အခန်း (၄၂၃-၄၂၄)
Vol. 22 Ch. 423-424
အပိုင်း(၄၂၃) သွေးရေခဲနှင့် နှလုံးဘေးခန်း
ချန်ကျဲ့မင်၏ အဆိုအရ နှလုံးအမြူတေက ရေပေါ်ကျွန်း၏ မြေပြင်အနေအထား၊ ကျွန်းပတ်လည်ရှိ ရေစီးကြောင်းနှင့် ကျွန်းရွေ့လျားမျောပါမည့် ဦးတည်ရာတို့ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
မည်သို့သော အလုပ်လုပ်ပုံဖြစ်သည်ကိုမူ လင်းယွမ်က ရေရေရာရာ မသိသေးချေ။
ယခု လက်တလော အရေးအကြီးဆုံးမှာ ထိုနှလုံးအမြူတေကို ရှာတွေ့ရန်ပင် ဖြစ်သည်။
သူ၏ မျက်စိရှေ့မှ နေရာသည် ရေပေါ်ကျွန်း ဧရာမအလောင်းကြီး၏ နှလုံး ဖြစ်နေဖို့ များပြားလှသည်။
လင်းယွမ်က ပတ်ဝန်းကျင်ကို သေချာစွာ လိုက်လံကြည့်ရှုပြီးနောက် သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ဒီနေရာကို ဘယ်သူမှ ရောက်ဖူးသေးတဲ့ပုံ မပေါ်ဘူး"
"ထူးဆန်းတယ်... မြူခိုးမြို့တော်သခင် ချန်ယွင်တောက်က ဒီရေပေါ်ကျွန်းမှာ နေလာတာ ဒီလောက်ကြာနေပြီကို နှလုံးကို ရှာမတွေ့သေးဘူးလား"
ထိုသို့တွေးပြီးသည်နှင့် တစ်ချိန်တည်းမှာပင် သူ ဤနေရာသို့ လာရာလမ်းတစ်လျှောက်လုံး ဧရာမအလောင်းကြီး၏ ခန္ဓာကိုယ်ထဲတွင် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်လို လမ်းပျောက်နေခဲ့သည်ကို သတိရသွားသည်။
အကယ်၍သာ သူ၏လက်ထဲတွင် စနစ်ရှိမနေဘဲ အဆိပ်ပြင်းသော စေးကပ်အရည် အမြောက်အများကို မလဲလှယ်နိုင်ခဲ့ပါက အစာအိမ်ဟု ယူဆရသော အင်္ဂါအစိတ်အပိုင်းထဲမှ မည်သည့်အချိန်ကျမှ ထွက်လာနိုင်မည်ကို သူကိုယ်တိုင်ပင် မသိနိုင်တော့ချေ။
သူကိုယ်တိုင်ပင် ဤမျှ ဒုက္ခရောက်ခဲ့ရသည်ဆိုလျှင် ချန်ယွင်တောက်တို့ လူစုမှာ သွေးကြောလမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိလောက်တော့ပေ။
ထိုသွေးကြောလမ်းကြောင်းများက အရပ်မျက်နှာ အနှံ့အပြားသို့ သွယ်တန်းနေပြီး နေရာတိုင်းတွင် သွေးကြောများ ရှိနေသောကြောင့် ထိုသွေးကြောများအတိုင်း လိုက်ကာ နှလုံးကို ရှာဖွေရန်မှာ ထင်သလောက် မလွယ်ကူလှပေ။
သူတို့တွင် အင်္ဂါအစိတ်အပိုင်းများ၏ အသားနံရံများကို အတင်းအဓမ္မ ဖျက်ဆီးနိုင်မည့် နည်းလမ်း မရှိသောကြောင့် ဤခပ်တုံးတုံး နည်းလမ်းကိုသာ အသုံးပြုရမည်ဖြစ်ရာ အလုပ်တွင်ကျယ်မှုက သူ၏အရှိန်ကို မီနိုင်မည် မဟုတ်ချေ။
ထိုအချက်ကို တွေးမိသွားချိန်တွင် လင်းယွမ်က စိတ်ထဲမှ ကြည်နူးသွားသည်။
"နှလုံးအမြူတေက ဒီမှာရှိနေဖို့ သေချာသလောက်ပဲ... ငါ ရှာတွေ့နိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်"
သူက ဤရေပေါ်ကျွန်းကြီးကို ထိန်းချုပ်နိုင်တော့မည်ဖြစ်ပြီး အနာဂတ်တွင် ရွေ့လျားအခြေစိုက်စခန်းတစ်ခုကို ပိုင်ဆိုင်ရတော့မည်ကို တွေးမိလိုက်သည်နှင့် လင်းယွမ်၏ စိတ်အစဉ်က အလိုအလျောက် လှုပ်ရှားတက်ကြွလာတော့သည်။
ထို့ကြောင့် သူက ချက်ချင်းပင် ထိုနေရာ၌ စတင် ရှာဖွေလိုက်သည်။
"နှလုံးအမြူတေက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ... နှလုံးခန်းထဲမှာ ရှိနေတာလား"
တစ်ပတ်ခန့် လိုက်လံရှာဖွေပြီးနောက် လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
နှလုံးအမြူတေက နှလုံးထဲတွင် ရှိနေသည်ဆိုသည်ကိုသာ သူ သိထားသော်လည်း ချန်ကျဲ့မင်ကိုယ်တိုင်က ထိုအမြူတေကို မြင်ဖူးခဲ့ခြင်း မရှိပေ။
သူသိထားသော ထိုသတင်းများကပင် မြေမိခင်ဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင်များထံမှ ဆင်းသက်လာခြင်း ဖြစ်ရာ မည်မျှအထိ ယုံကြည်စိတ်ချရမည်ကို မသိနိုင်ချေ။
လင်းယွမ်က သူ၏မျက်စိရှေ့ရှိ ဧရာမနှလုံးခန်းကြီးကို ကြည့်လိုက်ရာ နေရာတိုင်းတွင် ထူထဲသော ရေခဲလွှာများနှင့် ရေခဲပွင့်များက ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
"နှလုံးအမြူတေက တကယ်ရှိနေရင်တောင် ဒီရေခဲလွှာတွေအောက်မှာ မြုတ်နေလောက်ပြီ... ရှာရပိုလွယ်အောင် ဒီရေခဲလွှာတွေကို အရင် အရည်ပျော်သွားအောင် လုပ်ရမယ်"
ထိုသို့တွေးမိသည်နှင့် လင်းယွမ်က သူ၏အစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ လက်နှစ်ဖက်ထဲမှ မီးနဂါးတစ်ကောင် ပေါက်ကွဲထွက်ပေါ်လာပြီး ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ထိုရေခဲတုံးများကို အလျင်အမြန် စတင်လောင်ကျွမ်းစေတော့သည်။
ရေခဲတုံးများ လောင်ကျွမ်းသွားရာ ပြင်းထန်သော အပူချိန်အောက်တွင် ချက်ချင်းပင် အရည်ပျော်ကာ အငွေ့ပျံသွားကြသည်။
ထိုအငွေ့ပျံသွားသော ရေခိုးရေငွေ့များက အထက်သို့ လွင့်တက်သွားပြီးနောက် အသစ်ထပ်မံဖြစ်ပေါ်လာသော ရေခဲတုံးများအဖြစ် လျင်မြန်စွာ စုစည်းသွားရာ အပေါ်ဘက်ရှိ ရေခဲလွှာများက ပို၍ပို၍ ထူထဲလာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လင်းယွမ်က မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်မိသည်။
ဤနှလုံးခန်းထဲတွင် နေရာအကျယ်အဝန်းက ကြီးမားလှသော်လည်း လေဝင်လေထွက် မရှိသဖြင့် ရေခိုးရေငွေ့များက အပြင်သို့ ထွက်မသွားနိုင်ပေ။
ဤနေရာ၏ အပူချိန်က မူလကတည်းက အလွန်တရာ နိမ့်ကျလွန်းနေရာ ရေခိုးရေငွေ့များ အပြင်သို့ မထွက်နိုင်ပါက ရေခဲတုံးအသစ်များ အဖြစ်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
ထိုသို့ဖြစ်နေသဖြင့် လင်းယွမ်က သီးခြားနေရာတစ်ချို့ရှိ ရေခဲတုံးများကိုသာ တူးဖော်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
ထိုသို့တွေးပြီးနောက် လင်းယွမ်က လက်ဝါးများကို ပြန်ရုပ်လိုက်ရာ မီးနဂါးက ပျောက်ကွယ်သွားသည်။
"တွင်းကြီးတစ်တွင်းကို အရင်တူးလိုက်တာ ပိုကောင်းမယ်... ပြီးမှ နှလုံးခန်းရဲ့ အသားနံရံနဲ့ ထိတွေ့မိရင် အဲဒီအသားနံရံကို အရည်ပျော်စေပြီး ဒီရေခဲတွေကို ကွာကျသွားအောင် လုပ်ရမယ်"
"အနည်းဆုံးတော့ ဒီအအေးဓာတ်တွေ အပြင်ကို စိမ့်ထွက်သွားနိုင်မယ့် နေရာတစ်ခုတော့ ရသွားမှာပဲ"
လင်းယွမ်က စဉ်းစားခန်းဖွင့်နေရင်းမှ ထိုနေရာရှိ ရေခဲတုံးများကို ချက်ချင်း စတင်တူးဖော်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူက အကျယ်အဝန်း ကြီးကြီးမားမား တူးဖော်ခြင်း မရှိဘဲ ဆယ့်ခြောက်ပေမှ ပေနှစ်ဆယ်ခန့်သာ အောက်သို့ ဒေါင်လိုက် တူးဆင်းသွားခဲ့သည်။
အောက်သို့ ပေလေးဆယ်ခန့် အနက်ရောက်သည်အထိ တူးပြီးနောက်တွင်မူ ရေခဲလွှာများ ကုန်ဆုံးသွားပြီး အောက်ဘက်ရှိ သွေးနီရောင် နှလုံးခန်း မျက်နှာပြင်လွှာက ထွက်ပေါ်လာသည်။
"ဟင်... အသားမဟုတ်ဘူး... ရေခဲတုံးတွေပဲ"
လင်းယွမ်က ဆက်လက်၍ အောက်သို့ တူးဆင်းရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် ကြက်သေသေသွားရသည်၊ ထိုအနီရောင် အတုံးအခဲများက အသားနံရံများ မဟုတ်ဘဲ ရေခဲတုံးများ ဖြစ်နေဆဲပင်။
သူ အနည်းငယ် ကြက်သေသေသွားပြီးနောက် ခဏအကြာတွင် သူ၏ စိတ်ထဲ၌ လှုပ်ခတ်သွားပြီး တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားသည်။
"ဒါက နှလုံးခန်းထဲမှာ ကျန်နေတဲ့ သွေးတွေက မခြောက်သွေ့ခင်မှာ အေးခဲသွားတာများလား"
သူ တွေးလေလေ ဖြစ်နိုင်ခြေ များလေလေဟု ခံစားလာရသည်။
မျက်စိရှေ့ရှိ ဤအနီရောင် ရေခဲတုံးပုံကြီးက သွေးများ အေးခဲသွားပြီးနောက် ဖြစ်တည်လာသည့် ပုံစံမျိုး ဖြစ်ဖို့များသည်။
သူက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်မိသည်၊ ဤသွေးရေခဲတုံးများက မည်မျှအထိ ထူထဲနေမည်ကို သူ မသိနိုင်ရာ ဆက်လက်တူးဖော်နေပါက မည်သည့်အချိန်ကျမှ အဆုံးသတ်နိုင်မည်ကိုပင် မှန်းဆ၍ မရနိုင်ချေ။
သူက နောက်ထပ် ခြောက်ပေမှ ဆယ်ပေခန့်အထိ စမ်းသပ် တူးဖော်ကြည့်လိုက်ရာ အနီရဲရဲ သွေးရေခဲတုံးများက အနီရောင် ကျောက်မျက်ရတနာများကဲ့သို့ သန့်စင်နေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများကိုလည်း တစ်သုတ်ပြီးတစ်သုတ် ထုတ်လွှတ်နေသည်။
လင်းယွမ်၏ စိတ်ထဲတွင် မနေနိုင်ဘဲ တုန်လှုပ်သွားရသည်။ "ဒီရေပေါ်ကျွန်း ဧရာမအလောင်းကြီးက သေဆုံးသွားတာ ဒီလောက်ကြာနေပြီကို သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ သွေးတွေက ဒီလောက်အထိ အားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင် ဖိအားတွေ ရှိနေတုန်းပဲလား"
ဤရေပေါ်ကျွန်း ဧရာမအလောင်းကြီးက အသက်ရှင်စဉ်က မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းခဲ့မည်ကို ယုံကြည်နိုင်စရာပင် မရှိတော့ချေ။
ရုတ်တရက် လင်းယွမ်က တစ်စုံတစ်ရာကို တွေးမိသွားပြီး အလျင်အမြန် ရပ်တန့်လိုက်သည်။
"နေဦး... ရေပေါ်ကျွန်း ဧရာမအလောင်းကြီးရဲ့ သွေးတွေဆိုတော့..."
"ရွှီယွမ် ပြောခဲ့တဲ့အတိုင်းဆိုရင် မျိုးရိုးဗီဇမျိုးစေ့တွေက တကယ်တော့ မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရ သွေးတွေကို ထုတ်ယူ သန့်စင်ထားတာပဲ"
"ပြီးတော့ အခြေခံအဆင့် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သားရဲတွေက... အများဆုံး မျိုးရိုးဗီဇမျိုးစေ့ သုံးစေ့လောက်ပဲ သန့်စင်ထုတ်ယူလို့ ရနိုင်တာ"
"ဒါက အခြေခံအဆင့် မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေရဲ့ သန့်စင်နှုန်းက မမြင့်မားလို့ပဲ... ပါဝင်နေတဲ့ မျိုးရိုးဗီဇမြေပုံကလည်း အရမ်းဝေဝါးလွန်းတော့ သုံးစေ့ဆိုတာက အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပြီ"
"အဲဒီလိုဆိုရင် ပြောင်းပြန် ပြန်တွေးကြည့်မယ်ဆိုရင်... မျိုးရိုးဗီဇမြေပုံ ပြည့်စုံနှုန်း အလွန်မြင့်မားတဲ့ သန္ဓေပြောင်း သားရဲတစ်ကောင်ရဲ့ သွေးတွေဆိုရင်... ပိုများတဲ့ မျိုးရိုးဗီဇမျိုးစေ့တွေကို သန့်စင်ထုတ်ယူလို့ ရနိုင်တယ် မဟုတ်ဘူးလား"
ထိုအချက်ကို တွေးမိသွားချိန်တွင် လင်းယွမ်က မျက်စိရှေ့ရှိ ဧရာမ သွေးရေခဲလွှာကြီးကို ပြန်ကြည့်လိုက်ရာ ချက်ချင်းပင် သူ၏ မျက်လုံးများထဲ၌ ဝမ်းသာအားရ ဖြစ်မှုများ ထွက်ပေါ်လာတော့သည်။
"ရေပေါ်ကျွန်း ဧရာမအလောင်းကြီးက... ရေခဲဓာတ် မျိုးရိုးဗီဇမြေပုံ ပြည့်စုံနှုန်း အလွန်မြင့်မားတဲ့ သန္ဓေပြောင်း သားရဲတစ်ကောင် ဖြစ်နေတာ သေချာတယ်"
"သူ့ခန္ဓာကိုယ်ထဲက သွေးတွေကနေ သန့်စင်နှုန်းမြင့်တဲ့ မျိုးရိုးဗီဇမျိုးစေ့တွေကို... သန့်စင်ထုတ်ယူလို့ ရနိုင်တယ် မဟုတ်ဘူးလား"
ထိုအတွေး ထွက်ပေါ်လာသည်နှင့် လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။ မျက်စိရှေ့၌ သူ နှလုံးအမြူတေကို ရှာဖွေတူးဖော်နေခြင်းကို အဟန့်အတား ဖြစ်စေသည်ဟု ထင်ရသော ဤသွေးရေခဲလွှာများက အမှန်တကယ်တော့ မျိုးရိုးဗီဇမျိုးစေ့ အပုံလိုက်ကြီး ဖြစ်နေသည်ကိုပင်။
ထိုအခိုက်အတန့်တွင် လင်းယွမ်၏ စိတ်ထဲ၌ အလွန်အမင်း ဝမ်းသာသွားပြီး ဤသွေးရေခဲတုံးများ အားလုံးကို အလျင်အမြန် စတင် စုဆောင်းလိုက်တော့သည်။
"ဒီရေခဲတုံးတွေ အောက်မှာ သွေးရေခဲ ဘယ်လောက်တောင် ရှိနေမလဲ မသိနိုင်ဘူး... အားလုံးကို စုဆောင်းပြီး သင့်တော်တဲ့ သန့်စင်နည်းကို ရှာတွေ့ခဲ့မယ်ဆိုရင် မျိုးရိုးဗီဇမျိုးစေ့ အများကြီးကို ရနိုင်မှာပဲ"
လင်းယွမ်က စိတ်ထဲမှ ကြည်နူးသွားသည်။ အကယ်၍ မျိုးရိုးဗီဇမျိုးစေ့ အမြောက်အများကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပါက ထိုက်ယန်တောင်မှ အဖွဲ့သားများအတွက် အဆင့်တက်နိုင်မည့် နည်းလမ်း ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်ကျလျှင် ထိုက်ယန်တောင်၏ ခွန်အားက ကြီးမားသော အတိုင်းအတာ တစ်ခုအထိ မြင့်တက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။ နှလုံးအမြူတေကို မလုယူနိုင်ခဲ့လျှင်တောင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အလားအလာရှိသော ခြိမ်းခြောက်မှုများကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။
ထို့ပြင် နှလုံးအမြူတေကို ရှာဖွေရာတွင်လည်း ဤသွေးရေခဲများကို ကြိုတင်၍ ရှင်းလင်းပစ်ရန် လိုအပ်ပေသည်။
ထို့ကြောင့် လင်းယွမ်က ရေခဲတူးဖော်သော သတ္တုတွင်းလုပ်သား တစ်ယောက်အဖြစ် အသွင်ပြောင်းကာ သွေးရေခဲများကို ရူးသွပ်စွာ စတင် တူးဖော်တော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ပစ္စည်းသိုလှောင်ခန်း ရှိနေပြီး ဤသွေးရေခဲများကို သယ်ဆောင် သိမ်းဆည်းထားနိုင်သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက အပြင်သို့ သယ်ထုတ်ရန် တကယ်ကို မလွယ်ကူလှပေ။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး တစ်နာရီကျော်ခန့် ကြာပြီးနောက် လင်းယွမ်က ဧရာမ တွင်းကြီးတစ်ခုကို တူးဖော်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော နာရီဝက်ခန့်ကတည်းကပင် သူက နှလုံးခန်း၏ အသားတုံးများရှိရာသို့ တူးဖော်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က နှလုံးခန်း၏ အသားတုံးများအတိုင်း လိုက်ကာ ပတ်ပတ်လည်သို့ ဆက်လက် တူးဖော်ပြီး သွေးရေခဲများကို စုဆောင်းလိုက်သည်။
လင်းယွမ်က တစ်ဖက်မှ တူးဖော်နေရင်း တစ်ဖက်မှလည်း စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
အပြင်ဘက်မှ အခြေအနေများ မည်သို့ရှိနေမည်ကို သူ မသိနိုင်ချေ။ မြေမိခင်ဂိုဏ်းနှင့် မြူခိုးမြို့တော်သခင်တို့ တိုက်ခိုက်နေကြပြီလား ဆိုသည်ကိုလည်း သူ မသိပေ။
သူ ခေါ်လာခဲ့သော လူတစ်စုက မြူခိုးမြို့တော်တွင် ကျန်ရစ်နေခဲ့သေးသလား ဆိုသည်ကိုလည်း သူ မသိရပေ။
ထို့ကြောင့် နှလုံးအမြူတေကို အမြန်ဆုံး ရှာဖွေပြီး ဤအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မီ ပြန်သွားရမည် ဖြစ်သည်။
သို့သော် ယခု ဤနေရာသို့ ရောက်လာပြီးမှ ဤသွေးရေခဲများကို လျစ်လျူရှုပြီး ဒီအတိုင်း လှည့်ထွက်သွားရန်မှာ မဖြစ်နိုင်ပေ။
သို့ရာတွင် ဤနေရာ၌ သွေးရေခဲများက များပြားလွန်းလှရာ သူတစ်ယောက်တည်း အားထားပြီး တူးဖော်နေရမည် ဆိုပါက မည်သည့်အချိန်ကျမှ ပြီးဆုံးမည်ကို မသိနိုင်ချေ။
လင်းယွမ်၏ စိတ်အစဉ်က လျင်မြန်စွာ လည်ပတ်နေပြီး မည်သို့သော နည်းလမ်းရှိမည်ကို စဉ်းစားနေသည်။
"ဝုန်း"
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ရေခဲလွှာအောက်တွင် ရှိနေသော လင်းယွမ်က ထိတ်လန့်တုန်လှုပ်သွားသည်။
သူက အလျင်အမြန် ခေါင်းမော့ကာ ခေါင်းပေါ်ရှိ ရေခဲဂူကို မော့ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ပထမဆုံး အချိန်မှာပင် အပေါ်သို့ ပျံတက်သွားခဲ့သည်။
မြည်ဟည်း ပေါက်ကွဲသံက ဘယ်ဘက်ခြမ်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လင်းယွမ်က ချက်ချင်း ပြေးသွားကာ နေရာတစ်နေရာရှိ ရေခဲနံရံကို ကြည့်လိုက်သည်။
သို့သော် ထိုရေခဲနံရံပေါ်တွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိသော်လည်း တုန်ခါသွားသည့် လက္ခဏာများက သိသိသာသာ ပေါ်လွင်နေသည်။
လင်းယွမ်က သူ၏နားကို ရေခဲနံရံပေါ် ကပ်ကာ နားထောင်ကြည့်လိုက်သည်။
သဲ့သဲ့လေး ကြားလိုက်ရသည်မှာ ရေခဲနံရံ၏ အတွင်းဘက်တွင် ပြင်းထန်သော တိုက်ပွဲမြည်ဟည်းသံများ ထွက်ပေါ်နေပုံရသည်။
"ဘေးခန်းမှာ လူတွေရှိတယ်"
လင်းယွမ်က စိတ်ထဲတွင် အံ့သြသွားသည်။ ဤနှလုံး၏ ဘေးနားတွင် မည်သို့လုပ်၍ နောက်ထပ် နေရာတစ်ခု ရှိနေရသနည်း။ မည်သည့် အင်္ဂါအစိတ်အပိုင်းများ ဖြစ်နေမည်နည်း။
မဟုတ်သေး... ဤရေပေါ်ကျွန်း ဧရာမအလောင်းကြီး၏ အင်္ဂါအစိတ်အပိုင်းများက အလွန်တရာ ကြီးမားလှရာ မည်သည့် အင်္ဂါအစိတ်အပိုင်းမဆို ကြီးမားသော နေရာလွတ်ကြီးတစ်ခု ဖြစ်နေနိုင်သည်။
ဤအင်္ဂါအစိတ်အပိုင်းများ၏ အသားနံရံများက ပေပေါင်းများစွာမှသည် ပေရာချီ အထိပင် အထူရှိနိုင်ပေသည်။
ဤဘေးခန်းမှ လှုပ်ရှားမှုများက မည်သို့လုပ်၍ ဤမျှ လွယ်လွယ်ကူကူ ရောက်လာနိုင်မည်နည်း။
လင်းယွမ်၏ စိတ်ထဲတွင် အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိသွားသည်။
"မဟုတ်သေးဘူး... နှလုံးထဲမှာရော နေရာလွတ်တွေ အများကြီး ရှိမနေနိုင်ဘူးလား"
"ဇီဝဗေဒ သင်ခန်းစာမှာ သင်ခဲ့ဖူးတာကို ငါ မှတ်မိသေးတယ်... လူတွေရဲ့ နှလုံးက ဘယ်နဲ့ညာ နှလုံးခန်းဆိုပြီး ခွဲထားတာပဲ"
"ဒီရေပေါ်ကျွန်း ဧရာမအလောင်းကြီးရဲ့ နှလုံးကရော ဘယ်ညာ ခွဲထားတာများလား"
လင်းယွမ် တွေးလေလေ ဖြစ်နိုင်ခြေ များလေလေဟု ခံစားရသဖြင့် ချက်ချင်းပင် နံရံပေါ်ရှိ ရေခဲတုံးများကို အလျင်အမြန် စတင် တူးဖော်တော့သည်။
ဘေးခန်းမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများက မြေမိခင်ဂိုဏ်းမှ လူများ ဤနေရာသို့ ရောက်လာပြီး မြူခိုးမြို့တော်သခင်၏ လူများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ဖို့ များပြားလှသည်။
"ဒီနှလုံးအမြူတေက ငါ့ဘက်မှာ ရှိနေတာလား... ဘေးခန်းမှာ ရှိနေတာလားဆိုတာ မသိရသေးဘူး"
လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်သည်။ ဟိုဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီဆိုတော့ အရေးကြီးသည့် အရာတစ်ခုခုကို ရှာတွေ့သွား၍များလား။
ထိုသို့မဟုတ်ပါက တိုက်ရိုက်ကြီး တိုက်ပွဲဖြစ်ပွားရန် အကြောင်းမရှိပေ။
ထိုသို့တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်းပင် နံရံပေါ်ရှိ ရေခဲတုံးများကို အလျင်အမြန် စတင် တူးဖော်လိုက်တော့သည်။
မကြာမီမှာပင် တွင်းပေါက်တစ်ခုကို တူးဖော်နိုင်ခဲ့ပြီး အတွင်းဘက်သို့ တောက်လျှောက် ဆက်တူးသွားရာ လျင်မြန်စွာပင် ပေနှစ်ဆယ်ကျော် အထူရှိသော ရေခဲဂူတစ်ခုကို တူးဖော်နိုင်ခဲ့ပြီးမှသာ ရေခဲလွှာ အတွင်းဘက်ရှိ နှလုံးအသားနံရံကို မြင်တွေ့လိုက်ရသည်။
လင်းယွမ်က သူ၏ခန္ဓာကိုယ်တွင်းရှိ အစွမ်းကို ချက်ချင်း လည်ပတ်စေလိုက်ရာ သူ၏ လက်နှစ်ဖက်အထက်တွင် အမည်းရောင် သင်္ကေတများ တောက်ပလာပြီး အမည်းရောင် အဆိပ်ပြင်းသော အရည်များ အမြောက်အမြား ထွက်ပေါ်လာသည်။
သူက အသားနံရံကို အလျင်အမြန် အရည်ပျော်စေလိုက်သည်နှင့်တစ်ပြိုင်နက် ရှဲခနဲ ရှဲခနဲ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
မကြာမီမှာပင် အသားနံရံက အရည်ပျော်သွားပြီး ဧရာမ အသားတွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လင်းယွမ်က ချက်ချင်းပင် ပစ္စည်းသိုလှောင်ခန်းထဲမှ သင့်တော်မည့် ဝူပိုဆာစလာ စေးကပ်အရည်များကို ထုတ်ယူလိုက်သည်။
ထိုအသားတွင်းထဲမှ မီးခိုးငွေ့များ ချက်ချင်း ထွက်ပေါ်လာပြီး အရည်ပျော်ကျသွားသော အသံများက တရှဲရှဲ မြည်ဟည်းနေသည်။
လင်းယွမ်က အလျင်အမြန် နောက်ဆုတ်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။
သို့သော် ထိုအငွေ့ပျံသွားသော မီးခိုးငွေ့များ အားလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ပြင်းမှုများ ပါဝင်နေသဖြင့် ပတ်ပတ်လည်ရှိ အသားနံရံများနှင့် ရေခဲလွှာများကို လျင်မြန်စွာ အရည်ပျော်ကျသွားစေသည်ကို မြင်လိုက်ရသည်။
မကြာမီတွင် မီးခိုးငွေ့များ ပြယ်လွင့်သွားပြီးနောက် လင်းယွမ်က တစ်ဖက်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲသံများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
သူက ရုတ်တရက် ဝင်ရောက်မသွားဘဲ အဆိပ်ပြင်း အရည်များ လုံးဝ ခန်းခြောက်သွားသည်အထိ စောင့်ဆိုင်းနေလိုက်ပြီးမှ လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် ကျောက်အကြေးခွံအကာအကွယ်တို့ကို ဖွင့်ကာ အသားနံရံထဲသို့ သတိထား၍ ဝင်ရောက်သွားသည်။
အသားနံရံ၏ အတွင်းဘက် မြေပြင်ပေါ်တွင် အရည်ပျော်ပြီးနောက် ကျန်ရစ်နေသော စေးကပ်ကပ် အရည်များ အပြည့်ရှိနေပြီး အရည်ပျော်ပြီးနောက် ထွက်ပေါ်လာသော ပြင်းထန်သည့် အပူငွေ့များလည်း ရှိနေသည်။
လင်းယွမ်က ထိုစေးကပ်အရည်များကို နင်းဖြတ်မသွားပေ။ ဤစေးကပ်အရည်များတွင်လည်း ပြင်းထန်သော အဆိပ်ဓာတ်များ ပါဝင်နေမည်ကို သူ ကောင်းကောင်း သိထားသည်။
သူက စိတ်စွမ်းအင်ကို အသုံးပြု၍ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်ကာ စေးကပ်အရည်များ အထက်တွင် လွင့်မျောစေပြီး တွင်းထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
အဆုံးထိ လျှောက်သွားပြီးနောက်တွင် အရှေ့ဘက်ရှိ အသားနံရံက ပါးလွှာသော အလွှာလေး တစ်လွှာသာ ကျန်ရှိတော့ပြီး လုံးဝ အရည်ပျော် မသွားသေးသည်ကို မြင်တွေ့လိုက်ရသည်။
ထိုပါးလွှာသော အသားနံရံ အလွှာလေးဆီမှ အလင်းရောင်များ သဲ့သဲ့လေး ဝင်ရောက်လာနေသည်။
"အလင်းရောင်ပဲ"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်းပင် ထိုအမြှေးပါးလေးကို ဖြည်းညင်းစွာ ဆုတ်ဖြဲလိုက်ပြီး ဟိုဘက်သို့ ကြည့်လိုက်သည်။
တစ်ဖက်တွင်မူ လူတစ်အုပ်ကြီးက ထိတ်လန့်တကြား အော်ဟစ်နေကြသည်ကို မြင်လိုက်ရပြီး ဧရာမ ရေခဲဂူ ခန်းမကြီးက သူ၏ဘက်ရှိ ရေခဲဂူ ခန်းမကြီးထက် နှစ်ဆကျော်ခန့် ပိုမိုကြီးမားနေသည်။
ယခုအချိန်တွင် ထိုရေခဲဂူ ခန်းမကြီး၏ နံရံများပေါ်၌ တူးဖော်ထားသော သဲလွန်စများ ရှိနေသည်။
အသားနံရံပေါ်တွင် ချိတ်ဆွဲထားသော မီးဆိုင်းအချို့က ဤနေရာကို လင်းထိန်နေစေသည်။
အောက်ဘက်ရှိ ရေခဲလွှာများကိုလည်း တူးဖော်ထားပြီး အိမ်များ ဆောက်လုပ်ထားသော နေရာများစွာလည်း ရှိနေသည်။
ကြွက်သားအဖုအထစ်များနှင့် လူမိုက်များစွာက လက်ထိတ်၊ ခြေကျင်း စသည်တို့ကို ခတ်ထားလျက် အနီးအနားရှိ တွင်းပေါက်များထဲတွင် ပုန်းအောင်းနေကြသည်။
အဝေးရှိ ဗဟိုချက် နေရာတွင်မူ လူတစ်စုက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် စွမ်းအင်များ ပေါက်ကွဲထွက်လာသော အလင်းတန်းများက ဆက်တိုက် တောက်ပနေပြီး ပြင်းထန်သော ပေါက်ကွဲသံများကလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ထိုအလင်းတန်းများထဲတွင် မြေဝါရောင် အလင်းစက်ဝန်းများ အမြောက်အမြား ပါဝင်သလို ရေခဲပြာရောင် အလင်းတန်းများစွာလည်း ပါဝင်နေသည်။
မီးတောက်များ လောင်ကျွမ်း ပေါက်ကွဲနေသည်များလည်း အနည်းအကျဉ်း မဟုတ်ဘဲ အလင်းရောင်များ အရပ်မျက်နှာ အနှံ့အပြားသို့ ဖြာထွက်နေကာ အလွန်တရာ အန္တရာယ်များလှသည်။
အနီးအနားတွင် အလောင်းများစွာ လဲကျနေပြီး မှားယွင်းထိခိုက်မိသွားသော လူများ ဖြစ်ပုံရသည်။
လင်းယွမ်က ထိုလူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက မလှမ်းမကမ်းရှိ တွင်းပေါက်များဆီသို့ ရောက်သွားသည်။
ထိုအကြီးဆုံး တွင်းပေါက်ကြီးထဲတွင် အမျိုးသားတစ်ယောက်က လေဟာနယ်ထဲ၌ တင်ပျဉ်ခွေ ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် အလင်းတန်းများ လှည့်ပတ်နေပြီး ရေခဲပြာရောင် နတ်ဘုရားအလင်းတန်းများက ဧရာမ အစီအရင် အကာအကွယ်စက်ကွင်းကြီး တစ်ခုအဖြစ် စုစည်းသွားသည်။
မြူခိုးတန်းများက သူ၏ ပတ်ပတ်လည်တွင် ဖုံးလွှမ်းနေပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သည့် ပုံပေါက်နေသည်။
ယခုလက်ရှိ တိုက်ပွဲအခြေအနေအရ ကြည့်မည်ဆိုလျှင် အဝါရောင် ဝတ်စုံများ ဝတ်ဆင်ထားသော မြေမိခင်ဂိုဏ်းမှ လူများက ထိုလူရိပ်ရှိရာသို့ အဆက်မပြတ် ဝင်တိုက်နေကြသည်။
ထိုရေခဲချပ်ဝတ်စစ်သည်များနှင့် အစွမ်းပိုင်ရှင် အချို့ကမူ ထိုမြေမိခင်ဂိုဏ်းမှ လူများကို ထိုသူအနားသို့ မကပ်နိုင်စေရန် အစွမ်းကုန် တားဆီးနေကြသည်။
"အဲ့ဒီလူက မြူခိုးမြို့တော်သခင် ချန်ယွင်တောက်လား"
လင်းယွမ်က မြူခိုးများ ဖုံးလွှမ်းနေသော ထိုရေခဲပြာရောင် အစီအရင် အကာအကွယ်စက်ကွင်းကြီးကို စူးစိုက်ကြည့်နေရင်း နက်ရှိုင်းစွာ တွေးတောနေသည့် အမူအရာ ပေါ်ထွက်လာတော့သည်။
ဆက်ရန်...
အပိုင်း(၄၂၄) ခေါင်းဆောင်ချိုး
"သူက ချန်ယွင်တောက်လား"
ထိုသူ၏ မျက်နှာအစစ်အမှန်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း လင်းယွမ်တွင် ပြင်းထန်သော အလိုအလျောက် သိစိတ်တစ်ခု ရှိနေသည်။
မြူခိုးများ ဖုံးလွှမ်းနေသော ထိုသူက ချန်ယွင်တောက်ပင် ဖြစ်သည်။
တစ်ဖက်လူက ဘာလုပ်နေတာလဲ။
လင်းယွမ်၏ စိတ်ထဲတွင် သံသယများ ချက်ချင်း ပေါ်ထွက်လာသည်။
အောက်ဘက်ရှိ လူများက မိုးကွဲမတတ် အော်ဟစ်ကာ သေမလား ရှင်မလား တိုက်ခိုက်နေကြသည်။
ဤလူက ဘာကြောင့် မတုန်မလှုပ်ဘဲ ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်နေရသနည်း။
ထို့ပြင် ရေခဲလှိုဏ်ခေါင်းထဲတွင် ပုန်းအောင်းနေသော အောက်ဘက်ရှိ လူများက ဘာကြောင့် ခြေချင်းများ ခတ်ခံထားရသနည်း။
သံသယမျိုးစုံ ဖြတ်ပြေးသွားပြီးနောက် လင်းယွမ်က အသားမြှေးပါးထဲမှ တိတ်တဆိတ် တိုးထွက်လာကာ ထိုအသားမြှေးပါးကို လှည့်၍ ထပ်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားကာ အသားမြှေးပါးကို ဖုံးအုပ်ရန် ရေစီးကြောင်းများကို အသံတိတ် ဖန်တီးလိုက်သည်။
မကြာမီ ရေစီးကြောင်းများက လျင်မြန်စွာ အေးခဲသွားပြီး အလွန် ထူထဲသော ရေခဲတုံးများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ရေခဲလွှာများနှင့် တစ်သားတည်း ပေါင်းစပ်သွားသဖြင့် အပေါက်အပြဲများကို လုံးဝ မမြင်နိုင်တော့ပေ။
ထို့နောက် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ လက်ထိတ်တစ်စုံနှင့် ခြေကျင်းတစ်စုံကို ထုတ်ယူလိုက်ပြီး မိမိကိုယ်ကို ဖရိုဖရဲဖြစ်အောင် လုပ်ကာ လျင်မြန်စွာ ပြေးလွှားလိုက်သည်။
သူ၏ ဟန်ပန်က ယိမ်းယိုင်နေပြီး အလွန် သနားစရာကောင်းပုံ ပေါက်နေသည်။
မည်သူကမျှ သူ့ကို သတိမထားမိကြပေ။
မကြာမီမှာပင် လင်းယွမ်က ရေခဲလှိုဏ်ဂူတစ်ခုထဲသို့ ခုန်ဆင်းသွားသည်။
ဤနေရာတွင် ခြေကျင်းခတ်ခံထားရသော လူသန်ကြီးများ ပြည့်နှက်နေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အရိပ်အယောင်များ ရှိနေကြသည်။
လင်းယွမ် ပြုတ်ကျလာသည်ကို မြင်သောအခါ လူအားလုံးက ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
သူ၏ လက်နှင့် ခြေထောက်များတွင် သံကြိုးများ ခတ်ထားသည်ကို မြင်သောအခါ သူတို့က သက်ပြင်းချလိုက်မိကြသည်။
လူတစ်ယောက်က လာ၍ သူ့ကို တွဲကူပေးလိုက်ပြီး ပြောလိုက်သည်။ "ညီလေး... မင်း အဆင်ပြေရဲ့လား"
လင်းယွမ်က ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။ "အဆင်... အဆင်ပြေပါတယ်"
"ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ"
"အခု သူတို့ တိုက်ပွဲဖြစ်နေကြပြီ... ဒါက ငါတို့ ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
"ပြေးမယ်ဟုတ်လား... ဘယ်ကို ပြေးမှာလဲ... ဒီမြေအောက်က အရမ်းကျယ်တာ... ငါတို့ ဝင်လာတုန်းက မျက်လုံးတွေ အုပ်ခံထားရတော့ ဘာမှ မမြင်ခဲ့ရဘူးလေ... အပြန်လမ်းကိုတောင် မသိတာ"
"ထွက်မပြေးကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲကွ"
"ဟုတ်တယ်... ငါတို့က ဒီနေရာမှာ ချန်ယွင်တောက်အတွက် သွေးရေခဲတွေကို တူးပေးရင်း တစ်သက်လုံး အလုပ်ကြမ်းသမားတွေ လုပ်နေရတော့မှာလား"
"ဒါပေမဲ့ ထွက်သွားလို့ရော ဘာထူးမှာလဲ... အပြင်မှာက ရေကြီးနေတာလေ... ဒီကျွန်းကနေ ထွက်သွားရင် ငါတို့မှာ နေစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး"
"သောက်ခွေးကောင်... မင်းက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ငါတို့က ဘာပဲဖြစ်ဖြစ် အစွမ်းပိုင်ရှင်တွေလေ... အပြင်ရောက်ရင် ဘယ်လိုလုပ် အသက်မရှင်နိုင်ဘဲ နေမှာလဲ"
"ခေါင်းဆောင်ချိုး... ခင်ဗျား တစ်ခုခု ပြောပါဦး"
လူတစ်ယောက်က ရုတ်တရက် ခေါင်းလှည့်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အော်ပြောလိုက်သည်။
လင်းယွမ်ကလည်း ဘေးတစောင်း လှမ်းကြည့်လိုက်ရာ ထိုလူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်က ကြီးမားခိုင်ခံ့ပြီး မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးများ အလွန် ရှည်လျားနေကာ တစ်ကိုယ်လုံးရှိ ကြွက်သားများက ဖုထစ်နေပြီး အလွန် သန်မာသောပုံ ပေါက်နေသည်ကို သတိပြုမိသွားသည်။
ဤအဖွဲ့ထဲတွင် သူ၏ နေရာက မနိမ့်ကျပုံရပြီး လူအားလုံးက သူ့ကို မော့ကြည့်နေကြသည်။
လူတိုင်းက သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပုံရသည်။
ထိုခေါင်းဆောင်ချိုး၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ကာ ရုတ်တရက် လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။
သူက စကားစပြောလိုက်သည်။ "ညီလေး... မင်းက မျက်နှာစိမ်းပါလား"
လင်းယွမ်၏ စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားသည်။ ဤနေရာတွင် လူအများကြီး ရှိနေသည်ကို ဤလူလတ်ပိုင်းက လူတိုင်းကို သိနေတာလား။
သူက အတွေးတစ်ခု ဝင်လာကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "ကျွန်တော် ဝင်လာတာ သိပ်မကြာသေးဘူး"
"အော်... မင်းက အသစ်ရောက်လာတဲ့ အသုတ်ထဲကလား... မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ" လူလတ်ပိုင်း အမျိုးသားက ချက်ချင်း ဆက်မေးလိုက်သည်။
လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ ဤလူက ဤမျှအထိ သတိထားတတ်လိမ့်မည်ဟု မထင်ထားပေ။
သူက တစ်ခဏမျှ ကောင်းမွန်သော ဆင်ခြေတစ်ခုကို စဉ်းစားမရဖြစ်ကာ တိတ်ဆိတ်နေစဉ် အခြားသူများက သူ့ကို ကြည့်သော အကြည့်များထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ထိုအချိန်မှာပင် ဝုန်းခနဲ အသံနှင့်အတူ လှိုဏ်ဂူအပေါက်ဝမှ လူရိပ်တစ်ခု ပြုတ်ကျလာသည်။
လင်းယွမ်က လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ပေလေးဆယ်ကျော် အကွာသို့ ပေါ့ပါးစွာ ခုန်ထွက်သွားသည်။
ကျလာသော လူက ရင်အုပ်ကာ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး ရေခဲပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဝုန်းခနဲ အသံနှင့်အတူ ရေခဲလွှာများ ပေါက်ကွဲထွက်သွားသည်။
ထိုသူက သွေးများ အန်ကျလာပြီး တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသော အသံများ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက်ချွန်များစွာ စိုက်ဝင်နေပြီး ယခုအချိန်တွင် အသက်ရှူရပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
"ကျိုးကျားဟွာ"
"တပ်မှူးကျိုး"
လူတစ်ယောက်က ထိုရေခဲချပ်ဝတ်စစ်သည်ကို မှတ်မိသွားပြီး ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်သည်။
ထိုခေါင်းဆောင်ချိုးပင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။
သို့သော် နောက်တစ်ခဏတွင် သူက လင်းယွမ်ကို ရုတ်တရက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းများ တလက်လက် တောက်ပနေကာ ပြောလိုက်သည်။ "မင်းက ဘယ်သူလဲ"
လင်းယွမ်က အပိုစကားများ မပြောဘဲ အော်ပြောလိုက်သည်။ "ကျွန်တော်က ဘယ်သူလဲဆိုတာ ဒီလောက်တောင် အရေးကြီးလို့လား... ကျွန်တော်တို့ အတူတူ ဒီကနေ ထွက်သွားဖို့ နည်းလမ်း ရှာသင့်တာ မဟုတ်ဘူးလား"
"ငါတို့က မင်းကို ဘယ်လို ယုံရမှာလဲ" ခေါင်းဆောင်ချိုးက ချက်ချင်း အော်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းယွမ်က စကားတစ်ခွန်းမှ မပြောဘဲ မြေပြင်ပေါ်ရှိ ရေခဲပေါက်ချွန်းတစ်ခုကို ကောက်ကိုင်ကာ မြေပြင်ပေါ်ရှိ ထိုရေခဲချပ်ဝတ်စစ်သည်၏ ခေါင်းကို အားကုန် ရိုက်ချလိုက်သည်။
"ဒုန်း"
ရေခဲချပ်ဝတ်စစ်သည်က အစကတည်းက အသက်ငင်နေပြီဖြစ်ရာ ယခု လင်းယွမ်၏ ပေါက်ချွန်းဖြင့် ရိုက်ချခံလိုက်ရသောအခါ တစ်ခဏချင်းအတွင်း ခေါင်းက ခွပ်ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။
နေရာအနှံ့ သွေးများ ပန်းထွက်ကုန်သည်။
ဤလုပ်ရပ်က ပတ်ဝန်းကျင်ရှိ လူများကို ရုတ်တရက် ထိတ်လန့်သွားစေပြီး အလျင်အမြန် နောက်ဆုတ်သွားကြသည်။
ထိုခေါင်းဆောင်ချိုးက ပို၍ပင် အံ့အားသင့်သွားပြီး လင်းယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
လင်းယွမ်က ခေါင်းမော့ကာ ခေါင်းဆောင်ချိုးနှင့် အခြားသူများကို ကြည့်ရင်း မေးလိုက်သည်။ "ဘယ်လိုလဲ... အခု ကျွန်တော့်ကို ယုံလို့ရပြီလား"
"အနည်းဆုံးတော့ ကျွန်တော်က မြူခိုးမြို့တော် သခင်ရဲ့ လူ မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပြီ မဟုတ်လား"
ခေါင်းဆောင်ချိုးက ရုတ်တရက် ဘာမှ ပြောစရာ မရှိတော့ဘဲ လင်းယွမ်ကို စိုက်ကြည့်လိုက်ပြီး ဆက်၍ မမေးတော့ပေ။
လင်းယွမ်၏ စွမ်းအားက အားမနည်းကြောင်း သူ သိမြင်နိုင်ပြီး ယခုအချိန်တွင် ပြဿနာဖြစ်ကာ တိုက်ခိုက်မည်ဆိုပါက ရေခဲချပ်ဝတ်စစ်သည်များ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်မိသွားမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် သူက အနည်းငယ် ရပ်တန့်သွားပြီးနောက် အသံနိမ့်နိမ့်ဖြင့် ချက်ချင်း ပြောလိုက်သည်။ "ကောင်းပြီ... လောလောဆယ်တော့ မင်းကို ယုံလိုက်မယ်"
ထိုသို့ပြောပြီးနောက် သူက လင်းယွမ်ကို ဆက်၍ ဂရုမစိုက်တော့ဘဲ လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ... အခု အဝါရောင်ဝတ်စုံနဲ့ လူတွေက ဘယ်ကလာမှန်း မသိပေမယ့် ရေခဲချပ်ဝတ်စစ်သည်တွေနဲ့ မြူခိုးမြို့တော် သခင်ကို လာတိုက်တာဆိုတာ သေချာတယ်"
"အခု ငါတို့ကို စောင့်ကြည့်နေတဲ့ ရေခဲချပ်ဝတ်စစ်သည်တွေရော မြူခိုးမြို့တော် သခင်ရောက သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်တော့ဘူး... ဒါက ငါတို့ ထွက်သွားဖို့ အကောင်းဆုံး အချိန်ပဲ"
သူ၏ စကားသံ အဆုံးတွင် လူတစ်ယောက်က ချက်ချင်း မေးလိုက်သည်။ "ခေါင်းဆောင်ချိုး... ဘယ်ကို ထွက်သွားမှာလဲ"
"ဟုတ်တယ်... ခေါင်းဆောင်ချိုး... ဒီကျွန်းတစ်ခုလုံးက မြူခိုးမြို့တော် သခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ... ငါတို့ ထွက်သွားရင် ဘယ်ကို သွားလို့ရမှာလဲ"
ခေါင်းဆောင်ချိုးက ချက်ချင်း ပြောလိုက်သည်။ "ဒီကမ္ဘာကြီးက ဒီလောက်ကျယ်တာ... ဒီကျွန်းတစ်ကျွန်းတည်း ရှိတာမှ မဟုတ်တာ"
"ငါတို့ မြူခိုးမြို့တော်ကနေ ထွက်သွားပြီး သင်္ဘောတစ်စင်းရရင် ဘယ်သွားသွား မရဘူးလား"
"အနောက်ဘက်ကို သွားရင် ထိုက်ယန်တောင် ရှိတယ်... ထပ်ပြီး အနောက်ဘက်ကို သွားရင် ကွမ်ဖူ ရှိသေးတယ်... အဲဒီမှာ တောင်တွေ ပိုများတယ်"
"အဆိုးဆုံးဆိုရင်တောင် ငါတို့က အထပ်မြင့် အဆောက်အအုံတချို့ကို ရှာပြီး အရင် ခြေကုပ်ယူလို့ ရသေးတာပဲ... ဒီမှာ တစ်သက်လုံး အလုပ်ကြမ်းသမား လုပ်နေရတာထက်တော့ ပိုကောင်းတယ် မဟုတ်ဘူးလား"
"ဒါ့အပြင် ငါတို့ ဒီရက်ပိုင်း အလုပ်ကြမ်း လုပ်နေရင်း အားလုံးရဲ့ လက်ထဲမှာ သွေးရေခဲ အနည်းနဲ့အများတော့ ခိုးဝှက်ထားကြတာပဲလေ"
"ဒါက မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူဖို့ အကောင်းဆုံး ကုန်ကြမ်းပဲ... ငါတို့ လုံခြုံတဲ့ နေရာတစ်ခုကို ရှာပြီး သွေးရေခဲကို သန့်စင်လိုက်တာနဲ့ မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူနိုင်ပြီ"
"ငါတို့ မျိုးရိုးဗီဇ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်တာနဲ့ ငါတို့ကိုယ်ပိုင် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲနိုင်ပြီ"
"အဲဒီအချိန်ကျရင် ဒီကျယ်ပြောတဲ့ ကမ္ဘာကြီးထဲမှာ ငါတို့ သွားချင်တဲ့နေရာကို သွားလို့မရဘူးလား"
ခေါင်းဆောင်ချိုး၏ စကားများက အလွန် လှုံ့ဆော်မှု ကောင်းလှသည်။
လူတိုင်း၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားကာ စိတ်ဝင်စားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
လင်းယွမ်က ထိုစကားများကို ကြားသောအခါ အံ့အားသင့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို မတားဆီးနိုင်ခဲ့ပေ။
ဤခေါင်းဆောင်ချိုးက မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူသည့် နည်းလမ်းကိုတောင် သိနေတာလား။
ဤလူက ဤနေရာတွင် ပိတ်လှောင်ခံထားရသည်မှာ ကြာပြီဖြစ်၍ မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူမည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတာလား။
သို့တည်းမဟုတ် ဤလူက မြူခိုးမြို့တော် သခင်၏ လက်ထဲမှ ထိုနည်းလမ်းကို ခိုးယူသင်ယူခဲ့တာလား။
လင်းယွမ်၏ စိတ်ကူးများ ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် ဤခေါင်းဆောင်ချိုး၏ ပါးစပ်မှ ထိုက်ယန်တောင်အကြောင်းကို ပြောလိုက်သည်ကို သတိပြုမိသွားသည်။
တကယ်တော့ လင်ကျန်းမြို့တွင် လူအများအပြားက ထိုက်ယန်တောင် ရှိနေကြောင်းကို သိရှိထားကြသည်။
စွမ်းရည် အနည်းငယ် ရှိသူတိုင်းက ထိုက်ယန်တောင်သို့ သွားရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြလိမ့်မည်။
သူ ထွက်လာခဲ့သည့် ဤရက်ပိုင်းအတွင်း ထိုက်ယန်တောင်ဘက်ရှိ အခြေအနေက မည်သို့ ဖြစ်နေမည်ကို မသိနိုင်ပေ။
လင်းယွမ်၏ စိတ်ထဲတွင် မှိုင်းညို့သော တိမ်တိုက်တစ်ခု ဖုံးလွှမ်းသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။
ယခင်က ထိုက်ယန်တောင်တွင် ရှိနေစဉ် ပြင်ပအဖွဲ့အစည်း အများအပြားနှင့် အဆက်အသွယ် မရှိခဲ့သဖြင့် မိမိကိုယ်ကို ရေတွင်းထဲက ဖားတစ်ကောင်လို ဖြစ်နေကာ ပြင်ပရှိ အစွမ်းများ တိုးတက်လာသည့် အခြေအနေကို လုံးဝ မသိခဲ့ပေ။
ကွမ်ဖူဘက်တွင် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းထက်သူ အများအပြား ထွက်ပေါ်နေပြီဖြစ်သည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ဤရေပေါ် အလောင်းကောင်ကြီး ကျွန်းတွင် ဤနေရာရှိ သွေးရေခဲ သိုလှောင်မှု ပမာဏအရ ထုတ်ယူနိုင်မည့် မျိုးရိုးဗီဇမျိုးစေ့များက လုံးဝ နည်းပါးမည် မဟုတ်ပေ။
မျိုးရိုးဗီဇမျိုးစေ့ အစွမ်းထက်သူ အများအပြားကို အမြောက်အမြား လေ့ကျင့်မွေးထုတ်ပေးနိုင်သည်အထိပင် ဖြစ်သည်။
သို့သော် ဤမြူခိုးမြို့တော် သခင်၏ လက်အောက်ရှိ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းထက်သူများက များများစားစား ရှိပုံမပေါ်ပေ။
မြူခိုးမြို့တော် သခင်က လက်အောက်ငယ်သားများ ကြီးထွားလာမှုကို ဖိနှိပ်ရန် တမင်တကာ လုပ်နေခြင်းလား သို့မဟုတ် အခြား အကြောင်းအရင်းများ ရှိနေခြင်းလား ဆိုသည်ကိုတော့ မသိပေ။
ယခုအချိန်တွင် ခေါင်းဆောင်ချိုး၏ လှုံ့ဆော်မှုကြောင့် လူအားလုံးက စိတ်ဝင်စားသော အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။
ခေါင်းဆောင်ချိုးက အော်ပြောလိုက်သံကို ကြားလိုက်ရသည်။ "ငါတို့နဲ့ အတူ လိုက်ချင်တဲ့လူတွေ ထွက်လာပြီး ဒီကျိုးဆိုတဲ့ကောင်ရဲ့အလောင်းကို ဓားနဲ့ လာခုတ်ကြ"
ထိုစကားကို ကြားသောအခါ လူတိုင်းက အံ့အားသင့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို မတားဆီးနိုင်ခဲ့ပေ။
လင်းယွမ်ကလည်း ဤခေါင်းဆောင်ချိုးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သိသာထင်ရှားစွာပင် ခေါင်းဆောင်ချိုးက လူတိုင်းကို သစ္စာခံစေလိုခြင်း ဖြစ်သည်။
ဤရေခဲချပ်ဝတ်စစ်သည် တပ်မှူးကျိုးကို ဓားဖြင့် တစ်ချက် ခုတ်လိုက်ပါက အလိုအလျောက် မိမိတို့လူ ဖြစ်သွားမည်ဖြစ်သည်။
ခဏနေလျှင် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ထွက်ပြေးကြမည်ဆိုပါက အသင်းဖော်များ၏ သစ္စာဖောက်မှုကို စိုးရိမ်စရာ မလိုတော့ပေ။
ထိုသို့ မြင်သောအခါ လူသန်ကြီး အနည်းငယ်က ချက်ချင်း ထွက်လာကြသည်။
"ခေါင်းဆောင်ချိုး... ကျွန်တော် ခင်ဗျားနောက်ကို လိုက်မယ်"
"ခေါင်းဆောင်... ကျွန်တော်တို့က လီရွှေဥယျာဉ်မှာ ရှိကတည်းက ခင်ဗျားနောက်ကို လိုက်ခဲ့တာပါ... အခုတော့ ပြောစရာ မလိုတော့ပါဘူး"
"မင်းတို့က ယောကျ်ားတွေ ဖြစ်ပြီး ဒီငရဲလို နေရာကနေ ထွက်ပြေးချင်တယ်ဆိုရင် မိန်းမတွေလို တွန့်ဆုတ်မနေကြနဲ့"
လူအနည်းငယ်က ပြောဆိုနေရင်း အသီးသီး ရေခဲဓား၊ သံပေါက်ချွန်း စသည့် လက်နက်များကို ထုတ်ယူကာ အလောင်းကို သွားရောက် ဖျက်ဆီးကြသည်။
ဤမြင်ကွင်းက အခြားသူများ၏ သွေးဆူမှုကို နှိုးဆွပေးလိုက်ပြီး အသီးသီး လိုက်လံ လုပ်ဆောင်ကြသည်။
လင်းယွမ်က ဘေးတွင် ရပ်နေပြီး ထိုအချိန်၌ သူတို့ထဲမှ တစ်ယောက်ကို ကြည့်နေသည်။
ဤလူက အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းကာ အသားအရေက မည်းနက်နေပြီး ကြွက်သားများက ဖုထစ်နေရာ ခွန်အားအသားပေး အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပုံရသည်။
လင်းယွမ် ဂရုစိုက်နေသည်က ထိုသူ၏ ရုပ်ရည်သွင်ပြင် မဟုတ်ဘဲ စောစောက ထိုသူ ပြောလိုက်သည့် စကားဖြစ်သည်။
"လီရွှေဥယျာဉ်"
လင်းယွမ်၏ စိတ်ထဲတွင် အံ့သြသွားသည်။ ဤလူက လီရွှေဥယျာဉ်ကို ပြောလိုက်တာလား။
သူ မှတ်မိတာ မမှားဘူးဆိုလျှင် ချိုးရင်ယွဲ့ နေထိုင်သည့် ထိုရပ်ကွက်၏ အမည်က လီရွှေဥယျာဉ် ဖြစ်သည်။
နေပါဦး။
ချိုးရင်ယွဲ့... ခေါင်းဆောင်ချိုးလား...
လင်းယွမ်က ခေါင်းမော့ကာ မလှမ်းမကမ်းရှိ ထိုခေါင်းဆောင်ချိုးကို ချက်ချင်း ကြည့်လိုက်သည်။
ထိုသူ၏ မျက်နှာသွင်ပြင်ကို သေချာစွာ ကြည့်ရှုပြီးနောက် လင်းယွမ်၏ မျက်နှာအမူအရာက တဖြည်းဖြည်း ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"တကယ်ကို နည်းနည်း တူနေတာပဲ..."
သူ၏ စိတ်ထဲတွင် သံသယဝင်သွားသည်။ ချိုးရင်ယွဲ့၏ ပြောစကားအရ သူမ၏ ဖခင်က မြို့ထဲတွင် အဆက်အသွယ်ရှာပြီး မြူရေခဲမြို့တော်ထဲတွင် နေထိုင်ချင်နေတာ မဟုတ်ဘူးလား။
အကယ်၍ မျက်စိရှေ့မှ လူက ချိုးရင်ယွဲ့၏ ဖခင် ဖြစ်နေမည်ဆိုလျှင် သူက ဘာကြောင့် ဤနေရာတွင် အလုပ်ကြမ်းသမား လာလုပ်နေရသနည်း။
ထို့ပြင် သူသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ချိုးရင်ယွဲ့က သူတို့ ချိန်းဆိုထားသည့် နေရာသို့ သွားသောအခါ မည်သူနှင့် တွေ့နိုင်မည်နည်း။
ထို့ပြင် ယခင်က ချိုးရင်ယွဲ့ ရရှိခဲ့သော စာများကရော ဘယ်က ရောက်လာတာလဲ။
ဤလူတွင် ထွက်သွားမည့် နည်းလမ်းများ ရှိနေတာလား... ဒါကြောင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်တာလား။
တစ်ခဏချင်းအတွင်း လင်းယွမ်၏ စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်ထွက်လာသည်။
လင်းယွမ်က ထိုသူကို ရုတ်တရက် မေးမြန်းခြင်း သို့မဟုတ် အဆက်အသွယ် လုပ်ခြင်းမျိုး မလုပ်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ လီရွှေဥယျာဉ်ကလည်း အဆောက်အအုံကြီးတစ်ခု ဖြစ်ရာ အကယ်၍ ချိုး မျိုးရိုးမည်နှင့် အခြားသူများ ရှိနေပြီး ချိုးရင်ယွဲ့၏ မိသားစုနှင့် အဆင်မပြေဖြစ်နေပါက ပြဿနာကို ကိုယ်တိုင် ရှာသလို ဖြစ်သွားပေမည်။
ယခု သူက ရေခဲချပ်ဝတ်စစ်သည်ကို သတ်ဖြတ်လိုက်ပြီဖြစ်ရာ တစ်ဖက်လူ၏ ကနဦး ယုံကြည်မှုကို ရရှိသွားပြီဖြစ်၍ အခြားသော ကိုယ်ရေးအချက်အလက်များကို မပြောခြင်းက အကောင်းဆုံးဖြစ်ပြီး မလိုအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ရှောင်ကြဉ်ရမည်ဖြစ်သည်။
လင်းယွမ် ထိုသို့ တွေးနေစဉ်မှာပင် ခေါင်းဆောင်ချိုးက လျှောက်လာပြီး လင်းယွမ်ကို ပြောလိုက်သည်။ "ညီလေး... မင်း ဘယ်ကလာလဲဆိုတာ ငါ မမေးတော့ဘူး... မင်းက ရေခဲချပ်ဝတ်စစ်သည်ကို သတ်လိုက်ပြီဆိုတော့ သူတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်တာ သေချာတယ်... အခု ငါတို့ ထွက်သွားတော့မယ်... မင်း ငါတို့နဲ့ အတူတူ လိုက်မှာလား"
လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "သေချာပေါက် လိုက်မှာပေါ့"
"ကောင်းပြီ... ဒါဆို ခဏနေရင် မင်းလည်း အစီအစဉ်အတိုင်း လိုက်နာပါ... မဆင်မချင် လျှောက်မလုပ်နဲ့"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "သိပြီ... ကျွန်တော် ခေါင်းဆောင်ချိုး ပြောတဲ့အတိုင်း နားထောင်ပါ့မယ်"
ခေါင်းဆောင်ချိုးက ပြုံးလိုက်ပြီး လှည့်ကာ ဘေးနားရှိ လူအချို့နှင့် အသံတိုးတိုးဖြင့် မှာကြားလိုက်သည်။
မကြာမီ လူတိုင်းက သစ္စာခံပြီးသွားကြရာ မြေပြင်ပေါ်တွင် အသားစများသာ ကျန်ရစ်တော့သည်။
ဤရေခဲချပ်ဝတ်စစ်သည်မှာ လူရုပ်ပင် လုံးဝ မပေါ်တော့ပေ။
ခေါင်းဆောင်ချိုးက လူအုပ်ကြီးကို ပြောလိုက်သည်။ "အားလုံးပဲ... အခု ရေခဲချပ်ဝတ်စစ်သည်တွေနဲ့ မြေမိခင်ဂိုဏ်းက လူတွေ တိုက်ခိုက်နေကြတော့ ငါတို့ကို လုံးဝ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး... ငါတို့ အဖွဲ့ငယ်လေးတွေခွဲပြီး လမ်းကြောင်းဘက်ကနေ မြန်မြန် ထွက်သွားကြမယ်"
"သွေးကြောလမ်းကြောင်းက ရှုပ်ထွေးပေမယ့် ဒီလောက် ကြာတဲ့အချိန်အထိ ရေခဲချပ်ဝတ်စစ်သည်တွေ နေ့တိုင်း လျှောက်သွားနေကြလို့ ခြေရာတွေ ကျန်နေခဲ့ပြီ... ငါတို့ သူတို့ရဲ့ ခြေရာတွေအတိုင်း လိုက်ပြီး ထွက်သွားဖို့ပဲ လိုတယ်"
"အားလုံး ရှင်းရှင်းလင်းလင်း ကြားကြလား"
"ရှင်းရှင်းလင်းလင်း ကြားပါတယ်"
"ကောင်းပြီ... ဒါဆို သွားကြမယ်"
ထို့နောက် လူအုပ်ကြီးက ချက်ချင်းပင် အဖွဲ့အနည်းငယ် ခွဲကာ ရေခဲလှိုဏ်ဂူထဲမှ မတူညီသော လမ်းကြောင်းများဆီသို့ ထွက်သွားကြသည်။
ဤရေခဲလှိုဏ်ဂူကို အရပ်မျက်နှာ အနှံ့အပြားသို့ တူးဖော်ထားရာ ထိုက်ယန်တောင်၏ သတ္တုတွင်းများကဲ့သို့ ရှုပ်ထွေးနေသည်။
လင်းယွမ်က ယခုအချိန်တွင် အဖွဲ့တစ်ဖွဲ့နှင့် အတူတူ လိုက်ပါရန် ပြင်လိုက်သည်။
ရုတ်တရက် ထိုခေါင်းဆောင်ချိုးက စကားပြောလာသည်။ "ညီလေး... မင်း ငါတို့အဖွဲ့နဲ့ အတူတူ ထွက်သွားတာ ပိုမကောင်းဘူးလား... ဘယ်လိုလဲ"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ရာ ခေါင်းဆောင်ချိုး၏ ဘေးနားရှိ လူအချို့က မသိမသာ ဝိုင်းရံလာသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားကာ ပြုံး၍ ပြောလိုက်သည်။
"ဒါလည်း ကောင်းတာပဲ"
ခေါင်းဆောင်ချိုးက လင်းယွမ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
"သွားမယ်"
လူတိုင်းက သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ လက်ထိတ်များနှင့် ခြေကျင်းများကို ဆွဲဖြုတ်လိုက်ကြပြီးနောက် ရေခဲလှိုဏ်ဂူအတွင်း၌ ခေါင်းဆောင်ချိုး၏ နောက်သို့ လိုက်ကာ လျင်မြန်စွာ ဖြတ်သန်းသွားကြတော့သည်။
ဆက်ရန်...