← Chapters

စိတ်ဓာတ်ကျဆင်းခြင်း

Vol. 8 Ch. 99

စိတ်ဓာတ်ကျဆင်းခြင်း

Vol. 8 Ch. 99

ဘာသာပြန် - အားသစ်

ယွီရှန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာလာခဲ့သည်။ ချန်ရှီးကလည်း ဘာမှ မမေးခဲ့ပေ။

သူတို့နှစ်ဦး ဂေဟာသို့ ပြန်ရောက်သောအခါ ယွီရှန်းက ရုတ်တရက် မေးလိုက်သည်။

“ရှောင်ရှီး... ဘာဖြစ်ခဲ့လဲဆိုတာ နင် ဘာလို့ ငါ့ကို မမေးတာလဲ”

ချန်ရှီးက ပြုံးပြီး ပြောလိုက်သည်။

“ရှင် ပြောပြချင်ရင် ပြောပြမှာပေါ့”

ယွီရှန်း တိတ်ဆိတ်သွားသော်လည်း သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ထို့နောက် ဖြစ်ပျက်ခဲ့သမျှကို သူ အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ချန်ရှီး၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်အချို့ ပေါ်လာသော်လည်း သူမ ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။

“ယွီရှန်း... ဒီကိစ္စက ရှင့်အတွက် အရမ်း မတရားဘူးဆိုပေမဲ့ ရှင့်မှာ ကျွန်မရှိပါသေးတယ်။ ရှင့်ညီက ဒီလိုလုပ်မှတော့ သူ ကြိုတင်ပြင်ဆင်ထားမှာပဲ။ နောင်ကျရင် ရှင့်ညီနဲ့ အဆက်အသွယ် မလုပ်ဘဲ နေလိုက်ရင် အဆင်ပြေသွားမှာပါ”

ချန်ရှီးသည် ယွီရှန်း၏ ကြီးမားသော ဓနဥစ္စာများကို လုံးဝ ဂရုစိုက်ပုံ မရပေ။ သူမ၏ မျက်စိထဲတွင် ယွီရှန်းကသာ အရေးအကြီးဆုံး ဖြစ်သည်။

ယွီရှန်းသည် ချန်ရှီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“စိတ်မပူပါနဲ့၊ ညီလေးမှာ အမှန်တရားကို လူတိုင်းဆီကနေ ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ ငါ စုံစမ်းစစ်ဆေးပြီး တိုင်တန်းမယ်။ ငါနဲ့ ထိုက်တန်တာတွေက ငါ့ဆီ ပြန်ရောက်လာမှာ သေချာတယ်။ ပြီးတော့ နင့်ကို ငါနဲ့အတူ ဒုက္ခမခံစေရဘူး”

ယွီရှန်း လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ဤကိစ္စကို သူ လက်မခံနိုင်ပေ။ သူသည် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အရင်းနှီးဆုံးလူ၏ အကွက်ဆင်ခြင်းကို ခံခဲ့ရသည်။ အရာအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရသည်။ ဤသည်ကို ယွီရှန်း မည်သို့ လက်ခံနိုင်မည်နည်း။

နောက်တစ်နေ့တွင် ယွီရှန်းသည် ဘဏ်ကို စတင် စုံစမ်းစစ်ဆေးတော့သည်။ စုံစမ်းစစ်ဆေးမှုတွင် ကူညီရန် ပုဂ္ဂလိက စုံထောက်တစ်ဦးကိုပင် ငှားရမ်းခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ၏ ညီဖြစ်သူ ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေကြောင်း တွေ့ရှိရသည်။ ယွီရွှေသည် မိဘများကို နည်းလမ်းအမျိုးမျိုးဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လှည့်စားခဲ့သည်။ ထို့နောက် ပိုက်ဆံများမှာ ရှုံးသွားပြီး ယွီရွှေထံသို့ ရှုပ်ထွေးသော နည်းလမ်းများဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယွီရှန်းသည် ထိုငွေများကို မိဘများထံသို့ သူကိုယ်တိုင် ပို့ပေးခဲ့ကြောင်း သက်သေပြနိုင်လျှင်ပင် အသုံးမဝင်ပေ။ ယွီရှန်း၏ မိဘများတွင် ငွေကို စီမံခန့်ခွဲပိုင်ခွင့် ရှိသည်။ သူတို့က ရင်းနှီးမြှုပ်နှံမှုတွင် အသုံးပြုပြီး အရာအားလုံး ရှုံးသွားခဲ့သည်ဆိုလျှင် ဘာမှ ပြောစရာ မရှိတော့ပေ။

ယွီရွှေ၏ အစွမ်းအစမှာ မိဘများကို တရားဝင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ငွေများကို ဆန္ဒအလျောက် ထုတ်ယူလာစေရန် သိမ်းသွင်းနိုင်ခြင်းပင် ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သူတို့သည် ယွီရွှေ၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ဒေါသအလျောက် ယွီရှန်းသည် ယွီရွှေကို တရားစွဲဆိုခဲ့သည်။ သို့သော် တရားရုံးတွင် သက်သေပြရမည့် အဆင့်၌ ယွီရှန်းသည် ခိုင်လုံသော သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်ခဲ့သဖြင့် ယွီရှန်း အမှုရှုံးသွားခဲ့သည်မှာ သဘာဝကျပေသည်။

“ယွီရှန်း... ငါ ပြောပြီးသားပဲ။ အစ်ကိုကြီး ဘာပဲလုပ်လုပ် အလကားပါပဲ”

ယွီရွှေသည် ယွီရှန်းကို အေးစက်စက် စိုက်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ လှောင်ပြောင်လှည့်စားမှုများဖြင့် ပြည့်နှက်နေသည်။ အမှန်တကယ်တော့ သူ၏ စိတ်ထဲတွင် အလွန် ပေါ့ပါးလွတ်လပ်နေသည်။ ငယ်စဉ်ကတည်းက သူသည် အစ်ကိုကြီး ယွီရှန်း၏ အရိပ်အောက်တွင်သာ နေထိုင်ခဲ့ရသည်။ ယွီရှန်းက သူ့ထက် အသက်ကြီးသည်၊ ဉာဏ်ကောင်းသည်၊ ပြီးတော့ အလွန် လိမ္မာသည်။ သူသည် မိသားစုကို ဦးဆောင်ကာ စောစီးစွာပင် မိသားစုကို ထောက်ပံ့ပေးခဲ့သည်။

မိသားစု၏ အကူအညီမပါဘဲ ယွီရှန်းသည် ကိုယ့်အားကိုယ်ကိုးကာ သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ပြင်ပနယ်မြေတွင်ပင် နာမည်ကျော်ကြားလာခဲ့ပြီး ယွီမိသားစု တစ်ခုလုံးကို ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ကာ အထက်တန်းလွှာသို့ ဝင်ရောက်နိုင်စေခဲ့သည်။

သို့သော် ယွီရွှေမှာမူ ရိုးသားသော အလုပ်ကို မလုပ်ဘဲ မိဘများ၏ အထင်အမြင်သေးခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ယွီရွှေ အလွန် မနာလိုဖြစ်ခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူ၏ မနာလိုမှုမှာ အမုန်းတရားအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူသည် အစ်ကိုကြီး ယွီရှန်း အသက်ကို ရင်းပြီး ရှာဖွေထားသော မိသားစု၏ ငွေကြေးဓနဥစ္စာ အားလုံးကို သူ့အတွက် ရယူရန် စတင် ကြံစည်ခဲ့တော့သည်။

မိဘများက ယွီရွှေကို အထင်မကြီးသော်လည်း သူ့တွင် အားသာချက်တစ်ခု ရှိနေသည်။ ၎င်းမှာ သူသည် တစ်နှစ်ပတ်လုံး မိဘများ၏ အနားတွင် ရှိနေခြင်းပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မိသားစုကို ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပေးရန်အတွက် ယွီရှန်းသည် နှစ်အတော်ကြာမှ အိမ်သို့ တစ်ကြိမ် ပြန်လာနိုင်ခဲ့သည်။

ဤသည်က ယွီရွှေကို အခွင့်အရေး ရစေခဲ့သည်။ သူသည် မိဘများရှေ့တွင် ဟန်ဆောင်ကာ မိဘများကို အဆင့်ဆင့် ရင်းနှီးမြှုပ်နှံရန်ပင် မြှူဆွယ်ခဲ့သည်။ ရလဒ်အနေဖြင့် ပိုက်ဆံများ အားလုံးမှာ သူ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

တစ်ခါတစ်ရံတွင် ယွီရွှေသည် သူ၏ အစ်ကိုကြီး ရုတ်တရက် ပြန်ရောက်လာမည်ကို အလွန် ကြောက်ရွံ့ခဲ့သည်။ ငယ်စဉ်ကတည်းက အစ်ကိုကြီးကို အလွန် ကြောက်ခဲ့ရပြီး အထူးသဖြင့် ယွီရှန်းမှာ အစွမ်းထက်သော သိုင်းသမားတစ်ဦး ဖြစ်နေသောကြောင့်ပင်။ ယွီရှန်း ပြန်လာပြီး သူ လုပ်ခဲ့သည်များကို သိသွားပါက သူ အားလုံးကို ကြိုတင်စီစဉ်ထားလျှင်တောင် ဘာအသုံးဝင်မည်နည်း။ ယွီရှန်းသည် သူ၏ ဩဇာလွှမ်းမိုးမှုနှင့် အဆက်အသွယ်များကို အသုံးပြုကာ ယွီရွှေကို ပိုက်ဆံများ အမြန်ပြန်အန်ထုတ်စေရန် အလွယ်တကူ ပြုလုပ်နိုင်သည်။

ကံကောင်းထောက်မစွာပင် ယွီရှန်းသည် စစ်မြေပြင်တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ မသေဆုံးခဲ့သော်လည်း မသန်စွမ်း ဖြစ်သွားခဲ့သည်။ ယွီရှန်းသည် မျှော်လင့်ချက်မဲ့စေလောက်သည့် ခွန်အားရှိသော အရာရာကို စွမ်းဆောင်နိုင်သည့် သိုင်းသမား မဟုတ်တော့ပေ။

ခေါ်ဆိုနေကြသည့် အဆက်အသွယ်များဆိုသည်မှာလည်း ယွီရှန်း မသန်စွမ်းဖြစ်သွားပြီးနောက် အသုံးမဝင်တော့ပေ။ ယွီရွှေက သူတို့ကို ငွေအမြောက်အမြားဖြင့် လာဘ်ထိုးထားသရွေ့ ပရော်ဖက်ရှင်နယ် သိုင်းသမားများအသင်းကပင် ယွီရှန်းဘက်မှ ရပ်တည်ပေးမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဤကိစ္စမှာ ယွီမိသားစု၏ မိသားစုတွင်း ပြဿနာသာ ဖြစ်သည်။ ပြင်ပလူများက ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြချက် မရှိပေ။

ရက်အနည်းငယ် ကြာပြီးနောက် ယွီရှန်းသည် ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျဆင်းသွားသည်။ သူ အကူအညီ သွားတောင်းသောအခါ သူတို့၏ မျက်လုံးများထဲရှိ အထင်အမြင်သေးမှုများကို သူ ခံစားသိရှိနိုင်သည်။ သနားခြင်း အရိပ်အယောင် အနည်းငယ်လည်း ရှိနိုင်သော်လည်း ဘာအသုံးဝင်မည်နည်း။

သူသည် အစွမ်းထက်သော သိုင်းသမားတစ်ယောက် မဟုတ်တော့ပေ။ သူသည် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားရသည့် မသန်စွမ်းတစ်ယောက်သာ ဖြစ်သည်။

“ငါက တကယ့်ကို အရှုံးသမားပဲ။ လုံးဝ ကျရှုံးသွားပြီ...”

ယွီရှန်း စိတ်ဓာတ်ကျသွားသည်။ တစ်နေ့ထက်တစ်နေ့ သူ ပိုမို စိတ်ဓာတ်ကျဆင်းလာခဲ့သည်။ သူ၏ နှလုံးသားထဲရှိ နောင်တ၊ နာကျင်မှုနှင့် မကျေနပ်မှုများက ညစဉ်ညတိုင်း သူ့ကို နှိပ်စက်နေခဲ့သည်။

ချန်ရှီးက အနားမှာ ရှိနေပေးလျှင်တောင် ချန်ရှီးက မည်သည့်အဖိုးအခကို ပေးရပေးရ ယွီရှန်းနှင့် အတူရှိနေချင်လျှင်တောင် သူမ၏ မိသားစုက အိမ်ပြန်မလာရန် တားမြစ်ထားသည့်တိုင် သူမက ယွီရှန်းကို ပြုစုစောင့်ရှောက်ရန် ရွေးချယ်ခဲ့သည်။ ယွီရှန်း တစ်နေ့တခြား စိတ်ဓာတ်ကျဆင်းလာသည်ကို မြင်သောအခါ ချန်ရှီး၏ ရင်ထဲတွင် နာကျင်ရသည်။ သူမ ငွေကြေး သို့မဟုတ် ဓနဥစ္စာကို ဂရုမစိုက်သော်လည်း ယွီရှန်းကိုမူ ဂရုစိုက်သည်။ ယွီရှန်း ဤကဲ့သို့ ဆက်လက် စိတ်ဓာတ်ကျနေသည်ကို သူမ ကြည့်မနေနိုင်ပေ။

“ယွီရှန်း... ကျွန်မတို့ သေချာပေါက် နည်းလမ်းရှာတွေ့မှာပါ။ နည်းလမ်း သေချာပေါက် ရှိပါတယ်။ ရှင် စိတ်ကို ခိုင်ခိုင်ထားရမယ်”

ချန်ရှီး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသော်လည်း ယွီရှန်းက ခေါင်းပင် မမော့ခဲ့ပေ။ ဘာမျှော်လင့်ချက် ကျန်သေးလို့လဲ။ သူ၏ ယခင်က ဂုဏ်ယူဝင့်ကြွားမှုများ၊ ယခင်က ကိုယ့်ကိုယ်ကိုယ် လေးစားမှုများနှင့် ယခင်က စိတ်ဓာတ်ခွန်အားများ အားလုံးမှာ ရက်အနည်းငယ်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားခဲ့ရပြီ။

ဤသည်မှာ လက်တွေ့ကမ္ဘာ၊ မျှော်လင့်ချက်မဲ့မှုကို ဖြစ်ပေါ်စေသော ကမ္ဘာကြီးပင်။ ယွီရှန်းသည် တစ်ချိန်က သူ ရင်ဆိုင်ခဲ့ရသော အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် သားရဲများထံမှပင် ဤကဲ့သို့သော မျှော်လင့်ချက်မဲ့မှုကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

“လက်မလျှော့ပါနဲ့။ မျှော်လင့်ချက် ရှိရပါမယ်၊ ကျွန်မတို့ကို ကူညီပေးနိုင်မယ့်သူ တစ်ယောက်ယောက်ကို ကျွန်မတို့ ရှာတွေ့မှာပါ...”

ချန်ရှီး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ နာကျင်နေသည်။ ယွီရှန်းကို ဤကဲ့သို့ ဆက်လက် စိတ်ဓာတ်ကျနေစေရန် သူမ ခွင့်မပြုနိုင်ပေ။ တစ်နေ့နေ့တွင် သူမ နိုးထလာပြီး ယွီရှန်းကို ထပ်မတွေ့ရတော့မည်ကို သူမ ကြောက်ရွံ့နေမိသည်။

ယနေ့ ယွီရှန်း အရက်မူးနေသည်။ ချန်ရှီးက သူ့ကို အိပ်ရာပေါ်သို့ တွဲပို့ကာ အနားယူစေလိုက်သည်။ ရုတ်တရက် ယွီရှန်း၏ ခေါင်းအုံးဘေးရှိ ဆက်သွယ်ရေးကိရိယာကို ချန်ရှီး မြင်လိုက်ရသည်။

ဤကာလအတွင်း ယွီရှန်းသည် လူများစွာကို ဆက်သွယ်ခဲ့သော်လည်း မည်သူကမျှ အကူအညီ မပေးခဲ့ကြပေ။

အကြောင်းရင်းတစ်ခုခုကြောင့် ချန်ရှီးသည် လွန်ခဲ့သော အချိန်အတန်ကြာက ယွီရှန်း ပြောပြခဲ့သော ပုံပြင်ဇာတ်လမ်းများကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။ သူနှင့် သူ၏ ရဲဘော်များသည် သားရဲများကို ရင်ဆိုင်ရာတွင် အတူတကွ ဒုက္ခသုခများကို မျှဝေခံစားခဲ့ကြသည်။

ထို့အပြင် နဂါးကျောက်တုံးမြို့၏ သူရဲကောင်းဟု လူသိများသော လူငယ်သိုင်းသမားလေးမှာ ယွီရှန်း၏ တစ်သက်တာ သူငယ်ချင်း မဟုတ်ပါလား။ သူတို့သည် အတူတကွ တိုက်ပွဲဝင်ခဲ့ကြပြီး သေရေးရှင်ရေး အခြေအနေများကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။

“ရှင်က ကြီးကျယ်တဲ့ သူရဲကောင်းတစ်ယောက်ပါ။ နဂါးကျောက်တုံးမြို့က လူ ၃ သန်းကိုတောင် ရှေ့ထွက်ပြီး ကယ်တင်နိုင်ခဲ့ရင် ရှင် သေချာပေါက် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးမလား”

ပူးကပ်ခံရသကဲ့သို့ ချန်ရှီးသည် ယွီရှန်း၏ ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ကောက်ယူကာ ဂရုတစိုက် ရှာဖွေလိုက်သည်။

နောက်ဆုံးတွင် ဆက်သွယ်ရေးကိရိယာထဲမှ နာမည်တစ်ခုကို သူမ တွေ့လိုက်ရသည်။ လင်းဖုန်း...။

လင်းဖုန်း... ဤနာမည်မှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်လှသည်။ နဂါးကျောက်တုံးမြို့ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့်အမျှ နဂါးကျောက်တုံးမြို့ရှိ လူ ၃ သန်းကို ကယ်တင်ခဲ့ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော ပါရမီရှင် သိုင်းသမားအဖြစ် လင်းဖုန်း၏ နာမည်နှင့် သူ၏ နောက်ခံသမိုင်းကြောင်းမှာ သဘာဝကျစွာပင် ပေါ်ထွက်လာခဲ့သည်။

ဤကိစ္စကို သိပ်အာရုံမစိုက်မိသော ချန်ရှီးပင်လျှင် လင်းဖုန်း၏ နာမည်ကို သိနေသည်။

ချန်ရှီး ခဏမျှ တွန့်ဆုတ်သွားသော်လည်း အိပ်မောကျနေစဉ် ယွီရှန်း၏ ညှိုးနွမ်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ ရုတ်တရက် အံတင်းတင်းကြိတ်လိုက်ပြီး ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ ခေါ်ဆိုလိုက်တော့သည်။

All Chapters