ခွန်အား
Vol. 8 Ch. 95
ဘာသာပြန် - အားသစ်
ခန္ဓာကိုယ် အသွင်ပြောင်းလဲနေစဉ်အတွင်း သူ၏ ခွန်အားမှာ တဖြည်းဖြည်းချင်း တိုးလာနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လင်းဖုန်း၏ အတွေးတစ်ချက်ရုံဖြင့် များပြားလှသော စွမ်းအားများ ချက်ချင်း စီးဝင်လာခြင်းမျိုး မဟုတ်ပေ။
ဤသည်မှာ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကြောင့် ပုံမှန် ခွန်အားတိုးလာခြင်းမျိုး မဟုတ်သည်မှာ သေချာလှသည်။
ဒါပေမဲ့ ဒီစွမ်းအားတွေက ဘယ်ကနေ ရောက်လာတာလဲ။
"ဒါက မွေးရာပါစွမ်းရည် ဖြစ်နိုင်မလား"
လင်းဖုန်း၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပြီး အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။
သိုင်းသမားတစ်ဦးသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် မွေးရာပါစွမ်းရည်အချို့ နိုးထလာလေ့ရှိသည်။ အချို့မှာ အမျိုးအစားတစ်ခု၊ အချို့မှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ နိုးထတတ်ကြသည်။ မီးတောက်၊ ရေခဲ၊ လေ စသည်ဖြင့် မွေးရာပါစွမ်းရည် အမျိုးမျိုး ရှိကြသည်။
ဤစွမ်းရည်များသည် အမှန်တကယ်တော့ ပင်ကိုအားဖြင့် တစ်ခုထက်တစ်ခု သာလွန်သည် သို့မဟုတ် နိမ့်ကျသည်ဟူ၍ မရှိပေ။ ၎င်းကို မည်သို့ အသုံးပြုသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်သည်။ ဥပမာအားဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် သူ၏ မီးစွမ်းရည်ကိုသာ နိုးထစေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတော်စင် ဆင်းသက်လာချိန်တွင် ပေါ်ထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် မီးလျှံတိမ်တိုက်များနှင့် သူ၏ မွေးရာပါစွမ်းရည်ကို မည်သူမျှ လျှော့မတွက်ရဲကြပေ။
သိုင်းသမား အများစု၏ မွေးရာပါစွမ်းရည်များမှာ ဒြပ်ရှိပြီး မြင်နိုင်၊ ကိုင်တွယ်နိုင်ကြသည်။ သို့သော် လင်းဖုန်း၏ ခန့်မှန်းချက်သာ မှန်ကန်ပါက သူ၏ မွေးရာပါစွမ်းရည်မှာ အလွန်ရှားပါးသော အမျိုးအစား ဖြစ်ပေလိမ့်မည်။
"ခွန်အား... အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တဲ့ စွမ်းအားနှစ်ခု ငါ့ထဲမှာ ရှိနေသလို ခံစားရတယ်။ ဒါက ငါ့ရဲ့ ကိုယ်ပိုင်မျိုးရိုးဗီဇနဲ့ နွားရိုင်းမျိုးရိုးဗီဇတို့ရဲ့ မွေးရာပါစွမ်းရည်တွေ ဖြစ်နေမလား"
လင်းဖုန်း၏ ခန့်မှန်းချက်မှာ တကယ်ပင် ရဲတင်းလွန်းလှသော်လည်း အကြောင်းမဲ့တော့ မဟုတ်ပေ။ မွေးရာပါစွမ်းရည်ဆိုသည်မှာ မီးတောက်၊ လေ၊ ရေခဲ စသည့် ဒြပ်ရှိသော စွမ်းရည်များအဖြစ်သာ ပေါ်ထွက်လာရမည်ဟု မည်သူမျှ မပြောထားချေ။
လင်းဖုန်း ယခင်က ပေါင်းစပ်ခဲ့သော နွားရိုင်း၏ ထူးခြားသော ဝိသေသလက္ခဏာမှာ ခွန်အား ဖြစ်သည်။ အကယ်၍ နွားရိုင်းမျိုးရိုးဗီဇက ခွန်အားဟူသော မွေးရာပါစွမ်းရည်ကို နိုးထစေခဲ့သည်ဆိုလျှင် ၎င်းမှာ အလုံးစုံ ကျိုးကြောင်းဆီလျော်ပေသည်။
လင်းဖုန်း၏ ကိုယ်ပိုင်မျိုးရိုးဗီဇကပါ ခွန်အားကို မွေးရာပါစွမ်းရည်အဖြစ် အဘယ်ကြောင့် နိုးထစေခဲ့သနည်း ဆိုသည်ကိုမူ သူ မသိပေ။ သို့သော် သံသယဖြစ်ဖွယ်မရှိသည်မှာ ဤမျိုးရိုးဗီဇနှစ်မျိုးမှ နိုးထလာသော ခွန်အားစွမ်းရည်များအပြင် ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကြောင့် တိုးလာသော ခွန်အားများကြောင့်သာ လင်းဖုန်းသည် ထိုစဉ်က ဝက်အူရစ်ပိုးကောင် နတ်ဆိုး ၃၀ ကို ဖိနှိပ်ကာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ခွန်အားစွမ်းရည် နှစ်ခုကို နိုးထစေခဲ့ခြင်း ဟုတ်မဟုတ် လင်းဖုန်း မသေချာသေးပေ။ သို့သော် ဤသည်မှာ ခက်ခဲသော ပြဿနာမဟုတ်ချေ။ စမ်းသပ်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
လင်းဖုန်း အခန်းထဲမှ ထွက်ကာ လေ့ကျင့်ရေးခန်းမသို့ အပြေးအလွှား သွားလိုက်သည်။ ထိုနေရာတွင် လေ့ကျင့်ရေးပစ္စည်း ကိရိယာမျိုးစုံ ရှိပြီး ခွန်အားတိုင်းတာသည့် ကိရိယာလည်း သဘာဝကျစွာပင် ရှိနေသည်။
ဤအချိန်တွင် လေ့ကျင့်ရေးခန်းမ၌ လူသိပ်မများလှပေ။ သို့သော် လင်းဖုန်း ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ မည်သို့ပင်ဆိုစေ ယခုလက်ရှိ လင်းဖုန်းမှာ နာမည်ကျော်တစ်ဦးဟု ခေါ်ဆိုထိုက်ပြီး သူ သွားလေရာတိုင်းတွင် အာရုံစိုက်ခံနေရသည်။
"စီနီယာ... လင်းဖုန်း"
"စီနီယာ လင်း"
သိုင်းသမားအချို့က လင်းဖုန်းကို နှုတ်ဆက်ကြသော်လည်း သူ့ကို မည်သို့ ခေါ်ရမည်ကို မသေချာကြပေ။ လင်းဖုန်း၏ အမည်ကို တိုက်ရိုက်ခေါ်ရန်မှာလည်း မဖြစ်နိုင်ပေ၊ အကြောင်းမှာ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး ဂုဏ်သိက္ခာကြီးမားသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။
သို့သော် လင်းဖုန်းမှာ တပ်စုမှူးလည်း မဟုတ်သလို သတ်မှတ်ထားသော ရာထူးတစ်ခုခုလည်း မရှိသေးသဖြင့် သူ့ကို "စီနီယာ" ဟုသာ ခေါ်နိုင်ကြတော့သည်။ ကံကောင်းထောက်မစွာပင် ဤနေရာရှိ သိုင်းသမား အများစုမှာ အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားဟောင်းများ ဖြစ်ကြသည်။ လင်းဖုန်းကို "စီနီယာ" ဟု ခေါ်ခြင်းက သင့်တော်သည်ဟု ဆိုရမည်။ လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းသားသစ်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ စွမ်းဆောင်ရည်မှာ အလွန် ထူးချွန်လွန်းနေသည် မဟုတ်ပါလား။
သိုင်းသမားလောကတွင် အောင်မြင်သူမှာ အရာရာ ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သော သိုင်းသမားအားလုံးမှာ လေးစားမှုကို ရရှိကြမည်ပင်။
လင်းဖုန်း လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
"အားလုံးပဲ... ဆက်ပြီး လေ့ကျင့်ကြပါ။ ကျွန်တော်က ဒီအတိုင်း လာပြီး စမ်းကြည့်ရုံတင်ပါ"
ထိုသို့ပြောပြီးနောက် လင်းဖုန်း အခြားသူများကို ဂရုမစိုက်တော့ဘဲ ခွန်အားတိုင်းတာသည့် ကိရိယာရှေ့သို့ တိုက်ရိုက် သွားလိုက်သည်။
လင်းဖုန်း ရောက်ရှိလာသဖြင့် အခြားသူများမှာ မည်သို့ အေးအေးဆေးဆေး လေ့ကျင့်နိုင်ပါတော့မည်နည်း။ မည်သူမျှ အနားမကပ်ရဲကြသော်လည်း လင်းဖုန်းကို အဝေးမှ လှမ်းကြည့်နေကြသည်။ မည်သို့ပင်ဆိုစေ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ကိုယ်တိုင် လေ့ကျင့်သည်ကို မျက်မြင်တွေ့ရရန်မှာ မလွယ်ကူပေ။ လင်းဖုန်းမှာလည်း ဤလူများကို မောင်းထုတ်ရန် နည်းလမ်းမရှိပေ။ ဤသည်မှာ အများသုံး လေ့ကျင့်ရေးခန်းမဖြစ်ပြီး လူတိုင်း အသုံးပြုပိုင်ခွင့် ရှိသည်။
လင်းဖုန်း မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို သူ အာရုံခံကြည့်လိုက်သည်။ မည်သည့် ခွန်အားပေါက်ကွဲမှုမျိုးကိုမျှ အသုံးမပြုဘဲ စင်စစ် သူ၏ ခန္ဓာကိုယ် ခွန်အားသက်သက်ကိုသာ အာရုံစိုက်လိုက်သည်။
ဘုန်း
လင်းဖုန်း လက်သီးတစ်ချက် ထိုးလိုက်ရာ ကိရိယာမှ အချက်ပေးသံ မြည်လာခဲ့သည်။
တီ... တီ...
လင်းဖုန်း ကြည့်လိုက်ရာ ကိရိယာပေါ်ရှိ ဂဏန်းများမှာ ၁၂၈ တန် ကို ပြသနေသည်။
၁၂၈ တန်...။ ဤသည်မှာ လင်းဖုန်း၏ လက်ရှိ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အား ဖြစ်သည်။ သူ မည်သည့်စွမ်းအားကိုမျှ အသုံးမပြုဘဲ ထိုးလိုက်ခြင်း ဖြစ်သည်။ ဤအရေအတွက်မှာ နည်းလှသည် မဟုတ်ပေ။ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ တန် ၁၀၀ ခန့်သာ ရှိသည်။
လင်းဖုန်းမှာ ယခုအချိန်တွင် ၁၂၈ တန်အထိ ရောက်ရှိနေပြီဖြစ်သော်လည်း အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် မပြီးဆုံးသေးပေ။ နောက်ထပ် လအနည်းငယ်အတွင်း အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပါက သူ မည်မျှအထိ သန်မာလာမည်နည်း။ တန် ၁၅၀ လား၊ ဒါမှမဟုတ် တန် ၂၀၀ လား။
လင်းဖုန်း အသေအချာ မပြောနိုင်သော်လည်း သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် များစွာ သာလွန်နေမည်မှာ အသေအချာပင်။
ထို့နောက် လင်းဖုန်းသည် သူ၏ စွမ်းအားများကို စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် သိသိသာသာ စွမ်းအားနှစ်ခု ရှိနေသည်။ သူသည် ထိုအထဲမှ တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ သူ၏ စိတ်ထဲတွင် နွားရိုင်းတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဘန်း
လင်းဖုန်း လက်သီးတစ်ချက် ထပ်ထိုးလိုက်ပြန်ရာ ကိရိယာပေါ်ရှိ ဂဏန်းများမှာ ထပ်မံ၍ ရူးသွပ်စွာ ခုန်တက်လာပြန်သည်။ လင်းဖုန်း စိုက်ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် ဂဏန်းများမှာ ၂၃၀ တန် အထိ ရောက်ရှိသွားခဲ့သည်။
လင်းဖုန်း အံ့သြသွားသည်။ ဤတိုးလာမှုမှာ ခွန်အား တစ်တန်၊ နှစ်တန် မဟုတ်ဘဲ စုစုပေါင်း ၁၀၂ တန်တောင် ဖြစ်သည်။ ခွန်အားသက်သက်ကိုသာ အခြေခံမည်ဆိုလျှင် လင်းဖုန်းကိုယ်ထဲရှိ နွားရိုင်းမျိုးရိုးဗီဇ၏ မွေးရာပါစွမ်းရည်မှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့် တန်းတူပင် ဖြစ်သည်။
သေချာသည်မှာ ဤသည်က ခွန်အားသက်သက်ကိုသာ အခြေခံခြင်း ဖြစ်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၏ စစ်မှန်သော ခွန်အားမှာ သူတို့၏ ကြွက်သားအင်အား မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားနှင့် မွေးရာပါစွမ်းရည်များ ဖြစ်သည်။
သို့သော် ဤသည်မှာ လင်းဖုန်း၏ နွားရိုင်းမျိုးရိုးဗီဇမှ မွေးရာပါစွမ်းရည်က မည်မျှအထိ အစွမ်းထက်သည်ကို သွယ်ဝိုက်သောနည်းဖြင့် ပြသနေခြင်း ဖြစ်သည်။
"နောက်တစ်ခါ..."
လင်းဖုန်း၏ အကြည့်များမှာ စိတ်အားထက်သန်နေသည်။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားနှစ်ခုလုံးကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ တစ်နည်းအားဖြင့် သူ၏ ကိုယ်ပိုင်မျိုးရိုးဗီဇမှ နိုးထလာသော မွေးရာပါစွမ်းရည်နှင့် နွားရိုင်းမျိုးရိုးဗီဇမှ နိုးထလာသော မွေးရာပါစွမ်းရည် နှစ်ခုလုံးကို တစ်ပြိုင်နက် ပေါက်ကွဲထွက်စေလိုက်ခြင်း ဖြစ်သည်။
ဘုန်း
ဤတစ်ကြိမ်တွင်မူ တိုင်းတာသည့် ကိရိယာပင် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ လင်းဖုန်းသည် ကိရိယာကြီးကိုပင် ဖျက်ဆီးပစ်မိတော့မလို ခံစားလိုက်ရသည်။
ထို့နောက် သူ သေချာ ကြည့်လိုက်ရာ ကိရိယာပေါ်ရှိ ဂဏန်းများမှာ ၃၅၀ တန် တွင် ရပ်တန့်သွားသည်။ ဤသည်မှာ စုစုပေါင်း ၁၂၀ တန် တိုးလာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လင်းဖုန်း၏ ကိုယ်ပိုင်မျိုးရိုးဗီဇမှာလည်း မဆိုးလှပေ။ အနည်းဆုံးတော့ ခွန်အားပိုင်းတွင် နွားရိုင်းမျိုးရိုးဗီဇထက်ပင် ပို၍ သန်မာနေသေးသည်။
တိုင်းတာသည့် ကိရိယာပေါ်ရှိ ဂဏန်းများကို မြင်သောအခါ လင်းဖုန်း အံ့သြသွားသကဲ့သို့ ဘေးမှ ကြည့်နေသော သိုင်းသမားများမှာလည်း မည်သို့ မအံ့သြဘဲ နေနိုင်ပါမည်နည်း။
ခွန်အား တန်၃၅၀...။ ဤသည်မှာ လင်းဖုန်း၏ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်သာ ဖြစ်ကြောင်း သူတို့ မသိကြပေ။ သူသည် မည်သည့် သိုင်းပညာကိုမျှ အသုံးမပြုရသေးသလို ကြယ်တာရာစွမ်းအားလည်း မရှိသေးပေ။
သို့သော် ဤမျှနှင့်တင် ထိုသိုင်းသမားများကို တုန်လှုပ်စေရန် လုံလောက်နေပြီ ဖြစ်သည်။
သာမန်သိုင်းသမားတစ်ယောက်အနေနဲ့ ခွန်အားကို အထူးဂရုစိုက် လေ့ကျင့်လျှင်တောင် ဘယ်လောက်အထိ ရှိနိုင်မှာမို့လို့လဲ။ တစ်တန်လား၊ နှစ်တန်လား ဒါမှမဟုတ် ၁၀ တန်လား။
လင်းဖုန်းရဲ့ တန် ၃၅၀ ခွန်အားနဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှ မဟုတ်သလောက်ပဲ။ နှိုင်းယှဉ်ဖို့တောင် မဖြစ်နိုင်ပါဘူး။
"ဒါက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလွန်လူသား ကျွမ်းကျင်သူတွေရဲ့ အစွမ်းလား။ သူက အရမ်းကို အစွမ်းထက်တာပဲ။ တန် ၃၅၀ ခွန်အားတဲ့... တကယ်ကို မယုံနိုင်စရာပဲ"
"တန် ၃၅၀ ခွန်အားဆိုရင် အဆောက်အဦးတစ်ခုကိုတောင် အလွယ်တကူ ဖြိုချနိုင်မှာပဲ။ စီနီယာ လင်းဖုန်းက နတ်ဆိုး ၃၀ ကို ဖိနှိပ်နိုင်ခဲ့တာ မဆန်းပါဘူး။ သူက တကယ့်ကို အနှိုင်းမဲ့ပဲ"
"သူက အရမ်း သန်မာတာပဲ။ ငါတို့လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်အောင် လုပ်ရမယ်။ အဲဒါကို ချိုးဖျက်နိုင်မှပဲ စီနီယာ လင်းဖုန်းလို သန်မာလာမှာ"
သိုင်းသမားများ၏ အကြည့်များမှာ အလွန်တရာ စိတ်အားထက်သန်နေကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လျှင် လင်းဖုန်းကဲ့သို့ လက်ရှိ ခွန်အားမျိုးကို ရရှိနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်နေကြခြင်းမှာ လှပသော အထင်မှားမှုတစ်ခုသာ ဖြစ်သည်။
သာမန်သိုင်းသမားများသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လျှင်ပင် လင်းဖုန်း၏ အဆင့်အတန်းသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။