← Chapters

ဂုဏ်ပြုဆုချီးမြှင့်ခြင်း

Vol. 8 Ch. 100

ဂုဏ်ပြုဆုချီးမြှင့်ခြင်း

Vol. 8 Ch. 100

ဘာသာပြန် - အားသစ်

တီ... တီ... တီ...

ဆက်သွယ်ရေးကိရိယာ၏ အသံက ချန်ရှီး၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူမ နှလုံးသားမှာ ကြိုးတန်းပေါ်တွင် ချိတ်ဆွဲထားရသကဲ့သို့ ရင်တထိတ်ထိတ်ဖြစ်နေသည်။ လင်းဖုန်းက သူမကို ငြင်းပယ်မည် သို့မဟုတ် အခြားလူများကဲ့သို့ လျစ်လျူရှုသွားမည်ကို သူမ ကြောက်ရွံ့နေမိသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...

ဆက်သွယ်ရေးကိရိယာမှ အသံ ပျောက်သွားသောအခါ ချန်ရှီး ကြောင်အသွားသည်။ ဘယ်သူမှ ဖုန်းမကိုင်ဘူးလား။ သူ တမင်တကာ ဖုန်းမကိုင်တာလား ဒါမှမဟုတ် တစ်ခုခု မှားယွင်းနေလို့လား။

ချန်ရှီး လက်မလျှော့ချင်သဖြင့် ဆက်သွယ်ရေးကိရိယာကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။

ဆယ်စက္ကန့်ခန့် အကြာတွင် ချန်ရှီး ဆက်သွယ်ရေးကိရိယာကို ချထားလိုက်သည်။ မည်သူမျှ ဖုန်းမကိုင်သေးပေ။ သူမသည် မျှော်လင့်ချက်မဲ့သော အကြည့်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှင်တောင် ယွီရှန်းကို မကူညီချင်ဘူးလား"

ချန်ရှီး အလွန် စိတ်ပျက်သွားသော်လည်း မျှော်လင့်ချက် တစ်စွန်းတစ်စကို ဆုပ်ကိုင်ထားဆဲပင်။ လင်းဖုန်း ဖုန်းမကိုင်သော်လည်း သူမ လက်မလျှော့ခဲ့ပေ။ ထိုအစား သူမသည် မက်ဆေ့ခ်ျတစ်စောင် ရေးသားကာ တိုက်ရိုက် ပေးပို့လိုက်သည်။

မက်ဆေ့ခ်ျ၏ အကြောင်းအရာမှာ မကြာသေးမီက ယွီရှန်း ဖြစ်ပျက်ခဲ့သမျှအကြောင်း ဖြစ်သည်။ သူမ လင်းဖုန်းထံမှ အကူအညီ တောင်းခံခဲ့သည်။ လင်းဖုန်း ဖုန်းမကိုင်လျှင်တောင်မှ မက်ဆေ့ခ်ျကိုတော့ သူ မြင်နိုင်လောက်မည် မဟုတ်ပါလား။

ဤသည်မှာ ချန်ရှီး၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

မက်ဆေ့ခ်ျ ပို့ပြီးနောက် ချန်ရှီးသည် သူမ၏ ဆက်သွယ်ရေးကိရိယာကို ညင်သာစွာ ချထားလိုက်သည်။ အိပ်မောကျနေသော ယွီရှန်း၏ မျက်နှာကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ဓားဖြင့် မွှန်းခံနေရသည့်အလား ခံစားရသည်။ ယွီရှန်းကို သားရဲများနှင့် ရင်ဆိုင်ရချိန်တွင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ဘဲ သာမန်လူများကို ကာကွယ်ရန် အရာအားလုံးကို စွန့်လွှတ်ရဲသည့် သိုင်းသမားတစ်ယောက်အဖြစ် ပြန်ဖြစ်လာစေချင်သည်။

ချန်ရှီး၏ နှလုံးသားထဲတွင် ယွီရှန်းမှာ သူမ၏ ထာဝရသူရဲကောင်းပင်။

...

နဂါးကျောက်တုံးမြို့၏ မြို့တော်ခန်းမတွင် သာလွန်လူသား ရှစ်ဦးအပြင် မြို့တော်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အထက်အရာရှိကြီးများ အားလုံး စုရုံးနေကြသည်။ အောက်ဘက်တွင် နဂါးကျောက်တုံးမြို့ ရုပ်မြင်သံကြားဌာနမှ သတင်းထောက်များလည်း ရှိနေသည်။

ဤမျှ စည်ကားနေရခြင်း အကြောင်းရင်းမှာ နဂါးတောင်အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် လုံကျိုးက လင်းဖုန်းကို တောက်ပနေသော ရွှေရောင်တံဆိပ်တစ်ခု ချီးမြှင့်နေသောကြောင့်ပင်။ ဤသည်မှာ လူသားအဖွဲ့အစည်းရှိ အမြင့်ဆုံး ဆုတံဆိပ်သုံးခုအနက် တစ်ခုဖြစ်သော 'လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်' ပင် ဖြစ်သည်။

လင်းဖုန်းသည် တည်ကြည်သော မျက်နှာထားဖြင့် လုံကျိုးထံမှ တံဆိပ်ကို လက်ခံရယူလိုက်ပြီး သူ၏ ရင်ဘတ်တွင် တပ်ဆင်လိုက်သည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်ပိုင်ရှင် နောက်တစ်ဦး ထပ်တိုးလာခဲ့ပြီ ဖြစ်သည်။

“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။ ဒါက တကယ်ကို လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်ကွ။ ငါ ဒီတစ်သက်မှာ အဲဒါကို ရနိုင်ရင်တောင် သေပျော်ပါပြီကွာ”

“ဟားဟားဟား... မင်းက ဆုတံဆိပ် ရချင်တာလား။ ဒီတစ်ကြိမ် အသက်မသေတာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်စမ်းပါ။ ညီလေးလင်းဖုန်းသာ မရှိရင် ငါတို့ အခုလို အသက်ရှင်နေမှာတောင် မဟုတ်ဘူး”

“သေချာတာပေါ့၊ လူသားမျိုးနွယ်ရဲ့ အစစ်အမှန် သူရဲကောင်းတွေကပဲ လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်နဲ့ ထိုက်တန်တာလေ။ ညီလေးလင်းဖုန်း ဒီတံဆိပ်နဲ့ ထိုက်တန်တယ်ဆိုတာကို ငါ အပြည့်အဝ လက်ခံတယ်”

လက်ရှိစကားပြောနေသူများမှာ သာလွန်လူသား ကျွမ်းကျင်သူတချို့ ဖြစ်ကြသည်။ ဤကာလအတွင်း လင်းဖုန်း ပညာရေးအဖွဲ့သို့ ဝင်ရောက်သွားကြောင်း သတင်းကို သူတို့အားလုံး ကြားသိခဲ့ရသည်။ လင်းဖုန်းသည်လည်း သူတို့ကဲ့သို့ပင် အနန္တလမ်းစဉ်အကယ်ဒမီမှ ဖြစ်သည်။ သဘာဝကျစွာပင် သူတို့သည် လင်းဖုန်းနှင့် ပိုမို ရင်းနှီးလာသည်ဟု ခံစားရသည်။

ထို့ကြောင့် သူတို့က လင်းဖုန်းကို ညီလေး ဟုခေါ်ကြပြီး လင်းဖုန်း လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ် ရရှိသည့်အပေါ် ရိုးသားစွာ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အလွန် ကြီးကျယ်ခမ်းနားပြီး ရှုပ်ထွေးလှသည်။ ပြီးဆုံးရန် သုံးနာရီ လေးနာရီခန့် ကြာမြင့်ခဲ့သည်။ အစက လင်းဖုန်း ဤကဲ့သို့ အရှုပ်အထွေးများကို မနှစ်သက်သော်လည်း သူသည် ဤပွဲတွင် အဓိကဇာတ်ကောင်ဖြစ်သဖြင့် သူညည်းညူနေ၍ မရတော့ပေ။ သူ အလုံးစုံ ပူးပေါင်းဆောင်ရွက်ရမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ လင်းဖုန်းသည် နဂါးကျောက်တုံးမြို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်ကို ရရှိခဲ့သည် မဟုတ်ပါလား။ နဂါးကျောက်တုံးမြို့အနေဖြင့် ကြော်ငြာရန် အခွင့်အရေးကို သဘာဝကျစွာပင် လက်လွတ်ခံမည် မဟုတ်ပေ။

မကြာမီတွင် နဂါးကျောက်တုံးမြို့မှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ကပ်ပါးပြု ဝက်အူရစ်ပိုးကောင်များနှင့် ပတ်သက်သော ဖြစ်ရပ်များ မရှိတော့ပေ။ ထို့အပြင် သုတေသနဌာနမှလည်း သတင်းကောင်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူတို့သည် ကပ်ပါးမျိုးစေ့များကို ရှာဖွေနိုင်မည့် ပထမအသုတ် ကိရိယာများကို တီထွင်ပြီးစီးပြီဟု အတိအလင်းကြေညာခဲ့သည်။

ဝက်အူရစ်ပိုးကောင်၏ ကပ်ပါးမျိုးစေ့များကို ဖယ်ရှားနိုင်မည့် ဆေးဝါးများကိုပင် မကြာမီ တီထွင်ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ ထို့နောက်တွင် နဂါးကျောက်တုံးမြို့ရှိ စစ်အုပ်ချုပ်ရေးဥပ‌ဒေကို ရုပ်သိမ်းမည်ဖြစ်ပြီး လင်းဖုန်းအနေဖြင့် နဂါးကျောက်တုံးမြို့တွင် ဆက်နေစရာ မလိုတော့ပေ။

“လင်းဖုန်း... လူသားမျိုးနွယ်ရဲ့ သူရဲကောင်း ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ပညာရေးအဖွဲ့ကို ဝင်ဖို့ မင်းရဲ့ လျှောက်လွှာကိုလည်း အတည်ပြုပြီးပါပြီ။ ရော့... ဒါက မင်းရဲ့ သက်သေခံကတ်ပြားပဲ။ အထက်လူကြီးတွေက မင်းကို အရမ်းမြင့်မားတဲ့ အကဲဖြတ်မှတ်ချက်တွေ ပေးထားတယ်။ ပြီးတော့ အကျိုးပြုတန်ဖိုး ၁၀၀၀ ကိုလည်း ဆုချီးမြှင့်လိုက်တယ်။ ကျစ်... ဒါက အရမ်းအရမ်းကိုများတဲ့ ငွေကြေးပိုင်ဆိုင်မှုပဲကွ။ ငါတောင် အရမ်းကို အားကျမိတယ်”

လုံကျိုးက လင်းဖုန်းကို ခေါ်ကာ သက်သေခံကတ်ပြားအသစ် တစ်ခုကို ပေးလိုက်သည်။ လင်းဖုန်း၏ အချက်အလက်များကို ထိုကတ်နှင့် ချိတ်ဆက်ပြီးသား ဖြစ်သည်။

“အကျိုးပြုတန်ဖိုး ဆိုတာ ဘာလဲဗျ”

“အကျိုးပြုတန်ဖိုး ဆိုတာ အကျိုးပြုမှတ် မဟုတ်ဘူး။ အမှန်တကယ်တော့ အကျိုးပြုတန်ဖိုးက အကျိုးပြုမှတ် ကနေ ဆင်းသက်လာတာပဲ။ အရှင်းဆုံးပြောရရင် အကျိုးပြုတန်ဖိုးဆိုတာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သိုင်းသမားတွေ သူတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုတဲ့ ငွေကြေးပါပဲ။ အနန္တလမ်းစဉ်အကယ်ဒမီမှာ သုံးတဲ့ အမှတ်တွေနဲ့ တူပေမဲ့ အသုံးပြုမှု ပိုကျယ်ပြန့်တယ်။ ပညာရေးအဖွဲ့ရဲ့ အရောင်းဆိုင်မှာ ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုနိုင်ရုံသာမက တခြားအဖွဲ့အစည်းတွေရဲ့ အရောင်းဆိုင်တွေမှာလည်း ပစ္စည်းတွေ ဝယ်ယူနိုင်တယ်။ ဒါတွေအားလုံးက အကျိုးပြုတန်ဖိုးကို သုံးပြီးတော့ ရှင်းရတာပဲ”

လုံကျိုး၏ ရှင်းပြချက်ကို ကြားသောအခါ လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။ အဖွဲ့ကြီး ငါးခုမှာ အချင်းချင်း ပြိုင်ဆိုင်နေကြသည် မဟုတ်ပါလား။ အကျိုးပြုတန်ဖိုးကို အသုံးပြုပြီး အဖွဲ့အစည်းအားလုံးထံမှ ပစ္စည်းများကို မည်သို့ ဝယ်ယူနိုင်မည်နည်း။

လင်းဖုန်း၏ ဇဝေဇဝါဖြစ်နေမှုကို သတိပြုမိပုံရသဖြင့် လုံကျိုးက ထပ်မံ ရှင်းပြလိုက်သည်။

“လင်းဖုန်း... အကျိုးပြုတန်ဖိုးဆိုတာ ဘာလို့ မင်း ထင်လဲ။ အဲဒီ အကျိုးပြုတန်ဖိုး ဆိုတာက ရဖို့ အရမ်း ခက်ခဲတယ်။ အခြေခံအားဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ ပြုလုပ်ခဲ့တဲ့ သာလွန်လူသား ကျွမ်းကျင်သူတွေပဲ အကျိုးပြုတန်ဖိုးကို ရနိုင်တာ။ ဥပမာအနေနဲ့ ငါက နဂါးတောင်အခြေစိုက်စခန်းကို ဆယ်စုနှစ်ပေါင်းများစွာ ကာကွယ်လာခဲ့ပေမဲ့ တစ်နှစ်ကို အကျိုးပြုတန်ဖိုး ၁၀ ပဲ ရတယ်။ ဒါတောင်မှ ငါက နဂါးတောင်အခြေစိုက်စခန်းရဲ့ တာဝန်ခံ ဖြစ်နေလို့ပဲ။ တခြား သာမန် သာလွန်လူသားတွေဆိုရင် ပိုတောင် နည်းသေးတယ်”

“သေချာတာပေါ့၊ တချို့ သိပ္ပံသုတေသနပညာရှင်တွေနဲ့ တခြား သာမန်လူတွေလည်း ရှိပါတယ်။ သူတို့က လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတည်ပြုနိုင်ရင် သူတို့လည်း အကျိုးပြုတန်ဖိုး အတိုင်းအတာတစ်ခုအထိ ရရှိနိုင်တယ်။ အကျိုးပြုတန်ဖိုးကို ငွေကြေးအဖြစ် တိုက်ရိုက် ပြောင်းလဲလို့ မရပေမဲ့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများကြီးကို ဝယ်ယူဖို့ အသုံးပြုနိုင်တယ်။ အဖွဲ့ကြီး ငါးခုမှာရှိတဲ့ ပစ္စည်းအများစုကို ဝယ်ယူနိုင်တယ်၊ သူတို့ရဲ့ အဓိက ပစ္စည်းတချို့ကလွဲလို့ပေါ့ကွာ”

“အကျိုးပြုတန်ဖိုးရှိလို့ပဲ လူ့အဖွဲ့အစည်း လူ့လောကရဲ့ အထက်ပိုင်းအလွှာမှာ အတားအဆီးတွေ ကန့်သတ်ချက်တွေ မရှိတော့ဘူး၊ အငြင်းပွားမှုတွေလည်း နည်းသွားတယ်။ ငါတို့ အတူတကွ လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးစားကြတယ်။ နှစ်ပေါင်းများစွာ လူသားတွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေနိုင်ခဲ့တာက ဒီအကျိုးပြုတန်ဖိုး စနစ်ကြောင့်လည်း အများကြီး ပါတယ်ကွ။ ကောင်းပြီ၊ မင်းက အခု ပညာရေးအဖွဲ့ရဲ့ သာလွန်လူသား ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေပြီ။ မင်းမှာ အတိုင်းအတာတစ်ခုထိ လုပ်ပိုင်ခွင့်အာဏာလည်း ရှိနေပြီ။ မင်း ပြန်သွားပြီး အင်တာနက်ပေါ်မှာ ရှာဖတ်ကြည့်လိုက်။ အဲ့ဒါဆို အခြေခံ ဗဟုသုတတွေ အများကြီး သိလာလိမ့်မယ်”

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူ ပြန်သွားပြီး ပိုမို သိရှိရန် မစောင့်နိုင်တော့ပေ။

“စကားမစပ်၊ ကျွန်တော်က ပညာရေးအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဆိုတော့ စီစဉ်မှုတွေကို လိုက်နာရမှာပေါ့။ ကျွန်တော့်ကို ဘယ်နေရာမှာ တာဝန်ချထားပေးမှာလဲ”

အသွင်ပြောင်းနယ်ပယ် သိုင်းသမားအချို့၏ အခြေခံ အခြေအနေကိုလည်း လင်းဖုန်း သိထားသည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်လာသည်နှင့် အခြေခံအားဖြင့် နယ်ခြား‌ဒေသ(ပြင်ပနယ်မြေ)တွင် တစ်နှစ်ပတ်လုံး နေထိုင်ရမည် ဖြစ်သည်။ သူတို့အတွက် သာမန်လူများကဲ့သို့ မြို့ကြီးများသို့ လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်ရန် မဖြစ်နိုင်ပေ။

“ဟားဟား... စိတ်မပူပါနဲ့။ မင်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုမှ ချိုးဖျက်ထားတာဆိုတော့ ခွင့် ခြောက်လ ရတယ်။ မင်းရဲ့ ခရီးစဉ်ကို လွတ်လွတ်လပ်လပ် စီစဉ်လို့ ရပါတယ်။ ဒါပေမဲ့ အခုချိန် အိမ်ပြန်ဖို့ ငါ အကြံပြုချင်တယ်။ ဘာလို့လဲဆိုတော့ ခြောက်လ ခွင့်ရပြီးရင် အနာဂတ်မှာ ဒီလောက် ရှည်လျားတဲ့ ခွင့်မျိုး ရတော့မှာ မဟုတ်လို့ပဲ”

“ကျွန်တော် အခု ချက်ချင်း အိမ်ပြန်လို့ မရသေးဘူးလေ”

လင်းဖုန်း ခေါင်းခါလိုက်သည်။ နဂါးကျောက်တုံးမြို့တွင် စစ်အုပ်ချုပ်ရေး ရှိနေဆဲဖြစ်သည်။ သူ ပြန်ချင်လျှင်တောင် ပြန်၍ မရနိုင်သေးပေ။

“ကောင်လေး... ငါ မင်းကို သတင်းတစ်ခု ပြောပြမယ်။ အလွန်ဆုံး သုံးရက်အတွင်း နဂါးကျောက်တုံးမြို့က စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းတော့မယ်”

“ဒီလောက်တောင်မြန်တယ်လား”

လင်းဖုန်း အလွန် ဝမ်းသာသွားသည်။ သုတေသနဌာန၏ တိုးတက်မှုမှာ တကယ်ကို မြန်ဆန်လှသည်။ ဝက်အူရစ်ပိုးကောင်များကို ရှာဖွေရာတွင် အသုံးပြုသည့် ကပ်ပါးမျိုးစေ့ ရှာဖွေရေးကိရိယာများနှင့် ၎င်းတို့ကို ဖယ်ရှားရန် ဆေးဝါးများအားလုံး တီထွင်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ စစ်အုပ်ချုပ်ရေးကို သဘာဝကျစွာပင် ရုပ်သိမ်းနိုင်တော့မည် မဟုတ်ပါလား။

ထို့နောက် အခြားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားအချို့က လင်းဖုန်းကို အရက်သောက်ရန် ဆွဲခေါ်သွားကြသည်။ သူတို့အားလုံး လင်းဖုန်းကို ဆုမွန်ကောင်း တောင်းပေးကြသည်။ ဤသည်မှာ ရှားပါးသော အနားယူချိန်တစ်ခုဟု ဆိုနိုင်သည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအားလုံး လင်းဖုန်းကို အလွန် ကျေးဇူးတင်နေကြသည်။ လင်းဖုန်းသာ မရှိခဲ့လျှင် သူတို့အားလုံး သေဆုံးသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံးက လင်းဖုန်းကို သူတို့၏ ညီငယ်လေးကဲ့သို့ ဆက်ဆံကြပြီး ကျေးဇူးတင်မှုအပြင် လေးစားအားကျမှုကိုပါ ခံစားနေကြရသည်။ ဤကဲ့သို့စည်ကားသော လေထုထဲတွင် လင်းဖုန်းသည်လည်း မသိမသာပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့တော့သည်…

All Chapters