သိုင်းနယ်မြေကွန်ရက်
Vol. 8 Ch. 101
ဘာသာပြန် - အားသစ်
လင်းဖုန်းသည်လည်း သောက်ထားသောကြောင့် အနည်းငယ် ယစ်မူးနေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အစွမ်းထက်သော်လည်း ယင်းက အရက်ဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း မဟုတ်ပေ။ အထူးသဖြင့် ဤအကောင်းစား ဝိုင်မှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် အထူးဖော်စပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသိုင်းသမားများကို ယစ်မူးသွားစေရန် သဘာဝကျစွာပင် အာမခံချက် ရှိပေသည်။
လင်းဖုန်းသည် လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်ကို ရရှိခဲ့ပြီး သူ ဆန္ဒရှိသည့်အတိုင်း ပညာရေးအဖွဲ့သို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ ထူးဆန်းသော ရောဂါမှာလည်း နောက်ဆုံးတွင် ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ ဤပေါ့ပါးလွတ်လပ်သော စိတ်ခံစားချက်ဖြင့် လင်းဖုန်းသည် သာလွန်လူသား ကျွမ်းကျင်သူတချို့နှင့်အတူ ပုံမှန်ထက် ပို၍ သောက်ခဲ့မိသည်။ သူသည် ယခုအချိန်အထိ မူးနေဆဲဖြစ်ရာ ယိုင်တိယိုင်တိုင်ဖြင့် ကုတင်ပေါ်သို့ လဲကျသွားသည်။ စားပွဲပေါ်ရှိ ဆက်သွယ်ရေးကိရိယာတွင် မီးနီလေး လင်းလက်နေသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။
နောက်တစ်နေ့ နံနက်စောစောတွင် လင်းဖုန်း လန်းဆန်းစွာ နိုးထလာပြီး အကြောဆန့်လိုက်သည်။ သူ အိပ်ရာထနောက်မကျတတ်သည်မှာ အတော်ကြာပြီ ဖြစ်သည်။ ယခင်က မျိုးရိုးဗီဇကန့်သတ်ချက်ကို အမြန်ဆုံး ချိုးဖျက်နိုင်ရန် သူသည် နေ့စဉ် စောစောထကာ ပုံမှန် လေ့ကျင့်ခဲ့ရသည်။ ဤမျှ နောက်ကျသည်အထိ သူ မည်သို့ အိပ်နိုင်မည်နည်း။
သူ နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ရာ မနက် ကိုးနာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အမြန်ထလိုက်သည်။ ဒီနေ့ အရေးတကြီး ကိစ္စရှိ၍ မဟုတ်ချေ။ သူ အွန်လိုင်းအရောင်းဆိုင်ကို ကြည့်ရှုရန် အတော်လေး စိတ်စောနေသောကြောင့် ဖြစ်သည်။
လင်းဖုန်း ပုံရိပ်ယောငကွန်ရက်ထဲသို့ အမြန် ဝင်လိုက်သည်။ အနန္တလမ်းစဉ်အကယ်ဒမီ ဖိုရမ်၏ ထိပ်ဆုံးတွင် ဆက်သွယ်ဝင်ရောက်ရန် အချက်အလက်(link) တစ်ခု ရှိသည်။ သာလွန်လူသား ဖြစ်လာပြီး အသိအမှတ်ပြုလက်မှတ်နှင့် အခွင့်အာဏာ ရရှိထားသော သိုင်းသမားများသာ ၎င်းကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ သာမန် သိုင်းသမားများ လုံးဝ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လင်းဖုန်း ချက်ချင်းပင် ထိုလင့်ခ်ကို နှိပ်လိုက်ရာ ရုတ်ချည်းဆိုသလို ပုံရိပ်(window)တစ်ခု ပေါ်လာသည်။
"အခွင့်အာဏာ စစ်ဆေးနေပါသည်"
"အခွင့်အာဏာ အတည်ပြုပြီးပါပြီ။ ကြိုဆိုပါတယ် လူကြီးမင်း လင်းဖုန်း"
လင်းဖုန်း၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး သူ၏ ရှေ့မှ မြင်ကွင်းမှာ ကြီးမားစွာ ပြောင်းလဲသွားသည်။
ဤသည်မှာ နေရာအသစ်စက်စက်တစ်ခု ဖြစ်သည်။ အောက်ဘက်တွင် ဖိုရမ်တစ်ခု ရှိပြီး ရိုးရှင်းသော ရှင်းလင်းချက်တချို့လည်း ရှိသည်။ ဤဖိုရမ်သည် ကမ္ဘာပေါ်ရှိ သာလွန်လူသား ကျွမ်းကျင်သူအားလုံး အပြန်အလှန် ဆက်သွယ်နိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပြီး မည်သည့် အဖွဲ့အစည်းကိုမျှ ကန့်သတ်ထားခြင်း မရှိပေ။
ထို့အပြင် အွန်လိုင်းစတိုးဆိုင် ဘုတ်အဖွဲ့ကို အဓိက ဘုတ်အဖွဲ့ ခြောက်ခုအဖြစ် ခွဲခြားထားသည်။ အဖွဲ့ကြီး ငါးခု၏ ဘုတ်အဖွဲ့များအပြင် သိုင်းသမားများ လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်သည့် လွတ်လပ်သော ဘုတ်အဖွဲ့လည်း ရှိသေးသည်။ ထိုနေရာတွင် ထူးဆန်းသော ပစ္စည်းမြောက်မြားစွာကို ချိတ်ဆွဲထားပြီး အများစုမှာ နတ်ဆိုးများထံမှ ရရှိသော အရာများ ဖြစ်ကြသည်။
ဥပမာအားဖြင့် နတ်ဆိုးများ၏ အလောင်းများ သို့မဟုတ် နတ်ဆိုးများ၏ ခန္ဓာကိုယ်မှ အရာဝတ္ထုများအားလုံးကို ရောင်းချနိုင်သည်။ လင်းဖုန်း အလွန် အံ့အားသင့်သွားသည်။
လင်းဖုန်းသည် သူ၏ ကိုယ်ပိုင် စာဝင်ပုံးထဲတွင် မက်ဆေ့ခ်ျတစ်စောင် တွေ့လိုက်ရသဖြင့် ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
"သိုင်းနယ်မြေကွန်ရက်မှ ကြိုဆိုပါတယ်။ ဤနေရာသည် လူသားသိုင်းသမားများ၊ သိပ္ပံပညာရှင်များနှင့် စစ်သားများ အပါအဝင် လူသားမျိုးနွယ်အတွက် အရေးကြီးသော စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သူတွေအကြား ဆက်သွယ်ပြောဆိုနိုင်သည့် သုခဘုံတစ်ခု ဖြစ်ပါသည်။ သင်သည် အွန်လိုင်းစတိုးဆိုင်တွင် ပစ္စည်းများ ဝယ်ယူရန် အကျိုးပြုမှတ်များကို အသုံးပြုနိုင်ပြီး လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ပါသည်။ သင့်ကိုယ်ပိုင် အခွင့်အာဏာကို အခြားသူများထံ လွှဲပြောင်းပေး၍ မရနိုင်ပါ"
ဤမက်ဆေ့ခ်ျမှာ သိုင်းပညာနယ်ပယ် ကွန်ရက်၏ ရိုးရှင်းသော မိတ်ဆက်တစ်ခုသာ ဖြစ်သည်။ သိုင်းသမားများအပြင် ဤနေရာတွင် အခြားသော လူသား လက်ရွေးစင်များလည်း ရှိကြသည်။ သူတို့ကို လူသားမျိုးနွယ်၏ စစ်မှန်သော အထက်တန်းလွှာများဟု ခေါ်ဆိုနိုင်ပေသည်။
သိုင်းနယ်မြေကွန်ရက်သည် နည်းပညာ၊ သိုင်းပညာ အစရှိသည်တို့ အပါအဝင် အရာအားလုံးကို လွှမ်းခြုံထားသည်။ အရောင်းအဝယ်နှင့် ဆက်သွယ်ပြောဆိုမှုများကိုလည်း ဤနေရာတွင် လွတ်လပ်စွာ ပြုလုပ်နိုင်သည်။ ဤနေရာရှိ တစ်ခုတည်းသော ငွေကြေးမှာ အကျိုးပြုတန်ဖိုးသာ ဖြစ်သည်။ ထို့အပြင် အကျိုးပြုတန်ဖိုးကို ရရှိရန်မှာ အလွန်တရာ ခက်ခဲလှသည်။ သူတော်စင်ကိုးပါးသည် သိုင်းနယ်မြေကွန်ရက်ကို ပူးပေါင်းဖန်တီးခဲ့ပြီး ငွေကြေးဖောင်းပွမှု သို့မဟုတ် ငွေကြေးတင်းမာမှု ကဲ့သို့သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရန် အကျိုးပြုတန်ဖိုးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ထို့ကြောင့် ဤနေရာရှိ အကျိုးပြုတန်ဖိုး၏ တည်ငြိမ်မှုနှင့် လုပ်ဆောင်နိုင်စွမ်းမှာ အလွန်တရာ မြင့်မားလှသည်။
လင်းဖုန်းသည် ယခင်က ဤအဆင့်အတန်းမျိုးနှင့် မထိတွေ့ခဲ့ဖူးပေ။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ အထက်ပိုင်းအလွှာဖြစ်ကြောင်း ထင်ရှားလှသည်။ သာလွန်လူသား ကျွမ်းကျင်သူများအပြင် ဝင်ရောက်ခွင့် အာဏာရှိသည့် အခြားသူများမှာ အထက်တန်းလွှာ နိုင်ငံရေးသမားများ သို့မဟုတ် ကျွမ်းကျင်သော သိပ္ပံသုတေသနပညာရှင်များသာ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ အသက်မွေးဝမ်းကျောင်း နယ်ပယ်အသီးသီးမှ အထူးချွန်ဆုံးနှင့် ထိပ်တန်း ပါရမီရှင်များသာ သိုင်းပညာနယ်ပယ် ကွန်ရက်သို့ ဝင်ရောက်နိုင်ကြသည်။
ဤသည်ကို လူ့အဖွဲ့အစည်း၏ ထိပ်တန်းအရင်းအမြစ်များအားလုံး ပေါင်းစပ်သည့် နည်းလမ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပေသည်။
ထို့အပြင် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်စေ၊ ဖိုရမ်တွင် စကားပြောခြင်းဖြစ်စေ အားလုံးကို နာမည်အရင်းဖြင့်သာ ပြုလုပ်ရကြောင်းကိုလည်း လင်းဖုန်း သတိပြုမိခဲ့သည်။ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
ယင်းအကြောင်းအကိစ္စအဝဝတို့ကို အကြမ်းဖျင်း နားလည်ပြီးနောက် လင်းဖုန်းသည် စတိုးဆိုင်ထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်သွားသည်။ သူသည် သဘာဝကျစွာပင် ပညာရေးအဖွဲ့၏ စတိုးဆိုင်ထဲသို့ ဝင်ရန် ရွေးချယ်လိုက်သည်။
ရွှစ်
လင်းဖုန်း၏ မျက်စိရှေ့ရှိ ဖန်သားပြင်သည် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ ပညာရေးအဖွဲ့၏ စတိုးဆိုင်တွင် ကုန်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ လင်းဖုန်းသည် သိုင်းပညာရပ်များ၊ ကျင့်စဉ်များ အစရှိသည်တို့ကို ရွေးချယ်ကြည့်ရှုလိုက်သည်။
လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခါစသာ ရှိသေးပြီး သူ၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲခြင်း အပြည့်အဝ မပြီးဆုံးသေးပေ။ သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရ ကြယ်တာရာစွမ်းအားကို ကြိုတင် စုစည်းရန်မှာ ပြဿနာ မဟုတ်ပေ။ ထို့ကြောင့် ကြယ်တာရာစွမ်းအား လေ့ကျင့်ရန်အတွက် ကျင့်စဉ်တစ်ခု လိုအပ်နေသည်။
ပညာရေးအဖွဲ့၏ စတိုးဆိုင်တွင် ကြယ်တာရာစွမ်းအား ကျင့်စဉ်များမြောက်များစွာ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြယ်တာရာစွမ်းအား လေ့ကျင့်ရန် ကျင့်စဉ် တစ်ထောင်ခန့် ရှိသည်။ သို့သော်လည်း ၎င်းတို့၏ စျေးနှုန်းများမှာ အခြေခံအားဖြင့် တူညီနေကြသည်။
ကျင့်စဉ်တိုင်းနီးပါး၏ စျေးနှုန်းမှာ အကျိုးပြုတန်ဖိုး ၅၀ ဖြစ်သည်။
အကျိုးပြုတန်ဖိုး ၅၀ ဆိုသည်မှာ တကယ်တော့ အတော်လေး ဈေးကြီးသည်။ မည်သို့ပင်ဆိုစေ လုံကျိုးသည် နဂါးတောင်အခြေစိုက်စခန်းကို ကာကွယ်စောင့်ရှောက်ရာတွင် တစ်နှစ်လျှင် အကျိုးပြုတန်ဖိုး ၁၀ သာ ရရှိသည်။ အကယ်၍ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားသာဆိုလျှင် ထို့ထက်ပင် နည်းနိုင်သေးသည်။
ဤအကျိုးပြုတန်ဖိုး ၅၀ မှာ နည်းနည်းနောနော ပမာဏ မဟုတ်ပေ။
သို့သော် ယေဘုယျအားဖြင့် ပြောရလျှင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် မည်သည့် အဖွဲ့အစည်းသို့ ဝင်ရောက်သည်ဖြစ်စေ ဆုလာဘ်တချို့ ရရှိကြမည်သာ ဖြစ်သည်။ သူတို့သည် အနည်းဆုံး အကျိုးပြုတန်ဖိုး ၅၀ ရရှိကြပေလိမ့်မည်။ ဤသည်မှာ အခြေခံအားဖြင့် လူတိုင်းသိ တိတ်တဆိတ် သဘောတူညီချက်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အကျိုးပြုတန်ဖိုး ၅၀ ဖြင့်သာ ကြယ်တာရာစွမ်းအား လေ့ကျင့်ရန် ကျင့်စဉ်တစ်ခုကို ဝယ်ယူနိုင်မည် မဟုတ်ပါလား။ သိုင်းသမားများသည် အကျိုးပြုတန်ဖိုး မရှိဘဲ ကြယ်တာရာစွမ်းအားကို မလေ့ကျင့်နိုင်ပေ။ ထိုသို့မဟုတ်ဘဲ သိုင်းသမားများ ကြယ်တာရာစွမ်းအား စုစည်းခြင်းကို နှောင့်နှေးစေမည်ဆိုပါက ထိုကိစ္စမှာ လူသားမျိုးနွယ်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
လင်းဖုန်းတွင် စုစုပေါင်း အကျိုးပြုတန်ဖိုး ၁၀၀၀ ရှိသည်။ ဤသည်မှာ ပညာရေးအဖွဲ့က လင်းဖုန်းအား ပေးအပ်သော ဆုလာဘ် ဖြစ်သည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ဤကိစ္စ၏ နောက်ကွယ်မှ အကြောင်းရင်း ဖြစ်နိုင်ကြောင်းကိုပင် လင်းဖုန်း ဝေဝေဝါးဝါး ခန့်မှန်းမိသည်။
သို့မဟုတ်ပါက အကျိုးပြုတန်ဖိုး ၁,၀၀၀ ကို တစ်ကြိမ်တည်းဖြင့် မည်သို့ ဆုချီးမြှင့်ခံရနိုင်မည်နည်း။ သူသည် လူသားမျိုးနွယ်၏ သူရဲကောင်း ဖြစ်လျှင်တောင် ရာဂဏန်းအနည်းငယ် ဆုချီးမြှင့်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ယခုမူ သူ့တွင် အကျိုးပြုတန်ဖိုး ၁,၀၀၀ ရှိနေလေပြီ။
သံသယဖြစ်ဖွယ်မရှိ ပညာရေးအဖွဲ့၏ အထက်လူကြီးများသည် လင်းဖုန်းကို အလွန် အလေးထားကြသည်ပင်။ လင်းဖုန်း အနေဖြင့် အစောပိုင်း အဆင့်များတွင် အကျိုးပြုတန်ဖိုးအတွက် စိုးရိမ်စရာ မလိုဘဲ သူ၏ ခွန်အားကို အမြန်ဆုံး တိုးတက်လာစေရန် သူတို့ မျှော်လင့်ကြသည်။ လင်းဖုန်း တွေ့ရာမြင်ရာ ချက်ချင်း ဝယ်ယူခြင်း မပြုပေ။ မည်သို့ပင်ဆိုစေ သူ့တွင် အကျိုးပြုတန်ဖိုး ၁၀၀၀ ရှိပြီး မည်သည့်အရာကိုမဆို ဝယ်ယူရန် လုံလောက်နေသည်။ ထို့ကြောင့် သူ သေချာ ရွေးချယ်ရမည် ဖြစ်သည်။ ကြယ်တာရာစွမ်းအား ကျင့်ကြံခြင်းမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းဖြစ်ပြီး တည်ငြိမ်မှု ရှိစေရန် သေချာလုပ်ဆောင်ရပေမည်။
သို့သော် ကျင့်စဉ်များကို လင်းဖုန်း သေသေချာချာ လေ့လာကြည့်ပြီးနောက် သူ စတင် တွန့်ဆုတ်လာသည်။
သိရသည်မှာ ကြယ်တာရာစွမ်းအား လေ့ကျင့်သော ကျင့်စဉ်များအကြား စွမ်းအားပိုင်းတွင် ကွာခြားချက် မရှိပေ။ အကြောင်းမှာ သူတို့အားလုံးသည် ကြယ်တာရာများ၏ စွမ်းအားကို စုပ်ယူကြသောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် ဤကမ္ဘာကို လွှမ်းခြုံထားသော ကောင်းကင်မျက်နှာကြက်ကြောင့် ကြယ်တာရာများ၏ စွမ်းအားမှာ မဆင်းသက်လာမီကပင် စစ်ထုတ်ခံလိုက်ရသဖြင့် အတော်လေး နူးညံ့သွားပြီး စိုးရိမ်စရာမလိုဘဲ စုပ်ယူနိုင်စေသည်။
ကြယ်တာရာစွမ်းအားအားလုံးမှာ တန်းတူနီးပါး အစွမ်းထက်ကြပြီး တစ်ခုတည်းသော ကွာခြားချက်မှာ မည်မျှ ပမာဏ ရှိသနည်း ဆိုသည်ပင်။ သို့သော် ၎င်းမှာလည်း သတ်မှတ်ထားသော အတိုင်းအတာပမာဏတစ်ခု ရှိသည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ကြယ်တာရာများ၏ စွမ်းအားကို စုစည်းကာ ကြယ်တာရာစွမ်းအား အမျှင်တန်းလေးများအဖြစ် ပြောင်းလဲကြသည်။ အမှန်တကယ်တန်းတွင် ကြယ်တာရာစွမ်းအား ပမာဏအနည်းအများအပေါ် မူတည်၍ အသွင်ပြောင်းနယ်ပယ်တွင် အဆင့်ငယ်သုံးခု ခွဲထားသည်။
အသွင်ပြောင်းနယ်ပယ် ပထမအဆင့်တွင် ခန္ဓာကိုယ်ထဲ၌ ကြယ်တာရာစွမ်းအား အမျှင်တန်း အများဆုံး ၉၉ ခုအထိ စုစည်းနိုင်သည်။
အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်တွင် ခန္ဓာကိုယ်ထဲ၌ ကြယ်တာရာစွမ်းအား အမျှင်တန်း အများဆုံး ၉၉၉ ခုအထိ စုစည်းနိုင်သည်။
အသွင်ပြောင်းနယ်ပယ် တတိယအဆင့်တွင်မူ ခန္ဓာကိုယ်ထဲ၌ ကြယ်တာရာစွမ်းအား အမျှင်တန်း အများဆုံး ၉,၉၉၉ ခုအထိပင် စုစည်းနိုင်သည်။
အဆင့်ငယ်တစ်ဆင့်ချင်းစီတိုင်းကြားတွင် ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအား ပမာဏမှာ ဆယ်ဆခန့် ကွာခြားသည်။ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်တွင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုသာ အများဆုံး ရှိသည်မှာ ထိုနယ်ပယ်အတွက် အကန့်အသတ်ဖြစ်ပြီး မည်သူမျှ မချိုးဖျက်နိုင်သော အကန့်အသတ်ပင် ဖြစ်သည်။
ထိုကျင့်စဉ်များမှာ ကြယ်တာရာစွမ်းအား လေ့ကျင့်ရာတွင် အထောက်အကူပြုရုံသာ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် အနည်းငယ် ပိုမြန်အောင်သာ လုပ်ဆောင်ပေးနိုင်ပြီး အသေးစား ကျင့်စဉ်အဆင့်များကိုပင် မချိုးဖျက်ရန် အကူအညီမပေးနိုင်ပေ။ ထို့ကြောင့် ကျင့်စဉ်များမှာ အခြေခံအားဖြင့် အားလုံး ဆင်တူကြသည်။
ထိုသို့ဆိုလျှင် လင်းဖုန်း အနေဖြင့် ရွေးချယ်စရာ သိပ်မရှိတော့ပေ။ သူသည် ကြယ်တာရာဝဲဂယက်ဟုခေါ်သော ကျင့်စဉ်တစ်ခုကို တိုက်ရိုက် ရွေးချယ်လိုက်သည်။ စျေးနှုန်းမှာ အကျိုးပြုတန်ဖိုး ၆၀ ဖြစ်သည်။ မိတ်ဆက်စာတွင် ထိုကျင့်စဉ်၏ ကြယ်တာရာစွမ်းအား စုစည်းမှုအရှိန်မှာ အနည်းငယ် ပိုမြန်သည်ဟု ဆိုထားသည်။
မည်မျှ ပိုမြန်သည်ဆိုသည်ကိုတော့ လင်းဖုန်းလည်း မသိပေ။ စျေးနှုန်းမှာ သာမန် ကြယ်တာရာစွမ်းအား ကျင့်စဉ်များထက် အနည်းငယ် ပိုဈေးကြီးသော်လည်း အကျိုးပြုတန်ဖိုး ၁၀ လောက် ပိုသုံးရသည်ကို သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ ယခုအခါ သိုင်းနယ်မြေ ကွန်ရက်တွင် လင်းဖုန်းကို အမှန်တကယ် ကြွယ်ဝချမ်းသာသူတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။ ကြီးမားသော ဓနဥစ္စာဖြစ်သည့် အကျိုးပြုတန်ဖိုး ၁၀၀၀ ရှိသူအဖို့ ထိုမျှလောက်သော စျေးနှုန်းကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။
ထို့အပြင် လင်းဖုန်းတွင် လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ် ရှိသည်။ စတိုးဆိုင်တွင် ပစ္စည်းများ ဝယ်ယူရာတွင် ၂၀ ရာခိုင်နှုန်း လျှော့စျေး ရရှိနိုင်သည်။ ထို့ကြောင့် တကယ်တန်းတွင် သူသည် ကြယ်တာရာဝဲဂယက် ကျင့်စဉ်ကို ဝယ်ယူရန် အကျိုးပြုတန်ဖိုး ၄၈ သာ သုံးစွဲခဲ့ရသည်။