← Chapters

မင်းကို အရေခွံစုတ်ပစ်မယ်

Vol. 10 Ch. 979

မင်းကို အရေခွံစုတ်ပစ်မယ်

Vol. 10 Ch. 979

မြောက်ပိုင်းကောင်းကင်တံတားမြစ်ဒေသ၏ အနက်ရှိုင်းဆုံးသောနေရာ တစ်နေရာတွင် ကွဲအက်စပြုလာသော ရေခဲလွင်ပြင်ကြီးတစ်ခုရှိသည်။ ထိုကွဲအက်နေသည့် အစိတ်အပိုင်းမှာ တဖြည်းဖြည်း ပို၍နက်ရှိုင်းကာ ကြီးမားလာသဖြင့် ဧရာမရေခဲချိုင့်ကွက်ကြီးတစ်ခုပင် ပေါ်ပေါက်လာတော့သည်။

ဧရာမလက်သီးတစ်ချက်က ရေခဲပြင်အား ထိုးနှက်လိုက်သဖြင့် ရေခဲပြင်ပေါ်တွင် အာရုံဖမ်းစားနိုင်သည့် အမာရွတ်ကြီးတစ်ခု ပေါ်ပေါက်လာသည့်အလားပင်။

မြေပြင်၏တုန်ရီမှုမှာ မိုင်ပေါင်းများစွာ ကွာဝေးသည့်နေရာမှပင် အာရုံခံနိုင်ရလောက်အောင် ပြင်းထန်သည့်အတွက် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းပင် သတိထားမိလိုက်သည်။ လျှပ်စီးတိမ်တိုက်သခင်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက ထိုတုန်ရီမှု၏ အကြောင်းအရင်းကိုစုံစမ်းနေကြပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးကိုယ်တိုင် ရောက်ရှိလာတော့သည်။

သို့သော် မည်မျှပင် ရှာဖွေစေကာမူ ထိုဖြစ်ရပ်၏ အကြောင်းအရင်းများကို မတွေ့ရှိနိုင်ခဲ့ပေ။ သက်သေအထောက်အထားအားလုံးကို ထိုလေပွေကြီးက စုပ်ယူသွားပြီဖြစ်သည်။

" အခြေအနေအတွေက မတည်ငြိမ်ပါလား "

ခေါင်းဆောင်ကြီးမှာ သက်ပြင်းချ၍ ခေါင်းယမ်းလိုက်သည်။ သာမန်ဆိုလျှင် သူသည် ထိုဖြစ်ရပ်ကြီး၏ အကြောင်းအရင်းကို မတွေ့မချင်း ဆက်တိုက်ရှာဖွေနေမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ထိုသို့ရှာဖွေလိုရန် ဆန္ဒမရှိပေ။

သူသည် ကောင်းကင်တံတားကျွန်းဘက်ကို လှည့်ကြည့်လိုက်ပြီး မြေရိုင်းဒေသဘက်သို့ ထပ်၍လှည့်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်တစ်ခုကို မြင်နိုင်သည်။

အမှန်မှာ သူသည် နတ်မီးလျှံစမ်းသပ်ပွဲနှင့် ကောင်းကင်ဧကရာဇ်၏ တပည့်ရှာဖွေခြင်းဟု နာမည်တပ်ထားသည့်ကိစ္စနှင့် ပတ်သတ်၍ သဘောမကျခဲ့ပေ။ ထိုသို့ မကျေနပ်မှုများရှိနေသဖြင့် တုလင်ဖေး၏ရှေ့မှာပင် မြောက်ပိုင်းက အင်အားကြီးမားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဟု ပေါ်ပေါ်ထင်ထင် အမွှန်းတင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုထက်ပို၍ သူ မကျေမနပ်ဖြစ်နေလျှင်တောင် ကောင်းကင်ဧကရာဇ်ရှေ့တွင် ပေါ်ပေါ်ထင်ထင် ထုတ်ဖော်၍ရနိုင်မည်မဟုတ်ချေ။ သို့သော်လည်း ထိုသို့မကျေမနပ်ဖြစ်နေသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သိထားသည်။ မြေရိုင်းဒေသထဲတွင် ဖြစ်ပျက်ခဲ့သည့် ကမ္ဘာပျက်လုမတတ် ခြောက်ခြားဖွယ်ကောင်းသော တိုက်ပွဲကြီးနှင့် အရိုးသင်္ဘောထဲတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရေးရာများ အပြီးတွင် ကောင်းကင်ဧကရာဇ်မှာ ရွေးချယ်စရာ တစ်ခုသာကျန်ရှိတော့သည်။

" ကြည့်ရတာ သိပ်မကြာခင် စစ်ပွဲစတော့မယ်နဲ့တူတယ် "

ခေါင်းဆောင်ကြီး ရေရွတ်လိုက်တော့သည်။ ထို့နောက် သက်ပြင်းချကာ ထွက်သွားတော့သည်။

ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် ထိုကျဥ်းကြီး၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ အလွန်တိတ်ဆိတ်သွားသည်။ နှင်းမှုန်များ ပြန်လည် ကျဆင်းလာသည်။ နောက်နှစ်အနည်းငယ်အကြာတွင် ထိုနှင်းမှုန်များမှာ မာကျောသော ရေခဲများအသွင်ပြောင်းလဲသွားမည် ဖြစ်ပြီး တဖြည်းဖြည်း စုပုံကြီးမားလာမည်ဖြစ်သည်။ နောက်ဆုံးတွင် ထိုကျဥ်းကြီးမှာ အပြည့်ပြန်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းမှာ အမြင်တွင် ထူးဆန်းနေနိုင်ပါသော်လည်း ယခုမြင်နေရသည့် ဟပြဲနေသော ဒဏ်ရာကြီးထက်စာလျှင် ရေခဲပြင်နှင့် ပို၍ တစ်သားထဲရှိနေသလို ဖြစ်နေမည်မှာတော့ အသေအချာပင်။

ထိုရေခဲပြင်၏အောက်ဘက်အဝေးတစ်နေရာ၊ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများသာမက ကောင်းကင်ဧကရာဇ်ပင် သတိမထားမိနိုင်မည့် နေရာတစ်ခုတွင် ကမ္ဘာရတနာကြီး ရောက်နေသည်။ ထိုရတနာအတွင်း တမူထူးခြားသော ကမ္ဘာတစ်ခု တည်ရှိနေသည်။

၎င်းမှာ မြောက်ပိုင်းဒေသတစ်ခုလုံး၏ အသွင်အပြင်နှင့် ဆင်တူသော မှော်ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏အတွင်းပိုင်းမှာ မြောက်ပိုင်းကောင်းကင်တံတားမြစ်ဒေသ၏ သုံးဆယ်ရာခိုင်နှုန်းခန့် ကျယ်ဝန်းသည်။

ထိုအတွင်းပိုင်းရှိ ဒေသ၏ အလယ်ဗဟိုမှာသာ မြောက်ပိုင်းကဲ့သို့ ရေခဲနေသည်။ အရှေ့ဘက်တွင် ကောင်းကင်ပေါ်မှ ရံခါဖန်ခါ ကျဆင်းလာတတ်သည့် မိုးရေစက်များကဲ့သို့ ကြည်လင်နေသည့် ပင်လယ်ကြီးတစ်စင်းရှိသည်။

ထိုမိုးရေစက်များနှင့်အတူ လျှပ်စီးများလက်နေခြင်း၊ မိုးကြိုးများပစ်နေခြင်းတော့ ရှိမနေပေ။ ထိုမိုးရေစက်များမှာ မည်သည့်နေရာမှန်းမသိ ထာဝရကျဆင်းနေသည့်အလားဖြစ်နေပြီး ဘယ်တော့မှ လျှံကျလာမည်မဟုတ်သည့် ပင်လယ်ကြီးတစ်စင်းထဲသို့ စဥ်ဆက်မပြတ် ကျဆင်းနေသည်။

အနောက်ဘက်မှာ ပင်လယ်တစ်စင်းရှိသေးသော်လည်း ၎င်းမှာ ရေများရှိသော ပင်လယ်မဟုတ်ပေ။ ကောင်းကင်ယံပေါ်သို့ ကြက်သွေးရောင် အလင်းရောင်များကို ထင်ဟပ်နေစေသည့် တဟုန်းဟုန်းတောက်လောင်နေသော မီးပင်လယ်ကြီးတစ်စင်းသာဖြစ်သည်။ ထိုအလင်းရောင်များကို အဝေးမှပင် လှမ်း၍ မြင်နေရသည်။ ကောင်းကင်ကြီးက အောက်ဘက်ရှိ ပင်လယ်ကြီးနှင့် ဟန်ချက်ညီညီ လောင်ကျွမ်းနေသည့် မြင်ကွင်းကြီးကို မြင်လိုက်ရသူတိုင်း အလွန်အမင်းတုန်ရီသွားကြမည်မှာ အသေအချာပင်။ အရွယ်အစားခြင်း ယှဥ်လိုက်ပါက အရှေ့ဘက်ရှိ ရေပင်လယ်နှင့် အနောက်ဘက်ရှိ မီးပင်လယ်တို့မှာ အတူတူပင်။

အရှေ့နှင့် အနောက်တွင် ရှိနေသည့် ပင်လယ်များသာ ဤကမ္ဘာထဲရှိ ထူးဆန်းသောအရာများ မဟုတ်ကြပေ။ တောင်နှင့် မြောက်မှာလည်း မိုးကြိုးတိမ်တိုက်တောင်ကြားနှင့် လေပြင်းတောင်ကြားတို့ ရှိနေသေးသည်။

တောင်ဘက်တွင် မြေပြင်မှာ မီးကြောင့်မဟုတ်ပဲ ကောင်းကင်ယံမှ အဆုံးမရှိသော မိုးကြိုးတိမ်တိုက်များကြောင့် ခြောက်သွေ့ကာ ပက်ကြားအက်နေသည်။ ထိုမိုးကြိုးတိမ်တိုက်များမှာ ထူထဲလွန်းလှပြီး မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသဖြင့် မည်းနက်လုနီးပါးဖြစ်နေကာ အဆုံးမရှိသော လျှပ်စီးတန်းများ ပါဝင်နေသည်။ ထိုလျှပ်စီးများမှာ ကျဆင်းသွားသည့် နေရာတိုင်းရှိ မြေပြင်ကို ဖျက်ဆီးပစ်နိုင်လောက်သည့်အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါဝင်နေသည်။ အဝေးမှကြည့်လျှင်ပင် ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

မြောက်ဘက်တွင်မူ တွ့န့်လိမ်ကွေးကောက်ကာ ရစ်ပတ်နေသည့် နဂါးများနှင့်ဆင်တူသည့် တစ်ခုနှင့်တစ်ခုထပ်နေသော တောင်စဥ်တန်းများစွာရှိသည်။ ထိုတောင်များအကြားတွင် လေများအပြင်းအထန်တိုက်ခတ်နေသည့် တောင်ကြားများရှိနေကြသဖြင့် မြောက်ပိုင်းအရပ်မှာ လေပြင်းတောင်ကြား နယ်မြေတစ်ခု ဖြစ်နေတော့သည်။

မြောက်ဘက်ရှိ တရွှီရွှီတိုက်ခတ်နေသော လေပြင်းများကို ကြားလိုက်ရသူတိုင်းမှာ တုန်လှုပ်သွားရမည်ဖြစ်ပြီး မည်သည့်သစ်ပင်ပန်းမန်မှ မပေါက်ရောက်နိုင်သည့် မြေကြီးကိုပါ တွေ့လိုက်ရပါက ခြောက်ခြားသွားကြမည်သာဖြစ်သည်။ ထိုလေပြင်းကြီးအား တွန်းလှန်ရန် ကြိုးစားသည့် သက်ရှိတိုင်းမှာ ကျိုးပဲ့ကုန်ကြမည်သာဖြစ်သည်။

ထိုနေရာလေးခုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်မှာ အလယ်ဗဟိုဒေသဖြစ်ပြီး ၎င်းမှာ ဘေးအန္တရာယ်ကင်းရှင်းကာ တည်ငြိမ်နေသည့်ပုံပေါ်သည်။ ယခု ထိုရေခဲပြင်ပေါ်တွင် လူတစ်ယောက် လမ်းလျှောက်နေသည်ကို မြင်နိုင်သည်။ သူသည် အအေးဒဏ်ကြောင့် တုန်ရီေနလျက် တဖြည်းဖြည်းရွေ့လျားနေပြီး သူ၏ပတ်ဝန်းကျင်ကို ရံခါဖန်ခါ အကဲခတ်နေသည်။ သူ၏ပုံစံမှာ အလွန်စိုးထိတ်နေသည့်ပုံ ပေါ်နေသည်။ သူသည်ကား ပိုင်ရှောင်ချန်းပင်ဖြစ်သည်။

" ခင်ဗျားကြီးကျုပ်ကို လိမ်တယ်နော် ဟန်ဇောင် ခေါင်းဆောင်ကြီး "

သူက ညည်းညူလိုက်တော့သည်။ ဤကမ္ဘာထဲသို့ လွန်ခဲ့သည့်နှစ်ရက်က သူ ဆွဲသွင်းခံခဲ့ရခြင်း ဖြစ်သည်။ သရဲမျက်နှာကြီးနှင့်အတူ ဆွဲသွင်းခံခဲ့ရသည်ဖြစ်သော်လည်း သူတို့နှစ်ယောက်မှာ မတူညီသောနေရာနှစ်ခုသို့ အသီးသီး ရောက်ရှိသွားကြသည်။

သူ၏နတ်ဘုရားဇီဝိန်ချုပ်သိုင်းမှာ ဤကမ္ဘာအတွင်းသို့ ဝင်ရောက်လာစဥ်ကတည်းက ပြီးဆုံးသွားခဲ့သည်ဖြစ်ပြီး သူ၏အသိစိတ်များ နဂိုအတိုင်းပြန်ဖြစ်လာပြီဖြစ်သည်။ ထို့အပြင် သရဲမျက်နှာကြီး၏ အချုပ်အနှောင်အတတ်မှာလည်း ပျောက်ပျက်သွားခဲ့ပြီဖြစ်သည်။ သူသည် ပထမဆုံး ပုန်းကွယ်နိုင်မည့်နေရာတစ်ခုကို ရှာလိုက်ပြီး ဤနေရာကြီးကို သတိကြီးကြီးထား၍ စူးစမ်းရှာဖွေရန်ဆုံးဖြတ်လိုက်သည်။ သို့သော် နှစ်ရက်တိတိကုန်ဆုံးသွားသောအခါ ဤကမ္ဘာကြီး၏ ပုံစံကို သူ နားလည်စပြုလာသဖြင့် အလွန်ဒေါသထွက်ကာ နာကျည်းနေရတော့သည်။

" ဒီနေရာမှာ ဘာ စုဝေးနေတဲ့စိတ်စွမ်းအင်မှ မရှိဘူး။ ဟန်ဇောင်ခေါင်းဆောင်ကြီး... ခင်ဗျားကြီးက လူလိမ်တစ်ယောက်ပဲ "

ဟန်ဇောင်ခေါင်းဆောင်ကြီးအား ကူညီကာ ကြောက်မက်ဖွယ်သရဲမျက်နှာကြီးအား ခက်ခက်ခဲခဲ ကြိုးပမ်းတိုက်ခိုက်ခဲ့သည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ဤနေရာထဲတွင် ရှိသည်ဟုဆိုထားသော ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်များကို အသုံးပြု၍ သူ၏ကျင့်ကြံခြင်းအခြေခံကို အဆင့်မြှင့်နိုင်ရန်ဖြစ်သည်။

သို့သော် ယခု အထဲသို့ ရောက်ရှိလာသောအခါတွင်မူ စွမ်းအင်အစအနကလေး တစ်ခုပင်မတွေ့ခဲ့ရပေ။ ပို၍ဆိုးသည်မှာ သရဲမျက်နှာကြီးမှာလည်း အတွင်းရှိ တစ်နေရာတွင် ရှိနေသဖြင့် သူနှင့်ထပ်မံ ဆုံတွေ့ရပါက အခက်တွေ့ရမည်မှာ အမှန်ပင်။ ပိုင်ရှောင်ချန်းမှာ မခံမရပ်နိုင်လောက်အောင်ဖြစ်နေရသဖြင့် ရူးသွပ်တော့မည့်အလားပင်။

လက်ရှိအခြေအနေနှင့်ပတ်သတ်၍ တွေးတောမိသည်နှင့်အမျှ သူ ပို၍စိတ်ဆင်းရဲလာရသည်။ ပို၍ထူးဆန်းသောအချက်မှာ သူသည် မည်သည့် တည်နေရာရွှေ့ပြောင်းခြင်းကိုမှ မဆောင်ရွက်နိုင်ခြင်းပင်။ နောက်ဆုံးတွင် သူက ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်တော့သည်။

" သေချင်ယောင်ဆောင်မနေစမ်းနဲ့ ဟန်ဇောင်ခေါင်းဆောင်ကြီး။ ထွက်လာပြီး ကျုပ်နဲ့ မျက်နှာချင်းလာဆိုင်စမ်းပါ "

သူစတင်ရောက်ရှိခဲ့သည့်နေ့မှစ၍ နောက်ထပ်နှစ်ရက်အတွင်း ထိုကလေးမလေး၏ အသံကို သူ၏အသိစိတ်ထဲတွင် လုံးဝထပ်မကြားရတော့ပေ။ သူမက သူ့အား လုံးဝလျစ်လျူရှုထားသည့် ပုံစံပင်။

ထို့ကြောင့် သူသည်စိတ်ဓာတ်များကျကာ ဒေါသများထွက်လာရတော့သည်။ သို့သော် သူက ကျယ်ကျယ် မအော်ဟစ်ရဲပေ။

" သင်္ချိုင်းစောင့်ကြီးကို ဒီအကြောင်း သေချာပေါက် ပြန်ပြောမှာ။ ပြီးတော့ငါ့တပည့်ကိုရော ပြန်ပြောပြဦးမှာ။ ပြီးတော့လေ... ကောင်းကင်ဧကရာဇ်ကိုပါ ထပ်ပြောပြဦးမှာဟေ့ "

နောက်ဆုံးတွင် သူသည် သက်ပြင်းချ၍ ရေခဲပြင်ကိုသာ ဆက်၍ဖြတ်နေလိုက်တော့သည်။

သူ၏အဓိကဆန္ဒမှာ ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးကို ရှောင်တိမ်းရန်သာဖြစ်သည်။ သို့သော်လည်း ရေခဲပြင်မှာ မည်မျှပင် ကြီးမားနေစေကာမူ ပထမနှစ်ရက်အတွင်း သရဲမျက်နှာြကီးနှင့်မဆုံတွေ့လိုက်ရသည်မှာ ကံကောင်းသည်ဟုဆိုနိုင်သည်။ တတိယမြောက်နေ့သို့ရောက်သော် သူ သတိကြီးကြီးထားကာ ရှေ့သို့ဆက်သွားနေသည့် အချိန်တွင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား သူ တုန်ရီသွားပြီး ရှေ့သို့ လျင်မြန်စွာပြေးထွက်သွားတော့သည်။

ခပ်လှမ်းလှမ်းတစ်နေရာတွင် ထူထဲလှသော အနက်ရောင်မီးခိုးထုကြီးတစ်ခုက ဧရာမသရဲမျက်နှာကြီးတစ်ခုအသွင် လျင်မြန်စွာပြောင်းလဲသွားပြီး အေးစက်စက် လှောင်ပြုံးပြုံးကာ ပိုင်ရှောင်ချန်းအား ကြည့်နေတော့သည်။ ၎င်းမှာ သူ့အား ယခင်ထဲက သတိထားမိနေသည့် ပုံစံပင်။

" မင်းကြောင့် ငါအချိန်တော်တော် နှောင့်နှေးသွားရပြီ ကောင်စုတ်ကလေး။ မင်းကိုအရေခွဲဆုတ်ပြီး စွန်တစ်ခုလုပ်လိုက်မှနဲ့တူတယ်။ အဲဒါမှ ငါစိတ်ပြန်ကြည်သွားမယ်ထင်တယ် "

ထိုသို့ဆိုကာ သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းထံသို့ ပျံသန်းလာသဖြင့် မီးခိုးထုကြီး တလိပ်လိပ်လာတော့သည်။

" သရဲမျက်နှာ အစ်ကိုကြီး။ ကျွန့်တော့်စကားနားထောင်ပါဦးဗျာ "

ပိုင်ရှောင်ချန်းက ကြောက်လန့်တကြား အော်ဟစ်မြည်တမ်းလိုက်သည်။

" ကျွန်တော်လည်း မတရားခံနေရတာဗျ။ အဲဒီ ဟန်ဇောင်ခေါင်းဆောင်ကြီးက တကယ့် လူယုတ်မာကြီး။ ဒီမှာဗျာ...ကျွန်တော်တို့ ပူးပေါင်းလိုက်ရင်ရော "

သို့သော် သူ၏စကားသံများ ပဲ့တင်ထပ်နေစဥ် သရဲမျက်နှာကြီးမှာ သူ၏ပါးစပ်ကို ဟလိုက်သဖြင့် ဟပြဲကာ မီးခိုးများထွက်နေသည့် မေးရိုးကြီးတစ်ခု ပိုင်ရှောင်ချန်း၏ ဦးခေါင်းပေါ်တွင် ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်း၏ ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်နေပြီဖြစ်သည်။ သူသည် တွေးတောနေရန် အချိန်မရှိတော့သဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ဖော်၍ တိုက်ခိုက်ရန်ပြင်လိုက်စဥ် ဟန်ဇောင်ခေါင်းဆောင်ကြီး၏ စကားသံ သူ၏နားထဲသို့ ဝင်ရောက်လာသည်။

" မပူပါနဲ့။ ငါ မင်းကို ကယ်ထုတ်ပေးပါ့မယ် "

သူသည် ရုတ်တရက် သူ၏ပတ်ပတ်လည်တွင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ရစ်ပတ်သွားသည့်အလား ခံစားလိုက်ရတော့သည်။ သရဲမျက်နှာကြီးမှာ သူ့အားဝါးမျိုခါနီးလေးတွင် တဂျိန်းဂျိန်း မြည်ဟည်းသံများနှင့်အတူ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ထွက်ပေါ်လာပြီး သူ ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသောအခါတွင် ကီလိုမီတာ ငါးရာအကွာသို့ ရောက်နေပြီဖြစ်သည်။ သူ သက်ပြင်းချရန်ပြင်လိုက်စဥ်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာပြီး သူ ထပ်၍ ပျောက်ကွယ်သွားပြန်သည်။

သူ ပျောက်ကွယ်သွားခါနီး အချိန်တွင် လေထုကြီး ဆုတ်ပြဲသွားပြီး သရဲမျက်နှာကြီးပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်း ထွက်ပြေးလွတ်မြောက်တော့မည်ကို မြင်လိုက်ရသောအခါ သရဲမျက်နှာကြီးမှာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။

“ မင်းဘယ်ကိုသွားမှာတုံးကွ "

သရဲမျက်နှာကြီးမှာ သူ၏နောက်သို့ အရူးအမူးလိုက်ဖမ်းနေပြီး တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများကိုပါ ထုတ်သုံးနေပါသော်လည်း လိုက်မမှီပေ။

" အဲဒီကလေးကို သတ်ဖို့က အဲဒီလောက်အရေးမကြီးပါဘူး။ ငါ ဒီမှော်ပစ္စည်းကို အရင်ထိန်းချုပ်နိုင်ဖို့လိုတယ် "

လက်ရှိအချိန်တွင် သူက ပိုင်ရှောင်ချန်းကို ဖမ်းမိနိုင်ဦးမည်မဟုတ်ကြောင်း သိလိုက်သဖြင့် က လိုက်မဖမ်းတော့ပဲ မှော်ပစ္စည်းအားထိန်းချုပ်နိုင်မည့် နည်းလမ်းကိုရှာဖွေရန် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

All Chapters