← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈) လှည့်ဖြားခြင်းနှင့် ပါရမီရှင်များ အပိုင်း ၁

အကယ်၍ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က သူတို့ကို အံ့အားသင့်သွားစေသည်ဆိုလျှင် ကြာပန်းရောင်စုံကို မြင်လိုက်ရခြင်းက စကားလုံးဖြင့် ဖော်ပြလို့ မရနိုင်လောက်အောင်ပင် အံ့အားသင့်ကာ ထိတ်လန့်သွား၏။

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကို ဖွဲ့စည်းခဲ့သည်မှာ လွန်ခဲ့သည့် နှစ် ၁၀၀၀ခန့်က ဖြစ်ပြီး အဖွဲ့သားများက သူတို့၏ အချိန်ကို လေ့လာခြင်းနှင့် သင်ယူခြင်းတို့၌သာ အသုံးချလေ့ရှိသည်။ စကြဝဠာအပေါ် နားလည်နိုင်စွမ်းက တခြားသူများထက် နိမ့်ကျမည် မဟုတ်ပေ။ သူတို့က ရွှေကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ၊ တောအုပ်နှင့် အဆုံးမဲ့ပင်လယ်အတွင်း ပုန်းအောင်းနေသည့် ခက်ထန်ကြမ်းတမ်းသည့် သားရဲများကဲ့သို့သော ကျင့်ကြံရေးလောက၌ မသိရှိရသေးသည့် လျို့ဝှက်ချက်များစွာကို သိထားလေ၏။ သို့သော်လည်း ထိုစဥ် သူတို့၏ ဗဟုသုတများက အသစ်ဖြစ်သွားဟန်ပေါ်သည်။

ပါရမီရှင်များက သူတို့၏ စိတ်ထဲ မေးခွန်းအမျိုးမျိုး ရှိနေကြ၏။ ကောင်းကင်သိုင်းပညာခုံရုံးက သူတို့ အကျဉ်းပိတ်ခံထားရစဥ်အတွင်း ဤမျှတိုးတက်လာသည်လားဟု သိချင်နေကြသည်။ သူတို့၏ လေ့လာမှုပေါ် မူတည်၍ ကောင်းကင်သိုင်းပညာခုံရုံးက ဤသို့ နားမလည်နိုင်သည့် ရလဒ်တချို့ကိုပင် ထုတ်လုပ်ထားနိုင်သည်လား။

သူတို့ အကျဉ်းပိတ်ခံထားရသည့် နှစ် ၁၀၀အတွင်း တွေ့ရှိမှုအသစ်များ ရှိလာသည်ကို နားလည်၍ ရပေသည်။ နှစ် ၁၀၀အတွင်း ကိစ္စမြောက်မြားစွာ ဖြစ်ပွားသွားနိုင်၏။

ဟွမ်းယွီ မိန်းမောနေရာမှ ပထမဦးဆုံး အသိပြန်ဝင်လာသူ ဖြစ်၏။ သူက မျက်လုံးကို ပွတ်လိုက်သည်။ သို့သော်လည်း သူက ထပ်မံ မော့ကြည့်လိုက်သည့်အခါ ဝေဟင်ရှိ အပြာရောင်ကြာပွင့်က ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဒီမှာ တကယ့်အပြာရောင်ကြာ ရှိခဲ့တယ်...

အချိန်တော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် ဟယ်ကျုံးက ပြောလိုက်သည်။

“ပုံရိပ်ယောင်လား”

သို့သော်လည်း ထိုအရာက မည်သို့ပုံရိပ်ယောင် ဖြစ်နိုင်မည်နည်း။ ထိုအရာထက် စစ်မှန်သည့် အရာ မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက ပျောက်ကင်းသွားလေ၏။

မဟုတ်သေးဘူး …

သူတို့၏ ဗဟုသုတများကို အသစ်ဖြစ်သွားစေရုံသာမက သူတို့ သိထားသမျှ အရာအားလုံးကိုပင် ပြောင်းပြန်လှန်လိုက်သလိုမျိုး ဖြစ်၏။

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ထိုကိစ္စကို လွန်ခဲ့သည့် နှစ်များစွာခန့် ကတည်းက လေ့လာခဲ့ပြီး ဤစူးစမ်းလေ့လာမှုကြောင့် တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ အနီရောင်ကြာနယ်မြေတွင် မွေးဖွားသည့် သူများကသာ အဘယ့်ကြောင့် အနီရောင်ကြာကို ကျင့်ကြံပြီး ရွှေရောင်ကြာနယ်မြေတွင် မွေးဖွားသည့်သူများက အဘယ့်ကြောင့် ရွှေကြာကိုသာ ကျင့်ကြံနိုင်ခဲ့သနည်း။

ရွှေကြာနယ်မြေတွင် မွေးဖွားသည့်သူများက အနီရောင်ကြာကို ကျင့်ကြံရန် အဘယ်ကြောင့် မဖြစ်နိုင်ရသနည်း။

ထိုပြသမှုက သူတို့ သိထားသည့် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်၏။ သူတို့က မည်သို့မိန်းမော မနေဘဲ နေမည်နည်း။ သူတို့၏ မျက်ဝန်းက ငေးမောနေကာ သူတို့၏ စိတ်ထဲ ရောင်စုံကြာပန်းများကြောင့် စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်သည်။

လူတစ်ယောက်က အရောင်အမျိုးမျိုး ကွဲပြားသည့် ကျင့်ကြံရေးနည်းစနစ်များကို မည်သို့ကျွမ်းကျင်နိုင်သနည်း။

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံး၏ ပါရမီရှင်များ၏ စိတ်ထဲတွင် မေးခွန်းမြောက်မြားစွာ ရှိနေလေသည်။

ပထမတန်းစားပါရမီရှင်များက ပြောစရာစကား ပျောက်ဆုံးနေလျှင်ပင် ကျန်သူများအား ထည့်ပြောဖို့ မလိုတော့ပေ။ ထိုအရာက သူတို့၏ ရှစ်စွင်းကို အကောင်းဆုံး နားလည်ထားသည်ဟု ထင်ထားခဲ့မိသည့် လုကျိုး၏ တပည့်များလည်း အပါအဝင် ဖြစ်၏။

မြို့စားကြီး ၄ယောက်ကလည်း အေးခဲနေသည့်အလား ဒူးထောက်လျက် ရှိနေသည်။

ထိုထုတ်ဖော်ပြသမှုက တကယ်ကို မယုံကြည်နိုင်ဖွယ် ဖြစ်၏။

ထိုထုတ်ဖော်ပြသမှုက အချိန်တော်ကြာ အဆုံးသတ်သွားပြီးသည့်နောက်တွင်ပင် လူအုပ်က ထပ်မံ လိုချင်နေသေးပြီး အစစ်အမှန် မဟုတ်သလို ခံစားနေရသည်။

ထိုစဥ် လုကျိုးက ပြောလိုက်၏။

“အပြာရောင်ကြာဖြစ်ဖြစ် အစိမ်းရောင်ကြာဖြစ်ဖြစ် ထိုအရောင်တွေရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့က လွဲပြီးတော့ ဘယ်သူကမှ ကောင်းကောင်းမသိနိုင်ဘူး။ အဲဲဒါကြောင့် သေချာတွေးကြည့်ကြပါ။ ခင်ဗျားတို့တွေ ဒီနေရာက ထွက်သွားတာနဲ့ နောက်နှစ်ရာချီ ကြာပြီးတဲ့နောက်မှာ အားကောင်းတဲ့ အနက်ရောင်ကြာ ကျင့်ကြံသူက ခင်ဗျားတို့ရှေ့ ပေါ်ထွက်လာရင် ဘယ်လိုလုပ်မှာလဲ။ အဲဒီချိန်ကျရင် ခင်ဗျားတို့တွေအားလုံး ဘယ်လိုတွေးကြမလဲ”

ပါရမီရှင်များက ခေါင်းကြောမာကြသည်။ သူတို့က ဗဟုသုတရှာဖွေသည့် စိတ်သဘောထားကိုသာ ပိုင်ဆိုင်ထားကြ၏။ အသက်ရှင်သန်ဖို့နှင့် ငြိမ်းချမ်းသည့် ဘဝကို ရယူဖို့ရာအတွက် သူတို့သည် ဤနေရာမှ ထွက်သွားဖို့ လိုအပ်သေးသည်။ သို့သော်လည်း အနာဂတ်တွင်မူ မည်သို့လုပ်မည်နည်း။ ကောင်းကင်ချားတောင်ကြားတွင် အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ယခုအချိန်ထိ ခေတ်စားနေသည့် စကားခေါင်းစဥ် ဖြစ်နေဆဲ ဖြစ်သည်။

ယုံကြည်မှုတွေက ချလိုက်သည့် ဆုံးဖြတ်ချက်တွေကနေ မြင်နေရသည်ဟု ပြောသည် မဟုတ်ပါလော။

“ခင်ဗျားတို့တွေက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ပါရမီရှိတဲ့ သူတွေပါ။ ခင်ဗျားတို့တွေက လွတ်လပ်ခွင့်ကို လိုချင်ကြမှာပဲ။ ခင်ဗျားတို့ အနေနဲ့ လွတ်လပ်ခွင့်ကို ရဖို့ရာလည်း မလွယ်ကူခဲ့ဘူးလေ။ အဲဒါကြောင့် ခင်ဗျားတို့ကို ပိတ်ပင်မထားဘူး။

အခုကစပြီး လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရတယ်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ခင်ဗျားတို့တွေကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့တွေ နာမည်ကို ကောင်းကင်သိုင်းပညာခုံရုံးနဲ့ တော်ဝင်ခုံရုံးကနေ ပယ်ဖျက်လိုက်မယ်” လုကျိုးက မုတ်ဆိတ်သပ်ကာ ထိုပါရမီရှင်များအား ကြည့်ကာ ပြောလိုက်သည်။

ထိုစဥ် ပါရမီရှင်များက အတွေးနက်နေဟန်ပေါ်၏။ ဆိုလိုသည်မှာ သူတို့က ဆုံးဖြတ်ချက် ချဖို့ရာ တုံ့ဆိုင်းနေဟန်ပေါ်သည်။

ဟုတ်ပြီ။ ကောင်းကောင်းစဥ်းစားထား ...

လုကျိုးက သူ့ဘာသာသူ တွေးကာ ပြောလိုက်၏။

“အနီရောင်ကြာနယ်မြေက ယနေ့လို အခြေအနေ ရောက်ဖို့ စစ်ဆေးမှုတွေ စမ်းသပ်ချက်အမြောက်အမြားကို ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမဲ့ နောင်အနာဂတ်မှာ ကပ်ဘေးတွေ ရှိလာနိုင်တယ်။

တကယ်လို့ ကျုပ်သာ ဆုံးဖြတ်ရမယ်ဆိုရင်တော့ ခင်ဗျားတို့တွေကို ထွက်မသွားစေချင်တာတော့ အမှန်ပဲ။ ခင်ဗျားတို့တွေ တစ်ယောက်ချင်းစီက တာ့ထန်ရဲ့ အကြီးမားဆုံး ပါရမီရှင်တွေ ဖြစ်ပြီးတော့ ကောင်းကင်သိုင်းပညာခုံရုံးရဲ့ အုတ်မြစ်ပဲ။ တကယ်လို့ အားလုံး ထွက်သွားခဲ့ရင် တာ့ထန်နဲ့ အနီရောင်ကြာနယ်မြေအတွက် ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မယ်။

ဒါပေမဲ့ ကျုပ်က စကားတည်တယ်။ အဲဒါကြောင့် ခင်ဗျားတို့တွေ ထွက်သွားချင်တယ်ဆိုရင် နေဖို့ ဖိအားမပေးဘူး”

ထို့နောက် လုကျိုးက လက်ဟန်ပြကာ “ကျေးဇူးပြုပြီး”

ပါရမီရှင်များက ကြောင်အမ်းနေကြသည်။

ထိုစဥ် တခြားသူများက လုကျိုး၏ ရည်ရွယ်ချက်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ ပြောရလျှင် အသက်ကြီးလေ ပိုဉာဏ်ရှိလေဟူသည့် စကားက အမှန်ပင် ဖြစ်၏။ အကယ်၍ သူသာ ပါရမီရှင်များကို ထိန်းသိမ်းထားလိုလျှင် သူတို့ကိုယ်တိုင် နေချင်အောင် လုပ်ဖို့ လို၏။ ယွီချန်းရှုက ထိုသူများနှင့် ရင်ဆိုင်ဖို့ရာ နည်းလမ်းမှား သုံးခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း နည်းလမ်းအမှားသုံးခဲ့၍ ကောင်းကင်သိုင်းပညာခုံရုံးက ယနေ့လို အခြေအနေမျိုး ရောက်ရှိသွားသည် မဟုတ်ပါလော။

သို့သော်လည်း

ဟွမ်းယွီက နှမြောတသဖြင့် ပြောလိုက်သည်။

“လုချန်းပေ့ ခင်ဗျားက ကျုပ်တို့အကြောင်း ကောင်းကောင်းသိထားပါတယ်။ အရှင်းဆုံးပြောရရင် ကျုပ်တို့လို လူမျိုးတွေက ကိစ္စသေးသေးလေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာပဲ သိတာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့၊ လူတွေကို ခစားဖို့နဲ့ လူတွေကို ကုသဖို့ အကြောင်း ဘာမှမသိဘူး။ ပြီးတော့ ကျုပ်တို့က ကျုပ်တို့ဘာသာ စတေးပြီးတော့ ကမ္ဘာကြီးကို ကယ်လောက်အောင်လည်း ကိုယ်ကျိုးငဲ့တတ်တဲ့သူတွေ မဟုတ်ဘူး။

တကယ်တော့ ကျုပ်တို့ လုပ်ချင်တာကိုပဲ လုပ်ပြီးတော့ အတိတ်တုန်းက လုပ်ခဲ့တဲ့ဟာကို ဆက်လုပ်ချင်ရုံပဲ။ ကံဆိုးတာက လက်ရှိ ကောင်းကင်သိုင်းပညာခုံရုံးက ...”

ဟွမ်းယွီ၏ စကားအဆုံးတွင် သူက ခေါင်းခါလိုက်၏။

တခြားသော ပါရမီရှင်များကလည်း ခေါင်းခါလိုက်ကြသည်။

နောက်တွင် ရပ်နေသည့် ဟယ်ကျုံးက အရူးတစ်ယောက်လို ရယ်မောပြီး ပြောလိုက်သည်။

“ကောင်းကင်သိုင်းပညာခုံရုံးက နံလွန်းတယ်။ အရင်ကလို အနံ့မမွှေးတော့ဘူး။ တကယ်ကို နံစော်လွန်းတယ်။ ဒါနဲ့ အဲဒီ အီးပေါလောကြီး ယွီချန်းရှု ဘယ်မှာလဲ။ ဒီနေရာက သူ့လိုမျိုးပဲ နံစော်နေတာပဲ။ ခင်ဗျားတို့တွေရော အနံ့ရကြလား။ အဲဒီဟာက အီးတုံးလိုပဲ။ အဲ့ထက်တောင် ဆိုးဝါးသေးတယ်။ အနံ့က ချဉ်စုတ်စုတ်နဲ့။ နှစ် ၈၀၀လောက် ရေမချိုးထားတဲ့သူလိုမျိုးပဲ”

“...”

ဟယ်ကျုံး၏ ပေါက်ကွဲမှုကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက ကောင်းကင်သိုင်းပညာခုံရုံး၏ ဆက်ဆံပုံကြောင့် စိတ်ပျက်ခဲ့ရဟန်ပေါ်သည်။ ထို့အပြင် ယွီချန်းရှု၏ လုပ်ဆောင်ပုံဖြင့် သူ့စိတ်ကို ပြောင်းလဲဖို့ စကားအနည်းငယ် ထပ်လိုအပ်လိမ့်မည်။

ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည့် လုကျိုးက ပြောလိုက်၏။ “ယွီချန်းရှုကို ငါ့လက်နဲ့ သတ်ခဲ့ပြီးပြီ”

ပါရမီရှင်များက ထိုစကားကြောင့် တုံ့ဆိုင်းသွားကြသည်။ အားလုံးက လုကျိုးကို တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်လာကြ၏။

“ယွီချန်းရှုက သေသွားပြီလား”

ထိုစဥ် ရှားချန်ချိုးက ဝင်ပြောလိုက်သည်။

“ယွီချန်းရှုက တကယ်ကို ရဲတင်းလွန်းတယ်။ သူက လုချန်းပေ့ လက်ထဲကနေ အသက်ဓာတ် နှလုံးသားကို လုယူဖို့ ကြိုးစားခဲ့တယ်လေ။ ဒါပေမဲ့ သူ့အနေနဲ့ လုချန်းပေ့က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ဖွဲ့စည်းထားပြီးပြီဆိုတာကို မသိခဲ့ဘူး။ ဒီကိစ္စက လျို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ အစစ်အမှန်ခွန်းလွန်ဂိုဏ်းနှင့် လေဟာနယ်ဂိုဏ်းတို့လည်း အဲဒီအချိန်တုန်းက ရှိခဲ့တယ်။ ခင်ဗျားတို့တွေ မယုံဘူးဆိုရင် မေးကြည့်လို့ ရတယ်”

ဤသည်က ကောင်းကင်သိုင်းပညာခုံရုံး ဖြစ်၏။ အကယ်၍ သူသာ အသက်ရှင်နေမည်ဆိုလျှင် မည်သို့မရှိဘဲ နေမည်နည်း။

ပါရမီရှင်များက ပို၍ အံ့အားသင့်သွားကြသည်။

“ဒါက...” ဟွမ်းယွီက ဆွံ့အမိသွားသည်။

လုကျိုးက မေးလိုက်၏။

“ငါက ယွီချန်းရှုကို ကိုယ်တိုင်သတ်ပစ်လိုက်တာ။ မင်းတို့က ငါ့စကားကို သံသယဝင်နေတာလား”

“မဟုတ်ပါဘူး။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ဖွဲ့စည်းထားတဲ့ သူက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းထားတဲ့သူကို သတ်နိုင်တယ်ဆိုတာ အံ့သြစရာ မရှိပါဘူး။ ဒါပေမဲ့ ကျုပ်က နည်းနည်း အံ့အားသင့်သွားရုံပါ” ဟွမ်းယွီက ပြောလိုက်သည်။

“အဲဒီ လူအိုကြီးက ကျုပ်တို့ဆီက ရတနာအများကြီးကို ယူထားတာ။ ရုပ်သေးရုပ် လျို့ဝှက်နည်းစနစ်၊ ချုပ်နှောင်ရေး စည်းတံဆိပ်၊ အသက်ပြွန်နဲ့ တခြားလက်နက်တွေလည်း ပါသေးတယ်။ အဲဒါတွေအပြင် သတ်ဖြတ်ရေး အစီအရင်အတွက် စွမ်းအားစုစည်းမဲ့ နည်းလမ်းနဲ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှာ ချန်ထားခဲ့တဲ့ ပုံကြမ်းတွေလည်း ရှိသေးတယ်။

အဲဒီ မြေခွေးအိုကြီးက သူ့ချုပ်နှောင်ရေး စည်းတံဆိပ်ကို လွှမ်းမိုးအဆင့်ထိ မြင့်တင်ခဲ့တယ်လေ။ သူက ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူ မထင်ထားမိတာက...”

သူက သက်ပြင်းချလိုက်၏။

ဟွမ်းယွီနောက်တွင် ရပ်နေသည့် သူတောင်းစားနှင့်တူသည့် အမျိုးသားက လျှာသပ်ကာ ပြောလိုက်သည်။

“အဲဒီ အီးပေါလောကြီးက ထိုက်တန်တယ်။ ဒီနှစ် ၁၀၀အတွင်း သူက ဘယ်လိုလူဆိုတာကို ဘယ်သူကများ မသိဘဲနဲ့ နေလို့လဲ။ သူက တကယ့်ကို လူလိမ်လူညာတစ်ယောက်ပဲ”

ပါရမီရှင်များက လက်ခုပ်လက်ဝါး တီးလိုက်ကြသည်။

“ကောင်းတယ်” တစ်ယောက်က ပြောပြီးသည့်နောက်တွင် မြေပြင်ပေါ် တံတွေးထွေးလိုက်၏။

ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများက ယွီချန်းရှုအား အရိုးစွဲအောင် မုန်းတီးနေသည်မှာ သိသာလှသည်။

ထိုစဥ် လုကျိုးအနေဖြင့် ယွီချန်းရှုသည် သေဖို့ရာသာ စိတ်အားထက်သန်နေရသည့် အကြောင်းရင်းကို နားလည်သွား၏။

ယွီချန်းရှုနှင့် ထိုအုပ်စုသည် ရေနှင့် ဆီလိုဖြစ်ကာ ယွီချန်းရှုလို လူအထင်ကြီး လေးစားခံခဲ့ရသည့် သူအနေဖြင့် သူ့ခြေထောက်အောက်တွင် ထားရှိခဲ့သည့်သူများ သူ့ခေါင်းပေါ် တက်လာသည်ကို မြင်သို့ မြင်နိုင်မည်နည်း။

ထိုစဥ် ရှားချန်ချိုးက အခွင့်အရေးကို အပိုင်ဆွဲယူကာ ပြောလိုက်သည်။

“ယွီချန်းရှုက သေသွားပြီ။ ကောင်းကင်သိုင်းပညာခုံရုံးကို ဖြိုခွင်းပြီးတော့ ပြန်လည်ဆောက်တာမျိုး ဒါမှမဟုတ် နာမည်ပြောင်းပြီးတော့ ပိုမိုကောင်းမွန်တဲ့ နေရာဖြစ်အောင် လုပ်လို့ရတယ်။

ခင်ဗျားတို့တွေ အားလုံး ထွက်သွားမယ်ဆိုရင်တော့ နှမြောစရာပဲ။ ခင်ဗျားတို့တွေ ဒီဟာကို သေသေချာချာ စဥ်းစားကြည့်ကြပါ။ ဒီနေရာက ထွက်သွားတာနဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့တွေ အားလုံးက ပါရမီရှင်တွေဆိုတော့ လုချန်းပေ့က ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာကို သိမှာလို့ ထင်ပါတယ်။

ကောင်းကင်သိုင်းပညာခုံရုံးကို ပြန်လည်တည်ဆောက်လိုက်တာနဲ့ လုချန်းပေ့က ခင်ဗျားတို့တွေ လိုအင်ဆန္ဒတွေ အားလုံးကို သေချာပေါက် ဖြည့်ဆည်းပေးမှာပါ”

…

အခန်း (၈၆၉) လှည့်ဖြားခြင်းနှင့် ပါရမီရှင်များ အပိုင်း ၂

လုကျိုးသည် သူ၏လက်ကို အမြန်မြှောက်လျက် ဖြတ်ပြောလိုက်သည်။

“ဘုရားကျောင်းသခင်ရှား ငါ့ကို နားလည်မှုမလွဲနဲ့၊ ခင်ဗျားတို့အားလုံး အဆင်ပြေဖို့ ငါမျှော်လင့်ရုံပဲ၊ ဒါပေမဲ့ မင်းတို့တွေ ဘယ်သူ့ကိုမှနေဖို့ ဖိအားပေးဖို့ ရည်ရွယ်ချက်မရှိဘူး”

“ဟုတ် ဟုတ် ဟုတ်ပါတယ်” ရှားချန်းချိုးက အမြန်ပြောလိုက်သည်။

သို့သော် ရှားချန်းချိုး၏စကားများသည် ပါရမီရှင်များကို မှင်တက်သွားစေပုံရသည်။

ဟွမ်းယွီက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“လုချန်ပေ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကို တကယ်ပြန်တည်ဆောက်ဖို့ ရည်ရွယ်ထားတာလား”

“အင်း ဒါကို ပြန်တည်ဆောက်ချင်တယ်ဆိုရင်တော့ ပြန်တည်ဆောက်တာပေါ့ မင်းတို့ဆန္နရှိရင် အဆင်ပြေတယ်” လုကျိုးက ပြောလိုက်၏။

ပါရမီရှင်များက ပျော်ရွှင်သွားကြတော့သည်။

“ဒါဆိုရင် ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေကို ကျုပ်ဆီပြန်ပေးနိုင်မလား”

“စာပေကြယ်တာရာသိုလှောင်ရုံထဲက ပစ္စည်းတွေက အစကတည်းက မင်းတို့ဟာပဲ” လုကျိုးသည် တည်ငြိမ်စွာပြန်ပြောလိုက်၏။

“ကျုပ်တို့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမှာလား”

လုကျိုးသည် ပြောလိုက်သည်။

“မဟုတ်ဘူး ဒီလိုကတိမျိုး ငါပေးမှာမဟုတ်ဘူး ဒါပေမဲ့ ငါ့ရဲ့ကိုယ်ကျင့်သိက္ခာကို မဆန့်ကျင်သရွေ့ ဘာမဆိုသဘောတူမယ်”

ပါရမီရှင်များသည် ထိုအဖြေနောက်ကွယ်ရှိ အကြောင်းရင်းကို နားလည်၏။ ထို့အပြင် သူတို့သည် အပြည့်အဝ ကွေးညွှတ်လည်ပြီးသားဆိုလျှင် လူတို့သည် သူတို့ကို အဘယ်ကြောင့်များ ကူညီမည်နည်း။

ဟွမ်းယွီက သူ၏လက်ကို ပထမဆုံးမြှောက်ပြီးပြောလိုက်၏။

“ကောင်းတယ် ငါနေမယ်”

ဟွမ်းယွီက ဦးဆောင်လိုက်ရာ ကျန်သည့်သူများကလည်း လက်မြှောက်ပြီး တစ်ယောက်ပြီးတစ်ယောက် သဘောတူလိုက်ကြသည်။

လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“သိပ်ကောင်းတယ်”

ထိုစဉ် လီယွင်ကျန်းက ဝင်ပြောလိုက်၏။

“ဒါဆို ကောင်းကင်သိုင်းခုံရုံးကို ပယ်ဖျက်ဖို့ အမိန့်စာရေးပြီး ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကိုလည်း ပြန်တည်ဆောက်လိုက်မယ်”

ထိုစဉ် သက်တော်ရှည်ဓားကို ဂရုတစိုက်ကိုင်ဆောင်ထားသော ဝမ်တာ့ချွေ့ကလည်း အမြန်ပြောလိုက်သည်။

“ဒီဓားကို ကျုပ်ဆီအပ်ထားလိုက်ပါ၊ ဒါကို ကျုပ်ပြန်မပြင်နိုင်ရင် ကျုပ်ရဲ့ခေါင်းကိုကိုယ်တိုင်ခုတ်ပြီး လုချန်ပေ့ဆီ လက်ဆောင်ပို့ပေးပါမယ်”

သူတောင်းစားကဲ့သို့လူက ပြောလိုက်၏။

“တာ့ချွေ့ ကြွားလုံးထုတ်နေတာရပ်လိုက်တော့၊ ငါပြန်ပြင်ပေးနိုင်တယ်၊ မင်းကြွားရမဲ့အလှည့် မဟုတ်ဘူး၊ ငါ့ဆီပေးလိုက်”

သူသည် ဝမ်တာ့ချွေ့ဆီလျှောက်သွားပြီးနောက် သက်တော်ရှည်ဓားကို လုယူရန် အချင်းများတော့သည်။

“ငါနဲ့ လာမတိုက်ခိုက်နဲ့လေ၊ အရေးကြီးတဲ့ကိစ္စတွေကို ကျွမ်းကျင်တဲ့လူတွေဆီမှာပဲ ထားသင့်တာပေါ့၊ မင်းဘာသိလို့လဲ၊ ထွက်သွားလိုက်၊ ဒီဓားနား ဘယ်သူမှကပ်ခွင့်မရှိဘူး”

ဝမ်တာ့ချွေ့က အခဲမကြေစွာပြောလိုက်သည်။ သူက သူနှင့်သက်တူရွယ်တူများကိုကြည့်ပြီး သက်တော်ရှည်ဓားကို တင်းကြပ်စွာဖက်တွယ်ထားလိုက်၏။

“…”

လုကျိုးသည် ဒီလိုပါရမီရှင်များကို နေရစ်ခဲ့ရန်‌ ဖျောင်းဖျနိုင်ခဲ့သော်ငြား သူတို့ကို စီမံဖို့ လိုသည်။ ပြီးနောက်သူသည် စီးဝူယာ့ကို တွေ့လိုက်၏။ တစ်နည်းအားဖြင့် စီးဝူယာ့သည် ထိုလူများနှင့် ဆင်တူသည်။ သူသည် ထိုကိစ္စကို အချိန်မဆွဲထားဖို့ ဆုံးဖြတ်လိုက်ပြီး စီးဝူယာ့ရောက်လာလျှင် စီးဝူယာ့ကို ဖြေရှင်းနည်းတစ်ခု စဉ်းစားခိုင်းလိုက်မည်။

ပြီးနောက် လုကျိုးက ပြောလိုက်၏။

“ကျုပ်ရဲ့ ဒုတိယတောင်းဆိုချက်ကို မမေ့လိုက်နဲ့”

လူတိုင်းက ငြိမ်သက်သွားပြီး လုကျိုးကို ကြည့်လိုက်လေ၏။

“လော့ရွှမ်းလား”

ပါရမီရှင်များသည် လော့ရွှမ်းအကြောင်း ထည့်ပြောခံလိုက်ရသောအခါ သူတို့၏စိတ်အားထက်သန်မှုက ချက်ချင်း ငြိမ်ကျသွားသည်။

“လုချန်ပေ့ လော့ရွှမ်းက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ နှမြောစရာပဲ သူအခု အရူးတစ်ယောက်ဖြစ်နေတာ နှမြောစရာပဲ”

လုကျိုးက စဉ်းစားလျက်မေးလိုက်သည်။

“အရူးတစ်ယောက်လား”

“ဘာတွေဖြစ်သွားမှန်း ကျုပ်တို့လည်း သေချာမသိဘူး၊ ကျုပ်တို့ကို ယွီချန်းရှုက သူမ ပြန်ရောက်မလာခင် အကျဉ်းချလိုက်တာ၊ ကျုပ်တို့အားလုံးကို တစ်ခါတည်းဖမ်းဖို့အတွက် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးကလူတိုင်းကို စားသောက်ပွဲဆီ ဖိတ်ခဲ့တယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ကျင့်ကြံဆင့်တွေကို စည်းပိတ်ပြီး စာပေကြယ်တာရာဂိတ်အောက်မှာ အကျဉ်းချထားတာ”

“စာပေကြယ်တာရာဂိတ်”

လုကျိုးသည် စာပေကြယ်တာရာဂိတ်ဘက် လှည့်ကြည့်လိုက်သည်။ ဤနေရာသည် အလင်းတန်းများ ပေါ်ထွက်လာပြီး သူ့ဆီသို့ မြင့်မားလှသည့် အလင်းတိုင်ပစ်ခွင်းလိုက်သည့်နေရာပဲဖြစ်သည်။

“လုချန်ပေ့ ကျုပ်လော့ရွှမ်းကို အခုသွားကယ်လိုက်မယ်”

“နေဦး”

လုကျိုးက လက်နောက်ပစ်ထားလျက် လှည့်လာ၏။

“ငါသွားမယ်”

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ဟွမ်းယွီက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများကိုကြည့်ပြီးမေးလိုက်၏။

“ငါ လုချန်ပေ့နဲ့ သွားလိုက်မယ်၊ လိုက်လာချင်လား”

“မလာဘူး၊ မလာဘူး၊ မလာဘူး၊ နံလွန်းလို့ ငါသေနိုင်တယ်၊ ငါ့ကိုသေအောင်ရိုက်မယ်ဆိုရင်တောင် ငါမသွားဘူး၊ မင်းပဲသွား”

ပြီးနောက် ဟွမ်းယွီနှင့် ဟယ်ကျုံးတို့က လုကျိုးဆီ ရောက်သွားသည်။

ဟွမ်းယွီက ပြောလိုက်၏။

“ကျုပ် လမ်းပြပေးမယ်”

လုကျိုး၏ နောက်လိုက်နောက်ပါများက လိုက်လာပြီး လုကျိုးက သူတို့ကို စာပေကြယ်တာရာဂိတ်ဆီ ဦးဆောင်သွား၏။

သူတို့လမ်းလျှောက်နေစဉ် ဟွမ်းယွီက မဝံ့မရဲမေးလိုက်သည်။

“လုချန်ပေ့ လော့ရွှမ်းကို သိတာလား”

“ငါတို့တစ်ခါတွေ့ဖူးတယ်” လုကျိုးသည် အမှန်အတိုင်းဖြေလိုက်သည်။

ထိုတွေ့ဆုံမှုကို မှတ်ဉာဏ်သလင်း၏ တစ်ဝက်ထဲတွင် ကန့်သတ်ထားသည်။

ဟွမ်းယွီက သက်ပြင်းချလိုက်၏။

“သူက ကျုပ်တို့ ကောင်းကင်စူးစမ်းရေးခုံရုံးမှာ ပါရမီအရှိဆုံးလူပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေလွန်းကိုတောင် ဖန်တီးခဲ့တယ်၊ နှမြောစရာက”

“သူက အလွန်အစွမ်းထက်တာလား”

လုကျိုးက မေးလိုက်လေ၏။

“သူမက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်ပြီးပြီ၊ ဒါပေမဲ့ ပွင့်ချပ်ဆယ်လွှာအဆင့်ကို လေ့လာဖို့ သူ့ရဲ့စွမ်းအားအများစုကို သုံးခဲ့တာ၊ ဒါပေမဲ့ သူ့ရဲ့စွမ်းအားအများစုက တခြားကမ္ဘာတွေကို လေ့လာဖို့အတွက်သုံးခဲ့တယ်၊ ရွှေကြာနယ်မြေနဲ့ အနက်ရောင်ကြာနယ်မြေကို သူက ပထမဆုံးရှာတွေ့ခဲ့တာပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာတုန်းက ရေလွန်းကိုဖန်တီးခဲ့ပြီး ရေနက်ဆန်းကြယ်ဂူကနေ ခရီးသွားခဲ့တယ်၊ ပြီးတော့ အချိန်တချို့ကြာ ပျောက်ကွယ်သွားတာ၊ တချို့အကြောင်းအရင်းတွေကြောင့် သူပြန်ရောက်လာတဲ့အချိန် အရူးတစ်ယောက်ဖြစ်လာပြီး အဲဒီချီးပေါလောကြီး ယွီချန်းရှုက သူ့ကိုမြေအောက်အကျဉ်းထောင် အနက်ဆုံးအပိုင်းထဲမှာ ပိတ်လှောင်ထားတာ”

ဟွမ်းယွီက ပြောပြလိုက်သည်။

ခဏအကြာတွင် ဟွမ်းယွီက ဆက်ပြောပြလိုက်သည်။

“သူသာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားမယ်ဆိုရင် ယွီချန်းရှုထက် မနိမ့်ဘူးဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ဘူး၊ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်ပြီးတော့ သူက ဆေးရည်တစ်မျိုးမျိုး ဒါမှမဟုတ် တစ်ခြားတစ်ခုခုကို သုတေသန ဆက်လုပ်နေတာ၊ လူသားမျိုးနွယ်တွေ သူတို့ကျင့်ကြံဆင့်ကို မြှင့်တင်တဲ့နေရာမှာ ကူညီပေးနိုင်ဖို့ တစ်စုံတစ်ခုကို ဖန်တီးချင်ပြီး မွေးဖွားဇယားချပ်နဲ့ ဘုံတစ်ထောင်လေပွေအဆင့်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ချင်ခဲ့တာ၊ သူကိုယ်တိုင် လက်တွေ့စွမ်းသပ်ခဲ့ပြီး သူမရဲ့ ပွင့်ချပ်ဆယ်လွှာကျင့်ကြံမှုက မတည်မငြိမ်ဖြစ်လာတယ်၊ သူတော်တော်လေး ဒုက္ခခံစားခဲ့ရတာ”

ခဏအကြာတွင် ဟွမ်းယွီက လမ်းလျှောက်နေတာရပ်ပြီးပြောလိုက်၏။

“လုချန်ပေ့ ကျွန်မတို့ရောက်ပြီ”

သူတို့ရှစ်စွင်းနောက်လိုက်လာသော ရှောင်ယွမ်အာနှင့် ခရုလေးက လိုက်ရပ်တန့်လိုက်သည်။ အစကနေ အခုထိ ခရုလေး၏အမူအရာက အနည်းငယ် မူမမှန်ပေ။ သူမသည် ဤနေရာနှင့်ရင်းနှီးနေပုံ ရ၏။

ဟွမ်းယွီက ကျောက်တိုင်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

“ဒါက နတ်ဘုရားသတ်အစီအရင်ရဲ့ အစွမ်းအထက်ဆုံး အစိတ်အပိုင်းပဲ၊ ကောင်းကင်သိုင်းခုံရုံးက နတ်ဘုရားသတ်အစီအရင်ရဲ့ စွမ်းအင်အများကြီးကို စုစည်းထားဖို့ ဒါကိုသုံးခဲ့တာ၊ သူ့ရဲ့စွမ်းအင်ကို ဒီကျောက်တိုင်ကနေ ထုတ်ဖော်လိုက်ပြီဆိုတာနဲ့ မွေးဖွားဇယားချပ် ပညာရှင်ကတောင် အခက်တွေ့သွားလိမ့်မယ်”

သူတို့အားလုံးသည် သူတို့မျက်စိဖြင့် ဤကျောက်တိုင်၏စွမ်းအားကို မြင်ခဲ့သည်။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ဤကဲ့သို့ အစွမ်းထက်သည့် အစီအရင်ကို ဖန်တီးခဲ့တာ တကယ်အထင်ကြီးစရာကောင်းသည်။

“ဒါကို ဖွင့်လိုက်”

ဟွမ်းယွီက စာပေကြယ်တာရာဂိတ်ကို လက်ညှိုးထိုးပြလိုက်သည်။

ဟယ်ကျုံးက အပြုံးတစ်ပွင့်ဖြင့် ဘေးသို့လျှောက်သွားကာ ပြောလိုက်တော့သည်။

“ငါ့ရဲ့လက်သည်းနဲ့ ဒီဟာကို ဖွင့်နိုင်တယ်လို့ ပြောရင် ငါ့ကို ယုံမလား”

“ကြွားနေတာရပ်လိုက်တော့ မြန်မြန်လုပ်”

ဟွမ်းယွီက ဟယ်ကျုံးကို ဆော်ဩလိုက်သည်။

“မင်းက ပျော်စရာမကောင်းဘူး”

ဟယ်ကျုံးက လက်နှစ်ချောင်းမြှောက်လိုက်ရာ သော့ပေါက်ထဲသို့ စွမ်းအင်က တိုးဝင်သွားသည်။ ပြီးနောက် ကလစ်ကနဲဖြင့် သော့က ပွင့်လာလေ၏။ သူ၏ကျင့်ကြံမှုက ပွင့်သွားပြီးနောက် ယခုသူသည် စွမ်းအင်သိပ်သည်းနိုင်ပြီဖြစ်သည်။ သော့ဖွင့်ဖို့က ဘာမှမဟုတ်ပေ။

ကျွီ

စာပေကြယ်တာရာဂိတ်က ပွင့်လာ၏။

လုကျိုးနှင့် ဟွမ်းယွီတို့က အထဲသို့ ဝင်သွားသည်။

မကြာမီ၌ ဟွမ်းယွီသည် လူတိုင်းကို မြေအောက်အကျဉ်းထောင်ဆီသို့ ခေါ်သွား၏။

မှောင်မည်းနေသော မြေအောက်အကျဉ်းထောင်သည် ဖရိုဖရဲဖြစ်နေပြီး မိမိကို မသက်မသာဖြစ်စေနိုင်၏။

ထိုစဉ် ရှောင်ယွမ်အာက ခရုလေး၏မူမမှန်သော အမူအရာကို တွေ့သွား၏။

“ခရုလေး ဘာဖြစ်လို့လဲ”

ခရုလေးက ခေါင်းခါလိုက်သည်။

“ရှစ်ကျဲ ညီမ.. ညီမအဆင်ပြေပါတယ်၊ ညီမနည်းနည်း မူးနေရုံပါ”

လုကျိုးသည် လမ်းလျှောက်တာရပ်လျက် ရှောင်ယွမ်အာနှင့် ခရုလေးဘက်လှည့်ကြည့်လိုက်သည်။ ပြီးနောက် သူကပြောလိုက်တော့၏။

“ယွမ်အာ ခရုလေးကို ခေါ်သွားလိုက်”

“ဟုတ်”

ရှောင်ယွမ်အာသည် ခရုလေးကို ကူတွဲရန် လက်ဆန့်ထုတ်လိုက်သည်။

သို့သော် ခရုလေးက လက်ဝှေ့ရမ်းပြကာ ပြောလိုက်၏။

“ရှစ်စွင်း တပည့်အဆင်ပြေပါတယ် ထွက်သွားဖို့ မလိုပါဘူး”

“မင်းအဆင်ပြေတာ သေချာရဲ့လား”

လုကျိုးသည် လက်ဖျောက်တီးလိုက်ရာ ရွှေရောင်စည်းတံဆိပ်က ရှေ့သို့မျောလွင့်သွားသည်။

တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု၊ လေးခုကနေ ရှစ်ခု၊ ခဏအတွင်း မှောင်မည်းနေသော မြေအောက်အကျဉ်းထောင်က လင်းထိန်သွားတော့သည်။

ခရုလေးက ခေါင်းညိတ်လိုက်၏။

“တပည့်တကယ် အဆင်ပြေပါတယ်၊ နည်းနည်းမူးနေရုံပါ၊ ဒီမှာလေဝင်လေထွက် အဆင်မပြေလို့ ထင်တယ်”

“ဟုတ်ပြီ”

လုကျိုးနှင့် ကျန်သည့်သူများသည် ရှေ့သို့ဆက်၍လာကြသည်။ သူတို့လမ်းလျှောက်နေစဉ် မြေအောက်အကျဉ်းထောင်က အဆုံးမရှိတော့ပုံရ၏။

နေရာတစ်ခုလုံး၌ ချဉ်စူးနေသော အနံ့များပြည့်နေလျက် နှစ်ဖက်လုံးရှိ အကျဉ်းခန်းများထဲတွင် ချိန်းကြိုးများ၊ လက်ထိပ်များကို မြင်ရသည်။

ထိုအကျဉ်းထောင်များထဲမှ တစ်ခုတွင် အရိုးခြောက်ကိုမြင်တွေ့နိုင်သည်။

ယင်းက တကယ်ထိတ်လန့်စရာကောင်း၏။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှလူများ ဤနေရာ၌ နှစ်ပေါင်းတစ်ရာ အကျဉ်းချခံထားရသည်ကို တွေးကြည့်ပြီး ဆယ့်ငါးမိနစ် လမ်းလျှောက်ရသည်ကတောင် အဆုံးမရောက်နိုင်ဖြစ်နေသည်။

လီယွင်ကျန်းက အကျဉ်းခန်းတစ်ခုရှေ့၌ ရပ်လိုက်၏။ သူက သံမဏိတံခါးကို ဒေါသတကြီး ထုနှက်လျက် ပြောလိုက်၏။

“ယွီချန်းရှု သူသာ အသက်ရှင်နေသေးရင် သူ့ကို အပိုင်းပိုင်းခုတ်ထစ်ပစ်မှာ”

လီယွင်ကျန်းသည် ငယ်ရွယ်သော်ငြား ခက်ခဲမှုများနှင့် မရင်းနှီးနေတာ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာအောင် သူသည် အကျဉ်းထောင်နှင့်တူသော တော်ဝင်နန်းဆောင်ထဲတွင် တစ်ယောက်တည်း အထီးကျန်စွာ ရှင်သန်နေထိုင်ခဲ့ရသည်။ ကံကောင်းသည်မှာ သူအသက်ရှင်ခဲ့၏။

သူသည် အကျဉ်းခန်းနှစ်ခန်းကိုမြင်ပြီး ဖော်ပြ၍မရသော အနံ့ဆိုးများကိုရကာ အလောင်းများ၊ အရိုးများကို မြင်ချိန်၌ သူတို့ကိုယ်စား သူမည်ကဲ့သို့ မနာကျင်ပဲ နေမည်နည်း။ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမ ှလူများနှင့်ယှဉ်လျှင် သူ၏ဘဝက အဆင်ပြေလှပေသည်။

လူတိုင်းသည် လွတ်လပ်ပေါ့ပါးသောဘဝကို လိုချင်၏။ သို့သော် ဤကဲ့သို့ဘဝသည် လူမည်မျှများစွာ၌ ရှိနိုင်မည်နည်း။

ထို့အပြင် ဤကဲ့သို့ပတ်ဝန်းကျင်၌ အိပ်မက်နှင့် အနာဂတ်အကြောင်း မည်သို့ပြောရန်ဖြစ်နိုင်မည်နည်း။ ဤနေရာကနေ ထွက်သွားပြီး လတ်လတ်ဆတ်ဆတ်လေကို ရှုရှိုက်ရခြင်းကပင် ကောင်းချီးတစ်ရပ် ဖြစ်နေပြီ ဖြစ်လောက်၏။

ဟွမ်းယွီနှင့် ဟယ်ကျုံး၏ စိတ်နှလုံးသည် လီယွင်ကျန်း၏တုံ့ပြန်မှုကြောင့် လှုပ်ရှားသွား၏။ ထိုစဉ် ဟွမ်းယွီက ပြောလိုက်၏။

“ဒီအတွင်းခန်းထဲမှာ လော့ရွှမ်းကို ထိန်းသိမ်းထားပါတယ်၊ ယွီချန်းရှုက သူ့အတွက် အထူးအကျဉ်းထောင်တစ်ခု ပြင်ဆင်ထားပြီး ကျွန်မတို့နဲ့ ဝေးဝေးမှာထားတာ၊ သူ့ကိုမတွေ့ရတာ ကြာပြီ၊ ယွီချန်းရှုကတောင် ဒီကိုတစ်လတစ်ခါ လာတယ်၊ သူ့အခြေအနေကို ဘယ်လိုလဲဆိုတာ မသိဘူး၊ ဒါကြောင့် လုချန်ပေ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”

…

အခန်း (၈၇၀) ဝိညာဥ်ပျောက်ဆုံးခြင်း လက္ခဏာလား

“စိတ်မပူနဲ့” လုကျိုးက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ စွမ်းအင် ထွက်ပေါ်လာသည့်အခါ တောက်ပသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ရှုပ်ထွေးသည့် သင်္ကေတဖြင့် ပြွတ်သိပ်နေအောင် ရေထွင်းထားသည့် ကျောက်တံခါးက အားလုံး၏ မြင်ကွင်းထဲ ထွက်ပေါ်လာသည်။

ဟွမ်းယွီက ပြောလိုက်၏။

“ယွီချန်းရှုကသာ ဒီတံခါးကို ဖွင့်နိုင်တာ။ ဒါပေမဲ့ သူက ဒီအခန်းကို လာပြီး သန့်ရှင်းရေးလုပ်တဲ့ သူ ယုံကြည်ရတဲ့ လူဆီမှာ သော့ကို ချန်ထားခဲ့တယ်။ အဲဒါကလွဲရင် ဘယ်သူကမှ အခန်းကို မဝင်နိုင်ဘူး”

လုကျိုးက မေးလိုက်သည်။

“သော့က ဘယ်မှာလဲ”

“ကျုပ်တို့လည်း မသိဘူး” ဟွမ်းယွီနှင့် ဟယ်ကျုံးတို့က ခေါင်းခါလိုက်၏။

“ရှစ်စွင်း” ရှောင်ယွမ်အာက ပြောလိုက်၏။

“ဒုက္ခခံမနေဘဲနဲ့ တံခါးကို ကန်ဖွင့်လိုက်မယ်”

ဒီအရာကို ကြားကာ ဝူဝူနှင့် ကျီဖုန်းရှင်းတို့က ဘေးကပ်လိုက်ကြသည်။

ရှောင်ယွမ်အာက တံခါးဆီ ပြေးကာ ကန်ချလိုက်၏။

ဘန်း

ကန်ချက်ကြောင့် ဖုန်မှုန့်များ ထွက်ပေါ်လာပြီး ပေ ၃၀၀လောက် မြင့်မားသည့် ကျောက်တံခါးကြီးဆီပေါ် ကျရောက်လာသည်။ ထိုအရာကလွဲ၍ ဘာမှမဖြစ်ခဲ့ပေ။

ရှောင်ယွမ်အာက ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူမက မဲ့ကာ ခါးထောက်လျက် ပြောလိုက်သည်။

“ဒီတံခါးစုတ်က ဒီလောက် ခိုင်ခံ့လိမ့်မယ်လို့ မယုံဘူး။ တပည့် ဖျက်ဆီးပစ်လိုက်မယ်”

ဟယ်ကျုံးက ရှောင်ယွမ်အာရှေ့ ဝင်ကာ အလျင်အမြန် တားလိုက်ရသည်။ “မဖြစ်ဘူး။ မဖြစ်ဘူး။ ဘိုးဘေးလေး အဲ့လိုလုပ်လို့ မဖြစ်ဘူး။ ကျင့်ကြံသူတစ်ယောက်အတွက် တံခါးကို ဖျက်ဆီးတာအတွက် မခက်ဘူးဆိုပေမဲ့ တံခါးပြိုလဲသွားရင် ဘယ်လိုလုပ်မလဲ။ လော့ရွှမ်းက အထဲမှာ ရှိသေးတယ်။ ပြီးတော့ သူမရဲ့ အခြေအနေက သိပ်မကောင်းဘူးတဲ့”

ကျောက်တံခါးငယ်လေး တစ်ခုက ကျင့်ကြံသူများကို တားဆီးဖို့ မလုံလောက်ပေ။ လုကျိုးလိုမျိုး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းထားသည့် သူမျိုးဆို ထည့်ပြောဖို့ပင် မလိုတော့ပေ။

ဟွမ်းယွီက ဟယ်ကျုံးအား ကြည့်ကာ မေးလိုက်၏။ “မင်းရဲ့ လက်သည်းနဲ့ တံခါးကို ဖွင့်လို့ မရဘူးလား”

“ငါ့ကို အချိန်နည်းနည်းပေး။ စောင့်ကြည့်နေ” ဟယ်ကျုံးက တံခါးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

အတိအကျပြောရလျှင် တံခါးကို ဖွင့်ခြင်းမှ တားဆီးထားသည်မှာ သော့ခလောက် မဟုတ်ဘဲ စက်ယန္တရားနှင့် အစီအရင်တစ်ခု ဖြစ်၏။ သာမန်ကျင့်ကြံသူများအတွက် ဖွင့်ဖို့ရာ ခက်ခဲသော်လည်း ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ အရူးများကမူ စိန်ခေါ်မှုကို သဘောကျကြသည်။

သို့သော်လည်း လုကျိုးက လက်မြှောက်ကာ ဟယ်ကျုံးအား တားဆီးလိုက်၏။ “ငါလုပ်လိုက်မယ်”

“ဟုတ်ကဲ့ လုချန်းပေ့”

လုကျိုးက ကျောက်တံခါးရှေ့ ရပ်ကာ သူ့လက်ကို အသာသွင်းလိုက်ပြီး ကျောက်တံခါးပေါ် တင်လိုက်သည်။

တံခါးပေါ်ရှိ သင်္ကေတများက ချက်ချင်းဆိုသလို တောက်ပလာ၏။

သူတို့က တောက်ပလာသည်နှင့် လုကျိုးက သူ့နှလုံးခုန်နှုန်း မြန်သွားသလို ခံစားလိုက်ရသည်။ သင်္ကေတများက နားမလည်နိုင်ခြင်း မဟုတ်ပေ။ အမှန်တကယ်တော့ ကမ္ဘာမြေပေါ်ရှိ လူအားလုံး မှတ်မိနိုင်သည့် သင်္ကေတဖြစ်သည့် နဂါးတစ်ကောင်ကို ရေးထွင်းထားခြင်း ဖြစ်၏။

ကူးပြောင်းလာသူအနေဖြင့် လုကျိုးက အရှေ့ပိုင်းယဥ်ကျေးမှုဖြင့် ရင်းနှီးကျွမ်းဝင်သည်။ သူက နဂါးကို မည်သို့မမှတ်မိဘဲ နေမည်နည်း။

“ဒါက ခက်ထန်တဲ့ သားရဲတစ်ကောင်ရဲ့ ပုံစံနဲ့ ရေးထွင်းထားတာပဲ”

“ဒီဟာက ဘယ်လိုသားရဲမျိုးလဲ”

လုကျိုးက မုန့်ချန်းသုံ၊ ရှားချန်ချိုးနှင့် တခြားသူများကို ကြည့်ကာ ပြောလိုက်၏။ “နဂါးပဲ”

“နဂါးလား။ ရှေးဟောင်းမှတ်တမ်းထဲမှာတော့ နဂါးအမျိုးအစားတွေ အများကြီးကို မှတ်သားထားပေမဲ့ ဒီဟာနဲ့ တူတာတော့ တစ်ခုမှ မရှိဘူး” လီယွင်ကျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

“ရှေးဟောင်းစာအုပ်ထဲက နဂါးက ဘာနဲ့တူလို့လဲ” လုကျိုးက မေးလိုက်သည်။

“အများကြီးတော့ ရှိတယ်။ ရှေးဟောင်းစာအုပ်ထဲမှာ နဂါး ၇မျိုး၊ ၈မျိုးလောက် မှတ်သားထားတယ်။ ဒါပေမဲ့ ဒီလိုမျိုးနဲ့ တူတာတော့ မရှိဘူး။ ထူးဆန်းလိုက်တာ။ သူတို့က ပိုးကောင်နဲ့ တူတယ်” လီယွင်ကျန်းက ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ ပြောမနေနဲ့။ ပါးစပ်ပိတ်ထားလိုက်တော့” လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

အားလုံးက ကြောင်အမ်းသွားကြ၏။

လီယွင်ကျန်းက ဧကရာဇ် ဖြစ်နေသော်လည်း တခြားဇစ်မြစ်က လုကျိုး၏ မြေးတပည့် ဖြစ်သည်။ ဆရာဘိုးဘိုးက သူ့မြေးတပည့်အား ဆုံးမသည်မှာ ပုံမှန်သာ ဖြစ်၏။

လီယွင်ကျန်းက လက်မြှောက်ကာ သူ့ပါးစပ်ကို ရိုက်လိုက်ဟန် ပြုလုပ်လိုက်သည်။ ထို့နောက် သူက တောက်ပလာသည့် နဂါးပုံအား ကြည့်ကာ မေးလိုက်သည်။ “ဆရာဘိုးဘိုး ဒါက ဘာကြီးလဲ”

“ဒါက ရှေးဟောင်းမြင့်မြတ်နဂါးပဲ။ ဒဏ္ဍာရီတွေထဲမှာတော့ မြင်လည်း မြင်နိုင်တယ်။ မမြင်လည်း မမြင်နိုင်ဘူး။ သေးလည်း သေးတယ်။ ကြီးလည်း ကြီးတယ်။ တိုလည်း တိုတယ်။ ရှည်လည်း ရှည်တယ်ဆိုပြီးတော့ ညွှန်းဆိုကြသည်။

ဒါက တိုင်းပြည်တစ်ခုရဲ့ သင်္ကေတပဲ။ စိတ်ဝိညာဥ်တစ်ခုရဲ့ သင်္ကေတပေါ့” လုကျိုးက သူ့ကမ္ဘာဦးချီကို ဆက်လက် ထည့်သွင်းရင်း ရှင်းပြလိုက်သည်။

လီယွင်ကျန်းက နားမလည်သည့် အမူအရာမျိုး ရှိသော်လည်း ခေါင်းညိတ်လိုက်၏။

ဟွမ်းယွီက လုကျိုးက ချီးကျူးလိုက်သည်။ “လုချန်းပေ့က တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ။ ကျုပ်တော့ အမြင်ကျယ်ရပါတယ်”

ဟွမ်းယွီ၏ စကားအဆုံးတွင် သင်္ကေတများက လှုပ်ရှားသွားပြီး ပြီးပြည်စုံသည့် နဂါးတစ်ကောင်နှယ် ဖွဲ့စည်းလာသည်။

ထို့နောက် လုကျိုးက သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို တံခါးအတွင်း ထည့်သွင်းလိုက်၏။

နဂါးက အသက်ဝင်လာကာ တံခါးဆီမှ ပျံသန်းလာပြီး လေထုထဲ ပျောက်ကွယ်သွားသည်။

ဘန်း

ကျောက်တံခါးကြီးက ပြိုလဲကာ ချက်ချင်းဆိုသလို အပျက်အစီးအပုံ ဖြစ်သွားလေ၏။ အားလုံးက နောက်ဆုတ်လိုက်ကြသည်။

လုကျိုးကသာ မလှုပ်မယှက် ကျန်ရှိနေပြီး ပြိုကျလာသည့် အပြိုအပျက်များအား စွမ်းအားဖြင့် တွန်းလွှတ်လိုက်သည်။

ဟယ်ကျုံးက တအံ့တသြဖြင့် ပြောလိုက်သည်။ “လုချန်းပေ့ရဲ့ ကျင့်ကြံဆင့်က တကယ့်ကို နက်နဲပြီးတော့ အံ့သြဖို့ ကောင်းတာပဲ။ ဒီကျောက်တုံးက သာမန်ပစ္စည်းနဲ့ လုပ်ထားတာ မဟုတ်ဘူး။ ဒါပေမဲ့ လုချန်းပေ့က အမှိုက်လိုမျိုး အလွယ်တကူ တွန်းလှန်နိုင်လိုက်တာပဲ”

တခြားသူများက ဟယ်ကျုံးကို ဂရုမစိုက်ကြပေ။

ဟယ်ကျုံးက ရှားချန်ချိုးအား နေရခက်စွာ မေးလိုက်၏။ “ခင်ဗျားရော အဲ့လို မထင်ဘူးလား”

ရှားချန်ချိုး၊ မုန့်ချန်းသုံနှင့် တခြားသူများက ဟယ်ကျုံး၏ စကားကို မကြားသည့်အလား ပြုမူနေကြသည်။

“တကယ်ကို အံ့သြစရာပဲ” ဟယ်ကျုံး၏ ချီးကျူးမှုက သဘာဝမဆန်ပေ။

တိမ်တိုက်တောင်၏ နျဲ့ချင်းယွင်က ဟယ်ကျုံးအား အရူးတစ်ယောက်လို ကြည့်လိုက်၏။ သူ့အမူအရာက “သူက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက ပါရမီရှင် ဟုတ်ရဲ့လား” ဟု ပြောနေဟန်ပေါ်သည်။

ဟယ်ကျုံးက ဘာမဟုတ်တဲ့ ကိစ္စလေးကို ဘာလို့ အဲဒီလောက် ပုံကြီးချဲ့နေရတာလဲ။...

လုကျိုးက ကျောက်အခန်းအတွင်း လက်နောက်ပစ်လျက် ဝင်ရောက်သွားသည်။

လျှောက်လမ်းရှည်၏ ဘေးဘက်တစ်ဘက်တစ်ချက်ဆီမှ အလင်းများက တောက်ပနေ၏။

ကျောက်အခန်း၏ အခြေအနေက သူတို့နောက်ရှိ မှောင်မဲနေသည့် အကျဉ်းထောင်နှင့် ကမ္ဘာတစ်ခုအလား ခြားနားနေသည်။

အားလုံးက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

“ယွီချန်းရှုက ဒီလိုနေရာမျိုး တည်ဆောက်ဖို့ ပိုက်ဆံအများကြီး သုံးထားတာပဲ”

သိပ်မကြာခင် လျှောက်လမ်းက သူတို့ကို အခန်း၏ အနက်ပိုင်းဆီ ခေါ်ဆောင်သွား၏။

အားလုံးက ချက်ချင်းဆိုသလို ရပ်တန့်လိုက်ကြသည်။

အခန်းအလယ်တွင် ကုတင်တစ်ခု ရှိနေသည်။ ဆံပင်အဖြူရောင်ရှိကာ ရွံ့တွနေသည့် မျက်နှာရှိသည့် အမျိုးသမီးက ခုတင်ပေါ်တွင် နာနာခံခံ လဲလျောင်းနေ၏။ သူမ၏ အကြည့်များက မှုန်ဝါးနေကာ အသက်ဓာတ် အရိပ်အယောင် မရှိပေ။

ဟွမ်းယွီက သက်ပြင်းချကာ “သူမက ဒီလိုအဆုံးသတ်သွားမယ်လို့ ဘယ်သူကများ သိမှာလဲ”

လုကျိုးက ဘာမှမပြောဘဲ ကုတင်တစ်ဘက်ဆီ သွားကာ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

လွန်ခဲ့သည့် နှစ် ၃၀၀ခန့်က လုကျိုးရှေ့ရှိ အမျိုးသမီးသည် ငယ်ရွယ်မှု ပျောက်ဆုံးသွားလေ၏။ မည်သို့ပင်ဆိုစေကာမူ သူ့မှတ်ဉာဏ်များမှတစ်ဆင့် သူမကို မှတ်မိဆဲ ဖြစ်သည်။ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် အမျိုးသမီးက လွန်ခဲ့သည့် နှစ် ၃၀၀ခန့်က ကျိထျန်းတောက်နှင့် တွေ့ဆုံခဲ့သည့် လော့ရွှမ်းမှန်း သံသယဖြစ်ဖွယ် မရှိပေ။

ထိုစဥ် အချိန်များက နောက်ပြန်ဆုတ်သွားဟန်ပေါ်သည်။ အတိတ်၏ မှတ်ဉာဏ်များက လုကျိုး၏ စိတ်ထဲ ပေါ်ထွက်လာသည်။

နဂါး၏ ဒဏ္ဍာရီလာအကြောင်းကို အမည်မသိနေရာတွင် သူမအား ပြောပြခဲ့ဟန်ပေါ်သည်။

သူတို့က တစ်ယောက်နှင့် တစ်ယောက် အမှီအခိုပြုကာ တာ့ယန်ဆီ မရောက်ခင် ထိုအန္တရာယ်များသည့် နေရာမှ လွတ်မြောက်ကာ ထွက်ပြေးခဲ့ကြသည်။

လုကျိုးက ဘာမှမပြောသည့်အတွက် တခြားသူများကလည်း တိတ်ဆိတ်နေကြ၏။ သူ့စိတ်ထဲ မည်သည်ကို တွေးနေမှန်း ဘယ်သူမှ မသိကြပေ။

တခြားတစ်ဘက်တွင် ခရုလေးက ပိုမိုမူးနောက်လာ၏။ သူမက အရက်သောက်ထားသလိုမျိုး သို့မဟုတ် ဆေးခပ်ထားခံရသလိုမျိုး ဖြစ်နေသည်။ သို့သော်လည်း သူမက သူမဘာသာ လဲကျမသွားစေရန် အကောင်းဆုံး ထိန်းထားလေ၏။

ထိုစဥ် လုကျိုးက ပြောလိုက်သည်။ “မင်း ငါ့ဆီကနေ တစ်ခုယူသွားခဲ့တယ်။ ဘယ်အချိန်ပြန်ပေးမှာလဲ”

လော့ရွှမ်း၏ အကြည့်များက အသက်မဲ့နေဆဲဖြစ်ကာ လုကျိုး၏ စကားကို ကြားဟန်မပေါ်ပေ။

“လုချန်းပေ့ သူမက ဝိညာဥ် ပျောက်ဆုံးသွားပြီ။ ယွီချန်းရှုက သူမကို ဘာမှမလုပ်တာလဲ အကြောင်းအရင်း ရှိတယ်။ ကျုပ်တို့တွေ သူမဆီက သင်ပြီးတော့ ရူးချင်ယောင်ဆောင်ခဲ့ကြတာ”

ဟွမ်းယွီက နေရခက်သည့် အပြုံးဖြင့် ပြောလိုက်သည်။

လုကျိုးက ဟွမ်းယွီအား လျစ်လျူရှုကာ ဆက်မေးလိုက်သည်။ “မဟာလေဟာနယ်က ဘယ်မှာလဲ”

ဟွမ်းယွီက ထိုမေးခွန်းကို ကြားသည့်အခါ ရုတ်ခြည်းဆိုသလို တုန်ခါသွား၏။

“လူတိုင်းက ဘာလို့ ဒီမေးခွန်းပဲ မေးနေကြတာလဲ။ ယွီချန်းရှုကလည်း ဒီဟာကို မေးဖူးတယ်။ သူ ရောက်လာတဲ့အချိန်တိုင်း ဒီမေးခွန်းကို မေးလိမ့်မယ်။ သူ့အသံက ကျယ်လွန်းလို့ အရူးတစ်ယောက်နဲ့တောင် တူသေးတယ်။ မဟာလေဟာနယ်က ဘာကြီးလဲ”

ထိုမေးခွန်းကို ကြားကာ လုကျိုးက ဟွမ်းယွီအား ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အားလုံး ထွက်သွားကြ”

အားလုံးက ဦးညွတ်ကာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။

ထိုစဥ် ခရုလေးက လှည့်ထွက်တော့မည့်အချိန် တောင့်မခံနိုင်တော့ဘဲ လဲကျသွားလေ၏။

“ရှစ်စွင်း ခရုလေးက ...” ရှောင်ယွမ်အာက ခရုလေးကို အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။

လုကျိုးက ခရုလေးအား ကြည့်ကာ ပြောလိုက်၏။ “သူမကို ခေါ်သွားလိုက်။ အနားယူပါစေ”

ရှောင်ယွမ်အာက တုန်လှုပ်တကြီးဖြင့် ပြောလိုက်သည်။ “ရှစ်စွင်း သူမက ပူကျစ်နေတာပဲ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ခရုလေးက အကြောင်းအရင်းမရှိ မည်သို့ ဖျားနာသွားသနည်း။ ကျင့်ကြံသူများအတွက် ဖျားနာဖို့က မဖြစ်နိုင်ပေ။ အကယ်၍ သူမက အဖျားရှိနေလျှင် အဆိပ်ခတ်ရနိုင်ချေဖွယ် ရှိ၏။

“မင်းနဲ့ ခရုလေးနဲ့ နေခဲ့။ ကျန်တဲ့သူတွေ ထွက်သွားလိုက်တော့”

“ဟုတ်ကဲ့”

အားလုံးက တစ်ယောက်ပြီး တစ်ယောက် လှည့်ထွက်သွားကြသည်။ ဟွမ်းယွီ ထွက်မသွားခင် သူက ပြောလိုက်၏။ “ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ စွန်းကျုံးဟွာက ဆေးပညာနဲ့ ကုသရေးမှာ ကျွမ်းကျင်တယ်။ သူ့ကို ဒီခေါ်လိုက်ရမလား”

“မလိုဘူး။ တကယ်လို့ လိုအပ်ရင် လှမ်းခေါ်လိုက်မယ်”

“အဲ့ဆို ကျုပ်တို့ သွားလိုက်ပါအုံးမယ်” ဟွမ်းယွီနှင့် ဟယ်ကျုံးတို့က မြေအောက်အကျဉ်းထောင်မှ ထွက်သွားကြသည်။ သူတို့က ဆက်လက်နေထိုင်ဖို့ရာ မသင့်တော်ကြောင်း သိထားကြ၏။

အားလုံး ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက လက်ဝှေ့လိုက်သည်။ စွမ်းအင် ထွက်ပေါ်လာပြီး ခရုလေးအား လွှမ်းခြုံသွားကာ လုကျိုး ရှေ့မှောက် ခေါ်ဆောင်လာ၏။

လုကျိုးက လက်အသာ မြှောက်လိုက်သည်။ သိပ်မကြာခင် သူ့လက်ဖဝါးထက် အပြာရောင်ကြာပန်း ထွက်ပေါ်လာသည်။

All Chapters