အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အခန်း (၈၇၇) အစီအစဉ်တွေ ပြောင်းလဲမှုကို ဘယ်တော့မှ လိုက်မမှီနိုင်
လူတိုင်း၏နားထဲ လေပြင်းတိုက်ခတ်သံများပေါ်လာတော့သည်။
ဧရာမအနက်ရောင်ကြာပွင့်နှင့်ယှဉ်လျှင် ကောင်းကင်လွန်းနားရှိ ရွှေရောင်အရံအတားသည် သေးငယ်လွန်းပြီး အားနည်းလွန်းလှသည်။
လူတိုင်းသည် အသက်ရှုရန် မေ့လျော့နေကြပုံပေါ်ပြီး အနက်ရောင်ကြာပွင့်ကို အထိတ်တလန့် စိုက်ကြည့်နေကြ၏။ ထိုအခိုက်အတန့်တွင် သူတို့စိတ်ထဲ၌ အတွေးတစ်ချက်ပေါ်လာတော့သည်။ ပြီးသွားပြီ။
ယင်းက ဆန်းကြယ်ဝေဟင် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ တစ်စုံတစ်ယောက်အတွက် သူတို့အားလုံးကို သတ်ဖို့က လွယ်ကူလှပေ၏။
လူတိုင်းက ထိတ်လန့်နေသေးဆဲ။ စီးဝူယာ့က သတိကပ်လာ၏။ သူက သတိတရားကို ထိန်းသိမ်းထားကာ ပြောလိုက်တော့သည်။ “မကြောက်နဲ့”
သူက ပဲ့ပိုင်းဆီ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလျက် အဆောင်အချို့ကို ကပ်လိုက်သည်။ အဆောင်များက ချက်ချင်းလောင်ကျွမ်းသွားတော့၏။
ကောင်းကင်ထဲတွင် ကြာပွင့်နက်အထက် စိတ်ဝိညာဉ်သဏ္ဌာန်၏ အလယ်ဆီမှ အမ် ဟူသည့်အသံပေါ်လာသည်။ ပြီးနောက် နှိုင်းယှဉ်လို့မရအောင် ကျယ်လောင်သည့် အသံတစ်သံ ပေါ်ထွက်လာ၏။
“မင်းတို့လာတဲ့နေရာကို ပြန်သွား”
စီးဝူယာ့သည် သူ ရေးဆွဲသည့်အစီအရင်ကို ထုတ်ပြီးနောက် ကုန်းပတ်ပေါ်တွင် ထားလိုက်သည်။ ပြီးနောက် သူက ခေါင်းမော့လျက် အော်ပြောသည်။
“ကျွန်တော်တို့ ပြန်မသွားနိုင်ဘူး။ ချန်းပေ့က ဘာကြောင့်များ ကျွန်တော်တို့အတွက် အခက်တွေ့အောင်လုပ်ရတာလဲ”
“မင်းကိုယ်မင်း အထင်ကြီးနေတာပဲ” သူသည် အကြောင်းပြချက်ကို နားထောင်မည့်ပုံ မပေါ်။
ထိုအနက်ရောင်ကြာပွင့်က လှည့်ပတ်လာပြီး လှိုင်းကြီးများ ဖြစ်ပေါ်စေ၏။ ပြီးနောက် ကောင်းကင်ထဲထိ မြင့်တက်သွားကာ ကောင်းကင်ကို လွှမ်းသွားတော့သည်။ အမှောင်က ချက်ချင်း ကျရောက်လာ၏။
ဖုန်း
အနက်ရောင်ကြာပွင့်သည် သူတို့အတွက် တိုက်ကွက်ကို ပိတ်ဆို့ပေးခဲ့ပုံပေါ်သည်။
စီးဝူယာ့က သဘောပေါက်သွားလေ၏။ “ကျွန်တော်တို့ကို ကူညီနေတာလား”
ဝှစ်
အပြာရောင်ကြာပွင့်က ရုတ်တရက်ကျုံ့သွားလျက် အနက်ရောင်ကြာပွင့်ဆီမှ လူရိပ်တစ်ရိပ်သည် ကောင်းကင်လွန်းဆီသို့ ပျံသန်းလာသည်။ ယင်းက လေထဲ၌ ရှိနေသေးစဉ် သူက သွေးတစ်ပွက်အန်လိုက်တော့သည်။
ယင်းကို မြင်သောအခါ စီးဝူယာ့သည် လေထဲချက်ချင်းပျံသန်းသွား၏။ သူ၏နောက်ကျောမှ ပေတစ်ဒါဇင်ခန့် ကျယ်သည့် ရွှေရောင်တောင်ပံတစ်စုံက ပေါ်ပေါက်လာသည်မှာ ဒေါင်းက သူ့အမြီးကို ဖြန့်လိုက်သလို လှပလွန်းလှပေသည်။
စီးဝူယာ့သည် လေကိုဆန်လျက် သိုင်းပညာရှင်ကို ဖမ်းလိုက်တော့သည်။ ထိုသိုင်းပညာရှင်က စီးဝူယာ့၏ ခန္ဓာကိုယ်မှ စွမ်းအားကို အာရုံခံမိသောအခါ စီးဝူယာ့ကို အထိတ်တလန့်ကြည့်လိုက်သည်။ “မဟာလေဟာနယ်ရဲ့ အရှိန်အဝါလား”
“ဘာမဟာလေဟာနယ်လဲ”
ထိုသူသည် ပြန်မပြောနိုင်သေးခင် နောက်ထပ် သွေးအန်တော့၏။ သူသည် စီးဝူယာ့၏ပခုံးကို ဆုပ်ကိုင်လျက် ရုတ်တရက်ပြောလိုက်တော့သည်။
ဧရာမသားရဲသည် ပင်လယ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီးနောက် ထိုနှစ်ယောက်ကို ပွတ်ကာသီကာ ဖြတ်ကျော်သွားသည်။
“အောက်ဆင်း” သိုင်းပညာရှင်က ပြောပြီး သူ၏ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအားပေါ်ထွက်လာတော့သည်။ ထိုစဉ် စီးဝူယာ့သည် သိုင်းပညာရှင်ဘေး၌ မထင်မရှား ယင်ကောင်တစ်ကောင်ဖြစ်နေသည်။
လုံလောက်သွားလေပြီ။ မကြာမီ၌ နှစ်ယောက်သားက ကောင်းကင်လွန်းပေါ်ဆင်းသက်လာ၏။
ဟွားဝူတောက်က ထရပ်ရန် ရုန်းကန်လိုက်၏။ သူ၏မျက်လုံးများက နီရဲနေကာ ပြောလိုက်တော့သည်။
“အခုတိုက်ကွက်တွေကို ထပ်ပိတ်ဆို့လိုက်တော့မယ်”
လျှို့ဟယ်တာအိုစည်းတံဆိပ်သည် ရွှေရောင်အလင်းဖြင့် ထပ်မံတောက်ပလာသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
အသက်ရှိုက်စာ အနည်းငယ်ကြာပြီးနောက် တာအိုစည်းတံဆိပ်သည် ရေခဲများကြောင့် ပြိုကွဲသွားပြီး ဟွားဝူတောက်က နောက်သို့ ယိုင်သွားတော့သည်။
“ဒီလောက်အစွမ်းထက်တဲ့ ပင်လယ်သားရဲလား”
ယခုအချိန်တွင် သူတို့သည် လူသားများနှင့် ပင်လယ်သားရဲများကြား ခွန်အားကွာခြားချက်ကို တိတိကျကျ ခံစားမိပြီးဖြစ်သည်။
သို့သော် ထိုသိုင်းပညာရှင်၏ အမြင်တွင်မူ ပင်လယ်သားရဲ၏ ခွန်အားက သာမန်ဖြစ်ပုံပေါ်၏။ သူက ရယ်မောလျက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများဖက် လှည့်ကြည့်ပြီး ပြောလိုက်တော့သည်။
“လက်လျော့လိုက်တော့ … မင်းတို့က ဒီပင်လယ်သားရဲအတွက် ပြိုင်ဘက်မဟုတ်ဘူး”
ထိုစဉ် ကောင်းကင်လွန်းက ပြိုလဲကျတော့မည့်မယောင်ဖြစ်နေသည်။
အကြီးအကဲသုံးဦးက ကာကွယ်ရေး အရံအတားဖွဲ့တည်လျက် သူတို့ကို ကာပေးလိုက်သည်။ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူသုံးဦးက ထိန်းထားရန် ရုန်းကန်နေရတာ သိသာ၏။
တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျန်းအိုက်ကျန့်နှင့် ကျန်သည့်သူများသည်လည်း သူတို့စွမ်းအင်များ ထုတ်လိုက်သည်။
စီးဝူယာ့က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “ဘာလို့လဲ”
ထိုပညာရှင်၏ အမူအရာက တည်ကြည်နေ၏။ သူက ထိန်းထားရန် ရုန်းကန်နေရသည့် လူအုပ်ကြီးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
“ငါ ဆယ်ရက်ဆယ်ည အဲဒါကို တိုက်ခိုက်နေတာ။ ငါတောင် သူ့အတွက်ပြိုင်ဘက် မဟုတ်တာ။ မင်းတို့လုပ်ရပ်က မင်းတို့အသက်ကို ပစ်ထုတ်နေတာနဲ့မခြားဘူး”
စီးဝူယာ့က ပြောလိုက်၏။ “ကျွန်တော်တို့က အဲဒါကို သတ်ဖို့ ဒီရောက်လာတာ မဟုတ်တော့ အဲလို ပြောလို့မရပါဘူး”
ထိုပညာရှင်သည် စီးဝူယာ့ကို ကြည့်ပြီး အနည်းငယ်အံ့ဩသွားလေ၏။ “အို”
“ကျွန်တော်တို့ အဲဒါကို အနိုင်မယူနိုင်ရင် အမြဲတမ်း ထွက်ပြေးနိုင်တာပဲ”
ကုန်းပတ်ပေါ်ရှိ အဆောင်က လောင်ကျွမ်းနေသေးဆဲဖြစ်ပြီး အစီအရင်က ထိုအခိုက်အတန့်တွင် လင်းထိန်လာတော့သည်။ သူတို့သည်ကောင်းကင်လွန်းကို အားဖြည့်ပေးနေပြီး ကောင်းကင်လွန်းက အရှိန်မြင့်လျက် မြူများကို ခွင်းသွားတော့၏။
“နေဦး” စီးဝူယာ့က ပြောလိုက်၏။ “ဒီအရှိန်က ကောင်းကင်လွန်းရဲ့ မူလအရှိန်ထက် ငါးဆပိုမြန်တယ်။ ဒါပေမဲ့ ၁၅မိနစ်ပဲ တောင့်ခံနိုင်မှာ။ ဘယ်လိုထင်လဲ ချန်းပေ့”
“ဒါ မလုံလောက်ဘူး။ အားနည်းနေသေးတယ်” ထိုပညာရှင်က ခေါင်းခါလိုက်၏။
ထိုပညာရှင်သည် ရထားလုံးထဲမှ ပျံထွက်သွားတော့သည်။
ဘီး
ပေငါးရာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြန်၏။
စီးဝူယာ့သည် စိတ်ဝိညာဉ်သဏ္ဌာန် ဖျတ်ခနဲ ပေါ်လာပြီး ကောင်းကင်လွန်း၏ လမ်းကြောင်းကို ပိတ်ဆို့နေသော ပင်လယ်သားရဲအစုကို ဖျက်ဆီးလိုက်တာ တွေ့လိုက်ရ၏။
ဖုန်း ဖုန်း ဖုန်း
လေကို ထွန်းလင်းတောက်ပစေသော အနက်ရောင်စည်းတံဆိပ်သည် သူ့ရင်ထဲ၌ လိပ်ပြာပျံသန်းသကဲ့သို့ ဖြစ်နေတော့သည်။
ဘန်း
လူတစ်ယောက်ထပ် အဆပေါင်းများစွာ ပိုကြီးသော ငါးခေါင်းက ကုန်းပတ်ပေါ် ပြုတ်ကျလာ၏။
ကုန်းပတ်က အက်လာတော့သည်။
“ဒါကို ရှင်းလိုက်” စီးဝူယာ့က အမိန့်ပေးလိုက်သည်။
သွေးသံရဲရဲ ငါးခေါင်းနှင့် အနီးဆုံးဖြစ်သည့် ကျူးဟုန်ကုန်းက ယင်းကို ကန်ထုတ်လိုက်တော့၏။
ဝုတ် ဝုတ် ဝုတ်
ငါးခေါင်းလေထဲလွင့်နေတာကို မြင်သောအခါ ချုံးချီ၏အော်သံက ပိုမိုကျယ်လောင်လာသည်။
ထိုစဉ် ဘုံတစ်ထောင်လေပွေ ပညာရှင်က ပြောလိုက်၏။
“ငါ အကောင်းဆုံးကြိုးစားပြီးပြီ။ ဒီစည်းတံဆိပ်နောက်လိုက်ပြီး တောင်ဖက်ကို ဦးတည်သွား။ ဒါ မင်းတို့ကို ဘေးကင်းတဲ့နေရာဆီဦးဆောင်သွားလိမ့်မယ်။ ပြန်မလာဖို့ မှတ်ထားကြ”
ဝှစ်
အနက်ရောင်စည်းတံဆိပ်သည် လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းလာသည်။ ယင်းက ကောင်းကင်လွန်းအပေါ် ဆင်းသက်မည်ဟု ဆိုလိုတာပဲဖြစ်သည်။ သို့သော် ကောင်းကင်လွန်း၏ ပြင်းထန်စွာ လှုပ်ခါမှုကြောင့် အနက်ရောင်စည်းတံဆိပ်သည် ထန်ခမ်း၏ နဖူးပေါ်ကျသွား၏။
ထန်ခမ်းက ငြီးတွားလိုက်တော့သည်။
အဝေးကနေ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်၏ အသံက ပေါ်ထွက်လာသည်။
“လူငယ်လေးတို့ မင်းတို့ရဲ့ခန္ဓာကိုယ်ထဲက လေဟာနယ်စွမ်းအားကို ကောင်းကောင်းအသုံးချကြ။ ငါ့ကို စိတ်မပျက်စေနဲ့”
“ချန်းပေ့” စီးဝူယာ့က အော်ပြောလိုက်၏။ သန်မာသည့် ဖိအားကို သူခံစားလိုက်ရသည်။ သို့သော်ငြား မြူတို့က သူ၏အမြင်အာရုံကို ပိတ်ဆို့ထားသောကြောင့် ဘာမှမမြင်နိုင်ပေ။
ထိုအခိုက်အတန့်တွင် သူတို့က စွမ်းအင်မကျန်တော့ပေ။ ရေခဲများ မှုန်တိုင်းကဲ့သို့ ကျရောက်လာတာကိုသာ ပိတ်ဆို့ဖို့ကြိုးစားနေရသည်။ ဆိုးရွားလိုက်သည်။ သူတို့က ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်၏ အကူအညီတောင်ရထားသည်။
ကောင်းကင်လွန်းက အရပ်မျက်နှာပြောင်းသွားသည်နှင့် စီးဝူယာ့က အမိန့်ပေးလိုက်သည်။ “မြောက်ဖက်”
“ချီရှစ်ရှိုး အဲ့ဒီလူက ကျွန်တော်တို့ တောင်ဖက်သွားသင့်တယ်လို့ ပြောတယ်”
“ငါ သိတယ်” စီးဝူယာ့က ပြောလိုက်၏။
“မြောက်ဖက်” ဖန်လီထန်းက စီးဝူယာ့ကို ပံ့ပိုးပေးရန် အရင်ဆုံးပြောလိုက်သည်။
“သတ္တမသခင်လေးကို ယုံ။ မနှောင့်နှေးကြနဲ့”
“ဒါဆို မြောက်ဖက်ကို သွားမယ်။ သွားကြမယ်”
လူတိုင်းသည် ကောင်းကင်လွန်း၏ အရပ်မျက်နှာကို ပြောင်းလဲရန် အကောင်းဆုံးကြိုးစားလိုက်ပြီး ပိတ်နေသော မြူကနေထွက်သွား၏။
ချုံးချီက ဟောင်နေသေးဆဲဖြစ်သည်။ ချုံးချီလေးက မကူညီနိုင်ပေ။
ထန်ခမ်းက ကုန်းပတ်နောက်ရှိ မြူကို လှည့်ကြည့်ပြီး ငြီးတွားတော့သည်။
မြူထဲတွင် တောက်ပသည့် အလင်းတန်းနှစ်စက်ကို မြင်တွေ့ရသည်။
“အဲဒါဘာလဲ” ကျူးဟုန်ကုန်းက အော်ပြောလျက် သူ့ရင်ထဲ နှလုံးခုန်နှုန်း မြန်လာတော့သည်။
“စိတ်မပူနဲ့။ အဲဒါက ပင်လယ်သားရဲပျံပဲ” စီးဝူယာ့က ပြောလိုက်၏။
“ငါတို့တောင်ဖက်ကို သွားမယ်ဆိုရင် ဧရာမပင်လယ်သားရဲနဲ့တွေ့မှာ။ အဲ့ဒီလိုဆိုရင် ငါတို့ သေချာပေါက်သေမှာပဲ။ အစောတုန်းက ရုတ်ရုတ်သဲသဲဖြစ်ရပ်က ကြီးမားလွန်းတယ်။ ဧရာမပင်လယ်သားရဲကို နှိုးဆွမိမှာ ကြိမ်းသေတယ်။ ငါတို့ ပြန်သွားရင် သေလိမ့်မယ်။ ငါတို့ မြောက်ဖက်ကို သွားရင် ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်ခုရှိတယ်”
“သတ္တမသခင်လေး ပြောတာ ယုတ္တိရှိတယ်”
စီးဝူယာ့က ထပ်ပြောလိုက်သည်။ “ကောင်းကင်လွန်းကို မြှင့်ပြီး ငါတို့သွားကြမယ်”
ကောင်းကင်လွန်းက လေထဲမြင့်တက်လာစဉ် ထန်ခမ်းက ငြီးတွားပြီး နှာချေပြန်သည်။
အလင်းစက်နှစ်စက်ကလည်း ပိုမို ကပ်သထက်ကပ်လာသည်။
သူတို့နောက်ကို ပင်လယ်သားရဲပျံများလိုက်နေတာသိသည်။ သူတို့က ထိုသားရဲပျံများကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူတို့သည် ပင်လယ်သားရဲပျံများကို ခါချခဲ့ချင်ရုံသာရှိသည်။
ဘန်း
ထိခိုက်သံက ပေါ်လာတော့သည်။
ဘန်း
“ဆက်သွားလို့ မရတော့ဘူး။ ငါတို့တွေ ကောင်းကင်လွန်းကို ဖြိုခွဲခွင့် မပေးနိုင်ဘူး” စီးဝူယာ့သည် သူတို့အကြပ်အတည်းထဲမှ ထွက်နိုင်ရန် နည်းလမ်းကို စဉ်းစားနေစဉ် သူ၏စိတ်က တစ်မိနစ်ကို မိုင်တစ်သန်းအကွာအထိနှင်နေသည်။
“ထန်ခမ်းလား”
စီးဝူယာ့က ထန်ခမ်းကို ကြည့်လိုက်၏။
ဘန်း
ကုန်းပတ်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
စီးဝူယာ့က ခဏတာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်တော့သည်။
“အားလုံးခုခံကြ။ ထန်ခမ်း ငါနဲ့လိုက်ခဲ့”
ထန်ခမ်းသည် စီးဝူယာ့ကို လျစ်လျူရှုထား၏။
သူတို့ အချိန်ကြပ်နေပြီဖြစ်သည်။ ထို့ကြောင့် စီးဝူယာ့သည် တောင်ပံဖြန့်လျက် ထန်ခမ်းဆီပြေးသွားလိုက်သည်။
ထန်ခမ်းသည် စီးဝူယာ့၏လက်မောင်းထဲတွင် ရုန်းကန်နေကာ လွတ်မြောက်ဖို့ ကြိုးစားနေသည်။
စီးဝူယာ့က ထန်ခမ်းသည် သူပြောတာကို နာခံမှာ မဟုတ်ကြောင်း သိနေ၏။ ထို့ကြောင့် ထန်ခမ်းကို သူ၏စွမ်းအင်ဖြင့် ရစ်ပတ်အောင်ကြိုးစားလိုက်သည်။
သို့သော် ထန်ခမ်းက စွမ်းအင်ချုပ်နှောင်မှုကို ပိုတောင် ရုန်းကန်နေပုံပေါ်သည်။ သူက ဒေါသထွက်လာလျက် သွေးထွက်သည်အထိတောင် ရုန်းကန်တော့သည်။
ကျူးဟုန်ကုန်းက ယင်းကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။ သူ စိတ်လေးလံနေသောကြောင့် စကားမပြောနိုင်။ ပြီးနောက် သူသည် စီးဝူယာ့ဆီ ပြေးသွားလျက် စီးဝူယာ့၏လက်ကို ဆုပ်ကိုင်လိုက်၏။ “ချီရှစ်ရှိုး”
“ရှင်းပြဖို့ အချိန်မရှိဘူး။ ငါ့ကို ယုံ။ ထန်ခမ်းက သားရဲတွေကို သွေးဆောင်နိုင်တဲ့ မင်္ဂလာချီရှိတယ်။ ထန်ခမ်းပဲ သားရဲတွေကို အဝေးဆီမျှားသွားနိုင်မှာ”
ဘီး
ထန်ခမ်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အရွယ်အစားနှစ်ဆတိုးလာသည်။ ၎င်း၏ ကိုယ်ထည်ပေါ်ရှိ အမွှေးများ ဆန့်ထွက်လာ၏။ အပ်ကဲ့သို့ အမွှေးများသည် စီးဝူယာ့၏ စွမ်းအင်ချုပ်နှောင်မှုကို ထိုးဖောက်လျက် ရုန်းကန်နေသည်။
စီးဝူယာ့က ရွေးချယ်စရာမရှိဘဲ ထန်ခမ်းကို ပစ်ထုတ်လိုက်ရ၏။
ဘန်
ထန်ခမ်းက ကုန်းပတ်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားပြီး ယိမ်းခါနေပြီးသား ကောင်းကင်လွန်းကို ပိုတောင် လှုပ်ခါစေသည်။
စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်၏။ “လောင်ပါ့ ငါ့ကို ယုံ။ ဘေးကင်းကင်းနဲ့ ပြန်ယူလာခဲ့မယ်”
“မဟုတ်ဘူး” ကျူးဟုန်ကုန်းသည် စီးဝူယာ့ကို လက်ဝါးဖြင့်ရိုက်လိုက်၏။
ဘန်း
စီးဝူယာ့က ကုန်းပတ်ပေါ်ကျသွားသည်။ သူက ကျူးဟုန်ကုန်းကို အထိတ်တလန့် ကြည့်လိုက်တော့၏။ “မင်း”
ကျူးဟုန်ကုန်းသည် ကုန်းပတ်ရှေ့ကို ကြည့်လျက် ပြုံးကာ ပြောလိုက်တော့သည်။ “ကျွန်တော်က ကြောက်ရွံ့တတ်ပြီး အရာရာကို ကြောက်နေတာလို့ ရှစ်ရှိုးအမြဲပြောတယ်။ ဒါပေမဲ့ ကျွန်တော် သတ္တိရှိတယ်”
ပြီးနောက် ကျူးဟုန်ကုန်းက ရယ်မောလျက် ပြောလိုက်တော့သည်။ “ကျွန်တော့ကို သွားခွင့်ပေး။ အခက်အခဲတွေ့တဲ့အချိန်မှာ ရှေ့ထွက်ရဲတဲ့သူက တကယ့်လူလို့ ကျွန်တော့အဖေ ပြောခဲ့ဖူးတယ်။ စိတ်မပူနဲ့။ ကျွန်တော် အဆင်ပြေပါတယ်။ စန်းရှစ်ရှိုး၊ စစ်ရှစ်ရှိုး၊ ချီရှစ်ရှိုး၊ အကြီးအကဲလေးယောက်တို့ အနီရောင်ကြာနယ်မြေဆီ ကျွန်တော် ပြန်ရောက်တဲ့အခါ သောက်ကြမယ်”
ပြီးနောက် ကျူးဟုန်ကုန်းသည် ထန်ခမ်း၏ကျောပေါ်ခုန်တက်ကာ ပြောလိုက်သည်။ “ထန်ခမ်း သွားကြမယ်”
ထန်ခမ်းသည် ကျူးဟုန်ကုန်း ပြောတာကို နာခံတာ အံ့ဩစရာမရှိလောက်ပေ။ လေထဲ ခုန်တက်ပြီးနောက် သိပ်သည်းသောမြူထဲ ပျောက်ကွယ်သွားလေ၏။
“ချီရှစ်တိ” စီးဝူယာ့က လှမ်းအော်လိုက်သည်။ နောက်ကျော၌ တောင်ပံပေါက်လာလျက် ကောင်းကင်လွန်းဆီကနေ လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းလာသည်။ သူသည် ကောင်းကင်လွန်းပေါ်ရှိ ဝေဟင်ထဲ ရှေ့နောက်ပျံသန်းနေသည်။ သူက ဝေးဝေးမပျံသန်းရဲပေ။ လမ်းပျောက်သွားမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။
စီးဝူယာ့သည် ထန်ခမ်းကလေထဲ လှည့်ပတ်နေတာကို မြင်နေရ၏။ ၎င်းကိုယ်ပေါ်ရှိ အမွှေးများသည် တောက်ပသည့် ရွှေရောင်အပ်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
မြူက ပိုသိပ်သည်းလာပြီး စီးဝူယာ့ မမြင်လောက်သည်အထိ သိပ်သည်းလာသည်။ သို့သော် သူ၏ ပါ့ရှစ်တိနောက်သို့ ပင်လယ်သားရဲများ လိုက်သွားတာ ကြိမ်းသေသည်။
စီးဝူယာ့က လက်သီးကျစ်ကျစ်ဆုပ်လျက် ပြောလိုက်သည်။ “အရူးကောင်”
…
အခန်း (၈၇၈) လုလီ၏ ရွေးချယ်မှု
စီးဝူယာ့က အဆုံးမဲ့မြူခိုးများကို စိုက်ကြည့်နေမိသည်။ သိပ်မကြာခင် သူက ဟွားဝူတောက်၏ အသံကို ကြားလိုက်ရ၏။
“သတ္တမ သခင်လေး မြန်မြန်”
ပင်လယ်သားရဲများက လိုက်မဖမ်းဆီးတော့သည့်အခါ ကောင်းကင်လွန်းပေါ်ရှိ ဖိအားက အတော်အတန် လျော့ကျသွား၏။
စီးဝူယာ့က ဝေဟင်အထက် ပျံသန်းရင်း တောင်ပံတဖျတ်ဖျတ် ခတ်ကာ မြူခိုးများကြား ပိုမိုကောင်းမွန်စွာ မြင်ရအောင် လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သူ မည်မျှကြည့်စေကာမူ ကျူးဟုန်ကုန်းကို မတွေ့ရတော့ပေ။
ဟွားဝူတောက်က စီးဝူယာ့သည် လှုပ်ရှားမည့် အရိပ်အယောင် မရှိသည်ကို သိသည့်အခါ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လွှင့်လိုက်၏။
“ပြန်ရအောင်”
စီးဝူယာ့က လက်ဝါးစည်းတံဆိပ်ကို မြင်ပြီးသည့်နောက်တွင် ကောင်းကင်လွန်းဆီ အင်တင်တင်ဖြင့် ပြန်ရောက်လာသည်။
...
ကောင်းကင်လွန်း၏ ကုန်းပတ်ပေါ်
အားလုံးက ကြမ်းပြင်ပေါ် ထိုင်ကာ အသက်ပြင်းပြင်းရှူနေကြသည်။ သူတို့က ကပ်ဘေးကြီးမှ လွတ်မြောက်လာသလိုမျိုး ဖြစ်၏။
ထင်ထားသည့်အတိုင်း မြူခိုးကြားရှိ အလင်းပျောက် ၂ခုက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ခဏအကြာတွင် မင်ရှစ်ရင်က စီးဝူယာ့အနား လျှောက်လာကာ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“ပါ့ရှစ်တိက အမြဲလိုလို ကံကောင်းပါတယ်။ သူဘာမှဖြစ်မှာ မဟုတ်ပါဘူး”
ထိုစဥ် ကောင်းကင်လွန်းက လှုပ်ခါမနေတော့ဘဲ ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာ၏။
ခဏအကြာတွင် စီးဝူယာ့က အသက်ပြင်းပြင်းရှူကာ ကျောကို မတ်မတ်ထားလိုက်ရင်း ပြောလိုက်သည်။
“ရှစ်စွင်းနဲ့ ဆက်သွယ်ရမယ်”
“ကောင်းပြီ”
...
ကျူးဟုန်ကုန်းက ထန်ခမ်းကို စီးနင်းကာ ဝေဟင်အထက် ပျံသန်းလာနေသည်။ သူက ပင်လယ်ထဲ ကျဆင်းတော့မည့်ဆဲဆဲတွင် သူ့မြင်ကွင်းက ကျယ်ပြန့်လာသလို ခံစားလိုက်ရ၏။ သူက အသက်ဓာတ်စွမ်းအားကို ထုတ်ဖော်ကာ ထန်ခမ်းအား ရစ်ပတ်ပေးလိုက်သည်။
လူတစ်ယောက်နှင့် တောဝက်ရိုင်းတစ်ကောင်က ပင်လယ်မျက်နှာပြင်အထက် ပျံသန်းလာကြ၏။
ကျူးဟုန်ကုန်းက သူ့မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်နေရင်း အတွေးများကို စုစည်းဖို့ အချိန်မရှိပေ။
တိမ်မဲများက အဆုံးမဲ့ ပြန့်ကျဲနေဟန်ပေါ်၏။ သူ့အောက်တွင် အဆုံးမဲ့ပင်လယ်ပြင် ရှိနေလေသည်။ တစ်ချိန်တည်းဆိုသလို နဂါးကဲ့သို့ ခုန်ကူးသည့် ငါးများကို နေရာအနှံ့ မြင်တွေ့နိုင်လေသည်။ ပင်လယ်က သူ့ဝန်းကျင်တွင် ရှိနေပြီး ပင်လယ်ပြင်ရှိ အနက်ရောင်ပုံရိပ်များစွာကိုလည်း မြင်တွေ့နေရသည်။
“အမလေးလေး ငါ့စကားကို ပြန်ရုပ်သိမ်းလို့ ရသေးလား”
ပင်လယ်သားရဲများက ပင်လယ်မျက်နှာပြင်အထက် အရသာရှိသည့် တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ပင်လယ်မှ ခုန်ထွက်လာကြသည်။
ထိုစဥ် ကျူးဟုန်ကုန်းက ဧရာမ သားရဲကြီးသည် မြူခိုးကြားမှ ခုန်ထွက်လာသည်ကို မြင်လိုက်ရ၏။ သူက အော်ပြောလိုက်သည်။
“သွား သွား သွား”
ထန်ခမ်းက အလျင်အမြန် ပျံသန်းလိုက်ပြီး ပင်လယ်သားရဲများကြား ဖြတ်သန်းလာလိုက်သည်။ ထိုအရာက နိမ့်ချည်မြင့်ချည် ပျံသန်းလာပြီးသည့်နောက် ပင်လယ်သားရဲများ၏ အဝေးကို ထွက်သွားဖို့ ကြိုးစားလိုက်၏။
ဗွမ်း
ထိုစဥ် ကောင်းကင်ထိလုမတတ် လှိုင်းလုံးကြီးတစ်ခုက ကျူးဟုန်ကုန်း ရှေ့မှ ပေါ်ထွက်လာသည်။
လှိုင်းလုံးအလယ်တွင် မိချောင်းနှင့်တူသည့် ပင်လယ်သားရဲတစ်ကောင်က ခေါင်းပြူလျက် ထွက်ပေါ်လာသည်။ ထိုအရာ၏ မျက်ဝန်းများက အင်မတန် ကြီးမားလှ၏။
ကျူးဟုန်ကုန်းက ထိုပင်လယ်သားရဲကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်သည်။
“သွားပြီ သွားပြီ။ ငါက လက်တောင်မထပ်ရသေးဘူးလေ”
လှိုင်းလုံးကြီးက ရေလိုက်ကာအလား ကျူးဟုန်ကုန်း၏ လမ်းကို ပိတ်ဆို့ထား၏။ သူက ပင်လယ်သားရဲ ပါးစပ်ဟပြီး သူ့ဆီ ခုန်အုပ်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။
ပင်လယ်သားရဲကြီးက ကျူးဟုန်ကုန်းဆီ ရောက်လာတော့မည့်ဆဲဆဲတွင်
ဝှစ်
ပင်လယ်သားရဲအထက် အနက်ရောင်ကြာတစ်ခု ထွက်ပေါ်လာ၏။
ဝုန်း
ပေါင် ၁၀၀၀အလေးချိန်ရှိသည့် တူဖြင့် ရိုက်ချလိုက်ဟန်ပေါ်သည်။
ထိုစဥ် ဧရာမကြယ်တာရာ ဒိုင်ခွက်တစ်ခုကို အနက်ရောင် စိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်ခြေတွင် မြင်တွေ့နေရသည်။ မွေးဖွားဇယားချပ်က ဝံ့ဝံ့စားစား တောက်ပလာကာ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
ဘန်း ဘန်း ဘန်း
ထိုအလင်တန်းများက ကျူးဟုန်ကုန်းဆီ ကျရောက်လာ၏။ တချို့က သူ့ပခုံးကို ဖြတ်သန်းသွားကာ တချို့က သူ့ခေါင်းအထက် ဖြတ်သန်းသွားသည်။
ကျူးဟုန်ကုန်းက ကြောင်အမ်းနေမိသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ပင်လယ်သားရဲများ၏ ရင်ဘတ်သည် ထိုးဖောက်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
ဗွမ်း ဗွမ်း ဗွမ်း
ပင်လယ်သားရဲများ၏ အလောင်းများက ပင်လယ်အတွင်း တစ်ခုပြီးတစ်ခု ပြုတ်ကျသွားကာ ရေကိုပင် သွေးနီရောင် ပြောင်းသွားစေသည်။
ကျူးဟုန်ကုန်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံ လှည့်ကြည့်လာသည်။ စိတ်ဝိညာဥ်သဏ္ဌာန်အလယ်တွင် သွေးစွန်းနေသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။ တစ်ချိန်တည်းဆိုသလို သူက ထိုအမျိုးသား၏ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်သည် ကမ္ဘာဦးချီ ဆက်တိုက် ထုတ်လွှင့်နေသည်ကို ခံစားမိလိုက်သည်။ သူက အသိပြန်ကပ်လာသည့်အခါ တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“ခင်ဗျားက ချီပင်လယ်ကို လောင်ကျွမ်းပစ်လိုက်တာလား”
“မင်းက ဘာစောင့်နေတာလဲ။ ထွက်သွားတော့”
ကျူးဟုန်ကုန်းက အလျင်အမြန် ပြောလိုက်၏။
“ချန်းပေ့ ခင်ဗျားက မသေသေးဘူးပဲ”
ထို့နောက် သူက ပါးစပ်ကို ပိတ်ရိုက်ကာ ဆက်ပြောလိုက်သည်။ “ကျွန်တော်က အဲဒီလိုပြောချင်တာ မဟုတ်ပါဘူး”
ကျူးဟုန်ကုန်းက ထန်ခမ်းအား ထိုအနက်ရောင်ကြာ ကျင့်ကြံသူရှိရာဆီ သွားခိုင်းလိုက်သည်။
အနက်ရောင်ကြာ ကျင့်ကြံသူက ချီပင်လယ် လောင်ကျွမ်းမှု၏ နာကျင်မှုကို တောင့်ခံရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက မေးလိုက်၏။
“မင်းက ဘာလို့ ငါ့အကြံဉာဏ်အတိုင်း မလုပ်တာလဲ”
ထိုစဥ် ကျူးဟုန်ကုန်းက သူ့ကို တိုက်ခိုက်လာသည့် ပင်လယ်သားရဲကြီးသည် ပင်လယ်အထက် ပေါလောပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အနက်ရောင်ကြာဆီမှ ထိချက်ပြင်းပြင်း ခံယူပြီးသည့်နောက် ဒဏ်ရာမှ သွေးများထွက်ပေါ်လာကာ မီတာ ၁၀၀ပတ်လည်တွင် သွေးနီရောင်ပြောင်းသွားစေသည်။
ခဏအကြာတွင် ကျူးဟုန်ကုန်းက ပြောလိုက်၏။
“ချီရှစ်ရှိုးက တောင်ဘက်မှာ ဧရာမသားရဲကြီး ရှိတယ်လို့ ပြောတယ်။ တကယ်လို့ ကျုပ်တို့ တောင်ဘက်ကို သွားရင် သေချာပေါက် သေလိမ့်မယ်။ ချန်းပေ့ရော အဆင်ပြေရဲ့လား။ အာ ထပ်ပြီးတော့ သွေးအန်နေပြန်ပြီ”
“...”
အနက်ရောင်ကြာ ကျင့်ကြံသူက ကျူးဟုန်ကုန်းနှင့် စကားပြောဖို့ အချိန်မရှိပေ။ သူက ကျူးဟုန်ကုန်းနှင့် ထန်ခမ်းကို ကြည့်ကာ ပြောလိုက်၏။
“မင်းဆီမှာလည်း မဟာလေဟာနယ်ရဲ့ အငွေ့အသက် ရှိတယ်။ မင်းက ဒီလိုသားရဲမျိုးရှိတာ မထူးဆန်းတော့ဘူး”
“အဲဒါက ဘာကိုပြောချင်တာလဲ”
“ကြည့်ရတာ ဒါက ကံကြမ္မာပဲ ထင်တယ်”
“သတိထားအုံး” ကျူးဟုန်ကုန်းက အလန့်တကြားဖြင့် အော်ပြောလိုက်သည်။
ထိုစဥ် အဘက်ဘက်မှ သားရဲများစွာက တစ်ပြိုင်နက် ခုန်အုပ်လာကြ၏။
အနက်ရောင်ကြာ ကျင့်ကြံသူက လက်ဝါးချက်ကို ရိုက်ထုတ်လိုက်သည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ ကမ္ဘာဦးချီ ထွက်ပေါ်လာသည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က လှုပ်ရှားလာကာ လေပွေများကို ဖြစ်ပေါ်လာပြီး လှိုင်းလုံးများကို ဆူနာမီအလား မြင့်တက်လာစေသည်။
ဝုန်း
စိတ်ဝိညာဥ်သဏ္ဌာန်က ပင်လယ်သားရဲများကို လွင့်စဉ်သွားစေ၏။
“ခင်ဗျား ဒီလိုဆက်နေတယ်ဆိုရင် သေသွားလိမ့်မယ်” ကျူးဟုန်ကုန်းက စိုးရိမ်စွာ ပြောလိုက်သည်။ သူ့ရှေ့ရှိ လူက သူ့နောက်ဆုံးသော စွမ်းအားကိုပင် ညှစ်ထုတ်နေသည်ကို မည်သို့မပြောနိုင်ဘဲ နေမည်နည်း။
အနက်ရောင်ကြာ ကျင့်ကြံသူက ကျူးဟုန်ကုန်းကို အာရုံမစိုက်ဘဲ ပင်လယ်သားရဲများကိုသာ စိုက်ကြည့်နေသည်။
ကီလိုမီတာပတ်လည်အတွင်းရှိ ရေပြင်က အနက်ရောင်ပြောင်းလဲသွား၏။ ပြောရလျှင် ပင်လယ်ရေက အနက်ရောင် ပြောင်းလဲသွားခြင်း မဟုတ်ဘဲ အောက်ဘက်မှ တစ်စုံတစ်ခု မြင့်တက်လာခြင်းသာ ဖြစ်သည်။
ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျူးဟုန်ကုန်း၏ အရေပြားထက် ကြက်သီးတဖြန်းဖြန်း ထလာ၏။
အနက်ရောင်ကြာ ကျင့်ကြံသူက ကျူးဟုန်ကုန်းကို ဆွဲကာ မြူခိုးအထက် ပျံသန်းလိုက်သည်။
ဝှစ်
ဧရာမသားရဲကြီးက ပင်လယ်အထက် ခုန်ထွက်လာ၏။ ထိုခန္ဓာကိုယ်နှင့် ဦးခေါင်းက သွေးသံရဲရဲ ဒဏ်ရာများစွာ ရှိနေလေသည်။
“သတိထား” အနက်ရောင်ကြာ ကျင့်ကြံသူက ကျူးဟုန်ကုန်းကို လွှတ်ချပြီးသည့်နောက်တွင် ပြောလိုက်သည်။ ထို့နောက် သူက နောက်ထပ် စကားမပြောဘဲ ပင်လယ်အတွင်း ငုံ့ဆင်းသွား၏။
ယခင်ကဲ့သို့ ကြယ်တာရာ ဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်က တောက်ပလာကာ အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း
အလင်းတန်းများက ပင်လယ်သားရဲပေါ် ကျဆင်းလာ၏။ ယခင်ဒဏ်ရာများနှင့်အတူ နောက်ဆုံးဒဏ်ရာများက ဒဏ်ရာအပြင်းအထန် ရရှိသွားသေးသည်။
ဘန်း
အနက်ရောင်ကြာ ကျင့်ကြံသူက လက်ကို ဆန့်ထုတ်လိုက်၏။
ဝှစ်
ထူးဆန်းသည့် အရောင်ရှိသည့် သလင်းကျောက်က အနက်ရောင်ကြာ ကျင့်ကြံသူ၏ လက်အတွင်း ပျံသန်းလာသည်။
“ဒါက အသက်ဓာတ် နှလုံးသားပဲ” ကျူးဟုန်ကုန်းက တအံ့တသြဖြင့် ရေရွတ်လိုက်၏။
ထို့နောက် ရုတ်ခြည်းဆိုသလို အနက်ရောင်ကြာ ကျင့်ကြံသူက အသက်ဓာတ် နှလုံးသားကို ကျူးဟုန်ကုန်းဆီ ပစ်ပေးလိုက်သည်။
“ဖမ်းလိုက်”
ကျူးဟုန်ကုန်းက မသိလိုက်ဘဲ အသက်ဓာတ် နှလုံးသားကို ဖမ်းလိုက်သည်။ သူက နားမလည်နိုင်စွာ ပြောလိုက်၏။
“ချန်းပေ့ … ခင်ဗျား ခင်ဗျားက ... “
“ငါက ပြန်ဖို့ နည်းလမ်းမရှိဘူး” အနက်ရောင်ကြာ ကျင့်ကြံသူက ခေါင်းအသာယမ်းကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“မင်းမှာ မဟာလေဟာနယ်အငွေ့အသက်မျိုး ရှိတယ်။ မြန်မြန်သွက်သွက်လက်လက် ထွက်သွားတော့။ ဒီဟာက သေသွားပြီးရင် ဒီနေရာမှာ ရှိတဲ့ ပင်လယ်သားရဲတွေကို ဆွဲဆောင်လိမ့်မယ်”
“ကျွန်တော်က ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ။ ချန်းပေ့ သေလို့မဖြစ်ဘူး” ကျူးဟုန်ကုန်းက အသက်ဓာတ် နှလုံးသားကို အိတ်ကပ်အတွင်း ထည့်သိမ်းပြီးနောက် ပြောလိုက်သည်။ သူက ထန်ခမ်းကို အမိန့်ပေးလိုက်၏။
“ထန်ခမ်း သူ့ကို ကယ်လိုက်”
ကျူးဟုန်ကုန်းကို ကျောပေါ် သယ်ဆောင်ရင်း ထန်ခမ်းက အနက်ရောင်ကြာ ကျင့်ကြံသူဆီ ပျံသန်းလာသည်။
“အရူး” အနက်ရောင်ကြာ ကျင့်ကြံသူက စိတ်ပျက်စွာ ပြောလိုက်သည်။ ထိုစဥ် ပင်လယ်သားရဲများက သူ့ဆီ အဘက်ဘက်မှ ပြေးဝင်လာကြ၏။
ပင်လယ်မျက်နှာပြင်အထက် ဧရာမရေယပ်တောင်များစွာက ဖြတ်ပြေးသွားသည်။
“ငါ ပြောတာကို နားမလည်ဘူးလား” အနက်ရောင်ကြာ ကျင့်ကြံသူက ကျူးဟုန်ကုန်းကို ထွက်သွားဖို့ ဆော်သြလိုသည်။
“ပါးစပ် ပိတ်ထား” ကျူးဟုန်ကုန်းက ပြောလိုက်၏။ သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာကာ အနက်ရောင်ကြာ ကျင့်ကြံသူဝန်းကျင်တွင် ကာကွယ်ရေးအလွှာတစ်ခု ထားရှိလိုက်ပြီး သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။
“မင်း ”
“ဘာ .. မင်း တုံး။ တကယ်လို့ ခင်ဗျားကို မကယ်ဘူးဆိုရင် သေချာပေါက် သေရလိမ့်မယ်။ သွားကြစို့” ကျူးဟုန်ကုန်းက ထန်ခမ်းကို အဝေးတစ်နေရာကို ညွှန်ကြားရင်း ပြောလိုက်သည်။
ထန်ခမ်းက လျှပ်စီးလို အလျင်ဖြင့် ပျံသန်းလာ၏။
အနက်ရောင်ကြာ ကျင့်ကြံသူက အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်ဆီမှ ဤသို့သော အပြုအမူမျိုးဖြင့် တစ်ခါမှ မပြောမခံဘူးပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဒေါသထွက်ဟန် မပေါ်ပေ။ ထိုအစား သူက သက်ပြင်းချကာ ခေါင်းအသာယမ်းပြီး “မင်းက သေရမှာ မကြောက်ဘူးလား”
“သေရမှာ ကြောက်တာပေါ့။ ဒါပေမဲ့ သေရမှာ ကြောက်နေလို့ရော ဘာအသုံးဝင်လို့လဲ” ကျူးဟုန်ကုန်းက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြန်ပြောလိုက်သည်။
ထန်ခမ်းက အရွယ်အစား ကြီးမားလာလေ၏။
“အမ်” အနက်ရောင်ကြာ ကျင့်ကြံသူက ထိုအရာကို မြင်သည့်အခါ အနည်းငယ် ကြောင်အမ်းသွားဟန်ပေါ်၏။ “စိတ်ဝင်စားစရာပဲ”
ဧရာမ ပင်လယ်သားရဲများစွာက သူတို့နောက် လိုက်ဖမ်းနေကြဆဲ ဖြစ်၏။
ထိုစဥ် ပင်လယ်သားရဲ ၂ကောင်က သူတို့ဆီ ခုန်အုပ်လာသည်။
အနက်ရောင်ကြာ ကျင့်ကြံသူက လက်ကို ဝှေ့ယမ်းပြီး အနက်ရောင် စွမ်းအင်ဓားမော့လှိုင်းများကို ထုတ်ဖော်လိုက်သည်။
ပင်လယ်သားရဲများက ချက်ချင်းဆိုသလို ၂ပိုင်း ပြတ်သွားလေ၏။
ထို့နောက် အနက်ရောင်ကြာ ကျင့်ကြံသူက ပြောလိုက်သည်။ “ငါတို့တွေ ဒီလိုဆက်သွားနေလို့ မဖြစ်ဘူး။ မင်းရဲ့ စီးတော်သားရဲက အတော်လေး ထူးခြားတယ်ဆိုတော့ လွတ်မြောက်နိုင်ချေ ရှိသေးတယ်။ ငါ့တည်နေရာအတိုင်း လိုက်သွားပြီးတော့ ငါ့ကို ချန်ထားခဲ့”
ကျူးဟုန်ကုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကျုပ်က ကျေးဇူးကြွေးတင်ရတာ မကြိုက်ဘူး”
ကျူးဟုန်ကုန်းက လက်ကို မြှောက်လိုက်စဥ် သူ့လက်၌ ရွှေရောင်လက်အိတ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် သူက သားရဲငယ်များကို ထိုးချလိုက်၏။
အနက်ရောင်ကြာ ကျင့်ကြံသူက တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ကျူးဟုန်ကုန်း၏ ကျောထံ လက်ဝါးဖြင့် ဖိကပ်လိုက်သည်။
“ဘာလုပ်နေတာလဲ” ကျူးဟုန်ကုန်းက သူ့ချီသွေးကြော ၈ခုဆီ ကမ္ဘာဦးချီ ဝင်ရောက်လာသည်ကို ခံစားမိလိုက်၏။ သိပ်မကြာခင် သူ့ချီပင်လယ်က အားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသည့် အလင်းတန်း ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲများက ကြောက်ကြောက်လန့်လန့်ဖြင့် ပင်လယ်အောက်ခြေသို့ ပြန်လည်ငုံ့ဆင်းသွားကြသည်။
“ရပ်လိုက်တော့” ကျူးဟုန်ကုန်းက ခက်ထန်စွာ ပြောလိုက်သည်။
“ငါက ချီပင်လယ်ကို လောင်ကျွမ်းပြီးသွားပြီ။ ငါ့ဆီမှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ တတ်နိုင်သလောက် မင်းကို ပေးမယ်။ ဘာပဲဖြစ်ဖြစ် ပင်လယ်အောက်ခြေဆီ အလကား ယူဆောင်သွားတာထက် ပိုကောင်းပါတယ်”
“ဘာလို့လဲ” ကျူးဟုန်ကုန်းက နားမလည်နိုင်စွာ မေးလိုက်၏။
“မင်းက ငါ့ကို ကယ်ဖို့ အရာအားလုံးကို စတေးခဲ့တာလေ။ အခုဘယ်လောက် အကျိုးအမြတ် ရမလဲဆိုတာကိုတော့ မင်းကံကောင်းမှုပေါ်ပဲ မူတည်တော့တယ်” အနက်ရောင်ကြာ ကျင့်ကြံသူက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ချီသွေးကြော ၈ခုနှင့် ချီပင်လယ်အတွင်း စွမ်းအားတိုးပွားလာသည်ကို ခံစားမိလိုက်သည်။
သိပ်မကြာခင် အနက်ရောင်ကြာ ကျင့်ကြံသူ၏ ချီပင်လယ်က လောင်ကျွမ်းမှု ရပ်တန့်သွားပြီး တုန်တုန်ယင်ယင် ဖြစ်လာလေ၏။ ကျူးဟုန်ကုန်း၏ ပခုံးကို ပုတ်လိုက်ရင်း မောပန်းနွမ်းလျသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
“အခု မင်းအပေါ်ပဲ မူတည်တယ်”
အနက်ရောင်ကြာ ကျင့်ကြံသူက ပြုတ်ကျတော့မည့်ဆဲဆဲတွင် ကျူးဟုန်ကုန်းက လှည့်လာသည်။ သူက စွမ်းအင်တစ်ခု ထုတ်ဖော်လိုက်ပြီး အနက်ရောင်ကြာ ကျင့်ကြံသူအား ရစ်ပတ်ကာ အော်ပြောလိုက်၏။
“ထန်ခမ်း”
ထန်ခမ်းက ကျူးဟုန်ကုန်း၏ စိတ်ကို ဖတ်နိုင်သည့်အလား အသံတစ်ချက် ပေးလိုက်ပြီးနောက် ကောင်းကင်အထက် မြင့်မြင့်ပျံသန်းကာ မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားကြသည်။
…
အခန်း (၈၇၉) အနက်ရောင်ကြာပွင့်နှင့် ကောင်းကင်ကျမ်းစာစွမ်းအား
ကောင်းကင်သိုင်းခုံရုံးထဲရှိ စာပေကြယ်တာရာသိုင်း ခုံရုံးထဲတွင် ဖြစ်သည်။
ကောင်းကင်ကျမ်းစားကို နှစ်ရက်ကြာ ဆင်ခြင်သုံးသပ်ပြီးနောက် လုကျိုးသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားများကို အပြည့်ဖြည့်လိုက်ပြီး ဖြစ်သည်။
ပြီးနောက် သူသည် ကျင့်ကြံရန် အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ ယခု သူ၏ကျင့်ကြံမှုသည် ဤအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ဝယ်ရန် အမြဲတမ်း အားကိုး၍ မရပေ။
သူသည် စနစ်မျက်နှာပြင်ကို ဖွင့်ပြီး အနန္တအထွတ်အထိပ်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်ငြား တန်ကြေးကို မြင်သောအခါ သူက မေးခွန်းသင်္ကေတအတန်းလိုက်ကိုသာ တွေ့လိုက်ရသည်။
“...”
သူသည် ဘုံတစ်ထောင်လေပွေကို ရရှိခဲ့ပြီးဖြစ်၏။ သို့သော်ငြား အသင်္ချေအထွတ်အထပ်၏ တန်ကြေးကို သူ မမြင်နိုင်သေးပေ။ နှစ်ခုကြား ကြီးမားသည့် ကွာဟချက်ရှိနေသည်လော။
“မျှော်နန်းသခင်” မုန့်ချန်းတုန်က ခန်းမထဲသို့ ရောက်လာစဉ် စိုးရိမ်ပူပန်စွာ လှမ်းခေါ်လျက် သူ၏လက်ထဲတွင် အစီအရင်တစ်ခုနှင့် အဆောင်တချို့တို့ကို ကိုင်ထားလေ၏။
“ဘာကိစ္စလဲ” လုကျိုးက မေးလိုက်၏။
“သတ္တမသခင်လေး တစ်ခုခုဖြစ်နေပြီ” မုန့်ချမ်းတုန်က အဝတ်စကို ဖြန့်လျက် အဆောင်ကို မီးရှို့လျက် ပြောလိုက်တော့သည်။ မကြာမီ၌ လေထဲတွင် ရုပ်ပုံလွှာတစ်ခု ပေါ်လာသည်။
လုကျိုးသည် ကောင်းကင်လွန်းပေါ်ရှိ စီးဝူယာ့ကို တွေ့လိုက်ရ၏။ သူတို့ မြူထဲတွင် ရှိနေပုံပေါ်သည်။
စီးဝူယာ့က ဒူးထောက်လျက် ပြောလိုက်သည်။ “ကျွန်တော် အမှားကြီးတစ်ခု လုပ်ခဲ့မိပါတယ်။ ရှစ်စွင်း ကျေးဇူးပြုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပါ”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “အရင်ဆုံးပြော”
မင်ရှစ်ရင်က ထိုစဉ် ဝင်ဖြတ်ပြောလိုက်သည်။ “ရှစ်စွင်း ဖြစ်ခဲ့သမျှကို ကျွန်တော် ပြောပါရစေ”
ပြီးနောက် မင်ရှစ်ရင်သည် ဖြစ်ခဲ့သမျှ အကြောင်းစုံကို သူ့ရှစ်စွင်းအား ပြန်ပြောပြလိုက်သည်။
မင်ရှစ်ရင်သည် အနက်ရောင်ကြာပွင့်သိုင်းပညာရှင်နှင့် ဘုံတစ်ထောင်လေပွေအ စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း ပြောသောအခါ လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။
“လုလီ”
လုကျိုး၏ စကားကိုကြားသောအခါ ကောင်းကင်လွန်းထဲရှိလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဇဝေဇဝါဖြစ်ကုန်၏။
“အနက်ရောင်ကြာပွင့် သိုင်းပညာရှင်ရဲ့ နာမည်က လုလီလား”
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ငါ သူ့ကို တစ်ခါတွေ့ဖူးတယ်။ မင်းတို့ ပြောပြချက်အရ သူက လုလီဖြစ်လောက်တယ်။ သူ အဆုံးမဲ့ သမုဒ္ဒရာဆီ တကယ်သွားမယ်လို့ မထင်ထားဘူး”
မင်ရှစ်ရင်က ခေါင်းကုတ်လျက် မေးလိုက်တော့သည်။ “သူက ပင်လယ်သားရဲကို သတ်ဖို့ အဆုံးမဲ့သမုဒ္ဒရာဆီ ဘာကြောင့် သွားတာလဲ။ သူသာ ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်ခဲ့ဘဲ ပင်လယ်သားရဲတွေကို မဆွဲဆောင်ခဲ့ဘူးဆိုရင် ပါ့ရှစ်တိက ဒုက္ခရောက်မှာ မဟုတ်ဘူး”
လုကျိုးသည် မင်ရှစ်ရင်ကို ချက်ချင်းအကြောင်းမပြန်ပေ။ ထိုအစား သူ မျက်လုံးမှိတ်လျက် စိတ်ထဲ ဂါထာရွတ်ဆိုလိုက်သည်။ စကြဝဠာထဲရှိ သက်ရှိသတ္တဝါများအားလုံးအတွက် သူတို့သေခြင်း၊ ရှင်ခြင်း၊ ကြင်နာမှု၊ ဆိုးယုတ်မှု၊ ကုသိုလ်အကုသိုလ်အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်။
လုကျိုး၏မျက်လုံးသည် အပြာရောင်အလင်းဖြင့် တောက်ပလာပြီး အဆုံးမဲ့သမုဒ္ဒရာကို တွေ့လိုက်ရ၏။ ထန်ခမ်းသည် လူနှစ်ယောက်ကို သယ်ဆောင်သွားလျက် အမည်မသိနေရာဆီသို့ သွားလိုက်သည်။
သူသည် ဒုက္ခမိုင်တစ်ရာရှုကွင်းအဆင့်နှင့် ယှဉ်လျှင် ကောင်းကင်ကျမ်းစာစွမ်းအားကို အသုံးပြုသောအခါ ထူးကဲစွမ်းအားကို သုံးစွဲသည့်အရှိန်က လျော့ကျသွားပုံရသည်။ မည်သို့ပင်ဆိုစေ ၎င်းသည် ထူးကဲအံ့ဖွယ်စွမ်းအားများစွာ ကုန်ဆုံးသွား၏။
အသက်ရှိုက်စာ အနည်းငယ်တွင် လုကျိုးသည် ထူးကဲအံ့ဖွယ်စွမ်းအား၏ သုံးပုံတစ်ပုံကို လျော့ပါးစေပြီးဖြစ်သည်။ သူက စွမ်းအားကို ရပ်တန့်လျက် မျက်လုံးဖွင့်လိုက်ကာ လေထဲရှိ ရုပ်ပုံလွှာကို ကြည့်ပြီးပြောလိုက်၏။ “သူ အခု အဆင်ပြေလောက်တယ်”
မင်ရှစ်ရင်က သက်ပြင်းချလိုက်၏။ ထင်သည့်အတိုင်းပင် သူ၏ရှစ်စွင်းသည် လူတိုင်းကို နှစ်သိမ့်ရန် ထိုစကားများပြောခဲ့သည်။
ထိုစဉ် စီးဝူယာ့က သူ့ခြေထောက်သို့ ဒေါသတကြီးရိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်တော့သည်။ “လူတိုင်းဆီမှာ အမှတ်အသားတစ်ခု ထားခဲ့သင့်တာ”
အမှတ်အသားများသည် ခြေရာခံသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သူတို့က အလွန်ပါးလျပြီး ဖယ်ရှားရန် လွယ်ကူ၏။ ထို့ကြောင့် သူတို့ကို ကျော်ကြည့်မိဖို့ လွယ်ကူသည်။ သူတို့ကို အသုံးပြုတာက ပိုကောင်းသည်။ တစ်ယောက်နှင့်တစ်ယောက်ခြေရာခံရန် သို့မဟုတ် အသိအကျွမ်းကို ဆက်သွယ်ရန်အတွက် အသုံးပြုနိုင်၏။
“ဉာဏ်ရှိတဲ့လူတွေတောင် အမှားလုပ်တတ်သေးတာပဲ။ မင်း အကောင်းဆုံးကြိုးစားခဲ့တယ်။ မင်းကိုယ်မင်း အပြစ်တင်စရာမလိုဘူး” လုကျိုးက ပြောလိုက်၏။
သူ၏ရှစ်စွင်းက သူ့ကို အပြစ်မတင်သော်ငြား စီးဝူယာ့က သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားရ၏။ ဤနေရာသည် အခြားနေရာမဟုတ်။ အဆုံးမဲ့သမုဒ္ဒရာဖြစ်သည်။ အသေးငယ်ဆုံးအမှားကတောင် သေစေနိုင်၏။
ထိုစဉ် မင်ရှစ်ရင်က ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။ “ရှစ်စွင်း လုလီအကြောင်းကကော”
စီးဝူယာ့က ဖြတ်ပြောလိုက်၏။ “သူက မဟာလေဟာနယ်အကြောင်း ထည့်ပြောခဲ့တယ် ထင်တာပဲ”
လုကျိုးသည် စိတ်ဝင်စားသွားသည်။ ဆိုလိုသည်က အနက်ရောင်ကြာနယ်မြေသည် မဟာလေဟာနယ်နှင့် မဟာလေဟာနယ်မျိုးစေ့အကြောင်း သိ၏။ မဟာလေဟာနယ်မျိုးစေ့သည် ရတနာတစ်ပါးဆိုလျှင် လူများစွာ၏ အာရုံစူးစိုက်မှုကို စွဲဆောင်မိမှာ ကြိမ်းသေ၏။ သို့သော် လုလီသည် အဆုံးမဲ့သမုဒ္ဒရာထဲ မဟာလေဟာနယ်ပြုတ်ကျသွားတာကို ကြည့်နေမည့်အစား သူ့ကိုယ်သူ စတေးခဲ့သည်လား။
ခဏအကြာတွင် လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။ “မင်းတို့ ဒီလျှို့ဝှက်ချက်ကို ထိန်းထားရမယ်”
“နားလည်ပါပြီ”
“မင်းတို့တွေ ဒီနေရာဆီ ခရီးတစ်ဝက်ကျော်လာခဲ့ပြီးပြီ။ ဒီအရှိန်နဲ့ဆို မင်းတို့တွေ ငါးရက်အတွင်းအနီရောင်ကြာနယ်မြေကို ရောက်လိမ့်မယ်။ အဲ့ဒီအချိန် မင်းတို့ကို ကြိုဖို့ တစ်ယောက်ကို လွှတ်လိုက်မယ်” လုကျိုးက ပြောလိုက်၏။ လူတိုင်းက အရိုအသေပေးလိုက်၏။
လုကျိုးက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ “လောင်ပါ့အတွက်ကတော့ သူက ထန်ခမ်းနဲ့ဆို ဘေးကင်းမှာပါ”
စီးဝူယာ့က ပြောလိုက်၏။ “တကယ်ပဲ ထန်ခမ်းက ထူးကဲတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို ရောက်တဲ့အချိန် သူက အခဲအခက်မရှိ အရံအတားကို ဖောက်ဝင်လာနိုင်တာ။ အဲ့ဒီတုန်းက အဲ့ဒီကောင်ကို ယဉ်ပါးအောင်လုပ်ဖို့ ပါ့ရှစ်တိကို အမိန့်ပေးထားခဲ့တယ်။ ကျွန်တော် မထင်ထားတာက အားလုံးက အဆုံးကျ ထန်ခမ်းကို ကျေးဇူးတင်ရမှာပဲ”
လုကျိုးက အသံအနည်းငယ်မြှင့်လျက် တင်းမာစွာပြောလိုက်သည်။ “ဒီလိုပဲဖြစ်ရမှာပေါ့။ ငါ့စီးတော်သားရဲက ဘယ်လိုကြောင့် သာမန်ဖြစ်ရမှာလဲ”
“အမ်”
စီးဝူယာ့နှင့် မင်ရှစ်ရင်က ပါးစပ်အဟောင်းသားဖြင့် သူတို့ရှစ်စွင်းကို ကြည့်နေသည်။ တွမ့်မူရှန်း၊ ကျန်းအိုက်ကျန့်နှင့် အကြီးအကဲလေးဦးက ထိတ်လန့်သွားကြတော့သည်။
အရင်ဆုံး သတိဝင်လာသော ကျန်းအိုက်ကျန့်က ပြောလိုက်တော့သည်။ “ထန်ခမ်းက ဒီလောက် သဘောကျစရာကောင်းတာ အံ့ဩစရာမရှိဘူးပဲ။ ကြည့်ရတာ ကျိချန်းပေ့ရဲ့ စီးတော်သားရဲဖြစ်နေတာကို”
“ကျန်းအိုက်ကျန့်” လုကျိုးသည် ကျန်းအိုက်ကျန့်ကို ကြည့်လိုက်၏။
“ကျွန်တော့ကို ခေါ်နေတာလား” ကျန်းအိုက်ကျန့်က သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။ “ကောင်းကင်လွန်းထဲက လူတွေအားလုံးထဲမှာ မင်းတစ်ယောက်ပဲ သေသေသပ်သပ်ဝတ်ထားသေးပြီး အဆင်ပြေနေပုံပေါ်တယ်။ ဘယ်လိုပျော်အောင် နေရမလဲဆိုတာ မင်း သိတာပဲ”
ကျန်းအိုက်ကျန့်က အမြန်လက်ဝေ့ယမ်းလျက် ပြောလိုက်၏။ “မဟုတ်ဘူး … မဟုတ်ဘူး။ မဟုတ်ဘူး။ နားလည်မှုလွဲနေတာပါ။ နားလည်မှုလွဲနေတာပါပဲ။ ကျွန်တော့ရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းလို့ အကူအညီမဖြစ်နိုင်ဘူး။ အားနည်းတဲ့သူကို ကာကွယ်တာက ပုံမှန်ပဲမဟုတ်လား” လုကျိုးသည် ကျန်းအိုက်ကျန့်၏စကားကို မကြားသည့်ပမာ မေးလိုက်၏။ “မင်းနဲ့ ငါ့တပည့်တွေကြားက ကွာဟချက်ကို သိလား”
“ကွာဟချက်များလွန်းတာပေါ့ … သူတို့တွေက ကဏ္ဍတိုင်းမှာ ကျွန်တော့ကို အနိုင်ယူနိုင်တယ်။ အရှုံးကို ဝန်ခံပါတယ်” ကျန်းအိုက်ကျန့်က စပ်ဖြီးဖြီးပြုံးလျက်ပြောလိုက်သည်။
လုကျိုးက ခေါင်းခါလျက်ပြောသည်။ “မင်း ဆုတ်ဖို့လိုအပ်တဲ့အခါ နောက်ဆုတ်သင့်တယ်။ မင်း အသင့်ဖြစ်တဲ့အခါ ရှေ့တက်သင့်တယ်။ တွမ့်မူရှန်းက ရဲရင့်တယ်။ စီးဝူယာ့က ပါးနပ်တယ်။ မင်ရှစ်ရင်က ဘယ်အချိန်ရှေ့တိုး ဘယ်အချိန်နောက်ဆုတ်ရမှန်း သိတယ်။ ကျူးဟုန်ကုန်းက အရေးကြီးတဲ့အခါ ရှေ့ထွက်တတ်တယ်။ အကြီးအကဲလေးဦးက ဉာဏ်ရှိပြီး ဘယ်လိုထိန်းချုပ်ရမလဲ။ ဘယ်လို့ပံ့ပိုးရမလဲဆိုတာ သိတယ်။ ဒါပေမဲ့ မင်းကတော့ အကြံအစည်များလွန်းတယ်”
ကျန်းအိုက်ကျန့် ပြန်မပြောနိုင်သေးခင် လုကျိုးက ဆက်ပြောလိုက်သည်။
“မင်းရဲ့အမှားတွေကို မြန်မြန်ဝန်မခံနဲ့။ မင်းရဲ့စွမ်းရည်ကို တန်ဖိုးထားတာကြောင့် ဒါတွေ ပြောပြနေတာပဲရှိတယ်။ တခြားတစ်ယောက်သာဆိုရင် သူတို့က ငါ့ကို စကားပြောဖို့ အရည်အချင်းမှီမှာ မဟုတ်ဘူး။ ဒါပဲ ပြောတော့မယ်။ မင်းဖာသာမင်း မင်းလုပ်ရပ်ကို စဉ်းစား”
ကျန်းအိုက်ကျန့်က မှင်တက်သွား၏။ သူ အသိစိတ်ပြန်ဝင်လာချိန်တွင် မျက်နှာနီလာပြီဖြစ်၏။
လုကျိုးသည် သူ၏တပည့်များကို ကြည့်လျက်ပြောလိုက်သည်။ “အခုရပ်လိုက်ရအောင်။ ကောင်းကင်လွန်းကို မောင်းနှင်ဖို့နဲ့ မင်းတို့ပတ်ဝန်းကျင်ကိုပဲ အာရုံစိုက်ကြ”
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
လုကျိုးက လက်ဝေ့ယမ်းလိုက်ရာ ရုပ်ပုံလွှာသည် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်လွန်းထဲတွင် ကျန်းအိုက်ကျန့်ကို သူ့ကိုယ်သူ အရှက်ရမိသည်။ သူသည် လူတိုင်းကို ဦးညွှတ်ချင်သော်ငြား မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများအားလုံးသည် ကုန်းပတ်ရှေ့ကို ရွေ့သွားကြပြီး သူတို့ သူ့ကို မမြင်ကြတော့ပေ။ အဆုံးကျ သူသာ သူတို့အားလုံးကို တိတ်တဆိတ် အရိုအသေပေးလိုက်တော့သည်။
ဖန်လီထန်းသည် ထိုစဉ် ကျန်းအိုက်ကျန့်ကို မြင်တွေ့သွားပြီး သူက ရှေ့ကို ကြည့်ကာ ပြောလိုက်တော့သည်။ “မောင်ရင် မင်း အမုန်းဆုံးအခြေအနေကို မြင်တွေ့တတ်အောင် သင်ယူရမယ်။ တစ်ခါတလေ ပါးနပ်လွန်းတာကလည်း တုံးအလွန်းတယ်လို့ သတ်မှတ်လို့ရတယ်”
“ကျွန်တော် သိမြင်မိပါပြီ”
ငါးရက်ကြာပြီးနောက် ဖြစ်သည်။
ကောင်းကင်သိုင်းခုံရုံးထဲရှိ စာပေကြယ်တာရာခုံရုံးထဲမှ ရထားလုံးပျံတစ်စင်းက ပျံထွက်လာ၏။ ယင်းသည် အဆုံးမဲ့သမုဒ္ဒရာဖက်ဆီသို့ ပျံသန်းသွားကာ မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများကို ကြိုဆိုရန် ပြင်လိုက်သည်။
ထိုစဉ် လုကျိုးက တင်ပလင်ခွေချိတ်ထိုင်နေ၏။ သူက မုတ်ဆိတ်သပ်ကာ တွေးနေတော့သည်။ လွန်ခဲ့သည့် သုံးရက်က သူသည် ကျူးဟုန်ကုန်းကို ရှာရန် ကောင်းကင်ကျမ်းစာ စွမ်းအားကို အသုံးပြုခဲ့သည်။ ကျူးဟုန်ကုန်းက အဆုံးမဲ့သမုဒ္ဒရာထက်၌ ပျံသန်းဆဲဖြစ်သည်။ မည်သည့်ကိုးကားချက်မှမရှိဘဲ သူ့အဋ္ဌမတပည့်၏ တည်နေရာကို ရှာတွေ့ဖို့က ခက်ခဲလွန်းလှသည်။
လုကျိုး မျက်လုံးမှိတ်လိုက်၏။ “ထပ်ကြည့်ရအောင်”
သူသည် မန္တန်ကို ရွတ်ဆိုလိုက်ပြီး မကြာမီ၌ သူ၏မျက်လုံးသည် အပြာရောင်အလင်းတောက်ပလာ၏။
တစ်ဖန် သူသည် ကျူးဟုန်ကုန်းကို တွေ့လိုက်ရသည်။ ယခုတစ်ခေါက်တွင် ထန်ခမ်း၏ အရှိန် ပိုနှေးသွားတာကို သူ သတိပြုမိသည်။ ထန်ခမ်းကျောပေါတွင် ထိုင်နေသော လုလီကလည်း မေ့မျောနေသည့် အခြေအနေဖြစ်ပုံပေါ်၏။ ကျူးဟုန်ကုန်းက သူ၏စွမ်းအားကို သုံးပြီး ပျံသန်းနေသည်။
လုကျိုးသည် စွမ်းအားကို ရပ်တန့်လိုက်သည်။ မျက်လုံးဖွင့်လိုက်ချိန်တွင် မျက်မှောင်ကျုံ့မိသွားသည်။ ကျူးဟုန်ကုန်း၏ နေရာအတိအကျကို သူ မဆုံးဖြတ်နိုင်သေးပေ။ သူ့ဖာသာသူ ရေရွတ်ပြီး ပြောလိုက်သည်။ “မွေးဖွားခြင်းဇယားချပ် ငါးချပ်ကို အသက်သွင်းနိုင်ပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်တဲ့ လုလီတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသေးတာပဲ”