← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

Chapter 109

~

အခန်း ၁၀၉

~

ချောင်မူ ထိုအသံကို ကြားသောအခါ သူ့နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်သွားမိသည် ။

သူ ပိုင်ဆိုင်ထားသော သိုင်းကျမ်းများသည် ထိပ်တန်းအဆင့်တွင် ရှိသော်လည်း အပြည့်အစုံ မဟုတ်ချေ ။ သိုင်းသူတော်စင်၏ စိတ်ဝိညာဥ်ကျမ်းသည် အဆင့်နိမ့်သိုင်းသမားများကို စိတ်ဝိညာဥ်အာရုံ ဖွံ့ဖြိုးစေနိုင်သော်လည်း အစစ်အမှန်အဆင့်၃ သို့ ရောက်သည်နှင့် ကွာခြား၏ ။ သူဆက်လက် တိုးတက်ချင်လျှင် ဝူကျိအသင်းဝင်ဖြစ်ခြင်းသည် အကောင်းဆုံးပင် ။

" ဝူကျိအသင်းရဲ့ လျှို့ဝှက်ကြယ်သံတမန်ကို ဘယ်မှာ ရှာရမှာလဲ.. "

ချောင်မူက ဖုံးကွယ်မနေတော့ဘဲ တည့်တည့်သာ မေးလိုက်တော့၏ ။

" ခင်ဗျားက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတာလေ.. ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်နေတာကို ဘာလို့ ​ကျုပ်ကို လာမေးနေတာလဲ.. "

လူဆိုးထိန်းခေါင်းဆောင်က ပြုံးလိုက်ပြီး ကိုယ်ဖော့သိုင်းကို အသုံးပြုကာ လမ်းကြားထဲမှ ပျောက်ကွယ်သွားသည် ။

ချောင်မူက လိုက်ဖမ်းရန် ရည်ရွယ်ချက်မရှိ ။ ထိုသူ ပြောသွားသော စကားများထဲတွင် ဝူချင်းရှင်းအကြောင်းကို သိလိုက်ရ၏ ။

ယခု ဒီရေနားစွင့်မျှော်စင်ထက် ဝူချင်းရှင်း၏ ဘေးကင်းရေးကိုသာ သူ စိတ်ပူနေတော့သည် ။

' ဝူချင်းရှင်းကို အနိုင်ယူမယ့်သူက ငါပဲ ဖြစ်ရမယ်.. ဘယ်သူမှ လုလို့မရဘူးကွ.. '

သူက လမ်းကြားထဲမှ ထွက်လာပြီး မျက်လုံးမှိတ်ကာ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို အသုံးပြုလိုက်သည် ။

မရေမရာသော အာရုံခံစားမှုသည် ယခုအချိန်တွင် ပိုမို ပြတ်သားလာ​ပြီး မြို့အနောက်ဘက်သို့ ညွှန်ပြနေ၏ ။ သူ့ကို အံ့အားသင့်သွား စေသည်မှာ ထိုနေရာ၌ သူခံစားမိသော ပုံရိပ်များမှာ တစ်ခုထဲ မဟုတ်ဘဲ အတော်များများ ရှိနေကြသည် ။

' အဲ့နေရာက စုံမှတ်ဖြစ်ရမယ်.. '

ချောင်မူ မျက်လုံးပြန်ဖွင့်လိုက်၏ ။

' သံတမန်က ဝူချင်းရှင်းကို လိုက်ဖမ်းဖို့ လူစုနေတာလား.. '

ဤအတွေးဖြင့် ချောင်မူသည် မြို့မြောက်ဘက်ရှိ ရွှမ်ထျန်းဘုရားကျောင်းရှိရာဘက်သို့ အာရုံခံကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သည်ကိုမှ အာရုံမခံနိုင်တော့ ။

ဝူချင်းရှင်းသည် ဘုရားကျောင်းမှ ထွက်သွားခြင်း ဖြစ်နိုင်ပေသည် ။

' ဟိုအတင်းတုတ်တဲ့ကောင်ပြောသလို ဆိုရင် ဝူချင်းရှင်းက ထွက်ပြေးနေတာလား.. ငါ သိုင်းသူတော်စင်စိတ်ဝိညာဥ် ကျမ်းစာကို ကြောက်​ပြီး မသုံးမိတာ မှားတာပဲ.. မဟုတ်ရင် ငါအရင်ဆုံး သိရမှာ.. '

ချောင်မူက စိတ်အာရုံအတိုင်း မြို့အနောက်ဘက်သို့ ထွက်လာခဲ့၏ ။ လမ်းမပေါ်တွင် သွားနေစဥ် လမ်းသွားလမ်းလာများ၏ ဆွေးနွေးနေသော စကားဝိုင်းကို သူကြားလိုက်ရလေသည် ။

" သူတော်စင်မ သူတော်စင်ရာထူးကနေ အထုတ်ခံလိုက်ရတာ မင်းကြားပြီးပြီလား.. "

" ဘာလဲ အဆင့်ပိုမြင့်တဲ့ သူတော်စင်က ထုတ်လိုက်တာလား.. "

" ငါမင်းကို ပြောဖူးတယ်လေ.. ချောင်ပိုင်ဖူက လူဆိုးတစ်ယောက်လို့ မထင်ရပေမဲ့ ရွှမ်ထျန်းဘုရားကျောင်းဝင်ပေါက်မှာ သူတော်စင်မက မီးနဲ့ရှို့သတ်လိုက်တာကို.. "

" အဲ့ ချောင်ပိုင်ဖူက တကယ်ပဲ သူရဲကောင်းလား.. သူ့အကြောင်းကို ပုံပြောသူတစ်ယောက် ပြောနေတာ ငါကြားခဲ့သေးတယ်.. အဲ့ပုံပြောသူက မမှန်တာပြောလို့ဆိုပြီး လူဆိုးထိန်းတွေက လိုက်ဖမ်းနေတာရော.. "

" ငါအရင်ထဲက သိသားပဲ.. အဲ့လို စကားတွေ ပြောနိုင်တာက သူရဲကောင်းမှကွ.. "

" ဒီလောကကြီးမှာ သူရဲကောင်းတွေ ရှိသေးတာပဲ.. "

လူအများက ဆွေးနွေးနေကြပြီး အလျင်လိုနေသော ချောင်မူက သူတို့၏ ချီးကျူးစကားကို ရပ်တန့်ပြီး နားထောင်နေ၏ ။ လူထု၏ အမြင်ပြောင်းလဲသွားမည်ဟု သူထင်မထားပေ ။ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။

သူ၏ အသက်သည် တန်ဖိုးမရှိ၍ နာကျင်မှုကို အတော်လေး သည်းခံနိုင်သော်လည်း တစ်ကိုယ်လုံး မီးတင်အရှို့ခံရသည်က ကောင်းမွန်သော အတွေ့အကြုံ မဟုတ်ခဲ့ပေ ။ သို့ရာတွင် လူထုအမြင်ပြောင်းလဲရခြင်း၏ အဓိက အကြောင်းရင်းကို သူစိတ်မသက်မသာ ဖြစ်မိလေသည် ။

ယခု အင်မော်တယ်များ၏ ကောင်းကြောင်းကို ပြောသူများ ပိုများလာ၏ ။

' အင်မော်တယ်ဂိတ်က တကယ်ပဲ ဝူချင်းရှင်းရဲ့ သူတော်စင်ဘွဲ့ကို ရုတ်သိမ်းလိုက်တာလား ..'

ချောင်မူက ဆက်သွားရန် ပြင်လိုက်သော်လည်း တစ်လှမ်းနှစ်လှမ်း လှမ်းပြီး​နောက် နောက်ထပ် ဆွေးနွေးနေသည့် စကားများကို ကြားလိုက်ရပြန်၏ ။

" အင်မော်တယ်ဂိတ်က အင်မော်တယ်တွေက တကယ်ကို ညဏ်ပညာကြီးမားတာပဲ ..သူတို့ သူတော်စင်မက လူသတ်သမားချောင်မူကို မီးရှို့ သတ်မိတာ​တောင် ချက်ချင်း နှင်ထုတ်လိုက်တယ်နော်.. "

" အင်မော်တယ်တွေက တရားမျှတပြီး ညဏ်ပညာကြီးမားလိုက်တာ တကယ်ကို သေမျိုးတွေနဲ့ မတူဘူး.. "

ချောင်မူက နားထောင်နေရင် စိတ်ရှုပ်ထွေးသွား၏ ။ သူ ပြန်ငြင်းရန် ပါးစပ်ဟလိုက်မိသော်လည်း စိတ်ထိန်းကာ ထွက်လာခဲ့တော့သည် ။

…………….

ချောင်မူသည် သူ၏ စိတ်အာရုံအရ မြို့အနောက်ဘက်သို့ ရောက်လာခဲ့၏ ။ သူလမ်းတွင် အိမ်သို့ ခဏပြန်ပြီး ဝမ်စုန့်ဟဲပေးလိုက်သော ပိုက်ဆံအကုန်လုံးကို ယူဆောင်လာခဲ့သည် ။

မြို့အနောက်ဘက်တွင် တဖြည်းဖြည်း လျှောက်လာရင်း တည်းခိုခန်းတစ်ခုသို့ ရောက်လာခဲ့သည် ။

တည်းခိုခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး ဓားကိုင်ထားသော ခန္ဓာကိုယ်ကြီး​ကြီး လူအနည်းငယ်က စောင့်ကျပ်နေသဖြင့် ထူးဆန်းပုံ ပေါက်နေ၏ ။

ချောင်မူ အာရုံခံမိသည်က ဤတည်းခိုခန်းအတွင်းတွင် ဖြစ်သည် ။ သူခဏ စဥ်းစားပြီး တည်ခိုခန်းရှိရာသို့ လျှောက်သွားလျှင် အစောင့်များက တားလိုက်ကြသည် ။

" ဒီနေ့တည်းခိုခန်း ပိတ်ထားတာ ကန်းနေလား တခြားကိုသွား.. "

" ငါက မင်းတို့ ဆရာရဲ့ ဧည့်သည်ပါ.. "

လူထွားကြီးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သတိထားနေပုံရ၏ ။

" ကျုပ်တို့ ဆရာကို သိတယ်ဆိုရင် သူ့နာမည်ကို သိလား.. "

" ဒီမှာ ပြောလို့ရတယ်လား.. "

ချောင်မူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လူသူကင်းရှင်းနေသည်ကို မြင်လျှင် တလုံးချင်း ပြောလိုက်လေသည် ။

" မင်းတို့ ဆရာက လျှို့ဝှက်ကြယ်သံ..."

ချောင်မူ ပြောလိုက်သည်ကို ကြားလျှင် ထိုသူနှစ်ယောက်က စကားပြောသည်ကို ရပ်တန့်ရန် မျက်လုံးဖြင့် အရူးအမူး အချက်ပြတော့သည် ။ ရွှမ်ထျန်းဂိုဏ်း အခြေစိုက်သည့်မြို့တွင် ဝူကျိအသင်းအကြောင်းကို အသံကျယ်ကျယ့်ဖြင့် ပြောရဲနေသည်လော ။ ဤလူသည် ကျားအသည်းကို စားလာလေသလား မသိ ။

ထိုအခိုက် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏ ။

" သူ့ကို အထဲဝင်ခိုင်းလိုက်ပါ.. "

ဤအသံကို ကြားလျှင် လူထွားကြီးနှစ်ယောက်က တံခါးဖွင့်ပေးလိုက်၍ ချောင်မူ အထဲသို့ ဝင်လာခဲ့သည် ။

တည်းခိုခန်း၏ စားသောက်ခန်းမတွင် လူခုနှစ်ယောက် ရှစ်ယောက် ထိုင်နေသည်ကို သူသတိထားမိလိုက်သည် ။

တစ်ယောက်သည် သက်လက်ပိုင်းအရွယ် သန်မာသော လူဖြစ်ပြီး နောက်တစ်ယောက်သည် အဖြူရောင်ဝတ် ဓားသမားဖြစ်သည် ။ ထိုလူနှစ်ယောက်က သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားသည်မှာ ထင်ရှား၏ ။ ထိုလူနှစ်ယောက်က ချောင်မူ၏ အကြည့်ကို မြင်လျှင် အကြည့်လွှဲလိုက်ကြသည် ။

အဖြူရောင်ဝတ် ဓားသမားက ပြုံးလိုက်​​ပြီး...

" ရှစ်ယောက်မြောက်လူ ရောက်လာပြီး အဆင့် ၄ ထင်တာပဲ .."

" ကျုပ်သူ့ကို မမြင်ဘူးပေမဲ့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတော့ သာမန်လူ ဟုတ်ပုံမရဘူး.. "

ဤစကားများ ပြောပြီးသည်နှင့် အခြားသူများ၏ ချောင်မူအပေါ် အကြည့်များသည် မသိမသာ ပြောင်းလဲသွားသည် ။

သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်နိုင်သူများသည် ထူးချွန်သူများသာ ဖြစ်ပြီး အဆင့်၃ သို့ ရောက်နိုင်ချေရှိ၏ ။

ချောင်မူနှင့် တစ်စားပွဲတည်းတွင် အသက်ငါးဆယ်ခန့်ရှိပုံရသော ဓားသမားတစ်ဦး ထိုင်နေသည် ။ သူက အသိအမှတ်ပြုသည့်အနေဖြင့် ချောင်မူကို ခေါင်းညိတ်ပြလိုက်သည် ။

Chapter 110

~

အခန်း ၁၁၀

~

" အကို.. ခင်ဗျားလည်း ဝူကျိအသင်းဝင် မဟုတ်သလိုပဲ.. ကျုပ်လိုပဲ ကျင့်စဥ်အတွက်လာတာလား.. "

ဓားသမားက စကားစပြောလိုက်သည် ။ သူသည်လည်း အဆင့် ၄ သိုင်းပညာရှင် ဖြစ်သဖြင့် ချောင်မူ၏ ခွန်အားကို အထင်ကြီးသွားပြီး စကားစပြောရန် ဆုံးဖြတ်လိုက်၏ ။

" ဟုတ်ပါတယ်.. "

ချောင်မူက ရိုးသားစွာ ခေါင်းညိတ်လိုက်သည် ။

" ခင်ဗျားကို ကြည့်ရတာ အသက်၆၀ လောက်ထင်ရပေမဲ့ ခန္ဓာကိုယ်ကတော့ လူငယ်လေး ကြနေတာပဲ.. ထိပ်တန်းအတွင်းအားကျင့်စဥ်ကို လေ့ကျင့်ထားတာထင်တယ် .."

သိုင်းပညာရှင် တစ်ယောက်သည် သာမန်လူတစ်ယောက်ထက်အသက်များစွာ ပိုမရှည်ပေ ။

ချောင်မူသည် သက်ရှည်လက်သီးသုတ္တန်ကြောင့်သာ သန်မာနေခြင်းဖြစ်သော်လည်း ဓားသမား၏ အမြင်၌မူ အတွင်းအား ကောင်းလွန်းနေသောကြောင့်ဟု ထင်နေ၏ ။

" ကျုပ်လေ့ကျင့်တဲ့ သိုင်းပညာက ဝူကျိအသင်းကနေ ရထားတာပဲ.. ဒါပေမဲ့ ကံမကောင်းတာက တဝက်ထဲရှိတယ်.. "

ဓားသမားက အသံတိုးတိုးပြောလိုက်သည် ။

" စိတ်ဝိညာဥ်သန့်စင်ခြင်း အပိုင်းအတွက်က ဝူကျိအသင်းနဲ့ ဆက်သွယ်ရတော့မယ် .."

ချောင်မူ နားလည်သွား၏ ။ ဤဓားသမားသည်လည်း သူနှင့် အခြေအနေ အတူတူပင်ဖြစ်နေသည် ။

" ဝူကျိအသင်းက ဒါကို တမင်လုပ်ထားတာလို့ ထင်လား.. "

သူ တိုးတိုးလေး မေးလိုက်သည် ။

" ထိပ်တန်းကျင့်စဥ်တွေရဲ့ ပထမပိုင်းကို လွယ်လွယ်ရနိုင်ပေမဲ့ နောက်ဆက်တွဲ လိုချင်ရင် သူတို့အတွက် အလုပ်လုပ် ပေး​ရတော့မယ် .."

ဓားသမားက ခဏတာ တွန့်ဆုတ်နေပြီးမှ...

" ဘာပဲဖြစ်ဖြစ် ထိပ်တန်းသိုင်းပညာရပ်တွေကို လွယ်လွယ်နဲ့ ဖြန့်ဝေပေးတာက ဝူကျိအသင်းပဲ ရှိတာလေ.. ဟိုးအရင်ကဆိုရင် ဒါမျိုး အိမ်မက်ထဲတောင် မရဘူး.. "

ချောင်မူသည်လည်း ထိုသည်က ကျိုးကြောင်းဆီလျော်သည်ဟု လက်ခံသည် ။

' အဲ့တာကြောင့် ကုံးယန်က အဆုံးမဲ့သန့်စင်သောယန်ကျမ်းစာ ရှေ့ပိုင်းကို ရထားတာပေါ့.. '

ချောင်မူ တွေးလိုက်သည် ။ အတိတ်ကာလတွင် အဆုံးမဲ့ သန့်စင်သောယန် ကျင့်စဥ်ကို ဝူတန်ဂိုဏ်း၏ အဓိကဂိုဏ်းသားများသာ သင်ကြားခွင့် ရခဲ့၏ ။

သိုင်းသူတော်စင်၏ လုယူမှုကြောင့်သာ ထိပ်တန်းကျင့်စဥ်များကို အလွယ်တကူ ရရှိနိုင်ခြင်းဖြစ်သည် ။

ဓားသမားက သက်ပြင်းချပြီး ပြောလိုက်၏ ။

" အရင်တုန်းက အဆင့်မြင့်စွမ်းရည်တွေကို အဓိကဂိုဏ်းတွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်..အရည်အချင်းအနည်းငယ်နိမ့်တဲ့ တပည့်တွေတောင် အဓိကကျင့်စဥ်တွေကို သင်မပေးဘူး.."

" ထိပ်တန်းကျင့်စဥ် တဝက်ရနိုင်တာပဲ လုံလောက်နေပါပြီ.. "

" ကမ္ဘာပေါ်က လူတိုင်းကို ထိပ်တန်းကျင့်စဥ်ပေးရင်တောင်မှ လူတိုင်းအောင်မြင်နိုင်မှာမှ မဟုတ်တာ.. "

" သိုင်းလမ်းစဥ် မှာ ဖြတ်လမ်းဆိုတာ မရှိဘူး ..ခင်ဗျားနဲ့ ကျုပ်လို အဆင့် ၄ ရောက်ဖို့ ဆိုတာ သွေးတွေ ချွေးတွေ ဇွဲလုံ့လ အပြည့်နဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးမှ ရောက်လာခဲ့တာမလား.. "

" မှန်တာပေါ့ဗျာ.. ကျုပ်တို့ လျှောက်ခဲ့တယ့် လမ်းက လွယ်တာမှ မဟုတ်တာ .."

ချောင်မူက ခေါင်းတဆက်ဆက်ညိတ်၍ ထောက်ခံလိုက်သည် ။

ဓားသမားနှင့် ခဏတာ အလာပသလာပ ပြောပြီးနောက် သူစိတ်မရှည် ဖြစ်လာသဖြင့် ...

" ဝူချင်းရှင်းကို ရှာဖို့ ဘယ်​တော့ သွားကြမှာလဲ.. "

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဓားသမားသည် အဖွဲ့ထဲတွင် ခေါင်းဆောင်ဖြစ်ပုံရပြီး ထိုအချိန်တွင် တုံ့ပြန်လိုက်သည် ။

" လျှို့ဝှက်ကြယ် သံတမန်ပေါ်လာပြီး နောက်နှစ်ယောက် အဆင်သင့်ဖြစ်ရင် သွားလို့ရပြီ... အထူးသဖြင့် နာမည်ကြီး အဆင့် ၄ သိုင်းပညာရှင် ဝိညာဥ်ချိတ်ရှူချန် ရောက်လာရင်ပေါ့.. "

" အဆင့် ၄ နဲ့ အဆင့်၅ သိုင်းပညာရှင် ဆယ်​​ယောက်နဲ့ဆိုရင် ဝူချင်းရှင်း ပြေးမလွတ်ပါဘူး.. "

' အဲ့တော့ စောင့်ရအုံးမှာပေါ့.. '

ချောင်မူ၏ မျက်ခုံးက တွန့်ကွေးသွား၏ ။

" ကျုပ်တို့ လူစာရင်းနဲ့ ဆိုရင် အုပ်ချုပ်ရေးမှူး လော့အိမ်တောင် ဓားပြဝင်တိုက်လို့ရတယ်.. ဘာလို့ စောင့်နေအုံးမှာလဲ.. "

" နောက်ထပ် ခေါင်းမာတဲ့သူ လာပြန်ပြီ.."

သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားသူ လူလတ်ပိုင်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည် ။

" ဝူချင်းရှင်းက သိုင်းသူတော်စင်ရဲ့ တပည့်ဖြစ်ဖူရုံတင်မကဘူး အင်မော်တယ်ကျင့်စဥ်တွေကိုပါ လေ့ကျင့်ထားတာ သူဘယ်လိုလုပ်ပြီး အားနည်းမှာလဲ.. "

" အထူးသဖြင့် သူ ကျွမ်းကျင်တဲ့ အရိုးစားလီမီးတောက်ဆိုရင် ကျုပ်တို့ထဲက ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်နိုင်ဘူး ကိုယ်ဖော့သိုင်းနဲ့ ပတ်ပြေးရုံပဲ ရမယ်.. "

" သူက အဲ့လောက် အစွမ်းထက်လို့လား.. "

ချောင်မူ မယုံနိုင်ဖြစ်သွားသည် ။ သူ မီးအရှို့ခံရစဥ်က အဆင့် ၆ သာ ဖြစ်သော်လည်း ယခုအဆင့်၄ သို့ရောက်နေသဖြင့် ယှဥ်နိုင်မည်ဟု ထင်ထားခဲ့လေသည် ။

" ဘာမှ မသိတယ့်လူ.."

သက်လတ်ပိုင်းလူက ခေါင်းခါလိုက်​ပြီး...

" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝူချင်းရှင်းကိုယ်တိုင် သိုင်းပညာရှင်တစ်ယောက်ကို ဘုရားကျောင်း အဝင်ဝမှာ လီမီးတောက်နဲ့ မီးရှို့သတ်ခဲ့တာ.. "

" သေသွားတဲ့ ချောင်ပိုင်ဖူက သာမန်လူ မဟုတ်ဘူးနော် စိတ်ဝိညာဥ်သန့်စင်ခြင်းအဆင့်ကို အောင်မြင်ထားတဲ့လူ .. ဒါပေမဲ့ လီမီးတောက်နဲ့တွေ့တော့ ဘာမှ ပြန်မလုပ်နိုင်လိုက်ဘူး.. "

" ဒါပဲလား.."

ချောင်မူ ဆွံ့အသွား၏ ။

" ခင်ဗျား ကြုံဖူးလို့လား.."

ထိုလူက ချောင်မူကို လှောင်ပြောင်လိုက်ပြီး...

" ချောင်ပိုင်ဖူမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံရှိတယ်တဲ့.. သူက သာမန်သိုင်းပညာရှင်မဟုတ်ဘူး.. ဧကရာဇ်ကိုတောင် ဝေဖန်ပြီး ထောင်က ထွက်လာနိုင်တဲ့သူ.. သူ့နောက်ခံက သံမဏိထက်တောင် ​​မာကျောသေးတယ် ..အဲ့လိုလူတောင် လီမီးတောက် သေရတယ်ဆိုရင် စဥ်းစားသာကြည့်တော့.. "

ချောင်မူ၏ ဆွံ့အနေပုံကို မြင်လျှင် ထိုသန်မာသော သက်လတ်ပိုင်းလူက ပျော်သွား၏ ။ သူ စကားဆက်ပြောရန်ပြင်လိုက်စဥ် မှုန်ဝါးဝါး အရိပ်တစ်ခုပေါ်လာပြီး အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသူ ပေါ်လာသည် ။

" လေးစားအပ်ပါသော သံတမန်ကြီး.. "

လူတိုင်းက မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်ကြ၏ ။

" စောင့်စရာမလိုတော့ဘူး.. ဝူချင်းရှင်းက မြို့ကနေထွက်သွားပြီ .."

ကြယ်သံတမန်က တိုက်ရိုက်ပြောလိုက်ပြီး...

" ရှုချန်တို့သုံးယောက်က မြို့ပြင်မှာ ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေကြပြီ.."

" နောက်ထပ် သုံးယောက်လား .."

အဖြူဝတ်ဓားသမားက လူတစ်ယောက်ပိုနေသဖြင့် အံ့သြသွား၏ ။

ကြယ်သံတမန်က ထူးဆန်းနေသော လေထုကို သတိထားမိသွားပြီး လူတိုင်းကို လိုက်ကြည့်ကာ သူ့အကြည့်က ချောင်မူထံသို့ ရောက်ရှိသွားသည် ။

" မင်း ဘယ်သူလဲ.. "

ကြယ်သံတမန်၏ အေးစက်သော အသံထွက်ပေါ်လာလျှင် လူတိုင်း နားလည်သွားကြပြီး လေထုတင်းမာလာ၏ ။

…………..

ချင်းမင် တောင်ခြေရှိ တာအိုကျောင်းငယ်လေးတွင်...

မျက်နှာပြည့်ဖောင်းနေသော တာအိုသီလရှင် လင်းလင်းက ချောင်စန်းရွှယ်ကို ခပ်တည်တည်ဖြင့် ခေါ်လိုက်သည် ။

" စန်းရွှယ် ..မကြာသေးခင်က အရေးကြီးသတင်းတစ်ခု ကြားလိုက်ရတယ်.. "

" မင်းရဲ ဇာတိမြို့.. ဟဲရန်မြို့မှာ ချောင် မျိုးရိုးနာမည်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက် သေဆုံးသွားတယ်တဲ့.. "

သီလရှင် လင်းလင်းသည် ဤကမ္ဘာပေါ်ရှိ ချောင်စန်းရွှယ်၏ နောက်ခံအား သိသူ အနည်းငယ်ထဲတွင် ပါဝင်လေသည် ။

" အဲ့လူ နာမည်က ချောင်ပိုင်ဖူတဲ့.. မင်းသူ့ကို သိလား.. "

လင်းလင်းက စကားပြောပြီး​နောက် ချောင်စန်းရွှယ်အား စိတ်လှုပ်ရှား မျှော်လင့်စွာဖြင့် ကြည့်နေ၏ ။ နောက်ထပ် အဆင့်သုံးဆင့်လောက် ထပ်တက်သွားသည်ကို သူမ မြင်ချင်ပေသည် ။

" တပည့်မသိဘူး.. "

ချောင်စန်းရွှယ်က သူမ၏ ဘယ်ဘက်မျက်လုံးကို ဖွင့်လိုက်လျှင် အဖြူရောင်မျက်သား အနည်းငယ်ပေါ်လာပြီး ရှေ့တွင်ရှိသော ကျောက်နံရံကို လက်ဖြင့် ထိကြည့်လိုက်၏ ။

သူမသည် လက်ကိုသုံး၍ စမ်းကြည့်သည်ဖြစ်စေ၊ လက်ချောင်းများဖြင့် ညင်သာစွာ တို့ထိ၍ အသံကို နားထောင်သည်ဖြစ်စေ၊ လေနှင့် အနီးကပ် မှုတ်ကြည့်သည်ဖြစ်စေ... အားလုံးက ဤသည်မှာ သာမန်ကျောက်နံရံတစ်ခုသာဖြစ်ကြောင်း ညွှန်ပြနေသည် ။

သို့သော်လည်း သူမ၏ မျက်လုံးထဲတွင် ဤနံရံ လုံးဝ မရှိပေ ။

သူမ ခေါင်းလှည့်ပြီး တာအိုသီလရှင် လင်းလင်းကို ကြည့်လိုက်လျှင် ဝဝတုတ်တုတ် လင်းလင်းကို မမြ​င်ရဘဲ ကျစ်စာမြီး ကျစ်ထားသည့် ပါးဖောင်းဖောင်း ချစ်စရာ ကလေးမလေးကိုသာ မြင်နေရ၏ ။

လင်းလင်းသည် ချောင်စန်းရွှယ်၏ လုပ်ရပ်များကို သတိပြုမိပြီး သူမ၏ရင်ထဲတွင် ထူးဆန်းသော မနာလိုမှုတစ်ခု ခံစားလိုက်ရသည် ။

' သူ့ရဲ့ မျက်လုံးတွေက သူ့ရဲ့ ထူးခြားတဲ့ ဝိညာဥ်အမြစ်ထက်တောင် ပိုအဆင့်မြင့်သေးတယ်.. ဒါ သာမန်လူတစ်ယောက်က ပိုင်ဆိုင်နိုင်တယ်ဆိုတာ ယုံနိုင်စရာကို မရှိဘူး... '

All Chapters