အခန်း (၈၅၆-၈၅၈)
Vol. 58 Ch. 856-858
အခန်း (၈၅၆) မွေးဖွားဇယားချပ် ဆရာသခင်ကို သွားရန်မစသင့်ပေ
လုကျိုးက ကြာပလ္လင်ပေါ်တွင် ရှိနေသည့် ပုံစံကို ကြည့်လိုက်သည်။ သူ့ပထမ မွေးဖွားဇယားချပ်ကို အသက်သွင်းသည့် ဖြစ်စဥ်တစ်ခုလုံးက အတော်လေး ချောမွေ့နေခဲ့၏။
လုကျိုးက ထိုကိစ္စကို စဥ်းစားနေရင်း ကြာပလ္လင်ပေါ်ရှိ မွေးဖွားစက်ဝန်းပြားက ရုတ်ခြည်းဆိုသလို ပိုမိုကြီးမားလာ၏။
လေထုထဲ စွမ်းအင်ပဲ့တင်သံများလည်း ထွက်ပေါ်နေကာ လုကျိုး၏ စိတ်ဝိညာဥ်သဏ္ဌာန်က အရွယ်အစား စတင်ကြီးမားလာသည်။
ထိုအရာကို မြင်တွေ့ပြီး လုကျိုးက သူ့အသက်စွမ်းအင်နှင့် စိတ်ဝိညာဥ်သဏ္ဌာန်ကို အလျင်အမြန် ထိန်းချုပ်လိုက်၏။ သို့သော်လည်း သူ့စိတ်ဝိညာဥ်သဏ္ဌာန် ကြီးထွားနေသည့် အမြန်နှုန်းက မြန်ဆန်လှသည်။ စက္ကန့်ပိုင်းလေးအတွင်း အခန်းကို ပွင့်ထွက်သွားစေ၏။
ဝုန်း
စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၂၀၀အထိ ရောက်ရှိပြီးသည့်နောက်တွင်ပင် ရပ်တန့်မည့် အရိပ်အယောင် မပြသသေးပေ။
ပေ ၂၁၀
ပေ ၂၂၀
...
တိမ်တိုက်တောင် တပည့်များကို မိုးခြိမ်းလုမတတ် အသံကျယ်ကြီးက ဆွဲဆောင်သွား၏။ ထိုစဥ် တိမ်တိုက်ရင်ပြင်ပေါ်တွင် နျဲ့ချင်းယွင်က လီယွင်ကျန်းကို အဖော်ပြုပေးကာ သူတို့ကြားဖူးသည့် ကိစ္စရပ်များကို ဆွေးနွေးပြောဆိုနေကြသည်။ ၂ဦးသားက ထိုရုန်းရင်းဆန်ခတ်ဖြစ်ရာ နေရာဆီ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
“လုချန်းပေ့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ပဲ”
...
ဝုန်း
စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ကြာပလ္လင်တို့က အခန်းကို ပျက်စီးသွားစေသည်။
လုကျိုးက သူ့ရှေ့တွင် ရှိနေသည့် ကြာပလ္လင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သဘောတရားအရ သူသာ စွမ်းအင်ကို ထိန်းချုပ်ထားသည်နှင့် စိတ်ဝိညာဥ်သဏ္ဌာန်က ဘာအထိအခိုက်မှ မရှိ အဆောက်အဦးကို ဖြတ်သန်းသွားနိုင်လိမ့်မည်။
ဒါက ဘာလို့ ထိန်းချုပ်မှု ကင်းလွတ်ပြီး ရုတ်တရက် ကြီးမားလာရတာလဲ။ ဘာတွေများ မှားယွင်းသွားတာလဲ။...
ပေ ၂၃၀
စိတ်ဝိညာဥ်သဏ္ဌာန်၏ အမြင့်က ဆက်လက်တိုးပွားနေဆဲ ဖြစ်၏။
လုကျိုးက ဤအရာသည် စိတ်ဝိညာဥ်သဏ္ဌာန် ပိုမိုအားကောင်းလာသည့် အရိပ်အယောင် ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူ့ထိန်းချုပ်မှုအောက် မကင်းလွတ်သင့်ပေ။
သူက ကြာပလ္လင်ကို ထပ်မံ ကြည့်လိုက်သည်။ ထိုနေရာတွင် ထိုအရာက ရေကန်အရွယ်အစားလောက် ရှိနေပြီဖြစ်၏။
......................
ထိုမြင်ကွင်းကို ကြည့်နေသည့် လီယွင်ကျန်းက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ဆရာဘိုးဘိုးက ကျွန်တော်အပေါ် တကယ်ကို ကောင်းတာပဲ။ သူက မွေးဖွားဇယားချပ် အသက်သွင်းတာကို ကျွန်တော်အတွက် သရုပ်ပြနေပြီးတော့ မွေးဖွားဇယားချပ်ကိုတောင် ပြနေတယ်”
နျဲ့ချင်းယွင်က တအံ့တသြဖြင့် မေးလိုက်သည်။
“မွေးဖွားဇယားချပ်လား”
“ကြည့်လိုက်လေ။ ကြာရဲ့အလယ်မှာ ကြာပလ္လင် ရှိတယ်။ ပြီးတော့ အလင်းတဖျပ်ဖျပ်လတ်နေတဲ့ ပုံစံတစ်ခုလည်း ရှိလိမ့်မယ်။ အဲ့တာက မွေးဖွားဇယားချပ်ပဲ”
လီယွင်ကျန်းက တအံ့တသြ ဖြစ်နေမိ၏။ သူက အများအပြား ဖတ်ရှူခဲ့ဖူးသော်လည်း သူ ဖတ်ဖူးထားသည့်အရာများကို မျက်မြင်ကိုယ်တွေ့ မြင်ရဖို့ အခွင့်အရေး မရှိခဲ့ပေ။ သူက ဖတ်ဖူးသည့်အရာကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခံစားလိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုအား မည်သို့ ထိန်းချုပ်ထားနိုင်မည်နည်း။
“ဂိုဏ်းသားတို့” နျဲ့ချင်းယွင်က အော်ခေါ်လိုက်သည်။
တပည့် ၂ဦးက ချက်ချင်း ရောက်ရှိလာ၏။
“ငါ့အမိန့်ကို ဖြန့်လိုက်။ တိမ်တိုက်တောင် တပည့်တွေက အခုကစပြီး လုချန်းပေ့ရဲ့ ကျင့်ကြံရေးကို မနှောင့်ယှက်စေဖို့ တတိယတောင်ထိပ်ကို ချဉ်းကပ်တာကို တားမြစ်ထားတယ်။ အဲဒီအပြင် ပင်မခန်းမဆောင်ကိုပါ သန့်ရှင်းရေး လုပ်လိုက်ကြ”
“ဟုတ်ကဲ့”
ဤအမိန့်ဖြင့် သိချင်စိတ်ပြင်းပြနေသည့် တိမ်တိုက်တောင် တပည့်များက လုကျိုး၏ နေရာမှ ဝေးဝေးသာ နေလိုက်ကြသည်။
...
ထိုစဥ် လုကျိုးက သူ့ကြာပလ္လင်၏ အပြောင်းအလဲများကို သေချာစောင့်ကြည့်နေပြီး တိမ်တိုက်တောင် တပည့်များကို အာရုံမရှိပေ။
ပေ ၂၄၀
ထိုစဥ် ကြယ်တာရာက စုတ်တံနှင့် ဓားနှင့်အတူ တစ်သားတည်းရှိနေသည့် အလင်းတန်းက ကောင်းကင်ကို ထိုးခွင်းထွက်သွားသည်။
ထိုအရာက ကောင်းကင်မီးတောက်ဂိုဏ်း၏ ဖုန်းကျစ်ဟယ်သည် ယုံအသက်ဓာတ် နှလုံးသားဆီမှ စွမ်းအားကို အသက်သွင်းလိုက်စဥ်အချိန်က မြင်ကွင်းကို ပြန်လည်အမှတ်ရစေ၏။
လုကျိုးက အဝေးတစ်နေရာမှ ချုပ်နှောင်ရေးစည်းတံဆိပ်ကို ကြည့်နေရင်း သူ့စိတ်ဝိညာဥ်သဏ္ဌာန်ဆီ ပျံသန်းမလာခင် အလျင်အမြန် သိမ်းဆည်းလိုက်သည်။
“အမ် ကြာပလ္လင်က အသက်ဓာတ်ကို မစုပ်ယူသေးဘူးပဲ”
လုကျိုးက စဥ်းစားနေစဥ် ခရုလေးက ပေါ်ထွက်လာကာ ထိုအလင်းတန်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ရှစ်စွင်း … ရပ်လိုက်တော့ ရပ်လိုက်တော့”
သူက ထိုသို့ပြောနေသော်လည်း မီးပန်းများကို ကြည့်နေသည့်အလား လက်ခုပ်တီးနေလေ၏။
“ရပ်လိုက်ရမှာလား”
လုကျိုးက အလင်းတန်းဆီ ပျံသန်းသွားပြီးသည့်နောက် သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူက ထိုအလင်းတန်းဆီမှ အားပြင်းသည့် အသက်ဓာတ်ကြောင့် အံ့အားသင့်သွားမိ၏။ ကံကောင်းစွာဖြင့် အလင်းတန်းက သူ့ကို တိုက်ခိုက်မလာပေ။ ထိုအရာက သူ့ကို တားဆီးဖို့ ကြိုးစားနေရုံဟုသာ ခံစားရပုံပေါ်၏။ သိပ်မကြာခင် သူက အလင်းတန်းကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပြီး အသက်ဓာတ် စွမ်းအားကို ကြာပလ္လင်ထဲ ပြန်လည်သွတ်သွင်းနိုင်ခဲ့သည်။
ဤသို့ဖြင့် စိတ်ဝိညာဥ်သဏ္ဌာန်က နောက်ဆုံးတွင် ရပ်တန့်သွားကာ ပေ ၂၅၀ တွင် ရပ်တန့်သွားသည်။
ထိုစဥ် ကြာပလ္လင်ရှိ ဗဟုဂံ ပုံစံက ဖြတ်ခနဲ လတ်သွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွား၏။
ထိုအခိုက်အတန့်တွင် လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်သည် သူ့ထိန်းချုပ်မှုအောက် မရှိတော့ကြောင်း ခံစားမိလိုက်ပြန်သည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို အလျင်အမြန် ရုပ်သိမ်းလိုက်၏။
သူ့မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးသည့်နောက်တွင် လက်နောက်ပစ်ကာ ခရုလေးဆီ သွားပြီး မေးလိုက်သည်။
“ခရုလေး … မင်းရဲ့ ရှစ်ကျဲရော”
ခရုလေးက ပြန်ဖြေလိုက်သည်။
“ရှစ်ကျဲက အခုထိ အိပ်နေတုန်းပဲ။ တပည့်က ရုတ်ရုတ်သဲသဲ ဖြစ်သံ ကြားလိုက်လို့ လာကြည့်တာ”
လုကျိုးက ထိုမိန်းကလေးသည် ပျင်းရိလွန်းကြောင်း တွေးမိသွားသည်။ ခဏအကြာတွင် သူက ခရုလေးကို မေးလိုက်၏။
“မင်းက မွေးဖွားဇယားချပ်ကို သိလား”
ခရုလေးက စဥ်းစားနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။ အရင်က မြင်ဖူးတယ်လို့ ထင်တယ်”
အကယ်၍ အမှန်သာဖြစ်နေပါက ခရုလေး၏ နောက်ခံသည် ပိုမိုရှုပ်ထွေးလာလိမ့်မည်။
အနီရောင်ကြာနယ်မြေတွင် ယခင်နှစ် ၂၀၀၀အတွင်း မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့သူ တစ်ယောက်မှ မရှိခဲ့ပေ။
ခရုလေးက ဘယ်နေရာမှာ ဘယ်အချိန်မှာ မြင်တွေ့ခဲ့တာလဲ...
သို့သော်လည်း လုကျိုးက ပြောလိုက်၏။
“အခုသွားပြီးတော့ ဆက်ပြီး ကျင့်ကြံချီ”
“ဟုတ်ကဲ့”
လုကျိုးက လှည့်ကာ အခန်းနှင့် ဘေးခန်းမဆောင်ကို ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် အားလုံး ဖျက်ဆီးခံထားရသည်။ ဤသို့ဖြင့် သူသည် ပင်မခန်းမဆောင်သို့သာ ဦးတည်လိုက်၏။ ကံကောင်းသည်မှာ ပင်မခန်းမဆောင်ကို ပြင်ဆင်ပြီးသွားပြီဖြစ်၏။
သူ ပင်မခန်းမဆောင်သို့ ရောက်ရှိလာသည့်အခါ တပည့်တချို့က ခန်းမဆောင်ကို သန့်ရှင်းရေး လုပ်နေသည်ကို မြင်လိုက်ရသည်။
ထိုတပည့်များက တစ်ယောက်ပြီး တစ်ယောက် ဦးညွတ်လာကာ ပြောလိုက်၏။
“လုချန်းပေ့ကို ပင်မခန်းမဆောင်မှာ အနားယူဖို့ ဂိုဏ်းချုပ်က ပြောလိုက်ပါတယ်”
“မင်းတို့တွေ သွားလို့ရပြီ”
“ဟုတ်ကဲ့” တိမ်တိုက်တောင် တပည့်များက ပင်မခန်းမဆောင်မှာ ချက်ချင်းထွက်သွားကြသည်။
လုကျိုးက ပင်မခန်းမဆောင်အတွင်း မဝင်ခင် စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။ အမြင့်တိုးပွားလာသည့်အပြင် ကြာပလ္လင်ကလည်း ကျယ်ပြန့်လာသည်။ သူက အသေးစားပုံသဏ္ဌာန် ထုတ်ဖော်ထားသော်လည်း မြင်တွေ့နိုင်လေ၏။
လုကျိုးက အရွယ်အစားကို ကြီးမားစေလိုက်သည်။
ကြာပလ္လင်ပေါ်တွင် မွေးဖွားဇယားချပ် နန်းဆောင်အတွင်း မွေးဖွားဇယားချပ်ပုံစံကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူက သူ့စိတ်ထဲ ထိန်းချုပ်ဖို့ ကြိုးစားဖို့ အတွေးတစ်ခု ပေါ်ထွက်လာသည်နှင့် ထိုပုံစံက အလင်းများ လင်းလက်လာလိမ့်မည်။
ထိုအရာအပြင် စိတ်ဝိညာဥ်သဏ္ဌာန်က ပိုမိုခိုင်ခံ့လာဟန်ပေါ်၏။ အကယ်၍ ယခင်က ရွှေရောင်မျှသာ ရှိခဲ့လျှင် လက်ရှိကမူ သန့်စင်ရွှေဖြင့် ပြုလုပ်ထားသလိုမျိုး ဖြစ်၏။
“မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းတာက ပေ ၅၀ အမြင့်ကို တိုးပွားစေတာပဲ”
“လုလီက မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းထားနိုင်တယ်ဆိုတော့ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၄၅၀ မြင့်မားနေတာများလား”
သို့သော်လည်း သူက လုလီ၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်အမှတ်ရလိုက်သည့်အခါ မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းထားနိုင်ရုံမျှဖြင့် ပိုမိုမြင့်မားနေသည့်ဟန်ပေါ်နေသည်။ ပုံမှန်အားဖြင့် ဤအရာက သူ့၏ သုံးသပ်ချက်မျှသာ ဖြစ်၏။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပထမဦးဆုံးအကြိမ် ဖွဲ့စည်းပြီးသည့်နောက်တွင် အပိုအမြင့် ရရှိခြင်းလည်း ဖြစ်နေနိုင်သည်။
ထိုစဥ် လုကျိုးက စနစ်ကို ဖွင့်ကာ သူဝယ်ယူထားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်လိုက်သည်။
သူ လက်ခံရရှိသည့် စနစ်၏ အသိပေးချက်က ယခင်ညနှင့် ကွဲပြားနေ၏။
“တင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို အသုံးပြုချင်ပါသလား”
ယခင်က စနစ်သည် သူ့အား စိတ်ဝိညာဥ်သဏ္ဌာန်ကို အသုံးမပြုခင် မွေးဖွားဇယားချပ်ကို အသက်သွင်းရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ နောက်ဆုံးတွင် သူက လိုလားချက်နှင့် ပြည့်မီသွားပြီ ဖြစ်၏။
လုကျိုးက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ သူ့အမြန်နှုန်းက အံ့မခန်းဖြစ်၏။ သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့် ရောက်ဖို့ သိပ်မကြာမြင့်သေးပေ။
အားလုံးက သူ့ကို ပွင့်ချပ်ဆယ်လွှာ ရောက်ရှိသည်မှာ ကြာမြင့်လှပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းထားနိုင်သည်ဟု ယူဆထားကြသည်။
သူ့အမြန်နှုန်းက အံ့မခန်းဖြစ်နေသော်လည်း ကုသိုလ်ရမှတ် ၅သိန်းကို စုဆောင်းမိဖို့ အင်မတန် ခက်ခဲလှသည်။
ယွီချန်းရှုတစ်ယောက်ထဲက သူ့ကို ခေါင်းကိုက်စေပြီးဖြစ်ကာ ယွီချန်းရှုကို သတ်ဖြတ်ခြင်းက သူ့အား ကုသိုလ်ရမှတ် အလုံအလောက် မပေးနိုင်ပေ။ ထို့အပြင် သူက အစစ်အမှန် ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့သည် တိုက်ပွဲမှ ဘေးဖယ်နေလိမ့်မည်ဟု ထင်မထားမိပေ။ အကယ်၍ ယွီချန်းရှုသာ သူ ထင်ထားသည့်အတိုင်း ပြုမူခဲ့ပြီး တစ်ယောက်မှ မခေါ်ဆောင်ခဲ့ပါက သူ့အနေဖြင့် ကုသိုလ်ရမှတ် ၅သိန်း ရရှိဖို့ မဖြစ်နိုင်ပေ။
ကံကောင်းစွာဖြင့် လုလီ ပေါ်ထွက်လာခဲ့၏။ အကယ်၍ နောက်ထပ် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံသူသာ ရှိမည်ဆိုလျှင် သူ သို့မဟုတ် သူမက ရက်စက်နေနိုင်သည်။ ထိုစဥ် လုကျိုးက အသေရိုက်ချက်ကတ်ကို ဝယ်ဖို့ရာ ကုသိုလ်ရမှတ်ကို အသုံးပြုရုံမှအပ ရွေးချယ်စရာရှိမည် မဟုတ်ပေ။ ထို့အပြင် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတွင် အသက်ကယ်နည်းလမ်း မြောက်မြားစွာ ရှိမည်မှာ အသေအချာပင် ဖြစ်၏။ ဆိုလိုသည်မှာ သူ့အနေဖြင့် အသေရိုက်ချက်ကတ် ၁ကတ်နှင့် တခြားသော အသုံးပြုပစ္စည်းများကို ဝယ်ယူရမည်ဟု ဆိုလိုနေသည်။
လုကျိုးက ပင်မခန်းမဆောင်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ပင်မခန်းမဆောင်ကိုပါ ဖျက်ဆီးပစ်လောက်မှာတော့ မဟုတ်ဘူးမလား။...
သူက ခေါင်းခါကာ တွေးလိုက်သည်။
အဲ့ဆိုရင်တော့ မတတ်နိုင်ဘူး။ ဒါက အရေးကြီးတဲ့ကိစ္စပဲ။...
“သုံးမယ်”
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က စနစ်မှ ပျောက်ကွယ်သွားကာ သူ့စိတ်ဝိညာဥ်သဏ္ဌာန်အနီးတွင် ပိုးစုန်းကြူးများကဲ့သို့ ကြယ်တာရာ အလင်းပျောက်များ ထွက်ပေါ်လာသည်။
ကမ္ဘာဦးချီက စတင်လည်ပတ်လာပြီး ကောင်းကင်က အရောင်ပြောင်းလဲသွားကာ တိမ်များက လေပြင်းပြင်းကြောင့် ကင်းစင်သွားဟန်ပေါ်သည်။
..............
တိမ်တိုက်တောင်ရှိ တပည့်များက ရာသီဥတုအပြောင်းအလဲကို များများစားစား မတွေးကြဘဲ ရာသီဥတု ဆိုးဝါးသည်ဟုသာ မှတ်ယူလိုက်ကြသည်။
ထိုစဥ် နျဲ့ချင်းယွင်နှင့် လီယွင်ကျန်းတို့က ကောင်းကင်ကို သံသယဖြစ်စွာ ကြည့်လိုက်ကြ၏။
လီယွင်ကျန်းက သိချင်စွာ မေးလိုက်သည်။
“ဒါက ဘယ်လို ရာသီဥတုမျိုးလဲ”
နျဲ့ချင်းယွင်က ပြောလိုက်၏။
“အရှင်မင်းကြီး အခုပြန်ပြီး အနားယူရတော့မဲ့ အချိန်ပါပဲ”
“မဟုတ်သေးဘူး ဂိုဏ်းချုပ်နျဲ့။ ဒီမှာ ကြည့်လိုက်အုံး” လီယွင်ကျန်းက ပင်မခန်းမဆောင်အထက် ကမ္ဘာဦးချီ အမြောက်အမြားက တိမ်မည်းများကဲ့သို့ စုဝေးနေသည်ကို မြင်လိုက်ရသည်။ သိပ်မကြာခင် ကမ္ဘာဦးချီက ပင်မခန်းမဆောင်ဆီ ကျရောက်သွား၏။
“ဒါက...” နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး “လုချန်းပေ့က တိမ်တိုက်တောင်မှာ နေရတာ အဆင်မပြေတာများလား။ အဲဒါကြောင့် သူက ခြံဝန်းကို ဖျက်ဆီးပစ်ချင်တာများလား”
လီယွင်ကျန်းက အကြံပြုကာ “ဆရာဘိုးဘိုးကို ကျုပ် ခြံဝန်းပေးလိုက်ရင်ရော”
“အဲဒါက သင့်တော်ပါ့မလား”
“သင့်တော်တာတွေ မသင့်တော်တာတွေ မရှိဘူး။ ကျုပ်က ဒီတိုင်းပြည်ရဲ့ အုပ်ချုပ်သူ ဆိုပေမဲ့ ဗလာကျင်းနေတဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။ ဆရာဘိုးဘိုးကိုပဲ အဲ့နေရာ ပေးလိုက်တာပေါ့။ ကြည့်ပါအုံး။ ပင်မခန်းမဆောင်က ထပ်ပြီးတော့ ဖျက်ဆီးခံရတော့မယ်တူတယ်။ ဆရာဘိုးဘိုးရဲ့ ဒေါသက ခင်ဗျား ထင်ထားသလောက် သိပ်မကောင်းဘူး ထင်ပါတယ်” လီယွင်ကျန်းက ပြောလိုက်သည်။
“အရှင်မင်းကြီးက တကယ့်ကို ရက်ရောတာပဲ” နျဲ့ချင်းယွင်က ပြောလိုက်သည်။ ထို့နောက် သူက လုကျိုးသည် ယဲ့ကျန်းအား ရိုက်နှက်ခဲ့သည့်မြင်ကွင်းအား ပြန်လည်တွေးမိသွားကာ တုန်တုန်ယင်ယင် ဖြစ်လာမိ၏။
ဒေါသထွက်သွားတာလား...
လုကျိုးက သဘောမတူသည့် စကားတစ်ခွန်းမျှဖြင့် တစ်စုံတစ်ယောက်ကို သေသည်အထိ ရိုက်နှက်ခဲ့ဖူးသည်။ ထို့ကြောင့် မွေးဖွားဇယားချပ် ဆရာသခင်များကို သွား၍ ရန်မစသင့်သည်မှာ အမှန်ပင် ဖြစ်၏။
…
အခန်း (၈၅၇) တိမ်တိုက်တောင်ပေါ်ရှိ ရွှေရောင်ကြယ်တာရာဒိုင်ခွက်
လုကျိုးသည် ကနဦးချီက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ထဲ တိုးဝင်သွားပြီး ၎င်း၏အသက်ဓာတ်စွမ်းအင်ကို စုပ်ယူခြင်းမရှိတာကို မြင်သောအခါ စိတ်သက်သာရာရသွား၏။
“ကြည့်ရတာ ရွှေကြာက နဝမမြောက်ပွင့်ချပ်မှာပဲ အတားအဆီးတစ်ခုရှိတဲ့ပုံပဲ”
ဒဿမမြောက်ပွင့်ချပ်သို့ အဆင့်တက်ခြင်းသည် လူတစ်ယောက်၏သက်တမ်းမလိုအပ်ပေ။ မွေးဖွားဇယားချပ်ကို အသက်သွင်းရန် မွေးဖွားဇယားချပ်နှလုံးသားမှ သက်တမ်းကိုသာလိုအပ်၏။ ထို့ကြောင့် မိမိ၏သက်တမ်းရှိစရာမလိုအပ်ပေ။ ထိုအရာအပြင် ဘုံတစ်ထောင်လေပွေ စိတ်ဝိဉာည်သဏ္ဌာန်ဖွဲ့တည်ခြင်းကလည်း မိမိ၏သက်တမ်းကို မကုန်ဆုံးစေနိုင်ပေ။
လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ထဲစီးဝင်လာသော ကနဦးချီကို စိတ်ကျေနပ်စွာကြည့်လိုက်၏။ ဖြစ်စဉ်တစ်ခုလုံးကို သူက လေးနက်တည်ကြည်သောအမူအရာဖြင့် ကြည့်နေတာဖြစ်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်သည် ကနဦးချီ အများအပြားကို စုပ်ယူနေပြီး မရပ်တန့်ပေ။ ကံကောင်းသည်မှာ သူသည် တိမ်တိုက်တောင်ပေါ်တွင် ရှိနေ၏။ ဤနေရာရှိ ပတ်ဝန်းကျင်က ကောင်းမွန်ပြီး ကျင့်ကြံဆင့် ချိုးဖျက်တက်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်။
ကနဦးချီက စိတ်ဝိညာဉ်သဏ္ဌာန်ထဲ ဆက်လက်ဝင်ရောက်နေသည်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်သည် အရွယ်အစား ကြီးမားလာတော့သည်။
သူ၏ယခင်အမှားများကို သင်ယူပြီးနောက် လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းချုပ်မှုထပ်မံ မဆုံးရှုံးချင်တော့ပေ။ ထိုကြောင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန် ကြီးလာချိန်တိုင်းတွင် သူက ၎င်း၏တစ်စိတ်တစ်ပိုင်းကို ဖိနှိပ်ထားခဲ့သည်။ ရလာဒ်အနေဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ အရွယ်အစားသည် သူ၏အရွယ်အစားနှင့် တူညီနေ၏။
ပုံမှန်ဆို ကျင့်ကြံသူများသည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ချင်သောအခါ သူတို့သည် သူတို့လက်ဖဝါးအပေါ်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်၏ အသေးစားပုံစံကို သရုပ်ပြလိမ့်မည်။ သို့သော်ငြား ကြာပလ္လင်ရှိ ပြောင်းလဲမှုကို လေ့လာနိုင်ရန်အတွက် လုကျိုးသည် ၎င်း၏အရွယ်အစားကို တမင်တကာ အနည်းငယ်တိုးလိုက်သည်။
ထိုစဉ် မွေးဖွားနန်းတော်ရှိ ပုံသဏ္ဌာန်က သိသိသာသာပြောင်းလဲမှု မရှိခဲ့ပေ။ ကနဦးချီစုဝေးပြီး ဝင်ရောက်လာချိန်တိုင်းတွင် ၎င်းက အလင်းလက်ကနဲ ပေါ်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်သဏ္ဌာန်သည် ကနဦးချီကို ဆက်လက်စုပ်ယူနေသည်။
လုကျိုးက စိတ်ထဲအံ့ဩနေမိ၏။
ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ကြိုးပမ်းတဲ့အချိန် အားကောင်းတဲ့ဧရာမသားရဲတွေကို ညှို့ငင်မိတာနဲ့ တူနေမလား။
နဝမမြောက်ပွင့်ချပ် ဖူးပွင့်သော ကျင့်ကြံသူတစ်ယောက်သည် သားရဲများအတွက် အရည်ရွှမ်းသော အသားတစ်ဖဲ့နှင့် တူသည်။ ၎င်းက ဧရာမရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အာရုံစိုက်မှုကို မည်ကဲ့သို့ မရပဲ နေမည်နည်း။ ယင်းကို အခြေခံကြည့်လျှင် ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ခြင်း သို့မဟုတ် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်ခြင်းသည် သားရဲများအဖို့ အရည်ရွှမ်းသော အသားပိုင်းအကြီးကြီးတောင် ဖြစ်လောက်သည်။
သို့သော် နျဲ့ချင်းယွင်နှင့် ကျန်သည့်သူများသည် ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်သည့်အချိန် သူတို့သည် မည်သည့်ရက်စက်ကြမ်းကြုတ်သောသားရဲကိုမှ မဆွဲဆောင်ခဲ့မိကြောင်း သူသိထားသည်။ သူက ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ချိန်တွင် သူကမွေးဖွားဇယားချပ် သားရဲတစ်ကောင်ကို သွေးဆောင်ခဲ့မိ၏။ သူသည် ယခုတစ်ခေါက်တွင် ပိုတောင်အစွမ်းထက်သည့် မွေးဖွားဇယားချပ်သားရဲကို သွေးဆောင်မိမည်လော။
လုကျိုးက ခေါင်းခါလိုက်ကာ ထိုအတွေးများကို ဖယ်ရှားလိုက်၏။ စဉ်းစားနေ၍ အကျိုးမထူးပေ။ သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်ရန် အာရုံစိုက်တာက ပိုကောင်းလိမ့်မည်။
သို့သော် မကြာမီ၌ သူ၏စိတ်က စတင်ယောက်ယက်ခတ်လာ၏။
ယွီချန်းရှုက သေသွားသည်။ သူပြောပုံအရ စစ်ခုန်ပေချန်းကို ကောင်းကင်သိုင်းခုံရုံးရှိ စာပေကြယ်တာရာဂိတ်အောက်တွင် အကျဉ်းချထားသည်။
သူသည် ဆန်းကြယ်ကောင်းကင်နယ်ပယ်သို့ ဝင်ရောက်ခဲ့ပါက ကောင်းကင်သိုင်းခုံရုံးဆီ သွားရန် ယုံကြည်ချက်ပိုရှိလာလိမ့်မည်။
ထိုစဉ် ဝေဟင်ထဲရှိ ကနဦးချီက သိပ်သည်းသည်ထက် ပိုမိုသိပ်သည်းလာပြီးနောက် ဤအတိုင်း တစ်နာရီကြာ ဆက်လက်စုဝေးနေသည်။
ထိုစဉ် တိမ်တိုက်တောင်နားရှိ မြင့်မားလှသော သစ်ပင်တစ်ပင်ပေါ်တွင် ဖြစ်သည်။
“အာ့ရှစ်တိ မင်းရဲ့ထွက်ပြေးရေးနည်းလမ်းက ဒီလောက်ပြောင်မြောက်မယ်မှန်း ငါတကယ် မသိခဲ့ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ရှစ်ရှိုးလည်း အတူတူပါပဲ၊ တာ့ရှစ်ရှိုးက ဒီကဏ္ဍမှာ ကျုပ်ထက်ပိုတော်တာပဲ၊ ကျုပ်အရှုံးကို ဝန်ခံရမှာပဲ” ယွီရှန်းရုန်က ပြောပြီး ခြေအသာဖော့နင်းလျက် နောက်ထပ်သစ်ပင်အမြင့်ဆီ ခုန်ကူးသွားသည်။
“မြို့တော်ထဲက ရပ်နားစခန်းက ကောလာဟလတွေကို ယုံကြည်လား” ယွီကျန့်ဟိုင်က မေးပြီး လျှပ်တပြတ်အတွင်း ယွီရှန်းရုန်ကို အမီလိုက်လာသည်။
“ယုံတာပေါ့” ယွီရှန်းရုန်က ခပ်ရေးရေး ပြုံးလိုက်လေ၏။
“ဒါက ရှစ်စွင်း ကိစ္စတွေကို ဆောင်ရွက်နေကြပုံစံပဲလေ၊ ယွီချန်းရှုက ကောင်းကင်ချားတောင်တန်းဒေသထဲမှာ ထောင်ချောက်တစ်ခု တကယ်ဆင်ထားခဲ့ရင် သူ့သေတွင်းသူ တူးနေတာပဲ”
“ဒါပေမဲ့ ယွီချန်းရှုရဲ့ ကျင့်ကြံဆင့်က နက်နဲလှတယ်၊ ဒါ့အပြင် သူ့မှာ ကောင်းကင်သိုင်းခုံရုံးရဲ့ ပံ့ပိုးမှုရှိတယ်၊ သူကကောင်းကင်သိုင်းခုံရုံးမှာ မရှိပေမဲ့ ငါတို့နှစ်ယောက်လုံး အနားမကပ်နိုင်သေးဘူး၊ ဒါက ယွီချန်းရှုက ရိုးရှင်းတဲ့လူ မဟုတ်ကြောင်း ပြနေတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ယဲ့ကျန်းက သူမသေခင်မှာ အသက်တွေ အများကြီးရှိပြီး ပွင့်ချပ်ဆယ်လွှာ ကံမီးတောက်အသုံးပြုသူဆိုတာ မေ့သွားတာလား၊ မြောက်ပိုင်းရဲ့ မဟာစစ်သူကြီး ချန်ပေကျန်းကတောင် ရှစ်စွင်းဆီက လက်ဝါးရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိခဲ့ဘူး”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။
“ရှစ်စွင်းရဲ့ ကျင့်ကြံဆင့် ဘယ်လောက်မြင့်လဲဆိုတာ သိချင်နေခဲ့တာ”
ထိုစဉ် သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ရပ်နေသည်။ ထိုစဉ်က သူတို့နှင့် သူတို့ရှစ်စွင်းကြားရှိ ပြင်းထန်လှသော တိုက်ပွဲကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူတို့နှစ်ယောက်လုံး၌ ပွင့်ချပ်ရှစ်လွှာသာ ရှိခဲ့သည်။
ထိုစဉ်က ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် ပွင့်ချပ်ရှစ်လွှာသည် လူတစ်ယောက်ဖူးပွင့်နိုင်သော ပွင့်ချပ်အရေအတွက် အကန့်အသတ်ဟု ထင်ခဲ့သည်။ သို့သော်ငြား သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး သူတို့ရှစ်စွင်းကို တိုက်ခိုက်သည့်တိုင် သူတို့ရှုံးနိမ့်ပြီး ဒဏ်ရာရသွားသေးသည်။
မည်သည့်နည်းနှင့်မဆို အတိတ်ကို အတိတ်တွင်သာ ထားသင့်သည်။
လက်ရှိတွင် သူတို့ရှစ်စွင်းက မျက်စိတစ်မှိတ်အတွင်း ပွင့်ချပ်ဆယ်လွှာ အကျော်အမော်တစ်ယောက်ကို သတ်နိုင်၏။ သူတို့ရှစ်စွင်း၏ ကျင့်ကြံခြင်း မြင့်တက်သည့်အရှိန်က တကယ်ထိတ်လန့်စရာကောင်းလှပေသည်။
“ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဝိုင်းထားတဲ့အချိန်တုန်းက ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာရွှေကြာကို ပိုင်ဆိုင်ပြီးနေပြီ၊ နှစ်အနည်းငယ်ပဲ ကုန်ဆုံးသေးတာ၊ ဒါပေမဲ့ ကိစ္စတွေ အများကြီး ပြောင်းလဲသွားခဲ့ပြီ၊ အခု ဒဿမမြောက်ပွင့်ချပ်ရှိပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ရှိတာလည်း ငါတို့သိလိုက်ရပြီ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က ဆိတ်ဆိတ်သာ နေလေ၏။ သူကကောင်းကင်ထဲ ပျံသန်းသွားစဉ် သူ၏ခန္ဓာကိုယ်သည် ပျံလွှားငှက်ပမာ ပေါ့ပါးနေပုံရ၏။ ခဏအကြာတွင် သူက သစ်ပင်ထိပ်ဖျားပေါ် ဆင်းသက်လျက် တိမ်တိုက်တောင်ပေါ် လက်ညှိုးထိုးပြလိုက်၏။
“တာ့ရှစ်ရှိုး သူဒီမှာ”
ယွီကျန့်ဟိုင်က ယွီရှန်းရှန်ဘေးသို့ ဖျတ်ခနဲ ရောက်လာပြီး မော့ကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံးက ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့လိုက်ရ၏။
တိမ်တိုက်တောင်၏ တတိယတောင်ထွတ်ပေါ်တွင် ရွှေရောင်ကြယ်တာရာဒိုင်ခွက်တစ်ခုရှိနေသည်။
ကြယ်တာရာဒိုင်ခွက်ပေါ်၌ စက်ဝိုင်းကွင်းများစွာ ရှိနေသည်။ အနီးကပ်ကြည့်မိလျှင် အတွင်းနှင့်အပြင် စက်ဝိုင်းများသည် လိမ်ယှက်နေပုံရ၏။ တစ်ချိန်တည်းတွင် စက်ဝိုင်းများက လည်ပတ်နေကြပြီး ထိုအရာအပြင် ရွှေရောင်စကားလုံးများကိုလည်း ကြယ်တာရာဒိုင်ခွက်ပေါ်၌ ဝေဝါးဝါးမြင်နိုင်၏။
သိပ်သည်းလှသော ကနဦးချီနှင့် ဆိုးရွားလာသော ရာသီဉတုကြောင့် သူတို့နှစ်ယောက်သည် ကြယ်တာရာဒိုင်ခွက်ကို ဝေဝါးဝါးသာ မြင်နိုင်သည်။
“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လား” ယွီကျန့်ဟိုင်က တအံ့တဩပြောလိုက်၏။
“ဒါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ကြယ်တာရာဒိုင်ခွက်လား” ယွီရှန်းရုန်က အံ့ဩသွားတော့၏။
“ငါနဝမဘုံကျောင်းကို ဧည့်သည်အဖြစ်ရောက်သွားတုန်းက နံရံပေါ်မှာ ကြယ်တာရာဒိုင်ခွက်ပုံကို တွေ့ခဲ့တာ မှတ်မိသေးတယ်၊ ဒါပေမဲ့ အဲဒီကြယ်တာရာဒိုင်ခွက်က အနီရောင်၊ ဒါက ရွှေရောင်ကြယ်တာရာဒိုင်ခွက်ပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်ကလည်း ပြုံးလျက် ပြောလိုက်တော့သည်။
“ထင်ထားတဲ့အတိုင်းပဲ၊ ရှစ်စွင်းက အခုဆို ဆန်းကြယ်ကောင်းကင်နယ်ပယ် ကျင့်ကြံသူ ဖြစ်နေတာကြာပြီ”
“အံ့ဩစရာမရှိဘူး၊ အံ့ဩစရာမရှိဘူးပဲ” ယွီကျန့်ဟိုင်က သက်ပြင်းချလိုက်တော့၏။
“ရှစ်စွင်းက တစ်ကွက်တည်းနဲ့ အဲဒီမောက်မာထောင်လွှားတဲ့ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတွေကို အလွယ်တကူဖြေရှင်းလိုက်တာ အံ့ဩစရာမရှိဘူးပဲ၊ ဖြစ်ချင်တော့ ရှစ်စွင်းက သူရဲ့ခွန်အားကို အချိန်အကြာကြီး ဖုံးကွယ်ထားတာကို၊ ရှစ်စွင်းက တကယ်ကောင်းကောင်း ဖုံးကွယ်နိုင်တာပဲ”
တိမ်တိုက်တောင်ပေါ်တွင်တောင် ကြယ်တာရာဒိုင်ခွက်ကို ဝါးတားတားသာ မြင်နိုင်၏။
နျဲ့ချင်းယွင်နှင့် လီယွင်ကျန်းတို့သည် လေပြင်းကြောင့် ပင်မတောင်ထွတ်ဆီသို့ ပြန်သွားပြီဖြစ်၏။ ထို့ကြောင့် သူတို့သည် ဤခမ်းနားထည်ဝါလှသောမြင်ကွင်းကို လွဲချော်သွားသည်။
တစ်ဖက်တွင်မူ တိမ်တိုက်တောင် တပည့်များက ကျင့်ကြံဆင့်နိမ့်သည်။ ထို့ကြောင့် သူတို့သည် ဤအံ့ဩဖွယ်မြင်ကွင်းကို မခံစားနိုင်ခဲ့ပေ။
မြူများရစ်ဝဲနေသည့် ကြယ်တာရာဒိုင်ခွက်က တတိယတောင်ထွတ်ပေါ်တွင် သင်္ကေတအက္ခရာများနှင့် စက်ဝိုင်းများရှိနေသော ရွှေရောင်နေကဲ့သို့ မျောလွင့်နေတော့သည်။
ပင်မခန်းဆောင်ထဲတွင် လုကျိုးက ယင်းကို သတိမပြုခဲ့မိပေ။ သူသည် သူရှေ့ရှိ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြာပလ္လင်ကို စိုက်ကြည့်နေသေး၏။
“ဟမ်” သူသည် ကြာပလ္လင်ပေါ်ရှိ မွေးဖွားနန်းဆောင်ထဲတွင် ပုံသဏ္ဌာန်အသစ်ပေါ်လာတာကို သတိပြုမိလိုက်၏။
“မွေးဖွားစက်ဝိုင်းပြားပေါ်လာပြီ”
“မွေးဖွားနန်းဆောင်က မွေးဖွားဇယားချပ်ပါဝင်တယ်၊ မွေးဖွားဇယားချပ် သုံးဆယ့်ခြောက်ခုက အဝတ်စပေါ်က ပုံသဏ္ဌာန်အတိုင်း စီမံထားတာ ဖြစ်လောက်တယ်၊ မွေးဖွားစက်ဝိုင်းပြားက ကြယ်တာရာဒိုင်ခွက်ကို လမ်းညွှန်ပေးမဲ့ အုတ်မြစ်လိုပဲ၊ ဆိုလိုတာက ကြယ်တာရာဒိုင်ခွက်ပေါ်ပေါက်လာတာနဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်မှုက ပြီးမြောက်သွားပြီလား”
လုကျိုးသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ခေါင်းကို မော့ကြည့်လိုက်ရာ နောက်တွင် ကြယ်တာရာဒိုင်ခွက် မရှိပေ။
“ငါက အရွယ်အစားကို ချုံ့ထားမိလို့များလား”
ခဏအတွင်း၌ လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းကာ ခန်းမထဲမှ ထွက်သွားသည်။
ဆိုးရွားလှသော ရာသီဉတုသည် လုကျိုး၏မှန်းဆချက်ကို ကျော်လွန်နေ၏။ သူသည် ၎င်းကို အာရုံမစိုက်ခဲ့ပေ။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို လျင်မြန်စွာဖွဲ့တည်လိုက်သည်။
ဘီး
ပေနှစ်ရာ့ငါးဆယ်ခန့် မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်က ကောင်းကင်ထဲတွင် ပေါ်လာပြီးနောက် ၎င်း၏အမြင့်က ဆက်လက်တိုးလာတော့သည်။
ပေနှစ်ရာ့ခြောက်ဆယ်
ပေနှစ်ရာ့ခုနှစ်ဆယ်
ဖျတ်ခနဲအတွင်း ၎င်းသည် ပေသုံးရာအထိ တိုးလာ၏။
လုကျိုးသည် သူ့စိတ်ဝိညာဉ်သဏ္ဌာန်၏ခေါင်းကို တစ်ချက်ကြည့်ရန် ပျံသန်းလာတော့သည်။ သူသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်၏ခေါင်းထက်ပိုကြီးမားသော ဧရာမရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို တွေ့လိုက်ရ၏။
“ဒါက” လုကျိုးသည် အသက်ပြင်းပြင်းရှုသွင်းလိုက်တော့သည်။ သူကြက်သီးထလာလေ၏။
သူမည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေမည်နည်း။
သူသည် ကြယ်တာရာဒိုင်ခွက်ရှေ့သို့ ပျံသန်းသွား၏။ သူသည်ရွှေရောင်ကြယ်တာရာဒိုင်ခွက်၏ မျက်နှာပြင်ပေါ်တွင် ဗဟိုတူစက်ဝိုင်းလေးခုကို တွေ့နိုင်သည်။ အကြီးဆုံးစက်ဝိုင်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ခေါင်းထက် လေးဆပိုကြီးသည်။ ယင်းသည် ဒုတိယစက်ဝိုင်းဖြင့် ရွှေရောင်ကွင်းတစ်ခု ဖွဲ့တည်ထား၏။ ကွင်းပေါ်တွင် လေဟာနယ်ကို တိတိကျကျပိုင်းခြားထားသည့် မျဉ်းဆယ့်နှစ်ကြောင်းရှိနေသည်။
“နာရီတစ်လုံးလား”
ယင်းက မျဉ်းဆယ်နှစ်ခုကို မြင်သည့်အချိန်တွင် တွေးမိသည့် လုကျိုး၏ပထမဆုံးအတွေးဖြစ်သည်။ ထိုနေရာလွတ်များကြားထဲ၌ သင်္ကေတတစ်ခုရှိနေ၏။
ဒုတိယနှင့် တတိယစက်ဝိုင်းသည် နောက်ထပ်စက်ဝိုင်းတစ်ခုဖွဲ့တည်ပြီး တတိယနှင့် စတုတ္ထစက်ဝိုင်းက ကွင်းတစ်ခုဖွဲ့တည်လိုက်၏။
ဗဟိုတူစက်ဝိုင်းလေးခုက ရွှေရောင်ကွင်းသုံးခု ဖွဲ့တည်ပေးခဲ့သည်။
မွေးဖွားနန်းဆောင်က ကြယ်တာရာဒိုင်ခွက်၏ အလယ်တွင်ရှိသည်။ တြိဂံသုံးဆယ့်ခြောက်ခုက နာရီလက်တံအတိုင်း မွေးဖွားနန်းဆောင်တွင် နေရာယူထားတာကို မြင်နိုင်သည်။ သူသည် ကွဲပြားသောမွေးဖွားဇယားချပ်ကို ခပ်ရေးရေးမြင်နေရ၏။
အဝေးကနေဆို ယင်းသည် ဧရာမရွှေရောင်အလင်းလုံးနှင့် တူသည်။
သူသည် ကြယ်တာရာဒိုင်ခွက်ကိုလေ့လာပြီးနောက် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့သို့ ပျံသန်းသွား၏။
“ကြည့်ကြတာပေါ့ မွေးဖွားဇယားချပ်ရဲ့စွမ်းအား”
လုကျိုးသည် သူ့ဘာသာသူရေရွတ်ပြောလျက် မွေးဖွားဇယားချပ်၏ စွမ်းအားကို အသုံးပြုရန်ကြိုးစားလိုက်သည်။
သူ၏စိတ်ထဲထိုအတွေးပေါ်လာသည်နှင့်ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်က လင်းသွားပြီးနောက် စွမ်းအင်အလင်းတန်းပစ်ထုတ်လိုက်သည်။
လုကျိုးသည် သူ၏လမ်းကြောင်းတွင် ရှိနေသောကြောင့် သူအမြန်ဖယ်လိုက်၏။
ဘန်း
ထိုစဉ် ရွှေရောင်အလင်းတန်းက အောက်သို့ရောက်သွားပြီး ပင်မတောင်ထွတ်ကို ဖော်ထွက်သွားလေ၏။
“…”
…
အခန်း (၈၅၈) ကြယ်တာရာ ဒိုင်ခွက်၏ စွမ်းအား
ပင်မခန်းမဆောင်အထက် လေထုထဲ ဝဲပျံနေသည့် လုကျိုးက ထိုအပေါက်ကို မြင်သည့်အခါ အနည်းငယ် နေရခက်သလို ခံစားမိလာသည်။ တစ်ချိန်တည်းဆိုသလို သူက နားမလည်နိုင်ဖြစ်လာမိ၏။
“အသက်ဓာတ် နှလုံးသားရဲ့ ဓာတ်သဘာဝက ပိုင်ဆိုင်တဲ့ သားရဲအလိုက် ဖြစ်တည်လာတာဆိုတော့ ယုံက ကာကွယ်ရေးစွမ်းအား ပေးသင့်တာ မဟုတ်ဘူးလား။ ဒီတိုက်ခိုက်ရေးစွမ်းအားက ဘာကြီးလဲ”
လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံကြည့်လိုက်၏။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်၏ ရွှေရောင်က ပိုမိုတောက်ပနေသည်။
“မွေးဖွားဇယားချပ်ရဲ့ စွမ်းအားက မွေးဖွားဇယားချပ် နှလုံးသားပေါ် မူတည်တယ်ဆိုတော့ ငါ့စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ ခုခံရေးက တိုးမြင့်လာတာလား”
သူက စိတ်ဝိညာဥ်သဏ္ဌာန်၏ ခုခံကာကွယ်မှုကို အာရုံခံဖို့ ကြိုးစားလိုက်စဥ် ထိုအရာသည် သိသိသာသာ တိုးမြင့်လာကြောင်း တွေ့ရှိလိုက်ရ၏။
မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်ခြင်းက စွမ်းအားကို မြင့်တင်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း တည်နေရာမှန်တွင် ထားရှိခြင်းက အသက်ဓာတ် နှလုံးသားသည် သားရဲပိုင်ဆိုင်သည့် သီးသန့်စွမ်းရည် တစ်ခုကို ချီးမြှင့်လာလိမ့်မည်။
သိပ်မကြာခင် လုကျိုး၏ စိတ်ထဲ နောက်ထပ် အတွေးတစ်ခု ပေါ်ထွက်လာ၏။ မွေးဖွားဇယားချပ်၏ အဖျက်စွမ်းအားက အားကောင်းလွန်းလေရာ သူမည်မျှ ထုတ်သုံးနိုင်မည်နည်း။
သူက ပင်မခန်းမဆောင်မှ အပေါက်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ခေါင်းခါလိုက်သည်။ နျဲ့ချင်းယွင်ကို ထပ်မံ ပြင်ခိုင်းရတော့မည်။
နောက်ဆုံးတွင် လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်၏။ သူက တိမ်တိုက်တောင်ဆီမှ လစ်ခနဲ ပျောက်ကွယ်သွားသည်။ သူ့ ပြန်ပေါ်လာသည့်အခါ တိမ်တိုက်တောင်၏ တောင်ထိပ်ကိုသာ မြင်ရလေသည်။ ထိုအလင်းတန်းကြား ကွာဟချက်က ဒုက္ခမိုင်တစ်ရာရှုကွင်းကို ရရှိစဥ်အခါထက် ၃ ၄ဆ ပိုမိုကျယ်ပြန့်နေ၏။ စွမ်းအားကုန်ဆုံးနှုန်းက အတူတူ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူက စိတ်ထဲမထားပေ။
ဤသည်က တိုက်ပွဲအတွင်း မထင်ထားနိုင်သည့် သက်ရောက်မှု ရှိလာနိုင်သည့် အရည်အချင်းတစ်ခု ဖြစ်သော်လည်း ထိုအလင်းတန်းကြားရှိ အကွာအဝေးက သိပ်မသိသာပေ။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုးနှင့် တိုက်ကွက်များကို ရှောင်ရှားရာတွင်သာ ပိုမိုအသုံးဝင်လိမ့်မည်။ သူ့အတွက်မူ ထွက်ပြေးဖို့ရာနှင့် ခရီးသွားလာဖို့အတွက် ပိုမိုအသုံးဝင်လိမ့်မည်။
ယခင်က လုကျိုးသည် မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းထားသည့် လုလီကို အမှီလိုက်နိုင်ဖို့အတွက် အထွတ်အထိပ် သဏ္ဌာန်ကတ်၏ သက်ရောက်မှုကို လိုအပ်ခဲ့သည်။ မွေးဖွားဇယားချပ်က သူ့စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးလိုက်သည်မှာ သိသာလှ၏။
ထိုစဥ် လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်လည်ထုတ်ဖော်လိုက်သည်။
ဝှစ်
စွမ်းအင်ထွက်ပေါ်လာသည့်အသံများက လေထုအထက် ပျံ့လွင့်လာသည်။
ပေ ၃၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က လုကျိုး အရှေ့တွင် ထွက်ပေါ်လာ၏။ ထိုအရာက ရွှေရောင်ဖြစ်ကာ ကြာပန်းများက ကြီးကျယ်ခမ်းနားနေသည်။ ထိုစဥ် စိတ်ဝိညာဥ်သဏ္ဌာန်၏ အနောက်ဘက်တွင် ဧရာမ ကြယ်တာရာ ဒိုင်ခွက်တစ်ခု လွင့်မျောနေပြီး မွေးဖွားနန်းဆောင်ရှိ ကြာပုလ္လင်ပေါ်တွင် ရှိသည့် မွေးဖွားနန်းဆောင်မှ မွေးဖွားစက်ဝန်းပြားနှင့် ဆက်နွယ်နေသည်။
“ကံမီးတောက်”
ဝှစ်
ရွှေရောင် ကံမီးတောက်က ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ ရွှေရောင် ကံမီးတောက်က ပွင့်ချပ်ဆယ်လွှာဝန်းကျင်တွင် တောက်လောင်နေ၏။ သိပ်မကြာခင် သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ရွှေရောင် ကံကြမ္မာမီးတောက်ဖြင့် လွှမ်းခြုံသွားသည်။
“လုလီဆီမှာ ကံကြမ္မာမီးတောက် မရှိဘူး။ ဒီနေရာမှာတော့ ငါက သူ့ထက်သာတယ်” လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။
သူ့အနေဖြင့် ယခုကံကြမ္မာမီးတောက်ကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူသွားသည်။ သူ့အသက်ဓာတ် စွမ်းအားကို ထုတ်လွှင့်ကာ ကံကြမ္မာမီးတောက်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ သူက သိုသိုသိပ်သိပ် နေရမည်။
လုကျိုးက ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးသည့်နောက်တွင် ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက မနီးမဝေးရှိ တောင်ကို မြင်လိုက်ရစဥ် “ကောင်းပြီ မင်းပဲ”
လုကျိုးက သူ့ယခင် အမှားမှ သင်ယူထားပြီးသား ဖြစ်၏။ သူက သူ့စွမ်းအားအသစ်ကို စမ်းသပ်ဖို့ တမင်လာခဲ့ခြင်း ဖြစ်သည်။
လုကျိုးက စိတ်ဝိညာဥ်သဏ္ဌာန်၏ စွမ်းအင်ဗဟိုချက်ကို လှုပ်ရှားစေပြီးသည့်နောက် ကြယ်တာရာ ဒိုင်ခွက်ရှိ မွေးဖွားဇယားချပ်ဆီမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။
ဝုန်း
အလင်းတန်းက တောင်ပေါ် ကျရောက်သွားသည့်အခါ ဧရာမ ကျောက်တုံးကြီးများအား ပြိုကျလာစေ၏။
“နောက်တစ်ကြိမ်”
အလင်းတန်းက ထပ်မံထွက်ပေါ်လာသည်။
ကျောက်တုံးများက ထပ်မံ ပြိုကျလာပြီး တောင်က ပြိုလဲသွားသည်။
“ဒါက ...”
လုကျိုးက မွေးဖွားဇယားချပ် စွမ်းအားကြောင့် အံ့အားသင့်နေမိ၏။ ထိုစွမ်းအားက ကာကွယ်ရေး အမျိုးအစား မွေးဖွားဇယားချပ်သားရဲ၏ အသက်ဓာတ် နှလုံးသားဆီမှ ဖြစ်သည်။ သူသာ တိုက်ခိုက်ရေး အမျိုးအစား သားရဲ၏ အသက်ဓာတ် နှလုံးသားဖြင့် မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့ပါက သူ့တိုက်ခိုက်ရေးစွမ်းအားသည် ပိုမို ကြီးကျယ်လောက်ပေသည်။
ထို့နောက် သူက ယွီချန်းရှုကို ရုတ်ခြည်း အမှတ်ရသွား၏။ ယွီချန်းရှုက လုကျိုးသည် မွေးဖွားဇယားချပ် ဆရာသခင်ဖြစ်နေသည်ကိုပင် မကြောက်ရွံ့သည်မှာ မထူးဆန်းတော့ပေ။ သူနှင့် သူ့ရုပ်သေးရုပ်က ဒဏ်ရာရရှိလျှင်ပင် တခြားသူ၏ အသက်များနှင့် အသက်များနှင့် အသက်ဓာတ်များကို စုပ်ယူပြီး ပြန်လည်ကောင်းမွန်လာနိုင်၏။ ထို့အပြင် သူက လွှမ်းမိုးအဆင့် ချုပ်နှောင်ရေး စည်းတံဆိပ်လည်း ပိုင်ဆိုင်ထားသေးသည်။
မည်သို့ပင်ဆိုစေကာမူ မွေးဖွားဇယားချပ် မရှိဘဲ ဘုံတစ်ထောင်လေပွေ၏ စွမ်းအားကပင် အံ့မခန်း ဖြစ်နေလေပြီ။
လုကျိုးက မွေးဖွားဇယားချပ် စွမ်းအားကို ထပ်မံထုတ်ဖော်လိုက်၏။ ဤတစ်ကြိမ် ထိုစွမ်းအားက ပိုမိုအားနည်းသွားသည်။ ဤသို့ဖြင့် သူက မွေးဖွားဇယားချပ်စွမ်းအားကို ၃ကြိမ် သို့မဟုတ် ၄ကြိမ် အသုံးပြုနိုင်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သူ့အတွက် ထိုအရာက ထိုအရာက လက်ခံနိုင်ဖွယ် ရှိ၏။
သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာကာ ကြယ်တာရာ ဒိုင်ခွက်၏ စွမ်းအားကို အတည်ပြုလိုက်သည်။
ထိုအရာက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းချုပ်ဖို့ရာအတွက် ကမ္ဘာဦးချီ အမြောက်အမြားကို သုံးစွဲသည်။
“ဒုက္ခမိုင်တစ်ရာ ရှုကွင်း”
လုကျိုး၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ကျုံ့သွားကာ ကြယ်တာရာ ဒိုင်ခွက်ကလည်း လေထုထဲ ပျောက်ကွယ်သွား၏။ သိပ်မကြာခင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က ပေါ်ထွက်လာသည်။
“...”
လုကျိုးက ရေအိုင်ထဲမှာ ဖားသူငယ်သဖွယ် ခံစားနေရသည်။ သူ့အနေနှင့် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာ ကြားမှ စွမ်းအားကွာဟချက်ကို သတိပြုမိစဥ်အခါက ထိုသို့ ခံစားခဲ့မိသည်။ ဤတစ်ကြိမ်တွင် သူက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်သည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် နှိုင်းယှဥ်ပါက ရုပ်ဆိုးလွန်းသည်ဟု ခံစားမိလာ၏။
ထို့နောက် လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ သူက လစ်ခနဲ သွားမည့်အစား တိမ်တိုက်တောင်ဆီ ပျံသန်းသွားဖို့ ကြံစည်လိုက်၏။
သူ ထွက်သွားသည်နှင့် သိပ်မကြာခင် ဆံပင်ဖရိုဖရဲနှင့် ညစ်တီးညစ်ပတ် မျက်နှာရှိနေသည့် ကျင့်ကြံသူတစ်ဦးက ပြိုလဲနေသည့် တောင်ပုံကြားမှ ပျံသန်းထွက်လာသည်။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်နေရင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအထက် ထိပ်လန့်နေသည့် အမူအရာကိုပင် မြင်တွေ့နိုင်လေသည်။
“နတ်ဘုရား မစ လို့။ ခင်ဗျားရဲ့ နာမည်ကို နောက်တစ်ခေါက် ထပ်ပြီး မကျိန်ဆဲတော့ပါဘူး။ ကျုပ်ကို ထပ်မရိုက်ပါနဲ့တော့။ ကျုပ်မှားတာ သိပါပြီ”
...
တိမ်တိုက်တောင်
ရာသီဥတုက ပုံမှန်ပြန်ဖြစ်သွားလေ၏။
နျဲ့ချင်းယွင်နှင့် လီယွင်ကျန်းတို့က ပင်မခန်းမဆောင်ဆီ ကြောင်အမ်းအမ်း ကြည့်နေရင်း နှလုံးခုန် မြန်နေကြ၏။
“အရှင်မင်ကြီးက လုချန်းပေ့ရဲ့ မြေးတပည့်ဆိုတော့ နောက်ပိုင်းကျရင် ကျုပ်အတွက် စကားကောင်းလေး ပြောပေးပါအုံး” နျဲ့ချင်းယွင်က ပင်မခန်းမဆောင်ကို ကြည့်ရင်း ရှက်ရွံ့စွာဖြင့် တောင်းဆိုလိုက်သည်။
“နောက်ကျသွားပြီ။ ဆရာဘိုးဘိုးက ဒီနေရာကို မကျေနပ်တာ ကြာလှပြီတူတယ်။ အရှင်းဆုံးပြောရရင် နန်းတော်က ပျင်းပြီး ကျုပ် လွတ်လပ်ခွင့်ကို ကန့်သတ်ထားတယ်ဆိုပေမဲ့ အခြေအနေက ဒီနေရာထက် ပိုကောင်းတယ်” လီယွင်ကျန်းက ပြောလိုက်သည်။ ထို့နောက် သူက အလျင်အမြန် ထပ်ပြောလိုက်၏။
“ဒီနေရာကို ကဲ့ရဲ့နေတာတော့ မဟုတ်ပါဘူး။ ကျုပ်က ဒီတိမ်တိုက်တောင်ကို အတော်လေး သဘောကျပါတယ်”
“ကောင်းပြီ။ ကျုပ်တို့ ပြောင်းကြမယ်။ ပင်မတောင်ပေါ်က ခြံဝန်းကို လက်လျော့လိုက်မယ်။ ပြီးတော့ လုချန်းပေ့ကို ခစားဖို့ အမျိုးသမီး အစေခံ ၁၀ယောက်ကိုလည်း ပြင်ဆင်ထားလိုက်မယ်။ အရှင်မင်ကြီး ဒါက ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်လား” နျဲ့ချင်းယွင်က မေးလိုက်သည်။
“မဆိုးပါဘူး။ ဒါပေမဲ့ နန်းဆောင်မှာ ကျုပ်ကို ခစားတဲ့ မိန်းမပျိုက ဒါဇင်ချီ ရှိတယ်။ ဆရာဘိုးဘိုးက ကျုပ်ထက် ကြီးတယ်ဆိုတော့ သူ့ကို ခစားတဲ့ အရေအတွက်ကို ၂ဆ တိုးသင့်တယ်”
“ကောင်းပြီ” ထိုသို့ဖြင့် နျဲ့ချင်းယွင်က သူ့လူများအား ခြံဝန်းကို ရှင်းဖို့ အလျင်အမြန် အမိန့်ပေးလိုက်သည်။
ထို့နောက် နျဲ့ချင်းယွင်က တိမ်တိုက်တောင်၏ အလှဆုံး အမျိုးသမီး တပည့်များကို ရွေးချယ်ကာ ဒုတိယတောင်ထိပ်၏ ပင်မခန်းမအတွင်း စုဝေးခဲ့၏။
ရုတ်ရုတ်သဲသဲ အသံကို ကြားပြီးသည့်နောက်တွင် ရှားချန်ချိုး၊ မုန့်ချန်းသုံနှင့် တခြားသူများကလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
ထိုစဥ် ရှောင်ယွမ်အာ၏ အသံက လေထုအတွင်း ထွက်ပေါ်လာ၏။
“တာ့ရှစ်ရှိုး အာ့ရှစ်ရှိုး ပြန်ရောက်လာပြီပဲ”
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က ကောင်းကင်မှ ဆင်းသက်လာ၏။ ၂ဦးက ရှောင်ယွမ်အာနှင့် ခရုလေးကို နှုတ်ဆက်လိုက်ကြသည်။
“ကျိုးရှစ်မေး … ရှောင်ရှစ်မေး”
ခရုလေးက သူမ၏ ရှစ်ရှိုးများ၏ နှုတ်ဆက်မှုများကို တုံ့ပြန်လိုက်သည်။
ထိုစဥ် အားလုံးက ဦးညွတ်ကာ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို နှုတ်ဆက်လိုက်ကြ၏။
“ပထမ သခင်လေး … ဒုတိယ သခင်လေး”
ယွီကျန့်ဟိုင်က နားမလည်စွာ မေးလိုက်၏။
“ရှစ်စွင်းက ဘယ်မှာလဲ”
နျဲ့ချင်းယွင်၏ မျက်နှာအထက် အပြစ်ရှိသည့် အမူအရာမျိုး ပေါ်ထွက်လာကာ “ဒါတွေ အကုန်လုံးက ကျုပ်အမှားပါပဲ။ ဒီနေရာရဲ့ အနေအထားက အတော်လေးကို ဆိုးဝါးလွန်းတယ်။ အဲဒါကြောင့် ပြင်ဆင်ဖို့ လူတွေကို အရှိန်မြင့်ဖို့ ပြောခိုင်းထားပါတယ်။ ပြီးတော့ ပင်မတောင်ထိပ်မှာ နေရာချထားပေးပြီးတော့ တိမ်တိုက်တောင်ရဲ့ အလှဆုံး အမျိုးသမီး တပည့်အယောက် ၂၀ကို လုချန်းပေ့ကို ခစားဖို့ ရွေးချယ်ထားပါတယ်”
ယွီကျန့်ဟိုင်က အမျိုးသမီး တပည့်များကို ကြည့်နေရင်း နားမလည်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားက ကြင်နာလွန်းတာပဲ”
“ဒါက အသေးအမွှားကိစ္စလေးပါ။ ပြောဖို့တောင် မထိုက်တန်ပါဘူး”
အားလုံးက စကားပြောဆိုနေကြစဥ် လုကျိုးက ရောက်ရှိလာသည်။
ရှောင်ယွမ်အာက အပြေးအလွှား လှမ်းခေါ်လိုက်၏။
“ရှစ်စွင်း”
ယွီရှန်းရုန်၊ ယွီကျန့်ဟိုင်နှင့် တခြားသူများကလည်း လုကျိုးကို နှုတ်ဆက်လိုက်ကြသည်။
လုကျိုးက ဆင်းသက်လာပြီးသည့်နောက်တွင် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မေးလိုက်၏။
“ဒါက ဘာတွေတုံး။ ဘာတွေ ဖြစ်နေကြတာတုံး”
လီယွင်ကျန်းက ပြောလိုက်သည်။
“ဒါက ဆရာဘိုးဘိုးကို ခစားဖို့ ဂိုဏ်းချုပ်နျဲ့ ကိုယ်တိုင် ရွေးချယ်ထားတဲ့ အမျိုးသမီးတပည့်တွေပါ။ သူတို့က အခုကစပြီးတော့ ဆရာဘိုးဘိုးကို ခစားကြလိမ့်မယ်။ ပြီးတော့ တတိယတောင်ထိပ်ရဲ့ ပင်မခန်းမဆောင်ကို ပြုပြင်ပြီးသွားပါပြီ။ ပင်မတောင်ထိပ်ကိုလည်း ဆရာဘိုးဘိုးအတွက် ပြင်ထားတယ်”
နျဲ့ချင်းယွင်က သူ့ဘာသာသူ တွေးလိုက်မိသည်။
ဒီတစ်ကြိမ်တော့ လုချန်းပေ့က ပျော်ရွှင်လောက်တယ်မလား။...
လုချန်းပေ့၏ အမူအရာက ခက်ထန်သွားကာ “မင်းတို့တွေ ဒီလောက်တောင် အားယားနေတယ်ဆိုရင် ကျင့်ကြံနေတာ မဟုတ်ဘူး။ အားလုံးထွက်သွားကြ”
လီယွင်ကျန်းနှင့် နျဲ့ချင်းယွင် “...”
အားလုံးက အလျင်အမြန် ထွက်သွားကြ၏။
လုကျိုးက ပြောလိုက်သည်။
“ယွီကျန့်ဟိုင် ယွီရှန်းရုန် မင်းတို့ ၂ယောက် နေခဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း”
အားလုံး ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက ကောင်းကင်သိုင်းခုံရုံး၏ အခြေအနေကို မေးမြန်းလိုက်သည်။
၂ဦးသားက သူတို့ တွေ့ဆုံခဲ့သမျှအရာအားလုံးကို ပြန်လည်ပြောပြစဥ် သူတို့ မြင်တွေ့ခဲ့ရသမျှ ကြားရခဲ့သမျှ အရာအားလုံးလည်း အပါအဝင်ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူတို့က သူတို့ ရှစ်စွင်း ချမှတ်ခဲ့သည့် တာဝန်ကို မည်မျှပြီးမြောက်ခဲ့ကြောင်း တင်ပြလိုက်ကြသည်။
ထို့နောက် ယွီကျန့်ဟိုင်က သိချင်စွာ မေးလိုက်၏။
“ရှစ်စွင်းက ယွီချန်းရှုကို သတ်လိုက်တယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ အမှန်ပဲလား”
လုကျိုးအနေဖြင့် ငြင်းဆန်စရာ မလိုသည့်အတွက် ပြောလိုက်သည်။
“အမှန်ပဲ။ ငါ ယွီချန်းရှုကို သတ်လိုက်ပြီ”
“...”
ယွီကျန့်ဟိုင်၏ မျက်နှာအထက် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာကာ ဆက်မေးလိုက်သည်။
“ကောင်းကင်ချားတောင်နယ်နိမိတ်က ပြိုလဲသွားပြီးတော့ အနက်ရောင်ကြာ ကျင့်ကြံသူ ထွက်ပေါ်လာပြီးတော့ ကပ်ဘေးကျရောက်တောမယ်လို့ ကြားတယ်။ အဲဒါကရော အမှန်ပဲလား”
“အနက်ရောင်ကြာ ကျင့်ကြံသူ ပေါ်လာပေမဲ့ အဲဒီအတွက်နဲ့တော့ ကပ်ဘေး ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့ ၂ယောက်လုံးလည်း တာဝန်ပြီးမြောက်ခဲ့တယ်” လုကျိုးက ပြောလိုက်သည်။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
ထို့နောက် လုကျိုးက ယွီရှန်းရုန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြ”
ယီရှန်းရုန်က နားမလည်သော်လည်း သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ဆဲဖြစ်၏။ ရွှေကြာမရှိသည့် အသေးစား ပွင့်ချပ်ကိုးလွှာ ရွှေရောင် စိတ်ဝိညာဥ်သဏ္ဌာန်က သူ့လက်ဝါးအထက် ထွက်ပေါ်လာသည်။
လုကျိုးက ယွီရှန်းရုန်၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို သေချာလေ့လာလိုက်၏။ ကြာပွင့်မရှိခြင်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို တောက်ပမှု လျော့နည်းသွားစေသည်။ သို့သော်လည်း ကြာပွင့်နှင့် ကြာပုလ္လင် မရှိဘဲ ယွီရှန်းရုန်က မွေးဖွားဇယားချပ်ကို မည်သို့ အသက်သွင်းနိုင်မည်နည်း။
အနီရောင်ကြာနယ်မြေကို ရောက်မလာခင်အချိန်က လုကျိုးသည် မွေးဖွားဇယားချပ် တည်ရှိမှုအကြောင်း မသိခဲ့ပေ။
သူ့ရှစ်စွင်း၏ အမူအရာများကို မြင်တွေ့ပြီးသည့်နောက်တွင် ယွီရှန်းရုန်က သိချင်စွာ မေးလိုက်၏။
“ရှစ်စွင်း ပြဿနာတစ်ခုခုများ ရှိလို့လား”
“မင်းရဲ့ ကျင့်ကြံဆင်ကို စစ်ဆေးကြည့်နေတာ။ မင်းတို့ ၂ယောက်လုံး ပိုကြိုးစားရမယ်”
“ကျွန်တော် ကြိုးစားပါ့မယ်။ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး”
လုကျိုးက ခေါင်းညိတ်ကာ “နောက် ၂ရက်နေရင် ငါနဲ့ ကောင်းကင်သိုင်းခုံရုံးကို လိုက်ခဲ့”
...
ထိုစဥ် ရွှေကြာနယ်မြေရှိ မိစ္ဆာဝေဟင်မျှော်နန်း၏ တောင်ဘက်မျှော်နန်းဆောင်
ကျိုးကျစ်ဖုန်းက သူ့လက်ထဲမှ စာကို ကြည့်ရင်း ပြောလိုက်သည်။
“အံ့ဖွယ်မြို့တော်မှာ နောက်ထပ် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၂ယောက် ပေါ်ထွက်လာတယ်။ ဖန်းလိုင်ကျွန်းရဲ့ ကျွန်းသခင်ကလည်း ကိုးခုမြောက် ပွင့်ချပ်ကို ထွက်ပေါ်နိုင်ခဲ့တယ်။ စီရင်စု ၉ခုထဲက မြို့တွေမှာလည်း အစီအရင်တွေ အကုန်လုံးကို ပြင်ဆင်ပြီးသွားပြီ။ လက်ရှိ တာ့ယန်ထဲမှာ မပြောပလောက်တဲ့ ပင်လယ်သားရဲတွေကလွဲရင် တော်တော်များများ အေးချမ်းနေတယ်”
ပင်လယ်သားရဲလား...
စီးဝူယာ့က နားမလည်နိုင်ဖြစ်သွားမိသည်။ သို့သော်လည်း သူက အာရုံမစိုက်ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ ခေါ်လိုက်တာက အရေးကြီးတဲ့ ကိစ္စရှိလို့ပဲ”
ထိုစဥ် ကုလားထိုင်ပေါ် ပျင်းရိစွာ မှီနေသည့် မင်ရှစ်ရင်က ပြောလိုက်သည်။ “ဘာဆွေးနွေးချင်လို့လဲ။ မင်း ဆုံးဖြတ်လိုက်လေ”
ဝုတ် ဝုတ်
ချုံးချီက ၂ခါ ဟောင်လိုက်ပြီး မင်ရှစ်ရင်၏ ခြေထောက်ကို ပွတ်သပ်နေသည်။
“မြင်လား။ ငါ့ခွေးတောင် သဘောတူတယ်”
“...”
စီးဝူယာ့က မင်ရှစ်ရင်ကို လျစ်လျူရှုထားကာ တဲ့တိုးသာ ပြောလိုက်၏။
“ကျွန်တော်တို့တွေ တာ့ယန်ရဲ့ စီရင်စု ၉ခုလုံးကို ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ ရှစ်စွင်းက အခုထိ အန္တရာယ်ကျရောက်နေတုန်းပဲ။ အခု အနီရောင်ကြာနယ်မြေရဲ့ ကောင်းကင်လွန်းကို ပြင်ဆင်ပြီးသွားပြီဆိုတော့ နောက်ထပ် ရက်အနည်းငယ်နေရင် ထပ်ဆောက်လုပ်လို့ရပြီ”
“ခဏနေပါအုံး” မင်ရှစ်ရင်က ဝင်ဖြတ်ပြောကာ မတ်တတ်ရပ်လိုက်ပြီး “မင်းက အနီရောင်ကြာနယ်မြေဆီ သွားချင်နေတာလို့တော့ မပြောနဲ့နော်”