← Chapters

အားနည်းနည်းကျန်သေးတယ်

Vol. 10 Ch. 981

အားနည်းနည်းကျန်သေးတယ်

Vol. 10 Ch. 981

လျှပ်စီးတန်းက ပိုင်ရှောင်ချန်းကို ထိမှန်သွားသောအခါ သူသည် သူ၏ခေါင်းအတွင်းသို့ ပြင်းထန်သောအားကြီးတစ်ခု စီးဝင်လာကာ သူ၏ခန္ဓာကိုယ်တလျှောက် ဖြတ်သန်းစီးဆင်းသွားသည့်အလား ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်မှ လျှပ်စီးမီးပွင့်လေးများ တဖွဲဖွဲ ကျဆင်းလာတော့သည်။

၎င်းမှာ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ရပ်ဖြစ်၍ သူ ထိတ်လန့်တုန်ရီသွားသည်။ သို့သော် သူက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများ ဝင်းလက်သွားတော့သည်။

" ငါ အဆင်ပြေတယ်လား "

လျှပ်စီးက သူ့ကို မထိခိုက်စေသည်သာမက အမှန်တကယ်ဆိုရလျှင် သူ၏ကျင့်ကြံခြင်းအခြေခံပင် အဆင့်တက်သွားသည်။

" ငါ စုပ် ယူ နိုင် တယ် "

ထိုလျှပ်စီးတွင် မိုးကြိုးအကျဥ်းထောင်ရှိ လျှပ်စီးများထက် ပိုမိုအားကောင်းသည့် သူ၏ထာဝရသွေးကို ပျော်ပျော်ကြီး ခုန်တက်သွားစေသော မတူညီသော သက်စောင့်အားအမျိုးအစားတစ်မျိုး ပါဝင်သည်။

ပိုင်ရှောင်ချန်းကား ဝမ်းသာအားရ ဖြစ်သွားသည်။ သိသာထင်ရှားစွာပင် ထိုလျှပ်စီးသည် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက လျှပ်စီးများထက် ပိုမိုမြင့်မားသောအဆင့်အတန်းမှာ ရှိပေသည်။ အခြားဆေးလုံးများထက် အရည်အသွေးပိုမြင့်သော ဆေးလုံးများနှင့် အလားသဏ္ဍာန်တူပြီး လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို မတူညီသောနည်းလမ်းဖြင့် တိုးတက်အောင် ကူညီပေးသည်။

ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်နေပါသော်လည်း သရဲမျက်နှာကြီးကား သူ၏အနောက်ရှိ မိုးကြိုးတိမ်တိုက်ဒေသထဲသို့ ဝင်လုဆဲဆဲဖြစ်သည်။ သို့ဖြစ်၍ ပိုင်ရှောင်ချန်းက တွေဝေတွန့်ဆုတ်မနေဘဒ ခေါင်းနောက်လှန်၍ အဆိုးရွားဆုံးညှင်းပန်းနှိပ်စက်ခံလိုက်ရသည့်အလား မချိမဆန့်အော်ဟစ်လိုက်တော့သည်။ ထိုအသံလေးကပင် သရဲမျက်နှာကြီးအား နောက်တွန့်သွားစေတော့သည်။

" လျှပ်စီးက ဒီလောက်အားပြင်းလို့လား " သရဲမျက်နှာကြီးမှာ သိချင်သွားတော့သည်။

" ဒီကောင် မိုးကြိုးပစ်သေအောင် နည်းနည်းလောက် လွှတ်ထားလိုက်ဦးမယ် "

သရဲမျက်နှာကြီးမှာ လျှပ်စီးထဲကိုဖြစ်စေ၊ မိုးကြိုးတိမ်တိုက်များဆီသို့ဖြစ်စေ နတ်ဘုရားအာရုံများပို့လွှတ်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်း အသတ်ခံရပြီးနောက် သူ၏ခန္ဓာကိုယ်ကို သိမ်းယူရန်အတွက် အစပ်နားတွင်သာ စောင့်နေလိုက်သည်။

သူက မြင်တွေ့ခဲ့ရသည့် လိပ်ဒယ်အိုးကို လွန်စွာစိတ်ဝင်စားနေသည်မဟုတ်ပါလော။

သရဲမျက်နှာကြီးသည် ပိုင်ရှောင်ချန်းက သေသည်အထိ မိုးကြိုးအပစ်ခံရသည်ကို စောင့်ဆိုင်းနေစဥ် ပိုင်ရှောင်ချန်းမှာ မိုးကြိုးထပ်ခါထပ်ခါအပစ်ခံရင်း ရှေ့ဆက်သွားနေသည်။ မည်မျှအရသာရှိစွာ ခံစားနေရသည့်တိုင် သူက သွေးပျက်ဖွယ်အော်သံများအား အာခေါင်ခြစ်၍ ညှစ်ထုတ်နေတော့သည်။

သရဲဘောကြောင်သော သရဲမျက်နှာကြီးက သူ့နောက်သို့ လိုက်မဖမ်းသည်ကို တွေ့ရှိပြီးနောက် သူက အတန်ငယ်အထင်မသေးမိဘဲ မနေနိုင်တော့ပေ။ ကြည့်ရသည်မှာ သူ၏သရုပ်ဆောင်ခြင်းက ကောင်းကောင်း အလုပ်ဖြစ်နေဟန်တူသည်။

" ဒီခွေးကောင်ကြီးက သတိရှိလွန်းတယ်။ မဖြစ်သေးဘူး။ ဒီကောင်ကြီး လှုပ်ရှားဖို့ တစ်ခုခုလုပ်မှ ဖြစ်မယ် "

ထို့နောက် သူက အတန်ငယ်အရှိန်လျှော့လိုက်ပြီး နောက်ထပ်မိုးကြိုးပစ်သောအခါ အဆုတ်ကွဲလုမတတ်အော်ဟစ်လိုက်ပြီး ရှေ့ဆက်မသွားနိုင်တော့သည့်အလား ယိမ်းထိုးသွားသည်။

သရဲမျက်နှာကြီး၏မျက်လုံးများ ဝင်းလက်သွား၏။ သူက ပိုင်ရှောင်ချန်းအား တချိန်လုံး အနီးကပ်စောင့်ကြည့်နေခဲ့ပါသော်လည်း လျှပ်စီးကွင်းပြင်ကြီးထဲသို့ မဝင်ရဲသေးပေ။

ပိုင်ရှောင်ချန်းသည် မျက်လုံးထောင့်စွန်းမှနေ၍ သူ၏တုံ့ပြန်မှုကို ခိုးကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ကာ လျှပ်စီးအနည်းငယ်အား သူ့ကို ထိမှန်ခွင့်ပေးလိုက်ပြီး သိသိသာသာ ပျော့ခွေလျက် တုန်တုန်ရီရီဖြင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။

" သူ သေခါနီးပြီ "

သရဲမျက်နှာကြီးက အေးစက်စက်ရယ်မောကာ တွေးလိုက်သည်။ သို့သော် တခဏကြာသော် အချိန်မရွေးအသတ်ခံရတော့မည်ဟု သူ ထင်ထားခဲ့သော ပိုင်ရှောင်ချန်းက ဒယိမ်းဒယိုင်ဖြင့် ခြေတစ်လှမ်းထပ်လှမ်းလိုက်၍ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ပိုင်ရှောင်ချန်းက နောက်ထပ်တစ်လှမ်းလှမ်းကာ ရှေ့ဆက်လျှောက်သွားတော့သည်။

နောက်ဆုံးတွင် သရဲမျက်နှာကြီး၏ မျက်လုံးများမှာ သံသယများဖြင့် ဝင်းလက်လာသည်။ သို့သော် ထိုအချိန်တွင် ပိုမိုများပြားသော လျှပ်စီးတန်းများက ပိုင်ရှောင်ချန်းကို ထိမှန်သွားရာ တုန်ရီသွားပြီးနောက် မြေကြီးပေါ်သို့ ဘုန်းခနဲလဲကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတော့သည်။

နောက်ဆုံးတွင် သရဲမျက်နှာကြီးမှာ တွေဝေမနေတော့ဘဲ လှစ်ခနဲလှုပ်ရှားကာ လျှပ်စီးများကို ခွင်း၍ ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားသည်။ သို့သော် သူ နီးကပ်လာစဥ် ပိုင်ရှောင်ချန်းက ပင်ပန်းနွမ်းနွယ်နေသည့်အလား နီရဲနေသော မျက်ဝန်းများဖြင့် အားတင်းကာ ထရပ်လိုက်သည်။

" လာစမ်းပါ "

သူက အက်ကွဲသံကြီးဖြင့် အော်လိုက်သည်။

" ပိုင်ရှောင်ချန်းဆိုတာ ဘယ်တော့မှ အရှုံးပေးတဲ့လူ မဟုတ်ဘူး "

ထို့နောက် သူက ရှေ့တစ်လှမ်းထပ်လှမ်းလိုက်သည်။

ပိုင်ရှောင်ချန်း၏ အပြုအမူကြောင့် သရဲမျက်နှာကြီး၏ သံသယများ ပျောက်ကွယ်သွားပြီး ပိုမြန်သော အမြန်နှုန်းဖြင့် တဟုန်ထိုး လိုက်လေသည်။

“ ဒီကောင်က မာတဲ့ကောင်ဆိုတာ သေချာတယ် “

သို့သော် သူ နီးကပ်လာစဥ် လျှပ်စီးအများစုက သူ့အပေါ် စုဆုံလာပြီး ရှေ့နောက်ဝဲယာသို့ မည်မျှပင် တိမ်းရှောင်စေကာမူ အပစ်ခံနေရလေသည်။

ထို့ပြင် သူ မည်မျှအစွမ်းထက်နေပါစေ လျှပ်စီးက သူ၏နတ်ဘုရားဝိညာဥ်တိုင်အောင် စီးဝင်သွားတော့သည်။ ပို၍ဆိုးဝါးသည်မှာ ၄င်းက သူ၏သက်စောင့်အားကို အတိုင်းအတာတစ်ခုအထိ ထိုးကျသွားစေသည်။

" ဒီလျှပ်စီးက ထူးဆန်းလိုက်တာ "

သူက တွေးလိုက်ပြီး ချက်ချင်းပင် ခေါင်းနပန်းကြီးသွားတော့သည်။ သူက အမြစ်မရှိသည့်အပင်နှင့် တူသည်။ သူ့မှာ သက်စောင့်အားပမာဏများစွာ ရှိသော်လည်း တစ်ခါသုံးပြီးသည်နှင့် ဘယ်နည်းနှင့်မှ ပြန်လည်မတည်ဆောက်နိုင်ပေ။

" မဖြစ်သေးဘူး။ သူသေတဲ့အထိ စောင့်ပြီးမှ သူ့အလောင်းလာကောက်တော့မယ် "

ထို့နောက် သရဲမျက်နှာကြီးက ပြန်လှည့်ရန် ပြင်လိုက်သည်။

သို့သော် ထိုသို့ ပြင်လိုက်ဆဲဆဲ ပိုင်ရှောင်ချန်းသည် မီးအိမ်၏ ငြိမ်းသက်ခါနီး မီးတောက်လေးက အစွမ်းကုန် တောက်ပလာသည့်အလား တုန်တုန်ရီရီ အော်ဟစ်လိုက်သည်။ ထို့နောက် သူက ဒယိမ်းဒယိုင်းလျှောက်နေမည့်အစား ဝုန်းခနဲရှေ့တက်ကာ တစ်ခါတည်း မီတာ ၃၀၀၀ နီးပါး ရောက်သွားတော့သည်။

ထိုသည်က လျှပ်စီးများအား ခါတိုင်းထက်ပို၍ ညှို့ယူလိုက်ရာ အားလုံးက သူ့အား တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။ သူသည် တစ်ချက်တစ်ချက် ဆန့်ငင်ဆန့်ငင်ဖြစ်လျက် စူးစူးဝါးဝါးအော်ဟစ်ကာ လဲကျသွားပြီး မလှုပ်တော့ပေ။

သရဲမျက်နှာကြီးက တုံ့ခနဲရပ်လိုက်ပြီး လှမ်းကြည့်လိုက်သည်။ ကံဆိုးစွာပင် နတ်ဘုရားအာရုံမှာ လျှပ်စီးမိုးကြိုးများအတွင်းတွင် မလုပ်မဖြစ်၍ သာမန်အမြင်ဖြင့်သာ စစ်ဆေးလိုက်ရသည်။ တခဏကြာသော် သူ၏မျက်လုံးများက စိတ်ပိုင်းဖြတ်ထားမှုများဖြင့်တောက်ပသွားပြီး ပိုင်ရှောင်ချန်းထံ ဦးတည်လိုက်တော့သည်။

မိုးကြိုးများက သူ့ကို မည်မျှပင်ပစ်စေကာမူ ကြိတ်မှိတ်၍ အနားကပ်သွားလေသည်။ မီတာ ၃၀၀၀ မျှသာ ကွာဝေးတော့သည့်အချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် ဗလုံးဗထွေး ထအော်လိုက်သည်။

" ငါ ဒီလို မသေချင်ဘူး။ ငါ့မှာ အားနည်းနည်းရှိသေးတယ် "

သူ့အသွင်က ကျန်နေသည့် အသက်မျော့မျော့လေးဖြင့် အော်ဟစ်နေသည့်အလားပင်။ ထို့နောက် သူက တုန်တုန်ချည့်ချည့် ထရပ်ပြီးနောက် လူသေလမ်းလျှောက်နေသည့်အလား တရွတ်တိုက်ဆွဲသွားနေသဖြင့် သရဲမျက်နှာကြီးမှာ လုံးဝမယုံကြည်နိုင်စွာ မျက်လုံးပြူးနေတော့သည်။

" မင်းက ဘယ်လိုလုပ် မသေနိုင်သေးတာတုန်း"

သရဲမျက်နှာကြီးက စိတ်တိုတိုနှင့် ညည်းညူလိုက်သည်။ သူသည် အတော်လေးလျင်မြန်စွာ ရွေ့လျားနေခဲ့သော်လည်း တချိန်တည်းမှာပင် အမြန်နှုန်းကိုလည်း ထိန်းထားနေခဲ့ရသည်။ ဤနယ်မြေတွင် မြန်မြန်လှုပ်ရှားသည်နှင့်အမျှ လျှပ်စီးများအား ပိုမိုဆွဲဆောင်မိသည် မဟုတ်ပါလော။

သို့သော် ယခုတွင် သူက ဒေါသူပုန်ထလျက် အားကုန်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ အရှိန်တင်ရန် ပြင်လိုက်ဆဲဆဲမှာပင် ပိုင်ရှောင်ချန်းက ဘာကိုမှ ဂရုမစိုက်ဘဲ စွန့်စားတော့မည့်အလား ရုတ်တရက် ခါးခါးသီးသီးရယ်လိုက်သည်။

" ခင်ဗျား ဘာနောက်ကိုလိုက်နေလဲဆိုတာ ကျုပ်သိတယ် သရဲအိုကြီး။ ခင်ဗျားက ကျုပ်ရဲ့ ကောင်းကင်မြေ နက္ခတ်တာအို လိပ်ဒယ်အိုးကို လိုချင်နေတာလေ။ ဒါပေမဲ့ ကျုပ်သေရင်တောင်မှ အဲဒါကိုရဖို့ တန်ရာတန်ကြေးပေးရအောင် လုပ်ဦးမှာ "

သူက အရူးသဖွယ်ရယ်မော၍ ရင်ဘတ်ကိုပုတ်ပြီး လျှို့ဝှက်မှော်ပညာတစ်ရပ်ကိုထုတ်ဖော်ရန် သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ သူက ကျန်ရစ်သည့် နောက်ဆုံးလက်ကျန်သက်စောင့်အားကို လောင်ကျွမ်းစေလိုက်ဟန်တူပြီး အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ရှေ့တက်ကာ လျှပ်စီးများစွာစုဆုံရာသို့ တန်းတန်းမတ်မတ်ဦးတည်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မရေမတွက်နိုင်သော မိုးကြိုးပေါင်းများစွာ အပစ်ခံရင်း မီတာပေါင်းထောင်ချီ ကွာဝေးသွားလေသည်။ နောက်ဆုံးတွင် သူက လိပ်ဒယ်အိုးကို သူ၏ဘေးတွင်ချ၍ မြေကြီးထက်သို့ ပစ်လဲသွားတော့သည်။

အစပိုင်းတွင် သရဲမျက်နှာကြီးမှာ မှင်သက်သွားပြီး သံသယများ ကြီးထွားလာတော့သည်။ တိုက်ဆိုင်မှုများက ဆက်တိုက်ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ယခု သူက ယုံရမည်လား၊ မယုံရမည်လား ဆုံးဖြတ်ချက်နှစ်ခုကြား ဒွိဟဖြစ်နေတော့သည်။

" ဒီကောင်က သူနဲ့အတူတူ ငါပါသေသွားဖို့ ဒါမှမဟုတ် အနည်းဆုံး ငါ တန်ရာတန်ကြေပေးလိုက်ရစေဖို့ အထဲကို မျှားခေါ်နေတာ ဖြစ်မယ်။ ဟမ့်… ထားလိုက်တော့… အတိအကျပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလျင်လိုနေစရာအကြောင်းမှ မရှိပဲ "

သူက စူးရှတောက်ပသော မျက်ဝန်းများဖြင့် နောက်ဆုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သက်စောင့်အားကို ကုန်ခမ်းစေသော လျှပ်စီးများမှ လွတ်မြောက်သွားရာ ပိုင်ရှောင်ချန်းကို ကြည့်ရန် လှည့်လိုက်သည်။

" မင်းသေရင် ဒီနေရာရဲ့ ထူးဆန်းတဲ့ ဂုဏ်သတ္တိတွေကြောင့် မင်းအလောင်းက အရင်အတိုင်း မပြောင်းလဲတာကို ငါနားလည်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းသာ မသေရင် မိုးကြိုးတွေပစ်နေတုန်း မလှုပ်မယှက်လေး လှဲနေနိုင်မယ်ဆိုတာ ငါမယုံဘူး "

သရဲမျက်နှာကြီးက ကောက်ကျစ်စဥ်းလဲစွာ ရယ်မော၍ တစ်လလုံးစောင့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းမှာ ဆန့်ငင်ဆန့်ငင် သိပ်မဖြစ်တော့ပေ။ ထိုအချိန်တွင် သရဲမျက်နှာကြီးကား လုံးဝဥဿုံယုံကြည်သွားတော့သည်။

" အဲဒီရတနာဒယ်အိုးက အခုမှ ငါ့ဟာကွ "

သူက လောဘအရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လျှပ်စီးကွင်းထဲ ဒုတိယအကြိမ်ဝင်လိုက်သည်။ ဤအချိန်တွင် သူသည် ဘာကိုမှ ထိမ်ချန်မထားတော့ပေ။ သူက လျှပ်စီးတန်းများ အဆက်မပြတ် ထိမှန်လာသည်ကို လစ်လျူရှု၍ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးသွားလိုက်သည်။

ပိုင်ရှောင်ချန်းလဲနေသည့်နေရာမှာ လျှပ်စီးများ အတော်လေး သိပ်သည်းထူထပ်နေသည်ဖြစ်ရာ သရဲမျက်နှာကြီးအား အတန်ငယ်ကြောက်ရွံသွားစေသည်။ သို့သော် သူက အကြောက်တရားများကို ဥပက္ခာပြု၍ အရှိန်တင်လိုက်သည်။

ထိုအချိန်တွင် သရဲမျက်နှာကြီးအား ချာချာလည်မူးနောက်သွားစေသော အသံတစ်သံ ထွက်ပေါ်လာသည်။

" ငါ မသေချင်ဘူး။ ငါ့မှာ အားနည်းနည်း ကျန်သေးတယ် "

All Chapters