သေသွားပြီလား
Vol. 10 Ch. 986
မှော်လက်နက်ကမ္ဘာကြီးတစ်ခုလုံးထဲတွင် တဝုန်းဝုန်း မြည်ဟည်းသံများနှင့်အတူ ဒေါသများ၊ သိမ်ငယ်မှုများခံစားနေရသည့် သရဲမျက်နှာကြီး၏ သနားစဖွယ်အော်ဟစ်သံများဖြင့် ပြည့်နှက်နေတော့သည်။
" ပိုင်ရှောင်ချန်းးး "
သရဲမျက်နှာကြီးမှာ အော်ဟစ်လိုက်တော့သည်။
" ငါ အပြင်ကိုရောက်ရင် မင်းရဲ့မျိုးနွယ်စုတစ်ခုလုံးကို မျိုးတုံးပစ်မယ်။ မင်းကိုအရှင်လက်လက် အရေခွံဆုတ်ပြီး ကောင်းကင်ပေါ်မှာ မီးအိမ်တစ်ခုလို ချိတ်ပစ်မယ် "
ထိုသို့ အော်ဟစ်နေခြင်းမှာ အသုံးမဝင်ပဲ ပိုင်ရှောင်ချန်းအား သူ့ကိုသတ်ချင်စိတ်များ ပို၍ပေါက်သွားစေနိုင်ကြောင်းကို သူကသိသည်။ သို့သော်လည်း သူသည် အလွန်မခံမရပ်နိုင်လောက်အောင် ဖြစ်နေသဖြင့် တစ်နည်းနည်းဖြင့် စိတ်ထွက်ပေါက်မရှာပါက ပိုင်ရှောင်ချန်းက သူ့ကို မသတ်ခင် သူ၏ခန္ဓာကိုယ်ကြီးမှာ ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေသည်။
" ဒေါသကြီးလှပါလားကွ "
ပိုင်ရှောင်ချန်းက သူ့အားတစ်ချက်ပြူးကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်နှာမှုတ်၍ အရှိန်တင်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ထပ်မံပေါ်ထွက်လာတော့သည်။ သရဲမျက်နှာကြီးမှာ ထပ်ခါထပ်ခါ ပြိုကွဲသွားလိုက် ပြန်လည်ပေါင်းစည်းသွားလိုက် ဖြစ်နေတော့သည်။ နောက်ဆုံးတွင် သူ ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ သူ၏မျက်ဝန်းထဲတွင် ဒေါသမီးများတောက်လောင်လာပြီး သူ၏နတ်ဘုရားဝိညာဥ်ကို လောင်ကျွမ်းစေလိုက်ကာ လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံးလိုက်သည်။ ထိုအခါ ဖောက်ခနဲအသံတစ်သံ ပေါ်ထွက်လာပြီး သူ ပျောက်ကွယ်သွားတော့သည်။
" အီးးး "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်၍ ထိုသရဲမျက်နှာကြီးအား ရှာဖွေလိုက်ပါသော်လည်း မှော်လက်နက်တစ်ကမ္ဘာလုံးကို မွှေနှောက်ရှာဖွေပြီးသည့်တိုင်အောင် သူ၏အစအနတစ်ခုကိုပင် ရှာမတွေ့ခဲ့ရပေ။
" သူက ကောင်းကင်ဘုံရဲ့အလွန်က ရောက်လာပြီး ကောင်းကင်ဧကရာဇ်ကို ယှဥ်တိုက်နိုင်လောက်အောင် စွမ်းတဲ့ကောင်ပဲ။ သူ့ဆီမှာ အခြား လျှို့ဝှက်မှော်အတတ်တွေ ရှိနေဦးမယ်လို့ ငါထင်တယ်..."
အနည်းငယ်တွေးတောသုံးသပ်လိုက်ပြီးနောက် သူသည် လွယ်လွယ်နှင့် အရှုံးမပေးလိုသေးပေ။ သူ၏ပြိုင်ဘက်မှာ ပုန်းကွယ်နိုင်ပါသော်လည်း ထာဝရ ပုန်းကွယ်နေနိုင်မည်မဟုတ်ကြောင်းနှင့် ဤမှော်လက်နက်ကမ္ဘာကြီးထဲမှလည်း လုံးဝထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ကြောင်းကို သူက ယုံကြည်ထားသည်။
ထို့ကြောင့် သူသည် ထိုသရဲမျက်နှာကြီးအား အနှေးနှင့်အမြန် ရှာတွေ့မည်သာဖြစ်ကြောင်း သိလိုက်သည်။
" အာ... ဘာပဲဖြစ်ဖြစ်ပါ။ လောလောဆယ် သူ့ကိုလွှတ်ပေးထားလိုက်ဦးမယ်။ နောက်ပိုင်း ငါပျင်းလာတဲ့အခါမှ သူ့ကိုလိုက်ရှာပြီး ကြမ်းသုတ်ဝတ်လို လုပ်ရတာပေါ့။ သူ ငါ့ကိုတိုက်ခိုက်ရဲတာ ငါဖြင့်မယုံနိုင်ဘူး။ ငါ ပိုင်ရှောင်ချန်း ဒေါသထွက်ပြီဟေ့ဆိုရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတယ်ကွ "
သူက အေးစက်စက်နှာမှုတ်လိုက်ပြီး သရဲမျက်နှာကြီး၏ အကြောင်းကို သူ၏အတွေးထဲမှထုတ်လိုက်ပြီး လေပြင်းတောင်ကြားသို့ပြန်သွားကာ ဆက်၍ကျင့်ကြံလိုက်တော့သည်။ လောလောဆယ်တွင်မူ သရဲမျက်နှာကြီးအား အသိစိတ်ပျောက်သွားလုမတတ် ရိုက်နှက်လိုက်သဖြင့် သူ၏စိတ်မှာ အလွန်အမင်းကြည်လင်တက်ကြွနေတော့သည်။
ထိုစဥ် အဝေးတစ်နေရာရှိ တောင်ထူထပ်သော ဒေသတစ်ခုတွင် လေထုကြီးမှာ တုန်ရီကာ တွန့်လိမ်ကွေးကောက်သွားပြီး သရဲမျက်နှာကြီးမှာ သတိကြီးကြီးထားနေသည့် အမူအရာဖြင့် ပေါ်ထွက်လာတော့သည်။ အစပိုင်းတွင် သူ၏ခန္ဓာကိုယ်မှာ ဤကမ္ဘာထဲတွင် ရှိနေသေးသော်လည်း အမှောင်ထုအလွှာကြီးတစ်လွှာဖြင့် ခြားနားခံထားရသည့်အလား အနည်းငယ် မသဲမကွဲ ဖြစ်နေသည်။
ထိုပါးလွှာသော အကာအရံလေးမှာ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံမှ သူ ရှောင်တိမ်းနိုင်ခဲ့သည့် အဓိကသော့ချက်ဖြစ်သည်။ သို့သော် သူသည် အလွန်အားအင်ချည့်နဲ့နေသည့် အခြေအနေသို့ ရောက်နေသည်ကို အထင်အရှားမြင်နေရသည်။ သူ အသုံးပြုခဲ့သည့် လျှို့ဝှက်မှော်အတတ်ကြောင့် ပေးဆပ်ခဲ့ရသည့် တန်ကြေးမှာ အလွန်ကြီးမားလွန်းလှသည်။
" ပိုင်ရှောင်ချန်းးး "
သူက အံကြိတ်၍ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ယခုအချိန်တွင် သူသည် မျှော်လင့်ချက်များကင်းမဲ့ကာ လမ်းပျောက်နေသည့်အလား ခံစားနေရပြီဖြစ်သည်။ သူ အရာအားလုံးကို ပေးဆပ်ခဲ့ပါသော်လည်း ကျရှုံးခဲ့ရသဖြင့် ချုံးပွဲချငိုတော့မည့်အလား ဖြစ်နေတော့သည်။
တစ်လတိတိကုန်ဆုံးသွားပြီး ထိုအတောအတွင်း သရဲမျက်နှာကြီးမှာ ကြောက်ကြောက်လန့်လန့်နှင့် နေထိုင်ခဲ့ရသည်။ အချိန်တိုင်းတွင် ပိုင်ရှောင်ချန်းမှာ သူ၏ရှေ့တွင် ရုတ်တရက်ပေါ်ထွက်လာမည်လေလားဟု တွေးတောကာ စိုးရိမ်နေခဲ့ရသည်။ သူ၏ အသိစိတ်မှာ အလွန် ညှဥ်းပန်းနှိက်စက်ခံနေရပြီဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ သူနှင့် ဆန့်ကျင်ဘက် အလွန့်အလွန် ကံထူးနေသည့်ပမာ ခံစားနေရသည်။ လေပြင်းမုန်တိုင်းများအကြားတွင် သူက ဆက်လက်လေ့ကျင့်နေရင်း နှောင်းပိုင်းနတ်အဆင့်တွင်ရှိနေသည့် သူ၏အနေအထားမှာ ပို၍တည်ငြိမ်လာသည်။ သို့သော် ထိုလေပြင်းများသည်လည်း အားနည်းစပြုလာပြီးနောက် တစ်ရက်တွင် ၎င်းတို့မှာ ပျောက်ကွယ်သွားတော့သည်။
မိုးကြိုးတိမ်တိုက်ဒေသထဲတွင် သူ အတွေ့အကြုံရခဲ့ပြီးဖြစ်သဖြင့် ထိုအခြေအနေမှာ သူ့အတွက် အံ့သြစရာ ကောင်းမနေတော့ပေ။ သူသည် မျှော်လင့်ချက်များ စူးရှတောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် မိုးရေပင်လယ်ရှိရာအရပ်သို့ လှမ်းကြည့်လိုက်တော့သည်။
" ဒီကမ္ဘာကြီးထဲမှာ ငါနတ်ဘုရားတစ်ပိုင်းအဆင့်ထိ ရောက်သွားမလားမသိဘူး "
ထိုသို့တွေးမိလိုက်ရုံဖြင့် သူ စိတ်လှုပ်ရှားသွားရပြီး မိုးရေဒေသဆီသို့ ဦးတည်သွားလိုက်တော့သည်။
မကြာမီ သူ ထိုဒေသသို့ ရောက်ရှိသွားပြီး တစ်ခဏလေးပင်မရပ်နားတော့ပဲ အတွင်းသို့ ဝင်သွားတော့သည်။
လျှပ်စီးနှင့် လေပြင်းများအတိုင်းပင် ထိုမိုးရေများထဲတွင်လည်း စိတ်စွမ်းအင်များနှင့် သက်စောင့်အားများ အပြည့်ပါဝင်နေသည်။ ပိုင်ရှောင်ချန်းမှာ အားပါးတရရယ်မော၍ ထိုဒေသ၏ အတွင်းပိုင်းထဲအထိ သွားလိုက်ပြီး တင်ပျဥ်ခွေထိုင်ကာ စိတ်စွမ်းအားများကို စုပ်ယူနေတော့သည်။
မှော်လက်နက်ကမ္ဘာကြီးမှာ တဖြည်းဖြည်းနှင့် အလွန်တိတ်ဆိတ်ငြိမ်သက်လာတော့သည်။ လပေါင်းများစွာကုန်ဆုံးသွားပြီး သရဲမျက်နှာကြီးမှာ ပိုင်ရှောင်ချန်းက သူ့အားသတ်ရန် ဗြုန်းစားကြီးရောက်လာနိုင်သည့် အချက်ကိုတွေးပူ၍ ကြောက်ရွံ့တုန်လှုပ်ကာ နာကျည်းနေရတော့သည်။ ပို၍ဆိုးသည်မှာ ပိုင်ရှောင်ချန်းမှာ နေ့စဥ်နေ့တိုင်း စွမ်းအားပိုကြီးလာနေသည်ဖြစ်ပြီး သရဲမျက်နှာကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ ဆက်တိုက်ကျဆင်းနေရသည်။
ယခုတွင် သူသည် အလယ်ပိုင်းနတ်အဆင့်အထိ ကျဆင်းသွားပြီး အားနည်းနေပြီဖြစ်သဖြင့် သူ၏နှလုံးသားထဲရှိ ကြောက်ရွံ့မှုများမှာ ပို၍တိုးပွားလာရတော့သည်။ သူသည် အပြင်သို့ လုံးဝမထွက်ရဲတော့ပဲ ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားစေရန် ဆုတောင်းနေရတော့သည်။
ပိုင်ရှောင်ချန်းက သူ့အကြောင်းမေ့နေစေရန် ဆုတောင်းနေပါသော်လည်း သူ၏စိတ်ထဲတွင်မူ ပိုင်ရှောင်ချန်းအား ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းပေါင်းစုံဖြင့် အဆက်အပြတ် ကျိန်ဆဲနေဆဲပင်။
" မင်းရဲ့ခန္ဓာကိုယ် ဆက်တိုက်ဆက်တိုက် ပေါက်ကွဲပြီး အသက်ပျောက်သွားစမ်း "
" မင်းရဲ့စွမ်းအင်တွေ သွေဖယ်ဖောက်ပြန်သွားပြီး မင်းရဲ့ခန္ဓာကိုယ်ရောဝိညာဥ်ပါ ဇီဝိန်ချုပ်သွားစမ်း "
" အရင်တုံးက ဘုန်းတန်ခိုးကြီးမားပြီး လောကနတ်ဘုရားတစ်ပါးဖြစ်ခါနီးအဆင့်အထိ ရောက်ခဲ့တဲ့ငါဆိုတဲ့ကောင်က ပိုင်ရှောင်ချန်းလိုမျိုးကောင်တွေ တစ်အုပ်လုံးကို လက်တစ်ချောင်းလောက် ဝှေ့ယမ်းလိုက်ရုံနဲ့ သတ်ပစ်လို့ရတယ်ကွ။ ဒီလောက်အထိ အနိုင်ကျင့်နေတာကို လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ တစ်နေ့နေ့တော့ ငါလက်စားပြန်ချေနိုင်ရမယ် "
သရဲမျက်နှာကြီးမှာ ကောင်းကင်ကိုမော့ကြည့်၍ သူ၏အတိတ်က ဂုဏ်ယူဖွယ်စွမ်းဆောင်မှုများကို ပြန်လည်မြင်ယောင်နေတော့သည်။ ၎င်းတို့မှာ သူ့အား ဤအခြေအနေတွင် ရှေ့ဆက်နိုင်စေရန်အတွက် သတ္တိများပေးစွမ်းနေသည့် တစ်ခုတည်းသောအရာများသာ ဖြစ်သည်။
သရဲမျက်နှာကြီး၏ ရုန့်ရင်းကြမ်းတမ်းသော ကျိန်ဆဲမှုများကြောင့်လော၊ အခြားအကြောင်းအရင်းတစ်ခုခုကြောင့်ေလာ၊ ထိုနေ့လယ်ခင်းတွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ပွင့်လာတော့သည်။
မိုးရေပင်လယ်၏အပြင်ဘက်တွင် အန္တရာယ်ပြုလိုသော အရာတစ်ခုက သူ့အားချောင်းမြောင်းနေသည့်အလား သူသည် ရုတ်တရက် နေမထိထိုင်မသာ ဖြစ်သွားရသည်။ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ထိုအချင်းအရာမှာ သရဲမျက်နှာကြီးကြောင့် ဖြစ်ရမည်ဟု သူကကောက်ချက်ချလိုက်သည်။
" အဲဒီသရဲမျက်နှာကြီးက ငါ့မကောင်းကြောင်းပြောနေတာ အသေအချာပဲ "
သူက အဝေးသို့လှမ်းကြည့်လိုက်ပြီးနောက် မိုးရေဒေသထဲအပြင်ဘက်သို့ ပြေးထွက်သွားသည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံကို မထုတ်လွှတ်ပဲ ထိုအန္တရာယ်ပြုလိုသည့် ခံစားချက်ကြီးကို အားပြု၍ ၎င်း၏လားရာကို ရှာဖွေလိုက်သည်။
သရဲမျက်နှာကြီးမှာ တောင်တန်းများကြားတွင်ပုန်းကာ အံကြိတ်နေရင်း ရုတ်တရက် မျက်နှာပျက်သွားတော့သည်။ ထို့နောက် သူက ဝုန်းခနဲ လှုပ်ရှားလိုက်တော့သည်။
ထို့နောက် ချက်ချင်းပင် စောစောက သူ ရှိနေခဲ့သည့် နေရာမှ အုံးခနဲအသံကြီးတစ်သံနှင့်အတူ ဧရာမတုန်ခါလှိုင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ သရဲမျက်နှာကြီးမှာ စီခနဲအော်ဟစ်လိုက်ပြီး အနက်ရောင်မီးခိုးမျှင်တန်း များစွာအဖြစ် ပြိုကွဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြတော့သည်။
ထိုအခါတွင် ပိုင်ရှောင်ချန်းမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာတော့သည်။
" တကယ်ပဲ ခင်ဗျားကြီးက ကျုပ်ကို ကျိန်ဆဲနေခဲ့တာကိုး သရဲအိုကြီးရ "
ထိုသို့ဆိုကာ သူသည် ထာဝရပြုစားခြင်းသိုင်းနှင့် လက်သီးတစ်ချက်ကို ပေါင်း၍ အသုံးပြုလိုက်သည်။
သူ၏ပစ်မှတ်မှာ သရဲကြီးမဟုတ်ဘဲ လေထဲသို့ ဖြစ်ကတတ်ဆန်း ထိုးနှက်လိုက်သည်သာဖြစ်သည်။ ထိုထိုးနှက်ချက်ကြောင့် အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်း ပေါ်ထွက်လာပြီး ၎င်း၏ဆွဲငင်အားကြီးကြောင့် ထွက်ပြေးနေသည့် အနက်ရောင်မီးခိုးမျှင်တန်းများအားလုံးမှာ ရပ်တန့်သွားကြတော့သည်။
ထိုသို့တစ်ခဏမျှ ရပ်တန့်သွားခြင်းသည်ပင်လျှင် ပိုင်ရှောင်ချန်းအတွက် လုံလောက်ပေသည်။ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး နှောင်းပိုင်းနတ်အဆင့်၏ စွမ်းအားများကိုထုတ်လွှတ်၍ ထိုနေရာတစ်ခုလုံးတွင် ပြည့်နှက်သွားစေသည့် မိုးသက်မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တော့သည်။
အနက်ရောင်မီးခိုးများမှာ တစ်စစီဖြစ်သွားကာ ခဏအကြာတွင် သရဲမျက်နှာကြီးအသွင် ပြန်လည်ပြောင်းလဲသွားပြီးနောက် အခြားတစ်ဖက်သို့ ထွက်ပြေးရန်ပြင်လိုက်ပြန်သည်။ ဤအချိန်တွင်လည်း သူသည် အဖိုးအခကြီးလှသော သူ၏လျှို့ဝှက်မှော်အတတ်ကိုသုံး၍ ထပ်မံပျောက်ကွယ်သွားပြန်သည်။
ပိုင်ရှောင်ချန်းမှာ ခံပြင်းသွားသဖြင့် မိုးရေဒေသထဲသို့ ပြန်မသွားရန်ဆုံးဖြတ်လိုက်ပြီး မှော်လက်နက်ကမ္ဘာကြီးကို လပေါင်းများစွာတိုင်အောင် မွှေနှောက်ရှာဖွေလိုက်တော့သည်။ တစ်ခါတရံ သရဲမျက်နှာကြီး၏ လျှို့ဝှက်မှော်အတတ်မှာ သက်တမ်းကုန်ဆုံးသွားသဖြင့် ပိုင်ရှောင်ချန်းက သူ့အား ရှာတွေ့သွားသောအချိန်တွင် သူသည် ထိုလျှို့ဝှက်မှော်အတတ်ကို ထပ်၍အသုံးပြုရပြန်သည်။
ထိုနည်းအားဖြင့် ပိုင်ရှောင်ချန်းမှာ သရဲမျက်နှာကြီးကို အနားမရအောင် လိုက်လံနှောက်ယှက်နေတော့သည်။ သရဲမျက်နှာကြီးမှာ လုံးဝအနားမယူရပဲ နောက်ထပ်တစ်လတိတိ ကုန်ဆုံးသွားချိန်တွင် သတိမေ့မျောလုမတတ်ဖြစ်နေပြီး ယခုအတိုင်းသာ ဆက်သွားနေပါက သူ၏နတ်ဘုရားဝိညာဥ်မှာ ပိုင်ရှောင်ချန်းတိုက်ခိုက်စရာပင်မလိုပဲ အားကုန်ခမ်းသွားတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
" ဒီကောင်က ငါမသေမချင်း လက်မလျှော့ဘူးထင်တယ်... "
သရဲမျက်နှာကြီးမှာ ရူးသွပ်လွန်းနေပြီဖြစ်သဖြင့် စိတ်ထဲတွင် အသက်မရှိတော့သည့်အလား ခံစားနေရသည်။ သို့သော်လည်း လျှို့ဝှက်မှော်အတတ်ကို ထပ်မံအသုံးချလိုက်ပြီး ပိုင်ရှောင်ချန်းက သူ့အားရှာတွေ့သွားသည့်အချိန်တွင် သူသည် နီမြန်းနေသောမျက်ဝန်းများဖြင့် ချာကနဲလှည့်ကြည့်လိုက်တော့သည်။ သူ၏ပတ်ပတ်လည်တွင် မီးတောက်များ တဟုန်းဟုန်းတောက်နေပြီး သူသည် အသေအကျေတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့်အလား အော်ဟစ်လိုက်တော့သည်။ ထို့နောက် ဖြစ်ချင်ရာဖြစ်ဆိုသည့် အမူအရာဖြင့် ယခင်က သူ လုံးဝမလုပ်ခဲ့ဖူးသည့် အရာတစ်ခုကို လုပ်လိုက်တော့သည်။ ပုံမှန်ဆိုလျှင် သူသည် ဦးခေါင်းတစ်လုံးအသွင်နှင့်သာ ရှိပါသော်လည်း ရုတ်တရက် သူ့ထံတွင် ခန္ဓာကိုယ်တစ်ခုနှင့် ခြေလက်လေးချောင်း ပေါ်ထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မည်းနက်နေသည့် ရုပ်ထုကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ထိုရုပ်ထုကြီးမှာ ပုံရိပ်ယောင်မဟုတ်ပဲ ဒြပ်ထုရှိပြီး စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားကြီးအငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ လုံးဝတွေဝေမနေပဲ ပိုင်ရှောင်ချန်းဆီသို့ ခုန်အုပ်လိုက်တော့သည်။
" ငါက ဘုန်းတန်ခိုးကြီးမားပြီး လောကနတ်ဘုရားအဆင့် ရောက်ခါနီးနေတဲ့ကောင်ကွ။ ငါနေထိုင်လာခဲ့တဲ့ သက်တမ်းကို မင်းစိတ်ကူးနဲ့ မှန်းဆနိုင်မှာတောင်မဟုတ်ဘူး။ မင်းလိုကောင်မျိုးရဲ့ ညှဥ်းပန်းနှိပ်စက်မှုကို ခံရမဲ့အစား သေသွားတာမှပိုကောင်းဦးမယ်။ မင်းက တရားမဝင်၊ အောက်တမ်းကျတဲ့ နည်းလမ်းတွေသုံးပြီး အသာစီးရနေပေမဲ့... ငါသည်းမခံနိုင်တော့ဘူးကွ။ ငါသေသွားမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိသေလိုက်မယ်။ ကောင်းပြီ ပိုင်ရှောင်ချန်း… မင်းငါသေတာမြင်ချင်တယ်မလား။ လုပ်လိုက်စမ်းပါ "
သရဲမျက်နှာကြီးမှာ အနီးသို့ကပ်လာ၍ အရူးတစ်ယောက်ကဲ့သို့ ရယ်မောနေပြီး ဂုဏ်သိက္ခာရှိရှိ သေပွဲဝင်ရန် လုံးဝအဆင်သင့်ဖြစ်နေသည်မှာ အထင်အရှားပင်။ ပိုင်ရှောင်ချန်းမှာမူ တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ညာလက်သီးကိုဆုပ်၍ ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်လိုက်တော့သည်။
သူ၏နောက်တွင် ဝိုးတဝါးဖြစ်နေသော ဧကရာဇ်တစ်ပါးပေါ်ထွက်လာပြီး သူသည်လည်း သူ၏ ညာလက်သီးကို ဆုပ်လိုက်သဖြင့်
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားတော့သည်။ သူ၏လက်သီးချက်မှာ ထိုမည်းနက်နေသည့် ရုပ်ထုကြီးပေါ်သို့ ကျဆင်းသွားသောအခါ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
သေမင်းအငွေ့အသက်များ အရပ်မျက်နှာအနှံ့ ပျံ့ထွက်သွားပြီး ရုပ်ထုကြီး၏ ကွဲအက်နေသော အစအနများမှာ မြေပြင်ပေါ်တွင် ပျံ့ကြဲနေကြတော့သည်။
ထိုသရဲမျက်နှာကြီးမှာ အမှန်တကယ် သေဆုံးသွားသည့်အလား သက်စောင့်အား အနည်းငယ်လေးကိုပင် အာရုံမခံမိတော့ပေ။
ထိုပေါက်ကွဲမှု၏ တန်ပြန်ဒဏ်ကြောင့် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး နောက်ဘက်သို့ မီတာသုံးရာခန့် ဒယိမ်းဒယိုင် ဆုတ်ခွာသွားရတော့သည်။ ထိုနေရာတွင် သူသည် သံသယမကင်းသော မျက်နှာအမူအရာဖြင့် ရုပ်ထုကြီး၏ အကျိုးအပဲ့များကို ကြည့်နေတော့သည်။
" သေသွားပြီလား "