← Chapters

ရွေးချယ်မှု

Vol. 8 Ch. 94

ရွေးချယ်မှု

Vol. 8 Ch. 94

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် "အမှန်တရား" နှင့် ပိုမိုနီးကပ်လာသည်ဟု ခံစားလိုက်ရသည်။ ပညာရေးအဖွဲ့က သူ့ကို အထူးခံစားခွင့်များ မပေးထားခြင်း မဟုတ်ဘဲ လုံကျိုးမှတစ်ဆင့် အလွန် သိမ်မွေ့သော နည်းလမ်းဖြင့် ပြောပြထားပြီးသား ဖြစ်သည်။

အကယ်၍ လင်းဖုန်းသည် ပညာရေးအဖွဲ့ကို မရွေးချယ်ဘဲ လုပ်ငန်းရှင်အုပ်စုကဲ့သို့ အခြား အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲရွေးချယ်ခဲ့ပါက သူ၏ စွမ်းဆောင်မှုများကို ဖျက်ပစ်ခံရမည်လော။

ဤသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ မည်သို့ပင်ဆိုစေ ဤစစ်ပွဲသည် ကမ္ဘာပေါ်ရှိ မျက်လုံးပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လင်းဖုန်းက တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်ခဲ့ကြောင်း လူတိုင်း သိကြသည်။

သူ၏ စွမ်းဆောင်မှုများကို ဖျက်ပစ်ရန် မဖြစ်နိုင်သော်လည်း ထိုစွမ်းဆောင်မှုများကို မှတ်တမ်းတင်ရသူများမှာ လုံကျိုးကဲ့သို့ ပညာရေးအဖွဲ့မှ လူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည်သာ တံဆိပ်အတွက် လျှောက်ထားရာတွင် အစွမ်းကုန် မကြိုးစားပေးပါက လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်သည် လူသားမျိုးနွယ်၏ ကာကွယ်သူ တံဆိပ် ဖြစ်သွားနိုင်ပေသည်။

ထိုနှစ်ခုကြား ကွာခြားချက်မှာ အလွန် ကြီးမားပြီး ဤသည်မှာ လှည့်စား၍ရသော ကွာခြားချက်တစ်ခု ဖြစ်သည်။ မည်သူကမျှ သူတို့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။ သို့သော် ဤသည်မှာ ဂုဏ်သိက္ခာမရှိသော လုပ်ရပ်တစ်ခု ဖြစ်သောကြောင့် လုံကျိုးက တိုက်ရိုက် မပြောခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကိစ္စကို ဝေဝါးဝါးသာ ပြောခဲ့ပြီး လင်းဖုန်းကို သေချာ စဉ်းစားရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ဤအချက်ကို သူ နားလည်သွားသော်လည်း လင်းဖုန်း မကျေမနပ် မဖြစ်ခဲ့ပေ။ သူ၏ စွမ်းဆောင်မှုမှာ ကြီးမားသော်လည်း ၎င်းကို လူသားမျိုးနွယ်၏ ကာကွယ်သူ တံဆိပ်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခြင်းက လက်ခံနိုင်စရာ ဖြစ်သလို လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခြင်းကလည်း ကန့်ကွက်စရာ မရှိပေ။

ဤသည်မှာ လင်းဖုန်း၏ ရွေးချယ်မှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

အမှန်တကယ်တော့ လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ် မပါလျှင်တောင်မှ လင်းဖုန်းသည် ပညာရေးအဖွဲ့ကိုသာ ရွေးချယ်ပေလိမ့်မည်။ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ်တွင် ကျေကျေနပ်နပ် ရပ်တန့်နေရန် ဆန္ဒမရှိပေ။ သူသည် သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိချင်သည်။ အထူးသဖြင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လက်ဝါးရိုက်ချက်ကို မြင်တွေ့ရပြီးနောက် သူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိချင်ပါက ပညာရေးအဖွဲ့က အသင့်တော်ဆုံး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သိုင်းပညာရပ်များ ပြည့်စုံမှုအပိုင်းကိုသာ ကြည့်လျှင်ပင် ပညာရေးအဖွဲ့သည် အငြင်းပွားဖွယ်မရှိ ပထမနေရာတွင် ရှိနေသည်။ စစ်တပ်နှင့် အစိုးရအဖွဲ့များပင်လျှင် ၎င်းကို မယှဉ်နိုင်ပေ။

ထို့အပြင် လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို အလွန် ကျေနပ်နေသည်။ အကယ်၍ သူ နောက်ထပ် အဆင့်ခြောက်ဆင့်၏ ကျင့်စဉ်များကို လိုချင်ပါက ပညာရေးအဖွဲ့သို့ ဝင်ရောက်မှသာ ရရှိနိုင်ပေလိမ့်မည်။

"လင်းဖုန်း... မင်း ဆုံးဖြတ်ပြီးပြီလား" လုံကျိုးက တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"စစ်သေနာပတိချုပ်... ကျွန်တော် အနန္တလမ်းစဉ်အကယ်ဒမီကို ဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ"

လင်းဖုန်း လုံးဝ တွန့်ဆုတ်မနေခဲ့ပေ။ ဤသည်မှာ အဘက်ဘက်မှ အချိန်အတော်ကြာ သေချာ စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား ချမှတ်လိုက်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။

"ဟားဟား... ရွေးချယ်စရာတွေ များလွန်းလို့ မင်း မျက်စိလည်နေမယ်လို့ ငါ ထင်နေတာ။ ဒီလောက်မြန်မြန် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါက အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ လျှောက်လွှာကို ငါ ချက်ချင်း တင်ပေးပါ့မယ်။ လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်အတွက် လျှောက်ထားချက် အစီရင်ခံစာကိုလည်း အတူတူ တင်ပေးလိုက်မယ်။ သုံးရက်လောက်နေရင် ရလဒ် ထွက်လာပါလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်"

ဤစကားကို ကြားသောအခါ လင်းဖုန်း ပြုံးလိုက်သည်။ သူ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ပညာရေးအဖွဲ့သို့ ဝင်ရောက်ရန် ဆုံးဖြတ်မှသာ သူ့အတွက် လူသားမျိုးနွယ်၏ သူရဲကောင်း တံဆိပ်က သေချာမည် ဖြစ်သည်။ သို့မဟုတ်ပါက ယင်းသည် လူသားမျိုးနွယ်၏ ကာကွယ်သူ တံဆိပ် ဖြစ်သွားနိုင်ပေသည်။

"စိတ်မပူပါနဲ့ လင်းဖုန်း။ ပညာရေးအဖွဲ့ကို ဝင်တာက သေချာပေါက် မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်နိုင်လို့ အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု နှစ်ကြိမ် ဖြတ်သန်းပြီးတော့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ငါ ယုံကြည်တယ်"

လုံကျိုးနှင့် အတန်ကြာ စကားပြောပြီးနောက် လုံကျိုး နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ သူသည်လည်း လတ်တလော အလွန် အလုပ်များနေသည်။ နဂါးကျောက်တုံးမြို့တွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိလာသော်လည်း မြို့မှာ ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည် နာလန်ထူလာနိုင်ရန် အလှမ်းဝေးနေဆဲပင်။

အထူးသဖြင့် သုတေသနဌာနသည် ကပ်ပါးမျိုးစေ့များကို ရှာဖွေနိုင်မည့် ကိရိယာများနှင့် ကပ်ပါးကောင်များကို ဖယ်ရှားနိုင်မည့် ဆေးဝါးများကို အပြေးအလွှား သုတေသန လုပ်နေရသည်။ ဤအရာများအားလုံးသည် အချိန်အတော်အတန် လိုအပ်ပေသည်။

လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာတွင် သူ၏ မိဘများနှင့် သူငယ်ချင်းများကလည်း အခြေအနေကို မေးမြန်းရန် အဆက်မပြတ် ဆက်သွယ်လာကြသည်။ လင်းဖုန်း သဘာဝကျစွာပင် သူ ဘေးကင်းကြောင်း စိတ်ပူစရာမလိုတော့ကြောင်း ဖြေကြားခဲ့သည်။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး သူ၏ ထူးဆန်းသော ရောဂါလည်း ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ မိသားစုမှာ အလွန် ဝမ်းသာနေကြသည်။

အထူးသဖြင့် လင်းဖုန်း၏ မိခင်မှာ ဝမ်းသာမျက်ရည်များပင် ကျလာခဲ့ရသည်။ လင်းဖုန်းသည် သူ၏ မိသားစု အခြေအနေကိုလည်း အကြမ်းဖျင်း မေးမြန်းခဲ့သည်။ လင်းကော်ပိုရေးရှင်းသည် ပစ်မှတ်ထား ဖိနှိပ်ခံနေရဆဲဖြစ်ပြီး သူတို့၏ အခြေအနေမှာ သိပ်မကောင်းလှပေ။ သို့သော် လင်းဖုန်းသည် လောလောဆယ်တွင် ဗဟိုပင်လယ်မြို့သို့ ပြန်၍ မရသေးပေ။

အကယ်၍ သူသာ ဗဟိုပင်လယ်မြို့သို့ ပြန်နိုင်ပါက သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးအဖြစ် သူ၏ အာဏာနှင့် လွှမ်းမိုးမှုဖြင့် လင်းကော်ပိုရေးရှင်းကို ဤအကျပ်အတည်းမှ အလွယ်တကူ လွတ်မြောက်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။

ကျောက်မိသားစုနှင့် စာရင်းရှင်းရန်ပင် သူ့တွင် စွမ်းရည် ရှိလာမည် ဖြစ်သည်။

ထို့နောက်ပိုင်းတွင် လင်းဖုန်း အလွန် အားလပ်နေခဲ့သည်။ မူလက သူသည် ကြယ်တာရာစွမ်းအားများကို စုစည်းနိုင်သော ကျင့်စဉ်အချို့ကို ရယူကာ အရင် လေ့ကျင့်ချင်ခဲ့သော်လည်း လုံကျိုးမှာမူ ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။ ဤကျင့်စဉ်များကို သိုင်းသမားများ ကိုယ်တိုင် ဝယ်ယူရမည် ဖြစ်သည်။

ယခုလက်ရှိတွင် လင်းဖုန်းသည် သာလွန်လူသား သဘောတူညီချက်ကို လက်မှတ် မထိုးရသေးသလို အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၏ အဆင့်အတန်းကိုလည်း မရရှိသေးပေ။ ပညာရေးအဖွဲ့၏ အရောင်းဆိုင်အတွင်းသို့ ဝင်ရောက်နိုင်ခွင့် သူ့တွင် မရှိသေးပေ။ ထို့ကြောင့် သူသည် လောလောဆယ်တွင် မည်သည့် ကျင့်စဉ်ကိုမျှ ဝယ်ယူ၍ မရနိုင်သေးပေ။

လုပ်စရာ အလုပ်မရှိသဖြင့် လင်းဖုန်းသည် သူ၏ မွေးရာပါစွမ်းရည်များကို စတင် လေ့လာတော့သည်။ သူ၏ မွေးရာပါစွမ်းရည်များ နိုးထလာပြီဖြစ်ကြောင်းကို သူ အလွန် သေချာသည်။ အနည်းဆုံးတော့ လောလောဆယ်တွင် ချပ်ဝတ်နှင့် မသေနိုင်သော အစွမ်းသတ္တိ ဟူသည့် မွေးရာပါစွမ်းရည် နှစ်ခုကိုသာ သူ သိထားသည်။

ချပ်ဝတ်မှာ နှာမောင်းရှည်သားရဲ မျိုးရိုးဗီဇ၏ စွမ်းရည်ဖြစ်သင့်ပြီး မသေနိုင်သော အစွမ်းသတ္တိမှာမူ ဝက်အူရစ်ပိုးကောင် မျိုးရိုးဗီဇမှ စွမ်းရည် ဖြစ်သည်။ လင်းဖုန်းသည် ယူနီကွန်းနှင့် နွားရိုင်း မျိုးရိုးဗီဇများကိုလည်း ပေါင်းစပ်ထားသည်။ ဤမျိုးရိုးဗီဇ နှစ်မျိုးက မည်သည့် မွေးရာပါစွမ်းရည်များကို ထုတ်လုပ်ပေးသနည်း။ လင်းဖုန်း၏ ကိုယ်ပိုင် မျိုးရိုးဗီဇကပင် မွေးရာပါစွမ်းရည်များကို ထုတ်လုပ်ပေးနိုင်သည်။ သို့သော် ယခင်က လင်းဖုန်းတွင် ၎င်းတို့ကို လေ့လာရန် အချိန်မရှိခဲ့ပေ။ ယခုအခါ သူ သေသေချာချာ လေ့လာရတော့‌မည်။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် မွေးရာပါစွမ်းရည်များကို အခြေခံအားဖြင့် အသုံးပြုနိုင်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အချို့မှာ အသွင်ပြောင်းလဲခြင်း ပြီးဆုံးမှသာ နိုးထလာမည်ဖြစ်ပြီး အချို့မှာမူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် နိုးထလာခြင်း ဖြစ်သည်။

လင်းဖုန်း၏ မျိုးရိုးဗီဇများသည် သားရဲမျိုးရိုးဗီဇ လေးမျိုးနှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။ သို့သော် ၎င်းတို့မှာ မတူညီသော မျိုးရိုးဗီဇများ ဖြစ်ကြသည့်အတွက် မတူညီသော မွေးရာပါစွမ်းရည်များကို နိုးထစေနိုင်သည်။ သူသည် မွေးရာပါစွမ်းရည် နှစ်ခုကို နိုးထစေပြီးဖြစ်ရာ အခြား မျိုးရိုးဗီဇ နှစ်မျိုးမှ မွေးရာပါစွမ်းရည်များ နိုးထမလာနိုင်စရာ အကြောင်း မရှိပေ။

လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို ဂရုတစိုက် စတင် အာရုံခံကြည့်လိုက်သည်။ မွေးရာပါစွမ်းရည်များမှာ အမှန်တကယ်တော့ အလွန် ရိုးရှင်းလှသည်။ ယင်းမှာ မွေးရာပါဖြစ်သောကြောင့် အလိုအလျောက် တုံ့ပြန်မှုနီးပါးပင် ဖြစ်သည်။ သူ သေချာ အာရုံခံကြည့်ပါက ထိုစွမ်းရည်များကို တွေ့ရှိနိုင်ပေလိမ့်မည်။

ပြေးလွှားနေသော ယူနီကွန်းတစ်ကောင် လင်းဖုန်း၏ စိတ်ထဲတွင် ပေါ်လာသည်။ လင်းဖုန်း၏ အတွေးတစ်ချက်နှင့်အတူ ယူနီကွန်းမှာ ပျောက်ကွယ်သွားပြီး လင်းဖုန်း၏ လက်သီးကို ဖုံးအုပ်ထားသော ထူးဆန်းသည့် သတ္တုတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

"ဒါက ယူနီကွန်းရဲ့ မွေးရာပါစွမ်းရည်လား"

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသော်လည်း ထို့နောက် သူ မြေကြီးကို ညင်သာစွာ ထိုးချလိုက်သည်။

ဘုန်း

လင်းဖုန်း ခွန်အားကို အသုံးမပြုခဲ့သော်လည်း သူ ထိုးချလိုက်ချိန်တွင် သူ၏ လက်သီးကို ဖုံးအုပ်ထားသော သတ္တုအလွှာမှာ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာနေပုံရပြီး မြေပြင်တွင် ဧရာမ တွင်းကြီးတစ်ခုကို အလွယ်တကူ ဖြစ်ပေါ်သွားစေသည်ကို သူ ခံစားလိုက်ရသည်။

"ယူနီကွန်းရဲ့ အမာကျောဆုံး အစိတ်အပိုင်းက သူ့ရဲ့ ဦးချိုပဲ။ ယူနီကွန်းရဲ့ မျိုးရိုးဗီဇကနေ နိုးထလာတဲ့ မွေးရာပါစွမ်းရည်က ဦးချိုရဲ့ စွမ်းရည်နဲ့ ဆင်တူပုံရတယ်။ အဲဒါက ဖျက်ဆီးလို့ မရနိုင်ဘူးပဲ"

လင်းဖုန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ယူနီကွန်း၏ မွေးရာပါစွမ်းရည် အကူအညီဖြင့် သူ၏ လက်သီးများမှာ သတ္တုအလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရပြီး သူ၏ လက်သီးများပေါ်တွင် သေးငယ်သော ဦးချိုလေးတစ်ခုကို ဝေဝါးဝါး မြင်တွေ့နိုင်သည်။

ဦးချိုကို မြင်သောအခါ ဤသည်မှာ ယူနီကွန်း၏ မွေးရာပါစွမ်းရည် ဖြစ်ကြောင်း လင်းဖုန်း ဆက်လက် သံသယ မဖြစ်တော့ပေ။

သို့သော် ယူနီကွန်းမှလွဲ၍ လင်းဖုန်း၏ ကိုယ်ပိုင် မျိုးရိုးဗီဇနှင့် နွားရိုင်း၏ မျိုးရိုးဗီဇတို့မှ မွေးရာပါစွမ်းရည်တွေကရော။

ဤတစ်ကြိမ်တွင် လင်းဖုန်း မည်မျှပင် အာရုံခံကြည့်စေကာမူ မည်သည့် မွေးရာပါစွမ်းရည်ကိုမျှ သူ ရှာမတွေ့ခဲ့ပေ။

တစ်ခုခု ကွာခြားနေသည်ဟု ပြောရမည်ဆိုလျှင် သူ အာရုံခံနေချိန်တွင် များပြားလှသော စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲမှ အလျှံပယ် ထွက်ပေါ်လာသကဲ့သို့ပင်။ ၎င်းက လင်းဖုန်းကို သူ၏ စွမ်းအားများ အဆုံးအစမရှိသကဲ့သို့ ခံစားရစေသည်။

သို့သော် ဤသည်မှာ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်အတွင်း သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း သန်မာလာစေခြင်းဖြင့် ရရှိလာသော ခွန်အား မဟုတ်ပါလား။

"မဟုတ်ဘူး၊ ဒါက ငါ့ခန္ဓာကိုယ် အသွင်ပြောင်းလဲလို့ ခွန်အားတွေ တိုးလာတာ မဟုတ်ဘူး"

လင်းဖုန်း သူ၏ ခန္ဓာကိုယ် နေရာတိုင်းကို နောက်တစ်ကြိမ် ဂရုတစိုက် အာရုံခံကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်…

All Chapters