အားလုံး ငါ့အပိုင်ပဲ
Vol. 10 Ch. 977
ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပထမဆုံး ဖြစ်လာခဲ့စဥ်က နတ်ဘုရားတစ်ပိုင်းဖြစ်ရန် မဆိုထားဘိ နတ်ဘုရားတစ်ပိုင်းဆိုသည်ကိုပင် မကြားဖူးခဲ့ပေ။ သို့သော် ယခု သူသည် အလယ်ပိုင်းနတ်အဆင့်သို့ ရောက်နေပြီဖြစ်၍ ထိုအဆင့်နှင့် အလွန်နီးကပ်နေလေပြီ။
ထို့အပြင် မြေရိုင်းဒေသရှိ သရဲကြီးမြို့တော်၌ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်ရသည်မှာ မည်သည်နှင့်တူကြောင်း ယာယီတွေ့ကြုံခွင့်ပေးခဲ့သော သရဲကြီးဘုရင်ထံမှ ဝိညာဥ်သွေးစက်တစ်စက်ကို သူ ရရှိခဲ့ဖူးသည်။
ပို၍ အရေးကြီးသည်က မြောက်ပိုင်းရှိ နယ်မြေများသည် မှော်ပစ္စည်းတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ မရေမတွက်နိုင်သော စိတ်စွမ်းအင်ရင်းမြစ်ပေါင်းများစွာဖြင့် ပြည့်နှက်နေကြောင်း ကလေးမလေးက သူ့ကို ပြောပြခဲ့ခြင်းပင် ဖြစ်သည်။
ထိုကံကောင်းခြင်းတရားက သူ့ကို ပြည့်စုံသော ကျင့်ကြံခြင်းအခြေခံအဆင့်တက်ရန် ခွင့်ပြုမည်လား မသေချာပါသော်လည်း နတ်အဆင့်ရှိ မည်သူ့ကိုမဆို ချေမှုန်းနိုင်စေမည်ဖြစ်ကြောင်း သိသည်။
ထို့အပြင်...နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်လောက်သည်။
နောက်ဆုံးတွင် သူက အသက်တစ်ရှိုက်ရှူလိုက်ပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ မိုးကုပ်စက်ဝန်းထံ တဟုန်ထိုးထွက်သွားတော့သည်။ ရက်အနည်းငယ်ကြာသော် သူက သင့်တော်သော ရေခဲမြစ်တစ်စင်းကို တွေ့လိုက်သဖြင့် အင်မော်ဂူတစ်လုံးအဖြစ်ထွင်းထုကာ တင်ပျဥ်ခွေထိုင်လိုက်သည်။
ကောင်းကင်ဧကရာဇ်ထံမှ ဂယက်ရိုက်မှုများကို စိုးရိမ်သဖြင့် သူက ကလေးမလေးကို ချက်ချင်းမခေါ်ဘဲ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ဧကရာဇ်ပြန်မလာဘဲ လဝက်ကုန်ပြီးနောက်မှ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် ယုံကြည်ချက်ရှိလာတော့သည်။ သို့သော် သူက နောက်ထပ် သုံးလထပ်စောင့်လိုက်သေးသည်။
နောက်ဆုံးတွင် သူ ထပ်စောင့်မနေနိုင်တော့ပေ။ သူ၏မျက်လုံးများ ပွင့်လာပြီး အသက်ပြင်းပြင်းရှူကာ သူ၏အိတ်အပြင်ဘက်သို့ ခေါင်းတလားကို ထုတ်လိုက်သည်။ ၄င်းအား တွေဝေစွာကြည့်၍ သူက ပြောသည်။
" ငါနဲ့ ဟန်ဇောင်ခေါင်းဆောင်ကြီးအကြား ပြောသင့်တာတွေအားလုံး… ပြောပြီးပြီ။ ငါ့ကို တပတ်ရိုက်လဲ သူ့အတွက် အကျိုးရှိတာမှ မဟုတ်တာ "
သူက အံတင်းတင်းကြိတ်၍ ရေခဲသစ်ရွက်ကို ထုတ်ပြီး ခေါင်းတလား၏ မျက်နှာပြင်အပေါ် ညင်ညင်သာသာ တင်လိုက်သည်။
သစ်ရွက်က ချက်ချင်းပင် ခေါင်းတလားထဲ နစ်ဝင်သွားပြီး ကလေးမလေး၏ နဖူးပေါ်သို့ ကျရောက်သွား၏။ စူးရှတောက်ပသော အလင်းများ ဖြာထွက်လာပြီး သစ်ရွက်ပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်းက ခေါင်းတလားအား စိတ်လှုပ်ရှားစွာ ကြည့်နေချိန်မှာပင် သူအချိန်အတော်ကြာ မကြားခဲ့ရသည့် စိတ်လှုပ်ရှားနေသော အသံတစ်သံ သူ့စိတ်ထဲတွင် ရုတ်တရက် စကားပြောလိုက်၏။
" မြောက်ပိုင်းရဲ့ အငွေ့အသက်.... ဟန်ဇောင်အေးစိမ့်မှု... နိုးထလာရတဲ့ အငွေ့အသက်... “
" မင်းသိပ်တော်တယ်… ငါ အပြည့်အဝနိုးလာရင် အသက်တစ်ရာရှူကြိမ်ပဲ ခံမှာ။ ဒါကြောင့် အခုထလို့မဖြစ်ဘူး။ ငါ့လမ်းညွှန်ချက်တွေအတိုင်း ဝင်ပေါက်အမှတ်ကို သွား… အဲဒီကိုရောက်တာနဲ့ ငါ အပြည့်အဝနိုးလာနိုင်ပြီး အသက်တစ်ရာရှူကြိမ်ရေတွက်တာ စလိမ့်မယ်။ အဲဒါက မှော်ပစ္စည်းဆီ ဝင်ပေါက်ကို ဖွင့်ဖို့ အချိန်ဖြစ်မယ် "
ပိုင်ရှောင်ချန်းမှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် တုန်ရီသွား၏။ သူသည် လွန်ခဲ့သောလများတစ်လျှောက် ထိုကိစ္စအကြောင်းတွေးနေခဲ့သော်လည်း ဆုံးဖြတ်ထားပြီးဖြစ်၍ ထရပ်ပြီး ကလေးမလေး၏လမ်းညွှန်ချက်များအတိုင်း လိုက်ပါလိုက်တော့သည်။ သူက အင်မော်တယ်ဂူမှ ထွက်ခွာလာပြီးနောက် မြောက်ပိုင်း၏ ရေခဲလွင်ပြင်အနက်ပိုင်းအထိ ခရီးနှင်တော့သည်။
များမကြာမီ သူသည် ခမ်းနားကြီးကျယ်သာ ရေခဲမြစ်တစ်စင်းထံ ဦးဆောင်ခေါ်သွားခံရ၏။ ပတ်ဝန်းကျင်ကို နှံနှံ့စပ်စပ်လှည့်ပတ်ကြည့်ရှုပြီးနောက် သူက မြေပေါ်တွင် ခြေဆောင့်နင်းလိုက်ရာ ဧရာမအက်ကြောင်းကြီး ပွင့်ထွက်သွားလေသည်။
သူက အက်ကြောင်းကြီးကို ငုံ့ကြည့်ပြီး အထဲပျံဝင်သွားသည်။ ရံဖန်ရံခါ သူ၏လမ်းကို ပိတ်ဆို့နေသည့် ရေခဲတံတိုင်းကြီးများအား တွေ့သော် ဖျက်စီးလိုက်သည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာပြီးနောက် သူသည် မြေမျက်နှာပြင် အောက်ဖက် ခပ်ဝေးဝေးသို့ ရောက်ရှိနေလေပြီ။
ယခု သူသည် အားကောင်းသော အေးစိမ့်ချီများဖြင့် ပြည့်နှက်နေသည့် ဧရာမရေခဲလိုဏ်ဂူကြီးထဲတွင် ရှိနေသည်။ ရေခဲမြစ်ငယ်များနှင့်အတူ ရေခဲချွန်ချွန်များက နေရာတိုင်းထိုးထွက်နေရာ တစ်နေရာလုံးအား အလွန်အန္တရာယ်များသည့်ပုံပေါက်နေစေတော့သည်။
ဂူထဲ ရောက်သည်နှင့် သူက အောက်ဘက် မြေကြီးပေါ်တွင် ကြေးမုံတစ်ချပ်နှင့်တူသော ရေကန်ကြီးတစ်ကန်ရှိကြောင်း သတိထားမိလိုက်သည်။
ရေကန်၏ မျက်နှာပြင်ကို အလွန်တရာအိုဟောင်းသောခံစားချက်တစ်ခု ထုတ်လွှတ်နေသည့် ေချာမွေ့သောရေခဲများဖြင့် ဖုံးလွှမ်းနေလေသည်။ သူက သူ၏ပုံရိပ်ကို မြင်နေရသည့် ရေကန်ပေါ်သို့ ဆင်းသက်လာစဥ် အတွင်းမှာ အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်နေသည်။ ဂူကြီးတစ်ခုလုံး လွန်စွာ လျှို့ဝှက်ဆန်းကြယ်နေတော့သည်။
" ကျုပ် ရောက်ပြီ။ ခင်ဗျား ကျုပ်ကို လိမ်ရင် ဘယ်လိုအကျိုးဆက်တွေလာမလဲ ဆိုတာ သိတယ်မလား။ ကျုပ် မှော်ပစ္စည်းရဲ့ ထိန်းချုပ်မှုအတွက် ခင်ဗျားကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ခင်ဗျားကျုပ်ကို ထိခိုက်အောင် မလုပ်သရွေ့ ကျုပ်တို့ အဆင်ပြေမယ်။ ဒါပေမဲ့ ခင်ဗျားမှာ မကောင်းတဲ့စိတ်ရှိရင် သေပြီသာမှတ်။ ဘယ်အရာက ခင်ဗျားအတွက် အကောင်းဆုံးအခွင့်အရေးလဲဆိုတာ ခင်ဗျားသိပါတယ် "
ထိုအချိန်တွင် ကလေးမလေး၏ စိတ်လှုပ်ရှားနေသော အသံက သူ့စိတ်ထဲ ထွက်ပေါ်လာ၏။
“ ဒီနေရာပဲ။ မြန်မြန် ခေါင်းတလားကို ထုတ် "
ပိုင်ရှောင်ချန်းက ထိုအရာလုပ်ရန်အတွက် လေးဖင့်မနေပေ။ သူက ခေါင်းတလားကို ထုတ်လိုက်ပြီး မှန်ရေကန်၏ မျက်နှာပြင်ပေါ်တွင် ညင်ညင်သာသာ နေရာချလိုက်သည်။
ချက်ချင်းပင် ခေါင်းတလားသည် စူးရှသောအလင်းရောင်များဖြင့် တောက်ပနေပြီး စွမ်းအားကြီးသော အခိုးအငွေ့များ တလိပ်လိပ်ထွက်လာတော့သည်။
ထိုအချိန်တွင် ကလေးမလေးအသံက သူ့စိတ်ထဲ ထပ်မံရောက်ရှိလာ၏။
" မင်း အကူအညီအတွက် ကျေးဇူးတင်ပါတယ် ပိုင်ရှောင်ချန်း။ မစိုးရိမ်နဲ့… မင်း ဒါကို နောင်တရမှာမဟုတ်ဘူး။ ပြီးတော့… ငါမင်းကိုလိမ်နေတာလဲ မဟုတ်ပါဘူး “
" ငါက အပေါက်ကိုဝင်ဖို့ အသက်တစ်ရာရှူကြိမ် လိုတယ်။ ပွင့်သွားတာနဲ့ ငါတို့နှစ်ယောက်လုံး မှော်ပစ္စည်းထဲ စုပ်ယူခံရမယ် “
" အထဲရောက်ပြီးရင် မှော်ပစ္စည်းနဲ့ ပေါင်းစပ်ပြီး လက်နက်စောင့် ဖြစ်လာဖို့ ငါ အချိန်နည်းနည်းလိုလိမ့်မယ်။ မင်းကတော့ အထဲက နှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို လွတ်လွတ်လပ်လပ်သာ စုပ်ယူ “
" ငါကို ယုံ။ ငါတို့နှစ်ယောက် အပြန်ပြန်ရောက်တဲ့အချိန်.... မင်း ဒီဆုံးဖြတ်ချက်ကို နောင်တရမှာ မဟုတ်ဘူး "
ကလေးမလေးမှာ သူမ၏အသံထဲရှိ စိတ်လှုပ်ရှားမှုများကို မဖိနှိပ်နိုင်တော့ပေ။ သူမက စကားပြောပြီးသည်နှင့် ခေါင်းတလားသည် စူးရှသောအလင်းရောင်များဖြင့် တောက်ပလာပြီး တချိန်တည်းမှာပင် အရည်ပျော်လာလေသည်။
ခေါင်းတလားအရည်ပျော်သွားသဖြင့် ပိုင်ရှောင်ချန်းသည် ကလေးမလေး ကြီးသထက်ကြီးလာသည်ကို မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သွားသည်။ ထို့နောက် သူမက အလွန်လင်းလက်စွာ တောက်ပလာသည့်အတွက် သူမကို မြင်ရန် မဖြစ်နိုင်တော့ပေ။
စွမ်းအားကြီးအရှိန်အဝါတစ်ခု သူမထံမှ ထွက်ပေါ်လာပြီး သူမက လေပေါ်မတက်ဘဲ မှန်ရေကန်ထဲ ပြေးဆင်းသွား၏။
ရေကန်သည်ရှေ့နောက်ဘယ်ညာလှိုင်းထန်နေသော ရေများဖြစ်လာကာ မိန်းမပျိုက ထိုအထဲသို့ နစ်ဝင်သွားလေသည်။
ထိုသည်က လှိုင်းဂယက်များကို ပို၍ပြင်းထန်သွားစေပြီး ထစ်ခြုန်းသံများ အရပ်မျက်နှာတစ်ခွင် ပဲ့တင့်ထပ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာ ကြည့်ကာ ရင်တဒိန်းဒိန်းခုန်နေလေသည်။ အသက်ရှူကြိမ်များ ကုန်လွန်လာသည်နှင့်အမျှ လှိုင်းဂယက်များ ပိုမိုပြင်းထန်လာပြီး မိန်းမပျိုက ဖြစ်ပေါ်လာသော ရေဝဲကြီးအတွင်း နစ်ဝင်သွားလေသည်။
ရေဝဲကြီးက ပထမတွင် ဖြည်းညင်းစွာ လည်ပတ်နေသော်လည်း အသက်ရှူကြိမ် ( ၂၀ ) ကြာပြီးနောက် အတော်လေးလျင်မြန်စွာ လည်ပတ်လာတော့သည်။ ရေဝဲကြီးက ကမ္ဘာရတနာ၏ဝင်ပေါက် စွမ်းအားဖြင့် ချိတ်ဆက်သွားသည်တွင် ကမ္ဘာရတနာဆီသို့ ဦးတည်နေသော ဥမင်လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာသည်။
အသက်ရှူကြိမ် ( ၄၀ ) တွင် ထစ်ခြုန်းမြည်သံများ အလွန်ပြင်းထန်လာသည့်အတွက် မည်သည့်အသံမှပင် မကြားရတော့ပေ။ ရေခဲဆူးချွန်များ၊ ရေခဲမြစ်များမှာ အသံပြင်းအားကို မခံနိုင်ဘဲ ကြေမွသွားကြတော့သည်။
သို့သော် ပိုင်ရှောင်ချန်းက ထိုသည်ကို အာရုံစိုက်မနေပေ။ သူ၏စိတ်ဝင်စားမှုအာရုံအလုံးစုံသည်ကား ရေဝဲကြီးအပေါ်တွင် ဖြစ်သည်။
အသက်ရှူကြိမ် ၅၀၊ ၆၀ ၊ ၇၀...
ပိုင်ရှောင်ချန်းမှာ ရေဝဲကြီး ဝုန်းဒိုင်းကြဲလည်ပတ်နေသဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ထိုအချိန်တွင် သူသည် ရေဝဲကြီးအတွင်းမှာ ဂူကဲ့သို့ ဥမင်တစ်ခုပုံထင်ဟပ်နေသော အရာတစ်ခုကို မြင်လိုက်ရလေသည်။
ထိုဥမင်၏နောက်တွင်ကား.... နောက်ထပ် ကမ္ဘာတစ်ခု။
" အသက်ရှူကြိမ် ၃၀ ပဲကျန်တော့တယ် "
ပိုင်ရှောင်ချန်းမှာ အနားတိုးမသွားမိဘဲ မနေနိုင်တော့ပေ။ သို့သော် သူ ထိုသို့လုပ်လိုက်ချိန်မှာပင် ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာတော့သည်။
ယင်းမှာ တဟီးဟီး ရယ်သံလိုလို တအီးအီးငိုသံလိုလို ရောထွေးနေသည့်် လေတိုက်သံကြီးအလားပင်။ ပိုင်ရှောင်ချန်းသည် ထိုအသံကိုကြားလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာပျက်သွားပြီး လှည့်ကြည့်လိုက်ရာ အပေါ်ထက်ရှိ အက်ကြောင်းကြီးကိုဖြတ်၍ ဂူထဲ ရိပ်ခနဲဝင်လာသည့် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
" ခင်ဗျား ။ ကောင်းကင်ဧကရာဇ်က ခင်ဗျားကို မဖမ်းဘူးလား "
ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်လည်း ရှိနိုင်ခြင်းကြောင့် ချာချာလည်သွားတော့သည်။
" ကောင်းကင်ဧကရာဇ်လား။ ဝိညာဥ်ကိုယ်ပွားကိုပဲ ရသွားတာပါ "
ထိုအရိပ်ကြီးကား ရယ်လိုက်ငိုလိုက် သရဲမျက်နှာကြီးမှလွဲ၍ တခြားမဟုတ်ပေ။ သရဲမျက်နှာကြီးက တဟီးဟီးရယ်၍ လောဘမီးတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရေဝဲကြီးကို ငုံ့ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ သရဲမျက်နှာကြီး၏ တုံ့ပြန်မှုက အံ့သြတုန်လှုပ်ဖွယ်ကောင်းကြောင်း တွေးလိုက်သော်လည်း အနည်းဆုံးတော့ ကောင်းကင်ဧကရာဇ်မရှိကြောင်း ညွှန်ပြနေသည်။ ကံဆိုးစွာပင် သူသည် အနှီသရဲမျက်နှာကြီးအတွက် ပြိုင်ဘက်ဖြစ်ရန် ခြေဖျားပင် မမှီသည်ကိုလည်း သိ၍ လောမီးများတဝင်းဝင်းတောက်နေသော သရဲမျက်နှာကြီး၏မျက်လုံးများက သူ့ကို ရင်တဒိန်းဒိန်းခုန်သွားစေတော့သည်။
" သေစမ်း။ ကောင်းကင်ဧကရာဇ်တောင် တပတ်ရိုက်ခံလိုက်ရတာလား။ ဝိညာဥ်ကိုယ်ပွားပဲ ရသွားတာလား "
ပိုင်ရှောင်ချန်းမှာ ချက်ချင်း နောက်ဆုတ်လိုက်သည်။
" ဒါဆို… "
သရဲမျက်နှာကြီးက ကျယ်လောင်စွာပြောသည်။
" ကမ္ဘာရတနာကို ဒီရေခဲပြင်တွေအောက်မှာ ဝှက်ထားတာကိုး။ဟားဟားဟား… ကောင်းကင်ဧကရာဇ်က ဒါကို သတိမထားမိပေမယ့် မင်း ငါ့ကိုတော့ အရူးလုပ်မရဘူး။ မင်းနောက်ကို အရိပ်လိုလိုက်နေတာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်သွားတာပဲ။ ငါ ဒီလိုမှော်ရတနာမျိုးနဲ့ ဆုံစည်းနိုင်ရင် ဝိညာဥ်ကိုယ်ပွားကို စတေးလိုက်တာ သေချာပေါက် တန်တာပဲ။ ဒါနဲ့သာဆို... ကမ္ဘာကြီးက ငါ့အပိုင်ဖြစ်လာတော့မှာ "
သူက စူးရှတောက်ပသော မျက်ဝန်းများနှင့် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေအခိုးအငွေ့များအား ထုတ်လွှတ်ကာ ရှေ့တက်လာတော့သည်။