← Chapters

ယွီရှန်း၏ အချစ်

Vol. 8 Ch. 97

ယွီရှန်း၏ အချစ်

Vol. 8 Ch. 97

ဘာသာပြန် - အားသစ်

ချန်ရှီးသည် ဘီးတပ်ကုလားထိုင်ကို တွန်းပေးရင်း သူတို့နှစ်ဦးမှာ နာလန်ထူစောင့်ရှောက်ရေးဂေဟာ၏ ပန်းခြံထဲတွင် လမ်းလျှောက်နေကြသည်။ ပန်းခြံထဲရှိ ပန်းမန်များနှင့် သစ်ပင်များ၏ ရနံ့ကို ရှူရှိုက်ရင်း၊ လေညင်းလေးကို ခံစားရင်း သူတို့နှစ်ဦးစလုံးမှာ တစ်ထပ်တည်းကျသော ပျော်ရွှင်မှုကို ခံစားနေရသည်။

“ယွီရှန်း... ကျွန်မကို စစ်မြေပြင်အကြောင်း နောက်တစ်ခါ ပြန်ပြောပြပါဦး”

ချန်ရှီးသည် ယွီရှန်း၏ သူရဲကောင်းဆန်သော ပုံပြင်များအပေါ် စိတ်ဝင်စားမိသည်ကို ငြင်းပယ်ခြင်းမရှိပေ။ သူမသည် ငယ်စဉ်ကတည်းက ပညာတတ်မိသားစုတွင် ကြီးပြင်းလာပြီး အိမ်တွင် လိမ္မာသော သမီးတစ်ဦး ဖြစ်ခဲ့သည်။ ကြီးပြင်းလာသောအခါတွင်လည်း သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း သူနာပြုတစ်ဦး ဖြစ်လာခဲ့သည်။

သူမ၏ ခြေလှမ်းတိုင်းနီးပါးမှာ မိသားစုရှိ လူကြီးများ၏ စီစဉ်မှုအောက်တွင်သာ ရှိခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ပြင်ပလောကကြီးကို မြင်တွေ့လိုသော ဆန္ဒ ပြင်းပြနေခဲ့သည်။ နယ်ခြားဒေသတွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြသည့် သိုင်းသမားများကို သူမ ပို၍ပင် အားကျမိသည်။

ယွီရှန်း ပေါ်လာသောအခါတွင် သူသည် ချန်ရှီး၏ နှလုံးသားအနက်ရှိုင်းဆုံးရှိ ကြိုးမျှင်လေးများကို သဘာဝကျစွာပင် လှုပ်ခတ်သွားစေခဲ့သည်။

“ဒါဆိုရင် နဂါးတောင်အခြေစိုက်စခန်းအကြောင်း ပြောပြတာပေါ့။ အဲဒီတုန်းက ငါက ထူးထူးခြားခြား တော်တဲ့သူ မဟုတ်ပါဘူး၊ နဂါးတောင်အခြေစိုက်စခန်းက သာမန်သိုင်းသမားတစ်ယောက်ပါပဲ...”

ယွီရှန်းက သူ၏ ပုံပြင်ကို ပြန်လည်ပြောပြတော့သည်။ သူသည် စွမ်းဆောင်ရည်အဆင့် သတ်မှတ်ချက်များအကြောင်း၊ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီအကြောင်း၊ လင်းဖုန်းအကြောင်းနှင့် ထိုကြီးကျယ်သော တိုက်ပွဲကြီးအကြောင်းများကို ပြောပြခဲ့သည်။

ဤပုံပြင်ကို ချန်ရှီး နားထောင်နေရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမသည် အမြဲတမ်း စိတ်ဝင်တစား နားထောင်နေဆဲပင်။ သူမ၏ မျက်လုံးကြီးများမှာ ဘီးတပ်ကုလားထိုင်ပေါ်ရှိ ယွီရှန်းထံသို့သာ စိုက်ကြည့်နေမိသည်။

ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားရသည့် ဤသာမန်ရုပ်ရည်ရှိသော လူသားသည် တစ်ချိန်က အစွမ်းထက်သော သိုင်းသမားတစ်ဦးနှင့် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

“ဒါနဲ့... ရှေ့က တီဗွီထဲမှာ ပါတဲ့ နဂါးကျောက်တုံးမြို့ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း လင်းဖုန်းဆိုတာ နင်ပြောတဲ့ လင်းဖုန်းလား” ချန်ရှီးက မမေးဘဲ မနေနိုင်တော့ပေ။

နဂါးကျောက်တုံးမြို့ရှိ ကပ်ပါးသားရဲများအကြောင်းမှာ ကမ္ဘာတစ်ဝန်းလုံးတွင် ဟိုးဟိုးကျော်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမ မသိဘဲ မည်သို့နေမည်နည်း။ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည့် ထိုငယ်ရွယ်ပြီး ခန့်ညားသော သိုင်းသမားလေး လင်းဖုန်းကို သူမ အားကျခဲ့ဖူးသည့် အချိန်ပင် ရှိခဲ့သည်။

ဤသည်မှာ သူမနှင့် အလွန်ဝေးကွာလှသဖြင့် သူတို့၏ လမ်းကြောင်းများမှာ မည်သည့်အခါမျှ ဆုံစည်းနိုင်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း ယွီရှန်းက လင်းဖုန်းကို သိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ဟုတ်တယ်၊ သူပဲ။ ပြောရရင် သူက ငါ့အသက်ကို ကယ်ခဲ့တဲ့သူပေါ့။ သူကတော့ ကြီးကျယ်တဲ့ သူရဲကောင်း ဖြစ်လာပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ငါကတော့ ဘီးတပ်ကုလားထိုင်ပေါ်က မသန်စွမ်းတစ်ယောက်ပဲ ဖြစ်နေတော့တယ်...”

လင်းဖုန်းအကြောင်း ပြောလိုက်သည်နှင့် ယွီရှန်းမှာ အလွန် အားကျမိသည်။ ယခင်က သူ၏ အိပ်မက်မှာလည်း လင်းဖုန်းကဲ့သို့ပင် မဟုတ်ပါလား။

ယွီရှန်း၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်အချို့ ပေါ်လာသော်လည်း မကြာမီမှာပင် နူးညံ့နွေးထွေးသော လက်တစ်စုံက သူ၏လက်ကို ဆုပ်ကိုင်လာခဲ့သည်။ ချန်ရှီးက နူးညံ့စွာ ပြောလိုက်သည်မှာ - “မဟုတ်ပါဘူး၊ နင်က မသန်စွမ်းတစ်ယောက် မဟုတ်ပါဘူး။ နင်က ငါ့နှလုံးသားထဲမှာတော့ အကြီးကျယ်ဆုံး သူရဲကောင်းပါပဲ!”

ကောင်မလေး၏ ခန္ဓာကိုယ်ထံမှ သင်းပျံ့သော ရနံ့လေး ထွက်ပေါ်လာပြီး နူးညံ့သော အသံလေးမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဤအခိုက်အတန့်တွင် ယွီရှန်းမှာ ရင်ခုန်သွားမိသည်။ သူ၏ ရှေ့မှ ကောင်မလေးမှာ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ အလွန် နွေးထွေးလှသည်ဟု သူ ခံစားလိုက်ရသည်။

“နောက်ရက်အနည်းငယ်နေရင် ငါ ဂေဟာကနေ ဆင်းတော့မယ်။ နင့်ကို ငါ့အိမ်ခေါ်သွားပြီး ငါ့မိသားစုနဲ့ ပေးတွေ့ချင်တယ်” ယွီရှန်းက သတ္တိကို မွေးကာ ကောင်မလေးကို ပြောလိုက်သည်။

ချန်ရှီး ခဏမျှ အံ့အားသင့်သွားသော်လည်း ထို့နောက် သူမ ခေါင်းငုံ့သွားသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး နူးညံ့သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်မှာ - “ကောင်းပါပြီ”

“ယွီရှန်း... ဂေဟာက ဆင်းပြီးရင် နင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ”

ချန်ရှီးသည် ငွေမက်သော မိန်းကလေး မဟုတ်သော်လည်း ယွီရှန်းမှာ အလုပ်တစ်ခုခုရှိမှသာ စိတ်ဓာတ်ပြန်လည်တက်ကြွလာမည်ဟု သူမ မျှော်လင့်ထားသည်။

ယွီရှန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်မှာ - “ငါ အသေအချာ စဉ်းစားပြီးပါပြီ။ ငါ့ခြေထောက်တွေက မလှုပ်ရှားနိုင်တော့ပေမဲ့ ငါ စစ်မြေပြင်မှာ သားရဲတွေနဲ့ တိုက်ခိုက်လာခဲ့တာ နှစ်အတော်ကြာပြီလေ။ ငါ့မှာ သိုင်းသမားသူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ အများကြီးရှိတယ်။ အချိန်တန်ရင် စစ်မြေပြင်ကို ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖွင့်မယ်။ ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ဒါက ပြဿနာရှိမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

အမှန်တကယ်ပင် ယွီရှန်းသည် ဤကာလအတွင်း အများကြီး စဉ်းစားခဲ့သည်။ သူ၏ အနာဂတ်ဘဝကို ရင်ဆိုင်ရန်ဖြစ်စေ၊ ချန်ရှီးကို တည်ငြိမ်သော ဘဝတစ်ခု ပေးရန်ဖြစ်စေ သူသည် တာဝန်ယူကာ စိတ်ဓာတ်ပြန်လည် စုစည်းရမည် ဖြစ်သည်။

သူ၏ ကွန်ရက်ကို အသုံးပြုကာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဖွင့်ခြင်းနှင့် စစ်မြေပြင်နှင့် လူသားမြို့တော်များကြား ကူးသန်းသွားလာခြင်းမှာ အကျိုးအမြတ် သေချာပေါက်ရှိသော စီးပွားရေးတစ်ခု ဖြစ်သည်။ စစ်မြေပြင်မှ ထွက်ခွာလာသော သိုင်းသမားအများစုမှာ ဤအလုပ်ကို လုပ်ကိုင်ကြသည်။ သူ အချိန်အနည်းငယ် လေ့လာကြည့်လိုက်ရုံနှင့် သေချာပေါက် အဆင်ပြေသွားမည် ဖြစ်သည်။

“နင် သေချာစဉ်းစားပြီးပြီဆိုရင် ငါ ထောက်ခံပါတယ်!”

ချန်ရှီးလည်း လိုက်ပြုံးလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ချိုမြိန်သော အချစ်ထဲတွင် နစ်မြောနေကြသည်။

သုံးရက်အကြာတွင် ယွီရှန်း ဆေးရုံဆင်းခဲ့သည်။ သူသည် သူ၏ ချစ်သူ ချန်ရှီးကိုလည်း အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

သူတို့နှစ်ဦးမှာ တရားဝင် လက်တွဲဖြစ်သွားခဲ့ကြပြီ ဖြစ်သည်။ ယွီရှန်းသည် သူ၏ ကတိအတိုင်း ချန်ရှီးကို မိသားစုနှင့် ပေးတွေ့ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ယွီရှန်း၏ အိမ်မှာ ကျောက်တုံးမြို့ရှိ ဇိမ်ခံဗီလာတစ်ခု ဖြစ်သည်။ ယွီရှန်းသည် နဂါးတောင်အခြေစိုက်စခန်းတွင် နှစ်အတော်ကြာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပြီး သူရရှိသမျှ ငွေအားလုံးနီးပါးကို မိသားစုထံ ပြန်ပို့ပေးခဲ့သည်။ ယခုအကြိမ် ဒဏ်ရာရမှုအတွက် ရရှိသော လျော်ကြေးငွေများကိုပင် မိသားစုထံ အကုန်ပို့ပေးထားခြင်း ဖြစ်သည်။

သူ့တွင် မိဘများအပြင် ညီတစ်ယောက်နှင့် ညီမငယ်တစ်ယောက် ရှိသည်။ သူ၏ မိသားစုဝင်များမှာ ရိုးရှင်းကြပါသည်။

ယခင်က ယွီရှန်း၏ မိသားစုမှာ အလွန် ဆင်းရဲခဲ့သည်။ သူသည် မိသားစုတစ်ခုလုံး၏ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့သည်။ ယွီရှန်းကလည်း သူ၏ မိသားစုကို စိတ်မပျက်စေခဲ့ပေ။ သူသည် သိုင်းပညာတွင် ပါရမီပါပြီး ကိုယ့်အားကိုယ်ကိုးကာ လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အဆင့် (၇) သိုင်းသမားတစ်ဦးအဖြစ် စစ်မြေပြင်သို့ ထွက်ခွာခဲ့သည်။

ယွီရှန်းမှာ ကံလည်း အလွန်ကောင်းသည်။ စစ်မြေပြင်သို့ ရောက်ပြီးနောက် နဂါးတောင်အခြေစိုက်စခန်းသို့ ရောက်ရှိသွားခဲ့သည်။ သူ ကြိုးစားအားထုတ်ရင်း ပိုမိုသန်မာလာခဲ့သည်။ နောက်ဆုံးတွင် သူသည် အနန္တလမ်းစဉ်အကယ်ဒမီမှ ပါရမီရှင်များစွာကို ကျော်ဖြတ်ကာ နဂါးတောင်အခြေစိုက်စခန်းတွင် ဩဇာရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ယွီရှန်းသည် ကိုယ့်စရိတ်ကိုယ်စား အနေဖြင့် အနန္တလမ်းစဉ်အကယ်ဒမီတွင် ကျောင်းသားအဖြစ် စာရင်းသွင်းခဲ့သည်။ ထို့နောက် နဂါးတောင်အခြေစိုက်စခန်းသို့ သွားရန် လျှောက်ထားခဲ့ပြီး ထိုအချိန်မှစ၍ သူသည် ထူးချွန်လာခဲ့သည်။

နောက်ဆုံးတိုက်ပွဲတွင် လင်းဖုန်း၏ ကယ်တင်ခြင်းကို မခံရမီအထိပေါ့။ သူ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရပြီး သူ၏ ဇာတိမြို့သို့ ပြန်လာရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့ကြောင့် ယွီရှန်းသည် ဤမိသားစုအတွက် အဓိက ထောက်တိုင် ဖြစ်ခဲ့သည်။ နဂါးတောင်အခြေစိုက်စခန်းတွင် သူ အသက်ကို ရင်း၍ အလုပ်လုပ်ခဲ့စဉ်က အန္တရာယ်နှင့် ကြုံခဲ့ရသည့်အကြိမ်မှာ မရေမတွက်နိုင်အောင်ပင်။ မိသားစုအပေါ် ထားရှိသည့် သူ၏ ခိုင်မာသော စိတ်ဓာတ်ဖြင့်သာ သူ ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

“အဖေ၊ အမေ... ဒါက ကျွန်တော့်ချစ်သူ ချန်ရှီး ပါ”

“ချန်ရှီး... ဒါက ကျွန်တော့်မိဘတွေ။ ဟိုဘက်ကတော့ ကျွန်တော့်ညီလေးနဲ့ ညီမလေးပါ”

ယွီရှန်းသည် မပြန်လာမီ မိဘများကို ကြိုတင် အသိပေးထားသောကြောင့် မိသားစုမှာ အံ့ဩခြင်း မရှိပေ။ ချန်ရှီးမှာ ယဉ်ကျေးပြီး သဘောကောင်းသူ ဖြစ်သောကြောင့် မိသားစုမှာ အလွန် ပြေပြေလည်လည် ရှိလှသည်။

ချမ်းချမ်းသာသာ နေထိုင်လာခဲ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သဖြင့် ယွီရှန်း၏ မိဘများမှာ ဝဝဖြိုးဖြိုး ဖြစ်နေကြပြီ ဖြစ်သည်။ ညီဖြစ်သူ ယွီရွှေမှာမူ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော်လည်း အနည်းငယ် ပျင်းရိပုံရပြီး သူ၏ အကြည့်မှာ အနည်းငယ် "ထက်ရှ" နေသည်။

အခြားတစ်ဖက်တွင်မူ ညီမငယ်လေးမှာ အမျိုးသမီးချင်းဖြစ်ပြီး အသက်ချင်းလည်း နီးစပ်သဖြင့် ချန်ရှီးနှင့် အလွန်ပင် တည့်နေကြသည်။

မိသားစု ထမင်းစားပြီးသောအခါ ချန်ရှီးနှင့် ညီမငယ်လေးတို့မှာ ပန်းခြံထဲသို့ ထွက်သွားကြသည်။ အိမ်ထဲတွင် ယွီရှန်း၊ သူ၏မိဘများနှင့် ညီဖြစ်သူ ယွီရွှေတို့သာ ကျန်ရစ်ခဲ့သည်။

“အဖေ၊ အမေ... ကျွန်တော့်ခြေထောက်တွေကတော့ မသန်စွမ်းဖြစ်သွားပြီ။ နောက်နောင် သိုင်းသမားတစ်ယောက် မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော် ဆေးရုံကဆင်းရင် ကုမ္ပဏီတစ်ခု ကိုယ်တိုင်ဖွင့်ပြီး တစ်ခုခု လုပ်ချင်တယ်။ ကျွန်တော် အဖေတို့ဆီ ပို့ထားတဲ့ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ။ ကျွန်တော် တွက်ချက်ကြည့်ပြီး ဘယ်လိုအတိုင်းအတာအထိ လုပ်လို့ရမလဲဆိုတာ ကြည့်ချင်လို့ပါ”

ယွီရှန်းက သူ၏ အကြံအစည်ကို ရှင်းပြလိုက်သည်။ ခက်ခဲသော အလုပ်များကို မိသားစုဝင်များ စုပေါင်းလုပ်ဆောင်ကြခြင်းက အကောင်းဆုံးဖြစ်သည်ဟု သူ ယူဆထားသည်။ သူ ကုမ္ပဏီဖွင့်ချင်သော်လည်း သွားလာရေး ခက်ခဲသဖြင့် ညီဖြစ်သူကိုပါ ကုမ္ပဏီထဲ ဆွဲခေါ်ရန် စဉ်းစားထားသည်။ ညီအစ်ကို နှစ်ယောက် အတူတကွ နာမည်ကျော်ကြားအောင် လုပ်ဆောင်ကြမည်ပေါ့။

ဤနည်းဖြင့် သူ သိုင်းသမား မဟုတ်တော့လျှင်တောင်မှ ကုမ္ပဏီဖွင့်ခြင်းက ငွေရစေမည်ဖြစ်ပြီး မိသားစုမှာလည်း ပူပန်စရာမလိုဘဲ နေထိုင်နိုင်မည် ဖြစ်သည်။

သို့သော် သူ ကုမ္ပဏီဖွင့်ရန် အကြံပြုလိုက်သောအခါ သူ၏ မိဘများမှာ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားပြီး မသဘာဝဖြစ်သွားကြသည်…

All Chapters