← Chapters

ပါရမီရှင်ကို သိမ်းသွင်းရန် ပြိုင်ဆိုင်ကြခြင်း

Vol. 8 Ch. 92

ပါရမီရှင်ကို သိမ်းသွင်းရန် ပြိုင်ဆိုင်ကြခြင်း

Vol. 8 Ch. 92

ဘာသာပြန် - အားသစ်

“ဒီအဖွဲ့ကြီး ငါးခုထဲက တစ်ခုခုကို ဝင်လိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ”

ရွေးချယ်စရာတွေ အများကြီး ရှိနေတာကြောင့် လင်းဖုန်း အလွယ်တကူ ဆုံးဖြတ်ချက် မချနိုင်ပေ။ သူ အရင်ဆုံး အသေးစိတ် သိအောင် စုံစမ်းရပေမည်။

“အကျိုးကျေးဇူးတွေကတော့ သေချာပေါက် ရှိတာပေါ့။ ဥပမာပြောရရင် တချို့ အထူးသိုင်းပညာရပ်တွေက သတ်မှတ်ထားတဲ့ အဖွဲ့အစည်းကို ဝင်မှပဲ သင်ယူခွင့်ရတာမျိုး ရှိတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ အတွင်းပိုင်း အကျိုးခံစားခွင့်တွေလည်း အများကြီး ရှိသေးတယ်။ နောက်ပိုင်း မင်း အဖွဲ့တစ်ခုခုထဲ ရောက်သွားရင် အလိုလို နားလည်လာပါလိမ့်မယ်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေကို သိမ်းသွင်းတဲ့ လုပ်ငန်းစဉ်က ယေဘုယျအားဖြင့်တော့ တရားမျှတပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ ပွင့်ပွင့်လင်းလင်း ကြောညာမထားတဲ့ စည်းမျဉ်းအချို့တော့ ရှိတာပေါ့”

“ကြေညာမထားတဲ့ စည်းမျဉ်းတွေ ဟုတ်လား”

လင်းဖုန်း အလွန် စိတ်ဝင်စားသွားသည်။ ဘယ်လို စည်းမျဉ်းမျိုးတွေမို့လဲ။

“ဟားဟား... တကယ်တော့ ရိုးရိုးလေးပါ။ ဥပမာပြောရရင် မင်းက အနန္တလမ်းစဉ်အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက် ဖြစ်တယ်၊ ပြီးတော့ အနန္တလမ်းစဉ်အကယ်ဒမီရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာရှိတဲ့ နဂါးတောင်အခြေစိုက်စခန်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တယ်။ ဒါကြောင့် မင်းနဲ့ အနန္တလမ်းစဉ်အကယ်ဒမီကြားမှာ သဘာဝကျတဲ့ ရင်းနှီးပတ်သက်မှု ရှိနေတယ်။ ဒါကပဲ အတိအလင်းကြေညာမထားတဲ့ စည်းမျဉ်းပဲလေ”

လုံကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်ရာ လင်းဖုန်းလည်း စိတ်ထဲကနေ သဘောတူမိသည်။ အမှန်စင်စစ် သူ၏ စိတ်ထဲတွင်လည်း အနန္တလမ်းစဉ်အကယ်ဒမီဘက်သို့ အလိုလို ယိမ်းနေပြီးသား ဖြစ်သည်။ သူ ချက်ချင်း သဘောမတူသေးသည်မှာ အခြားသော အဖွဲ့အစည်းများအကြောင်းကို အနည်းငယ် သိချင်နေ၍သာ ဖြစ်သည်။

“ဒီအဖွဲ့ကြီး ငါးခုထဲမှာ ဘယ်အဖွဲ့က အင်အားအကြီးဆုံးလဲဗျ”

“အင်အားအကြီးဆုံးလား... အမှန်တော့ အဖွဲ့ကြီးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အားသာချက်တွေ ရှိကြပါတယ်။ အင်အားချင်း တကယ် နှိုင်းယှဉ်မယ်ဆိုရင်တော့ ပညာရေးအဖွဲ့ရဲ့ အင်အားက အကြီးဆုံး ဖြစ်လိမ့်မယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ပညာရေးအဖွဲ့ကို ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း သိုင်းအကယ်ဒမီ ကျောင်းကြီး သုံးကျောင်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ အဲဒီကျောင်းတွေကို တည်ထောင်တဲ့သူတွေက သူတော်စင်တွေလေ။ ဒါကြောင့် ပညာရေးအဖွဲ့မှာတင် သူတော်စင် သုံးပါး ရှိနေတာပေါ့။ အဲဒီနောက်မှာတော့ သူတော်စင် နှစ်ပါးစီ ရှိကြတဲ့ စစ်တပ်နဲ့ အစိုးရအဖွဲ့တွေ ရှိတယ်။ လုပ်ငန်းရှင်အုပ်စုနဲ့ လွတ်လပ်သော ကျင့်ကြံသူများသမဂ္ဂ ကတော့ သူတော်စင် တစ်ပါးစီပဲ ရှိလို့ နောက်ဆုံးမှာ ရှိနေတာပေါ့”

“ဒါကတော့ စုစုပေါင်း အင်အားအရ ခွဲခြားထားတာပါ။ ဒါပေမဲ့ အဖွဲ့တိုင်းမှာ သူ့အားသာချက်နဲ့သူ ရှိတယ်။ ဥပမာ- လုပ်ငန်းရှင်အုပ်စုမှာ အဆင့်မြင့် စစ်ရေးအင်အား မရှိချင် မရှိနိုင်ပေမဲ့ သူတို့ရဲ့ ငွေကြေးအင်အားကတော့ ကြောက်ခမန်းလိလိပဲ။ သူတို့အဖွဲ့ တစ်ခုတည်းကတင် ကမ္ဘာ့စီးပွားရေးပိုင်ဆိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတာ။ ချမ်းသာကြွယ်ဝမှုပိုင်းမှာတော့ ဒီအဖွဲ့ကြီး ငါးခုထဲမှာ သူတို့က ထိပ်ဆုံးပဲ”

“အစိုးရအဖွဲ့နဲ့ စစ်တပ်ကတော့ အဆင့်မြင့် အုပ်ချုပ်ရေးရာထူးတွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ ရာထူးကြီးတွေကို ပေးအပ်နိုင်တယ်။ ဒါ့အပြင် သူတို့ဆီမှာ အဆင့်မြင့် သိပ္ပံနည်းကျ သုတေသနတွေ အများကြီး ရှိတယ်။ ဥပမာ ပရော်ဖက်ဆာ ဝေယွမ် ဆိုရင် တကယ်တော့ အစိုးရအဖွဲ့က သိပ္ပံပညာရှင် တစ်ယောက်ပဲ။ ငါတို့ နဂါးတောင်အခြေစိုက်စခန်းက သူ့ကို လာပေးဖို့ အရေးတကြီး တောင်းဆိုခဲ့ရသလို အစိုးရအဖွဲ့ကိုလည်း အဖိုးအခ နည်းနည်း ပေးခဲ့လို့ ပရော်ဖက်ဆာဝေနဲ့ သူ့အဖွဲ့ နဂါးတောင်အခြေစိုက်စခန်းကို ရောက်လာခဲ့တာ”

“လွတ်လပ်သော ကျင့်ကြံသူများသမဂ္ဂ ကတော့ လွတ်လပ်မှု အပြည့်အဝ ရှိတယ်။ သူတို့လည်း ရှေ့တန်းမှာ တိုက်ပွဲဝင်ရတာမျိုး ရှိပေမဲ့ သူတို့ရဲ့ စုစုပေါင်းအင်အားက နည်းနည်း အားနည်းတဲ့အတွက် သူတို့ရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်က အရမ်း အန္တရာယ်များတဲ့ နေရာတွေအထိ မရောက်ဘူး။ ဒါကြောင့် ဘေးကင်းပြီး အေးအေးဆေးဆေး နေချင်တဲ့သူတွေ အများကြီး ရှိတတ်တယ်။ လူတိုင်းက သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အခွင့်အရေး ရကြတာမှ မဟုတ်တာ”

“ငါတို့ရဲ့ ပညာရေးအဖွဲ့မှာတော့ အားသာချက်တွေ အများကြီး ရှိပါတယ်။ အကြီးမားဆုံး အားသာချက်ကတော့ ငါတို့ဆီမှာ နက်နဲတဲ့ သိုင်းကျမ်းတွေ အများကြီး ရှိနေတာပဲ။ ငါတို့ဆီမှာ ထိပ်တန်း သူတော်စင် သုံးပါး ရှိနေတာလေ။ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ဖြစ်စေ၊ စုစုပေါင်း အင်အားမှာ ဖြစ်စေ ငါတို့က အသန်မာဆုံးပဲ။ ဒါပေမဲ့ အားနည်းချက်လည်း ရှိတာပေါ့။ ဥပမာ ချမ်းသာကြွယ်ဝမှုပိုင်းမှာတော့ လုပ်ငန်းရှင်အုပ်စုကို မယှဉ်နိုင်ဘူး။ အစိုးရနဲ့ စစ်တပ်ရေးရာ ကိစ္စတွေမှာလည်း ငါတို့ ပညာရေးအဖွဲ့က ဝင်ရောက်စွက်ဖက်လို့ မရဘူး”

ဤစကားကို ကြားသောအခါ လင်းဖုန်းသည် အဖွဲ့ကြီး ငါးခု၏ အားသာချက်များကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

လင်းဖုန်း ရွေးချယ်စရာများကို စဉ်းစားနေသည်ကို မြင်သောအခါ လုံကျိုးက ပြုံးပြီး ပြောလိုက်သည်။

“လင်းဖုန်း... ပြန်သွားပြီး သေချာ စဉ်းစားပါ။ မလောပါနဲ့၊ သေချာ ရွေးချယ်ပါ။ အဖွဲ့အစည်းတစ်ခုကို ဝင်လိုက်ဖို့ ဆုံးဖြတ်ချက်က မင်းအပေါ် သက်ရောက်မှု အများကြီး ရှိတယ်။ မင်းရဲ့ စွမ်းဆောင်မှုတွေကို ငါ အမှန်အတိုင်း သတင်းပို့ပေးပါ့မယ်။ လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်ကို မင်း သေချာပေါက် ရလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

လင်းဖုန်းလည်း မတ်တတ်ရပ်ကာ လုံကျိုးကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။ နဂါးကျောက်တုံးမြို့၏ စစ်အုပ်ချုပ်ရေးမှာ မရုပ်သိမ်းသေးသည့်အတွက် မည်သူမျှ မြို့မှ ထွက်ခွာ၍ မရသေးပေ။ ဤအခွင့်အရေးကို အသုံးချကာ သူ၏ အခြေအနေကို သူ သေချာ နားလည်အောင် လုပ်ရပေမည်။

လင်းဖုန်း ထွက်ခွာသွားသည်ကို ကြည့်ပြီး လုံကျိုး၏ မျက်လုံးများထဲတွင် အားကျမှုအရိပ်အယောင်များ ပေါ်လာသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ငါ တကယ် အားကျမိတယ်။ မင်းက လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်ကို ရရုံတင်မကဘူး၊ အဖွဲ့ကြီး ငါးခုလုံးက မင်းကို ရဖို့ ပြိုင်ဆိုင်ကြဦးမှာ။ ဒါပေမဲ့ ခဏတာ ရရှိမယ့် အကျိုးကျေးဇူးတွေအပေါ်မှာပဲ ရစ်မူးမသွားပါစေနဲ့။ မင်း မှန်ကန်တဲ့ ရွေးချယ်မှု လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

အခန်းထဲသို့ ပြန်ရောက်သောအခါ ယခင်က ပြင်းထန်သော တိုက်ပွဲကြီးကို ဆင်နွှဲခဲ့ရသော်လည်း လင်းဖုန်းသည် အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားရပေ။

ဤသို့ဖြစ်ရခြင်းမှာ သူ၏ အသွင်ပြောင်းလဲမှုဖြစ်စဉ် ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူ၏ ခန္ဓာကိုယ်မှာ အချိန်တိုင်း တိုးတက်ပြောင်းလဲနေပုံရသည်။ အဆုံးမဲ့သော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။

ဤခံစားချက်မှာ အလွန် အံ့သြဖို့ကောင်းလှသည်။ နေ့တိုင်း အဆုံးမဲ့ စွမ်းအင်တွေ ရှိနေသလိုမျိုး ခံစားရပြီး သူ၏ တစ်ကိုယ်လုံးမှာ အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ဖိုရမ်ထဲသို့ ဝင်ကြည့်ရန် ပြင်ဆင်လိုက်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် အသွင်ပြောင်းလဲမှု အသေးစိတ်အချက်အလက်များကို သူ ပိုပြီး သိချင်နေသည်။ မည်သို့ပင်ဆိုစေ အသွင်ပြောင်းလဲမှုကာလမှာ အတော်လေး ရှည်လျားပြီး အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် အလွန် အရေးကြီးသော ကာလလည်း ဖြစ်သည်။

ဝူ... ဝူ...

ရုတ်တရက် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာ တုန်ခါလာသည်။ မရင်းနှီးသော နံပါတ်တစ်ခုမှ ဆက်သွယ်လာခြင်း ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။

လင်းဖုန်း အနည်းငယ် ထူးဆန်းသွားသည်။ သူ၏ ဆက်သွယ်ရေးနံပါတ်ကို သိသူ အနည်းငယ်သာ ရှိပြီး မရင်းနှီးသူများ သူ့ကို ဆက်သွယ်လေ့ မရှိပေ။ ဒီနေ့မှ ဘာကြောင့် သူစိမ်းတစ်ယောက်က သူ့ကို ဆက်သွယ်လာရသနည်း။

သူ သံသယဖြစ်မိသော်လည်း လင်းဖုန်း ချက်ချင်း ဖုန်းလက်ခံလိုက်သည်။

“လူကြီးမင်း လင်းဖုန်း ဟုတ်ပါသလား”

ဆက်သွယ်ရေးကိရိယာ၏ တစ်ဖက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်ပါ။ ဘယ်သူပါလဲ”

“ကျွန်မ ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ။ ကျွန်မ နာမည်က ထိုက်ယာ ပါ။ လုပ်ငန်းရှင်အုပ်စုကိုယ်စား လူကြီးမင်း လင်းဖုန်းနဲ့ ဆက်သွယ်တာပါ။ အဖွဲ့ကြီး ငါးခုအကြောင်းကို လူကြီးမင်း သိထားပြီးပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လူကြီးမင်းက အနန္တလမ်းစဉ်အကယ်ဒမီက ဖြစ်ပေမဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသူ တစ်ယောက်အနေနဲ့ အဖွဲ့ကြီး ငါးခုလုံးက တရားမျှတစွာ ပြိုင်ဆိုင်ခွင့် ရှိပါတယ်။ ကျွန်မတို့ လုပ်ငန်းရှင်အုပ်စုက ပေးအပ်မယ့် အခြေအနေတွေက အလွန် ရက်ရောပါတယ်။ လူကြီးမင်း လင်းဖုန်းသာ ကျွန်မတို့ လုပ်ငန်းရှင်အုပ်စုကို ဝင်ဖို့ ရွေးချယ်မယ်ဆိုရင် ကျွန်မတို့က လူကြီးမင်းကို ယွမ် ၃၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ ဓနဥစ္စာ ဒါမှမဟုတ် အရင်းအမြစ်တွေကို ပေးအပ်သွားမှာပါ။ ဒါ့အပြင် ကြယ်တာရာစွမ်းအား စုပ်ယူနည်း သိုင်းကျမ်းတစ်စောင်နဲ့ သူတော်စင်တစ်ပါး ကိုယ်တိုင် ဖန်တီးထားတဲ့ အဆင့်မြင့် သိုင်းပညာရပ် တစ်ခုကိုလည်း အခမဲ့ ပေးအပ်သွားမှာပါ”

ဖုန်းတစ်ဖက်မှ လုပ်ငန်းရှင်အုပ်စု၏ ကမ်းလှမ်းချက်များကို ကြားသောအခါ လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ သူ အံ့သြရုံတင်မကဘဲ အလွန်အမင်း တုန်လှုပ်သွားပြီး အနည်းငယ်ပင် ကြောက်ရွံ့မိသွားသည်။

သူတို့က စစချင်းမှာတင် ယွမ် ၃၀၀ ဘီလီယံကို ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မယုံနိုင်စရာပင်။ လင်းဖုန်း၏ ဖခင် လင်းရှုံ သည် လင်းကော်ပိုရေးရှင်းကို ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားတည်ထောင်ခဲ့ရသော်လည်း ၎င်း၏ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၀၀ ဘီလီယံသာ ရှိသည်။

လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ရုံသာ ရှိသေးသော်လည်း လုပ်ငန်းရှင်အုပ်စုက ယွမ် ၃၀၀ ဘီလီယံကို ပေါ့ပေါ့ပါးပါး ပေးအပ်နိုင်သည်။ အခြေအနေအရပ်ရပ်မှာ အလွန် ကွာခြားလှသည်။

“ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်”

လင်းဖုန်းသည် သဘာဝကျစွာပင် ချက်ချင်း သဘောမတူခဲ့ပေ။ တစ်ဖက်လူ၏ အခြေအနေများ မည်မျှပင် ကောင်းမွန်ပါစေ သူ သေချာ စဉ်းစားရန် လိုအပ်သည်။

သူ ဖုန်းချလိုက်သည်နှင့် မရင်းနှီးသော နံပါတ်တစ်ခုထံမှ နောက်ထပ် ဖုန်းတစ်ကော ထပ်ဝင်လာပြန်သည်။

“လူကြီးမင်း လင်းဖုန်း ဟုတ်ပါသလား”

“ဟုတ်ပါတယ်၊ ကျွန်တော်ပါ။ ဘယ်သူပါလဲ”

“ကျွန်တော့်နာမည် လုံကန်း ပါ။ စစ်တပ် ကိုယ်စား လူကြီးမင်း လင်းဖုန်းကို ဆက်သွယ်တာပါ...”

ဒီတစ်ကြိမ်တွင်တော့ စစ်တပ်မှ ဖြစ်သည်။ သူတို့ကလည်း အလွန်ကောင်းမွန်သော အခြေအနေများကို ကမ်းလှမ်းလာခဲ့သည်။ လင်းဖုန်းသာ ဝင်ရောက်မည်ဆိုပါက 'ဗိုလ်မှူးချုပ်' ရာထူးကို ချက်ချင်း ရရှိမည် ဖြစ်သည်။ ဤသည်မှာ အထူးအခွင့်အရေး တစ်ခုပင်။

အသွင်ပြောင်းနယ်ပယ် သိုင်းသမားများမှာ ထူးခြားသော အဆင့်အတန်းရှိသော်လည်း စစ်တပ်သို့ ဝင်သည်နှင့် ဗိုလ်ချုပ်ရာထူးကို ချက်ချင်း ရရှိနိုင်သည်ဟု မဆိုလိုပေ။ လင်းဖုန်းကို သိမ်းသွင်းနိုင်ရန်အတွက် စစ်တပ်သည် တကယ်ပင် အဖိုးအခကြီးကြီး ပေးရန် ပြင်ဆင်ထားပြီး ရိုးသားမှု အပြည့်ရှိနေခဲ့သည်။

စစ်တပ်အပြင် အစိုးရအဖွဲ့နှင့် လွတ်လပ်သော ကျင့်ကြံသူများသမဂ္ဂတို့ကလည်း နောက်ပိုင်းတွင် လင်းဖုန်းကို ဆက်သွယ်လာကြသည်။ သူတို့အားလုံးက လင်းဖုန်းကို မှင်သက်သွားစေလောက်သည့် အလွန် ရက်ရောသော အခြေအနေများကို ကမ်းလှမ်းခဲ့ကြသည်။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတိုင်းက ဤကဲ့သို့ အကျိုးကျေးဇူးများ ရရှိကြသည်လော။ ဤသည်မှာ လင်းဖုန်း၏ မျှော်လင့်ချက်ကို တကယ်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

All Chapters