သရဲအိုကြီးကို ထိုးကြိတ်ခြင်း
Vol. 10 Ch. 985
သရဲမျက်နှာကြီးမှာ ထိုစကားလုံးများ ကြားလိုက်သည်နှင့်တစ်ပြိုင်နက် တဆတ်ဆတ်တုန်ရီသွားကာ မရေမတွက်နိုင်သော အနက်ရောင်အငွေစီးကြောင်းများ အရပ်မျက်နှာတစ်ခွင် ပျံနှံ့သွားတော့သည်။
သို့သော် အချိန်အနည်းငယ်ကြာပြီး ပိုင်ရှောင်ချန်းက လေတောင်ကြားမှ ထွက်မလာသေးသည့်နောက်တွင် သရဲမျက်နှာကြီးမှာ အထိတ်တလန့်လှမ်းကြည့်ပြီး ကြိတ်ဆဲလိုက်သည်။
လေတောင်ကြားထဲတွင် ပိုင်ရှောင်ချန်းက သူ၏အဆင့်တက်ခြင်းနှင့် ယခု သူ ပိုင်ဆိုင်ထားသည့် ခမ်းနားကြီးကျယ်သော ကျင့်ကြံခြင်းအခြေခံကို အရသာခံရင်း လည်ချောင်းရှင်းလိုက်၏။
" နှောင်းပိုင်းနတ်အဆင့် "
သူက တွေးလိုက်သည်။
" ငါ ပိုင်ရှောင်ချန်း နောက်ဆုံးတော့ နှောင်းပိုင်းနတ်အဆင့်ကို ရောက်ပြီ "
သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူက နောက်တစ်ကြိမ် အသံကို မြှင့်ပြီး ပြောလိုက်သည်။
“ ကဲ သရဲအိုကြီးရေ ကိုယ်တော်ပိုင် ဒီတစ်ခေါက်တော့ ခင်ဗျားဆီ တကယ်လာပြီဗျို့ "
အပြင်ဘက်တွင် သရဲမျက်နှာကြီး၏ အမူအရာမှာ ဒေါသများကြောင့် မည်းမှောင်နေတော့သည်။ သို့သော် သူက အနက်ရောင်အငွေ့များမှ ပြုလုပ်ထားသည်ဖြစ်၍ အမှန်တကယ် မည်မျှမည်းနက်နေသည်ကို မြင်ရန် ခဲယဥ်းလှသည်...
ယခုတွင် ပိုင်ရှောင်ချန်းသည် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်း၏ ရှစ်ကြိမ်မြောက်ကို ရောက်ရှိနိုင်ကြောင်း ပြောနိုင်သည်။
" ငါ့ရှစ်ကြိမ်မြောက် အသွင်ပြောင်းလဲခြင်းက ဆယ့်တစ်ကြိမ်မြောက်နဲ့ တကယ်တော့ ညီမျှတယ်"
သူသည် တစ်လောကလုံးတွင် တုဖက်ကင်းသူ ဖြစ်ကြောင်း မပြောနိုင်သော်လည်း သေချာပေါက် နီးကပ်နေပြီဖြစ်သည်။
" ပြီးတော့ ငါ့ထာဝရသွေး... "
သူက နှုတ်ခမ်းကို သပ်ရင်း ထာဝရသွေးကို စစ်ဆေးပြီး ၄င်းသည်လည်း အဆင့်တက်ခဲ့ကြောင်း အတည်ပြုလိုက်သည်။ ယခုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေး၏ ခြောက်ဆယ်ရာခိုင်နှုန်းက ထာဝရသွေးဖြစ်နေလေပြီ။
ထိုသည်က သူ၏ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားကို ယခင်ကထက်ပိုမို၍ အံသြတုန်လှုပ်ဖွယ်ကောင်းသွားစေ၏။ သူ၏သက်စောင့်အားအရ ကောင်းကင်နှင့်မြေကြီးဖျက်စီးခံရလျှင်တောင်မှ သူ ဖျက်စီးခံရမည်မဟုတ်ကြောင်း အတော်လေးသေချာနေသည်။
" ဒါက မရှိဖူးတဲ့ ခွန်အားပဲ"
သူက သူ့ကိုယ်သူ ယခင်ကထက်ပို၍ ယုံကြည်ချက်ရှိလာကာ တွေးလိုက်သည်။
“ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်က ဘယ်သူမှ ငါ့ကို အနိုင်မယူနိုင်ဘူးကွ "
သူက ဂုဏ်ယူနေရင်း မနေနိုင်ဘဲ အသံကို ထပ်မြှင့်လိုက်ပြန်သည်။
" ကဲ သရဲအိုကြီးရေ ဒီတစ်ခေါက် ကျုပ် အဲဒီကို တကယ်လာပြီဗျို့ "
ထိုအချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် ဝင်းလက်သွား၏။
" သရဲအိုကြီး… ဘာလို့ ငါ့ကို ပြန်မပြောတာပါလိမ့်။ သူ့ကျင့်ကြံခြင်းအခြေခံက တကယ်ကြီး ကျနေတာ ဖြစ်ရမယ်.... "
နှောင်းပိုင်းနတ်အဆင့်ရောက်ခြင်းအပေါ် အာရုံစိုက်နေခဲ့သည့် အတောအတွင်း သူသည် လေတောင်ကြားအပြင်ဘက်ရှိ အရာများအပေါ် အာရုံစိုက်ခြင်းကိုလည်း မရပ်ခဲ့ပေ။
သို့ဖြစ်၍ မှော်လက်နက်၏ဖိအားကျေးဇူးဖြင့် သရဲမျက်နှာကြီး၏ ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားခဲ့ကြောင်း သူအာရုံရလိုက်သည်။ ထိုအာရုံနှင့် စောစောက သူ၏ကျွဲမြီးတိုစေသော စကားတို့ ပေါင်းစပ်သွားသည်တွင် ဖြစ်နိုင်ချေကို အတည်ပြုလိုက်လေသည်။
သူသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် မျက်လုံးများ တောက်ပနေလျက် တဟုန်ထိုးလှုပ်ရှားကာ လေတောင်ကြားမှ ထွက်ခွာလာပြီး သူတို့နောက်ကွယ်ရှိ ကမ္ဘာတွင် ပြန်ပေါ်လာ၏။
ပိုင်ရှောင်ချန်းမှာ ကြောက်စရာကောင်းသောစွမ်းအားကြီးဖြင့် မြေပြင်များကိုဖြတ်၍ တိုက်ခတ်သွားသော လေဆင်နှာမောင်းကြီးဖြစ်လာသည့်အလား။
သူ၏အသွင်က အတော်လေး အထင်ကြီးဖွယ်ကောင်းလှသော်လည်း အမှန်တကယ်တွင် အလွန်သတိထားနေပြီး ချက်ချင်း နောက်ပြန်ပြေးရန် အဆင်သင့်ဖြစ်နေသည်။ သို့သော် သူက အပြင်ထွက်လာပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် သရဲမျက်နှာကြီး ပျောက်ချင်းမလှပျောက်နေကြောင်း သဘောပေါက်လိုက်သည်။
သူ၏မျက်လုံးများ လင်းလက်သွားပြီး နတ်ဘုရားအာရုံအနည်းငယ်ပို့လွှတ်ကာ ကောင်းကင်နှင့်မြေကြီးကို ကြီးမားသောအားကြီးဖြင့် ကျုံ့သွားစေလိုက်သည်။ အချိန်တခဏလေးအတွင်း မှော်လက်နက်၏ တစ်ကမ္ဘာလုံးကို သူ၏နှောင်းပိုင်းနတ်အဆင့် နတ်ဘုရားအာရုံမှတစ်ဆင့် ဖောက်ထွင်းမြင်လာရလေသည်။
မကြာခင် သရဲမျက်နှာကြီးက ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးနေသည်ကို သူ ရှာတွေ့လိုက်သည်။
ပိုင်ရှောင်ချန်းသည် သူ၏နတ်ဘုရားအာရုံက သရဲမျက်နှာကြီးအပေါ် စူးစိုက်လိုက်ချိန် ၎င်းသည် နှောင်းပိုင်းနတ်အဆင့်သို့ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ပိုင်ရှောင်ချန်းက ချက်ချင်းပင် တဟားဟား အော်ဟစ်ရယ်မောလိုက်ပြီး မှော်လက်နက်ထဲ ရောက်ကတည်းက ဖြစ်တည်နေခဲ့သည့် သူ၏စိုးရိမ်သောကများအားလုံး ပျောက်ကင်းသွားသည်။ သူက ရုတ်တရက် ပူပင်ကြောင့်ကြမဲ့သွားပြီး စိတ်လှုပ်ရှားစွာ လိုက်ဖမ်းတော့သည်။
" ကိုယ်တော်ပိုင်နဲ့ အပြေးပြိုင်ချင်တယ်လား။ အီးယား… သရဲအိုကြီးရေ "
ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့်ကို ဆင့်ခေါ်ကာ ထာဝရပြုစားခြင်းသိုင်းနှင့် တောင်ဖြိုသိုင်းကို အတူသုံး၍ လေဟုန်စီးကာ ထွက်သွားပြီး သရဲမျက်နှာကြီးနောက်တည့်တည့်တွင် ပေါ်လာတော့သည်။
သရဲမျက်နှာကြီး၏ အမူအရာမှာ အတိုင်းအဆမဲ့စွာ အရုပ်ဆိုးသွားပြီး သူ့ရင်ထဲတွင် ဒေါသများလောင်မြိုက်လာတော့သည်။ သူက အရှက်ကိုမငဲ့ဘဲ ထွက်ပြေးနေချိန်မှာပင် ပါးစပ်ကို ဟပြီး အော်လိုက်ရာ မရေမတွက်နိုင်သော အငွေ့ပါးစပ်ကြီးများ ပိုင်ရှောင်ချန်းထံ ရုတ်တရက် ပြေးဝင်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး ဟောင်းလောင်းပေါက်ပါးစပ်ကြီးများကို ရင်ဆိုင်ရန် နောက်ဆုတ်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ အေးစိမ့်ချီများအား ပို့လွှတ်လိုက်သည်။
နှစ်ဖက်တွေ့သည်နှင့်တစ်ပြိုင်နက် အံသြတုန်လှုပ်ဖွယ်ကောင်းသော ဟောင်းလောင်းပေါက်ပါးစပ်ကြီးက အနက်ရောင်အငွေ့များအဖြစ် ကွဲထွက်သွားလေသည်။ ထိုအချိန်တွင် အေးစိမ့်ချီများ သရဲမျက်နှာကြီးထံ တည့်တည့်ပြေးဝင်သွား၏။
သရဲမျက်နှာကြီးက ခါးခါးသီးသီးကျိန်ဆဲရင်း ဆက်လက်ထွက်ပြေးတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူက အားပါးတရရယ်ရင်း ညာလက်ကို လက်သီးဆုပ်၍ ပစ်သွင်းလိုက်သည်။
လက်သီးကြီးက သရဲမျက်နှာကြီးကို ထိသွားသည့်အတွက် ပတ်ဝန်းကျင်တွင် တဝုန်းဝုန်းပေါက်ကွဲသံများ ပြည့်နှက်သွားပြီး သူ့ကိုဖြစ်တည်စေသည့် အငွေ့များမှာ မငြိမ်မသက် တလိပ်လိပ်ထသွားတော့သည်။
" သိပ်လွန်မလာနဲ့ ပိုင်ရှောင်ချန်း "
" ကိုယ်တော်ပိုင်နဲ့ တိုက်ရဲလို့လား သရဲအိုကြီး"
ထို့နောက် သူက ရှစ်ကြိမ်မြောက် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်ရာ မီတာ ၂၄၀ အမြင့်အထိ ကြီးထွားလာပြီး စွမ်းအင်များဖြင့် တဟုန်းဟုန်းတောက်လောင်နေတော့သည်။
သူ့ဘယ်ဖက်မျက်လုံးထဲရှိ လသင်္ကတသည် တဖျပ်ဖျပ် လက်နေပြီး သူ၏ အတိုက်အခိုက်စွမ်းရည်ကို ပို၍မြင့်မားသော အဆင့်အထိ တွန်းပို့ပေးေနသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်မဟုတ်သေးသော်လည်း သေချာပေါက် အလွန်နီးကပ်နေလေပြီ။
သူက လက်ကို ဝှေ့ယမ်း၍ ထပ်မံတိုက်ခိုက်လိုက်ပြီး သရဲမျက်နှာကြီးမှာမူ ကူကယ်ရာမဲ့နေတော့သည်။ သူတို့နှစ်ယောက်ကြားရှိ အခြေအနေသည် လုံးဝပြောင်းပြန်ဖြစ်သွားပြီး သရဲမျက်နှာကြီးမှာ ယခုကဲ့သို့ဖြစ်ပျက်လိမ့်မည်ဟု ကြိုသိခဲ့သည်တိုင် လက်ခံရခက်နေသေးသည်။ ဝုန်းခနဲ ပေါက်ကွဲသွားပြီး သရဲမျက်နှာကြီးသည် ပိုင်ရှောင်ချန်း၏ လက်သီးချက်ကြောင့် ကွဲထွက်သွားတော့သည်။
မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများက လျင်မြန်စွာပင် တစ်ခါမှ မကြုံဖူးသော အရာတစ်ခုအား ကြုံတွေ့နေရသည့် သရဲမျက်နှာကြီး၏ပုံစံ ပြန်ဖြစ်သွားလေသည်။ ဟိုးယခင်က သရဲမယ်တော်ကြီးသည် သူ့ကိုဖမ်းရန် လောကနတ်ဘုရားတစ်ပါးကိုပင် အားကိုးခဲ့ရပြီး သူက အလွန်ယဥ်ယဥ်ကျေးကျေးလည်း ဆက်ဆံခံခဲ့ရသည်။ ဤနေရာတွင် .... သူ၏ကျင့်ကြံခြင်းအခြေခံသာ ဖိနှိပ်မခံထားရလျှင် သူ အလွယ်တကူချေမှုန်းနိုင်သည့် လူတစ်ယောက်ဖြစ်သော ပိုင်ရှောင်ချန်းက သူ့ကို သေစေနိုင်သော အားကြီးဖြင့် တိုက်ခိုက်နေတော့သည်။
သရဲမျက်နှာကြီးမှာ အလွန်ဒေါသထွက်လာသဖြင့် အော်ဟစ်လိုက်လေသည်။
" ငါ့လက်ပါလာအောင် ဖိအားမပေးနဲ့ ပိုင်ရှောင်ချန်း "
" သောက်ကျိုးနည်း… ခင်ဗျားကို ဖိအားမပေးရပါဘူးဗျာ။ ကျုပ်ဘာသာ ဒီအတိုင်း တိုက်ခိုက်နေတာပဲလေ "
ပိုင်ရှောင်ချန်းမှာ ယခင်က ဖိအားများအားလုံး ပျောက်ကွယ်မသွားခင် စံတင်ရလောက်သည့် ပျော်ရွှင်မှုဖြင့် အစားထိုးခံလိုက်ရသည့်အတွက် အူမြူးနေတော့သည်။ သူက အဆုတ်ကွဲလုမတတ် အော်ဟစ်ရင်း ရှေ့တက်ကာ နောက်ထက်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
နောက်ထပ် ပေါက်ကွဲသံများ မြည်ဟည်းသွား၏။
" အရင်က ကျုပ်ကို အတင်းလိုက်သတ်ဖို့ ဘယ်ခွေးကောင်က ခင်ဗျားကို ဖိအားပေးတာလဲ "
နောက်ထပ်လက်သီးတစ်ချက်…
သရဲမျက်နှာကြီးမှာ အချိန်မီ မရှောင်တိမ်းနိုင်လိုက်ပေ။ မည်မျှအော်သည်ဖြစ်စေ၊ နတ်ဘုရားသိုင်းများ သို့မဟုတ် မှော်အတတ်များမည်မျှသုံးသည်ဖြစ်စေ အသုံးမဝင်ပေ။ နောက်တစ်ဖန်ထပ်၍ သူ့ခန္ဓာကိုယ်က ပြိုပျက်သွားပြီး တခဏကြာသော် ပြန်ဖြစ်တည်လာပြန်သည်။
" ဘယ်ခွေးကောင်က ခင်ဗျားကို ဒီနေရာထဲအထိ ကျုပ်နောက် အတင်းလိုက်ဖမ်းခိုင်းလို့လဲ"
ပိုင်ရှောင်ချန်းက လက်သီးဖြင့် ထပ်ထိုးလိုက်ပြန်သည်။
.
" ဘယ်ခွေးကောင်က ခင်ဗျားကို ကျုပ်တို့ အထဲပိတ်မိတာနဲ့ ကျုပ်နောက် အတင်းလိုက်ဖမ်းခိုင်းနေလို့လဲ "
" ကျုပ် မိုးကြိုးတိမ်တိုက်နယ်ပယ်ထဲ ပြေးဝင်သွားတာတောင် ခင်ဗျား ကျုပ်ကို မလွှတ်ပေးသေးဘူး “
" လျှပ်စီးတွေ ပျောက်သွားတာနဲ့ ခင်ဗျား ကျုပ်ကို လိုက်ဖမ်းပြန်တယ် "
သူက သူပြောခဲ့သမျှအရာအားလုံး ပေါ်လွင်နေစေရန် လက်သီးချက်ကြီးဖြင့် အသားပေးလိုက်ရာ သရဲမျက်နှာကြီးမှာ အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားပြန်ပြီး ပြန်လည်ဖြစ်တည်လာတော့သည်။
"ငါ မင်းကို သတ်မယ် ပိုင်ရှောင်ချန်း"
သရဲမျက်နှာကြီးက အရူးပမာ ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတွင် သူ ထပ်သည်းမခံနိုင်တော့သဖြင့် ပိုင်ရှောင်ချန်းထံ ပြေးဝင်လိုက်သည်။
သို့သော် သူအနားရောက်မလာခင် ပိုင်ရှောင်ချန်းက ကိုယ်ကိုနောက်ကိုကိုင်း၍ သူ့ခြေထောက်ကို သရဲမျက်နှာကြီးအပေါ်တည့်တည့် ရွယ်ကာ ကန်ပစ်လိုက်တော့သည်။
" တော်တော်လေး လေလုံးထွားပါလား… ခင်ဗျားကြီး ကျုပ်ကို သတ်နိုင်တယ်လို့ ထင်နေတုန်းပဲလား "
သရဲမျက်နှာကြီး ကွဲထွက်သွားပြီးနောက် ပြန်ဖြစ်ပေါ်လာချိန် ပိုင်ရှောင်ချန်းက သူ့ကို ထပ်ကွဲထွက်သွားစေပြန်သည်။
နောက်ဆုံးတွင် သူက သရဲမျက်နှာကြီးမှ အငွေ့ဆံပင်ကို လှမ်းဆွဲလိုက်ပြီး မြေကြီးအပေါ် ရိုက်ချလိုက်သည်။ သူက နတ်ဘုရားစွမ်းရည်များပင် အသုံးမပြုဘဲ သူ၏အပြင်ခန္ဓာကိုယ်နှင့် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်း၏ အားကိုသာ အသုံးပြုနေခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းက သရဲမျက်နှာကြီးအပေါ် ဆောင့်နင်းနေသဖြင့် ၄င်းမှာ တချိန်လုံး ကွဲထွက်လိုက်၊ ပြန်ဖြစ်လိုက်နှင့် အော်သံများ ပွက်ပွက်ညံနေတော့သည်။ နောက်ဆုံးတွင် ၄င်းက သက်စောင့်အား အနည်းငယ်ကို လောင်ကျွမ်းကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါ၍ မေးကို မော့ကာ ဂုဏ်ယူစွာ ပြောသည်။
“ ဒီအတိုင်း ထွက်ပြေးလို့ရမယ် ထင်နေတာလား။ ခင်ဗျား ဦးလေးခေါ်ပြီး အော်ငိုတဲ့အထိ မရိုက်ရင် ကျုပ်နာမည်က ပိုင်ရှောင်ချန်း မဟုတ်တော့ဘူး"
ထို့နောက် သူက ဆက်လက် လိုက်ဖမ်းတော့သည်။