အခန်း (၂၄၅၇-၂၄၅၈)
Vol. 186 Ch. 2457-2458
အခန်း(၂၄၅၇)
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ထုံရှန်းတောင်ကြားကနေ ထွက်ခွာကာ ထာဝရသက်ရှည်တောင်တန်း၏ တောင်ဘက်အရပ်ဆီသို့ အလျင်အမြန်ပင် ဦးတည်ခဲ့သည်။
ထုံရှန်တောင်ကြားမှ ထွက်ခွာပြီး သိပ်အဝေးကြီး မသွားရသေးမီမှာပင် ရင်းနှီးသော အရှိန်အဝါတစ်ခုက သူ့ထံသို့ လျင်မြန်စွာ ချဥ်းကပ်လာသည်ကို ခပ်ရေးရေး ခံစားမိလိုက်သည်။
ခဏအကြာတွင် ဟုန်ထျန်းယန်၏ ပုံရိပ်သည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
သို့သော်လည်း ဟုန်ထျန်းယန်နှင့် အတူ သန်မာသောအရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်နှစ်ခုကိုပါ တွေ့လိုက်ရသည်။
ဟုန်ထျန်းယန်၏ အမူအရာကို ကြည့်၍ ဟုန်ထျန်းယန်သည် ထိုနှစ်ယောက်၏ အကျဥ်းသား ဖြစ်နေသည်မှာ ထင်ရှားနေခဲ့သည်။
ထိုနှစ်ယောက်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့မှ လူငယ်နှစ်ယောက်သည် အလွန်တရာပင် သန်မာလွန်းနေခဲ့၏။
သူ၏ လက်ရှိခွန်အားဖြင့်ပင် ထိုနှစ်ယောက်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိနေခဲ့သည်။
ဆိုရလျှင် သူ့ရှေ့မှ လူငယ်နှစ်ယောက်သည် အနည်းဆုံး ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်နိုင်၏။
ထိုက်ချင်းဘိုးဘေးနှင့် နှိုင်းယှဥ်လျှင်ပင် ထိုနှစ်ယောက်က ပို၍ သာလွန်နေမည်ကို သူစိုးရိမ်မိသည်။
“ဒီမြောက်ပိုင်းနယ်မြေမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာတဲ့ အင်မော်တယ် ကျင့်ကြံသူတွေ ရှိနေရတာလဲ”
ကျန်းချန်က အံ့အားသင့်နေခဲ့သည်။
ထိုနှစ်ယောက်၏ အသက်အရွယ်က သူနှင့် မတိမ်းမယိမ်း ဖြစ်ပုံရသော်လည်း ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေသည်မှာ တကယ်ကို မယုံနိုင်စရာပင်။
အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရှိ ထိပ်တန်းပါရမီရှင်များ ပင်လျှင် သူ့ရှေ့မှ လူနှစ်ယောက်နှင့် နှိုင်းယှဥ်ရန် အလွန်တရာပင် အလှမ်းဝေး၏။
ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်မျိုးသည် ဤမြောက်ပိုင်းနယ်မြေတွင် မည်ကဲ့သို့ မွေးဖွားလာပါသနည်း။
ထို့အပြင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းနှင့် အဆုံးအဖြတ်တိုက်ပွဲဝင်ခဲ့စဥ်တွင် ထိုနှစ်ယောက်သည် အဘယ်ကြောင့် သူတို့ရှေ့၌ ပေါ်မလာခဲ့ကြပါသနည်း။
အကယ်၍သာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကို ထိုနှစ်ယောက်က ကူညီခဲ့မည် ဆိုလျှင် သူနှင့် ဝူကျန့်ထျန်း တို့သည် သေချာပေါက် ရှုံးနိမ့်သွားနိုင်ပေသည်။
သို့မဟုတ်လျှင် သူ့ရှေ့မှ လူနှစ်ယောက်သည် မြောက်ပိုင်းနယ်မြေမှ မဟုတ်ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီမှ ရောက်လာကြခြင်း ဖြစ်နိုင်ပါသလော။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်၏ စိတ်နှလုံးထဲတွင် အလွန်တရာ လေးလံသွားခဲ့သည်။
အကယ်၍ ထိုနှစ်ယောက်သာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အမှန်တကယ်လာခဲ့ခြင်း ဖြစ်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် မကြာမီမှာပင် နတ်ကုန်းမြေတိုက်သို့ ထပ်မံ ရောက်ရှိလာတော့မည်ကို စိုးရိမ်ရ၏။
ယင်းမှာ နတ်ဘုရားနယ်မြေ၏ အခြေအနေကို ပို၍ပင် ဆိုးရွားလာစေရန် ဖန်တီးလိုက်သကဲ့သို့ပင် မဟုတ်ပါလော။
“သခင်ကြီး”
ကျန်းချန်ကို မြင်လိုက်ရလျှင် ဟုန်ထျန်းယန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်နှင့် အတူ ခရီးထွက်ခဲ့စဥ်က ကျန်းချန်သည် ထိပ်တန်း ကျင့်ကြံသူများကို ကြက်သတ်သကဲ့သို့ သတ်ဖြတ်ခဲ့မှန်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ဟုန်ထျန်းယန်သည် သူသခင်ကြီး၏ အင်အား မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို အလွန် ရှင်းလင်းစွာ သိရှိထားခဲ့၏။
သူ့ရှေ့မှ လူနှစ်ယောက်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ကျန်းချန်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
ကျန်းချန်က ဟုန်ထျန်းယန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်စဥ်မှာပင် အထက်စီးဆန်သော အေးစက်စက် စကားသံ တစ်သံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
“မင်းက ဒီလူ့ဆီမှာ ဓားစွမ်းအား ချန်ထားရစ်ခဲ့တဲ့လူလား”
ကျန်းချန်က ပိန်ပါးပါး အမျိုးသားကို ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ဟုတ်တယ် ဓားစွမ်းအားကို ချန်ထားရစ်ခဲ့တဲ့လူက ငါပဲ.. မင်းတို့နှစ်ယောက်က ငါတို့ နတ်ဘုရားနယ်မြေက မဟုတ်ဘူးမလား”
“ဟမ့်.. ငါတို့က မင်းတို့လို အမှိုက်စကြဝဠာထဲက လူတွေ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ပိန်ပါးပါး အမျိုးသားက မထီမဲ့မြင် ပြုံးလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
“မင်းတို့ဆီမှာ ထာဝရသက်ရှည်တောင်လို့ ခေါ်တဲ့ တောင်တစ်တောင်ရှိတယ်လို့ ငါကြားထားတယ်.. မင်းအနေနဲ့ ထာဝရသက်ရှည်တောင် အကြောင်းကို သိမယ်လို့ ငါထင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ လူနှစ်ယောက်သည် နတ်ဘုရားနယ်မြေကို ယခင်က ကျူးကျော်ခဲ့ဖူးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများ ဖြစ်လိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုအခါတွင် သူမျှော်လင့်ထားသည်ထက်ပင် လုံးဝကို ကျော်လွန်နေခဲ့၏။
စင်စစ် ထိုနှစ်ယောက်သည် ထာဝရသက်ရှည်တောင်တန်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
ထာဝရသက်ရှည်တောင်တန်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ၎င်း၏ မြင့်မြတ်သော စွမ်းအားများဖြင့် အင်မော်တယ်လောကကနေ နတ်ဘုရားနယ်မြေသို့ ရွှေ့ပြောင်းလာခဲ့သော တောင်တန်း ဖြစ်၏။
သို့ဆိုလျှင် သူ့ရှေ့မှ လူနှစ်ယောက်သည် အင်မော်တယ်လောကမှ လူများ ဖြစ်နိုင်ပါသလော။
“ထာဝရသက်ရှည်တောင်က ငါတို့ နတ်ဘုရားနယ်မြေရဲ့ အထွတ်အထိပ် တောင်တစ်တောင်ပဲ.. ဒဏ္ဍာရီတွေ အရတော့ အင်မော်တယ် ဖြစ်လာနိုင်မဲ့ အခွင့်အရေးရှိတဲ့ နေရာပေါ့.. ဒါပေမဲ့ ထာဝရသက်ရှည်တောင်က အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတော့ ငါလည်း အဲဒီတောင် အကြောင်းကို အများကြီး မသိဘူး”
ကျန်းချန်က ထိုသို့ ပြောလိုက်ပြီးနောက်တွင် ထိုနှစ်ဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။
“ဒါနဲ့ နေပါဦး.. မင်းတို့နှစ်ယောက်က ထာဝရသက်ရှည်တောင်တန်းကို ဘာဖြစ်လို့ ရှာနေတာလဲ ဆိုတာ သိလို့ရမလား”
“ငါတို့ဘာသာ ဘာအတွက်ပဲရှာရှာ မင်းသိဖို့ မလိုဘူး”
ပိန်ပါးပါး အမျိုးသားက စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းမသေချင်ဘူးဆိုရင် ထာဝရသက်ရှည်တောင်တန်းနဲ့ ပတ်သက်ပြီး မင်းသိထားတဲ့ အချက်အလက်တွေကို တစ်လုံးမကျန် ပြောပြစမ်း”
ပိန်ပါးပါး အမျိုးသား၏ အထက်စီးဆန်သော စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့သည်။
“တကယ်လို့ ငါက မပြောဘူး ဆိုရင်ရော”
ထာဝရသက်ရှည်တောင်တန်းကို ရှာနေသည့် ထိုနှစ်ယောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် ရောက်လာခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
ထို့အပြင် ထိုနှစ်ယောက်၏ အရှိန်အဝါသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အလွန်ပင် ကွဲပြားနေခဲ့၏။
ယင်းကြောင့် ထိုနှစ်ယောက်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် မိတ်ဆွေမဟုတ်ဘဲ ရန်သူများ ဆိုသည်မှာ ထင်ရှားနေခဲ့၏။
သို့ဖြစ်ရာ ကျန်းချန် အနေဖြင့် သူ့ရှေ့မှ လူနှစ်ယောက်ကို ထာဝရသက်ရှည်တောင်တန်း ထဲသို့ အလွယ်တကူ ခြေချခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
“အေးအေးဆေးဆေး ပြောနေတာကို နားမထောင်ချင်ဘူးကိုး”
ထိုစကားကို ပြောပြီးနောက်တွင် ပိန်ပါးပါး အမျိုးသား၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
ပိန်ပါးပါးအမျိုးသားက ခန္ဓာကိုယ် အတွင်းရှိ စစ်မှန်သောအနှစ်သာရ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။
ထိုအနှစ်သာရ စွမ်းအားများသည် မီးလျှံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် ချက်ချင်းဆိုသလို အနီရောင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်သည် ဆယ်ဆခန့် မြင့်တက်သွားခဲ့သည်။
တိုတောင်းသော အချိန်အတွင်းမှာပင် ဟင်းလင်းပြင်ရှိ မီတာတစ်သောင်း ဧရိယာသည် မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အပူရှိန်ကြောင့် အရာအားလုံးသည် ဘာမှ မကျန်ရှိတော့သည် အထိ အရည်ပျော်သွားတော့မည့် အလား ဖြစ်နေခဲ့၏။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ပင် ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ရေငတ်လာသလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိုင်းစွမ်းအား လည်ပတ်မှုသည်ပင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
“သိပ်ကိုအံ့ဩဖို့ ကောင်းတဲ့ မီးစွမ်းအားပါလား”
ပိန်ပါးပါး အမျိုးသားထံမှ ထွက်ပေါ်လာသည့် စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ပိန်ပါးပါး အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည် သူခန့်မှန်းထားသည့် အတိုင်းပင် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ချေပြီ။
ယင်းအပြင် ထိုလူသည် နောက်ခံ သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်များတွင် ထိုက်ချင်းဘိုးဘေးထက် ပို၍ သာလွန်နေခဲ့၏။
ဆိုရလျှင် သူ့ရှေ့မှ လူသည် သူရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်များထဲတွင် အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်သည်မှာ သေချာသလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ လက်ချောင်းများကို ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဓားအလင်းက ဟင်းလင်းပြင်ကို ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု အဖြစ် ဖြတ်တောက်သွားခဲ့သည်။
အက်ကွဲကြောင်းတွင် မမြင်နိုင်သော စွမ်းရည် ရှိပုံရပြီး ပိန်ပါးပါး အမျိုးသားထံမှ ထွက်ပေါ်လာသည့် ပူပြင်းသော စွမ်းအားများကို သီးခြား ခွဲထုတ်လိုက်၏။
ယင်းအခိုက်အတန့်တွင် ကောင်းကင်ယံထက်၌ ဆန်းကြယ်သော မီးကွင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်နှင့် ပိန်ပါးပါး အမျိုးသားကို ဗဟိုပြု၍ ဟင်းလင်းပြင် တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။
တစ်ဖက်တွင် မီးလျှံများ ရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်မူ တည်ငြိမ်အေးချမ်းသော စွမ်းအင်လှိုင်းများ ရှိနေခဲ့၏။
“မင်းက အတော် အစွမ်းအစရှိတာပဲ.. ဒီလို အမှိုက်စကြဝဠာကနေ မင်းလို ပါရမီရှင်တစ်ယောက်ကို မွေးဖွားလာနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကို အနည်းငယ် အံ့ဩသွားစေတာတော့ အမှန်ပဲ.. ဒါပေမဲ့ မင်းရဲ့အင်အားလောက်နဲ့ ငါ့ကို စိန်ခေါ်ဖို့က အရည်အချင်း မပြည့်မီသေးဘူး”
ပိန်ပါးပါး အမျိုးသားက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ ဟင်းလင်းပြင်ရှိ မီးလျှံစွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် ရူးသွပ်စွာ စုစည်းလာခဲ့ပြီး အဆုံးသတ်၌ လက်ရာမြောက်သော မီးကြာပန်းတစ်ပွင့် အဖြစ် ပြောင်းလဲသွားခဲ့သည်။
မီးကြာပန်း ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးကြားရှိ ပူပြင်းသော အရှိန်အဝါသည် ရုတ်တရက် နှစ်ဆခန့် မြင့်တက်သွားခဲ့သည်။
“သွားစမ်း”
ပိန်ပါးပါး အမျိုးသားက ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မီးကြာပန်းကို ကျန်းချန်ထံ ပစ်လွှတ်လိုက်သည်။
အခန်း(၂၄၅၇)ပြီး၏။
အခန်း(၂၄၅၈)
“ဝုန်း..”
မီးကြာပန်းက ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့ကာ အဆုံးသတ်တွင် ပေပေါင်းသောင်းချီ ကြီးမားသည့် ဧရာမ မီးတိမ်တိုက်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ဧရာမ မီးတိမ်တိုက်ကြီးသည် ကျန်းချန်၏ ဓားချက်ကို ချက်ချင်းဆိုသလိုပင် ချေမှုန်းပစ်လိုက်ပြီး ကျန်းချန်ထံသို့ သက်ရောက်လာခဲ့သည်။
“အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း ပထမတိုက်ကွက်.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”
ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းများကို ဖြစ်ပေါ်စေခဲ့သည်။
သူက ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ် ဓားအလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဓားအလင်းက ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံဆီ ထိုးတက်သွားခဲ့ပြီး သူ့ဆီသို့ သက်ရောက်လာသော ဧရာမ မီးတိမ်တိုက်ကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ရောယှက်သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
ထိုခဏဝယ် ဟင်းလင်းပြင်ထဲတွင် မီးလျှံများသည် ရုတ်တရက် အရှိန်ပြင်းလာခဲ့ပြီး ဓားအရှိန်အဝါများသည်လည်း ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့သည်။
သာမန်နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ဟင်းလင်းပြင်မှ ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများနှင့် ထိတွေ့မိလျှင် မျက်စိတစ်မှိတ် အတွင်း သေဆုံးသွားနိုင်လောက်၏။
“မင်းလို အမှိုက်စကြဝဠာမှာ မွေးဖွားလာတဲ့သူက ဒီလိုမျိုး အင်မော်တယ်ဓားသိုင်းကို တတ်မြောက်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က မင်းနဲ့ ပတ်သက်နေတယ် မဟုတ်လား”
ပိန်ပါးပါး အမျိုးသားက ကျန်းချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေးပေးမယ်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြောပြစမ်း...မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
ထိုစကားကိုကြားလျှင် ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်း ဘာတွေပြောနေတာလဲ ဆိုတာ ငါနားမလည်တော့ဘူး
.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဆိုတာကိုလည်း ငါတစ်ခါမှ မကြားဖူးဘူး”
“ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲ မင်းက တန်ဖိုးမထားခဲ့ဘူး.. ဒီလိုဆိုမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
ပိန်ပါးပါး အမျိုးသား၏ မျက်နှာက အေးစက်သွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို အထက်စီးကနေ ငုံ့ကြည့်လိုက်၏။
ထို့နောက် လက်ဟန်များကို ပြုလုပ်လိုက်ရာ ဟင်းလင်းပြင်မှ အဆုံးမဲ့ မီးလျှံများသည် သူ့ထံသို့ စုစည်းလာခဲ့ပြီး ကောင်းကင်ယံအထိ ထိုးတက်နေသော မီးလျှံတိုင်လုံးကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မီးလျှံစကြဝဠာတိုက်ကွက်”
ပိန်ပါးပါး အမျိုးသားက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် အပြင်းအထန် တုန်ခါသွားခဲ့ပြီး အရပ်မျက်နှာအနှံ့ကို လောင်ကျွမ်းစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော မီးလျှံတိုင်လုံးကြီးသည် ကျန်းချန် ဆီသို့ ရွေ့လျားသွားခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာပင် ရပ်နေခဲ့ပြီး သူ့ထံသို့ ကျဆင်းလာသည့် မီးလျှံတိုင်လုံးကြီးကို မော့ကြည့်လိုက်သည်။
ထို့နောက်တွင် သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်အင်မော်တယ်များကိုပင် ခုတ်ပိုင်းနိုင်လောက်သည့် အံ့ဩဖွယ် ဓားအလင်းသည် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း ဒုတိယတိုက်ကွက်.. အင်မော်တယ်များကို သုတ်သင်ခြင်း”
ဓားအလင်းက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး မီးလျှံတိုင်လုံးကြီးနှင့် ချက်ချင်းဆိုသလို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကောင်းကင်ယံက တုန်ခါသွားခဲ့ပြီး ဟင်းလင်းပြင်များသည်ပင် ပြိုကျပျက်စီးသွားခဲ့သည်။
မီးလျှံတိုင်လုံးကြီးနှင့် တစ်ခဏမျှ ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်၏ ဓားအလင်းသည် မီးလျှံတိုင်လုံးကြီးကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။
သူအားကိုးရသော တိုက်ကွက်က အလွယ်တကူ ချေမှုန်းခံလိုက်ရသည်ကို မြင်လျှင် ပိန်ပါးပါး အမျိုးသား၏မျက်နှာသည် အနည်းငယ် မသာမယာ ဖြစ်သွားခဲ့သည်။
သူက စကြဝဠာ၏ အရင်းအမြစ် ဖြစ်သည့် အင်မော်တယ်လောကတွင် မွေးဖွားလာသူ ဖြစ်သော်လည်း သူ့ရှေ့မှ ကောင်လေးကမူ အင်မော်တယ်များပင် မမွေးဖွားနိုင်သည့် အဆင့်နိမ့်စကြဝဠာတွင် မွေးဖွားလာသူ ဖြစ်သည်။
ပါရမီ၊ နောက်ခံနှင့် ကျင့်ကြံခြင်းနည်းစနစ်များ အရ အဆင့်နိမ့် စကြဝဠာမှ လူများသည် သူနှင့် ယှဥ်နိုင်ရန် အလွန်တရာပင် အလှမ်းဝေးသည်။
အဆင့်တူ ဖြစ်နေလျှင်ပင် အဆင့်နိမ့် စကြဝဠာမှ ကျင့်ကြံသူများကို သူက အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ၏။
ထို့အပြင် သူ့ရှေ့မှ ကောင်လေး၏ ကျင့်ကြံခြင်း အဆင့်သည် သူ့ထက်ပင် နိမ့်ကျနေသေးသည်။
အကယ်၍ သူသာ ထိုကောင်လေးကို မကိုင်တွယ်နိုင်လျှင် နောင်အနာဂတ်တွင် အင်မော်တယ်လောက၌ သူ၏ မျက်နှာကို မည်သည့်နေရာတွင် ထားရပါမည်နည်း။
ပိန်ပါးပါး အမျိုးသား၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ စွမ်းအားများကို အရူးအမူး မြှင့်တင်လိုက်သည်။
ထို့နောက်တွင် သူ၏ လက်ဖဝါးကနေ မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတွင် ပြည့်နှက်သွားခဲ့သည်။
“ကောင်းကင်ယံမှ ကြယ်တာရာများ ကြွေလွင့်ခြင်း”
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကောင်းကင်ယံမှ မီးလျှံများသည် ကြယ်မိုးများ ကဲ့သို့ ကျဆင်းလာခဲ့သည်။
ထိုမီးလျှံများတွင် အရာခပ်သိမ်းကို လောင်ကျွမ်းစေနိုင်သော စွမ်းအားများ ကိန်းအောင်းနေခဲ့၏။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း တတိယတိုက်ကွက်.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း”
ကျန်းချန်က ချက်ချင်းဆိုသလိုပင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ဓားအလင်း ထွက်ပေါ်လာသည်နှင့်အမျှ ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာကြီး၏ အရောင်အဆင်းပင် ပြောင်းလဲသွားခဲ့သည်။
နေနှင့်လ တည်ရှိသော ကောင်းကင်ယံ ပင်လျှင် ဓားအလင်း၏ အရှိန်အဝါကြောင့် အပိုင်းပိုင်း ကွဲသွားတော့မည့်အလား ဖြစ်နေခဲ့၏။
အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်းနေသော ဓားအလင်းသည် ကြယ်မိုးများ ကဲ့သို့ ကျဆင်းလာသည့် မီးလျှံများ ဆီသို့ ဦးတည်သွားခဲ့သည်။
ဓားအလင်း ဖြတ်သန်းသွားသော နေရာရှိ အရာအားလုံးသည် ဘာမှ မကျန်ရှိတော့သည် အထိ ပျက်စီးသွားခဲ့၏။
ဤတိုက်ကွက်ဖြင့်လည်း ကျန်းချန်ကို အနိုင်မရသေးသည်အားမြင်လျှင် ပိန်ပါးပါး အမျိုးသား၏ မျက်နှာသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။
သူ လုံးဝ ထင်မထားသည်မှာ သူက အင်မော်တယ်လောကမှ ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူ့ထက်ပင် ကျင့်ကြံခြင်း အဆင့်နိမ့်ကျသော အဆင့်နိမ့် စကြဝဠာမှ လူတစ်ယောက်ကို ရင်ဆိုင်ရာတွင် အသာစီးတစ်ခါမှ မရခဲ့ခြင်းပင်။
“ဟော်လင်း ဒီကောင်က သာမန် မဟုတ်ဘူး.. ငါမင်းကို ကူညီပေးမယ်”
သိမ်းငှက်မျက်လုံးနှင့် အမျိုးသားက မျက်စိတစ်မှိတ်အတွင်း ပိန်ပါးပါး အမျိုးသား၏ နံဘေးတွင် ပေါ်လာခဲ့သည်။
သူက ကျန်းချန်နှင့် ဟော်လင်းတို့၏တိုက်ပွဲကို အသေအချာ မြင်တွေ့ခဲ့ရသည်။
တစ်ဖက်မှ ကောင်လေးသည် အဆင့်နိမ့် စကြဝဠာတွင် မွေးဖွားလာသော်လည်း ပါရမီနှင့် ကံကြမ္မာကမူ အနှိုင်းမဲ့သည်ဟု ဆို၍ ရ၏။
ထိုလူငယ် ကျင့်ကြံထားသော အင်မော်တယ်ဓားသိုင်းသည် အင်မော်တယ်လောကမှာပင် အလွန်တရာ ရှားပါးလိမ့်မည်ဖြစ်သည်။
ဟော်လင်း တစ်ယောက်တည်းဖြင့် ဆိုလျှင် ထိုကောင်လေးကို အနိုင်ယူရန်မှာ လွယ်ကူသောကိစ္စ မဟုတ်လောက်ပေ။
“ဟော်ယောင်...ဒီကောင့်ကို အနိုင်ယူဖို့ ငါတစ်ယော်တည်းနဲ့လုံလောက်တယ်.. မင်းရဲ့အကူအညီမလိုဘူး”
ဟော်လင်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။
မီးလျှံ အင်မော်တယ်ဘုရင်၏ ပါရမီရှင် တပည့်တစ်ဦး အနေဖြင့် ဟော်လင်းသည် မာနကြီးသူ တစ်ဦး ဖြစ်သည်။
အဆင့်နိမ့် စကြဝဠာမှ ကျင့်ကြံသူ တစ်ဦးကိုပင် မကိုင်တွယ်နိုင်ခဲ့သော သတင်းသာ အင်မော်တယ်လောကတွင် ပြန်လည်ပျံ့နှံသွားခဲ့လျှင် သူ့အတွက် လှောင်ရယ်စရာ တစ်ခု ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
“ကောင်လေး.. ဒီလို အမှိုက်စကြဝဠာမျိုးမှာ ဒီလိုမျိုးအောင်မြင်မှုရထားတဲ့ အတွက် မင်းက တကယ်ကို ထူးချွန်တယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ မင်း ငါနဲ့ ယှဥ်ချင်တယ် ဆိုရင်တော့ နည်းနည်း လိုသေးတယ်လို့ ငါထင်တယ်.. ဒီနေ့တော့ ငါက မီးလျှံ မျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး အင်မော်တယ် နည်းစနစ်ကို မင်းအမြင်ကျယ်အောင် ပြသပေးမယ်”
စကားဆုံးသည်နှင့် ဟော်လင်း၏ မျက်စိသူငယ်အိမ်ထဲတွင် တောက်ပသော ရွှေရောင်မီးလျှံ တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ရွှေရောင်မီးလျှံသည် ဟော်လင်း၏ မျက်လုံးများတွင် လျင်မြန်စွာ ပြည့်နှက်သွားခဲ့ပြီး အပြင်သို့ ပွင့်ထွက်လာခဲ့ကာ မြင့်မားသော မီးလျှံတိုင်လုံးကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
မီးလျှံ ရွှေမျက်လုံး နည်းစနစ်သည် မီးလျှံ အင်မော်တယ်ဘုရင်၏ မျိုးနွယ်စုမှ အမြင့်မြတ်ဆုံး အင်မော်တယ် နည်းစနစ်ဖြစ်ပြီး လောကရှိ အရာအားလုံးကို အရည်ပျော်စေနိုင်စွမ်း ရှိသည်။
အကယ်၍ ထိုနည်းစနစ်ကို အထွတ်အထိပ်အဆင့် အထိ လေ့ကျင့်နိုင်မည် ဆိုလျှင် တောင်တန်းများကို အရည်ပျော်စေခြင်း၊ ပင်လယ်များကို လောင်ကျွမ်းစေခြင်း၊ ကြယ်တာရာများကို သန့်စင်ခြင်းနှင့် လမင်းကို ဖျက်ဆီးခြင်း စသည်တို့ကိုပင် အလွန်တရာ လွယ်ကူစွာ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။
ခက်ခဲသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် ဟော်လင်းသည် မည်သည့် အရာကိုမှ ထိမ်ချန်မထားတော့ဘဲ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။
“အပြာရောင်ဧကရာဇ်ဓားကွက်”
ဟော်လင်းထံမှ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုကို ခံစားလိုက်ရလျှင် ကျန်းချန်သည်လည်း မည်သည့်အရာကိုမှ ထိမ်ချန်မထားတော့ပေ။
သူက အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်ရာ လေထုထဲတွင် အလင်းတံခါး တစ်ခု ထွက်ပေါ်လာခဲ့ပြီး အပြာရောင်ပုံရိပ် တစ်ခုသည် ထိုတံခါးထဲကနေ ထွက်လာခဲ့သည်။
“မီးလျှံအင်မော်တယ်ဘုရင်ရဲ့ နောက်လိုက်တွေကများ ငါဧကရာဇ်ရဲ့ လူကို ရန်ပြုရဲတယ်.. အပြစ်ခံယူစမ်း”
ဓားအင်မော်တယ်ဧကရာဇ် ရှချင်း၏ ပုံရိပ်ယောင်သည် အလင်းတံခါးမှ ထွက်လာပြီးနောက်တွင် ဟော်လင်းကို ငုံ့ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ ဟော်လင်းကို တိုက်ခိုက်လိုက်၏။
ယင်းအခိုက်အတန့်တွင် မီးလျှံတိုင်လုံးကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ပိန်ပါးပါး အမျိုးသား၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
အခန်း(၂၄၅၈)ပြီး၏။