← Chapters

မျိုးရိုးဗီဇ ပမာဏ

Vol. 8 Ch. 96

မျိုးရိုးဗီဇ ပမာဏ

Vol. 8 Ch. 96

ဘာသာပြန် - အားသစ်

လင်းဖုန်း၏ အာရုံခံနိုင်စွမ်းမှာ ထက်မြက်လှသည်။ ဘေးပတ်ဝန်းကျင်ရှိ သိုင်းသမားများ ဘာကို အံ့ဩတသ ဖြစ်နေကြသလဲဆိုတာကို သူ သဘာဝကျစွာပင် သိနေသည်။ သို့သော် ဤလှပသော အထင်လွဲမှားမှုကို ရှင်းပြရန် သူ မရည်ရွယ်ပေ။ ဤလူများကို အထင်လွဲခံထားလိုက်ခြင်းက သူတို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် ပိုမို တွန်းအားဖြစ်စေမည် မဟုတ်ပါလား။

လက်တွေ့တွင်မူ လင်းဖုန်း ကိုယ်တိုင်လည်း အလွန် အံ့အားသင့်နေခဲ့သည်။ ဤသည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခွန်အားသက်သက်သာ ဖြစ်ပြီး ၃၅၀ တန်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ ဝဲဂယက်စွမ်းအား သုံးထပ်ကို ထပ်မံ ထုတ်လွှတ်လိုက်ပါက လင်းဖုန်းသည် ချက်ချင်းဆိုသလို တန် ၁,၀၀၀ ကျော်ရှိသော ခွန်အားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

သူ ဝဲဂယက်စွမ်းအား သုံးထပ်ကို ထုတ်လွှတ်ပြီးနောက် လက်သီးတစ်ချက်တည်းဖြင့် ဝက်အူရစ်ပိုးကောင် နတ်ဆိုးသုံးကောင်ကို အမှုန့်ကြိတ်ပစ်နိုင်ခဲ့သည်မှာ မဆန်းတော့ပေ။ လေဖိအားသက်သက်ဖြင့်ပင် ဝက်အူရစ်ပိုးကောင် နတ်ဆိုးတစ်ကောင်ကို ကြေမွသွားစေနိုင်သည်။ သူ၏ ခွန်အားမှာ ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းနေခဲ့ခြင်း ဖြစ်သည်။

ခွန်အား တန် ၁,၀၀၀ ကျော် ပေါက်ကွဲထွက်လာခြင်းက လင်းဖုန်းအား သူ၏ ခွန်အားသက်သက်ဖြင့် အခြားသူများကို အပြည့်အဝ ဖိနှိပ်နိုင်စွမ်း ရှိစေသည်။ မည်သည့် နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ လက်သီးတစ်ချက်ဖြင့်ပင် ဖြေရှင်းရန် လုံလောက်ပေသည်။

အခြား အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ မည်မျှ သန်မာကြောင်း လင်းဖုန်း မသိသော်လည်း လုံကျိုးကဲ့သို့ အတွေ့အကြုံရှိသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးအတွက်မူ ကြယ်တာရာစွမ်းအား၏ အထောက်အပံ့ဖြင့်ပင် အများဆုံး တန် ၃၀၀ မှ ၄၀၀ ခန့်သာ ခွန်အား ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး လင်းဖုန်းထက် များစွာ နိမ့်ကျနေသေးသည်။

လင်းဖုန်းတွင် အခြားအံ့ဖွယ်မွေးရာပါစွမ်းရည်များ ရှိနေသေးသည်ကို ထည့်ပြောနေရန်ပင် မလိုတော့ချေ။ လုံကျိုး ဆယ်ယောက် ရှိလျှင်တောင်မှ လင်းဖုန်းက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် လင်းဖုန်းသည် အသွင်ပြောင်းလဲခြင်းကို မပြီးဆုံးသေးပေ။ သူ၏ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပြီးနောက် သူ့ခွန်အားမှာ သိသိသာသာ တိုးတက်လာနိုင်သေးသည်။

"ဟူး..."

လင်းဖုန်းသည် သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို တဖြည်းဖြည်း ငြိမ်သက်သွားစေလိုက်သည်။ သူသည် မွေးရာပါစွမ်းရည် ငါးခုကို အမှန်တကယ် နိုးထစေခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုမွေးရာပါစွမ်းရည်များထဲမှ နှစ်ခုမှာ တူညီနေပြီး နှစ်ခုစလုံးမှာ ခွန်အားနှင့် သက်ဆိုင်သော မွေးရာပါစွမ်းရည်များ ဖြစ်နေသည်။

ထပ်တူကျနေခြင်းက ကောင်းသောအရာ မဟုတ်ဟု ထင်ရသည်။ သို့သော် ဤထပ်တူကျနေသော မွေးရာပါစွမ်းရည် နှစ်ခုကြောင့်သာ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်သည်နှင့် တစ်ပြိုင်နက် ခွန်အားများ ပေါက်ကွဲတိုးတက်လာပြီး အလုံးစုံ အသာစီး ရရှိခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ထိုဝက်အူရစ်ပိုးကောင်များကို မောင်းထုတ်ရန် ထိုမျှလောက် လွယ်ကူမည် မဟုတ်ပေ။

လင်းဖုန်း လေ့ကျင့်ရေးခန်းမမှ ထွက်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

သူသည် ခွန်အား စမ်းသပ်မှုအပေါ် အလွန် ကျေနပ်မိပြီး သူ၏ လက်ရှိ ခွန်အားကိုလည်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။ သူသည် အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်၏ အလယ်တွင် ရှိနေဆဲဖြစ်သော်လည်း သူ၏ ခွန်အားမှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

သို့သော် လင်းဖုန်းသည် ဤမျှလောက် ခွန်အားမျိုး ရရှိရန်နှင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် မည်သည့်အရာကို အားကိုးခဲ့ရသည်ကို သဘာဝကျစွာပင် မမေ့လျော့ခဲ့ပေ။

မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာမှာ လင်းဖုန်း၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သလို သူ၏ အကြီးမားဆုံး အားကိုးရာလည်း ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးကတည်းက လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက် အမျိုးမျိုးကို ပြန်လည် မစစ်ဆေးရသေးပေ။

ထို့ကြောင့် လင်းဖုန်းသည် မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အချက်အလက်များကို စစ်ဆေးလိုက်သည်။

ကြံ့ခိုင်မှု - ၃၈၀.၄၉

ခွန်အား - ၃၆၆.၂၁

သွက်လက်မှု - ၁၆၀.၃၇

ကျွမ်းကျင်မှုစွမ်းရည်များ - နွားရိုင်း၏အရှိန်အဝါ (ကျွမ်းကျင်အဆင့်၊ နွားရိုင်း၏ အစစ်အမှန် စိတ်အသိကို နားလည်သဘောပေါက်ခြင်း)၊ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ် (ကျွမ်းကျင်အဆင့်၊ ဝဲဂယက်စွမ်းအား သုံးထပ်ကို စုစည်းနိုင်ခြင်း)၊ လျှပ်စီးဓားသိုင်း (ကျွမ်းကျင်အဆင့်)

မွေးရာပါစွမ်းရည်များ - ခံစစ်ချပ်ဝတ်၊ ထက်မြက်သော ဦးချို၊ မသေနိုင်သော အစွမ်းသတ္တိ၊ ခွန်အား တိုးမြှင့်ခြင်း

မျိုးရိုးဗီဇ ပေါင်းစပ်မှု - နွားရိုင်း မျိုးရိုးဗီဇ၊ ယူနီကွန်း မျိုးရိုးဗီဇ၊ နှာမောင်းရှည်သားရဲ မျိုးရိုးဗီဇ၊ ဝက်အူရစ်ပိုးကောင် မျိုးရိုးဗီဇ

မျိုးရိုးဗီဇ ပမာဏ - ၄၈%

အဆိုပါအချက်အလက်များကို မြင်တွေ့ရသောအခါ လင်းဖုန်း အံ့သြမသွားခဲ့ပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများမှာ အမှန်တကယ်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။ ယင်းကို ပေါက်ကွဲထွက်လာသည့် တိုးတက်မှုတစ်ခုဟုပင် ဆိုနိုင်ပေသည်။

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ခွန်အား အချက်အလက်များမှာ အခြေခံအားဖြင့် ငါးဆခန့် တိုးလာခဲ့သည်။ ယခင်က မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်မီ လင်းဖုန်း၏ ခွန်အားမှာ တန် ၂၀ သာ ရှိသည်။ ယခုမူ ၁၂၈ တန် ဖြစ်နေပြီဖြစ်ရာ ငါးဆခန့် တိုးလာခြင်း ဖြစ်သည်။

အချက်အလက်များမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလောက်အောင် အလွန် သန်မာနေသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းမှာ အသက်ဝိညာဉ် အသွင်ကူးပြောင်းမှုနှင့် ညီမျှပေသည်။ ၎င်းမှာ အသက်ဝိညာဉ်၏ အနှစ်သာရပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အချက်အလက် အမျိုးမျိုးမှာလည်း သဘာဝကျစွာပင် မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာခြင်း ဖြစ်သည်။

ထို့အပြင် အချက်အလက် ကော်လံတွင် "မွေးရာပါစွမ်းရည်များ" ဟူသော အပိုအချက်အလက်တစ်ခု ပါလာခဲ့သည်။ ထိုအထဲတွင် လင်းဖုန်း နိုးထစေခဲ့သော မွေးရာပါစွမ်းရည် အမျိုးမျိုး ရှိနေသည်။ ထင်ထားသည့်အတိုင်းပင် လင်းဖုန်း၏ ခွန်အား တိုးလာခြင်းမှာ နိုးထလာသော မွေးရာပါစွမ်းရည်များထံမှ အမှန်တကယ် လာခြင်း ဖြစ်သည်။

သို့သော် လင်းဖုန်း၏ အာရုံကို အများဆုံး ဖမ်းစားနိုင်ခဲ့သည်မှာ မျိုးရိုးဗီဇ ပမာဏ ပင် ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်မီက လင်းဖုန်း၏ မျိုးရိုးဗီဇ ပမာဏမှာ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေခဲ့ပြီး အခြားမျိုးရိုးဗီဇများကို ပေါင်းစပ်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ကြောင်း သူ သေချာ မှတ်မိနေသည်။

သို့သော် ယခုမူ...။ မျိုးရိုးဗီဇ ပမာဏမှာ ထပ်မံ ပြောင်းလဲသွားပြီး ၄၈ ရာခိုင်နှုန်း ဖြစ်နေသည်။ ဤဂဏန်း အပြောင်းအလဲမှာ ရိုးရှင်းမှု မရှိဘဲ သတင်းအချက်အလက် များစွာ ပေးနေသည်။ မျိုးရိုးဗီဇ ပမာဏ ၄၈ ရာခိုင်နှုန်း ဆိုသည်မှာ လင်းဖုန်း အနေဖြင့် မျိုးရိုးဗီဇများကို ဆက်လက် ပေါင်းစပ်နိုင်သေးသည်ဟု ဆိုလိုသည်။ ထို့အပြင် ယခင် ၉၈ ရာခိုင်နှုန်းမှ ယခု ၄၈ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားခြင်းက မျိုးရိုးဗီဇ ပမာဏမှာ ကျယ်ပြန့်လာပြီး နှစ်ဆနီးပါး တိုးလာကြောင်း ညွှန်ပြနေသည်။

အကယ်၍ နောက်တစ်ကြိမ် မျိုးရိုးဗီဇများကို ပေါင်းစပ်လိုပါက ပေါင်းစပ်နိုင်သည့် ပမာဏမှာ ယခင် သားရဲ လေးကောင်မှ မျိုးရိုးဗီဇများ၏ စုစုပေါင်းပမာဏနှင့် လုံးဝနီးပါး တူညီနေမည် ဖြစ်သည်။

အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု တစ်ကြိမ် ဖြစ်ပေါ်ပြီးတိုင်း မျိုးရိုးဗီဇ ပမာဏ တိုးလာမည် ဖြစ်သည်။ အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်ရင်ရော။ ဒါမှမဟုတ် နှစ်ကြိမ်၊ သုံးကြိမ် ဆိုရင်ရော။

အကယ်၍ မျိုးရိုးဗီဇ ပမာဏ ဆက်လက် ကျယ်ပြန့်လာပါက လင်းဖုန်းအတွက် ဖြတ်လမ်းတစ်ခု ရှိလာမည် ဖြစ်သည်။ သူသည် အခြား အစွမ်းထက်သော သားရဲမျိုးရိုးဗီဇများကို ဆက်လက် ပေါင်းစပ်နိုင်ပြီး သူ၏ ခွန်အားမှာလည်း လျင်မြန်စွာ တိုးတက်လာကာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ခက်ခဲစွာ ကျင့်ကြံရမည့် အချိန်များကို သက်သာသွားစေပေလိမ့်မည်။

အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု နှစ်ကြိမ်ဆိုသည်မှာ ပြဿနာ မဟုတ်နိုင်သလို သုံးကြိမ်ဆိုသည်မှာလည်း သိပ်ခက်ခဲမည် မဟုတ်ပေ။ အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု လေးကြိမ် ဖြတ်သန်းပြီးနောက် သူတော်စင်တစ်ပါး ဖြစ်လာရန်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။

ဤသည်မှာ လင်းဖုန်း၏ အကြီးမားဆုံးသော အားကိုးရာပင်။

သို့သော် လင်းဖုန်းသည် သားရဲများ၏ မျိုးရိုးဗီဇများကို ဖြစ်သလို ပေါင်းစပ်မည် မဟုတ်ပေ။ အကယ်၍ သူသည် သားရဲများ၏ မျိုးရိုးဗီဇများကို ပေါင်းစပ်ပြီးနောက် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ဘဲ မွေးရာပါစွမ်းရည်များကို မရရှိနိုင်ပါက သူ၏ ခွန်အား သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကို အတိုင်းအတာတစ်ခုအထိသာ တိုးတက်စေနိုင်မည် ဖြစ်သည်။ ယခုလက်ရှိ လင်းဖုန်းအတွက် ထိုသည်က ဘာအသုံးဝင်မည်နည်း။

ယင်းမှာ အဓိပ္ပာယ်ပင် မရှိပေ။ သူသည် တစ်နေ့နေ့တွင် နတ်ဆိုးတစ်ကောင်၏ မျိုးရိုးဗီဇကို ပေါင်းစပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ အမှန်တကယ်တန်းတွင် နတ်ဆိုး၏ မွေးရာပါစွမ်းရည်ကိုပါ ရရှိနိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

သို့သော် ဤသည်မှာ သေသေချာချာ စီစဉ်ရန် လိုအပ်ပြီး လင်းဖုန်းသည် ရလဒ်အတိအကျနှင့် ပတ်သက်၍ ယုံကြည်မှု မရှိသေးပေ။ သူ သတိထားရမည် ဖြစ်သည်။ ထို့အပြင် သူသည် အသွင်ပြောင်းလဲခြင်း ကာလအတွင်းတွင် ရှိနေဆဲ ဖြစ်သည်။ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိလာမည်ကို မည်သူမျှ အသေအချာ မပြောနိုင်ပေ။ အခြား မျိုးရိုးဗီဇများကို ပေါင်းစပ်သင့် မသင့်နှင့် အလားတူအခြားကိစ္စရပ်များအားလုံးကို အသွင်ပြောင်းလဲခြင်း ပြီးဆုံးပြီးနောက်မှသာ ဆုံးဖြတ်နိုင်ပေသည်။

ဤကာလအတွင်း လင်းဖုန်းသည် အလွန် ပျင်းရိနေခဲ့သည်။ လုံကျိုးထံမှ သတင်းကို စောင့်ဆိုင်းနေခြင်းမှလွဲ၍ သူ နိုးထလာသော မွေးရာပါစွမ်းရည် အနည်းငယ်ကိုသာ လေ့လာနေနိုင်တော့သည်။

ဥပမာအားဖြင့် ခံစစ်ချပ်ဝတ်၏ ခုခံနိုင်စွမ်းမှာ မည်မျှအထိ သန်မာပြီး အကန့်အသတ်က ဘာလဲ။

နောက်ဥပမာတစ်ခုအနေဖြင့် ထက်မြက်သော ဦးချိုမှာ ဖျက်ဆီး၍ မရနိုင်သဖြင့် မည်သည့်အရာက ထက်မြက်သော ဦးချိုကို တန်ပြန်နိုင်မည်နည်း။

ထို့ပြင် မသေနိုင်သော အစွမ်းသတ္တိလည်း ရှိသေးသည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းမှာ မည်မျှအထိ အံ့ဩဖွယ်ကောင်းသနည်း၊ မည်သည့်အဆင့် ဒဏ်ရာမျိုးက လင်းဖုန်းအတွက် ပို၍ သေစေနိုင်သနည်း စသည်တို့ ဖြစ်သည်။ ဤအရာများအားလုံးကို လင်းဖုန်း အချိန်အတော်ကြာ လေ့လာပြီး လေ့ကျင့်ရန် လိုအပ်ပေသည်။ ဤမွေးရာပါစွမ်းရည်များကို တိုက်ပွဲတွင် အချင်းချင်း အထောက်အကူပြုစေရန် မည်သို့ အသုံးပြုရမည်ကို လေ့လာခြင်းကပင် အချိန်ကြာမြင့်မည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

ထို့ကြောင့် သူ အနည်းငယ် အားလပ်နေသော်လည်း လင်းဖုန်း အချိန်ဖြုန်းမနေခဲ့ပေ။ သူ၏ မွေးရာပါစွမ်းရည်များမှာ မတိုးတက်လာသော်လည်း သူ၏ စွမ်းရည်များကို အသုံးပြုရာတွင် ပိုမို ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ သူ၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သိမ်မွေ့စွာ တိုးတက်လာခဲ့သည်။

...

ကျောက်တုံးမြို့သည် မြစ်သုံးစင်းဆုံရာ လမ်းဆုံတွင် တည်ရှိသည်။ ၎င်းသည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး အချက်အချာကျသော နေရာတစ်ခုလည်း ဖြစ်သည်။

ဤသည်မှာ ယွီရှန်း၏ ဇာတိမြို့လည်း ဖြစ်သည်။ နဂါးကျောက်တုံးမြို့မှ ထွက်ခွာပြီးနောက် သူသည် သူ၏ ဇာတိမြို့သို့ ပြန်လာကာ အဆင့်မြင့် နာလန်ထူစောင့်ရှောက်ရေးဂေဟာ တစ်ခုတွင် နေထိုင်ခဲ့သည်။

အစောပိုင်းကာလတစ်ခုတွင် ယွီရှန်းသည် ယေဘုယျအားဖြင့် စိတ်ဓာတ်ကျဆင်းနေခဲ့သည်။ တစ်ကမ္ဘာလုံး မှောင်မိုက်နေသည်ဟု သူ ခံစားခဲ့ရသည်။ သိုင်းပညာလမ်းကြောင်း ပြတ်တောက်သွားခြင်း၊ ရင်းနှီးကျွမ်းဝင်သော စစ်မြေပြင်မှ ထွက်ခွာခဲ့ရခြင်းနှင့် ငြိမ်းချမ်းတိတ်ဆိတ်သော လူ့အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာခြင်းတို့က သူ့ကို လိုက်လျောညီထွေ မဖြစ်သလို ခံစားရစေခဲ့သည်။

သူ၏ တစ်သက်တာ သူငယ်ချင်းဖြစ်သူ လင်းဖုန်းသည် နဂါးကျောက်တုံးမြို့ရှိ လူ ၃ သန်း၏ သူရဲကောင်း ဖြစ်လာပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကိုပင် ချိုးဖျက်ကာ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာသည်ကို မြင်သောအခါ ယွီရှန်း တကယ်ပင် အားကျမိသည်။ စစ်မြေပြင်တွင် သေဆုံးရခြင်းကိုပင် သူ အလွန် အားကျနေမိသည်။

ကံမကောင်းစွာဖြင့် သူသည် ခြေထောက်မရှိတော့ဘဲ မသန်စွမ်းဖြစ်နေပြီ ဖြစ်သည်။ သူ နေ့တိုင်း ဘီးတပ်ကုလားထိုင်ပေါ်တွင်သာ ထိုင်နေနိုင်တော့သည်။

ရှည်လျားလွန်းခြင်းလည်း မရှိ၊ လျင်မြန်လွန်းခြင်းလည်း မရှိသော ဤမှောင်မိုက်နေသည့် နေ့ရက်များတွင် သူ၏ ဘေးနား၌ အမြဲ ရှိနေပေးသော ကောင်မလေးတစ်ယောက် ရှိသည်။ သူမ၏ အမည်မှာ ချန်ရှီး ဖြစ်ပြီး အလွန် တိတ်ဆိတ်ငြိမ်သက်ကာ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦး ဖြစ်သည်။

ချန်ရှီးသည် နာလန်ထူစောင့်ရှောက်ရေးဂေဟာမှ သူနာပြုတစ်ဦးဖြစ်ပြီး ယွီရှန်းနှင့် မတော်တဆ သိကျွမ်းခဲ့ရသည်။ သူမသည် ယွီရှန်း၏ ဘဝတွင် အမှောင်မိုက်ဆုံး နေ့ရက်များအတွင်း သူ၏ သူငယ်ချင်း ဖြစ်ခဲ့သည်။ သူမသည် နေ့စဉ်နေ့တိုင်း သူ့အနားတွင် အဖော်ပြုပေးကာ စစ်မြေပြင်နှင့် သူ၏ ရဲဘော်ရဲဘက်များအကြောင်း ပြောပြသည်ကို နားထောင်ပေးခဲ့သည်။

ချန်ရှီးက အလွန် ဂရုတစိုက် နားထောင်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ နှစ်ဦးသည် မသိမသာ ချစ်ကြိုက်သွားခဲ့ကြသည်။

အချစ်က ယွီရှန်းကို ပြန်လည် နာလန်ထူလာစေရန် ကူညီပေးခဲ့သည်။ ဤလောကတွင် သိုင်းပညာအပြင် တန်ဖိုးထား မြတ်နိုးရမည့် အရာများ ရှိနေသေးကြောင်း သူ့ကို ခံစားရစေခဲ့သည်။ ဥပမာအားဖြင့် သူ၏ ဘေးနားရှိ ကောင်မလေးမှာ သူ တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးရန် ထိုက်တန်သူ ဖြစ်ပေသည်။

All Chapters