါ်နေတော့သည်။