← Chapters

ငါ့ကို လာမရှုပ်နဲ့

Vol. 10 Ch. 146

ငါ့ကို လာမရှုပ်နဲ့

Vol. 10 Ch. 146

ရွှီချင်းက သစ်ပင်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သတိထား၍ ပန်းချွမ်လမ်းမှ အဘိုးအို ကြည့်လိုက်သည်။

တချိန်တည်းမှာပင် သူ၏နှလုံးသားထဲတွင် လူသတ်စိတ်များ ဖြစ်ပေါ်လာသည်။ ထိုအဘိုးအိုသည် သူ၏ဝါးပေလွှာထဲရှိ စာရင်းထဲမှ လူတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်သူ အောင်မြင်မည်ဟု အပြည့်အဝ မယုံကြည်သေး၍ ပန်းချွမ်လမ်းသို့ သူ မသွားသေးခြင်းသာ ဖြစ်သည်။

ယခု အဘိုးအိုကို သူ နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရပြီဖြစ်ပြီး သူ့မျက်လုံးများ မှေးသွားသည်။

သို့သော်လည်း ယခုတစ်ခေါက် ပင်လယ်ဖွတ်အရေခွံများက ပိုအရေးကြီးနေပြီး ထိုအဘိုးအိုကိုလည်း အလွယ်တကူ မသတ်နိုင်သည့်အတွက်ကြောင့် သူ၏လူသတ်ချင်စိတ်ကို ချိုးနှိမ်ကာ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။

ဤနေရာရှိ လူတစ်ယောက်စီတိုင်းက ထူးထူးခြားခြား အစွမ်းထက်ကြပြီး အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်သည်။ တချို့တစ်ကိုယ်တော်ကျင့်ကြံသူများက ရွှီချင်းကို အနည်းငယ် ခြိမ်းခြောက်နေသလိုမျိုးပင် ခံစားသွားရစေသည်။ ထို့ကြောင့်လည်း သူက ပင်လယ်ဓားပြများကို ချက်ချင်း သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဆင်းရဲသားရပ်ကွက်ထဲ၌ ကြီးပြင်းလာခဲ့သည့်တစ်လျှောက် အရည်အချင်းများကို ကွယ်ဝှက်ထားခြင်းနှင့်ပတ်သက်၍ အကျိုးနှင့်အပြစ် ရှိကြောင်း သူ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့သည်။ အချိန်အများစုတွင် အရည်အချင်းကို ဖုံးကွယ်ထားသည့်အတွက် မလိုလားအပ်သော ပြဿနာများကို လက်ယပ်ခေါ်နေသလိုမျိုး ဖြစ်သွားစေသည်။

ထို့ကြောင့် ဤနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပြတ်သားစွာပြုမူကာ သွေးဆာနေသော အရှိန်အဝါများ ထုတ်ပြရန် သူ တွေးထားခဲ့သည်။ ဆင်းရဲသားရပ်ကွက်၌ ရုန်းကန်ခဲ့ရစဉ်အချိန်ကလည်း ထိုသို့ ပြုမူခဲ့သေးသည်။

အချိန်ကျလာသောအခါ လူအားလုံးကို သူ အစွယ်ထုတ်ပြခဲ့ခြင်း ဖြစ်ပေသည်။

ငါ့ကို လာမရှုပ်နဲ့ …

သူတို့ခေါင်းများကို သူ ဖြတ်ပစ်ခဲ့ရသည့်အကြောင်းအရင်းမှာ လူအားလုံးကို ခြိမ်းခြောက်ချင်သည့်စိတ်က တစ်ဝက်ဖြစ်ပြီး ကျန်တစ်ပိုင်းမှာ ထိုခေါင်းများက အဖိုးတန်သောကြောင့် ဖြစ်သည်။

ရွှီချင်းက အကြည့်လွှဲလိုက်ပြီး ညာလက်ကို အသာယမ်းလိုက်သည်။ ထိုအခါ သူ့ပတ်လည်တွင် အဆိပ်မှုန့်များ ပြန့်ကျဲသွား၏။

အဆိပ်များ ပက်ပြီးနောက် သူက မျက်လုံးများကို မှိတ်၍ တိတ်ဆိတ်စွာ တရားထိုင်လိုက်ပြီး ပင်လယ်ဖွတ် ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

ရွှီချင်း၏ ရည်ရွယ်ချက် အထမြောက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိလူအားလုံး သူ့ကို အလွန် ထိတ်လန့်နေကြပြီဖြစ်သည်။ ဤနေရာသို့ ရောက်လာသည့် သူ၏အရည်အချင်းကို သူတို့ အသိအမှတ်ပြုလိုက်ကြပြီဖြစ်၍ သတိလည်းထားသွားကြသည်။ သို့ဖြစ်၍ အခြေအနေက ဟန်ချက်ညီသွားခဲ့သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ ညတစ်ညကို ကျော်လွန်လာခဲ့ပြီး မနက်ခင် ရောင်ခြည်တန်းလေးများ ဖြာကျလာသောအခါတွင် ရွှီချင်း၏မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီး တောင်အောက်သို့ ကြည့်လိုက်သည်။

သူ ကြည့်လိုက်သည့်အချိန်မှာပင် တခြားအကြည့်စူးစူးခုနစ်ခု၊ ရှစ်ခုသည်လည်း တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

တောင်ခြေမှ ဧရာမသတ္တဝါကြီးတစ်ကောင် ခက်ခက်ခဲခဲ တက်လာနေသည့်အလား တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေသည်။ ထိုအသံကြောင့် ကျင့်ကြံသူများစွာကို အာရုံစိုက်သွားစေခဲ့ပြီး လူသတ်ငွေ့များ ချက်ချင်း လွင့်ပျံလာသည်။

မကြာခင် ရွှီချင်း၏အမြင်အာရုံထဲတွင် တောင်ခြေတောအုပ်ထဲမှ ပေခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှည်သော ဖွတ်ကြီးတစ်ကောင် ပေါ်လာသည်။

ထိုဖွတ်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး သစ်ခေါက်ပမာ အရေခွံပေါ်တွင်လည်း အက်ကြောင်းများစွာ ရှိနေသည်။ နေရောင်ခြည်အောက်၌ ထိုအရေခွံမှ အနက်ရောင်ဝင်းလက်နေပြီး ခန္ဓာကိုယ်မှ ချွတ်နေသည့်အလား ခန္ဓာကိုယ်နှင့် အရေခွံကြားတွင် အဟလေးတစ်ခု ရှိနေဟန်တူသည်။

၎င်း၏လက်သည်းချွန်လေးခုက စူးရှချွန်ထက်နေသည်။ ထိုအချိန်၌ ၎င်းက သွေးရူးသွေးတမ်းဖြင့် တွားသွားနေပြီး ခြေလှမ်းတိုင်းတွင် နာကျင်နေရသည့်တိုင်အောင် မရပ်တန့်ချေ။

၎င်း၏အရှိန်အဝါက အားနည်းနေပါသော်လည်း ၎င်း၏ခန္ဓာကိုယ်မှ အငွေ့အသက်များက ချီစုစည်းခြင်းအဆင့်ရှစ်ကို ယှဉ်နိုင်ပြီး လူအားလုံးကို အနည်းငယ် အသက်ရှူရပ်သွားစေသည်။ ထိုပင်လယ်ဖွတ်အတွက် ဤနေရာတွင် ရှိနေသည့် လူများကို သတိမထားမိရန်မှာ မဖြစ်နိုင်ဘဲ ဂရုမစိုက်သည့်အတွက်ကြောင့်သာ ထိုသို့ တွားသွားလာနေခြင်း ဖြစ်ပေသည်။

၎င်းက တောင်ထိပ်ပေါ်သို့ ခက်ခက်ခဲခဲ တွားသွားတက်လာခဲ့ပြီဖြစ်ပါသော်လည်း ၎င်း၏နောက်မှ တဝုန်းဝုန်းမြည်ဟည်းသံများ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် ပြိုလဲနေဆဲဖြစ်သည်ကို မြင်နိုင်သည်။ ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်၊ စတုတ္ထတစ်ကောင် …

စုစုပေါင်း ပင်လယ်ဖွတ်ခြောက်ကောင် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။

“ ချီစုစည်းခြင်းအဆင့်ရှစ် ပင်လယ်ဖွတ်အရေခွံခြောက်ခု ”

ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်း၌ ထိုအရေခွံများ၏ ရောင်းဈေးက ဝိညာဉ်ကျောက်တုံးငါးရာမှ ခြောက်ရာအထိ ရှိနိုင်ကြောင်း သူ ကောင်းစွာ သိသည်။

ထိုအခိုက် ပင်လယ်ဖွတ်များကို စူးရှတောက်ပသော အကြည့်ဖြင့် သူ ကြည့်လိုက်သည်။ သူ ကြည့်နေသည်မှာ သန္ဓေပြောင်းသားရဲများမဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများသာ ဖြစ်နေသည့်အလားပင်။

သို့သော်လည်း ရွှီချင်းအပါအဝင် တစ်ယောက်မှ ကမူးရှူးထိုး မလှုပ်ရှားကြပေ။

တဝုန်းဝုန်းမြည်သံများ တစတစနီးကပ်လာခဲ့ပြီး ပင်လယ်ဖွတ်ခြောက်ကောင်က တောင်ထိပ်သို့ တဖြည်းဖြည်း ရောက်လာခဲ့ကြပြီဖြစ်သည်။ ၎င်းတို့က ချိုင့်ဝှမ်းပင်လည်တွင် ကျင့်ကြံသူများ ရှိနေပါသော်လည်း လျစ်လျူရှု၍ ချိုင့်ဝှမ်းထဲ ဝင်သွားကြသည်။

ထိုပင်လယ်ဖွတ်ခြောက်ကောင်လုံး ချိုင့်ဝှမ်းထဲ ဝင်ရောက်သွားကြပြီးနောက် ချက်ချင်း အော်ဟစ်လိုက်ကြသည်။ ၎င်းတို့က အားကုန်သုံး၍ အရေခွံများ ချွတ်နေကြသည့်အလား တစ်ကိုယ်လုံး တုန်ရီလာသည်။

သူတို့ အော်ဟစ်သံများက အဖက်ဖက်သို့ ပျံ့လွင့်သွားပြီး သူတို့ကို အာရုံစိုက်နေကြသည့် ကျင့်ကြံသူများ၏ နှလုံးသားများ တုန်ရီသွားသည်။

ရွှီချင်း၏မျက်လုံးများထဲရှိ အလင်းက စူးရှသည်ထက် စူးရှလာသည်။ ထိုအချိန်၌ ထိုပင်လယ်ဖွတ်များ ရုန်းကန်နေကြသည်ကို သူ မြင်နေရပြီး သူတို့ခန္ဓာကိုယ်မှ အသီးသီး ခွာထုတ်နေကြပြီဖြစ်သော အရေခွံများက အလျင်အမြန် ကွာကျနေသည်။

ဖြစ်စဉ်တစ်ခုလုံးက တစ်နာရီ ကြာမြင့်ခဲ့သည်။

ပထမဖွတ်ကြီးက ၎င်း၏အရေခွံကို အောင်မြင်စွာ ခွာချနိုင်ခဲ့ပြီး ၎င်း၏အရှိန်အဝါကို ပြန်လည်ရရှိသွားပြီးနောက် ထွက်ခွာသွားသည်။ အစမှအဆုံးတိုင်အောင် ၎င်းသည် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

ချိုင့်ဝှမ်းထဲ ကျန်နေခဲ့သော ဖွတ်အရေခွံက မည်းနက်မနေတော့ဘဲ စိမ်းဖန့်ဖန့်ဝင်းလက်နေသည်။ ၎င်းပေါ်ရှိ အရေးအကြောင်းများကို သိသိသာသာ မြင်နိုင်နေပြီး အနည်းငယ် ဖောက်ထွင်း၍ပင် မြင်နေရသည်။ ၎င်းက ရတနာတစ်ပါး၏အလင်းမျိုးဖြင့် ဝင်းလက်နေပြီး ပင်လယ်ဖွတ်တစ်ကောင်၏ အရွယ်အစားတမျှ ရှိသည်။

သို့စေကာမူ တစ်ယောက်မှ မလုှပ်ရှားကြသေးပေ။

ရွှီချင်း၏ မျက်လုံးများ မှေးနေပြီး သူသည်လည်း မလှုပ်ရှားသေးပေ။

သူက ဒုတိယမြောက် ပင်လယ်ဖွတ်၊ တတိယမြောက်ပင်လယ်ဖွတ်နှင့် စတုတ္ထမြောက်ပင်လယ်ဖွတ်တို့ အရေခွံလဲပြီးသွားသည့်တိုင်အောင် စောင့်နေသည်။ နောက်ဆုံးဖွတ်ကြီး အရေခွံလဲပြီးသွားသည့်အခါ လူတစ်ယောက် လှုပ်ရှားလာသည်။

ထိုလူက ပန်းချွမ်လမ်းက အဘိုးအိုမှလွဲ၍ တခြားလူ မဟုတ်ချေ။ သူသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ချိုင့်ဝှမ်းထဲသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ဘေးပတ်ဝန်းကျင်ရှိ တခြားကျင့်ကြံသူများသည်လည်း အလုအယက် ပြေးထွက်လာကြပြီး လူသတ်ငွေ့များ တဟုန်းဟုန်း ထွက်ပေါ်နေတော့သည်။

ရွှီချင်းသည်လည်း လှစ်ခနဲ လှုပ်ရှားသွားပြီး သစ်ပင်ကြီးပေါ်မှ ရိပ်ခနဲ ပြေးထွက်သွားသည်။ သူက ကြောက်ခမန်းလိလိ မြန်ဆန်လှသည်ဖြစ်၍ ချိုင့်ဝှမ်းထဲသို့ သူ ပြေးသွားရာမှ တရွှီရွှီမြည်သံများပင် ထွက်ပေါ်နေသည်။

တခဏလေးအတွင်း ကျင့်ကြံသူသုံးဆယ်ကျော် ချိုင့်ထဲ ဝင်ရောက်သွားကြသည်။ သူတို့ပစ်မှတ်က ပင်လယ်ဖွတ်အရေခံခြောက်စုံမှလွဲ၍ တခြားမဟုတ်ချေ။ မျက်တောင်တစ်ချက်ခတ်အတွင်း သူတို့အချင်းချင်း အညှာအတာကင်းမဲ့စွာ တိုက်ခိုက်လိုက်ကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ကောင်းကင်ယံသို့တိုင်အောင် ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏တစ်ကိုယ်လုံးက ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်အလား စူးရှချွန်ထက်နေသည်။ ဘေးမှ ကောက်ရိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူသားမဟုတ်သောကျင့်ကြံသူတစ်ယောက်က အေးတိအေးစက်အကြည့်ဖြင့် သူ့ကို ဟန့်တားလိုက်သည်။

“ ထွက်သွားစမ်း ”

ထိုသူက စကားပြောရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ ချီစုစည်းခြင်းအဆင့်ကိုး ဝိညာဉ်စွမ်းအားများ ဝုန်းခနဲ ထွက်ပေါ်လာပြီး ရွှီချင်းကို ဖိအားပေးလိုက်သည်။

ရွှီချင်းမှာ အသက်မဲ့နေသောအမူအရာဖြင့်ရှိနေပြီး လှည့်၍ပင်မကြည့်ဘဲ ဘယ်လက်ကို လက်သီးအဖြစ် ဆုပ်၍ ထိုသူကို ထိုးနှက်လိုက်သည်။

သူ လက်သီးချက် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲမှ သွေးနှင့်ချီများ ဝုန်းခနဲ ထွက်ပေါ်လာပြီး သူ့နောက်တွင် ‘ ပါ ’ အရိပ် ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များ လွင့်ပျံသွားပြီး ဟိန်းဟောက်သံနှင့်အတူ ရွှီချင်း၏လက်သီးက ရန်သူထံ တိုးဝင်သွားသည်။

ထိုသူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ယခင်က အနှီချီရွှဲ့ထုံဂိုဏ်းသား၏ ကျင့်ကြံခြင်းအခြေခံက ထူးခြားသည်ဟု သူ သတ်မှတ်ထားခဲ့ပါသော်လည်း ယခု တိုက်ခိုက်လိုက်သောအခါတွင် ‘ ပါ ’ အရိပ်ကို မြင်လိုက်ရပြီး ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။

“ သွေးနဲ့ချီ အရိပ်အဖြစ် ပြောင်းလဲခြင်း၊ မင်းရဲ့အပြင်အားက အထွတ်အထိပ်ကို ရောက်နေတာပဲ ”

သူ အလျင်အမြန် နောက်ဆုတ်လိုက်ပါသော်လည်း နောက်ကျသွားခဲ့လေပြီ။ ရွှီချင်း၏ လက်သီးချက်က ဝုန်းခနဲ ကျရောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ် အပြင်းအထန်တုန်ရီသွားကာ သွေးများ ဖွာခနဲ ပန်းထွက်လာသည်။

သို့သော် သူသည်လည်း သာမန်မဟုတ်ပေ။ မည်သည့်နည်းလမ်းကို သူ အသုံးပြုလိုက်မှန်း မသိရပါသော်လည်း သူ၏ခန္ဓာကိုယ်က ဝေဝါးသွားပြီး တခဏလေးအတွင်း အဝေးတစ်နေရာတွင် ပြန်ပေါ်လာသည်။ သူက နောက်ထပ် သွေးတစ်ပွက်အန်လိုက်သည်။ သူ၏ကောက်ရိုးဝတ်ရုံတစ်ဝက်သည်လည်း စုတ်ပြဲသွားခဲ့ပြီး သူ၏အပြာရောင်လဲ့နေသော အသားအရေ ပေါ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းကို မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီချင်းမှာ ထိုသူကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ထိုအချိန်၌ သူ၏ရှေ့ရှိ ပင်လယ်ဖွတ်အရေခွံကို သူ ဆွဲယူလိုက်ပြီး နောက်တစ်ခုကို ယူရန်ပြင်လိုက်သည်။ သို့သော် သူ ယူတော့မည့်အခိုက် အဝေးမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ မင်းက ငါတို့ကို သတ်ချင်နေတာလားကွ ”

ရွှီချင်း ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ချိုင့်ဝှမ်းထဲသို့ အချိန်မီမရောက်ခဲ့သော လေလွင့်ကျင့်ကြံသူတစ်ယောက်က ချိုင့်ဝှမ်းထဲမှ ထွက်ခွာရန်ပြင်နေသည့် ပင်လယ်ဖွတ်ကြီးအား အာရုံစိုက်နေသည်ကို မြင်လိုက်ရသည်။

သို့သော်လည်း ထိုကျင့်ကြံသူမှာ ဆင်တစ်ကောင်၏ နှာခေါင်းတမျှ ရှည်လျားသော နှာခေါင်းပိုင်ရှင် ခန္ဓာကိုယ်ထွားကျိုင်းသည့် လူသားမဟုတ်သောကျင့်ကြံသူ၏ ဒေါသတကြီး ဟန့်တားခြင်းကို ခံလိုက်ရသည်။

“ ချီးလိုကောင်၊ ဒီက ပင်လယ်ဖွတ်တစ်ကောင် သေသွားတာနဲ့ ငါတို့အားလုံး သေသွားမှာကို မင်း မသိဘူးလား ”

ထိုလူထွားကြီးက ဒေါသတကြီးဖြင့် လေလွင့်ကျင့်ကြံသူကို အဝေးသို့ တွန်းထုတ်လိုက်သည်။ ထိုအချိန်၌ ဘေးပတ်လည်ရှိ လူများသည်လည်း လေလွင့်ကျင့်ကြံသူကို ဒေါသရောင်လက်နေသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လေလွင့်ကျင့်ကြံသူမှာ မျက်နှာပျက်သွားပြီး နောက်ဆုတ်နေရင်း ကတိုက်ကရိုက် ပြောလိုက်သည်။

“ ဒါက ပင်လယ်ဖွတ်လေးတစ်ကောင်ပဲမလား။ ငါတို့အားလုံး ဘာလို့သေသွားရမှာတုံး ”

“ မင်းက လူသစ်လား။ ဒီနေရာမှာ အခြေတည်အဆင့်ကျင့်ကြံသူတွေ ဘာလို့ မရှိတာလဲ မင်း သိလား။ ပြီးတော့ ဒီကျွန်းတဝိုက်မှာ ဘာလို့ အခြေတည်အဆင့်ကျင့်ကြံသူတွေ ဖြတ်မသွားဝံ့တာလဲ သိလား။ ငါတို့က ကျွန်းလေးတစ်ကျွန်းပေါ်မှာပဲ ရပ်နေတာလို့ မင်း တကယ်ကြီး ထင်နေတာပေါ့။ ငါ မင်းကို ပြောပြမယ်။ ငါတို့ရပ်နေတဲ့ ဒီကျွန်းက တကယ်တော့ ရေပေါ် ပေါ်နေတဲ့နေတဲ့ ဧရာမပင်လယ်ဖွတ်ကြီးရဲ့ ကျောက်ကုန်းအစိတ်အပိုင်းလေးတစ်ခုပဲကွ ”

ဆင်နှာခေါင်းနှင့် လူသားမဟုတ်သူ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။

“ ဒီမှာ ပင်လယ်ဖွတ်တွေ အများကြီးရှိနေတာက အဲဒီဖွတ်တွေအကုန်လုံးက ဧရာမပင်လယ်ဖွတ်ကြီးရဲ့ မျိုးဆက်တွေဖြစ်နေလို့ပဲကွ။ အဲဒီမျိုးဆက်တွေကို ကာကွယ်ဖို့ ဒီပတ်ဝန်းကျင်မှာ ချီစုစည်းခြင်းအဆင့်ထက်မြင့်တဲ့ ဘယ်မျက်နှာစိမ်းကျင့်ကြံသူကိုမှ ဒီကို အလာမခံဘူး။ ဒီကျွန်းပေါ်မှာ ပင်လယ်ဖွတ်တွေကို တိုက်ခိုက်တာလည်း ခွင့်မပြုဘူး။ မင်းက အခု အဲဒီဖွတ်ကြီးရဲ့ ခန္ဓာကိုယ်ပေါ် ရပ်နေပြီး သူ့မျိုးဆက်တွေကို သတ်ချင်နေတာလား။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေတာလား။ အဲဒီဖွတ်ကြီး ဒေါသထွက်လာရင် ငါတို့အားလုံး သေကုန်မှာကွ ”

“ ငါတို့လို ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတွေ ဒီကိုလာလို့ရတာက အဲဒီဖွတ်ကြီးက ငါတို့ကို သောက်ဂရုမစိုက်လို့ပေါ့ကွာ ”

သူသည် စကားပြောရင်း လေလွင့်ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။ ပင်လယ်ဖွတ်များကို မရရသေးသည့် တခြားလေလွင့်ကျင့်ကြံသူများလည်း ရှိသေးပြီး သူတို့သည်လည်း လောဘရောင်လက်နေသည့်အကြည့်များဖြင့် ထိုလေလွင့်ကျင့်ကြံသူကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။

လျှပ်တစ်ပြက်အတွင်း စူးစူးဝါးဝါး အော်ဟစ်သံ လွင့်ပျံလာပြီး ထိုလေလွင့်ကျင့်ကြံသူမှာ ဆိုးဝါးစွာ သေဆုံးသွားကာ သူ့ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများအားလုံးကို အားလုံးညီတူမျှတူ ခွဲယူလိုက်ကြသည်။

ရွှီချင်းသည် သူတို့စကားများကို ကြားပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်ပြီး မည်သည့်အတွက်ကြောင့် လမ်းတစ်လျှောက်၌ အခြေတည်အဆင့်ကျင့်ကြံသူများအား မတွေ့ခဲ့ရသည်ကို သူ နားလည်သွားသည်။ သူ ခေါင်းငုံ့၍ မြေပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ တိတ်ဆိတ်စွာ ပြေးထွက်သွားပြီး ပင်လယ်ဖွတ်အရေခွံများအတွက် တိုက်ခိုက်နေကြသည့် ကျင့်ကြံသူအုပ်စုကြီးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

သူက ဓားမြှောင်ကို ထုတ်လိုရာ အေးစက်စက်ဝင်းလက်သွားသည်။ သူသည် သူ့အားဟန့်တားလာသည့် မည်သူ့ကိုမဆို သတ်ပစ်မည်ဖြစ်ပြီး လေအေးတစ်ချက်က သူ၏ဆံပင်ရှည်များကို ပင့်၍ တိုက်ခတ်သွားရာ စူးရှသောအကြည့်တစ်ခု ပေါ်လာသည်။

နောက်ဆုံး၌ သူသည် တခြားကျင့်ကြံသူသုံးယောက်ထံမှ ဒုတိယမြောက်ပင်လယ်ဖွတ်အရေခွံကို လုယူနိုင်လိုက်သည်။ ထိုစဉ် တခြားအရေခွံလေးခုသည်လည်း ပိုင်ရှင်အသီးသီး တွေ့သွားကြပြီဖြစ်သည်။ ယင်းအပြင် ထိုလူတစ်ယောက်စီ၌ သွေးဆာနေသော အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်နေပြီး တခြားလူများကို သတ်ဖြတ်ရာမှ နာမည်တစ်ခု ရသွားခဲ့ကြပြီဖြစ်သည်။

ထိုလူများအနက် ရွှီချင်းကဲ့သို့ အရေခွံနှစ်စုံ ရသွားခဲ့သူမှာ ပန်းချွမ်လမ်းမှ အဘိုးအိုဖြစ်သည်။ တခြားအရေခွံနှစ်စုံအနက် တစ်စုံကို တစ်ကိုယ်တော် လူသားမဟုတ်သော ကျင့်ကြံသူတစ်ယောက်က လုယူသွားနိုင်ခဲ့ပြီး ကျန်တစ်စုံကို ငါးယောက်အုပ်စုတစ်စုက ရရှိသွားခဲ့သည်။

လေထဲတွင် လူသတ်ငွေ့များ ရှိနေဆဲဖြစ်ပါသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဆက်လက်မတိုက်ခိုက်ကြတော့ပေ။

ရွှီချင်းက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ပန်းချွမ်လမ်းမှ အဘိုးအိုနှင့် အကြည့်ချင်းဆုံသွားသည်။ ထို့နောက် အဘိုးအိုနောက်မှ မြွေကြီးကို သူ သတိထားမိသွားသည်။

မြွေကြီးက ရွှီချင်း၏အကြည့်ကို မြင်သောအခါ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

ရွှီချင်းက ဂရုမစိုက်ဘဲ တိုက်ခိုက်ချင်သည့်စိတ်ကို ဖျောက်၍ အကြည့်လွှဲလိုက်သည်။ သူ ချက်ချင်းပင် နောက်ဆုတ်သွားကာ သစ်ပင်ကြီးပေါ် ပြန်သွား၍ တင်ပျဉ်ခွေထိုင်လိုက်သည်။

တခြားအုပ်စုသုံးစုသည်လည်း စိတ်သက်သာရာရသွားကြပြီး နောက်ဆုတ်လိုက်ကြသည်။

ချိုင့်ဝှမ်းပတ်လည်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သို့သော်လည်း ကောက်ကျစ်သောအကြည့်များစွာနှင့် ပင်လယ်ဖွတ်အရေခွံများ မရလိုက်သည့် တခြားကျင့်ကြံသူများ၏ အကြည့်များက ရွှီချင်းအပေါ် ကျရောက်နေသည်ကို ရိပ်ခနဲ မြင်နိုင်သည်။

အဘိုးအိုက ကျောက်တုံးကြီးနောက်တွင် အနားယူနေပြီး ဆေးတံကို ယူ၍ စိတ်ကျေနပ်သွားဟန်ဖြင့် တစ်ရှိုက်ဖွာလိုက်သည်။ သို့သော်လည်း သူ တစ်ခုခုကို အလျင်အမြန် တွေးမိသွားပြီး သူ၏အိတ်ထဲကို မွှေနှောက်ရှာဖွေကာ အဆိပ်ဖြေဆေးကို အလျင်အမြန် သောက်လိုက်သည်။

ထို့နောက် ဘေးမှ တရွှီရွှီမြည်သံများကို သူ လျစ်လျူရှုထားလိုက်၏။

မြွေကြီးက သူ၏ခန္ဓာကိုယ်ကို တိုးဝှေ့လာသောအခါမှသာ သူက စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်သည်။

“ ချီးလို့ သွားသတိပေးရမှာလား။ လူတွေကို မျက်တောင်တစ်ချက်မခတ်ဘဲသတ်တဲ့ကောင်ကို သတိပေးစရာလိုလား။ သူ့ကို ညကြီး လာတိုက်ခိုက်နိုင်တာကို သူ မသိဘဲ နေမလားကွ ”

“ ငါ မင်းကို ပြောမယ် မျက်လုံးဖြူမွေ။ သူ့ကို မင်း ဘာလို့ အဲဒီလောက် စိတ်ပူနေရတာတုံး။ ဟူး … ငါ မင်းကို ကောင်းကောင်းလည်း ကျွေးမွေးခဲ့ပါတယ်ကွာ။ ဘာလို့ ငါ့ကျ မင်း စိတ်ပူမပေးရတာတုံး။ မင်း အဆိပ်မိသွားလို့လား ”

အဘိုးအိုမှာ စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် အဝေးရှိ သစ်ပင်ပေါ်မှ ရွှီချင်း၏မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။ ရန်လိုသောအကြည့်နှင့်လူများကို သူ ကြည့်၍ သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏အကြည့်က သူတို့ခန္ဓာကိုယ်များပေါ်ရှိ အိတ်ကပ်များပေါ် ရောက်နေပေသည်။

သူက နှုတ်ခမ်းကို လျာဖြင့်သပ်၍ ဘေးပတ်လည်ကို အဆိပ်များ ပို၍ ဖြူးလိုက်သည်။

တစ်နေ့တာက တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

ညအချိန် ကျရောက်လာခဲ့ပြီဖြစ်သည်။

လရောင်ဖျော့ဖျော့က မြေပြင်ပေါ် ဖြာကျနေသည်။ လရောင်အောက်၌ အထီးကျန်ချုံပုတ်များသည် လေအဝှေ့တွင် ထူးဆန်းသော အရိပ်များကို ထုတ်ဖော်နေသည်။ အဝေးမှ ကြည့်ပါက တိတ်ဆိတ်သော ညချမ်းတွင် ၎င်းတို့သည် တစ္ဆေများ၊ မိစ္ဆာများနှင့် မွန်းစတားများအသွင် ရှိနေ၏။

ထိုအေးစက်စက်ညက လေထဲ တိုးဝှေ့လာသော လူသတ်ငွေ့များကို ဖုံးကွယ်မထားနိုင်တော့ပေ။

လရောင်ဖျော့ဖျော့သည်လည်း သတ္တဝါအားလုံး၏ အလိုလောဘနှင့် သဟဇာတမဖြစ်တော့ပေ။

ထိုသို့ဖြင့် ခြောက်ကပ်ကပ်ပင်လယ်လေပြေက ဈာပနသံစဉ်တေးကို ဟစ်ကြွေးလာလေသည်။

All Chapters