← Chapters

အံ့မခန်းဖြစ်ရပ်

Vol. 8 Ch. 103

အံ့မခန်းဖြစ်ရပ်

Vol. 8 Ch. 103

ဘာသာပြန် - အားသစ်

"ကြယ်တာရာတွေရဲ့ စွမ်းအားလား"

လင်းဖုန်း ချက်ချင်း သဘောပေါက်သွားသည်။ ဤသည်မှာ ကြယ်တာရာများ၏ စွမ်းအား ဖြစ်ရပေမည်။ ကြယ်တာရာစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာစဉ် ရေကဲ့သို့ အေးစက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် လင်းဖုန်း အသိစိတ် ပြန်ဝင်လာသောအခါ သူ၏ စိတ်ထဲတွင် ကြယ်တာရာဝဲဂယက်ကို ဆက်လက် မထိန်းသိမ်းထားနိုင်တော့ပေ။ ကြယ်တာရာဝဲဂယက် ပျောက်ကွယ်သွားသည်နှင့် ကြယ်တာရာများ၏ စွမ်းအားသည်လည်း ဆက်လက် မတည်ရှိနိုင်တော့ဘဲ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များမှာ ထင်ယောင်ထင်မှားတစ်ခုအလား လျင်မြန်စွာ ဝေဝါးပျောက်ကွယ်သွားသည်။

"ဒီကြယ်တာရာတွေရဲ့ စွမ်းအားက ငါ ထင်ထားသလောက် မကြမ်းတမ်းဘူးပဲ"

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ကောင်းကင်မျက်နှာကြက်က ၎င်းကို အလိုအလျောက် စစ်ထုတ်ပေးသော်လည်း ကြယ်တာရာများ၏ စွမ်းအားမှာ အလွန် ပြင်းထန်နေဆဲ ဖြစ်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမား အများအပြားသည် ကြယ်တာရာစွမ်းအားအမျှင်တန်းတစ်ခုကို ဖြည်းဖြည်းချင်း စုစည်းနိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားရလေ့ရှိသည်။

သာမန် စံနှုန်းများအရ ကြယ်တာရာများ၏ စွမ်းအား ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ကြယ်တာရာစွမ်းအား အမျှင်တန်းတစ်ခု စုစည်းနိုင်သည့်အချိန်အထိ ၁၀ ရက်ခန့် အချိန်ယူရသည်။ တစ်လလျှင် ကြယ်တာရာစွမ်းအား အမျှင်တန်း သုံးခုခန့် စုစည်းနိုင်သည်။

ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုကို စုစည်းရန် အနည်းဆုံး နှစ်နှစ်ကျော် သုံးနှစ်နီးပါးအထိ အချိန်ယူရမည် ဖြစ်သည်။ ဤကာလကို စံသတ်မှတ်ထားသော ကာလတစ်ခုအဖြစ် ယူဆနိုင်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမား အများအပြားသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်သည့်အချိန်မှစ၍ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ပုံမှန်အားဖြင့် သုံးနှစ် အချိန်ယူရလေ့ရှိသည်။

အသေအချာပင် ပါရမီရှင် သိုင်းသမားအချို့ကမူ မတူကွဲပြားပေလိမ့်မည်။ သူတို့သည် တစ်နှစ်အတွင်း ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုကို စုစည်းနိုင်သည်။

လင်းဖုန်းသည် သဘာဝကျစွာပင် ကြယ်တာရာစွမ်းအားကို အမြန်ဆုံး စုစည်းချင်သည်။ ဤတစ်ကြိမ်တွင် သူသည် ကြယ်တာရာဝဲဂယက်ကို ပုံဖော်ရာတွင် သူ၏ အာရုံအလုံးစုံကို သေသေချာချာစူးစိုက်ထားလိုက်သည်။ ချက်ချင်းပင် ထိုအေးစက်စက် ခံစားချက်က နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင် လင်းဖုန်း အာရုံမလွင့်တော့ပေ။ ထိုအစား သူသည် ကြယ်တာရာဝဲဂယက်ကို ဆက်လက် ပုံဖော်ရာတွင် သူ၏ အာရုံအားလုံးကို မပျံ့မလွင့် စူးစိုက်ထားလိုက်သည်။

ကြယ်တာရာများ၏ စွမ်းအား အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် လင်းဖုန်းသည် ဤကြယ်တာရာစွမ်းအား၏ ကြမ်းတမ်းသော ဘက်ခြမ်းကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။ ကြီးမားလှသော ကြယ်တာရာစွမ်းအားများက လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ရူးသွပ်ကြမ်းတမ်းစွာ စီးဆင်းလှည့်ပတ်နေပြီး သူ၏ အသွေးအသားနှင့် အရိုးများကို ဖျက်ဆီးပစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ သာမန်လူများထက် များစွာ သာလွန်နေသဖြင့် သူသည် ကြယ်တာရာများ၏ စွမ်းအားကြောင့် အလုံးစုံ ပျက်စီးမသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်မာအားကောင်းသည်နှင့်အမျှ သူ လက်ခံရရှိသော ကြယ်တာရာများ၏ စွမ်းအားပမာဏမှာလည်း သာမန် သိုင်းသမားများထက် အဆပေါင်းများစွာ ပိုများနေသည်။

ကြယ်တာရာများ၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အဟန့်အတားမရှိ သောင်းကျန်းနေသည်။ လင်းဖုန်း၏ စိတ်စွမ်းအားဖြင့်ပင် သူ အခြေခံအားဖြင့် ခံနိုင်ရည် မရှိတော့လုနီးပါး ဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင် သူ အံကြိတ်ကာ တောင့်ခံထားနိုင်ခဲ့သည်။

လင်းဖုန်း၏ခန္ဓာကိုယ်အတွင်းတွင် ကြယ်တာရာစွမ်းအားများ ဆက်လက် သောင်းကြမ်းဖျက်ဆီးနေသည်နှင့်အမျှ လင်းဖုန်း၏ မသေနိုင်သော အစွမ်းသတ္တိကလည်း အစွမ်းကုန် ထွက်ပေါ်လာသည်။ သူ၏ အသွေးအသားများ ပျက်စီးသွားတိုင်း မသေနိုင်သော အစွမ်းသတ္တိက ယင်းတို့ကို ချက်ချင်း ပြန်လည် ကုသပေးသည်။

ထို့ကြောင့် အဆက်မပြတ်ဖြစ်ပေါ်နေသော ဖျက်ဆီးခြင်းနှင့် ပြန်လည်ကုသခြင်း သံသရာကြားတွင် လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ကြယ်တာရာများ၏ စွမ်းအားနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာသည်။ ကြယ်တာရာစွမ်းအားကိုပင် တဖြည်းဖြည်း လက်ခံနိုင်လာသည်။

ဤသည်မှာ လင်းဖုန်းအတွက် ဝမ်းသာစရာ အံ့သြဖွယ်ရာတစ်ခုပင်။ ပုံမှန်အခြေအနေအောက်တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသည် သူတို့၏ ခန္ဓာကိုယ်ကို ကြယ်တာရာများ၏ စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် အနည်းဆုံး တစ်ပတ် သို့မဟုတ် လဝက်ခန့် အချိန်ယူရလေ့ရှိသည်။

သို့သော် သူ၏ ခန္ဓာကိုယ်ကို ကြယ်တာရာများ၏ စွမ်းအားနှင့် အပြည့်အဝ ရင်းနှီးကျွမ်းဝင်လာစေရန် တစ်နာရီသာ အချိန်ယူခဲ့ရသည်။

ကြယ်တာရာစွမ်းအား အမြောက်အမြားသည် ကြယ်စင်ဝဲဂယက်မှတစ်ဆင့် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်နေဆဲ ဖြစ်သည်။ လင်းဖုန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြယ်တာရာများ၏ စွမ်းအားနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ရာ ကြယ်တာရာစွမ်းအားကို စတင် စုစည်းနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာများ၏ စွမ်းအားကို သူ၏ မမြင်နိုင်သော သိစိတ်ဖြင့် စတင် လမ်းကြောင်းပေးလိုက်သည်။

ဝီ...

အလွန် ချောမွေ့စွာ ပြီးမြောက်သွားသည်။ ကြယ်တာရာများ၏ စွမ်းအားသည် အလွန် ပြင်းထန်သော်လည်း လင်းဖုန်း၏ လမ်းကြောင်းပေးမှုမှာ ချက်ချင်း အောင်မြင်သွားသည်။ ပိုးအိမ်ထဲမှ ပိုးချည်မျှင်များကို ဆွဲထုတ်သကဲ့သို့ သူသည် ကြယ်တာရာများ၏ စွမ်းအားကို အဆက်မပြတ် ဖိသိပ်လိုက်သည်။

နောက်ဆုံးတွင် ကြည်လင်တောက်ပပြီး ထိတ်လန့်စရာကောင်းလောက်အောင် သန်မာသော ကြယ်တာရာစွမ်းအား အမျှင်တန်းလေးတစ်ခု ပေါ်လာသည်။

တစ်မျှင်တည်းသာ ရှိသော်လည်း ၎င်းသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ လင်းဖုန်း၏ အမိန့်ကို အပြည့်အဝ နာခံသည်။ အတွေးတစ်ချက်ဖြင့်ပင် ဤကြယ်တာရာစွမ်းအား အမျှင်တန်းလေးသည် သူ၏ အသားထဲသို့ ဝင်ရောက်ပေါင်းစပ်သွားပြီး အစွမ်းထက်သော ခွန်အားတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်လာစေနိုင်သည်။ စင်စစ်တွင် ကြယ်တာရာစွမ်းအားသည် ခန္ဓာကိုယ်ကိုပင် အဆက်မပြတ် အသွင်ပြောင်းလဲပေးနိုင်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုမှာ ပြင်းထန်သော ကြယ်တာရာများ၏ တိုက်ရိုက်စွမ်းအားထက် များစွာ ပိုမိုကောင်းမွန်သည်။

ဤကြယ်တာရာစွမ်းအား အမျှင်တန်းလေး တစ်ခုအတွက် လင်းဖုန်းသည် နှစ်နာရီ သုံးနာရီခန့် အချိန်ယူခဲ့ရသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာများ၏ စွမ်းအား အများအပြား ကျန်ရှိနေသေးသည်။ ဤအချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးပင်လျှင် ဖြိုခွဲဖျက်ဆီးတတ်သည့်သဘာဝရှိသော ကြယ်တာရာများ၏ စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ ကြယ်တာရာစွမ်းအားကို ဆက်လက် စုစည်းနိုင်တော့မည် မဟုတ်ပေ။

သို့သော် လင်းဖုန်းမှာမူ မတူကွဲပြားပေသည်။ သူ့တွင် မသေနိုင်သော အစွမ်းသတ္တိနှင့် အံ့ဩဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်း ရှိသည်။ ကြယ်တာရာများ၏ စွမ်းအားက မည်သို့ပင် ဖြိုခွဲဖျက်ဆီးပါစေ လင်းဖုန်း၏ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိသည်။

ထို့ကြောင့် လင်းဖုန်းသည် ကြယ်တာရာစွမ်းအားကို ဆက်လက် စုစည်းရန် ဆုံးဖြတ်လိုက်သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာများ၏ စွမ်းအားမှာ ဆက်လက် တိုးပွားလာသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် သူ၏ ကြယ်တာရာစွမ်းအား စုစည်းမှု အရှိန်မှာလည်း ပိုပို၍ မြန်ဆန်လာပြီး ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မရှိပေ။

တစ်မျှင်၊ နှစ်မျှင်၊ သုံးမျှင်... မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကြီး လင်းထိန်လာပြီး အပြင်ဘက်တွင် လူများ သွားလာနေချိန်၌ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ဆယ်ခုကျော်ကို စုစည်းပြီးနေပြီ ဖြစ်သည်။

သို့သော် လင်းဖုန်း စုစည်းမှုကို မရပ်တန့်ခဲ့ပေ။ ထိုအစား သူ ဆက်လက် စုစည်းနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာများ၏ စွမ်းအား ပမာဏ တိုးလာသည်နှင့်အမျှ သူ၏ ကြယ်တာရာစွမ်းအားမျှင် စုစည်းမှု အရှိန်မှာလည်း ပိုပို၍ မြန်ဆန်လာသည်။

အမျှင်တန်း ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀...

"တော်ပြီ"

နောက်ဆုံးတွင် လင်းဖုန်းသည် တစ်ထိုင်တည်းဖြင့် ကြယ်တာရာစွမ်းအား အမျှင်တန်း ၆၆ ခုကို စုစည်းပြီးနောက် ရပ်တန့်လိုက်သည်။ တစ်ခုခု မှားယွင်းနေကြောင်း သူ စတင် ခံစားလာရသည်။ တခြားလူတွေက တစ်လကို ကြယ်တာရာစွမ်းအား အမျှင်တန်း သုံးခုပဲ စုစည်းနိုင်တာ မဟုတ်ဘူးလား။

သူကရော။ နေ့ည သုံးရက်အတွင်းမှာပင် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၆၆ ခုကို စုစည်းနိုင်ခဲ့သည်။ ကြယ်တာရာစွမ်းအား စုစည်းခြင်းမှာ သူ့အတွက် ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူနေပုံရသည်။

ဤသည်မှာ အမှန်တကယ်ပင် ကြားတောင် မကြားဖူးဘဲ ယုံကြည်ရန်ပင် အနည်းငယ် ခက်ခဲလှသည်။

ထိုအကြောင်းကြောင့်ပင် လင်းဖုန်း ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ သူ မည်သည့် သက်သောင့်သက်သာ မရှိမှုကိုမျှ မခံစားရချေ။ သို့သော်လည်း ကြယ်တာရာစွမ်းအား စုစည်းမှု အရှိန်မှာ ဤမျှ မြန်ဆန်နေပါက သူသည် ရက်အနည်းငယ်အတွင်း ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုကို အပြီးသတ် စုစည်းနိုင်လိမ့်မည်ဟု ဆိုလိုသည် မဟုတ်ပါလား။

လင်းဖုန်း ရပ်တန့်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှာ ထိခိုက်မှု မရှိကြောင်း တွေ့လိုက်ရသည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်။ မသေနိုင်သော အစွမ်းသတ္တိဟူသည့် မွေးရာပါစွမ်းရည်ကို နိုးထစေခဲ့ပြီးဖြစ်ရာ သူ သေချင်လျှင်တောင် သေရန် ခက်ခဲပေသည်။ ကြယ်တာရာများ၏ စွမ်းအားမှ ရိုက်ခတ်မှုမှာ ထည့်ပြောနေရန်ပင် မလိုပေ။ ဤသည်မှာ လင်းဖုန်း၏ ကြယ်တာရာစွမ်းအားများ ပုံမှန်မဟုတ်ဘဲ အလွန် လျင်မြန်စွာ စုစည်းနိုင်ရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်နိုင်သည်။ လင်းဖုန်းမှလွဲ၍ မည်သူမျှ ကြယ်တာရာစွမ်းအားကို ဤမျှ လျင်မြန်စွာ မစုစည်းနိုင်ပေ။

ထို့အပြင် စွမ်းအားစုစည်းသည့် အရှိန်မြန်ဆန်သည့်အပြင် သေသေချာချာ စစ်ဆေးကြည့်သောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမှာ သူ၏ ခန္ဓာကိ်အစိတ်အပိုင်းတစ်ခုအလား ဖြစ်နေကြောင်း လင်းဖုန်း တွေ့ရှိလိုက်ရသည်။ ၎င်းမှာ အလွန်တရာ နူးညံ့သိမ်‌မွေ့နေပြီး အမှားအယွင်း တစ်စုံတစ်ရာလည်း မရှိပေ။

ဆိုလိုသည်မှာ အရှိန်မြန်သော်လည်း အခြေခံအုတ်မြစ်မှာ အလွန် တည်ငြိမ်နေသည်။

"ဒါ ကောင်းတယ်။ ဒီနှုန်းအတိုင်းဆိုရင် အလွန်ဆုံး ရက်အနည်းငယ်အတွင်း ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုကို အပြည့်အဝ စုစည်းနိုင်တော့မယ်"

လင်းဖုန်း၏ မျက်နှာပေါ်တွင်လည်း ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ ကြယ်တာရာစွမ်းအား စုစည်းရန် သူ အချိန်အကြာကြီး မလိုအပ်တော့ပေ။ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခု စုစည်းရန် နှစ်နှစ် သုံးနှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။

ထိပ်တန်း ပါရမီရှင် သိုင်းသမားများပင်လျှင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခု စုစည်းရန် အနည်းဆုံး တစ်နှစ် အချိန်ယူရသည်။ လင်းဖုန်းအတွက်မူ...။ သူသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခု စုစည်းရန် ရက်အနည်းငယ်မျှ အလွန်ဆုံး တစ်ပတ်မျှသာ လိုအပ်ပေလိမ့်မည်။

ဤအရှိန်မှာ ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည်။ မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။ အတိတ်တွင်လည်း မကြုံဖူးသလို အနာဂတ်တွင်လည်း မည်သူမျှ ယှဉ်တုဖက်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ဤသည်မှာ ပါရမီရှင်ဟုပင် မခေါ်ဆိုနိုင်တော့ချေ။ မွန်းစတားတစ်ကောင်ဟုသာ ဆိုရပေတော့မည်။ ဖော်ပြ၍မရနိုင်လောက်အောင် အံ့မခန်း လူသားတစ်ဦးပင်။

"ဟူး..."

လင်းဖုန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသည် ပါရမီရှင်ဖြစ်စေ၊ မွန်းစတားတစ်ကောင်ဖြစ်စေ သို့မဟုတ် ဖော်ပြ၍မရနိုင်လောက်အောင် အံ့မခန်းဖြစ်နေစေကာမူ သူ၏ လက်ရှိ အရှိန်ကို သူ အလွန် ကျေနပ်သည်။ သို့သော် ဤသည်မှာ သူ၏ လျှို့ဝှက်ချက် ဖြစ်သည်။ ၎င်းကို ကာကွယ်ထားရမည်ဖြစ်ပြီး မည်သူ့ကိုမျှ ဖွင့်ဟပြောမည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူ ကြယ်တာရာစွမ်းအားကို ပေါ့ပေါ့ဆဆ အသုံးမပြုသရွေ့ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအား ပမာဏ အတိအကျကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ လင်းဖုန်း၏ လက်ရှိ ခွန်အားဖြင့် သူ၏ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကပင် ကိစ္စရပ်များကို ကိာင်တွယ်ဖြေရှင်းရန် လုံလောက်နေပြီ ဖြစ်သည်။

တီ... တီ... တီ...

ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာ မြည်လာသည်။ သူ အမြန် ဖုန်းကိုင်လိုက်သည်။ စစ်သေနာပတိချုပ် လုံကျိုး၏ အသံ ထွက်ပေါ်လာသည်။

"လင်းဖုန်း... စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီ။ ဟားဟားဟား... ဒီနေ့ကစပြီး လူတွေ နဂါးကျောက်တုံးမြို့ကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ရပြီ။ မင်း အိမ်ပြန်ဖို့ စိတ်စောနေတယ်ဆိုတာ ငါ သိတယ်။ မင်းမှာ ခွင့် ခြောက်လပဲ ရှိတာလေ။ သုတေသနဌာနကို မြန်မြန်လာပြီး စစ်ဆေးမှု လုပ်လိုက်ဦး။ မင်းဆီမှာ ဝက်အူရစ်ပိုးကောင်ရဲ့ ကပ်ပါးမျိုးစေ့တွေ မရှိဘူးလို့ အတည်ပြုပြီးတာနဲ့ မင်း နဂါးကျောက်တုံးမြို့ကနေ ထွက်ခွာလို့ ရပြီ"

"ဟုတ်ကဲ့၊ ကျွန်တော် အခု ချက်ချင်း လာခဲ့ပါ့မယ်"

လင်းဖုန်း အလွန် ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူ အိမ်ပြန်နိုင်ပြီ။

သူ ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်သောအခါ ဆက်သွယ်ထားသည့် အချက်ပြမှု တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး အဆက်အသွယ်မှာ အလွန် ရင်းနှီးနေသည်။

"လွန်ခဲ့တဲ့ သုံးရက်က ယွီရှန်း ငါ့ကို ဆက်သွယ်ခဲ့တာလား"

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော သုံးရက်က သူသည် ကြယ်တာရာဝဲဂယက်ကို လေ့ကျင့်ပြီး ကြယ်တာရာစွမ်းအား စုစည်းရန် အလုပ်များနေခဲ့သဖြင့် ယွီရှန်းက သူ၏ ဆက်သွယ်ရေးကိရိယာသို့ ဖုန်းခေါ်ဆိုထားသည်ကို သတိမထားမိခဲ့ပေ။

ယွီရှန်းသည် နဂါးကျောက်တုံးမြို့တွင် စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားခဲ့သည်။ လင်းဖုန်း အမှန်တကယ်ပင် အလွန် စိုးရိမ်နေခဲ့သည်။ ယခု ယွီရှန်းက သူ့ကို အရင် ဆက်သွယ်လာသည်ဆိုတော့ ပြဿနာတစ်ခုခု ရှိနေနိုင်မလား။

လင်းဖုန်း မက်ဆေ့ခ်ျကော်လံကို ထပ်ကြည့်လိုက်ရာ အခြားသော ဖတ်မရသေးသည့် မက်ဆေ့ခ်ျတစ်ခု ရှိနေသည်။

"လင်းဖုန်း... ကျွန်မက ယွီရှန်းရဲ့ ချစ်သူပါ။ ရှင်က သူ့အသက်ကို ကယ်ခဲ့တယ်လို့ ယွီရှန်းက ကျွန်မကို ပြောဖူးတယ်။ ယွီရှန်း အခု ဒုက္ခရောက်နေတယ်။ ကျေးဇူးပြုပြီး ရှင့်အနေနဲ့ သူ့ကို ကယ်တင်ပေးရပါလိမ့်မယ်..."

ဤမက်ဆေ့ခ်ျ၏ အကြောင်းအရာကို ဖတ်ပြီးသောအခါ လင်းဖုန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်။ လူသတ်ချင်သည့် အရိပ်အယောင်တစ်ခုပင် ဝေဝါးဝါး ပေါ်ထွက်လာသည်။ သူနှင့်အတူ အတူတကွ ဒုက္ခသုခ မျှဝေခံစားခဲ့ဖူးသော သူငယ်ချင်းကောင်း ယွီရှန်းကို ဤကဲ့သို့ စော်ကားခံရကာ မည်သို့ အရှက်ကွဲခံနိုင်မည်နည်း။

မက်ဆေ့ခ်ျမှာ လွန်ခဲ့သော သုံးရက်ကတည်းက ဖြစ်ကြောင်း မြင်သောအခါ လင်းဖုန်း တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်း ဖုန်းပြန်ခေါ်လိုက်တော့သည်…

All Chapters