← Chapters

အဆိပ်ဖြင့် ခြယ်မှုန်းထားသော ညတစ်ည

Vol. 10 Ch. 147

အဆိပ်ဖြင့် ခြယ်မှုန်းထားသော ညတစ်ည

Vol. 10 Ch. 147

တိမ်မည်းများက လမင်းကြီးကို တဖြည်းဖြည်း ဖုံးအုပ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းသွားသည်။

ဈာပနတေးသည်လည်း မနှောင့်ယှက်ဝံ့သည့်အလား ကတိုက်ကရိုက် ထွက်ခွာသွား၏။ တိတ်ဆိတ်ငြိမ်သက်နေသော တောင်ထိပ်ကို ဖိအားတစ်ရပ် ကျူးကျော်ဝင်ရောက်လာဟန်တူသည်။

ဆွဲဆွဲငင်ငင် အူသံတစ်သံက တိတ်ဆိတ်ငြိမ်သက်နေသော ညအမှောင်ထုကိုခွင်း၍ ထွက်ပေါ်လာသည်။

လူအားလုံး ဒိန်းခနဲ ရင်ခုန်သွားကြသည်။

ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး အရပ်မျက်နှာအနံ့ှမှ တရွှီရွှီပြေးလာနေကြသော လူရိပ်များကို သူ မြင်လိုက်ရသည်။ သူတို့ပစ်မှတ်မှာ နေ့ခင်းက ပင်လယ်ဖွတ်အရေခွံများကို ရသွားခဲ့ကြသည့် ကျင့်ကြံသူများမှလွဲ၍ တခြားမဟုတ်ချေ။ လူသတ်ပွဲကြီး စတင်လေပြီ။

ရွှီချင်းက ပင်လယ်ဖွတ်အရေခွံရသွားသည့်အဖွဲ့သုံးဖွဲ့အား ဝင်ရောက်တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို အာရုံမစိုက်ချေ။ သူ့ထံသို့ အပြေးအလွှား ဝင်ရောက်လာကြသည့် လူရိပ်ခုနစ်ရိပ်ကိုသာ သူ မမှိတ်မသုန် ကြည့်နေသည်။

ဝိုးတဝါးလရောင်က ရွှီချင်း၏မျက်လုံးများထဲရှိ အေးစက်စက်အလင်းကို ဖုံးကွယ်ခြင်းငှာ မစွမ်းသာချေ။ ညအမှောင်ထုသည်လည်း လူသတ်ချင်နေသည့် သူ၏စိတ်ကို မဖယ်ရှားနိုင်တော့ပေ။ ထိုလူရိပ်များ ရောက်ခါနီးဆဲဆဲတွင် သူ လှုပ်ရှားသွားသည်။

ညအမှောင်ထုသည် လုပ်ကြံသတ်ဖြတ်သူများအတွက် အကာအကွယ်တစ်ခု ဖြစ်ပါသော်လည်း ရွှီချင်းက သူတို့ထက်ပို၍ အမှောင်ထုအား သဘောကျသည်ကိုမူ သူတို့ မသိကြပေ။

သစ်ပင်ကြီးပေါ်မှ ရွှီချင်း လှစ်ခနဲ ပျောက်သွားသည်။

တစ်ပြိုင်နက်တည်း ရောက်လာသော ကျင့်ကြံသူခုနစ်ယောက်အနက် သုံးယောက်မှာ အနားရောက်သည်နှင့် တစ်ကိုယ်လုံး ရုတ်ခြည်း တုန်ရီသွားကြသည်။ တစ်ယောက်၏ နဖူးမှာ ကွဲထွက်သွားခဲ့ပြီး သံတုတ်ကလေးက အညှာအတာမဲ့စွာ တိုးလျှိုပေါက် ထိုးဖောက်နေ၏။

နောက်တစ်ယောက်မှာ သွေးပွပ်ပွက်အန်ကာ ရွှီချင်း၏ပုံရိပ် ဖြတ်ကျော်သွားသည်ကိုသာ မူးမေ့ရီဝေစွာ မြင်လိုက်ရသည်။

တတိယမြောက်လူက အဆိုးဝါးဆုံးပင်။ ထိုသူသည် ဖောင်းကားနေသော လူသားမဟုတ်သူဖြစ်ပြီး သစ်ပင်ကြီးအနား ရောက်သည်နှင့် သူ့နောက်မှ စူးရှချွန်ထက်သော ဓားမြှောင်တစ်လက် ထွက်ပေါ်လာကာ သူ၏လည်ပင်းကို အညှာအတာကင်းမဲ့စွာ ပိုင်းဖြတ်သွားခဲ့သည်။

ထိုအားက ပြင်းလွန်းလှ၍ သူ၏ခေါင်းကြီး ပြတ်ထွက်သွားကာ သွေးများ ရေပန်းအလား ပန်းထွက်လာခဲ့သည်။

ထိုအချိန်မှသာ ပထမဆုံးလူနှစ်ယောက်ထံမှ နားစည်ကွဲလုမတတ် နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ထိုသုံးယောက်ကို သတ်ဖြတ်ပြီးသည့်အခိုက်မှာပင် ရွှီချင်းက အလျင်အမြန် နောက်ဆုတ်သွားခဲ့ပြီး မန္တန်စီရင်နေသော စတုတ္ထမြောက်လူနှင့် ထိပ်တိုက်တွေ့လိုက်ရသည်။ ထိုသူက လူသားတစ်ယောက်ဖြစ်ပြီး ဘုန်းခနဲ မြည်သံနှင့်အတူ သူ၏ဗိုက်ကြီး ချိုင့်ဝင်သွားကာ သွေးများပန်းထွက်နေလျက် မြေပြင်ပေါ် မှောက်ကျသွားသည်။

လက်ကျန်ကျင့်ကြံသူသုံးယောက်မှာ ထိတ်လန့်တုန်ရီနေကြသည်။

“ မင်းတို့ကောင်တွေ မန္တန်စီရင်လိုက်။ ငါ အဲဒီကောင်ကို တောင့်ခံထားလိုက်မယ် ”

လူသားမဟုတ်သောအဖွဲ့ဝင်များအနက် တစ်ယောက်ထံမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုလူသားမဟုတ်သူသည် ပုပြတ်ပြတ်ဖြစ်ပြီး ငါးနှစ်သားကလေးတစ်ယောက်အရွယ်သာ ရှိသည်။ သို့သော်လည်း သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်က ရှည်ထွက်လာပြီး ရုတ်တရက် ဆယ်ပေကျော်ဖြစ်သွားကာ ရွှီချင်းထံ ဒေါသတကြီး ပြေးဝင်လာသည်။

ရွှီချင်း၏အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူ့ထံပြေးဝင်လာသော ဧရာမလူသားမဟုတ်သူကို ဂရုမစိုက်သလို နောက်တွင် မန္တန်လက်ကွက်များ ဖော်နေကြသော လူသားမဟုတ်သူနှစ်ယောက်ကိုလည်း ဂရုမစိုက်ချေ။ ထိုအစား သူက ညာလက်ကိုသာ မြှောက်၍ ခပ်တင်းတင်း ဆုပ်လိုက်သည်။

ရုတ်တရက် တဝီဝီမြည်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ရှိ အပင်များထံမှ ရေစက်ကလေးများ ပျံသန်းလာကာ စက်ဝိုင်းပုံစံရေပိုက်ကွန်ကြီးသဖွယ် စုစည်းသွားသည်။

လရောင်အောက်၌ ရေပိုက်ကွန်ကြီးက အေးစက်စက်ဝင်းလက်နေပြီး ရွှီချင်းကို ဗဟိုထား၍ ကျင့်ကြံသူသုံးယောက်အား လွှမ်းခြုံကာ တဖြည်းဖြည်း ကျုံ့သွားသည်။

တဖျစ်ဖျစ်မြည်သံများနှင့်အတူ မန္တန်စီရင်နေသော ကျင့်ကြံသူနှစ်ယောက်သည်လည်း သိသိသာသာ မျက်နှာပျက်သွားကြသည်။ ရေပိုက်ကွန်က သူတို့ခန္ဓာကိုယ်များကို ထိသွားသောအခါ သူတို့ဝိညာဉ်စွမ်းအားအကာအကွယ်က တောင့်မခံနိုင်တော့ဘဲ ပျက်စီးသွားသည်။ ရေပိုက်ကွက်က သူတို့ခန္ဓာကိုယ်များအား အလျင်အမြန် ထိုးဖောက်သွားပြီးနောက် သူတို့မှာ အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။

ရွှီချင်းထံသို့ ပြေးလာနေသည့် ဧရာမလူသားမဟုတ်သော ကျင့်ကြံသူမှာလည်း ထိတ်လန့်ကြောက်ရွံ့သွားပြီး မျက်နှာများ ဖြူဆုတ်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် သူ့တစ်ကိုယ်လုံး အစိမ်းပုပ်ရောင်ပြောင်းသွားသည်။ သူက သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ် လဲကျကာ တဆတ်ဆတ် တွန့်ကွေးသွားပြီးနောက် သေသွားသည်။

ရေပိုက်ကွန်သည်လည်း သူ့ကို ဖုံးအုပ်သွားကာ သူသည်လည်း အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသော အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားသည်။

တချိန်တည်းမှာပင် လည်မျိုအလှီးခံရ၍ သေသွားသော ကျင့်ကြံသူထံမှ အစိတ်စိတ်အမြွှာအမြွှာ စုတ်ဖြဲခံလိုက်ရသည့်အတွက်ကြောင့် အော်ဟစ်သံထွက်လာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ မှင်စာလေးတစ်ကောင် ထွက်လာသည်။ လူသားမဟုတ်သော မျိုးနွယ်များတွင် အပြင်လူများမသိနိုင်သော သက်စောင့်နည်းလမ်းများစွာ ရှိနေသည်မှာ ထင်ရှားသည်။

သူက လျှို့ဝှက်နည်းလမ်းအနည်းငယ်ကို သုံး၍ ခန္ဓာကိုယ်အား ကျုံ့သွားအောင် လုပ်လိုက်ပြီး ရေပိုက်ကွန်ထဲမှ တွားသွားထွက်ကာ ပြေးရန် ပြင်လိုက်သည်။

ရွှီချင်းက သူ့နောက်သို့ မလိုက်ဘဲ အေးစက်စက်ကြည့်၍ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။

“ တစ်၊ နှစ်၊ သုံး … ”

ထို့နောက် မှင်စာကဲ့သို့ ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီလာပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။

“ ငါ့ကို ခွင့်လွှတ်ပေးပါ ”

သူ စကားတစ်ခွန်းသာ ပြောရသေးသည်၊ သူ၏ခန္ဓာကိုယ်မှာ စတင်၍ အရည်ပျော်လာသည်။ ပထမဆုံး အရည်ပျော်ကျလာသည်မှာ သူ၏လျှာဖြစ်သည်။

သူက လျှာဆုံးရှုံးသွားခဲ့ပါသော်လည်း ပြင်းထန်သော နာကျင်မှုကြောင့် ဝူးဝါးဝူးဝါးအော်ဟစ်လေရာ ဘေးပတ်ဝန်းကျင်ရှိ တိုက်ခိုက်နေကြသောအသံများကို ဖုံးလွှမ်းသွားသည်။

ထိုအသံက လူအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

လူမည်းလေးတစ်ယောက် မြေပြင်ပေါ် နာကျင်စွာ လူးလိမ့်၍ အော်ဟစ်နေသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ နောက်ဆုံး၌ ထိုလူပုလေး၏ ခန္ဓာကိုယ်မှာ အသက်ရှင်လျက် အရည်ပျော်သွားပြီး သွေးများအဖြစ် ပြောင်းလဲသွားသည်။ သူသည် စကားတစ်ခွန်းပင် မပြောနိုင်လိုက်ဘဲ သေသွားရသည်။

အရပ်မျက်နှာအနှံ့မှ အထိတ်တလန့် ရေရွတ်သံများ ထွက်လာပြီး အလျင်အမြန် နောက်ဆုတ်သွားကြသည်။ လူအားလုံးနီးပါး အဆိပ်ဖြေဆေးများ အလျင်အမြန် ထုတ်၍ သောက်လိုက်ကြသည်။

တည်းခိုခန်းမှ အဘိုးအိုသည်သာ အလွန် တည်ငြိမ်နေ၏။

အမှန်စင်စစ် ယမန်နေ့က ရွှီချင်း ရောက်လာသည့်အချိန်ကတည်းက အဆိပ်ဖြေဆေးများကို သူ သောက်ထားခဲ့ပြီးပြီ ဖြစ်သည်။ ရွှီချင်း၏အဆိပ်ကို သူ ကြုံဖူးထားခဲ့သည် မဟုတ်ပါလား။

ရွှီချင်းက ဘေးပတ်လည်မှ ကျင့်ကြံသူများ၏ အပြုအမူများကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာဖြင့် ဓားမြှောင်နှင့် သံတုတ်ကလေးကို ယူလိုက်ပြီး တခြားလူများ၏ သားရေအိတ်ရှုံ့လေးများကို ယူလိုက်သည်။ နောက်ဆုံး၌ သူက သစ်ပင်ထိပ်သို့ ပြန်သွားပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။

ဤကျွန်းသည် ကြောက်မက်ဖွယ် ဧရာမပင်လယ်ဖွတ်ကြီး၏ ကျောပေါ်တွင် ရှိနေသည့်အတွက်ကြောင့်ပင်လော၊ ဝိညာဉ်စွမ်းအားများနှင့် ဓာတ်နှောများက အလွန် ထူထပ်သိပ်သည်းသည်။

တခြားကျင့်ကြံသူများသည် ပင်လယ်ပြင်၌ အချိန်ကြာမြင့်စွာ နေနိုင်သည့်အတွက်ကြောင့် ယခုလို ပတ်ဝန်းကျင်မျိုးနှင့် အသားကျနေပြီ ဖြစ်သည်။ သူတို့၌ ဓာတ်နှောများကို ဖယ်ထုတ်နိုင်သည့် ကျင့်ကြံခြင်းနည်းလမ်း ကိုယ်စီ ရှိကြသည်။ သို့သော်လည်း သူတို့က အပြင်သွားပြီးနောက် အချိန်တစ်ခုကြာလျှင် ဓာတ်နှောများကို ဖယ်ထုတ်ရန် ဆေးလုံးများ သောက်ကြရသည်။

ရွှီချင်းမှာ ထိုသို့လုပ်ရန် မလိုအပ်သည်ဖြစ်၍ ကျင့်ကြံသောအခါတွင် စိုးရိမ်ပူပန်နေစရာမလိုချေ။ ထို့ပြင် ဤနေရာရှိ တားမြစ်ပင်လယ်၏ အရှိန်အဝါက ပင်လယ်အသွင်ပြောင်းပညာရပ် ကျင့်ကြံရာတွင်လည်း အကူအညီဖြစ်စေသည်။

ကျင့်ကြံနေသော ရွှီချင်းက မျက်လုံးများ မှိတ်ထားပါသော်လည်း ဘေးပတ်ဝန်းကျင်ရှိ မည်သူမျှ ရွှီချင်းကို မတိုက်ခိုက်ဝံ့ကြချေ။ သူတို့ထဲမှ အများစုက အဆိပ်ခတ်ခံရမည်ကို စိုးရွံ့သည့်အလား သူနှင့် ဝေးဝေးသာ နေကြသည်။

သူတို့ကြားရှိ တိုက်ပွဲများတွင်လည်း တဖြည်းဖြည်း အဆုံးသတ်သွားသည်။

ထိုသို့ဖြင့် ညက ကုန်လွန်သွားခဲ့သည်။

ကောင်းကင်၌ မနက်ခင်းလင်းရောင်ခြည်က ညအမှောင်ထုလွှာကို ထိုးခွင်း၍ နီစွေးသောအလင်းများ ဖြန့်ကျဲလိုက်သည်။ ထိုနီစွေးသောအလင်းတန်းများသည် တဖြည်းဖြည်း နေရာယူလာပြီး လောကတစ်ခွင် ပြန့်ကျဲသွားသည်။

တောင်တန်းချိုင့်ဝှမ်းအနီးတစ်ဝိုက်၌ ယမန်နေ့က ဖွတ်အရေခွံရသွားခဲ့သော တစ်ကိုယ်တော် လူသားမဟုတ်သူ ရှိနေသေးသည်။ သူ့ဘေး၌ နောက်ထပ်လူတစ်ယောက်လည်း ရှိနေပြီး သူတို့အချင်းချင်း သဘောတူညီမှုတချို့ လုပ်ထားကြဟန်တူသည်။

ထိုနောက်ထပ်လူသည် ယမန်နေ့က ရွှီချင်းနှင့် တိုက်ခိုက်ခဲ့သော ကောက်ရိုးဝတ်ရုံကို ဝတ်ထားသည့် ကျင့်ကြံသူမှလွဲ၍ တခြားမဟုတ်ချေ။

တခြားတစ်ဘက်၌ ငါးယောက်အုပ်စုသည် ပင်လယ်ဖွတ်အရေခွံကို ထိန်းသိမ်းထားနိုင်စွမ်း မရှိကြဘဲ အလောင်းများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့နေရာကို ဆင်နှာခေါင်းနှင့် လူထွားကြီး ဦးဆောင်သည့် လူခုနစ်ယောက်၊ ရှစ်ယောက်အုပ်စုက အစားထိုးယူသွားသည်။

ရွှီချင်းနှင့် ပန်းချွမ်လမ်းမှ အဘိုးအိုသည်သာ ယခင်အတိုင်း ရှိနေသေးသည်။

သို့သော်လည်း ခြားနားချက်မှာ ရွှီချင်း၏ပတ်လည်တွင် အသားစများ ရှိနေပြီး အဘိုးအို၏ပတ်လည်၌ အလောင်းတစ်လောင်းပင် ရှိမနေခြင်း ဖြစ်သည်။

ရွှီချင်းက အဘိုးအိုဘေးရှိ မြွေကြီးကို လှမ်းကြည့်လိုက်သည်။ မြွေကြီးက ရွှီချင်း၏ အကြည့်ကို သတိထားမိသွားပြီး ချက်ချင်း သူ့ကို ကြည့်၍ နှုတ်ဆက်နေသည့်အလား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

ရွှီချင်းမှာ အနည်းငယ် ထူးဆန်းသလို ခံစားသွားရပါသော်လည်း များများစားစား တွေးတောမနေတော့ဘဲ အကြည့်လွှဲကာ မျက်လုံးများကို မှိတ်၍ ဆက်လက်ကျင့်ကြံလိုက်သည်။

ကျောက်တုံးနောက်ရှိ ပန်းချွမ်လမ်းမှ အဘိုးအိုသည် ဘေးရှိမြွေကြီးကို ကန်ကျောက်၍ အေးစက်စက်နှာမုှတ်လိုက်သည်။

“ မင်း မြင်လား၊ အဲဒီကလေးက မင်းကို လျစ်လျူရှုထားတာကွ။ အဲဒီကလေးအကြောင်း ဘာမှတွေးမနေနဲ့တော့။ ဒီလောကမှာ ငါက မင်းရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ ”

“ ရွှီ ရွှီ ရွှီ ”

မြွေကြီးမျာ အနည်းငယ် စိတ်ပျက်သွားဟန်တူသည်။ အဝေးတစ်နေရာရှိ ရွှီချင်းကို စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်ပြီးနောက် ၎င်း၏အမူအရာမှာ တဖြည်းဖြည်း အသက်မဲ့သွားသည်။ အဘိုးအိုက ထိုမြင်ကွင်းကိုကြည့်၍ သက်ပြင်းချလိုက်သည်။

“ ဘာလို့ ငိုနေရပြန်တာတုံး။ မင်းကတော့ကွာ … ဟင်း … အဲဒီကလေးက မြွေစကားကိုမှ နားမလည်တာ မင်းကို လျစ်လျူရှုထားမှာပေါ့ ”

ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုမှာ နောင်တရသလိုဖြစ်သွားရပြီး မြွေကြီး၏မျက်လုံးများမှာ ပြန်လည်ဝင်းလက်လာသည်။

“ သမီးမိန်းကလေးတစ်ယောက် ကြီးပြင်းလာရင် ထိန်းသိမ်းထားလို့ မရဘူးတဲ့။ အခုလို မြွေတစ်ကောင်ကိုတောင် ထိန်းလို့မရတာပဲလေ ”

အဘိုးအိုမှာ ကူကယ်ရာမဲ့နေရတော့သည်။ ဤနေရာတွင် ရွှီချင်းကို သတ်နိုင်မည့် အခွင့်အရေးတစ်ခုတလေ ရမည်လား သူ သိချင်သွားရသည်။ သို့သော်လည်း ရွှီချင်း၏ ရက်စက်ကြမ်းတမ်းသော အပြုအမူများကို ပြန်တွေးမိပြီးနောက် ထိုအတွေးကို ခေါင်းထဲမှ မောင်းထုတ်လိုက်သည်။

ထိုသို့ဖြင့် ဆယ်ရက်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။

ထိုဆယ်ရက်တာအတောအတွင်း တောင်ထိပ်ပေါ်မှ တချို့ကျင့်ကြံသူများ ထွက်သွားကြပြီး တခြားကျင့်ကြံသူများ ရောက်လာကြသည်။ ချိုင့်ဝှမ်းပတ်လည်တွင် တစ်ခါတရံ ကျင့်ကြံသူ ရာကျော်ရှိကာ တစ်ခါတရံ ကျင့်ကြံသူအနည်းငယ်သာ ရှိသည်။

တချို့က တစ်ကိုယ်တော်ဝံပုလွေများဖြစ်ကြပြီး တချို့က ပင်လယ်ဓားပြများဖြစ်ကာ တချို့က တခြားကျွန်းများမှ လူသားမဟုတ်သူများ ဖြစ်ကြသည်။ တိုက်ပွဲများနှင့် လုပ်ကြံသတ်ဖြတ်ပွဲများက ဆက်လက်ဖြစ်ပွားနေ၏။

ထိုအတောအတွင်း ပင်လယ်ဖွတ်များ သုံးကြိမ်ပေါ်လာသည်။ ထိုသို့ပေါ်လာသည့်အကြိမ်တိုင်း လူသတ်ပွဲများ ဖြစ်လေသည်။ ရွှီချင်း၏ တိုက်ခိုက်မှုများသည် ရက်စက်ကြမ်းကြုတ်သည်။ သူက ပင်လယ်ဖွတ်အရေခွံများကို ယူရုံသာမက အပင်ပတ်လည်တွင် လူများကိုပါ သတ်ဖြတ်ပစ်သည်။

အဝေးမှကြည့်ပါက အပင်ကြီးတစ်ခုလုံး သွေးများဖြင့် စိုရွှဲနေပြီး တုန်လှုပ်ချောက်ချားစရာကောင်းသည်ကို မြင်နိုင်ပေမည်။

ထိုသို့ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ရွှီချင်း၏နေရာသည် တခြားလူများအတွက် တားမြစ်နယ်မြေ ဖြစ်လာခဲ့သည်။

ရွှီချင်းကဲ့သို့ လူအနည်းငယ် ရှိသည်။ ပန်းချွမ်လမ်းမှ အဘိုးအို၊ ကောက်ရိုးဝတ်ရုံဝတ်ကျင့်ကြံသူနှင့် သူ့အဖော်၊ ဆင်နှာခေါင်းနှင့် လူထွားကြီးတို့သည်လည်း ပင်လယ်ဖွတ်အရေခွံများကို လုယူကာ တစ်ခုခုကို စောင့်နေကြသည့်အလား မထွက်သွားကြသေးပေ။

ထိုသည်ကို ရွှီချင်းလည်း ခံစားမိသည်။ ထို့ကြောင့် သူက ထွက်မသွားသေးဘဲ ထိုဆယ်ရက်တာအတောအတွင်း တိတ်တဆိတ်သာ ကျင့်ကြံနေခဲ့သည်။

ဤနေရာတွင် ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝပြီး ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိသည်။ ထို့ပြင် လက်ရှိ သူ ရောက်နေသော ပတ်ဝန်းကျင်က တားမြစ်နယ်မြေတောအုပ်ထဲ ပြန်ရောက်သွားသလို သူ့ကို ခံစားသွားရစေပြီး သူ၏ကျင့်ကြံခြင်းက တဟုန်ထိုး တိုးတက်လာခဲ့သည်။

ယခုအခါ သူသည် ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်ကိုးသို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။

“ ငါ အလွန်ဆုံး သုံးရက်အတွင်း အဆင့်တက်သင့်တယ် ”

ရွှီချင်းက ခပ်တိုးတိုးရေရွတ်လိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။ အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအားစီးကြောင်းများ သူ့ခန္ဓာကိုယ်ထဲ အလုအယက် ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ လက်ကျန်ဓာတ်နှောများက သူ့အရိပ်ထဲ ပူးပေါင်းသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ ပေရှစ်ရာ့ခုနစ်ဆယ်မြင့်သော ဝိညာဉ်ပင်လယ်က ဆက်လက်ကြီးထွားလာသည်။

ပေရှစ်ရာ့ရှစ်ဆယ်၊ ပေရှစ်ရာ့ကိုးဆယ် …

နှစ်ရက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ တတိယမြောက်နေ့၊ မွန်းတည့်ချိန်တွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားအငွေ့အသက်များက ပေကိုးရာနှင့် အလွန် နီးကပ်နေပြိဖြစ်သည်။ ပေကိုးရာသို့ ရောက်သွားသည်နှင့် သူ၏ပင်လယ်အသွင်ပြောင်းပညာရပ်က အဆင့်ကိုးသို့ ရောက်သွားမည်ဖြစ်သည်။

ဤချီရွှဲ့ထုံဂိုဏ်းပညာရပ်အဆင့်ကိုးသို့ ရောက်သွားသည့်ဂိုဏ်းသားများက နန်းဟွမ်ဒေသကြီးရှိ တခြားဂိုဏ်းများမှ အဆင့်တူပြိုင်ဘက်အများစုကို အနိုင်ယူနိုင်သည်။ အဆင့်နိမ့်ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံထားကြသည့် အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် သူတို့ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေမည်။

တောင်တန်းပင်လယ်ပညာရပ်မှ ရွှီချင်း၏အပြင်အားသည်လည်း မကြုံစဖူး ထူးကဲသောအဆင့်သို့ ရောက်သွားခဲ့ပြီး ကြောက်စရာကောင်းသော ‘ ပါ ’ အရိပ် ဖြစ်ပေါ်လာသည်ကိုမူ ပြောနေစရာလိုမည် မဟုတ်ချေ။ ပင်လယ်အသွင်ပြောင်းပညာရပ်၌သာ သူ အဆင့်တက်သွားပါက သူ၏အပြင်အားသည်လည်း ထပ်မံ ဖောက်ထွက်သွားမည်ဖြစ်ကြောင်း ပြောနိုင်သည်။

ထိုအချိန်၌ သူသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ကျော်လွန်သွားသည့် လူတစ်ယောက် ဖြစ်သွားမည်ဖြစ်ပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ယူဆနိုင်သည်။ ဥပမာအနေဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ပင်လယ်ပြင်၌ဖြစ်စေ၊ မြေပြင်၌ဖြစ်စေ အနိုင်ယူလာနိုင်မည်ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သတ်ဖြတ်ရန်အတွက်ဆိုပါက အနည်းငယ်သာ အားစိုက်ရန် လိုတော့မည်ဖြစ်သည်။

“ ငါ ဒီည အဆင့်တက်နိုင်တယ် ”

ရွှီချင်း၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ဝင်းလက်နေသည်။ သူ ဆက်လက်ကျင့်ကြံရန် ပြင်လိုက်စဉ် တောင်ခြေမှ တရွှီရွှီမြည်သံများနှင့် ခြေသံတရှပ်ရှပ် လွင့်ပျံလာသည်။

ထိုလူများ မရောက်ခင်ကတည်းက ချိုင့်ဝှမ်းတစ်ခုလုံးကို ရက်စက်ကြမ်းတမ်းသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ ယင်းကြောင့် ထိုနေရာရှိလူအားလုံး မျက်နှာပျက်သွားကြပြီး တောင်ခြေကို ငုံ့ကြည့်လိုက်သည်။

ရောက်လာကြသူများသည် ပင်လယ်ဖွတ်များ မဟုတ်ကြဘဲ ကျင့်ကြံသူတစ်စု ဖြစ်သည်။

ထိုလူစုသည် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကြောက်မက်ဖွယ်ရုပ်သွင်များ ရှိကာ သူတို့တစ်ကိုယ်လုံး လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။

စုစုပေါင်း လူတစ်ဆယ့်ခြောက်ယောက်ရှိပြီး လူတစ်ယောက်စီတိုင်းက ပြင်းထန်သော ကျင့်ကြံခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

“ ပင်လယ်တစ္ဆေ ”

“ ဒါ ပင်လယ်တစ္ဆေဂိုဏ်းပဲ ”

“ ချီးပဲကွာ။ ဒီကောင်တွေ ဘာလို့ ဒီကို ရောက်လာရတာတုံး ”

ဘေးပတ်ဝန်းကျင်မှ အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

All Chapters