အခန်း (၈၈၆-၈၈၈)
Vol. 60 Ch. 886-888
အခန်း (၈၈၆) ဒုတိယမွေးဖွားဇယားချပ်
လုလီက ကျူးဟုန်ကုန်း၏ သဘောထား အပြောင်းအလဲကို မြင်သည့်အခါ စိတ်ရှုပ်ထွေးသွားမိ၏။
ကျူးဟုန်ကုန်းက လုလီဆီ အသံလွှင့်ကာ ပြောလိုက်သည်။
“ချန်းပေ့ ကျွန်တော်ကို လျှော့မတွက်နဲ့။ အရင်တုန်းက ကျွန်တော်က အဖွဲ့သားတစ်သိန်းကျော်ရှိတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ အံ့ဖွယ်မြို့တော်ကို နှိမ်နင်းဖို့ တာ့ရှစ်ရှိုးကိုလည်း အကူအညီ ပေးခဲ့ဖူးတယ်။ တကယ်လို့ ကျွန်တော်က ကျင့်ကြံရေးအပေါ် စိတ်ဝင်စားလို့သာ မဟုတ်ရင် အံ့ဖွယ်မြို့တော်မှာ နေရာတစ်ခု အလွယ်တကူ ရနိုင်တယ်”
လုလီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းက ကျင့်ကြံရေးအပေါ် အလေးထားဖို့ ဆုံးဖြတ်လိုက်တာ ကောင်းတာပဲ”
ထိုစဥ် ရေလွှမ်းခြင်းဂိုဏ်း၏ ပထမအကြီးအကဲသစ် ထောင်ကျင်းက ကျူးဟုန်ကုန်းနှင့် လုလီအတွက် လေဟုန်ကျွန်းပေါ်တွင် အကောင်းဆုံးနေရာချထားပေးဖို့ တပည့်များအား အမိန့်ပေးလိုက်သည်။
၂ဦးသားက အားနာမနေတော့ဘဲ ကျွန်း၏ အလယ်ဗဟိုချက်တွင် နေထိုင်လိုက်ကြ၏။
...
ညနေပိုင်းတွင်
လုလီနှင့် ကျူးဟုန်ကုန်းတို့က လေဟုန်ကျွန်းပေါ်ရှိ ရေလွှမ်းခြင်းဂိုဏ်း၏ ပင်မတပည့်များကို စုဝေးကာ သူတို့၏ နောက်လှုပ်ရှားမှုအကြောင်း ဆွေးနွေးလိုက်ကြသည်။
သူတို့အင်အားနှင့် အတွေးအခေါ်များကြား ကွာခြားချက်က မိုးမြေလောက် ကျယ်ပြန့်နေ၏။
“မင်းတို့အားလုံးကို ခေါ်လိုက်ရတာက ရိုးရှင်းတဲ့ တာဝန်တချို့ ရှိလို့ပဲ။ တကယ်လို့ မင်းတို့ တာဝန်ကို ပြီးမြောက်မယ်ဆိုရင် ရေလွှမ်းခြင်းဂိုဏ်းက တာ့ချင်မှာ နံပါတ် ၁ဂိုဏ်း ဖြစ်လာဖို့ ၅နှစ်တောင် လိုမှာမဟုတ်ဘူး။ ၃နှစ်နဲ့လည်း ဖြစ်နိုင်သလို ၂နှစ်နဲ့လည်း ဖြစ်နေနိုင်တယ်။ ၁လနဲ့ ဖြစ်လာနိုင်မလားဆိုတာကို ဘယ်သူသိမှာလဲ” လုလီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“...”
ထောင်ကျင်းက ဦးညွတ်ကာ အရင်ဦးစွာ ပြောလိုက်၏။
“ချန်းပေ့ တာ့ချင်က ကျယ်ပြန့်ပြီးတော့ ဂိုဏ်းတွေ အများကြီး ရှိတယ်။ နံပါတ်တစ် ဂိုဏ်းဖြစ်လာဖို့က ကျုပ်တို့တွေ အချိန်တချို့တော့ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ် လုပ်နိုင်တာ ရှိတယ်ဆိုရင် ပြောလိုက်ပါ”
သူတို့သာ ပူးပေါင်းသရွေ့ လုလီက သူတို့အတွက် ခက်ခဲအောင် လုပ်မည်မဟုတ်ပေ။ သူက ပြောလိုက်သည်။
“အရင်ဆုံး တာ့ချင်မှာရှိတဲ့ အင်အားစုအားလုံးကို စာရင်းပြုစုလိုက်။ ဒုတိယအနေနဲ့ မင်းတို့သိထားတဲ့ တာ့ချင်မှာရှိတဲ့ ထိပ်သီးကျင့်ကြံသူအားလုံးကို စာရင်းထုတ်ထားလိုက်။ တတိယအနေနဲ့ သူတို့ကို ရက်ရက်ရောရော ပေးကမ်းပြီးတော့ ခေါ်လိုက်”
ထောင်ကျင်းက ခေါင်းညိတ်ကာ “ပြဿနာ မရှိပါဘူး”
ရွှီဝမ်ချင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ချန်းပေ့ သူတို့ကို တစ်ယောက်ချင်းစီ အနိုင်ယူဖို့ စီစဥ်ထားတာလား”
အားလုံးက ကျူးဟုန်ကုန်း၏ ကျင့်ကြံဆင့်ကို မြင်တွေ့ဖူးကြလေသည်။ သူတို့က ကမ္ဘာရှိ ပညာရှင်အားလုံးကို အနိုင်ပိုင်းနိုင်လိမ့်မည်ကို သံသယ မဖြစ်ပေ။ သို့သော်လည်း ကမ္ဘာကြီးက ကျယ်ပြန့်လွန်းလှသည့်အတွက် သူတို့သာ တစ်ယောက်ချင်းစီ ဆင့်ခေါ်နေမည်ဆိုလျှင် နှောင့်နှေးသွားနိုင်သည် မဟုတ်ပါလော။
ထို့အပြင် ကျူးဟုန်ကုန်း၏ ပေ ၁၂၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ကိုယ်တိုင် မမြင်တွေ့ဘူးသည့် ကျင့်ကြံသူများက သူ့အင်အားကို သံသယရှိကြလိမ့်မည်။
လုလီက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
“တာ့ချင်မှာ ပွင့်ချပ်ခုနှစ်လွှာအဆင့်ရောက်ဖို့ ကြိုးစားနေတဲ့ အင်အားစုတွေ ရှိတယ်မလား။ လေဟုန်ကျွန်းပေါ်က ဟုန်ဂိုဏ်းက အဲဒီလိုလုပ်နိုင်တဲ့ နည်းလမ်းတွေ့ပြီလို့ သတင်းဖြန့်လိုက်”
ထိုသတင်းကို ကြားပြီးသည့်နောက်တွင် ထောင်ကျင်းက ချက်ချင်းဆိုသလို ဦးညွတ်ကာ ပြောလိုက်သည်။
“ချန်းပေ့က တကယ်ကို ဉာဏ်ကြီးပါပေတယ်”
လုလီက အားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ပြောလိုက်သည်။
“အားလုံး ထွက်သွားလို့ ရပြီ”
ထောင်ကျင်းနှင့် တခြားသူများက ထွက်ခွာသွားကြ၏။
အားလုံး ထွက်ခွာသွားသည်နှင့် ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“ကျွန်တော်က နည်းနည်းအားနည်းနေတုန်းပဲ”
“မင်းက ဘာလို့ အဲဒီလို ပြောရတာလဲ”
“ကျွန်တော်က ပွင့်ချပ်ကိုးလွှာအဆင့် နီးကပ်နေပြီဆိုပေမဲ့ ဒီနေရာမှာ ဖုံးကွယ်နေတဲ့ ဆရာသခင်တစ်ယောက် ရှိနေရင် ဘယ်လိုလုပ်မလဲ။ သူက ကျွန်တော်ဆရာလိုမျိုး အကျိုးအကြောင်းမသင့်ဘဲ လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ”
ကျူးဟုန်ကုန်းက သူ့လက်ဝါးဖြင့် ရိုက်ချသည့် အမူအရာမျိုး လုပ်လိုက်သည်။
လုလီက ကျူးဟုန်ကုန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ သူက ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်းအကြောင်း ပြောဖူးသည့် အရေအတွက်ကိုပင် မရေတွက်နိုင်တော့ပေ။ သူက မေးလိုက်သည်။
“မင်းရှစ်စွင်းက ပွင့်ချပ်ဘယ်လောက်ရှိလဲ”
ကျူးဟုန်ကုန်းက မေးထောက်ရင်း မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သူ့ရှစ်စွင်း၏ သရုပ်ပြမှုကို ပြန်လည်စဥ်းစားလိုက်သည်။
“ပွင့်ချပ်ကိုးလွှာပဲ။ ပြီးတော့ သူက ကံမီးတောက် အသုံးပြုသူတစ်ယောက်”
လုလီက ခေါင်းအသာယမ်းကာ “မင်းရှစ်စွင်းနဲ့ တွေ့တဲ့အခါကျရင် ငါတို့ကြားမှာ ချောက်နက်လောက် ကွာဟနေတယ်ဆိုတာကို သဘောပေါက်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းလည်း နားလည်သွားလိမ့်မယ်”
...
၂ရက်ကြာမြင့်ပြီးနောက်
လုကျိုးက သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို ဖြည့်တင်းပြီးသည့်နောက်တွင်ပင် ကျူးဟုန်ကုန်းကို စစ်ဆေးမကြည့်တော့ပေ။ လုလီက ဘေးတွင် ရှိသည့်အတွက် ကျူးဟုန်ကုန်းက ဘေးကင်းသင့်ပေသည်။ အနည်းဆုံးတော့ ကျူးဟုန်ကုန်းက အဆုံးမဲ့ပင်လယ်ပြင်အထက် ပျံသန်းနေစဥ်ထက် ပိုမိုဘေးကင်လိမ့်မည်။
“ပထမမွေးဖွားဇယားချပ်က တည်ငြိမ်သွားပြီဆိုတော့ ဒုတိယတစ်ခု စသင့်ပြီ” လုကျိုးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီးသည့်နောက်တွင် ကြမ်းတမ်းခက်ထန် သားရဲ၏ အသက်ဓာတ် နှလုံးသားကို ထုတ်ကာ ရှေ့တွင် ထားလိုက်သည်။
“မွေးဖွားဇယားချပ် နှလုံးသား၊ မီးဓာတ် ခံနိုင်ရည်၊ တိုက်ခိုက်နိုင်စွမ်း”
ထို့နောက် သူက လုလီ ပေးထားသည့် မွေးဖွားဇယားချပ် ၃၆ခု ပါဝင်နေသည့် အဝတ်စကို ထုတ်လိုက်သည်။
မွေးဖွားဇယားချပ် ၃၆ခုက အဆင့် ၃ခု ခွဲခြားထားပြီး ကောင်းကင်၊ မြေကမ္ဘာနှင့် လူသားအဆင့်ဟူ၍ ဖြစ်သည်။ ကဏ္ဍတစ်ခုချင်းစီက မွေးဖွားဇယားချပ် ၁၂ခုစီ ပါရှိ၏။
“ဒီမွေးဖွားဇယားချပ်က လူသားအဆင့်ပဲ”
ရှေးဟောင်းစာအုပ်များအရ လူများက အရင်ဦးစွာ လူသားအဆင့် မွေးဖွားဇယားချပ်ကို အသက်သွင်းရမည်။ အကယ်၍ မှားယွင်းသည့် မွေးဖွားဇယားချပ်ကို အသက်သွင်းမိသွားပါက မွေးဖွားနန်းဆောင် ပျက်စီးသွားနိုင်ချေ ရှိသည်။ အတည်ပြုနိုင်မည့် အဝတ်စ မရှိဘဲ မွေးဖွားဇယားချပ်ကို မည်သူကမှ သတ္တိရှိရှိ အသက်သွင်းရဲမည်နည်း။
အဝတ်ပေါ်တွင် နာမည်များ၊ ရှင်းလင်းချက်များနှင့် တည်နေရာများ ပါရှိလေသည်။ အရှင်းတမ်းဆုံး ပြောရလျှင် အဝတ်စ၏ ကဏ္ဍက မွေးဖွားနန်းဆောင်အတွင်း မှန်ကန်သည့်နေရာများကို ချထားနိုင်ဖို့အတွက် ကူညီပေးနိုင်ရန် ဖြစ်သည်။
အကယ်၍ အသက်ဓာတ် နှလုံးသားကို မွေးဖွားနန်းဆောင်အတွင်း မှားယွင်းသည့်နေရာတွင် ထားရှိခဲ့ပါက သက်ရောက်မှုက သိသိသာသာ လျော့ကျသွားလိမ့်မည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်သည်။
“လူတစ်ယောက် အသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ်အရေအတွက် ကန့်သတ်ချက်က ဘာလို့ရှိနေတာလဲ”
သဘောတရားအရ ပြောရလျှင် မွေးဖွားဇယားချပ် နှလုံးသား လုံလုံလောက်လောက် ရှိနေသရွေ့ မွေးဖွားဇယားချပ်အားလုံးကို အသက်သွင်းနိုင်သင့်ပေသည်။
သို့သော်လည်း လုလီက မွေးဖွားဇယားချပ် ၅ခုကိုသာ အသက်သွင်းထားနိုင်၏။
အရေအတွက် မြင့်မားတဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့က ခက်ခဲနေတာလား ...
“မွေးဖွားနန်းဆောင်နဲ့ ကြာပလ္လင်ရဲ့ အရွယ်အစားနဲ့များ သက်ဆိုင်နေတာလား”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် အသေးစားကို ပုံဖော်လိုက်၏။ ထို့နောက် သူက ထိုအရာကို လူတစ်ယောက်၏ အရွယ်အစား ရောက်အောင် ကြီးထွားစေလိုက်သည်။
ထို့နောက် သူက ကြမ်းတမ်းခက်ထန် သားရဲ၏ အသက်ဓာတ် နှလုံးသားကို ကောက်ယူကာ အဝတ်ပေါ်ရှိ မွေးဖွားဇယားချပ်၏ နေရာကို ကြည့်လိုက်သည်။
သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။
“ဒီအသက်ဓာတ် နှလုံးသားက သတ်ဖြတ်ရေးခုနှစ်သွယ်ကျင့်စဉ်နဲ့ယှဥ်နိုင်လောက်တဲ့ တိုက်ခိုက်ရေး ဓာတ်သဘာဝ ရှိတယ်”
ယခု လုကျိုးက မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ဆုံးဖြတ်ထားပြီဖြစ်ကာ ကြာပလ္လင်ပေါ်ရှိ မွေးဖွားနန်းဆောင်ကို ထပ်မံကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက သင့်တော်သည့်နေရာတွင် မွေးဖွားဇယားချပ် အသက်ဓာတ် နှလုံးသားကို တင်လိုက်၏။
ဝှစ်
အသက်ဓာတ် နှလုံးသားက မွေးဖွားနန်းဆောင်ကို ထိတွေ့လိုက်သည်နှင့် သတ်ဖြတ်လှိုင်းလုံး တစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
သိပ်မကြာခင် အသက်ဓာတ် နှလုံးသား၏ စွမ်းအားလည်း ထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းဆိုသလို အလှမ်းကွာသည့် မွေးဖွားရေးဇုံတစ်ခု ထွက်ပေါ်လာသည်။
“တိုက်ခိုက်ရေး အမျိုးအစား မွေးဖွားဇယားချပ် အသက်ဓာတ် နှလုံးသားဆိုတဲ့အတိုင်းပဲ”
ထို့နောက် မွေးဖွားနန်းဆောင်က ကမ်းခြေကို ထိတွေ့လာသည့် ဒီရေလှိုင်းလိုမျိုး ကျယ်ပြန့်လာဟန်ပေါ်သည်။
“ဟမ်” လုကျိုးက ရုတ်ခြည်းဆိုသလို သဘောပေါက်သွားလေ၏။
“မွေးဖွားနန်းဆောင်ရဲ့ အပေါ်ယံ မျက်နှာပြင်က အသက်သွင်းနိုင်မဲ့ မွေးဖွားဇယားချပ် ပမာဏကို ဆုံးဖြတ်ပေးတာလား”
သူက မွေးဖွားနန်းဆောင်၏ အပေါ်ယံ မျက်နှာပြင်ကို ကြည့်လိုက်သည်။ သူ တွက်ချက်ထားမှုအရ သူသည် မွေးဖွားဇယားချပ် ၈ခုမျှ အသက်သွင်းနိုင်လိမ့်မည်။ သို့သော်လည်း ဒုတိယမွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသည့်နောက်တွင် မွေးဖွားနန်းဆောင်က အကြမ်းဖျင်း မွေးဖွားဇယားချပ် ၉ခုအထိ ရှိလာဟန်ပေါ်သည်။
“အဲဒါဆိုတော့ ငါက မွေးဖွားဇယားချပ်ကို အသက်သွင်းတဲ့ အချိန်တိုင်း မွေးဖွားနန်းဆောင် ချဲ့ထွင်နိုင်တဲ့ အခွင့်အရေး ရှိတာလား”
တစ်ချိန်တည်းဆိုသလို အသက်ဓာတ် စွမ်းအားက အသက်ဓာတ် နှလုံးသားဆီ ဝင်ရောက်သွားကာ ကြာပလ္လင်က မွေးဖွားနန်းဆောင်နှင့်အတူ ကျယ်ပြန့်လာသည်။ ထို့နောက် စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၅၀ ပိုမို မြင့်မားလာ၏။
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သူ့မေးခွန်းတချို့ အဖြေ ရသွားပြီဖြစ်၍ ကျေနပ်သွားမိသည်။
“ဖြစ်ချင်တော့ ဒီလိုဖြစ်နေတာကိုး”
လုကျိုးက လှည့်ပတ်နေသည့် ကြာပွင့်ကို ကြည့်နေရင်း တခြားကိစ္စများကို စတင်စဥ်းစားလိုက်၏။
ယခု ကောင်းကင်သိုင်းပညာခုံရုံးနှင့် ဖြေရှင်းပြီးပြီဖြစ်ကာ တာ့ထန်၏ တော်ဝင်ခုံရုံးနှင့်သာ ဖြေရှင်းဖို့ ကျန်တော့သည်။
သူက ရှားဟို့ရှန်းသည် အဘယ့်ကြောင့် ပေါ်ထွက်မလာသေးသနည်းဟု စဥ်းစားနေမိ၏။
ထိုအရာအပြင် တာ့ထန်၏ ပတ်လမ်း ၁၀ခုရှိ စစ်သူကြီးများက လီယွင်ကျန့်နှင့် မြို့စားကြီး ၄ယောက်၏ စကားကို နားထောင်လိမ့်မည်ဟု မသေချာသေးပေ။
ကံကောင်းစွာဖြင့် စီးဝူယာ့က အနီရောင်ကြာနယ်မြေတွင် ရောက်ရှိနေပြီ ဖြစ်၏။ လုကျိုးက နန်းဆောင်ကိစ္စများနှင့် ပတ်သက်ပြီး သူ မည်သို့ဖြေရှင်းမည်ကို မြင်တွေ့လိုသည်။
သိပ်မကြာခင် လုကျိုး၏ အတွေးများက ငြိမ်သက်သွား၏။
အနက်ရောင်ကြာနယ်မြေက အရိပ်ထဲတွင် ပုန်းအောင်းနေစဥ် ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့ကမူ ပွင့်လင်းမြင်သာ ရှိနေလေ၏။ အကယ်၍ ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့က စစ်ပွဲဖြစ်ပွားခဲ့လျှင် အနက်ရောင်ကြာနယ်မြေကသာ အကျိုးကျေးဇူး ရရှိသွားလိမ့်မည်။
စစ်ပွဲအနုပညာတစ်ရပ်က ရန်သူကို တိုက်ခိုက်စရာ မလိုဘဲ နှိမ်နင်းခြင်း ဖြစ်သည်။
လုကျိုးက အတွေးနက်နေရင်း အချိန်ကုန်ဆုံးသွားလေ၏။
...
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင်
မွေးဖွားနန်းဆောင်၏ အပေါ်ယံ မျက်နှာပြင်က တည်ငြိမ်သွားလေသည်။
သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ဖို့ မလိုဘဲ ပိုမိုမြင့်မားလာသည်ကို ခံစားမိလိုက်၏။ အတိအကျ ပြောရလျှင် သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ယခုအခါ ပေ ၃၅၀ အထိ ရောက်ရှိသွားလေပြီ။
မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်ခြင်းက ပွင့်ချပ်ထွက်ပေါ်ရေးဖြစ်စဥ်ထက် ကမောက်ကမ ပိုမိုနည်းပါးလေသည်။ ထိုအရာက ကမ္ဘာကြီးထံ အနှောင့်အယှက် မဖြစ်စေပေ။
မွေးဖွားနန်းဆောင်အတွင်း ထင်ရှားသည့်နေရာ ၂ခုက အလင်းဖြတ်ခနဲ လက်သွားသည်။
ဆိုလိုသည်မှာ လုကျိုးက မွေးဖွားဇယားချပ် ၂ခုကို အသက်သွင်းထားနိုင်သည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံသူ ဖြစ်နေလေပြီ။
ခဏအကြာတွင် သူက စနစ်ကို ကြည့်လိုက်၏။
လက်ကျန်သက်တမ်း - ၉၆၁ ၄၁၀ ရက်
၉၆၁ ၄၁၀ ရက်က ၂၆၃၄ နှစ်နှင့် ညီမျှပြီး အကြောင်းပြန်လှန်ကတ်ဆီမှာ နှစ် ၁၁၀ နှင့် ညီမျှလေသည်။
ထိုအရာက သူမှန်းဆချက်အတွင်း တည်ရှိ၏။ ပွင့်ချပ်ဆယ်လွှာ ထွက်ပေါ်လာသည့် ဖြစ်စဥ်က သက်တမ်း နှစ် ၁၀၀၀ တိုးမြင့်စေခဲ့ကာ မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက နှစ် ၅၀၀ တိုးမြင့်စေခဲ့သည်။
ယခု လုကျိုးက မွေးဖွားဇယားချပ် နှလုံးသား ၂ခုကို အသုံးပြုထားပြီးပြီဖြစ်ကာ နောက်ထပ် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။
“ငါက မွေးဖွားဇယားချပ် သားရဲတွေကို ဘယ်မှာသွားရှာရမှာလဲ။ ကောင်းကင်ချားချောက်နက်ထဲလား၊ ရေနက်ဆန်းကြယ်ဂူထဲလား”
သူက တောင်ကြားရှိ ချော်ရည်ပူနှင့် ဂူထဲရှိ အနက်ရောင်ရေကို သတိရသွားစဥ် မွေးဖွားဇယားချပ် သားရဲများ ရှိနေနိုင်ခြေ မြင့်မားကြောင်း တွေးလိုက်မိသည်။ တခြားသော သိရှိသည့် နေရာများအတွက်မူ စုံစမ်းနေစရာ မလိုတော့ပေ။ ယွီချန်းရှုက သူ့ထက်ပင် ပိုမိုရှာဖွေခဲ့ပြီးပြီဟု ယုံကြည်ထား၏။ ယခင်က သူသည် အလျှင်လိုနေခဲ့ပြီး သူ့ကျင့်ကြံဆင့်ကလည်း မမြင့်မားခဲ့ပေ။ သူက ထိုနေရာ ၂ခုကို ထပ်မံ ရှာဖွေသင့်သည်။
ထိုအတွေးဖြင့် လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက စာပေကြယ်စင်ခန်းမမှ လျှပ်တစ်ပြက်အတွင်း ထွက်ခွာလာသည်။
သူ့ခန္ဓာကိုယ်က ပျံလွှားငှက်အလား ပေါ့ပါးနေပြီး စာပေကြယ်စင်ဂိတ်ပေါက်ကို ဖြတ်သန်းလာပြီး စက်ဝန်းပြတ် ရေကန်ဆီ ဦးတည်လိုက်သည်။
ထိုစဥ် ညနေအလင်းရောင် အောက်တွင် သံစဥ်ကျသည့် တေးသံတစ်ခု ထွက်ပေါ်နေသည်။ စက်ဝန်းပြတ် ရေကန်အဝန်းရှိ ပတ်ဝန်းကျင်က အေးချမ်းနေလေ၏။
လုကျိုးက ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် သံစဥ်က အရှိန်မြှင့်တင်လာသည်။ ထိုသံစဥ်ကို တီးခတ်နေသည့်သူက စိတ်မရှည်ဘဲ ဒေါသထွက်နေဟန်ပေါ်၏။ ထိုအရာက ဆက်နေလေလေ သံစဥ်က ပိုမိုကြမ်းတမ်းလာလေလေ ဖြစ်ကာ မြင်းထောင်ချီ ဖြတ်ပြေးနေသလိုမျိုး ဖြစ်လာသည်။
ဗွမ်း
ရေကန်ထဲရှိ ရေများက ဗွမ်းခနဲ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်သိုင်းပညာခုံရုံး၏ အမျိုးသမီးတပည့်များကို ထိတ်လန့်သွားစေသည်။ သူတို့က ကြောက်ကြောက်လန့်လန့် ဖြစ်သွားလေ၏။
“ဒဿမ သခင်မလေး စိတ်ငြိမ်ငြိမ်ထားပါ” အမျိုးသမီးတပည့်များက ကြောက်လန့်နေကြပြီ ဖြစ်၏။
“ကိစ္စမရှိဘူး” ပြန်ဖြေသည့်သူက လုကျိုး၏ အငယ်ဆုံးတပည့် ခရုလေးမှလွဲ၍ တခြားသူမဟုတ်ပေ။
ထိုစဥ်အချိန်အတွင်း ခရုလေးက ဝတ်ပြုတေးသံကို လေ့ကျင့်နေခဲ့သည်။ သို့သော်လည်း သူမ မည်မျှလေ့ကျင့်စေကာမူ တိုးတက်နှုန်းက နှေးကွေးနေဆဲ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူမက ဒေါသထွက်နေမိသည်။
ခရုလေးက ထရပ်ကာ နေဝင်သည်ကို ခေါင်းမော့ကြည့်လိုက်သည်။
နေအလင်းရောင် ပျောက်ကွယ်သွားသည်ကို ဖြည်းဖြည်းချင်း ကြည့်နေပြီးသည့်နောက် ခရုလေးက လေထုထဲ မတ်တတ်ရပ်နေသည့် လူအိုကြီးကို မြင်လိုက်ရသည်။
ခရုလေးက သူမ၏ ရှစ်စွင်းက ကြည့်နေသည်ကို မြင်သည့်အခါ ထိတ်လန့်သွားမိ၏။ သူမက ဒူးတစ်ဖက် ထောက်ကာ နှုတ်ဆက်လိုက်သည်။
“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”
လုကျိုးက ဖျတ်ခနဲဖြင့် ခရုလေး ရှေ့မှောက် ရောက်ရှိလာသည်။ ထို့နောက် သူက စားပွဲပေါ်ရှိ ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းနှင့် ဝတ်ပြုတေးသံ၏ တေးဂီတနုတ်များကို ကြည့်လိုက်သည်။
…
အခန်း (၈၈၇) အနက်ရောင် ကြာနယ်မြေမှ တမန်တော်
လုကျိုးသည် သက်ပြင်းချပြီး မေးလိုက်လေ၏။
“ဒီတေးသွားက အလွန်ခက်ခဲနေတာလား”
“ဒီတေးသွားက တပည့်အရင်က သင်ယူဖူးတာထက်တောင် ပိုခက်ခဲတယ်” ခရုလေးက မဝံ့မရဲပြန်ပြောလိုက်သည်။
“တီးခတ်ကြည့်” လုကျိုးသည် မုတ်ဆိတ်သပ်လျက် ရေကန်လေးဆီသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“နားလည်ပါပြီ” ခရုလေးက သိမ်မွေ့စွာ ပြောပြီးနောက် ကြိုးမျှင်ကိုးသွယ် ဗျပ်စောင်းရှေ့၌ ထိုင်ချလိုက်သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့လက်ကို အနည်းငယ်မြှောက်လျက် သူမ လှုပ်ရှားမှုများက သိမ်မွေ့ပြီး ကြော့ရှင်းနေတော့သည်။
လုကျိုးသည် ညတွင်းချင်း ကြီးပြင်းလာသော ခရုလေးကို အသားမကျသေးပေ။ လက်ရှိခရုလေး၌ သူမ၏ ကိုယ်ပိုင်အတွေးအမြင်များစွာ ရှိနေတာ ဖြစ်နိုင်သည်။ သူတို့ကလေး ရုတ်တရက် အရွယ်ရောက်လာပြီး ပုန်ကန်လိုသော အတွေးများစွာ ရှိနေကြောင်း သဘောပေါက်သွားသည့် မိဘများကဲ့သို့ သူ ခံစားနေရသည်။
ဗျပ်စောင်းသံသည် ဒီရေလှိုင်းပမာ ပေါ်ထွက်လာပြီး စက်ဝိုင်းခြမ်းသဏ္ဌာန် ရေကန်နား၌ စိမ့်ဝင်ပျံ့နှံ့သွား၏။ ကောင်းကင်းသိုင်းခုံရုံး၏ အမျိုးသမီးတပည့်များ၏ မျက်နှာထက်တွင် လေးစားသည့် အရိပ်အယောင်ပေါ်လာ၏။ သူတို့က တေးသွားကို တိတ်ဆိတ်စွာ နားဆင်နေကြသည်။
ခရုလေး၏ လက်ချောင်းသွယ်သွယ်များသည် ကြိုးများပေါ် ည၏ ပိုးစုန်းကြူးပမာ လွန့်လူး ကခုန်နေတော့သည်။
တေးသွားစီးဆင်းမှုက မိုးပြေးလေးပမာ တစ်ခါတရံတွင် ချောမွတ်ပြီး တစ်ခါတရံတွင် ရေတံခွန်ပမာကျဆင်းသည့်ပမာ မြန်ဆန်လှပေ၏။ တစ်ခါတရံတွင် ကျောက်စိမ်းပန်းကန်ထဲ ပုလဲလုံးများ ကျဆင်းသည့်ပမာ ကြည်လင်နေသည်။ တစ်ခါတရံတွင် လေချွန်သံကဲ့သို့ သိမ်မွေ့လေသည်။
မှောင်ရီဖြိုးဖြအချိန်တွင် ဗျပ်စောင်းမှ တေးသွားသည် အသံတိုးလာပြီး မနှေးမမြန်ကျရောက်လာ၏။
ဂီတသည် ၎င်းအဖို့ သူတို့ကို နားလည်ရန်မလိုအပ်ဘဲ သူတို့ဝိညာဉ်ထိအောင် ရောက်စေသည့် တစ်ခတည်းသော အနုပညာရပ်ဖြစ်စေလောက်သည်။ သူတို့တေးသွားရပ်သွားသောအခါ ရေကန်အနား၌ တလေးတစားရပ်နေကြသည့် အမျိုးသမီးတပည့်များက မှင်သက်နေကြ၏။ သူတို့သည် စိတ်ပျက်မှုနှင့် မကျေမချမ်းဖြစ်မှုကို ခံစားလိုက်ရသည်။ ၎င်းက မလုံလောက်ပေ။ သူတို့တေးသွားကို ဆက်လက်နားဆင်ချင်၏။
ရေကန်ကို ညနေခင်းလေပြည်ဖြတ်တိုက်သွားပြီး တိတ်ဆိတ်သွားကာ မျက်နှာပြင်ပေါ် လှိုင်းဂယက်များ ပေါ်ပေါက်လာချိန် လူတိုင်း အတွေးထဲမှ ပြန်ရုန်းထွက်လာသည်။
ထိုစဉ် လုကျိုးက ထပ်တလဲလဲခေါင်းညိတ်လိုက်သည်။
ခရုလေးသည် သူမ၏ ပြီးပြည့်စုံစွာတီးခတ်မှု တေးသွားကြောင့် ထိတ်လန့်အံ့အားသင့်သွားသည်။ ယခင်ကဆို သူမ အချိန်ကြာမြင့်စွာ လေ့ကျင့်လျှင်တောင် သူမ ပြီးပြည့်စုံစွာ တီးခတ်နိုင်ခြင်းမရှိ။ သို့သော် သူမ၏ဆရာရောက်လာပြီးသည်နှင့် တကယ်အောင်မြင်သွားသည်လော။
ခရုလေးသည် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းကို ငုံ့ကြည့်ပြီးနောက် ဆည်းဆာရောင်ဖျော့ဖျော့ကို ကြည့်လျက် သက်ပြင်းချလိုက်တော့သည်။
“ရှစ်စွင်း … ကျွန်မ”
“ဟုတ်ပြီ” လုကျိုးသည် လေသံအတက်အကျမရှိ မေးလိုက်သည်။ “ပြဿနာက ဘာလဲဆိုတာ မင်း အခုသိပြီမလား”
ခရုလေးသည် ထိုအကြောင်းကို စဉ်းစားပြီး ပြန်ပြောလိုက်သည်။ “သိပါပြီ” ယခင်က သူမသည် ဝတ်ပြုတေးသံကို သင်ယူစဉ်က သူမသည် အမြဲတစေစိတ်မရှည်လက်မရှည်ဖြင့် လေ့ကျင့်နေခဲ့၏။ ထိုကဲ့သို့ သဘောထားဖြင့် သူမသည် ဝတ်ပြုတေးသွားကို မည်ကဲ့သို့ တတ်ကျွမ်းပါမည်နည်း။ သို့သော် ယနေ့ သူမရှစ်စွင်း ရောက်ရှိလာမှုသည် သူမ၏ စိတ်မရှည်ဖြစ်မှုကို ငြိမ်သက်သွားစေပြီး အပြန်အလှန်အနေဖြင့် သူမ၏ ရှစ်စွင်းအား ဝတ်ပြုတေးသွား ပြီးပြည့်စုံမှုကို ပြလိုက်သည်။ သူမသည် အစတည်းက ဂီတ၌ ပါရမီထူးသူဖြစ်၏။ သူမက ဝတ်ပြုတေးသွားကျွမ်းကျင်တာ အံ့ဩစရာမဟုတ်ပေ။
“တင်း … လော့ရှစ်ယင်ကို သင်ကြားပြသပေးခြင်းဖြင့် ကုသိုလ်မှတ်တစ်ထောင် ရရှိပါတယ်။ သင်ပြသူအတွက် အပိုဆောင်းဆုလာဘ် ကုသိုလ်မှတ်နှစ်ရာ”
အပြန်အလှန်အနေဖြင့် ၎င်းသည် သင်ပြကတ်၏ အာနိသင်သာဖြစ်ခဲ့သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။ “ကျင့်ကြံခြင်းလမ်းခရီးက ရှည်တယ်။ မင်းရဲ့ စိတ်ခံစားချက်တွေကို မလွှမ်းမိုးစေနဲ့။ မင်းက ပွင့်ချပ်ဆယ်လွှာကံမီးတောက် အသုံးပြုသူဖြစ်ပြီး မင်းက အနီရောင်ကြာနယ်မြေမှာ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဆိုပေမဲ့ ယွီချန်းရှုနဲ့ယှဉ်ရင် အတော်အားနည်းနေသေးတယ်”
လုကျိုးက ဆက်ပြောလိုက်၏။ “ယွီချန်းရှုက လော့ချန်းကို အကျဉ်းချထားတာ မဟာလေဟာနယ်မျိုးစေ့ကြောင့်ပဲ။ သူက မဟာလေဟာနယ်ကို ရရင်ရ မဟုတ်ရင် သူက လေဟာနယ် သို့မဟုတ် အမည်မသိနေရာကို သွားနိုင်မယ်ဆိုရင် အစောတည်းက သွားပြီးလောက်ရောပေါ့။ သူ ဘာကြောင့် မသွားရဲတာလို့ထင်လဲ”
ထိုစကားကို ကြားသောအခါ ခရုလေးက အရိုအသေပေးလျက် ပြောလိုက်၏။ “တပည့် နားလည်ပါပြီ”
“ပွင့်ချပ်ဆယ်လွှာ ကံမီးတောက် အသုံးပြုသူတစ်ယောက်ဖြစ်တာက ဂုဏ်ယူစရာမရှိဘူး။ မင်းရဲ့တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးမှာ ပွင့်ချပ်ကိုးလွှာရှိပေမဲ့ သူတို့ရဲ့ခွန်အားက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တယ်။ မင်း သူတို့ဆီက ပိုသင်ယူသင့်တယ်” လုကျိုးက ပြောလိုက်၏။
“နားလည်ပါပြီ”
“တင်း … လော့ရှစ်ယင်ကို သင်ပြပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင်”
လုကျိုးသည် စကားထပ်မပြောတော့ပေ။ သူက လေထဲခုန်တက်လျက် ကောင်းကင်သိုင်းတောင်ဖက်ဆီ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ညကောင်းကင်ထဲ ပျောက်ကွယ်သွားတော့သည်။
ရေကန်နားတဝိုက်ရှိ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
လုကျိုးသည် စီးတော်သားရဲကို မစီးဘဲ တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ပျံသန်းလိုက်၏။ သူ၏ လက်ရှိကျင့်ကြံမှုဖြင့် သူ၏ မဟာနည်းစနစ်ကို ထုတ်သုံးခဲ့လျှင် စီးတော်သားရဲ၏အရှိန်က သူနှင့် ယှဉ်နိုင်မှာမဟုတ်ပေ။ စီးတော်သားရဲစီးခြင်း၏အားသာချက်သည် သူ၏စွမ်းအင် မကုန်ဆုံးစေတာပဲ ရှိသည်။ သွားနေစဉ်လမ်းတဝက်၌ စနစ်အသိပေးသံ ရလာ၏။
“တင်း … လူပေါင်း ၃၃၀၏ ယုံကြည်ကိုးကွယ်မှု ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၃၃၀၀”
“တင်း … လူပေါင်း ၁၅၀၏ ယုံကြည်ကိုးကွယ်မှု ရရှိပါတယ်။ ဆုလာဘ်ကုသိုလ်မှတ် ၀”
လုကျိုးသည် သူ၏ပျံသန်းတာ ရပ်တန့်လိုက်၏။ သူသည် သူ၏ပါ့ရှစ်တိကို စစ်ဆေးရန် စဉ်းစားခဲ့သော်ငြား အဆုံးကျ ယင်းသည် မလိုအပ်ဟု တွေးမိလိုက်သည်။ ကျူးဟုန်ကုန်းသည် သူ့ကို အခြားသူများ ကိုးကွယ်အောင် လုပ်ပေးခဲ့သောကြောင့် အန္တရာယ်မရှိလောက်ပေ။ ထိုအတွေးဖြင့် သူသည် ကောင်းကင်ချားတောင်တန်းဒေသသို့ ဆက်လက်ပျံသန်းသွား၏။
နှစ်နာရီကြာပြီးနောက် လုကျိုးသည် ကောင်းကင်ချားတောင်တန်းဒေသပေါ်ရောက်လာသည်။ လေထဲတွင် ပျံဝဲနေစဉ် သူသည် တောင်ကြားကို ကြည့်လိုက်၏။ တောင်ကြားသည် ယခင်တိုက်ပွဲကြောင့် ပျက်စီးနေသည်။ သွေးများ ပုပ်သိုးလျက် အလောင်းများက ဤနေရာတွင် ရှိနေသေး၏။
မြေပြင်ပေါ်ရှိတောင်ပေါ်တွင်ရှိသည့် အလောင်းများကို တစ်စုံတစ်ယောက်က စီထားသည်။ ရတနာရှာဖွေရန် မျှော်လင့်ချက်ဖြင့် အလောင်းများကို လုယူသည့် လောဘကြီးသည့် ကျင့်ကြံသူများ၏ လုပ်ရပ်ဖြစ်သည်။ တစ်ဖက်တွင်မူ တောင်ကြားထဲ၌ အင်မတန်မြင့်မားလှသော အပူချိန်ကြောင့် တောင်ကြားထဲမှ အလောင်းများကို မထိရသေးပေ။ ကျင့်ကြံဆင့်နိမ့်သည့်သူများက တောင်ကြားနား မကပ်ရဲပေ။
လုကျိုးက တောင်ကြားဆီပျံသန်းသွားလျက် ချော်ရည်များပေါ်၌ ခဏရပ်လိုက်သည်။ ခြစ်ခြစ်တောက်ပူနေသော အပူလှိုင်းက သူ၏မျက်နှာကို ချက်ချင်းလာဟပ်၏။ သူသည် သူ၏ကာကွယ်ရေးစွမ်းအင်ကို ထိန်းလျက် အပူကိုဟန့်ထားထားပြီး သူ၏ စွမ်းအားဗဟိုချက်၏ ချီပင်လယ်ထဲတွင် လန်းဆန်းသည့် ခံစားချက်ကို ရလိုက်သည်။
“ဟမ်”
လုကျိုးက လက်မြှောက်ပြီး သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်တော့သည်။ သူသည် သူ၏မွေးဖွားဇယားနန်းဆောင်ရှိ မွေးဖွားဇယားချပ်ကို ကြည့်လိုက်၏။ သတ်ဖြတ်ခြင်းခုနစ်သွယ်မီးက သူ၏တိုက်ခိုက်ခြင်းခွန်အားကို မြှင့်တင်ပေးနေသည်။ ရံဖန်ရံခါ၌ ၎င်းသည် အလင်းဖျတ်ခနဲပေါ်လာ၏။
“ကြမ်းတမ်းခက်ထန်သားရဲ၏ အသက်ဓာတ်စွမ်းအားက မီးခုခံမှု အစွမ်းရှိတာပဲ” လုကျိုးသည် သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းကာ သူ့အောက်ရှိ ချော်ရည်နားသို့အနီးကပ် ပျံသန်းလိုက်သည်။ အက်ကွဲကြောင်းအက်ရှိဂူက ပြိုလဲနေပြီဖြစ်သည်။
လုကျိုးသည် ဂူဝင်ပေါ်ရှိ ကျောက်တုံးများကို ဖယ်ရှားရန် လက်ဝါးရိုက်ချက်တချို့သုံးလိုက်၏။ မကြာမီ၌ သူသည် ဂူ၏အောက်ခြေကို ချော်ရည်များဖြင့် အပြည့်အဝလွှမ်းမိုးလုနီးပါးဖြစ်နေတာကို တွေ့လိုက်ရသည်။
လုကျိုးသည် တွေဝေမနေဘဲ ဂူ၏အပျက်အစီးများထဲ ပျံသန်းသွားတော့သည်။ ကြမ်းတမ်းခက်ထန်သားရဲနားတွင် ရှိလောက်၏။ ပူလောင်ပြင်းပြသော အပူချိန်သည် သူ ဤနေရာသို့ ပထမဆုံးရောက်လာချိန်က ကဲ့သို့အနောက်သို့လွင့်စေတာကို ရှာတွေ့သွားသည်။ သူ၏ ကျင့်ကြံဆင့် တိုးတက်လာတာအပြင် မွေးဖွားဇယားချပ်သားရဲက သူ့ကို ခုခံမှုပေးထားသောကြောင့် ဖြစ်၏။
ပြီးနောက် သူသည် ဂူ၏အပျက်အစီးနယ်မြေထဲ ငါးဖမ်းရန် ဆင်းလိုက်သည်။ ယင်းသည် ရေနက်ဆန်းကြယ်ဂူလောက် မမှောင်ပေ။ ချော်ရည်များဖြင့် ပြည့်နေသောကြောင့် ဖြစ်နေလောက်သည်။ ခဏအကြာ၌ ဤနေရာသည် ရေနက်ဆန်းကြယ်ဂူ၏ ပုံတူဖြစ်မှန်း သဘောပေါက်သွား၏။ ကွာဟချက်က ရေနက်ဆန်းကြယ်ဂူထဲရှိ ရေနက်နှင့် အမှောင်ထူနေရာတွင် ပတ်ဝန်းကျင်၌ အနီရောင်အလင်းဖြစ်ပေါ်စေသောနေရာတွင် ချော်ရည်များက အစားထိုးသွားတာပဲဖြစ်သည်။
ရေနက်ဆန်းကြယ်ဂူက ရွှေကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေကို ဆက်ပေးထားတာ။ ဒီတော့ ဒီနေရာက ဘယ်နေရာကို ဆက်ထားမလဲ။ အနက်ရောင်ကြာနယ်မြေလား။ လုကျိုးသည် သူ့ဖာသာသူ စဉ်းစားလိုက်သည်။ ဆိုရလျှင် ထိုစဉ်ကဤနေရာမှ လုလီထွက်ပေါ်လာတာကို သူ မြင်တွေ့ခဲ့သည်။
ထိုစဉ်က အနီရောင်ကြာနယ်မြေမှ ကျင့်ကြံသူများစွာသည် အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့ခဲ့၏။ သတင်းပျံ့သွားသော အနီရောင်ကြာနယ်မြေအပေါ် အကြောက်တရားများ ကျလာတော့သည်။ သို့သော် အချိန်ကြာလာသည်နှင့် ဘာမှမဖြစ်တော့သောကြောင့် ကောလဟလများသည်လည်း တဖြည်းဖြည်းချင်းငြိမ်သွားပြီး ထိုသို့ ထပ်မပြောကြတော့ပေ။
လုကျိုးက ခုန်ဆင်းလျက် ချော်ရည်များ ပွက်ပွက်ထနေသော မြစ်နားကပ်သွားလိုက်၏။ ၎င်းကို အချိန်အတော်ကြာ လေ့လာပြီးနောက် ချော်ရည်မည်သည့်နေရာကို စီးဆင်းကြောင်း မရှာရန် ဆုံးဖြတ်လိုက်တော့၏။ ထိုအစားသူသည် မွေးဖွားဇယားချပ်သားရဲများကို ရှာဖို့သာ အာရုံစိုက်ထားလိုက်သည်။
လုကျိုးသည် ဂူ၏ချောင်ကြိုချောင်ကြား၊ တွင်းပေါက်တိုင်းကို ရှာခဲ့ပြီး မွေးဖွားဇယားချပ်သားရဲပုန်းနိုင်လောက်သည့် နေရာတိုင်းကို ရှာခဲ့သည်။ သူသည် အပျက်အစီးပုံထဲ ပိုနက်ရှိုင်းစွာတောင် ပြေးသွားပြီး ချော်ရည်စီးဆင်းမှုနောက် လိုက်သွား၏။ သူ အချိန်အတော်ကြာ ရှာခဲ့သော်ငြား မဖြစ်ထွန်းပေ။ လုကျိုး လှည့်ပြန်တော့မည့်အချိန်တွင် အပျက်အစီးပုံထဲရှိ ကျောက်ထရံနားတွင် အလင်းဖျတ်ကနဲ ပေါ်လာတာကို တွေ့လိုက်ရ၏။ “အဲ့တာ ဘာလဲ”
လုကျိုးသည် သိချင်စိတ်ဖြင့် ပျံသန်းသွားသည်။ သူသည် ကျောက်ထရံတွင် ရေးဆွဲထားသောစက်ဝိုင်းကို တွေ့လိုက်ရ၏။ ယင်းက တဖျတ်ဖျတ်လက်နေသည်။ “လမ်းအမှတ်အသားလား”
တစ်စုံတစ်ယောက်သည် ဤနေရာ၌ လမ်းညွှန်အမှတ်အသားချန်ခဲ့သည်။ ဤနေရာသည် အနီရောင်ကြာနယ်မြေကို တခြားတစ်နေရာနှင့် ဆက်ပေးထားသည့် လမ်းကြောင်းဆိုတာ ပိုသေချာသွားတော့သည်။
“လုလီ လုပ်ခဲ့တာလား” လုကျိုးက မျက်ခုံးပင့်လိုက်မိ၏။ လုလီ၏ ကျင့်ကြံဆင့်ဖြင့် သူသည် ဆန္ဒရှိပါက အနီရောင်ကြာနယ်မြေကို ပြားဝပ်သွားစေဖို့ လွယ်ကူစေသည်။ ဤနေရာ၌ အဘယ်ကြောင့် လမ်းညွှန်အမှတ်အသားထားဖို့ လိုမည်နည်း။ တစ်စုံတစ်ခု လွဲချော်နေပြီဖြစ်သည်။
လုကျိုးက လေထဲပျံဝဲလျက် လမ်းညွှန်အမှတ်အသားကို လေ့လာနေစဉ် အတွေးနစ်သွားတော့၏။
ထိုစဉ်
ဘီး
လမ်းညွှန်အမှတ်အသားမှ ဆူညံသံတစ်သံပေါ်ထွက်လာ၏။
“တစ်ယောက်ယောက် လာနေတာလား” လုကျိုးသည် ဘယ်ညာကြည့်လိုက်သော်ငြား မည်သူ့ကိုမှ မတွေ့ပေ။ သို့သော်ငြား လမ်းညွှန်အမှတ်အသားက မလိမ်ပေ။
သူ မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။
အရာအားလုံးကို ကြားနိုင်ရန် စွမ်းအားရရှိသည်။ သို့မှသာ နယ်ပယ်များရှိ အသံအားလုံးကို ဆန္ဒရှိသလို ကြားနိုင်သည်။ ထိုစဉ် အသံများ၊ အသံတိုးတိုး၊ ကျယ်ကျယ် သူ့နားထဲသို့ အရပ်မျက်နှာအနှံ့ ရောက်လာ၏။
ထိုစဉ် တီးတိုးသံကြားလိုက်ရသည်။
ထိုစဉ် ရေပွက်သံကြားလိုက်ရသည်။
“ဒါချော်ရည်လား” လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားကို ရပ်တန့်ပြီး ချော်ရည်များကို ကြည့်လိုက်သည်။ သူသည် လမ်းညွှန်အမှတ်အသားကနေ အဝေးသို့ ပျံလျက် ကျောက်ဆာင်နောက်တွင် ပုန်းလိုက်သည်။ သူသည် ချီနှင့်စွမ်းအင်ကို ဖုံးကွယ်ရန်အတွက် ခရမ်းရောင် တောက်ပသံကျောက်ကို အသုံးပြုလိုက်၏။
ချော်ရည်က ဆက်လက် ပူပေါင်းများထနေကာ တဗွမ်ဗွမ်းမြည်နေ၏။ ပူပေါင်းပြင်းထန်လာတော့သည်။
ဖုန်း
ချော်ရည်က မြောက်တက်လာပြီး လေထဲလွင့်စင်သွားကာ ၎င်း၏မျက်နှာပြင်ပေါ်၌ အနက်ရောင်ကြာ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာတော့သည်။ ၎င်းသည် တဗွမ်းဗွမ်းထနေသော ချော်ရည်ကို မြင့်မားစေပြီး ဤနေရာကို ယူထားလေ၏။
“အနက်ရောင်ကြာလား”
အနက်ရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေငါးရာလခန့်မြင့်၏။ ဆိုလိုသည်က စိတ်ဝိညာဉ်သဏ္ဌာန်ကို ပိုင်ဆိုင်သူသည် လုလီလောက် သန်မာပေ၏။ မကြာမီ၌ လုကျိုးသည် ဝတ်ရုံနက်ဖြင့် လူတစ်ယောက်ကို တွေ့လိုက်သည်။ သူက စွန်ရဲအကြည့်ပမာ စူးရှနေပြီး သူ့မျက်နှာပေါ်ရှိ အရေပြားတို့က သစ်ခေါက်ပမာဖြစ်နေတော့၏။
ချော်ရည်ထဲမှ ပေါ်ထွက်လာပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းကာ လေထဲပျံသန်းလိုက်၏။ သူက လမ်းညွှန်အမှတ်အသားကို ကြည့်ပြီး လက်ဆန့်ထုတ်လိုက်သည်။
လမ်းညွှန်အမှတ်အသားဆီ အနက်ရောင်စည်းတံဆိပ် ပစ်ထုတ်လိုက်ပြီးနောက် လမ်းညွှန်အမှတ်အသားသည် ရွှပ်ခနဲ အသံမြည်လာပြီးနောက် အသံမြည်တာ ရပ်တန့်သွားတော့သည်။
ထိုစဉ် လုကျိုးက သူ ပုန်းနေသည့်နေရာကနေ အနက်ရောင်ကြာ ကျင့်ကြံသူကို ဆက်လက် လေ့လာနေတော့သည်။
ဒီလူက ဒီမှာ ဘာလာလုပ်နေတာလဲ။ ရန်သူလား မိတ်ဆွေလား။
အနက်ရောင်ကြာနယ်မြေရှိ လူတိုင်းက လုလီကဲ့သို့ဖြစ်မည်ဟု မတွေးပေ။ လုကျိုးက မတုံးအပေ။ ရန်သူမလှုပ်ရှားသရွေ့ သူ လှုပ်ရှားမည်မဟုတ်ပေ။ ထို့ကြောင့် လုကျိုးသည် အနက်ရောင်ကြာနယ်မြေကျင့်ကြံသူကိုဆက်လက်လေ့လာနေ၏။
…
အခန်း (၈၈၈) မွေးဖွားဇယားချပ် သားရဲများ၏ နောက်ကွယ်မှ လျှို့ဝှက်ကြံစည်မှု
ခရမ်းရောင် တောက်ပသံကျောက်ဖြင့် လုကျိုး၏ ချီနှင့် စွမ်းအားတို့ကို အာရုံမခံနိုင်ပေ။ ထိုစဥ် သူက သူနှင့် တစ်ဖက်လူ၏ အင်အားကွာခြားချက်ကို တွက်ချက်ကြည့်နေ၏။
အနက်ရောင်ကြာ ကျင့်ကြံသူက မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ရှိလေသည်။ သူက လုကျိုးထက် မွေးဖွားဇယားချပ် ၃ခု ပိုရှိ၏။ မွေးဖွားဇယားချပ် အရေအတွက်ဖြင့် တစ်ဖက်လူအား အပိုတိုက်ကွက် ၁၂ခု ပေးထားသည်။ သို့သော်လည်း သူ့တွင် အသေရိုက်ချက်ကတ် ရှိသည့်အတွက် တိုက်ပွဲအတွင်း မသေချာမှုများ ဖြစ်လာနိုင်၏။
ထိုစဥ် အနက်ရောင်ကြာ ကျင့်ကြံသူက လမ်းညွှန်အမှတ်အသားရှေ့ ဝဲပျံနေသည်။ သူ ဘာလုပ်နေသည်ကို မည်သူကမှ မသိကြပေ။ ကြည့်ရသည်မှာ သူက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ပေါ်၏။
လုကျိုးက စနစ်ကို ဖွင့်လိုက်ပြီးသည့်နောက်တွင် ကျန်ရှိနေသည့် အမှတ်များအား ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၂၇ ၁၃၀မှတ်
အသေရိုက်ချက်ကတ်၏ တန်ဖိုးက ၂၅၀၀၀ ကုသိုလ်ရမှတ် ဖြစ်ပေသည်။
လုကျိုးက စနစ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ပိတ်လိုက်သည်။ သူက အသေရိုက်ချက်ကတ် ၁ကတ် တတ်နိုင်သေး၏။
...
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင်
အပြင်ဘက်မှ ပုံရိပ်တစ်ခု ရုတ်ခြည်း ပျံသန်းဝင်လာ၏။ ထိုပုံရိပ် ပေါ်လာသည်နှင့် သူက ဒူးထောက်ကာ ပြောလိုက်သည်။
“ကျွန်တော် နောက်ကျသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်ယီ”
မွေးဖွားဇယားချပ် ၅ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ပိုင်ရှင်၏ နာမည်က ယီယောင် ဖြစ်၏။ ယီယောင်က သူ့ရှေ့မှ လူငယ်လေးအား ကြည့်ကာ မေးလိုက်သည်။
“စုံစမ်းစစ်ဆေးမှုရော ဘယ်လိုအခြေအနေရှိလဲ”
“အရှင်ယီ ကျွန်တော်တို့တွေ တခြားနေရာမှာ ပြောလို့ရမလား” လူငယ်လေးက သတိကြီးစွာ မေးလိုက်၏။
“ဟမ်”
“ကျွန်တော် ဝင်လာတုန်းက အဝင်ဝမှာ တားဆီးထားတဲ့ ကျောက်တုံးတွေ ရွေ့နေတယ်ဆိုတာကို သတိထားမိလိုက်တယ်။ ကြည့်ရတာ တစ်စုံတစ်ယောက် ဝင်လာတယ်လို့ ထင်တယ်” လူငယ်လေးက ပြန်ဖြေလိုက်၏။
ယီယောင်က ဘာမှပြန်မပြောပေ။ ထိုအစား သူက မျက်လုံးမှိတ်ကာ လက်ကို ဖြန့်လိုက်၏။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအားက ချက်ချင်းဆိုသလို အဘက်ဘက်သို့ ပျံနှံသွားသည်။ အနက်ရောင်မြူခိုးများကဲ့သို့ မီတာရာချီ လွှမ်းခြုံသွား၏။
လုကျိုးက ထိုအရာကို မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိသည့် စွမ်းအားနှင့် ချီကို ဖုံးကွယ်ထားစေဖို့ သေချာအောင် လုပ်ဆောင်လိုက်ပြီး သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို ခရမ်းရောင် တောက်ပသံကျောက်အတွင်း ထည့်သွင်းလိုက်သည်။
ခရမ်းရောင် တောက်ပသံကျောက်က ရတနာကောင်း ဖြစ်၏။ သို့သော်လည်း လုကျိုးက ကမ္ဘာဦးချီဖြင့် အသုံးပြုလျှင် ရှာဖွေတွေ့ရှိသွားနိုင်ချေရှိ၏။ အထူးသဖြင့် သူတို့က နီးကပ်နေသည့် အချိန်တွင် ဖြစ်သည်။ ထို့အပြင် လုကျိုးက ထိုမွေးဖွားဇယားချပ် ၅ခုရှိသည့် အနက်ရောင် ကျင့်ကြံသူတွင် ထူးဆန်းသည့် လက်နက်မျိုး ပိုင်ဆိုင်ထားမလားဟု မသေချာပေ။ ထို့ကြောင့် သူက ခရမ်းရောင် တောက်ပသံကျောက်ကို သူ့ထူးခြားအံ့ဖွယ်စွမ်းအားဖြင့် တိုးပွားစေဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုစဥ် အနက်ရောင် စွမ်းအားများက လုကျိုးကို လွှမ်းခြုံသွားပြီးသည့်နောက် အလျှင်အမြန် ပြန်လည်ရုတ်သိမ်းသွားသည်။
နောက်ဆုံးတွင် ယီယောင်က မျက်လုံးဖွင့်ကာ ပြောလိုက်သည်။
“ဘယ်သူမှ မရှိဘူး။ ပြောတော့”
လူငယ်လေးက ပြောလိုက်၏။
“သခင်ယီ ဒီမှာရှိနေတယ်ဆိုရင် ကျွန်တော် စိတ်အေးသွားပါပြီ”
သူက ဆက်ပြောလိုက်သည်။
“ကျွန်တော်ကို ခိုင်းထားတဲ့ကိစ္စကို စုံစမ်းပြီးသွားပါပြီ။ သိပ်မကြာခင်တုန်းက အဆုံးမဲ့ပင်လယ်မှာ အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းလာတဲ့ အနက်ရောင်ကြာ ကျင့်ကြံသူတစ်ယောက် ရှိတယ်ဆိုတာ အမှန်ပဲ။ တာ့ထန်က အဲဒီကိစ္စကို စုံစမ်းဖို့ အဆုံးမဲ့ပင်လယ်ကို တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သေးတယ်။ အနက်ရောင်ကြာ ကျင့်ကြံသူက ပင်လယ်သားရဲ ဘုရင်နဲ့ တွေ့ပြီးတော့ သေဆုံးသွားမှာကိုပဲ စိုးမိတယ်”
ယီယောင်က ခေါင်းအသာယမ်းလိုက်ပြီးနောက် သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“လုလီ မင်းက အနက်ရောင်မျှော်စင် အဖွဲ့သားတစ်ယောက် ဖြစ်ပြီး ဘယ်လိုလုပ် ဒီလောက်တုံးအနေရတာလဲ”
ခဏအကြာတွင် သူက လူငယ်လေးအား ဆက်မေးလိုက်သည်။
“ငါ စုံစမ်းဖို့ ပြောထားတဲ့ မွေးဖွားဇယားချပ် သားရဲကရော”
လုလီ၏ နာမည်ကို သိပြီးသည့်နောက်တွင် လူငယ်လေးက သူ့စိတ်ထဲ အသာထားလိုက်ပြီးနောက် ယီယောင်ကို တင်ပြလိုက်သည်။
“ပွင့်ချပ်ဆယ်လွှာအဆင့် တက်လှမ်းတဲ့ အနီရောင်ကြာ ကျင့်ကြံသူကြောင့် မျှားခေါ်ခံလိုက်ရတဲ့ မွေးဖွားဇယားချပ် သားရဲအားလုံးကို မှတ်သားပြီးသွားပါပြီ။ ယုံ ထွက်ပေါ်လာတာက တိမ်တိုက်တောင်ပေါ်မှာရှိတဲ့ လုမျိုးရိုးနဲ့ လူအိုကြီးက သူ့ပွင့်ချပ်ဆယ်လွှာအဆင့် တက်လှမ်းခဲ့လို့ပါ။ သူက ယုံကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ အရှင်လုလီကလည်း ခက်ထန်သားရဲကို သတ်လိုက်တယ်ဆိုတော့ အသက်ဓာတ် နှလုံးသားက သူနဲ့အတူ ရှိလောက်တယ်”
ယီယောင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“အဲဒီလူအိုကြီးရဲ့ မျိုးရိုးနာမည်က လုလား”
“ဟုတ်ပါတယ်။ သူက အရှင်လုလီနဲ့ မျိုးရိုးတူတူပဲ” လူငယ်လေးက ပြောလိုက်သည်။ ထို့နောက် သူက သတ္တိစုစည်းကာ ယီယောင်အား မော့ကြည့်လိုက်ပြီး ပြောလိုက်၏။
“အရှင်ယီ ကျွန်တော်အတွက် တရားမျှတအောင် လုပ်ပေးပါ”
ယီယောင်က ထိုလူငယ်လေးအား ကြည့်ကာ ပြောလိုက်သည်။
“ကျန့်ရှောင်ရှန်း မင်းက ငါ့ကို လှည့်စားချင်နေတာလား”
“ကျွန်တော် မလုပ်ရဲပါဘူး” ကျန့်ရှောင်ရှန်းက ဒူးထောက်လိုက်သည်။
“ကျွန်တော်ဆရာ အသတ်ခံရပြီးတဲ့နောက်မှာ သူ့ကို လက်စားချေချင်ရုံပါ။ ဒါပေမဲ့ လုမျိုးရိုးနဲ့ လူအိုကြီးရဲ့ တပည့်တွေက နက်နဲတဲ့ ကျင့်ကြံဆင့်မျိုး ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။ သူ့ကြောင့် ကျွန်တော်ရဲ့ အပို အသက်လေးတောင် ဆုံးရှုံးသွားရတယ်။ တကယ်လို့ ကျွန်တော် လိမ်ညာနေတယ်ဆိုရင် မိုးကြိုးပစ်ပြီး သေပါရစေသား”
ယီယောင်၏ အမူအရာနှင့် လေသံက ယခင်ကဲ့သို့ မပြောင်းမလဲ ရှိနေသည်။
“ယဲ့ကျန်းက ကိစ္စတွေ လုပ်တဲ့အခါမှာ အမြဲလိုလို စေ့စပ်တယ်။ သူက မရှိသင့်တဲ့ အတွေးအများကြီး ရှိနေတာ နှမြောစရာပဲ။ တကယ်တော့ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက သူ့ကို သိပ်မကျေနပ်ကြဘူး။ သူသေသွားပြီဆိုတော့ ဒီကိစ္စကို ထားလိုက်ပါတော့။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက ဒီကိစ္စကို စုံစမ်းနေဖို့ ရည်ရွယ်ချက် မရှိဘူး။ တကယ်လို့ မင်းက ယဲ့ကျန်းရဲ့ နေရာကို ဝင်ချင်တယ်ဆိုရင် နာနာခံခံနေတာ အကောင်းဆုံးပဲ”
ကျန့်ရှောင်ရှန်းက ဆက်ပြောလိုက်သည်။
“အရှင်ယီ လုမျိုးရိုးနဲ့ လူက မရိုးရှင်းဘူး။ သူက ယွီချန်းရှုကို သတ်ပြီးတော့ ကောင်းကင်သိုင်းပညာခုံရုံးကိုတောင် ထိန်းချုပ်ခဲ့တယ်။ သူက ကျွန်တော်ဆရာကို သတ်ပစ်ခဲ့တဲ့သူပဲ။ အဲဒီနောက် သူက တာ့ထန်ရဲ့ တော်ဝင်ခုံရုံးကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်လို့ ထင်တယ်။ ကျွန်တော်ဆရာ ရှိနေတုန်းက နေရာအသီးသီးမှာရှိတဲ့ မွေးဖွားဇယားချပ် သားရဲအားလုံးကို စောင့်ကြည့်ဖို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်တော်က ကူညီချင်ပေမဲ့ စွမ်းအားက မလုံလောက်ဘူး”
ယီယောင်က တိတ်ဆိတ်သွား၏။
ယဲ့ကျန်း အသက်ရှင်စဥ်အခါက သူ့အင်အားနှင့် အဆင့်အတန်းက တော်ဝင်ခုံရုံးဆီ လက်ဆန့်နိုင်ကာ တော်ဝင်နန်းဆောင်အတွင်းပင် သူလျှိုများ ထားရှိနိုင်သည်။ ယခုတွင် ယဲ့ကျန်းက သေဆုံးသွားပြီဖြစ်၍ အနက်ရောင် မျှော်စင်အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးဖို့ အသင့်တော်ဆုံးသူက ကျန့်ရှောင်ရှန်းသာ ဖြစ်၏။
ဤသို့ဖြင့် ယီယောင်က ပြောလိုက်သည်။
“အနက်ရောင် မျှော်စင်အဖွဲ့အစည်းက မင်းဆရာကို သတ်တဲ့သူကို ဖြေရှင်းမဲ့ နည်းလမ်း ရှာပေးလိမ့်မယ်။ မင်းအတွက် လက်စားချေပေးပြီးတော့ သင့်တော်တဲ့ နေရာကို ချပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် နေရာအသီးသီးမှာရှိတဲ့ အစီအရင်အားလုံးကို သေချာစောင့်ကြည့်ထား။ အမှားမလုပ်မိစေနဲ့။ တကယ်လို့ ယုံလိုမျိုး နောက်ထပ် မွေးဖွားဇယားချပ်သားရဲကို ဆုံးရှုံးရမယ်ဆိုရင် မင်းတာဝန်ယူရမယ်”
ကျန့်ရှောင်ရှန်းက အလျှင်အမြန် ပြောလိုက်သည်။
“အရှင် ကျွန်တော်ရဲ့ ရှင်းပြချက်ကို နားထောင်ပါအုံး။ ယုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က တိမ်တိုက်တောင်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကျောက်တောအုပ်အစီအရင်ကို တစ်စုံတစ်ယောက်က ချိုးဖျက်ခဲ့လို့ပါ။ အဲဒါကြောင့် ယုံ ပေါ်ထွက်လာတဲ့အခါမှာ အစီအရင်က မတုံ့ပြန်နိုင်ခဲ့တာပါ”
ထိုအရာကို ကြားပြီးသည့်နောက်တွင် ယီယောင်က အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“အနီရောင်ကြာနယ်မြေမှာ ဒီအစီအရင်ကို ချိုးဖောက်နိုင်တဲ့သူ ရှိနေတာလား”
“ကျွန်တော်မျက်လုံးနဲ့ ကိုယ်တိုင် မြင်လိုက်ရတာပါ။ အဲဒီလူက ယွီရှန်းရုန်ပဲ။ သူက ယုံကို သတ်ခဲ့တဲ့ လုမျိုးရိုးရဲ့ ဒုတိယတပည့်ပဲ” ကျန့်ရှောင်ရှန်းက ယွီရှန်းရုန်သည် စွမ်းအင်ဓား ခြောက်သောင်းကျော်ကို ဖန်တီးခဲ့စဥ်အချိန်ကို ပြန်လည်အမှတ်ရသွား၏။
ကျန့်ရှောင်ရှန်းက သူ လိုချင်သည့်အတိုင်း မဖြစ်မည်ကို စိုးရိမ်ကာ ဇာတ်ကြောင်းကို ချဲ့ထွင်ကာ ပြောခဲ့တယ်။
“ယွီရှန်းရုန်က သူ့ကိုယ်သူ ဓားလမ်းစဥ်မှာ ထိပ်သီးဆိုပြီးတော့ ပြောနေတာ။ သူက ကျွန်တော်ရဲ့ အပိုအသက်ကိုတောင် ယူဆောင်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် သူ့ကို သတ်ဖို့ အခွင့်အရေး ရခဲ့ပေမဲ့ သူ့တာ့ရှစ်ရှိုးက အချိန်မီ ပေါ်ထွက်လာတာ နှမြောစရာပဲ။ အဲဒီလူ ၂ယောက်က အစီအရင်ကို ချိုးဖောက်ရုံတင်မကဘူး။ ကျောက်တောအုပ်နဲ့ အစီအရင်ကိုတောင် ဖျက်ဆီးပစ်ခဲ့တယ်။ ပိုပြီးအရေးကြီးတာက သူတို့ ၂ဦးလုံးက ပွင့်ချပ်ကိုးလွှာထွက်ခါစပဲ ရှိသေးတယ်။ အရှင်ယီ သူတို့ကို သင်ခန်းစာပေးသင့်တယ်”
ယီယောင်၏ အသံတွင် စိတ်ဝင်စားသည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး “ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေက ကျောက်တောအုပ်က အစီအရင်ကိုတောင် ချိုးဖောက်နိုင်တယ်လား။ စိတ်ဝင်စားစရာပဲ”
ကျန့်ရှောင်ရှန်းက အလျင်စလိုဖြင့် ပြောလိုက်သည်။
“အဲဒီလူတွေ ပေါ်လာကတည်းက ကျွန်တော်ဆရာရဲ့ အစီအစဥ်တွေ အားလုံးကို ဝင်ရောက်စွက်ဖက်နေခဲ့တာ။ အရှင်ယီ ကျေးဇူးပြုပြီး နားလည်ပေးပါ”
ယီယောင်က တိတ်ဆိတ်သွားကာ အတွေးနက်နေမိသည်။ တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ထိုစဥ် သူက ပြောလိုက်သည်။
“ကောင်းပြီ။ မင်းစကားကို ကြားတယ်။ ဒီမှာ ကမ္ဘာဦးချီဆေးလုံး ၅လုံး ရှိတယ်။ သောက်သုံးတဲ့အခါ သတိထား။ မင်း ပြန်သွားတဲ့အခါ ကောင်းကောင်းလေ့ကျင့်။ အကျိုးအကြောင်းမသင့်တာတွေ လုပ်မနေနဲ့”
ကျန့်ရှောင်ရှန်း၏ အမူအရာအထက် တွေဝေသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက အားကောင်းလွန်းလှလေရာ ဤကိစ္စကို တာဝန်ယူဖို့ သူတို့လူများကို အဘယ့်ကြောင့် မစေလွှတ်ရသနည်း။
သူတို့က ဤသို့ တိတ်တဆိတ်နေရင်း လုပ်ဆောင်ဖို့ အဘယ့်ကြောင့် ဆုံးဖြတ်ထားသနည်း။
ယီယောင်တစ်ယောက်တည်းဖြင့် ထိုလူအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်လေသည်။ သူ သို့မဟုတ် အနက်ရောင် မျှော်စင်အဖွဲ့အစည်းက အဘယ့်ကြောင့် တုံ့ဆိုင်းနေရသနည်း။
ကျန့်ရှောင်ရှန်းက အသိပြန်ဝင်လာသည့်အခါ ခေါ်လိုက်သည်။
“အရှင်ယီ”
“ပါးစပ်ပိတ်ထား” ယီယောင်က လက်မြှောက်လိုက်သည့်အခါ အနက်ရောင် လက်ဝါးစည်းတံဆိပ်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
ဘန်း
ကျန့်ရှောင်ရှန်းက တိုက်ကွက်ကို မခုခံနိုင်သည်မှာ ပြောဖို့ပင် မလိုတော့ပေ။ သူက လေထဲ လွှင့်ထွက်သွားပြီး သွေးတစ်ပွက် အန်လိုက်ရ၏။
ယီယောင်က ပြောလိုက်သည်။
“မင်းက ငါနဲ့ ညှိနှိုင်းဖို့ ထိုက်တန်တယ်များထင်နေလား”
ကျန့်ရှောင်ရှန်းက တုန်တုန်ယင်ယင်ဖြစ်ကာ ဒူးထောက်လိုက်ပြီး “မဟုတ်ပါဘူး။ ကျွန်တော်က ဒီလိုရည်ရွယ်ချက်မျိုး မရှိပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်ယီ”
ထိုစဥ် ကျန့်ရှောင်ရှန်းက ချွေးများ နစ်နေလေသည်။ သူက ဆက်လက် မတောင်းဆိုရဲတော့ပေ။
သူက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဒူးထောက်လိုက်ပြီး “ကျွန်တော် မလုပ်ရဲပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးပါ”
“မင်းရဲ့ အလုပ်သာ သေချာလုပ်။ အခုထွက်သွားစမ်း”
“ဟုတ်ကဲ့ ဟုတ်ကဲ့” ကျန့်ရှောင်ရှန်းက အလျင်အမြန် ထွက်ခွာသွားလေသည်။
အပျက်အစီးများကြား တိတ်ဆိတ်မှုက ကြီးစိုလာ၏။
ယီယောင်က တူညီသည့် နေရာတွင် ရပ်ကာ အတွေးနက်နေမိသည်။ ခဏအကြာတွင် သူက လမ်းညွှန်အမှတ်အသားကို လှည့်ကြည့်လိုက်ပြီးသည့်နောက် အနက်ရောင် အဆောင်တစ်ခုကို ပစ်လွှတ်လိုက်သည်။
အနက်ရောင် အဆောင်က လောင်ကျွမ်းသွားသည့်အခါ အစီအရင်က လင်းလက်လာ၏။
“နောက်ထပ် တစ်နာရီ ကျန်သေးတယ်” ယီယောင်က ရှေ့တိုးသွားလိုက်သည်။ သူက တောင်ကြားအောက် ချော်ရည်အထက် အဆောင်များကို ပစ်လွှတ်လိုက်၏။
အဆောင်များက အနက်ရောင် လိပ်ပြာများကဲ့သို့ လေထဲ မျောလွင့်သွားသည်။
...
ထိုစဥ် လုကျိုးက ကျောက်တုံးနောက်တွင် ပုန်းအောင်းနေဆဲဖြစ်ကာ ယီယောင်ကို ကြည့်နေသည်။ သူက မျက်မှောင်အသာကြုတ်လိုက်၏။
သူတို့က မွေးဖွားဇယားချပ် သားရဲတွေရဲ့ လမ်းကြောင်းကို ပိတ်ထားတာလား ...
သူက မေးခွန်းများစွာရှိကာ သေချာမသိရသေးသည့်ကိစ္စများစွာရှိနေသော်လည်း သူနားလည်သည့် အရာတစ်ခုတော့ ရှိလေသည်။
ယခင်နှစ် ၂၀၀၀နီးပါးတွင် ပွင့်ချပ်ဆယ်လွှာ ရှိထားသည့် အနီရောင်ကြာနယ်မြေ၌ မွေးဖွားဇယားချပ် သားရဲ မရှိခဲ့ပေ။ ထိုအကြောင်းအရင်းက မွေးဖွားဇယားချပ် သားရဲများသည် ရှားပါး၍ မဟုတ်ဘဲ အနက်ရောင်ကြာနယ်မြေက မွေးဖွားဇယားချပ် သားရဲများကို နောက်ယောင်ခံလိုက်ကာ သိမ်းပိုက်ထား၍သာ ဖြစ်ပေသည်။
ယခုအခါ လုကျိုးအတွက် ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။
အကယ်၍ သူသာ ကိုယ်တိုင် မကြားခဲ့လျှင် ယဲ့ကျန်းနောက်ကွယ်တွင် ဤသို့လျှို့ဝှက်ကြံစည်မှုကြီး ရှိနေလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။
လုကျိုးက အတွေးနက်နေစဥ် လေထဲရှိ အနက်ရောင် အဆောင်များက ရုတ်ခြည်းဆိုသလို တစ်ခုတည်းအဖြစ် ပေါင်းစပ်သွား၏။
ထို့နောက် ယီယောင်၏ အသံက လေထုထဲ ထွက်ပေါ်လာသည်။
“မိစ္ဆာကောင် ထွက်ပြီးတော့ သေခြင်းတရားကို ရင်ဆိုင်လှည့်”