ရူးသွပ်နေသော သရဲအိုကြီး
Vol. 10 Ch. 984
ပိုင်ရှောင်ချန်းက အသက်လုပြေးရာတွင် စိတ်နှစ်ထားသောကြောင့် သူ့နောက်လိုက်နေသူထက် မည်မျှမြန်ကြောင်း အာရုံစိုက်မနေပေ။ သူသည် မြန်နိုင်သမျှ မြန်မြန် ဝေးဝေး ထွက်ပြေးရန်သာ တွေးနေသည်။
သူက လေဟုန်ခွင်း၍ ပြေးလွှားနေရာ အရိပ်များသာ ထင်ကျန်နေပြီး ပတ်ဝန်းကျင်တစ်ခွင် တရွှီရွှီမြည်သံများ ပဲ့တင်ထပ်နေတော့သည်။ အမှန်တွင် ထိုအရိပ်များအနက် မည်သည်က သူ၏ပုံရိပ်အစစ်အမှန်ဖြစ်သည်ကို မှန်းဆရန်ပင် ခက်ခဲလှပေသည်။
သရဲမျက်နှာကြီးမှာ အလွန်စိတ်ဖောက်နေပြီဖြစ်၍ ဝှက်ဖဲနတ်ဘုရားသိုင်းကိုပင် သုံးလိုက်ရာ သူ့ပတ်ပတ်လည်ရှိ အငွေ့များက အလုံးကြီးအသွင် သိပ်သည်းလာတော့သည်။ သို့သော် ပိုင်ရှောင်ချန်းက… လေတောင်ကြားထံ ဦးတည်နေစဥ် သူက အနားပင် မကပ်နိုင်သေးပေ။
" မဖြစ်ဘူး "
သူက ဆွဲဆွဲငင်ငင် အော်ဟစ်လိုက်တော့သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသုံး၍ ရှေ့သို့ တွန်းပို့လိုက်ရာ အနက်ရောင်စက်လုံးကြီးသည် အနက်ရောင်မြားများစွာအသွင် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းထံ ပြေးဝင်သွားကြသည်။
၎င်းတို့မှာ အလွန်များပြားလွန်းသောကြောင့် ရေတွက်ရန်ပင် မဖြစ်နိုင်ဘဲ ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကို သတိထားမိသည်နှင့် ကြောက်လန့်တကြား အော်ဟစ်မိသွားသည်။
သူသည် ထာဝရပြုစားခြင်းသိုင်း၊ တောင်ဖြိုသိုင်းနှင့် သူ၏စိတ်ထဲေပါ်လာသမျှ မှော်အတတ်များအပြင် လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းကိုပင် အသုံးပြုနေလေသည်။
အနက်ရောင်မြားများက သူ့ကို ထိတော့မည့်အချိန်မှာပင် သူက လေတောင်ကြားထဲ ဝင်ရောက်သွားတော့သည်။ ထိုအချိန်တွင် မြားများ ပေါက်ကွဲသွားကာ စွမ်းအားကြီးတိုက်ကွက်ကြီးတစ်ကွက်အသွင်ဖြင့် လေတောင်ကြားထဲ ဝင်ရောက်၍ သူ့နောက်လိုက်လာလေသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်မှ သွေးများပန်းထွက်လာသော်လည်း ခေါင်းပင်လှည့်မကြည့်ပေ။ သူက လေတောင်ကြားအတွင်း ပြေးဝင်လိုက်သည့်အတွက် ချက်ချင်းပင် စွမ်းအားကြီးပြင်းထန်သော လေပြင်းများ၏ ထိုးနှက်ခြင်း ခံလိုက်ရလေသည်။ သို့သော် မည်သည့်လေမဆို သူ့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီး၏ အံ့သြတုန်လှုပ်ကောင်းသော စွမ်းအင်များအဖြစ်ပြောင်းသွားပြီး သူ၏မွှေးညှင်းပေါက်များထဲဝင်ရောက်ကာ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်စီးသွားတော့သည်။
ကံဆိုးစွာပင် ပိုင်ရှောင်ချန်းမှာ ယင်းအား သတိထားမိလောက်အောင်ပင် အာရုံမလာပေ။ သူသည် သွေးများတစ်ပွက်ပြီးတစ်ပွက်အန်ရင်း တရိပ်ရိပ်ဆက်ပြေးနေသည်။ လေတောင်ကြားအတွင်းပိုင်းသို့ ရောက်မှသာလျှင် သူသည် ဟောဟဲလှိုက်နေလျက် သူတစ်ယောက်တည်းဖြစ်နေကြောင်း ဘေးပတ်လည်အား ကြည့်၍ သိသွားကာ ရပ်လိုက်တော့သည်။ ထိုအချိန်တွင် သူက နောက်လှည့်ကြည့်လိုက်ပြီး သရဲမျက်နှာကြီး တောင်ကြားထဲ လိုက်မလာကြောင်း သဘောပေါက်လိုက်၏။ နောက်ဆုံး သူသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။
" ကိုယ်တော်ပိုင်ကို သတ်နိုင်တယ်ထင်နေလား သရဲအိုကြီး။ အိပ်မက်မက်မနေနဲ့ "
ထိုအချိန်တွင် သူက ဘေးဘီဝဲယာအား သေသေချာချာကြည့်လိုက်ပြီး လေပြင်းများသည်လည်း လျှပ်စီးများနည်းတူ သူ့အား စိတ်စွမ်းအင်နှင့် သက်စောင့်အားနှစ်မျိုးလုံံးဖြည့်ပေးနေကြောင်း သဘောပေါက်လိုက်သည်။
သူ ရုတ်ချည်း စိတ်အားတက်ကြွသွားသည်။
" ဟမ့် လူကြီးလူကောင်းဆိုတာ လက်စားချေဖို့ လိုအပ်ရင် ဆယ်စုနှစ်တစ်စုအထိ စောင့်နိုင်တယ်။ ငါ ကိုယ်တော်ပိုင်က လူကြီးလူကောင်းဆိုတော့ ငါ့ကျင့်ကြံခြင်းအခြေခံအဆင့်တက်တဲ့အထိပဲ စောင့်လိုက်ဦးမယ်။ ပြီးရင် ဟိုသရဲအိုကြီးကို သွားသတ်မယ် "
ယခု ဖြစ်ပွားခဲ့သော မြင်ကွင်းကြီးက ပိုင်ရှောင်ချန်းကို ရင်တုန်သွားစေသည်။ သို့သော် တစ်ခုခု ထူးဆန်းနေသေးသည်။
" အခုမှ တွေးကြည့်တော့ ဟိုသရဲအိုကြီးက အရင်ကထက် ပိုအားနည်းသွားတဲ့ပုံပဲ။ ငါ့ခြေဖျားတောင် မမှီဘူး"
သူသည် ခေါင်းယမ်းကာ ကလေးမလေးက ဤကမ္ဘာကို ထိန်းချုပ်နိုင်သွားလျှင် သရဲမျက်နှာကြီးအား ဖိနှိပ်ပေးမည်ဟု ပြောခဲ့သည်ကို ပြန်တွေးမိလိုက်သည်။
" ကလေးမလေး မနိုးသရွေ့ ဒီကနေဘယ်လိုမှ ထွက်ရမှာမဟုတ်ဘူး။ အဲဒါကြောင့် သရဲအိုကြီးလဲ ငါ့လို ပိတ်မိနေပြီး အဆက်မပြတ် အားနည်းလာနေတာပေါ့။ ဒါပေမဲ့ ငါကတော့ အားကောင်းသထက် အားကောင်းလာတယ်... "
ထိုအကြောင်း တွေးမိသည်နှင့်အမျှ သူ ပို၍ စိတ်လှုပ်ရှားလာတော့သည်။
နောက်ဆုံးတွင် သူက အဝေးကိုလှမ်းကြည့်ပြီး အော်လိုက်သည်။
“ ခင်ဗျားတော့ နေနှင့်ဦးပေါ့ သရဲအိုကြီးရေ။ ကျုပ် အဆင့်တက်တာနဲ့ ခင်ဗျားကို သရဲမယ်တော်ကြီးတောင် မမှတ်မိအောင် ချပစ်ဦးမယ်။ ကျုပ် မလုပ်ရင် ကျုပ် နာမည်က ပိုင်ရှောင်ချန်း မဟုတ်တော့ဘူး"
သူက သူ၏အသံကို ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် အားဖြည့်ပေးလိုက်သည့်အတွက် ၄င်းသည် လေတောင်ကြားတစ်လျှောက် ပဲ့တင်ရိုက်၍ ဒေါသူပုန်ထနေသော သရဲမျက်နှာကြီးထံ ရောက်သွားတော့သည်။
" ပိုင်ရှောင်ချန်း "
သူသည် ခံပြင်းဒေါသထွက်လျက် အော်ဟစ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းကို လေတောင်ကြားအထိ လိုက်ဖမ်းပြီး ထိုလေများက သူ့ကို မထိခိုက်ကြောင်း မြင်ရပြီးနောက်တွင် သရဲမျက်နှာကြီးမှာ သူ့ကိုယ်သူ ရူးသွားပြီဟု ခံစားလိုက်ရတော့သည်။ လေပြင်းမုန်တိုင်းများက ပိုင်ရှောင်ချန်းအား သူတို့၏ အဘိုးအရင်းကြီးအလား ဆက်ဆံေနသည့်ပုံပေါက်နေတော့သည်။
ထိုအချိန်တွင် သရဲမျက်နှာကြီးက လေမုန်တိုင်းများအတွင်း ခြေချကြည့်ရန် ဆုံးဖြတ်လိုက်ရာ သူ၏ဝိညာဥ်ကိုယ်မှာ အပိုင်းပိုင်းစုတ်ဖြဲလုနီးပါးဖြစ်သွားပြီး သူ၏သက်စောင့်အားအချို့အား ယူဆောင်သွားကြောင်းသာ တွေ့လိုက်ရတော့သည်။ သူက ကမန်းကတမ်း နောက်ပြန်ဆုတ်လိုက်ရလေသည်။
ပိုင်ရှောင်ချန်းမှာ အမြီးမီးလောင်နေသော ကြွက်တစ်ကောင်ကဲ့သို့ ခြေထောက်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးသွားခဲ့ပြီး မကြာမီ လေတောင်ကြား၏အနက်ပိုင်းထဲ ရောက်သွားလေရာ သရဲမျက်နှာကြီးမှာ အားကိုးရာမဲ့လျက် ကောင်းကင်နှင့်မြေကြီးအား သူ့ကို ယုတ်မာစွာ ဆက်ဆံသည့်အတွက် ကျိန်ဆဲလိုက်တော့သည်။
ဤနည်းအတိုင်းသာ ဆက်ဖြစ်နေလျှင် သူ အမှန်တကယ် အဆုံးသတ်ခံရတော့မည်ဖြစ်ကြောင်း သူသိသည်… ပိုင်ရှောင်ချန်းက လေတောင်ကြားထဲတွင် အဆင့်တက်သွားသည့်အတွေးလေးကပင် သရဲမျက်နှာကြီး၏ အမူအရာအား အလွန်တင်းမာခက်ထန်သွားစေသည်။
" ဒီကောင်က ရန်ကြွေးနည်းနည်းလေးအတွက်တောင် လက်စားချေတတ်တာ။ အဆင့်တက်သွားလို့ကတော့..."
သရဲမျက်နှာကြီးမှာ ယခုထက်ပို၍ နောင်တမရနိုင်တော့ပြီ။ ယခုအခါတွင် ပိုင်ရှောင်ချန်းနှင့်အတူ အနှီသောက်ကျိုးနည်းမှော်ပစ္စည်းအထဲသို့ မလာခဲ့သင့်ကြောင်း သူ နားလည်လိုက်သည်။
" ဒီကောင် ဘယ်လိုလုပ် ယုတ္တိမရှိတာတွေလုပ်နိုင်ရတာတုန်း “
သူက လှည့်၍ ထွက်လမ်းအား နောက်တစ်ဖန်ရှာရန် ပျံထွက်လိုက်သည်။
သရဲမျက်နှာကြီးသာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှဖြစ်စေ၊ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှဖြစ်စေ မည်သည့်ဂိုဏ်းသားနှင့်မဆို တွေ့ဖူးခဲ့လျှင် ထိုဂိုဏ်းသားများသည် သူ့အား ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ အမှန်တကယ် ကြောက်စရာကောင်းသည်က ယုတ္တိမရှိသည့်အရာတစ်ခုမှ မဟုတ်ဘဲ...သူ၏တုဖက်ကင်းေသာ
ကပ်ဆိုက်စေသည့်အရည်အချင်းဖြစ်ကြောင်း ပြောကောင်းပြောပေလိမ့်မည်။
မှန်ကန်သော အခြေအနေအချိန်အခါနှင့် ရင်းမြစ်များသာပေးလျှင် သူက ကမ္ဘာကြီးကိုပင် ဖျက်စီးပစ်နိုင်လောက်သည်ကို မြစ်ဝဂိုဏ်းနှစ်ဂိုဏ်းလုံး မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည် မဟုတ်ပါလော။
မကြာမီ နှစ်ဝက်ကုန်သွားလေပြီ...
ထိုအတောအတွင်း စစ်ပြင်ဆင်မှုများ ပြီးဆုံးသွားပြီး နောက်ဆုံး၌ ကောင်းကင်ဧကရာဇ် လိုချင်ခဲ့သည့် တိုက်ပွဲကား စတင်တော့သည်။
ကောင်းကင်တံတားမြစ်ဒေသ၏ တပ်ဖွဲ့များသည် မြေရိုင်းဒေသအား စစ်မျက်နှာလေးဖက်မှ ကျူးကျော်စီးနင်းဝင်ရောက်ကြသည်။ မြစ်ဝဂိုဏ်းများက အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသမှ တပ်ဖွဲ့များဖြင့် စုပေါင်းထားသော ဧရာမစစ်တပ်ကြီးလေးတပ်ကို ဦးဆောင်သည်။
မြေရိုင်းဒေသက ကောင်းကင်ဘုရင်လေးပါး၏စစ်တပ်များက မြစ်ဝဂိုဏ်းတစ်ဂိုဏ်းစီအား ရင်ဆိုင်တိုက်ခိုက်ကြသည်။ စစ်ပွဲကား... စတင်လေပြီ။
ပိုင်ရှောင်ချန်းဖြစ်စေ၊ သရဲမျက်နှာကြီးဖြစ်စေ ဤအဖြစ်အပျက်အား သတိမထားမိပေ။ ပိုင်ရှောင်ချန်းသာ သိခဲ့လျှင် အလွန့်အလွန် စိုးရိမ်သွားမည်ဖြစ်ပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်နိုင်လောက်မည် မဟုတ်ပေ။ သရဲမျက်နှာကြီးမှာမူ ပိုင်ရှောင်ချန်းနှင့်အတူ အနှီစိတ်ပျက်ဖွယ်နေရာကြီးအား လိုက်ခဲ့မိလေခြင်းဟု ပို၍ပင် နောင်တရနေမည်ဖြစ်သည်။
အပြင်ဘက်ကမ္ဘာတွင် မြေရိုင်းဒေသနှင့် ကောင်းကင်တံတားတပ်ဖွဲ့များအကြားက စစ်ပွဲသည် သူ့အတွက် ရွှေတွင်းကြီးတစ်တွင်းဖြစ်မည်ဖြစ်သည်။ သူသည် နေရာတိုင်းတွင် လူအပေါင်းကို စားသောက်နိုင်ပြီး သူ့ကိုယ်ကျိုးအတွက် စစ်ပွဲကို ခြယ်လှယ်စေနိုင်မည့် ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ အထွတ်အထိပ်ကို နောက်ဆုံးတွင် ရောက်ရှိသွားစေမည် ဖြစ်သည်။
ထိုအစား သရဲမျက်နှာကြီးမှာ နှလုံးသားထဲတွင် အရှက်ကွဲခြင်း၊ ရက်စက်ခြင်းနှင့် အကြောက်တရားများပြည့်နေလျက် တောင်ကုန်းလေးထဲ၌ ပုန်းအောင်းနေရသည်။
ထိုသို့ပုန်းနေရသည့်အကြောင်းရင်းမှာ လွန်ခဲ့သောနှစ်ဝက်အတွင်း သူ၏ကျင့်ကြံခြင်းအခြေခံသည် ဆက်တိုက်ကျဆင်းနေခဲ့၏။ လက်ရှိအချိန်တွင် သူက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ နတ်အဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်နေလေပြီ။
၄င်းမှာ သူ့အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင် အသက်ဝင်နေသော အိပ်မက်ဆိုးကြီးအလားပင်။ သူ၏ကျင့်ကြံခြင်းအခြေခံများစွာ ကျဆင်းသွားပြီး နောက်ဆုံးတွင် အပြင်မထွက်ရဲသည့်အခြေအနေသို့ ရောက်သွားတော့သည်။ ထို့ကြောင့် သူက သုံးလလတိတိ ပုန်းရင်းသာ နေခဲ့ရသည်။
ယခင်က သူသည် လေတောင်ကြားကို သွား၍ ပိုင်ရှောင်ချန်းကို ရှာသင့်၊မရှာသင့် လွန်ဆွဲနေခဲ့သည်။ သို့သော် ယခုတွင် သူရှာတွေ့လျှင်တောင်မှ သတ်နိုင်မည်မဟုတ်ပေ။ ပို၍ဆိုးသည်က လေတောင်ကြားတွင် သူအာရုံရနေသော အရှိန်အဝါမှာ ယခုတွင် နှောင်းပိုင်းနတ်အဆင့်နှင့် အလွန်နီးကပ်လာနေလေပြီ။
" ချီး ချီး ချီးပဲကွာ "
ပိုင်ရှောင်ချန်းက ယခု မည်မျှအစွမ်းထက်ကြောင်း တွေးတောကာ သူ၏စိတ်ထဲတွင် နောင်တများ၊ ခံပြင်းဒေါသများဖြင့် ပြည့်နှက်နေတော့သည်။ ယခု သူ၏စွမ်းအားအဆင့်က နတ်အဆင့်၏ မဟာစက်ဝန်းနှင့် ညီမျှနေသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းသာ အဆင့်တက်သွားလျှင်… အကျိုးဆက်များကား မတွေးရဲစရာပင်။
" ဘာကြောင့် ဒီလိုဖြစ်ရတာတုန်း "
သူက သူ့ဆံပင်ဖြစ်သည့် အငွေ့များကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲရင်း ညည်းညူလိုက်သည်။ သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ပိုင်ရှောင်ချန်း၏ အရှိန်အဝါနှင့် တိုးတက်မှုအား သတိကြီးကြီးထားကာ အာရုံစိုက်နေရတော့သည်။
နောက်ထပ် လအနည်းငယ် ကုန်ဆုံးသွားပြီး သရဲမျက်နှာကြီး၏ ကျင့်ကြံခြင်းအခြေခံ ထပ်ကျသွားပြန်သည်။ ယခုတွင် သူသည် နှောင်းပိုင်းနတ်အဆင့်မှာ ဖြစ်သည်… ပို၍ဆိုးသည်က သူသည် လေတောင်ကြားက တဟုန်းဟုန်းတောက်လောင်နေသော အရှိန်အဝါတစ်ခုကို အာရုံရနေ၍ ၄င်းက သူ့အား ကြောက်လန့်တုန်ရီသွားစေသည်။
" မအောင်မြင်နဲ့ မအောင်မြင်နဲ့။ ငါ မင်း မအောင်မြင်စေနဲ့လို့ ကျိန်တယ်ကွာ "
ထိုသို့ဖြင့် သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းအား ကျိန်ဆဲရင်း ဂနာမငြိမ်စွာ ထိုင်နေတော့သည်။
ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ အရှိန်အဝါကား ပို၍သာ အားကောင်းလာ၏။ နောက်ဆုံးတွင် သူက အဆင့်တက်သွားပြီး နှောင်းပိုင်းနတ်အဆင့်သို့ တက်လှမ်းသွားလေသည်။ ထိုအချိန်တွင် သရဲမျက်နှာကြီးမှာ စိတ်ပျက်လက်မှိုင်ကျကာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် လေတောင်ကြားအတွင်းမှ ကျေနပ်နေသော အသံတစ်သံကိုလည်း ကြားလိုက်ရ၏။
" ကဲ သရဲအိုကြီးရေ။ ကိုယ်တော်ပိုင် ခင်ဗျားဆီ လာပြီ "