← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း ၈၃၂ : သူက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီး

"ဘာပြောလိုက်တယ်"

လူငယ်သုံးယောက်၏ အမူအရာကား ချက်ချင်းပြောင်းလဲသွားတော့သည်။

သူတို့အားလုံးက ရှာယန်နာညီအစ်မများကို ပိုးပန်းနေကြသူများပင်။ သူတို့၏ နောက်ခံများမှာ အန်ဒရိုမီဒါမျိုးနွယ်စုအရှင်သခင်နှင့်ယှဉ်လျှင် အလွန်နိမ့်ကျနေသေးသော်လည်း ပိရမစ်၏ထိပ်ဆုံးတွင် ရပ်တည်နေသူများထဲတွင်မူ သေချာပေါက် ပါဝင်ကြသည်။

သို့သော် အိုင်းရင်းကမူ အဆင့်နှစ်မျိုးနွယ်စုအရှင်သခင်တစ်ဦး၏ သားအငယ်သာ ဖြစ်၏။ သူတို့အမြင်တွင် သူ့အဆင့်အတန်းမှာ သာမန်လူနီးနီးပင်။

သူက သူတို့ရှေ့မှာ ဤမျှမောက်မာသော စကားမျိုးကို ပြောရဲသတဲ့လား။

"ဘာမှမဟုတ်ပါဘူး... ငါဆိုလိုချင်တာက ငါ့သူငယ်ချင်းတွေမှာ နောက်ခံပဲရှိရှိ ပိုက်ဆံပဲရှိရှိ ငါကတော့ ဂရုမစိုက်ဘူးလို့ ပြောတာပါ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် သူတို့တွေမှာ ငါ့လောက်တော့ နောက်ခံအသိုင်းအဝိုင်းနဲ့ ပိုက်ဆံမရှိတာသေချာတယ်။ အဲ့ဒါကြောင့် မင်းတို့တွေ သိပ်ပြီး သိမ်ငယ်နေစရာမလိုပါဘူး"

ထိုသုံးယောက်စလုံး ခဏမျှဆွံ့အသွားကြသည်။ အိုင်းရင်းက သူတို့သုံးယောက်ကို ယခုလေးတင် မိတ်ဆက်ပေးခဲ့ပြီးဖြစ်၏။ အဆင့်သုံးမျိုးနွယ်စုများအကြား သူတို့သည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာကြီးမားသူများအဖြစ် သတ်မှတ်ခံထားရသည်။

သို့ရာတွင် ရိုးရှင်းပြီး သနားစရာပင်ကောင်းလှသော ကျန်းမုန့်လောင်၏ ဝတ်စားဆင်ယင်မှုက ဤစကြဝဠာအဆင့်အတန်းရှိ လူ့အသိုင်းအဝိုင်းနှင့် လုံးဝကိုက်ညီမှုမရှိပေ။

"ဒီမိတ်ဆွေက ဘယ်အဆင့်ငါးမျိုးနွယ်စုကလဲဆိုတာလောက်တော့ သိခွင့်ရနိုင်မလား"

ချီရာဒယ်က သရော်လေဟန်ဖြင့် ပြောလိုက်သည်။

"ငါ့မွေးရပ်မြေက အဆင့်တစ်မျိုးနွယ်စုက။ မင်းတို့တွေ ကြားတောင်ကြားဖူးမှာ မဟုတ်ပါဘူးကွာ"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်နှင့်အတူ ပြန်ပြောလိုက်သည်။

"အဆင့်တစ်မျိုးနွယ်စုလား။ ဟားဟားဟား။"

"အိုင်းရင်း ... မင်းက အဆင့်နှစ်မျိုးနွယ်စုအရှင်သခင်ရဲ့သားလေ။ အဆင့်တစ်မျိုးနွယ်စုက လူတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ညီအစ်ကိုလို ရင်းနှီးနေရတာလဲ"

"တကယ့်ဒိတ်ဒိတ်ကြဲကြီးပါလား။ ငါတို့တွေကတော့ မင်းလိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်ဖို့ အရည်အချင်းမမီပါဘူးလေ"

ထိုသုံးယောက်သား ကျန်းမုန့်လောင်ကို ချက်ချင်းလှောင်လိုက်ကြသည်။

အဆင့်တစ်မျိုးနွယ်စုတဲ့လား။

ဤသည်မှာ ကျွန်စနစ်နှင့်ပင် သိပ်မကွာလှပေ။ အဆင့်မြင့်မျိုးနွယ်စုတချို့ရှိ ကျွန်များပင် သူ့ထက် ပိုဂုဏ်သိက္ခာရှိသေးသည်။

"မင်္ဂလာပါ... ကျွန်မက ရှာယန်နာပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရှာယန်နာက ကျန်းမုန့်လောင်ကို လက်ဆွဲနှုတ်ဆက်လေဟန် အမူအရာတစ်မျိုး လုပ်ပြလိုက်သည်။ ထိုအမူအရာကား အန်ဒရိုမီဒါတွင် ခင်မင်ရင်းနှီးမှု၏ သင်္ကေတတစ်ခုပင်။

"ကျွန်တော်က ကျန်းမုန့်လောင်ပါ။ အိုင်းရင်းရဲ့ သူငယ်ချင်းပေါ့။ မင်းက သူတို့နဲ့ တော်တော်ကွာတာပဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"အိုင်းရင်း မင်းကို သဘောကျတာလည်း မဆန်းပါဘူး"

"အစ်ကိုကျန်း... ဘာတွေပြောနေတာလဲ"

အိုင်းရင်းခမျာ ချက်ချင်း စိုးရိမ်တကြီးဖြစ်သွားလေသည်။ ရှာယန်နာ၏မျက်နှာလည်း အနည်းငယ် နီမြန်းသွားတော့သည်။

"ကောင်လေး... ဘာလို့ ဒီလောက်တောင် ရှက်နေတာလဲ"

ကျန်းမုန့်လောင်က မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။

"ကောင်မလေးကတောင် မင်းထက် ပိုပြီးပွင့်လင်းသေးတယ်"

"ပြပွဲက မစသေးဘူးလေ။ ငါတို့နဲ့အတူ လမ်းလျှောက်ထွက်ချင်လား"

ကျန်းမုန့်လောင်က ဖိတ်ခေါ်လိုက်သည်။

"ဟင့်အင်း...."

ချီရာဒယ်နှင့် အခြားလူများက ငြင်းဆိုရန် ပြင်လိုက်ကြ၏။ သူတို့အားလုံးမှာ ရှာယန်နာညီအစ်မများ၏ ကြင်ဖက်များဖြစ်ကြလေရာ နောက်ထပ်ယောက်ျားလေးတစ်ယောက် ပါလာမည်ကို အလိုမရှိကြပေ။

မမျှော်လင့်ထားပါဘဲ ရှာယန်နာကမူ ချက်ချင်းသဘောတူလိုက်သည်။

"ရတာပေါ့။ လူများတော့ ပိုစည်ကားတာပေါ့"

ကျန်းမုန့်လောင်က အိုင်းရင်းကို ရှာယန်နာ၏ နံဘေးသို့ တမင်တကာတွန်းပို့လိုက်သည်။

"ငါ့ကောင်... မင်းကို ငါ ဒီလောက်ပဲကူညီပေးနိုင်မှာနော်"

"ဘာတွေဖြစ်နေတာလဲ"

ရှာယန်နာဘက်က တက်ကြွနေကြောင်း မြင်လိုက်ရသောအခါ ထိုလူငယ်သုံးယောက်လည်း ရှာယန်နာ၏ အနောက်ကိုသာ လိုက်သွားရသည်။

"ငါတို့ ဘယ်ကိုအရင်သွားကြမလဲ"

ရှာယန်နာက မေးလိုက်သည်။

"ကြည့်လိုက်ဦးမယ်"

အိုင်းရင်းက မြေပုံဖွင့်လိုက်သည်။ နေရာတစ်ခုလုံး၏ မြေပုံမှာ အလွန်အသေးစိတ်ကျလှပြီး သူတို့အနေနှင့် နေရာတစ်ခုကို တိုက်ရိုက်သတ်မှတ်နိုင်သည်။ သို့မဟုတ် သူတို့၏ရည်ရွယ်ချက်ကို ထည့်သွင်းပေးလိုက်ရုံဖြင့် မြေပုံက သက်ဆိုင်ရာနေရာကို ရှာဖွေပေးမည်ဖြစ်၏။

"နေ့စဉ်သုံးပစ္စည်းတချို့ကို အရင်သွားဝယ်ကြရအောင်"

အိုင်းရင်းက သူကြိုပြင်ထားသော မျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်သည်။

"မင်းတို့ထဲကတစ်ယောက်မှ ဒါမျိုးကြိုမပြင်ထားဘူးဆိုတာ ငါလောင်းရဲတယ်"

"အခုတလော ငါတို့မျိုးနွယ်စုရဲ့ အဂ္ဂိရတ်ပညာရှင်တချို့က အလုပ်အရမ်းများနေကြတာ။ တစ်နှစ်နှစ်နှစ်လောက် ကြိုရက်ချိန်းမယူထားရင် အပေါ်ကိုတက်ဖို့ လုံးဝနည်းလမ်းမရှိဘူးလေ"

ရှာယန်နာနှင့် အခြားသူများမှာ ခေါင်းခါယမ်းလိုက်ကြသည်။

"ဒါဆိုရင် ငါတို့ရဲ့ရုပ်ကို ဖုံးကွယ်ထားနိုင်တဲ့ ပစ္စည်းတွေကို အရင်သွားဝယ်ကြမယ်"

အိုင်းရင်းက မြေပုံထဲတွင် ရှာဖွေလိုက်သည်။

"ဒီနားလေးမှာပဲ... နက္ခတ္တဗေဒယူနစ်နှစ်ခုစာလောက်ဝေးတဲ့ ဂြိုဟ်ကို အဲ့ဒီအပျော်တမ်းအဂ္ဂိရတ်ပညာရှင်တွေက စီးပွားရေးလုပ်ဖို့ သီးသန့်အသုံးပြုကြတာ။ အဲ့ဒီမှာ ငါတို့ ဝယ်လို့ရနိုင်လောက်တယ်"

"ကောင်းပြီလေ။ အရင်သွားကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်ကမူ ဤကဲ့သို့သော အရာများကို လိုအပ်လိမ့်မည်ဟု မထင်ထားပေ။ သူသည် ကောင်းကင်ကြီးကို အပေါက်ဖြစ်အောင် ထိုးလိုက်မိလျှင်ပင် သူ့မှတ်ပုံတင်နံပါတ်ကို ကြေညာရဲသေးသည်။ သူတို့ဘက်က တိုက်ခိုက်ချင်ပါက သူ့ဘက်ကလည်း အချိန်မရွေးပင်။

စွမ်းဆောင်ရည်မရှိဘဲ ကြွားဝါချင်သူများသာ ဤကဲ့သို့သော အရာများကို လိုအပ်ကြသည်။ တကယ့်အရည်အချင်းရှိသူများမှာမူ ကြွားဝါရမည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည်မဟုတ်။

သို့သော် ပြပွဲက တရားဝင်မစတင်သေးသောကြောင့် လျှောက်လည်ရန် အချိန်အများကြီးကျန်နေသေးသည်။

"ဟိုမှာ..."

အိုင်းရင်းက အဝေးတစ်နေရာရှိ အလင်းတန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"အာကာသဖြတ်လမ်းဂိတ်က အဲ့ဒီမှာရှိတယ်"

သူတို့တစ်သိုက် လမ်းဘေးတွင် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် အသံထက် အဆပေါင်းများစွာ မြန်ဆန်သော အာကာသယာဉ်ငယ်တစ်စီးက သူတို့ဘေးတွင် ဆင်းသက်လာလေသည်။ ယာဉ်ငယ်ထဲတွင် အခြားမျိုးနွယ်စုများမှ လူဆယ်ယောက်ကျော် ပါဝင်နေချေသည်။ သူတို့က တစ်ဖက်လူများကို တစ်ချက်မျှသာ ကြည့်လိုက်ကြပြီး သူတို့၏ကိစ္စဝိစ္စများကိုသာ ဆက်အာရုံစိုက်နေကြတော့သည်။

"အစ်မ..."

ရှာဇီနာက ရှာယန်နာ၏ အဝတ်အစားကို ဆောင့်ဆွဲလိုက်သည်။

"သူတို့ရဲ့ဖိတ်ခေါ်မှုကို ဘာလို့ လက်ခံလိုက်တာလဲ။ အဲ့ဒီအိုင်းရင်းက အဆင့်နှစ်မျိုးနွယ်စုကလေ။ အစ်မတို့ကိစ္စကို မိသားစုက ထောက်ခံမှာမဟုတ်ဘူး။ ပြီးတော့ သူ့သူငယ်ချင်းကလည်း အဆင့်တစ်မျိုးနွယ်စုကပဲဟာကို။ အစ်မ ဘာတွေများ..."

ရှာယန်နာက အိုင်းရင်းအပေါ် သံယောဇဉ်ရှိကြောင်း ရှာဇီနာတစ်ယောက်တည်းသာ သိထားသည်။ ဤသည်မှာ သူတို့ညီအစ်မနှစ်ယောက်ကြားရှိ လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အဆင့်သုံးမျိုးနွယ်စု၏ မင်းသမီးတစ်ပါးက အိုင်းရင်းကို အဘယ်ကြောင့် စိတ်ဝင်စားနေသလဲဆိုသည့် အကြောင်းအရင်းမှာမူ အလွန်လွမ်းမောဖွယ်ကောင်းလှသည်။

"အိုင်းရင်းရဲ့သူငယ်ချင်းက အဆင့်တစ် မျိုးနွယ်စုကလို့ နင် တကယ်ထင်နေတာလား"

ရှာယန်နာက ပြုံးလိုက်လေသည်။

"ငါတို့အမြွှာဝေလငါးစကြဝဠာအင်ပါယာက သတင်းတွေကို နင် အမြဲစောင့်မကြည့်ဘူးလား"

"ငါတို့စကြဝဠာအင်ပါယာထဲမှာ သတင်းတွေက အရမ်းများလွန်းလို့ အကုန်လုံးကိုတော့ ဘယ်လိုက်ကြည့်နိုင်ပါ့မလဲ"

ရှာဇီနာက နှုတ်ခမ်းစူလိုက်သည်။

"ငါတို့ဂြိုဟ်က အတင်းအဖျင်းတွေကိုတောင် အဆုံးအထိ နားမထောင်နိုင်ဘူး"

"နင် အဲ့ဒီလိုအသုံးမကျတဲ့အရာတွေကို လျှော့ကြည့်သင့်တယ်"

ရှာယန်နာက ဉာဏ်ရည်တုကို အသုံးပြု၍ ဖန်သားပြင်တစ်ခုကို ထုတ်ပြလိုက်သည်။

"ဒီသတင်းကို ကြည့်လိုက်"

"အဲ့ဒါက ဘာကြီးလဲ"

ရှာယန်နာက ကိုယ်ကိုကိုင်းလိုက်သည်။

"စတားဂေဇာပါလား။ ငါတို့စကြဝဠာအင်ပါယာထဲက တစ်ယောက်ယောက်က စတားဂေဇာကို ဝယ်နိုင်တာလား။ အဲ့ဒါကလည်း ငါတို့လာနီယာကီးယားဂလက်ဆီအစုအဝေးထဲမှာတဲ့လား"

ကမ္ဘာပေါ်ရှိ အမျိုးသမီးများက ပြိုင်ကားများအကြောင်း နားမလည်ကြသလို သူတို့လည်း အာကာသယာဉ်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဗဟုသုတမရှိကြသော်လည်း ဈေးနှုန်းများကိုမူ အတော်အသင့် သိထားကြသည်။

ဤအရာမှာ အခြေခံဈေးနှုန်းတစ်ခုတည်းဖြင့် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကို ငွေကြေးအရ မွဲတေသွားစေနိုင်သည်။ အနီးအနားရှိ မျိုးနွယ်စုများကလည်း စတားဂေဇာကို ဝယ်ယူနိုင်စွမ်းရှိသူကို လုံးဝရှာတွေ့နိုင်မည်မဟုတ်ပေ။

"အိုင်ဇက်မျိုးနွယ်စုလား။ အဲ့ဒါက အိုင်းရင်းရဲ့ မျိုးနွယ်စုမဟုတ်ဘူးလား"

"ဆက်ကြည့်လိုက်ဦး"

ရုတ်ခြည်းပင် ရှာဇီနာ၏ မျက်လုံးအိမ်များမှာ အဆပေါင်းများစွာ ပြူးကျယ်လာတော့သည်။

"အဲ့ဒီလူက အိုင်းရင်းနဲ့ အတူတူရှိနေတာလား။ ခဏနေဦး... သူ့ကိုယ်သူ အဆင့်တစ်မျိုးနွယ်စုကလို့ ပြောနေတဲ့ အဲ့ဒီလူရဲ့ အဝတ်အစားတွေက စတားဂေဇာပိုင်ရှင်နဲ့ တစ်ထပ်တည်းတူနေတာပဲ"

"အခု နားလည်ပြီလား"

ရှာယန်နာက ပြုံးလိုက်လေသည်။

"သူက အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်တယ်"

"ဘုရားရေ... စတားဂေဇာကိုတောင် ဝယ်နိုင်တဲ့လူတစ်ယောက်ကို သူက ဘယ်လိုလုပ်ပြီး သိနေတာလဲ"

ရှာဇီနာခမျာ မယုံကြည်နိုင်သေးပေ။

"အဲ့ဒီလိုလူမျိုးက သူကိုယ်သူ အဆင့်တစ်မျိုးနွယ်စုကပါလို့ ပြောနေသေးတာလား။ လူသိမခံချင်ရုံနဲ့တော့ ဒီလိုမျိုးမလုပ်ကြဘူးလေ"

"အမှန်အတိုင်းပြောရရင် သူ့စကား​တွေက လိမ်နေတာလို့တော့ ငါမထင်ဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စတားဂေဇာကို ဝယ်နိုင်တဲ့ လူတစ်ယောက်က အဆင့်တစ် မျိုးနွယ်စုကဆိုတာ ဖြစ်နိုင်လို့လား"

"ဝိုး... အဲ့ဒါက ဘာကြီးလဲ"

"အဲ့ဒါက အဆင့်နှစ်မျိုးနွယ်စုတွေဆီက ရနိုင်တဲ့ အလင်းမဲ့ဆက်သွယ်ရေးကေဘယ်နည်းပညာလေ"

"ဝိုး... အရမ်းလှတာပဲ။ အဲ့ဒါက ဥတ္တရအလင်းတန်းလား"

"သာမန်လူလုပ်အလင်းရောင်လေးပါ"

ကျန်းမုန့်လောင်အဖို့ အရာအားလုံးမှာ စိတ်ဝင်စားဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေတော့သည်။

...

"ကောင်းပြီလေ... စောစောကပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်ပြီ"

ကျန်းမုန့်လောင်သည် တောသားတစ်ယောက်သာဖြစ်ကြောင်း ရှာဇီနာ ရုတ်တရက်ခံစားလိုက်ရ၏။

အဆင့်မြင့်မျိုးနွယ်စုများထဲရှိ လူထဲတွင် မည်သူကများ ကျန်းမုန့်လောင်ထက် ပိုပြီး ယဉ်ကျေးသန့်ပြန့်မှုမရှိဘဲ နေမည်နည်း။ ဤသို့သော သာမန်အရာလေးများကြောင့် အံ့ဩနေသည်ကို ကြည့်လိုက်ရုံဖြင့် သူသည် အတွေ့အကြုံမရှိသူဖြစ်ကြောင်း သိသာလှသည်။

သူ့စတားဂေဇာက ခိုးရာပါများလား။ ဒါမှမဟုတ် တစ်နေရာရာက ကောက်ရလာတာများလား။

"ဒီလူက တော်တော်ထူးခြားတာပဲ"

ရှာဇီနာက မေးစေ့ကိုထောက်၍ ကျန်းမုန့်လောင်၏နောက်စေ့ကို စိုက်ကြည့်လိုက်သည်။

"အစ်မ... ဒီလူသာ ရှိနေမယ်ဆိုရင် အစ်မနဲ့ အိုင်းရင်း တကယ်အဆင်ပြေသွားနိုင်လောက်တယ်။ ဒီလိုလူမျိုးကို သူဘယ်လိုလုပ်ပြီး ခင်နေတာလဲဆိုတာတော့ သိချင်မိသား"

"သူ့မှာ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုရှိနေတာလေ"

ရှာယန်နာက ရှေ့တွင်ထိုင်နေသော အိုင်းရင်းကိုကြည့်၍ မျက်နှာထက်ဝယ် အပြုံးနုနုလေးတစ်ခု ပေါ်လာလေတော့သည်။

****************

အခန်း ၈၃၃ : စကြဝဠာတစ်ခုလုံး ပြိုင်ဆိုင်မှုပြင်းထန်နေခြင်း

မိနစ်အနည်းငယ်အတွင်းမှာပင် ထိုအရာများမှာ အချင်းမီတာတစ်ရာကျော်ရှိသော အလင်းတန်းကြီး၏ ပတ်ပတ်လည်သို့ ရောက်သွားကြသည်။ လူများမှာ အလင်းတန်းကြီးထဲသို့ တဖွဲဖွဲဝင်ရောက်သွားကြပြီးနောက် မျက်စိရှေ့မှ ပျောက်ကွယ်သွားကြသည်။

"ဒါက ကွမ်တန်ထုတ်လွှင့်မှုနည်းပညာလေ"

အိုင်းရင်းက ကျန်းမုန့်လောင်အား ရှင်းပြလိုက်သည်။

"အဆင့်သုံးမျိုးနွယ်စုအများစုနဲ့ အဆင့်လေးနဲ့အထက်မျိုးနွယ်စုတွေအားလုံးမှာ ဒီနည်းပညာရှိတယ်။ သူ့ရဲ့ ထိရောက်တဲ့ ထုတ်လွှင့်မှုအကွာအဝေးက နက္ခတ္တဗေဒယူနစ်တစ်ထောင်လောက်ရှိတယ်။ အဲ့ဒီအကွာအဝေးထက် ကျော်သွားရင်တော့ ထုတ်လွှင့်ဖို့လိုအပ်တဲ့ စွမ်းအင်က သာမန်လူတွေအတွက် ခံနိုင်ရည်မရှိတော့ဘဲ အကြီးစားထုတ်လွှင့်ရေးစခန်းတွေ လိုအပ်လာတယ်လေ"

"မင်းပြောတဲ့ ကြယ်စနစ်တွေကြားက အာကာသဖြတ်လမ်းဂိတ်ဆိုတာ ဒီဟာလား"

"အမှန်ပဲ"

အိုင်းရင်းက ခေါင်းညိတ်ပြလိုက်၏။

သူတို့ခုနစ်ယောက်စလုံး အလင်းတန်းကြီးထဲသို့ အတူဝင်ရောက်သွားကြပြီး ရိုလာကိုစတာစီးရသကဲ့သို့ ခံစားချက်မျိုးနှင့်အတူ အခြားဂြိုဟ်တစ်ခုပေါ်ရှိ အလင်းတန်းထဲမှ ပြန်လည်ထွက်ပေါ်လာကြသည်။ ကျန်းမုန့်လောင်မှာ ဤနည်းပညာကို ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းဖြစ်လေရာ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားသဖြင့် လူငယ်သုံးယောက်မှာ ရယ်မိကြသည်။

အဆင့်တစ်လူသားများဆိုသည်မှာ အဆင့်တစ်လူသားမျှသာ ဖြစ်ကြ၏။ ကွမ်တန်ထုတ်လွှင့်မှုနည်းပညာကိုပင် အသုံးမပြုဖူးကြချေ။ သူ့အနေနှင့် ရှာယန်နာညီအစ်မများကို သူတို့နှင့်အတူ တက်တက်ကြွကြွ ပါဝင်လာအောင် မည်သို့မည်ပုံစည်းရုံးနိုင်ခဲ့သလဲဆိုသည်မှာမူ နားမလည်နိုင်ပေ။

"မိုက်လိုက်တာ"

ကျန်းမုန့်လောင်က ထိုနည်းပညာကို ချီးကျူးပြီးနောက် ကမ္ဘာမြေအနေနှင့် ဤနည်းပညာအဆင့်သို့ရောက်ရန် အချိန်မည်မျှကြာအောင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရဦးမည်ဖြစ်ကြောင်း တွေးတောနေမိတော့သည်။

"ဘယ်လောက်အစွမ်းထက်ပုံပေါက်နေပါစေ အထင်မကြီးလိုက်နဲ့ဦး။ စွမ်းအင်ကုန်ဆုံးမှုက ကြောက်ဖို့ကောင်းတယ်"

အိုင်းရင်းက ပြောလိုက်လေသည်။

"အလယ်က လူလုပ်ကြယ်ကြီးကို မြင်လား။ ဒီဧရိယာတစ်ခုလုံးမှာရှိတဲ့ စွမ်းအင်တွေအားလုံးက အဲ့ဒီကလာတာ။ ပြပွဲတစ်ခုလုံးကို စွမ်းအင်ထောက်ပံ့ပေးနေတာလေ။ ဒါပေမဲ့ တကယ်တမ်းတော့ စွမ်းအင်ဆိုတာ အပေါဆုံးအရင်းအမြစ်တစ်ခုပါ။ လူလုပ်ကြယ်တစ်လုံးဖန်တီးဖို့ ကုန်ကျစရိတ်က သိပ်မများဘူး"

အနည်းငယ်ခြောက်ကပ်ကပ်နိုင်သော ကုန်တင်ကုန်ချဆိပ်ကမ်းနှင့်ယှဉ်လျှင် ဤဂြိုဟ်မှာ အလွန်စည်ကားသိုက်မြိုက်နေ၏။ မြို့တစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်မှတစ်ဆင့် လူစည်ကားသော မြို့လယ်ခေါင်သို့ ခြေချလိုက်ရသလိုပင်။

ကျန်းမုန့်လောင်ခမျာ ဤမျှများပြားလှသော ထူးဆန်းသည့် ဂြိုဟ်သားအမျိုးအစားပေါင်းစုံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ အမှန်တကယ်တော့ ကာဗွန်အခြေခံသက်ရှိအများစုမှာ အနည်းဆုံးတော့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်အရ လူသားများနှင့် အလွန်ဆင်တူကြပြီး ခေါင်း၊ ခန္ဓာကိုယ်၊ လက်များနှင့် ခြေထောက်များ ပါရှိကြ၏။

ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါရှိသူများ၊ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသောအစွယ်များ သို့မဟုတ် ဖြူဆုတ်နေသော မျက်နှာပိုင်ရှင်များလည်း ပါဝင်နေပေသည်။

ဖန်သားနှယ် အလင်းပေါက်နေသော ခန္ဓာကိုယ်ရှိသည့် လူတစ်ယောက်က ကျန်းမုန့်လောင်၏အနီးမှ ဖြတ်လျှောက်သွားပြီး မြေပြင်ပေါ်တွင် သလင်းကျောက်နှင့်တူသော အရာများ တန်းစီကျန်ရစ်ခဲ့၏။

"အဲ့ဒါက ဆီလီကွန်အခြေခံသက်ရှိများလား"

ကျန်းမုန့်လောင်က တွေးဆလိုက်သည်။

"ကမ္ဘာမြေရဲ့ သိပ္ပံစနစ်မှာတော့ ဆီလီကွန်အခြေခံသက်ရှိတွေဆိုတာ သီအိုရီသဘောတရားအရပဲ ရှိသေးတာလေ"

ထိုအရာကြောင့် ကျန်းမုန့်လောင်မှာ နောက်တစ်ခေါက် ထပ်လှည့်ကြည့်မိသည်။

"ဟက်... အစ်ကိုကျန်း ဒီထက်ပိုပြီးမြင်ဖူးသွားရင် သိလာမှာပါ။ ဆီလီကွန်အခြေခံသက်ရှိတွေက တကယ်တော့ တော်တော်များပါတယ်"

အိုင်းရင်းက ရယ်လိုက်လေသည်။

"စကြဝဠာမဟာမိတ်အဖွဲ့ထဲမှာ ကာဗွန်အခြေခံသက်ရှိတွေက ကိုးဆယ်ရာခိုင်နှုန်းလောက်ပါဝင်ပြီး ဆီလီကွန်အခြေခံသက်ရှိတွေကတော့ ငါးရာခိုင်နှုန်းလောက်ရှိတယ်။ ဓာတ်ငွေ့၊ အရည်နဲ့ နာမ်ပိုင်းဆိုင်ရာ သက်ရှိတွေတောင် ရှိသေးတာ"

"ကျယ်ပြောလှတဲ့ လောကကြီးက အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီး တောသားတစ်ယောက်နှယ် ဓာတ်ပုံများကို အရူးအမူး ရိုက်ရင်း ပတ်ဝန်းကျင်ကို စပ်စုချင်လေဟန်အမူအရာဖြင့် လိုက်လံကြည့်ရှုနေသည်။

အကယ်၍ သူသာ ကမ္ဘာမြေ၏အင်တာနက်နှင့် ချိတ်ဆက်နိုင်မည်ဆိုပါက လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ခြင်း သို့မဟုတ် လိုက်ဖ်လွှင့်ခြင်းများကို သေချာပေါက်လုပ်ချင်နေမည်သာ။

"တွေ့ပြီ"

အိုင်းရင်းက အနီရောင်သလင်းကျောက်များဖြင့် တည်ဆောက်ထားပြီး ဧရာမမီးဖိုကြီးတစ်ခုနှင့်တူသော အဆောက်အအုံကြီးတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"အဲ့ဒါက စကြဝဠာအဂ္ဂိရတ်ပညာရှင်များအသင်းရဲ့ အဆောက်အအုံပဲ"

"အဲ့ဒီလိုအသင်းအဖွဲ့မျိုးလည်း ရှိတာလား"

"စကြဝဠာထဲမှာ အသင်းအဖွဲ့တွေအများကြီးရှိတယ်။ အဂ္ဂိရတ်ပညာရှင်တွေချည်းပဲ သီးသန့်ဖွဲ့စည်းထားတဲ့ နာမည်ကြီးအသင်းတွေတောင် အနည်းဆုံး ရာနဲ့ချီပြီးရှိတယ်လေ။ ဒါပေမဲ့ အကြီးဆုံးကတော့ ဒီတစ်ခုပေါ့"

အိုင်းရင်းက အခြားအဆောက်အအုံများဆီသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ကြည့်လိုက်... အဲ့ဒီဘေးနားက ဟာတွေက တခြားအသင်းအဖွဲ့တွေရဲ့ အဆောက်အအုံတွေလေ"

"စကြဝဠာအဂ္ဂိရတ်အသင်းကို ဝင်ရောက်နိုင်တဲ့လူတိုင်းက တကယ့်အဂ္ဂိရတ်ပညာရှင်အစစ်တွေ။ သူတို့ရဲ့တံဆိပ်ကို ပြလိုက်ရုံနဲ့တင် အသက်မွေးဝမ်းကျောင်းပညာရပ် အမျိုးမျိုးအတွက် ကုန်စည်ပြပွဲတစ်ခုလိုဖြစ်နေတဲ့ ဒီပြပွဲကြီးကို အခမဲ့ဝင်ခွင့်ရတယ်။ ဒီတစ်ခေါက် ပြပွဲကို စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်းက အဂ္ဂိရတ်ပညာရှင်နှစ်သန်းကျော် ရောက်နေတယ်လို့ ကြားတယ်"

"အဲဒီလောက်တောင် များတာလား"

"ဒါပေါ့... အချိုးအစားနည်းတယ်ဆိုပေမဲ့ ပမာဏကြီးမားမှုကိုတော့ လျှော့တွက်လို့မရဘူးလေ။ ဒါပေမဲ့ အများစုက ကနဦးအဆင့် အဂ္ဂိရတ်ပညာရှင်တွေပါ။ တကယ့်ဆရာကြီးတွေကတော့ ဒီမှာ လမ်းဘေးဈေးသည်တွေလို လာရောင်းနေမှာမဟုတ်ဘူးပေါ့"

အိုင်းရင်းက ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒါလည်း ကောင်းပါတယ်။ ဈေးနှုန်းတွေက အရမ်းခေါင်ခိုက်နေမှာမဟုတ်ဘူးဆိုတဲ့ သဘောပဲပေါ့"

စကြဝဠာအဂ္ဂိရတ်ပညာရှင်အသင်း၏ အဆောက်အအုံကို အပိုင်းများ ခွဲခြားထားပြီး အပိုင်းတစ်ခုချင်းစီမှာ ဘတ်စကက်ဘောကွင်းတစ်ခုစာခန့် ကျယ်ဝန်းပြီး အပိုင်းတစ်ခုလျှင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်သာရှိ၏။ သူတို့က သူတို့၏ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများကို ပြသထားကြပြီး သူတို့၏ ဖန်တီးမှုများအားလုံးကိုလည်း ဈေးနှုန်းများ သေချာတပ်ထားကြသည်။

"ဒီချပ်ဝတ်တန်ဆာက တော်တော်လှတာပဲ"

ကျန်းမုန့်လောင်က ခြေလှမ်းကို တုံ့ခနဲရပ်တန့်လိုက်သည်။ ဤလက်ရာမှာ ဟွာရှားနိုင်ငံတွင် တူးဖော်တွေ့ရှိခဲ့သော အဆင့်သုံးနှင့် အဆင့်လေးလက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး စကြဝဠာမျိုးနွယ်စုများ၏ စံနှုန်းများအရ အဆင့်နှစ်သိုင်းလက်နက်အဆင့်တွင် ရှိနေပေသည်။

"စကြဝဠာဒင်္ဂါးနှစ်ရာလား။ အဲဒီလောက်တောင် ဈေးကြီးတာလား"

"ဒါက ပုံမှန်ပါပဲ။ ဒီပစ္စည်းတွေက ပုံမှန်ဈေးထက် ဆယ်ဆလောက် ပိုများလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်ပြောပြမယ်။ ဒီပစ္စည်းတွေက အဆင့်လေး ဒါမှမဟုတ် အဆင့်ငါး မျိုးနွယ်စုတွေမှာ တန်ဖိုးရှိတယ်လို့ မသတ်မှတ်ကြပေမဲ့ အဆင့်သုံးမျိုးနွယ်စုတွေရဲ့ အောက်မှာတော့ လုံးဝဝယ်လို့မရနိုင်ဘူး"

အိုင်းရင်းက ရှင်းပြလိုက်၏။

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။

"ဒါက ဘာကြီးလဲ။ စုတ်ပြတ်သတ်နေတဲ့ အလှဆင်ပစ္စည်းလေးကို ဒီလောက်ဈေးကြီး‌ပေးပြီး ရောင်းနေတာလား။ စကြဝဠာဒင်္ဂါးတစ်ရာတဲ့လား"

"ဒါကလည်း စွမ်းအင်တွေကို ဖုံးကွယ်ဖို့ သုံးတာလေ"

ရှာယန်နာက ဆွဲသီးပုံစံပစ္စည်းလေးကို ကောက်ကိုင်ရင်း ရယ်လိုက်သည်။

"အဂ္ဂိရတ်ပညာရှင်တွေက ဒါမျိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးရတာ သဘောကျကြတယ်။ ဒါပေမဲ့ သူ့လုပ်ဆောင်ချက်ကတော့ အိုင်းရင်းရဲ့မျက်နှာဖုံးနဲ့ အတူတူပဲ"

"တခြားနေရာ သွားရှာကြည့်ကြတာပေါ့။ ပိုဈေးပေါတာမျိုး တွေ့နိုင်လောက်တယ်"

အိုင်းရင်းက အကြံပြုလိုက်လေ၏။

"မင်းက ဒီလောက်လေးကိုတောင် ကပ်စေးနည်းနေတာလား"

ကျန်းမုန့်လောင်က အိုင်းရင်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ ဤသည်မှာ အလွန်ကပ်စေးနည်းနေခြင်း မဟုတ်ပါလော။

"ရှင်ပြောတာ မှန်တယ်"

ရှာယန်နာက ရယ်မောလိုက်ပြီး ဆွဲသီးလေးကို အောက်ချကာ အိုင်းရင်းနောက်သို့ တိတ်တဆိတ် လိုက်သွားတော့သည်။

"ဒီကောင်က မိန်းကလေးတွေနဲ့ပတ်သက်ရင် တကယ်ကံကောင်းတာပဲ"

ကျန်းမုန့်လောင်ခမျာ ကောင်းကောင်းနားမလည်နိုင်တော့ပေ။ ရှာယန်နာ သူ့ကို ဘာများသဘောကျနေလေသလဲဆိုသည်ကို မတွေးတတ်အောင်ပင်။ သန့်ရှင်းမှုမရှိသည့် သူ့အကျင့်ကို သဘောကျနေခြင်းများလား။

သူတို့ ဆိုင်ခန်းတစ်ခုပြီးတစ်ခု လျှောက်ကြည့်ရင်း စွမ်းအင်ဖုံးကွယ်သည့် ပစ္စည်းများမှာ ဈေးပိုပိုပေါလာတော့သည်။ ကျန်းမုန့်လောင်က ရယ်လိုက်၏။

"ဒါက ရှစ်ဆယ့်ရှစ်... နောက်တစ်ခုက ရှစ်ဆယ်။ စကြဝဠာတစ်ခုလုံး ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့ပုံပဲ"

"ဒါလေး ယူလိုက်ကြစို့"

ရှာယန်နာက ဆွဲသီးငယ်လှလှလေးတစ်ခုကို ရွေးချယ်လိုက်ပြီး အိုင်းရင်းမှာလည်း ယခုအချိန်တွင် စကြဝဠာဒင်္ဂါးသန်းပေါင်းများစွာ ကြွယ်ဝနေသူဖြစ်လေရာ အမြန်သွားရှင်းပေးလိုက်တော့သည်။

"ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ။ တော်တော်စည်ကားနေတဲ့ပုံပဲ"

ရုတ်ခြည်းပင် အနီးအနားမှ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်း၏အာရုံလည်း ချက်ချင်းပင် ထိုနေရာဘက်သို့ ရောက်ရှိသွားကြသည်။

"ကိုယ့်လူ... ဘာတွေဖြစ်နေတာလဲ"

အိုင်းရင်းက လူတစ်ယောက်ကို အမှတ်တမဲ့ ဆွဲဖမ်း၍ မေးလိုက်သည်။

"အပေါ်ဆုံးထပ်ကို အဆင့်ငါးအဂ္ဂိရတ်ပညာရှငမတစ်ယောက် ရောက်နေတယ်လေ။ သူက နှစ်ပေါင်းများစွာ အပတ်တကုတ် သုတေသနတွေ လုပ်နေခဲ့တာတဲ့။ ဒီနေ့ အဆင့်ခြောက်သက်ရှိတစ်ယောက်က သူ့ကို အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ဖန်တီးပေးဖို့ တောင်းဆိုထားတာ။ တကယ်လို့ သူသာ အောင်မြင်သွားရင် တရားဝင်အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖြစ်လာတော့မှာ"

"ဟုတ်လား"

အိုင်းရင်း အနည်းငယ် စိတ်လှုပ်ရှားသွားပုံရ၏။ အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ပင်။ ထိုကဲ့သို့သော လူတစ်ယောက်က သိုင်းလက်နက်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနေသည်ကို မြင်တွေ့ခွင့်ရခြင်းမှာ အလွန်ရှားလှ၏။ အကယ်၍ သူသာ အောင်မြင်သွားပါက အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ မွေးဖွားမှုကို မျက်မြင်ကိုယ်တွေ့ ကြုံရမည်ဖြစ်၏။ ဤသည်မှာ စင်စစ်ဂုဏ်ယူစရာကောင်းလှသည်။

"လူတိုင်းက အဲ့ဒီလိုပြောနေကြတာဆိုတော့ ဟုတ်လောက်မှာပါ။ ငါ မြန်မြန်သွားမှဖြစ်မယ်။ မဟုတ်ရင် ကြည့်လို့ကောင်းမယ့် နေရာကို ရတော့မှာမဟုတ်ဘူး"

...

"အဆင့်ငါးအဂ္ဂိရတ်ပညာရှင်လား"

အိုင်းရင်းက ထိုသတင်းကို ပြန်သယ်လာလေရာ လူတိုင်း အံ့ဩသွားကြသည်။

သူတို့သည် အလွန်ဆုံးမှ အဆင့်သုံးမျိုးနွယ်စုဝင်များ ဖြစ်ကြ၏။ အဆင့်သုံးအဂ္ဂိရတ်ပညာရှင်တစ်ယောက် ရှိနေခြင်းကပင် အလွန်ထူးကဲနေပြီဖြစ်သော်ငြား အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ဆိုသည်မှာ အဆင့်ငါး မျိုးနွယ်စုများကပင် ရိုသေလေးစားရမည့်သူတစ်ဦးဖြစ်၏။ ဤကဲ့သို့သော အဆင့်တက်မည့် အဖြစ်အပျက်မျိုးဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိချေ။ ဤသည်မှာ သတင်းထူးတစ်ခုပင် ဖြစ်ချေသည်။

"ငါတို့လည်း သွားကြည့်ရအောင်"

ရှာယန်နာကလည်း စိတ်အားထက်သန်နေပုံရသည်။

"ဟုတ်တယ် အစ်ကိုကျန်း... ကျွန်တော်တို့ သွားကြည့်ကြရအောင်"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ယောက်က ဘယ်လိုအဆင့်မျိုးမှာရှိလဲဆိုတာ ငါလည်း ကြည့်ချင်မိသား"

"သူပြောတာကို နားထောင်ကြည့်ပါဦး။ မသိရင် သူကပဲ အဂ္ဂိရတ်အရှင်သခင်တစ်ယောက် ကျနေ‌ရောပဲ"

လီဒက်က သရော်လှောင်ပြောင်လေဟန်ဖြင့် ပြောလိုက်သည်။ ကျန်းမုန့်လောင်တို့နှင့် တွေ့ကတည်းက ထိုလူငယ်သုံးယောက်၏ တည်ရှိမှုမှာ လုံးဝပျောက်ကွယ်သွားသလောက် ဖြစ်နေခဲ့သည်။

"ဒါက ဘယ်သူမဆို ဝင်ကြည့်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးနော်"

"ငါက အဂ္ဂိရတ်ပညာရှင်ဟုတ်မဟုတ်ဆိုတာ အရေးမကြီးပါဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ဒါပေမဲ့ ငါသာလိုချင်ရင် အဂ္ဂိရတ်ပညာရှင်တွေကိုတောင် ငါ့လက်အောက်မှာ ခိုင်းစားလို့ရတယ်"

******************

အခန်း ၈၃၄ - သူ့ရဲ့နည်းစနစ်က တစ်ခုခု လွဲနေသလိုပဲ

စကြဝဠာအဂ္ဂိရတ်ပညာရှင်များအသင်း၏ အဆောက်အအုံမှာ အမြင့်ပေ ငါးထောင်ကျော်အထိ မြင့်ပေသည်။ ထိုအဆောက်အအုံသည် အမြန်ဆောက်လုပ်ထားရသော ယာယီအဆောက်အအုံတစ်ခု ဖြစ်သော်လည်း အဆင့်လေးအာကာသယာဉ်များ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိလောက်အောင် ကြံ့ခိုင်လေသည်။

အဆောက်အအုံ၏ အပေါ်ဆုံးအထပ်တွင် လဟာပြင်ခေါင်မိုးထပ်တစ်ခုရှိပြီး မူလက ထိုနေရာမှာ ဗလာကျင်းနေသော်လည်း အဂ္ဂိရတ်ပညာရှင်တစ်ဦး ရောက်ရှိလာပြီးနောက်တွင်မူ လူပင်လယ်ကြီးအလား စည်ကားသွားသည်။

"လူတွေ ဒီလောက်တောင်များတာလား"

"ဖူး... ခုနက လူတစ်ယောက်က ကိုယ်နံ့ အရမ်းနံတာပဲ။ ငါ မေ့တောင်လဲတော့မလို့"

ကျန်းမုန့်လောင်နှင့် အခြားလူများမှာ အဆင့်လေးသက်ရှိများ၏ ခန္ဓာကိုယ်စွမ်းအားကို အသုံးပြု၍ လူအုပ်ကြီးထဲမှ ခက်ခက်ခဲခဲတိုးထွက်ခဲ့ကြရသည်။

"ဟိုမှာရှိတာက အဂ္ဂိရတ်ပညာရှင်လား"

အပေါ်ဆုံးအထပ်၏ အလယ်ဗဟိုတွင် စတုရန်းမီတာ ရာဂဏန်းခန့်ရှိသော နေရာလွတ်တစ်ခုကို ဖယ်ရှားပေးထားပြီး ထိုနေရာတွင် ဧရာမမီးဖိုကြီးတစ်ခု ဟုန်းဟုန်းတောက်လောင်နေ၏။

နီရဲရဲမီးဖိုအတွင်းရှိ မီးလျှံမှာ အပူချိန်မြင့်မားလှသည့် အပြာရောင်ဖြစ်ပြီး မီးလျှံများမှာ အလွန်မြင့်တက်နေခြင်း မရှိသော်လည်း မီတာအနည်းငယ်အကွာကပင် ထိုအပူရှိန်ကို လူတိုင်းခံစားရပေသည်။

ထိုအဂ္ဂိရတ်ပညာရှင်မှာ အရပ်မရှည်ပါဘဲ ပုကွကွနိုင်လှရာ Star Warsဇာတ်ကားထဲရှိ 'မာစတာယိုဒါ'နှင့် အလွန်တူပေသည်။ သူ့နားရွက်များမှာ ကျန်းမုန့်လောင် တစ်ချိန်က မွေးခဲ့ဖူးသော နားရွက်များလိပ်နေသည့် ဒီဗွန်ကြောင်မျိုးစိတ်၏ နားရွက်များနှင့် တစ်ပုံစံတည်းပင်။

"အဲ့ဒါ ဆရာကြီးယောင်ခယ်ပဲ။ စကြဝဠာအဂ္ဂိရတ်ပညာရှင်များအသင်းမှာ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ အနီးစပ်ဆုံးလို့ အသိအမှတ်ပြုခံထားရတဲ့ ဆရာကြီးပေါ့"

လူအုပ်ထဲရှိ လူတစ်ယောက်က ထိုလူ့ကို မှတ်မိသွားသဖြင့် အော်ပြောလိုက်လေသည်။

နာမည်သိသွားသည်နှင့် ထိုလူ၏ အကြောင်းကို ရှာဖွေရန်မှာ အလွန်လွယ်ကူသွားတော့သည်။ အိုင်ရင်းက အင်တာနက်ပေါ်တွင် ရှာဖွေကြည့်လိုက်သောအခါ အသေးစိတ်အချက်အလက်များ ချက်ချင်း ပေါ်လာသည်။

"ဆရာကြီးယောင်ခယ်က ဒါဂိုဘာမျိုးနွယ်စုကလေ။ သူတို့က လူပုမျိုးနွယ်စုလို့ လူသိများတယ်။ စကြဝဠာထဲက အဂ္ဂိရတ်ပညာရှင်တွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က ဒီလူပုမျိုးနွယ်စုတွေပဲ။ ဆရာကြီးယောင်ခယ်က နှစ်ပေါင်းနှစ်သိန်းခုနစ်သောင်းသက်တမ်းရှိတဲ့ အဆင့်ငါးသက်ရှိတစ်ဦးတဲ့"

"သူက အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် ဆရာကြီးအိုရုခ်ဆီမှာ ပညာသင်ခဲ့တာ။ ပြောင်မြောက်တဲ့ လက်ရာတော်တော်များများကို သွန်းလုပ်ခဲ့ဖူးပြီးတော့ အဲ့ဒီထဲမှာ အဆင့်ငါးသက်ရှိတစ်ယောက်ကို အဆင့်ခြောက်သက်ရှိရဲ့ တိုက်ခိုက်မှုက ခုခံနိုင်အောင် ကူညီပေးခဲ့တဲ့ သိုင်းလက်နက်လည်း ပါတယ်တဲ့"

"အဆင့်ငါးသက်ရှိက အဆင့်ခြောက်သက်ရှိရဲ့တိုက်ခိုက်မှုကို ခံနိုင်တယ် ဟုတ်လား"

ကျန်းမုန့်လောင်မှလွဲ၍ ကျန်လူများအားလုံး မျက်လုံးပြူးသွားကြသည်။

အဆင့်ခြောက်နှင့် အဆင့်ငါးသက်ရှိများကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားလှပေသည်။ သက်ရှိအဆင့်အရ တစ်ဆင့်သာ ကွာခြားသော်လည်း ၎င်းမှာ သာမန်အသက်ရှည်ခြင်းနှင့် ထာဝရရှင်သန်ခြင်းတို့ကဲ့သို့ ကွာခြားပြီး စွမ်းအားချင်းမှာလည်း အလွန်ပင် ကွာဟလှလေရာ အဆင့်ခြောက်သက်ရှိတစ်ဦးမှာ လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် အဆင့်ငါးသက်ရှိ ထောင်ပေါင်းများစွာကို အလွယ်တကူ သုတ်သင်ပစ်နိုင်သည်။

"တကယ်တော့ ဒီအချက်အလက်က နည်းနည်းချဲ့ကားထားတာပါ"

ရှာယန်နာက ဆို၏။

"ကျွန်မကြားဖူးတာတော့ အဲ့ဒီအဆင့်ခြောက်သက်ရှိက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်နှစ်ထောင်လောက်ကမှ အဆင့်တက်လာတဲ့လူလေ။ အဆင့်ငါးသက်ရှိကလည်း အဆင့်တက်ခါနီး ဖြစ်နေတာ။ ပြီးတော့ ဆရာကြီးယောင်ခယ် သွန်းလုပ်ပေးလိုက်တာက ခုခံရေးဒိုင်းတစ်ခုပါ"

"ဒါကတင် အရမ်းအံ့သြစရာကောင်းတဲ့ စွမ်းဆောင်မှုဖြစ်နေပြီလေ"

"ဟုတ်တယ်။ အဆင့်ခြောက်သိုင်းလက်နက်ဆိုရင်တောင် ဒီထက်စွမ်းအားပိုကြီးမှာ မဟုတ်ဘူးမလား"

"သူ့ဘေးနားမှာ ရှိနေတာက ဘယ်သူလဲ"

ဆရာကြီးယောင်ခယ်၏ တစ်ဖက်တွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ကာ ငြိမ်သက်စွာထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ကျန်းမုန့်လောင် သတိပြုမိသည်။ ထိုလူသည် မျက်လုံးများကို မှိတ်ထားပြီး ပတ်ဝန်းကျင်နှင့် လုံးဝ ကင်းကွာနေသည့်ပုံစံ ရှိသော်လည်း သူ့အတွင်း၌ အစွမ်းထက်သော အင်အားတစ်ရပ် ကိန်းအောင်းနေသည်ကို ကျန်းမုန့်လောင် ခံစားမိသည်။

"အဲ့ဒါ ရှော့ခ်အင်ပါယာရဲ့ အရှင်သခင်ဖြစ်မယ်လို့ ပြောသံကြားလိုက်တယ်"

အိုင်ရင်းက ဆို၏။

"သူက ဆရာကြီးယောင်ခယ်ကို အဖိုးအခအများကြီးပေးပြီး ဒီအဆင့်ခြောက်သိုင်းလက်နက်ကို သွန်းလုပ်ဖို့ ဖိတ်ခေါ်ခဲ့တာတဲ့။ ကြားရသလောက်တော့ ပြင်ဆင်ထားတဲ့ ကုန်ကြမ်းတွေရဲ့ တန်ဖိုးကတင် ကြယ်အပွင့်၂၀နီးပါး ရှိတယ်ဆိုပဲ"

"ဟား.."

ထိုအရေအတွက်ကြောင့် လူတိုင်း အသက်ရှူမှားသွားကြသည်။ ဤသည်မှာ အဆင့်ငါးမျိုးနွယ်စုအခုနှစ်ဆယ်၏ တန်ဖိုးနှင့်ပင် ညီမျှလေရာ ရှော့ခ်စကြဝဠာအင်ပါယာ၏ အရှင်သခင်မှာ အလွန်ချမ်းသာကြွယ်ဝလှပေသည်။

"ဒီလောက် ပိုက်ဆံအများကြီးရှိတာကို ဘာလို့ အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ကိုပဲ ငှားတာလဲ။ နည်းနည်းလောက်ပိုပေးပြီး အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ကို ငှားတာက ပိုမကောင်းဘူးလား"

ကျန်းမုန့်လောင်က နားမလည်နိုင်သဖြင့် မေးလိုက်သည်။

"မင်းက ဘာသိလို့လဲ"

ခီရာဒယ်က ချက်ချင်းပြန်ပြောလိုက်သည်။

"အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်ဖို့ ဘယ်လောက်ကုန်လဲ မင်းသိလား။ အောင်မြင်နှုန်းက နည်းနည်း ပိုမြင့်မယ်ဆိုရင်တောင် သူတို့က ကုန်ကြမ်းတန်ဖိုးရဲ့ အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းကို အဖိုးအခအဖြစ် ယူကြတာ။ ကြယ်ဆယ်ပွင့် တောင်လေ။ အဲ့ဒါက အဆင့်ငါးမျိုးနွယ်စုရဲ့ အုပ်ချုပ်သူတစ်ယောက်အတွက်တောင် မနည်းတဲ့ပမာဏကွ"

"ဟုတ်တယ်"

အိုင်ရင်းက ထပ်လောင်းပြောလာသည်။

"ဒါပေမဲ့ အဆင့်တက်ခါနီးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်တာကတော့ တစ်မျိုးပေါ့။ ဆရာကြီးယောင်ခယ်အတွက် အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လိုအပ်နေတာ။ ရှော့ခ်စကြဝဠာအင်ပါယာ အရှင်သခင်အတွက်ကတော့ ပေးရတဲ့ငွေနဲ့တန်အောင် တန်ဖိုးရှိဖို့ လိုတာလေ။ တကယ်လို့ ကျရှုံးသွားရင်လည်း ဘာမှပြောစရာမရှိပေမဲ့ အောင်မြင်သွားရင်တော့ နှစ်ဖက်စလုံးအတွက် အမြတ်ပဲပေါ့"

"ကြားတာတော့ ဆရာကြီးယောင်ခယ်က ဘာအဖိုးအခမှ မယူဘူးတဲ့။ သူက ဒီအခွင့်အရေးကိုပဲ လိုချင်တာ"

"နားလည်ပြီ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ရိုးရိုးလေးပြောရရင်တော့ ရှော့ခ်စကြဝဠာအင်ပါယာအရှင်သခင်က အလကားရတဲ့ အခွင့်အရေးကို အသုံးချနေတာပေါ့။ အောင်မြင်သွားရင်တော့ အကြီးအကျယ် အမြတ်ထွက်မှာပဲ။ ဆရာကြီးယောင်ခယ်အတွက်ကတော့ သူသာ အောင်မြင်သွားရင် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် အဆင့်အတန်းထဲကို တရားဝင် ဝင်ရောက်နိုင်မှာဆိုတော့ နာမည်ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေကိုပါ တစ်ခါတည်း ရလာမှာလေ"

"သူတို့က လောင်းကြေးအကြီးကြီးထပ်ထားတာပဲ"

ကျန်းမုန့်လောင်က တအံ့တသြပြောလိုက်လေသည်။

"မင်းတို့အထင် ဆရာကြီးယောင်ခယ်ရဲ့ အောင်မြင်နိုင်ခြေက ဘယ်လောက်ရှိမလဲ"

"ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ ရှိမှာပါ"

အိုင်ရင်းက ခန့်မှန်းလိုက်၏။

"တကယ့် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်တောင် သိုင်းလက်နက်သွန်းလုပ်ရာမှာ အောင်မြင်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းအောက်ပဲ ရှိတာလေ။ အဆင့်၇အဂ္ဂိရတ်ပညာရှင်တွေမှသာ ကိုးဆယ်ရာခိုင်နှုန်းကျော် အောင်မြင်မယ်လို့ အာမခံနိုင်တာ။ ဒါက အရမ်းအန္တရာယ်များတဲ့ အလောင်းအစားပဲ"

"ဆရာကြီး... စကြရအောင်လား"

ရှော့ခ်စကြဝဠာအင်ပါယာ အရှင်သခင်က နောက်ဆုံးတွင် စကားပြောလာပြီး ဟင်းလင်းပြင်ကျောက်တုံးတပ်ဆင်ထားသည့် လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်သည်။ လက်နက်သွန်းလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းအားလုံးမှာ ထိုလက်စွပ်အတွင်း၌ ရှိနေလေ၏။

ဆရာကြီးယောင်ခယ်က ကုန်ကြမ်းများတွင် ပြဿနာမရှိကြောင်း စစ်ဆေးကြည့်ရှုပြီးနောက် ချက်ချင်းပင် အာရုံစူးစိုက်မှု အပြည့်ဖြင့် လုပ်ငန်းစတင်လိုက်တော့သည်။

"ဝုန်း"

မီးဖိုအတွင်းရှိ မီးလျှံများမှာ အပြာရောင်မှ အဖြူရောင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကား ပြင်းထန်သော အပူရှိန်ကြောင့် အနည်းငယ်ပုံပျက်သွားသည်။

"ဒါက ကြယ်တာရာမီးလျှံပဲ"

လူအုပ်ထဲရှိ အဆင့်နိမ့်အဂ္ဂိရတ်ပညာရှင်တချို့မှာ အားကျနေဟန် အမူအရာများ ပြသလာကြလေသည်။

အဆင့်နိမ့်အဂ္ဂိရတ်ပညာရှင်အများစုမှာ စက်မှုနည်းပညာဖြင့် ဖန်တီးထားသော အပူချိန်မြင့်မားသည့် လူလုပ်မီးလျှံများကိုသာ အသုံးပြုကြရသည်။ ထိုအရာများမှာ ဝိညာဉ်မဲ့ပြီး အသက်မပါလှပေ။

အဆင့်မြင့်သက်ရှိများသည် စကြဝဠာမူလစွမ်းအင်ဟုခေါ်သော စွမ်းအင်တစ်မျိုးကို မွေးဖွားပေးနိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အတွင်းအား သို့မဟုတ် ထူးခြားဆန်းပြားသော စွမ်းအားများမှာ အဆင့်နိမ့်စကြဝဠာမူလစွမ်းအင်များသာ ဖြစ်၏။

အဆင့်မြင့်အဂ္ဂိရတ်ပညာရှင်များမှာ လူလုပ်မီးလျှံများနှင့်အတူ သူတို့၏ ကိုယ်ပိုင်စကြဝဠာမူလစွမ်းအင်ကို အသုံးပြု၍ မီးကို ထိန်းချုပ်ကြသည်။ ထိုအခါ မီးလျှံမှာ အပူချိန်မြင့်မားရုံသာမက ဝိညာဉ်ပါ ရှိလာပြီး သိုင်းလက်နက် သွန်းလုပ်ရာတွင် အောင်မြင်နှုန်းကို သိသိသာသာ တိုးတက်သွားစေသည်။

ပိုကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်အနည်းငယ်မှာမူ နည်းပညာမြင့်မီးလျှံများကို စွန့်လွှတ်ပြီး ကြယ်များထံမှ ရရှိသော ကြယ်တာရာမီးလျှံများကို အသုံးပြုရန် ကြိုးပမ်းကြသည်။ ကြယ်တာရာမီးလျှံကို အသုံးပြုခြင်းကား အလွန်ခက်ခဲပြီး အန္တရာယ်လည်း အလွန်များလှလေရာ အဆင့်ခြောက်သက်ရှိများပင် ပြင်းထန်လှသော ထိုအပူရှိန်ကို အမြဲခံနိုင်ရည်မရှိကြပေ။

သို့သော် အောင်မြင်သွားပါက သူတို့လည်း အဂ္ဂိရတ်ပညာရှင်များထဲတွင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်၏။ ဆရာကြီးယောင်ခယ် သုံးနေသည်မှာ ကြယ်တာရာမီးလျှံတစ်မျိုးပင် ဖြစ်လေရာ သူသည် အဘယ်ကြောင့်များ အစွမ်းအထက်ဆုံး အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ဟု အမည်တွင်ရသလဲဆိုသည်ကား ရှင်းလင်းသွားခဲ့လေပြီ။

"ဒီဟာက ငါ့ရဲ့ ထူးခြားဆန်းကြယ်မီးလျှံနဲ့ နည်းနည်းဆင်နေသလိုပဲ"

ကျန်းမုန့်လောင်က ထိုအဖြူရောင်မီးလျှံကို ကြည့်ရင်း တွေးတောနေမိသည်။ အပူချိန်အရဆိုလျှင်မူ ၎င်းမှာ ထူးခြားဆန်းကြယ်မီးလျှံလောက် မကောင်းသေးသည့်အပြင် ဝိညာဉ်စွမ်းအင်လည်း အနည်းငယ်လိုအပ်နေသေးသည်။

"ကျောင်းအုပ်ကြီး... ကြယ်တာရာမီးလျှံက ထူးခြားဆန်းကြယ်မီးလျှံကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

ကောထန်က ဆိုလေ၏။

"'ကောင်းကင်ဖြိုခွင်း'ကမ္ဘာမှာတော့ အစွမ်းထက်တဲ့ ထူးခြားဆန်းကြယ်မီးလျှံတစ်ခုရဲ့ စွမ်းအင်က ကြယ်တစ်လုံးရဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီမှာရှိတဲ့ လူတွေကတော့ ကြယ်စွမ်းအင်အစအနလေးကိုပဲ ရထားကြတာပါ"

"စပြီဟေ့"

လူတိုင်း ချက်ချင်းအသက်ရှူအောင့်၍ ကြည့်နေကြပြီး အထူးသဖြင့် သာမန် အဂ္ဂိရတ်ပညာရှင်များအတွက်မူ ဤသည်မှာ အမှန်တကယ်ပင် သင်ယူစရာအခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။

စကြဝဠာမူလစွမ်းအင်၏ ထိန်းချုပ်မှုအောက်တွင် အဖိုးတန်သတ္တုများမှာ မီးဖိုထဲဝယ် လွင့်ပျံ့နေပြီး အရည်ပျော်လာကြသည်။ ပထမဆုံးအဆင့်မှာမူ အထဲရှိ အညစ်အကြေးအားလုံးကို ဖယ်ရှားပစ်ရန်ပင်။

"မြန်လိုက်တဲ့အရှိန်။ နည်းစနစ်ကလည်း ပြောင်မြောက်လွန်းတယ်"

"ဒီလိုထိန်းချုပ်နိုင်စွမ်းမျိုးကိုရဖို့ဆိုရင် ငါတော့ နှစ်ပေါင်းသောင်းချီ ကြိုးစားရင်တောင် ရမှာမဟုတ်ဘူး"

ဆရာကြီးယောင်ခယ်သည် သူတို့စကားကို ကြားနိုင်သည်ဖြစ်စေ၊ မကြားနိုင်သည်ဖြစ်စေ အဂ္ဂိရတ်ပညာရှင်တစ်စုမှာမူ ချီးကျူးစကားများ မရပ်မနားပြောဆိုနေကြသည်။

အတတ်ပညာရှင်များက အနှစ်သာရကို ကြည့်ကြပြီး အပြင်လူများကမူ အပေါ်ယံ အလှအပကိုသာ ကြည့်တတ်ကြသည်။ အိုင်ရင်းတို့တစ်သိုက်မှာ အဂ္ဂိရတ်ပညာကို နားမလည်သော်လည်း ဆရာကြီး၏ လုပ်ဆောင်ချက်များမှာ အမှန်တကယ် အားရစရာကောင်းလှပေသည်။

သတ္တုများကို သန့်စင်ပြီးနောက် နောက်ထပ်အဆင့်မှာ သတ္တုအမျိုးမျိုးကို အသင့်တော်ဆုံးဖော်မြူလာဖြင့် ပေါင်းစပ်ရန်ဖြစ်ပြီး ယင်းမှာ အဂ္ဂိရတ်ပညာရှင်တစ်ဦးအတွက် ပထမဆုံးသော စိန်ခေါ်မှုအစစ်အမှန်ပင် ဖြစ်ပေသည်။

"ဟင်.."

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"သူ့ရဲ့နည်းစနစ်က တစ်ခုခုလွဲနေသလိုပဲ"

All Chapters