အခန်း (၈၈၀-၈၈၂)
Vol. 59 Ch. 880-882
အခန်း (၈၈၀) သူတို့အားလုံးက ပါရမီရှိတဲ့သူတွေလား
လုလီ၏ ကျင့်ကြံဆင့်နှင့် အင်အားပေါ် မူတည်၍ လုကျိုးက သူတို့တွေ့ဆုံရသည့် ပင်လယ်သားရဲများ၏ အင်အားကို ခန့်မှန်းဖို့ ကြိုးစားလိုက်သည်။ ကောင်းကင်ကျမ်း စွမ်းအားနှင့် မင်ရှစ်ရင်၏ ဖော်ပြချက်မှ မြင်ရသလောက် မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ရှိထားသူအနေဖြင့် ပင်လယ်သားရဲကို အနိုင်ယူဖို့ ခက်ခဲမည်ဆိုလျှင်ပင် ထွက်ပြေးဖို့ ပြဿနာရှိမည် မဟုတ်ပေ။
မေးခွန်းက လုလီက အဘယ့်ကြောင့် သူ့အသက်ကိုပင် စတေးလောက်ရအောင်အထိ တာဝန်ကို ပြီးမြောက်ဖို့ စိတ်အားထက်သန်နေရသနည်း။ ဤတာဝန်တွင် မည်သည့် လျို့ဝှက်ချက်မျိုး ဖုံးကွယ်ထားသနည်း။
လုကျိုးက ထိုမေးခွန်းများကို အချိန်တော်ကြာ အဖြေမထုတ်နိုင်ခဲ့ပေ။ သူက နောင်အနာဂတ်ကြာ သိလာမည် ဖြစ်၏။ ယခုအခါ ကျူးဟုန်ကုန်းကို အာရုံစိုက်ထားဖို့က ပိုမိုအရေးကြီးပေသည်။ ကျူးဟုန်ကုန်းက သူ့တပည့် ဖြစ်၏။ သူ ထိခိုက်သွားမည်ကို မမြင်တွေ့လိုပေ။
လုကျိုးက အတွေးများကို စုစည်းပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်လိုက်သည်။ သူက ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းလိုက်ပြီးသည့်နောက် ကောင်းကင်ကျမ်းကို ပြန်လည်ဆင်ခြင်လိုက်၏။
သူက တရားထိုင်သည့် အခြေအနေသို့ မဝင်ရောက်ခင် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးများ ပိုမိုရှာဖို့ တွေးလိုက်သည်။ ခရမ်းရောင် တောက်ပသံကျောက်က ထူးကဲလွန်းလှသည့်အတွက် ကျင့်ကြံဖို့ရာ အမှန်တကယ် သင့်တော်လှသည်။ သူက အဆင့်မြှင့်တင်ပေးရမည်။
...
အဆုံးမဲ့ပင်လယ်ပြင်
လျှပ်စီးများနှင့် မိုးကြိုးများကြား ဖြတ်သန်းလာပြီးသည့်နောက် ကောင်းကင်လွန်းက ၃ရက်တာ ပင်လယ်ပြင်အထက် အေးအေးချမ်းချမ်း ဖြတ်သန်းလာခဲ့သည်။ ထိုစဥ် မနက်ခင်းအလင်းရောင်က မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများဆီ ဖြာကျနေ၏။
မင်ရှစ်ရင်က ကိုယ်လက်ဆန့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“ပါ့ရှစ်တိ မရှိတာ နေသားမကျသေးဘူး”
“သူ အဆင်ပြေမှာပါ” စီးဝူယာ့က မော့ကြည့်ရင်း ရေရွတ်လိုက်၏။
သိပ်မကြာခင် အဝေးတစ်နေရာမှ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
“ငါတို့တွေ ရောက်ပြီ”
အားလုံးက ထရပ်ကာ ကုန်းပတ်ဆီ ပြေးသွားလိုက်ကြ၏။ သူတို့က တဖြည်းဖြည်း နီးကပ်လာသည့် ကုန်းမြေကို ကြည့်နေရင်း စိတ်အခြေအနေ တိုးတက်လာသည်။ နောက်ဆုံးတွင် သူတို့က ရောက်ရှိခဲ့ပြီဖြစ်၏။
“ငါတို့တွေ နေရာမှန်တယ်ဆိုတာ သေချာအောင်လုပ်ထား” မင်ရှစ်ရင်က ရုတ်တရက် ပြောလိုက်၏။
“တကယ်လို့ ငါတို့တွေ နေရာမှားသွားရင် ပြဿနာတက်သွားနိုင်တယ်”
အားလုံးက မင်ရှင်ရင်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုဟာသက ရယ်စရာ မကောင်းဘဲ အမှန်တကယ်တော့ ကြောင်မက်ဖွယ် ကောင်းလှ၏။
မင်ရှစ်ရင်ကသာ သက်ရောက်မှု မရှိခြင်း ဖြစ်သည်။ သူက ကမ်းရိုးတန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မမှားနိုင်ဘူး။ ငါတို့ မသွားခင်က အစောင့်အရှောက်မုန့်နဲ့ တည်နေရာကို အတည်ပြုထားပြီးသား။ ပြီးတော့ တည်နေရာအမှန်ကို လမ်းညွှန်ပေးနိုင်တဲ့ ဆက်သွယ်ရေး အစီအရင်တစ်ခုပါ ထားရှိခဲ့တယ်”
“ငါတို့တွေ အနက်ရောင်ကြာ ကျင့်ကြံသူရဲ့ စကားကို နားမထောင်လိုက်တာ ကံကောင်းသွားတာပဲ။ မဟုတ်ရင် ငါတို့တွေ ပြဿနာတက်သွားနိုင်တယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
“အဲဒီချန်းပေ့ရဲ့ အကြံပြုချက်ကလည်း တကယ်တော့ မဆိုးဝါးပါဘူး။ သူ့အကြံပြုချက်က မသေချာရုံလေးပါ” စီးဝူယာ့က ပြန်ဖြေလိုက်၏။
မင်ရှစ်ရင်က စီးဝူယာ့ကို ကြည့်ကာ သိချင်စွာဖြင့် မေးလိုက်သည်။
“အဲဒီမှာ အနက်ရောင်ကြာ ကျင့်ကြံသူရှိနေတယ်ဆိုတော့ အနက်ရောင်ကြာနယ်မြေက ဘယ်မှာလဲ”
စီးဝူယာ့က တိတ်ဆိတ်နေကာ တဖြည်းဖြည်း နီးကပ်လာသည့် ကမ်းရိုးတန်းကိုသာ ကြည့်နေလိုက်၏။
သူ တွေးနေသည်ကို မည်သူကမှ မသိကြပေ။
“တကယ်တော့ ဘာမှမသိတဲ့လူ တစ်ယောက်က ဘဝကို ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်။ အဲဒီအကြောင်း ဘာမှစိုးရိမ်နေစရာ မလိုတော့ဘူး။ များများသိလေလေ ပိုပြီးစိုးရိမ်ရလေလေပဲ။ အတိတ်တုန်းက ငါ့ရဲ့ စိုးရိမ်မှုတွေက ဘာမှမဟုတ်ခဲ့ဘူးပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
တွမ့်မူရှန်းက မင်ရှစ်ရင်အနားရပ်ကာ လှံကို သယ်ဆောင်လာပြီး ပြောလိုက်သည်။
“စစ်ရှစ်တိ မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက်မြင့်ပေမဲ့ မင်းရဲ့ သတ္တိကတော့ လိုအပ်နေတုန်းပဲ။ အနက်ရောင်ကြာဖြစ်ဖြစ်၊ အဖြူရောင်ကြာကျင့်ကြံသူဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ။ လှံနဲ့သာ ထိုးချပစ်လိုက်”
“စန်းရှစ်ရှိုး ပြောတာမှန်တယ်” မင်ရှစ်ရင်က ပြုံးကာ တွမ့်မူရှန်း၏ စကားကို ပြန်လည်မချေပတော့ပေ။ သူက သူ့ဘာသာသူ တွေးလိုက်၏။
ရှစ်စွင်းရဲ့ အယုံကြည်ရဆုံး တပည့်တစ်ယောက် အနေနဲ့ ငါလုပ်ရမဲ့ ကိစ္စပဲ ...
...
နောက်ဆုံးတွင် ကောင်းကင်လွန်းက ကမ်းရိုးတန်းဆီ ချဉ်းကပ်လာပြီ ဖြစ်၏။ တည်ငြိမ်နေသည့် ပင်လယ်ပြင်ကို ကြည့်ကာ အားလုံးက စိတ်အေးလက်အေး ဖြစ်လာကြသည်။
ထိုစဥ် စီးဝူယာ့က သူ့ရှေ့မှ မြင်ကွင်းကို အသေအချာ ကြည့်နေလေ၏။ ထိုစဥ် အောက်ဘက်မှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာသည်။
ဝှစ်
တစ်ချိန်တည်းဆိုသလို စွမ်းအားပဲ့တင်သံလည်း ထွက်ပေါ်လာသည်။
ပေ ၂၀၀မြင့်မားသည့် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်အလယ်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုစိတ်ဝိညာဥ်သဏ္ဌာန်က ကောင်းကင်လွန်းဆီ ပျံသန်းလာနေသည်။
“ပွင့်ချပ်ဆယ်လွှာလား။ ငါတို့က အဲဒီလောက်တောင် ကံဆိုးနေတာလား” မင်ရှစ်ရင်က ညည်းတွားလိုက်သည်။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများကို မကြောက်သော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူနှင့် မည်သို့တိုက်ခိုက်ရမည်နည်း။
“ထိတ်ထိတ်လန့်လန့် မဖြစ်နဲ့။ ကောင်းကင်လွန်းကိုပဲ ခပ်မြင့်မြင့် ပျံလိုက်” စီးဝူယာ့က ပြောလိုက်၏။
ကောင်းကင်လွန်းနှင့် သာမန်ရထားလုံးပျံများကြားရှိ အရေးသာချက်နှင့် ကောင်းကျိုးတို့နှင့် ဆိုးကျိုးများက ယခုအခိုက်အတန့် ထွက်ပေါ်လာပြီ ဖြစ်၏။
ကောင်းကင်လွန်း၏ လျို့ဝှက်ချက်တစ်ခုက အဆုံးမဲ့ပင်လယ်ပြင်အထက် ဖြတ်သန်းဖို့ အသုံးပြုသည့်အတွက် ခပ်မြင့်မြင့် ပျံသန်းနိုင်သည်။ ထိုခပ်မြင့်မြင့်က ပင်လယ်သားရဲများ ယူဆောင်လာသည့် အန္တရာယ်တချို့ကို ရှင်းထုတ်ပြီးသား ဖြစ်သွားလေ၏။
သေခြင်း ရှင်ခြင်း အခြေအနေများကို ရင်ဆိုင်တွေ့ကြုံရပြီးသည့်နောက်တွင် အားလုံးက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူကို ရင်ဆိုင်ရသည့်အခါတွင်ပင် တည်ငြိမ်နေကြသည်။
ကောင်းကင်လွန်းက တကျွီကျွီ အသံမြည်လာပြီး ဝေဟင်အထက် ပြန်လည်မြင့်တက်လာသည်။
ထိုစဥ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက မဟာစည်းစနစ်ကို ထုတ်သုံးလိုက်သည်။ အနီရောင် ကတော့ပုံတစ်ခုက စိတ်ဝိညာဥ်သဏ္ဌာန်၏ ခေါင်းအထက် ထွက်ပေါ်လာကာ ဝေဟင်ထဲ လေဟုန်ခွင်းလာလေ၏။
“အဲဒီလူက မရိုးရှင်းဘူးပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
“တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ” ထိုစဥ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက ကောင်းကင်လွန်းနှင့် မီတာ ၃၀မျှ ကွာဝေးတော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်လိုက်၏။ ထို့နောက် စိတ်ဝိညာဥ်သဏ္ဌာန်က ပျောက်ကွယ်သွားကာ လေထုထဲ ရှင်းလင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“နျဲ့ချင်းယွင်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အပေါင်းအပါတွေကို လာရောက်ကြိုဆိုတာပါ”
ကောင်းကင်လွန်းက ရပ်တန့်သွား၏။
စီးဝူယာ့က ပဲ့ကိုင်ရာမှ ထွက်လာကာ ငုံ့ကြည့်လိုက်သည်။ ထိုစဥ် သူက မုန့်ချန်းသုံနှင့် ဆက်စပ်ရင်း သတင်းအချက်အလက်တချို့ကို အမှတ်ရလာခဲ့၏။
“အာ သူက မဟာမိတ်ပဲ”
“ခင်ဗျားက ကျုပ်တို့ကို လန့်အောင် လုပ်နေတာပဲ” မင်ရှစ်ရင်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။
ကျန့်အိုက်ကျန်းက တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက လက်တိုလက်တောင်း ဖြစ်နေတာလား”
ဖန်လီထန်းက ရယ်မောလိုက်ပြီးသည့်နောက် “အဲဒီဟာက ငါတို့ မျှော်နန်းသခင်က အားကောင်းလွန်းလို့လေ။ သူ့ကို သေချာကြည့်လိုက်ပါအုံး။ ဘယ်လောက်တောင် ရိုကျိုးနေလိုက်သလဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သိက္ခာကို ထိန်းဖို့ မမေ့ကြနဲ့”
“ခင်ဗျား ပြောတာ ဟုတ်တယ်”
ကောင်းကင်လွန်းက ဆင်းသက်လာပြီး နျဲ့ချင်းယွင်နှင့် တန်းတူ ရပ်တန့်လိုက်သည်။
ထိုစဥ် နျဲ့ချင်းယွင်က အရှိန်အဝါပြင်းပြင်းနှင့် အကြီးအကဲ ၄ဦးကို မြင်လိုက်၏။ ထို့နောက် သူ့အကြည့်က ငယ်ရွယ်သော်လည်း အားကောင်းသည့် အငွေ့အသက်များရှိသည့် လူငယ်များဆီ ရောက်ရှိလာသည်။ သူက သူ့ဘာသာသူ တွေးလိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက အမှန်တကယ်ကို ထူးခြားလှသည်။
စီးဝူယာ့က အရင်ဦးစွာ ပြောလိုက်၏။
“ဂိုဏ်ချုပ်နျဲ့လား”
နျဲ့ချင်းယွင်က အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
“ကျုပ်ကို သိတယ်လား”
စီးဝူယာ့က ပြုံးလိုက်၏။ သူက နျဲ့ချင်းယွင်၏ မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူက ပြောလိုက်သည်။
“ခင်ဗျားက တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူပဲလေ။ ဘယ်လိုလုပ် မသိဘဲ နေရမှာလဲ”
စီးဝူယာ့အတွက် ကိုယ်ကိုယ်တိုင်နှင့် ရန်သူကို သိထားခြင်းက အခြေခံသာ ဖြစ်၏။
နျဲ့ချင်းယွင်က အနည်းငယ် မျက်နှာပူသွားကာ ပြောလိုက်၏။
“ခင်ဗျားတို့က အလွန်အကျူးတွေ ပြောနေတာပဲ။ ဒီလောက် ခရီးရှည်နှင်လာရတော့ ပင်ပန်းလောက်ရောပေါ့။ ကျုပ်နဲ့အတူ ရထားလုံးပျံဆီ လိုက်ခဲ့ပါ။ ကျုပ် ပဲ့ကိုင်ဖို့ လူတွေပါပါတယ်”
“အဲဒီလို မလိုပါဘူး” စီးဝူယာ့က ခေါင်းအသာယမ်းကာ ပြောလိုက်၏။
“ကျုပ်တို့တွေ ကောင်းကင်လွန်းနဲ့ လိုက်ခဲ့ပါ့မယ်”
နျဲ့ချင်းယွင်က ပြောလိုက်သည်။
“ကောင်းပြီလေ။ ကောင်းကင်လွန်းက အဖိုးတန်ပြီးတော့ မြန်ဆန်တယ်ဆိုတော့ ဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ။ ကျုပ်လူတွေကို အရင်ပြန်နှင့်ဖို့ ပြောလိုက်မယ်။ ကျုပ်က ဦးဆောင်ပြီး ခေါ်သွားပေးပါ့မယ်”
နျဲ့ချင်းယွင်က ကောင်းကင်လွန်းဆီ ပျံသန်းလာပြီးသည့်နောက် ဆင်းသက်လိုက်သည်။ သူက ပဲ့ထိန်းသည့်နေရာကို လျှောက်လာရင်း အနည်းငယ် သိချင်နေ၏။
မင်ရှစ်ရင်က သမ်းဝေလိုက်ရင်း ပြောလိုက်သည်။
“အဲဒါဆိုရင် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။ ကျုပ် နည်းနည်း နားလိုက်အုံးမယ်”
အကြီးအကဲ ၄ဦးကလည်း နှုတ်ဆက်ပြီးသည့်နောက်တွင် အလျင်အမြန် ထွက်ခွာသွားကြ၏။
စီးဝူယာ့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“ကျေးဇူးပါ”
တစ်ယောက်ပြီး တစ်ယောက် အနားယူဖို့ ထွက်ခွာသွားကြသည်။
ထိုစဥျ
ဝုတ် ဝုတ်
ချုံးချီက ခေါင်းအသာမော့ကာ ၂ကြိမ် ဟောင်လိုက်ပြီးသည့်နောက်တွင် ခွေးသေတစ်ကောင်လိုမျိုး အိပ်ပျော်သွားသည်။
နျဲ့ချင်းယွင်က ပဲ့ထိန်းနေရင်း လှည့်ကြည့်လိုက်မိသည်။ ရုတ်ခြည်းဆိုသလို ထိုလူမျာက မိစ္ဆာဝေဟင်မျှော်နန်း၏ ပါရမီရှင်အဖွဲ့သားများ ဟုတ်ရဲ့လားဟု မနေနိုင်ဘဲ စဥ်းစားမိသွား၏။
...
ကောင်းကင်သိုင်းပညာတောင်၏ ကောင်းကင်သိုင်းခုံရုံး
ယခုအခါ ညနေခင်းသို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
လီယွင်ကျန်း၊ တိမ်တိုက်တောင်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းတို့မှ တပည့်များနှင့် ကောင်းကင်သိုင်းခုံရုံးမှ အကြီးအကဲများက တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
တစ်ဖက်တွင် စစ်ခုန်ပေချန်း၊ ယွီကျန့်ဟိုင်နှင့် တခြားသူများကမူ စာပေကြယ်စင်ခန်းမအတွင်း စောင့်ဆိုင်းနေကြသည်။
ကောင်းကင်လွန်းက ကောင်းကင်သိုင်းပညာတောင်ဆီ ချဉ်းကပ်လာသည့်အခါ တစ်ယောက်က အော်ပြောလိုက်သည်။
“သူတို့ ရောက်လာပြီ”
ကောင်းကင်သိုင်းခုံရုံး၏ အကြီးအကဲဖြစ်သူ ချိုးဟယ်က အလျင်အမြန် ပြောလိုက်သည်။
“မြန်မြန်သွက်သွက်လက်လက် ကြိုဆိုကြ”
အားလုံးက ခေါင်းမော့ကာ ကောင်းကင်လွန်း ဆင်းသက်လာသည်ကို ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က ပြိုင်တူဦးညွတ်လိုက်ကြသည်။
“လူကြီးမင်းနဲ့ အကြီးအကဲများကို ကြိုဆိုပါတယ်”
ထိုစဥ် နျဲ့ချင်းယွင်က ကောင်းကင်လွန်းမှ ခုန်ဆင်းလာကာ ပြောလိုက်သည်။
“အားလုံး ကျုပ်တို့ ကောင်းကင်သိုင်းခုံရုံးကို ရောက်ပြီ”
မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့သားများက ကောင်းကင်သိုင်းခုံရုံးအလယ်တွင် သူတို့ကို ကြိုဆိုနေသည့် လူတန်းကို မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်ထဲ ဂုဏ်ယူမှု ဖြစ်လာမိ၏။ သူတို့က ကျောကို မတ်မတ်ထားလိုက်ရင်း ကောင်းကင်လွန်းမှ ဆင်းသက်လာကြသည်။
အကြီးအကဲ ၄ယောက်က ကောင်းကင်လွန်းမှ ဆင်းသက်လာသည့်အချိန် မုန့်ချန်းသုံက ရှေ့တိုးလာကာ လီယွင်ကျန်းဆီ ပြောလိုက်သည်။
“ဒီအကြီးအကဲ ၄ယောက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲတွေလေ”
ဘန်း
တွမ့်မူရှန်းက ကောင်းကင်လွန်းမှ ခုန်ချလိုက်ပြီး လှံကို မြေကြီးအတွင်း ထိုးစိုက်လိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးကို အနည်းငယ် ဦးညွှတ်လိုက်၏။
မုန့်ချန်းသုံက မိတ်ဆက်ပေးလိုက်သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တတိယတပည့်လေ။ ဒါကတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့်။ သူ့နားက သားရဲကို လျှော့မတွက်နဲ့။ ဒါက အဆင့်မြင့် ခက်ထန်သားရဲပဲ”
လီယွင်ကျန်းက ခေါင်းညိတ်လိုက်၏။ သူ့စကားများက ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။
“အဲဒီသားရဲကို သိတယ်။ ချုံးချီလို့ ခေါ်တယ်လေ။ ဒါက တိုက်ခိုက်ရည် မြင့်မားတဲ့ သားရဲတစ်ကောင်ပဲ။ အရွယ်ရောက်လာတဲ့အခါ တောင်ပံပါတဲ့ ကျားတစ်ကောင်လို ဖြစ်လာလိမ့်မယ်။ ကောင်းကင်မှာ ပျံသန်းပြီးတော့ နယ်မြေတွေကို အုပ်စိုးလိမ့်မယ်”
လူအုပ်ကြီးက ခေါင်းညိတ်ပြီးသည့်နောက်တွင် ချုံးချီအား တအံ့တသြဖြင့် ကြည့်လိုက်ကြသည်။
ထိုစကားများက တကယ်ကို နားထောင်ရကောင်းလှ၏။
ထိုစဥ် မင်ရှစ်ရင်က အမြီးမြှောက်ထားသည့် ဒေါင်းတစ်ကောင်အလား ကြော့ရှင်းစွာ ဆင်းသက်လာ၏။ သူက လှည့်ကာ အော်ခေါ်လိုက်သည်။
“ခွေးလေး ဒီကို လာခဲ့”
ဝုတ် ဝုတ် ဝုတ်
“ငတုံးခွေးလေး မြန်မြန်လာ” မင်ရှစ်ရင်က ချုံးချီကို စိုက်ကြည့်လိုက်၏။
ချုံးချီက ကောင်းကင်လွန်းမှ ခုန်ဆင်းလာကာ ကြော့ရှင်းသည့် အမူအရာ ထုတ်ဖော်လိုက်သော်လည်း မြေပြင်ပေါ် အိခနဲသာ ပြုတ်ကျသွားသည်။ ထို့နောက် သနားစဖွယ် အော်ညည်းလိုက်၏။
“...”
အားလုံးက ဆွံ့အသွားကြ၏။
မင်ရှစ်ရင်က အဖြစ်အပျက်ကို မမြင်သည့်အလား ချောင်းအသာဟန့်လိုက်၏။ ထို့နောက် သူက ချုံးချီနှင့် မရင်းနှီးသည့် အမူအရာမျိုးဖြင့် ဝေးဝေးသို့ လျှောက်သွားလေသည်။
မင်ရှစ်ရင်က အဝေးကို လျှောက်သွားသည်ကို မြင်သည့်အခါ သူစိမ်းများကို ကြောက်သည့် ချုံးချီက အလျင်အမြန် နောက်မှ လိုက်လာလေ၏။
မုန့်ချန်းသုံက ထိုကိစ္စကို ကျော်လိုက်ပြီး ဆက်လက်မိတ်ဆက်ပေးလိုက်သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေးလေ”
ပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသည့် စီးဝူယာ့က လျှောက်လှမ်းထွက်လာ၏။
အားလုံး၏ အကြည့်များက ချက်ချင်းဆိုသလို တောက်ပသွားကြသည်။
လီယွင်ကျန်းက လူအုပ်ကြားမှ ထွက်လာကာ စီးဝူယာ့ရှေ့ အလျင်အမြန် ရောက်ရှိလာသည်။ ထို့နောက် သူက ဦးညွတ်လိုက်ပြီး ပြောလိုက်၏။
“ဒီကျောင်းသားက ဆရာ့ကို ဂါရဝပြုပါတယ်”
ကျင့်ကြံရေးလောက၏ အင်အားစုများနှင့် မတူညီဘဲ လီယွင်ကျန်းက ကျောင်းသားနှင့် ဆရာဟူသော စကားကို သူကိုယ်တိုင်နှင့် စီးဝူယာ့ကို ခေါ်ညွှန်းသည့်အခါ အသုံးပြုခဲ့သည်။ သူက တိုင်းပြည်ကို မည်သို့အုပ်စိုးရမည်ကို အကြံဉာဏ် တောင်းခံဖို့ရာအတွက် အဆင်သင့်ဖြစ်နေလေပြီ။
…
အခန်း (၈၈၁) ကောင်းကင်ဘုံက ထိုက်တန်သူကို ကူညီပေးတယ်
စီးဝူယာ့သည် တက်ကြွနေသော လီယွင်ကျန်းကို မြင်သောအခါ မေးလိုက်လေ၏။
“မင်းက လီယွင်ကျန်းလား”
လီယွင်ကျန်း၏ မျက်နှာထက်တွင် ဂုဏ်ယူမှု တစ်စွန်းတစပေါ်လာလျက် ဖြေလိုက်တော့သည်။
“ဟုတ်ပါတယ်။ လူကြီးမင်းရဲ့ကျောင်းသား လီယွင်ကျန်းက တော်ဝင်နန်းတော်မှာ ကြီးပြင်းလာတာပါ။ ကဗျာ၊ စာပေကို ဖတ်ရှုခဲ့ပါတယ်။ နက္ခတ်ဗေဒနဲ့ ပထဝီပညာမှာ အသိအမြင်တချို့နဲ့ အောင်မြင်မှုတချို့ရထားပါတယ်။ ဆရာဘိုးဘိုးဆီကနေ ကြားထားတာက ဆရာက ဉာဏ်ပညာရှိပြီး ဗဟုသုတ ကြွယ်ဝတယ်တဲ့။ ဆရာတစ်ယောက်ပဲ ကျွန်တော့်ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတာလို့ ပြောပါတယ်”
လီယွင်ကျန်းက အမှန်အတိုင်းပြောနေသော်ငြား နားထောင်သူအဖို့ ထိုသို့မဟုတ်ပေ။
စီးဝူယာ့သည် သူ ပြင်ဆင်ထားခဲ့သော ခက်ခဲသည့် ပုစ္ဆာများကို အင်္ကျီလက်ထဲမှ ထုတ်လျက် လီယွင်ကျန်းအား ပေးလိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။
“မသင်ပြခင် ဟောပြောရတယ်လို့ ပြောကြတယ်။ ဒီပဟေဠိတွေက မင်းရဲ့ဆရာဘိုးဘိုး ပေးခဲ့တာ။ မင်းလည်း ယူသွားလိုက်။ ဒါတွေကို ဖြေရှင်းပြီးရင် ငါ့ကို မင်းရဲ့ဆရာအဖြစ် လာအသိအမှတ်ပြုလို့ရပြီ။ ပဟေဠိဖြေရှင်းဖို့အတွက် အချိန်လဝက်ပေးမယ်”
လီယွင်ကျန်းသည် လက်နှစ်ဖက်ဖြင့် ၎င်းတို့ကို လက်ခံလိုက်သည်။ သူသည် ၎င်းတို့ကို ကြည့်တောင်မကြည့်ဘဲ ယုံကြည်ချက်ရှိရှိ ပြောလိုက်တော့၏။ “စိတ်ချလိုက်ပါ ဆရာ။ လဝက်တောင် မလိုပါဘူး။ မနက်ဖြန်ကျရင် ပြီးစေရမယ်” လီယွင်ကျန်း ပြောပြီးနောက် သူသည် အဝေးသို့လျှောက်သွားသည်။
စီးဝူယာ့က သက်ပြင်းချလျက် ခေါင်းခါလိုက်တော့သည်။ ယခုအချိန်တွင် လီယွင်ကျန်းဆီ၌ သူ့ယခင် အရိပ်အယောင်ကို မြင်တွေ့နေသည်ဟု ခံစားနေရသည်။ လွန်ပြီးမှသိလာသော အသိအရ သူသည် အလွန်အကြောက်တရား ကင်းမဲ့ခဲ့ပြီး အသိဉာဏ်ပညာနည်းပါးခဲ့၏။ ဆိုရိုးစကားရှိသည့်အတိုင်း မွေးကာစ နွားပေါက်လေးသည် ကျားကို မကြောက်ပေ။
ထိုစဉ် နျဲ့ချင်းယွင်က ပြောလိုက်၏။ “လုချန်းပေ့က စာပေခန်းမထဲမှာ အနားယူနေပါတယ်။ ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ အားလုံးပဲ”
မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားများသည် စာပေကြယ်တာရာခန်းမဆီသို့ လျှောက်သွားလိုက်၏။ သူတို့ခန်းမထဲ လျှောက်သွားသောအခါ သူတော်စင်တစ်ပါးနှင့် တူသည့် လုကျိုးက ခန်းမတွင်ထိုင်လျက် ကျန်သည့်သူများက နံဘေးတွင် မတ်တတ်ရပ်နေတာ တွေ့လိုက်ရသည်။
စီးဝူယာ့က ကျန်သည့်သူများကို ဦးဆောင်လျက် မြေပြင်ပေါ် ဒူးထောက်လိုက်၏။ “တပည့်က ရှစ်စွင်းကို နှုတ်ဆက်ပါတယ်”
တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က ဒူးထောက်လျက် သူတို့၏ရှစ်စွင်းကို ဒူးထောက်လိုက်ကြသည်။
တစ်ဖက်တွင်မူ မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးယောက်သည် ဦးညွှတ်ရုံသာ ပြုခဲ့၏။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
ကျန်းအိုက်ကျန့်သည် နေရာ ပျောက်နေသောကြောင့် သူသည် လုကျိုးကို မလုံမလဲ နှုတ်ခွန်းဆက်လိုက်သည်။ “လုချန်းပေ့ ထပ်တွေ့ပြန်ပြီ”
လုကျိုးသည် ဖြည်းဖြည်းချင်း ထရပ်လျက် ရောက်လာသည့်လူများကို သိမ်းကြုံးကြည့်လိုက်သည်။ သူက လှေကားထစ်ကို ဆင်းလျက် ပြောလိုက်သည်။ “ဟုတ်ပြီ။ မင်းတို့အားလုံးထကြ”
“ဟုတ်ကဲ့” တပည့်သုံးယောက်က ထရပ်လိုက်ပြီး သူတို့၏ ဆရာတူတပည့်များကို နှုတ်ဆက်လိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် တာ့ရှစ်ရှိုး၊ အာ့ရှစ်ရှိုး”
“ကျင့်ဝတ်ထုံးစံတွေ လိုမနေဘူး” ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က လက်ဝေ့ယမ်းလိုက်၏။
ရှောင်ယွမ်အာက ရိုးရိုးသာပြောလိုက်သည်။ “ကျွန်မရဲ့ ရှစ်ရှိုးအားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
နောက်လိုက်တပည့်များ၏ နှုတ်ဆက်မှုက ပိုရိုးရှင်းပြီး သမားရိုးကျဆန်သည်။
“အမ်း … ရှောင်ရှစ်မေ့ ဘယ်မှာလဲ” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်နေ၏။ သူက ခရုလေးအကြောင်း မေးနေတာပဲဖြစ်သည်။
ရှောင်ယွမ်အာသည် မင်ရှစ်ရင်နားကပ်ကာ တီးတိုးပြောလိုက်သည်။ “ရှစ်စွင်းက သူ့ကို အခန်းထဲမှာ ဆင်ခြင်သုံးသပ်ဖို့ အပြစ်ပေးထားသည်။ သူ မပျော်ဘူးဖြစ်နေတာ”
မင်ရှစ်ရင်က ထိတ်လန့်အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ငါ နားလည်ပြီ။ နားလည်ပြီ”
ထိုစဉ် လုကျိုးသည် အကြီးအကဲလေးယောက်ကို ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။ “အကြီးအကဲတို့ ခရီးစဉ်က ခက်ခဲခဲ့မှာပဲ”
“မျှော်နန်းသခင် … ခင်ဗျားက ကြင်နာလွန်းနေပါပြီ။ ဒါက ကျုပ်တို့တာဝန်ပါပဲ” ဖန်လီထန်းက ပြုံးလျက်ပြောလိုက်သည်။
“မင်းရဲ့ကျင့်ကြံမှုက ဘယ်လိုလဲ”
ဖန်လီထန်းက ရယ်မောလျက် ပြောလိုက်သည်။ “ပွင့်ချပ်ကိုးလွှာက ပြောပလောက်တာ မရှိပါဘူး”
လူတိုင်းက ခေါင်းညိတ်လျက် စိတ်ထဲထောက်ခံလိုက်ကြသည်။
လန်လော့က ပြောလိုက်သည်။ “ကျုပ် ကံကောင်းပြီး နဝမမြောက် ပွင့်ချပ်ဖူးပွင့်ခဲ့တာပါ”
ကျော့ယွီရှုက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ “ကျွန်မက ပွင့်ချပ်ကိုးလွှာအဆင့်ကို အရင်ဆုံးရပေမဲ့ ဆဋ္ဌမသခင်မလေးလောက်မတော်တာကို ခပ်ရှက်ရှက် ပြောရမှာပဲ”
ဟွားဝူတောက်က ပိုတောင် ရှက်ရွံ့သွားလေ၏။ “မျှော်နန်းသခင်ကို စိတ်ပျက်သွားစေမိတာ တောင်းပန်ပါတယ်။ ကျုပ်က ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ခဲ့ပေမဲ့ ဒီမျှော်နန်းမှာ အားအနည်းဆုံးဂိုဏ်းသား ဖြစ်နေတယ်”
မုန့်ချန်းသုံ “...”
သူတို့အားလုံးသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများဖြစ်၏။
အတိတ်တုန်းက ကြယ်ပျံအိမ်တော်သည် သန်မာသော ပွင့်ချပ်ကိုးလွှာကျင့်ကြံသူနှစ်ယောက်သာရှိ၏။ မုန့်ချန်းသုံနှင့် ယဲ့ကျန်းဖြစ်သည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းတွင်မူ အကြီးအကဲများ၌ ပွင့်ချပ်ကိုးလွှာ ဖြစ်ရုံသာမက တပည့်များကလည်း ပွင့်ချပ်ကိုးလွှာ ရှိပုံရသည်။ တကယ်တော့ အငယ်ဆုံးတပည့်က ပွင့်ချပ်ဆယ်လွှာ ရှိသည်။ လုကျိုးက ခေါင်းညိတ်လိုက်၏။ “ဟွားဝူတောက်”
ဟွားဝူတောက်က စိတ်ရှုပ်ထွေးသွားသည်။ “မျှော်နန်းသခင် ကျေးဇူးပြုပြီး ညွှန်ပြပေးပါ”
“ငါ မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိတုန်းက မင်းအတွက် သင့်တော်တဲ့လက်နက်မရှိတာကြောင့် မင်းကို လက်နက်မပေးခဲ့ဘူး။ အခု မင်းကို ဒီလေးထောင့်သေတ္တာပေးမယ်။ ဂါထာကို ကောင်းကောင်း အသုံးချမယ်လို့ မျှော်လင့်တယ်” လုကျိုးက ပြောပြီး သူ၏ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။
လေးထောင့်သေတ္တာသည် ဟွားဝူတောက်ဆီ ပျံသန်းသွားပြီး သူက အမြန်ဖမ်းလိုက်၏။ သူ့ရင်ထဲ လှုပ်ရှားသွားတော့သည်။
“ပြိုင်ဘက်ကင်းအဆင့် လေးထောင့်သေတ္တာ” စစ်ခုံးပေချန်းက ပြုံးလျက်ပြောလိုက်တော့သည်။
“ဒီပစ္စည်းကို အကြီးအကဲကျူးရွှမ်းဆီ ကျုပ် ပေးခဲ့တာ။ ကျူးရွှမ်းရဲ့ အကျင့်စရိုက်က သူ့ရဲ့သေတ္တာကို အပြည့်အဝ ထုတ်သုံးဖို့ မလုံလောက်တာတော့ နှမြောစရာပဲ။ လေးထောင့်သေတ္တာက ပိုင်ရှင်အမှန်ကို ရှာတွေ့သွားတာ ကောင်းတာပဲလေ”
ဟွားဝူတောက်သည် ၎င်းက ပြိုင်ဘက်ကင်းအဆင့်လက်နက်ဖြစ်တာ တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားသွား၏။ ယခင်က မိစ္ဆာဝေဟင်မျှော်နန်းရှိ လူတိုင်းတွင် လက်နက်တစ်ခုရှိခဲ့သည်။ တကယ်တော့ သူသည် ထိုကိစ္စကြောင့် စိတ်ဓာတ်ကျခဲ့သည်။ သူ ယခုလက်နက်တစ်ခု ရရှိချိန်တွင် မည်ကဲ့သို့ မပျော်ရွှင်၊ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ ယင်းက ပြိုင်ဘက်ကင်းအဆင့် လက်နက်ဖြစ်သည်။
“ကျေးဇူးပါ မျှော်နန်းသခင်”
“ကောင်းကင်သိုင်းခုံရုံးမှာ အရည်အချင်းရှိတဲ့ ပန်းပဲဆရာတွေရှိတယ်။ ဒီတော့ မင်းတို့ လက်နက်အားလုံးကို ပုံပြန်သွင်းလို့ရတယ်” ပြီးနောက် လုကျိုးက ပြောလိုက်သည်။ ပြီးနောက် သူသည် အနားတွင် ရပ်နေသော ရပ်နေသော ချိုးဟဲကို ကြည့်ပြီးမေးလိုက်သည်။ “အကြီးအကဲချိုး ခင်ဗျား ကန့်ကွက်စရာရှိလား”
ချိုးဟဲက လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ “ကျုပ် မလုပ်ရဲပါဘူး။ ကောင်းကင်သိုင်းခုံရုံးက ပန်းပဲပညာပစ္စည်း မရှားပါဘူး။ ဒါပေမဲ့ မီးဝိညာဉ်ကျောက်တုံးနဲ့ ခရမ်းဝိညာဉ်ကျောက်တုံးကတော့ ရှားပါတယ်။ လုချန်းပေ့ ဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“ငါက အမြဲတမ်း ကျိုးကြောင်းသင့်တဲ့သူ။ ငါက လိမ္မာပါးနပ်ပြီး သူတို့အတွက် ဘာကောင်းမှန်း သိတဲ့လူတွေကို အမြဲတမ်းတန်ဖိုးထားတယ်။ မင်းက အလွန်ဉာဏ်ကောင်းတယ်။ ဒီကိစ္စပြီးရင် ကောင်းကင်သိုင်းခုံရုံးနဲ့ မိစ္ဆာဝေဟင်မျှော်နန်းကြားက အငြိုးအတေးဖြေရှင်းပြီးပြီလို့ သတ်မှတ်လို့ရတယ်”
ချိုးဟဲသည် ထိုစကားကို ကြားသောအခါ အပျော်လွန်သွား၏။ သူသည် ချက်ချင်း အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ် လုချန်းပေ့”
ချိုးဟဲ မည်ကဲ့သို့ မပျော်ဘဲ နေမည်နည်း။ လုကျိုး၏ စကားများက သူ့လုပ်ရပ်မှန်ကန်ကြောင်း သက်သေပြလိုက်၏။ စကားများဖြင့် မည်သူကမှ ယုတ္တုမရှိတောင်းဆိုတော့မှာ မဟုတ်ပေ။
ပြီးနောက် လုကျိုးသည် စီးဝူယာ့ဖက်လှည့်ပြီး မေးလိုက်တော့၏။ “စီးဝူယာ့ မင်း လီယွင်ကျန်းကို တွေ့ပြီးပြီလား”
“တွေ့ပြီးပါပြီ” စီးဝူယာ့က ပြန်ဖြေလိုက်၏။
လီယွင်ကျန်း မရှိတာကို မြင်ပြီး လုကျိုးက မေးလိုက်၏။ “မင်း ဘယ်လိုထင်လဲ”
စီးဝူယာ့က ရိုးရိုးသားသားပြန်ပြောလိုက်သည်။ “သူက မောက်မာလွန်းတယ်”
လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်သည်။ “မင်းဆီအပ်ထားလိုက်မယ်”
“နားလည်ပါပြီ”
ပြီးနောက် လုကျိုးသည် အပြင်ဖက်ရှိ ကောင်းကင်ကို ကြည့်ပြီးပြောလိုက်တော့သည်။ “အခု နောက်ကျနေပြီ။ ဘာကိစ္စမှ မရှိတော့ရင် မင်းတို့အားလုံး သွားနားလို့ရပြီ”
လူတိုင်းက အရိုအသေပေးလျက် ထွက်သွားတော့သည်။
အဆုံးမဲ့သမုဒ္ဒရာထက်ရှိ ဝေဟင်ထဲတွင်ဖြစ်သည်။
ကျူးဟုန်ကုန်းက လေပြင်းကို ဆန်လျက် ပျံသန်းနေသည်။ ကံကောင်းသည်မှာ သူသည် မည်သည့်ပင်လယ်သားရဲမှ မတွေ့ပေ။
ထန်ခမ်း၏ အရှိန်က ယခုဆိုလျော့ကျနေပြီဖြစ်သည်။ ထန်ခမ်း၏ ဝန်ထုပ်ဝန်ပိုးကို ပေါ့စေရန် ကျူးဟုန်ကုန်းသည် သူ့ဖာသာသူပျံသန်းကာ ထန်ခမ်းကို လုလီကိုသာ သယ်ခိုင်းထား၏။ သူတို့သည် နေ့ရက်ပေါင်းများစွာ ပျံသန်းခဲ့၏။ ပျံသန်းမှုကို ဘယ်တော့မှ ရပ်တန့်တော့မှာ မဟုတ်ဟု ခံစားနေရသည်။
ကျူးဟုန်ကုန်းသည် လက်လျှော့ချင်ခဲ့သည့် အကြိမ်ပေါင်းများစွာရှိသည်။ သို့သော် သူ၏ ဆရာတူတပည့်များနှင့် သူ၏ဖခင်ကို တွေးမိချိန်တွင် သူ အားတင်းထားလိုက်သည်။
ထိုစဉ် လုလီက ရုတ်တရက် ချောင်းဆိုးလာသည်။ သူသည် အသက်ပြင်းပြင်းရှူပြီးနောက် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။
ကျူးဟုန်ကုန်းကို တွေ့သောအခါ အပျော်လွန်သွား၏။ သူက ထန်ခမ်းဘေးသို့ ပျံသန်းသွားကာ မေးလိုက်တော့သည်။
“ခင်ဗျား နိုးပြီလား”
“ငါတို့ အခု ဘယ်မှာလဲ” လုလီ၏စိတ်သည် ယခုအချိန်တွင် အနည်းငယ်နောက်ကျိနေသည်။
“ကျုပ်တို့ အဆုံးမဲ့သမုဒ္ဒရာမှာပဲ ရှိသေးတယ်” ကျူးဟုန်ကုန်းက သက်ပြင်းချပြီးပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ် ကြာကြာတောင့်ခံထားနိုင်မယ်မထင်ဘူး”
“လုလီက ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ အဆုံးမဲ့သမုဒ္ဒရာနှင့် အဆုံးမဲ့ကောင်းကင်သာရှိသည့် မြင်ကွင်းက လူတစ်ယောက်ကို စိတ်ပျက်အားငယ်စေ၏။ ပြီးနောက် ကျူးဟုန်ကုန်းကို ကြည့်ကာဝမ်းနည်းသော အပြုံးဖြင့် ပြောလိုက်သည်။ “မင်း အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိတယ်”
“ချန်းပေ့ ကျွန်တော်တို့ အဲဒီနေရာကို သွားနေတာလား။ ကျွန်တော်တို့ နေရာမှန်ရဲ့လား။ လမ်းပျောက်နေပြီထင်တယ်” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
လုလီသည် ထန်ခမ်း၏ မျက်ခုံးနှစ်ခုကြားနေရာလွတ်ကို ကြည့်လိုက်သည်။ “အရင်တုန်းက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လမ်းညွှန်အမှတ်အသားထားခဲ့တယ်။ ဒီ အမှတ်အသားက မင်း မှန်တဲ့ဘက် သွားနေတယ်ဆိုရင် လင်းလာလိမ့်မယ်။ မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို မသုံးနဲ့။ ရုတ်ရုတ်သဲသဲ သိပ် မဖြစ်အောင် လုပ်ထား မဟုတ်ရင် ငါ အထွတ်အထိပ်အချိန်မှာတောင် မင်းကိုကယ်တင်နိုင်မှာ မဟုတ်ဘူး”
ကျူးဟုန်ကုန်းက ခေါင်းညိတ်လျက် ပြောလိုက်တော့သည်။ “နားလည်ပါပြီ”
“ဘာကြောင့်များ အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ချင်တာလဲ” လုလီသည် ကောင်းကင်လွန်းကို ပြန်တွေးလိုက်သည်။
“မမေးနဲ့။ ကျုပ် ခေါင်းကိုက်လာပြီ” ကျူးဟုန်ကုန်းက အမြန်ပြောလိုက်သည်။ ပြီးနောက် သူက သိချင်စိတ်ဖြင့် မေးလိုက်၏။ “ကျုပ်လည်း ခင်ဗျားကို အဲ့မေးခွန်းပဲ မေးချင်နေတာ။ ပင်လယ်သားရဲတွေကို သတ်ဖို့ အဆုံးမဲ့သမုဒ္ဒရာဆီကို ဘာလို့သွားရတာလဲ”
ပင်လယ်လေပြည်က တိုက်ခတ်နေ၏။
“အဲ့ဒီပင်လယ်သားရဲက ပင်လယ်သားရဲတွေရဲ့ဘုရင်ပဲ။ ကုန်းမြေကို ကျူးကျော်ဖို့ ပင်လယ်သားရဲအမြောက်အမြားကို ဦးဆောင်လာတာ။ ကြားဖြတ်ပြီး သတ်ဖို့ အမိန့်ရထားတယ်”
လုလီက ပြန်ပြောလိုက်သည်။
“ဟုတ်ပြီလေ” ကျူးဟုန်ကုန်းက လက်မထောင်ပြပြီးပြောလိုက်လေသည်။ “ပန်းမပွင့်ခင် အဖူးတည်းက ပြဿနာကို ဖယ်ရှား အထင်ကြီးစရာပဲ”
“ပင်လယ်သားရဲဘုရင် ပိုသန်မာလာမယ်လို့ မထင်ထားဘူး။ ငါ့ချီပင်လယ်လောင်ကျွမ်းပစ်ပြီးတာတောင် သူ့ကို မသတ်နိုင်လုနီးပါးဖြစ်ခဲ့တာ” လုလီက ပြောလိုက်၏။
“ငါ့ကိုပေးတဲ့ အသက်ဓာတ်နှလုံးသားက ပင်လယ်သားရဲဆီကလား”
“အဟုတ်ပဲ။ ပင်လယ်သားရဲဘုရင် မကဘူး သူက မွေးဖွားဇယားချပ် သားရဲလည်းဖြစ်တယ်” လုလီက ပြော၏။
“မွေးဖွားဇယားချပ်သားရဲလား”
“ပွင့်ချပ်ဆယ်လွှာကို ရောက်ပြီးရင် မင်းရဲ့မွေးဖွားဇယားချပ်ကို အသက်သွင်းပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ဖို့ မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ်နှလုံးကို သုံးနိုင်တယ်”
“ခင်ဗျားက ကျုပ်ကို ဒီလောက်တန်ဖိုးရှိတာပေးနေတာ” ကျူးဟုန်ကုန်းက အထိတ်တလန့် မေးလိုက်သည်။
“မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားက ငါ့အတွက် အသုံးမဝင်ဘူး” လုလီက ပြောလိုက်၏။ သူထပ်ပြောချင်သေးပုံပေါ်သော်ငြား အဆုံးကျ သူ သက်ပြင်းချလိုက်သည်။
“အစောတုန်းက ခင်ဗျား ပြောခဲ့သလိုပဲ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးတယ်”
ကျူးဟုန်ကုန်းသည် သူ့ရင်ဘတ်သူပုတ်ပြီး ပြောလိုက်၏။ “စိတ်မပူနဲ့ ခင်ဗျားကို အဆုံးမဲ့သမုဒ္ဒရာအပြင်ဖက် ခေါ်သွားမယ်”
ထိုစဉ် ထန်ခမ်း၏ နဖူးပေါ်ရှိ အမှတ်အသားက လင်းထိန်လာတော့သည်။
…
အခန်း (၈၈၂) လောင်ပါ့အတွက် အခွင့်အရေး
“ဒီအမှတ်အသားက… “ လုလီက ကျူးဟုန်ကုန်းကို သတိပေးလိုက်သည်။
“အို့ “ ကျူးဟုန်ကုန်းက ထန်ခမ်း၏ ကျောကို ပုတ်လိုက်၏။ ထို့နောက် သူက ခေါင်းငုံ့ကာ ပြောလိုက်သည်။
“မိတ်ဆွေလေး ပင်ပန်းနေရင် အသိပေးနော်”
ထန်ခမ်းက ကျူးဟုန်ကုန်း၏ စကားကို တုံ့ပြန်သည့်အလား အသံပြုလိုက်သည်။
လုလီက ပြောလိုက်၏။
“နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ရောက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က အချိန်တော်ကြာ မစားမသောက်ဘဲ နေနိုင်တယ်။ ဒီသားရဲက ငယ်သေးတယ်။ တကယ်လို့ မင်းသာ အလိုရှိတယ်ဆိုရင် အသက်ဓာတ် နှလုံးသားတချို့ကို သူ့ကို ပေးလို့ရတယ်”
“အဲဒါ ဖြစ်နိုင်လား” ကျူးဟုန်ကုန်းက တုံ့ဆိုင်းမနေဘဲ သူ့ရင်ဘတ်အတွင်း သိမ်းဆည်းထားသည့် အသက်ဓာတ် နှလုံးသားကို ထုတ်လိုက်သည်။
အသက်ဓာတ် နှလုံးသားက ကျူးဟုန်ကုန်း၏ လက်အတွင်း ပုလဲလုံးတစ်လုံးအလား တောက်ပလာသည်။ ထို့နောက် သူက လုလီထံ ပေးလိုက်ပြီး
“ချန်းပေ့ရော လုပ်လို့ မရဘူးလား”
လုလီက ချောင်းဆိုးလိုက်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။
ကျူးဟုန်ကုန်းက မျက်နှာပူစွာ ပြုံးလိုက်၏။ သူက လုလီသည် ချီပင်လယ်ကို လောင်ကျွမ်းပစ်ခဲ့ကြောင်း မေ့သွားခဲ့သည်။ အကယ်၍ လုလီသာ အချိန်မီ မကုသနိုင်ပါက နောင်အနာဂတ်တွင် ဒုက္ခိတ ဖြစ်သွားနိုင်သည်။
လုလီက လက်ဟန်ပြကာ ပြောလိုက်၏။
“အသက်ဓာတ် နှလုံးသားကို သားရဲရဲ့ ကျောပေါ် တင်ပေးလိုက်။ အဲဒါက စွမ်းအားတွေကို စုစည်းပေးလိမ့်မယ်”
“ကောင်းပါပြီ”
ကျူးဟုန်ကုန်းက လုလီ၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကာ အသက်ဓာတ် နှလုံးသားကို ထန်ခမ်း၏ ကျောပေါ် တင်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီးသည့်နောက် အသက်ဓာတ် စွမ်းအားက ထွက်ပေါ်လာ၏။
ထန်ခမ်းက ဘာလုပ်ရမည်ကို အလိုလိုသိနေသည့်အလား စွမ်းအားကို စတင်စုပ်ယူလိုက်သည်။
၁၅ မိနစ်လောက် ကြာမြင့်ပြီးသည့်နောက်တွင် လုလီက ပြောလိုက်၏။
“လုံလောက်ပြီ။ သူက ငယ်သေးတယ်ဆိုတော့ သက်တမ်းနှစ် ၁၀၀က လုံလောက်တယ်”
“နှစ် ၁၀၀လား” ကျူးဟုန်ကုန်းက တအံ့တသြ ရေရွတ်လိုက်၏။
“ဒီအသက်ဓာတ် နှလုံးသားက သက်တမ်းနှစ် ၂၀၀၀ ရှိတယ်” လုလီက ရှင်းပြလိုက်သည်။
“မင်း ဆယ်ခုမြောက် ပွင့်ချပ်ကို ထွက်ပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ်ကို အသက်သွင်းပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ဒီဟာကို အသုံးပြုနိုင်တယ်”
“ကျွန်တော်လား” ကျူးဟုန်ကုန်းက မယုံကြည်နိုင်ဖွယ် အမူအရာမျိုးဖြင့် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြလိုက်၏။ ပင်လယ်လေပြေများက အသံကျယ်သည့်အတွက် လုလီ၏ စကားကို မှားကြားသည်ဟု ထင်နေမိသည်။
တစ်ဖက်တွင် လုလီ၏ အမူအရာ၌ အပြောင်းအလဲမရှိပေ။
“မင်းဆီမှာ မဟာလေဟာနယ်ရဲ့ အငွေ့အသက်ရှိတယ်။ မင်းရဲ့ အနာဂတ်က ငါ့ထက် ပိုပြီးတော့ ကောင်းတယ်”
“မဟာလေဟာနယ်လား”
“မင်းက မင်းအကြောင်းကို သိပုံမပေါ်ဘူးပဲ” လုလီက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက လည်ချောင်းရှင်းကာ ကျောမတ်မတ်ထားလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်၏။
“ချန်းပေ့က ကျင့်ကြံဆင့် မြင့်မားရုံတင်မကဘူး။ အလေးအနက်လည်း ဖြစ်သားပဲ။ ကျွန်တော်က ချန်းပေ့လိုမျိုး ရိုးသားပြီး လေးနက်တဲ့သူတွေကို သဘောကျတယ်”
ကျူးဟုန်ကုန်း၏ စကားကို ကြားပြီးသည့်နောက်တွင် လုလီက မျက်မှောင်အသာကြုတ်လိုက်၏။ သူက ထိုစကားများကို ကြားသည့်အခါ ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။ အဆုံးသတ်တွင် သူက ထိုစကားများကို မတုံ့ပြန်ခဲ့ပေ။ ထိုအစား ကျူးဟုန်ကုန်းက ဘာမှမသိသည်ကို မြင်ပြီးသည့်နောက်တွင် ရှင်းပြဖို့ရာသာ ဆုံးဖြတ်လိုက်၏။
“မဟာလေဟာနယ်ကို ရောက်ခဲ့တဲ့သူတွေက မဟာလေဟာနယ်ရဲ့ ချီနှင့် စွမ်းအင်ကို ရနိုင်တယ်လို့ ပြောကြတယ်။ အဲဒီလူတွေကို ဂိုဏ်းကြီးတွေက လိုလားကြတယ်။ မဟာလေဟာနယ်ရဲ့ ချီနဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတွေက အနည်းဆုံး အသက် ၈ သက် ရှိတယ်လို့ ပြောကြတယ်”
ကျူးဟုန်ကုန်းက စိတ်ရှုပ်ထွေးစွာဖြင့် “ဒါပေမဲ့ကျွန်တော်က မဟာလေဟာနယ်ကို တစ်ခါမှ မရောက်ဖူးဘူးလေ”
“ဘယ်လိုပဲဖြစ်ဖြစ် ငါက မဟာလေဟာနယ်အကြောင်း ဒါပဲသိထားတာ” လုလီက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် “တကယ်တော့ ကျွန်တော်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ပွင့်ချပ်ကိုးလွှာထိ ရောက်နိုင်ရင်ကို ကျေနပ်နေပြီ”
“...”
လုလီက ကျူးဟုန်ကုန်း၏ စကားများကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
ထိုစဥျ
ဝှစ်
ထန်ခမ်း၏ နဖူးထက်ရှိ အမှတ်အသားက ထပ်မံတောက်ပလာသည်။
“ချန်းပေ့” ကျူးဟုန်ကုန်းက ထန်ခမ်း၏ နဖူးကို ညွှန်ပြလိုက်၏။
ထန်ခမ်းက အသက်ဓာတ် နှလုံးသားဆီမှ အသက်ဓာတ် စွမ်းအားတချို့ကို စုပ်ယူပြီးသည့်နောက်တွင် စွမ်းအားနှင့် အရှိန်က ယခင်ထက် ပိုမိုကောင်းမွန်လာသည်။
လုလီက အမှတ်အသားကို ကြည့်ကာ ရေရွတ်လိုက်၏။
“ငါတို့တွေ သိပ်မဝေးလောက်တော့ဘူး”
ကျူးဟုန်ကုန်းက ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ထန်ခမ်း အရှိန်မြှင့်ထား”
လူ ၂ဦးနှင့် တောဝက်ရိုင်းတစ်ကောင်က မိုးကုတ်စက်ဝန်းအတွင်း မကြာခင် ပျောက်ကွယ်သွားကြလေသည်။
...
ကျူးဟုန်ကုန်းက ထိုအမှတ်အသား ဒုတိယအကြိမ် လင်းလက်လာပြီးသည့်နောက်တွင် သူတို့၏ ဦးတည်ရာနှင့် နီးကပ်နေဖို့ရာသာ ဆုတောင်းမိ၏။ သို့သော်လည်း ထိုစဥ်ကတည်းက သူတို့သည် အဆုံးမဲ့ပင်လယ်အတွင်း ပျံသန်းလာသည်မှာ လဝက်ခန့် ရှိသွားလေပြီ။
...
နောက်ထပ် ၆ရက်တာ ကုန်ဆုံးသွားလေ၏။
မနက်စောစောတွင်
နေမင်းက မိုးကုပ်စက်ဝန်းမှ ထွက်ပေါ်လာကာ ကမ်းရိုးတန်းပုံရိပ်တစ်ခုက သူတို့၏ မျက်စိရှေ့မှောက် ပေါ်ထွက်လာသည်။
ထန်ခမ်းက အသံပြုလိုက်၏။
ထိုစဥ် ကျူးဟုန်ကုန်းက ကြောင်အမ်းနေမိသည်။ သူက မျက်လုံးကို ပွတ်ကာ မြင်တွေ့သည့်အရာကို မယုံကြည်နိုင်ဖြစ်နေမိသည်။ ထို့နောက် သူက ကမ်းရိုးတန်းကို လက်ညှိုးထိုးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ချန်းပေ့ ကျွန်တော်တို့ ရောက်ပြီ ရောက်ပြီ။ ကျွန်တော်တို့တော့ ဘေးကင်းသွားပြီ”
လုလီ၏ အမူအရာက ပုံမှန်လိုမျိုး အပြောင်းအလဲ မရှိပေ။
ခဏအကြာတွင် ၂ဦးသားက ကမ်းခြေဆီ ရောက်ရှိလာကြ၏။ ကမ်းခြေတွင် မည်သူမှမရှိဘဲ အဘက်ဘက်၌ မြင်တွေ့ရသည့် မိုးထိလုမတတ် သစ်ပင်များရှိသည့် တောအုပ်အတွင်း အားနည်းသည့် ငှက်တချို့နှင့် သားရဲတချို့သာ တွေ့လေသည်။
သူတို့ ဆင်းသက်လာပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ကမ်းခြေပေါ် ဆင်းကာ ကောင်းကင်နှင့် မျက်နှာမူလိုက်သည်။ ထို့နောက် သူက အားပါးတရ ရှူသွင်းလိုက်၏။
လုလီလိုမျိုး မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းထားသည့် အနက်ရောင်ကြာ ကျင့်ကြံသူပင် ထိုင်ချလိုက်သည်။ သူက တည်ငြိမ်နေသော်လည်း သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုး ရှိနေလေသည်။
အဆုံးသတ်၌ ကျူးဟုန်ကုန်းက ၁နာရီကြာ အနားယူပြီးသည့်နောက်တွင် ထထိုင်လိုက်သည်။ သူက တောအုပ်ကို သတိထားကာ ကြည့်လိုက်ပြီးသည့်နောက်
“ချန်းပေ့ သတိထားနော်။ အနီရောင်ကြာနယ်မြေက အန္တရာယ်များတယ်။ ကျွန်တော်တို့တွေ ရှစ်စွင်းကို မြန်မြန်ရှာရမယ်။ ပြီးတော့ သူက ကျွမ်းကျင်တဲ့ ကုသရေးသမားကောင်းဆိုတော့ ချီပင်လယ်ကို ကုသပေးနိုင်လောက်တယ်”
လုလီက ကျူးဟုန်ကုန်း၏ စကားကို မတုံ့ပြန်ပေ။ ထိုအစား သူက မတ်တတ်ရပ်လိုက်ပြီးသည့်နောက်တွင် ဝတ်ရုံမှ သဲများကို ခါချလိုက်၏။
ကျူးဟုန်ကုန်းက သိချင်စွာ မေးလိုက်၏။
“ဒါက ဘယ်လိုနေရာမျိုးလဲ”
လုလီက ပင်လယ်လေပြေ တိုက်ခတ်သည့်နေရာကို မျက်နှာမူကာ လက်နောက်ပစ်လျက် မေးလိုက်သည်။
“မင်းနာမည်က ဘယ်သူလဲ”
ကျူးဟုန်ကုန်းက ပြန်ဖြေလိုက်၏။
“ကျူးဟုန်ကုန်းပါ”
လုလီက ပြောလိုက်သည်။
“ငါကိုယ်တိုင်တောင် မိတ်မဆက်ရသေးဘူး။ ငါက အနက်ရောင်ကြာနယ်မြေက လုလီ။ ငါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ငါက ချီပင်လယ်ကို လောင်ကျွမ်းထားတယ်ဆိုပေမဲ့ မင်းကို သင်ပေးနိုင်တာထက် ပိုတယ်။ တကယ်လို့ မင်း အလိုရှိတယ်ဆိုရင် ငါ့ကို ဆရာအဖြစ် မှတ်ယူလို့ ရတယ်”
မဟာလေဟာနယ်မှ စွမ်းအားရှိသည့် တပည့် ၁ဦးကို မလိုချင်သည့်သူဟူ၍ ရှိမည်လား။
လုလီ၏ စကားကို ကြားပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ခေါင်းအသာယမ်းလိုက်ပြီး “မဟုတ်ဘူး။ ကျွန်တော့ဆီမှာ ဆရာတစ်ယောက် ရှိပြီးသား”
လုလီက ကျူးဟုန်ကုန်း၏ ငြင်းဆန်မှုကို ကြားသည့်အခါ စိတ်ပျက်သွားဟန်မပေါ်ပေ။
“အဲဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး။ မင်းသာ အလိုရှိမယ်ဆိုရင် မင်းဆရာကို ရှာပြီးတော့ ငါကိုယ်တိုင် ရှင်းပြပေးလိုက်မယ်”
ကျူးဟုန်ကုန်းက အလျင်စလို လက်ဝှေ့ကာ ပြောလိုက်သည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။ နေမင်းနဲ့ လမင်းတို့က ကျွန်တော်အတွက် ရှစ်စွင်းအပေါ် သစ္စာရှိတယ်ဆိုတာ သက်သေခံနိုင်တယ်”
လုလီက မျက်မှောင်အသာကြုတ်ကာ မေးလိုက်၏။
“ငါက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းထားပြီးတော့ မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းထားနိုင်တဲ့သူပဲ။ မင်းရဲ့ ဆရာထက် ဘယ်လိုလုပ် နိမ့်ကျမှာလဲ”
ကျူးဟုန်ကုန်းက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက် သက်ပြင်းချလိုက်သည်။
“ရှစ်စွင်းက ကျွန်တော်ကို မိသားစုလိုမျိုး ဆက်ဆံပေးတာ။ သူ့ကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ။ ချန်းပေ့ ဒီကိစ္စကို ထပ်ပြီးတော့ မပြောပါနဲ့တော့”
လုလီက ကျူးဟုန်ကုန်း ငြင်းဆန်နေသည်ကို မြင်သည့်အခါ ဖိအားမပေးတော့ဘဲ သက်ပြင်းသာ ချလိုက်၏။
“အဲဒါဆိုရင်လည်း ထားလိုက်ပါ”
လုလီ၏ အမြင်၌ ကျူးဟုန်ကုန်းက ပါရမီနှင့် အကျင့်စရိုက်ကောင်းမွန်သည့် ရတနာတစ်ပါးအလား ဖြစ်၏။ ကျူးဟုန်ကုန်းက သူ့တပည့် ဖြစ်မလာသည်မှာ နှမြောစရာကောင်းလှသည်။
ကျူးဟုန်ကုန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ချန်းပေ့ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လုလီက ကျူးဟုန်ကုန်းကို ပြန်ပြုံးပြလိုက်ပြီး “မင်းက ငါ့ကို ဆရာအဖြစ် လက်မခံနိုင်ပေမဲ့ မင်းကို သင်ပေးလို့ မရဘူးလို့ ပြောတာတော့ မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံဆင့်က ဖျက်ဆီးခံလိုက်ရပြီးဆိုတော့ မင်းအပေါ်ပဲ မှီခိုရတော့မယ်”
“ကျွန်တော်အပေါ် မှီခိုမှာလား” ကျူးဟုန်ကုန်းက အံ့အားသင့်သွား၏။ ထိုစဥ် သူ့ဆံပင်များပင် ထောင်မတ်သွားဟန်ပေါ်သည်။
ဝှစ် ဝှစ် ဝှစ်
တောအုပ်အတွင်း အသံတစ်သံ ထွက်ပေါ်လာ၏။
ကျူးဟုန်ကုန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“အာ ချန်းပေ့ သွားကြစို့”
ထန်ခမ်းကလည်း ထရပ်လိုက်သည်။
တစ်ဖက်တွင် လုလီက မျက်မှောင်ကြုတ်လိုက်ပြီး “စိတ်မလှုပ်ရှားပါနဲ့။ စိတ်ငြိမ်ငြိမ်ထား”
“လုချန်းပေ့ ကျွန်တော့်ကို အထင်ကြီးနေတာပဲ။ ကျွန်တော်က ဒီမတိုင်ခင်က ပွင့်ချပ်ခြောက်လွှာအဆင့်ပဲ ရှိသေးတယ်။ ချန်းပေ့ရဲ့ စွမ်းအားနဲ့ ကျင့်ကြံဆင့်ကို ရရှိပြီးတဲ့နောက်မှာ အများဆုံး ပွင့်ချပ်ရှစ်လွှာအထိပဲ ရှိအုံးမှာ”
ကျူးဟုန်ကုန်းက လုလီကို ဆွဲခေါ်ရင်း ပြောလိုက်သည်။ သို့သော် သူလှည့်ကြည့်လိုက်သည့်အခါ နောက်ကျလွန်းသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။
ကျင့်ကြံသူဒါဇင်ချီက ပျံသန်းလာနေကြသည်။
လေထုထဲ ပျံသန်းလာနေသည့် ကျင့်ကြံသူတစ်ဦးက ကျူးဟုန်ကုန်းနှင့် လုလီကို ကြည့်ကာ မေးလိုက်သည်။
“လူကြီးမင်းတို့ ရေလွှမ်းခြင်းဂိုဏ်းရဲ့ လေဟုန်ကျွန်းကို ကျူးကျော်တာ ရိုင်းပျတယ်လို့ မထင်ဘူးလား”
ကျူးဟုန်ကုန်းက လက်ယမ်းကာ ပြောလိုက်သည်။
“ဒါက နားလည်မှုလွဲတာပါ။ ကျုပ်တို့တွေ ချက်ချင်း ထွက်သွားပါ့မယ်”
ထို့နောက် သူက လှည့်ကာ ခေါ်လိုက်သည်။
“ထန်ခမ်း”
ထန်ခမ်းက ဆက်လက်အိပ်ချင်သည့်အလား ပျင်းရိပျင်းတွဲ အသံပြုလိုက်၏။
“ခဏလောက် နေပါအုံး” အမျိုးသားက ပြောလိုက်သည်။
“တကယ်လို့ ခင်ဗျားတို့ဆီမှာ အကြံဆိုးမရှိဘူးဆိုရင် ဒီကျွန်းရဲ့ ဧည့်သည်အဖြစ် နေလို့ရပါတယ်။ တကယ်လို့ ခင်ဗျားတို့က ဟုန်ဂိုဏ်းရဲ့ မိတ်ဆွေဆိုရင် ဂိုဏ်းက သေချာပေါက် ကြိုဆိုမှာပါ”
ကျူးဟုန်ကုန်းက ထိုအမျိုးသား၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသာ အလျင်စလို လက်ဝှေ့ကာ “တကယ်တော့ အဲဒီလို မလိုပါဘူး”
အရူးကသာ ဤကျွန်းပေါ်တွင် ဧည့်သည်အဖြစ် ဆက်နေမည် ဖြစ်၏။
အမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲဒီလိုဆိုရင် ခင်ဗျားတို့ကို လိုက်ပို့ပါ့မယ်”
“မလိုပါဘူး။ ကျုပ်တို့ဘာသာ ထွက်သွားလို့ရတယ်” ကျူးဟုန်ကုန်းက နေရခက်စွာ ပြောလိုက်၏။
အမျိုးသားက ကျူးဟုန်ကုန်း စိတ်လှုပ်ရှားနေသည်ကို မြင်သည့်အခါ ပြောလိုက်သည်။
“ကျုပ်က ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး။ ခင်ဗျားရဲ့ ဝတ်ရုံက စုတ်ပြဲနေတာဆိုတော့ ဒီကျွန်းကို လာတုန်း ပင်လယ်သားရဲတွေ တိုက်ခိုက်ခံရမှာ သေချာတယ်။ အဲဒါကြောင့် လိုက်ပို့ပေးပါ့မယ်”
ကျူးဟုန်ကုန်းက သက်ပြင်းချကာ “ချန်းပေ့ ခင်ဗျားက အမြင်ကောင်းရှိတာပဲ။ ကျုပ်တို့တွေက ဒီခရီးစဥ်မှာ အတော်လေးကို ဒုက္ခတွေ့ခဲ့ကြတာ”
ထိုစဥ် လုလီက တိတ်ဆိတ်နေလျက် အခြေအနေကို အကဲခက်နေသည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်က ငြိမ်သက်နေပြီး လှုပ်ရှားမှုမရှိပေ။
ထိုအမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ခင်ဗျားတို့ နှစ်ယောက်လုံးက တာ့ချင်ဆီ သွားဖို့ စီစဥ်ထားတယ်ဆိုရင်တော့ မြောက်ဘက်ကျွန်းကို ဦးတည်သင့်တယ်။ ဒါပေမဲ့ အဲဒီနေရာက အရမ်းကို အန္တရာယ်များလွန်းတယ်”
တာ့ချင်လား …
ကျူးဟုန်ကုန်းက အံ့အားသင့်သွား၏။
ဤတစ်ကြိမ် နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဟေး ငါ့တာ့ရှစ်ရှိုးက မင်းတို့ကို ကူညီဖို့ ကြိုးစားနေတာလေ။ မင်းက ဘာလို့ကျေးဇူးမတင်ရတာလဲ။ ငါ့တာ့ရှစ်ရှိုးက ကြင်နာတတ်တော့ ကံကောင်းတယ်လို့များ ထင်နေလား”
ကျူးဟုန်ကုန်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ချန်းပေ့ကို ကျေးဇူးတင်ပါတယ်။ တမင်ကျူးကျော်ဖို့ မရည်ရွယ်ခဲ့ပါဘူး”
“ဒါက ကိစ္စအသေးအမွှားလေးပါ” အမျိုးသားက သူ့အပေါင်းအပါများကို လှည့်ကာ ပြောလိုက်၏။
“မင်းတို့အားလုံး ပြန်ကြ။ ငါ ခဏနေမှ ပြန်လာခဲ့မယ်”
“တာ့ရှစ်ရှိုးကို နှုတ်ဆက်ပါတယ်”
ထိုစဥ် ကျူးဟုန်ကုန်းက သူသည် ကြင်နာတတ်သည့်သူ တစ်ယောက်နှင့် တွေ့ဆုံခဲ့ရ၍ ကံကောင်းသည်ဟုသာ ထင်နေမိသည်။