အခန်း (၈၉၈-၉၀၀)
Vol. 60 Ch. 898-900
အခန်း (၈၉၈) ဥပေက္ခာပြုခြင်းလား
နောက်တစ်ရက် မနက်ခင်း၌
လုကျိုးက ထိန်းသိမ်းရေးခန်းမမှ ထွက်မသွားခဲ့ပေ။ သူက ဆက်လက်နေထိုင်ရင်း ကျင့်ကြံနေ၏။ သူက ဆန်းကြယ်ဝေဟင်အဆင့်သို့ ဝင်ရောက်သွားသော်လည်း သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ရာ ဆက်လက်ကျင့်ကြံဖို့ လိုအပ်နေဆဲ ဖြစ်၏။ ဤနည်းဖြင့် နောင်အနာဂတ်တွင် သူ့မွေးဖွားဇယားချပ်များကို အသက်သွင်းသည့်အခါ ဝန်ထုပ်ဝန်ပိုးဖြစ်နေမည် မဟုတ်ပေ။
ကံဆိုးစွာဖြင့် ဆန်းကြယ်ဝေဟင် နယ်ပယ်အဆင့်နှင့် ပတ်သက်ပြီး များများစားစား မသိရသည့်အတွက် လုကျိုးက မျက်ကန်းတစ်ယောက်လိုမျိုး လျှောက်လှမ်းနေရသည်။
ယခင် သူ စုဆောင်းထားသည့် အချက်အလက်များပေါ် မူတည်၍ အနက်ရောင်ကြာနယ်မြေတွင် မွေးဖွားဇယားချပ် ၃၆ ခု ရှိ၏။ သူတို့တွင် ပြီးပြည့်စုံသည့် သတင်းအချက်အလက်နှင့် ပိုမိုကောင်းမွန်သည့် ကျင့်ကြံရေး နည်းစနစ်တစ်ခု ရှိလေသည်။
သူက ယီယောင်၏ မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။ အကယ်၍ ယီယောင်က ပြန်သွားခဲ့ပြီး ထိုအကြောင်းကို အသိပေးခဲ့လျှင် ကျင့်ကြံဆင့် မြင့်မားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပညာရှင် ထွက်ပေါ်လာလျှင် မည်သို့လုပ်မည်နည်း။
သူက သူ့ကိုယ်သူ ပြဿနာ ဖန်တီးမိကြောင်း ခံစားမိလိုက်သည်။
သူက အဆင့်မြင့် အသေရိုက်ချက်ကတ် ပိုင်ဆိုင်ထားသည်ကို အမှတ်ရသည့်အခါ အနည်းငယ် စိတ်အေးမိသွားသည်။ အနီရောင်ကြာနယ်မြေတွင် ခက်ထန်ကြမ်းတမ်းလွန်းသည့် လူတစ်ယောက် မရှိဖို့ရာသာ မျှော်လင့်မိ၏။ အကယ်၍ မွေးဖွားဇယားချပ် ၃၆ ခုလုံးကို အသက်သွင်းထားနိုင်သည့် ပညာရှင် ရှိနေခဲ့လျှင် သူက တခြားသူများကို ချမ်းသာဖို့ တောင်းခံနေရလိမ့်မည်။
...
နေ့လယ်ဘက်၌
လုကျိုးက ခန်းမအတွင်း ဆက်လက်ကျင့်ကြံနေသည်။
ထိုစဥ် မင်ရှစ်ရင်က ခန်းမအတွင်း အလျင်အမြန် ဝင်ရောက်လာပြီး ပြောလိုက်သည်။
“ရှစ်စွင်း တစ်ခုခုတော့ ဖြစ်သွားပြီ”
လုကျိုးက မျက်လုံးဖွင့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“အစတုန်းက အဲဒီဧကရာဇ်ငယ် လီယွင်ကျန်းက မှူးမတ်တွေနဲ့ စစ်တပ်အရာရှိတွေကို မနက်ဖြန် ဆင့်ခေါ်ဖို့ တော်ဝင်အမိန့်တော်အကြောင်း ဆွေးနွေးနေတာ။ မထင်ထားတာက အဲဒီအရာရှိတွေ အကုန်လုံးက နန်းတော်ကို ဒီနေ့ရောက်လာကြတယ်လေ။ ချီရှစ်တိနဲ့ ဧကရာဇ်ငယ်လေးက တိုင်းပြည်ရေးရာ ကြေညာရေးခန်းမဆီ ထွက်သွားကြပြီ” မင်ရှစ်ရင်က ပြန်ဖြေလိုက်၏။
“မင်းရဲ့ ချီရှစ်တိက ဒီကိစ္စကို ကိုင်တွယ်နိုင်မှာပါ” လုကျိုးက ပြောလိုက်သည်။
“ကျွန်တော်လည်း အဲဒီလို ထင်တာပါပဲ။ ဒါပေမဲ့ တစ်ခုခု လွဲမှားနေသလို ခံစားနေရတယ်” မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။
“ဒီမနက် ကျွန်တော် လှည့်ပတ်ကြည့်တုန်းက နန်းတော်အနားမှာ သာမန်လူထောင်ချီကို တွေ့ခဲ့တယ်။ ပြီးတော့ ရှားဟို့ရှန်းက ဒီမြို့တော်မှာ မရှိဘူးဆိုပေမဲ့ သူက တော်ဝင်တပ် အယောက်တစ်သိန်းကို စေခိုင်းနိုင်တယ်”
“ဟမ်” လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
“ချီရှစ်တိရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှားဟို့ရှန်းနဲ့ စစ်သူကြီး ၈ယောက်က ယွီချန်းရှုနဲ့ အတူတူပဲလေ။ သူတို့ဆီမှာ အရည်အချင်း မရှိဘဲ ဘယ်လိုလုပ်နေပါ့မလဲ။ တကယ်လို့ သူတို့သာ တိုက်ခိုက်မယ်ဆိုရင် ရှစ်စွင်းက ဝင်ပါရလိမ့်မယ်” မင်ရှစ်ရင်က ရှင်းပြလိုက်သည်။
“သူတို့က ကြွက်အုပ်စုလောက်ပါပဲ။ သူတို့က ပေါ်ထွက်လာရဲမှာလား” လုကျိုးက ယခင်နှင့် မတူတော့ပေ။ တကယ်၍ သူ့တွင် ပွင့်ချပ်ဆယ်လွှာမျှသာ ရှိပါက ရှားဟို့ရှန်းကို ပိုမို အာရုံစိုက်မိလိမ့်မည်။ အဆုံးသတ်တွင်မူ သူက ပြောလိုက်၏။
“ဒါပေမဲ့ မင်း ပြောတာ အချက်ကျတယ်။ ငါနဲ့အတူ လိုက်ခဲ့”
“ဟုတ်ကဲ့”
ဆရာ တပည့် ၂ယောက် ခန်းမမှ ထွက်လာလိုက်ကြသည်။ သူတို့က ခန်းမအပြင်ဘက် ရောက်သည့်အခါ ကျန်းအိုက်ကျန့်က နဂါးတေးသံကိုင်ရင်း ပြေးနေသည်ကို မြင်လိုက်ရသည်။
မင်ရှစ်ရင်က ဆွဲကာ ပြောလိုက်သည်။
“ဟေ့ ကောင်စုတ်လေး ဘယ်သွားနေတာလဲ။ ငါတို့နဲ့အတူ လိုက်ခဲ့”
ကျန်းအိုက်ကျန့်က မလုံမလဲ ပြုံးလိုက်ကာ
“မ မ … မဟုတ်သေးပါဘူး။ အဲဒီနေရာမှာ လူတွေအများကြီး ရှိတယ်လေ။ ကျွန်တော်ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကြောင့် သူတို့တွေ ကြွေသွားမှာ စိုးတယ်”
လုကျိုးက ကျန်းအိုက်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့နဲ့ လိုက်ခဲ့”
ကျန်းအိုက်ကျန့် “...”
မင်ရှစ်ရင်က ကျန်းအိုက်ကျန့်၏ ပခုံးကို သိုင်းဖက်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
“မင်းက အတော်လေးကို ကြောက်တတ်တာပဲ။ စိတ်မပူနဲ့ ငါ့ခွေးလေးကို မင်းကို ကာကွယ်ခိုင်းလိုက်မယ်”
ကျန်းအိုက်ကျန့် “...”
...
၃ယောက်သား တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအနား ရောက်ရှိလာသော်လည်း နန်းတော် ပညာရှင်များစွာက လေထဲ ပျံဝဲနေသည်ကို မြင်လိုက်ရသည်။ မြေပြင်ပေါ်တွင်လည်း လူများစွာ ရှိနေလေ၏။ ပြည်သူထောင်ချီက သေသေသပ်သပ် တန်းစီနေကြသည်။
လုကျိုးက သူတို့အား သံသယဖြင့် ကြည့်လိုက်၏။
သာမန်တိုင်းသူပြည်သားတွေက ဘယ်လိုလုပ် နန်းဆောင်ကို ဝင်ရောက်နိုင်မှာလဲ။ ဒါက လူတချို့ ကြံစည်ထားတာပဲ ဖြစ်ရမယ် ...
ထိုစဥ် ဝမ်ယွင်က ရုတ်ခြည်း ပေါ်ထွက်လာသည်။
“လုချန်းပေ့ ကျုပ်လည်း အခုလာခေါ်တော့မလို့ပဲ”
“လီယွင်ကျန်းက ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။
“အရှင်နဲ့ သတ္တမသခင်လေးတို့က ပင်မခန်းမထဲမှာပါ။ ဒီဘက်ကို ကြွပါ”
လုကျိုး၊ မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်တို့က ဝမ်ယွင်နောက်မှ လိုက်သွားကြသည်။ သူတို့က ခန်းမအပြင်ဘက် ရောက်သည့်အခါ ခန်းမအပြင်ဘက်တွင် လူအုပ်ကြီးကို မြင်လိုက်ရ၏။ ပလ္လင်က ခန်းမထိပ်တွင် တည်ရှိပြီး ဘေးဘက် တစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံတစ်ခုစီ ရှိလေသည်။
လုကျိုးက ဤသို့ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူက အရာရှိများနှင့် စစ်သူကြီး ၈ယောက်သည် ပေါ်ထွက်လာလိမ့်မည်ဟုသာ ထင်ထားခဲ့၏။
လုကျိုးက ရောက်လာသည့်အခါ မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက ဦးညွတ်တော့မည့်ဆဲဆဲတွင် သူက လက်ဝှေ့လိုက်ပြီး တားဆီးလိုက်သည်။
လီယွင်ကျန်းက နဂါးဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုစဥ် သူက ပလ္လင်ပေါ်တွင် ထိုင်နေပြီး အားလုံးကို ကြည့်နေသည်။
ထိုစဥ် စီးဝူယာ့က ပလ္လင်ထက် တစ်ဆင့်နိမ့်သည့်နေရာတွင် ရပ်နေလေ၏။ သူ့အမူအရာက တည်ငြိမ်နေပြီး မတ်မတ်ရပ်နေသည်။ သူ့တည်ရှိမှုက ထူးခြားလှ၏။
လုကျိုးက ခေါင်းညိတ်လိုက်၏။
လောင်ချီဆိုတဲ့အတိုင်းပဲ သူ့ဗဟုသုတ၊ သတ္တိနဲ့ တည်ရှိမှုတို့က လောင်ပါ့ လိုက်အတုယူလိုက်နိုင်တဲ့ အရာတော့ မဟုတ်ဘူး ...
လုကျိုးက ခန်းမရှေ့ ဆက်လက်လျှောက်လာလိုက်သည်။
ထိုစဥ် လီယွင်ကျန်းအနား ရပ်နေသည့် နန်းတော် အစေခံများနှင့် ကုန်းကုန်းများစွာ ရှိနေလေ၏။ မည်သို့ပင်ဆိုစေကာမူ သူ့အမြင်အောက်တွင် လုကျိုး၏ တည်ရှိမှုကို မြန်မြန်အသိထားမိသွားသည်။ သူက ထရပ်ချင်သော်လည်း လုကျိုးက လက်မြှောက်လိုက်ပြီး မလာသင့်ကြောင်း ညွှန်ပြလိုက်သည်။ ထို့ကြောင့် သူက ပလ္လင်ပေါ်တွင်သာ ဆက်ထိုင်နေလိုက်၏။
လုကျိုးက လောကဝတ်ချော်မနေတော့ဘဲ ဘယ်ဘက်ရှိ ကုလားထိုင်ဆီ တန်းတန်းလျှောက်လာသည်။
ထိုထိုင်ခုံတွင် ထိုင်နေသည့်သူက လက်ရှိ မင်းဆရာဖြစ်သည့် ကောကျန်းဖျင် ဖြစ်၏။ သူက လူအိုကြီးသည် အတားအဆီးမရှိ ဘယ်ဘက်မှ ထိုင်ခုံဆီ လျှောက်လှမ်းလာသည်ကို မြင်သည့်အခါ ထိုလူအိုကြီးကို ပြန်လည်ချေပတော့မလို လုပ်လိုက်သည်။ သို့သော်လည်း သူက မတုံ့ပြန်နိုင်ခင် ထိုလူအိုကြီးက လက်ဝှေ့လိုက်၏။ သူက မတ်တတ်ရပ်သား ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
လီယွင်ကျန်း၏ ညာဘက်တွင် ရပ်နေသည့် မြို့စားကြီး ၂ဦးက ကောကျန်းဖျင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ သူက ချက်ချင်း သဘောပေါက်သွားလိုက်ပြီး အလျင်အမြန် နောက်ဆုတ်ကာ ဘေးဘက်သို့ လေးလေးစားစား ရပ်လိုက်သည်။
လုကျိုးက ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။ သူက ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ပြပွဲကို လာရောက်ကြည့်ခြင်းသာဖြစ်၏။ အကယ်၍ မလိုအပ်လာပါက ဝင်စွက်ဖက်မည် မဟုတ်ပေ။ မင်ရှစ်ရင် ပြောထားသကဲ့သို့ မတော်တဆ ဖြစ်မလာနိုင်စေရန် သေချာစောင့်ကြည့်ဖို့ လာရောက်ခြင်းသာဖြစ်သည်။ တခြားသော ကိစ္စများအတွက်မူ ဂရုစိုက်ဖို့ ပျင်းရိလွန်းလှ၏။
လုကျိုး၏ ဝင်လာမှုက သိုသိုသိပ်သိပ် ဖြစ်သော်လည်း တိုင်းသူပြည်သားများနှင့် အရာရှိများ၏ အာရုံအောက်တွင် မလွတ်မြောက်ခဲ့ပေ။
နန်းတော်တစ်ခုလုံးက တိတ်ဆိတ်သွားပြီး ဧကရာဇ်ငယ် အနား ရုတ်ခြည်းပေါ်ထွက်လာသည့် လူအိုကြီးကို ကြည့်လိုက်ကြသည်။
စီးဝူယာ့က လှည့်ကာ သူ့ရှစ်စွင်း ရောက်လာသည်ကို မြင်လိုက်ရ၍ ပြုံးလိုက်သည်။ ထို့နောက် သူက ဦးညွတ်တော့မည့်ဆဲဆဲတွင် သူ့ရှစ်စွင်းက လက်ဝှေ့လိုက်ပြီး ပြောလိုက်သည်။
“ဆက်လုပ်”
“ဟုတ်ကဲ့ပါ” စီးဝူယာ့က အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရှေ့ဆုံးမှ လူအိုကြီးကို ကြည့်ကာ ပြောလိုက်သည်။
“အရာရှိကျန်း ဆက်လုပ်ပါ”
ထိုစဥ် မင်းဆရာ ကောကျန်းဖျင်က နောက်တစ်လှမ်း ဆုတ်လိုက်ပြီး ဝမ်ယွင်အတွက် လမ်းဖယ်ပေးလိုက်သည်။
ဝမ်ယွင်က လုကျိုး ဘေးနား ရောက်ရှိလာပြီး ခါးကို ကုန်းကာ လုကျိုးနား တီးတိုးပြောလိုက်သည်။
“ဒါက ကျန်းယွမ်ရန် ပါ။ သူက အသက်ကြီးပြီဆိုတော့ အမြဲလိုလို အိမ်မှာပဲ နေလေ့ရှိတယ်။ ဒီကျန်းမိသားစုက အရင်ဧကရာဇ်ရဲ့ အာဇာနည်ဘွဲ့ ပေးခံထားရတဲ့ စစ်သူကြီး ၅ယောက် ရှိတယ်။ သူတို့ကို လူတော်တော်များများက သဘောကျကြတယ်”
လုကျိုးက ဝမ်ယွင်အား လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းက အတော်လေး သိတတ်တာပဲ။ ကောင်းတယ်”
“လုချန်းပေ့ ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ကျွန်တော်သားရော” ဝမ်ယွင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
“သူ့ကို လွှတ်ပေးလို့ ရတယ်။ ဒါပေမဲ့ မင်း နေရာ မင်းသိတာ အကောင်းဆုံးပဲ” လုကျိုးက ပြောလိုက်သည်။
“လုချန်းပေ့ မစိုးရိမ်ပါနဲ့။ အရှင်က ဝမ်မိသားစုရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ရနေပါပြီ” ဝမ်ယွင်က ပြောလိုက်သည်။ ထို့နောက် သူက ကောကျန်းဖျင်ဆီ သွားကာ ပြောလိုက်သည်။
“မင်းဆရာကော … ခင်ဗျား ဘာပြောချင်သေးလဲ”
“ဒါပေါ့ ဒါပေါ့”
တာ့ထန်တွင် သေဆုံးသွားပြီဖြစ်သည့် ကွေ့အိုက်အပါအဝင် မြို့စားကြီး ၅ဦးရှိ၏။ တစ်ဦးချင်းစီက အာဏာစွဲကိုင်ထားပြီး သူတို့၏ မိသားစု ၅ဦးက မြို့တော်ထဲ စွမ်းအားအကြီးဆုံး မိသားစုများ ဖြစ်ကြသည်။ ကောကျန်းဖျင်က မင်းဆရာတစ်ယောက် ဖြစ်နေလျှင်ပင် တာ့ထန်၏ မြို့စားကြီး ၅ယောက်ရှေ့တွင် ဗလာကျင်းနေသည့် ဂုဏ်ပုဒ်တစ်ခုမျှသာ ပိုင်ဆိုင်ထားသူ ဖြစ်၏။
ဝမ်ယွင်က မတ်မတ်နေကာ ကောကျန်းဖျင်ကို ဘေးဘက်ဆွဲပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်းဆရာကောက ကျုပ်ကို အသတ်ခံရအောင် လုပ်နေတာလား”
“ကျုပ် တောင်းပန်ပါတယ်” ကောကျန်းဖျင်၏ နှလုံးသားထဲ အကြောက်တရား ကြီးစိုးလာ၏။
“ဒီလူကြီးမင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပညာရှင်များလား”
“ခင်ဗျား ဘယ်လိုထင်လဲ” ဝမ်ယွင်က ပြောလိုက်သည်။
ကောကျန်းဖျင်က ဆံပင်များပင် ထောင်မတ်သွားပြီး ကြက်သီးများပင် ထလာမိသည်။ သူက ဝမ်ယွင်ကို ကြည့်လိုက်ပြီးသည့်နောက် မျက်လုံးအပြူးသား ဖြစ်လာ၏။
ဝမ်ယွင်က အလေးအနက် ပြောလိုက်သည်။
“ထိုင်ခုံကို အလွတ်ထားဖို့ ပြောထားပြီးသားလေ။ ဒါပြီးသွားရင် တိတ်တိတ်နေပြီးတော့သာ ဆက်ကြည့်နေ။ ဘာမှမလိုအပ်တာတွေ မလုပ်နဲ့”
“အရာရှိဝမ်ရဲ့ စကားကို နားထောင်ပါ့မယ်” ကောကျန်းဖျင်က နဖူးပေါ်မှ ချွေးကို သုတ်ကာ ပြောလိုက်သည်။
“ခင်ဗျားတင် မဟုတ်ဘူး။ တခြားမြို့စားကြီး ၃ယောက်နဲ့ ကျုပ်ကလည်း တစ်ညလုံး ဒီကိစ္စကို ဆွေးနွေးထားပြီးပြီ။ ကျုပ်တို့လည်း ဒီလိုပဲ လုပ်မှာ။ တခြားသူတွေအတွက်ကတော့ သူတို့ ကံကြမ္မာ သူတို့ လွှတ်ထားလိုက်တော့” ဝမ်ယွင်က ပြောလိုက်သည်။
ကောကျန်းဖျင်က လှေကားအောက်ခြေတွင် ရှိသည့် တိုင်းသူပြည်သားများနှင့် အရာရှိများကို ကြည့်ကာ မျက်မှောင်အသာကြုတ်လိုက်၏။
“ကျေးဇူးပါ”
...
ထိုစဥ် အားလုံး၏ အာရုံက အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျန်းယွမ်ရန်ပေါ်သာ ရှိနေကြသည်။
စီးဝူယာ့က ကျန်းယွမ်ရန်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။
ကျန်းယွမ်ရန်က ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး ၂ခါပြန် စဥ်းစားပါအုံး။ ကျုပ်တို့ ကျန်းမိသားစုက သူရဲကောင်းတွေ အာဇာနည်တွေ ပြည့်နှက်နေတဲ့ မိသားစုတစ်ခုပါ။ ကျုပ်တို့က တာ့ထန်အတွက်ဆိုရင် မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ ဖြတ်ရဲပါတယ်”
စီးဝူယာ့က ပြောလိုက်သည်။
“အရာရှိကျန်း ၂ခါ ပြန် စဥ်းစားပါအုံး။ ခင်ဗျားက ကျန်းမိသားစုအတွက် တောင်းဆိုတာကို နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားက စစ်သူကြီး ၈ယောက်အတွက် ဘာလို့ကိုယ်စား တောင်းဆိုပေးနေရတာလဲ”
ကျန်းယွမ်ရန်က ထပ်ပြောလိုက်သည်။
“စစ်သူကြီး ၈ ယောက်နဲ့ ကျန်းမိသားစုဆိုတာက မိသားစုတစ်ခုလိုပါပဲ။ သူတို့တွေ မှားယွင်းခံရပြီးတော့ အကျဉ်းထောင် အပို့ခံရမှာကို ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။ အရှင်မင်းကြီး ၂ ခါပြန် စဥ်းစားပါအုံး”
ကျန်းယွမ်ရန်၏ စကားအဆုံးတွင် တိုင်းသူပြည်သားထောင်ချီကလည်း တစ်ပြိုင်နက် ဒူးထောက်ကာ ပြောလိုက်ကြသည်။
“အရှင်မင်းကြီး ပြန်လည်စဥ်းစားတော်မူပါ”
စီးဝူယာ့က ထိုတုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားမိ၏။ ထိုခုခံမှုက ကြိုတင်ပြင်ဆင်ထားသည်မှန်း သိသာလှသည်။ သူတို့က သူ့အား သတိလက်လွတ် ဖြစ်စေရန် နေ့လယ်ကတည်းက ရောက်ရှိလာပြီး ဤတိုင်းသူပြည်သားများအား မြှောက်ပင့်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြို့တော်အတွင်း ဧကရာဇ်ငယ်လေးက အာဇာနည်များနှင့် အရာရှိများကြား ဥပမာပေးလိုကြောင်း ကောလဟာလများ ပြန့်နေခဲ့သည်။ အာဇာနည်နှင့် စစ်သူကြီးများ ပြည့်နှက်နေသည့် မိသားစုမှ ကျန်းယွမ်ရန်က ဦးဆောင်ကာ ပြောလိုက်သည်။ ဤသည်မှာ လူထုအမြင် တစ်ဖက်စောင်းလုနီးပါး ဖြစ်နေသည်မှာ သဘာဝကျပေသည်။
စီးဝူယာ့က သူ့ရှေ့ရှိ လူသည် သေဆုံးရမည်ကို မကြောက်မှန်း သိလေသည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“အရာရှိကျန်း ခင်ဗျားက အရှင်မင်းကြီးကို ဖိအားပေးဖို့ တမင်ကြိုးစားနေတာပဲ”
…
အခန်း (၈၉၉) သေခြင်းတရား
ဒူးထောက်နေသော ကျန်းယွမ်ရန်သည် စတင်ဦးတိုက်တော့၏။
ဘန်း ဘန်း ဘန်း
ထိုသုံးကြိမ်သုံးခါတိုက်တိုင် ဦးတိုက်ခြင်းသည် မြေပြင်ပေါ် အမှတ်အသားများ ကျန်ရစ်စေ၏။ ကျန်းယွမ်ရန်သည် ကန်တော့ချိန်၌ သူ၏ ကာကွယ်ရေးစွမ်းအင်ကို အသုံးမပြုသလို ထိန်းချုပ်ထားခြင်းလည်း မရှိပေ။ သူက စီးဝူယာ့ကို လက်ညှိုးထိုးလျက် နဖူးပေါ်သွေးများ စီးကျလာ၏။ "ဒီအမှုထမ်းရဲ့ နှလုံးသားကို နေနဲ့လက သက်သေခံပေးနိုင်တယ်။ ကျန်းမိသားစုက မျိးဆက်ပေါင်းများစွာ သစ္စာရှိလာတာ မင်းလို ပါးစပ်ဆိုးယုတ်တဲ့သူကို ငါတို့ကို ဘယ်လိုလုပ် စွပ်စွဲခွင့် ပေးနိုင်မှာလဲ။ အရှင်မင်းကြီး ကျေးဇူးပြုပြီး ကောင်းကောင်းကြည့်ဖို့ မျက်လုံးဖွင့်တော်မူပါ။ ဒီအမှုထမ်းအတွက် ရပ်တည်ပေးရပါမယ်”
ဝါကြွားသောအပြုအမူနှင့် ပြောဆိုသည့်စကားလုံးများသည် လီယွင်ကျန်းကို ပျာယာခပ်သွားစေ၏။ ထိုကဲ့သို့ စိတ်ရင်းစစ်မှန်ပြီး ရဲစွမ်းသတ္တိရှိသည့် နှလုံးသားကို မြင်သောအခါ သူ၏စိတ်နှလုံးသားသည် မည်ကဲ့သို့ မယိမ်းယိုင်ဘဲ နေမည်နည်း။ သူ စကားပြောတော့မည့်အချိန်တွင် လုကျိုးက လက်မြှောက်လျက် သူ့ကို ဟန့်တားတာကို တွေ့လိုက်ရသည်။
စီးဝူယာ့ပြောသည့်အတိုင်းပင် လီယွင်ကျန်းက အတွေ့အကြုံနုလွန်းသည်။ သူက ဗဟုသုတကြွယ်ဝသော်ငြား လောကကြီး၏ နည်းလမ်းများကို မသိကျိုးကျွန် ပြုထားပေ၏။ ထိုလှည့်ကွက်လေးက သူ၏စိတ်နှလုံးကို လှုပ်ရှားဖို့လုံလောက်သည်။
စီးဝူယာ့က ရယ်မောပြီးနောက် ပြောလိုက်တော့သည်။ "ခင်ဗျား ကျုပ်မေးခွန်းကို မဖြေခဲ့ဘူးပဲ။ ခင်ဗျားက အရှင်မင်းကြီးကို ဖိအားပေးဖို့ ကြိုးစားနေတာလား”
"ရာရာစစ" ကျန်းယွမ်ရန်က စီးဝူယာ့ကို စိုက်ခြင်းလျက် တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
"ဒီအမှုထမ်းအိုကြီးက သစ္စာရှိပြီး စိတ်ရင်းမှန်နှစ်မြုပ်ထားပါတယ်။ ဒီလိုပြစ်မှုမျိုး ဘယ်လိုလုပ် ကျူးလွန်ရဲပါ့မလဲ”
စီးဝူယာ့သည် ဝေခွဲမရသည့် အမူအရာမျိုးဖြင့် မေးလိုက်တော့သည်။ "ဒီလိုသာဆိုရင် ခင်ဗျားက နန်းတော်ထဲကို အရပ်သားတစ်ထောင်ခေါ်လာပြီး ပူဆွေးခြင်းဝတ်ရုံကို ဘာကြောင့်ဝတ်ထားတာလဲ”
"အရှင်မင်းကြီးက စစ်သူကြီးရှစ်ဦးကို ရှင်းချင်နေတာ။ ဒီအမှုထမ်းအိုကြီးက အရင်ဆုံးကန့်ကွက်တာ သဘာဝကျတယ်။ အရှင်မင်းကြီးက လူတွေရဲ့စိတ်နှလုံးကို ထိခိုက်နာကျင်စေမှာ မကြောက်ဘူးလား” ကျန်းယွမ်ရန်က မေးလိုက်၏။
ကျန်းမိသားစုသည် မဟာစစ်သူကြီးရှစ်ဦးနှင့် ခိုင်မြဲစွာ ချည်နှောင်ထား၏။ ဆိုရလျှင် မြို့စားကြီးများ မည်မျှအင်အားရှိစေကာမူ သူတို့ ၌စစ်ရေးအင်အားမရှိသရွေ့ ဧကရာဇ်လေး၌ အာဏာအမှန်ရှိမှာ မဟုတ်ပေ။
အကြောက်အလန့်ကင်းမဲ့သည့် အဖိုးအိုကို စီးဝူယာ့ မည်သို့ဖြေရှင်းမည်ကို သိချင်နေကြသောကြောင့် လူတိုင်းက သူ့ကိုကြည့်လိုက်သည်။
စီးဝူယာ့၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်တော့သည်။
"အရှင်မင်းကြီးက မဟာစစ်သူကြီးရှစ်ဦးကို ရှင်းထုတ်ပါမယ်လို့ ခင်ဗျားကိုဘယ်သူကပြောလဲ”
ကျန်းယွမ်ရန်သည် အလွယ်တကူ ခြိမ်းခြောက်မခံရပေ။ တကယ်တော့သူက အကင်းပါး၏။ သူက လှောင်ပြောင်ပြီးနောက် မင်းအမိန့်ကိုကိုင်ကာ ပြောလိုက်တော့သည်။
"ဒါဆိုရင် ဒီအမိန့်တော်ကို ဘယ်လိုရှင်းပြမလဲ”
၎င်းသည် အရပ်သားများ၊ အမှုထမ်းများနှင့် မဟာစစ်သူကြီးရှစ်ဦးကို ဆင့်ခေါ်သည့်အမိန့်စာပဲဖြစ်သည်။
စီးဝူယာ့က မေးလိုက်လေ၏။ "တိုင်းပြည်ရဲ့အုပ်စိုးသူက သူ့အမှုထမ်းတွေကို ဆင့်ခေါ်တဲ့အချိန် သူကဘာလို့ ရှင်းပြဖို့လိုမှာလည်း”
"..."
စီးဝူယာ့၏ စကားကိုကြားသည့်အခါ ကျန်းယွမ်ရန်က တောင့်တင်းသွားတော့သည်။ သို့သော်ငြားသူသည် သူ့သဘောထားကို အလျင်အမြန် ထိန်းညှိလျက် ပြောလိုက်တော့သည်။
"အရှင်မင်းကြီးက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိဘူး။ မဟာစစ်သူကြီးရှစ်ဦးက ပတ်လမ်းဆယ်ခုနဲ့ နယ်စပ်ကို စောင့်ကြပ်နေရတာ။ သူတို့ကိုဆန္ဒရှိသလို ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ။ ဒါ့အပြင် အရှင်မင်းကြီးက ဒီကိစ္စကို တော်ဝင်ခုံရုံးထဲမှာ မေးလို့ရတာပဲ။ အမှုထမ်းတွေနဲ့ အရာရှိအားလုံးက အရှင်မင်းကြီးကို ကူညီပေးနိုင်တာပဲ။ တိုင်းပြည်ရဲ့အုပ်စိုးသူ အရှင်မင်းကြီးတစ်ယောက်ထဲလှုပ်ရှားရင် အမှုထမ်းတွေနဲ့ စစ်အရာရှိတွေ ဘာလို့လိုအပ်တော့မှာလဲ။ အရှင်မင်းကြီးက သူတို့အားလုံးကို သတ်လိုက်နိုင်တာပဲ”
ထိုစကားကိုကြားသောအခါ အမှုထမ်းများနှင့် စစ်အရာရှိများအားလုံးသည် ဒူးထောက်လိုက်ကြ၏။
မြင်ကွင်းသည်အတော်လေး ခမ်းနားလှပေသည်။
စီးဝူယာ့က ဆက်ပြောလေသည်။ "တာ့ထန်ရဲ့ ပတ်လမ်းဆယ်ခုကို ဖြေရှင်းပြီးတာ ကြာလှပြီ။ ကျုပ်အခုသိချင်တာက အရှင်မင်းကြီးက သူ့အမှုထမ်းတွေကို ဆင့်ခေါ်ပိုင်ခွင့်တောင် ဘာကြောင့်မရှိရတာလဲ။ အရှင်ကျန်း ခင်ဗျားအတွက် မေးခွန်းတစ်ခုပဲရှိတယ်။ အရှင်မင်းကြီးက သူ့ရဲ့ ပြည်သူပြည်သားတွေကို တွေ့ပိုင်ခွင့်ရှိလား။ ရှိမရှိဘဲ ဖြေဖို့လိုတယ်”
"..."
လူတိုင်းကအကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အရာအားလုံးကိုဘေးချိတ်ထားလျက် တိုင်းပြည်၏ အုပ်စိုးသူသည် အမှုထမ်းများကို ဆင့်ခေါ်ပိုင်ခွင့်မရှိလျှင် တိုင်းပြည်ကို အုပ်စိုးသူ မည်သို့ ဖြစ်နိုင်တော့မည်နည်း။
စီးဝူယာ့၏ စကားလုံးများ၏သက်ရောက်ပုံကို မြင်သောအခါ ကျန်းယွမ်ရန်က အသံမြှင့်လျက် ပြောလိုက်သည်။
"ဒါပေါ့ အရှင်မင်းကြီးက အမှုထမ်းတွေကို တွေ့ပိုင်ခွင့်ရှိတာပေါ့။ ဒါပေမဲ့ အရှင်မင်းကြီးက မဟာစစ်သူကြီးရှစ်ဦးကို သတ်ဖို့ ရည်ရွယ်နေတယ်ဆိုတာ ဒီနေရာမှာမသိတဲ့သူရှိလို့လား။ မင်းရဲ့စကားတွေနဲ့ စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ မကြိုးစားနဲ့”
စီးဝူယာ့က ခေါင်းခါလျက် ပြောလိုက်သည်။ "တကယ်တော့ ဒီစကားတွေကို အရှင်မင်းကြီးက ကျုပ်ကိုပြောခဲ့တာ။ ကျုပ်က ကိုယ်စားပြောပေးရုံပဲ။ ကျုပ်ရဲ့စကားတွေနဲ့ ရှုပ်ထွေးအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ ခင်ဗျားကပြောနေတယ်။ အရှင်မင်းကြီးက စကားလုံးတွေ ရှုပ်ထွေးအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ ခင်ဗျားပြောတာလား”
"မင်း" ကျန်းယွမ်ရန်က ဆွံ့အသွား၏။
ထိုစဉ် လီယွင်ကျန်းကထရပ်လျက် ကျန်းယွမ်ရန်ကို ကြည့်ပြီးပြောလိုက်သည်။
"မြို့စားကျန်း စီးလူကြီးမင်းက ကျုပ်ရဲ့ဆရာပဲ။ ဒါကြောင့်ကျုပ်ကိုယ်စား ပြောခိုင်းထားတာ။ ကျန်းမိသားစုက ရဲစွမ်းသတ္တိရှိပြီး သစ္စာရှိပါရဲ့။ ဒါပေမဲ့ ကျုပ်ကိုအညံ့ခံအောင်လို့ အမှုထမ်းတွေနဲ့အရာရှိတွေကို လှုံ့ဆော်ခဲ့တယ်။ ဒီတခုတည်းနဲ့တင် ခင်ဗျားကို သေမိန့်ချနိုင်တယ်”
ဒုန်း
ကျန်းယွမ်ရန်သည် မြေပြင်ပေါ် ပြုတ်ကျသွား၏။ သူ၏ခန္ဓာကိုယ်က တုန်ရင်နေကာ စီးဝူယာ့ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ "အရှင်မင်းကြီး သူ့မှာမကောင်းတဲ့ ရည်ရွယ်ချက် ရှိနေပါတယ်။ ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုနဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြဖို့ ကျွန်တော်မျိုး သေဖို့ဆန္ဒရှိပါတယ်။ တကိုယ်ကောင်းဆန်တဲ့အကြောင်းရင်းကြောင့်မဟုတ်ဘဲ ကမ္ဘာကြီးရဲ့အကျိုးအတွက်ဒါတွေကိုလုပ်နေတာပါ”
အမှုထမ်းများသည် သူတို့ဖာသာဆွေးနွေးနေစဉ် ရုတ်ရုတ်သဲသဲဖြစ်လာ၏။
ရှေးခေတ်ကာလထဲက လူတိုင်းသည် အကျိုးအမြတ်အတွက်စုဝေးနေကြပြီး သူတို့၏ကောင်းကျိုးအတွက် မလုပ်မိသူဟူ၍မရှိ။
သူ၏သစ္စာရှိမှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကိုပြလိုသည့် အဖိုးအိုသည် တစ်ကိုယ်ကောင်းဆန်သည့် အကျိုးအမြတ်မရှိဘဲနေနိုင်မည်လော။
မည်သို့ပင်ဆိုစေ သာမန်လူများသည် ကိစ္စအလှည့်အပြောင်းကိုနားမလည်သလိုဂရုမစိုက် သူတို့အမြင်တွင် ကျန်းယွမ်ရန်က လေးစားရန်ထိုက်တန်သော သူရဲကောင်းတဦးဖြစ်သည်။
စီးဝူယာ့က မျက်မှောင်ကျံု့လိုက်၏။ ပြီးနောက်သူက အသံမြှင့်ကာ စွမ်းအင်တချို့ထည့်လျက် ပြောလိုက်တော့သည်။
"ဒါဆိုအရှင်ကျန်းကို သေဖို့ ဖိတ်ခေါ်တယ်”
ပြီးနောက် စီးဝူယာ့သည် သူ့လက်ကိုမြှောက်လျက် ခန်းမရှေ့ရှိ တိုင်ကိုလက်ညိုးထိုးပြကာ ပြောလိုက်တော့၏။ "ဒီစကားက ငါဟာ"
လူတိုင်းက စီးဝူယာ့ကို အထိတ်တလန့်ကြည့်လိုက်တော့သည်။
လီယွင်ကျန်းကတောင် မှင်သက်သွားတော့၏။
"ဆရာ"
ကိစ္စက အသေးမွှားသာ ရှိသေး၏။ ထိုသို့တိုင် စီးဝူယာ့က ထိုကိစ္စမျိုး အသားကျနေတာ ကြာပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ စီးဝူယာ့၏စကားသည် ကျန်းယွမ်ရန်ကို ချောင်ပိတ်မိအောင် တွန်းပို့လိုက်၏။ သူ့မျက်လုံးများနီရဲနေကာ ဒေါသကြောင့်ခန္ဓာကိုယ်တုန်ရင်နေတော့၏။ "မင်း"
အစကနေခုချိန်ထိ စီးဝူယာ့သည် သူ၏တည်ငြိမ်မှုကိုထိန်းသိမ်းထားသည်။
သူကပြောလိုက်လေ၏။ "ခင်ဗျားရဲ့သေခြင်းတရားနဲ့ ခင်ဗျားရဲ့သစ္စာရှိမှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို သက်သေပြချင်နေတာမလား။ အရှင်မင်းကြီး သူ့ကိုသေခြင်းတရားနဲ့ခြိမ်းခြောက်နေတာက ကျန်းမိသားစုရဲ့သစ္စာရှိတယ်လို့ခေါ်တဲ့အရာလား။ ဘာလို့မသေလိုက်တာလဲ” ကျန်းယွမ်ရန် ဘာမှားနေမှန်း မည်သူမှ မသိကြပေ။
ကျန်းယွမ်ရန်က သွေးများဆူပွက်လာလျက် ဆင်ခြင်တုံတရား ဆုံးရှုံးသွားသည်။ မြင်းရိုင်းတစ်ကောင်ကဲ့သို့ သူသည် ခန်းမရှေ့ရှိ တိုင်သို့ တိုးဝင်သွားတော့သည်။ သူ့ကို မည်သူမှ တားရန်မကြိုးစားသောအခါ သူသည် အထူးတဆန်းဖြစ်နေ၏။ သို့သော်ငြား တိုင်နှင့်ရိုက်မိတော့မည့်အချိန်တွင် သိုင်းပညာရှင်တစ်ဦး ဆင်းလာ၍ သူ့ကိုတားလိုက်သည်။
"အဖေ မလုပ်နဲ့”
လူတိုင်းသည် ရောက်လာသူကိုကြည့်လိုက်ကြသည်။
"ကျန်ကျက်းယွမ်လား" ဝမ်ရင်းက ပြီးချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်းက ကျန်းနန်ပတ်လမ်းက စစ်သူကြီး မဟုတ်လား။ ခွင့်ပြုချက်မရှိဘဲ နန်းတော်ထဲ ဘယ်အချိန်က ဝင်လာတာလဲ”
ကျန်းယွမ်ရန်နှင့် ကျန်းကျင်းယွမ် "..."
ကျန်းယွမ်ရန်သည် သူ၏လုပ်ရပ်များသည် သူ့သားကိုထိခိုက်စေကြောင်း ရုတ်တရက် သတိထားမိသွားသည်။
စီးဝူယာ့သည် ကျန်းယွမ်ရန်ကို မကြည့်ဘဲ ကျန်းကျင်းယွမ်ကို ပြောလိုက်၏။ "အရှင်ကျန်း သေခြင်းတရားနဲ့ ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကို သက်သေပြဖို့ကြိုးစားတာ တကယ်ကောင်းပါရဲ့။ ဒါပေမဲ့ ကျန်းကျင်းယွမ်က ခွင့်ပြုချက်မရှိဘဲ နန်းတော်ထဲက သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ရုပ်ဖျက်ပြီးတော့ဝင်လာတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ”
ပြီးနောက်သူကပြောလိုက်၏။ "ရဲမက်တို့ သူ့ကိုဖမ်းလိုက်ကြ”
မည်သူမှမလှုပ်ရှားပေ။ အခြေအနေကမရှင်းလင်းသောကြောင့် မည်သူမှမလှုပ်ရှားရဲ။ ဧကရာဇ် ကိုယ်တိုင်တောင်အမိန့်မပေးသေးပေ။
ထိုစဉ် လုကျိုးက မုတ်ဆိတ်သပ်လျက် ပျင်းရိစွာလက်ဝှေ့ရမ်းလိုက်သည်။
ယွီကျန့်ဟိုင်က အနည်းငယ်အရိုအသေပေးပြီးနောက် လျှပ်ပြက်သော အရှိန်ဖြင့် ပျံသန်းသွားတော့၏။
ယင်းကိုမြင်သောအခါ ကျန်းကျင်းယွမ်က ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားေတာ့သည်။ သူ နောက်ဆုတ်နေပြီး သူ၏လက်ဝါးတွင် စွမ်း၏လှိုင်းများပို့လွှတ်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ယွီကျန်းဟိုင်သည် ထူးမခြားနားပြောလိုက်လေ၏။ "မင်းက အတွေ့အကြုံနုသေးတယ်”
ဘန်း
မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို သုံးလိုက်ရာ ကျန်းကျင်းယွမ်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိသွားတော့သည်။ သူကသွေးအန်လျက် လေထဲ လွင့်ထွက်သွားတော့သည်။
ယွီကျန့်ဟိုင်သည် ကျန်းကျင်းယွမ်ကို မြေပြင်ပေါ် ဆင်းသက်ဖို့ အခွင့်အရေးတောင် မပေးခဲ့ပေ။ သူသည် လျှပ်ပြက်သော အရှိန်ဖြင့်လှုပ်ရှားလျက် ကျန်းကျင်းယွမ်ကို လက်တစ်ဖက်ထဲဖြင့် အလွယ်တကူ ဖမ်းလိုက်တော့သည်။
"အံ့ဩစရာပဲ” ဝမ်ရင်းသည် ထိတ်လန့်ပြီးလေးစားသွားတော့၏။ ဤလူသည် တပည့်တစ်ယောက်မျှသာ ဖြစ်သော်ငြား ထိုမျှသန်မာ နေပြီးသားဖြစ်သည်။
လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် လူတိုင်းကို သာမန်လူများအပါအဝင် လူတိုင်း အညံ့ခံရန် ဘုံတစ်ထောင် လေပွေစိတ်ဝိညာဉ် သဏ္ဍာန်ကို ပြသနိုင်သည်။ သို့သော်ယင်းက လီယွင်ကျန်းအတွက် အကျိုးယုတ်စေရုံသာ ရှိမည်။ ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းရန် ပိုမိုကောင်းမွန်သောနည်းရှိလျှင် သူ ဝင်စွက်ဖက်မှာ မဟုတ်ပေ။ ဤကိစ္စမှအပ ရှောင်းဝူရှန်းသည် မြို့တော်ထဲ၌ သူ၏အင်္ကျီလက်ထဲ၌ ဝှက်ဖဲများရှိနေသေးကြောင်း သူသေချာသိသည်။ မဟုတ်လျှင် ရှောင်းဝူရှန်းသည် မြို့တော်ထဲရှိအခြေအနေကိုလည်း ထိန်းချုပ်ထားနိုင်မည်နည်း။
ယွီကျန့်ဟိုင်သည် ကျန်းကျင်းယွမ်ကို ဆွဲချပြီးနောက် မြေပြင်ပေါ်ပစ်ချလိုက်၏။
ဤနည်းဖြင့် ကျန်းကျင်းယွမ်သည် နောက်ထပ်သွေးတပွက် အန်တော့၏။
ယခုချိန်တွင် ကျန်းယွမ်ရန်၏မျက်နှာသည် အမုန်းတရားဖြင့် ရှုံ့မဲ့နေပြီး သူ့ရင်ထဲအခဲမကျေမှုများ ပြည့်နေသည်။ သူ ဆိတ်ဆိတ်နေအောင် ဖိအားပေးဖို့ အကြောင်းရင်းများစွာရှိသောကြောင့် သက်ညှာပေးဖို့ မတောင်းဆိုနိုင်ပေ။
စီးဝူယာ့သည် ကျန်းကျင်းယွမ်ကို သတ်ရန် အလျင်မလိုပေ။ ထိုအစား သူကပြောလိုက်၏။ "အရှင်ကျန်း ခင်ဗျားရဲ့သားကို အချုပ်အခြာခုံရုံးက ဖြေရှင်းမှာပဲ။ အခုဒီကိစ္စကို ဘေးချိတ်ထားစို့” ခဏရပ်ပြီးနောက် သူ့ကဆက်ပြောလိုက်သည်။
"ခင်ဗျားရဲ့ သစ္စာရှိမှုနဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကို သေခြင်းတရားနဲ့သက်သေပြဖို့ စီစဉ်နေသေးရင် ကျေးဇူးပြုပြီးဆက်လုပ်ပါ။ ဒီတခေါက် ခင်ဗျားကို ဘယ်သူမှ တားမှာမဟုတ်ဘူး”
ကျန်းယွမ်ရန်၏ မျက်လုံးက ပြူးကျယ်သွားတော့သည်။ "..."
စီးဝူယာ့သည် အဖိုးအို ပြန်ပြောမှာ ကိုမစောင့်တော့ဘဲပြောလိုက်သည်။
"အိုး ဒါက ဂရုဏာသက်မှုနဲ့ ပံ့ပိုးမှုရအောင်လုပ်တဲ့ ကိုယ့်ကိုယ်ကိုလှည့်စားမှုလို့ မပြောနဲ့နော်”
"ဂရုဏာသက်မှုနဲ့ပံ့ပိုးမှုရဖို့ လှည့်ကွက်လား” အရပ်သားများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထိုစဉ် ဝမ်ရင်က ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။ "အရှင်ကျန်း ခင်ဗျားရဲ့လှည့်ကွက်ကတကယ်ကောင်းတယ်။ ဒါပေမဲ့ အရပ်သားတွေက ခင်ဗျားရဲ့လုပ်ရပ်တွေကြောင့် အရူးလုပ်ခံရလောက်အောင် မသိတတ်ဘူးများထင်နေလား”
မင်းဆရာ ကောကျန်းဖင်းကလည်း အခွင့်ရေးကိုအမိဖမ်းကာ အမြန်ပြောလိုက်၏။ "အရပ်သားတွေက ခင်ဗျားအမှန်တကယ် သစ္စာရှိလားဆိုတာ သူတို့မြင်နိုင်တယ်။ ကျန်းကျင်းယွမ်ကို ဘာကြောင့်နန်းတော်ထဲ ဖောက်ဝင်ခိုင်းတာလဲ”
ပြီးနောက် ဟူမြို့စားကြီး လုထျန်းနင်က ဝင်ပြောလိုက်သည်။
"ကျန်းယွမ်ရန် မင်းရဲ့မိသားစုက မဟာစစ်သူကြီးရှစ်ဦးနဲ့ ဆက်ဆံရေးကောင်းမှန်းလူတိုင်းသိတယ်။ ဒီနှစ်တွေမှာ ကျန်းမိသားစုကမြို့တော်ထဲ ဆက်လက်အောင်မြင်လာတာ မင်းကိုမေးမယ်။ တစ်မိုးအောက်မှာ ဧကရာဇ်မပိုင်တဲ့မြေရှိလား။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀တုန်းက ပတ်လမ်းရဲ့လုံရှီမှာ စိုက်ပျိုးမြေကို အရပ်သားတွေပိုင်ဆိုင်ခဲ့တာ။ အဲဒါကဘယ်လိုလုပ် ကျန်းမိသားစုရဲ့မြေဖြစ်သွားတာလဲ”
လုထျန်းနင်၏ စကားသည် လှိုင်းတစ်ထောင်ဖြစ်ပွားစေသည့် ခဲတစ်လုံးပမာဖြစ်နေသည်။
ထိုစကားများသည်အရပ်သားများကြား ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
မြို့စားကြီးလီချန်ကလည်း အခွင့်အရေးယူကာ ဝင်ပြောတော့သည်။
"ကျုပ်တို့တွေက ယုတ်မာကောက်ကျစ်မှုကိုမကြိုက်ဘူး။ ခင်ဗျားက စိုက်ပျိုးမြေကို လုယူပြီး အမြတ်ထုတ်ခဲ့တယ်။ ဒါ့အပြင် ခင်ဗျားမှာအစွန်းအထင်းမရှိတဲ့ ဂုဏ်သတင်းတောင် ရှိနေတယ်။ ခင်များမုန့်ရနိုင်ပြီး အဲဒါကိုစားလို့ရမယ်လို့ တကယ်ထင်နေတာလား။ ခင်ဗျားမကျေနပ်လို့ရှိရင် ဒီကိစ္စကို စစ်ဆေးဖို့ အချုပ်အခြာ ခုံရုံးကိုပြောလိုက်ရမလား။ တကယ်တော့ကျုပ်တို့တွေ ပွင့်ပွင့်လင်းလင်း စစ်ဆေးလို့ရတယ်။ ဒါဆိုသာမန်လူတွေကြား ဒီကိစ္စကို လျှို့ဝှက်ထားတယ်ဆိုပြီး စွပ်စွဲနေတော့မှာ မဟုတ်တော့ဘူး”
"မင်း" ကျန်းယွမ်ရန်သည် သွေးများဆူပွက်လာ၏။ သူ့ရင်ဘတ်က ပိုလေးလံပြီးရင်း လေးလံလာတော့သည်။
မြို့စားကြီးကျန်းထင်ကမူ ပြောလိုက်လေ၏။ "မင်းက တော်ဝင်အစောင့်တွေ မဟာစစ်သူကြီးရှစ်ဦးနဲ့ပေါင်းပြီး အရှင်မင်းကြီးကို ဆန့်ကျင်ခဲ့တယ်။ အရှင်မင်းကြီးကို အညံ့ခံဖို့ ဖိအားပေးရုံတင်မကဘူး ပုန်ကန်ဖို့လည်းကြိုးစားခဲ့တယ်”
စွပ်စွဲချက်များ တစ်ခုပြီးတစ်ခုပေါ်လာလျက် ကျန်းယွမ်ရန်သည် အငိုက်မိသွားပုံပေါ်ကာ ကျောက်တိုင်ကြီးဆီ တဟုန်ထိုးပြေးသွားတော့သည်။
ဘန်း
ကျန်းယွမ်ရန်က ကျောက်တိုင်ကိုဝင်တိုက်ပြီးနောက် နေရာတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။
လီယွင်ကျန်းသည် ကျောက်တိုင်မှမြေကြီးဆီ စီးကျနေသောသွေးများကိုကြည့်ပြီး စိတ်ထဲ တုန်လှုပ် နေလေ၏။
…
အခန်း (၉၀၀) အထွတ်အထိပ် ဆန်းကြယ်စွမ်းအား
ကျန်းယွမ်ရန်၏ ရုတ်ခြည်းအပြုအမူက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေ၏။
သွေးစွန်းနေသည့် တိုင်လုံးကြီးပေါ်တွင် အက်ကြောင်းပင် ပေါ်ထွက်လာသည်။ သွေးများက တိုင်လုံးပေါ်မှ မြေကြီးဆီ ကျဆင်းလာ၏။
ဝုန်း
ကျန်းယွမ်ရန်က ခေါင်းပွင့်ထွက်သွားကာ မြေပြင်ပေါ် မျက်လုံးအပြူးသားဖြင့် လဲကျသွားသည်။ သူ လဲကျသွားသည့်အခါ သူက ကောင်းကင်ကို မော့ကြည့်သလိုမျိုး ဖြစ်နေ၏။
ပြည်သူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
"သခင်ကျန်း"
"သခင်ကျန်း"
ပြည်သူများရှေ့ ရပ်နေသည့် တော်ဝင်အစောင့်တပ်သားများစွာက ဒူးထောက်လျက်သားဖြင့် ကျန်းယွမ်ရန်၏ အသက်မဲ့ ခန္ဓာကိုယ်ကို တုန်လှုပ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ ပုဆိန် လှံရှည် ပြုတ်ကျလာသည့် အသံများကလည်း ပဲ့တင်ထပ်နေ၏။
အရာရှိအားလုံးကလည်း သူတို့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ရှိနေကြသည်။
ကျန်းယွမ်ရန်က ဤသို့ဆုံးဖြတ်မှုနှင့် သစ္စာရှိမှုကို သေခြင်းတရားဖြင့် အမှန်တကယ် သက်သေပြခဲ့သည်။
"အဖေ" ကျန်းကျင်းယွမ်က နှလုံးကွဲလုမတတ် အော်ခေါ်လိုက်သည်။
ယွီကျန့်ဟိုင်က သူ့လက်ကို အောက်ချကာ ကျန်းကျင်းယွမ်ကို ဖိနှိပ်လိုက်သည်။
မြို့စားကြီး ၄ယောက်ကလည်း တူညီစွာ အံ့အားသင့်နေကြ၏။ သူတို့က ကျန်းယွမ်ရန်သည် သူ့သစ္စာရှိမှုနှင့် ဆုံးဖြတ်ချက်ကို သက်သေပြဖို့ သူ့ကိုယ်သူ သတ်သေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ယခု ပြည်သူများကို မည်သို့နှစ်သိမ့်ပေးရမည်နည်း။
လီယွင်ကျန်းကလည်း တုန်လှုပ်နေမိသည်။ တိုင်းပြည်၏ အုပ်ချုပ်သူဖြစ်ဖို့ မည်သို့လွယ်ကူမည်နည်း။ သူ့ဆရာက သူ့တွင် အုပ်ချုပ်သူတစ်ယောက် မရှိသင့်သည့် အားနည်းချက်မျိုး ရှိကြောင်း ပြောခဲ့ဖူးသည်။ ယခု သူဘာလုပ်သင့်သနည်း။ ဤလမ်းစဥ်အတိုင်း လိုက်ကာ စတင်သတ်ဖြတ်ရတော့မည်လား။
အခြေအနေက ထိန်းချုပ်မှု ကင်းမဲ့သွားပြီး လူထုအမြင်က တစ်ဖက်သတ်ဖြစ်နေသည်ကို မြင်သည့်အခါ စီးဝူယာ့က အသာလက်ဝှေ့ယမ်းလိုက်သည်။
ဝမ်ယွင်က စာရွက်စာတမ်းများ အပုံလိုက် ကိုင်ဆောင်ကာ လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။
စီးဝူယာ့က ကမ္ဘာဦးချီကို အသုံးပြုကာ ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ကျန်းဝူရဲ့ ၃၀၆နှစ်မှာ ကျန်းယွမ်ရန်က လုံရှီရဲ့ လယ်ယာမြေ ဧက ၃၀၀၀ကို သိမ်းပိုက်ခဲ့ပြီးတော့ လူထုကြားမှာ အငတ်ဘေးကို ဖြစ်စေခဲ့တယ်။ ဒါက ပထမ သက်သေ။ တင်ပြလိုက်”
ယခင်ကတည်းက စီစဥ်ထားခဲ့သလိုမျိုး တစ်စုံတစ်ယောက်က အနောက်ဘက်မှ ထွက်ပေါ်လာကာ ကြေညာသင်ပုန်းပေါ် ကပ်ပေးလိုက်သည်။
စီးဝူယာ့က ဆက်ပြော၏။
"ကျန်းဝူရဲ့ ၃၁၀နှစ်မှာ ကျန်းနန်ပတ်လမ်းရဲ့ ရှုနယ်မြေမှာ မြေငလျင်တစ်ခု ဖြစ်ပွားခဲ့တယ်။ ကျန်းယွမ်ရန်ရဲ့ ဒုတိယသား ကျန်းယန်ချန်းက ကပ်ဘေးအတွက် ထောက်ပံ့ငွေကနေ ရွှေသားသိန်းချီကို အလွဲသုံးစား လုပ်ခဲ့တယ်။ အဲဒီအကြောင်းပါ တင်လိုက်”
"..."
"ကျန်းဝူရဲ့ ၃၂၀ နှစ်မှာ ကျန်းပေါ်က မြောက်ဘက်ကို လူသုံးသောင်း ဦးဆောင်ခေါ်သွားပြီးတော့ ရှုံးနိမ့်ခဲ့တယ်။ သူ့အသက်ကို ကယ်တင်ဖို့အတွက် နယ်စပ်ကို စွန့်ပစ်ပြီး တောင်ဘက်ကို ထွက်ပြေးသွားခဲ့တယ်။ ဒီအရာက နယ်ခြားမျိုးနွယ်ဘက်က အယောက်တစ်သိန်းကို ဝေ့မြစ်နဲ့ တာ့ထန်ဆီ ဖြတ်သန်းလာခွင့်ပြုခဲ့တယ်။ ဒီအကြောင်းပါ တင်ပြလိုက်”
ဤအပြုအမူအားလုံးက လီယွင်ကျန်းအား အံ့အားသင့်သွားစေသည်။
ဒါတွေ အကုန်လုံးကို ဘယ်ချိန်ကတည်းက ပြင်ဆင်ခဲ့တာလဲ။ သူ့ဆရာက ဘယ်လိုများ လုပ်ခဲ့တာလဲ ...
အရာရှိအားလုံးကလည်း ကြောင်အမ်းနေကြ၏။
ထိုစဥ် လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူသာ ဤကိစ္စကို ဖြေရှင်းရပါက လက်ဝါးတစ်ချက်ဖြင့် အားလုံးကို သတ်မိလိမ့်မည်။ အားလုံးက သဘာဝအတိုင်း နာခံလာမည်ဖြစ်ကြသော်လည်း လူထု၏ နှလုံးသားကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် နာခံအောင် အတင်းအကျပ် လုပ်ထားသည့်သူများက နောင်အခါတွင် နောက်ကျောဓားနှင့် ထိုးနိုင်သည်။
စီးဝူယာ့၏ အပြုအမူက ရန်သူကို သတ်ဖို့ ကိုယ်တိုင်လှုပ်ရှားစရာ မလိုပေ။ သို့သော်လည်း သတ်ဖို့ လိုအပ်သည့် သူများကမူ သေဆုံးမည်သာ ဖြစ်၏။
လီယွင်ကျန်းက သူ့ဆရာကို အမှန်တကယ် ချီးကျူးနေမိသည်။ သို့သော်လည်း တိုင်းပြည်၏ အုပ်ချုပ်သူတစ်ယောက်အနေနှင့် သူ့ပုံရိပ်ကို စဥ်းစားပြီးသည့်နောက်တွင် သူ့ဆရာကို ချီးကျူးလိုစိတ်အား ချိုးနှိမ်ထားလိုက်ရသည်။ ဖြစ်ချင်တော့ သူ့ဆရာက ကျန်းယွမ်ရန်ကို ဖြေရှင်းဖို့ လုံးဝအခက်အခဲ မရှိပေ။ သူ့ဆရာက ကျန်းယွမ်ရန်ကို တောက်လျှောက်ရန်စခဲ့ပြီး ဖြည်းဖြည်းချင်း မျှားခေါ်ခဲ့ခြင်းသာ ဖြစ်၏။
သူ့ဆရာက ကျန်းယွမ်ရန်၏ အပြစ်ကြွေးများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်မပြသခင် သေဆုံးအောင် စောင့်ဆိုင်းခဲ့သည်။ ထိုသို့ဖြင့် ကျန်းယွမ်ရန်က သူ့သစ္စာရှိမှု သို့မဟုတ် ဆုံးဖြတ်ချက်တို့ကို သေခြင်းတရားဖြင့် သက်သေမပြနိုင်တော့ပေ။ ထိုအစား ကျန်းယွမ်ရန်က အပြစ်ရှိစိတ်ဖြင့် ကိုယ်တိုင်သတ်သေသွားသလို ဖြစ်နေသည်။
တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ ...
တကယ့်ကို သူ့ဆရာဆိုတဲ့အတိုင်းပဲ ...
စီးဝူယာ့က ကျန်းယွမ်ရန်နှင့် ကျန်းမိသားစုတို့၏ အပြစ်ကြွေးများကို ထုတ်ဖော်ပြီးသည့်နောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ကျန်းယွမ်ရန်က သေလောက်တဲ့ အပြစ်ကို ကျူးလွန်ခဲ့လို့ ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်”
ပြည်သူများက သင်ပုန်းပေါ် ကပ်ထားသည့် သက်သေများကို ကြည့်နေကြသည်။
ထို့နောက် လူပင်လယ်ထဲမှ တစ်ယောက်က ကျိန်ဆဲလိုက်၏။
"အဲဒါဆိုတော့ သူက ခွေးသူခိုး ဖြစ်နေတာပဲ”
နောက်တစ်ဦးကလည်း ဝင်ကာ စတင်ကျိန်ဆဲလိုက်သည်။
"ဒီလိုလူမျိုးက ငါတို့ ထောက်ပံ့မှုနဲ့ ထိုက်တန်လို့လား။ သူက ရွံရှာဖို့ကောင်းတယ်။ ငါ့ရဲ့ နဂါးတေးသံနဲ့ သူ့ကို ထိုးစိုက်ပစ်ချင်တယ်”
လူတစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"နန်းတော်ကို ဘယ်လိုလုပ် ဓား ယူလာတာတုံး”
"ဟုတ်တယ်။ ကျုပ်က ဘာလို့ ဓား ရှိမှာတုန်း။ တကယ်ကို ကြောက်ဖို့ ကောင်းလိုက်တာ။ သူက ကျုပ်တို့ကို နာမည်ဖျက်ဖို့ ကြိုးစားနေတာလား။ ကျုပ်တို့ကို နှုတ်ပိတ်ဖို့ အရှင်မင်းကြီးရဲ့ လက်ကို ဌားနေတာလို့တော့ မပြောနဲ့နော်”
ပြည်သူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးသည့်နောက်တွင် နောက်အနည်းငယ် ဆုတ်လိုက်ကြသည်။ ထို့နောက် အားလုံးက ဒူးထောက်ကာ သက်ညှာပေးဖို့အတွက် စတင် တောင်းဆိုလိုက်ကြ၏။
စီးဝူယာ့က ခေါင်းညိတ်လိုက်ပြီး လီယွင်ကျန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
လီယွင်ကျန်းက ထရပ်ကာ လက်မြှောက်လျက် ပြောလိုက်သည်။
"ထကြပါ။ မောင်မင်းတို့က ကိုယ်တော်ရဲ့ အသွေးအသားတွေပါ။ ကိုယ်တော် မင်းတို့ကို နာကျင်အောင် လုပ်ရင် ကိုယ့်ဘာသာကိုယ် နာကျင်အောင် လုပ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ထကြပါ”
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးက တကယ့်ကို စိတ်သဘောထား ကြီးမားလှပါတယ်” လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
ထိုသို့ဖြင့် တခြားသော ပြည်သူများကလည်း လိုက်လံပြောဆိုကြသည်။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
ဒီကောင်လေးက အပိုတွေ လုပ်နေတာ မဟုတ်ဘူးလား ...
ထိုစဥ် တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအထက် ဝေဟင်မှ လူတစ်ယောက် ဆင်းသက်လာသည်။
ကောင်းကင်က လင်းလက်သွားကာ ဆူဆူညံညံအသံပင် ထွက်ပေါ်လာ၏။
စီးဝူယာ့က ပြောလိုက်သည်။
"အရာရှိတွေကို နောက်ဆုတ်ဖို့ ခွင့်မပြုဘူး။ ဆက်နေပြီးတော့ ပြည်သူတွေကို ကာကွယ်ပေးကြပါ”
တကယ့်ကို ယုတ္တိမရှိလိုက်တာ ...
အရာရှိများက အားလုံးထက်ပင် မြန်မြန်ဆန်ဆန် ထွက်ပြေးလေရာ ထိုလူ ပေါ်ထွက်လာသည်နှင့် တော်ဝင်အစောင့်တပ်နောက် ဝင်နေကြသည်။
"ဒီခွေးကောင်လေး သူတို့က တကယ့်ကို စက်ဆုပ်ဖို့ ကောင်းတဲ့ သူတွေပဲ။ ပြည်သူတွေကို ချစ်တာ အရှင်မင်းကြီးပဲ ရှိတယ်”
ပြည်သူများက ခန်းမ၏ လှေကားဆီ ပြေးလာကြသည်။
အခြေအနေက လီယွင်ကျန်းထံ ရှင်းလင်းနေပြီဖြစ်၏။ သူက စီးဝူယာ့ဆီ ပြောလိုက်သည်။
"ဆရာ ကျေးဇူးပါ”
စီးဝူယာ့က ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
လီယွင်ကျန်းက ထိုလူသည် စီးဝူယာ့ဆီ ပျံသန်းလာကာ သူ့ကိုယ်သူ ဖမ်းဆီးခံလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုစဥ် ယနေ့ကိစ္စက ပြီးဆုံးသွားလိမ့်မည်။ သို့သော်လည်း သူ ထင်မှတ်မထားသည်က ထိုသူသည် စီးဝူယာ့ကို ဖြတ်ကျော်ကာ သူ့ဆီ ရောက်ရှိလာ၏။
"အသုံးမကျတဲ့ ဧကရာဇ် မင်း အသက်ကို ယူရမယ်”
ဝှစ်
လုပ်ကြံသတ်ဖြတ်သူက အနက်ရောင် သင်္ကေတများ ပါရှိသည့် စွမ်းအင်ဓားကို ရေပြင်ညီအတိုင်း လီယွင်ကျန်းဆီ ဝေ့ယမ်းလိုက်သည်။
စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။ လူတစ်ယောက်က မည်မျှပင် အသိဉာဏ်ကြွယ်ဝစေကာမူ မခန့်မှန်းနိုင်သည့် အခြေအနေဆိုတာ အမြဲတမ်းရှိတတ်၏။ သူက တစ်ခုခု မှားယွင်းသွားနိုင်ချေကို တွက်ထားသည့်အတွက် သူ့ရှစ်စွင်းကို ဖိတ်ကြားထားခဲ့သည်။ ထင်ထားသည့်အတိုင်း တစ်စုံတစ်ခု မှားယွင်းလာခဲ့သည်။ ကံကောင်းစွာဖြင့် သူ့မှန်းဆချက်အတွင်း ရှိနေသေးသည်။
လီယွင်ကျန်းက မျက်လုံးအပြူးသား ဖြစ်သွား၏။ သူ့နှလုံးသားကပင် လည်ချောင်းမှ ထွက်ကျလာတော့မလို ဖြစ်နေသည်။
စွမ်းအင်ဓားက လီယွင်ကျန်း၏ မျက်ခုံးစပ်ဆီ ထိုးစိုက်တော့မည့်ဆဲဆဲတွင် လုကျိုး၏ ပုံရိပ်က လီယွင်ကျန်း ရှေ့မှောက် ဖြတ်ခနဲ ပေါ်ထွက်လာ၏။ သူက လက်ကို မြှောက်ကာ ထိုအနက်ရောင် စွမ်းအားဓားကို အပြာရောင် စွမ်းအင်တောက်နေသည့် လက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်ကာ ဖမ်းဆီးလိုက်သည်။ သူ လုပ်ဖို့ လိုအပ်သည်က အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အနည်းငယ်ကို အသုံးပြု၍ ဓားကို ဖမ်းဆုပ်လိုက်ဖို့သာ ဖြစ်၏။
တကယ်တော့ သူ့အနေဖြင့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုဖို့ မလိုအပ်ပေ။ ဘုံတစ်ထောင်လေပွေ၏ စွမ်းအားဖြင့် အနက်ရောင် စွမ်းအင်ဓားကို အလွယ်တကူ ဖြေရှင်းနိုင်သည်။ သို့သော်လည်း သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို စမ်းသပ်ဖို့ အခွင့်ကောင်းကို မည်သို့လက်လွတ်ခံမည်နည်း။
ထိုစဥ် အရာအားလုံးနှင့် လူအားလုံးက ရပ်တန့်သွားဟန်ပေါ်သည်။
ဘယ်ဘက်၊ ညာဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နန်းဆောင် ပညာရှင်များနှင့် တော်ဝင်အစောင့်တပ်တို့က လုပ်ကြံသတ်ဖြတ်သူ၏ အန္တရာယ်များလှသည့် အငွေ့အသက်ကို ခံစားမိလိုက်ကြသည်။
လုပ်ကြံသတ်ဖြတ်သူက လုကျိုးအား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျုပ် လမ်းက ဖယ်နေ”
ထို့နောက် သူက စွမ်းအင်ဓားကို ဝေ့ယမ်းပြီး လုကျိုးကို အနက်ရောင် သင်္ကေတစွမ်းအားဖြင့် လွင့်စင်သွားစေဖို့ ကြိုးစားလိုက်သည်။ သို့သော် လုကျိုး၏ လက်ချောင်းက နည်းနည်းလေးမျှ မလှုပ်ပေ။
လုကျိုးက ပြောလိုက်သည်။
"ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ရိုင်းပျရဲတယ်လား”
လုကျိုးက သူ့လက်ချောင်းမှ ဖိအားအနည်းငယ်ကို တိုးမြှင့်လိုက်သည်။
အနက်ရောင် သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည့် စွမ်းအင်ဓားက ချက်ချင်းဆိုသလို ကျိုးသွားလေသည်။
ထို့နောက် လုကျိုးက လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။ သို့သော်လည်း သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို အသုံးပြုမထားပေ။
ဘန်း
မဟာမိုးကြိုးဘီး လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာကာ လုပ်ကြံသတ်ဖြတ်သူ၏ ရင်ဘတ်ပေါ် ကျရောက်လာသည်။ သူ့အတွင်း အင်္ဂါများက စုတ်ပြဲသွားကာ သူ့အရိုးပင် အစိတ်စိတ်အမွှာမွှာ ကျေမွသွားသလိုမျိုး ခံစားလိုက်ရ၏။
လုကျိုးက လက်၂ချောင်းဖြင့် ရွယ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်
သူတို့က လုပ်ကြံသတ်ဖြတ်သူဆီ ရောက်ရှိလာကာ ခန္ဓာကိုယ်ဆီ ထိုးစိုက်သွား၏။
ဝုန်း
ဤသို့ဖြင့် လုပ်ကြံသတ်ဖြတ်သူက မြေပြင်ပေါ် လဲကျသွား၏။
ဝမ်ယွင်က လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာကို မြင်သည့်အခါ တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
"ကျန်းယုံလား"
ထိုစဥ်လူအုပ်ကြားတွင် ဓားကို ကိုင်ဆောင်ထားသည့် လူငယ်က အော်ပြောလိုက်သည်။
"အမလေးလေး ဒီနေ့တော့ မျက်စိပွင့် နားပွင့် ဖြစ်ရတာပဲ။ ဒီလူတွေက တကယ့်ကို အရှက်မရှိတာပဲ”
ထိုစဥ် သူတို့က စိတ်မမှန်သူ မဟုတ်သရွေ့ ပြည်သူများက အဖြစ်အပျက်ကို မည်သို့နားမလည်ဘဲ နေမည်နည်း။
"ဒါက ကျန်းယုံလား”
"ကျန်းယုံက ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ချင်နေတာလား”
"တကယ်ကြီး ကျန်းယုံလား။ ကျန်းယုံက ဧကရာဇ်ကို သတ်ဖြတ်ချင်နေတာလား”
ထိုစဥ် လီယွင်ကျန်းက စီးဝူယာ့၏ စကားများကို အမှတ်ရသွား၏။ အုပ်ချုပ်သူတစ်ယောက် အနေဖြင့် ဆုံးဖြတ်ချက် မပြတ်မသား မဖြစ်သင့်ပေ။ ထို့ကြောင့် သူက အော်ပြောလိုက်သည်။
"ငါ့ရဲ့ အမိန့်တော်ကို နာခံကြ။ ကျန်းမိသားစုဝင် အားလုံးကို ဖမ်းဆီးလိုက်။ "
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး” ဟူမြို့စားကြီး လုထျန်းနင်က လှေကားမှ ဆင်းလာကာ တော်ဝင်အစောင့်တပ်ကို အမိန့်ပေးလိုက်သည်။
"ဘာရပ်လုပ်နေကြတာလဲ။ ငါ့နောက် လိုက်ခဲ့”
တော်ဝင်အစောင့်တပ်က နည်းနည်းလေးမျှ မလှုပ်ရှားကြပေ။
ဤသည်ကလည်း စီးဝူယာ့၏ မှန်းဆချက်အတွင်း ရှိ၏။
ထိုစဥ် လုကျိုး၏ နားက အနည်းငယ် လှုပ်ခတ်သွား၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက သူ့နားကို လွှမ်းခြုံသွားသည်။ ထိုစဥ် သူ့၏ အကြားစွမ်းရည်က တိုင်းပြည်ရေးရာ ကြေညာရေးခန်းမ ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။
...
ထိုခန်းမနှင့် အရှေ့ဘက် မိုင်အနည်းငယ် အကွာတွင် တော်ဝင်နန်းဆောင် အဝင်ဝအနီး အထွတ်အထိပ် ကောင်းကင်နန်းဆောင် ရှိလေသည်။ ထိုနေရာတွင် လူတစ်ယောက်က ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်ရင်း သစ်သီးများကို စားသုံးနေ၏။
"ဒီဧကရာဇ်လေးက ဒီလောက် လုပ်နိုင်စွမ်း ရှိမယ်လို့ ထင်မထားဘူး။ ဒီနေ့ ကစားပွဲကိုတော့ ငါ ရှုံးသွားပြီ။ နောက်ထပ်တစ်ရက်မှ ဆက်ကစားကြတာပေါ့”
"အရှင်ရှားဟို့ တော်ဝင်အစောင့်တပ်ကိုရော ဘယ်လိုလုပ်မှာလဲ”
"ဧကရာဇ်ငယ်လေး အမိန့်ပေးဖို့ နည်းနည်းချန်ထားခဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် တော်ဝင်အစောင့်တပ်က ငါ့လူတွေပဲ။ သူ့ဆီမှာ ဘုံတစ်ထောင်လေပွေ ပညာရှင်ရဲ့ ပံ့ပိုးမှု ရှိနေတာဆိုတော့ ဒီနေ့ထိပ်တိုက် တွေ့ဆုံတာကို ရှောင်ရှားတာ ဉာဏ်ရှိတယ်။ သူတို့က သတ်ဖြတ်မှု မစဘူးလို့တော့ ထင်မထားမိဘူး။ သွားကြစို့”
သူတို့ထွက်သွားတော့မည့်ဆဲဆဲတွင်
ဝှစ်
ပေ ၄၅၀ မြင့်မားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအထက်တွင် ပေါ်ထွက်လာသည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ထူးကဲမှုဖြစ်သည့် ဧရာမ ကြယ်တာရာ ဒိုင်ခွက်ကြီးက အားလုံးကို အသက်ရှူဖို့ရာပင် မေ့လျော့သွားစေ၏။
ပြည်သူထောင်ချီ၊ တော်ဝင်အစောင့်တပ်၊ အရာရှိနှင့် ကျန်းမိသားစုဝင်များက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို တအံ့တသြ ငေးကြည့်နေကြသည်။
"ဒါက ... "
"ဒါက ဘုံတစ်ထောင်လေပွေလား”
"အဲဒါဆိုတော့ ယွီချန်းရှုက ဘုံတစ်ထောင်လေပွေ ပညာရှင်ရဲ့ လက်ချက်နဲ့ သေသွားတာပေါ့”
တချို့သူများက လုကျိုး၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် နားမလည်နိုင်ဖြစ်နေကြသည်။ သူက ကစားပွဲကို အနိုင်ရရှိပြီးပြီဖြစ်ကာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို အဘယ့်ကြောင့် ထုတ်ဖော်နေရသနည်း။ ကြွားလုံးထုတ်ဖို့လား ...
လေထုက ရုတ်ခြည်းဆိုသလို လေးလံလာကာ အားလုံးက အသက်ရှူဖို့ပင် ခက်ခဲလှ၏။
တိုင်းပြည်ရေးရာ ကြေညာရေးခန်းမအပြင်ဘက်တွင် ကြာပန်း၏ အလင်းများဖြင့် တောက်ပနေသည်။
လူအုပ်ထဲတွင် ကျန်းအိုက်ကျန့်က ထပ်မံပြောလိုက်ပြန်သည်။
"လုချန်းပေ့က အံ့ဖွယ်စွမ်းအားရဲ့ သရုပ်ပြမှုပဲ”
ပြည်သူများက သူတို့ မျက်နှာအထက် ကြောက်လန့်သည့် အမူအရာမျိုး ရှိနေကြသည်။
ထိုအရာကို မြင်ပြီးသည့်နောက်တွင် စီးဝူယာ့က မျက်လုံးဝေ့ကာ ကြည်လင်ပြတ်သားသည့် အသံဖြင့် ပြောလိုက်သည်။
"မစိုးရိမ်ကြနဲ့။ တကယ်လို့ သူက မင်းတို့ အားလုံးကို သတ်ချင်တယ်ဆိုရင် စောစောလေးကတည်းက သတ်ပြီးလောက်ပြီ။ ဘာလို့အခုထိ စောင့်နေမှာလဲ”
ပြောရလျှင် လှုပ်ရှားဖို့ရာ ယခုအချိန်ထိ စောင့်ဖို့ မလိုအပ်ပေ။ အကယ်၍ သူသာ သတ်လိုပါက ယခင်ကတည်းက သတ်ပြီးလောက်ပြီဖြစ်၏။
ထိုစဥ် လုကျိုး၏ အသံက လေထုအထက် ထွက်ပေါ်လာသည်။
"လုပ်ကြံသတ်ဖြတ်သူရှိတယ်။ ငါ ချက်ချင်း ပြန်လာခဲ့မယ်”
အားလုံးက စိတ်သက်သာရာ ရသွားကြ၏။ ထင်ထားသည့်အတိုင်း သူက ပြည်သူများကို ပစ်မှတ်မထားပေ။
ပြည်သူများက ကျင့်ကြံသူများ မဟုတ်သည့်အတွက် ကြာပွင့်က ရွှေရောင်ဖြစ်ဖြစ် အနီရောင်ဖြစ်ဖြစ် ဂရုမစိုက်ပေ။ သူတို့အားလုံးက မြေပြင်ပေါ် ဝပ်တွားခယလိုက်ကြသည်။
"တင် လူ ၃၆၈၀ ရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရတဲ့အတွက် ကုသိုလ်ရမှတ် ၃၆၈၀မှတ် ရရှိပါတယ်”
လီယွင်ကျန်းက ပြောလိုက်သည်။
"အားလုံး မစိုးရိမ်ကြနဲ့။ အပြစ်မဲ့တဲ့သူတွေကို ကိုယ်တော်ဓားနဲ့ ဘယ်တော့မှ မရွယ်ဘူး”
ဝှစ်
လေထုအထက် စွမ်းအင်ပဲ့တင်သံများ ထွက်ပေါ်နေသည်။
မျက်စိတစ်မှိတ်အတွင်း ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က အထွတ်အထိပ် ကောင်းကင်နန်းဆောင်ရှေ့မှောက် ပေါ်ထွက်လာကာ ရှားဟို့ရှန်းကို စိုက်ကြည့်လိုက်သည်။
လုကျိုးက မပြောင်းမလဲ ပြောလိုက်၏။
"ရှားဟို့ရှန်း"
"ခ ခ … ခင်ဗျားက ကျုပ် ဒီမှာရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ”
အန္တရာယ်အများဆုံးနေရာက ဘေးအကင်းဆုံးနေရာ ဖြစ်ပေသည်။
ရှားဟို့ရှန်းက တစ်ချိန်လုံး အထွတ်အထိပ် ကောင်းကင်နန်းဆောင်အတွင်း ပုန်းအောင်းနေခဲ့၏။
"အခု အညံ့ခံလိုက်တော့”
…