သွေးမရှိတဲ့သရဲကြီး... ဒီကိုလာပြီး တိုက်ခိုက်စမ်းပါ
Vol. 10 Ch. 982
သူ၏အားနည်းနေသော အသံက ပဲ့တင်ထပ်နေသည်နှင့်အမျှ ပိုင်ရှောင်ချန်းက အလွန်နှေးကွေးစွာ အားမာန်တင်းကာ ရပ်လိုက်ပြီး ပထမဆုံးအကြိမ် လှုပ်ရှားလာတော့သည်။
အမှန်တကယ်ဆိုရလျှင် သူသည် သူ့ကိုယ်သူ ခါတိုင်းထက်ပို၍ ဂုဏ်ယူနေသည်။ တစ်လလုံးလုံး မလှုပ်မယှက်လှဲနေခဲ့သည့် အတောအတွင်း ဆက်တိုက်မိုးကြိုးပစ်ချက်များက သူ၏ ကျင့်ကြံခြင်းအခြေခံကို အတိုင်းအဆမရှိ တိုးတက်စေခဲ့သည်။
သရဲမျက်နှာကြီးကို ထောင်ချောက်ဆင်ရန် ဟိုးယခင်ကတည်းက ဆုံးဖြတ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် လွန်ခဲ့ေသာ အချိန်အနည်းငယ်ကတည်းက ထရပ်ပြီး လျှောက်သွားနေမည် ဖြစ်သည်။
သရဲမျက်နှာကြီးသည် ပိုင်ရှောင်ချန်း၏စကားသံများကို ကြားသောအခါ ဒေါကြီးမောကြီး ဟိန်းဟောက်လိုက်တော့သည်။
" မင်း ငါ့ကိုလှည့်စားတယ် "
သူသည် ရူးသွပ်လုမတတ်ဖြစ်နေကာ ချာချာလည်မူးနောက်နေလျက် အော်ဟစ်လိုက်သည်။ သူသာ အပြင်ခန္ဓာကိုယ် ပိုင်ဆိုင်ခဲ့ပါက သေချာပေါက် သွေးအန်နေမည်ဖြစ်သည်။ ပိုင်ရှောင်ချန်းက တစ်လလုံးလုံး လဲနေသည့်တိုင် မသေသေးသည်ကို အမှန်စင်စစ် နားမလည်နိုင်တော့ပေ။ သူသည် မခံချိမခံသာဖြစ်ကာ စိတ်တိုဒေါသထွက်သွားပြီး လျှပ်စီးများကို လုံးဝဥပေက္ခါပြုကာ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးဝင်သွားလေသည်။
ဒေါသထွက်နေသော သရဲမျက်နှာကြီး၏ရှေ့မှောက်တွင် ပိုင်ရှောင်ချန်းက နောက်ဆုတ်လာတော့သည်။
" ဟုတ်တာပေါ့… ကျုပ် ခင်ဗျားကို လှည့်စားခဲ့တာ သရဲအိုကြီးရေ "
သူက ဂုဏ်ယူစွာ ပြောလိုက်သည်။ သူသည် ယခင်ထက်ပင် ပို၍လျင်မြန်စွာ ရွေ့လျားရန် အရှိန်တင်လိုက်သည်။ ပစ်ခတ်နေသည့် လျှပ်စီးမိုးကြိုးများက သူ့ကို နည်းနည်းလေးပင် ထိခိုက်စေသည့်ပုံမပေါ်သည်သာမက အမှန်တကယ်ဆိုရလျှင် သူ၏ အမြန်နှုန်းကို အားဖြည့်ပေးနေသည့်ပုံပေါက်နေသည်။
" မင်း.....မင်း...."
သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းကို နည်းနည်းပင် မထိခိုက်သည့်အတွက် လုံးဝအံ့သြသွားတော့သည်။ သို့သော် လက်ရှိအချိန်တွင် ဘာကြောင့်ဖြစ်သည်ကို စဥ်းစားရန် အချိန်မရှိပေ။ သူက ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်… ပိုင်ရှောင်ချန်းနောက်မလိုက်တော့ဘဲ သူ ထွက်ပြေးရန် ဖြစ်ပေသည်။
" သောက်ကျိုးနည်းကွာ " သူက တွေးလိုက်သည်။
" ဒီကောင်က ဘယ်လိုတောင် ထူးဆန်းနေရတာတုန်း "
သရဲမျက်နှာကြီး၏ရင်တွင်းရှိ နောင်တ အမုန်းတရားများကား မယုံကြည်နိုင်ဖွယ်အတိုင်းအတာထိ ရောက်နေလေပြီ။ သိသာစွာပင် သူသည် မိုးကြိုးတိမ်တိုက်နယ်မြေထဲတွင် ပိုင်ရှောင်ချန်းနှင့် မတိုက်ခိုက်နိုင်ပေ။ ယခုအခါ သူက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ကျဆင်းသွားခဲ့ပြီဖြစ်ရာ လျှပ်စီးထဲထပ်သွားခြင်းက သူ့ကိုအန္တရာယ်တွင်းထဲ ကျစေလိမ့်မည်။
ယခင်ထိပ်တိုက်တွေ့ထားသည်များအပေါ် အခြေခံ၍ ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်လင့်ကစား သတ်ဖြတ်နိုင်ရန်အတွက်မူ အားကုန်သုံးရမည်ဖြစ်ကြောင်း သူ သိသည်။
" ထွက်ပြေးဖို့ မစဥ်းစားနဲ့ သရဲအိုကြီး" ပိုင်ရှောင်ချန်းက စူးစူးဝါးဝါး အော်လိုက်သည်။
"လာစမ်းပါ သူသေ ကိုယ်သေ တိုက်ကြတာပေါ့ "
အမှန်တွင် သူက သရဲမျက်နှာကြီးအနားသို့ကပ်မသွားပေ။ ထိုအစား ကောင်းကင်တံတားဓမ္မမျက်လုံး၏ စွမ်းအားကိုထုတ်ပြီး ခရမ်းရောင်အလင်းတန်းတစ်တန်းကို ပို့လွှတ်ကာ သူ့ကို ဆွဲဖမ်းလိုက်သည်။
သရဲမျက်နှာကြီးမှာ တခဏတာ တုန်တက်သွားပြီး လျင်မြန်စွာပြန်လည်သတိဝင်လာသော်လည်း ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည့် လျှပ်စီးတန်းများအား မရှောင်တိမ်းနိုင်ပေ။ ထိုခဏတာ ရပ်သွားသည့်အခိုက်အတန့်တွင် သူ့ကို ဒါဇင်ပေါင်းများစွာ ထိမှန်သွားတော့သည်။
သူ မည်မျှအစွမ်းထက်စေကာမူ လျှပ်စီးတန်းများစွာကြောင့် မချိမဆန့်အော်ဟစ်ကာ အသည်းအသန်ထွက်ပြေးတော့သည်။ သို့သော် ပိုင်ရှောင်ချန်းက ယခုကဲ့သို့ အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။ ကောင်းကင်တံတားမျက်လုံး၏ တန်ပြန်အားက သူ့ကို သွေးအန်သွားစေသော်လည်း ထာဝရသွေးကား စတင်အလုပ်လုပ်နေလေပြီ။ တခဏလေးအတွင်း သူက ပြန်လည်သက်သာသွားပြီး အလုပ်ပြန်လုပ်တော့သည်။
သရဲမျက်နှာကြီးမှာ နောက်တစ်ကြိမ် တုံ့ခနဲရပ်လိုက်ရပြန်ပြီး ယခုတစ်ခေါက်တွင် အံမခန်းလိလိ လျှပ်စီးတန်းတစ်ရာကျော်က သူ့ထံ တဂျိန်းဂျိန်းဝင်ချလာသည်။ သူ၏အော်ဟစ်သံများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေပြီး မိုးကောင်းကင်ကိုပင် မှေးမှိန်သွားစေတော့သည်။
" ငါ မင်းကို သတ်ပစ်မယ်။ မင်းကို သတ်မယ်။ ကြားလား။ အရှင်လတ်လတ် အရေခွံနွှာပစ်မယ်။ မင်းရဲ့အသွေးအသားတွေကို စားပစ်ပြီး မင်းအရိုးထဲက ရိုးတွင်းခြင်ဆီတွေ စုပ်ပစ်မယ်ကွ "
သရဲမျက်နှာကြီးမှာ သက်စောင့်အားများ လျင်မြန်စွာ ကုန်ခမ်းသွားသဖြင့် တဆတ်ဆတ်တုန်ယင်နေတော့သည်။ နောက်ဆုံးတွင် သူက အဖိုးအခကြီးမားစွာ ပေးဆပ်လိုက်ပြီး ဟိန်းဟောက်ကာ အနက်ရောင်အငွေ့စီးကြောင်းတစ်ထောင်အဖြစ် ခွဲထွက်၍ အရပ်မျက်နှာအနှံသို့ ထွက်ပြေးလေသည်။
ထိုနည်းအားဖြင့် နောက်ဆုံးတွင် သူက ကောင်းကင်တံတားဓမ္မမျက်လုံးထံမှ လွင်မြောက်သွားတော့သည်။ သို့သော် အနက်ရောင်အငွေ့စီးကြောင်းတစ်ထောင်ပုံစံနှင့်ပင် အဖျက်မိုးကြိုးလျှပ်စီးများအား သူ မရှောင်တိမ်းနိုင်သေးပေ။ သူ ရွေးချယ်စရာမရှိတော့ဘဲ မိုးကြိုးတိမ်တိုက်ထဲမှ တတ်နိုင်သမျှ မြန်မြန်ထွက်ရန်သာ ကြိုးစားလိုက်ရတော့သည်။
" ဟမ့် ပြေးနေတာ တန်းနေတာပဲ "
ပိုင်ရှောင်ချန်းမှာ မကျေနပ်သော်လည်း ယခုအခါ သူ့မှာ လှည့်ကွက်မရှိပေ။ အနက်ရောင်အငွေ့စီးကြောင်းတစ်ထောင်ကျော်က မိုးကြိုးတိမ်တိုက်ထဲမှ လွတ်မြောက်သွားပြီးနောက် ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးအသွင် ပြန်ဖြစ်သွားသည်ကိုသာ သူ လက်ပိုက်ကြည့်နေနိုင်တော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အသာစီးရခဲ့ပြီဖြစ်ကြောင်း သုံးသပ်လိုက်သည်။ သူသည် တိုက်ခိုက်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် ခပ်ဝေးဝေးက သရဲမျက်နှာကြီးကို ကြည့်၍ ကောင်းကင်ဧကရာဇ်နှင့် ရင်ဆိုင်ခဲ့သောအချိန်က သချိုင်းစောင့်ကြီး၏ဟန်ပန်အမူအရာကို အတုခိုးရန် ဆုံးဖြတ်လိုက်သည်။ သရဲမျက်နှာကြီးကို လက်ညိုးငေါက်ငေါက်ထိုး၍ သူက အေးတိအေးစက် ပြောလိုက်၏။
" ဒီကို ဝင်လာဖို့ သွေးကြောင်နေတာလား သရဲအိုကြီး။ သတ္တိရှိရင် ခင်ဗျားနဲ့ကျုပ် သူသေကိုယ်သေ တိုက်မယ်လေ "
ငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီးမှာ အလွန်ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ်ဖြစ်တော့သည်။ သို့သော် သူက ထိုလျှပ်စီးပင်လယ်ကြီးထဲ ဝင်ရန် သတ္တိမရှိပေ။ စောစောက အပြန်အလှန်တိုက်ခိုက်ခဲ့စဥ်အတွင်း သူ့သက်စောင့်အားစုစုပေါင်း၏ ဆယ်ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရသည်။
သူက ထိုသက်စောင့်အားများကို စုဆောင်းရန် ရေတွက်၍ပင်မရသော နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ယခုအခါ ဤနေရာတွင် မျက်စိတစ်မှိတ်အတွင်း ကုန်ခမ်းသွားခဲ့လေပြီ။
" မင်း သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း ပိုင်ရှောင်ချန်း။ မင်း ထွက်လာရဲလား"
သရဲမျက်နှာကြီးက ပိုင်ရှောင်ချန်းအား ကျိန်ဆဲနေသည်ကိုကြည့်ရသည်မှာ သူ မည်မျှဒေါသူပုန်ထနေကြောင်း သိသာလှသည်။
" လျှပ်စီးတွေ ရှိနေသရွေ့ ကျုပ် ဒီမှာ ရှိနေဦးမှာ "
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါ၍ ခပ်ကျယ်ကျယ်လေး ပြန်ပြောလိုက်သည်။
" မင်း......"
သရဲမျက်နှာကြီးမှာ ထိုစကားလုံးများကြောင့် ရူးသွပ်လုမတတ် ဖြစ်နေလေပြီ။ ယခုကဲ့သို့ အရှက်မရှိသော လူတစ်ယောက်အား သူ တစ်ခါမှ မကြုံခဲ့ဖူးသဖြင့် မည်သည်ကိုပင် ပေးဆပ်ရစေကာမူ ပိုင်ရှောင်ချန်းအား ပြေးသတ်လုနီးပါး မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
ကံဆိုးစွာပင် သူက ထိုမျှများပြားသော သက်စောင့်အားများကို အကုန်မခံနိုင်သောကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေအား အံကြိတ်၍သာ သည်းခံနေရတော့သည်။
" မင်းမှာ ဇနည်းနည်း ရှိရင်တောင် ထွက်လာပြီး ငါ့ကို တိုက်စမ်းပါ။ ငါသေချာပေါက် မင်းကို သတ်ပစ်မယ်ကွ "
ထို့နောက် သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းနှင့် အချေအတင်စကားများရင်း စိတ်မထိန်းနိုင်တော့မည်စိုး၍ ဒေါသတကြီး ချာခနဲလှည့်ထွက်လိုက်သည်။
" ဟေး သွေးမရှိတဲ့သရဲကြီး… ဒီကိုလာပြီး တိုက်စမ်းပါ "
ထို့နောက် ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါလိုက်ပြီး မေးကိုမော့ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
" ငါ ပိုင်ရှောင်ချန်း အင်္ကျီလက်ကလေးတစ်ချက်ခါလိုက်တာနဲ့ ဒီနတ်ဘုရားတစ်ပိုင်းသရဲကြီးလဲ ငါ့မျက်စိရှေ့ကနေ ထွက်ပြေးသွားရတာပါလား "
သရဲမျက်နှာကြီးသည် ထိုစကားအားကြားသောအခါ ဆွေ့ဆွေ့ခုန်လျက် အံကြိတ်လိုက်သော်လည်း စိတ်အဆွခံ၍မဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ပြီး အမြန်ဆုံးအရှိန်ဖြင့် ဆက်လက်ထွက်ခွာလိုက်သည်။
ထိုနည်းအားဖြင့် မိုးကြိုးတိမ်တိုက်နယ်မြေကား ဝင်သူမရှိ၊ ထွက်သူမရှိသော ... နယ်နိမိတ်စည်းဖြစ်လာတော့သည်။
ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေသည်။ သူက ပျော်ရွှင်အူမြူးနေလျက် တစ်လှမ်းသွားတိုင်း လျှပ်စီးမိုးကြိုးများကို စုပ်ယူရင်း မိုးကြိုးတိမ်တိုက်ထဲ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။
နောက်ဆုံးတွင် သူသည် လျှပ်စီးများ များပြားလွန်းသဖြင့် သဲသဲကွဲကွဲ မမြင်ရသလောက်ဖြစ်နေသည့် နယ်မြေ၏ အလယ်ကျကျသို့ ရောက်သွားလေသည်။ ထိုနေရာတွင် သူက တင်ပျဥ်ခွေထိုင်ပြီး စတင်ကျင့်ကြံအားထုတ်တော့သည်။
" ဒီရက်ပိုင်းထဲ တစ်ရက်ရက်တော့ ဟိုသရဲအိုကြီးကို ပညာသွားပေးဦးမယ်"
သူက အေးစက်စက်နှာမှုတ်ရင်း မျက်လုံးများပိတ်လိုက်ပြီး စတင်အားထုတ်လေသည်။
ဤနေရာရှိ လျှပ်စီးမိုးကြိုးများတွင် သက်စောင့်အားများသာမက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ ပါဝင်သည်။ ပိုင်ရှောင်ချန်းအတွက် ၄င်းသည် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းထက်ပင်ပို၍ အကျိုးရှိပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို အဆက်မပြတ်တိုးတက်စေသည်။ ထို့အပြင် သူ၏ထာဝရသွေးမှာ ငါးဆယ်ရာခိုင်နှုန်းအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
သရဲမျက်နှာကြီးမှာမူ ထွက်ခွာလာခဲ့ပြီးနောက် အတန်ငယ်စိတ်အေးသွား၏။ ထို့နောက် သူက မှော်ပစ္စည်းအား ထိန်းချုပ်ရန် နည်းလမ်းအား ဖြစ်ညှစ်စဥ်းစားရင်း အချိန်ကုန်ဆုံးလိုက်သည်။ သို့သော်လည်း အဆုံးသတ်တွင် သူက သက်ပြင်းသာချလိုက်ပြီး ထိုအတွေးများအား ခေါင်းထဲက ထုတ်လိုက်တော့သည်။
" ပြီးခဲ့တာက ပြီးပြီထားတော့။ ငါအခုလုပ်ရမှာက ဒီနေရာထွက်ပြီး အပြင်ကနေ ထိန်းချုပ်ဖို့ ကြိုးစားဖို့ပဲ "
သူက မျက်လုံးများ တလက်လက်တောက်ပနေလျက် မှော်ပစ္စည်းတွင် ထွက်ပေါက်ရှိသည်လား ရှာပုံတော်ထွက်လိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ တစ်နှစ်ကြာသွားလေပြီ။
ထိုအတောအတွင်း ပိုင်ရှောင်ချန်းသည် ကျင့်ကြံခြင်းအပေါ်တွင် အပြည့်အဝ အာရုံစိုက်ထား၏။ သူက ကျင့်ကြံအားထုတ်ရသည်ကို အတော်လေးစိတ်ဝင်စားလွန်း၍ မဟုတ်ဘဲ အခြားလုပ်စရာမရှိသောကြောင့် ဖြစ်ပေသည်။ ထို့ပြင် မိုးကြိုးတိမ်တိုက်နယ်မြေမှ မထွက်သွားရဲသည်ကို ထည့်တွက်ပါက ကျင့်ကြံခြင်းသာ သူ၏တစ်ခုတည်းသော ရွေးစရာအဖြစ် ပိတ်မိနေခြင်းဖြစ်တော့သည်။
ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးကား ဆက်လက် ဒေါသူပုန်ထနေဆဲပင်။ သူ မည်သို့ကြိုးစားသည်ဖြစ်စေ ထွက်ပေါက်မရှိ၊ ထွက်လမ်းမရှိကြောင်း သဘောပေါက်ခဲ့သည်။
ယခု သူပိတ်မိနေကြောင်း နားလည်လိုက်သည့်အတွက် သူ၏စိတ်ခံစားချက်မှာ ပို၍သာ ဆိုးဝါးလာတော့သည်။ ဤအခြေအနေက ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ အနှေးနှင့်အမြန် သူ ထွက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည် မဟုတ်ပါလော။
သို့သော်.... မကြာမီ သူ၏ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံနေရကြောင်း သတိထားမိလိုက်သည်။ ယခု သူသည် နတ်ဘုရားတစ်ပိုင်း အတိုက်အခိုက်စွမ်းရည်မှ နတ်ဘုရားတစ်ပိုင်းသို့ရောက်လုနီးပါးအဆင့်ထိ တောက်လျှောက်လျှောကျသွားပြီးဖြစ်သည်။ မှော်လက်နက်စောင့်ဝိညာဥ်က သူ့အပေါ် ယခုကဲ့သို့လုပ်နေခြင်း ဖြစ်နိုင်လောက်သည့်အတွက် သူ စိုးရိမ်သောကရောက်လာတော့သည်။ ထို့ပြင် ပို၍ဆိုးသည်က..... ဤသည်မှာ အစသာရှိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ကန့်သတ်ချက်များမှာ ပို၍ပြင်းထန်မည်ဖြစ်သည်။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း "
သူက ထိတ်ထိတ်ပျာပျာ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် သူ၏ကံကြမ္မာမှာ ပိုင်ရှောင်ချန်းနှင့် တွေ့သည့် အခိုက်အတန့်မှစ၍ အဆိုးဘက်သို့ရောက်သွားခဲ့ကြောင်း သဘောပေါက်လိုက်သည်။
ထိုအချိန် သရဲမျက်နှာကြီးဖြစ်စေ၊ ပိုင်ရှောင်ချန်းဖြစ်စေ မှော်လက်နက်ကမ္ဘာထဲ ပိတ်မိနေကြချိန် အပြင်ဘက် ကောင်းကင်တံတားဒေသများ၌ ကိစ္စရပ်များ ဖြစ်ပျက်နေသည်။ ကောင်းကင်ဧကရာဇ်သည် အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများမှ ဂိုဏ်းများနှင့်အတူ မြစ်ဝဂိုဏ်းလေးဂိုဏ်းအား စစ်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်ပြန်ခဲ့ချေသည်။
မြေရိုင်းဒေသနှင့် နောက်ဆုံးစစ်ပွဲကြီးပြီးကတည်းက ယခုအချိန်အထိ ရေတွက်ကြည့်လျှင် နှစ်ပေါင်း နှစ်တစ်သောင်းကြာမြင့်ခဲ့ပြီဖြစ်ပြီး နောက်တစ်ပွဲစတင်ရန် အချိန်ကျရောက်လာခဲ့လေပြီ။
ဤတစ်ကြိမ်တွင် မဟာတံတိုင်းက ပြိုကျခဲ့ပြီး သေမင်းနွံတောက ယခင်ကဲ့သို့ မဟုတ်တော့ပေ။ သို့ဖြစ်၍ ဤစစ်ပွဲကြီးက မည်မျှပြင်းထန်ပြီး သေကြေကြရမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။