အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
အခန်း (၈၆၅) မြို့စားလေးဦး
လူတိုင်းက အသက်အောင့်ထားကြသည်။
လုကျိုး၏အမူအရာက မပြောင်းလဲသွားဘဲ သူ၏ပေသုံးရာမြင့်သော ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံထုတ်ဖော်လိုက်သည်။
ဘီး
ပြီးနောက် လုကျိုးသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားဖြင့် အတိတ်ဘဝများ၏စွမ်းအားကို ရွတ်ဆိုလိုက်သည်။
နတ္ထိမှမြစ်ဖျားခံပြီး အရာအားလုံးမှရောက်ရှိလာ၏။ သံသရာတွင် ရှင်သန်နေထိုင်ပြီး ၎င်းမှသင်ယူနေကြသည်။ ၎င်းကအတိတ်ဘဝများ၏ စွမ်းအားပေတည်း။
ပြီးနောက် အပြာရောင်ဗုဒ္ဓခန္ဓာက ပေါ်လာလေ၏။
ထိုစဉ် လုကျိုး၏တစ်ကိုယ်လုံးသည် အပြာရောင်အလင်းဖြင့် ပျံ့နှံလာပုံရသည်။
ကောင်းကင်ကျမ်းစာမှ ထူးကဲအံဖွယ်စွမ်းအားဖြင့်ပေါင်းပြီး ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် အပြာရောင်ဗုဒ္ဓခန္ဓာတို့သည် ပေါင်းစည်းသွားပြီး သဟဇာတဖြစ်နေပုံပေါ်၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏လက်ကို အပြာရောင်ဗုဒ္ဓခန္ဓာကဲ့သို့ပင် အတူထားလိုက်၏။
စိတ်ဝိညာဉ်သဏ္ဌာန်၏နောက်ရှိ ရွှေရောင်ကြယ်တာရာဒိုင်ခွက်သည် နာရီတစ်လုံးနှင့်ဆင်တူနေလျက် ရှေ့သို့ရောက်ရှိလာကာ စတင်လည်ပတ်လာတော့၏။
လုကျိုး၏ အဓိကရည်ရွယ်ချက်မှာ သူ့ကိုယ်သူခုခံရန်ဖြစ်သည်။ သူသည်လည်း ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ အနေအထားကိုမြင်သောအခါ အံ့ဩသွားလေ၏။ ယခင်က သူ၏ဒုက္ခမိုင်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်၏ ကြာပွင့်သည် ၎င်း၏အသန်မာဆုံး ခုခံမှုဖြစ်ခဲ့သည်။ ထို့အပြင် ရွှေရောင်ကြယ်တာရာဒိုင်ခွက်က သူ့ရှေ့သို့လျင်မြန်စွာ ရွေ့လာပြီး သူ့ကိုကာပေးနေ၏။
လုကျိုး၏အဓိကအတွေးက ခုခံကာကွယ်ရန်ဖြစ်ပြီး ဘုံတစ်ထောင်လေပွေသည် ထိုခုခံမှုကို ပြုလုပ်နေပုံ ပေါ်သည်က သူလည်း အံ့ဩသွားရတော့၏။
သက်တံကဲ့သို့ တစ်လက်လက်တောက်ပနေသော အလင်းတန်းက ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို ထိမှန်သွားသည်။
နျဲ့ချင်းယွင်က မျက်လုံးပြူးကျယ်သွား၏။ သူသည် ဤစွမ်းအင်က သူခံနိုင်ရည်ရှိသည့်အရာ မဟုတ်မှန်း ခံစားမိလိုက်သောကြောင့် မြေပြင်ပေါ် လျင်မြန်စွာ ဆင်းသက်လိုက်သည်။ ထိပ်တိုက်ရင်ဆိုင်ရာမှ ရိုက်ခတ်မှုသည် သူ့ကိုနှေးကွေးသွားစေပြီး သူရွေးချယ်စရာမရှိတော့ပဲ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ပြန်ဆုတ်ခွာလိုက်ရ၏။
ယင်းကိုမြင်သောအခါ ရှားချန်းချိုးက နျဲ့ချင်းယွင်ကိုပံ့ပိုးပေးဖို့ ရှေ့သို့တိုးလာသည်။
“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်”
မြို့စားလေးဦးသည် တစ်ညီတစ်ညွှတ်တည်း ထုတ်ဖော်ပြောလျက် ထိတ်လန့်ကုန်၏။
ထိုမြို့စားမင်းလေးဦးက ယွင်၏မဟာမြို့စား ကျန်းထင်၊ ကျန်း၏မဟာမြို့စား ဝမ်ယွင်၊ ဟူ၏မဟာမြို့စား လုထျန်းနန်၊ ဝေ့၏မဟာမြို့စား လီချန်းတို့ဖြစ်သည်။
တာ့ထန်၏မဟာစစ်သူကြီးရှစ်ယောက်အပြင် ဤလူလေးဦးက မြို့စားမင်းဖူဖြစ်သော ချွေ့အန်းနှင့်အတူ သူတို့သည် ကွမ်နန်ပတ်လမ်း၏မြို့တော် ဘေးကင်းရေးကို ကာကွယ်ပေးသည်။ အဓိကပုံရိပ်များလည်း ဖြစ်သည်။ သူတို့ကို မဟာမြို့စားငါးဦးအဖြစ် သိကြသည်။ ကောလဟာလများအရ သူတို့တစ်ယောက်ချင်းစီက အလံအစီအရင်တစ်ခုစီ ပိုင်ဆိုင်ထားသည်။ သူတို့ပူးပေါင်းလိုက်ပြီး သူတို့အလံများကို ပေါင်းစည်းလိုက်သောအခါ သူတို့သည် ကွမ်နန်မြို့တော်ရှိ ကောင်းကင်စောင့်ကြပ်ခြင်း အစီအရင်ကို အသက်သွင်းနိုင်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများကို ခုခံကာကွယ်နိုင်လိမ့်မည်။
မဟာမြို့စားမင်းများသည် ကောင်းကင်သိုင်းခုံရုံးဆီသို့ သူတို့ညှိနှိုင်းဆွေးနွေးရာ၌ သူတို့အားသာချက်တိုးစေရန် အားပြသဖို့ရောက်လာတာဖြစ်သည်။ သို့သော် သူတို့သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ စွမ်းအားပြသရန်သူတို့၏ ရည်ရွယ်ချက်က ဟာသတစ်ခုထက် မပိုကြောင်း ရုတ်တရက်သဘောပေါက်သွားလေ၏။
ထိုစဉ် ကောင်းကင်သိုင်းခုံရုံးပေါ်ရှိ ကောင်းကင်ထဲတွင် အနီရောင်နှင့် ရွှေရောင်အလင်းက ဖျတ်ကနဲ ပေါ်လာ၏။ ရွှေရောင်အလင်း၏အလယ်တွင် အပြာရောင်အလင်းကို မြင်တွေ့နိုင်သည်။ ၎င်းက အပြာရောင်ဗုဒ္ဓခန္ဓာပဲဖြစ်၏။
ဒီကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ခြင်းအစီအရင်က နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်တာလား။
အဖြေကို မည်သူမှ မသိပေ။ သတ်ဖြတ်ခြင်းအစီအရင်သည် ယွီချန်းရှု၏ ပုံမှန်မဟုတ်သောခွန်အားနှင့် နက်နဲသောကျင့်ကြံဆင့်ကြောင့် အသက်မသွင်းခဲ့တာ အတော်ကြာပြီဖြစ်သည်။ ပွင့်ချပ်ဆယ်လွှာ အကျော်မော်အများစုသည် သူနှင့်မယှဉ်နိုင်ဘဲ သူသတ်တာခံလိုက်ရသည်။ ထို့အပြင် ကောင်းကင်သိုင်းခုံရုံး၌ မဟာမိတ်များစွာရှိ၏။
စစ်ခုန်ပေချန်းသည် ကောင်းကင်ထဲ၌ ပေါ်လာသော မီးရှုးမီးပန်းများကို ကြည့်ပြီး မှင်တက်နေမိသည်။ သူသတိပြန်ဝင်လာဖို့ အချိန်အတော်ကြာယူလိုက်ရ၏။ မီးရှုးမီးပန်းများ ပြသခြင်းဟူသည်ကား စွမ်းအင်နှစ်ခု ထိပ်တိုက်တိုက်ရာမှ လွင့်စင်လာသော မီးပွားများပဲ ဖြစ်သည်။
ဤအတိုင်းပင် တလက်လက်တောက်ပနေသော ရွှေရောင်ကြယ်တာရာဒိုင်ခွက်သည် မြင့်မြတ်သော ရိုးရာခန်းဆောင်ရှေ့ရှိ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူထူးလူဆန်းများ၊ ဖန်တီးရန်အတွက် သူတို့တစ်ဘဝလုံးသုံးခဲ့ရသည့် သတ်ဖြတ်ခြင်းအစီအရင်၏ တိုက်ကွက်အပြည့်ကို ဖယ်ရှားလိုက်သည်။
ကြယ်တာရာဒိုင်ခွက်က ဆက်လက်လှည့်ပတ်နေလျက် သတ်ဖြတ်ခြင်းအစီအရင်မှထွက်ပေါ်လာသော အလင်းတန်းကို တွန်းကန်နေသည်။
လေထဲ၌ ထက်မြေ့စူးရှသောအသံတစ်သံ ပေါ်ထွက်လာပြီး ကောင်းကင်သိုင်းတောင်တန်းတစ်ခုလုံးကို ပဲ့တင်သံထွက်သွားလေ၏။
အသံသည် ဆူညံလွန်းသောကြောင့် မည်သူမှ ခံနိုင်ရည်မရှိပေ။ အားလုံးသည် သူတို့လက်များဖြင့် သူတို့နားများကို အမြန်ပိတ်လိုက်၏။ အသံသည် လူတိုင်းကိုမသက်မသာဖြစ်နေပြီး ထိုးဖောက်နိုင်သောစွမ်းရည်ရှိပုံရသည်။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူထူးလူဆန်းများသည် ကြက်သေသေနေသော်ငြား ပိုတောင်ကြောက်လန့်လာကြသည်။ ကောင်းကင်သိုင်း ကောင်းကင်ဘုံအစီအရင်သည် နတ်ဘုရားများကို သတ်ဖြတ်နိုင်စွမ်းရှိသည်ဟု သူတို့တစ်ခါက ပြောခဲ့ဖူးသည်။ သူတို့အဖို့ နတ်ဘုရားများသည် တာ့ထန်၏ကျင့်ကြံသူများ၏ အကန့်အသတ်ထက်သာလွန်သည့် ကျင့်ကြံဆင့်ရှိသည့်ကျင့်ကြံသူများပဲ ဖြစ်သည်။ ဉပမာအနေဖြင့် မွေးဖွားဇယားချပ်ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဤသတ်ဖြတ်ခြင်းအစီအရင်သည် နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်အနေဖြင့် လူသိများကြသည်။
သို့သော် ယခုအချိန်၌ နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်သည် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဘာမှမလုပ်နိုင်ခဲ့ပေ။
မွေးဖွားဇယားချပ်ပညာရှင်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်မြင်စွာ ဖွဲ့တည်နိုင်သူဟူ၍ မဆိုလိုပေ။ မွေးဖွားဇယားချပ်သားရဲကို အသက်သွင်းနိုင်ခြင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်ရန် အကြိုလိုအပ်ချက်သာ ဖြစ်သည်။ ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများနှင့် မြို့စားငါးဦးသည် လုမျိုးရိုးနှင့် အကျော်အမော်က မွေးဖွားဇယားချပ်ပညာရှင်တစ်ယောက်ဖြစ်သည့် သတင်းကို ရထားပြီးတာကြာပြီဖြစ်ကာ သူတို့က သူ့ကိုရင်ဆိုင်ရန် ကောင်းစွာပြင်ဆင်ထားသည်။ ရီစရာပဲ။ ၎င်းကလွဲချော်သွားပြီး သူတို့က ဤအဖိုးအို၏ခွန်အားကို လျော့တွက်ခဲ့မိသည်။ ရွှေရောင်ကြယ်တာရာဒိုင်ခွက်က ဘုံတစ်ထောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်တွင် ပျံဝဲနေသည်မှာ ယခုအချိန်၌ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သည့်ပမာ ဖြစ်နေတော့သည်။
နတ်ဘုရားသတ်အစီအရင်မှ စွမ်းအင်များသည် မကုန်နိုင်မခမ်းနိုင်တာမဟုတ်။ ၎င်းသည် ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း စုဝေးထားသည့်စွမ်းအင်များဖြစ်သည်။
ယခုအခေါက်တွင် နတ်ဘုရားသတ်အစီအရင်ကို အသက်သွင်းလိုက်ခြင်းသည် ကောင်းကင်သိုင်းခုံရုံးက နှစ်ပေါင်းများစွာစုစည်းထားသည့် စွမ်းအင်များကို ကုန်ဆုံးသွားစေ၏။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ အဖွဲ့သားများထဲမှ တစ်ယောက်ဖြစ်သည့် ကတုံးဖြင့်လူသည် လုကျိုးကို လက်ညှိုးထိုးပြီးနောက် သူ့ရင်ထဲရှိ မေးခွန်းကိုထုတ်မေးလိုက်သည်။
“ဒီလူက ဘယ်သူလဲ”
“ဒီလူက ဘယ်သူလဲ”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ အဖွဲ့သားများသည် မြေအောက်၌ နှစ်တစ်ရာအကျဉ်းချခံခဲ့ရသည်။ သို့သော် သူတို့အကျဉ်းချခံခဲ့ရသော်ငြား တာ့ထန်ရှိ မဟာသိုင်းပညာရှင်အားလုံးကို သိသည်။ ကောင်းကင်ကို ဖီဆန်နိုင်သော သိုင်းပညာရှင်တစ်ယောက်သည် နှစ်တစ်ရာမျှသာ ကုန်လွန်ပြီးနောက် ရုတ်တရက်ပေါ်ပေါက်လာဖို့က မဖြစ်နိုင်ပေ။
ထိုစဉ် နျဲ့ချင်းယွင်က တံတွေးမျိုချလျက်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဘုရားကျောင်းသခင်ရှား”
ရှားချန်းချိုးက ပြောလိုက်၏။
“မပြောနဲ့ မပြောနဲ့”
ပြီးနောက်သူသည် လူတိုင်းကဲ့သို့ပင် ကောင်းကင်ထဲရှိ မြင်ကွင်းကို လှည့်ပတ်ကြည့်တော့သည်။
ထိုစဉ် နောက်ဆုံး၌ အနီရောင်အလင်းတန်းပျောက်ကွယ်သွားပြီဖြစ်သည်။
ဧရာမကြယ်တာရာဒိုင်ခွက်သည် ရွှေရောင်အလင်း ထုတ်လွှင့်နေသေးဆဲဖြစ်သည်။ အပြင်အကျဆုံးကွင်းနှင့် အတွင်းဘက်အကျဆုံးကွင်းက နာရီလက်တံလှည့်ရာအတိုင်း ကြယ်တာရာဒိုင်ခွက်ပေါ်၌ လည်နေပြီး အလယ်ရှိကွင်းက နာရီလက်တံပြောင်းပြန်အတိုင်း လည်ပတ်နေ၏။ တဖြည်းဖြည်းချင်း ကွင်းများက လည်ပတ်တာ ရပ်တန့်သွားပြီး အလင်းတန်း ပျောက်ကွယ်သွားတော့သည်။
ဤနည်းဖြင့် ရွှေရောင်ကြယ်တာရာဒိုင်ခွက်သည် လုကျိုးနှင့် သူ၏စိတ်ဝိညာဉ်နောက်တွင် မူလအနေအထားသို့ ပြန်ရောက်ရှိသွားသည်။
လုကျိုးသည် စာပေကြယ်တာရာဂိတ်ကိုကြည့်ပြီး ခေါင်းခါလျက် အထင်တသေးပြောလိုက်တော့သည်။
“ဒါပဲလား”
လုကျိုးသည် ကောင်းကင်သိုင်း ကောင်းကင်ဘုံအစီအရင်ကို အထင်ကြီးခဲ့မိသည်ဟု ခံစားမိသည်။ ထိုအစီအရင်က နတ်ဘုရားသတ်အစီအရင်ဟူ၍ သိကြသည်။ ချဲ့ကားပြောနေတာပဲ။ သူသည် ၎င်းကိုဖြေရှင်းရန် အပြာရောင်ဗုဒ္ဓခန္ဓာအသုံးပြုဖို့တောင် မလိုအပ်ချေ။ ယင်းက မွေးဖွားဇယားချပ်ကို အသက်သွင်းရန်အတွက် သူအသုံးပြုခဲ့သောယုန်၏ အသက်ဓာတ်နှလုံးသား၏သန်မာသောခုခံမှုနှင့် တစ်ခုခုသက်ဆိုင်တာ ဖြစ်လောက်သည်။
ထိုစဉ် နတ်ဘုရားသတ်အစီအရင်မှအလင်းသည် မှိန်ဖျော့ပြီးပျောက်ကွယ်သွားတော့သည်။
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူထူးလူဆန်းများသည် ဝေဟင်ထဲရှိ ပျောက်ကွယ်သွားသော အလင်းတန်းများကို မှင်တက်စွာ ကြည့်နေတော့သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကတုံးဖြင့်လူသည် ၎င်းကို လက်မခံနိုင်ပေ။
“ဒီနတ်ဘုရားသတ် အစီအရင်က ငါတို့ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ လက်ရာပဲ၊ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုစဉ် ယွီကျန့်ဟိုင်က ထွက်လာပြီး လူထူးလူဆန်းများကို မေးလိုက်၏။
“ဘာလဲ ခင်ဗျားတို့ လက်မခံဘူးလား”
“…”
ရှားချန်းချိုးသည်လည်း မည်သည့်သက်ညှာမှုမှ မရှိပဲ သူတို့ကို လှောင်ပြောင်လိုက်တော့သည်။
“ဟေ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က မင်းတို့ရဲ့ နတ်ဘုရားသတ်အစီအရင်ကို ဖယ်ရှားလိုက်တာကို ဘာကြောင့်များ အံ့ဩနေတာလဲ၊ မင်းတို့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကလူတွေအားလုံးက မင်းတို့ကိုယ်မင်းတို့ ပြိုင်ဘက်ကင်းတယ် ထင်နေတာလား၊ ကျေးဇူးပြုပြီး မျက်စိကျယ်ကျယ်ဖွင့်ပြီးကြည့်လိုက်ဦး၊ ဒါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်၊ ဒုက္ခမိုင်တစ်ရာရှုခင်း စိတ်ဝိညာဉ်သဏ္ဌာန်မဟုတ်ဘူး”
လူထူးလူဆန်းများက ထိုစကားများကို တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။
ထိုစဉ်ကောင်းကင်သိုင်းခုံရုံးမှ တပည့်တစ်ယောက်သည် ရုတ်တရက်အော်လိုက်၏။
“မြို့စားမင်းကြီး လေးယောက်ရောက်လာပြီ”
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ကျန်သည့်လူများသည် မြင့်မြတ်သောရိုးရာခန်းဆောင်အထက်ကို ပျံသန်းသွားပြီးနောက် အရှေ့အရပ်တွင် ပျံသန်းနေသော ရထားလုံးပျံလေးစင်းကို ကြည့်လိုက်၏။
ထိုစဉ် ချိုးဟဲက မြေပြင်ပေါ် ယိုင်နဲ့ကျသွား၏။
“ပြီးသွားပြီ ပြီးသွားပြီ အားလုံးပြီးသွားပြီ”
ဒုက္ခပဲ သူတို့က သေဖို့များ ဒီကိုရောက်လာကြတာလား၊ သူတို့တွေက သေဖို့အတွက်နဲ့များ ဒီကိုဘာလို့ရောက်လာရတာလဲ”
ဝမ်ရှစ်ကျုံးသည် မြို့စားမင်းလေးဦးရောက်လာကြောင်း ကြားသောအခါ သူ၏ခန္ဓာကိုယ် တုန်လှုပ်သွား၏။ သူက ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်ကို စည်းပိတ်ထားသောကြောင့် သူမပျံနိုင်ပေ။ သို့သော် လုကျိုးနှင့် ထိုလူလေးယောက် အငြင်းမပွားအောင် တားဖို့ နည်းလမ်းတစ်ခုရှာရမည်။ ဆိုရလျှင် မြို့စားကျန်း ဝမ်ယွင်က သူ၏ဖခင်ဖြစ်သည်။ တစ်ဖက်တွင်မူ သူမ၏ဖခင်နောက်တွင် ရပ်နေသောဝမ်ရှုက မှင်တက်နေပုံပေါ်၏။ သူမသည် အသိစိတ်ပြန်ကပ်လာချိန်၌ ထိတ်လန့်လာတော့သည်။
ရထားလုံးပျံလေးစင်းသည် ကောင်းကင်သိုင်းတောင်တန်းကို ဖြတ်ကျော်လျက် နောက်ဆုံးတွင် ကောင်းကင်သိုင်းခုံရုံးပေါ်ရှိ ဝေဟင်ထဲသို့ ရောက်ရှိလာပြီဖြစ်သည်။
ထိုစဉ် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က အနည်းငယ်လှုပ်လာ၏။ ဤနည်းဖြင့် ကြယ်တာရာဒိုင်ခွက်သည် ယခုဆို မြို့စားမင်းလေးဦးကို တိုက်ရိုက် မျက်နှာချင်းဆိုင်နေတော့သည်။
လုကျိုးက လက်နောက်ပစ်ထားလျက် ရှေ့သို့တက်လာသည်။
ရထားလုံးပျံလေးစင်းသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်နှင့် မီတာနှစ်ရာခန့်အကွာတွင် ရပ်တန့်ပြီး လူလေးယောက်က ပျံသန်းလာတော့သည်။
“ဒါဘာလဲ”
လုကျိုးက မျက်မှောင်ကြုတ်လျက် အသံနက်နက်ဖြင့် ပြောလိုက်တော့သည်။
“မင်းရဲ့လူတွေက မင်းအတွက် ဘာကကောင်းမှန်း တကယ်မသိကြဘူးပဲ”
လုကျိုးပြောပြီးသည်နှင့် ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်က လင်းလာတော့သည်။
ထိုလူလေးယောက်သည် မြေပြင်ပေါ်ဆင်းသက်ပြီးနောက် အမြန်အရိုအသေပေးလျက် ပြောလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် လုချန်ပေ့”
ဆိုရိုးစကားရှိသည့်အတိုင်း ဉာဏ်ရှိသည့်လူတစ်ယောက်သည် အခြေအနေများကို အလျှော့ပေးတတ်သည်။ ယင်းက ရှေးယခင်ကာလကတည်းက အမှန်တရားပဲဖြစ်သည်။
အစစ်အမှန်ချွေ့အန်းသည် အစောကတည်းက သေခဲ့ပြီးတာဖြစ်လောက်သည်။ သူ၏ခန္ဓာကိုယ်ကို မည်သူယူသွားလဲဆိုတာ အရေးမကြီးပေ။ သို့သော် သူသည် ဤအမျိုးသားလေးဦးထက် ပိုတုံးအသည်ဆိုတာ သံသယဖြစ်ဖွယ်မရှိ။
လုကျိုးက သူ၏အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရာ ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်မှအလင်းသည် မှေးမှိန်သွား၏။ မည်သို့ပင်ဆိုစေ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်မှ ဆောင်ယူလာသော ကြီးမားလှသည့်ဖိအားသည် မြို့စားလေးဦးကို တုန်ယင်ပြီး ချွေးသီးချွေးပေါက်ကျစေရန် လုံလောက်တာထက် ပိုသည်။
မြို့စားမင်းလေးဦးကလည်း အလွန်လေးစားနေ၏။ သူတို့လက်သီးဆုပ်မိုးလျက် ဦးညွှတ်နေကာ ခေါင်းမမော့ရဲသေးပေ။
လုကျိုးက သူတို့ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“မင်းတို့နာမည်ကိုပြော”
“ဝေ့မြို့စား လီချန်း”
“ဟူမြို့စား လုထျန်းနင်”
“ယွင်မြို့စား ကျန်းထင်”
“ကျန်း..ကျန်းမြို့စား ဝမ်..ဝမ်ယွင်”
ဝမ်ယွင်က စကားထစ်နေ၏။ အပြင်ဘက်တွင်မူ သူကသာမန်စိတ်လှုပ်ရှားနေပုံပေါ်သည်။
ထိုစဉ်
ထောက်
ဝမ်ရှစ်ကျုံးက ဒူးထောက်လျက် ကျယ်လောင်စွာပြောလိုက်သည်။
“လုချန်ပေ့ ဒါကျွန်တော့်အဖေနဲ့ မသက်ဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး သက်ညှာပေးပါ၊ တောင်းဆိုပါတယ် လုချန်ပေ့ ကျေးဇူးပြုပြီး သက်ညှာပေးပါ”
ယင်းကို မြင်သောအခါ ဝမ်ရှုကလည်း ဒူးထောက်လိုက်သည်။ သူမတိမ်တိုက်တောင်၏ အကျဉ်းထောင်တွင် ရှိစဉ်က သူမ၏မောက်မာထောင်လွှားမှု၊ အတ္တကြီးမှုနှင့် သူမကိုယ်သူမ သွေးနားထင်ရောက်မှုတို့က ပျောက်ကွယ်သွားပုံပေါ်သည်။
“လုချန်ပေ့ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများတောင် မောက်မာထောင်လွှားစွာ မပြုမူရဲလေရာ သူမလိုမျိုး အရာရှိတစ်ယောက်၏ကလေးတစ်ယောက်မျှက ဘာတန်ဖိုးမှ မရှိပေ။
လုကျိုးက လက်ဝှေ့ရမ်းလျက် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းလိုက်သည်။
ဤနည်းဖြင့် ဖိနှိပ်နေသော ရန်လိုသောဖိအားက တစ်ဝက်လျော့သွားသည်။
လုကျိုးသည် လူလေးယောက်ကိုကြည့်ပြီး မေးလိုက်သည်။
“မင်းတို့တွေက ငါ့ကိုသတ်ဖို့ အမိန့်ကြောင့် ဒီရောက်လာတာလား”
ထိုလူလေးယောက်က တစ်ညီတစ်ညွှတ်တည်းပြောလိုက်သည်။
“မလုပ်ရဲပါဘူး”
ပြီးနောက် လုထျန်းနင်က ထည့်ပြောလိုက်သည်။
“အားလုံးနားလည်မှုလွဲတာပါ၊ နားလည်မှုလွဲနေတာပါပဲ”
လုကျိုးကို သူတို့ကို စိတ်ထဲမထားတော့ပေ။ မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။
“မင်းတို့အားလုံး ဉာဏ်ကောင်းဖို့မျှော်လင့်တယ်”
…
အခန်း (၈၆၆) ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ အရူးများ
မြို့စားကြီး ၄ယောက်က မလှုပ်ရှားရဲဘဲ သူတို့ရှေ့ရှိ လူအိုကြီးသည် သူတို့ကို ရုတ်တရက် သတ်ပစ်လိုက်မည်ကို ကြောက်ရွံ့နေကြ၏။
လုကျိုးက ငှက်မွေးလေးအလား ရောက်ရှိလာသည်။
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် မြို့စားကြီး ၄ယောက်က မနေနိုင်ဘဲ နောက်အနည်းငယ် ဆုတ်လိုက်ကြ၏။ သူတို့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် ဆင်းသက်လိုက်ကြသည်။ သူတို့က ရထားလုံးပျံကို စီးလာသည်မှာ ကြာမြင့်လှပြီဖြစ်၍ သူတို့ ဆင်းလာသည့်အခါ မသက်မသာ ခံစားလိုက်ရသည်။
မြို့စားကြီး ၄ယောက်က ကွမ်းနန်ပတ်လမ်းတွင် အရေးပါသည့် ပုဂ္ဂိုလ်များ ဖြစ်၏။ သူတို့၏ မြင့်မားသည့် အဆင့်အတန်းဖြင့် သူတို့ ဘယ်နေရာသွားသွား တခြားသူများဆီမှ လေးစားမှု အသိအမှတ်ပြုမှုတို့ကို ခံယူကြရသည်။ သို့သော်လည်း ယနေ့တွင် တခြားတစ်မျိုးသာ ဖြစ်နေလေ၏။ သူတို့ကို မည်သူကမှ အာရုံမရှိဘဲ လုကျိုးကိုသာ အားကိုးတကြီး စိုက်ကြည့်နေကြသည်။
မြေပြင်ပေါ် ဆင်းသက်လာပြီးသည့်နောက်တွင် လုကျိုးက လှည့်ကာ မြင့်မြတ်ထုံးတမ်းခန်းမ မျက်နှာချင်းဆိုင်ရှိ အဆောက်အဦးတွင် ရပ်နေသည့် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှာ အရူးများကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့တွေက ဆင်းမလာဘူးလား”
အရူးများက ပြန်မဖြေပေ။ ခဏအကြာတွင် သူတို့က လုကျိုးသည် သူတို့ကို ပြောနေကြောင်း သဘောပေါက်သွားခဲ့၏။
ဝုန်း
ထိုစဥ် အံ့အားသင့်နေသည့် ကတုံးပြောင်က ခေါင်မိုးပေါ်မှ လိမ့်ကျလာကာ အုတ်ကြွပ်တစ်ချပ်ကို ကျိုးပဲ့သွားစေသည်။ သူက အရူးဖြစ်လာကာ ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းပင် မေ့လျော့သွားလောက်အောင် ထိwfလန့်သွားဟန်ပေါ်သည်။ သူက ကမ္ဘာဦးချီကို မည်သို့ အသုံးပြုရမှန်းပင် မေ့လျော့သွားသလိုမျိုး ဖြစ်၏။
“အား”
တခြားအရူးများက ထိုကတုံး၏ အသံကို ကြားပြီးသည့်နောက်တွင် တစ်ယောက်ပြီး တစ်ယောက် အသိပြန်ကပ်လာကြသည်။
ထိုစဥ် ယွင်မြို့စားကြီး ကျန်းထင်က ပြောလိုက်သည်။
“ချန်းပေ့”
သို့သော်လည်း လုကျိုးက ကျန်းထင်အား စိုက်ကြည့်ကာ “မင်းကို ဘယ်သူက ဝင်ပြောခိုင်းလို့လဲ”
ကျန်းထင်က အနည်းငယ် တုန်ယင်သွား၏။ သူက ခေါင်းအသာငုံ့ကာ နောက် ၂လှမ်း ဆုတ်လိုက်သည်။ သူက သက်ညှာပေးဖို့ တောင်းဆိုမည့် စကားများကို မျိုသိပ်ထားရုံမှအပ ရွေးချယ်စရာ မရှိပေ။ ကျင့်ကြံရေးလောကက အမြဲတမ်း ရက်စက်၏။ လူတစ်ယောက်က အဆင့်အတန်း မည်မျှမြင့်မားစေကာမူ အမြဲတမ်း မြင့်မားနေမှာ မဟုတ်ပေ။
တခြားမြို့စား ၃ယောက်ကလည်း စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့က ကျန်းထင်အား သူတို့ကိုယ်စား လုကျိုး၏ ဆူပူမှုကို ခံလိုက်သည့်အတွက် ကျေးဇူးတင်သည့်အလား ကြည့်လိုက်ကြသည်။ ထိပ်သီးပညာရှင်များက ခန့်မှန်းရခက်သည့် သဘောထားမျိုး ပိုင်ဆိုင်ထားကြပြီး ထိုလူအိုကြီးကို ရန်မစသည်က အကောင်းဆုံး ဖြစ်ပေသည်။
ထို့ကြောင့် မြို့စားကြီး ၄ယောက်က နန်းတော်မှ အစေခံများကဲ့သို့ ဘေးဘက်တွင် နာနာခံခံ ရပ်နေကြ၏။ သူတို့က ဘေးပတ်လည်ကို လျှောက်မကြည့်ရဲဘဲ မျက်လုံးထောင့်မှသာ အခြေအနေကို အကဲခတ်နေကြသည်။ သူတို့ မကြည့်လျှင် အဆင်ပြေသော်လည်း ကြည့်မိသည့်အခါ ပို၍ပင် အံ့အားသင့်သွားရ၏။
ဤတစ်ကြိမ် လုထျန်းနင်က အနီးအနားတွင် ဒူးထောက်နေသည့် ဝမ်ရှစ်ကျုံးကို တိတ်တဆိတ်ကြည့်ပြီးသည့်နောက် ဝမ်ယွင်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ဝမ်ယွင်က သူ့သားနှင့် မြေး ဂုဏ်သိက္ခာမရှိ မြေပြင်ပေါ် ဒူးထောက်နေသည်ကို မြင်သည့်အခါ အသက်ရှူဖို့ပင် ခက်ခဲလာ၏။ သူက တစ်စုံတစ်ခု လုပ်လိုသော်လည်း သူ တတ်နိုင်သည့်အရာ မရှိပေ။ သူ့သားနှင့် မြေးက တိမ်တိုက်တောင်တွင် ပိတ်လှောင်ခံထားရသည်ကို သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ တစ်ချိန်လုံး တော်ဝင်ခုံရုံးက သူ့သား၊ မြေးနှင့် ဧကရာဇ်တို့ကို ပြန်ခေါ်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ ရှာနေသည့် အခွင့်အရေးကို မရဘဲ ဤသို့ရလဒ်မျိုးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရသည်။ သူက စိတ်ခံစားချက် ရောပြွန်းနေ၏။
ဝမ်ရှစ်ကျုံးက သူ့အဖေ၏ မျက်နှာအထက် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုးကို မြင်လိုက်သည့်အခါ သူ့အဖေကို တိတ်တဆိတ် မသိချင်ယောင်ဆောင်လိုက်သည်။ သူ့အနေဖြင့် အသက်ကလေး ထိန်းသိမ်းထားနိုင်သည်က ကောင်းမွန်လှပြီ ဖြစ်၏။ နောက်ထပ် ဘာလိုချင်ရဦးမည်နည်း။
လုကျိုးက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ အရူးများကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့တွေ ဘာမှမပြောဘူးလား”
ထိုစဥ် ခေါင်းစောင်းနေသည့် အမျိုးသမီးက ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
“ချန်း ချန်းပေ့ … ကျွန်မတို့က ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ပါရမီရှင်တွေပါ”
ထိုစကားများကို ကြားပြီးသည့်နောက်တွင် ထိုအချက်ကို မသိကြသည့်သူများက အံ့အားသင့်ကာ မယုံကြည်နိုင်ဖွယ် ဖြစ်သွားကြသည်။ အားလုံးက ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးကို ကြားဖူးကြ၏။
သို့သော်လည်း သူတို့ရှေ့ရှိ လူများသည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ပါရမီရှင်များဖြင့် ဆက်စပ်ကြည့်ဖို့ ခက်ခဲလှသည်။ သူတို့က ရုပ်ဆိုးဆိုးအဖွဲ့မျှသာ ဖြစ်နေလေ၏။ ထိုအထဲတွင် ကတုံးပြောင်၊ ခါးကုန်းကုန်း၊ မျက်ကန်းနှင့် ဒဏ်ရာအပြည့် ရှိထားသည့် လူပင် ပါဝင်နေသည်။
လုကျိုးက ကတုံးပြောင်အား ကြည့်ကာ မေးလိုက်၏။
“မင်းနာမည်က ဘယ်သူလဲ”
ကတုံးပြောင်က ရယ်မောလိုက်ပြီးသည့်နောက် ပြောလိုက်သည်။
“ကျုပ် ကျုပ် ကျုပ် ကျုပ်နာမည်က ဟယ် ဟယ်ကျုံးပါ”
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ခေါင်းစောင်းနေသည့် အမျိုးသားက သဘာဝမကျ ခေါင်းစောင်းရင်း အလျင်အမြန် ဝင်ပြောလိုက်သည်။
“ချန်းပေ့ ကျုပ်နာမည်က ဟွမ်းယွီပါ။ ကျုပ်က အစီအရင်နဲ့ တာအိုသင်္ကေတတွေမှာ ကျွမ်းကျင်ပါတယ်”
ထို့နောက် သူက ခေါင်းငုံ့ထားပြီးသည့်နောက်တွင် ဦးညွတ်ကာ မျက်နှာလို မျက်နှာရ မျက်နှာထားမျိုးဖြင့် ပြန်မော့ကြည့်လာပြီး မေးလိုက်သည်။
“ချန်းပေ့ ခင်ဗျားရဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်လို့ရမလား”
သွားပြီ...
မြို့စားကြီး ၄ယောက်က ခေါင်းမော့ကာ ထိုအရူးအုပ်စုအား ကြည့်လိုက်သည်။
ထိုပါရမီရှင်များက တုံးအလေသည်မှာ ကံဆိုးလှသည်။
ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဥ်သဏ္ဌာန်က လူတစ်ယောက် ကြည့်ချင်ရုံဖြင့် ကြည့်ခွင့်ရမည့်အရာလား။
မြို့စားကြီး ၄ယောက်က အရူးအဖွဲ့အား သေတွင်းတူးနေသည်ဟုသာ ထင်မိသည်။
သို့သော်လည်း မြို့စားကြီး ၄ယောက်အား အံ့အားသင့်သွားစေသည်က လုကျိုး၏ အမူအရာက လုံးလုံးပြောင်းလဲသွားခြင်း မရှိပေ။ ထို့အပြင် သူက ဖော်ရွေစွာ ပြောလိုက်သည်။
“မင်းကို ကြည့်ခွင့်ပေးမယ်။ ဒါပေမဲ့ ငါ့စကား နားထောင်ရမယ်”
ဟွမ်းယွီက ရယ်မောလျက် ခေါင်းညိတ်ကာ “ကောင်းပြီ ကောင်းပြီ”
ထို့နောက် မျက်လုံးတစ်လုံးရှိသည့် အမျိုးသားက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။
“ချန်းပေ့ ကျုပ်နာမည်က ဝမ်တာ့ချွေ့ပါ။ ကျုပ်က လက်နက်ထုဆစ်တဲ့နေရာမှာ ကျွမ်းကျင်တယ်”
“လက်နက်ထုဆစ်တာလား” လုကျိုးက ဝမ်တာ့ချွေ့အား ခြုံငုံကြည့်လိုက်၏။
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများအတွက် အချိန်တော်ကြာ ပိတ်လှောင်ခံထားရပြီးသည့်နောက်တွင် သေခြင်းနှင့် ရှင်ခြင်းကြား မကွဲပြားတော့ပေ။ သူတို့၏ နေ့ရက်များက မြေအောက်အကျဉ်းထောင်တွင် မည်သို့ဖြစ်ခဲ့မည်ကို စိတ်ကူးကြည့်၍ မရပေ။ သို့သော်လည်း ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်တွေ့ပြီးသည့်နောက်တွင် ကြောက်ရွံ့ကာ အံ့အားသင့်နေသော်လည်း သူတို့၏ စိတ်နှလုံးသားထဲ အံ့သြမှုနှင့် လေးစားမှုကဲ့သို့ အချိန်တော်ကြာ မေ့လျော့ခံ ခံစားချက်များ ပြန်လည်ပေါ်ထွက်လာသည်။ သူတို့က သုတေသီများ ဖြစ်၏။ ဤသို့ မြင်ကွင်းကို မြင်တွေ့ပြီးသည့်နောက်တွင် မည်သို့မအံ့သြဘဲ နေမည်နည်း။
လုကျိုးက လက်မြှောက်ကာ ပြောလိုက်၏။ “အသက်ရှည်ဓား”
ယွီရှန်းရုန်က တုံ့ဆိုင်းခြင်းမရှိဘဲ အသက်ရှည်ဓားကို သူ့ရှစ်စွင်း လက်ထဲ ထည့်ပေးလိုက်သည်။
ဝှစ်
အသက်ရှည်ဓားကျိုးက မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ ထို့နောက် ထိုအရာက ဝမ်တာ့ချွေ့ ရှေ့မှောက် ရပ်တန့်လိုက်၏။
လုကျိုးက မေးလိုက်သည်။ “ဒါကို ပြင်လို့ ရသေးလား”
ဝမ်တာ့ချွေ့၏ အကြည့်များက တောက်ပလာသည်။ သူက သူ့ချို့ယွင်းမှုတို့ပင် ကုစားခံလိုက်ရသည့်အလား တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ဓားကောင်းပဲ။ တကယ့်ကို ဓားကောင်း။ ဒါက အတော်လေးကို ထက်တယ်။ ဒါက အသက်အများကြီးကို ချွေထားတဲ့ ပြိုင်ဘက်ကင်းဓားပဲ။ ပိုင်ရှင်က ဓားလမ်းစဥ်မှာ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်”
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ “ညွှန်းဆိုဖို့ မထိုက်တန်ပါဘူး”
ဝမ်တာ့ချွေ့က ယွီရှန်းရုန်ကို ကြည့်ကာ “ဒါက မင်းဓားလား”
“ဟုတ်ပါတယ်”
“ဒီဓားနဲ့ ပိုင်ရှင်နဲ့ လိုက်ဖက်ညီမှုက ပြီးပြည့်စုံမှု အခြေအနေအထိ ရောက်ရှိနေပြီ။ အရည်အသွေးအရရော ထုဆစ်ထားတဲ့ နည်းစနစ်အရရော ပထမတန်းစားပဲ။ ကမ္ဘာကြီးထဲမှာ တကယ်ကို ပထမတန်းစား။ ဒါပေမဲ့ ...”
ဝမ်တာ့ချွေ့က ဆက်မပြောခင် ရုတ်ခြည်း ရပ်တန့်လိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဓားက သတ်ဖြတ်ငွေ့ အရမ်းကို အားကောင်းလွန်းတယ်။ ဓားကောင်းဆိုတာကို သံသယဖြစ်ဖို့ မလိုပင်မဲ့ ကောင်းကင်အဆင့် လက်နက်တွေကြားမှာတော့ အကောင်းဆုံးပါပဲ။ နှမြောစရာပဲ။ နှမြောစရာပဲ”
ယွီရှန်းရုန် “...”
ယွီရှန်းရုန်အတွက် အသက်ရှည်ဓားက သူ့ဘဝကဲ့သို့ ဖြစ်၏။ အသက်ရှည်ဓားကို စော်ကားခြင်းက သူ့ကို စော်ကားခြင်းသည်သာ မဟုတ်ပါလော။ သို့သော်လည်း ဝမ်တာ့ချွေ့၏ စကားကို စဥ်းစားပြီးသည့်နောက်တွင် ဝမ်တာ့ချွေ့ စကားများက အမှန်ဖြစ်ကြောင်း ဝန်ခံရပေမည်။
သူက အမှန်တရားကို မည်သို့ ပြန်လည်ချေပနိုင်မည်နည်း။
ထိုစဥ် လုကျိုးက ဝင်ပြောလိုက်၏။ “မင်းက ပြင်နိုင်လား မပြင်နိုင်လားကိုပဲ မေးတာ။ မင်းရဲ့ သုံးသပ်ချက်ကို မေးနေတာ မဟုတ်ဘူး”
ဝမ်တာ့ချွေ့က ခေါင်းကုတ်ကာ သူ့မျက်နှာထက်တွင် ယခင်က မမြင်ရသည့် ယုံကြည်ချက်မျိုး ပေါ်ထွက်လာကာ ပြောလိုက်သည်။
“တကယ်လို့ ကျုပ် မပြင်နိုင်ဘူးဆိုရင် ဒီကမ္ဘာကြီးမှာ ဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက ကောင်းကင်အဆင့် လက်နက်လေးပါပဲ။ ပြင်ရတာ လွယ်ပါတယ်”
“အဲ့ဆို ဘာတွေလိုလဲ” လုကျိုးက မေးလိုက်၏။
“ခရမ်းရောင် မီးကျောက်တုံး ၃တုံးနဲ့ ပြိုင်ဘက်ကင်းအဆင့်အထက်ရှိတဲ့ မီးဖို။ ပြီးတော့ ကျုပ်ရဲ့ တူ။ ကျုပ်ရဲ့ တူကိုတော့ ရမှဖြစ်မယ်။ တခြားတူက အလုပ်မဖြစ်ဘူး။ အဲဒါက လွဲရင် ဘာမှမလိုဘူး။ ဓားက အတော်လေး ရှားပါးတဲ့ ပစ္စည်းကနေ ထုဆစ်ထားတာ။ အဲဒါကြောင့် ပြန်လည်မဖန်တီးခင် အပူချိန်မြင့်မားတဲ့အောက်မှာ အရည်ကျိုဖို့ လိုတယ်။
လူတော်တော်များများကတော့ သူတို့ ထုဆစ်တဲ့နေရာမှာ ရှားပါးပစ္စည်းတွေကိုပဲ ဂရုစိုက်ကြတယ်။ ဒါပေမဲ့ ထုဆစ်တဲ့နေရာမှာ တကယ့်အနှစ်သာရက တူမှာ ရှိတယ်။ ထုဆစ်တဲ့နေရာမှာ တူကိုင်ဆောင်ဖို့ အင်အားနဲ့ အရည်အချင်း လိုအပ်တယ်။ အဲဒီမှာ အမျိုးအစား ၄၉ မျိုးကနေ ၇၇ မျိုးထိ ရှိပြီးတော့ ပထမအမျိုးအစားက...”
“တော်သင့်ပြီ” လုကျိုးက ဖြတ်ပြောလိုက်သည်။ “အဲ့ဆို မင်း မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကိုရော အစားထိုး အသုံးပြုနိုင်လား”
“မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးလား။ စောစောစီးစီးက ပြောရောပေါ့။ သူတို့က ခရမ်းရောင် မီးတောက်ကျောက်တုံးထက် ပိုပြီးတော့ အဆင့်မြင့်တယ်။ ခရမ်းရောင် မီးတောက်ကျောက်တုံးက ဓားကို ပြီးပြည်စုံအောင် ပြန်လည်ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ပြန်လည်ဖန်တီးပြီးတဲ့နောက်မှာ ဓားက အဆင့်အတူတူပဲ ဖြစ်နေလိမ့်မယ်။
ဒါပေမဲ့ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးနဲ့ဆိုရင်တော့ ကံသာ ကောင်းမယ်ဆိုရင် ဓားအဆင့်က ထုဆစ်နေတုန်းမှာ တိုးတက်သွားနိုင်ချေ ရှိတယ်။ ထုဆစ်တဲ့ ပစ္စည်းအဆင့်အများကြီး ရှိတယ်။ ထုဆစ်တဲ့ နေရာမှာ သုံးဖို့ ကျောက်တုံးအမျိုးအစား ၂၀ကျော်လည်း ရှိတယ်။ ပထမတစ်ခုကတော့...”
အားလုံး “...”
လုကျိုးက ထပ်မံ ဖြတ်ပြောလိုက်သည်။
“မင်းက လုပ်နိုင်တယ်ဆိုမှတော့ ဒီလူအိုကြီးက မင်းကို ဒီဓား ပြင်ခိုင်းလိုက်မယ်။ တကယ်လို့ မင်း အောင်မြင်တယ်ဆိုရင် ဒီလူအိုကြီးက မင်းကို မမျှမတ မဆက်ဆံပါဘူး”
ဝမ်တာ့ချွေ့က ခေါင်းကို ကုတ်ကာ “ဒါကို ပြင်ဖို့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ကျုပ်ကို ပစ္စည်းတွေ ထောက်ပံ့ပေးရမယ်။ အမျိုးသမီးတစ်ယောက်က ဆန်မရှိဘဲ ဘာမှမချက်နိုင်ဘူးလေ”
လုကျိုးက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ထုတ်ကာ ဝမ်တာ့ချွေ့ဆီ ပစ်ပေးလိုက်သည်။
ယွီရှန်းရုန်က သူ့ရှစ်စွင်း၏ ရည်ရွယ်ချက်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူက သူ့မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကိုလည်း ထုတ်ကာ ဝမ်တာ့ချွေ့ဆီ ပေးလိုက်၏။
သူတို့က မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး တစ်ခု လိုအပ်နေသည်မှာ သိသာလှသည်။
ကောင်းကင်သိုင်းပညာခုံရုံး၏ ချိုးဟဲက လိမ္မာပါးနပ်၏။ ထိုစဥ် သူက ရှေ့ထွက်လာကာ ပြောလိုက်သည်။
“ကောင်းကင်သိုင်းပညာခုံရုံးမှ မီးတောက် စိတ်ဝိညာဉ်ကျောက်တုံးတချို့ ကျန်ပါသေးတယ်။ တူနဲ့ မီးဖိုကလည်း စာပေကြယ်စင် သိုလှောင်ခန်းမှာ သိမ်းဆည်းထားပါတယ်”
“ကောင်းပြီ” လုကျိုးက ချိုးဟဲအား ကြည့်ပြီးသည့်နောက်တွင် ဟွမ်းယွီအား ကြည့်လိုက်သည်။
“မင်းက အစီအရင်ဘယ်လို ဆွဲရမယ်ဆိုတာကို သိတယ်လား”
“ကျုပ်က ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိရင် ကမ္ဘာပေါ်မှာ တခြားသူတွေကရော ဘယ်လိုလုပ်ရမယ်ဆိုတာကို သိမှာ မဟုတ်ဘူး” ဟွမ်းယွီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“အသက်ရှည်ဓားက ဓားကောင်းပဲ။ သင်္ကေတတွေ လစ်ဟာနေလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ။ သင်္ကေတရေးထွင်းခြင်း လုပ်ငန်းကို မင်းဆီမှာ အပ်ထားလိုက်မယ်။ မင်း လုပ်ချင်ရဲ့လား” လုကျိုးက မေးလိုက်၏။
ဟွမ်းယွီက ချက်ချင်းသဘောမတူပေ။ ထို့အစား သူက လုကျိုးကို ကြည့်ကာ မေးလိုက်သည်။
“လွတ်လပ်ခွင့်ရမှာလား”
“ကောင်းပြီ။ မင်းကို လွတ်လပ်ခွင့် ပေးမယ်”
“မဖြစ်နိုင်တာ။ တခြားသူတွေ...” ဟွမ်းယွီက သူ့ပတ်ဝန်းကျင်ကို ကူကယ်ရာမဲ့သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လုကျိုးက ဘေးဘက်ရှိ လူများ ရပ်နေသည်ကို မကြည့်ပေ။ သူက မုတ်ဆိတ်သပ်ကာ အမူအရာ အပြောင်းအလဲမရှိ မေးလိုက်၏။
“ဒါကို တားမြစ်ချင်တဲ့သူ ရှိသေးလား”
…
အခန်း (၈၆၇) သူတို့ကို သင်ခန်းစာတစ်ခုပေး
တကယ်တော့ ဟွမ်းယွီသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ရှိသည့် ပုဂ္ဂိုလ်က ပြောပြီဖြစ်သောကြောင့် သူ၏လွတ်လပ်ခွင့်ပြန်ရရှိဖို့က ပြဿနာမဟုတ်တော့မှန်း သိနေ၏။ သို့သော် အတည်ပြုချင်ရုံသာဖြစ်သည်။
ထိုကဲ့သို့ အခြေအနေမျိုး၌ ထရပ်ပြီး ကန့်ကွက်ရဲသည့်လူရှိလျှင် ထိုလူက ရူးမိုက်တာ၊ တုံးအတာ သို့မဟုတ် နှစ်မျိုးလုံးဖြစ်ရမည်။
ထိုစဉ် လီယွင်ကျန်းက ကြည်လင်နေသောအသံဖြင့် ပြောလိုက်သည်။
“ဆရာဘိုးဘိုးက ဒီလိုပြောတယ်ဆိုမှတော့ ကောင်းကင်သိုင်းခုံရုံးက ဒီလူတွေကို လွှတ်ပေးဖို့ အမိန့်စာရေးလိုက်မယ်”
ဟွမ်းယွီက သူ့ရှေ့ရှိလူငယ်လေးကို ဇဝေဇဝါအမူအရာဖြင့် ကြည့်ပြီး မေးလိုက်၏။
“မင်းက ဘယ်သူလဲ”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူများသည် နှစ်တစ်ရာကြာ မြေအောက်၌ အကျဉ်းချခံခဲ့ရ၏။
သူတို့မြေအောက်တွင် အကျဉ်းချခံခဲ့ရတာ နှစ်တစ်ရာရှိသွားပြီဖြစ်သည်။ ထိုစဉ်ကာလအတွင်း အပြင်လောက၌ ဘာတွေဖြစ်နေမှန်း သူတို့မသိပေ။ ဧကရာဇ်လေးအကြောင်း သူတို့မည်ကဲ့သို့သိမည်နည်း။ သူတို့သိသမျှက သူတို့ရှေ့ရှိလူငယ်သည် ချောမောခန့်ညားကျော့ရှင်းပြီး အရှိန်အဝါတစ်မျိုးရှိနေ၏။ ယခုထိုလူငယ်သည် အဖိုးအိုကို ဆရာဘိုးဘိုးဟု ရည်ညွှန်းနေတာကြားသောအခါ သူတို့မည်ကဲ့သို့ မသိချင်ပဲနေမည်နည်း။
လုကျိုးက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“မင်းတို့တွေ တာ့ထန်ရဲ့ဧကရာဇ်ကို နှုတ်မဆက်ကြတော့ဘူးလား”
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူထူးလူဆန်းများသည် လူငယ်လေး၏အထောက်အထားကို သိရှိပြီး လုကျိုး၏စကားကို ကြားသောအခါ သူတို့က နှုတ်ဆက်ရန်ပြင်လိုက်သည်။
သို့သော် လီယွင်ကျန်းက လက်ဝှေ့ရမ်းလျက်ပြောလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး မင်းတို့တွေ ဒီလိုကျင့်ဝတ်ထုံးစံတွေ ဖယ်လိုက်လို့ရတယ်”
ဘေးကင်းစေရေးအတွက် မြို့စားလေးဦးကလည်း လိုက်နာပြီး လီယွင်ကျန်းကို နှုတ်ဆက်လိုက်ကြသည်။ လီယွင်ကျန်းက သူတို့ကို မနှုတ်ဆက်ခိုင်းတာကို ကြားသောအခါ သူတို့ကျောပြန်မတ်လိုက်၏။ သို့သော် လီယွင်ကျန်း၏မျက်နှာပေါ်တွင် မကျေနပ်သောအမူအရာက ပေါ်လာ၏။
“မင်းတို့ကို ဘယ်သူကရပ်ခိုင်းလို့လဲ”
မြို့စားမင်းလေးဦးသည် လီယွင်ကျန်းကို အထိတ်တလန့်ကြည့်လိုက်သည်။ ယခင်ကသာဆိုလျှင် သူတို့က သူ့အကြောင်းဂရုစိုက်မှာမဟုတ်ပေ။ သို့သော် ယခုအခြေအနေက မတူညီတော့ပေ။ သူတို့က ဒူးထောက်ပြီး တစ်ညီတစ်ညွှတ်တည်း ပြောရုံသာရှိတော့၏။
“အရှင့်အမှုထမ်းတွေက အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်”
ပြီးနောက်လီယွင်ကျန်းသည် မြို့စားမင်းကြီးလေးဦးကို ကြည့်ပြီးမေးလိုက်သည်။
“ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ဒီလူတွေကို လွတ်လပ်ခွင့်ပေးဖို့ အမိန့်ချချင်တယ်၊ မင်းတို့ ကန့်ကွက်စရာရှိလား”
“အရှင်မင်းကြီး ဒီအမှုထမ်းက အရှင့်အမိန့်ကို နာခံပါ့မယ်”
ကျန်းမြို့စားကြီး ဝမ်ယွင်က အရင်ဦးဆုံးပြောလိုက်သည်။
ကျန်သည့်သုံးယောက်ကလည်း တစ်ညီတစ်ညွှတ်တည်းပြောလိုက်၏။
“အရှင့်အမိန့်အတိုင်းပါ”
မြို့စားမင်းလေးဦး၏ ပံ့ပိုးမှုဖြင့် လီယွင်ကျန်းသည် သူ၏အာဏာကို ပြန်ရရှိဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုလိမ့်မည်။
ဟွမ်းယွီက မှင်တက်သွားတော့သည်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူများသည် လီယွင်ကျန်းကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေ၏။
ပြီးနောက် ရုတ်တရက် သူတို့အားလုံး ကျောမတ်သွားကြသည်။ အစောတုန်းက ခါးညွှတ်နေသည့် လူများကလည်း မတ်သွား၏။ ခေါင်းစောင်းနေသည့်လူကလည်း ခေါင်းအနည်းငယ် ပြန်တည့်လိုက်သည်။ ထောင့်ဘက်တွင်ရပ်နေသည့်လူများကလည်း ယခုအချိန်တွင် လျှောက်လာ၏။
လူအယောက်သုံးဆယ်ကျော်ရှိသည့်သူတို့အား အကျဉ်းသားများစွာရှိ၏။ သို့သော်အရေအတွက်က မူလတစ်ရာနှင့်ယှဉ်လျှင် နည်းပါးသွားပြီဖြစ်၏။ နှစ်တစ်ရာ၌ ခုနှစ်ဆယ်နီးပါးက သဘာဝမဟုတ်သော အကြောင်းရင်းများကြောင့် သေဆုံးခဲ့သည်။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူများသည် စုဝေးလာပြီး လုကျိုးနှင့်လီယွင်ကျန်းကို အရိုအသေပေးလိုက်၏။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး လွတ်လပ်ခွင့်ချီးမြှင့်တဲ့အတွက် ချန်ပေ့ကို ကျေးဇူးတင်ပါတယ်”
သူတို့အသံက ကြည်လင်နေလျက် ပြတ်သားနေကာ ယခင်နှင့်ကွဲပြားသွားသည်။
သတိမပြုမိသည့်လူများကမူ သူတို့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုအမူအရာရှိနေလျက် သိနေသူများက သက်ပြင်းချလိုက်၏။
ထိုစဉ် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူများနှင့်အတူ စစ်ခုန်ပေချန်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။
“ဂုဏ်ပြုပါတယ်”
ဟွမ်းယွီက ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
ပြီးနောက် ဟွမ်းယွီသည် လုကျိုးဘက်လှည့်ပြီး လေးနက်တည်ကြည်စွာပြောလိုက်၏။
“ချန်ပေ့ ကျွန်မတို့ ဘာလုပ်ဖို့လိုလဲပြောပါ”
သူတို့သည် အချိန်အတော်ကြာ ရှင်သန်နေထိုင်လာခဲ့သော ပါရမီရှင်များဖြစ်၏။ ဤကမ္ဘာပေါ်၌ အခမဲ့ရသည့်နေ့လယ်စာဟူသည်က မရှိမှန်း သူတို့မည်ကဲ့သို့ မသိဘဲ နေမည်နည်း။
လုကျိုးက လက်နောက်ပစ်ထားလျက်ပြောလိုက်သည်။
“ငါ့ရဲ့တောင်းဆိုချက်က အလွန်ရိုးရှင်းတယ်၊ ပထမအချက်က ဒီဓားကိုပြင်၊ ဒုတိယအချက်က လော့ရွှမ်းကို ရှာ၊ ဒီဟာကလွဲရင် ငါ့မှာ တခြားတောင်းဆိုချက်မရှိဘူး”
ဟွမ်းယွီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဒီတောင်းဆိုချက်နှစ်ခုပဲလား”
“ဟုတ်တယ်” လုကျိုးက ပြောလိုက်၏။
“ဒါမဖြစ်ဘူးလေ ချန်ပေ့ ကျေးဇူးပြုပြီး တောင်းဆိုချက်တချို့ ထပ်ပြောပါဦး၊ လက်နက်တွေ အဆောင်တွေ အစီအရင်ရေးဆွဲတာတွေ၊ သားရဲတွေကို ဖမ်းတာတွေ ဘာမဆို ပြေပါတယ်” ဟွမ်းယွီက ဦးဆောင်ပြောလိုက်သည်။
ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ ဟယ်ကျုံးကလည်း သံယောင်လိုက်ပြော၏။
“ဟုတ်ပါတယ် ချန်ပေ့ ဒါကိုစော်ကားနေတာလို့ မထင်ဘူးမလား၊ ကျွန်တော်တို့အသက်က ဈေးပေါပေမဲ့ ဒီတောင်းဆိုချက်နှစ်ခုက တကယ်မလုံလောက်ပါဘူး”
“…”
ဤမြင်ကွင်းသည် မြင့်မြတ်သည့်ရိုးရာခန်းဆောင်ရှေ့ရှိ လူများကို ဝေခွဲမရဖြစ်သွားစေသည်။
ပါရမီရှင်က ပါရမီရှင်တစ်ယောက်ပဲဖြစ်သည်။ သူတို့ဦးနှောက်ကတောင် သာမန်လူတစ်ယောက်နှင့် ကွဲပြားခြားနားနေ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်သည်။
“ငါ့မှာ ဒီတောင်းဆိုချက်နှစ်ခုပဲ ရှိတယ်၊ မင်းတို့လွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတော့ ငါက မင်းတို့ကို ဘာကြောင့် တင်းကြပ်ထားရမှာလဲ၊ အခုကောင်းကင်သိုင်းခုံရုံးကနေ ထွက်သွားလို့ရပြီ၊ ကောင်းကင်ထဲ လွတ်လွတ်လပ်လပ် မြင့်မြင့်ပျံသန်းလို့ရတယ်၊ မင်းတို့စိတ်တိုင်းကျလုပ်လို့ရတယ်”
“…”
ယခုတစ်ခေါက်တွင် အံ့ဩဆွံ့အသွားသူက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ပါရမီရှင်များပဲဖြစ်သည်။
မြို့စားမင်းလေးဦးနှင့် ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများသည် လုကျိုး၏အတွေးကို တကယ်နားမလည်နိုင်တော့ပေ။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ဤလူများသည် ရတနာများဆိုတာ လူတိုင်းသိသည်။ ထိုပါရမီရှင်များသာ သူတို့ပြောတာနားထောင်မည်ဆိုလျှင် သူတို့သည် သူတို့အကျိုးအတွက် ခေါ်သွားမှာ ကျိန်းသေ၏။ ထိုပါရမီရှင်များဖြင့် သူတို့သည် စစ်သည်ထောင်ချီ မြင်းသည်တော်များကို အနိုင်ယူနိုင်လိမ့်မည်။
အဆောင်များ ၊ သင်္ကေတများ၊ စည်းတံဆိပ်များ၊ လက်နက်များ၊ အစီအရင်များ၊ တာအိုထွင်းစာများ၊ သားရဲများကို အနိုင်ယူခြင်း၊ ကွန်ဖြူးရှပ်ကျင့်စဉ်များ၊ ဗုဒ္ဓနှင့်တာအိုအတွေးအခေါ်များ၊ ဖန်တီးမှုများ၊ လျှို့ဝှက်ကျင့်စဉ်များ၊ ကောင်းကင်လွန်းနှင့် အရာဝတ္ထုများစွာ။ ထိုလူများကို လက်လျော့လိုက်ခြင်းသည် ထိုရတနာများကို လက်လျော့လိုက်ခြင်းနှင့် မခြားပေ။
ဟွမ်းယွီသည် ထိုအကြောင်းအရင်းကို တကယ်နားမလည်နိုင်ပေ။ သူက ကောင်းကင်သိုင်းခုံရုံး၏ ဂိတ်နှင့်တောင်ခြေ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူထွက်မသွားချင်ဟု ဆိုလျှင် လိမ်ညာရာရောက်ပေမည်။ သို့သော် ယခုသူထွက်သွားနိုင်ပြီဖြစ်ရာ ၎င်းကို ယုံကြည်နိုင်ရန် ခက်ခဲနေ၏။ ဤတောင်ထဲမှ ဆင်းလိုက်သည်နှင့် သူလွတ်မြောက်သွားလိမ့်မည်။
ထိုစဉ် လုကျိုးက ရုတ်တရက်ပြောလိုက်၏။
“ဒါပေမဲ့ မင်းတို့အားလုံးမသွားခင် အကြံတချို့ပေးစရာရှိတယ်”
“ကျေးဇူးပြုပြီး ပြောပါချန်ပေ့”
“ဒီကမ္ဘာပေါ်မှာ စကြာဝဠာကြီးအကြောင်း မင်းတို့ထက်ပိုသိတဲ့လူ မရှိတော့ဘူး၊ ကောင်းကင်သိုင်းခုံရုံး မရှိရင်တောင် မြေသိုင်းခုံရုံး ဒါမှမဟုတ် သိုင်းခုံရုံးရှိနေဦးမှာ၊ အနီရောင်ကြာနယ်မြေမရှိရင်တောင် အနက်ရောင်ကြာနယ်မြေ ရှိနေဦးမယ်၊ အနက်ရောင်ကြာနယ်မြေမရှိရင်တောင် အပြာရောင်ကြာနယ်မြေ ရှိနေဦးမယ်”
လုကျိုးသည် ဤလူအုပ်စုကို သင်ခန်းစာပေးရမည်မှန်း သူသိနေသည်။ သူ၏ရင့်ရော်သောလက်ကို မြှောက်လျက် နေရောင်အောက်တွင် သူ့လက်ဖဝါးပေါ်၌ ထူးကဲသော ရွှေကြာပွင့်က ပေါ်လာသည်။
လုကျိုးက သူ့လက်ကိုတွန်းထုတ်လိုက်ရာ ပွင့်ချပ်က လေထဲပျံဝဲနေတော့သည်။
နေရောင်အောက်တွင် ကြာပွင့်က ဖြည်းဖြည်းချင်း ဖူးပွင့်လာ၏။ မကြာမီ၌ ကြာပွင့်ကို ရွှေရောင်ကံမီးတောက်က လွှမ်းခြုံထားကာ အရောင်ကိုပိုထင်ရှားသွားစေသည်။
ပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားကို သုံးပြီး ရွှေကြာပွင့်ကို အပြာရောင်ကြာပွင့်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုအခိုက်အတန့်၌ ကြာပွင့်က အပြည့်အဝ ဖူးပွင့်လာတော့သည်။
လုကျိုးသည် မရပ်တန့်ဘဲ ရုပ်ဖျက်ကတ်ကိုသုံးလျက် အပြာရောင်ကြာပွင့်ကို အနီရောင်ကြာပွင့်အဖြစ် ပြောင်းလဲလိုက်သည်။
ဟွမ်းယွီက အထိတ်တလန့်ပြောလိုက်၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကောင်းကင်သိုင်းခုံရုံးက လူများသည်လည်း ဝေခွဲမရ ဖြစ်ကုန်၏။ သူတို့သည် ဘာတွေဖြစ်နေမှန်း မသိပေ။ ကောင်းကင်ကို ကျော်လွန်သည့် အရာများကို မကြာခဏလေ့လာနေသည့် ထိပ်တန်းပါရမီရှင်များကတောင် နားမလည်နိုင်လေရာ သူတို့သည် ယင်းကို နားလည်ရန် မည်သို့မျှော်လင့်ချက်ရှိမည်နည်း။ သူတို့အားလုံးသည် မျက်နှာပေါ်၌ အံ့ဩဆွံ့အသည့် အမူအရာဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။
လုကျိုးသည် အနီရောင်ကြာကို ကြည့်လိုက်၏။ ၎င်းက စတင်ပြောင်းလဲနေပြီဖြစ်သည်။
အနီရောင်ကြာက စတင်နက်မှောင်လာပြီး လတ်ဆတ်သောသွေးပမာဖြစ်နေပြီး ခရမ်းရောင် ပြောင်းလဲသွား၏။ ခရမ်းရောင်ကြာသည် ခဏတဖြုတ်သာပေါ်လာပြီး အနက်ရောင်ကြာအဖြစ် ပြောင်းလဲသွားသည်။ ထိုစဉ် လူတိုင်း၏အာရုံစိုက်မှုသည် အနက်ရောင်ကြာပေါ်တွင်သာ ရှိနေ၏။
အနက်ရောင်ကြာသည် နေရောင်အောက်တွင် တလက်လက်တောက်ပနေလျက် စတင်လည်ပတ်နေတော့သည်။ ထိုစဉ် ပွင့်ချပ်၏ အနားသားများက နေရောင်ခြယ်မှုန်းခံလိုက်ရသည့်ပမာ ရုတ်တရက် အဖြူရောင်ကြာအဖြစ် ပြောင်းလဲသွားသည်။ ပြီးနောက် မျက်စိတစ်မှိတ်အတွင်း အဖြူရောင်ကြာသည် အစိမ်းရောင်ကြာအဖြစ်ပြောင်းလဲသွား၏။
လုကျိုး၌ အချိန်သိပ်မရှိပေ။ သူ့၌ အချိန်ဆယ်စက္ကန့်သာကျန်သည်။ အစိမ်းရောင်ကြာပွင့် ပျောက်ကွယ်သွားတော့မည်ကို မြင်သောအခါ သူသည် ထူးကဲအံ့ဖွယ်စွမ်းအားကို ထပ်သုံးလိုက်သည်။ အစိမ်းရောင်ကြာပွင့်ကို အပြာရောင် ပြောင်းလဲလိုက်၏။
အပြာရောင်ကြာပွင့်သည် ယခင်ကထက် ပိုတောက်ပစွာပေါ်လာပြီးနောက် ကောင်းကင်ဆီ ရောက်သွားသည်။
ပြီးနောက်လုကျိုးသည် သူ၏ကုသခြင်း ကျင့်စဉ်ကို သုံးလိုက်သည်။
ကောင်းကင်ထဲတွင် အပြာရောင်ကြာပွင့်သည် အရွယ်အစားလျင်မြန်စွာ တိုးလာပြီး ကောင်းကင်စူးစမ်းရှာဖွေရေးခုံးရုံးမှ လူအယောက်သုံးဆယ်ကျော်ကို လွှမ်းခြုံလိုက်၏။
ခဏအတွင်းတွင် သူတို့၏အသက်ဓာတ်သည် သူတို့ဆီ ပြန်ရောက်လာပုံပေါ်၏။ ပြီးနောက် ကြာပွတ်ရာ၊ ဓားသွားရာ၊ လက်တို့ကြောင့်ရသည့် ဒဏ်ရာဒဏ်ချက်များ၊အမာရွတ်များသည်လည်း အသက်တစ်ရှိုက်စာအတွင်း ကုသပျောက်ကင်းသွားသည်။
လုကျိုးသည် ထိုလူအယောက်သုံးဆယ်၏ မျက်နှာပေါ်ရှိအမူအရာများကို မြင်သောအခါ ကျေနပ်သွား၏။ ကျန်သည့်သူများ ဘာတွေးနေလဲ သူဂရုမစိုက်ပေ။
လုကျိုးသည် အပြာရောင်ကြာပွင့်ဖြင့် သရုပ်ပြမှုကို အဆုံးသတ်လိုက်ပြီး ကြာပွင့်များက အစစ်အမှန် မဟုတ်ကြောင်း သက်သေပြရန် သူတို့ကို ကုသပေးခဲ့၏။
နောက်ဆုံးရုပ်ဖျက်ကတ်သည် ၎င်း၏ကဏ္ဍကို ပြသခဲ့တော့သည်။ ကုန်ကျစရိတ်က ကြီးမားသော်ငြား ထိုက်တန်၏။ ဆိုရလျှင် ဤသရုပ်ပြမှုသည် ဤပါရမီရှင်များအတွက် ဖြစ်ပြီး သူကြွားလုံးထုတ်ချင်သောကြောင့် မဟုတ်ပေ။
လုကျိုးသည် သူတို့၏ မျက်နှာအမူအရာကို ထပ်ကြည့်လိုက်၏။ တစ်စုံတစ်ခုမူမမှန်ပေ။ သူစုဆောင်းထားသည့်အရောင်က များလွန်းနေသောကြောင့် သူတို့စိတ် ဗလာကျင်းသွားပြီလားဟု တွေးနေမိသည်။
အနက်ရောင်ကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ ရွှေကြာနယ်မြေ၏ တည်ရှိမှုကို အတည်ပြုပြီးသား ဖြစ်၏။ အပြာရောင်ကြာသည် ကောင်းကင်ကျမ်းစာ၏ ထူးကဲစွမ်းအားထုတ်ကုန်ဖြစ်သည်။ ကျန်သည့်အရောင်များကို ရုတ်ဖျက်ကတ်သုံးပြီး ဖန်တီးထားတာဖြစ်သည်။ လုကျိုးသည် ၎င်းတို့ကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။
သူ့ပြသမှုက လွန်ကျွံရာရောက်သွားပြီး ကြာပွင့်များ၏အရောင်ကို သူတို့အား စွဲလမ်းသွားစေခဲ့လျှင် ၎င်းက အမှားတစ်ခုဖြစ်သွားမည် မဟုတ်ပါလော။