← Chapters

အခန်း (၂၄၅၉-၂၄၆၀)

Vol. 186 Ch. 2459-2460

အခန်း (၂၄၅၉-၂၄၆၀)

Vol. 186 Ch. 2459-2460

အခန်း(၂၄၅၉)

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဟော်လင်း၏ ခန္ဓာကိုယ်သည် မီတာထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

ဟော်လင်းက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရ၏။

သူ၏မျက်နှာတစ်ခုလုံးက အလွန်တရာပင် ဖြူဖျော့နေခဲ့သည်။

မကြာမီမှာပင် ဟော်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန် အစောပိုင်းက အသုံးပြုခဲ့သော ဓားကွက်သည် အင်မော်တယ်တံခါးကို ဖွင့်၍ အင်မော်တယ်လောကမှ အင်မော်တယ်တစ်ဦး၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဟော်လင်းကို ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ ထိုပုံရိပ်ယောင်တွင် အသိစိတ်ရှိနေခြင်း ဖြစ်ပြီး မီးလျှံ အင်မော်တယ်ဘုရင်၏ မျိုးဆက်မှန်း သူ့ကို တစ်ချက်ကြည့်ရုံနှင့်ပင် သိမြင်နိုင်ခဲ့ခြင်းပင်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အင်မော်တယ်လောကတွင်ပင် သာမန်လူ တစ်ဦး မဟုတ်နိုင်ပေ။

သူ့ရှေ့မှ လူသည် အင်‌မော်တယ်လောကရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး‌ ရွေးချယ်ထားသော အမွေဆက်ခံသူ ဖြစ်နိုင်ပါသလော။

သို့ဆိုလျှင် အင်မော်တယ် လောကရှိ ပုဂ္ဂိုလ်ကြီး၏ အမွေဆက်ခံသူသည် အင်မော်တယ်များပင် မွေးဖွားရန် ခက်ခဲသော အမှိုက်စကြဝဠာထဲတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။

ယခုအခါတွင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။

ယင်းမှာ ထိုကောင်လေးတွင် ဤလောကသို့ ရောက်ရှိလာခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ် အမွေအနှစ် ရှိနေခြင်းပင်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကရှိ နံပါတ်တစ် အင်မော်တယ်ဘုရင် ဖြစ်ပြီး အင်မော်တယ်ဧကရာဇ် အဆင့်နှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်သည်။

ထို့ကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သော အမွေအနှစ်သည် အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်များ အတွက်ပင် အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့၏။

ယင်းအတွက်ကြောင့်လည်း မီးလျှံ အင်မော်တယ်ဘုရင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သဲလွန်စကို အမြဲမပြတ် လိုက်လံစုံစမ်းခဲ့ခြင်း ဖြစ်ပြီး ကုန်ကျစရိတ် အမြောက်အများ အကုန်အကျခံကာ ဤစကြဝဠာသို့ သူတို့ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ် သဲလွန်စကို မျက်မြင်တွေ့နေရပြီ ဖြစ်ရာ ဟော်လင်း အနေဖြင့် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါအံ့နည်း။

“ဟော်ယောင်.. သူ့ကို အခုချက်ချင်းသတ်လိုက်”

ဟော်လင်း၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး နံဘေးရှိ သိမ်းငှက်မျက်လုံးနှင့် အမျိုးသားကို အလျင်အမြန် ပြောလိုက်သည်။

သူက အစောပိုင်းတွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သဖြင့် ခန္ဓာကိုယ်တွင် ခွန်အား မရှိတော့ပေ။

ထို့အပြင် ကျန်းချန်၏ နောက်ဆုံးဓားချက်ကြောင့် သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ဆက်လက် တိုက်ခိုက်နိုင်စွမ်းလည်း မရှိတော့ချေ။

သူ၏ လက်ရှိ အခြေအနေက ဆိုးရွားသော်လည်း တစ်ဖက်မှ ကောင်လေး၏ အခြေအနေကလည်း သူနှင့် သိပ်မကွာပေ။

သို့သော်လည်း သူ၏ နံဘေးရှိ ဟော်ယောင်ကမူ အင်အားအပြည့်အဝ ရှိနေဆဲ ဖြစ်၏။

အင်အားအရ ဆိုလျှင် ဟော်ယောင်သည် သူ့ထက် အနည်းငယ်သာ နိမ့်ကျသူ ဖြစ်သည်။

ဟော်ယောင်၏ အင်အားဖြင့်သာ ဆိုလျှင် ယခုအချိန်တွင် တစ်ဖက်မှ ကောင်လေးကို ကိုင်တွယ်ရန်မှာ အလွန်တရာလွယ်ကူလှသည် မဟုတ်ပါလော။

“ဟော်လင်း.. ငါ့အမြင်တော့ ဒီကိစ္စကို မေ့လိုက်တာ ပိုကောင်းမယ် ထင်တယ်”

ဟော်ယောင်က ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

တစ်ဖက်မှ ကောင်လေးသည် ဤကဲ့သို့ စကြဝဠာထဲတွင် ဤအဆင့်အထိ ကြီးထွားလာနိုင်ပုံ ထောက်လျှင် သာမန်လူ တစ်ဦး သေချာပေါက် မဖြစ်နိုင်ပေ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အင်မော်တယ်လောကမှပင် အလွန်တရာ ရှားပါးသည့် ပါရမီရှင်များ ဖြစ်ကြ၏။

ယင်းအပြင် ထိုကောင်လေးသည် ဟော်လင်းနှင့် တိုက်ခိုက်ရာတွင် အလွန်တရာ အစွမ်းထက်သော အင်မော်တယ်ဓားသိုင်းများကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ထိုကောင်လေး၏ နောက်ကွယ်တွင် ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ပါး သေချာပေါက် ရှိနေလိမ့်မည်ဟု ဟော်ယောင် ခပ်ရေးရေး ခံစားမိခဲ့သည်။

အထူးသဖြင့် နောက်ဆုံးဓားကွက်သည် အင်‌မော်တယ်တံခါးကို ဖွင့်လှစ်ကာ အင်မော်တယ်ပုံရိပ်ကိုပင် ဆင့်ခေါ်နိုင်ခဲ့သည် မဟုတ်ပါလော။

ထိုအင်မော်တယ်ပုံရိပ်သည် သူတို့၏ နောက်ခံကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ရုံသာမက သူ့ကိုယ်သူလည်း ဧကရာဇ်ဟု သုံးနှုန်းခဲ့သည်။

သိထားရမည့်အချက်မှာ အင်‌မော်တယ်လောကတွင် အဆင့်အတန်း ခွဲခြားမှုသည် အလွန်တရာပင် ပြင်းထန်လှပြီး လူတိုင်းသည် ဧကရာဇ်ဟု‌ သုံးနှုန်း၍ မရပေ။

ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်များ၏ အထက်တွင် ရှိသော အင်မော်တယ်ဧကရာဇ် သာလျှင် ဧကရာဇ်ဟု သုံးနှုန်းပိုင်ခွင့် ရှိသည်။

တစ်နည်းဆိုရလျှင် ထိုကောင်လေး အင်မော်တယ်တံခါးကိုဖွင့်၍ ဆင့်ခေါ်လိုက်သော ပုံရိပ်သည် ဒဏ္ဍာရီလာ အင်‌မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်နိုင်ခြေ အလွန်များ၏။

အင်မော်တယ်ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနိုင်သည့် ပုဂ္ဂိုလ်မျိုးကို သူတို့၏ ဆရာ ဖြစ်သည့် မီးလျှံ အင်တယ်ဘုရင် ပင်လျှင် အနည်းငယ် ကြောက်ရွံ့ရပေလိမ့်မည် မဟုတ်ပါလော။

ယနေ့တွင် သူတို့သာ ထိုကောင်လေးကို အမှန်တကယ် သတ်ဖြတ်ပြီး ထိုကောင်လေး၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကြီးကို ဒေါသထွက်စေခဲ့လျှင် မီးလျှံအင်မော်တယ် မျိုးနွယ်စုတစ်ခုလုံး အတွက် ဘေးအန္တရာယ်များ သယ်‌ဆောင်လာနိုင်ပေသည်။

ဟော်ယောင်၏ စကားကိုကြားလျှင် ဟော်လင်း၏ မျက်နှာက သုန်မှုန်သွားခဲ့သည်။

“ဟော်ယောင်.. ဒီကိစ္စမှာ အရာအားလုံးကို စီမံခန့်ခွဲဖို့ ဆရာက ငါ့ကို တာဝန်ပေးထားတယ် ဆိုတာ မင်းမမေ့နဲ့.. ဒီကောင်လေးကို အခုချက်ချင်း သတ်ဖို့ ငါမင်းကို အမိန့်ပေးတယ်”

ဟော်ယောင်က မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း အဆုံးသတ်တွင် ရှေ့သို့ ခြေလှမ်းလိုက်ရာ ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“မိတ်ဆွေ.. ငါတို့ နှစ်ယောက် ဒီကိုလာတာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ သဲလွန်စကို ရှာဖွေဖို့ သက်သက်ပါပဲ.. မင်းသာ အမှန်အတိုင်း ပြောပြမယ်ဆိုရင် မင်းကို ရန်မပြုဘူးလို့ ငါတို့ ကတိပေးတယ်”

“ငါထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို မသိဘူး.. သိလည်း ပြောစရာ ဘာအကြောင်းမှ မရှိဘူး”

ကျန်းချန်က အေးစက်စက် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. မင်းတို့ သိထားရမှာက နတ်ဘုရားနယ်မြေ ဆိုတာ မင်းတို့တွေ စိတ်ကြိုက်ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး.. အခုချက်ချင်း ငါ့ရှေ့က ထွက်သွားမယ် ဆိုရင် မင်းတို့ရဲ့ အသက်ကို ကယ်တင်ဖို့ အချိန်မီသေးတယ်”

“မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”

ဟော်ယောင်က အေးစက်စက် ရေရွတ်လိုက်ပြီး အဆုံးမဲ့မီးလျှံများ ဝန်းရံနေသော လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေပေါင်း ထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူက ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

အစောပိုင်းက ဟော်လင်းနှင့် တိုက်ပွဲတွင် ကျန်းချန်၏ ခန္ဓာကိုယ်ရှိ ခွန်အားများသည် ကုန်ဆုံးသွားခဲ့၍ ယခုအခါတွင် ကျန်းချန်သည် အားနည်းသော အချိန်ကာလကို ရောက်ရှိနေခဲ့သည်။

သူ၏ လက်ရှိ အခြေအနေဖြင့် အင်အားအပြည့်အဝ ရှိသော ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရာတွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိခဲ့ပေ။

“မင်းရဲ့ ပါရမီက အနှိုင်းမဲ့ ဖြစ်နေပေမဲ့လည်း မင်းရဲ့ လက်ရှိ အခြေအနေအရတော့ မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး”

ဟော်ယောင်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့အမွေအနှစ်က ထာဝရသက်ရှည်တောင်တန်းထဲမှာ ရှိနေလောက်တယ်.. အဲဒီအမွေအနှစ်ကို ကူရှာပေးမယ်ဆိုရင် မင်းကို ထိခိုက်အောင် မလုပ်ဘူးလို့ ငါကတိပေးတယ်”

“အိပ်မက်သာ မက်နေလိုက်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ပြင်းထန်သော ဒေါသရိပ်များ လင်းလက်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ် အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်တိုင် တစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။

“အင်မော်တယ်ကျောက်တိုင်.. အခုအချိန်မှတော့ ငါ မင်းကိုပဲ အားကိုးရတော့မယ်.. မင်းသာ မင်းရဲ့ အစွမ်းကို မပြဘူးဆိုရင် ဒီနေ့ ငါဒီနေရာမှာပဲ အဆုံးသတ်ရတော့မယ် ထင်တယ်”

ကျန်းချန်က သူ၏ လက်ဖဝါးပေါ်မှ အင်မော်တယ်ကျောက်တိုင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်ရန်ပင် ခက်ခဲလှသည် ဖြစ်ရာ ဟော်ယောင်နှင့် ယှဥ်ပြိုင်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

လက်ရှိအချိန်တွင် သူ့အနေဖြင့် ထိုက်ချင်းဘိုးဘေးနှင့် ရင်ဆိုင်ရစဥ်ကကဲ့သို့ အင်မော်တယ်ကျောက်တိုင်က သူ့ဘာသာ အင်အားများကို ပေါက်ကွဲစေနိုင်မှသာ ဤအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

“ဧကရာဇ်ရှချင်းက မင်းလို အားနည်းတဲ့ကောင်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး.. အကြောင်းကိစ္စ တချို့ကြောင့် ငါ့ဘာသာ လှုပ်ရှားမယ်ဆိုရင် မင်းအတွက် ပိုပြီး ဒုက္ခဖြစ်စေလိမ့်မယ်.. ဒါက ငါမင်းကို နောက်ဆုံးအကြိမ် ကူညီပေးတာပဲ...နောက်ဆိုရင်တော့ မင်းဘာသာမင်းပဲ အားကိုးရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် အနည်းငယ် စိတ်ပျက်စွာ ရေရွတ်လိုက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

မကြာမီမှာပင် သူ၏ လက်ဖဝါးပေါ်မှ အင်မော်တယ်ကျောက်တိုင်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်စွမ်းရှိသော နတ်ဘုရား ကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဟော်ယောင်ထံ တိုးဝင်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တားမြစ်ခံလိုက်ရသည့်နှယ် ဖြစ်သွားခဲ့ပြီး ဟင်းလင်ပြင် တစ်ခုလုံးအေးခဲသွားခဲ့သည်။

ထိုအချိန်တွင် ဟောင်ယောင်သည် လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားရန် ခက်ခဲနေခဲ့သည်။

သူက သူ့ထံသို့ တဖြည်းဖြည်း ချဥ်းကပ်လာသော နတ်ဘုရားကျောက်တိုင်ကြီးကို ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

“မသတ်ပါနဲ့”

ဟော်ယောင်၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ်ကျောက်တိုင်ပေါ်မှ အင်မော်တယ် အလင်းတန်းများ အောက်တွင် နစ်မြုပ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟောင်ယောင်၏ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်သည် ပေပေါင်းတစ်သောင်း မြင့်မားသည့် နတ်ဘုရား ကျောက်တိုင်အောက်တွင် မည်သည့် အစအနမှ မကျန်ရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ဤသို့ဖြင့် အင်‌မော်တယ်လောကမှ ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင် တစ်ဦးသည် အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့တော့သည်။

အခန်း(၂၄၅၉)ပြီး၏။

အခန်း(၂၄၆၀)

“အင်‌မော်တယ်လက်နက်ပါလား”

ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ကျောက်တိုင်ဖြင့် ဟော်ယောင်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် ဟော်လင်းသည် ချက်ချင်းဆိုသလို ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

“ထွက်ပြေးမှဖြစ်မယ်”

ဟော်လင်းသည် သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိတ်လန့်နေသော ငှက်တစ်ကောင် ကဲ့သို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။

အင်မော်တယ်လက်နက်သည် အလွန်တရာ အစွမ်းထက်သောလက်နက် ဖြစ်သည်။

အင်မော်တယ်လက်နက်ထဲတွင် အမြင့်မြတ်ဆုံး အင်မော်တယ်စွမ်းအားများ ကိန်းအောင်းနေ၍ မဟာယာနအဆင့် ကျင့်ကြံသူများပင် အလွယ်တကူ ခုခံနိုင်စွမ်း မရှိပေ။

သူက ယခုအခါတွင် ဒဏ်ရာ အပြင်းအထန် ရရှိထားသည်ကို မဆိုနှင့်၊ အထွတ်အထိပ် အခြေအနေတွင် ရှိနေစေကာမူ အင်မော်တယ်လက်နက်၏ စွမ်းအားကို ရင်ဆိုင်ရန် ခဲယဥ်းလိမ့်မည် ဖြစ်၏။

“မင်းထွက်ပြေးနိုင်မယ် ထင်နေလား.. ဒီနေရာကို ရောက်လာမှတော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထာဝရထားခဲ့ရလိမ့်မယ်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။

သူက အင်‌မော်တယ်ကျောက်တိုင်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်ကာ ထွက်ပြေးသွားသော ဟော်လင်းကို သတ်ဖြတ်ရန် စေလွှတ်လိုက်သည်။

ဟော်လင်းသည် အင်မော်တယ်လောကမှ လာခြင်း ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ပတ်သက်၍ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူတို့နတ်ဘုရားနယ်မြေတွင် ရောက်ရှိနေပြီဟု အင်မော်တယ်လောကတွင် ခန့်မှန်းမိသူများ ရှိနေပြီ ဖြစ်မှန်း သက်သေပြရန် လုံလောက်နေခဲ့၏။

အကယ်၍ ထိုလူကိုသာ ထွက်ပြေးခွင့် ပေးလိုက်လျှင် ထိုလူ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်များသည် ဤနေရာ၏ အခြေအနေကို သိသွားကြလိမ့်မည် ဖြစ်ပြီး နတ်ဘုရားနယ်မြေသို့ ပို၍ အစွမ်းထက်သော သူများကို စေလွှတ်လာပေလိမ့်မည်။

အင်မော်တယ်လောကမှ အစွမ်းထက် ကျင့်ကြံသူများသာ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့လျှင် ယင်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်သည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကပ်ဘေးတစ်ခုကို ဖြစ်လာစေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် မည်သည့် အဖိုးအခပင် ပေးဆပ်ရပါစေ၊ ကျန်းချန်သည် ထိုလူကို ယနေ့တွင် သေချာပေါက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

“ဝုန်း.. ဝုန်း..”

ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် အင်‌မော်တယ်ကျောက်တိုင်ကနေ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ကြီးမားသော နေရာလွတ် အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုနေရာလွတ် အက်ကွဲကြောင်းသည် ကျန်းချန်၏ရှေ့ကနေ ဟော်လင်း ရှိရာ နေရာဆီ လျင်မြန်စွာ ဆန့်ထွက်သွားခဲ့ပြီး ဟော်လင်းနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင်ကို ဝါးမျိုပစ်လိုက်၏။

ထိုအခိုက်အတန့်တွင် နေရာလွတ် အက်ကွဲကြောင်းထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

“ကျန်းချန် မင်းစောင့်နေလိုက်.. ငါတို့ မီးလျှံအင်မော်တယ်ဘုရင် မျိုးနွယ်စုက မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာမဟုတ်ဘူး”

ကျန်းချန်က ဟော်လင်း ဝါးမျိုခံလိုက်ရသည့် နေရာကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့်နေခဲ့သည်။

သူ၏ စိတ်နှလုံးက အလွန်တရာပင် လေးလံနေခဲ့၏။

နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည် နိုးထလာပြီးနောက်တွင် နယ်မြေအားလုံး ပေါင်းစည်းပြီး တစ်သားတည်း ဖြစ်သွားခဲ့ရာ ထာဝရဟင်းလင်းပြင်ထဲမှ ဟင်းလင်းပြင် သားရဲများသည် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာကြပြီး ကြီးမားသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် ယခင်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ဖူးသည့် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည်လည်း တစ်ကျော့ပြန် ရောက်ရှိလာနိုင်ခြေ အလွန်များနေခဲ့၏။

ယခုအခါတွင် စကြဝဠာ၏ အရင်းအမြစ် ဖြစ်သော အင်မော်တယ်လောကသည်ပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ တည်ရှိမှုကြောင့် နတ်ဘုရားနယ်မြေသို့ လူများ စေလွှတ်လာခဲ့ချေပြီ။

ယနေ့ခေတ် နတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် ပြဿနာများစွာနှင့် ရင်ဆိုင်နေရ၏။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများနှင့် အင်မော်တယ်လောကမှ လူများ အနေဖြင့် နတ်ဘုရားနယ်မြေသို့ နောက်ကျမှ ရောက်လာစေရန်နှင့် နတ်ဘုရားနယ်မြေ လျင်မြန်စွာ တိုးတက်လာရန် အတွက် အချိန်အနည်းငယ် ရစေရန်သာ ကျန်းချန် ဆုတောင်းနေမိသည်။

သို့မဟုတ်လျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် ၎င်းတို့ကို ရင်ဆိုင်နိုင်ရန်မှာ အမှန်တကယ်ပင် ခဲယဥ်းပေလိမ့်မည်။

အင်မော်တယ်လောကမှ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်နှစ်ဦးကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် မြောက်ပိုင်းနယ်မြေတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီး ထပ်မံ၍ ခြိမ်းခြောက်မှု မရှိတော့ကြောင်း အတည်ပြုပြီးနောက်မှသာ ဟင်းလင်းပြင် သားရဲဘုရင်နှင့်အတူ အလယ်ပိုင်းဒေသသို့ ပြန်လာခဲ့သည်။

---------------------

ကျန်းချန်က လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရောက်ရှိပြီးနောက်တွင် သူ့ဖခင် ကျန်းဝူရနှင့် သွားရောက် တွေ့ဆုံကာ နတ်ဘုရားနယ်မြေ၏ လက်ရှိ အခြေအနေကို မေးမြန်းခဲ့သည်။

နတ်ဘုရားနယ်မြေတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် ထာဝရဟင်းလင်းပြင်မှ ဟင်းလင်းပြင်သားရဲများသည် နတ်ကုန်းမြေတိုက်သို့ အဆက်မပြတ် ဝင်ရောက်လာခဲ့ကြသည်။

ယခုအခါတွင် အလယ်ပိုင်းနယ်မြေသည် ဟင်းလင်းပြင် သားရဲများ၏ တိုက်ခိုက်မှုကို မခံရသေးသော်လည်း အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများကမူ ဟင်းလင်းပြင် သားရဲများ ပေါ်ထွက်လာမှု‌ကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေခဲ့သည်။

လနတ်နန်းတော်၏ သခင်မ မင်ယွဲ့ရှင်းသည် လနတ်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ အနောက်ပိုင်းနယ်မြေသို့ စစ်ကူ သွားရောက်နေခဲ့၏။

ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်လည်း အစွမ်းထက် ကျင့်ကြံသူများကို ကိုယ်စီ ဦးဆောင်ကာ အရှေ့ပိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်မြေသို့ စစ်ကူပေးရန် သွားရောက်ခဲ့ကြသည်။

သို့သော်လည်း ထာဝရဟင်းလင်းပြင်ထဲတွင် နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိရသည့် ဟင်းလင်းပြင်သားရဲလှိုင်း၏ အင်အားသည် အလွန်တရာပင် ကြီးမားနေခဲ့သည်။

လက်ရှိတွင် နတ်ဘုရားနယ်မြေသည် အသာစီး ရရန် ခက်ခဲနေဆဲပင်။

လနတ်နန်းတော် သခင်မ မင်ယွဲ့ရှင်း ရှိနေသော အနောက်ပိုင်းနယ်မြေက လွဲ၍ အရှေ့ပိုင်းနှင့် တောင်ပိုင်းနယ်မြေ၏ အခြေအနေသည် အလွန်တရာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။

အထူးသဖြင့် ဝူကျန့်ထျန်းတို့ စစ်ကူ သွားရောက်ခဲ့သော တောင်ပိုင်းနယ်မြေသည် ဟင်းလင်းပြင် သားရဲများ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် ကျဆုံးခဲ့ရသည်။

ကျန်းချန်က အခြေအနေများကို သိရှိပြီးနောက်တွင် သူ၏ လက်အောက်ခံ ဖြစ်သည့် ဟင်းလင်းပြင်သားရဲဘုရင်နှင့် အတူ အရှေ့ပိုင်းနယ်မြေသို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။

နတ်ကုန်းမြေတိုက်၏ အ‌ရှေ့ပိုင်းနယ်မြေသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ယခင်တစ်ကြိမ် ကျူးကျော်ခဲ့စဥ်ကတည်းကပင် ကြီးမားသော ထိခိုက်မှုများ ရှိခဲ့သည်။

ထိုကျူးကျော်မှုအတွင်း ဝိညာဥ်နန်းတော် ဖျက်ဆီးခံလိုက်ရပြီး‌ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း နှင့် ကျီမျိုးနွယ်စု တို့သည် အရှေ့ပိုင်းနယ်မြေကနေ အလယ်ပိုင်း နယ်မြေသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

ထို့ကြောင့် အရှေ့ပိုင်းနယ်မြေတွင် ဟောင်ထျန်းဓားဂိုဏ်းနှင့် ချင်းလွမ်မျိုးနွယ်စုတို့သာ ကျန်ရှိတော့၏။

အရှေ့ပိုင်းနယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု ကျူးကျော်စဥ်ကထက် ဆယ်ဆကျော် ပိုမို အင်အားကြီးမားသော ဟင်းလင်းပြင် သားရဲများနှင့် ရင်ဆိုင်ရ၍ မည်သို့မှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ရက်အနည်းငယ် အတွင်းမှာပင် အရှေ့ပိုင်းနယ်မြေ၏ သုံးပုံနှစ်ပုံခန့်သည် ဟင်းလင်းပြင် သားရဲများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ဝူကျန့်ထျန်းက အလယ်ပိုင်းနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများနှင့်အတူ အချိန်မီရောက်ရှိလာခဲ့၍ အခြေအနေက အနည်းငယ် တည်ငြိမ်သွားခဲ့၏။

သို့သော်လည်း အရှေ့ပိုင်းနယ်မြေတွင် ပေါ်လာခဲ့သော ဟင်းလင်းပြင် သားရဲများသည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့သည်။

ရှင်းလင်းစွာ ဆိုရလျှင် ဝူကျန့်ထျန်းတို့ ရောက်ရှိလာသည့်တိုင် ဟင်းလင်းပြင် သားရဲများကို အသာစီး မယူနိုင်ခဲ့ဘဲ ဟင်းလင်းပြင် သားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတစ်ဦး ကျဆုံးသွားခဲ့ရသည်။

ရလဒ်အနေဖြင့် အခြေအနေက ပို၍ပင် စိုးရိမ်စရာ ကောင်းလာခဲ့၏။

ချင်းလွမ်မျိုးနွယ်စု၏ အစည်းအဝေးခန်းမ ထဲတွင် ဝူကျန့်ထျန်းနှင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ စုဝေးနေခဲ့ကြသည်။

ဤနေရာရှိ ပတ်ဝန်းကျင်နှင့် လေထုသည် အလွန်တရာပင် လေးလံနေပုံရ၏။

“စီနီယာဝူ.. သိပ်မကြာခင်မှာ ဟင်းလင်းပြင်သားရဲတွေက ချင်းလွမ်မျိုးနွယ်စုကို တိုက်ခိုက်လာတော့မယ်.. ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် သူတို့ကို ယှဥ်နိုင်ဖို့ ခဲယဥ်းမှာတောင် စိုးရိမ်မိတယ်”

ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရင်၏ မျက်နှာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ယခင်တစ်ကြိမ် ကျူးကျော်မှုတွင် သူတို့သည် အလွန်ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီးမှသာ အဆုံးသတ်တွင် ဟင်းလင်းပြင်နတ်ဆိုးများကို တွန်းလှန်နိုင်ခဲ့သည်။

သို့သော်လည်း ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို တွန်းလှန်ပြီး ပြန်လည်နာလန်ထူရန် အချိန်မရသေးမီမှာပင် ဟင်းလင်းပြင်သားရဲများက တစ်ဖန်ကျူးကျော်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ထို့အပြင် ယခုတစ်ကြိမ်အခြေအနေသည် ယခင်တစ်ကြိမ်ထက်ပင် ပို၍ ပြင်းထန်နေခဲ့သည်။

အနည်းငယ်မျှ ပေါ့ဆမိလျှင်ပင် အရှေ့ပိုင်းနယ်မြေ တစ်ခုလုံး လုံးဝ ပျက်စီးသွားနိုင်ခြေ ရှိနေခဲ့သည်။

“ဟုတ်တယ် စီနီယာဝူ.. ဟင်းလင်းပြင်သားရဲတွေရဲ့ အင်အားက အရမ်းကို ကြီးမားလွန်းတယ်.. ငါတို့ အလယ်ပိုင်းနယ်မြေဆီကနေ စစ်ကူတောင်းမှ ဖြစ်မယ်.. ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင်တော့ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေသလို ဖြစ်နေမှာပဲ”

အရှေ့ပိုင်းနယ်မြေမှ နတ်ဘုရင် တချို့ကလည်း ထိုစကားကို ထောက်ခံခဲ့ကြသည်။

ဤအချိန်တွင် ဝူကျန့်ထျန်းသည် မျက်မှောင်ခပ်တင်းတင်းကြုတ်နေခဲ့သည်။

ဝူကျန့်ထျန်းသည် နတ်ကုန်းမြေတိုက်၏ လက်ရှိအခြေအနေကို အလွန်ရှင်းလင်းစွာ သိရှိထားခဲ့သည်။

ယခုအခါတွင် အလယ်ပိုင်းနယ်မြေရှိ အင်အားစုများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကို အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများသို့ စစ်ကူစေလွှတ်ထား၏။

သို့သော်လည်း ဟင်းလင်းပြင် သားရဲများ၏ ပြင်းထန်သော ထိုးစစ်နှင့် ရင်ဆိုင်ရသောအခါတွင် ဝူကျန့်ထျန်း ပင်လျှင် မည်သို့မျှ မတတ်နိုင်သလို ခံစားနေရသည်။

သူတို့၏ လက်ရှိအင်အားနှင့် ဟင်းလင်းပြင် သားရဲများကြားမှ ကွာခြားချက်သည် အလွန်တရာပင် ကြီးမားလွန်းနေခဲ့သည်။

လက်ရှိအချိန်တွင် တစ်ခုတည်းသော နည်းလမ်းမှာ အရှေ့ပိုင်းနယ်မြေကို စွန့်လွှတ်ပြီး အလယ်ပိုင်းနယ်မြေသို့ ဆုတ်ခွာရန်ပင် ဖြစ်၏။

အကယ်၍ သူတို့သာ ဟင်းလင်းပြင် သားရဲများနှင့် ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် တစ်ခုတည်းသောရလဒ်မှာ တပ်ဖွဲ့တစ်ခုလုံး အစုလိုက် အပြုံလိုက် သေကြေပျက်စီးသွားရန်သာ ရှိပေတော့သည်။

ဝူကျန့်ထျန်းက ဆုတ်ခွာရန် အမိန့်ပေးတော့မည့် ဆဲဆဲမှာပင် ပြင်းထန်သော သားရဲဟိန်းဟောက်သံကြီး တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သားရဲဟိန်းဟောက်သံကို ကြားလိုက်ရလျှင် ဝူကျန့်ထျန်းနှင့်အခြားသူများသည် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားကြပြီး အသံလာရာ အရပ်ဆီသို့ ကြည့်လိုက်ကြ၏။

ဟင်းလင်းပြင်သားရဲများသည် သူတို့ကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ချေပြီ။

အခန်း(၂၄၆၀)ပြီး၏။

All Chapters