အဖေနှင့်သမီး
Vol. 10 Ch. 976
ထိုသရဲမျက်နှာကြီး အော်ဟစ်လိုက်သည့် အချိန်မှာပင် ရွှေရောင်လျှပ်စီးတန်းကြီး ပုံပျက်သွားပြီး အစိမ်းရောင်ဝတ်ရုံနှင့် တော်ဝင်သရဖူတစ်ခုကို ဆင်မြန်းထားသည့် လူတစ်ယောက် လမ်းလျှောက်၍ ထွက်ပေါ်လာသည်။
သူသည် ဒေါသထွက်မနေပါသော်လည်း ကြောက်စရာကောင်းလွန်းလှသည်။ ထို့အပြင် သူ့ထံတွင် အလွန်နက်ရှိုင်းကျယ်ပြောလှသော စွမ်းအင်များရှိနေသဖြင့် သူသည် ကောင်းကင်ဧကရာဇ်ဖြစ်ကြောင်း သိနိုင်၏။
" မင်း အချိန်အကြာကြီး ပုန်းနေနိုင်တာပဲ။ နောက်ဆုံးတော့ မင်းကိုငါ ရှာတွေ့ခဲ့ပြီ "
ကောင်းကင်ဧကရာဇ်မှာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး ထိုသရဲမျက်နှာကြီးဆီသို့ လှစ်ခနဲ လှုပ်ရှားလိုက်သည်။
သရဲမျက်နှာကြီးကလည်း စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ ဤတိုက်ပွဲမှ သူထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို သိသဖြင့် တိုက်ပွဲထဲသို့သာ ချီတက်သွားတော့သည်။
အချိန်တိုလေးအတွင်း နားစည်များပင် ကွဲအက်သွားစေနိုင်သည့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ အသက်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည်ဖြစ်ပါသော်လည်း မပျော်ရွှင်နိုင်ပေ။ သူ၏နှလုံးသားထဲတွင် အေးစက်မှုများပင် ဖုံးလွှမ်းနေသေးသည်။ တုလင်ဖေးက သူမ၏အဖေ ရောက်ရှိလာခြင်းအား သဘောမကျသည့် ပုံစံပေါ်နေသည့် အကြောင်းအရင်းကို သူက တွေးတောနေမိပြီး ထိုအချင်းအရာမှာ အလွန်ထူးဆန်းကြောင်း ခံစားနေရသည်။
ယခုလေးတင်ပင် ကောင်းကင်ဧကရာဇ်သည် တုလင်ဖေးအား ဝန်းရံနေသည့် ရွှေရောင်အလင်းတန်းထဲမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် ကောင်းကင်ဧကရာဇ်မှာ ' ဒီကိုရောက်နေပြီ ' ဟုဆိုခဲ့သေးသည်မဟုတ်လော။ ထိုအချင်းအရာကိုကြည့်၍ ကောင်းကင်ဧကရာဇ်မှာ သူရှာဖွေနေသည့် အခွင့်အရေးကိုရရှိရန်အတွက် သူတို့နှစ်ယောက်အား အနက်ရောင် မီးခိုးထုကြီးထဲသို့ တမင်တကာ ရောက်သွားစေခဲ့သည်ဖြစ်ပြီး အန္တရာယ်ကြီးနှင့် ရင်ဆိုင်စေခဲ့သည်ဖြစ်ကြောင်း သိနိုင်သည်။
သူသည် သရဲမျက်နှာကြီး၏ ချက်ကောင်းအား တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ အထင်အရှားပင်။
သူ့အတွက်ဆိုလျှင် ထိုအခွင့်အရေးမှာ သူ့သမီး၏ ဘေးကင်းလုံခြုံမှုထက် ပို၍တန်ဖိုးရှိနေသည်။
ပိုင်ရှောင်ချန်းမှာ ထိုသို့ဆက်စပ်တွေးတောလိုက်ပြီးနောက် တုလင်ဖေးအားလှမ်းကြည့်လိုက်သောအခါ သူမ၏မျက်ဝန်းထဲရှိ စိတ်ပျက်နေမှုများကို မြင်လိုက်ရသည်။
ပိုင်ရှောင်ချန်း သိထားသော ကောင်းကင်ဧကရာဇ်နှင့်ပတ်သတ်သည့် အကြောင်းအရာအများစုမှာ သူ၏ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ သို့သော် တုလင်ဖေးမှာ သူ၏သမီးဖြစ်နေသောကြောင့် သူ့ကိုကောင်းကောင်း သိနားလည်ပေသည်။
သူမ၏ဖခင်က သူမနှင့် ပိုင်ရှောင်ချန်းတို့ကို မြောက်ပိုင်းသို့ စေလွှတ်ခဲ့သည်မှာ သူမ၏ အစ်မအကြီးဆုံး အသက်ရှင်၊ မရှင် သွားရောက်စစ်ဆေးခိုင်းရန်သာဖြစ်မည်ဟု အစက ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုတွင်မူ ထိုအစ်မအကြီးဆုံးနှင့် ပတ်သက်သောကိစ္စ၏ အရေးပါမှုမှာ အဓိကမကျကြောင်း သိလိုက်ရသည်။ ကောင်းကင်ဧကရာဇ်မှာ အရိုးသင်္ဘောပေါ်မှ သရဲမျက်နှာကြီးကို မျှားခေါ်နိုင်ရန်အတွက် သူမနှင့် ပိုင်ရှောင်ချန်းတို့ နှစ်ယောက်စလုံးကို ငါးစာအဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်။
သူမနှင့် ပိုင်ရှောင်ချန်းတို့က ထိုသရဲမျက်နှာကြီးအား ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ၏ဖခင်က မည်သည့်အတွက်ကြောင့် ယုံကြည်ခဲ့သည်ကို မသိပါသော်လည်း လက်တွေ့တွင် သူ၏အကြံအစည်မှာ အထမြောက်သွားခဲ့ပြီဖြစ်သည်။
" အဖေရယ်... "
သူမသည် စိတ်ထဲတွင် တွေးနေတော့သည်။
“ အဖေလုပ်သမျှ အရာတွေအားလုံးက ဒီကမ္ဘာကြီးကနေ ထွက်သွားဖို့အတွက်ချည်းပဲ။ ဒါပေမဲ့... ပေးဆပ်ရတာနဲ့ တန်လို့လား၊ အဲဒီလိုထွက်သွားဖို့က မိသားစုထက် ပိုအရေးကြီးနေတာလား... "
တုလင်ဖေးမှာ သူမ၏နှလုံးသား တစ်စစီဆုတ်ဖြဲခံနေရသည့်အလား ခံစားနေရပြီး သူမ၏ဖခင်နှင့် သရဲမျက်နှာကြီးတို့ တိုက်ခိုက်နေသည်ကိုကြည့်နေတော့သည်။
ယခုတွင်မူ ကောင်းကင်ဧကရာဇ်၏ ဒဏ်ရာများမှာ အတော်အတန် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး မည်သည့်အကြောင်းကြောင့်မသိပေ သရဲမျက်နှာကြီးမှာ အသာစီးမရနိုင်ပဲ ဖြစ်နေရသည်။ ကောင်းကင်ဧကရာဇ်မှာ အေးစက်စက်နှာမှုတ်လိုက်ပြီး ရှေ့သို့တိုး၍ ပြောလိုက်သည်။
" မင်းကို ခြေရာခံရတာ လွယ်တာမဟုတ်ဘူး။ ထွက်ပြေးမယ် မစဥ်းစားနဲ့ "
သရဲမျက်နှာကြီးမှာ အေးစက်စက်ရယ်မော၍ ပြန်ပြောလိုက်လေသည်။
" ကိုယ့်ရဲ့ သွေးရင်းသားရင်းကိုတောင်သုံးပြီး ငါ့ကိုမျှားခေါ်တယ်ပေါ့။ မင်းက ရည်မှန်းချက်ကြီးပြီး သွေးအေးရက်စက်တယ်လို့ နာမည်ကြီးနေတာ အမှန်ပဲကိုးကွ "
" အေး။ အဲဒီတော့ ဘာဖြစ်လဲ "
ကောင်းကင်ဧကရာဇ်က သူ၏သမီးကို သူ အသုံးချခဲ့ခြင်းမှာ သင့်တော်မှုမရှိဟု ခံစားမနေရပေ။ သူမက အသက်ရှင်နေသေးသည်မဟုတ်လော။ ထို့အပြင် ဤလျှို့ဝှက်ဆန်းကြယ်လှသော သရဲမျက်နှာကြီးသာ ပုန်းကွယ်သွားပြီဆိုပါက ထပ်၍ရှာတွေ့နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
သူသည် ၎င်းအား အမိဖမ်းနိုင်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သဖြင့် ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့ကို ငါးစာအဖြစ် အသုံးချလိုက်ခြင်းမှာ သူ့အတွက် တန်သည်ဟု မှတ်ယူထားသည်။ သူသည် ပြင်ပကမ္ဘာကို ပိုမိုနားလည်နိုင်အောင် ထိုသရဲမျက်နှာကြီးအား အသုံးချရန် ကြံစည်ထားရုံသာမက ၎င်းကို သူ၏ကိုယ်ပိုင်ရတနာတစ်ခုအဖြစ် ပြန်လည်အဆင့်မြှင့်သန့်စင်ရန်ပါ စိတ်ကူးထားသည်။
ထိုသို့ အဆင့်မြှင့်ရာတွင် အောင်မြင်ခဲ့ပါက သူ၏တိုက်ပွဲစွမ်းရည် တိုးတက်သွားမည်ဖြစ်သဖြင့် သင်္ချိုင်းစောင့်ကြီးအား ကမ္ဘာတံခါးကိုဖွင့်ခိုင်းရန် တောင်းဆိုရာတွင် ပိုမို အထောက်အကူပြုနိုင်မည်လည်းဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါကလည်း သူရရှိမည့် ဗဟုသုတများကို အသုံးချ၍ သူ့ကိုယ်သူ ထိုတံခါးကို ဖွင့်လျှင် ဖွင့်နိုင်သွားမည် မဟုတ်ပါလော။
အမှန်မှာ အရိုးသင်္ဘောကြီး ထွက်ခွာသွားခဲ့သည့်အချိန်က ကောင်းကင်ဧကရာဇ်မှာ မျှော်လင့်ချက်များကင်းမဲ့ခဲ့ရသည်။ ထို့နောက် အနှီသရဲမျက်နှာကြီးက သူ၏ဆန္ဒအလျောက် လိုက်မသွားပဲ နေရစ်ခဲ့သဖြင့် ကောင်းကင်ဧကရာဇ်မှာ သူ လုံးဝရှောင်ကျဥ်လိုသော နောက်ဆုံးနည်းလမ်းကို အသုံးမပြုခင် သူ၏ရည်မှန်းချက်ပြည့်ဝစေနိုင်မည့် အခွင့်အရေးတစ်ခု ထပ်မံ ရရှိခဲ့သည်။
ကောင်းကင်ဧကရာဇ်နှင့် ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးတို့မှာ တိုက်ခိုက်ရင်းဖြင့် ကောင်းကင်အထက်သို့ တဖြည်းဖြည်း မြင့်တက်သွားကြပြီး အဝေးသို့ရောက်ရှိသွားကြသဖြင့် သူတို့ကိုပင် မမြင်နိုင်တော့သည့် အနေအထားသို့ ရောက်သွားတော့သည်။
ထိုအချိန်တွင် ရေခဲပြင်ကြီးကို အဆက်မပြတ် ထုနှက်နေသည့် တရွှီရွှီမြည်နေသော လေပြင်းကြီး ရပ်တန့်သွားပြီး အရာရာတိုင်း ငြိမ်သက်သွားတော့သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ သူ၏စိတ်နှလုံးနှင့် အသိစိတ်ကို တည်ငြိမ်အောင်မထားနိုင်သေးပေ။ ထို့အပြင် တုလင်ဖေးအား မည်သို့ ဖေးမနှစ်သိမ့်ပေးရမည်ကိုလည်း မသိနိုင်လောက်အောင် ဖြစ်နေရသည်။ ထို့ကြောင့် သူမ၏အနားသို့ တိုးကပ်သွားလိုက်ပြီး သူမ၏ခန္ဓာကိုယ်အား ဖြည်းညင်းစွာသိုင်းဖက်၍ မ,ယူလိုက်တော့သည်။
စစချင်းတွင် သူမ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပါသော်လည်း သူ၏လက်မောင်းနှင့် ရင်ခွင်တို့၏ အနွေးဓာတ်ကို ခံစားလိုက်ရသောအခါ သူမသည် မောပန်းနွမ်းနယ်နေသည့်အလား သူ၏ရင်ခွင်ထဲသို့ ဖြည်းညင်းစွာ ပျော့ခွေကျသွားတော့သည်။
" ဖေဖေက အရင်တုံးက ဒီလိုလုံးဝမဟုတ်ဘူး "
သူမက ရေရွတ်လိုက်၏။ ရုတ်တရက် သူမမှာ အလွန်အားအင်ချည့်နဲ့နေသည့်ပုံစံ ပေါက်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ရတော့သည်။
အနည်းငယ်ကြာပြီးနောက် သူမသည် သူမကိုယ်သူမ ပြန်လည် ဣန္ဒြေဆည်နိုင်လိုက်သည်။ ထို့နောက် သူ့အားမော့ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်တော့သည်။
“ နင်ရောဘယ်လိုထင်လဲ ရှောင်ချန်း။ ဒီကမ္ဘာကြီးကနေ ထွက်ခွာဖို့က အဲဒီလောက်ပဲအရေးကြီးလား "
" ငါလည်း သေချာမသိဘူး... "
သူက ခေါင်းယမ်းလိုက်သည်။
" ဒါပေမဲ့ ငါကတော့ မထွက်သွားချင်ပါဘူး။ ကောင်းကင်တံတားဒေသကိုလည်း ငါနှစ်သက်တယ်။ မြေရိုင်းဒေသကိုတောင် ငါနှစ်သက်တယ်။ ဘာလို့ ဒီနေရာကနေ ထွက်သွားချင်ရမှာလဲ "
သူသည် နှလုံးသားထဲမှ လာသည့် အမှန်တရားများကို ဆိုနေခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ်ကြီးမှာ ကောင်းကင်တံတားနယ်မြေသည် သူ အလွန်ထွက်ပြေးလွတ်မြောက်ချင်နေသည့် အကျဥ်းထောင်ကြီးတစ်ခုအသွင်ဟု မှတ်ယူထားသည်ကို ပိုင်ရှောင်ချန်းမှာ နားမလည်နိုင်လောက်အောင်ဖြစ်နေရသည်။
သူသာ အသက်ရှည်ရှည်နေထိုင်ပြီး သူ၏ မိတ်ဆွေများနှင့် မိသားစုဝင်များ သူ၏ဘေးတွင်ရှိနေပါက ကောင်းကင်တံတားနယ်မြေကြီးသည် သူ့အတွက် နှစ်သက်ပျော်ရွှင်စရာ ကောင်းနေမည်သာဖြစ်သည်။ ထို့အပြင် သရဲမယ်တော်ကိုကြည့်၍ ပြင်ပကမ္ဘာမှာ ထူးဆန်းပြီး အန္တရာယ်များသော နေရာတစ်ခုဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်သည်။
မည်သူကများ အန္တရာယ်တောထဲသို့ ခေါင်းထိုး၍ဝင်ချင်မည်နည်း။ သို့သော် မျှမျှတတ တွေးကြည့်လိုက်ပါက သင်္ချိုင်းစောင့်ကြီးမှာလည်း အနည်းငယ် ယုတ္တိမတန်ဟု ပိုင်ရှောင်ချန်းက ခံစားနေရသည်။ ကောင်းကင်ဧကရာဇ် ထွက်ခွာလိုနေသည်ဖြစ်၍ သူ့အတွက် ကမ္ဘာတံခါးကို ဖွင့်ပေးလိုက်လျှင် ပြီးပြီမဟုတ်ပါလော။
သူ၏အဖြေကြောင့် တုလင်ဖေးမှာ ပြုံးသွားတော့သည်။ ထိုအပြုံးမှာ လှပလွန်းလှသဖြင့် ပတ်ပတ်လည်ရှိ ည၏အမှောင်ထုကိုပင် လင်းလက်သွားစေသည့်အလားပင်။ ရေခဲများဝန်းရံနေသည့် သူတို့နှစ်ယောက်အပေါ် လရောင်များဖြာကျနေသည့်မြင်ကွင်းမှာ နှစ်လိုဖွယ်ကောင်းလှပေသည်။
" ငါလည်း ဒီနေရာကနေ ထွက်မသွားချင်ပါဘူး " သူမက ရေရွတ်လိုက်သည်။
" ငါလည်း နင်နဲ့အတူတူပဲ။ အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက်နဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ပဲ ရှိချင်တာ။ ရိုးရိုးရှင်းရှင်း ဘဝလေးတစ်ခုပေါ့... "
" ဒါပေမဲ့... ငါ့မှာ မိတ်ဆွေမရှိဘူး ရှောင်ချန်း။ ငါအသက်ရှင်နေထိုင်ခဲ့သမျှ တစ်လျှောက်လုံး မိတ်ဆွေတစ်ယောက်တောင် ငါ့မှာမရှိဘူး။ ငါ့ရဲ့အမေ ဘယ်လိုပုံစံရှိသလဲဆိုတာတောင် ငါသိတာမဟုတ်ဘူး "
ပိုင်ရှောင်ချန်းမှာ မည်သည့်စကားမှ ပြန်မပြောပေ။ သူမကို ပို၍တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ညအမှောင်ထုထဲတွင် ခြေဦးတည့်ရာ လျှောက်သွားလိုက်တော့သည်။
အဆုံးတွင် ခပ်လှမ်းလှမ်းမှ နေထွက်လာသဖြင့် ၎င်း၏အနွေးဓာတ်များမှာ ကုန်းမြေတစ်ခွင်သို့ ကျဆင်းသွားတော့သည်။ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့မှာ တစ်ညလုံးလမ်းလျှောက်နေခဲ့ပါသော်လည်း ယခုတွင်မူ ရပ်တန့်သွားကြသည်။
ရုတ်တရက် ကောင်းကင်ယံတွင် ရွှေရောင်လျှပ်စီးတန်းတစ်တန်း ပေါ်ထွက်လာပြီး လေကိုခွင်း၍ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ကောင်းကင်ဧကရာဇ် ပြန်ရောက်လာပြီဖြစ်သည်။
သူ၏လက်ထဲတွင် ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးဖြစ်သော အနက်ရောင်မီးခိုးလုံးတစ်လုံးကို ကိုင်ထားသည်။ ၎င်းမှာ ရုန်းကန်ခြင်းမရှိသလို ထွက်လည်းမပြေးနိုင်ပေ။ ဤသတ္တဝါကြီးကို ဖမ်းဆီးလိုသည့် သူ၏အားစိုက်မှုများမှာ အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်မှာ တင်းမာပြီး အကျည်းတန်နေသည့်အမူအရာဖြင့် ထိုနေရာတစ်ဝိုက်ကို နတ်ဘုရားအာရုံသုံး၍ စစ်ဆေးကာ ပိုင်ရှောင်ချန်းနှင့်တုလင်ဖေးတို့၏ နေရာကို ရှာဖွေလိုက်သည်။
ကောင်းကင်ဧကရာဇ်မှာ ထိုရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးကို ဖမ်းဆီးပြီးသောအခါမှ ၎င်းမှာ ပြီးပြည့်စုံမှု ရှိမနေကြောင်း သိလိုက်ရသည်။ သူဖမ်းမိသော အရာမှာ ဝိညာဥ်ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
ဝိညာဥ်အစစ်မှာ ပျောက်ဆုံးနေဆဲပင်။ ထိုသရဲမျက်နှာကြီးမှာ ဉာဏ်များသူဖြစ်ပြီး ကောင်းကင်ဧကရာဇ်ထိုးကျွေးခဲ့သော ငါးစာကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့ရပါသော်လည်း ဘေးကင်းစေရန်အတွက် လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံး၍ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဝိညာဥ်ကိုယ်ပွားတစ်ခုအသွင် ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ကောင်းကင်ဧကရာဇ်မှာ ထိုဝိညာဥ်ကိုယ်ပွားကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါသော်လည်း သူ၏ရန်သူကို အသိပေးလိုက်သကဲ့သို့ဖြစ်သွားသဖြင့် ဝိညာဥ်အစစ်ကို ဖမ်းဆီးနိုင်ရန်မှာ ပို၍ ခက်ခဲသွားတော့မည်ဖြစ်သည်။ ထို့အပြင် လောလောဆယ်တွင် သူ၏ပြိုင်ဘက်က ပုန်းကွယ်နေမည်မှာ အသေအချာပင်ဖြစ်ပြီး သူ၏တည်နေရာနှင့်ပတ်သတ်သော မည်သည့်သဲလွန်စမှ မကျန်ရစ်ခဲ့စေရန် သေသေချာချာ ဖျောက်ထားခဲ့မည်ဖြစ်သည်။
သို့သော် အနည်းဆုံးတော့ သူသည် လက်ဗလာနှင့် ပြန်လာခဲ့ရသည်တော့ မဟုတ်ပေ။ ဝိညာဥ်ကိုယ်ပွားတစ်ခုမှာ ပြီးပြည့်စုံသော ဝိညာဥ်မဟုတ်ပါသော်လည်း မည်သည့်အရာမှ မရရှိခဲ့သည်ထက်စာလျှင် ပို၍ကောင်းမွန်ပေသည်။
ကောင်းကင်ဧကရာဇ်မှာ ထိုသို့တွေးတော၍ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့အား ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးဆွဲပြားတစ်ခုကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းက တဖျတ်ဖျတ် လက်နေသည့် မျက်ဝန်းများဖြင့် ၎င်းဆွဲပြားကို လှမ်းဖမ်းလိုက်သည်။
" ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ " ကောင်းကင်ဧကရာဇ်က ဆိုလိုက်သည်။
" အဲဒါ အမိန့်ပေးဆွဲပြားတစ်ခုပဲ။ အခုမင်း ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းဆီ ပြန်ပြီး အရှေ့ပိုင်းကောင်းကင်တံတားဒေသကို ပြန်ဖို့အတွက် သူတို့ဆီက တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို သုံးလို့ရပြီ "
ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းအား လျစ်လျူရှုလိုက်ပြီး တုလင်ဖေးအား လှမ်း၍ ကြည့်လိုက်သည်။
" သွားရအောင် ဖေးအာ "
သူသည် လေသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
တုလင်ဖေးမှာ ခေတ္တမျှ တွေဝေသွားပါသော်လည်း မငြင်းဆန်ပေ။ ပိုင်ရှောင်ချန်းအား တင်းကြပ်စွာဖက်လိုက်ပြီးနောက် သူမက နှုတ်ဆက်စကားဆိုလိုက်တော့သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ သူမကို မလွှတ်ပေ။ သူသည် ကောင်းကင်ဧကရာဇ်အား မော့ကြည့်လိုက်ပြီး အံကိုကြိတ်၍ ဆိုလိုက်သည်။
“ ကောင်းကင်ဧကရာဇ်... ဖေးဖေးနဲ့ကျွန်တော်က... "
သို့သော် သူ၏စကားမဆုံးခင်မှာပင် ကောင်းကင်ဧကရာဇ်၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပသွားပြီး ကြားဖြတ်ဝင်ပြောလိုက်သည်။
" မင်းဘာပြောချင်လဲဆိုတာ ငါသိတယ်။ ငါ့သမီးကို မင်းနဲ့အတူထားခဲ့စေချင်တာမလား။ စိတ်မကောင်းစရာတစ်ခုက မင်းကအရည်အချင်း မပြည့်သေးဘူးကွ။ မင်းနတ်ဘုရားတစ်ပိုင်းအဆင့်ရောက်မှ ငါတို့စကားထပ်ပြောတာပေါ့ "
ထိုသို့ဆိုကာ သူသည် နောက်သို့လှည့်၍ ပျောက်ကွယ်သွားတော့သည်။
တုလင်ဖေးမှာ ခေါင်းယမ်း၍ အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သူမသည်လည်း ကောင်းကင်ဧကရာဇ်နောက်သို့ လိုက်သွားပြီး ပျောက်ကွယ်သွားပြန်တော့သည်။
ပိုင်ရှောင်ချန်းမှာ ရှုပ်ယှက်ခတ်နေသော ခံစားချက်များစွာနှင့် တစ်ခဏမျှ မတ်တတ်ရပ်နေလိုက်တော့သည်။ တုလင်ဖေးမှာ ကောင်းကင်ဧကရာဇ်၏ သမီးတစ်ယောက် ဖြစ်၍ အဆင့်အတန်းအလွန်မြင့်မားပြီး ပျော်ရွှင်မှု အမြောက်အမြားပိုင်ဆိုင်လိမ့်မည်ဟု ယခင်က သူ ယူဆခဲ့ဖူးသည်။
သို့သော် မြောက်ပိုင်း၏ ရေခဲလွင်ပြင်များပေါ်တွင် ဖြစ်ပျက်သွားခဲ့သည့် အချင်းအရာများကြောင့် သူမ၏ဘဝမှာ မည်မျှနာကျည်းဖွယ်ကောင်းကြောင်းနှင့် ကောင်းကင်ဧကရာဇ်မှာ သူမအား မည်မျှအေးတိအေးစက်စွာ ဆက်ဆံကြောင်းတို့ကို သိလိုက်ရတော့သည်...
" နတ်ဘုရားတစ်ပိုင်းအဆင့် ဟုတ်လား "
သူက ရေရွတ်လိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် စစ်မှန်သော ပြတ်သားမှုအရိပ်အယောင်များ တလက်လက် ထင်ဟပ်လာတော့သည်။