ကြယ်တာရာဝဲဂယက်
Vol. 8 Ch. 102
ဘာသာပြန် - အားသစ်
ကြယ်တာရာဝဲဂယက်ကျင့်စဥ်ကို ဝယ်ယူပြီးနောက် လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ ကျန်ရှိနေသော နောက်ထပ် အဆင့်ခြောက်ဆင့်ကိုလည်း ရှာဖွေကြည့်လိုက်သည်။ အကယ်ဒမီ၏ စတိုးဆိုင်တွင် ထိုကျင့်စဉ် ရှိနေသည်မှာ မှန်သော်လည်း ဝယ်ယူသူ အရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။
လင်းဖုန်း သေသေချာချာ စဉ်းစားကြည့်သောအခါ အကြောင်းရင်းအချို့ကို အကြမ်းဖျင်း နားလည်သွားသည်။
ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ နောက်ဆုံး အဆင့်ခြောက်ဆင့်မှာ တစ်ဆင့်လျှင် အကျိုးပြုတန်ဖိုး ၁၀၀ စီ ပေးရသည်။ ဤသည်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေသကဲ့သို့ပင်။ ဤစျေးနှုန်းဖြင့် မည်သူမျှ ဝယ်ယူလိုစိတ် ရှိကြမည် မဟုတ်ပေ။ ယင်းမှာ မယုံနိုင်လောက်အောင်ပင် စျေးကြီးလွန်းလှသည်။
အကြောင်းရင်းမှာ ရိုးရှင်းသည်။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်သည် ကြယ်တာရာစွမ်းအားကို အသုံးပြုသည့် သိုင်းပညာ မဟုတ်ဘဲ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အသုံးချသည့် သိုင်းပညာ ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သာလွန်လူသား ကျွမ်းကျင်သူအားလုံးသည် သူတို့၏ အာရုံစိုက်မှုကို ကြယ်တာရာစွမ်းအား လေ့လာခြင်းသို့ ပြောင်းလဲလိုက်ကြသည်။ ဥပမာအားဖြင့် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦး၏ သာမန် တိုက်ခိုက်မှုတစ်ခုသည် တန် ၁၀၀ ခန့်ခွန်အားကိုသာ ထုတ်ဖော်နိုင်သည်။
သို့သော် ကြယ်တာရာစွမ်းအားကို ပေါင်းစပ်လိုက်လျှင် ယင်းခွန်အားမှာ တစ်ဆ သို့မဟုတ် နှစ်ဆခန့် ထပ်မံတိုးလာပေလိမ့်မည်။ ထို့အပြင် ကြယ်တာရာသိုင်းပညာရပ်များလည်း ရှိသေးသည်။ ကြယ်တာရာသိုင်းပညာရပ်များကို လေ့ကျင့်ပြီးပါက ကြယ်တာရာစွမ်းအားကို ထုတ်လွှတ်နိုင်ပြီး တိုးလာမည့် ခွန်အားပမာဏမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းပေလိမ့်မည်။
ကြယ်တာရာစွမ်းအားတွင် ဤမျှ များပြားသော အားသာချက်များ ရှိနေပါလျက် မည်သူက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို လေ့ကျင့်လိုပါဦးမည်နည်း။ သူတို့၏ စွမ်းအင်အားလုံးကို အကုန်အစင် အသုံးပြုလျှင်ပင် ထိရောက်မှု ရှိချင်မှ ရှိပေလိမ့်မည်။ ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများနေပေသည်။
ဤသည်မှာ အသွင်ပြောင်းနယ်ပယ်၏ ပထမအဆင့်သာ ရှိသေးသည်။ အကယ်၍ ဒုတိယအဆင့်၊ တတိယအဆင့် သို့မဟုတ် နတ်ဘုရားနယ်ပယ်သို့ အသက်ဝိညဥ်၏ ဒုတိယမြောက် အသွင်ကူးပြောင်းမှု ဖြစ်လာလျှင် ကြယ်စင်စွမ်းအားသည် ပိုမိုများပြားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖန်တီးခဲ့သော ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်မှာ အမှန်တကယ်တန်းတွင် ကျရှုံးသော ထုတ်ကုန်တစ်ခုသာ ဖြစ်သည်။ ထိုစဉ်က ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ကြယ်တာရာစွမ်းအားကို ပေါင်းစပ်ကာ ခွန်အားကို ဆယ်ဆ အဆတစ်ရာအထိ ချက်ချင်း ထုတ်ဖော်နိုင်မည့် သိုင်းပညာရပ်တစ်ခု ဖန်တီးရန် စိတ်ကူးခဲ့သည်။
သို့သော် ဤအတွေးမှာ အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို အဆုံးစွန်အထိ လေ့ကျင့်လျှင်ပင် တစ်စုံယောက်၏ ခွန်အားကို ကိုးဆသာ တိုးလာစေနိုင်သည်။ ဆယ်ဆ အဆတစ်ရာအထိ ခွန်အားကို မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
ထို့ကြောင့် နောက်ဆုံးတွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ထိုကျရှုံးခဲ့သော ဖန်တီးမှုကို စတိုးဆိုင်ထဲသို့ ပစ်ထည့်ထားလိုက်ခြင်း ဖြစ်သည်။ ကျရှုံးခဲ့သော ပစ္စည်းတစ်ခု ဖြစ်သော်လည်း ၎င်းမှာ သူတော်စင်တစ်ဦးထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် စျေးနှုန်းမှာ အမြဲတစေ ကြီးမြင့်နေခဲ့သည်။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ရန် ဤမျှ များပြားသော အကျိုးပြုတန်ဖိုးကို သုံးစွဲမည့်သူ အလွန်ပင် နည်းပါးလှသည်။
“အဆင့်ခြောက်ဆင့်လုံးကို ဝယ်လိုက်မယ်”
လင်းဖုန်း လုံးဝ တွန့်ဆုတ်မနေခဲ့ပေ။ ကျန်ရှိနေသော ကျင့်စဉ် အဆင့်ခြောက်ဆင့်လုံးကို ချက်ချင်း ဝယ်ယူလိုက်သည်။ ဤကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်မှာ အမှန်တကယ်တန်းတွင် အားနည်းချက်ရှိသော သိုင်းပညာ ကျရှုံးခဲ့သော ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း သူ သိထားသော်လည်း လင်းဖုန်းအတွက်မူ ထိုကျင့်စဉ်မှာ သူ့အတွက် အထူးဖန်တီးထားသကဲ့သို့ပင်။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ ထိရောက်မှုစွမ်းအားမှာ သူ၏ လက်ထဲတွင် မယုံနိုင်လောက်အောင် ထွက်ပေါ်လာပေလိမ့်မည်။
ထိုစဉ်က ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို ဖန်တီးခဲ့သော ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် ဤသိုင်းပညာမှာ လင်းဖုန်းနှင့် ဤမျှအထိ လိုက်ဖက်လိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။
ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ နောက်ထပ် အဆင့်ခြောက်ဆင့်အတွက် စျေးနှုန်းမှာ အကျိုးပြုတန်ဖိုး ၆၀၀ ဖြစ်သည်။ သို့သော် လင်းဖုန်းသည် ၂၀ ရာခိုင်နှုန်း လျှော့စျေး ရရှိသောကြောင့် အကျိုးပြုတန်ဖိုး ၄၈၀ သာ လိုအပ်သည်။ ထို့အပြင် လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကိုလည်း အကျိုးပြုတန်ဖိုး ၄၈ ဖြင့် ဝယ်ယူခဲ့သည်။ ဒီနေ့ တစ်ရက်တည်းမှာပင် လင်းဖုန်းသည် အကျိုးပြုတန်ဖိုး ၅၂၈(ချစ်မေတ္တာပေါ့😁) ကို တစ်ပြိုင်နက် သုံးစွဲခဲ့သည်။
ကြယ်တာရာစွမ်းအားကျင့်စဉ်နှင့် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်များအပြင် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ကြယ်တာရာစွမ်းအားကို အထူးအသုံးပြုသည့် သိုင်းပညာရပ်အချို့ကိုလည်း ဝယ်ယူကြသည်။ ဤသည်မှာ သာလွန်လူသား သိုင်းသမားများအတွက် အဓိက လေ့ကျင့်မှု ဖြစ်သည်။
ထိုသိုင်းပညာရပ်များမှာ အလွန် စျေးကြီးလှသည်။ လင်းဖုန်း သိုင်းပညာရပ်များကို အကြမ်းဖျင်း ကြည့်ရှုလိုက်သည်။ သိုင်းပညာရပ်တစ်ခုချင်းစီမှာ ယေဘုယျအားဖြင့် အကျိုးပြုတန်ဖိုး ၁၀၀ ထက်ပို၍ ပေးရသည်။ လင်းဖုန်း ဝယ်နိုင်စွမ်း မရှိ၍ မဟုတ်ပေ။ သူ၏ အကောင့်ထဲတွင် အကျိုးပြုတန်ဖိုး ၄၇၂ ကျန်ရှိနေသေးရာ ပထမတန်းစား ကြယ်တာရာသိုင်းပညာရပ်တစ်ခု ဝယ်ယူရန် လုံလောက်နေသည်။ သို့သော် သူ မလောပေ။ ယခုအချိန်သည် ကြယ်တာရာသိုင်းပညာရပ် ဝယ်ယူရန် အချိန်မဟုတ်သေးပေ။
မည်သို့ပင်ဆိုစေ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား တစ်စုံတစ်ရာမျှ မစုစည်းရသေးသဖြင့် ကြယ်တာရာသိုင်းပညာ ဝယ်ယူခြင်းမှာ အသုံးမဝင်သေးပေ။ ယခု လက်တလော အရေးကြီးဆုံးကိစ္စမှာ ကြယ်တာရာစွမ်းအားကို အရင်ဆုံး စုစည်းရန်ပင်။
ထို့ကြောင့် လင်းဖုန်းသည် သိုင်းနယ်မြေကွန်ရက်မှ ထွက်လိုက်သည်။ ကြယ်တာရာဝဲဂယက်ကျင့်စဉ်နှင့် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ အဆင့်ခြောက်ဆင့် ကျင့်စဉ်များမှာ သူ၏ ကိုယ်ပိုင် စာဝင်ပုံးထဲတွင် ရောက်ရှိနေပြီဖြစ်သည်။
လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဉ်ကို စိတ်အားထက်သန်စွာဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုကျင့်စဉ်ကို အခြားသူများအား လျှို့ဝှက်စွာ သင်ကြားပေးခြင်း မပြုရန် လိုအပ်သော သတိပေးချက်တချို့ ပါဝင်သည်။ လင်းဖုန်း ယင်းတို့ကို အခိုင်အမာ မှတ်သားထားလိုက်သည်။ လက်တွေ့တွင် စတိုးဆိုင်မှ ဝယ်ယူထားသော သိုင်းပညာ အားလုံးနီးပါးကို အခြားသူများအား လျှို့ဝှက် သင်ကြားပေး၍ မရချေ။ မိမိကိုယ်တိုင်သာ လေ့ကျင့်နိုင်သည်။
ကြယ်တာရာဝဲဂယက်ကျင့်စဉ်မှာ အလွန်တရာ ရှုပ်ထွေးခြင်း မရှိပေ။ ပထမဦးစွာ ထိုကျင့်စဉ်သည် ကြယ်တာရာများ၏ စွမ်းအားအကြောင်းကို အသေးစိတ် မိတ်ဆက်ပေးထားသည်။
ကြယ်တာရာတွေရဲ့ စွမ်းအားဆိုတာ ဘာလဲ...။ ခေတ်သစ်နည်းပညာ၏ သုတေသနပြုချက်များအရ လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးမှာ စင်စစ်တွင် အလွန်ကြီးမားသော စက်လုံးကြီးတစ်ခု ဖြစ်သည်။ သူတို့၏ အထက်တွင် ကောင်းကင်မျက်နှာကြက်အလွှာတစ်ခု ရှိသည်။
ကောင်းကင်မျက်နှာကြက်၏ အပြင်ဘက်တွင် စကြဝဠာ၏ ကြယ်တာရာများ ရှိနေသည်။ ဤသည်မှာ သုတေသန၏ ရလဒ်ဖြစ်သည်။ စကြဝဠာ နက္ခတ္တဗေဒဟုခေါ်သော အထူးသိပ္ပံပညာရပ်တစ်ခုပင် ရှိသည်။ သူတို့၏ ကမ္ဘာကဲ့သို့သော နေရာကို ဂြိုဟ်ဟု ခေါ်ဆိုသည်။
ဂြိုဟ်တိုင်းသည် အမှန်တကယ်တန်းတွင် ကြယ်တစ်ပွင့် ဖြစ်သည်။ အချို့သော ကြယ်များသည် အလင်းနှင့် အပူကို အဆုံးအစမဲ့ ထုတ်လွှတ်နိုင်ကြသည်။ ၎င်းမှာ ကြယ်တာရာများ၏ စွမ်းအားပင် ဖြစ်သည်။
ထိုစကြဝဠာဆိုင်ရာ ကြယ်တာရာများပေါ်တွင် သက်ရှိပုံစံများလည်း ရှိနိုင်ပေသည်။ ခေတ်သစ်နည်းပညာဖြင့် ဂြိုဟ်၏ အပြင်ဘက်သို့ ပျံသန်းကာ စကြဝဠာထဲသို့ ဝင်ရောက်ရန် အာကာသယာဉ်များ ထုတ်လုပ်ရန်မှာ အလွန် လွယ်ကူပေလိမ့်မည်။
သို့သော် သူတို့ အောင်မြင်မှု မရသေးပေ။ အကြောင်းမှာ ဂြိုဟ်ကြီးတစ်ခုလုံးကို ကောင်းကင်မျက်နှာကြက်တစ်ခုက ဖုံးအုပ်ထားသောကြောင့်ပင်။ ဤကောင်းကင်မျက်နှာကြက်ကို မည်သူက တပ်ဆင်ထားသည် သို့မဟုတ် သဘာဝအလျောက် ဖြစ်ပေါ်လာသလားဆိုသည်ကို မည်သူမျှ မသိကြပေ။
အတိုချုပ်ပြောရလျှင် ကောင်းကင်မျက်နှာကြက် ပေါ်ပေါက်လာခြင်းသည် လူသားတို့၏ ပျံသန်းလိုသော အိမ်မက်များကို ဟန့်တားခဲ့သည်။ သူတို့သည် ကြယ်တာရာ စကြဝဠာထဲသို့ မဝင်ရောက်နိုင်ကြပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူတော်စင်များသည် ကြယ်တာရာများ၏ စွမ်းအားကို သုတေသနပြုလုပ်သောအခါ မူလအခြေအနေရှိ ကြယ်တာရာများ၏ စွမ်းအားမှာ အလွန်တရာ ပြင်းထန်ပြီး လူသားများ စုပ်ယူရန် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြသည်။
သို့သော် ကြယ်တာရာများ၏ စွမ်းအားသည် ကောင်းကင်မျက်နှာကြက်ကို ဖြတ်သန်းပြီးနောက် အလိုအလျောက် စစ်ထုတ်ခံလိုက်ရသည်။ ထိုစွမ်းအားမှာ ယခင်ကဲ့သို့ မပြင်းထန်တော့ပေ။ တစ်စုံတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ လုံလောက်စွာ သန်မာနေသရွေ့ ကြယ်တာရာစွမ်းအား၏ ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိပေလိမ့်မည်။
ကောင်းကင်မျက်နှာကြက် ပေါ်ပေါက်လာခြင်းကြောင့် နည်းပညာများ မထွန်းကားမီကပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများစွာနှင့် နတ်ဘုရားနယ်ပယ် သိုင်းသမားအတော်များများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဤနတ်ဘုရားနယ်ပယ် သိုင်းသမားများသည် အသက်ဝိညာဉ်၏ အသွင်ကူးပြောင်းမှု နှစ်ခုကို ပြီးမြောက်ရန် ကြယ်တာရာများ၏ စွမ်းအားကို အားကိုးခဲ့ကြရသည်။
အစွမ်းထက်သော သိုင်းသမားများသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးခဲ့ပြီး နည်းပညာသည်လည်း သိုင်းသမားများ၏ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်ရန် ကူညီပေးခဲ့သည်။ နောက်ဆုံးတွင် အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု လေးကြိမ်ကို ဖြတ်သန်းကာ သူတော်စင်များပင် ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်မျက်နှာကြက်သည် အားသာချက် ပိုပေးသလော သို့မဟုတ် အားနည်းချက် ပိုပေးသလောဆိုသည်ကို မည်သူမျှ အသေအချာ မပြောနိုင်ပေ။
လင်းဖုန်းသည် ကောင်းကင်မျက်နှာကြက် တည်ရှိကြောင်း သိသော်လည်း သိုင်းသမားများအတွက် ၎င်း၏ အရေးပါမှုကိုမူ မသိခဲ့ပေ။ ကြယ်တာရာများ၏ စွမ်းအားကို နားလည်ပြီးနောက် ကျန်ရှိသည်များမှာ ရိုးရှင်းလှသည်။
ကြယ်တာရာဝဲဂယက်သည် အမှန်တကယ်တန်းတွင် ကြယ်တာရာများ၏ ဝဲဂယက်လှိုင်းများကို အတုယူထားခြင်း ဖြစ်သည်။ ကောင်းကင်မျက်နှာကြက်သည် လူသားများကို ဂြိုဟ်၏ အတားအဆီးကန့်သတ်ချက်များအား ဖောက်ထွက်ကျော်လွှားခြင်းမှ ဟန့်တားထားသော်လည်း လူသားများ၏ အမြင်အာရုံကိုမူ ဟန့်တားထားခြင်း မရှိပေ။ ကြီးမားသော နက္ခတ္တဗေဒ တယ်လီစကုပ်များ သို့မဟုတ် အခြားသော နည်းပညာဆိုင်ရာ ကိရိယာများမှတစ်ဆင့် စကြဝဠာထဲရှိ နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်အချို့ကို မြင်တွေ့နိုင်သည်။
ဥပမာအားဖြင့် ကြယ်တာရာဝဲဂယက် ဆိုသည်မှာ ကျယ်ပြောလှသော စကြဝဠာထဲ၌ မရေမတွက်နိုင်သော ကြယ်တာရာများ စုဆုံရာမှ ဖြစ်ပေါ်လာသည့် စကြဝဠာ၏ ထူးခြားသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ၎င်းမှာ ခရုပတ်တစ်ခုနှင့် ဆင်တူသည်။
ကြယ်တာရာဝဲဂယက်ကျင့်စဉ်သည် ထိုဝဲဂယက်ကို အတုယူကာ ကြယ်တာရာများ၏ စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ အရှိန်မြှင့် ဝင်ရောက်စေပြီး ကြယ်တာရာစွမ်းအား စုစည်းမှုနှုန်းကို မြှင့်တင်ပေးသည်။ ကနဦးလိုအပ်ချက်မှာ မိမိ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် လုံလောက်စွာ သန်မာအားကောင်းနေရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် ကြယ်တာရာဝဲဂယက်ကျင့်စဥ်ကို လေ့ကျင့်ရန် မသင့်တော်ပေ။
လင်းဖုန်းသည် သဘာဝကျစွာပင် ကြယ်တာရာဝဲဂယက်ကျင့်စဥ်၏ ကနဦးလိုအပ်ချက်များနှင့် ကိုက်ညီနေသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမား အားလုံးနီးပါးထက် ကျော်လွန်နေပြီ ဖြစ်သည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများသည်ပင် ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်းဖြင့်ဆိုလျှင် လင်းဖုန်းထက် ပိုသန်မာချင်မှ သန်မာပေလိမ့်မည်။
ထို့ကြောင့် လင်းဖုန်းသည် များပြားလှသော ကြယ်တာရာ စွမ်းအားများကို လုံးဝ မကြောက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ ထိုစွမ်းအားတို့ကို အပြည့်အဝ ခံနိုင်ရည် ရှိပေလိမ့်သည်။ သူ လိုချင်သည်မှာ ကြယ်တာရာစွမ်းအားကို ပိုမိုမြန်ဆန်စွာ စုစည်းနိုင်ရန်သာ ဖြစ်သည်။ လင်းဖုန်းသည် အချိန်အကြာကြီး အသုံးပြုကာ ကြယ်တာရာစွမ်းအားကို ဖြည်းဖြည်းချင်း စုစည်းနေရန် မလိုလားပေ။
ထို့နောက် လင်းဖုန်းသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ကြယ်တာရာများ၏ စွမ်းအားမှာ နေရာအနှံ့ ပျံ့နှံ့နေသည်။ အိမ်အတွင်းတွင် ရှိနေလျှင်တောင် ကြယ်တာရာစွမ်းအား စုစည်းရာတွင် သူ့အတွက် ထိခိုက်မှု မရှိပေ။ သူ လဟာပြင်တစ်ခုသို့ အထူးတလည် သွားနေရန် မလိုအပ်ပေ။ လင်းဖုန်းသည် သူ၏ စိတ်ထဲတွင် ကြယ်တာရာဝဲဂယက်ကို ပုံဖော်လိုက်သည်။ သူသည် အပြည့်အဝ အာရုံစိုက်ထားပြီး အာရုံပျံ့လွင့်မှုများ လုံးဝကင်းဝေးနေသည်။ မကြာမီမှာပင် သူသည် ကျယ်ပြောလှသော ကြယ်တာရာဝဲဂယက်ကြီးထဲသို့ အပြည့်အဝ နစ်မြောသွားတော့သည်။
တစ်ချိန်တည်းမှာပင် လင်းဖုန်း၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ မြောက်မြားစွာသော အေးစက်စက် အရာဝတ္ထုများ သူ့ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ထိုးဖောက်ဝင်ရောက်လာသည့်အလား သူ ခံစားလိုက်ရသည်။