အခန်း (၈၂၀-၈၂၂)
Vol. 55 Ch. 820-822
အခန်း (၈၂၀) မြင်း၏ ပိုင်ရှင်အစစ်အမှန်
ဝမ်ရှစ်ကျုံးက သူ့သမီး စကားမှားမည်ကို စိုးရိမ်၍ လက်မြန်မြန်မြှောက်ကာ သူကို စိုက်ကြည့်လိုက်သည်။ သူက တခြားသူများနှင့် ရင်ဆိုင်သည့်အခါ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏” ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ မြင်ရိုင်းတွေက ယဥ်ပါးအောင် လုပ်ဖို့ ခက်တယ်။ တခြားတစ်နေရာကနေ ဒီကို လွတ်မြောက်လာတာ နေမှာပါ။ တိမ်တိုက်တောင်က ယဥ်ပါးအောင် လုပ်ပြီးပြီဆိုတော့ လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ”
" လက်ဆောင်တဲ့လား "
ထိုစကားများက ကြားရတာ နားဝင်မချိုလှပေ။
လုကျိုးက ဝမ်ရှစ်ကျုံး၏ စကားများကို ဂရုမစိုက်ဘဲ ဟာသအဖြစ်သာ မှတ်ယူထား၏။
သို့သော်လည်း ယွီရှန်းရုန်က ထိုစကားကြောင့် မကျေမနပ် ဖြစ်လာမိသည်။ သူ့ရှစ်စွင်းသည် ကျီလျန့်၏ ပိုင်ရှင်အစစ်အမှန် ဖြစ်သည့်အချက်ကို ဘေးဖယ်ထားလျှင်ပင် ကျီလျန့်က ပထမတွေ့ဆုံကတည်းက သူ့ကို အမြောက်အမြား ကူညီခဲ့ဖူးသည်။ ထို့အပြင် ကျီလျန့်က သူ့အတွက် အသက်ဓာတ် အပိုပေးထားသည်ဟု ပြောလျှင်ပင် မမှားပေ။ သူက ကျီလျန့်ကို ရဲဘော်ရဲဘက်၊ သေတူရှင်မကွာ မိတ်ဆွေအဖြစ် မှတ်ယူထားသည်။ တခြားသူက ကျီလျန့်ကို သူတို့ပိုင်ကြောင်း ပြောသည့်အခါ မည်သို့ကျေနပ်နိုင်မည်နည်း။ သူက ဤအရာကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ယွီရှန်းရုန်က ဝမ်ရှစ်ကျုံးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ သူ့မျက်နှာအထက် အမြဲတမ်းလိုလို ယဥ်ကျေးနေသည့် အမူအရာက ပျောက်ကွယ်သွားကာ " ခင်ဗျား ထပ်ပြောကြည့်ပါအုံး”
ဝမ်ရှစ်ကျုံးက ယွီရှန်းရုန်၏ စကားများသည် ရန်လိုစိတ် ပြည့်နှက်နေကြောင်း ပြောနိုင်လေ၏။ သူက အလျင်စလို ပြောလိုက်သည်” တကယ်လို့ ကျုပ်ပြောတာ အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးပါ”
လုကျိုးက လက်မြှောက်လိုက်၏။ သူက ဝမ်ရှစ်ကျုံး နောက်တွင် ထိုင်နေသည့် ဝမ်ရှုအား ကြည့်ကာ မေးလိုက်သည်” အဲဒီမြင်းနာမည်က ကျီလျန့်ပဲ။ ငါ့ရဲ့ စီးတော်သားရဲ။ ဘယ်တုန်းက မင်းရဲ့ မြင်း ဖြစ်လာတာတုံး”
" ငါ့မြင်း ဖြစ်ခဲ့တာ အရင်။ ဒီဟာကို ယဥ်ပါးအောင် လုပ်ဖို့ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာ။ ဒါပေမဲ့ ဒီတိရစ္ဆာန်ကောင်က ထွက်ပြေးသွားတယ်” ဝမ်ရှုက မကျေမနပ် ပြောလိုက်သည်” ထားလိုက်ပါတော့။ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး။ ခင်ဗျားတို့ပဲ သိမ်းထားလိုက်”
ဝမ်ရှစ်ကျုံးက လက်နှစ်ဖက်ယှက်ကာ " ဒါက နားလည်မှုလွဲတာပါ။ ဒါက မြင်းတစ်ကောင်ပဲလေ။ ဒီကိစ္စကို ဖြေရှင်းပြီးပြီလို့ပဲ စဥ်းစားလိုက်ရအောင်လား”
" အဲဒါဆိုတော့ ငါ့မြင်းကို ယဥ်ပါးအောင်လုပ်တာ မင်းပေါ့ " လုကျိုးက ကျီလျန့်အပေါ် ဒဏ်ရာပေးသည့် တရားခံကို လိုက်ရှာနေခဲ့သည်။ တရားခံက သူ့တံခါးရှေ့မှောက် သူ့အလိုလို ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ယွီကျန့်ဟိုင်က ပြောလိုက်၏” ဒီမြင်းက ကျုပ် ရှစ်စွင်းရဲ့ စီးတော်သားရဲပဲ။ ခင်ဗျားတို့ ပေးနေစရာ မလိုဘူး။ ကျီလျန့်က မြင်းကောင်းတွေထဲက မျိုးစိတ်ကောင်း တစ်ခုပဲ။ အသိဉာဏ် ရှိပြီးတော့ ရှစ်စွင်းကိုပဲ ပြန်ဖြေလိမ့်မယ်။ သူအာရုံများနေတုန်း ဖမ်းဆီးဖို့ ကြိုးစားပြီး ကိုယ်ပိုင်အဖြစ် မှတ်ယူချင်နေတာမလား”
ဝမ်ရှုက အံ့အားသင့်သွားသည်။
ထိုစဥ် ဝမ်ရှစ်ကျုံး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သို့သော်လည်း သူက ဘာမှမပြောပေ။
ရှောင်ယွမ်အာက ခါးထောက်ကာ ပြောလိုက်သည်”ရှင်တို့က အရှက်မရှိတာပဲ။ ကျီလျန့်က ရှစ်စွင်းနဲ့အတူ ရှိနေတာ ကြာလှပြီ။ လက်ဆောင်အဖြစ် ပြောရဲသေးတယ်လား။ ရှင်တို့က မရှက်ကြဘူးလား။ ရှင်က ယောက်ျားဖြစ်ပြီးတော့ မျက်နှာအပေါ်မှာ မျက်နှာချေတွေ ဘာလို့ လိမ်းထားတာလဲ။ ရှင့်မျက်နှာ ကြည့်တာနဲ့တင် အန်မိတော့မယ်”
ဝမ်ရှု " ... "
အမျိုးသမီးတစ်ယောက်က အမျိုးသမီး၏ ရန်သူဖြစ်ကြောင်း ပြောကြသည်မှာ အမှန်ဖြစ်ပုံပေါ်၏။
ဝမ်ရှုက သူ့ဆံထုံးကို ဖယ်ရှားလိုက်ပြီး သူမ၏ ဆံနွယ်ရှည်များကို ဖြန့်ချလိုက်သည်။ သူမ၏ ဆံနွယ်ရှည်များက လေထဲတွင် မျောလွင့်နေရင်း သူမက ပြောလိုက်၏” ငါက ဝမ်ရှုပဲ။ ဘယ်သူက ယောက်ျားတုံး”
" အခု ပိုပြီးတော့တောင်ဆိုးသွားတယ်။ ရှင်က အမျိုးသမီးဖြစ်ပြီးတော့ အမျိုးသားတစ်ယောက်လို ဝတ်စားထားတာ တကယ့်ကို အန်မိတော့မယ်” ရှောင်ယွမ်အာက အန်တော့မိမလို ပုံစံမျိုး ပြသလိုက်၏။
" မင်း "
ဝမ်ရှစ်ကျုံးက လှည့်ကာ ပြောလိုက်၏” ရှုအာ … ပါးစပ်ပိတ်ထား "
ဝမ်ရှုက မကျေမနပ် အမူအရာမျိုးဖြင့် နောက်ဆုတ်သွား၏။ အမတ်များ၏ ကလေးများက အလိုလိုက်ခံရကာ သင်ကြားဆုံးမမှု လစ်ဟာနေသည်။ သူတို့က သူတို့အဖေကိုသာ မှီခိုကြသည့်အတွက် သူတို့၏ ဉာဏ်ရည်ဖွံ့ဖြိုးမလာကြပေ။ သူတို့အများစုက သူတို့၏ အဖေသည် သူတို့ ပြဿနာအားလုံးကို ဖြေရှင်းပေးလိမ့်မည်ဟု မှတ်ယူထားကြ၏။
ပုံမှန်အားဖြင့် ဝမ်ရှစ်ကျုံးသည် သူ့သမီးအတွက် ကာကွယ်ကာ ရပ်တည်ပေးလိမ့်မည်။ သို့သော်လည်း ဤအချိန်က ကွဲပြားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက မည်သည့်အချိန်တွင် ပြုမူရမည်ကို သိသင့်၏။ ထို့ကြောင့် သူက အလျင်စလို လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
" ဒါက နားလည်မှု လွဲတာပါ။ ကျုပ်သမီးက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေးလို့ပါ။ လုချန်းပေ့ ပိုင်တဲ့ မြင်းမှန်း မသိခဲ့ပါဘူး။ တကယ်လို့ လုချန်းပေ့ကို အနှောင့်အယှက် ပေးမိတယ်ဆိုရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
လုကျိုးက ခေါ်လိုက်သည်” ကျီလျန့် "
သူ့အသံက ကနဦးချီ ပါဝင်နေသည့်အတွက် အလျင်အမြန် ပျံ့နှံ့သွားသည်။
ကျီလျန့်က လုကျိုး ဆင့်ခေါ်ကြောင်း ကြားသည်နှင့် ပျံသန်းကာ တိမ်တိုက်ရင်ပြင်ဆီ ရောက်ရှိလာ၏။
နျဲ့ချင်းယွင်၊ ရှားချန်ချိုးနှင့် တခြားသူများက ခံ့ညားသည့် မြင်းသည် သူတို့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားကြ၏။
" တကယ့်ကို တစ်သန်းမှာ တစ်ကောင် မျိုးစိတ်ကောင်ပဲ”
" ဒီမြင်းက အင်မတန်ရှားတယ်။ ဒဏ္ဍာရီထဲမှာပဲ ရှာတွေ့နိုင်တယ်။ လုချန်းပေ့က ဒီလိုစီးတော်သားရဲမျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”
ရှောင်ယွမ်အာက ဝင်ပြောလိုက်၏” ဒါက ဘာမှမဟုတ်ပါဘူး။ ရှစ်စွင်းဆီမှာ နောက်ထပ် စီးတော်သားရဲတွေ အများကြီး ရှိသေးတယ်”
ရှားချန်ချိုးက နတ်ခြင်္သေ့ကို အမှတ်ရသွားကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
ရှောင်ယွမ်အာ၏ စကားများက ဝမ်ရှု၏ နားထဲတွင် နားကလောနေသည်။ အတိတ်တုန်းက သူမကသာ ကြွားဝါခဲ့သူ ဖြစ်၏။ ယခုအခါ သူများ၏ ကြွားဝါမှုကို နားထောင်နေရသည်။ သူမက မည်သို့ကျေနပ်မည်နည်း။
ဟီး
ကျီလျန့်က တိမ်တိုက်ရင်ပြင်ပေါ် ရောက်ရှိလာပြီးနောက် လုကျိုးရှေ့ သွားလိုက်သည်။
လုကျိုးက ရင်ပြင်အလယ်ကို လက်ညှိုးထိုးကာ " လှည့်လိုက် "
ကျီလျန့်က တခြားသူများရှေ့ ရပ်ကာ နှစ်ကြိမ်လှည့်လိုက်သည်။
နျဲ့ချင်းယွင်က ကျီလျန့်ကို လက်ညှိုးထိုးကာ " ခြေထောက်နဲ့ အနောက်ပိုင်းက အမာရွတ်တွေ ရှိနေတာပဲ။ တစ်ယောက်ယောက်က ကုသပေးခဲ့တာ တူတယ်။ အတော်လေးတော့ ပြန်ကောင်းသွားပြီ”
တိုက်ပွဲတွင် ရှိကြသည့်သူများက မြင်းကို မြင်လိုက်သည်နှင့် မြင်းကောင်းမှန်း ချက်ချင်းသိကြသည်။ ဝမ်ရှစ်ကျုံးနောက်တွင် ရပ်နေသည့် စစ်သားများက ကျီလျန့်ကို အားရပါးရ ကြည့်နေကြ၏။
" ကျီလျန့် မင်းကို ဘယ်သူ ဒဏ်ရာပေးခဲ့တာလဲ " လုကျိုးက မေးလိုက်၏။
" ... "
သူက မြင်းကို စကားပြောနေတာလား။
ကျီလျန့်က လုကျိုး၏ စကားများကို နားလည်သည့်အလား နှစ်ကြိမ် မြည်ဟီးလိုက်သည်။
ပုံမှန်အားဖြင့် မည်သူကမှ နားမလည်ကြပေ။
ဝမ်ရှစ်ကျုံးက ပြောလိုက်၏” ဒါက နားလည်မှုလွဲတာပါ။ ရှုအာက ငယ်သေးပြီးတော့ မိန်းကလေးတစ်ယောက်ပါ။ သူမက ဒီလိုမြင်းမျိုးကို ဘယ်လိုလုပ် ယဥ်ပါးအောင် လုပ်နိုင်မှာလဲ။ ဒါတွေ အားလုံးက နားလည်မှု လွဲတာပါ”
ထိုစဥ် လုကျိုးဘေးတွင် ထိုင်နေသည့် ခရုလေးက ပြောလိုက်၏” ရှစ်စွင်း ကျီလျန့်က သူမလူတွေ လုပ်တာလို့ ပြောတယ်”
အားလုံးက ခရုလေးကို လှည့်ကြည့်လိုက်ကြသည်။
ဝမ်ရှစ်ကျုံးက ခရုလေးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး " အာ... "
သူက ပြန်လည်ငြင်းဆန်လိုသော်လည်း မြင်းတစ်ကောင်ဆီမှ အသံတစ်ခုက တရားမျှတအောင် လုပ်ပေးလိမ့်မည်ဟု မထင်ပေ။
လုကျိုးကလည်း ဝမ်ရှစ်ကျုံး၏ စိတ်ထဲတွင် တွေးနေသည့်အရာများကို သိ၏။ သူက ပြောလိုက်သည်။
”ခရုလေးက ကျုပ်တပည့်ပဲ။ သူက သားရဲဘာသာစကားကို နားလည်တယ်”
" သားရဲဘာသာစကားလား "
တခြားသူများက ထိုထုတ်ဖော်မှုကြောင့် အံ့အားသင့်သွားကြသည်။
ရှားချန်ချိုးက ချီးကျူးလိုက်၏” ဒီသားရဲဘာသာစကားကို နားလည်တဲ့စွမ်းရည်က အင်မတန်ရှားတယ်။ အနီရောင်ကြာနယ်မြေမှာတောင် ဒီလိုပါရမီရှင်မျိုးက နှစ်သန်းပေါင်းများစွာမှာ တစ်ယောက်ပဲ ထွက်ပေါ်ဖူးတယ်။ ဒါပေမဲ့ အဲဒီလူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားပြီးတော့ ပျောက်ကွယ်သွားတယ်။ နယ်ခြားမျိုးနွယ်တွေလည်း ကြည့်ရတာ သားရဲဘာသာစကားကို နားလည်တဲ့ပုံပဲ။ ဒါပေမဲ့ သူတို့ တကယ်သိတာက သားရဲတွေကို ယဥ်ပါးအောင် လုပ်တဲ့နည်းလမ်းပဲ”
ရှောင်ယွမ်အာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏” ရှစ်မေ့ ခရုလေး စွမ်းရည်ကို ပြလိုက်ပါအုံး "
" အင်း " ခရုလေးက လန်ထန်းကျောက်စိမ်းပုလွေကို တီးမှုတ်လိုက်သည်။
လေထုထဲ စည်းချက်ညီသည့် သံစဥ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသံစဥ်က တိမ်တိုက်ရင်ပြင်ပေါ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားသည်။
တောင်ထိပ် ၁၂ခု၊ တောအုပ်၊ မြစ်များ၊ ကောင်းကင်နှင့် ကုန်းမြေမှ သားရဲပျံများနှင့် ကုန်းမြေသားရဲများသည် စတင်စုဝေးလာကြ၏။
ခရုလေး၏ ကနဦးချီက ထွက်ပေါ်လာပြီး အနီရောင်စွမ်းအားက ရေသဖွယ် စီးဆင်းသွားသည်။
သားရဲပျံများက ထိုအသံကို ကြားသည့်အခါ အဝေးမှ ပျံသန်းလာကြ၏။ သူတို့က အုပ်စုလိုက် ရောက်လာသည့်အတွက် ခန္ဓာကိုယ်များက ကောင်းကင်ကို ဖုံးလွှမ်းထားကြသည်။
တိမ်တိုက်တောင်၏ တပည့်များက အံ့အားသင့်နေကြ၏။
ဒီစွမ်းအင်ကို မြို့တစ်မြို့ကိုသာ တိုက်ခိုက်ဖို့ သုံးမယ်ဆို ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်မလဲ...
ဤမိန်းကလေး ဆင့်ခေါ်ထားသည့် သားရဲများက အားနည်းကြသော်လည်း သူမ၏ အလားအလာကို မြင်တွေ့နေရသည်။ သူမသာ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည့်အခါ သားရဲများက သူမ၏ အားအကောင်းဆုံး အကူအညီများ ဖြစ်လာကြလိမ့်မည်။
လီယွင်ကျန်းက ထိုပြကွက်ကြောင့် အံ့အားသင့်နေမိ၏။ သူက စာအုပ်များစွာ ဖတ်ရှုဖူးသည့်အတွက် သားရဲများသည် မည်မျှအားကောင်းကြောင်း သိထားလေသည်။ လူသားများက သားရဲများကို နှိမ်နင်းဖို့ တန်ကြေးမည်မျှ ပေးဆပ်ထားရသည်ကိုလည်း သိထား၏။
သိပ်မကြာခင် ခရုလေးက အလျင်အမြန် တီးမှုတ်ပြီးသည့်နောက်တွင် သံစဥ်ကို အဆုံးသတ်လိုက်သည်။
သားရဲများက ပြန့်ကျဲသွားပြီး ကောင်းကင်က တစ်ဖန်ပြန်လည် ရှင်းလင်းသွားသည်။
ကောင်းကင်နှင့် မတူဘဲ တိမ်တိုက်ရင်ပြင်ရှိ လေထုက တင်းကျပ်လာ၏။
လုကျိုးက ဝမ်ရှစ်ကျုံးကို ကြည့်ကာ ပြောလိုက်သည်” ကလေးကို မဆုံးမနိုင်တာ အဖေတစ်ယောက်ရဲ့ အပြစ်ပဲ "
ဝမ်ရှစ်ကျုံးက ပြောလိုက်၏” လုချန်းပေ့ ဒါက မြင်းတစ်ကောင်ပါပဲ။ ကွမ်းနန်ပတ်လမ်းမှာရှိတဲ့ မျိုးကောင်း မြင်းတွေ အားလုံးကို စုစည်းပြီးတော့ လက်ဆောင်အဖြစ် ပေးပါ့မယ်”
ယွီရှန်းရုန်က မကျေမနပ် ပြောလိုက်သည်” ခင်ဗျားက ကျီလျန့်ကို လျှော့တွက်နေတာပဲ "
" ... "
" ဒီလို ပြောရတာတော့ စိတ်မကောင်းပါဘူး။ ကျုပ်အတွက်တော့ ခင်ဗျားရဲ့အသက်က ကျီလျန့်ရဲ့ အသက်လောက် အဖိုးမတန်ဘူး” ယွီရှန်းရုန်က ပြောလိုက်သည်။
" မင်း " ဝမ်ရှစ်ကျုံးက ဤသို့ပုံစံမျိုးဖြင့် တစ်ခါမှ အရှက်ကွဲမခံဖူးပေ” ဘာလို့ အတင်းအကျပ် ဖိအားပေးချင်နေရတာလဲ "
" ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တယ် " လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်၏။
” မင်းလား သူမလား တစ်ယောက်ကိုရွေး "
…
အခန်း (၈၂၁) ငါ့ရဲ့ရည်ရွယ်ချက် အစစ်အမှန်
“...”
လေးလံသော ဖိအားသည် တိမ်တိုက်ရင်ပြင်ပေါ်ရှိ လူတိုင်းပေါ် ကျရောက်လာပြီး ခုခံရန်မဖြစ်နိုင်ဟု ထင်မှတ်ရသည်။
ယခုအချိန်တွင် ကောင်းရှစ်ယွမ်၏ သေဆုံးမှုသည် အသေးအမွှားသကဲ့သို့ ဖြစ်နေလေ၏။ အားလုံး၏ အာရုံစိုက်မှုသည် အတွင်းဝန်ချုပ် ရာထူးမြင့်မြင့်ရှိထားသည့်လူ ဝမ်ရှစ်ကျုံးဆီသာ ရောက်နေ၏။
ရဲမက်များက မော့ကြည့်လျက် ဝမ်ရှုသည် ဆံဖြူအဘိုးအိုကို အထိတ်တလန့်မော့ကြည့်လိုက်သည်။
တစ်ဖက်တွင်မူ ဝမ်ရှစ်ကျုံးသည် မပြောင်းလဲသော အမူအရာကို ထိန်းသိမ်းကို ထိန်းသိမ်းရန် ရုန်းကန်နေရ၏။ သို့သော်ငြား သူ၏ အမူအရာက သဘာဝမကျ တောင့်တင်းနေ၏။
“လုချန်းပေ့ … နောက်နေတာ မလား”
“ငါက နောက်ပြောင်ရတာ ကြိုက်တဲ့သူနဲ့ တူနေလို့လား” လုကျိုးက မေးလိုက်၏။
ဝမ်ရှစ်ကျုံး၏ အမူအရာက တောင့်တင်းသွားသည်။
“ကျီလျန့်ကြောင့်နဲ့လား”
“ကျီလျန့်ကြောင့်ပဲ”
ဟီး …
ကျီလျန့်သည် ကျောက်တောအုပ်မြို့မှ ပြန်ရောက်ချိန်မှစပြီး ၎င်း၏ အခြေအနေသည် အကောင်းဆုံးတွင် မရှိပေ။ စနစ်မျက်နှာပြင်ပေါ်၌ ၎င်း၏ အခြေအနေသည် အနားယူနေသည်ဟူ၍သာ ပြသနေလေ၏။ ကျောက်တောအုပ်မြို့၌ ခဏတာ အနားယူသည်မှအပ ၎င်းသည် အနားယူရန် လိုပုံမပေါ်။ မောပန်းနွမ်းနယ်နေပုံပေါ်၏။ ယွီရှန်းရုန်၏ အသက်ကို ပြန်လည်ဖြည့်တင်းရန် ၎င်း၏စွမ်းအားကို အသုံးပြုရုံမျှသာ ဆိုလျှင် ဤအခြေအနေထိ မောပန်းနွမ်းနယ်နေမှာ မဟုတ်ပေ။ နတ်ခြင်္သေ့ကို ဥပမာယူနိုင်၏။ နတ်ခြင်္သေ့သည် ၎င်း၏ စွမ်းအားကို အသုံးပြုပြီးနောက် ဤအခြေအနေသို့ တစ်ခါမှ မရောက်ဖူးပေ။
“...” ဝမ်ရှစ်ကျုံးသည် ယင်းက အလွန်အကျွံတုံ့ပြန်မှုဟု ခံစားရသည်။ မည်သို့ပင်ဆိုစေ သူက ပြောလိုက်၏။
“ကျုပ်ရဲ့သမီးက မှားတယ်။ ဒါပေမဲ့ ဒါက ကြီးလေးတဲ့ပြစ်မှုခံသင့်တဲ့အရာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ လုချန်းပေ့။ ဒါကသာ ရာဇဝတ်မှုဆိုရင် ကျုပ် ပြန်ပြီး ပေးဆပ်ပါမယ်။ ဒွါပေမဲ့ သူ့ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
ပြီးနောက် ဝမ်ရှစ်ကျုံးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ ပြီးနောက် သူသည် ဝမ်ရှုကို လှမ်းပြောလိုက်သည်”ရှုအာ ဒူးထောက်”
“မထောက်ဘူး” ဝမ်ရှုက လှည့်သွားသည်။
“အမိုက်အမဲ” ဝမ်ရှစ်ကျုံးသည် လက်မြှောက်လိုက်၏။ အနီရောင်စွမ်းအင် လက်စည်းတံဆိပ်သည် သူ၏ သမီးကို ဆုပ်ကိုင်လိုက်လေ၏။
ဝမ်ရှုအာ အော်ဟစ်လိုက်သည်။ သူမသည် သူမဖခင်နှင့် ယှဉ်ပြိုင်နိုင်သူ မဟုတ်။ သူမဖခင်ကို ရင်ပြင်အလယ်ထိ ဆွဲခေါ်ခွင့် ပေးရုံသာ တတ်နိုင်တော့သည်။
ဝမ်ရှစ်ကျုံးသည် ဝမ်ရှုကို အနီရောင်လက်ဝါးစည်းတံဆိပ်ဖြင့် တွန်းချလိုက်သည်။
ထောက်
ဝမ်ရှုသည် ချက်ချင်း ဒူးထောက်လိုက်လေ၏။
ကျန်သည့်သူများသည် ဝမ်ရှစ်ကျုံးကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
နျဲ့ချင်းယွင် သို့မဟုတ် ရှားချန်းချိုးဖြစ်စေ၊ ဧကရာဇ်လေး လီယွင်ကျန်းကတောင် ထိုအဘိုးအိုသည် ဝမ်ရှစ်ကျုံးကို ဤအနေအထားအထိ ဖိအားပေးနိုင်မည်ဟု မထင်ထားပေ။ ပြောရလျှင် သူက အတွင်းဝန်ချုပ်ဖြစ်၏။
တော်ဝင်ခုံရုံးရှိ အရာရှိများသည် ဝမ်ရှစ်ကျုံးကို တလေးတစားဆက်ဆံ၏။ ကောင်းကင်သိုင်းခုံရုံး၏ ယွီချန်ရှုကတောင် သူ့ကို သတိထားရသည်။ ဤအဘိုးအိုရှေ့၌ သူဤကဲ့သို့ ရိုကျိုးနေတာကို မြင်တွေ့ရတာ သူတို့မည်ကဲ့သို့ မအံ့ဩပဲနေမည်နည်း။ ယင်းက ဟာသတစ်ခုနှယ်ဖြစ်နေ၏။
ဝမ်ရှစ်ကျုံးက သူ့ကိုယ်သူ မြင့်မားစွာပြုမူပြီး ကိန်းကြီးခမ်းကြီးနေတတ်တာကို မြင်နေကျ လီယွင်ကျန်းသည် မည်ကဲ့သို့ မထိတ်လန့်ဘဲနေမည်နည်း။
“ဒါပဲလား” လုကျိုးသည် ဝမ်ရှုကို ကြည့်လိုက်၏။ တစ်နည်းအားဖြင့် ဒူးထောက်ခြင်းက သူမကို ပြဿနာထဲမှာ မဖယ်ရှားပေးနိုင်ပေ။ ဤလူများက သိပ်ကို အကောင်းမြင်လွန်းနေသည်။
ဝမ်ရှစ်ကျုံးက ပြောလိုက်၏”လုချန်းပေ့ကို ကတိပေးနိုင်ပါတယ်။ ကျီလျန့်ကို နာကျင်အောင် လုပ်တဲ့သူတွေကို ဒဏ်ရာပြင်းပြင်းထန်ထန်ပေးလိုက်မယ်။ ဒါပေမဲ့ ကျုပ်မိသားစုက ခင်ဗျားကို အဆင့်မြင့်ကျင့်ကြံခြင်း ကုန်ကြမ်းတွေ၊ အဆင့်မြင့်အဆောင်တွေ၊ ဆေးလုံးတွေ၊ ဆေးပင်တွေ၊ သာလွန်အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ လုချန်းပေ့ လိုချင်သမျှကို ပေးပါမယ်”
ဝမ်ရှုသည် သူမ၏ဖခင်ကို အထိတ်တလန့်ကြည့်လိုက်၏။ သူမ၏ဖခင် ထိုမျှရိုကျိုးနေတာကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ သူသည် ထိုမျှကြီးမားသည့် တန်ကြေးတောင် ပေးခဲ့သည်။
လုကျိုးသည် ဝမ်ရှစ်ကျုံးကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အလွယ်တကူသတ်နိုင်လေရာ ဝမ်ရှုကဲ့သို့ လူဆို ပြောရန်မလိုပေ။ သူသာ ဝမ်ရှုကို သတ်ချင်ပါက သူကိုယ်တိုင် သတ်မှာမဟုတ်။ သူတို့ကို သတ်ရန်က လွယ်ကူသော်ငြား သူ ထိုသို့လုပ်ခဲ့လျှင် တော်ဝင်ခုံရုံးကို စစ်ကြေညာရာ ရောက်သွားလိမ့်မည်။
ရွှေကြာနယ်မြေ၏ တော်ဝင်မိသားစုက အစွမ်းထက်နေပြီးသားဖြစ်ရာ အနီရောင်ကြာနယ်မြေ၏ တော်ဝင်ခုံရုံးဆို ပြောရန်မလိုအပ်တော့ပေ။
တိုင်းပြည်သည် ယွီချန်းရှုတောင် စိုးရိမ်ပူပန်နေရမည့် လျှို့ဝှက်လက်နက်တချို့ ရှိလောက်သည်။ မဟုတ်လျှင် ယွီချန်းရှုကဲ့သို့ လူက တော်ဝင်ခုံရုံးနှင့် မည်ကဲ့သို့ မဟာမိတ်ဖွဲ့ထားမည်နည်း။
လုကျိုးသည် ဖြည်းဖြည်းချင်း ထရပ်ပြီး ခေါင်းခါလျက်ပြောလိုက်သည်”တောင်းဆိုချက်ကို ပြောင်းလိုက်ရအောင်”
“ကြားပါရစေ”
“အရင်ဆုံး ကျီလျန့်ကို နာကျင်အောင်လုပ်တဲ့သူတွေ သေရမယ်။ ဒုတိယက သာလွန်အဆင့် အဆောင်တစ်သောင်းနဲ့ ဝိညာဉ်အဆင့်ဆေးလုံး တစ်သောင်းကျော်လိုချင်တယ်။ တတိယအချက်က သူ့ချီပင်လယ်ကို ဖျက်ဆီးရမယ်၊ သူ့ရဲ့အရည်အချင်းက သာမန်ပဲ။ ငါကြည့်သလောက်တော့ သူက စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ် မလုံလောက်ဘူး”
“...” ဝမ်ရှစ်ကျုံးက မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။
“လုချန်းပေ့ … ပထမဆုံးနှစ်ချက်ကို ကတိပေးနိုင်ပါတယ်။ ဒါပေမဲ့ တတိယတစ်ခုကတော့ …”
“ဒါက ငါ့ရဲ့အောက်ခြေစည်းပဲ။ ငါ့နဲ့ ဘယ်သူမှ အပေးအယူ မလုပ်ရဲဘူးဆိုတာ မင်း သိထားသင့်တယ်”
လုကျိုးသည် အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“...”
“စတုတ္ထအချက်က …”
စတုတ္ထတောင်းဆိုချက် ရှိသေးတယ်တဲ့လား။ … ဝမ်ရှစ်ကျုံးက စိတ်လေးသွားတော့သည်။ သူ နှလုံးသွေး ကျနေသည်ဟု ခံစားလိုက်ရ၏။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“စတုတ္ထတောင်းဆိုချက်က ငါ့အတွက် မဟုတ်ဘူး။ တာ့ထန်အတွက်ပဲ … အခုကစပြီး မင်းက လီယွင်ကျန်းကို အာဏာပြန်ပေးရမယ်။ ပဉ္စမအချက်က မင်းနဲ့ မင်းရဲ့သမီးက တိမ်တိုက်တောင်ပေါ်မှာ အချိန်တချို့ ကုန်ဆုံးရမယ်”
လုကျိုးပြောပြီးသွားတာကို ကြားပြီးသွားသောအခါ တိမ်တိုက်ရင်ပြင်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေလေ၏။
ဝမ်ရှစ်ကျုံးသည် ဝမ်ရှုကို တစ်ချက်ကြည့်လိုက်သည်။ သူ သဘောပေါက်သွားလေ၏။ ကျီလျန့်သည် သူ့ကို ဖိအားပေးရန်အတွက် နယ်ရုပ်တစ်ခုမျှသာဖြစ်သည်။ ထိုအခြေအနေများသည် အလိုရှိသည့် အရာများသာဖြစ်၏။
နျဲ့ချင်းယွင်သည် ထိုအခြေအနေကြောင့် စိတ်ထဲပျော်သွားလေသည်။ သူသည် ဤအကွက်အတွက် လုကျိုးကို လက်ခုပ်တီးပေးချင်သွားသည်။ တော်ဝင်ခုံရုံး၏ ခွန်အားကို သံသယဖြစ်ရန် မလိုအပ်ပေ။ ကောင်းကင်သိုင်းခုံရုံးတောင် သတိထားရမည့် နည်းလမ်းတချို့ သူတို့၌ရှိရမည်။ သို့သော် လီယွင်ကျန်းဖက်မှ သစ္စာဖောက်များကို ရှင်းလင်းပြီး သူ့ကိုပံ့ပိုးပေးနိုင်ခဲ့မည်ဆိုလျှင် ပြဿနာကို အလွယ်တကူ ဖြေရှင်းပြီးသွားဖြစ်သွားမည်။ နဝမမြောက်ဘုံကျောင်း၊ တိမ်တိုက်တောင်နှင့် နန်းတော်ကြားရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်လိမ့်မည်။ အသက်ပိုကြီးလေ ဉာဏ်ပညာရှိလေဆိုတာ အမှန်ပဲဖြစ်သည်။
အံ့ဩဖို့ ကောင်းလိုက်တာ … အံ့ဩဖို့ကောင်းတဲ့ အကွက်ပဲ။
လီယွင်ကျန်းသည် လုကျိုးကို မယုံနိုင်စွာ ကြည့်လိုက်၏။ ဆရာကြီးလုက ငါ့အတွက် အာဏာ ပြန်ယူပေးနေတာလား။
လီယွင်ကျန်းသည် အာဏာရလာပြီးနောက် တာ့ထန်တွင် သူ ခြယ်မှုန်းမည့် ခမ်းနားသော ပန်းချီကားကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ပြီးသားဖြစ်၏။ အရပ်သားများသည် ပျော်ရွှင်စွာ နေထိုင်ပြီး ငြိမ်းချမ်းမှုနှင့် သာယာဝဖြိုးမှုတို့ ရှိသည့်ခေတ်က ရောက်လာမည်။ သို့သော် စိတ်ကူးယဉ်မှုများသည် စိတ်ကူးယဉ်မှုမျှသာ ဖြစ်၏။ သူ အမှန်အတိုင်းဖြစ်လာစရာ အကြောင်းမရှိပေ။
ဝမ်ရှစ်ကျုံးက ပြောလိုက်သည်”ကျုပ်က အတွင်းဝန်ချုပ်ဆိုပေမဲ့ အာဏာက ကျုပ်တစ်ယောက်ထဲဆီမှာ ရှိနေတာ မဟုတ်ဘူး။ ဒါ့အပြင် ကျီလျန့်ဖြစ်ခဲ့တာအတွက် လျော်ကြေးပေးဖို့ အကောင်းဆုံး ကြိုးစားမယ်။ ကြိုးစားခဲ့ပြီးပြီ … လုချန်းပေ့က ဆက်တိုက်တွန်းနေဦးမှာလား”
ဟီး … ဟီး … ဟီး
ကျီလျန့်က ပတ်လည်ခုန်ပေါက်နေပြီး ဟီလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲမှ အစိမ်းရောင် အငွေ့များ ထွက်လာသည်။
ခရုလေးက ပြော၏”ကျီလျန့်က အဆိပ်မိထားတာ။ အခု အဆိပ်ကို ဖယ်ပြီးပြီဆိုတော့ သွားအိပ်ချင်နေတယ်”
“...”
ထိုစဉ် ဝမ်ရှုက ရုတ်တရက်ထပြေးတော့သည်”ငါ့ကို ဝေးဝေးခေါ်သွားပေး”
သူမနောက်တွင် ရပ်နေသော စစ်သည်နှစ်ယောက်သည် သူမ၏လက်တစ်ဖက်ဆီကို ဆွဲလျက် ကောင်းကင်ဆီ ပျံသန်းသွားလေသည်။
ယွီရှန်းရုန်၏ အမူအရာက ပြောင်းလဲမှုမရှိ ပြောလိုက်လေ၏”နောက်ကျသွားပြီ”
ယွီရှန်းရုန်သည် သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်နှင့် ကနဦးချီက ဝေ့တက်လာတော့သည်။
စွမ်းအင်ဓားခြောက်သောင်းသည် ကောင်းကင်ကွန်ယက်အဖြစ် ဖွဲ့တည်ပြီးနောက် သူတို့လမ်းကို ဟန့်တားလိုက်တော့သည်။
ဝမ်ရှုသည် ယင်းကြောင့် အပြည့်အဝထိတ်လန့်သွားတော့သည်။ သူမက အမြန်အော်လိုက်၏”ပိုက်ကွန်ကိုဖြတ် … မြန်မြန်။ နင်တို့ ဘာစောင့်နေတာတုန်း” မြေပြင်ပေါ်ရှိ ရဲမက်များသည် ဝမ်ရှု၏ ရုတ်တရက်ပုန်ကန်သော လှုပ်ရှားမှုကြောင့် စိတ်ရှုပ်ထွေးသွားလေ၏။ သို့သော် သူတို့၏သခင်မလေး ဒုက္ခရောက်နေတာကို မြင်သောအခါ သူတို့ သည်းမခံနိုင်တော့ဘဲ စွမ်းအင်ဓားခြောက်သောင်းကို ဖောက်ထွက်ရန် ကောင်းကင်ထဲတက်လိုက်၏။
ယွီရှန်းရုန်က လက်နှစ်ဖက်ကိုယှက်လိုက်သည်။ သူ၏စွမ်းအင်ဗဟိုချက်မှ ချီပင်လယ်ကို လှည့်ပတ်ပြီးနောက် တွန်းချလိုက်လေ၏။
စွမ်းအင်ဓားခြောက်သောင်းသည် သည်းထန်သော မိုးပမာ ကျဆင်းလာသည်။
ဝှစ် ဝှစ် ဝှစ်
နန်းတော်မှ စစ်သည်များသည်လည်း သူတို့ဓားမော့များကို လွှဲယမ်းနေတော့သည်။ မကြာမီ၌ သူတို့သည် နောက်ဆုတ်ရန် ဖိအားပေးခံရတော့သည်။
မြန်ဆန်သော လှုပ်ရှားမှုများဖြင့် ယွီရှန်းရုန်သည် ဝမ်ရှုဆီရောက်သွား၏။
ထိုစဉ် ဝမ်ရှစ်ကျုံးဆီမှ အနီရောင်စွမ်းအင်ပေါ်ထွက်လာပြီးနောက် လျှပ်ပြက်သောအရှိန်ဖြင့် ယွီရှန်းရုန်ဆီ သွားလိုက်သည်။
ဘန်း ဘန်း ဘန်း
ဝမ်ရှစ်ကျုံးသည် သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝမ်ရှစ်ကျုံးသည် ပျံလွှားငှက်ထက် ပေါ့ပါးသော လှုပ်ရှားမှုမျိုးဖြင့် တိုက်ကွက်ကို အလွယ်တကူ ရှောင်လိုက်၏။
ဝမ်ရှစ်ကျုံးက လက်ဝါးကို အလွယ်တကူရှောင်လိုက်တော့သည်။
ဧရာမလက်ဝါးစည်းတံဆိပ်သည် ယွီရှန်းရုန်ဆီ ရောက်သွား၏။
ယွီရှန်းရုန်သည် ကိုယ်ပိုင်လက်ဝါးစည်းတံဆိပ်ကို သုံးကာ အဟုန်ကြောင့် နောက်ဆုတ်လိုက်သည်။
“လုချန်းပေ့ … တတိယတောင်းဆိုချက်ကို သဘောမတူနိုင်တာ ခွင့်လွတ်ပေးပါ။ ကျုပ်ရဲ့ သမီးက ကျင့်ကြံဖို့ အားစိုက်ထုတ်ခဲ့ရတာ။ သူ့ကို သတ်တာနဲ့ သူ့ရဲ့ချီပင်လယ်ကို ဖျက်ဆီးလိုက်တာကြား ကွာဟချက်မရှိဘူး” ဝမ်ရှစ်ကျုံးက ပြောလိုက်သည်။
သက်တော်ရှည်ဓားရှိနေကျ ယွီရှန်းရုန်သည် ယခုအချိန်တွင် သူ၏ဓားမရှိဘဲ သွားမပါသော ကျားကဲ့သို့ ခံစားနေရသည်။ သို့သော် ဓားနတ်ဆိုးက ဓားနတ်ဆိုးပဲဖြစ်၏။ ကျားမပါလျှင်တောင် သူ၏သဘောထားက မပြောင်းလဲပေ။
“ဒါဆို သူ့ကိုသတ်မယ်”
မြန်ဆန်သောလှုပ်ရှားမှုမျိုးဖြင့် ယွီရှန်းရုန်သည် ဝမ်ရှစ်ကျုံးပေါ်၌ ပေါ်လာ၏။
ထိုစဉ် တိမ်တိုက်တောင် အကြီးအကဲများ၊ တပည့်များနှင့် မိုးမခတစ်ထောင်ဘုရားကျောင်း၏ အဖွဲ့သားများသည် ဤတိုက်ပွဲကို ကြည့်နေကြသည်။
လက်ရည်ယှဉ်ရန် သင့်တော်သည့်နေရာက တိမ်တိုက်စင်မြင့်ထက် သင့်တော်သည့် အခြားသော နေရာမရှိပေ။ အရွယ်အစားနှင့် လေပရိယာယ်အတွက် အကျယ်အဝန်းမြင်ကွင်းက ပြီးပြည့်စုံသည်။
ယွီရှန်းရုန်သည် သူ့ရန်သူပေါ်၌ ပေါ်လာသောအခါ သူသည် ကိုယ်သုံးခုခွဲလိုက်တော့သည်။
ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး
ကိုယ်သုံးခုသည် ဝေဝါးသွားပြီနောက် လျှပ်ပြက်သောအရှိန်ဖြင့် လှုပ်ရှားလိုက်သည်။
ဝမ်ရှစ်ကျုံးသည် အင်မတန်သတိထားနေ၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို လျင်မြန်စွာ ဖွဲ့တည်လိုက်သည်။
ဝှစ်
စိတ်ဝိညာဉ်သဏ္ဌာန်သည် တိမ်တိုက်စင်မြင့်အထက် ပေတစ်ရာ့ရှစ်ဆယ်အထိ မြင့်မားစွာ ပေါ်လာ၏။ အနီရောင်ကြာက ဖူးပွင့်လာပြီး ကြာပွင့်အောက်တွင် လှည့်ပတ်နေသည်။
“ပွင့်ချပ်ကိုးလွှာနဲ့တစ်ဝက် … ဝမ်ရှစ်ကျုံးက ပွင့်ချပ်ကိုးလွှာနဲ့တစ်ဝက် ကျင့်ကြံသူပဲ”
…
အခန်း (၈၂၂) မျက်နှာသာပေးမှုကို မသိတတ်ခြင်း
တော်ဝင်ခုံရုံး၏ အင်အားစုများက မည်မျှကြောက်ဖို့ကောင်းကြောင်း ပြန်လည်ပြောပြဖို့ မလိုတော့ပေ။ အကြံပေး အတွင်းဝန်ချုပ် တစ်ယောက်တည်းဖြင့် ဤသို့ နက်နဲသည့် ကျင့်ကြံဆင့်မျိုးကို ပိုင်ဆိုင်ထား၏။ နန်းတော်တွင်းရှိ ပညာရှင်များ ရှိနေသေးသည် မဟုတ်ပါလော။
နန်းတော်အတွင်း တစ်ခါမှ အသက်မသွင်းဖူးသည့် တာအိုအစီအရင်များလည်း ရှိနေသည်။ ထို့အပြင် ကံကြမ္မာမီးတောက် အသုံးပြုသူ ယွီချန်းရှုနှင့်အတူ တာ့ထန်၏ ပတ်လမ်း ဆယ်ခုတွင် ရှိသည့် ထိပ်သီးကျင့်ကြံသူ အမြောက်အမြားလည်း ရှိနေသေးသည်။
ဘန်း ဘန်း ဘန်း
ယွီရှန်းရုန်က လက်ကို ဓားအဖြစ် အသုံးပြုပြီး စိတ်ဝိညာဥ်သဏ္ဌာန်ကို ပိုင်းဖြတ်လိုက်၏။
ဝမ်ရှစ်ကျုံးက ပြောလိုက်သည်” နောက်ဆုတ်ကြ "
ထို့နောက် သူက အနီရောင်ကြာမှ ဓားချက်ကို ထုတ်လွှင့်ကာ ယွီရှန်းရုန်ကို တွန်းလွှတ်လိုက်သည်။
ယွီရှန်းရုန်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်တော့မည့်ဆဲဆဲတွင် ဝမ်ရှစ်ကျုံးက လှည့်ကာ ဝမ်ရှုကို အဝေးဆီ တွန်းလွှတ်လိုက်၏။
" ထွက်သွား။ ငါ သူနဲ့ ရင်ဆိုင်လိုက်မယ်”
ထိုစဥ် ငြိမ်းချမ်းသည့် ဆွေးနွေးမှုမျိုး မရှိနိုင်တော့ပေ။
ဝမ်ရှစ်ကျုံးက ဆွေးနွေးမှုထက် သူ့သမီးကို ပိုမိုအလေးထား၏။
လုကျိုးက မလှုပ်မယှက် ကျန်ရှိနေပြီး နျဲ့ချင်းယွင်အား အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။ ” ငါကိုယ်တိုင် ဝင်ပါရမှာလား”
နျဲ့ချင်းယွင်က တုန်လှုပ်သွား၏။
ဝုန်း
နျဲ့ချင်းယွင်က သူ့လက်ကို စားပွဲပေါ် ရိုက်ချလိုက်သည်။ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းသဖွယ် သူက လေထဲ ပျံသန်းသွားကာ အော်ပြောလိုက်၏။ ” ဒါက တိမ်တိုက်တောင်။ မင်းတို့ စိတ်ကြိုက်လုပ်ရမဲ့နေရာ မဟုတ်ဘူး။ နောက်ဆုတ်ကြ "
ထို့နောက် နျဲ့ချင်းယွင်က သူ့ကောင်းကင်အဆင့် ကောင်းကင်ဝိညာဥ်ဓားမော့ကို ဝှေ့ယမ်းပြီး ဧရာမရထားလုံးကြီးဆီ စွမ်းအင်ဓားများစွာကို ပစ်လွှတ်လိုက်သည်။
အားလုံးက ထိုတုန်လှုပ်ဖွယ် မြင်ကွင်းကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေကြ၏။
ဝမ်ရှစ်ကျုံးက သူ့မဟာနည်းစနစ်ကို ထုတ်ကာ ကောင်းကင်ဝိညာဥ်ဓားမော့ကို တားဆီးဖို့ ကြိုးစားလိုက်သည်။
နျဲ့ချင်းယွင်က ပြောလိုက်၏။ ” စိတ်ဝိညာဥ်သဏ္ဌာန် "
ဝှစ်
ပေ ၂၀၀ မြင့်မားသည့် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန် ထွက်ပေါ်လာပြီးသည့်နောက်တွင် ထိုနေရာတွင် ရှိနေကြသော တိမ်တိုက်တောင်၏ တပည့်ထောင်ချီ လေးစားဂုဏ်ယူရသည့် နျဲ့ချင်းယွင်၏ အင်အားကို ထုတ်ဖော်ပြသလာသည်။
ဝုန်း
စိတ်ဝိညာဥ်သဏ္ဌာန်က အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ဝမ်ရှစ်ကျုံးက လွင့်ထွက်သွား၏။ သူက နာကျင်မှုကို တောင့်ခံထားသည်။ သူ့သွေးအဆီအနှစ်များက ထပ်မံ လောင်ကျွမ်းလိုက်ပြီး ပြောလိုက်၏” ကျုပ်ဒါကို နားမလည်ဘူး။ ခင်ဗျားက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီးတော့ တခြားသူရဲ့ အလိုကျ ဘာလို့လိုက်လုပ်ပေးနေရတာလဲ”
" ခင်ဗျား နားမလည်သေးတဲ့ကိစ္စတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ မိတ်ဆွေဟောင်း စစ်ခုန်က ဒီမှာမရှိဘူး။ ဒါပေမဲ့ ကျုပ်တစ်ယောက်တည်း ခင်ဗျားတို့ အားလုံးကို ဖြေရှင်းဖို့ လုံလောက်တယ်။ လုချန်းပေ့နဲ့ တိုက်ခိုက်ဖို မထိုက်တန်သေးဘူး”
" ... "
တိုင်းပြည်ဧကရာဇ်ဖြစ်သူ လီယွင်ကျန်းက လုကျိုးကို ထပ်မံကြည့်လိုက်သည်။
သူက ဘယ်လောက်တောင် အားကောင်းနေတာလဲ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ၂ယောက်ကတောင် သူ့အမိန့်တိုင်း လိုက်နာရတာလား...
" ဂိုဏ်းချုပ် တကယ့်ကို အံ့သြစရာပဲ” တိမ်တိုက်တောင်တပည့်များက ပြိုင်တူရေရွတ်လိုက်ကြပြီး လေးစားမှုအပြည့် အမူအရာမျိုး ဖြစ်နေကြသည်။ အပြင်လူများက မည်မျှအားကောင်းစေကာမူ သူတို့က အပြင်လူမျှသာ ဖြစ်၏။ သူတို့က သူတို့ဂိုဏ်းချုပ်၏ စွမ်းအားကို မြင်သည့်အခါ စိတ်လှုပ်ရှားလာကြသည်။
" ဂိုဏ်းချုပ်နျဲ့ ကျုပ်တို့က ငြိမ်းချမ်းရေးအတွက် ရောက်နေတာ " ဝမ်ရှစ်ကျုံးက သူ့သွေးအဆီအနှစ်ကို ဖိနှိပ်ထားရင်း တိုက်ခိုက်လိုက်၏။
နျဲ့ချင်းယွင်က ဝမ်ရှစ်ကျုံးအား လျစ်လျူရှုထားကာ သူ့ကောင်းကင်ဝိညာဥ်ဓားမော့ကို ဆက်လက်ထိန်းချုပ်နေသည်။
" သွားပြီ။ ပြေးကြ "
ကောင်းကင်သိုင်းပညာခုံရုံးတပည့်များနှင့် နန်းတော်မှ ကျင့်ကြံသူများက ရထားလုံးပေါ်မှ ခုန်ချကာ လေးဘက်လေးတန် ထွက်ပြေးကြသည်။
ထိုစဥ် ကောင်းကင်ဝိညာဥ်ဓားမော့မှ ဧရာမစွမ်းအင်ဓားမော့ကြီး ကျဆင်းလာ၏။
ဝုန်း
ဧရာမရထားလုံးကြီးက ကောင်းကင်ဝိညာဥ်ဓားမော့၏ ရိုက်ချက်ကို မခံနိုင်တော့ဘဲ နှစ်ပိုင်းကွဲသွားလေ၏။
အစီအရင်သွေးကြောများက ပျက်စီးသွားပြီး ရထားလုံးက ကြေမွသွားသည်။
တစ်ချိန်တည်းဆိုသလို ရထားလုံးပျံမှ သေတ္တာများက ကျဆင်းလာကြသည်။
" အဲ့လောက်တောင် သေတ္တာတွေ များတယ်လား " ရှားချန်ချိုးက သေတ္တာများကို တအံ့တသြ ကြည့်နေလေ၏။
" ကျွန်မ သေတ္တာတွေကို သွားယူလိုက်မယ်။ ရှာတွေ့တဲ့သူ သိမ်းထားကြေး” ရှောင်ယွမ်အာက လျှပ်စီးလို အလျင်ဖြင့် လှုပ်ရှားသွား၏။ သူမက ကြယ်တာရာတိမ်တိုက်ခြေလှမ်းကို အသုံးပြုကာ အထိပ်အထိတ် သန့်စင်ကျောက်စိမ်းကျမ်းဖြင့် လှုပ်ရှားလိုက်သည်။ သူမ၏ အနီရောင်တောက်တောက် နိဗာနအဝတ်က တခြားသူများ၏ ခေါင်းအထက် နဂါးတစ်ကောင်လို ကျရောက်လာပြီး သေတ္တာများဆီ ဦးတည်လိုက်သည်။
နိဗာနခါးစည်းက အလျင်အမြန် ရွေ့လျားသွား၏။ ထိုအရာက ဘယ်ညာယိမ်းရင်း သေတ္တာများကို ဖမ်းယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သေတ္တာဆယ်လုံးနှင့်အထက် ဖမ်းယူမိ၏။
လက်ရှိ ရှောင်ယွမ်အာ၏ နိဗာနခါးစည်းအပေါ် ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံလုနီးပါး ဖြစ်နေလေပြီ။
သေတ္တာဆယ်ခုကို ဖမ်းယူပြီးသည့်နောက်တွင် ရှောင်ယွမ်အာက သူ့ရှစ်စွင်းဆီ ပျံသန်းလာလိုက်၏။
ကျင့်ကြံသူဒါဇင်ချီက ရှောင်ယွမ်အာဆီ တစ်ပြိုင်နက် ပြေးဝင်လာကြသည်။ သူတို့ထဲက တစ်ဝက်က အဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ကျန်တစ်ဝက်က ဝတ်ရုံများ ဝတ်ဆင်ထားကြသည်။ ထိုသူများက ကောင်းကင်သိုင်းပညာခုံရုံးနှင့် နန်းတော်မှ လူများဖြစ်၏။
လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေသည်။ သူက အလျင်မလိုပေ။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိ၏။
ယွီကျန့်ဟိုင်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ ” ငါ့ကျို့ရှစ်မေ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။ မင်းတို့က ငါ့ဓားမော့ကို အရင်ဆုံး ဖြတ်ကျော်ရမယ်”
ထို့နောက် သူက ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားကို ပစ်လွှတ်လိုက်သည်။
မဟာအမှောင်ကောင်းကင် အောက်မေ့ရာ
သူက လေထုထဲရှိ ကျင့်ကြံသူများကို ညှာတာခြင်းမရှိ သတ်ဖြတ်လိုက်၏။
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ အပိုနယ်မြေဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”
" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်။ အပိုနယ်မြေဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ်”
ထိုအရာကို မြင်တွေ့ပြီးသည့်နောက် လီယွင်ကျန်းက အံ့အားသင့်သွားကာ " ပြိုင်ဘက်ကင်းအဆင့် လက်နက်လား "
" မင်းက အမြင်စူးရှသားပဲ " လုကျိုးက ပြောလိုက်၏။
" ဆရာကြီး … ဒါကလည်း ဆရာကြီးရဲ့ တပည့်ပဲလား”
" ဘာလဲ။ ငါက သူ့ဆရာ မဖြစ်နိုင်ဘူးလား” လုကျိုးက ပြောလိုက်၏။
" မ … မဟုတ်ပါဘူး " လီယွင်ကျန်းက အလျင်စလို လက်ဝှေ့ကာ " ကျွန်တော်က သိချင်လို့ပါ။ ဆရာကြီး ပြောတော့ ကျွန်တော်ကို ဆရာတစ်ယောက် ရှာပေးမှာဆို။ ရှာနေဖို့ မလိုတော့ဘူး ထင်တယ်။ ဆရာကြီးက အသင့်တော်ဆုံးပဲ။ ကျွန်တော်က ဒီမိန်းကလေးနှစ်ယောက်ထက် အသက်အများကြီး မကြီးပါဘူး။ တကယ်လို့ ကျွန်တော်က မြေးတပည့် ဖြစ်နေရင် သူတို့ကို ဆရာတူ ဒေါ်လေးလို့ ခေါ်ရမှာပေါ့။ အဲဒါက နည်းနည်းနေရခက်တယ် မဟုတ်ဘူးလား”
" ငါက တပည့် လက်မခံတော့ဘူး။ ငါ့မြေးတပည့် ဖြစ်ရတာကိုက ဂုဏ်ယူမှုပဲ။ မင်းက ငါ့ကမ်းလှမ်းမှုကို ငြင်းပယ်ချင်တာလား” လုကျိုးက မေးလိုက်၏။
လီယွင်ကျန်းက အံ့အားသင့်သွားကာ အလျင်စလို ပြောလိုက်၏။ ” ဒီလိုဆိုရင် ဆရာကြီးကို ဆရာဘိုးဘိုးလို့ ခေါ်ရမှာပေါ့”
" ဟုတ်တယ် " လုကျိုးက ခေါင်းညိတ်လိုက်၏။
" ကျွန်တော်... " လီယွင်ကျန်းက ကျောမတ်မတ်ထားကာ လည်ချောင်းရှင်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်။ ” ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား "
" ပြောစမ်းပါအုံး "
" ဆရာကြီးက ရွှေကြာနယ်မြေက ဆိုတော့။ တကယ်လို့ တစ်ရက်ကျရင် ကျွန်တော်က တိုင်းပြည်ကို အုပ်ချုပ်မဲ့အာဏာ ရှိလာရင် သူတို့လိုမျိုး ဖြစ်သွားမှာလား " လီယွင်ကျန်းက မေးလိုက်သည်။
လုကျိုးက ထိုမေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူက လီယွင်ကျန်းကို ခေါ်လိုက်သည်။
လီယွင်ကျန်းက အနားတိုးလာ၏။
လုကျိုးက အမည်မဲ့ကို တိတ်တဆိတ်ထုတ်ကာ အခြားလက်တစ်ဖက်ကို ဖွင့်လိုက်သည်။
လီယွင်ကျန်းက အံ့အားသင့်သွား၏။ သူက အလျင်စလို အော်ပြောလိုက်သည်။ ” အနက်ရောင် သင်္ကေတပဲ။ အနက်ရောင်ကြာနယ်မြေရဲ့ ဒဏ္ဍာရီက တကယ်ပဲလား”
ဒီလူအိုကြီးက အနက်ရောင်ကြာနယ်မြေကလား။ သူက ဘယ်လောက်တောင် သွားလာခဲ့တာလဲ။...
လုကျိုးက အမည်မဲ့ကို သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် တိုက်ပွဲကို ဆက်လက်ကြည့်လိုက်သည်။
နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လီယွင်ကျန်းက အံ့အားသင့်နေရာမှ ပြန်လည်အသိဝင်လာ၏။ သူက သိချင်စွာ မေးလိုက်သည်။ ” အဲ့လိုဆိုရင် ကျွန်တော်ရဲ့ ဆရာကရော။ ကျွန်တော်ရဲ့ ဆရာတူဦးလေးတွေလိုမျိုး အားကောင်းလား”
" ပါရမီ၊ ဉာဏ်ရည်၊ နည်းဗျူဟာနဲ့ ကျင့်ကြံဆင့်၊ တိုင်းပြည်အုပ်ချုပ်ရေး ဒါမှမဟုတ် နယ်မြေတွေဆီ ငြိမ်းချမ်းရေး ယူဆောင်လာမှုတွေမှာ သူက မင်းထက် ခေါင်းတစ်လုံးသာတယ်” လုကျိုးက ပြောလိုက်၏။
လီယွင်ကျန်းက ထိုအရာကို ကြားသည့်အခါ ပျော်ရွှင်သွားလေသည်။ သူက ချက်ချင်းဆိုသလို လက်နှစ်ဖက်ယှက်ပြီး " ဆရာကြီးကို ကျေးဇူးတင်ပါတယ်”
" ဟမ် "
" ဆရာဘိုးဘိုး "
ထိုစဥ် ယွီကျန့်ဟိုင်က ရှောင်ယွမ်အာနောက် လိုက်လာသည့် ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
နျဲ့ချင်းယွင်၏ အင်အားပြသမှုက အံ့မခန်းဖြစ်၏။ ရထားလုံးပျံကို ဖျက်ဆီးပစ်ပြီးသည့်နောက်တွင် သူက ဒုခေါင်းဆောင် ၃ယောက်ကို သတ်ပစ်လိုက်ပြီး ဝမ်ရှစ်ကျုံးနောက် လိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဓားမော့ရိုက်ချက် ၃ခုက ကောင်းကင်မှ ဆင်းသက်လာပြီးသည့်နောက်တွင် ဝမ်ရှစ်ကျုံး၏ အကာအကွယ်ပေါ် ကျရောက်လာသည်။
ဝမ်ရှစ်ကျုံးက ညည်းတွားလိုက်ရပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။ ” ဂိုဏ်းချုပ်နျဲ့ .. ခင်ဗျားက သင်ယူတာ မြန်သားပဲ”
နျဲ့ချင်းယွင်က အပြုံးဖြင့် ပြန်ပြောလိုက်၏။ ” ရောင်းရင်းယွီ မင်းရဲ့ ဒီနည်းစနစ်က အတော်လေး အသုံးဝင်တယ်။ ကျေးဇူးပါ”
ထို့နောက် သူက စွမ်းအင်ဓားမော့များကို ထုတ်ကာ စွမ်းအင်ဓားမော့နှင့် လက်ဝါးချက်များကို ဆက်တိုက်ထုတ်လွှတ်လိုက်သည်။
" အဖေ " ဝမ်ရှု၏ မျက်ဝန်းက မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သူမက အင်မတန် ကြောက်လန့်နေမိ၏။
ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်သည်။ သူက လက်ကို မြှောက်ကာ စွမ်းအင်ဓားကို ဖွဲ့စည်းလိုက်သည်။ ကျင့်ကြံသူဒါဇင်ချီက သူ့ကို တားဆီးဖို့ ကြိုးစားနေကြ၏။
" တကယ်ကို အံ့သြမိတယ်။ သူက လက်ဗလာနဲ့ စွမ်းအင်ဓားကို ဖွဲ့စည်းလိုက်တာပဲ”
ဤသို့ လက်ဗလာဖြင့် စွမ်းအင်ဖွဲ့စည်းဖို့ရာ တိကျသည့် ထိန်းချုပ်မှု လိုအပ်ပေသည်။ ယွီရှန်းရုန်က ဘာကိုမှ မမှီခိုဘဲ လက်ချောင်းဖြင့်သာ စွမ်းအင်ဓားကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ ထိုအဆင့်တွင် သူက ဓားမဲ့လမ်းစဥ်ကို ကျွမ်းကျင်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေလေပြီ။
အောက်ဘက်တွင် ဝူဝူက အားပေးနေ၏။ ” အစ်ကိုကြီး အကောင်းဆုံးလုပ်ထား "
ယွီရှန်းရုန်က စွမ်းအင်ဓားကို ဝှေ့ယမ်းလိုက်သည်။ သူ စွမ်းအင်ဓားကို ဝှေ့ယမ်းသည့်အချိန်တိုင်း သူက ရန်သူကို ပိုင်းဖြတ်ပစ်လိုက်၏။
ကျန်ရှိနေသည့် ကျင့်ကြံသူများက ယွီရှန်းရုန်ဆီ ချီတက်လာကြသည်။
ယွီရှန်းရုန်က ဧရာမစွမ်းအင်ဓားကို လက်တစ်ဖက်တည်းဖြင့် ထုတ်ဖော်လိုက်၏။
စွမ်းအင်ဓားက ဓား ၁၀၀ အဖြစ် ပြောင်းလဲသွားပြီးသည့်နောက် ရွှေရောင်တောက်ပလာသည်။
ဘန်း ဘန်း ဘန်း
အဆင့်နိမ့် ကျင့်ကြံသူများက ဓားချက်ကို မတားဆီးနိုင်ကြဘဲ ထိမှန်သွားကြသည်။
လေထဲတွင် မြင့်မြင့်ပျံသန်းနေကြသည့်သူများကလည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ရာ နောက်ဆုတ်လိုက်ရသည်။
ထိုစဥ် ယွီရှန်းရုန်က ဝမ်ရှုကို ဖမ်းဆုပ်လိုက်၏။
ဝမ်ရှုက လှည့်ကာ အော်လိုက်သည်။ ” ငါ့ကို မထိနဲ့ "
တစ်ချိန်တည်းဆိုသလို သူမက ယွီရှန်းရုန်ကို ထိုးဖို့ ကြိုးစားနေသည်။
" အားနာပါတယ် "
ယွီရှန်းရုန်က အမူအရာကင်းမဲ့စွာ ပြောလိုက်၏။ သူက ဝမ်ရှုကို မထူးမခြားနား ကြည့်ပြီးသည့်နောက်တွင် လက်ကို ရှေ့ဆန့်ထုတ်လိုက်သည်။ သူမ၏ လက်သီးချက်က သူ့ဆီ ရောက်မလာခင် သူ့လက်ဝါးချက်က သူမ ဝမ်းဗိုက်ပေါ် ကျရောက်သွားခဲ့သည်။
ဘန်း
ဝမ်ရှုက ကောင်းကင်မှ ပြုတ်ကျလာ၏။
" ရှုအာ " ဝမ်ရှစ်ကျုံး၏ မျက်လုံးက နီလာသည်။
နျဲ့ချင်းယွင်ကလည်း ဆင်းသက်လာ၏။
စွမ်းအင်ဓားများက ဝမ်ရှစ်ကျုံး၏ ကျောပေါ် ကျရောက်လာသည်။
နျဲ့ချင်းယွင်က သူ့လက်နှစ်ဖက်ကို ယှက်လိုက်၏။
ဝုန်း ဝုန်း ဝုန်း
ဝမ်ရှစ်ကျုံးက သွေးတစ်ပွက် အန်လိုက်ပြီးသည့်နောက်တွင် စားပွဲ၂ခုကို ဝင်တိုက်ကာ မြေပြင်ပေါ် ကျရောက်လာသည်။ သူက လုကျိုးရှေ့မှောက် ခြေတစ်လှမ်းစာအလိုတွင် ရပ်တန့်သွားသည်။ သူက မော့ကြည့်လိုက်သည့်အခါ လုကျိုးက မုတ်ဆိတ်သပ်နေပြီး သူ့အား တည်တည်ငြိမ်ငြိမ် ငုံ့ကြည့်နေသည်ကို မြင်လိုက်ရ၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ မထူးမခြားနား ပြောလိုက်သည်” အတိတ်မှာသာ ဒီလိုဖြစ်ခဲ့ရင် မင်းအခု သေနေလောက်ပြီ”
သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ထပ်ပြောလိုက်၏” မင်းက မျက်နှာသာပေးမှုကို ဘယ်လိုအလေးထားရမှန်း မသိဘူးပဲ "