ကြေမွသွားသော ကြေးမုံပြင်ရေကန်
Vol. 10 Ch. 978
" သေစမ်း။ အသက်ရှူကြိမ် ( ၂၀ ) ကျန်သေးတယ် "
ပိုင်ရှောင်ချန်းမှာ ဖြူဖပ်ဖြူလျော်မျက်နှာဖြင့် စိုးရိမ်တကြီး နောက်ဆုတ်လိုက်သည်။ မပြည်စုံသည့်တိုင် ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးမှာ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့်ညီမျှသည့် တိုက်ပွဲစွမ်းရည်ရှိနေသေးသဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။
သူ နောက်ဆုတ်လိုက်စဥ် သရဲမျက်နှာကြီးက လောဘမီးတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဆင်းသက်လာ၏။ သူက ပိုင်ရှောင်ချန်းကို လုံးဝလျစ်လျူရှု၍ ရေဝဲကြီး၏ အလယ်ဗဟိုထံ ဦးတည်လိုက်သည်။
" ဒီကမ်ဘာရတနာက ငါ့ဟာ "
သရဲမျက်နှာကြီးက စိတ်လှုပ်ရှားစွာ တဟီးဟီးရယ်လိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများကား ဒေါသများဖြင့် စူးရှတောက်လောင်နေပြီဖြစ်သည်။ ကလေးမလေး၏ အားထုတ်မှု နှောင့်ယှက်ခံရလျှင် ဘာဖြစ်မည်ကို သူ အတိအကျမသေချာသည့်တိုင် ဆိုးဝါးလိမ့်မည်ဆိုသည်ကိုတော့ ကမ္ဘာပေါ်တွင် အတုံး,အ ဆုံးလူပင် ခန့်မှန်းနိုင်သည်။
" ဒီလို ဖြစ်ခွင့်ပေးလို့ မဖြစ်ဘူး "
သူ၏မျက်လုံးများ နီရဲသွားကာ တွေးလိုက်သည်။ သရဲမျက်နှာကြီးက မှော်ရတနာ၏ ထိန်းချုပ်မှုကို ရသွားလျှင် သူနှင့်ကလေးမလေးမှာ နောက်ဆုံးအခိုက်အတန့်တွင် ကျရှုံးသွားမည်သာမက သူ၏သနားစရာကောင်းသော အသက်လေးကို ဆုံးရှုံးနိုင်သည်။ သရဲမျက်နှာကြီးက ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ သတင်းစကားများ ဖြန့်ဝေမည်စိုးကာ သူ့ကို မည်သည့်နည်းနှင့်မှ ချန်ထားပေးမည် မဟုတ်ပေ။
မည်သို့ပြုလုပ်ရမည်ကို စဥ်းစားရန်ဖြစ်စေ၊ မည်သို့ဆက်ဖြစ်လာမည်ကို စိုးရိမ်နေရန်ဖြစ်စေ အချိန်မရှိပေ။ ပိုင်ရှောင်ချန်းက ဟိန်းဟောက်၍ ဘိုးအေအသွင်ပြောင်းလဲခြင်းကို အသုံးပြုကာ သရဲမျက်နှာကြီးထံ ပြေးဝင်လိုက်သည်။ သူက ခြေလှမ်းသုံးလှမ်းသာ လှမ်းရသေးသည်၊ ငါးကြိမ်မြောက်ပြောင်းလဲခြင်းသို့ ရောက်ရှိသွားလေပြီ။
သူ၏ဘယ်မျက်လုံးသည် သူ၏စွမ်းအားများကို တဟုန်ထိုးတက်သွားစေပြီး လအလင်းရောင်များဖြင့် တောာက်ပလာစေ၏။ ထို့နောက် သူက အသက်ဝင်တောင်မန္တန်ကို ထပ်ထည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားတို့ ပေါင်းစည်းခြင်းက သူ့ကို နှောင်းပိုင်းနတ်အဆင့်ထက် ကျော်လွန်သော စွမ်းအားအဆင့်ကို ယာယီပေးလိုက်သည်။
၎င်းက မဟာစက်ဝန်းသို့ မဟုတ်သော်လည်း အလွန်နီးကပ်နေလေပြီ။ သူက ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုလိုက်သဖြင့် ဝေါခနဲ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး သရဲမျက်နှာကြီးရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။
" မင်း ဘယ်မှ မသွားရဘူး "
တစ်ဆက်တည်းမှာပင် သူက ထာဝရဧကရာဇ်လက်သီးကို ထုတ်ဖော်ကာ ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးအလား ဟိန်းဟောက်လိုက်သည်။
သူက ဘာကိုမှ ထိမ်ချန်မထားပေ။ သူ၏အပြင်အားအလုံးစုံကို လက်သီးအတွင်း စီးဝင်စေလိုက်၍ သရဲမျက်နှာကြီးမှာ မတတ်သာဘဲ သူ့ကို လှည့်ကြည့်လိုက်သည်။ သို့သော် သရဲမျက်နှာကြီး၏မျက်လုံးများထဲတွင် အထင်သေးသောအလင်းတစ်ချက် ပေါ်လာပြီး နောက်ဆုတ်မည့်အစား သူက ရှေ့တက်ကာ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးကို ရင်ဆိုင်လိုက်သည်။
ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်သို့လွင့်ထွက်သွားတော့သည်။ သူ၏ထာဝရဧကရာဇ်လက်သီးမှာ မရှုမလှရှုံးနိမ့်သွားပြီး အသက်ဝင်တောင်မန္တန် ကြေမွေပျက်စီးသွားကာ ဘိုးအေအသွင်ပြောင်းလဲခြင်းသည်လည်း ချေမှုန်းခံလိုက်ရတော့သည်။
" မင်းကိုမင်း ဟုတ်လှပြီထင်နေတာလား "
သရဲကြီးက အေးစက်စက်နှာမှုတ်ကာ ပြောလိုက်သည်။ သူက ချာခနဲလှည့်၍ ရေဝဲကြီး၏ ဗဟိုချက်ထံ ပြန်သွားလေသည်။ သို့သော် ထာဝရသွေးစွမ်းအား ကျေးဇူးကြောင့် ပိုင်ရှောင်ချန်း၏ ထိခိုက်ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်သက်သာနေပြီဖြစ်သည်။ သရဲမျက်နှာကြီးက ရှေ့ဆက်သွားနေစဥ် ပိုင်ရှောင်ချန်းက ဟိန်းဟောက်ပြီး တောင်ဖြိုသိုင်းကို သုံးကာ ရှေ့ပြေးတက်လိုက်သည်။
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ရွှယ်ကျဲကော်တုကို ဆင့်ခေါ်လိုက်သည်။ တစ်ဆက်တည်းမှာပင် အေးစိမ့်ချီများကို တလိပ်လိပ်ထွက်လာကာ မရေမတွက်နိုင်သော အေးစိမ့်အရိပ်များ ပေါ်လာပြီး သရဲမျက်နှာကြီးထံ ပြေးဝင်သွားကြသည်။
၄င်းက မလုံလောက်မည်ကို စိုးရိမ်သဖြင့် သူသည် အိတ်ကိုပုတ်ကာ ရောင်စုံမီးတောက်လက်တစ်ဆုပ်စာကို ထုတ်၍ အရှေ့သို့ ပစ်လိုက်သည်။
ဝုန်း
ပတ်ပတ်လည်ရှိ ရေခဲများတွင် အက်ကြောင်းများ ပျံ့နှံ့လာပြီး ရောင်စုံမီးတောက် ပေါက်ကွဲခြင်းမှ ဖြစ်ပေါ်လာသော မီးပင်လယ်၏ အပူပြင်းအားကြောင့် ရေခဲများ အရည်ပျော်လာသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် အတိုက်အခိုက်စွမ်းရည်ရှိသော ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးပင် မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ပေ။
ပုံမှန်ဆိုလျှင် သရဲမျက်နှာကြီးသည် ထိုတိုက်ကွက်များအား အေးအေးလူလူရင်ဆိုင်နိုင်သည့်အပြင် ပိုင်ရှောင်ချန်းကိုလည်း လွယ်လွယ်ကူကူ သတ်နိုင်သည်။ သို့သော် သူက တိုက်ပွဲအငွေ့အသက်များကြောင့် အာရုံစိုက်ခံရမည်ကို စိုးရိမ်သည်။ ထို့အပြင် ရေဝဲအတွင်း မှော်ရတနာနှင့် ပေါင်းစည်းနေဟန်တူသည့် တစ်စုံတခုကို သတိထားမိလိုက်သည်။
သူက ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်ရန် စိတ်မပါပေ။ သူ လုပ်ရမည်က ပေါင်းစည်းခြင်းဖြစ်စဥ် မပြီးမြောက်ခင် မှော်ရတနာထဲ ဝင်ရောက်ပြီး ၄င်းနှင့် ပေါင်းစည်းသည့်လူဖြစ်စေရန် ဖြစ်သည်။
" မင်းကို ခဏလေးနဲ့ သတ်ပစ်မယ် "
သူက အေးစက်စက်နှာမှုတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ကို့ရို့ကားရားကျိန်စာတစ်ခုကို ဆင့်ခေါ်ကာ ကောင်းကင်တံတားနယ်မြေများတွင် အစပြုခြင်းမဟုတ်သည့် ဘာသာစကားတစ်ခုကို ရွတ်ဆိုလိုက်သည်။ သူ ထိုသို့လုပ်လိုက်သဖြင့် သူ့ကို ဝန်းရံထားသည့် အနက်ရောင်မီးခိုးများသည် မှော်သင်္ကတကိုးခုအသွင်ပြောင်းလဲပြီး လေတွင်လှည့်ပတ်၍ ပိုင်ရှောင်ချန်းထံပြေးဝင်သွားကြသည်။
ထိုမှော်ရတနာကိုးခုတွင် စွမ်းအားများပါဝင်နေပုံရပြီး ယခင်က သရဲမျက်နှာကြီး အသုံးပြုခဲ့စဥ်ကထက် ပို၍ အားနည်းသော်လည်း စူးရှသော အလင်းများဖြင့် တောက်ပနေသေးသည်။
မှော်သင်္ကတကိုးခုကို ထုတ်ပြီးသည့်တိုင် သရဲမျက်နှာကြီးက တခဏလေးပင် မရပ်တန့်ပေ။ သူက ပိုင်ရှောင်ချန်း၏ တောင်ဖြိုသိုင်း၊ ရွှယ်ကျဲကော်တုနှင့် အံ့မခန်းလိလိမီးတောက်များကို လျစ်လျူရှု၍ ရှေ့ဆက်တက်လာ၏။ မှော်သင်္ကတများမှာမူ သူ့ပတ်ပတ်လည်တွင် လည်ပတ်နေလျက် ပိုင်ရှောင်ချန်း၏ နတ်ဘုရားစွမ်းရည်အားလုံးကို ထိုးဖောက်လျက် သူ့ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။
မှော်သင်္ကတများက သူ့ကို ဝင်တိုက်သွားသောအခါ သူ့ရင်ဘတ်ကြီး နစ်ဝက်သွားပြီး သွေးတုံးသွေးခဲများ အန်ထုတ်လိုက်ရတော့သည်။ ၄င်းက အလွန်ဆိုးရွားသောဒဏ်ရာကြီးဖြစ်ကာ သူ၏အမြင်အာရုံများကို ဝေဝါးသွားစေပြီး နောက်သို့ အကြမ်းပတမ်း လူးလိမ့်ထွက်သွားစေတော့သည်။
ပိုင်ရှောင်ချန်းက နောက်သို့လွင့်သွားသည်နှင့် သရဲမျက်နှာကြီး၏ မျက်လုံးများထဲက လောဘမီများ ပို၍ပြင်းထန်လာပြီး ရေဝဲကြီး၏ ဗဟိုချက်ထံ ချဥ်းကပ်သွားပြန်သည်။
သူ ရေဝဲထဲဝင်လိုက်လျှင် အကျိုးဆက်များကား မတွေးရဲစရာပင်။ ပိုင်ရှောင်ချန်းမှာ ဒေါသူပုန်ထလျက် ကောင်းကင်တံတားဓမ္မမျက်လုံးကို ဖွင့်သည်တွင် အလင်းတန်းတစ်တန်းက သရဲမျက်နှာကြီးအား ရစ်ပတ်သွားလေသည်။
သရဲမျက်နှာကြီး တခဏကြာ ရပ်တန့်သွားသော်လည်း မကြာခင် ပြန်လှုပ်ရှားနိုင်သွားသည်။ သူသည် စိတ်တိုကာ အားမလိုအားမရ ဖြစ်နေပါသော်လည်း ပိုင်ရှောင်ချန်းအား စိတ်ပူနေရန် အချိန်မရှိပေ။ သူက ရေဝဲကြီးတွင် သူ့ခေါင်းတစ်ဝက်ရောက်သွားသည်ထိတိုင်အောင် ရှေ့ဆက်သွားလိုက်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏စိတ်ထဲ၌ အသံတစ်သံပဲ့တင်ထပ်လာ၏။
" အသက်ရှူချိန်ကြိမ် နည်းနည်းပဲ လိုတော့တာ။ သူ့ကို တား "
ပိုင်ရှောင်ချန်းမှာ မျက်လုံးများရဲရဲနီလျက် အော်လိုက်သည်။
" ခင်ဗျားက ကျုပ်ကို ဒီလိုလုပ်ဖို့ ဖိအားပေးနေတာပဲ သရဲမျက်နှာကြီး "
ပိုင်ရှောင်ချန်းတွင် အခြားရွေးစရာမရှိတော့ပေ။ သူက ထာဝရသွေးစက်တစ်စက်ကို လျင်မြန်စွာချေဖျက်လိုက်ရာ မျှော်စင်တမျှမြင့်မားသော သွေးချီများက ခေါင်းအစ ခြေအဆုံး သူ့ကိုဖြတ်သန်း၍ တလိပ်လိပ်ထကြွလာတော့သည်။
သူသည် သူ၏အသိစိတ်ကို ထိန်းချုပ်နိုင်စွမ်း စတင်ဆုံးရှုံးလာပြီး မသိစိတ်သက်သက်ဖြင့် ပြုမူလာသည်။ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထုတ်ဖော်လိုက်သည်နှင့် သူက ရုတ်တရက် မည်သည့်သက်စောင့်အား အမျိုးအစားကိုမဆို လောဘကြီးစွာ စိတ်ဝင်စားလာတော့သည်။
သရဲမျက်နှာကြီးသည် နတ်ဘုရားဇီဝိန်ချုပ်သိုင်း၏ ရုန်းကြွနေသော သွေးချီများကို အာရုံမရသေးခင် ပိုင်ရှောင်ချန်းက ညာလက်ကို ဆန့်ထုတ်၍ သူ့ကို အကြမ်းပတမ်းလှမ်းဆွဲလိုက်သည်။
ချက်ချင်းပင် သရဲမျက်နှာကြီးတစ်ခုလုံး တုန်ရီသွားပြီး သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီး သူ့ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာတော့သည်။
ထို့နောက် သူကား ရေဝဲကြီးအတွင်းမှ ဆွဲထုတ်ခံလိုက်ရသည်။
သရဲမျက်နှာကြီးက ဟိန်းဟောက်၍ လှည့်ကြည့်လိုက်ရာ ပိုင်ရှောင်ချန်းက သွေးချီများဖြင့် တဟုန်းဟုန်းထကြွနေသည်ကို တွေ့လိုက်ရသည်။
" သောက်ကျိုးနည်း၊ ဒါက... သွေးမှော်ပညာလား "
ထိုအခိုက်အတန့်တွင် သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းက အန္တရာယ်များသည့်ပုံပေါ်နေခြင်းကြောင့် လွန်စွာတုန်လှုပ်သွားတော့သည်။
သရဲမျက်နှာကြီး အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည့်အခိုက်အတန့်မှာပင် ကလေးမလေးသည် အသက်ရှူကြိမ် ၁၀၀ သို့ ရောက်သွားလေသည်။ ရေဝဲကြီးက ပတ်ဝန်းကျင်ရှိ ရှိရှိသမျှအရာအားလုံးကို ဆွဲယူ၍ စွမ်းအားကြီးသော ဆွဲငင်အားကြီးအဖြစ် အင်အားကြီးစွာ လှုပ်ရှားထကြွလာတော့သည်။
ယခုတွင် ပိုင်ရှောင်ချန်းဖြစ်စေ၊ သရဲမျက်နှာကြီးဖြစ်စေ သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပဲ လှဲကျင်း တိုက်ခတ်ခံလိုက်ရသည်။
" ငါ ပထမဆုံးကြိုးစားတာ မအောင်မြင်ရင် မအောင်မြင်မယ်။ ဒါပေမဲ့ ငါမှော်ရတနာထဲ ရောက်တာနဲ့ ထိန်းချုပ်ဖို့ နည်းလမ်းရှာမယ်ကွ "
သရဲမျက်နှာကြီးမှာ စိတ်တိုနေသော်လည်း တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ တစ်ခုခုလွဲမှားနေကြောင်း မြင်လိုက်ရသည်။
" ဒီကောင့်နတ်ဘုရားဝိညာဥ်က အားနည်းနေတော့ ဒီသွေးမှော်ပညာကို ကောင်းကောင်းအသုံးချဖို့ ခက်နေလို့သာပဲ။ မဟုတ်လို့ကတော့ တကယ်ရင်ဆိုင်ရခက်မှာ "
သရဲမျက်နှာကြီးမှာ ရေဝဲအပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရသဖြင့် အေးစက်စက်နှာမှုတ်လိုက်တော့သည်။ သို့သော် သူက သူ၏မှော်သင်္ကတများအား ပိုင်ရှောင်ချန်းထံ ထပ်မံပို့လွှတ်နိုင်လိုက်သေးသည်။
" ငါ လုပ်ရကိုင်ရ ခက်အောင် ဘယ်လိုတောင် လုပ်ရဲတာလဲ။ အခု မင်း အသိစိတ်လွတ်ပြီး မသိစိတ်နဲ့ လုပ်နေတာဆိုတော့...မင်းကို ချုပ်နှောင်ဖို့ အကောင်းဆုံးအချိန်ပဲ "
သူ၏မျက်လုံးများမှ ထူးဆန်းသောအလင်းများ ထွက်လာသည်နှင့် မှော်သင်္ကတများက တစ်ခုနှင့်တစ်ခု ထပ်လာကာ ပိုင်ရှောင်ချန်းကို ဝိုင်းလာကြပြီး တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်သွားစေသော စွမ်းအားများ ထုတ်လွှတ်နေတော့သည်။ တစ်လွှာပြီးတစ်လွှာ ချုပ်နှောင်ခြင်းစွမ်းအားများ ပိုင်ရှောင်ချန်းအပေါ် ကျရောက်လာ၏။
ချုပ်နှောင်အမှတ်အသားများ နေရာတကျဖြစ်လာချိန်မှာပင် ရေဝဲကြီးက ဂျိန်းခနဲ ထစ်ခြုန်းမြည်ဟည်းသွားပြီး ပိုင်ရှောင်ချန်းနှင့် သရဲမျက်နှာကြီးတို့နှစ်ယောက်လုံးကို အထဲသို့ ဆွဲခေါ်လိုက်လေသည်။
ထိုစဥ်မှာပင် ရေကန်နှင့်ရေခဲဂူကြီး ပြိုကျလာတော့သည်။