အခန်း (၂၄၅၁-၂၄၅၂)
Vol. 186 Ch. 2451-2452
အခန်း(၂၄၅၁)
နတ်ဘုရားနယ်မြေ မြောက်ပိုင်းဒေသရှိ ဝူမိသားစု။
ဝူမိသားစုမှ ကျင့်ကြံသူ အချို့သည် အစည်းအဝေးခန်းမထဲတွင် စုဝေးနေကြပြီး ခန်းမအတွင်းရှိ လေထုသည် အလွန်တရာ လေးနက်နေခဲ့သည်။
အဓိကနေရာတွင် ထိုင်နေသူမှာ ဝူမိသားစု၏ ထိပ်တန်းပါရမီရှင်ဖြစ်သည့် ဝူမု ဖြစ်၏။
မကြာသေးမီက ဝူမုသည် ထာဝရသက်ရှည်တောင်တန်းတွင် ကျန်းချန်နှင့် လမ်းခွဲခဲ့ပြီးနောက်တွင် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်းကို ထာဝရသက်ရှည်တောင်တန်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နတ်ဘုရင်တတိယအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိခဲ့သည်။
နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ဝူမုသည် ထာဝရသက်ရှည်တောင်တန်းမှ ထွက်ခွာ၍ ဝူမိသားစုထံ ပြန်လာခဲ့၏။
ဝူမိသားစုထံ ဝူမု ပြန်ရောက်ပြီး မကြာမီမှာပင် လောကကြီးသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
မြောက်ပိုင်းနယ်မြေ၏ မြောက်ဘက်အစွန်ဆုံးရှိ ထာဝရဟင်းလင်းပြင်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ကြီးမားသော နယ်မြေတစ်ခုသည် မြောက်ပိုင်းနယ်မြေနှင့် ဆက်စပ်၍ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ပျောက်ကွယ်သွားသော ထာဝရဟင်းလင်းပြင်တွင် မူလက နေထိုင်သော ဟင်းလင်းပြင် သားရဲများသည် ထာဝရဟင်းလင်းပြင်မှတစ်ဆင့် မြောက်ပိုင်းနယ်မြေ အတွင်းသို့ စိမ့်ဝင်လာကြပြီး ကြောက်မက်ဖွယ် ဟင်းလင်းပြင်သားရဲလှိုင်း တစ်ခုကိုပင် ဖြစ်ပေါ်လာစေခဲ့သည်။
လဝက်မပြည့်မီမှာပင် မြောက်ဘက်နယ်မြေရှိ နယ်မြေတော်တော်များများ ကျဆုံးသွားခဲ့ပြီး ဟင်းလင်းပြင်သားရဲများ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။
“အကြီးအကဲတို့.. မြောက်ပိုင်းနယ်မြေက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီ.. ထာဝရဟင်းလင်းပြင်ထဲက ဟင်းလင်းပြင်သားရဲတွေ ရုတ်တရက် တိုက်ခိုက်လာတဲ့အတွက် မြောက်ပိုင်းနယ်မြေမှာ ဟင်းလင်းပြင် သားရဲလှိုင်းတွေ ဖြစ်ပေါ်နေပြီ.. ဒီအကျပ်အတည်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ”
ဝူမုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ချိုးဖျက်လိုက်သည်။
“သခင်လေး.. ဟင်းလင်းပြင်သားရဲလှိုင်းက အရမ်းကို အရှိန်အဟုန် ပြင်းလွန်းတယ်.. ဒီထဲမှာ နတ်ဘုရင်နဝမအဆင့်နဲ့ယှဥ်နိုင်တဲ့ ဟင်းလင်းပြင်သားရဲဘုရင်တောင် ပါဝင်နေတယ်.. အရင်က မြောက်ပိုင်းနယ်မြေကို ကြီးစိုးခဲ့တဲ့ အင်မော်တယ်ကျင့်ကြံခြင်း လောကနဲ့ နှိုင်းယှဥ်ရင်တောင် လုံးဝ အားမနည်းနိုင်ဘူး.. အခု ဘိုးဘေးကလည်း ဒီမှာမရှိဘူး ဆိုတော့ ဟင်းလင်းပြင် သားရဲတွေရဲ့ ကျူးကျော်မှုကို ခုခံဖို့ ခက်ခဲမှာ ကျွန်တော် စိုးရိမ်မိတယ်”
ဝူမိသားစုမှ အကြီးအကဲတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။
မကြာသေးမီက စတင် ဖြစ်ပေါ်လာခဲ့သည့် လောကကြီး၏ အပြောင်းအလဲများကြောင့် သူတို့ ဝူမိသားစုသည် အတော်လေး တိုးတက်လာခဲ့ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ အများအပြား ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ရုတ်တရက် ပေါ်ပေါက်လာသည့် ဟင်းလင်းပြင်သားရဲလှိုင်းကို တိုက်ခိုက်ရန်မှာမူ သိသိသာသာပင် မလုံလောက်သေးပေ။
ဝူမုက ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
“လောလောဆယ်တော့ ထာဝရသက်ရှည်တောင်တန်းရဲ့ မြောက်ဘက်ဒေသက သိုင်းပညာရှင် အားလုံးကို တောင်ပိုင်းဒေသဆီ အရင် ဆုတ်ခွာခိုင်းလိုက်ပါ”
ဟင်းလင်းပြင်သားရဲလှိုင်းသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။
ယခုအခါတွင် သူတို့သည် ထာဝရသက်ရှည်တောင်တန်း၏ မြောက်ဘက်ဒေသရှိ နယ်မြေများကို စွန့်လွှတ်ကာ ထုံရှန်းတောင်ကြား အတွင်းသို့ ဆုတ်ခွာပြီး ထာဝရသက်ရှည်တောင်တန်းကို အကာအကွယ်ယူ၍ ဟင်းလင်းပြင်သားရဲလှိုင်းကို ခုခံရုံသာ တတ်နိုင်တော့သည်။
ဝူမုသည် ကျန်းချန်က ထာဝရသက်ရှည်တောင်တန်းထဲတွင် ရှိနေဆဲ ဖြစ်သည်ကို ကောင်းစွာ သိထားခဲ့၏။
ကျန်းချန်၏ နက်ရှိုင်းသော ခွန်အားဖြင့်သာဆိုလျှင် နတ်ဘုရင်နဝမအဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင်သားရဲဘုရင်ကို ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း အပြည့်အဝ ရှိသည်။
အကယ်၍ သူတို့သာ ထာဝရသက်ရှည်တောင်တန်းထဲတွင် ကျန်းချန်ကို ရှာတွေ့လျှင် ဟင်းလင်းပြင် သားရဲများ၏ ကျူးကျော်မှုကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ပါလား။
ဝူမု၏ ဆုံးဖြတ်ချက်ကို အကြီးအကဲများသည် သဘာဝကျစွာပင် ကန့်ကွက်ခြင်း မရှိကြပေ။
ထာဝရသက်ရှည်တောင်တန်းသည် သဘာဝ အတားအဆီးတစ်ခု ဖြစ်ပြီး ထုံရှန်းတောင်ကြားကဲ့သို့ တောင်ဘက်ကို ဦးတည်သည့် လမ်းတစ်ခုသာ ရှိသည်။
အကယ်၍ ထုံရှန်းတောင်ကြား အတွင်းသို့ ဆုတ်ခွာပြီး ထာဝရသက်ရှည်တောင်တန်းကို အမှီပြု၍ ဟင်းလင်းပြင်သားရဲများကို ခုခံမည် ဆိုလျှင် ဟင်းလင်းပြင်သားရဲများကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပို၍ လွယ်ကူမည်မှာ သေချာသလောက်ပင်။
ဝူမိသားစု ထံမှ ဆုတ်ခွာရန် အမိန့်ထွက်လာသည်နှင့် တစ်ပြိုင်နက် မြောက်ဘက်ဒေသရှိ သိုင်းပညာ အင်အားစုအများအပြားသည် ထိုအမိန့်ကို လိုက်နာခဲ့ကြပြီး ထာဝရသက်ရှည်တောင်တန်းရှိ ထုံရှန်တောင်ကြား ဆီသို့ အလျင်အမြန်ပင် ဆုတ်ခွာခဲ့ကြသည်။
ထုံရှန်တောင်ကြားကို ဆုတ်ခွာပြီးနောက်တွင် ဝူမုသည် အင်အားများကို စုစည်းကာ ထုံရှန်းတောင်ကြား၏ မြောက်ဘက် ဝင်ပေါက်တွင် ခံစစ် ပြင်ဆင်လိုက်ပြီး ဟင်းလင်းပြင်သားရဲများကို ဟန့်တားရန် ရည်ရွယ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝူမုသည် ကျန်းချန်ကို ရှာဖွေရန်အတွက် ထူးချွန်သော တပည့်အချို့ကို ထာဝရသက်ရှည်တောင်တန်းအတွင်းသို့ စေလွှတ်ခဲ့၏။
ယခုအခါ ဝူမိသားစုတွင် ဘိုးဘေး မရှိသဖြင့် သူတို့ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကျန်းချန် တစ်ယောက်တည်းသာလျှင် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူ ထင်မြင်မိသည်။
ပြင်ပလောကတွင် အကြီးအကျယ် ပြောင်းလဲနေချိန်၌ ကျန်းချန်သည် ထာဝရသက်ရှည်တောင်တန်းကနေ ထွက်လာခဲ့သည်။
နတ်ဘုရားနယ်မြေ၏ အပြောင်းအလဲများကြောင့် ကျန်းချန်သည် မြောက်ပိုင်းနယ်မြေတွင် ကြာရှည်စွာနေရန် စိတ်မကူးဘဲ အလယ်ပိုင်းနယ်မြေ ဆီသို့ တိုက်ရိုက် ပြန်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း ထုံရှန်းတောင်ကြားသို့ ရောက်ရှိသောအခါတွင် တောင်ဘက်ဒေသသို့ ဦးတည်နေသည့် သိုင်းပညာရှင်များကို တွေ့ရှိခဲ့သည်။
ထိုသိုင်းပညာရှင်များသည် အုပ်စုလိုက် ဖြစ်နေကြပြီး မြောက်ဘက်ဒေသရှိ သိုင်းပညာအင်အားစုများ ဖြစ်နိုင်ဖွယ် ရှိ၏။
သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများသည် ကြောက်မက်ဖွယ်ရာကောင်းသော အရာတစ်ခုနှင့် ကြုံတွေ့ခဲ့ပြီး တောင်ဘက်ဒေသသို့ အလျင်အမြန် ပြောင်းရွှေ့နေကြခြင်း ဖြစ်ပုံရသည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ သံသယ အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။
အင်မော်တယ် ကျင့်ကြံခြင်းလောက ပျက်စီးသွားကတည်းကပင် မြောက်ပိုင်းနယ်မြေ၌ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ခြိမ်းခြောက်နိုင်သည့်အရာ မရှိတော့ပေ။
သို့ဆိုလျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာ အင်အားစုများသည် အဘယ်ကြောင့် တောင်ဘက်ဒေသသို့ ရုတ်တရက်ပြောင်းရွှေ့နေရပါသနည်း။
ယင်းက နတ်ဘုရားနယ်မြေ၏ ကောင်းကင်နှင့် မြေကြီးပြန်လည် ပြုပြင်လာမှုကြောင့် လောကကြီးက အကြီးအကျယ်ပြောင်းလဲသွားပြီး မြောက်ပိုင်းဒေသတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းပေလော။
မြောက်ပိုင်းနယ်မြေသည် ကောင်းကင်လမ်းစဥ် တည်ရှိသော နေရာ ဖြစ်၍ ဦးစွာ ထိခိုက်မှု ခံရပြီး ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်လောက်၏။
“ဆရာကျန်းချန်”
ကျန်းချန်က အခြေအနေ အသေးစိတ်ကို မေးမြန်းရန် လူတစ်ယောက်ကို ရှာဖွေနေစဥ်မှာပင် ပုံရိပ်နှစ်ခုသည် သူ့ထံသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
“မင်းတို့က ဝူမိသားစုကလား”
ကျန်းချန်က သူ့ထံသို့ ချဥ်းကပ်လာသည့် ပုံရိပ်နှစ်ခုကို မြင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ရှေ့မှ လူနှစ်ယောက်ကို သူ မသိသော်လည်း ၎င်းတို့ထံမှ ဝူမိသားစု၏ သွေးအရှိန်အဝါကို ခံစားမိခဲ့သည်။
ဝူမိသားစုမှ တပည့်တစ်ဦးက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
“ဆရာကျန်းချန်.. ကျွန်တော်တို့က သခင်လေးဝူမုရဲ့ အမိန့်အရ ထာဝရသက်ရှည်တောင်ကြားမှာ ဆရာကျန်းချန်ကို လာရှာတာပါ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။
“ငါ့ခန့်မှန်းချက် မမှားဘူးဆိုရင် မြောက်ပိုင်းနယ်မြေမှာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ပျက်နေပြီ မဟုတ်လား”
“ဟုတ်တယ် ဆရာကျန်းချန်.. မြောက်ဘက်ဒေသမှာ ရှိတဲ့ ထာဝရဟင်းလင်းပြင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး နယ်မြေတွေက ပေါင်းစည်းသွားခဲ့တယ်.. ထာဝရဟင်းလင်းပြင်မှာ မူလက နေထိုင်ခဲ့တဲ့ ဟင်းလင်းပြင်သားရဲတွေ အားလုံးက မြောက်ပိုင်းနယ်မြေကို ရောက်လာခဲ့ကြပြီ.. အခုဆို ထာဝရသက်ရှည်တောင်တန်းရဲ့ မြောက်ဘက်မှာ ဟင်းလင်းပြင် သားရဲလှိုင်းတွေတောင် ဖြစ်ပေါ်နေခဲ့ပြီ.. အခုသခင်လေး ဝူမုက အစွမ်းထက် ကျင့်ကြံသူ အများအပြားကို ဦးဆောင်ပြီး ထုံရှန်းတောင်ကြားရဲ့ မြောက်ဘက် ဝင်ပေါက်ကို စောင့်ကြပ်နေပါတယ်.. မြောက်ဘက်ဒေသက သိုင်းပညာကျင့်ကြံခြင်း အင်အားစုတွေကိုလည်း တောင်ဘက်ကို ဆုတ်ခွာခိုင်းထားပါတယ်”
ဝူမိသားမှ တပည့်တစ်ဦးက လေးနက်စွာ ပြောပြလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် ပွင့်လာသည်နှင့် အမျှ နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည်လည်း အရှိန်အဟုန်ဖြင့် ပြန်လည် နိုးထလာခဲ့သည်။
ထာဝရဟင်းလင်းပြင်တွင် ပြန့်ကျဲနေသည့် နယ်မြေအားလုံး ပြန်လည် ပေါင်းစည်းခြင်းသည် မျှော်လင့်ထားသလိုပင် စတင်နေခဲ့ပြီ ဖြစ်သည်။
နယ်မြေအားလုံး ပေါင်းစည်းသွားပြီးနောက်တွင် ထာဝရဟင်းလင်းပြင်ထဲမှ သတ္တဝါများသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပြောခဲ့သည့်အတိုင်းပင် နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြချေပြီ။
ယခုအချိန်တွင် နတ်ဘုရားနယ်မြေသည်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေမည်မှာ သေချာသလောက်ပင်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် မေးလိုက်သည်။
“မြောက်ပိုင်းနယ်မြေမှာ ပေါ်လာတဲ့ ဟင်းလင်းပြင်သားရဲတွေရဲ့ အင်အားက ဘယ်လောက်ရှိလဲ”
“ဟင်းလင်းပြင်သားရဲတွေက အရမ်းကို အားကောင်းတယ်ဆရာကျန်းချန်.. အင်မော်တယ် ကျင့်ကြံခြင်းလောကနဲ့ နှိုင်းယှဥ်ရင်တောင် ပိုပြီးတော့ အားကောင်းမယ်ထင်တယ်”
ထိုအကြောင်းကို ပြောနေသည့် အခါဝယ် ဝူမိသားစုမှ တပည့်နှစ်ဦး၏ မျက်နှာ အမူအရာသည် အလွန်တရာ လေးနက်နေခဲ့သည်။
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
တစ်ချိန်က မြောက်ပိုင်းနယ်မြေကို စိုးမိုးခဲ့သည့် အင်မော်တယ် ကျင့်ကြံခြင်း လောက၏ အင်အားသည် အလွန်တရာပင် အားကောင်းခဲ့၏။
သူနှင့် ဝူကျန့်ထျန်းက ပူးပေါင်း၍ ဖျက်ဆီးခဲ့သော်လည်း အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုမှသာ အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးနိုင်ခဲ့ခြင်းပင်။
အကယ်၍ ဟင်းလင်းပြင်သားရဲများ၏ အင်အားသည် အင်မော်တယ် ကျင့်ကြံခြင်းလောကထက် မနိမ့်ကျလျှင် ယင်းသည် တကယ်ပင် ကိုင်တွယ်ရခက်ခဲသည့် ဖြစ်တည်မှုဟုပင် ဆိုရပေလိမ့်မည်။
“သွားစို့.. မြောက်ပိုင်းနယ်မြေမှာ ပေါ်လာတဲ့ ဟင်းလင်းပြင်သားရဲတွေကို သွားကြည့်ကြရအောင်”
ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ယခုအခါ ဝူကျန့်ထျန်းက မြောက်ပိုင်းနယ်မြေတွင် ရှိမနေ၍ သူသာ ဝင်မပါခဲ့လျှင် မြောက်ပိုင်းနယ်မြေရှိ သိုင်းပညာအင်အားစုများသည် ဟင်းလင်းပြင်သားရဲများကို မည်သို့မှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ဤသို့ဖြင့် ကျန်းချန်သည် မြောက်ပိုင်းနယ်မြေရှိ ဟင်းလင်းပြင်သားရဲ ပြဿနာကို အရင် ဖြေရှင်းပြီးမှသာ အလယ်ပိုင်း နယ်မြေသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။
အခန်း(၂၄၅၁)ပြီး၏။
အခန်း(၂၄၅၂)
ထာဝရသက်ရှည်တောင်တန်း၏ မြောက်ဘက်ရှိ ထုံရှန်းတောင်ကြား အဝင်ဝတွင် ဝူမိသားစု၏ သခင်လေး ဝူမု ဦးဆောင်သော နတ်ဘုရင်များနှင့် နယ်မြေနတ်ဘုရားထောင်ပေါင်းများစွာသည် လေးနက်သော မျက်နှာအမူအရာများဖြင့် ရပ်နေခဲ့ကြသည်။
သူတို့က ထုံရှန်းတောင်ကြား၏ အဝင်ဝကနေ မိုင်ပေါင်းထောင်ချီ အဝေးတွင်ရှိသည့် နေရာတစ်ခု ဆီသို့ စိုက်ကြည့်နေခဲ့ကြ၏။
ထိုနေရာတွင် ကျိုင်းကောင် အုပ်ကြီး ကဲ့သို့ မရေမတွက်နိုင်အောင် များပြားလှသည့် အနက်ရောင် အရိပ် အများအပြား ရှိနေခဲ့သည်။
ထိုအနက်ရောင် အရိပ်များသည် ထာဝရဟင်းလင်းပြင်တွင် မူလက နေထိုင်ခဲ့ကြသည့် ဟင်းလင်းပြင်သားရဲများပင် ဖြစ်သည်။
ဝူမု ဦးဆောင်သော ကျင့်ကြံသူများသည် ဟင်းလင်းပြင်သားရဲများကို စိုးရိမ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ထင်ဟပ်နေခဲ့၏။
“သခင်လေးဝူမု.. ဟင်းလင်းပြင်သားရဲ အင်အားက အရမ်းကိုကြီးမားလွန်းတယ်.. ကျွန်တော်တို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဘယ်လိုမှ မခုခံနိုင်လောက်ဘူး ထင်တယ်”
နတ်ဘုရင် အဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
မကြာသေးခင်က လောကကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည့် အတွက် မြောက်ပိုင်းနယ်မြေမှ သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများသည် အတော်လေးတိုးတက်လာခဲ့ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ဆယ်ယောက်ထက် မနည်း ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း သူတို့ရှေ့တွင် စုဝေးနေသည့် ဟင်းလင်းပြင်သားရဲများ ထဲတွင် အနည်းဆုံး အကောင်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်သည် နတ်ဘုရင်နှင့်ပင် ယှဥ်နိုင်လောက်သည်အထိ သန်မာနေခဲ့ကြ၏။
အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသည့် နဂါးနက်ပုံသဏ္ဌာန် ဟင်းလင်းပြင် သားရဲဘုရင်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာပင် အားကောင်းနေခဲ့သည်။
နဂါးနက် ပုံသဏ္ဌာန် ရှိသည့် ဟင်းလင်းပြင် သားရဲဘုရင်ကို မြင်လျှင် နတ်ဘုရင် အဋ္ဌမအဆင့်ရှိ ဝူမိသားစုမှ အကြီးအကဲပင် မသိစိတ်ကနေ တုန်လှုပ်သွားခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖြစ်တည်မှုမျိုးသည် သူတို့၏ ဘိုးဘေး ဝူကျန့်ထျန်းနှင့် ယှဥ်နိုင်လောက်သည့် ဖြစ်တည်မှုမျိုး ဖြစ်လိမ့်မည်ကို စိုးရိမ်နေခဲ့ကြသည်။
ဝူမုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“မခုခံနိုင်လည်း ခုခံရမှာပဲ.. ဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. ဟင်းလင်းပြင် သားရဲတွေကို ထာဝရသက်ရှည်တောင်တန်းကနေ မကျော်ဖြတ်နိုင်အောင် တားဆီးရမယ်”
ထာဝရသက်ရှည်တောင်တန်းသည် ဟင်းလင်းပြင် သားရဲများကို တားဆီးရန်အတွက် သူတို့၏ သဘာဝ အတားအဆီး တစ်ခု ဖြစ်သည်။
အကယ်၍ သူတို့သာ ဤနေရာတွင် ဟင်းလင်းပြင်သားရဲများကို မတားဆီးနိုင်လျှင် ထိုသားရဲများသည် ထုံရှန်းတောင်ကြားကို ဖြတ်ကျော်ပြီး ထာဝရသက်ရှည်တောင်တန်း၏ တောင်ဘက်ဒေသထဲကို ဝင်ရောက်သွားသည်နှင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် သူတို့အတွက် နေစရာနေရာ ရှိတော့မည် မဟုတ်ပေ။
“ဂရား..”
ဝူမုနှင့် တခြားသူများ စကားပြောဆိုနေစဥ်မှာပင် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ဟင်းလင်းပြင် သားရဲဘုရင်သည် ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
သူ၏ ဟိန်းဟောက်သံ အဆုံးသတ်သည်နှင့် သူ၏ နောက်မှ ဟင်းလင်းပြင် သားရဲများသည် ဧကရာဇ်၏ အမိန့်ကို ရလိုက်သည့်အတိုင်း ကျိုင်းကောင် အုပ်ကြီးများ နယ်စပ်ကို ဖြတ်ကျော်လာ သကဲ့သို့ ထုံရှန်းတောင်ကြား၏ ဝင်ပေါက်ဆီ အုံနှင့်ကျင်းနှင့် တိုးဝင်လာခဲ့ကြသည်။
“သတ်ကြ”
ထိုမြင်ကွင်းကို မြင်လျှင် ဝူမုသည် ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး အစွမ်းထက် ကျင့်ကြံသူ အများအပြားကို ဦးဆောင်ကာ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် ဟင်းလင်းပြင် သားရဲများကို စတင် တိုက်ခိုက်လိုက်သည်။
အစပိုင်းတွင် ဝူမုတို့ လူစုသည် ထုံရှန်းတောင်ကြား၏ မြေပြင်အနေအထား အားသာချက်ကို အသုံးချပြီး ဟင်းလင်းပြင်သားရဲများ၏ ထိုးစစ်ကို ခုခံနိုင်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင် သားရဲများ၏ အရေအတွက်သည် အလွန်တရာပင် များပြားလွန်းလှ၏။
ဝူမုတို့က ဟင်းလင်းပြင် သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်တိုင်းတွင် နောက်ထပ် သားရဲတစ်ကောင်ပြီး တစ်ကောင် တိုးဝင်လာခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဝူမုတို့ လူစုသည် အင်အားချင်း မမျှတော့ဘဲ ဖိအားဒဏ်ကို ခံစားလာကြရ၏။
အားနည်းသော နယ်မြေနတ်ဘုရား တချို့ ဆိုလျှင် ဟင်းလင်းပြင် သားရဲနှစ်ကောင် သုံးကောင်၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ မကျန် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရသည်။
ဝူမုက လျှို့ဝှက်နည်းစနစ်ကို အစွမ်းကုန် အသုံးပြုကာ ခွန်အား မြှင့်တင်လိုက်ပြီး နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင် သားရဲနှစ်ကောင်ကို သတ်ဖြတ်ပစ်လိုက်သည်။
သူက သတ်၍ မကုန်နိုင်သည့် ဟင်းလင်းပြင် သားရဲများကို ဖြူဖျော့နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဟင်းလင်းပြင် သားရဲလှိုင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
သူတို့ သိုင်းပညာကျင့်ကြံခြင်း အင်အားစုများ၏ ခွန်အားဖြင့်ပင် ဟင်းလင်းပြင် သားရဲလှိုင်းကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
“ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက ဒီကပ်ဘေးကို ရှောင်လွှဲလို့ မရနိုင်တော့ဘူး ထင်ပါရဲ့”
ဝူမုက ကြေကွဲစွာ ပြောလိုက်သည်။
ယခင်က အင်မော်တယ် ကျင့်ကြံခြင်းလောကသည် မြောက်ပိုင်းနယ်မြေတွင် ထွန်းကားလာခဲ့ပြီး သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဖိနှိပ်ခဲ့သော်လည်း အဆုံးသတ်တွင် သူတို့သည် ချေမှုန်းနိုင်ခဲ့ကြ၏။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဟင်းလင်းပြင်သားရဲများ၏ တိုက်ခိုက်မှုကို သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အမှန်တကယ် မကိုင်တွယ်နိုင်တော့ပေ။
ဝူမု စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေစဥ်မှာပင် နတ်ဘုရင် တတိယအဆင့်ထက် မနိမ့်သည့် ဟင်းလင်းပြင် သားရဲတစ်ကောင်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ဝူမုထံ တိုးဝင်လာခဲ့သည်။
ဝူမု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ထိုဟင်းလင်းပြင် သားရဲကို ခုခံရန် ပြင်လိုက်စဥ်မှာပင် သူ၏ ဦးခေါင်း အထက်၌ ရွှေရောင်ဓားအလင်း တစ်ခု လင်းလက်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် သူ့ကို တိုက်ခိုက်လာသည့် ဟင်းလင်းပြင်သားရဲသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းနေရာကနေ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး “ဝုန်းခနဲ” ဟူသောအသံနှင့် အတူ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
“ဒါက..”
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ဝူမု မှင်တက်သွားခဲ့၏။
မကြာမီမှာပင် သူက မသိစိတ်ကနေ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ထိုအခါ သူနှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခုသည် ထုံရှန်းတောင်ကြားထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။
“သခင်လေး ကျန်းချန်”
သူ၏မြင်ကွင်းထဲတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ဝူမု၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းထဲတွင် အဆုံးသတ်၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
မြောက်ပိုင်းနယ်မြေကို စိုးမိုးထားသည့် အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ရင်ဆိုင်ရစဥ်တွင် သူ့ရှေ့မှ သခင်လေးကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် အခြေအနေများကို ပြောင်းလဲပေးခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ကူညီပေးခဲ့သည်။
ယခု ကျန်းချန် ရောက်ရှိလာပြီ ဖြစ်ရာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ပြီး ဟင်းလင်းပြင်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံနိုင်တော့မည်ဟု သူ တွေးမိလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဆန်းကြယ်သော ရွှေရောင်ဓားအလင်းများသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သည့် ဟင်းလင်းပြင်သားရဲများ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ရွှေရောင်ဓားအလင်းများသည် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ပင်။
ဓားချက်တိုင်းသည် ဟင်းလင်းပြင် သားရဲများကို သတ်ဖြတ်နိုင်ခဲ့၏။
တစ်ခဏအတွင်းမှာပင် ရွှေရောင်ဓားအလင်း အောက်၌ ဟင်းလင်းပြင်သားရဲ ဆယ်ကောင်ထက် မနည်း ကျဆုံးသွားခဲ့သည်။
“ဂရား..”
ကျန်းချန်က သူ၏ လက်ရုံးတပည့်များ ဖြစ်သည့် ဟင်းလင်းပြင်သားရဲ ဆယ်ကောင်ကျော်ကို အလွယ်တကူသတ်ဖြတ်လိုက်သည်အား မြင်လျှင် ခေါင်းဆောင်ဖြစ်သည့် ဟင်းလင်းပြင် သားရဲဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
နောက်ထပ် တစ်စက္ကန့်တွင် ဟင်းလင်းပြင် သားရဲဘုရင်သည် မိုင်ပေါင်းများစွာ အကွာအဝေးကို တစ်ခဏတွင်း ကျော်ဖြတ်သွားခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ပုံရိပ်သည် လေထုထဲကနေ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ဟင်းလင်းပြင် သားရဲဘုရင်သည်လည်း အနည်းငယ် တုန်ယင်သွားခဲ့ပြီ လေထုထဲမှာပင် ပေပေါင်းရာချီ နောက်ပြန် လွင့်စင်သွားခဲ့၏။
ဟင်းလင်းပြင် သားရဲဘုရင်သည် သူ၏ ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသည့် မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့၏။
“လူသား.. မင်းက ငါ့ရဲ့ လူတွေကို သတ်ရဲတယ်လား.. ဒီနေ့ ငါမင်းရဲ့အလောင်းကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်မယ်”
ကျန်းချန်က ဟင်းလင်းပြင်သားရဲကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေရဲ့ လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ.. မင်းတို့ ဟင်းလင်းပြင်သားရဲတွေ အတွက် နေစရာနေရာ မရှိတော့ဘူး.. တကယ်လို့ မင်းတို့သာ အေးအေးဆေးဆေး နေမယ်ဆိုရင် မင်းတို့အတွက် နေစရာနေရာပေးဖို့ ငါစဥ်းစားပေးမယ်”
“လူသားကောင်လေး.. ငါ့ကို လေလုံးထွားမနေနဲ့.. မင်းလို မလောက်လေး မလောက်စားကများ ငါဒီနယ်မြေကို သိမ်းပိုက်မှာ တားချင်နေတာလား.. စိတ်ကူးယဥ်မနေနဲ့”
ဟင်းလင်းပြင်သားရဲဘုရင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် ဟင်းလင်းပြင်စွမ်းအားများကို ထုတ်ဖော်၍ မရေမတွက်နိုင်သော ဟင်းလင်းပြင်ဓားများ အဖြစ် ပြောင်းလဲကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ အကြည့်က လေးနက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဓားလမ်းစဥ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ပြန်လည် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး မည်သည့်ဘက်ကမှ အသာစီးမရခဲ့ပေ။
သူ့ရှေ့မှ ဟင်းလင်းပြင် သားရဲဘုရင်သည် နတ်ဘုရင်နဝမအဆင့်နှင့် ယှဥ်နိုင်သည့် အသန်မာဆုံး သားရဲဘုရင် ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ဝူကျန့်ထျန်းထက်ပင် သိပ်မနိမ့်ပေ။
သူ၏ လက်ရှိခွန်အားဖြင့်ပင် အစွမ်းကုန် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
အခန်း(၂၄၅၂)ပြီး၏။