← Chapters

အခန်း (၄၂၅-၄၂၆)

Vol. 22 Ch. 425-426

အခန်း (၄၂၅-၄၂၆)

Vol. 22 Ch. 425-426

အပိုင်း(၄၂၅) ချိုးခုံငါး သိုလှောင်အိတ်

လင်းယွမ်က ထိုလူစု၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားပြီး ရေခဲဂူထဲတွင် ဟိုကွေ့ဒီကွေ့ဖြင့် ဝင်ရောက်သွားခဲ့သည်။

အပြင်ဘက်မှ ပေါက်ကွဲသံများက ဝေးကွာသွားခြင်း မရှိဘဲ ပို၍ပင် နီးကပ်လာခဲ့သည်။

ဤအရာက လင်းယွမ်၏ မျက်နှာအမူအရာကို အနည်းငယ် ပြောင်းလဲသွားစေပြီး အရှေ့ဘက်ရှိ ခေါင်းဆောင်ချိုးကို မော့ကြည့်လိုက်သည်။

ခေါင်းဆောင်ချိုးကလည်း လင်းယွမ်၏ အကြည့်ကို ခံစားမိသွားပုံရကာ လှည့်ကြည့်လာခဲ့သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားပြီးနောက် ခေါင်းဆောင်ချိုးက ရုတ်တရက် ရယ်မောလိုက်သည်။

"ညီလေး... မင်းက ရေခဲချပ်ဝတ်စစ်သည် မဟုတ်သလို ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာ မြေမိခင်ဂိုဏ်းက လူတွေနဲ့လည်း မတူဘူး... မင်းက အပြင်ကနေ ခုမှ ဝင်လာတာမလား"

လင်းယွမ် "ကျွန်တော်က အရင်အသုတ်တုန်းက အဖမ်းခံရပြီး ပါလာတာပါ"

ခေါင်းဆောင်ချိုးက ချက်ချင်း ရယ်မောလိုက်သည်။ "ဟားဟား... ညီလေးက ဘာလို့ ဖုံးကွယ်နေရတာလဲ... အရင်အသုတ် ဖမ်းခေါ်လာတဲ့လူတွေက လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ရောက်နေတာလေ... မင်းသာ ဒီမှာ တစ်ပတ်လောက် နေခဲ့ဖူးရင် ငါက မင်းကို ဘယ်လိုလုပ်ပြီး နည်းနည်းလေးမှ မမှတ်မိဘဲ နေမှာလဲ"

လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "ခေါင်းဆောင်ချိုးက အလုပ်များတဲ့သူဆိုတော့ မေ့တတ်တာပေါ့... ကျွန်တော့်ကို မမှတ်မိတာလည်း ပုံမှန်ပါပဲ"

"ဟားဟား... ငါက အလုပ်များတဲ့သူ မဟုတ်ပါဘူး... ဒီနေရာမှာတော့ ရေခဲတူးတဲ့ အလုပ်သမားတစ်ယောက် အနေနဲ့ပဲ အသုံးချခံနေရတာပါ"

"အဲဒီ ရေခဲချပ်ဝတ်စစ်သည်တွေက ငါတို့ကို လူလို့တောင် မသတ်မှတ်ကြဘူး... ညီလေး... ငါကို အမှန်တိုင်း ပြောစမ်းပါ... မြူခိုးမြို့တော်က လုံးဝ ဖရိုဖရဲ ဖြစ်သွားပြီမလား... ဒါမှမဟုတ်ရင် မင်းက ဘယ်လိုလုပ်ပြီး ဒီကို ထွက်ပြေးလာနိုင်မှာလဲ"

ဤခေါင်းဆောင်ချိုးက အလွန် ဉာဏ်နက်လှပြီး လင်းယွမ် ဤနေရာသို့ ရုတ်တရက် ရောက်လာခြင်းကို ကြည့်ရုံဖြင့် မြူခိုးမြို့တော်တွင် ပြဿနာတက်နေပြီဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချနိုင်ခဲ့သည်။

ဤခေါင်းဆောင်ချိုးက သူ၏ထံမှ အပြင်ဘက်အခြေအနေကို စုံစမ်းချင်နေခြင်းဖြစ်ကြောင်း လင်းယွမ် သဘောပေါက်သွားသည်။

သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ရယ်မောကာ မေးလိုက်သည်။ "ခေါင်းဆောင်ချိုး... ကျွန်တော်က ခင်ဗျားကို ဖြေလိုက်ရင် ဘာအကျိုးအမြတ် ရမှာလဲ"

ခေါင်းဆောင်ချိုးက ချက်ချင်း ရယ်မောလိုက်သည်။ "ငါက ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာကို သဘောကျတယ်... နည်းနည်းလေး ပြောလိုက်တာနဲ့ တန်းသဘောပေါက်တယ်"

"မင်းလည်း အပြင်ဘက်က လှုပ်ရှားမှုတွေကို ကြားနေရတယ်မလား"

"ငါတို့ လူတစ်စုက ရေခဲချပ်ဝတ်စစ်သည်တွေနဲ့ မြေမိခင်ဂိုဏ်းတို့ရဲ့ စစ်ပွဲနယ်မြေကနေ အဝေးကို ထွက်ပြေးမသွားဘဲ... အခု မြေအောက်ကနေတစ်ဆင့် ပိုတောင် နီးကပ်အောင် သွားနေတာ"

"ဒါက ဘာလို့လဲဆိုတာ မင်း သိလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ခေါင်းဆောင်ချိုး ပွင့်ပွင့်လင်းလင်း ပြောပြပါ"

ခေါင်းဆောင်ချိုးနှင့် ဘေးနားရှိ လက်အောက်ငယ်သားများက ရယ်မောလိုက်ကြသည်။

အသားမည်းမည်းနှင့် တောင့်တင်းခိုင်မာသော အမျိုးသားက ဝင်ပြောလိုက်သည်။ "အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲလေ... တခြားလူတွေအကုန်လုံးက ထွက်ပေါက်ဆီ ပြေးနေကြတော့ ရေခဲချပ်ဝတ်စစ်သည်တွေက တွေ့တာနဲ့ သေချာပေါက် လိုက်ဖမ်းမှာပေါ့"

"တကယ်တော့ ဒီလို စစ်ပွဲဗဟိုချက်ကမှ ပိုပြီး လုံခြုံတာ"

လင်းယွမ် သဘောပေါက်သွားသော်လည်း ချက်ချင်းပင် ခေါင်းဆောင်ချိုးကို ကြည့်ကာ မေးလိုက်သည်။ "ဒီအကြောင်းပြချက် တစ်ခုတည်းကြောင့်လား... ခေါင်းဆောင်ချိုးရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းအရဆိုရင် ရေခဲချပ်ဝတ်စစ်သည်တွေ လိုက်မီလာမှာကို စိုးရိမ်နေစရာ မလိုပါဘူး"

ခေါင်းဆောင်ချိုး၏ အပြုံးက အနည်းငယ် တုံ့ဆိုင်းသွားပြီး လင်းယွမ်ကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် ပြန်လည် ရယ်မောလိုက်သည်။ "မင်းက ငါထင်ထားတာထက် ပိုပြီး ဉာဏ်ကောင်းတာပဲ"

"ငါတို့ ဒီကို အဖမ်းခံရပြီး နေ့ရောညပါ ရေခဲတုံးတွေ တူးနေရတာ ဘာကြောင့်လဲဆိုတာ မင်း သိလား"

လင်းယွမ်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။ "ဘာလို့လဲ"

ခေါင်းဆောင်ချိုးက လင်းယွမ်ကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ဒီရေခဲတုံးတွေရဲ့ အောက်မှာ သွေးရေခဲတွေ အမြောက်အမြား ရှိနေတယ်"

"သွေးရေခဲဆိုတာ ဘာလဲ မင်း သိလား"

လင်းယွမ်က ခေါင်းခါပြလိုက်သည်။ "သွေးရေခဲက ဘာလဲ"

"ဟားဟား... သွေးရေခဲဆိုတဲ့ နာမည်အတိုင်းပဲ သွေးတွေ ခဲနေတဲ့ ရေခဲတုံးတွေပေါ့"

ခေါင်းဆောင်ချိုးက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ချက်ချင်း ပြန်မေးလိုက်သည်။ "မင်းရဲ့ အဓိက အရည်အသွေးလေးရပ်က အခု ဘယ်လောက်အထိ ရောက်နေပြီလဲ"

လင်းယွမ်က စကားမပြောဘဲ နေလိုက်သည်။

ခေါင်းဆောင်ချိုးက လင်းယွမ် သူ့ကို သတိထားနေသည်ဟု ထင်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့... ငါက မင်းရဲ့ အစွမ်းကို စုံစမ်းနေတာ မဟုတ်ဘူး... မင်းက ဒီကိစ္စမှာ ပါဝင်ဖို့ တကယ် အရည်အချင်း ပြည့်မီရဲ့လားဆိုတာကို အတည်ပြုချင်ရုံပါ"

"မင်းရဲ့ အဓိက အရည်အသွေးလေးရပ်ထဲက တစ်ခုခုက ၄၅ မှတ် အထက်ကို ရောက်နေပြီဆိုရင် အခုချိန်မှာ သန္ဓေပြောင်းစွမ်းအင်တွေကို စုပ်ယူရတာ ပိုပိုပြီး ခက်ခဲလာတယ်လို့ ခံစားနေရပြီမလား"

"ဟုတ်တယ်... ကျွန်တော်လည်း အဲဒီလို ခံစားနေရတယ်" လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီးမှ အံ့သြသွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ခေါင်းဆောင်ချိုးက ချက်ချင်း ရယ်မောလိုက်သည်။ "ကြည့်ရတာ မင်းက ငါတို့နဲ့ ပူးပေါင်းဖို့ တကယ်ပဲ အရည်အချင်း ပြည့်မီတဲ့ပုံပဲ"

"အဓိက အရည်အသွေးလေးရပ်ထဲက ဘယ်အရည်အသွေးမဆို ၄၅ မှတ် အထက်ကို ရောက်သွားရင် မျိုးရိုးဗီဇ သော့ခလောက်ရဲ့ ကန့်သတ်ချက်ကို ရင်ဆိုင်ရတော့တာပဲ"

"မျိုးရိုးဗီဇ သော့ခလောက်ကို မချိုးဖျက်နိုင်ရင် အရည်အသွေး အမှတ် ၅၀ အတားအဆီးကိုလည်း ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

"ဒီမျိုးရိုးဗီဇ သော့ခလောက်ကို ဖြေရှင်းဖို့ နည်းလမ်းက တစ်ခုတည်းပဲ ရှိတယ်... အဲဒါကတော့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီး မျိုးရိုးဗီဇမြေပုံ ရေးဆွဲဖို့ပဲ"

"မျိုးရိုးဗီဇမျိုးစေ့ကို မင်း သိလား"

လင်းယွမ်က ခေါင်းခါလိုက်သည်။ "အဲဒါက ဘာလဲ"

ခေါင်းဆောင်ချိုးက ချက်ချင်း ရယ်မောလိုက်ပြီး လင်းယွမ်က အတွေ့အကြုံမရှိသူတစ်ယောက် ဖြစ်နိုင်သည်ဟု တွေးကာ သူ၏ စိတ်ထဲမှ သတိထားမှုများလည်း အနည်းငယ် လျော့ကျသွားသည်။

သူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ဆိုတာက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း တစ်ခုခုရဲ့ မျိုးရိုးဗီဇ အပိုင်းအစ ပုံဆောင်ခဲပဲ"

"ငါတို့ အစွမ်းတွေ နိုးထလာပြီးနောက်မှာ တကယ်တော့ အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ"

"အစွမ်းတွေ နိုးထလာတဲ့ အချိန်ကတည်းက ငါတို့ရဲ့ အနာဂတ် ဆင့်ကဲပြောင်းလဲမယ့် အကြမ်းဖျင်း လမ်းကြောင်းကိုလည်း သတ်မှတ်ပြီးသား ဖြစ်နေပြီ"

"ကိုယ်ပိုင် အစွမ်းတွေရဲ့ အလားအလာကို အဆက်မပြတ် ဖော်ထုတ်နေချိန်မှာ... ငါတို့ ခန္ဓာကိုယ်ထဲက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇ အစိတ်အပိုင်းတွေကို အဆက်မပြတ် ဖော်ထုတ်နေတာနဲ့ အတူတူပဲ"

"တကယ်တော့ ငါတို့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေက ကြယ်တွေလိုပဲ များပြားလွန်းတယ်... ဒါပေမဲ့ နောက်ဆုံးမှာ အသုံးတည့်တာကတော့ အဲ့ဒီအများကြီးထဲက သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ရှိတယ်"

"ဒီသေးငယ်တဲ့ အစိတ်အပိုင်းလေးကို ဖော်ထုတ်ပြီး အစွမ်းတစ်ခု ဖြစ်လာတဲ့အခါ ငါတို့က သန္ဓေပြောင်းစွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူလေလေ... အစွမ်းတွေက ပိုပိုပြီး အစွမ်းထက်လာလေလေပဲ... ငါတို့ရဲ့ မျိုးရိုးဗီဇတွေကလည်း အဆက်မပြတ် ကြီးထွားလာလိမ့်မယ်"

"ဒါပေမဲ့ လူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇက အကန့်အသတ် ရှိတယ်... အမှတ် ၅၀ လောက်ကို ရောက်လာတဲ့အခါ မျိုးရိုးဗီဇရဲ့ အလားအလာက အခြေခံအားဖြင့် ကုန်ခမ်းသွားပြီ"

"အဲဒီအချိန်ရောက်ရင် ငါတို့ရဲ့ အစွမ်းနဲ့ ကိုက်ညီတဲ့ မျိုးရိုးဗီဇတွေကို... အပြင်ဘက်ကနေ ရှာဖွေသန့်ပြီး... ပိုမို အစွမ်းထက်တဲ့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းဖို့ လိုအပ်လာတယ်"

"မျိုးရိုးဗီဇမျိုးစေ့ကို မျိုးစေ့အဖြစ်ထားပြီး... သန္ဓေပြောင်းစွမ်းအင်တွေကို အာဟာရအဖြစ်နဲ့ မျိုးရိုးဗီဇမျိုးစေ့ကို ပြုစုပျိုးထောင်ရတယ်... အဲဒီလိုနဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ် ဆက်လျှောက်၊ ကိုယ်ပိုင် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲပြီး နောက်ဆုံးမှာ ပိုမို အစွမ်းထက်တဲ့ သက်ရှိပုံစံအဖြစ် ဆင့်ကဲပြောင်းလဲသွားတာပဲ"

ဤအထိ ကြားလိုက်ရချိန်တွင် လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်၊ ဤခေါင်းဆောင်ချိုး ပြောပြသည့် သီအိုရီများက သူ ရေခဲချပ်ဝတ်စစ်သည်များထံမှ အတင်းအကျပ် မေးမြန်းထားခဲ့သည်များနှင့် အတော်လေး ဆင်တူနေသည်။

မျိုးရိုးဗီဇမျိုးစေ့၏ အခြေခံသဘောတရားမှာ အဆင့်ပိုမြင့်သော သက်ရှိများ၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ အပိုင်းအစများ၏ ပုံဆောင်ခဲပင် ဖြစ်သည်။

အစွမ်းပိုင်ရှင်များက မျိုးရိုးဗီဇမျိုးစေ့ကို စုပ်ယူပြီးနောက် သူတို့၏ မျိုးရိုးဗီဇ ပြည့်စုံမှုကို ဖြည့်ဆည်းကာ သူတို့နှင့်သက်ဆိုင်သော ကိုယ်ပိုင် မျိုးရိုးဗီဇမြေပုံကို စတင် ရေးဆွဲကြခြင်း ဖြစ်သည်။

ဤမျိုးရိုးဗီဇမြေပုံက ကိုယ်ပိုင် အစွမ်း၏ သဘာဝနှင့် ကိုက်ညီမှသာ အဆင့်တက်နိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် မီးဓာတ် အစွမ်းပိုင်ရှင်တစ်ယောက်က ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရရှိခဲ့ပါက ထိုမျိုးရိုးဗီဇမျိုးစေ့ကို စုပ်ယူသန့်စင်နိုင်မည် မဟုတ်သလို ကိုယ်ပိုင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းကာ မျိုးရိုးဗီဇမြေပုံ ရေးဆွဲရန်အတွက်လည်း ပို၍ပင် ဖြစ်နိုင်မည် မဟုတ်ပေ။

ဤသည်က အရည်အသွေးများ မကိုက်ညီခြင်းပင် ဖြစ်သည်။

သို့သော် သိသာစွာပင် ခေါင်းဆောင်ချိုးက ဤအချက်ကို ရှင်းပြလိုသည့် ရည်ရွယ်ချက် မရှိပေ။

သူက လင်းယွမ်ကို မျိုးရိုးဗီဇမျိုးစေ့၏ အံ့သြဖွယ်ကောင်းမှုနှင့် လိုအပ်ချက်ကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။

ဤအချိန်တွင် သူက လင်းယွမ်၏ မျက်နှာအမူအရာကို ပြန်ကြည့်လိုက်ရာ တကယ်ပင် လင်းယွမ်က အချိန်ကိုက် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်ကို ဖော်ပြလိုက်သဖြင့် သူ၏ နှုတ်ခမ်းစွန်းများက အနည်းငယ် ကော့တက်သွားသည်။

ခေါင်းဆောင်ချိုးက ရယ်မောကာ မေးလိုက်သည်။ "ဒါဆိုရင် မျိုးရိုးဗီဇမျိုးစေ့က ဘယ်လို ရလာလဲဆိုတာ မင်း သိလား"

လင်းယွမ်က ခေါင်းဆောင်ချိုးကို မော့ကြည့်ကာ အလောတကြီး မေးလိုက်သည်။ "ဘယ်လို ရလာတာလဲ"

"ဟားဟား... ဒီသွေးရေခဲတွေကနေ သန့်စင်ထုတ်ယူရတာပဲ"

လင်းယွမ်က ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာဖြင့် "သွေးရေခဲကနေ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူလို့ ရတယ်... ဒီသွေးရေခဲတွေက ဘာတွေလဲ... ဘာလို့ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူလို့ ရတာလဲ"

ခေါင်းဆောင်ချိုးက ပြုံးလိုက်သည်။ "ဒါက ဒီရေပေါ်ကျွန်းရဲ့ သွေးတွေလေ"

"ရေပေါ်ကျွန်းရဲ့ သွေးတွေ" လင်းယွမ်က အချိန်ကိုက်ပင် ထိတ်လန့်သွားသည့် အမူအရာကို ဖော်ပြကာ ဆက်မေးလိုက်သည်။ "ရေပေါ်ကျွန်းက ဘယ်လိုလုပ် သွေးတွေ ရှိနေတာလဲ"

ခေါင်းဆောင်ချိုးက ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာပေါ်တွင် သက်ပြင်းချလိုသော အရိပ်အယောင်များ ပေါ်လာသည်။ "မင်းက ဒီရေပေါ်ကျွန်းကို တကယ့် ကျွန်းလို့ ထင်နေတာလား... မှားတယ်... လုံးဝကို မှားနေတာပဲ... တကယ်တော့ ဒီကျွန်းက အလွန် ကြီးမားလှတဲ့ ဧရာမ သားရဲကြီးတစ်ကောင်ရဲ့ အလောင်းကောင်ကြီးပဲ"

"ဒီအလောင်းကောင်ကြီးက ဘယ်ကရောက်လာလဲဆိုတာတော့ ငါကို လာမမေးနဲ့... ငါလည်း မသိဘူး"

"အခု ငါတို့ ရောက်နေတဲ့ နေရာက မြေအောက် ထုံးကျောက်ဂူ မဟုတ်ဘူး... ဒီရေပေါ်ကျွန်း အလောင်းကောင်ကြီးရဲ့ နှလုံးထဲမှာ ရောက်နေတာ"

"ဒီနှလုံးထဲမှာ သွေးတွေ ကျန်ရစ်နေတာက သဘာဝပဲလေ... အချိန်အကြာကြီး အေးခဲနေခဲ့တော့ သွေးရေခဲတွေ ဖြစ်သွားတာပေါ့"

"သွေးရေခဲတွေကို လုံလုံလောက်လောက် တူးဖော်နိုင်မယ်ဆိုရင်... ဒီဧရာမ သားရဲကြီးရဲ့ မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူနိုင်မှာပဲ... အနာဂတ်မှာ ကိုယ်ပိုင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းချင်တယ်ဆိုရင် ဒါက အလွန် လွယ်ကူတဲ့ ကိစ္စ ဖြစ်သွားပြီလေ"

"အခု ညီလေး... မင်းက ငါတို့နောက်ကနေ လိုက်ခဲ့... လုံးဝ မဆင်မချင် မလုပ်နဲ့... ရှေ့မလှမ်းမကမ်းမှာ သွေးကန် နန်းတော် ရှိတယ်... အဲဒီမှာ သွေးရေခဲတွေ အများကြီး သိမ်းဆည်းထားတာ"

"ဒါပေမဲ့ အဲဒီနေရာက မြူခိုးမြို့တော်သခင်ရဲ့ ခြေအောက်မှာ ရှိနေတာ... နည်းနည်းလေး သတိလွတ်သွားတာနဲ့ မြူခိုးမြို့တော်သခင်ကို သွားပြီး အနှောင့်အယှက် ပေးမိလိမ့်မယ်"

"ငါက မင်းကို ကြိုတင် သတိပေးထားတာ... သိပြီလား"

လင်းယွမ်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သည့် အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။ "ခေါင်းဆောင်ချိုးရဲ့ ညွှန်ပြမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် နားလည်ပါပြီ... စိတ်ချပါ... ကျွန်တော် မြူခိုးမြို့တော်သခင်ကို လုံးဝ အနှောင့်အယှက် မပေးမိစေရဘူး"

လင်းယွမ်က ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း စိတ်ထဲတွင်မူ လှောင်ပြောင် ရယ်မောနေသည်။

ဤလူစုက ဒီလောက်တောင် သဘောကောင်းနေမှာလား။

သူတို့က သူ့ကို ဤအရာများ ပြောပြနေခြင်းမှာ အခြားသော အကြံအစည်များ ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။

သို့သော် ကိစ္စမရှိပေ၊ သွေးရေခဲ နန်းတော်သာ တကယ် ရှိနေမည်ဆိုပါက သူ့တွင် ပစ္စည်းသိုလှောင်ခန်း ရှိနေသဖြင့် အမြတ်ကြီး စားရတော့မည် ဖြစ်သည်။

ထို့နောက် ခေါင်းဆောင်ချိုးက လင်းယွမ်ကို သတိထားရန်နှင့် အသံမထွက်စေရန် အကြိမ်ကြိမ် သတိပေးပြီးမှ ဆက်လက်၍ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

သူတို့က ရှေ့သို့ ပေရာချီခန့် လျှောက်သွားပြီးနောက် အရှေ့ဘက်တွင် အလွန် ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

တွင်းနက်ကြီးထဲတွင် ဧရာမ သွေးရောင် ရေခဲတုံးကြီးများကို သိပ်သည်းစွာ စုပုံထားပြီး အလယ်ဗဟိုတွင် နန်းတော်ကြီးတစ်ခုနှင့် တူနေသည်။

ထိုပိရမစ်နှင့်တူသော သွေးရေခဲများ၏ အထက်တွင် လင်းယွမ် အစောပိုင်းက မြင်တွေ့ခဲ့ရသည့် မြူခိုးမြို့တော်သခင် ရှိနေသော ရေခဲပြာရောင် စက်လုံးပုံသဏ္ဌာန် အစီအရင်ကြီး ရှိနေသည်။

ယခုအချိန်တွင် ရေခဲမြူခိုးများက လွင့်မျောနေပြီး ထူထပ်သော ရေခဲမြူခိုးများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားကာ အစီအရင်ထဲတွင် လေပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အရပ်ရှည်ရှည် လူရိပ်တစ်ခုကိုသာ မြင်တွေ့နေရသည်။

ထိုသူက ရိုးရှင်းသော မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ၏ ဆံစပ်က နောက်သို့ ဆုတ်နေပြီး ထင်ရှားသော ဆံပင်တိုတို ညှပ်ထားသည်ကို မြင်တွေ့နိုင်ပေသည်။

ပြောစရာပင် မလိုဘဲ ဤသူက မြူခိုးမြို့တော်သခင်ပင် ဖြစ်သည်။

ဤအချိန်တွင် ခေါင်းဆောင်ချိုးက ရုတ်တရက် စကားပြောလာသည် "အားလုံး... ဘယ်လောက် ယူနိုင်မလဲဆိုတာ ကိုယ့်အရည်အချင်းပေါ်ပဲ မူတည်တယ်... ဝင်ကြ"

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လူတိုင်းက ချက်ချင်း မြူခိုးများထဲသို့ ပြေးဝင်သွားကြသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စဉ်းစားလိုက်ပြီး ချက်ချင်း ဝင်မသွားသေးပေ။

သူက တစ်ခဏမျှ စောင့်ဆိုင်းလိုက်ပြီး မြူခိုးများထဲတွင် ဘာလှုပ်ရှားမှုမှ မရှိသည်ကို မြင်မှသာ မြူခိုးများထဲသို့ ခပ်သုတ်သုတ် ဝင်ရောက်သွားခဲ့သည်။

သူက မြူခိုးများထဲသို့ ဝင်ရောက်သွားသည်နှင့် သွေးရေခဲ အမြောက်အမြားကို လျင်မြန်စွာ ထိတွေ့မိသွားသည်။

ဘေးပတ်လည်ရှိ လူများက စတင် သယ်ယူနေကြပြီ ဖြစ်သည်။

လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊ ဒီလောက်များတဲ့ သွေးရေခဲတွေ၊ အရွယ်အစားကလည်း အကြီးကြီးတွေကို၊ ဘယ်လို သယ်သွားကြမှာလဲ။

အခြားလူများက သွေးရေခဲများကို မည်သို့ သယ်ယူမည်ကို ဂရုမစိုက်ဘဲ လင်းယွမ်က ဤသွေးရေခဲများကို ပစ္စည်းသိုလှောင်ခန်းထဲသို့ အလျင်အမြန် စတင် ထည့်သွင်းလိုက်သည်။

သူ၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်လှပြီး ဧရိယာတစ်ခုလုံးရှိ သွေးရေခဲများကို အချိန်တိုအတွင်း ထည့်သွင်းပြီးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ မြူခိုးများထဲတွင် ခေါင်းဆောင်ချိုးကလည်း သူ၏ ကိုယ်ပေါ်မှ လက်ဝါးအရွယ်အစားရှိသော တွန့်ခေါက်နေသည့် အိတ်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။

သူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "မြန်မြန်လုပ်ကြ"

"စိတ်ချပါ... ခေါင်းဆောင်ချိုး" အခြားလူများက ခေါင်းညိတ်ပြလိုက်ကြသည်။

ခေါင်းဆောင်ချိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တွန့်ခေါက်နေသည့် အိတ်ငယ်လေးကို အားကုန် မှုတ်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ချက်ချင်းပင် ဝုန်းခနဲ အသံနှင့်အတူ အိတ်ငယ်လေးက လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။

အခြားလူများကလည်း သွေးရေခဲများကို အိတ်ထဲသို့ စတင် သယ်ယူထည့်သွင်းကြတော့သည်။

ထူးဆန်းသည်မှာ ထိုအိတ်ငယ်လေးကို မှုတ်လိုက်ပြီးနောက် အမြင့် သုံးပေကျော်ခန့်သာ ရှိနေခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ပေါင်ရာနှင့်ချီသော သွေးရေခဲများကို ထည့်သွင်းပြီးနောက်တွင် အနည်းငယ်မျှ ဖောင်းကားလာခြင်း မရှိဘဲ ပိန်လိန်နေဆဲပင်။

ဘယ်လောက်တောင် ထည့်လိုက်ရသည် မသိ၊ ထိုတွန့်ခေါက်နေသော အိတ်ငယ်လေးက ဖောင်းကားလာတော့သည်။

ခေါင်းဆောင်ချိုးက အလျင်အမြန် ပြောလိုက်သည်။ "ရပြီ... ထပ်ထည့်လို့ မရတော့ဘူး... လောင်မုန့်... အားရှင်း... မင်းတို့နှစ်ယောက်က ဒီသိုလှောင်အိတ်ကို သယ်ပြီး အရင်သွားကြ"

"ခေါင်းဆောင်... ခင်ဗျားကရော" အသားမည်းမည်း လူသန်ကြီး လောင်မုန့်က အလောတကြီး မေးလိုက်သည်။

ခေါင်းဆောင်ချိုးက အထက်သို့ မော့ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။ "ချန်ယွင်တောက်က ရေပေါ်ကျွန်းရဲ့ အမြူတေကို သန့်စင်နေတာ... ငါက သူ့ကို ဘယ်လိုလုပ်ပြီး အောင်မြင်ခွင့်ပေးနိုင်မှာလဲ"

"မင်းတို့ အရင်သွားကြ... ဒီသွေးရေခဲတွေကို ယူပြီး လှေတစ်စင်း ရအောင်ရှာ... ပြီးရင်ကျွန်းအပြင်ဘက်ကနေ ငါ့ကို စောင့်နေကြ"

"ခေါင်းဆောင်... ကျွန်တော် ခင်ဗျားနဲ့အတူ နေခဲ့မယ်" လောင်မုန့်က မနေနိုင်ဘဲ ပြောလိုက်သည်။

ခေါင်းဆောင်ချိုးက ခေါင်းခါလိုက်သည်။ "သိုလှောင်အိတ်က ကြည့်ရတာ မကြီးပေမယ့် သူ့ရဲ့ အခြေခံကတော့ ချိုးခုံငါးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းတွေပဲ... ပစ္စည်းတွေ အများကြီး ထည့်လို့ ရပေမယ့် အလေးချိန်က မပြောင်းလဲဘူး"

"အားရှင်း တစ်ယောက်တည်းကတော့ ထမ်းနိုင်မှာ မဟုတ်ဘူး... မင်းတို့နှစ်ယောက်စလုံးက ခွန်အားအသားပေး အစွမ်းပိုင်ရှင်တွေဆိုတော့ တစ်လှည့်စီ ထမ်းသွားမှ ရလိမ့်မယ်... မြန်မြန်သွားကြ"

လောင်မုန့်နှင့် အားရှင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး အခြားရွေးချယ်စရာ မရှိသဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့နှစ်ဦးက ထိုသိုလှောင်အိတ်ကို မကာ မြူခိုးများထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ကျန်ရှိနေသော လူအချို့ကလည်း သူတို့နှစ်ဦးကို စောင့်ရှောက်ရင်း အတူတကွ ထွက်ခွာသွားကြသည်။

ဤနေရာတွင် ခေါင်းဆောင်ချိုး တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့တော့သည်။

ခေါင်းဆောင်ချိုးက မြူခိုးများထဲသို့ လှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းစွန်းများက အေးစက်စွာ ပြုံးသွားသည်။

"ချန်ယွင်တောက်... မင်းက ငါ့ကို သွေးရေခဲတွေ ကူတူးပေးစေချင်တာပေါ့လေ... ဒါပေမဲ့ ငါ့ဆီမှာ သိုလှောင်အိတ်လိုမျိုး အစွမ်းပါတဲ့ ပစ္စည်း ရှိနေတာကိုတော့ မင်း မသိဘူးမလား... ငါက သွေးရေခဲတွေထဲမှာ သွေးသား ဗုံးတွေ အများကြီး ထားခဲ့ပြီးပြီကွ"

"မင်းရဲ့ စောက်သုံးမကျတဲ့ အကာအကွယ် အစီအရင်က ဒီလောက်များပြားတဲ့ သွေးသား ဗုံးတွေရဲ့ အစွမ်းကို ခံနိုင်ရည် ရှိမလားဆိုတာ ငါ ကြည့်ချင်သေးတယ်"

သူက အေးစက်စွာ ရယ်မောလိုက်ပြီး သွေးရေခဲတစ်တုံးပေါ်သို့ လက်နှစ်ဖက်ဖြင့် ဖိချလိုက်ရာ ချက်ချင်းပင် သူ၏ လက်ဝါးထဲမှ အနီရောင် သွေးအလင်းတန်းများ လင်းလက်လာခဲ့သည်။

ဤသွေးအလင်းတန်းများ လင်းလက်လာသည်နှင့် တစ်ပြိုင်နက် သွေးရေခဲ တစ်တုံးလုံးကလည်း ချက်ချင်း လင်းလက်လာတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ခေါင်းဆောင်ချိုးက လျင်မြန်စွာ နောက်ဆုတ်သွားပြီး ဤသွေးရေခဲများနှင့် ချက်ချင်း ဝေးရာသို့ ထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သွေးရေခဲများကို အလျင်အမြန် သယ်ယူထည့်သွင်းနေသော လင်းယွမ်က ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားကာ ရုတ်တရက် ရပ်တန့်သွားသည်။

သူက ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်ပြီး ပြင်းထန်သော သွေးသား လှိုင်းဂယက်တစ်ခုကို ခံစားမိသွားကာ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။

တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် လင်းယွမ်က နောက်သို့ ချက်ချင်း ဆုတ်ခွာသွားပြီး မြူခိုး ဧရိယာမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

"ဝုန်း"

လင်းယွမ်က မြူခိုး ဧရိယာမှ ထွက်ခွာသွားသည်နှင့် သွေးရောင် အလင်းတန်းတစ်ခုက ကျယ်လောင်သော အသံကြီးနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးကို သွေးရောင် အလင်းတန်းများ ဖုံးလွှမ်းသွားကာ ပေါက်ကွဲသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ဗြောက်အိုးများကဲ့သို့ပင် နေရာတစ်နေရာမှ ပေါက်ကွဲမှုက သွေးရေခဲ အမြောက်အမြားကိုပါ တိုက်ရိုက် ပေါက်ကွဲသွားစေခဲ့သည်။

ရေခဲဂူတစ်ခုထဲသို့ ပြေးဝင်သွားသော လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ထိုလှုပ်ရှားမှုကို မြင်သောအခါ ချက်ချင်း အံ့အားသင့်သွားသည်။

"ဘယ်က ပေါက်ကွဲတာလဲ"

ပေါက်ကွဲမှု စွမ်းအားက အလွန် ကြီးမားလှပြီး သွေးရေခဲ ပိရမစ် တစ်ခုလုံး ပေါက်ကွဲထွက်သွားကာ ဧရာမ တုန်ခါမှုလှိုင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။

အနီရောင် အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ ရေခဲတုံးများအားလုံးက အမှုန့်များအဖြစ် ပေါက်ကွဲသွားကြသည်။

ထိုပိရမစ်ကြီးက တစ်ခဏချင်းအတွင်း ပြိုကွဲသွားပြီး ဝုန်းခနဲ ပြိုကျသွားတော့သည်။

ထို့အပြင် ဧရာမ တုန်ခါမှုလှိုင်းကြီးက အထက်ရှိ ရေခဲပြာရောင် အစီအရင်ဆီသို့ တိုက်ရိုက် ဝင်တိုက်သွားသည်။

"ဝုန်း... ဝုန်း... ဝုန်း"

အစီအရင်က ကျယ်လောင်သော အသံကြီးထဲတွင် တစ်ခဏချင်းအတွင်း နစ်မြုပ်သွားပြီး ရေခဲပြာရောင် အစီအရင်ပေါ်တွင် အက်ကွဲကြောင်း သေးသေးလေးများ ချက်ချင်း ထွက်ပေါ်လာသည်။

ဆယ်စက္ကန့်ပင် မပြည့်ခင်မှာပင် ထိုအစီအရင်က ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။

၎င်း၏ အတွင်းရှိ မြူခိုးများက လှိုင်းထန်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းကြီးကြောင့် တစ်ခဏချင်းအတွင်း လွင့်စဉ်သွားကာ အတွင်းမှ မြူခိုးမြို့တော်သခင်ကို မြင်တွေ့လိုက်ရသည်။

လင်းယွမ်က အထက်သို့ မော့ကြည့်လိုက်ရာ မြူခိုးမြို့တော်သခင် ချန်ယွင်တောက်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ပတ်လည်မှ ရေခဲပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲလွှာများက အရပ်မျက်နှာ အသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို မြင်တွေ့လိုက်ရသည်။

ရေခဲလွှာများက ဧရာမ ရေခဲနံရံကြီးများကို စုစည်းသွားပြီး အလွန် ကြီးမားလှသော အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ခြေအောက်တွင် ကာကွယ်လိုက်သည်။

ထိုတုန်ခါမှုလှိုင်းကြီးက မည်သို့ပင် တိုက်ခိုက်နေပါစေ၊ ရေခဲနံရံက ကြေမွသွားပြီးနောက် တစ်ခဏချင်းအတွင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခုက အရပ်မျက်နှာ အသီးသီးသို့ လွင့်ပျံသွားခဲ့သည်။

ဆံစပ်များ အလွန်အမင်း နောက်ဆုတ်နေသော မြူခိုးမြို့တော်သခင် ချန်ယွင်တောက်၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပါဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူက အောက်ဘက်ရှိ သွေးရေခဲ နန်းတော်ကို ချက်ချင်း ကြည့်လိုက်ရာ သူ၏ မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေတော့သည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်... သောက်မြေမိခင်ဂိုဏ်း... ငါ့ရဲ့ မြူခိုးမြို့တော်ကိုတောင် ကြံစည်ရဲတယ်ပေါ့လေ"

"ဒီနေ့ မင်းတို့လူတွေ တစ်ယောက်မှ ထွက်သွားဖို့ မစဉ်းစားနဲ့"

သူက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် အောက်ဘက် မြေပြင်ဆီသို့ ဖိချလိုက်သည်။

တစ်ခဏချင်းအတွင်း ခြေအောက်ရှိ ထူထပ်သော ရေခဲလွှာများက ကျယ်လောင်စွာ တုန်ခါသွားပြီး မြေပြင်ဆီသို့ ရူးသွပ်စွာ ဖိသိပ်သွားတော့သည်။

အောက်ဘက်ရှိ သွေးသား ဗုံးများက မည်သို့ပင် ပေါက်ကွဲနေပါစေ၊ တုန်ခါမှုလှိုင်းကြီးက မည်သို့ပင် ကြမ်းတမ်းနေပါစေ၊ သူ လှုံ့ဆော်လိုက်သော ရေခဲတောင်ကြီးကြောင့် အတင်းအကျပ် ဖိနှိပ်ခံလိုက်ရသည်။

လေလှိုင်းများက အရပ်မျက်နှာ အသီးသီးသို့ အတင်းအကျပ် လွင့်စဉ်သွားပြီး အချို့အပိုင်းများက ရေခဲဂူထဲရှိ လင်းယွမ်ဆီသို့ပင် တိုက်ရိုက် လွင့်ပျံလာခဲ့တော့သည်။

ဆက်ရန်...

အပိုင်း(၄၂၆) အစွမ်းထက်လှသော မြူခိုးမြို့တော်သခင်

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က မနေနိုင်ဘဲ ရင်ထဲတွင် အံ့သြသွားတော့သည်။

"တော်တော့်ကို အစွမ်းထက်တဲ့ သန္ဓေပြောင်းစွမ်းအင် ဖိအားပဲ"

"ဒီလူရဲ့ သန္ဓေပြောင်းစွမ်းအင် ပြင်းအားက အနည်းဆုံး ငါ့ထက် အဆပေါင်းများစွာ သာတယ်"

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်ရှိ ရေခဲဂူက "ဂျစ်... ဂျစ်" ဟု မြည်ဟည်းလာကာ ရေခဲနံရံများတွင် အက်ကွဲကြောင်း အမြောက်အမြား ပေါ်ထွက်လာသည်။

သူက များများစားစား တွေးတောနေရန် အချိန်မရတော့ဘဲ သန္ဓေပြောင်းစွမ်းအင်ကို အလျင်အမြန် လည်ပတ်လိုက်ပြီး ရွှေကြေးခွံချပ်ဝတ်၊ လိပ်ခွံစွမ်းအင်အကာအကွယ် စသည့် ကာကွယ်ရေး အစွမ်းများကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကာ အနောက်သို့ အပြင်းအထန် ဆုတ်ခွာလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ရေခဲဂူက တစ်ခဏချင်းအတွင်း ပြိုကျဟည်းထသွားပြီး ဧရာမ ရေခဲတုံးကြီးများက တစ်ဆက်တည်း ပြုတ်ကျလာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းယွမ်က ရေတွက်၍မရနိုင်သော ဧရာမ ရေခဲတုံးကြီးများ၏ အောက်တွင် ဖုံးလွှမ်းသွားတော့သည်။

ရေခဲတောင်ကြီး တစ်တောင်လုံး အောက်သို့ ပြုတ်ကျလာပြီး မြေပြင်တစ်ခုလုံးကို ဖိနှိပ်ပစ်လိုက်သည့်အလား ပင်။

အောက်ဘက်ရှိ မြေမိခင်ဂိုဏ်းမှ လူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီး အနောက်သို့ အသီးသီး ဆုတ်ခွာလိုက်ကြသည်။

လူတစ်ယောက်က အော်ဟစ်လိုက်သည်။ "ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေတာလဲ"

"ဒုက္ခပဲ... သူက နှလုံးအမြူတေကို သန့်စင်လိုက်ပြီလား"

"လက်တစ်ချက် လှုပ်လိုက်တာနဲ့ ရေခဲတောင်တစ်တောင်ကို ဖန်တီးနိုင်တယ်ဆိုတော့... သူ့ရဲ့ အဓိက အရည်အသွေးလေးခုစလုံးက... မျိုးရိုးဗီဇမြေပုံ အခြေခံအဆင့်ထက် ကျော်လွန်နေပြီပဲ"

"မြန်မြန်... စွမ်းအင်ချိတ်ပိတ် အစီအရင်ကို စီရင်ကြ"

"ဟုတ်တယ်... စွမ်းအင်ချိတ်ပိတ် အစီအရင်ကို စီရင်ကြ"

မြေကြီးရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော မြေမိခင်ဂိုဏ်းမှ လူများက အသီးသီး အော်ဟစ်လိုက်ကြသည်။

ထို့နောက် သူတို့က ပတ်ဝန်းကျင်သို့ အလျင်အမြန် ပြေးသွားကြပြီး အထူး အစီအစဉ်တစ်ခုအတိုင်း နေရာယူလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ အသီးသီး၏ လက်ထဲမှ ပန်းရောင် သင်္ကေတကျောက်တုံးများကို ထုတ်ယူလိုက်ကြသည်။

သူတို့က သင်္ကေတကျောက်တုံးများကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထိုကျောက်တုံးများဆီမှ အနီရောင် စွမ်းအင်အလင်းတန်းများက အလျင်အမြန် ပစ်လွှတ်ထွက်ပေါ်လာသည်။

ထို့နောက် ထိုအနီရောင် စွမ်းအင်အလင်းတန်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး အပြန်အလှန် တောက်ပလာကြသည်။

ကောင်းကင်ယံထက် ရေခဲတောင်ကြီး၏ အထက်တွင် မြူခိုးမြို့တော်သခင် ချန်ယွင်တောက်က အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားတော့သည်။

မြေမိခင်ဂိုဏ်းမှ လူများက အထူး တပ်မတစ်ခုသဖွယ် နေရာယူထားကြပြီး သူတို့ လက်ထဲရှိ ပန်းရောင် သင်္ကေတကျောက်တုံးများမှ တောက်ပလာသော အလင်းရောင်များက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ တစ်ခဏချင်းအတွင်း ရှုပ်ထွေးလှသော ပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုပုံစံက ရှုပ်ထွေးလှသော်လည်း ၎င်းအတွင်း၌ အထူး စည်းချက်တစ်ခု ပါဝင်နေသည်။

ချန်ယွင်တောက်က တစ်ချက် ကြည့်လိုက်ရုံဖြင့် ၎င်းက သင်္ကေတ တစ်မျိုးမျိုး ဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။

သို့သော် သင်္ကေတများက ပုံမှန်အားဖြင့် သက်ရှိများ၏ အရိုးများပေါ်တွင်သာ ဖြစ်ပေါ်လေ့ရှိပြီး သို့မဟုတ်ပါက သန္ဓေပြောင်းစွမ်းအင်များဖြင့် ပျိုးထောင်ထားသော ပစ္စည်းများပေါ်တွင်သာ ထွက်ပေါ်လေ့ရှိသည်။

ဤကဲ့သို့ လူသားများက အစီအရင်တစ်ခုအဖြစ် ဖန်တီးထားသော ပုံစံမျိုးကို မြူခိုးမြို့တော်၏ ဦးနှောက်အမြူတေကို ထိန်းချုပ်ထားနိုင်သော ချန်ယွင်တောက်ပင်လျှင် ယခုအချိန်၌ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"တော်တော် အစွမ်းထက်တဲ့ မြေမိခင်ဂိုဏ်းပဲ"

မြေမိခင်ဂိုဏ်းက မည်သည့် နေရာမှ ရောက်ရှိလာသနည်း၊ သူတို့ ပိုင်ဆိုင်ထားသော သန္ဓေပြောင်းစွမ်းအင် ပညာရပ်များက ဤမျှပင် များပြားလွန်းနေသည်ဟု သူ၏ ရင်ထဲတွင် တိတ်တဆိတ် အံ့သြသွားတော့သည်။

ယခုအချိန်တွင် အောက်ဘက်ရှိ အစီအရင်က အသက်ဝင်လာပါက သူ့အတွက် အလွန် အန္တရာယ် ရှိလာမည်ကို သိရှိနေသော်လည်း...

ဤကဲ့သို့ ဆန်းသစ်လှသော သန္ဓေပြောင်းစွမ်းအင် အသုံးပြုပုံကို သူက မနေနိုင်ဘဲ စူးစမ်းကြည့်ရှုချင်နေမိသည်။

သို့သော် သူက ထိုသိချင်စိတ်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။ "ငါက နှလုံးအမြူတေကို အခြေခံအဆင့်လောက်ပဲ ပေါင်းစပ်ရသေးတယ်... အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... နှလုံးအမြူတေရဲ့ စွမ်းအင်တွေကို ချေဖျက်ဖို့ အချိန်တစ်ခု လိုအပ်တယ်... အချိန်ဆွဲနေလို့ မရဘူး... ဒီလူတွေကို အမြန်ဆုံး ရှင်းလင်းပစ်မှ ရမယ်"

ချန်ယွင်တောက်က စိတ်ထဲမှ ကြိတ်တွေးလိုက်ပြီး သူ၏ မျက်လုံးများက စူးရှသွားကာ လက်နှစ်ဖက်ကို လေဟာပြင်ထဲတွင် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဝုန်း"

လေဟာပြင်က တုန်ခါသွားပြီး မြည်ဟည်းသံများနှင့်အတူ ရေခဲမြူများက လိပ်တက်လာကာ တစ်ခဏချင်းအတွင်း တောင်တန်းကြီးများကဲ့သို့ ဧရာမ ရေခဲလှံကြီး နှစ်လက် ဖြစ်တည်လာတော့သည်။

"သွားစမ်း"

"ဝုန်း"

ရေခဲလှံကြီးများက ဥက္ကာခဲများကဲ့သို့ တစ်ခဏချင်းအတွင်း အလွန် လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်သွားတော့သည်။

ရေခဲလှံကြီး နှစ်လက်က မြေမိခင်ဂိုဏ်းမှ လူအုပ်ထဲသို့ အပြင်းအထန် ကျရောက်သွားသည်။

ပေါက်ကွဲသံကြီးက တစ်ခဏချင်းအတွင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် ရေခဲစများက ချက်ချင်း ပေါက်ကွဲထွက်လာကာ အဆုံးမဲ့ ရေခဲလှိုင်းတံပိုးကြီးများကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ ဖိနှိပ်သွားတော့သည်။

မြေမိခင်ဂိုဏ်း၏ စွမ်းအင်ချိတ်ပိတ် အစီအရင်က ယခုမှ တည်ဆောက်ထားခါစ ရှိသေးသော်လည်း ယခုအချိန်တွင် ရေခဲတောင်ကြီး နှစ်တောင်၏ အသက်ရှင်လျက် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ချက်ချင်းပင် လူအများအပြားက ထိုကြောက်မက်ဖွယ်ကောင်းသော ရေခဲမှုန့်များနှင့် ထိတွေ့မိသွားကြပြီး တစ်ကိုယ်လုံး နေရာမှာတင် ရေခဲရုပ်တုများအဖြစ် အေးခဲသွားကြတော့သည်။

ဤချန်ယွင်တောက် ဖန်တီးလိုက်သော ရေခဲတောင်လှံကြီး၏ စွမ်းအားက အမှန်တကယ်ပင် လူကို ထိတ်လန့်သွားစေလောက်သည်။

မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ချိုးဖြတ်ရောက်ရှိနေပြီ ဖြစ်သော မြေမိခင်ဂိုဏ်းမှ အဖွဲ့ဝင် အနည်းငယ်က ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သွေးများ အန်ကျလာပြီး အနောက်သို့ အသီးသီး ဆုတ်ခွာသွားရသည်။

၎င်းတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။ "သူက ဒီကျွန်းရဲ့ နှလုံးအမြူတေကို သန့်စင်လိုက်ပြီ... ဒီနေရာက သူ့ရဲ့ ပိုင်နက်ပဲ... မြန်မြန် သွားကြမယ်"

"အဓိပ္ပါယ်မရှိလိုက်တာ"

"သတင်းက အမှားကြီးပဲ... သူက နှလုံးအမြူတေကို ရှာတွေ့ထားပြီးပြီ"

"မြန်မြန် သွားကြမယ်"

လူအနည်းငယ်က ခပ်တိုးတိုး အော်ဟစ်လိုက်ကြပြီး အလွန် နားလည်မှု ရှိစွာဖြင့် အလျင်အမြန် ခွဲ၍ ထွက်ပြေးသွားကြတော့သည်။

ဤနေရာက ရေပေါ်ကျွန်း အလောင်းကောင်ကြီး၏ နှလုံးခန်း ဖြစ်ပြီး ရေတွက်၍မရနိုင်သော သွေးကြောများဖြင့် ရစ်ပတ်ထားသဖြင့် သဘာဝကျစွာပင် မရေမတွက်နိုင်သော သွေးကြောလမ်းကြောင်းများ ပြည့်နှက်နေသည်။

ယခုအချိန်တွင် လူခွဲ၍ ထွက်ပြေးခြင်းက သံသယဝင်စရာ မလိုဘဲ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

လူအနည်းငယ်က အလွန် လျင်မြန်သော အရှိန်ဖြင့် အလျင်အမြန် ထွက်ပြေးသွားကြသည်။

ဤလူများထဲတွင် အများစုက မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး တစ်ယောက်တည်းသာ မီးဓာတ် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင် ဖြစ်သည်။

ယခုအချိန်တွင် သူတို့ အသီးသီးက ကိုယ်ပိုင် အစွမ်းများကို ထုတ်ဖော်လိုက်ကြပြီး မီးဓာတ် အစွမ်းပိုင်ရှင်က မီးမြွေတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ ဝေးကွာသော နေရာရှိ သွေးကြောလမ်းကြောင်း တစ်ခုဆီသို့ လေချွန်သံနှင့်အတူ ပျံသန်းသွားတော့သည်။

မြေဓာတ် အစွမ်းပိုင်ရှင် အချို့ကမူ မြေလျှိုးအစွမ်းကို ထုတ်ဖော်လိုက်ကြပြီး သို့မဟုတ်ပါက မြေကြောရှုံ့သည့် အစွမ်းကို ထုတ်ဖော်ကာ တစ်လှမ်းလျှင် ပေအတော်များများ၊ တစ်ဟုန်ထိုး ခုန်လိုက်ပါက ပေရာချီအထိ သွားလာနေကြသည်။

သူတို့က အရိပ်များသဖွယ် ဖြစ်လုနီးပါး မြန်ဆန်လှပြီး တစ်ခဏချင်းအတွင်း ရေခဲတောင် ပေါက်ကွဲမှု နယ်ပယ်ထဲမှ ထွက်ပြေးလွတ်မြောက်သွားကြသည်။

အခြားသော မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များမှာမူ ကံဆိုးသွားကြပြီ ဖြစ်ပြီး ယခုအချိန်တွင် ရေခဲတောင်အောက် ဖိခံရ၍ သေဆုံးသွားခြင်း မရှိလျှင်ပင် နေရာမှာတင် ရေခဲရုပ်တုများအဖြစ် တိုက်ရိုက် အေးခဲသွားကြတော့သည်။

ရေခဲတောင်၏ အထက် ကောင်းကင်ယံတွင် ချန်ယွင်တောက်က ထိုမြင်ကွင်းကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ထွက်ပြေးမလို့လား... မင်းတို့ တစ်ယောက်မှ ပြေးလို့ မလွတ်စေရဘူး"

သူ၏ လက်နှစ်ဖက်က လေဟာပြင်ထဲတွင် ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။

တစ်ခဏချင်းအတွင်း အရှေ့ဘက်ရှိ ရေတွက်၍မရနိုင်သော သွေးကြောလမ်းကြောင်းများက အလျင်အမြန် ကျုံ့ဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေရာချီ ကျယ်ဝန်းသော ဥမင်ဝများမှ အလျင်အမြန် ကျုံ့ဝင် ပိတ်ဆို့သွားတော့သည်။

ယခုမှ ဝင်ရောက်သွားကြသော မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင် အချို့က ကြိုတင် မကာကွယ်နိုင်လိုက်ဘဲ တစ်ခဏချင်းအတွင်း ပတ်ဝန်းကျင်ရှိ ရေခဲတုံးများ၏ ဖိညှစ်မှုကြောင့် လှုပ်ရှား၍ မရနိုင်တော့ပေ။

အကာအကွယ် ဒိုင်းလွှာကဲ့သို့သော အစွမ်းများကို ထုတ်ဖော်ထားလျှင်ပင် စက္ကန့်အနည်းငယ်မျှပင် မခံနိုင်ဘဲ တစ်ခဏချင်းအတွင်း ပြိုကွဲသွားကာ အသားပြားများအဖြစ် ကြိတ်ချေခံလိုက်ရတော့သည်။

လူတစ်ယောက်က အော်ဟစ်လိုက်သည်။ "မြေပြင် အနေအထားကို ထိန်းချုပ်နိုင်တယ်ဆိုတော့... သူက တကယ်ပဲ နှလုံးအမြူတေကို သန့်စင်လိုက်တာပဲ"

"တောက်... နှလုံးအမြူတေကို သန့်စင်နိုင်မှ ဒီရေပေါ် အလောင်းကောင်ကြီးကို ထိန်းချုပ်နိုင်မှာ"

သို့သော်လည်း လူတစ်ယောက်က ထူးခြားချက်ကို သတိထားမိသွားပြီး အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... အကယ်လို့ သူက နှလုံးအမြူတေကို အပြည့်အဝ သန့်စင်လိုက်နိုင်ရင် အရင်တုန်းက ရေခဲချပ်ဝတ်စစ်သည် အများကြီးကို ငါတို့ သတ်ပစ်နိုင်ဖို့ ဘယ်လိုလုပ် ခွင့်ပေးမှာလဲ"

"အတင်းဖောက်ထွက်ကြ... သူက နှလုံးအမြူတေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... အခုက အခြေခံလောက်ပဲ ထိန်းချုပ်ထားနိုင်သေးတာ... အလွန်ဆုံး ဒီနှလုံးခန်းကိုပဲ ထိန်းချုပ်နိုင်မှာ"

"သွား"

လူအများက အော်ဟစ်လိုက်ကြပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သွေးကြောလမ်းကြောင်း၏ နက်ရှိုင်းသော နေရာဆီသို့ ဆက်လက် တိုးဝင်သွားကြတော့သည်။

ထင်ထားသည့်အတိုင်းပင် အစပိုင်း ကျဉ်းမြောင်းစွာ ပိတ်ဆို့နေသော နေရာကို ကျော်ဖြတ်သွားပြီးနောက် အရှေ့ဘက်ရှိ သွေးကြောလမ်းကြောင်းက ဆက်လက် ကျုံ့ဝင်သွားခြင်း မရှိတော့သလို ပတ်ဝန်းကျင်ရှိ ရေခဲလွှာများကလည်း ဖိညှစ်လာခြင်း မရှိတော့ပေ။

မြေမိခင်ဂိုဏ်းမှ လူများက သက်ပြင်းတစ်ချက် ချလိုက်ကြပြီး အလျင်အမြန် အရှိန်တင်ကာ ထွက်ပြေးသွားကြတော့သည်။

နှလုံးခန်းထဲတွင်မူ ချန်ယွင်တောက်က ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာအမူအရာက မှောင်မိုက်သွားသည်။ "ဟမ့်... နှလုံးအမြူတေကို အခြေခံအဆင့်လောက်ပဲ သန့်စင်နိုင်တယ်ဆိုရင်တောင် ဘာဖြစ်သေးလဲ... မင်းတို့ အားလုံး သေရမှာပဲ"

သူ၏ ကိုယ်ဟန်က တစ်ချက် လက်ကနဲ ဖြစ်သွားပြီး လေဟာပြင်ထဲတွင် ရေခဲမြူ အမြောက်အမြား ကျန်ရစ်ခဲ့ကာ တစ်ကိုယ်လုံး အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။

သို့သော် သူက သွေးကြောလမ်းကြောင်း အပေါက်ဝသို့ ဝင်ရောက်လိုက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ရာကို သတိရသွားပုံရသည်။

သူက အနောက်သို့ လှည့်ကာ နှလုံးခန်းထဲရှိ မြေပြင်အနှံ့ ပြန့်ကျဲနေသော အလောင်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် အေးစက်စက် ပြုံးလိုက်ကာ လက်တစ်ဖက်ကို ဆန့်တန်း၍ လေဟာပြင်ကို ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းပင် နှလုံးခန်း တစ်ခုလုံး ဟည်းထ တုန်ခါသွားပြီး သွေးကြောလမ်းကြောင်းများ အားလုံး တစ်ခဏချင်းအတွင်း ကျုံ့ဝင် ပိတ်ဆို့သွားကာ နှလုံးခန်း တစ်ခုလုံးက ပိတ်လှောင်နေသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင်ပင် ချန်ယွင်တောက်က စိတ်မချနိုင်သေးဘဲ နှလုံးခန်း၏ မြေပြင်ပေါ်သို့ ဖိနှိပ်လိုက်သည်။

တစ်ခဏချင်းအတွင်း နေရာအနှံ့ရှိ သွေးကြောလမ်းကြောင်းများ၏ အပေါက်ဝတွင် ရေခဲတုံး အမြောက်အမြား အလျင်အမြန် ပေါ်ထွက်လာပြီး သွေးကြောလမ်းကြောင်းများ၏ အပေါက်ဝ တစ်ခုလုံးကို အေးခဲပစ်လိုက်သည်။

ဤအရာများက သာမန် ရေခဲတုံးများ မဟုတ်ဘဲ သူ၏ သန္ဓေပြောင်းစွမ်းအင်ဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး အလွန်တရာ အေးခဲသော အပူချိန်ကို သယ်ဆောင်ထားသည်။

ရေခဲနံရံကို ရိုက်ချိုးရန် ရူးမိုက်စွာ ကြိုးစားသူ မည်သူမဆို ရေခဲရုပ်တုများအဖြစ် အေးခဲသွားစေမည်သာ ဖြစ်သည်။

ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်မှသာ သူက လှည့်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ဆက်သွယ်ထားသော သွေးကြောလမ်းကြောင်းများကို ကြည့်လိုက်ပြီး မျက်လုံးများ မှိတ်ကာ အနည်းငယ် အာရုံခံလိုက်ပြီးနောက် ချက်ချင်း အေးစက်စက် ပြုံးလိုက်တော့သည်။

"ဒီနေရာမှာ... ငါကမှ အစစ်အမှန် အရှင်သခင်ပဲ"

"ရွှီး"

သူ၏ ကိုယ်ဟန်က ရေခဲမြူ တစ်အုပ်အဖြစ် ပြောင်းလဲသွားပြီး တစ်ခဏချင်းအတွင်း သွေးကြောလမ်းကြောင်း တစ်ခုဆီသို့ နောက်ယောင်ခံ လိုက်ပါ သတ်ဖြတ်ရန် ထွက်ခွာသွားတော့သည်။

အေးခဲနေသော နှလုံးခန်းထဲတွင် တစ်ခဏအတွင်း အေးစိမ့်သော လေအေးများ တိုက်ခတ်လာပြီး အရာအားလုံးက ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားသည့်အလား ပင်။

ဤနေရာရှိ အချိန်များပင် အေးခဲသွားသည့်အလား ထင်မှတ်ရသည်။

မြေပြင်ပေါ်ရှိ အလောင်းများ အားလုံးက ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားကြပြီး မလှုပ်မယှက် ရှိနေကြသည်။

ဤနေရာရှိ အေးခဲလှသော အပူချိန်ကို သာမန် အစွမ်းပိုင်ရှင်များ ခံနိုင်ရည် မရှိနိုင်တော့ပေ။

ထိုစဉ် ရုတ်တရက် ရေခဲတောင် အပိုင်းအစများက အပြင်းအထန် တုန်ခါလာတော့သည်။

နောက်တစ်ခဏတွင် "ဝုန်း" ဟူသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။

ရေခဲတောင် တစ်တောင်လုံး အပြင်းအထန် ပေါက်ကွဲထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

လူရိပ်တစ်ခုက သူ၏ ခန္ဓာကိုယ်ထက် အဆရာချီ ကြီးမားသော ဧရာမ ရေခဲတုံးကြီးကို အသက်ရှင်လျက် ပင့်မလိုက်ပြီး အပြင်ဘက်သို့ အပြင်းအထန် ပစ်ပေါက်လိုက်သည်။

"ဝုန်း"

တစ်ခဏချင်းအတွင်း ရေခဲတုံးကြီးက လွင့်စင်သွားပြီး ဝေးကွာသော နေရာသို့ ကျရောက်ကာ တစ်စစီ ကွဲကြေသွားတော့သည်။

ထိုလူရိပ်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ အေးစိမ့်သော လေအေးများနှင့် ကြမ်းတမ်းလှသော အအေးဓာတ်ကို ခံစားလိုက်ရသည်။

သူက သန္ဓေပြောင်းစွမ်းအင်များကို အလျင်အမြန် လည်ပတ်လိုက်ရာ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇများ ပြောင်းလဲသွားပြီး ခန္ဓာကိုယ် အပူချိန်ကို အလျင်အမြန် လျှော့ချကာ ဤကဲ့သို့ အလွန်အမင်း အေးခဲနေသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်လိုက်သည်။

လင်းယွမ်က ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ မြင်ကွင်းထဲ၌ သနားစရာကောင်းလောက်အောင် သေဆုံးနေကြသော သတ္တုတွင်း အလုပ်သမားများ၊ မြေမိခင်ဂိုဏ်းမှ လူများနှင့် ရေခဲချပ်ဝတ်စစ်သည်များ၏ အလောင်းများကိုသာ မြင်တွေ့လိုက်ရသည်။

သူက စိတ်ထဲမှ မနေနိုင်ဘဲ အံ့အားသင့်သွားသည်။ "တော်တော် အစွမ်းထက်တဲ့ မြူခိုးမြို့တော်သခင်ပဲ... ဒီချန်ယွင်တောက်က ဒီရေပေါ်ကျွန်း အလောင်းကောင်ကြီးရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို သန့်စင်လိုက်တာနဲ့ ဒီလောက်တောင် ကြောက်စရာကောင်းသွားတာလား"

လင်းယွမ်က စောစောက တစ်ဖက်လူ ထုတ်ဖော်သွားသော ရေခဲဓာတ် အစွမ်း၏ နည်းလမ်းများကို ပြန်လည် တွေးတောလိုက်ပြီးနောက် ရင်ထဲ၌ ထိတ်လန့်သွားတော့သည်။

ဤလူ၏ နည်းလမ်းများက သန္ဓေပြောင်းစွမ်းအင်များ မဟုတ်တော့ဘဲ ရုပ်ရှင်များထဲမှ နတ်တန်ခိုးများကဲ့သို့ပင် ဖြစ်နေသည်။

လက်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် မြေပြင် အနေအထား ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ပြီး ရေခဲတောင်များကို ဖန်တီးကာ ရန်သူများဆီသို့ ပစ်ပေါက်နိုင်စွမ်း ရှိနေသည်။

ဤချန်ယွင်တောက်နှင့် နှိုင်းယှဉ်လိုက်ပါက ကျောက်ခိုင်၏ ရေခဲဓာတ် အစွမ်းက ကလေးကစားစရာ တစ်ခုလိုပင် ဖြစ်နေတော့သည်။

ကျောက်ခိုင်က တပ်သားလေး တစ်ယောက်လို ဖြစ်နေပြီး ရေခဲဓာတ်၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အချို့ကိုသာ တတ်ကျွမ်းသကဲ့သို့ ပင်။

တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်တွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။

ဤချန်ယွင်တောက်ကို ပြန်ကြည့်လိုက်မည် ဆိုပါက သူ၏ ရေခဲဓာတ် အစွမ်းက မှော်ပညာ တစ်ရပ်လို ဖြစ်နေပြီး လှုပ်ရှားမှုတိုင်းက ဧရာမ ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။

ထိုအေးခဲစေနိုင်သော အာနိသင်ကပင် အဆင့်တူညီမှု မရှိတော့ပေ။

"မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ချိုးဖြတ်လိုက်လို့ သူက ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားတွေ ရလိုက်တာလား... ဒါမှမဟုတ် သူက ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ပေါင်းစပ်လိုက်လို့ ဒီရေပေါ်ကျွန်း အလောင်းကောင်ကြီးဆီက အစွမ်းကို ရသွားတာလား"

သန္ဓေပြောင်းစွမ်းအင် တစ်ခုတည်းကိုသာ အားကိုးမည် ဆိုပါက ထိုမျှ ကြီးမားသော ရေခဲတောင်ကြီး တစ်တောင်ကို ဖန်တီးနိုင်ရန် အလွန် ခက်ခဲလိမ့်မည်ဟု လင်းယွမ်က တွေးတောလိုက်သည်။

"ဒီလူက နှလုံးအမြူတေကို သန့်စင်လိုက်ပြီဆိုတော့... ဒီမှာ ဆက်နေရင် ပစ်မှတ် တစ်ခုပဲ ဖြစ်လာလိမ့်မယ်"

"သူ မြေမိခင်ဂိုဏ်းက အစွမ်းပိုင်ရှင်တွေကို လိုက် သတ်ဖြတ်နေတုန်း... ငါ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်"

ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် လင်းယွမ်က ပတ်ဝန်းကျင်သို့ အလျင်အမြန် ကြည့်လိုက်သည်။

ထိုသို့ ကြည့်လိုက်သောအခါ ချက်ချင်းပင် မျက်နှာအမူအရာက မှောင်မိုက်သွားပြီး အရပ်မျက်နှာ အနှံ့အပြားရှိ သွေးကြောလမ်းကြောင်းများ အားလုံး ပျောက်ကွယ်သွားကာ ၎င်းတို့ အစား ရေခဲတောင် နံရံ အမြောက်အမြားက အစားထိုး နေရာယူထားသည်။

ဤရေခဲနံရံများက ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားတော့သည်။

"ချန်ယွင်တောက်က ဘာလို့ ဒီနေရာကို သေချာ ပိတ်ဆို့သွားရတာလဲ"

"ဒါမှမဟုတ်... ဒီနေရာမှာ ပစ္စည်းကောင်းတွေ ရှိနေသေးလို့လား"

လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး တစ်စုံတစ်ရာကို ချက်ချင်း သတိရသွားကာ အလျင်အမြန် လှည့်၍ စောစောက သူ ကြွက်သားပေါက်ကွဲအစွမ်း ဖြင့် အတင်းအဓမ္မ တွန်းထုတ်ထားခဲ့သော ရေခဲတောင်အောက်သို့ ပြေးသွားလိုက်သည်။

ထိုနေရာတွင် မရေမတွက်နိုင်သော သွေးရောင် ရေခဲတုံးများ ရှိနေသည်။

"သွေးရေခဲတွေ"

လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်း လှုပ်ရှားသွားပြီး ချန်ယွင်တောက်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားတော့သည်။

တစ်ဖက်လူက သွေးကြောလမ်းကြောင်းများကို ပိတ်ဆို့သွားခြင်းမှာ လွတ်မြောက်သွားသူများက ပြန်လာပြီး သွေးရေခဲများကို ယူဆောင်သွားမည်ကို ကာကွယ်ရန် အတွက်သာ ဖြစ်ရမည်။

မည်သို့ပင်ဆိုစေကာမူ ဤသွေးရေခဲများက မျိုးရိုးဗီဇမျိုးစေ့များ၏ အရင်းအမြစ်များ ဖြစ်နေသည် မဟုတ်ပါလား။

ထိုသို့ တွေးမိသောအခါ လင်းယွမ်၏ မျက်လုံးများက လက်ကနဲ ဖြစ်သွားပြီး သွေးရေခဲများကို အလျင်အမြန် စတင် သိမ်းဆည်းတော့သည်။

သူ့တွင် ပစ္စည်းသိုလှောင်ခန်း ရှိသဖြင့် ထည့်စရာ နေရာမရှိမည်ကို လုံးဝ ကြောက်ရွံ့နေရန် မလိုပေ။

နှစ်မိနစ်မျှ အကြာတွင် ဤနေရာရှိ သွေးရေခဲများ အားလုံးကို ပြောင်စင်သွားအောင် သယ်ဆောင် သိမ်းဆည်းလိုက်တော့သည်။

လင်းယွမ်က ထွက်ခွာရန် ပြင်ဆင်နေစဉ် ရုတ်တရက် ဒေါသတကြီး ဆဲဆိုသံ တစ်ခုကို ကြားလိုက်ရသည်။

"တောက်... ထွက်ပေါက်က ဘယ်ရောက်သွားတာလဲ"

လင်းယွမ်က မှင်သက်သွားပြီး ချက်ချင်းပင် ကိုယ်ဟန်က တစ်ချက် လက်ကနဲ ဖြစ်သွားကာ ရေခဲဂူအောက်မှ တိုးထွက်လာပြီး အပြင်ဘက်သို့ ခေါင်းမော့ ကြည့်လိုက်သည်။

သို့သော် ဝေးကွာသော နေရာတွင် ရပ်နေသူက ခေါင်းဆောင်ချိုး ဖြစ်နေသည်ကို အံ့သြဖွယ်ကောင်းလောက်အောင် မြင်တွေ့လိုက်ရသည်။

စောစောက ရေခဲတောင် ပြုတ်ကျလာတာတောင် သူ့ကို သေအောင် မလုပ်နိုင်ခဲ့ဘူးလား။

လင်းယွမ်က မနေနိုင်ဘဲ အံ့အားသင့်သွားသည်။ ဤလူက ဤမျှလောက်အထိ အစွမ်းရှိနေတာလား။

သူ၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ခေါင်းဆောင်ချိုးက သူ၏ ရင်ခွင်ထဲမှ တောက်ပသော အဝါရောင် အရိုးတူ တစ်လက်ကို ထုတ်ယူလိုက်သည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

ထိုအရိုးတူ၏ ခေါင်းက ငါးတစ်မျိုးမျိုး၏ ဦးခေါင်းခွံဖြင့် ပြုလုပ်ထားပုံရသည်။

သူက အရိုးတူကို ကိုင်ကာ တစ်ချက် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး ရေခဲနံရံဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"ဝီ"

ထိုအရိုးတူက ရိုက်ချလိုက်ချိန်တွင် ထွက်ပေါ်လာသော လှုပ်ရှားမှုက တူဖြင့်ထုရိုက်မိသံ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တူခေါင်းမှ တောက်ပသော အဝါရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာပြီးနောက် ရုတ်တရက် အဝါရောင် အလင်းတန်းက သင်္ကေတ ပုံစံ တစ်ခုအဖြစ် ပေါင်းစည်းသွားကာ အပြင်းအထန် တုန်ခါလာသည်။

"ဝီ... ဝီ... ဝီ"

ပြင်းထန်သော တုန်ခါသံကြီး ထွက်ပေါ်လာပြီး ခေါင်းဆောင်ချိုး၏ အရှေ့ရှိ ဧရာမ ရေခဲနံရံကြီးက တစ်ခဏချင်းအတွင်း ကြိမ်နှုန်းမြင့် တုန်ခါမှုဖြင့် တုန်ခါလာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤရေခဲနံရံကြီးက အပြင်းအထန် ပြိုကျသွားပြီး မရေမတွက်နိုင်သော အမှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးအိမ်များက မနေနိုင်ဘဲ အနည်းငယ် ကျုံ့ဝင်သွားတော့သည်။

"တုန်ခါနိုင်တဲ့ တူလား"

သူ၏ ဦးနှောက်ထဲတွင် ပထမဆုံး အကြိမ်အဖြစ် တွေးမိလိုက်သူမှာ ထန်ယင်း ပင်။

ထိုမိန်းကလေးက ဒေါက်တာရန်၏ လက်ထောက် မိန်းကလေး ဖြစ်ပြီး ဆေးတက္ကသိုလ်မှ ဘွဲ့ရထားသော သူနာပြုမလေး ဖြစ်သည်။

တစ်ဖက်လူက လိပ်ကျွန်းတွင် ရှိစဉ်က နိုးထလာခဲ့သော သန္ဓေပြောင်းစွမ်းအင်မှာ ကြိမ်နှုန်းမြင့် တုန်ခါမှုပင် ဖြစ်သည်။

ယခုအချိန်တွင် မျက်စိရှေ့ရှိ ခေါင်းဆောင်ချိုး၏ လက်ထဲမှ ဤသန္ဓေပြောင်း လက်နက် ဖြစ်သော အရိုးတူကလည်း အံ့သြဖွယ်ကောင်းလောက်အောင် ထပ်တူညီသော အာနိသင်မျိုးကို ပြုလုပ်နိုင်စွမ်း ရှိနေသည်။

သို့သော် သူ ပို၍ သိချင်နေသည်မှာ ခေါင်းဆောင်ချိုးက စောစောက ပြုတ်ကျလာသော ရေခဲတောင်၏ ဧရာမ ရိုက်ခတ်မှု စွမ်းအားကို မည်သို့ ရှောင်တိမ်းသွားခဲ့သနည်း ဆိုသည်ကိုပင်။

သူကိုယ်တိုင်ပင် အကာအကွယ်များကို အထပ်ထပ် အသုံးပြုထားရပြီး ၎င်းအပြင် ကြွက်သားပေါက်ကွဲအစွမ်း ဖြင့် တစ်ခဏချင်းအတွင်း ခွန်အား အမှတ် တစ်ရာနီးပါးအထိ နှစ်ဆ တိုးမြှင့်လိုက်ရသောကြောင့်သာ ဘေးကင်းလုံခြုံစွာ ရှိနေနိုင်ခဲ့ခြင်း ဖြစ်သည်ကို သိထားရမည်။

တစ်ဖက်လူက ဘာနည်းလမ်းကို အားကိုးခဲ့တာလဲ။

သူ၏ စိတ်ထဲတွင် သိချင်နေသဖြင့် ယခုအချိန်၌ ရမ်းသန်း၍ ထွက်မသွားဘဲ ခေါင်းဆောင်ချိုးက ထွက်ပေါက် ရှာဖွေရန် ရေခဲများကို ဆက်လက် ရိုက်ခွဲနေသည်ကိုသာ ကြည့်နေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက လာခဲ့စဉ်က ရှိနေခဲ့သော အက်ကွဲကြောင်း နေရာဆီသို့ မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်သည်။

ထိုနေရာရှိ ရေခဲတုံးများက ပကတိအတိုင်း ရှိနေဆဲ ဖြစ်ပြီး ရိုက်ချိုးခံရခြင်း မရှိသလို ထပ်မံ အားဖြည့်ထားခြင်းလည်း မရှိပေ။

ကြည့်ရသည်မှာ ချန်ယွင်တောက်က ဤအချက်ကို သတိမထားမိခဲ့ဘဲ သွေးကြောလမ်းကြောင်းများကိုသာ အဓိကထား၍ ပိတ်ဆို့သွားခဲ့ပုံရသည်။

ဤအချိန်တွင် ခေါင်းဆောင်ချိုးက ရေခဲနံရံကို ရိုက်ခွဲပြီးသွားကာ သွေးကြောလမ်းကြောင်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

မျက်စိရှေ့ရှိ ပိတ်ဆို့နေပြီ ဖြစ်သော သွေးကြောလမ်းကြောင်းကို ကြည့်ကာ ခေါင်းဆောင်ချိုး၏ မျက်နှာအမူအရာက မှောင်မိုက်သွားတော့သည်။

"တောက်... ချန်ယွင်တောက်က တကယ်ပဲ နှလုံးအမြူတေကို သန့်စင်လိုက်တာပဲ"

"သွေးကြောလမ်းကြောင်းကိုတောင် ထိန်းချုပ်နိုင်တယ်ဆိုတော့... ကြည့်ရတာ သူက ကျွန်းတစ်ကျွန်းလုံးကို ထိန်းချုပ်နိုင်ဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်"

"မဖြစ်ဘူး... ဒီရေပေါ်ကျွန်းကနေ အမြန်ဆုံး ထွက်သွားမှ ရမယ်"

ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ခေါင်းဆောင်ချိုးက စကားများများ မပြောတော့ဘဲ တူကို ကိုင်ကာ သွေးကြောလမ်းကြောင်း အပေါက်ဝဆီသို့ အပြင်းအထန် ရိုက်ချလိုက်သည်။

"ဘုန်း"

ဤတစ်ကြိမ်တွင် ကြိမ်နှုန်းမြင့် တုန်ခါမှုက အာနိသင် သိပ်မပြနိုင်တော့ပေ။

တူခေါင်းက သွေးကြောလမ်းကြောင်း အပေါက်ဝရှိ အသားနံရံပေါ်သို့ ကျရောက်သွားပြီး အသားနံရံက မရပ်မနား တုန်ခါသွားကာ ကြိမ်နှုန်းမြင့် တူနှင့်အတူ အလျင်အမြန် တုန်ခါလာတော့သည်။

ထိုသို့ ဖြစ်သွားသောကြောင့် ကြိမ်နှုန်းမြင့် တုန်ခါမှုတူက ၎င်းကို လုံးဝ ဖျက်ဆီး၍ မရနိုင်တော့ပေ။

၎င်းက အသားဖြစ်ပြီး အခြားသော ပုံသဏ္ဌာန် ပြောင်းလဲနိုင်သည့် အရာဝတ္ထုများ မဟုတ်သောကြောင့် ကြိမ်နှုန်းမြင့် တူက ၎င်းကို ရိုက်ခွဲ၍ မရနိုင်ခြင်း ဖြစ်သည်။

ခေါင်းဆောင်ချိုးက ချက်ချင်း စိုးရိမ်ပူပန်လာပြီး တစ်ဆက်တည်း တူချက်ပေါင်း ဆယ်ဂဏန်းခန့် ရိုက်ချလိုက်သော်လည်း ထိုအသားနံရံ လမ်းကြောင်းက တုန်ခါသွားရုံသာ ဖြစ်ပြီး အဆုံးတိုင်အောင် ပြေလျော့သွားခြင်း မရှိပေ။

ထိုသို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ချိုး၏ ရင်ထဲတွင် စိုးရိမ်ပူပန်သွားသည်။

သူက အခြား သွေးကြောလမ်းကြောင်း တစ်ခုသို့ ချက်ချင်း ပြောင်းလိုက်ပြီး ရေခဲနံရံကို ရိုက်ခွဲကာ အသားနံရံကို အလျင်အမြန် အပြင်းအထန် ရိုက်ချလိုက်သည်။

သို့သော်လည်း အရာအားလုံးက အချည်းနှီးသာ ဖြစ်ပြီး ကြိမ်နှုန်းမြင့် တူက ရုန်းကန်နိုင်စွမ်း ရှိသော အရာဝတ္ထုများကို မဖျက်ဆီးနိုင်ပေ။

သွေးကြောလမ်းကြောင်း အနည်းငယ်ကို တစ်ဆက်တည်း ပြောင်းလဲပြီးနောက် လမ်းကြောင်းများ အားလုံး ပိတ်ဆို့နေပြီး ဤနေရာမှ ထွက်ခွာရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း ခေါင်းဆောင်ချိုးက တွေ့ရှိသွားတော့သည်။

တစ်ခဏအတွင်း သူ၏ မျက်နှာက ဖြူရော်သွားပြီး မျက်နှာ တစ်ပြင်လုံး မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။

"မဟုတ်ဘူး... မဖြစ်နိုင်တာ... ငါ ဒီမှာ ပိတ်မိပြီး အသေမခံနိုင်ဘူး"

"ချန်ယွင်တောက်က အစောကြီး မဟုတ်ရင်တောင် နောက်ကျရင် ပြန်လာမှာပဲ... ဒီမှာ ဆက်နေရင် သေလမ်းပဲ ရှိတယ်... ဒီမှာ လုံးဝ ဆက်နေလို့ မဖြစ်ဘူး"

သူက ထိုအိတ်ကလေးကို ထုတ်ယူလိုက်ပြီး ၎င်းထဲမှ အရိုးဓား တစ်လက်ကို ထပ်မံ ရှာဖွေ ထုတ်ယူလိုက်ကာ သန္ဓေပြောင်းစွမ်းအင်ကို လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရိုးဓားပေါ်မှ ရွှေရောင် အလင်းတန်း အမြောက်အမြား ချက်ချင်း ထွက်ပေါ်လာတော့သည်။

သူက အရိုးဓားကို မြှောက်ကာ အသားနံရံဆီသို့ အပြင်းအထန် ခုတ်ချလိုက်သည်။

"ဘန်း"

အသားနံရံက အလွန်တရာ မာကျောနေပြီး သူ၏ လက်ထဲရှိ အရိုးဓားဖြင့် ဖျက်ဆီးနိုင်သော အရာ လုံးဝ မဟုတ်ပေ။

"မရဘူးလား... ဘယ်လိုလုပ် မရသေးတာလဲ"

သူက ထိုအိတ်ထဲမှ ကွဲပြားသော သန္ဓေပြောင်း လက်နက်များကို မရပ်မနား ထပ်မံ ထုတ်ယူလိုက်ပြီး အဆက်မပြတ် ကြိုးစားနေတော့သည်။

လင်းယွမ်က ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက တစ်ဖက်လူ၏ လက်ထဲရှိ အိတ်ကလေးဆီသို့ တဖြည်းဖြည်း စူးစိုက်ကြည့်လိုက်တော့သည်။

"အဲဒီအိတ်ကလေးက လက်ဝါးလောက်ပဲ အရွယ်အစား ရှိတာကို... သူ့အရွယ်အစားနဲ့ လုံးဝ မကိုက်ညီတဲ့ ဒီလောက် ကြီးမားတဲ့ ပစ္စည်း အများကြီးကို ထည့်ထားနိုင်တယ်ပေါ့"

"ဒါလည်း သန္ဓေပြောင်း ပစ္စည်းတစ်ခုပဲ ဖြစ်ရမယ်"

လင်းယွမ်က မနေနိုင်ဘဲ ရင်ထဲ၌ အနည်းငယ် လှုပ်ရှားသွားပြီး အနည်းငယ် အံ့အားသင့်လာတော့သည်။

ဟင်းလင်းပြင် အမျိုးအစား သန္ဓေပြောင်းအစွမ်း ပစ္စည်းပဲ။

သူ ယခုအချိန်အထိ ကြုံတွေ့ခဲ့ဖူးသော အမျိုးမျိုးသော သန္ဓေပြောင်း လက်နက်များစွာ ရှိပြီး အကာအကွယ် ပစ္စည်းများ၊ လက်နက်များ၊ အထောက်အကူပြု ကြိမ်လုံး စသည်တို့ ဖြစ်သည်။

ဤကဲ့သို့ ဟင်းလင်းပြင် အမျိုးအစား သန္ဓေပြောင်းအစွမ်း ပစ္စည်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။

ဆက်ရန်...

All Chapters