အခန်း (၈၃၅-၈၃၇)
Vol. 56 Ch. 835-837
အခန်း ၈၃၅ - တချို့လူတွေက ပုံမှန်ဆိုရင် သူတို့ မလုပ်ရဲကြတဲ့အရာတွေကို လုပ်ဖို့အတွက် လောင်းကြေးကို ဆင်ခြေအနေနဲ့ အမြဲအသုံးချတတ်ကြတယ်
ကျန်းမုန့်လောင်သည် သူ့အသံကို နှိမ့်ထားခြင်းမရှိသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတော်တော်များများမှာ ချက်ချင်းလှည့်ကြည့်လာကြသည်။ အချို့လူများ၏ အကြည့်တွင် အထင်သေးမှုများ ပါဝင်နေသလို အချို့မှာ ဒေါသထွက်နေကြသော်လည်း အများစုမှာမူ လှောင်ပြောင်ရယ်မောနေကြသည်။
"ဟိုးအပေါ်မှာရှိနေတာ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ အဲ့ဒါ ဆရာကြီးယောင်ခယ်ကွ"
"ဟေ့...အစ်ကိုကျန်းကို သွားမရယ်ကြပါနဲ့။ သူက မြင့်မြတ်တဲ့အဆင့်တစ်မျိုးနွယ်စုက လာတာလေ။ အဲ့ဒီမှာ အဂ္ဂိရတ်ပညာရှင်တွေမှ မရှိတာ။ သူ မသိတာသဘာဝကျပါတယ်"
"ဟုတ်ပါရဲ့။ ဟုတ်ပါရဲ့... မသိနားမလည်တဲ့လူကို အပြစ်တင်လို့တော့ မရဘူးပေါ့"
"မင်းတို့ အရမ်းလွန်မလာကြနဲ့နော်"
ကျန်းမုန့်လောင်၏ သစ္စာရှိသူငယ်ချင်းဖြစ်သူ အိုင်ရင်းမှာ သူငယ်ချင်းအတွက် မနေနိုင်ဘဲ ဝင်ရောက်ပြောပေးသည်။
"အစ်ကိုကျန်းက အဂ္ဂိရတ်ပညာရှင်တွေအကြောင်း မသိဘူးဆိုတာနဲ့ပဲ မင်းတို့ သူ့အပေါ် ဒီလိုပြုမူဖို့ ခွင့်ပြုချက်ရထားတယ်လို့များ ထင်နေတာလား"
ဘေးနားမှ ကြည့်နေကြသူများမှာ ကျန်းမုန့်လောင်သည် အဆင့်တစ်မျိုးနွယ်စုမှ ဘာမှမသိသည့် လူတစ်ယောက်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ချက်ချင်းပင် စိတ်ဝင်စားမှုမရှိတော့ဘဲ အကြည့်များကို လွှဲဖယ်လိုက်ကြသည်။ သူသည် ဘာမှနားမလည်ဘဲ အာရုံစိုက်ခံချင်၍ လျှောက်ပြောနေသည့် တောသားတစ်ယောက်သာဖြစ်သည်ဟု သူတို့က မှတ်ယူလိုက်ကြသည်။
"အစ်မ... သူက အရမ်းရယ်ရတာပဲ။ ဆရာကြီးယောင်ခယ်ရဲ့ နည်းစနစ်က တစ်ခုခုလွဲနေသလိုပဲလို့တောင် ပြောရဲတယ်နော်"
ရှာဇီနာက သူ(မ)၏အစ်မဖြစ်သူကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ကျွန်မတို့မျိုးနွယ်စုက အဂ္ဂိရတ်ပညာရှင်ဆိုရင် ကျွန်မတို့အဖေကိုတောင် မျက်နှာသာမပေးဘူး။ ဒါပေမဲ့ ဆရာကြီးယောင်ခယ်ကတော့ အဖေ့ကိုတောင် လမ်းညွှန်ဖို့အခွင့်အရေးမပေးဘူးလေ။ ဒီလူက ဘယ်ကနေများ ဒီလောက်အထိ ယုံကြည်မှုတွေရှိနေတာလဲ"
"ငါလည်း မသိဘူး"
ရှာယန်နာသည် ကျန်းမုန့်လောင်၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်နေမိသည်။
"ဒါပေမဲ့ သူက အာရုံစိုက်ခံချင်လို့ လုပ်နေတဲ့လူနဲ့တော့ မတူဘူး။ သူက လူမသိအောင် ပုန်းအောင်းနေတဲ့ အဂ္ဂိရတ်ပညာရှင်များလား"
"ဟားဟားဟား အစ်မကတော့ တကယ်စိတ်ကူးယဉ်တတ်တာပဲ။ တကယ်လို့ သူသာ တကယ့်အဂ္ဂိရတ်ပညာရှင်ဆိုရင် အစ်မက သူ့ရဲ့အရှိန်အဝါကို ခံစားရမှာလေ။ အဲဒီလိုဆိုရင် အဖေက အစ်မကို အိုင်ရင်းနဲ့တောင် လက်ထပ်ပေးဖို့ ဝန်လေးမှာမဟုတ်ဘူး"
ရှာဇီနာက ရယ်မောလျက် ဆက်ပြောလေသည်။
"ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် အဖေက အစ်မကို အိုင်ရင်းနဲ့ မပေးစားဘဲ ဒီ'အဂ္ဂိရတ်ပညာရှင်'နဲ့ပဲ ပေးစားချင်ရင် ပေးစားနေမှာနော်"
"ဒီကောင်မလေး... အစ်မကိုတောင် နောက်ပြောင်ရဲတယ်ပေါ့။ နင့်ပါးစပ်ကို ဆွဲဖြဲပစ်ဦးမယ်"
"ဟီးဟီးဟီးဟီး..."
......
"အစ်ကိုကျန်း... သူတို့ကို ဂရုမစိုက်ပါနဲ့"
အိုင်ရင်းက ထိုလူသုံးဦးကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဖွဲ့မှာ ယခင်ကတည်းက အဆင်မပြေကြသူများဖြစ်လေရာ ကျန်းမုန့်လောင် ဘာမှမပြောလျှင်ပင် သူတို့ဘက်က ရန်စရန် နည်းလမ်းရှာကြမည်သာ။
ယခင်ကဆိုလျှင် အိုင်ရင်း သူတို့ကိုရန်စဖို့ သတ္တိရှိမည်မဟုတ်ပေ။ သူတို့သည် ဂလက်ဆီတစ်ခုတည်း မဟုတ်ကြသော်လည်း ဂလက်ဆီနှစ်ခုကြားရှိ အရှိန်အဝါရှိသူများမှာ အချင်းချင်းအဆက်အသွယ်ရှိကြပေရာ နဂါးငွေ့တန်းဂလက်ဆီထဲမှ တစ်စုံတစ်ယောက်ကို အသုံးချ၍ တစ်နည်းနည်းဖြင့် ဒုက္ခပေးလာနိုင်သည်မဟုတ်ပါလား။ မည်သူသိနိုင်မည်လော။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ချေပြီ။ အိုင်ရင်းသည် အဆင့်နှစ်မျိုးနွယ်စုပေါင်းဆယ်ခုကို ထိန်းချုပ်ထားနိုင်လေပြီ။ ထိုပိုင်ဆိုင်မှုမှာ နဂါးငွေ့တန်းဂလက်ဆီ၏ ပင်မဂြိုဟ်ပေါ်ရှိ လူအများစုပင် မယှဉ်နိုင်သော ပမာဏပင် ဖြစ်ပေသည်။ တစ်ဦးချင်းကြွယ်ဝမှုအရဆိုလျှင်လည်း အိုင်ရင်းမှာ သူတို့ကို ကျော်လွန်သွားသည်မှာ ကြာပြီဖြစ်သဖြင့် ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။
"ရပါတယ်။ သူတို့က ဘာမှနားမလည်ကြဘူးလေ။ ငါ သူတို့ကို အပြစ်မတင်ပါဘူး"
ကျန်းမုန့်လောင်က သူတို့ပြောခဲ့သည့် စကားများကိုပင် အခွင့်အရေးရသည်နှင့် ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။
"လူတိုင်းသာ ဒါကို နားလည်နေရင် အဂ္ဂိရတ်ပညာရှင်တွေဆိုတာ လမ်းဘေးက ဖုန်မှုန့်တွေလို ပေါလောနေမှာပေါ့"
"အစ်ကို တကယ် တစ်ခုခုကိုမြင်နေရတာလား"
အိုင်ရင်းက မေးလိုက်သည်။
"ဒါက အဂ္ဂိရတ်ပညာပဲလေ။ ငါတို့ဂြိုဟ်မှာဆိုရင် ဒါက ကိုးနှစ်တာမဖြစ်မနေသင်ရတဲ့ အခြေခံပညာရေးမှာ ပါပြီးသား"
ကျန်းမုန့်လောင်က အနည်းငယ်ချဲ့ကားပြောလိုက်သော်လည်း လုံးဝမှားသည်တော့ မဟုတ်ပေ။ သူ၏'ထူးရှယ်နတ်ဘုရားကျောင်းတော်'တွင်မူ အဂ္ဂိရတ်ပညာနှင့် လက်နက်သွန်းလုပ်ခြင်းမှာ ကျောင်းသားအများအပြား ရွေးချယ်ကြသည့် ဘာသာရပ်ပင်။
"ဟိုက ပင်မသတ္တုသုံးမျိုးကို ကြည့်လိုက်။ အဲ့ဒါတွေက ဖြည်းဖြည်းချင်း စတင်ပေါင်းစပ်နေပြီ။ ဒါပေမဲ့ အဲ့ဒါက ရောနှောထားရုံပဲ ရှိသေးတယ်။ လုံးဝမညီမညာဖြစ်နေတာ။ သတ္တုမော်လီကျူးတချို့က နှစ်လုံး သုံးလုံးပဲ ရှိနေပြီး တချို့ကျတော့ ငါးလုံးလောက်အထိ ဖြစ်နေတယ်။ ကွာခြားချက်က မကြီးမားဘူးလို့ ထင်ရပေမဲ့ အလုံးစုံ ပေါင်းစပ်မှုနှုန်းကို ကျဆင်းစေတယ်"
"အကြောင်းအရင်းနောက်တစ်ခုက မီးလျှံရဲ့ အပူချိန်က မမှန်ဘူး။ နောက်တစ်ခုကတော့ သူ့ရဲ့နည်းစနစ်က အရမ်းကြမ်းတမ်းနေတာပဲ။ နောက်တစ်ဆင့်ကို စတာနဲ့ ကုန်ကြမ်းတွေကို သေချာမပေါင်းစပ်ထားရင် ခံနိုင်ရည်အားက သိသိသာသာ လျော့ကျသွားလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း လုပ်ငန်းစဉ်တွေကိုတော့ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"
"အစ်ကိုကျန်းက အဂ္ဂိရတ်ပညာကို တကယ်နားလည်တာလား"
ကျန်းမုန့်လောင်၏စကားမှာ မှန်မမှန် အိုင်ရင်း မသိသော်လည်း သူ့ဝေဖန်ချက်မှာ အသေးစိတ်ကျလှပြီး တကယ်သိနားလည်သည့်ပုံစံ ပေါက်နေသဖြင့် ယုံကြည်မိလုနီးပါးပင်။
ကျန်းမုန့်လောင်သည် အဆင့်လေးသက်ရှိတစ်ဦးဖြစ်ပြီး သူ့ကြွယ်ဝမှုနှင့် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံအရဆိုလျှင် သူသည် အဂ္ဂိရတ်ပညာအချို့ကို တတ်မြောက်ထားသည်ဆိုခြင်းမှာလည်း ဖြစ်နိုင်ခြေရှိလှလေသည်။
"အဲ့လိုသဘောမျိုးပါပဲ"
စကြဝဠာမျိုးနွယ်စုများတွင် လက်နက်သွန်းလုပ်သူနှင့် ဆေးဖော်စပ်သူဟူ၍ သီးခြားခွဲခြားထားခြင်းမရှိဘဲ အားလုံးကို အဂ္ဂိရတ်ပညာဟုသာ ခေါ်ဆိုကြသည်။
သူသည် ထိုပညာရပ်နှစ်ခုလုံးတွင် ကျွမ်းကျင်သူဖြစ်ပြီး သူ့အဂ္ဂိရတ်ပညာကို ဆေးနတ်ဘုရား'ယောင်ချန်း'ထံမှ သင်ယူခဲ့ခြင်းဖြစ်ကာ လက်နက်သွန်းလုပ်ခြင်း ပညာရပ်ကိုမူ 'အိုယဲ့ကျီ'ထံမှ ရရှိခဲ့ခြင်းဖြစ်၏။ သူ့ကျန်းမာရေးနည်းစနစ်များကိုပင် 'ကာတို'မှ... အဟမ်း!
ထို့ကြောင့် ပြောရလျှင် သူသည် အလွန်အစွမ်းထက်သော အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်ပေသည်။ သူ့နည်းစနစ်များမှာ အခြားကျောင်းသားများကဲ့သို့ ဖြည်းဖြည်းချင်း သင်ယူခဲ့ရခြင်းမဟုတ်ဘဲ တိုက်ရိုက်ကူးယူထားခြင်းဖြစ်၏။
တစ်နည်းအားဖြင့်ဆိုရသော် သူ့ဆရာများမှာ မည်မျှပင် အစွမ်းထက်စေကာမူ ကျန်းမုန့်လောင်ကလည်း အတူတူပင်။ သူ့တွင် လိုအပ်သည့် ကုန်ကြမ်းများသာရှိလျှင် ဘာမဆို ဖန်တီးနိုင်သည်။
သို့သော်လည်း သူ ကူးယူထားသော အဂ္ဂိရတ်နှင့် လက်နက်သွန်းလုပ်ခြင်း နည်းစနစ်များမှာ ဤစကြဝဠာမျိုးနွယ်စု၏ စံနှုန်းများနှင့် ယှဉ်လျှင် မည်သို့ရှိမည်ကိုမူ ကျန်းမုန့်လောင်ကိုယ်တိုင်လည်း သေချာမသိပေ။
"ဆရာကြီးယောင်ခယ်က အက္ခရာတွေကို စထည့်တော့မယ်"
ပင်မသတ္တုများမှာ ပေါင်းစပ်မှု ပြီးဆုံးသွားခဲ့လေပြီ။ အရံသတ္တုများကိုလည်း လိုအပ်သလို ထည့်သွင်းထားပြီးဖြစ်၏။ ၎င်းမှာ တုတ်တံပုံစံလက်နက်တစ်ခု ဖြစ်ပုံရသည်။ အသွင်သဏ္ဌာန် ပေါ်လာခြင်းက ထိုအချက်ကို သက်သေပြနေလေသည်။
ဤသည်မှာ အဂ္ဂိရတ်ပညာ၏ အရေးကြီးဆုံးအဆင့်ဖြစ်သည့် ဝိညာဉ်သွင်းခြင်း အဆင့်ပင်။
သိုင်းလက်နက်များက အရှင်သခင်များကို စွမ်းအားပေးနိုင်ခြင်းမှာ အကြောင်းအရင်းနှစ်ခုရှိသည်။ ပထမတစ်ခုမှာ ပြင်းထန်သော ရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိသည့် ကြံ့ခိုင်မှုမျိုးရှိခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာမူ အစွမ်းထက်သော အက္ခရာများက အရှင်သခင်၏ ခွန်အား၊ အရှိန်နှင့် စကြဝဠာစွမ်းအားများကို မြှင့်တင်ပေးနိုင်ခြင်းကြောင့်ပင်။
ဤအက္ခရာများမှာ လက်နက်သွန်းလုပ်သူများက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်ပြီး နည်းပညာနှင့် သိုင်းပညာယဉ်ကျေးမှုတို့၏ ပေါင်းစပ်မှုပင်။
အဆင့်ခြောက်သိုင်းလက်နက်တစ်ခုအတွက် အက္ခရာခြောက်ခုကို ထည့်သွင်းရန် လိုအပ်ပေသည်။ အက္ခရာတစ်ခု တိုးလာတိုင်း လက်နက်၏ ကြံ့ခိုင်မှုနှင့် အရည်အသွေးအပေါ် တောင်းဆိုမှု မြင့်မားလာသလို အဂ္ဂိရတ်ပညာရှင်၏ ကျွမ်းကျင်မှုကိုလည်း စမ်းသပ်ရာရောက်သည်။
"မင်းတို့ ဆက်ကြည့်နေကြဦး။ ငါကတော့ ဂိမ်းဆော့တော့မယ်"
ကျန်းမုန့်လောင်က GBAဂိမ်းစက်လေးကို ထုတ်ပြီး ပိုကီမွန်ကို ဖွင့်လိုက်သည်။ လုပ်ငန်းစဉ်မှာ ရှည်လျားပြီး ပျင်းစရာကောင်းလှသလို လူအများကြားတွင် လျှောက်သွားနေလျှင်လည်း အဆင်မပြေလှသဖြင့် ဂိမ်းဆော့ရန်သာ ဆုံးဖြတ်လိုက်သည်။
"အစ်ကိုကျန်း အစ်ကို မကြည့်တော့ဘူးလား။ ဒါက တကယ့်ရှားပါးအခွင့်အရေးကြီးနော်"
"ကြည့်စရာ သိပ်မရှိပါဘူး"
ကျန်းမုန့်လောင်က ဆို၏။
"သူ့ရဲ့လက်နက်အမြုတေပေါင်းစပ်မှုက စံမမီဘူး။ ကြံ့ခိုင်မှုကလည်း အကန့်အသတ်ရှိတယ်။ အက္ခရာလေးလုံး ဒါမှမဟုတ် ငါးလုံးလောက်ရဲ့ စွမ်းအားကိုပဲ တောင့်ခံနိုင်လိမ့်မယ်။ အဲ့ဒီထက် ပိုလို့မရဘူး"
"အစ်ကိုက အဲ့ဒါကိုပါ အတပ်ပြောနိုင်တာလား"
ဤခန့်မှန်းချက်မှာ ရိုးရိုးပြောဆိုခြင်းမဟုတ်ပေ။ ကျန်းမုန့်လောင် ဆိုလိုသည်မှာ ဆရာကြီးယောင်ခယ် ကျရှုံးနိုင်သည်ဟူ၍ပင်။
လောင်းကြေးဆန်သော အချက်အချို့ပါဝင်နေသော်လည်း အကယ်၍ တကယ်သာ ကျရှုံးသွားခဲ့လျှင် ကြီးမားသော ဆုံးရှုံးမှုများ ပေါ်ပေါက်လာမည့်အပြင် ဆရာကြီးယောင်ခယ်၏ ဂုဏ်သိက္ခာလည်း ထိခိုက်သွားနိုင်ပေသည်။
"အချိန်တန်ရင် မင်း သိလာမှာပါ"
"ကျစ်... လျှောက်ပြောနေတော့တာပဲ... ဆရာကြီးက လူအများရှေ့မှာ သွန်းလုပ်ပြရဲတယ်ဆိုရင် သူ့ဘက်က ရာနှုန်းပြည့်သေချာနေလို့ပေါ့"
"သူကတော့ သူ့ကိုယ်သူ လက်နက်သွန်းလုပ်သူများ မှတ်နေလားမသိဘူး"
"သူသာ တကယ် ခန့်မှန်းနိုင်မယ်ဆိုရင် ငါ ဂျွမ်းထိုးပြီး ခေါင်းလျှော်ပြမယ်"
"ငါကတော့ ဒီနေရာမှာတင် အဝတ်ဗလာနဲ့ ပြေးပြမယ်"
"ဟားဟားဟား.. အဲ့ဒါဆိုရင် ငါက ငါးဖမ်းပိုက်ဒီဇိုင်း အသားကပ်ခြေအိတ် ဝတ်ပြမယ်"
စကြဝဠာမျိုးနွယ်စုများတွင်ပင် အာမခံချက်အကြီးကြီးများ ပေးတတ်ကြသည့် အလေ့အထမျိုး ရှိနေဆဲပင်။ ကျန်းမုန့်လောင်၏ ဆုံးဖြတ်ချက်မှာ ခီရာဒယ်တို့အတွက်မူ ရယ်စရာကောင်းလောက်အောင် အဓိပ္ပာယ်မရှိလှပေ။
မင်းက ဒီလောက်တော်နေရင် ဘာလို့ ဟိုးအပေါ်မှာ မရှိနေတာလဲ။
"မင်းတို့မျိုးနွယ်စုမှာ ငါးဖမ်းပိုက်ဒီဇိုင်းခြေအိတ်တွေ ရှိလို့လား"
ကျန်းမုန့်လောင်က ခေါင်းယမ်းလျက် ထပ်ပြောလိုက်၏။
"တချို့လူတွေကတော့ ပုံမှန်ဆိုရင် မလုပ်ရဲတဲ့ ကိစ္စတွေကို လုပ်ဖို့အတွက် ဒီလို အဓိပ္ပာယ်မရှိတဲ့ လောင်းကြေးတွေကို ဆင်ခြေအနေနဲ့ အမြဲအသုံးချတတ်ကြတယ်"
"ဟားဟားဟား"
အိုင်ရင်းမှာ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။ ကျန်းမုန့်လောင်၏ စကားများမှာ တကယ်ထိမိလှပေသည်။
ရှာယန်နာ၏ ညီအစ်မနှစ်ယောက်လည်း ပါးစပ်ပိတ်၍ ရယ်သံထွက်မလာအောင် အောင့်ထားကြရသည်။ ကျန်းမုန့်လောင်မှာ တကယ်စိတ်ဝင်စားစရာကောင်းလှသည်။
"ကာဗွန်အခြေခံသက်ရှိအချင်းချင်း မလှည့်စားဖို့ မျှော်လင့်ပါတယ်။ အချိန်တန်ရင် မင်းတို့ပြောခဲ့တဲ့ စကားတွေကို တည်ကြမယ်လို့လည်း မျှော်လင့်ပါတယ်"
*****************
အခန်း ၈၃၆ - မင်းလုပ်နိုင်ရင် မင်းပဲလုပ်လိုက်လေ
စကြဝဠာရက်သုံးရက်ဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သော်လည်း ကြည့်ရှုသူဦးရေမှာမူ လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုတိုးပွားလာခဲ့သည်။ လူအုပ်ကြီးကို လက်ခံနိုင်ရန်အတွက် စီစဉ်သူများမှာ အဆောက်အအုံကိုပင် ယာယီတိုးချဲ့ခဲ့ရသည်။
စောစီးစွာရောက်ရှိလာသူများမှာ မိမိကိုယ်ကို အလွန်ကံကောင်းသည်ဟု မှတ်ယူကြပြီး နောက်ကျမှ ရောက်လာသူများမှာမူ ဤသည်မှာ တစ်သက်တွင် တစ်ခါသာ ကြုံရခဲသော အခွင့်အရေးဖြစ်သဖြင့် နောင်တများဖြင့် ပြည့်နှက်နေကြရှာ၏။
သို့သော်လည်း လူအုပ်ကြီးထဲတွင် ကျန်းမုန့်လောင်တစ်ဦးတည်းသာ ထူးထူးခြားခြား ထင်းထွက်နေခဲ့သည်။ သူသည် ပိုကီမွန်ဂိမ်းဆော့ပြီးနောက် ဇဲလ်ဒါဆော့ရန် ခလုတ်ကို ထုတ်လိုက်ပြီး ဇဲလ်ဒါဆော့ပြီးသည့်အခါတွင်လည်း Honor of Kings၏ အော့ဖ်လိုင်းမုဒ်ကိုကစားရန် ဖုန်းထုတ်လိုက်ပြန်သည်။
ဤကဲ့သို့သော ခေတ်မမီတော့သည့် ဖျော်ဖြေရေးကိရိယာများကိုကြည့်ရင်း အိုင်ရင်းခမျာ ကျန်းမုန့်လောင် အဘယ်ကြောင့် ဤမျှပျော်ရွှင်နေရသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေချေသည်။
ကျန်လူများမှာမူ သူ့ကိုကြည့်၍ အံတင်းတင်းကြိတ်ထားကြသည်။ လူအမြောက်အများမှာ ဤအခွင့်အရေးကို လိုချင်လွန်းသော်လည်း မရကြပါချေ။ သူကမူ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေလေသည်။
ဤရက်ပိုင်းအတွင်း အဂ္ဂိရတ်ပညာရှင်များမှာ အတွေ့အကြုံများစွာ ရခဲ့ကြသည်။ မည်မျှအဖိုးတန်သော ဗီဒီယိုနှင့် စာအုပ်များဖြစ်ပါစေ ဤလက်တွေ့ပြသမှုကို ကြည့်ရှုရသလောက်တော့ အဓိပ္ပာယ်မရှိပါချေ။
ယခုအချိန်တွင် ဆရာကြီးယောင်ခယ်မှာ အလွန်အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူသည် အက္ခရာလေးလုံးကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီး ရွှေအိုရောင် တုတ်တံကြီးဆီမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ရှော့ခ်မျိုးနွယ်စု၏ အရှင်သခင်ကလည်း မျက်လုံးဖွင့်လိုက်ပြီး ထိုတုတ်တံကြီးကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ သူသည် ဤကုန်ကြမ်းများအတွက် အဖိုးတန်လှသော အရာများစွာ ပေးဆပ်ခဲ့ရသည်ဖြစ်ရာ ယခုအခါ သူ့တွင် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ငှားရမ်းရန် ပိုင်ဆိုင်မှုများ မကျန်တော့ပေ။
သို့သော် ရှောင်လွှဲ၍မရနိုင်သောအဆုံးအဖြတ်တိုက်ပွဲကလည်း နီးကပ်နေပြီဖြစ်သဖြင့် သူ့ထံတွင် ပစ္စည်းဥစ္စာများ ပြန်လည်စုဆောင်းရန် အချိန်မရှိတော့ဘဲ ဆရာကြီးယောင်ခယ်အပေါ်တွင်သာ မျှော်လင့်ချက်အားလုံး ပုံအောထားရသည်။
သူ့အတွက်မူ ဤတစ်ကြိမ်တွင် ကျရှုံး၍ လုံးဝမဖြစ်ပါချေ။
အက္ခရာလေးလုံးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သောကြောင့် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဟုန်းဟုန်းတောက်နေခဲ့သည်။ ဆရာကြီးယောင်ခယ်မှာ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် အနီးစပ်ဆုံးလူတစ်ဦးပင်။
ဆရာကြီးယောင်ခယ်ကို ကြည့်လိုက်သောအခါ ဆရာကြီးမှာ လုံးဝစိတ်အေးသွားသည့်ပုံစံမျိုး မရှိပါဘဲ နဖူးထက်တွင် ချွေးစက်များပင် ထွက်နေကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို သွန်းလုပ်ရန် သူ့အတွက်ပင် မလွယ်ကူကြောင်း ပြသနေပေသည်။
"ဂျွတ်"ခနဲ အသံလေးတစ်သံမှာ တုတ်တံကြီးအတွင်းမှ ထွက်ပေါ်လာသော်လည်း မည်သူမှ သတိမပြုမိလိုက်ပေ။ ဤသည်မှာ တုတ်တံ၏ကုန်ကြမ်းက ပဉ္စမမြောက်အက္ခရာ၏ စွမ်းအားကို မခံနိုင်တော့ခြင်းပင်။
ဤအချိန်တွင် ကျန်းမုန့်လောင်က ဂိမ်းစက်ကိုချပြီး ဆိုလာလေသည်။
"ပြီးတော့မယ်။ သွားဖို့ ပြင်ထားကြတော့"
"သွားမယ်။ ဘယ်ကိုလဲ.. အခုမှ တစ်ဝက်ပဲ ရှိသေးတာကို"
အိုင်ရင်းက နားမလည်နိုင်ဟန်ဖြင့် ကျန်းမုန့်လောင်ကို ကြည့်၍ မေးလိုက်သည်။
"ငါ ပြောသားပဲ။ သူ့ရဲ့ ကုန်ကြမ်းပေါင်းစပ်မှုက မလုံလောက်ဘူး။ အလုံးစုံကြံ့ခိုင်မှုကလည်း ခံနိုင်မှာမဟုတ်ဘူး။ အက္ခရာလေးလုံးက သူ့ရဲ့အကန့်အသတ်ပဲ။ ဒီတစ်ခါ သွန်းလုပ်မှုကတော့ ကျရှုံးသွားပြီ။ ငါတို့ တခြားနေရာကို သွားလေ့လာလို့ရပြီ"
ရှာယန်နာညီအစ်မနှစ်ဦးမှာမူ ကျန်းမုန့်လောင်ကို အံ့သြတကြီး ကြည့်နေကြသည်။ အခြားသူများ သတိမထားမိသော အရာကို သူက အဘယ်ကြောင့် ခံစားမိနေလေသလဲ။
အကယ်၍ ပြဿနာရှိနေလျှင် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်အဆင့်နှင့် အနီးစပ်ဆုံးဖြစ်သော ဆရာကြီးယောင်ခယ်က ဘာကြောင့် မသိဘဲနေပါမည်နည်း။
"ဟားဟားဟား.. မင်းက ကိုယ့်ကိုယ်ကိုယ် ဆရာကြီးများ မှတ်နေသလား။ ဒါမှမဟုတ် အနာဂတ်ဟောတဲ့လူလား"
"ဟုတ်ပါရဲ့... ဆရာကြီးက ပဉ္စမမြောက်အက္ခရာကို ထည့်သွင်းဖို့ အာရုံစိုက်နေတုန်းပဲရှိသေးတာ။ ပြဿနာရှိရင် သူ ချက်ချင်းသိမှာပေါ့"
"အိုင်ရင်း မင်း ဘယ်လိုသူငယ်ချင်းမျိုးနဲ့ ပေါင်းနေတာလဲ။ ငါ မင်းကို အကြံပေးချင်တယ်..."
"ဖြောက်"
ဤတစ်ကြိမ်တွင်မူ အခန်းထဲရှိလူတိုင်း သတ္တုအက်ကွဲသံကို ကြားလိုက်ရလေသည်။
လူတိုင်း အံ့အားသင့်နေကြစဉ်အတွင်း ရွှေအိုရောင်တုတ်တံကြီးပေါ်တွင် သိသာထင်ရှားသော အက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး တစ်ချောင်းလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
"သွားပြီ။ ကျရှုံးသွားပြီ"
ရှော့ခ်စကြာဝဠာ အင်ပါယာအရှင်သခင်ခမျာ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ ကုန်ကြမ်းများ ဆုံးရှုံးသွားခြင်းသာမက ရှေ့လာမည့်တိုက်ပွဲတွင်လည်း သူ ကျဆုံးတော့မည်ဖြစ်ကြောင်း ကြိုတင်နိမိတ်ပြလိုက်ခြင်းပင်။
"ဝုန်း"
ပူပြင်းလှသော သတ္တုအပိုင်းအစများမှာ မီးဖိုထဲသို့ ပြုတ်ကျသွားပြီး ဆရာကြီးယောင်ခယ်လည်း စိတ်ပျက်အားငယ်လေဟန် အသွင်ဖြင့် ကြည့်နေခဲ့သည်။
သူ့ကို အပြင်လူများက အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်နှင့် အနီးစပ်ဆုံးဟု ခေါ်နေကြသဖြင့် သူကိုယ်တိုင်ပင် ယုံကြည်ခဲ့မိသည်။ ထို့ကြောင့် ဤစိန်ခေါ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင်မူ သူသည် အဆင့်ခြောက်သို့ ရောက်ရှိရန် နောက်ထပ် နှစ်ပေါင်းထောင်ချီ လိုသေးကြောင်း သိသွားခဲ့ရချေ၏။
"ဟင်း..."
သူ့ခမျာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်လေသည်။ သူ့အသက်ရှူသံနှင့် ခြေလှမ်းများကလည်း မမှန်တော့ဘဲ ဤသွန်းလုပ်မှုက သူ့အင်အားများကို မည်မျှအထိ ကုန်ခမ်းသွားစေသလဲဆိုသည်မှာ သိသာလှ၏။
"တွေ့လားဟ ငါ ပြောသားပဲ.. မင်းတို့ဘာသာ မယုံကြတာ"
ကျန်းမုန့်လောင်က ခီရာဒယ်တို့ကို ကြည့်ပြီး ထပ်ပြောလေ၏။
"တစ်ယောက်က အဝတ်ဗလာနဲ့ ပြေးမယ်လို့ပြောတယ်။ တစ်ယောက်က အကကမယ်ပြောတယ်။ နောက်တစ်ယောက်ကလည်း ဂျွမ်းထိုးပြီး ခေါင်းလျှော်မယ်လို့ ပြောထားတယ်နော်။ ကဲ... ဘယ်သူ အရင်စလုပ်မှာလဲ"
သူတို့ သုံးယောက်လုံး မျက်နှာများနီရဲသွားပြီး ဘာမှပြန်မပြောနိုင်တော့ပေ။ ကျန်းမုန့်လောင်၏ ခန့်မှန်းချက်မှာ မှန်သွားပြီး ဆရာကြီးယောင်ခယ်လည်း ကျရှုံးသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
"ဟင်း... တကယ်လည်း မလုပ်ကြဘဲနဲ့ မင်းတို့သုံးယောက်ကတော့ တကယ့် သူရဲဘောကြောင်တဲ့ကောင်တွေပဲ"
"အစ်ကိုကျန်း ဒါက တကယ်ပျက်စီးသွားတာလား"
အိုင်ရင်းမှာ ဆရာကြီးအတွက်သာမက အဆင့်ငါးမျိုးနွယ်စုအခုနှစ်ဆယ်ခန့်၏ တန်ဖိုးကြီးကုန်ကြမ်းများအတွက်ပါ နှမြောတသသဖြစ်နေမိသည်။
"တော်တော်များများတော့ ပျက်သွားပြီ"
"တော်တော်များများဆိုတာ ဘာကိုဆိုလိုတာလဲ"
"ပျက်တော့ ပျက်သွားပြီ။ ဒါပေမဲ့ လုံးဝကြီးတော့ မဟုတ်သေးဘူး။ ကုန်ကြမ်းတွေက လုံးဝအေးစက်ပြီး ခဲမသွားသေးသရွေ့တော့ ပြန်ပြုပြင်လို့ရဦးမယ်ထင်တယ်"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"အပူချိန်ကိုထပ်မြှင့်ပြီး ပြန်အရည်ဖျော်မယ်။ ပြီးရင် အရည်ပျော်နှုန်းကို အကောင်းဆုံးအချိုးအစားဖြစ်အောင် ပြန်ညှိမယ်ဆိုရင်တော့ နောက်တစ်ခါ ထပ်ကြိုးစားကြည့်လို့ ရနိုင်တယ်"
"အက်ကွဲသွားတဲ့ လက်နက်အမြုတေကို ပြန်သွန်းလုပ်လို့ ရတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး"
"ဟုတ်ပါရဲ့။ ဒါက အဂ္ဂိရတ်ပညာရဲ့ အခြေခံဗဟုသုတလေ။ မင်း တကယ်ရော နားလည်လို့လား။ မင်းဘာသာ ကံကောင်းလို့ မှန်သွားတာကို အခု သက်သက်လျှောက်ပြောနေတာ မဟုတ်လား"
"မင်း ဒီလောက်တောင် သိနေတယ်ဆိုရင် မင်းပဲ လုပ်လိုက်ပါတော့လား"
"မင်းတို့က ငါ့ကို တကယ်လုပ်စေချင်တာလား"
ကျန်းမုန့်လောင်က အတည်ပြုလိုက်သည်။
"ဘယ်သူမဆို ကြွားလို့ရတာပဲ။ ဒါပေမဲ့ မင်းသာ အဲ့ဒီကုန်ကြမ်းတွေကို တကယ် ပြန်ကယ်တင်နိုင်မယ်ဆိုရင် ငါတို့ မင်းကို ဆရာသခင်လို့ အသိအမှတ်ပြုမယ်"
"မင်းတို့ရဲ့ချီးကျူးမှုက ငါ့အတွက် ဘာမှ တန်ဖိုးမရှိပေမဲ့လည်း..."
ကျန်းမုန့်လောင်က ပြုံးလျက် ဆက်ပြောလေ၏။
"ဒီလောက်ကုန်ကြမ်းအများကြီး အလဟဿဖြစ်သွားမှာတော့ နှမြောစရာကြီး။ သေချာကြည့်ထားကြ။ တကယ့်ပညာရှင်ဆိုတာ ဘယ်လိုမျိုးမှန်း ပြပေးမယ်"
"အစ်ကိုကျန်း အစ်ကိုက..."
အိုင်ရင်းမှာ အံ့အားသင့်သွားလေသည်။ ကျန်းမုန့်လောင်သည် အဂ္ဂိရတ်ပညာကို တကယ်သိနေလေသလော။ အဆင့်တစ်မျိုးနွယ်စုမှ လာပြီး ဤမျှချမ်းသာကြွယ်ဝခြင်းကပင် မယုံနိုင်စရာကောင်းနေလေပြီ။
ဤအဆင့်မြင့်ပညာရပ်များကိုလည်း တကယ်တတ်မြောက်ထားလေသလော။
"တောင်းပန်ပါတယ် အရှင်.. ကျွန်တော် ရှုံးနိမ့်သွားပါပြီ"
ဆရာကြီးယောင်ခယ်က ရှော့ခ်မျိုးနွယ်စု အရှင်သခင်ကို တောင်းပန်လိုက်လေ၏။
"ကိစ္စမရှိပါဘူး"
အရှင်သခင်က ခါးသက်သက်ပြုံးပြီး ပြောလိုက်သည်။
"ဒါဟာ လောင်းကစားတစ်ခုဆိုတာ ငါသိပြီးသားပါ။ ကျရှုံးနိုင်တယ်ဆိုတာကိုလည်း ကြိုတွေးထားပြီးသား။ ဒါက ငါ့ကံကြမ္မာပဲထင်ပါရဲ့"
"ဒီကလူကြီးမင်းနှစ်ယောက်..ကျွန်တော် ခဏလောက် ဖြတ်ပြောလို့ ရမလား"
ရုတ်တရက်ထွက်ပေါ်လာသော လူငယ်လေးကြောင့် လူတိုင်း လန့်သွားကြသည်။
ဒါက ဘာဖြစ်တာလဲ။ သူက ဘာကြောင့် အခုမှ ထွက်လာရတာလဲ။
"ဒီကုန်ကြမ်းတွေကို ကျွန်တော် သုံးလို့ရမလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မင်းက..."
အဆင့်ငါးမျိုးနွယ်စု၏ အုပ်ချုပ်သူမှာ ကျန်းမုန့်လောင်၏ အမှတ်မထင်လုပ်ရပ်ကြောင့် ကြောင်အသွားသည်။
သူက ဒါတွေကို ဘာလုပ်မလို့လဲ။ အဟောင်းဆိုင်မှာ သွားရောင်းမလို့လား။
ကျရှုံးသွားသည်ဆိုစေကာမူ ဤကုန်ကြမ်းများကို ပြန်ရောင်းလျှင် အဆင့်ငါးမျိုးနွယ်စု တစ်ခု သို့မဟုတ် နှစ်ခုစာလောက် တန်ဖိုး ရှိသေးသည်။
"ကျွန်တော် အပေါ်ကနေ ကြည့်နေတာ ကြာပြီ။ တစ်ခုခုတော့ ဝင်ပြောချင်လို့ပါ"
ကျန်းမုန့်လောင်က ဆိုသည်။
"တချို့လူတွေက ကျွန်တော့်ကို မယုံကြဘူးလေ။ သူတို့က ကျွန်တော် တကယ်တော်ရင် စမ်းကြည့်ပါလားလို့ ပြောကြလို့ ဒီကိုရောက်လာတာပါ"
"မင်းက ဒီတာအိုလက်နက်ကို ဆက်သွန်းလုပ်ချင်တယ်လို့ ပြောတာလား"
ဆရာကြီးယောင်ခယ်က နားလည်သွားပုံရသည်။
"လူငယ်လေး.. လာနောက်ပြောင်နေလို့ မင်းကို အရှင်သခင်က သတ်ပစ်မှာမကြောက်ဘူးလား"
"ရပါတယ်"
အားလျော့နေရှာသော အရှင်သခင်မှာမူ ဘာခံစားချက်မှမပါဝင်ဘဲ ပြောလိုက်လေသည်။
"ဒါတွေကို မင်းပဲ ယူလိုက်တော့။ ဒီကို တက်လာရဲတဲ့ သတ္တိရှိတာကတင် မင်းက ရဲစွမ်းသတ္တိရှိတဲ့လူဆိုတာ ပြသနေတာပဲ။ ငါ့ရဲ့ အဆုံးသတ်ချိန်သာ မနီးကပ်သေးရင် မင်းကို ငါကိုယ်တိုင် သိုင်းပညာလေ့ကျင့်ပေးမိမှာ"
"ကျွန်တော် ဒါတွေကို မလိုချင်ပါဘူး။ ဒီတိုင်းအလဟဿဖြစ်သွားမှာ နှမြောလို့ပါ"
ကျန်းမုန့်လောင်က ပြောလေသည်။
"လူကြီးမင်း ဒီမှာ ခဏထိုင်စောင့်နေပါ။ ကျွန်တော် လိမ္မော်သီးတစ်အိတ်သွားဝယ်လိုက်ဦးမယ်။ ပြီးရင် ဒါကို အပြီးသတ် သွန်းလုပ်ပြီး လူကြီးမင်းကို လက်ဆောင်ပေးပါ့မယ်"
ကျန်းမုန့်လောင်သည် ဆရာကြီးယောင်ခယ်ရပ်နေသည့် နေရာသို့ လျှောက်သွားလိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်သောအခါ ခရမ်းရောင်သန်းနေသည့် မီးလျှံတစ်ခု ဟုန်းခနဲ တောက်လောင်လာလေသည်။ ထိုအရာမှာ ဆရာကြီးယောင်ခယ်၏ ကြယ်တာရာမီးလျှံထက် အဆပေါင်းများစွာ ပိုပူပြင်းလှပေသည်။
"ဒါက..."
ရှော့ခ်အင်ပါယာအရှင်သခင်နှင့် ဆရာကြီးယောင်ခယ်တို့၏ မျက်နှာများမှာ ချက်ချင်းအေးခဲသွားလေတော့သည်။
**************
အခန်း ၈၃၇ - ဆရာ ကျွန်တော် ဆေးချထားတာ မဟုတ်ဘူးနော်
၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်မီးတောက်တစ်ခုပင်။ ထိုမီးတောက်ထဲတွင် နဂါးပုံသဏ္ဌာန် သတ္တဝါကိုးကောင်၏ အရိပ်အယောင်များ အဆက်မပြတ် လည်ပတ်နေသည်ကို ဝိုးတဝါးမြင်တွေ့နိုင်ပြီး အတက်အကျဖြစ်နေသော ဟိန်းဟောက်သံများကိုပင် ကြားနေရသည်။
ချက်ချင်းဆိုသလိုပင် ဆေးဖော်စပ်ရာနယ်မြေပတ်လည်တွင် မျက်စိဖြင့်မမြင်နိုင်သော အကာအကွယ်အတားအဆီးတစ်ခု ပေါ်လာပြီး အတွင်းဘက်ရှိ အပူချိန်ကို ပိတ်ဆို့တားဆီးလိုက်သည်။ ဤသည်မှာ အဆောက်အအုံ၏ အလိုအလျောက်ကာကွယ်ပေးသော စနစ်ဖြစ်ပြီး အပူချိန်က သတ်မှတ်ထားသော အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ပွင့်လာခြင်းပင်။
ဤသည်မှာ ဤမီးတောက်၏ အပူချိန်သည် ယခင်က သခင်ကြီးယောင်ခယ် ဖန်တီးခဲ့သော မီးတောက်ထက် များစွာပိုပြင်းထန်ကြောင်း ပြသနေပေသည်။
"အဲ့ဒါ နဂါးတွေလား"
ဗဟုသုတကြွယ်ဝလှသော စကြာဝဠာအင်ပါယာအရှင်သခင်က မီးတောက်ထဲရှိ နဂါးကိုးကောင်ကို စိုက်ကြည့်နေချေသည်။ နဂါးဆိုသည်မှာ စကြာဝဠာထဲရှိ ရှေးဟောင်းသတ္တဝါတစ်မျိုးဖြစ်ပြီး အလွန်မာနကြီးကာ လူသားများထက်မနိမ့်ကျသော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည့်အပြင် များစွာပိုမိုသန်မာသော ခန္ဓာကိုယ်နှင့် စွမ်းအားများကိုပါ ပိုင်ဆိုင်ထားကြသည်။
နဂါးတစ်ကောင် အရွယ်ရောက်လာသည်နှင့် တစ်ပြိုင်နက် စကြာဝဠာထဲရှိ ရှားပါးလှသော ပါရမီရှင်သတ္တဝါသုံးမျိုးထဲမှ တစ်မျိုးဖြစ်သည့် အဆင့်ခြောက်သက်ရှိတစ်ရပ် ဖြစ်လာသည်။ အရွယ်ရောက်ပြီးသော နဂါးတစ်ကောင်သည် ကြယ်တာရာစွမ်းအင်များကို စားသုံးပြီး သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်လည်း သက်ရှိအားလုံး ပျက်စီးပြုန်းတီးသွားရစမြဲသာ။
စကြာဝဠာတစ်ခွင်လုံးတွင် နဂါးအကောင်ရေ ထောင်ဂဏန်းသာ ရှိသည်ဟုဆိုကြပြီး နဂါးတော်တော်များများမှာ သူတို့ဘဝတစ်လျှောက်လုံးတွင် အခြားနဂါးတစ်ကောင်နှင့် ဒုတိယအကြိမ် ဆုံတွေ့ခွင့်မရကြပေ။ ဤမျှမြင့်မြတ်ပြီး စွမ်းအားကြီးမားသော သတ္တဝါများမှာ ဤမီးတောက်ထဲတွင် တည်ရှိနေကြပေသည်။
"ဆရာကြီးယောင်ခယ်.. ဒါက ဘယ်လိုမီးတောက်ကြီးလဲ"
"ဒီလိုမျိုး ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး"
ဆရာကြီးယောင်ခယ်ခမျာ အလွန်အံ့အားသင့်နေတော့သည်။
"စကြာဝဠာထဲက အတောက်ပဆုံးအဆင့်ကြယ်တစ်လုံးတောင် ဒီလောက်မြင့်တဲ့ အပူချိန်ကို မထုတ်လွှတ်နိုင်ဘူး။ ဒီမီးတောက်ထဲမှာ ပါဝင်နေတဲ့ စွမ်းအားက ကြယ်တစ်လုံးရဲ့စွမ်းအားထက် မနိမ့်ကျဘူးလို့ ကျွန်တော်ခံစားရတယ်"
"ကျွန်တော့်မှာ ရူးသွပ်တဲ့အတွေးတစ်ခုရှိတယ်"
ဆရာကြီးယောင်ခယ်က ဆက်ပြောသည်။
"သူက ကြယ်တစ်လုံးရဲ့စွမ်းအင်ကို ဒီမီးတောက်လုံးလေးထဲကို ဖိသိပ်ထည့်ထားတာများလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စကြာဝဠာအင်ပါယာအရှင်သခင်က ပြန်လည်ချေပလိုက်သည်။
"ငါတောင် ဒီလိုစွမ်းအားမျိုးကို မထိန်းချုပ်နိုင်ဘူး။ အဆင့်ခုနစ်သက်ရှိတစ်ယောက်တောင် အဲ့ဒီလိုမလုပ်နိုင်သေးဘူး"
"ခန့်မှန်းကြည့်တာပါ။ တခြားဘယ်လိုဖြစ်နိုင်ခြေကိုမှ စဉ်းစားလို့မရတော့ဘူး"
ဆရာကြီးယောင်ခယ်က ဆိုသည်။
"ကျွန်တော့်ဆရာဆီမှာတောင် ဒီလောက်စွမ်းအားကြီးတဲ့ မီးတောက်တွေ မရှိဘူး"
ဆရာကြီးယောင်ခယ်၏ ဆရာအကြောင်း ပြောလိုက်သောအခါ ဤအဆင့်ခြောက် သက်ရှိ၏ မျက်တောင်များပင် တဆတ်ဆတ်တုန်လှုပ်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဤလူငယ်လေးက ဆရာကြီးယောင်ခယ်၏ ဆရာထက်ပင် ပိုကြောက်စရာကောင်းနေလေသလား။
သို့သော် သူ့သက်ရှိရောင်ဝါမှာ စကြာဝဠာနှစ်နှစ်ဆယ်ပင် မပြည့်သေးပေ။
ဒါက ဘယ်လိုတောင် ထူးဆန်းနေတာလဲ။
ယခုအခါ ကျန်းမုန့်လောင်သည် သတ္တုအပိုင်းအစများကို မီးဖိုထဲမှ ပြန်ခွဲထုတ်လိုက်ပြီဖြစ်၏။ မီးဖိုကပင် နဂါးကိုးကောင်မိုးကြိုးမီးတောက်၏ အပူချိန်ကို မခံနိုင်တော့ဘဲ အရည်ပျော်ကျလာပြီး အလယ်ဗဟို၌ တောက်လောင်နေသော မီးတောက်ကြီးကိုသာ ချန်ရစ်ထားခဲ့သည်။
သတ္တုအပိုင်းအစများမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် လျင်မြန်စွာ အရည်ပျော်ကျလာပြီး အရည်အိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သတ္တုကို ပြန်အရည်ကျိုခြင်းမှာ အစပိုင်း ကျိုချက်ခြင်းထက် များစွာပိုခက်ခဲသော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ အိုယဲ့ဇီထံမှ ရရှိထားသော လက်နက်ဖန်တီးခြင်းပညာရပ်၏ ဗဟုသုတများကြောင့် ကျန်းမုန့်လောင်ကတော့ အလွန်သက်သောင့်သက်သာ ရှိပုံရသည်။
"အဆင်မပြေသေးဘူး။ သတ္တုအက်တမ်တွေရဲ့ အပူလှုပ်ရှားမှုက နှေးနေတုန်းပဲ။ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုကိုရဖို့ဆိုရင် အနည်းဆုံး နာရီပိုင်းလောက်တော့ အချိန်ယူရလိမ့်မယ်"
ကျန်းမုန့်လောင်က အလျင်အမြန် သုံးသပ်လိုက်သည်။
သူက အခြားလက်တစ်ဖက်ကို ဆန့်တန်းလိုက်လေရာ ယခုတစ်ကြိမ်တွင်မူ ယခင်ကထက်ပင် အပူချိန်ပိုမြင့်မားသည့် မိုးပြာရောင်မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့သည်။
နဂါးကိုးကောင်မိုးကြိုးမီးတောက်မှာ ထူးဆန်းသော မီးတောက်များစာရင်းတွင် အဆင့်၁၂နေရာ၌ ရပ်တည်နေပြီး သန့်စင်ကြာပန်းနတ်ဆိုးမီးတောက်မှာမူ အဆင့်သုံးနေရာတွင် ရှိသည်။
ဤဒုတိယမြောက်မီးတောက် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်အပူချိန်မှာ နှစ်ဆထက်မက မြင့်တက်သွားပြီး အပူတားဆီးသော အကာအကွယ်အတားအဆီးမှာပင် အပြာရောင်သန်းသွားလေသည်။
"သူ့ဆီမှာ ဒီလောက်စွမ်းအားကြီးတဲ့ ကြယ်တာရာမီးတောက်နှစ်ခုတောင် ရှိနေတာလား"
"သူ ဘယ်ကနေရလာတာလဲ။ အဂ္ဂိရတ်ပညာရှင်သခင်ကြီးတွေကြားထဲမှာတောင် အဲ့ဒါမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး။ ပြီးတော့ သူက လူပုမျိုးနွယ်ဝင်နဲ့လည်း မတူပါဘူး"
"ကောင်းကင်ဘုံက ငါ့ကို မစွန့်ပစ်သေးတာများလား"
စကြာဝဠာအင်ပါယာအရှင်သခင်မှာမူ မျှော်လင့်ချက်များ ရုတ်တရက်ပြန်လည်ရှင်သန်လာသလို ခံစားလိုက်ရသည်။
...
"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"
ဤအချိန်တွင် အံ့သြမှင်အတက်ဆုံးဖြစ်နေသူများမှာ ကျန်းမုန့်လောင်နှင့်အတူ ရောက်လာကြသူများပင်။
သူ့မီးတောက်များကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းအရ ကျန်းမုန့်လောင်သည် သံသယဖြစ်ဖွယ်မရှိလောက်အောင် စွမ်းအားကြီးမားသော ဆေးပညာရှင်တစ်ဦးဖြစ်ပြီး သူ့စွမ်းရည်များမှာ ဆရာကြီးယောင်ခယ်ကိုပင် ကျော်လွန်နေနိုင်သည်။
ဤမျှ အံ့မခန်းတော်သူတစ်ယောက်အတွက် ယောင်ခယ်ကို အကဲဖြတ်ပေးခြင်းမှာ ဘာများမှားနေလေသလဲ။
ဒါက သူ့ကို အလေးထားကြောင်း ပြနေတာပဲလေ။
"အိုင်းရင်း.. သူက မင်းရဲ့သူငယ်ချင်းလား"
ဤအခိုက်အတန့်တွင် ကီရာဒယ်တို့သုံးယောက် အိုင်းရင်းအပေါ်ထားရှိသော သဘောထားမှာ လုံးဝပြောင်းလဲသွားသည်။
အကယ်၍ ကျန်းမုန့်လောင်သည် ဆရာကြီးယောင်ခယ်ထက် ပိုစွမ်းအားကြီးပါက အနည်းဆုံး အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သည်ဟု ဆိုလိုပြီး အဆင့်ခြောက်ပင် ဖြစ်နေနိုင်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အဆင့်ငါးမျိုးနွယ်စုများတွင် အလွန်လေးစားကြည်ညိုခံရသည်။
အိုင်းရင်းသည် လေလွင့်နေသူတစ်ဦးဖြစ်လင့်ကစား ထိုသို့သောလူတစ်ဦးနှင့် သိကျွမ်းခြင်းမှာ သူ့အဆင့်အတန်းကို သိသိသာသာ မြင့်တက်သွားစေနိုင်သည်။
သူတို့သည် အဂ္ဂိရတ်ပညာရှင်အရှင်သခင်တစ်ဦး၏ သူငယ်ချင်းကို စော်ကားမိသွားကြောင်း သူတို့မိသားစုသာ သိသွားပါက ခြေထောက်ရိုက်ချိုးခံရရုံသာမက အခြားမျိုးနွယ်စုများကိုပါ ပြည်နှင်ဒဏ်ပေးခံရနိုင်သည်။
"အဓိပ္ပာယ်မရှိတာ"
အိုင်းရင်းမှာ အဆုံးတွင်မူ တရားမျှတမှုရသွားသလို ခံစားလိုက်ရသည်။
"မင်းတို့က ငါနဲ့ အစ်ကိုကျန်းကို အထင်သေးခဲ့ကြတယ်မလား။ အခု ဘယ်သူတွေ အံ့သြနေရပြီလဲဆိုတာ ကြည့်လိုက်လေ"
"ဒီလိုလူမျိုးကို မင်း ဘယ်လိုလုပ်ပြီးသိတာလဲ။"
"မင်းတို့နဲ့ ဘာဆိုင်လို့လဲ"
အိုင်းရင်းက ရိုင်းရိုင်းစိုင်းစိုင်း ပြန်လည်ချေပလိုက်သည်။
"အစ်မ..သူက အဂ္ဂိရတ်ပညာရှင်
အရှင်သခင်တစ်ယောက်ပဲ"
ရှာဇီနာ၏ မျက်ဝန်းလှလှလေးများမှာ ဖော်ပြ၍မရနိုင်လောက်သော လေးစားမှုနှင့် အံ့သြမှုတို့ဖြင့် တောက်ပနေတော့သည်။
"အစ်မက အိုင်းရင်းကို သဘောကျနေတာမလား"
"?"
ရှာဇီနာက မို့မောက်နေသော သူ(မ)၏ရင်သားများကို ညှစ်လိုက်၏။
"ဒါဆိုရင် အစ်မ ဒီကျန်းမုန့်လောင်ကို ကျွန်မနဲ့ ပြိုင်မလုတာ ပိုကောင်းမယ်နော်"
...
မီးတောက်နှစ်ခု၏ အပူချိန်ကြောင့် သတ္တုများ၏ အက်တမ်လှုပ်ရှားမှုမှာ အဆပေါင်းများစွာ မြန်ဆန်သွက်လက်လာသော်လည်း အမြန်နှုန်းမြင့်တက်လာသည်နှင့်အမျှ လိုအပ်သော တိကျသေချာမှုလည်း မြင့်မားလာသည်။ သို့တိုင် အရာအားလုံးမှာ ကျန်းမုန့်လောင်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။
သူသည် ဆေးလုံးလက်တစ်ဆုပ်စာကို ယူပြီး ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။ မီးတောက်များကို တိကျသေချာစွာ ထိန်းချုပ်ခြင်းမှာ စွမ်းအင်များစွာကို ကုန်ဆုံးစေသောကြောင့်ပင်။
"အဲ့ဒါက သိုင်းဆေးလုံးလား"
စကြာဝဠာအင်ပါယာအရှင်သခင်မှာ ကျန်းမုန့်လောင်၏ လှုပ်ရှားမှုများကို သတိပြုမိသွားသည်။ ဆေးဖော်စပ်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့မှာ အဂ္ဂိရတ်ပညာရှင်များ၏ အလုပ်ဖြစ်သော်လည်း မည်သူကမှ နယ်ပယ်နှစ်ခုစလုံးတွင် တစ်ပြိုင်နက်တည်း ထူးချွန်ကျွမ်းကျင်ခြင်းမျိုး မရှိခဲ့ဖူးချေ။ တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကပင် အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်၏။
"ရယ်စရာကောင်းလိုက်တာ။ ငါက သူ့ကို သိုင်းပညာသင်ပေးချင်တယ်လို့ အခုလေးတင် ပြောခဲ့မိတာ"
စကြာဝဠာအင်ပါယာအရှင်သခင်ခမျာ ခါးသက်သက် ရယ်မောလိုက်လေသည်။
"ငါက အရည်အချင်း ပြည့်မီလို့လား။ သူ့ကိုသင်ပေးဖို့ အရည်အချင်းပြည့်မီဖို့ဆိုတာ အဆင့်ခုနစ်သက်ရှိတစ်ယောက်လောက်မှ ရနိုင်လိမ့်မယ်"
"အက္ခရာတွေ စတင်ရေးထွင်းပါတော့မယ်"
ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ရေးထွင်းခြင်း ဖြစ်သော်လည်း ဤလုပ်ဆောင်ချက်များမှာ သူ့ဝိညာဉ်ထဲတွင် စွဲထင်နေပြီး ယခင်က မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့ဖူးသည့်အလားပင်။
ပထမဆုံးအက္ခရာမှာ တစ်မိနစ်အတွင်း ပြီးစီးသွားသည်။
ဒုတိယအက္ခရာကား သုံးမိနစ်ကြာသည်။
တတိယအက္ခရာမှာမူ ငါးမိနစ်ပင်။
စတုတ္ထအက္ခရာကတော့ ရှစ်မိနစ်ကြာ၏။
ပဉ္စမအက္ခရာမှာ ဆယ်မိနစ်ပင်။
စကြာဝဠာထဲတွင် နာမည်ကျော်ကြားလှသော ဆရာကြီးယောင်ခယ်သည် အက္ခရာလေးလုံးအတွက်ကိုပင် သုံးရက်တိတိ အချိန်ယူခဲ့ရသည်။
ဤလှုပ်ရှားမှုက ဆရာကြီးယောင်ခယ်ကို ဆွံ့အသွားစေသည်။ သူ့ဆရာပင်လျှင် အနည်းဆုံး နေ့ဝက်ခန့်အချိန်ယူရမည်ဖြစ်၏။ သူက ကလေးတွေလို လျှောက်ရေးခြစ်ဆော့ကစားနေတာများလား။
အက္ခရာငါးလုံးပြီးစီးသွားခြင်းမှာ ဤလက်နက်သည် အဆင့်ခြောက်သက်ရှိအများစု၏ စံနှုန်းဖြစ်သော အဆင့်ငါး သိုင်းလက်နက်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
"သူ ဆဋ္ဌမမြောက်အက္ခရာကို စရေးထွင်းနေပြီ"
"၁၅မိနစ်။ သူ ၁၅မိနစ်ပဲ အချိန်ယူလိုက်တယ်"
စကြာဝဠာအင်ပါယာအရှင်သခင်မှာ အံ့သြနေလေဟန် အမူအရာကို ပြသလာပြီး ဤပစ္စည်းထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ်စွမ်းအားများကို ခံစားသိရှိနေသည်။
ထို့ပြင် သာလွန်မြင့်မားသော မီးတောက်အပူချိန်နှင့် ကျွမ်းကျင်မှုတို့ကြောင့် ၎င်း၏ အရည်အသွေးမှာ အဆင့်ခြောက်သိုင်းလက်နက်အများစုထက်ပင် သာလွန်နေသည်။
"ဆရာ.. ကျွန်တော်က ယောင်ခယ်ပါ။ ဆရာ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်က စကြာဝဠာအချိန်တစ်နာရီမပြည့်ခင်မှာတင် အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို အပြီးသတ်ဖန်တီးသွားတယ်"
"ကျွန်တော် အိပ်မက်မက်နေတာမဟုတ်ဘူး"
"မူးနေတာလည်း မဟုတ်ဘူး"
"ဆေးချထားတာလည်း မဟုတ်ဘူးနော်"
...
စကြာဝဠာအင်ပါယာအရှင်သခင်က စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။ လက်နက်က ပြီးစီးသွားပြီဖြစ်ရာ သူသည် ထိုစွမ်းအားကို စမ်းသပ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
"အနားကိုကပ်မလာနဲ့"
ကျန်းမုန့်လောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဆရာလေး... ဆရာကြီး ဒီလက်နက်က ပြီးသွားပြီမဟုတ်ဘူးလား"
ကျန်းမုန့်လောင်အပေါ် ပြောဆိုဆက်ဆံသည့် သူ့လေသံမှာ မယုံနိုင်လောက်အောင် ရိုသေလေးစားနေချေသည်။
"မပြီးသေးဘူး"
ကျန်းမုန့်လောင်က ဆို၏။
"ဒီထက်ပိုကောင်းအောင် ထပ်မြှင့်တင်ပေးလို့ရမလားဆိုတာ ကြည့်လိုက်ရအောင်"