အားလုံးက လူလိမ်ပဲ
Vol. 10 Ch. 980
ပိုင်ရှောင်ချန်းမှာ တည်နေရာရွှေ့ပြောင်းခံနေရသည့် အရေအတွက်ကိုပင် မရေတွက်နိုင်တော့ပေ။ သို့သော် သူ၏ ယင်ခန္ဓာကိုယ်အစိတ်အပိုင်း ငါးခုနှင့် ယန်ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုတို့မှာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံနေရသည့််အလား ခံစားနေရသည်။
နောက်ဆုံးတွင် သူသည် ရေခဲလွင်ပြင်ကြီးပေါ်တစ်နေရာရှိ ရေခဲဂူထဲသို့ ရောက်ရှိသွားတော့သည်။ သူကိုယ်တိုင်ပင် မည်သည့်နေရာသို့ ရောက်နေမှန်း သေသေချာချာ မသိပေ။
သူ၏စွမ်းအားကြီး အပြင်ခန္ဓာကိုယ်အစွမ်းများနှင့် ထာဝရသွေးစက်များ၏ အားအင်ပြန်လည်ဖြည့်တင်းနိုင်စွမ်းများကြောင့်သာ မဟုတ်ပါက သူ သေဆုံးနေမည်သာဖြစ်သည်။ သူသည် အလွန်မူးဝေနေသဖြင့် ပြန်လည်ကောင်းမွန်လာစေရန် ရက်အနည်းငယ်ပင် အချိန်ပေးလိုက်ရသေးသည်။
နောက်ဆုံးတွင် သူက အနည်းငယ် ဒေါသထွက်နေသေးပါသော်လည်း မျှော်လင့်ချက်အနည်းငယ်ရှိသွားတော့သည်။
ဟန်ဇောင်ခေါင်းဆောင်ကြီးက သူနှင့်သရဲမျက်နှာကြီးအကြား ပြောခဲ့သည့် စကားများကို ကြားသွားခဲ့မည် စိုးသဖြင့်် နှစ်ဦးကြား ပြဿနာများပြေလည်သွားအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
" ခင်ဗျားကြီးက ကျုပ်ကိုအသုံးချပြီး ပစ်ထားခဲ့တာလို့ ကျုပ်ကထင်နေတာ၊ ဟန်ဇောင်အဘွားကြီးရေ "
ထိုအချိန်တွင် ဟန်ဇောင်ခေါင်းဆောင်ကြီး၏ အသံမှာ သူ၏အသိစိတ်ထဲတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာတော့သည်။
" အဲဒီသရဲအိုကြီးက ပေါင်းစည်းခြင်းလုပ်ငန်းစဥ်ကို ပြဿနာနည်းနည်း တက်သွားအောင်လုပ်ခဲ့တာ... ကြည့်ရတာ အချိန်နည်းနည်းတော့ ကြာမယ်ထင်တယ်။ ငါ အနည်းဆုံး လေးနှစ်၊ငါးနှစ်လောက် အချိန်ယူမှရမယ် "
" လေးနှစ်၊ ငါးနှစ် ဟုတ်လား... "
ပိုင်ရှောင်ချန်းမှာ ကြက်သေသေနေသည့် အမူအရာဖြင့်ပြန်မေးလိုက်သည်။
“ ခင်ဗျား နောက်နေတာလား... "
ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အနာဂတ်တွင် ဖြစ်ပျက်လာနိုင်သည့် အရာများကို ကြိုတင်စိတ်ပူလာတော့သည်။
" ဘာမှနောက်နေတာမဟုတ်ဘူး " ဟန်ဇောင်ခေါင်းဆောင်ကြီးက ဆက်ပြောလိုက်သည်။
" ဒီလုပ်ငန်းစဥ်မပြီးသေးခင် ဝင်ပေါက်ကို ငါပြန်ဖွင့်လို့မရနိုင်ဘူး။ အဲဒီတော့ မင်း ဒီထဲမှာ နောက်ထပ်နှစ်အနည်းငယ်တော့ နေရဦးမှာ "
သူမ၏ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းမှာ ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။
" အဲဒါဆို ခင်ဗျားက တကယ်ပဲ ကျုပ်ကို တစ်ပတ်ရိုက်ခဲ့တာပေါ့ "
သူသည် ဘေးကင်းရန်ကိုပင် စိတ်ထဲမထားတော့ပဲ အော်ဟစ်လိုက်တော့သည်။
" ဒီနေရာကြီးမှာ ဘာစိတ်စွမ်းအင်မှလည်း ရှိတာမဟုတ်ဘူး။ ကျုပ်က ဘယ်လိုနည်းနဲ့ လေ့ကျင့်ရမှာတုံးဗျ။ ပြီးတော့ သရဲကြီးကိုရော ဘယ်လိုလုပ်မှာတုံး။ သူ ကျုပ်နားမှာရှိနေတာကို ဘယ်လိုနည်းနဲ့ ငါးနှစ်တိတိ အသက်ရှင်နိုင်မှာတုံး။ ကျုပ်ကိုဒီနေရာကနေ ထုတ်ပေးဗျာ။ အခုထုတ်ပေး "
" အမှန်အတိုင်းပြောရမယ်ဆိုရင် စိတ်စွမ်းအင်မရှိဘူးဆိုတာ ဟုတ်တယ် "
ဟန်ဇောင်ခေါင်းဆောင်ကြီးက တည်ကြည်စွာ ဆက်ပြောလိုက်သည်။
" ဒါပေမဲ့ အရှေ့အရပ်မှာ မိုးပင်လယ်တစ်စင်းရှိတယ်။ အနောက်အရပ်မှာ မီးပင်လယ်တစ်စင်းရှိတယ်။ တောင်အရပ်မှာ မိုးကြိုးတိမ်တိုက်တွေရှိတယ်။ မြောက်အရပ်မှာဆိုရင် လေပြင်းတောင်ကြားတွေရှိတယ်။ အဲဒီနေရာတွေက စိတ်စွမ်းအင်တွေ ပေါင်းစည်းစုဆုံရာကနေ ဖြစ်တည်လာခဲ့တာ။ အဲဒီနေရာတွေကိုသာသွား။ အဲဒါဆို စွမ်းအင်စုပ်ယူဖို့ အခက်အခဲရှိမှာ မဟုတ်တော့ဘူး "
" အဲဒီသရဲအိုကြီးကိုတော့ ငါလောလောဆယ် ဘာမှမလုပ်ပေးနိုင်သေးဘူး။ ပြီးတော့ သူ့ကိုလည်း ငါနှင်ထုတ်လို့မရဘူး။ ဒါပေမဲ့ ငါဒီမှော်ပစ္စည်းကို ပိုပြီးထိန်းချုပ်နိုင်လာရင် သူ့ကိုဖြည်းဖြည်းချင်း ဖိနှိပ်ပြီးတော့ သူ့ကျင့်ကြံခြင်းအခြေကို ကျဆင်းသွားအောင် လုပ်လို့ရတယ် "
" ဒီမှာရှိတဲ့ အချိန်ကို ကောင်းကောင်းအသုံးချ။ အဲဒါဆို မင်းကျင့်ကြံခြင်းအခြေ တမုဟုတ်ချင်း တိုးတက်လာလိမ့်မယ်။ နှစ်အနည်းငယ်လောက်သာ တောင့်ခံလိုက်။ အဲဒါဆို သိပ်မကြာခင် သူ့ကို မင်းကိုယ်တိုင် ရင်ဆိုင်သွားနိုင်လိမ့်မယ် "
" ငါ မှော်ပစ္စည်းနဲ့ အပြီးတိုင် ပေါင်းစည်းသွားပြီး ရတနာစောင့်ဝိညာဥ်ဖြစ်သွားပြီဆိုရင် အဲဒါကိုမနှိုးထခင် ခဏလောက်တော့ အိပ်မှရမယ်။ ဒါပေမဲ့ မပူပါနဲ့။ ငါအိပ်မပျော်သွားခင် မင်းကို အပြင်ထွက်နိုင်အောင် လုပ်ပေးခဲ့မှာပါ။ ငါဒီရတနာကို အပြီးတိုင် နိုးထစေပြီးသွားရင် မြောက်ပိုင်းက နာမည်ပြန်ကျော်ကြားလာပြီး ငါတို့နှစ်ယောက်ကြားက သဘောတူညီမှုလည်း ပြီးမြောက်သွားလိမ့်မယ် "
သို့သော်လည်း ထိုရှင်းပြချက်များကြောင့် ပိုင်ရှောင်ချန်းမှာ ပို၍စိုးရိမ်ထိတ်လန့်လာပြီး ဗျာများနေရတော့သည်။ သူ၏လက်ကို အလောတကောယမ်း၍ ဆိုလိုက်သည်။
" နေပါဦး ကျွန်တော်မရှင်းသေးလို့... ခင်ဗျားပြောချင်တာက ခင်ဗျားက ရတနာစောင့်ဝိညာဥ် ဖြစ်လာမဲ့ချိန်အထိ ကျုပ်က လေးနှစ်၊ ငါးနှစ်လောက် စောင့်ရမယ်။ အဲဒါဆိုရင် ခင်ဗျားက အပေါက်ကိုဖွင့်ပြီး ကျုပ်ကိုအပြင်ထုတ်ပေးမယ်။ ဒါပေမဲ့ အဲဒီလိုထုတ်ပေးပြီးရင် ဒီမှော်ပစ္စည်းကို အပြည့်အဝနိုးထစေဖို့အတွက် အချိန်အနည်းငယ် ထပ်အိပ်မှရမယ်...ဟုတ်လား "
" ဟုတ်တယ် "
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ရူးချင်သွားတော့သည်။
" အဲဒါကို ဘာလို့ကြိုပြီး မရှင်းပြတုံး။ ဘာလို့ ဒီအထဲကိုရောက်မှ ကျုပ်ကိုပြောပြရတာတုံး "
" သရဲအိုကြီးတစ်ကောင်က မင်းနောက်ကိုလိုက်လာပြီး အထဲကို တိတ်တိတ်ကလေး ဝင်လာခဲ့မယ်မှန်း ငါက ဘယ်လိုလုပ် သိမှာလဲ။ ဒီလို ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူး။ ငါ ရတနာစောင့်ဝိညာဥ်ဖြစ်ဖို့ နှစ်အနည်းငယ်စောင့်ရမယ်။ အဲဒီမတိုင်ခင် ဘယ်သူမှ ထွက်သွားလို့မရဘူး။ မင်းလည်း ကိုယ့်ကိုကိုယ် အားကိုးရမှာပဲ ဟုတ်ပြီလား "
ထိုသို့ဆိုကာ ဟန်ဇောင်ခေါင်းဆောင်ကြီးမှာ အေးစက်စက်နှာမှုတ်၍ သူမ၏အသိစိတ်များကို ပြန်လည်ရုတ်သိမ်းသွားပြီး ပိုင်ရှောင်ချန်းအား တစ်ယောက်ထဲထားရစ်ခဲ့တော့သည်။
" ဟေး ခဏလောက်နေပါဦး "
သူကလှမ်းအော်လိုက်တော့သည်။ သို့သော် မည်မျှပင်အသံကုန်အော်ဟစ်နေစေကာမူ မည်သည့်တုံ့ပြန်မှုမှ ပြန်မရပေ။ နောက်ဆုံးတွင် သူသည် မခံနိုင်တော့သဖြင့် ဆံပင်များအားဆောင့်ဆွဲ၍ နာကျည်းစွာအော်ဟစ်လိုက်တော့သည်။
" လူလိမ်တွေ။ လူတိုင်းက လူလိမ်တွေပဲ။ ငါကိုက သန့်ရှင်းဖြူစင်လွန်းပြီး ရိုးအလွန်းနေတာ "
ဤနေရာကြီးတွင် လေးနှစ်၊ ငါးနှစ်ခန့် ပိတ်မိနေရတော့မည်ဆိုသော အသိကြီးကြောင့် သူ့မှာ မျှော်လင့်ချက်များ ကင်းမဲ့နေရတော့သည်။ ထိုသရဲအိုကြီးသာ သူနှင့်အတူ ပိတ်မိမနေပါက ခံသာဦးမည်ဖြစ်သည်။
လေးနှစ်၊ ငါးနှစ်မဆိုထားဘိ သူ၏ သနားစရာအသက်လေးကို လေးလ၊ ငါးလအထိဘေးကင်းအောင်ထားရန်ပင် ခက်ခဲနေမည်ဖြစ်၍ နှစ်အနည်းငယ်ဆိုလျှင် ပြောနေစရာ မလိုတော့ပေ။
အချိန်အနည်းငယ်မျှ ခံပြင်းကာ မခံမရပ်နိုင်ဖြစ်နေပြီးနောက် သူသည် အခြားရွေးချယ်စရာမရှိကြောင်း နားလည်သွားသဖြင့် လက်ရှိအခြေအနေအား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံးတွင် သူက သူ ရောက်ရှိနေသည့် နေရာကို သိရှိနိုင်ရန်အတွက် ရေခဲဂူအပြင်ဘက်သို့ ဖြည်းညင်းစွာ ထွက်ကြည့်လိုက်တော့သည်။
သူအပြင်သို့ ရောက်သွားသည်နှင့် မိုးကြိုးပစ်သံများကို ကြားလိုက်ရပြီး မဝေးလှသော နေရာတစ်ခုတွင် ကောင်းကင်ကြီးမှာ အဆုံးမရှိသော မိုးကြိုးတိမ်တိုက်များနှင့်သာမက လုံးဝရပ်တန့်သွားမည်မဟုတ်သည့် လျှပ်စီးတန်းများနှင့် ပြည့်နှက်နေသည်။
" လျှပ်စီးတွေ... "
သူသည် တွေဝေမှုများ တဖျတ်ဖျတ် ထင်ဟပ်နေသည့်မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအကြောင်းနှင့် ထိုဂိုဏ်းရှိ လျှပ်စီးတန်းများက သူ၏ကျင့်ကြံခြင်းအခြေခံအား တိုးတက်စေခဲ့သည့်အကြောင်းများကို ပြန်တွေးမိသွားသည်။ သို့သော် ထိုလျှပ်စီးတန်းများမှာ သူ့အား မထောက်ပံ့ပေးတော့ပဲ သူ ၎င်းတို့ကို ဆက်၍မဝါးမျိုနိုင်တော့သည့် အခြေအနေသို့လည်း ရောက်သွားခဲ့ရသေးသည်။ ထိုအချိန်က သူအကြော်ခံလိုက်ရပြီး အသက်ပျောက်လုနီးနီး ဖြစ်သွားခဲ့ရသေးသည်။
သူသည် မည်သို့ဆက်လုပ်ရမည်ကို ဝေခွဲ၍မရနိုင်လောက်အောင် ဖြစ်နေပြီး မည်သည့်ဆုံးဖြတ်ချက်ကို ချရမည်မှန်းမသိအောင်ဖြစ်နေချိန်တွင် ရုတ်တရက် သူ၏နောက်ဘက် မီတာအနည်းငယ်အကွာရှိ ရေခဲပြင်ပေါ်တွင် အနက်ရောင်မီးခိုးမျှင်တန်းတစ်တန်းကို မြင်လိုက်ရသည်။
ထိုမီးခိုးများ ပေါ်ထွက်လာလာချင်းတွင် လက်သီးအရွယ်အစားရှိသော သရဲမျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ၎င်းမျက်နှာကြီးမှာ သူ့အား လှမ်းကြည့်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရပြီး မချိတင်ကဲဝေဒနာများကို ခံစားလိုက်ရသည့်အလား အော်ဟစ်လိုက်ပြီး လှစ်ခနဲ လှုပ်ရှားလိုက်တော့သည်။
" နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီပဲ "
သရဲမျက်နှာကြီးက ရက်စက်ကြမ်းကြုတ်စွာပြုံး၍ ဆိုလိုက်သည်။ ထိုအချိန်တွင် ရေခဲပြင်ပေါ်ရှိ အခြားနေရာများတွင်ရှိနေကြသည့် အလားတူ အနက်ရောင်မီးခိုးအမျှင်အတန်း တစ်သောင်းကျော်မှာ ထိုစကားတစ်ခွန်းထဲကို ပြောနေသည့် သရဲမျက်နှာများအသွင် ပြောင်းလဲသွားကြ၏။
ထိုသရဲမျက်နှာပေါင်း တစ်သောင်းကျော်မှာ လေပေါ်သို့ပျံတက်သွားကြပြီး ပိုင်ရှောင်ချန်း၏ အနီးဆုံးတွင်ရှိသော သရဲမျက်နှာဆီသို့ အလုအယက်ပြေးလာကြသည်။ အချိန်တိုလေးအတွင်း သူတို့မှာ ပေါင်းစည်းသွားကြပြီး မိုးထိုးလောက်သည်အထိ ကြီးမားလှသော သရဲမျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားကြသည်။
" မင်းက ငါ့ကိုအမြဲတမ်း အလုပ်ရှုပ်အောင် လုပ်နေတာပဲ ကောင်စုတ်လေး "
သရဲမျက်နှာကြီးက အော်ဟစ်လိုက်သည်။
" ငါမင်းကို အရှင်လတ်လတ် အရေမဆုတ်နိုင်မချင်း ငါလက်လျှော့မှာ မဟုတ်ဘူးကွ "
ထိုသို့ အော်ဟစ်ကာ ၎င်းမှာ ပိုင်ရှောင်ချန်းအား လိုက်ဖမ်းလိုက်တော့သည်။ စောစောက သူသည် သူ့နောက်သို့ ဆက်မလိုက်တော့ပဲ မှော်ပစ္စည်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းကြည့်ခဲ့သေးသည်။ သို့သော် သူနှင့်အတူ ယှဥ်ပြိုင်နေသည့် အခြားနတ်ဘုရားဝိညာဥ်တစ်ခုမှာ သူ့ထက်အနည်းငယ် ပိုမြန်သွားခဲ့သဖြင့် သူ၏ကြိုးစားမှုများမှာ အရာမထင်ခဲ့ပေ။
ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်မှာ ထိုလုပ်ငန်းစဥ်ကို ဝင်ရောက်တားဆီးရန် အရည်အချင်းမပြည့်မှီပေ။ သူ၏ခေါင်းထဲတွင် ပေါ်လာသည့် တစ်ခုထဲသောအတွေးမှာ ထိုမှော်ပစ္စည်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်ဖြစ်သော်လည်း ထိုသို့ဖျက်ဆီးရန်အတွက် သူ၏စွမ်းအားအဆင့်မှာ အမြင့်ဆုံးသို့ရောက်ရှိနေရန် လိုအပ်သည်။
ထို့ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်သွားပြီး ဒေါသတကြီးဖြင့် ပိုင်ရှောင်ချန်အား အရင်ဆုံး သတ်ပြီးမှ ထိုပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကိုရှာရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံး၍ သူ၏ခန္ဓာကိုယ်အား အစိတ်အပိုင်း တစ်သောင်းကျော်အဖြစ် ခွဲလိုက်ပြီးနောက် ၎င်းတို့ကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်သောအခါ ပိုင်ရှောင်ချန်းအား ရှာတွေ့သွားခဲ့သည်။
" ပထမအကြိမ်တုံးက ကောင်းကင်ဧကရာဇ်ကြီး ရောက်လာတယ် "
သူက ဒေါသတကြီး ဆိုလိုက်သည်။
" ဒုတိယအကြိမ်ရောက်တော့ ငါမင်းကိုသတ်ဖို့အတွက် အာရုံမစိုက်နိုင်လိုက်ဘူး။ တတိယအကြိမ်ရောက်တော့ အဲဒီသောက်ကျိုးနည်း လက်နက်စောင့်ဝိညာဥ်က မင်းကို တည်နေရာရွှေ့ပြောင်းသွားတယ်။ မင်းက တော်တော်ကိုကံကောင်းတာပဲကွ ကောင်စုတ်လေးရ။ ဒါပေမဲ့ ဒီစတုတ္ထအကြိမ်မှာတော့ ငါတောင်ကြောက်ရတဲ့ လျှပ်စီးတောကြီးထဲ မင်းဝင်မပြေးတော့ဘူးလို့ ငါထင်တာပဲ "
ပိုင်ရှောင်ချန်းကိုသတ်ရန် အတော်အတန်ခက်ခဲကြောင်း သရဲမျက်နှာကြီးမှာ နားလည်သဘောပေါက်စပြုလာပါသော်လည်း သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး မိုးကြိုးတိမ်တိုက်များဆီသို့ ထွက်ပြေးနေသည့် ပိုင်ရှောင်ချန်း၏နောက်သို့ လျင်မြန်စွာ လိုက်သွားတော့သည်။
အနီးသို့ ရောက်သွားသောအခါ သူသည် အနက်ရောင် မီးခိုးများကို ထွေးထုတ်လိုက်ပြီးနောက် ထိုမီးခိုးများမှာ စူးရှချွန်ထက်သောလက်သည်းများပါသည့် လက်တစ်ဖက်အသွင်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းအားဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နေရသည့်အလား ခံစားနေရပြီဖြစ်သည်။ သူသည် လုံးဝ တွေဝေမနေပဲ ပါးစပ်ထဲမှ အနက်ရောင်အလင်းတန်းတစ်တန်းကို ထွေးထုတ်လိုက်သည်။ ၎င်းမှာ လိပ်ပုံစံဒယ်အိုးလေးပင်ဖြစ်သည်။ သူသည် ထိုဒယ်အိုးအား ဒိုင်းကာတစ်ခုအသွင် ရှေ့သို့တွန်းထုတ်၍ သရဲလက်ကြီးထံမှ ကာကွယ်လိုက်သည်။
ထိုအခါ အုန်းခနဲအသံတစ်သံ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်လာသည်။ ထိုပေါက်ကွဲမှု၏ ပြင်းအားကြောင့် သူသည် အသားများဆုတ်ပြဲကာ သွေးများထွက်၍ နောက်သို့လွင့်စင်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း မတည်မငြိမ်ဖြစ်သွားတော့သည်။ သို့သော် ထာဝရသွေးစက်များ၏ ကြောက်မက်ဖွယ်ကောင်းသော အားအင်ပြန်လည်ဖြည့်တင်းနိုင်သည့် စွမ်းအားများမှာ သူ့အား ချက်ချင်းပင် ပြန်၍ကောင်းမွန်သွားစေတော့သည်။
သူသည် ထိုပေါက်ကွဲမှု၏ အရှိန်အဟုန်ကိုပင် အသုံးချ၍ ရှေ့သို့ပျံထွက်သွားပြီး တစ်ပြိုင်နက်ထဲမှာပင် ထာဝရပြုစားခြင်းအတတ်ကို အသုံးပြုလိုက်တော့သည်။
" နောက်ထပ် ရတနာတစ်ခုပါလား " သရဲမျက်နှာကြီးမှာ ရုတ်တရက်ပေါ်ထွက်လာသည့် လိပ်ပုံစံဒယ်အိုးလေးကြောင့် အံအားသင့်သွားရသည်။ ထို့နောက် သူ၏မျက်နှာမှာ ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ဝင်းလက်သွားတော့သည်။
ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာမူ နီမြန်းနေပြီဖြစ်သည်။ သူ့ကိုယ်သူ လိပ်ပုံစံဒယ်အိုးလေးနှင့် ကာကွယ်ခဲ့သည့်တိုင် ဒဏ်ရာအမြောက်အမြား ရရှိသွားခဲ့ရသဖြင့် သူနှင့် သူ၏ပြိုင်ဘက်ကြားရှိ ကွဲပြားခြားနားလှသော တိုက်ပွဲစွမ်းအားကို အတိုင်းသားသိမြင်လိုက်ရသည်။
သူသည် မျက်ခြေမပြတ် အနီးကပ်လိုက်ဖမ်းခံနေရသဖြင့် သူ့ထံတွင် ရွေးချယ်စရာတစ်ခုသာ ကျန်တော့ကြောင်း သိလိုက်တော့သည်…၎င်းမှာ မိုးကြိုးတိမ်တိုက်ဒေသပင် ဖြစ်သည်။
လျှပ်စီးတန်းများမှာ ကြောက်မက်ဖွယ်ကောင်းစွာ မြေပြင်ပေါ်သို့ ပစ်ခတ်နေကြပြီး လျှပ်စီးအကျဥ်းထောင်၏ ခြောက်ခြားဖွယ်ရာ အမှတ်တရများမှာ သူ၏အတွေးထဲတွင် ထင်းထင်းကြီးပေါ်နေဆဲဖြစ်ပါသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
" ဖြစ်ချင်ရာဖြစ်တော့ကွာ "
သူက အော်ဟစ်လိုက်တော့သည်။ ထို့နောက် သရဲမျက်နှာကြီး အနီးသို့ကပ်လာချိန်တွင် ပိုင်ရှောင်ချန်းမှာ မိုးကြိုးတိမ်တိုက်များဆီသို့ လှစ်ခနဲလှုပ်ရှားလိုက်တော့သည်။
ထိုဒေသထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လျှပ်စီးတန်းတစ်တန်းက သူ့ကို ပစ်ခတ်လိုက်တော့သည်။