အခန်း (၉၀၇-၉၀၉)
Vol. 61 Ch. 907-909
အခန်း (၉၀၇) အပေးအယူ
ယန်ကျန်းလော့သည် မည်သည့်ရန်လိုမှုမှမရှိဘဲ အလွန်ရိုးသားပုံ ပေါ်သော်ငြား လုကျိုးသည် သူ့ကို အလွယ်တကူ ယုံကြည်လိမ့်မည်ဟု မဆိုလိုပေ။ လိုလိုမည်မည် အသေရိုက်ချက်ကတ်ကို ကိုင်ထားသေး၏။ ယီယောင်ကို ကူညီပေးနိုင်သည့်သူသည် မွေးဖွားဇယားချပ် ငါးခုအောက်မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
“ပင်လယ်ဝိညာဉ်ပုလဲက မင်းဟာလား” လုကျိုးက မေးလိုက်တော့သည်။ ယန်ကျန်းလော့က ခေါင်းခါလျက် ပြုံးကာ ပြောလိုက်တော့သည်။
“ပင်လယ်ဝိညာဉ်ပုလဲကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပိုင်ဆိုင်တာ။ အဖွဲ့သားတွေက အဲ့ဝာာကို အသုံးပြုချင်ရင် အဖွဲ့အစည်းကို ခွင့်တောင်းရတယ်။ အဲ့ဒီပစ္စည်းက လွှမ်းမိုးခြင်းအဆင့် အထက်မှာရှိပြီး ပေါင်းစည်းမှုတစ်ခုဖြစ်လာတာ”
လုကျိုးသည် ယန်ကျန်းလော့၏စကားထဲရှိ အဓိက အချက်အလက်ကို မှတ်သားလိုက်သည်။ သူက မေးလိုက်တော့၏။
“ယီယောင်က မင်းရဲ့အဖော်အပေါင်းပဲ ဒါပေမဲ့ ငါ့လက်ထဲမှာ သူသေသွားတာကို ကြည့်နေတယ်လား”
“ရိုးရိုးသားသားပြောရရင်ဖြင့် ..." ယန်ကျန်းလော့က သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ အင်အားစုတွေ အများကြီး ကွဲထွက်နေတာကြာပြီ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တည်ရှိလာတာကြာပြီဆိုတော့ အရင်ဆုံး စတည်ထောင်တာ ဘယ်သူမှန်းမသိဘူး။ အရင်မင်းဆက်တွေတုန်းက ခေါင်းဆောင်တွေအားလုံးက အကျဉ်းသားမွေးမြူရေး သဘောတရားနဲ့ နေထိုင်လာခဲ့ကြတာ။ ဒီသဘောတရားက အနက်ရောင်ကြာနယ်မြေကို ပိုမိုပြီး အစွမ်းထက်လာစေတယ်။ ဒါပေမဲ့ အသက်ဓာတ်နှလုံးသား လျော့နည်းခြင်းလိုမျိုး ပြဿနာကြီးတွေလည်း ဆောင်ယူလာပေးတယ်။ အထူးခံစားခွင့်ရှိတဲ့သူတွေက မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ရင်တောင် အဲ့တာကို အဆင်အခြင်မဲ့သုံးနေကြတာ။ အနက်ရောင်ကြာနယ်မြေက အကျဉ်းသားမွေးထုတ်ရေး သဘောတရားကို ဆောင်ယူနေတာကနေ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို တားဖို့ ကြိုးစားတဲ့သူတွေက ရှင်းထုတ်ပစ်နေတယ်။ ညီမျှမှုမရှိတဲ့ ခွဲဝေမှုတွေ၊ အရင်းအမြစ်ဖြုန်းတီးမှုတွေ၊ အတွင်းပဋိပက္ခနဲ့ လာဘ်စားခြင်းစတဲ့ ပြဿနာတွေလည်းရှိတယ်။ အရေးအကြီးဆုံးက ကွဲပြားတဲ့အမြင်တွေ ပိုများလာတာပဲ”
“ကွဲပြားတဲ့အမြင်တွေလား” လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ပံ့ပိုးသူတွေက အသက်ဓာတ်နှလုံးသားတွေကို လက်ဝါးကြီးအုပ်ပြီး အမြဲတမ်းဒီအတိုင်း ဆက်သွားချင်နေကြတာလေ။ ပြန်လည်ပြုပြင်သူတွေကတော့ အသက်ဓာတ်နှလုံးသားကို ခွဲဝေတဲ့ သဘောတရားကို တိုးတက်စေချင်တယ်။ မူလက လူတွေကတော့ ရှင်းထုတ်တဲ့အစီအစဉ်တွေကိုပဲ ဆက်သုံးချင်နေကြတာ” ယန်ကျန်းလော့က ပြောလိုက်သည်။
“မင်းက ဘယ်အင်အားစုကလဲ” လုကျိုးသည် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ ယင်းကို ကြည့်လျှင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူ မှန်းဆထားသည်ထက် ရှုပ်ထွေးပုံပေါ်၏။
“ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး” ယန်ကျန်းလော့က ပြုံးပြီးပြောလိုက်သည်။ သူ၏နက်ရှိုင်းသော မျက်ဝန်းများသည် တောက်ပလာပုံပေါ်ကာ ပြောလိုက်တော့သည်။
“ကျုပ်က လုလီလိုပဲ။ လွတ်လပ်မှုကို သဘောကျတယ်။ အနာဂတ်ကို အကောင်းမြင်ပြီး အရာရာအတွက် မျှော်လင့်ချက်တွေ ပြည့်နေတာ”
လုကျိုးသည် ကူးပြောင်းမလာခင်က ဤစကားများကို ကြားခဲ့ရလျှင် ထိုစကားများကို သူ ရှုံ့ချလောက်သည်။ ဤအခြေအနေမျိုး၌ ယန်ကျန်းလော့ ရိုးသားနေတာကို တွေ့သောအခါ သူ အံ့ဩသွားလေ၏။ လုလီအပေါ် သူ၏အမြင်ကောင်းရှိမှုကြောင့် ဖြစ်ဟန်တူသည်။ ယန်ကျန်းလော့နှင့် ရင်ဆိုင်ရာတွင် သူ၏ သတိတရားကို လျှော့ချလိုက်၏။ ခဏအကြာတွင် သူက ပြောလိုက်တော့သည်။
“အားနည်းသူတွေက သန်မာသူတွေအတွက် သားကောင်ပဲ။ ဒါက ရှင်သန်မှုနည်းလမ်းပဲ။ မင်း အကြံဉာဏ်က စိတ်ကူးယဉ်ဆန်လွန်းတယ်”
ယန်ကျန်းလော့က ဆက်ပြောလိုက်၏။
“လုလီက လူတွေက အချင်းချင်းတိုက်ခိုက်ရတာ သဘောကျတယ်လို့ မကြာခဏပြောလေ့ရှိတယ်။ ကျုပ်လည်း သူ့လိုပဲ တိုက်ခိုက်ရတာ မကြိုက်ဘူး။ ကျူပ် မပြောနိုင်တဲ့ ကိစ္စတချို့ရှိနေတာ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
လုကျိုးက မေးလိုက်လေ၏။ “မင်းကို ပြောဖို့ ဖိအားပေးမယ်ဆိုရင်ကော”
ယန်ကျန်းလော့က မျက်မှောင်ကျုံ့လျက် သက်ပြင်းချလိုက်တော့သည်။
“ဟမ် ဘာလို့လဲ”
ပြီးနောက် ယန်ကျန်းလော့သည် လက်နှစ်ဖက်ကို ပြန့်ကားလျက် ပြောလိုက်တော့သည်။ “ကျုပ်က လူပိန်းတစ်ယောက်ပဲ။ ကျုပ်ကို သတ်ခဲ့ရင်တောင် ခင်ဗျား ဘာမှရမှာမဟုတ်ဘူး”
လုကျိုးသည် ယန်ကျန်းလော့ကို သတ်ခဲ့လျှင် ကုသိုလ်မှတ်များရခဲ့မည်ဟု သူ့အားမပြောနိုင်ပေ။ သို့သော် သူ အသေရိုက်ချက်ကတ်ကို အသုံးပြုခဲ့လျှင် ကုသိုလ်မှတ်များများရတော့မှာမဟုတ်ပေ။
“ဒါဆိုရင် ဒီနေရာဆီ ငါ့ကို ဘာကြောင့် မျှားခေါ်လာတာလဲ" လုကျိုးက မေးလိုက်လေ၏။
“ကျုပ် ခင်ဗျားနဲ့ အပေးအယူတစ်ခုလုပ်ချင်လို့”
“အပေးအယူလား”
“အနက်ရောင်ကြာကျင့်ကြံသူတစ်ယောက်က တာဝန်ဆောင်ရွက်တဲ့အချိန် အချိန်အကန့်အသတ် ရှိတာကြောင့် ကျုပ် အကြာကြီး မနေနိုင်ဘူး။ ဒါကြောင့် လုလီကို ရှာပေးဖို့ အကူအညီ တောင်းချင်တယ်။ ကျုပ် ထင်တာမမှားရင် ခင်ဗျားက သိပ်မကြာသေးခင်ကမှ မွေးဖွားဇယားချပ်ကို အသက်သွင်းကာစ တိုက်ခိုက်ရေးအတွေ့အကြုံသိပ်ရှိမှာ မဟုတ်ဘူး။ မွေးဖွားဇယားချပ်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ခင်ဗျားဆီ ထောက်ပံ့ပေးနိုင်တယ်” ယန်ကျန်းလော့က ကွေ့ဝိုက်မနေဘဲ ပြောလိုက်လေ၏။
လုကျိုးသည် ချက်ချင်းသဘောမတူခဲ့ဘဲ စဉ်းစားလိုက်လေ၏။ သူ မွေးဖွားဇယားချပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပိုလိုအပ်တာ အမှန်ပဲဖြစ်သည်။ အနက်ရောင်ကြာနယ်မြေသည် အနီရောင်ကြာနယ်မြေထဲရှိ မွေးဖွား
ဇယားချပ်သားရဲများကို လက်ဝါးကြီးအုပ်ထားခြင်းကြောင့် အနီရောင်ကြာနယ်မြေထဲတွင် မွေးဖွားဇယားချပ်အကြောင်းရနိုင်သည့် အချက်အလက်သည် ကန့်သတ်ခံထားရသည်။ ထို့အပြင် ကျင့်ကြံသူများ၏ မှတ်တမ်းမရှိပေ။ ထို့ကြောင့် မွေးဖွားဇယားချပ်နှင့် သက်ဆိုင်သည့် ဗဟုသုတ ချို့တဲ့နေသည်။
ယန်ကျန်းလော့သည် လုကျိုး၏အတွေးများကို မြင်နိုင်ပြီး ဆက်ပြောလိုက်လေ၏။
“ခင်ဗျားက မွေးဖွားဇယားချပ်သုံးခု အသက်သွင်းထားပြီးပြီ။ ဒါပေမဲ့ မွေးဖွားဇယားချပ်ငါးခုကို အသက်သွင်းထားတဲ့ ယီယောင်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါက ခင်ဗျားက အရည်အချင်းမြင့်တယ်ဆိုတာ ပြသနေတာပဲ။ မီးဝိညာဉ်ပုလဲနဲ့ ယီယောင်တောင် အခြေအနေကို မပြောင်းလဲနိုင်ဘူး။ အသိပညာကြွယ်လာမယ်ဆိုရင် ခင်ဗျားခွန်အားကို ပိုတိုးမြှင့်လာနိုင်မယ်”
ယန်ကျန်းလော့က ခဏနားပြီးနောက် လုကျိုးကို တချက်ကြည့်ကာ ဆက်ပြောလိုက်တော့သည်။
“မွေးဖွားဇယားချပ်တွေက သံသယဖြစ်စရာမလိုလောက်အောင်ဘဲ အစွမ်းထက်တယ်။ ဒါပေမဲ့ ခင်ဗျားက ဘယ်လိုအသက်ဓာတ်နှလုံးသားကို ရှာနေလဲဆိုတာ သိခဲ့ရင် မွေးဖွားဇယားချပ်ရဲ့ အလားအလာအပြည့်အဝကို ဆောင်ယူနိုင်လိမ့်မယ်။ ဥပမာအနေနဲ့ ယီယောင်ရဲ့အားနည်းချက်က သူ့ရဲ့အရှိန်ပဲ။ ဒါကြောင့် သူက သူ့ရဲ့အရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ မွေးဖွားဇယားချပ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို ယူထားတာ။ ခင်ဗျားဆိုရင် မီးထိန်းချုပ်မှုစွမ်းရည်ပေးတဲ့ မွေးဖွားဇယားချပ်အပြင် ကျန်တဲ့ ဇယားချပ်နှစ်ခုက ဖြုန်းတီးရာရောက်နေတာပဲ။ ကျင့်ကြံသူတွေက သူတို့ဘဝတွေမှာ မွေးဖွားဇယားချပ်ကို အကန့်အသတ်နဲ့ပဲ အသက်သွင်းနိုင်မယ်ဆိုတာ ခင်ဗျားနားလည်ထားရမယ်။ ဒါကြောင့် အသက်ဓာတ်နှလုံးသားကို ဂရုတစိုက်ရွေးချယ်ဖို့ လိုတယ်လေ။ ခင်ဗျားရဲ့ချို့တဲ့မှုကို ဖြည့်ပေးဖို့ သုံးလို့ရသလို ခွန်အားမြှင့်တင်မှုကိုလည်း သုံးလို့ရတယ်”
လုကျိုးသည် ယန်ကျန်းလော့၏စကား၌ မည်သည့်ဟာကွက်မှ ရှာမတွေ့ပေ။ ခဏအကြာတွင် သူက မေးလိုက်၏။ “ယီယောင်က အရှိန်အမျိုးအစား အသက်ဓာတ်နှလုံးသား ရထားတာလား”
“ဟုတ်တယ်” ယန်ကျန်းလော့က ခေါင်းညိတ်လိုက်၏။
လုကျိုးသာ ထိုအကြောင်း မသိသေးလျှင် အဆင်ပြေမည်။ သို့သော် ယခုသတိပြုမိသွားပြီ ဖြစ်သောကြောင့် သူ နစ်နာသလိုခံစားခဲ့ရသည်။ သူသာသိခဲ့လျှင် သူ့တပည့်များအတွက် ပထမဆုံးနှလုံးသားနှစ်ခုကို ချန်ထားပေးမှာပဲဖြစ်သည်။ ခုခံခြင်းခွန်အားသည် သူ့အတွက်အသုံးမဝင်၊ မီးထိန်းချုပ်ခြင်းက သူ့အတွက် အတော်လေးအဆင်ပြေသည်။
ယန်ကျန်းလော့က ပြောလိုက်လေသည်။ “ခင်ဗျားက မွေးဖွားဇယားချပ်သုံးခု အသက်သွင်းပြီးပြီဆိုတော့ နောက်ပိုင်းမွေးဖွားဇယားချပ်တွေကို အသက်သွင်းတဲ့အချိန် ဂရုစိုက်ရမယ်။ ကျုပ် စိတ်ရင်းစစ်မှန်မှုကို ပြသဖို့အတွက် ခင်ဗျားကို အချက်အလက်တစ်ခုပေးမယ်။ နောက်လာမည့် ခုနစ်ရက်အတွင်း ဒီဧရာမကျောက်အစီအရင်နားမှာ မွေးဖွားဇယားချပ်သားရဲတစ်ကောင် ပေါ်လာလိမ့်မယ်”
“ဒီအဘိုးကြီးက အသက်ဓာတ်နှလုံးသားကို လုယူသွားမှာ မင်း မစိုးရိမ်ဘူးလား”
မွေးဖွားဇယားချပ်သားရဲတစ်ကောင် ပေါ်ပေါက်လာခြင်းသည် မြို့တော်၌ ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်အသစ်တစ်ယောက် ပေါ်လာမည်ဟု ဆိုလိုသည်။
ယန်ကျန်းလော့က အနည်းငယ်ပြုံးလျက် ပြောလိုက်တော့သည်။
“ကျုပ်က အမြဲတမ်း အကောင်းမြင်တယ်”
အဖြေကောင်းတစ်ခုပဲ။
“ဒါဆိုရင် အချိန်ကျလာတော့မှ အဲ့တာကို ပြောတာပေါ့” လုကျိုးက ပြောလိုက်သည်။
လုကျိုးက သူ့ကို ထိုမျှရုတ်တရက်ဆန်စွာ သဘောတူလာလိမ့်မည်ဟု ယန်ကျန်းလော့ မထင်ထားပေ။
အနက်ရောင်ကောင်စီအဖွဲ့အစည်းမှ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များ၏ ပိုက်ကွန်ထဲမှ ငါးတစ်ကောင် ချော်ထွက်သွားသည့် သမိုင်းကြောင်းကို မကြားဖူးတာ မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်ခန့်က အနီရောင်ကြာနယ်မြေထဲတွင် အရည်အချင်းရှိပြီး အားကောင်းသည့်သူ ပေါ်လာဖူး၏။ ကံဆိုးသည်မှာ သူတို့သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း လျှင်မြန်စွာ ဖြေရှင်းတာ ခံလိုက်ရ၏။ မည်သို့ပင်ဆိုစေ ကွန်ယက်ထဲမှ ချော်ထွက်သွားနိုင်စွမ်း ရှိသည့်သူက မည်ကဲ့သို့အရူးဖြစ်နိုင်မည်နည်း။
ခဏအကြာတွင် ယန်ကျန်းလော့က ပြောလိုက်၏။ "ခင်ဗျားကို သတိပေးသင့်တဲ့ ကိစ္စတစ်ခု ထပ်ရှိသေးတယ်”
“ဘာလဲ”
“ခင်ဗျားက ရွှေကြာနယ်မြေကပဲ။ ကျုပ်သိထားပုံအရ ရွှေကြာနယ်မြေက အနီရောင်ကြာနယ်မြေထက် ပိုအားနည်းတယ်။ အခု ရွှေရောင်ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်တစ်ယောက်ရှိလာပြီ ဆိုရင် အနက်ရောင်ကြာနယ်မြေက ရွှေကြာနယ်မြေထဲက မွေးဖွားဇယားချပ်သားရဲတွေကို လက်ဝါးကြီးအုပ်ဖို့ သိပ်မလိုလောက်တော့ဘူး”
၎င်းကို လုကျိုးသိရှိခဲ့ပြီးဖြစ်သည်။ သို့သော် ယန်ကျန်းလော့ ထိုစကားများ ပြောလိမ့်မည်ဟု သူ မထင်ထားပေ။ ယန်ကျန်းလော့က သူ့ကို ပြောင်စာရွက်တစ်ခုနှယ် သဘောထားနေပုံပေါ်၏။ ယင်းက ဆိုးရွားသည်ဟု မထင်ပေ။ ဤနည်းဖြင့် သူ၏မှန်းဆချက်ကို အတည်ပြုရုံမျှသာ ဖြစ်လျှင်လည်း သတင်းအချက်အလက်များ ပိုရရှိနိုင်၏။
“မင်းက လုလီကိုပဲ ရှာချင်တာလား” လုကျိုးက မေးလိုက်၏။
“အဟုတ်ပဲ”
“မင်းတို့က မိတ်ဆွေတွေပဲလား”
ယန်ကျန်းလော့က ပြန်ပြောလိုက်သည်။ “သေအတူ ရှင်မကွာမိတ်ဆွေတွေ”
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ကောင်းပြီ ... ငါက အမြဲတမ်း ကျိုးကြောင်းသင့်တယ်။ မွေးဖွားဇယားချပ်သားရဲကို တွေ့တာနဲ့ လုလီအကြောင်း ပိုပြောပြမယ်။ မင်းကို အခုပြောနိုင်တာက လုလီက ဘေးကင်းတယ်ဆိုတာပဲ”
ယန်ကျန်းလော့က လက်သီးဆုပ်မိုးလျက် မေးလိုက်တော့သည်။ “ခင်ဗျားနာမည်ကို သိခွင့်ရမလား”
“ကျုပ် မျိုးရိုးနာမည်က လု” လုကျိုးက ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် အစ်ကို”
“နေဦး” လုကျိုးက လှမ်းခေါ်လိုက်၏။ ပြီးနောက် သူသည် လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “မင်းပြောတာ အမှန်လို့ ငါယုံတယ်။ ဒါပေမဲ့ မင်း လိမ်နေတာကို ရှာတွေ့ခဲ့ရင် မင်းအသက်ကို ငါ ယူမယ်။ ဒါ့အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ငါ့ကို မခြိမ်းခြောက်နဲ့”
လုကျိုးပြောပြီးသည်နှင့် သူ့လက်ထဲတွင် အသေရိုက်ချက်ကတ် ပျောက်ကွယ်သွားသည်။ ယန်ကျန်းလော့ကို ကြည့်ပြီးနောက် သူက လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။
ယခုအချိန်တွင် တောအုပ်ထဲ၌ ယန်ကျန်းလော့ တစ်ယောက်တည်းသာ ကျန်တော့သည်။ သူက မှင်သက်နေပုံရ၏။ အတော်ကြာပြီးနောက် သူက သူ့ဖာသာသူ ပြောလိုက်တော့သည်။ “သူက မွေးဖွားဇယားချပ်သုံးခုပဲ ရှိတဲ့ သိုင်းပညာရှင် တကယ်ပဲဟုတ်ရဲ့လား။ ငါ မှားနေတာများလား”
ရွှေရောင်ဘုံတစ်ထောင်လေပွေကျင့်ကြံသူက သူ၏ကျင့်ကြံဆင့်ကို တမင်တကာဖုံးကွယ်ထားလျက် အားနည်းပုံပေါ်အောင် မွေးဖွားဇယားချပ်ကို ဖုံးကွယ်ထားသည်ဟု ယန်ကျန်းလော့ ယုံကြည်မိလာသည်။ ယန်ကျန်းလော့က ခေါင်းခါလိုက်၏။ ကောင်းကင်ထဲရှိ နေကို မော့ကြည့်ပြီးနောက် သူ့ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ထိုစဉ် မြို့တော်၏ အနောက်ဖက်ရှိ တောင်စောင်းတွင်ဖြစ်သည်။
လူငယ်တစ်ယောက်က ကျောက်ဆောင်ကို မှီထားလျက် မောကြီးပန်းကြီး အသက်ရှုနေလေ၏။ “အရှင်ယီ သေသွားပြီ … အရှင်ယီ သေသွားပြီ။ ကံကောင်းလို့ ငါ ဂရုစိုက်မိတာ။ အခု ငါ ငါ ဘာလုပ်သင့်လဲ။ နောင်ကျ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ ဘယ်လိုလုပ် ဆက်သွယ်ရတော့မလဲ။ ငါ ဘာလုပ်သင့်လဲ”
ထိုစဉ် ကျောက်ဆောင်ဘေးကနေ ပေါ့ပါးသည့် အသံတစ်သံပေါ်ထွက်လာ၏။
“မင်း ဘာလုပ်နိုင်မယ်လို့ ထင်နေသေးတာလဲ။ မင်း တတ်နိုင်တာ ဘာမှမရှိဘူး”
…
အခန်း (၉၀၈) လူကြီးမင်းရီ၏ ကြိုးလေးမျှင်
လူငယ်လေးက ထိတ်လန့်တကြား ထခုန်လိုက်သည်။ သူက ကျောက်တုံးကို သတိထားစွာ ကြည့်ပြီး ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်၏။
“ဘယ်သူလဲ ထွက်ခဲ့”
ကျောက်တုံးနောက်မှ လူတစ်ယောက် ထွက်လာပြီး ကျောက်တုံးကို မှီကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
“မင်းက ဘာလို့အဲဒီလောက် ကြောက်နေရတာလဲ”
လူငယ်လေးက မျက်မှောင်ကြုတ်ကာ သတိထားပြီး မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကျုပ်နောက်ကို လိုက်လာတာလဲ”
“စိတ်မလှုပ်ရှားစမ်းပါနဲ့။ ငါမျိုးရိုးက ရီ။ ငါ့ကို လူကြီးမင်းရီလို့ ခေါ်လို့ရတယ်။ တွေ့ရတာ ဝမ်းသာတယ်”
ရောက်ရှိလာသူက ထိူလူငယ်နှင့် လက်ဆွဲနှုတ်ဆက်ချင်သည့်အလား ရှေ့တိုးလာသည်။
လူငယ်လေးကမူ ကြောက်လန့်ကာ ထိတ်လန့်နေဆဲဖြစ်ပြီး သူစိမ်းတစ်ယောက်နှင့် မည်သို့လက်ဆွဲနှုတ်ဆက်ရဲမည်နည်း။
သူက သူ့ရှေ့မှ လူကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်နောက် မလိုက်ခဲ့နဲ့”
“ငါက သဘောကောင်းဖို့ ကြိုးစားနေတာကို မင်းက ကျေးဇူးမသိတတ်လိုက်တာ”
လူငယ်လေးက နောက်ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး “ခင်ဗျားက ပွဲကြည့်ဖို့ ရောက်လာတာလား”
လူငယ်လေးက နောက်ဆုတ်စဥ် လူကြီးမင်းရီက ရှေ့တိုးလာသည်။
“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံသူကြားက တိုက်ပွဲကို မကြည့်ချင်တဲ့သူ ရှိပါ့မလား။ ဘာလို့ မင်းက အဲဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ အရာအားလုံးအတွက် ပထမဦးဆုံးအကြိမ်ဆိုတာ ရှိတာပဲ။ အဲဒီလောက် စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ ဒါနဲ့ မင်းနာမည် ဘယ်သူလဲ”
လူငယ်လေးက သတိအနည်းငယ် လျော့ချလိုက်သည်။ သူ့ရှေ့ရှိ လူက ပညာရှင်တစ်ယောက်နှင့် မတူပေ။ သူက ဂုဏ်ယူမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ကျုပ်နာမည်ကို ပြောလိုက်ရင် ခင်ဗျား လန့်သွားမှာ စိုးရတယ်။ ကျုပ်ဆရာက ကြယ်ပျံအိမ်တော်က ယဲ့ကျန်းပဲ။ ခင်ဗျား ပြဿနာမရှာဖို့ အကြံပေးလိုက်မယ်”
“ယဲ့ကျန်းက သေပြီ မဟုတ်ဘူးလား”
“...”
ကျန့်ရှောင်ရှန်းက သူ့ရှေ့မှ လူကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူက သူ့ရှေ့မှ လူသည် ထူးဆန်းသည်ဟု မနေနိုင်မထိုင်နိုင် ထင်မိလိုက်သည်။
“ကျုပ် နောက်ကို အကြာကြီး လိုက်လာတာလား” လူကြီးမင်းရီက ပြောလိုက်သည်။
“အင်း ငါက ပွဲကြည့်နေတုန်း မင်းက ထောင့်တစ်နေရာမှာ ပုန်းနေတာကို မြင်လိုက်ရတယ်လေ။ အဲဒါကြောင့် မင်းနောက်ကို လိုက်လာတာ”
ကျန့်ရှောင်ရှန်းက သတိထားပြီး မေးလိုက်သည်။
“ခင်ဗျားက တော်ဝင်ခုံရုံးက လူလား”
“မဟုတ်ဘူး” လူကြီးမင်းရီက ခေါင်းခါကာ “ငါက ပြပွဲကြည့်ဖို့ ရောက်လာရုံပဲ”
ကျန့်ရှောင်ရှန်းက သက်ပြင်းချလိုက်ပြီး
“အဲဒါဆို ကောင်းပြီ။ ကျုပ်နောက် ဆက်မလိုက်နဲ့။ ကျုပ်သွားတော့မယ်”
“မင်းက ဘယ်သွားမှာလဲ”
“ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး” ကျန့်ရှောင်ရှန်းက မြန်မြန်လျှောက်လိုက်သည်။
“ယဲ့ကျန်းက သေသွားပြီ။ ဒါပေမဲ့ မင်းက ဒီနေရာကို လာရဲတယ်ဆိုတော့ လက်စားချေဖို့ အတွက်လား”
လူကြီးမင်းရီက ကျန့်ရှောင်ရှန်း၏ စကားကို မကြားသည့်အလား မေးလိုက်သည်။
ကျန့်ရှောင်ရှန်းက ရပ်တန့်သွားပြီး သူ့လက်ထဲ သေးငယ်သည့် စွမ်းအင်ဓားတစ်လက် ပေါ်ထွက်လာသည်။ သူ လှည့်လိုက်သည်နှင့် စွမ်းအင်ဓားတစ်လက်က လူကြီးမင်းရီဆီ ထိုးခွင်းလာ၏။
ဝှစ်
စွမ်းအင်ဓားကို လူကြီးမင်းရီ၏ ကာကွယ်ရေးစွမ်းအားဖြင့် ကာကွယ်လိုက်သည့်အတွက် ထိခိုက်မှု မရှိပေ။
ကျန့်ရှောင်ရှန်းက လူကြီးမင်းရီကို လွှမ်းခြုံထားသည့် ရွှေရောင်စွမ်းအားကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“ခင်ဗျားက ရွှေရောင်ကြာနယ်မြေကလား”
“မင်းက အတော်လေး လေ့လာမှုကောင်းသားပဲ” လူကြီးမင်းရီက အပြုံးလေးဖြင့် ပြောလိုက်သည်။
“မဆန်းတော့ဘူး” ကျန့်ရှောင်ရှန်းက လက်နှစ်ဖက်ကို ချက်ချင်းပူးကပ်လိုက်၏။
ဝုန်း
ကျန့်ရှောင်ရှန်းက မြူခိုးတုကြား ပျောက်ကွယ်သွားသည်။
“ကျစ် အဲဒီလောက်တောင် မြန်တယ်လား” လူကြီးမင်းရီက လိုက်ဖမ်းရင်း ကျိန်ဆဲလိုက်သည်။ နေရာတစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။
ခဏအကြာတွင် ကျန့်ရှောင်ရှန်းက မြေအောက်မှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကို ခါကာ မကျေမနပ် ပြောလိုက်သည်။
“ရွှေကြာနယ်မြေက သူတွေက ဒီလောက်ပဲ စွမ်းတာလား။ တုံးလိုက်တာ”
ဝုတ်
ထိုစဥ် ခွေးတစ်ကောင်နှင့်တူသည့် ကြမ်းတမ်းခက်ထန် သားရဲတစ်ကောင်က ခုန်အုပ်လာသည်။ ထိုအရာ၏ အကြည့်များက တောက်ပနေ၏။
“ကြမ်းတမ်းခက်ထန် သားရဲလား” ကျန့်ရှောင်ရှန်းက လက်ကို မြှောက်ကာ လက်ဝါးစည်းတံဆိပ် ထုတ်လွှင့်လိုက်သည်။
ခက်ထန်ကြမ်းတမ်း သားရဲ၏ လက်သည်းချက်က လက်ဝါးစည်းတံဆိပ်နှင့် ထိတိုက်တွေ့ဆုံသွားသည်။
သားရဲက ကျန့်ရှောင်ရှန်းနှင့် မျက်နှာချင်းဆိုင်ကာ အူလိုက်သည်။
ကျန့်ရှောင်ရှန်းက ပြောနေလေ၏။
“ကံကောင်းလိုက်တာ။ ငါက အရူးတစ်ယောက်နဲ့ တွေ့ပြီးတော့ အသက်ဓာတ် နှလုံးသားရှိတဲ့ ကြမ်းတမ်းခက်ထန် သားရဲနဲ့လည်း တွေ့ရတယ်”
ဝုတ် ဝုတ် ဝုတ်
ကျန့်ရှောင်ရှန်းက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“မင်းကိုယ်မင်း ကံမကောင်းဘူးလို့ပဲ မှတ်လိုက်တော့”
ဝှစ်
ကျန့်ရှောင်ရှန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်က လေထုထဲ ထွက်ပေါ်လာသည်။ အစပိုင်းတွင် လူသားအသွင် ဖြစ်သော်လည်း သိပ်မကြာခင် ပုံသဏ္ဌာန်ပျက်သွားကာ ခေါင်းကိုးလုံး ထွက်ပေါ်လာသည်။ ထိုခေါင်းကိုးလုံးအနက် ခေါင်းလေးလုံးကသာ မြင့်တက်လာသည်။ တစ်ချိန်တည်းဆိုသလို အောက်ဘက်တွင် ပွင့်ချပ်ခြောက်လွှာ အနီရောင်ကြာ ရှိနေ၏။
ခေါင်းလေးလုံးက အစွယ်ဖြဲကာ ခွေးနှင့်တူသည့် သားရဲဆီ လူးလွန့်နေသည်။ ထိုအရာက လက်တံပါရှိသည့် မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး ရွံစရာကောင်းပြီး ကြောက်ဖို့ ကောင်းလှသည်။
ဝုတ် ဝုတ် ဝုတ်
ခွေးနှင့်တူသည့် သားရဲက ဤသို့သော အပြုအမူဖြင့် ရန်အစမခံဖူး၍ ကြမ်းကြမ်းတမ်းတမ်း ဟောင်လိုက်သည်။ သူ့အမွေးအမျှင်များက ရွှေရောင်အပ်များကဲ့သို့ ထောင်မတ်နေ၏။ ထိုအရာက ခုန်အုပ်လိုက်ပြီး ရုတ်ခြည်းဆိုသလို အရွယ်အစား ကြီးမားလာသည်။
ဂျွတ်
ခွေးနှင့်တူသည့် သားရဲတစ်ကောင်က ခေါင်းတစ်လုံးကို ကိုက်ဖြတ်လိုက်သည်။
ကျန့်ရှောင်ရှန်းက နာကျင်မှုကို တောင့်ခံထားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မင်းက လှည့်ကွက်ထဲ ကျသွားပြီ။ ဒါက ငါလိုချင်တာနဲ့ ကွက်တိပဲ။ သေလိုက်တော့”
ကျန်သည့် ခေါင်းသုံးလုံးက အစွယ်ဖြဲကာ ခွေးနှင့်တူသည့် သားရဲကို ကိုက်ဖြတ်ဖို့ လှုပ်ရှားလာကြသည်။
ထိုအရေးပါသည့် အခိုက်အတန့်တွင် သစ်ပင်ထိပ်ဖျားမှ အလင်းတန်းတစ်ချက် ဖြတ်ပြေးသွား၏။
ဘန်း ဘန်း ဘန်း
ခေါင်းသုံးလုံးက ချက်ချင်းဆိုသလို နောက်လွင့်ထွက်သွား၏။
ကျန့်ရှောင်ရှန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန် ထိခိုက်မှုကြောင့် နာကျင်စွာ ညည်းတွားလိုက်ရသည်။ သူက မနည်းရုန်းကန်ထကာ မော့ကြည့်လိုက်ပြီး
“ဘယ်သူလဲ”
ထို့နောက် သူက သစ်ပင်ထိပ်ဖျားအထက် ရပ်နေသည့် လူငယ်လေးကို မြင်လိုက်ရသည်။
ဒါက လူ … လူ … လူကြီးမင်းရီမလား ...
“ခင်ဗျားလား” ကျန့်ရှောင်ရှန်းက တအံ့တဖြင့် ရေရွတ်လိုက်သည်။
“ဟုတ်တယ် ငါပဲ။ မင်းက မြေအောက်မှာ နေရတာ ပျင်းနေမှာ စိုးလို့လေ။ မင်းကို နှောင့်ယှက်မိမှာဆိုးလို့ သစ်ပင်ထိပ်ဖျားကနေ စောင့်နေတာ” လူကြီးမင်းရီက ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
“ဒီခွေးက အကျင့်ဆိုးတစ်ခု ရှိတယ်။ ကိုက်မိတာနဲ့ ဘယ်တော့မှ မလွှတ်တော့ဘူး”
“ခင်ဗျား” ကျန့်ရှောင်ရှန်းက သူ့ရှေ့မှ လူသည် ထူးဆန်းလွန်းလှသည်ဟု ခံစားမိလိုက်သည်။
ဂါး
ရုတ်ခြည်းဆိုသလို သားရဲက ကိုက်ဖြတ်ရာ၌ အားထည့်လိုက်သည်။ အစွယ်နှင့် လက်သည်းများက အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ခေါင်းတစ်ခုကို အလွယ်တကူ စုတ်ဖြဲသွား၏။
ကျန့်ရှောင်ရှန်း၏ မျက်ဝန်းက သွေးဆာလာကာ နာကျင်စွာ အော်ညည်းလိုက်ရသည်။ သူက ကျန်ရှိနေသည့် ခေါင်းသုံးလုံးကို ထိန်းချုပ်ကာ သားရဲကို ကိုက်ဖို့ ကြိုးစားရင်း တစ်ချိန်တည်းဆိုသလို လက်ဝါးချက်များကို ထုတ်လွှင့်လိုက်သည်။
သစ်ပင်ထိပ်ဖျားမှ အလင်းတန်းတစ်ချက် ထပ်မံ ဖြတ်ပြေးသွားသည်။
ဘန်း ဘန်း ဘန်း
ခေါင်းသုံးလုံးက ထပ်မံ လွင့်စင်သွားပြန်သည်။
ထိုအလင်းတန်းက ဆက်လက်ထွက်ပေါ်သွားကာ သားရဲပေါ် ရောက်ရှိလာမည့် လက်ဝါးစည်းတံဆိပ်များအား ဖယ်ရှားပေးခဲ့သည်။
ကျန့်ရှောင်ရှန်းက လူကြီးမင်းရီကို ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
“ငါက ဘယ်သူဖြစ်ဖြစ် အရေးမပါဘူး။ မင်း သိဖို့ လိုတာက ဒီခွေးက ငါ့အပိုင်ပဲ”
“...”
ဝုတ် ဝုတ် ဝုတ်
သခင်၏ စကားက သူ့၏ သတ္တိကို တိုးမြှင့်ပေးလိုက်သည့်အလား ခွန်အားလည်း တိုးမြင့်လာသည်။ သူက အစွယ်ဖြဲပြလာသည်။
ဂျွတ်
သိပ်မကြာခင် နောက်ထပ်ခေါင်းတစ်လုံးကို အတင်းအကျပ် စုတ်ဖြဲလိုက်ပြန်သည်။
ဤသို့ဖြင့် ကျန့်ရှောင်ရှန်းက ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ သူက နာကျင်မှုကို တောင့်ခံထားပြီး မီတာဒါစင်ချီ နောက်ဆုတ်လိုက်ရသည်။
“ဒီ ဒီသားရဲက ခ … ခင်ဗျား အ အပိုင်မှန်း မသိ မသိလို့ပါ ချန်းပေ့။ ကျုပ်က ဒဏ်ရာရသွားပြီဆိုတော့ ဒါကို ဒီတိုင်းထားလိုက်လို့ မရဘူးလား။ ဘယ်လိုထင်လဲ”
“မရဘူး” လူကြီးမင်းရီက လက်ဝေ့ကာ “ခွေးလေး သွားတော့”
ထိုစဥ် သားရဲက ခွေးတစ်ကောင်ထက် ချုံးချီနှင့် တူလှသည်။ ထိုအရာ၏ အမြန်နှုန်းက လေဟုန်အလား ဖြစ်၏။
ကျန့်ရှောင်ရှန်းက ရုတ်ခြည်းဆိုသလို သဘောပေါက်သွားခဲ့သည်။ သူ တွေ့ကြုံခဲ့ရသည့် အန္တရာယ်နှင့် ကြမ်းတမ်းခက်ထန်သည့် သားရဲအမျိုးအစားကိုပါ သိရှိသွားခဲ့၏။ သူက သစ်ပင်ထိပ်ဖျားတွင် ရပ်နေသည့် လူငယ်လေးကို ကြည့်ကာ ထိုသူ၏ လက်ထဲတွင် ပြိုင်ဘက်ကင်းအဆင့် လက်နက် ကိုင်စွဲထားသည်ကို မြင်လိုက်ရသည်။
လူကြီးမင်ရီက သစ်ပင်ထိပ်ဖျားမှ အပြုံးလေးဖြင့် ဆင်းသက်လာသည်။
တောအုပ်အနှံ့ ဆိုးဆိုးဝါးဝါး အော်သံများစွာ ထွက်ပေါ်လာ၏။
ခဏအကြာတွင်
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ကျန့်ရှောင်ရှန်းကို ဟောင်လိုက်သည်။
“သူက သေသွားပြီ ဆက်ဟောင်မနေနဲ့တော့”
ဝုတ် ဝုတ် ဝုတ်
“ဘာလဲ မင်းက သူ့ကို စားချင်တာလား။ မဖြစ်ဘူး ရွံစရာကောင်းလွန်းတယ်” မင်ရှစ်ရင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဝုတ် ဝုတ် ဝုတ်
“ကောင်းပြီ။ မင်းကြိုက်သလို စုတ်ဖြဲပစ်လိုက်။ ဒါပေမဲ့ စားဖို့တော့ ခွင့်မပြုဘူး”
ချုံးချီ၏ အကြည့်များက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး ကျန့်ရှောင်ရှန်းဆီ ခုန်အုပ်လာသည်။
ထိုစဥ် ကျန့်ရှောင်ရှန်းက ရုတ်ခြည်းဆိုသလို မျက်လုံးဖွင့်လာ၏။ သူက တွားသွားဖို့ ကြိုးစားလိုက်ရင်း အော်ပြောလိုက်သည်။
“ခင်ဗျားက စိတ်မနှံ့ဘူးပဲ”
ဝုတ် ဝုတ် ဝုတ်
...
မြို့တော်ဆီ ပြန်ရောက်လာကာစဖြစ်သည့် လုကျိုးက ကုသိုလ်ရမှတ် ၅၀၀ ရရှိကြောင်း သတိပေးချက် ရရှိလိုက်ရ၍ နားမလည်နိုင်ဖြစ်သွားသည်။ နန်းတော်အတွင်း တစ်စုံတစ်ခု ဖြစ်နေသည်လားဟု စဥ်းစားမိသွား၏။
သိပ်မကြာခင် နောက်ထပ် အမှတ် ၅၀၀ နှင့် နယ်မြေအပိုဆုလာဘ် အမှတ် ၅၀၀ ကိုပါ ရရှိလိုက်သည်။
အစပိုင်းတွင် လုကျိုးက မြို့တော်တစ်ဝိုက် သွားကာ အသုံးဝင်သည့် သဲလွန်စများ ရှာဖွေဖို့ စီစဥ်ထားခဲ့သော်လည်း ရရှိလာသည့် သတိပေးချက်များအရ သူသည် ထိုအတွေးကို ပယ်ဖျက်ကာ နန်းတော်ဆီ ပြန်ဖို့သာ ဆုံးဖြတ်ခဲ့သည်။
...
တိုင်းပြည်ရေးရာ ကြေညာရေးခန်းမ
စစ်သူကြီး ၈ယောက်နှင့် နယ်မြေအုပ်ချုပ်သူတို့က လေးလေးစားစား ရပ်နေကြသည်။
“ဧကရာဇ် အသက်ရှည် ဘုန်းကြီးပါစေ”
ပုလ္လင်ပေါ်တွင် ထိုင်နေသည့် လီယွင်ကျန်းက သူတို့အား တည်တည်ငြိမ်ငြိမ် ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။
“ကိုယ်တော် တွေ့ချင်တုန်းကကျတော့ ခင်ဗျားတို့က မလာကြဘူး။ အခု မတွေ့ချင်ဘူးဆိုတော့ ရောက်လာကြပြီ”
…
အခန်း (၉၀၉) သူ့ရဲ့မြေးတပည့်အတွက် အရည်အချင်းနှင့် ဂုဏ်သိက္ခာတည်ဆောက်ပေးခြင်း
ကျန်းတုံပတ်လမ်း၏ ချန်ရန်ကျီက ဦးဆောင်ပြီးရပ်နေလေ၏။ သူသည် လီယွင်ကျန်း၏စကားကို ထိတ်လန့်အံ့ဩသွားပုံမရပေ။ သူက အပြစ်ကင်းပုံဖြင့် တည်ငြိမ်စွာပြောလိုက်တော့သည်။
“ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။ ကျန်းတုံပတ်လမ်းမှာ အမိန့်တော်ရပြီးတော့ မြို့တော်ဆီလာဖို့ တစ်ရက်တစ်ည ခရီးနှင်ခဲ့ရပါတယ်။ အရှင်မင်းကြီး ကျွန်တော်မျိုးကို တွေ့ချင်တာကို ဘယ်လိုလုပ် မနာခံရဲဘဲ နေမှာလဲ”
ပြီးနောက် ကျန်းပေ့ပတ်လမ်း၏ မဟာစစ်သူကြီးဝူက ပြောလိုက်သည်။
“အရှင်မင်းကြီး ကျန်းပေ့ပတ်လမ်းကနေ မြို့တော်ကို ခရီးနှင်ဖို့ အနည်းဆုံး ဆယ်နာရီအချိန်ယူရတယ်။ အမိန့်တော်ဖီဆန်ဖို့ စီစဉ်ထားခဲ့တယ်ဆိုရင် ကျွန်တော်မျိုးက ဒီအချိန်ထိ မြို့တော်ထဲကို ဘယ်လိုလုပ် ပေါ်လာရဲပါ့မလဲ။ အရှင်မင်းကြီး ကျေးဇူးပြုပြီး နားလည်ပေးတော်မူပါ။
ကျန်သည့်မဟာစစ်သူကြီးများက ဝင်ပြောတော့သည်။ “ကျေးဇူးပြုပြီး နားလည်ပေးတော်မူပါ အရှင်မင်းကြီး”
ပြည်သူပြည်သားများနှင့် စစ်အမှုထမ်းများရှေ့၌ လီယွင်ကျန်းသည် အချက်အလက်နှင့် အကျိုးအကြောင်းကို အသုံးပြုချင်တာ သဘာဝကျသည်။ သူက ကျင့်ကြံခြင်းအကြောင်း ဘာမှမသိပေ။ ထို့ကြောင့် အားသုံးဖို့က သူ့အတွက်မဖြစ်နိုင်။ သို့သော် ဤမဟာစစ်သူကြီးများသည် အမိန့်တော်ရရှိပြီးနောက် မြို့တော်သို့ တကယ်လာခဲ့၏။ ယင်းကို သူ မငြင်းနိုင်။ သူ မည်သည်ကို ဆောင်ရွက်သင့်သနည်း။
ထိုစဉ် စီးဝူယာ့က ပြောလိုက်၏။ "ပတ်လမ်းတစ်ခုဆီကနေ မြို့တော်ကို ဆယ်နာရီကြာတဲ့ အကွာအဝေးက နှစ်နာရီလို့ပဲ ထင်ရတယ်။ ဒါ့အပြင် မြို့တော်က ပတ်လမ်းတွေအားလုံးရဲ့ အကွာအဝေးက အတူတူပဲနဲ့တူပါရဲ့”
မဟာစစ်သူကြီးများသည် ခန်းမ၏ ဘယ်ဖက်ခြမ်းတွင် ထိုင်နေသော စီးဝူယာ့ကို မော့ကြည့်လိုက်၏။ သူသည် ငယ်ရွယ်ပြီး ဝတ်ရုံရှည်ကို ဆင်မြန်းထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် လီယွင်ကျန်းကဲ့သို့ အားနည်းသည့် ကွန်ဖြူးရှပ်စာသင်သားတစ်ယောက်နှင့် တူနေသည်။
ထိုစဉ် လီယွင်ကျန်းက သူ၏ဆရာကို ကြည့်လိုက်ပြီး သူ့ဆရာ၏ဉာဏ်ရည်အတွက် လေးစားမှုများ ပြည့်နေတော့သည်။
ချန်ရန်ကျီက ပြောလိုက်တော့သည်။ “အရင်ဆုံးရောက်တဲ့ စစ်သူကြီးတွေက နန်းတော်အပြင်မှာ စောင့်နေတာပါ။ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက်တွေ့တာ ပုံမှန်ပါပဲ။ အဲ့ဒီတုန်းက နန်းတော်မြို့ရိုးအရှေ့ဖက်ခြမ်းမှာ သိုင်းပညာရှင်တွေ တိုက်ခိုက်နေပြီး ကျုပ်တို့ ဝင်ပေါက်ကို ပိတ်ဆို့ထားတာ။ အရှင်မင်းကြီးရဲ့ ဘေးကင်းမှုကို စိတ်ပူတာကြောင့် နန်းတော်ထဲဝင်ဖို့ မြောက်ဖက်ဂိတ်တံခါးဆီ သွားခဲ့တာ။ အရှင်မင်းကြီး ကျေးဇူးပြုပြီး တွေးပေးတော်မူပါ”
စီးဝူယာ့က ဆက်ပြောလိုက်၏။ “ဒါက ပိုတောင်ထူးဆန်းသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နာရီတုန်းက အရှင်ကျန်းက တော်ဝင်နန်းတော်ဆီ ပြည်သူပြည်သားထောင်ချီကို ဦးဆောင်လာခဲ့တာလေ။ သူ့ရဲ့ဆုံးဖြတ်ချက်ပြတ်သားမှုကိုသက်သေပြပြီး စိတ်ရင်းစစ်မှန်မှုကို သူ့သေခြင်းတရားနဲ့ သက်သေပြခဲ့တယ်။ မဟာစစ်သူကြီးရှစ်ဦးက မြို့တော်ကို အလွယ်တကူပြန်လာမှာ မဟုတ်ဘူးလို့ တထစ်ချ ပြောနေခဲ့တာ။ ဒါဆို ခင်ဗျားတို့ထဲက ဘယ်သူက လိမ်နေတာလဲ”
ဧကရာဇ်ကို လိမ်ညာခြင်းသည် ပြစ်မှုမည်၏။
ချန်ရန်ကျီက စီးဝူယာ့ကို ထပ်ကြည့်လိုက်သည်။ ရုတ်တရက် သူ့ရှေ့ရှိ အားနည်းသော ကွန်ဖြူးရှပ်စာသင်သားသည် ပုံမှန်မဟုတ် ဖြေရှင်းရခက်သည်ဟု ခံစားလိုက်ရသည်။ သို့သော်ငြား ဤနေရာရှိ မဟာစစ်သူကြီးရှစ်ဦးလုံးသည် ဧကရာဇ်လေးထက် ပရိယာယ် ပိုတောင်ကြွယ်ဝသူများဖြစ်၏။ ခဏအကြာတွင် သူက ပြောလိုက်လေ၏။ “ဒါက...”
မြို့စားဝမ်ယွင်က ဝင်ပြောလိုက်သည်။ “ဒါက အရှင်မင်းကြီးရဲ့ဆရာ”
“ဆရာလား ... အရှင်မင်းကြီးကိုယ်တိုင် ဒီဘွဲ့အမည်ကို ပေးထားတာလား။ ယဉ်ကျေးမှုအမတ်ဝန်မင်းက ဆရာ မဟုတ်ဘူးလား” ချန်ရန်ကျီက သိချင်စိတ်ဖြင့်မေးလိုက်သည်။
ပြည်သူပြည်သားများနှင့် အမှုထမ်းများသည် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြတော့၏။ ပုံမှန်အခြေအနေအောက်တွင် ထိုကဲ့သို့ မေးခွန်းကို မည်သူမှ မေးမှာမဟုတ်။ ဆိုရလျှင် ဤမေးခွန်းက မလေးစားတာ သိသာနေပေ၏။
လီယွင်ကျန်းက စကားပြောတော့မည့်အချိန်တွင် စီးဝူယာ့က သူ့လက်ကို မြှောက်လိုက်၏။ ပြီးနောက် သူက နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်တော့သည်။
“ကျုပ်က အရှင်မင်းကြီးရဲ့ဆရာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သီးသန့်ဆရာပဲ။ ဘွဲ့အမည် မလိုအပ်သလို ကျုပ် အထောက်အထားကို သက်သေပြဖို့ အချက်အလက်လည်း မလိုအပ်ဘူး။ ဒါ့အပြင် ကျုပ်က အရပ်သားတစ်ယောက်။ ဒါပေမဲ့ ပြည်သူတွေက မိုးကောင်းကင်လိုပဲ။ ဧကရာဇ်နဲ့ အရာရှိတွေ ပြောင်းလဲနိုင်ပေမဲ့ တိုင်းသူပြည်သားတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်သူကြီးချန် အရပ်သားတွေက တိုင်းပြည်ရေးရာကြေညာခြင်းခန်းမဆောင်မှာ စကားပြောခွင့်မရှိဘူးလား”
စီးဝူယာ့၏ စကားကို ကြားသောအခါ မထွက်သွားသေးသည့် ပြည်သူပြည်သားများသည် သူတို့ရင်ထဲ မထောက်ခံဘဲမနေကြတော့ပေ။
“ကံဆိုးတာက ...” ချန်ရန်ကျီက စပြောတော့၏။ စီးဝူယာ့က ဖြတ်ပြောလိုက်၏။ “ခင်ဗျား ဒီမေးခွန်းကို ဖြေပေးဖို့ပဲလိုတယ်။ တိုင်းပြည်ရေးရာကြေညာရေးခန်းမဆောင်မှာ ပြည်သူတွေက စကားပြောလို့ရလား”
“ရတယ်” ချန်ရန်ကျီက သုန်မှုန်နေသော သွင်ပြင်ဖြင့် ဖြေလိုက်၏။ သူ တွန့်ဆုတ်နေတာ သိသာသည်။
စီးဝူယာ့က ပြောလိုက်တော့သည်။
“အခု ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ အစောတုန်းက မေးခွန်းကိုပြန်လှည့်ရအောင်။ ခင်ဗျားနဲ့ အရှင်ကျန်းကြား ဘယ်သူကလိမ်နေတာလဲ”
“...”
ချန်ရန်ကျီသည် သူ့ရှေ့ရှိ လူငယ်ကို လေ့လာလိုက်၏။ လူငယ်သည် တည်ငြိမ်နေပြီး သူ၏စကားများကြောင့် သက်ရောက်မှုမခံရပေ။ ယခင်က ရခဲ့သော အချက်အလက်ကို ပြန်တွေးမိသွား၏။ လီယွင်ကျန်းက သိုင်းပညာရှင်တစ်ယောက်ရဲ့ ပံ့ပိုးမှု ရထားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ပညာသင်သားတစ်ယောက်ဖြစ်သွားတာလဲ။ သိုင်းပညာရှင်ကို ဖြေရှင်းဖို့အတွက် အန္တရာယ်ကို တုံ့ပြန်ဖို့အတွက်တောင် စီစဉ်ထားပြီးသားလေ။ သူ့ရဲ့စစ်အာဏာကို လက်မလျှော့ခင် သူ သေလိုက်မှာ။ ပြောရရင် သူ့ရဲ့အာဏာကို လက်လျှော့လိုက်မယ်ဆိုရင် အစွယ်မရှိ၊ လက်သည်းမရှိတဲ့ ကျားတစ်ကောင်နဲ့ မခြားတော့ဘူးလေ။ သူ့ရဲ့ရန်သူတွေက ထွက်လာပြီး အဲ့ဒီအချိန်မှာ သူ့ကို နင်းချေလိမ့်မယ်။ ချန်မိသားစု တစ်စုလုံးက မရေမတွက်နိုင်တဲ့လူတွေ နင်းချေတာခံရပြီး သေဆုံးသွားရမှာ။ အဆုံးတွင် သူက ပြောလိုက်၏။ “မြို့အရှင်ကျန်းက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ သူက ကျုပ်ကို ဒါမျိုးစွပ်စွဲခဲ့တာပဲ”
စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဒီလိုဆိုရင် အရှင်မင်းကြီး မြို့အရှင်ကျန်းကို ဆက်ဆံတဲ့ပုံက အပြည့်အဝ မှန်ကန်ပါတယ်”
“...”
“ခင်ဗျားတို့မှာ ကန့်ကွက်စရာ ရှိသေးလား” စီးဝူယာ့သည် တကွဲတပြားဖြစ်နေသည့် မဟာစစ်သူကြီးရှစ်ဦးကို ကြည့်ပြီးမေးလိုက်၏။
“မရှိဘူး။ ကန့်ကွက်စရာ မရှိပါဘူး”
“မဟုတ်ဘူး ... ကန့်ကွက်စရာမရှိပါဘူး”
စီးဝူယာ့အပေါ် လီယွင်ကျန်း၏ လေးစားမှုက တိုးလာလေ၏။ ထိုကျားကြီးများ နာနာခံခံဖြစ်အောင်လုပ်ဖို့ သူ အားစိုက်ထုတ်ဖို့ မလိုအပ်ပေ။ သူ၏ဆရာက နှုတ်ခမ်းလှုပ်လိုက်ရုံသာရှိသည်။
စီးဝူယာ့က ထပ်မေးလိုက်သည်။ “နောက်ဆုံးမေးခွန်း .... အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ထုတ်ပြန်မှာကို တားမြစ်ခဲ့တယ်။ ဘယ်အမိန့်ကို မင်းတို့ရတာလဲ”
“...”
တိုင်းပြည်ရေးရာ ကြေညာရေးခန်းမဆောင်သည် ယခုအချိန်၌ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေသည်။
ပြည်သူများနှင့်ဖြစ်စေ၊ အမှုထမ်းများနှင့်ဖြစ်စေ စစ်ခုံးပေချန်း သို့မဟုတ် နျဲ့ချင်းယွင်အားလုံးသည် စီးဝူယာ့ကို မကောင်းဆိုးရွားတစ်ယောက်ပမာ ကြည့်နေ၏။
မဟာစစ်သူကြီးများသည် လီယွင်ကျန်းကို အထင်အမြင်သေးနေတာကို အသားကျနေပုံဖြစ်ပုံပေါ်၏။ နှစ်ပေါင်းများစွာကြာပြီးနောက် လီယွင်ကျန်း၏ အမိန့်တို့သည် အလေးချိန်မရှိတော့။ သူ၏အမိန့်တော်ကို ဒုတိယတစ်ကြိမ်ကြည့်မှာမဟုတ်ပေ။ နန်းတော်တွင်းရှိ သူလျှိုများကို မေးလိုက်ပြီး အဖြစ်အပျက်မေးတာ ပိုကောင်းသည်။
တကယ်ပင် မဟာစစ်သူကြီးများသည် မြို့တော်ဆီ မထွက်လာခင် အမိန့်တော်ရောက်လာမှာကို မစောင့်ခဲ့ပေ။
ဆိုရိုးစကားရှိသည့်အတိုင်း ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို ချောင်းနေစဉ် နောက်မှ စာဝါငှက်က လိုက်ပါလာ၏။
စီးဝူယာ့သည် သူတို့တုံ့ပြန်မှုကို မှန်းဆပြီးဖြစ်လိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။ တိုင်းပြည်ရေးရာ ကြေညာရေးခန်းမဆောင်ရှိ အနေအထားက လေးလံလာ၏။
ချန်ရန်ကျီသည် သူ၏ဦးနှောက်များ လုပ်ဆောင်မှု ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ ခဏအကြာတွင် နောက်ဆုံးတော့ သူသည် ပြဿနာတစ်ခုကို သဘောပေါက်သွားလေ၏။ သူက ကျယ်လောင်စွာ ပြောလိုက်လေသည်။ “ရာရာစစ မင်းက အရှင်မင်းကြီးရဲ့အမိန့်တော်ကို ဟန့်တားရဲတယ်ပေါ့”
လီယွင်ကျန်းက ပြောလိုက်လေ၏။ “ဒါက ငါ့ရဲ့ရည်ရွယ်ချက်ပဲ”
“...”
ချန်ရန်ကျီက နောက်သို့ အနည်းငယ်ယိုင်သွားတော့သည်။
ယခုအချိန်တွင် မဟာစစ်သူကြီးသုံးဦးက ဒူးထောက်ပြီး ပြောလိုက်တော့သည်။ “ကျွန်တော်မျိုး အမှားကို ဝန်ခံပါတယ်”
ယင်းကို မြင်သောအခါ ချန်ရန်ကျီက စိတ်ထဲကျိန်ဆဲလိုက်တော့၏။ သူရှောင်ရှားရန် ကြိုးစားသည့်အရာက နောက်ဆုံးတော့ ဖြစ်လာလေသည်။ မကြာမီ၌ မဟာစစ်သူကြီးနောက်တစ်ယောက်က ဒူးထောက်ပြီးပြောလိုက်သည်။ "ကျွန်တော်မျိုးရဲ့ အမှားကို ဝန်ခံပါသည်”
ထိုစဉ် လူတစ်ယောက်သည် တိုင်းပြည်ရေးရာကြေညာရေးခန်းဆောင်ထဲသို့ ရုတ်တရက်ဝင်လာ၏။ ခန်းမသည် အတွင်းနန်းဆောင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်ငြား သူ့ကို မည်သူမှ မတားရဲချေ။
လီယွင်ကျန်းက အရင်ဆုံးထရပ်လိုက်၏။
ပြီးနောက် စီးဝူယာ့က ထရပ်ပြီး ပြောလိုက်၏။
“ရှစ်စွင်း”
စစ်ခုံးပေချန်း၊ နျဲ့ချင်းယွင်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းမှ လူတို့သည် ထရပ်လိုက်လေ၏။ “လုချန်းပေ့”
လုကျိုးက လက်နောက်ပစ်ထားလျက် ခန်းမထဲ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူ၏အကြည့်တို့က မဟာစစ်သူကြီးများဆီ သိမ်းကြုံးဖြတ်ကြည့်သွား၏။ သူ၏အရှိန်အဝါကို ခရမ်းရောင် တောက်ပသံကျောက်ဖြင့် ဖုံးကွယ်ထားသော်ငြား သူ ဆောင်ယူလာသည့် ဖိအားက ပိုတောင်ကြီးမားသည်။
မြို့စားကြီးလေဦး၊ မင်းဆရာနှင့် ပြည်သူပြည်သားများ၊ အမှုထမ်းများသည် သူ့ကို လေးစားစွာကြည့်နေ၏။
လူစုခွဲသွားပြီး အရိုအသေပေးလိုက်ကြသည်။
ယခုအချိန်တွင် လီယွင်ကျန်းသည် သူ၏ရာဇပလင်ကိုတောင် လက်လျှော့လိုက်သလို ခံစားလိုက်ရသည်။
လုကျိုးက လီယွင်ကျန်း ထိုင်သင့်ကြောင်း လက်မြှောက်ပြလိုက်သည်။
စီးဝူယာ့က အမျှော်အမြင်ရှိရှိ သူ၏ထိုင်ခုံကို ပေးကာ ဘေး၌ နာခံစွာရပ်နေလေ၏။
သူ ထိုင်ပြီးနောက် လုကျိုးသည် မေးလိုက်တော့သည်။ “အခုအခြေအနေ ဘယ်လိုလဲ”
စီးဝူယာ့သည် ဖြစ်ခဲ့သမျှရှင်းရှင်းလင်းလင်း ပြန်ပြောပြကာ လုကျိုး ခေါင်းညိတ်လိုက်တော့သည်။ အမိန့်တော်ကိုတားလိုက်သည့် သတ္တမတပည့်၏နည်းလမ်းများကို သူ အလွန်အထင်ကြီးမိသည်။ မဟာစစ်သူကြီးများ၏ မျက်နှာဖုံးကို အပြည့်အဝခွာချပစ်ခဲ့၏။
လုကျိုးသည် ရှေ့တွင် သံချပ်ကာဝတ်လျက် ဦးဆောင်ရပ်နေသော အဘိုးအိုကို ကြည့်လိုက်သည်။ သူက အနည်းငယ်အံ့ဩနေသော လေသံဖြင့်ပြောလိုက်သည်။ “ခင်ဗျားက ချန်ရန်ကျီလား”
လုကျိုးက ခေါင်းခါလိုက်သည်။ “အရှေ့ဖက်နန်းတော်မြို့ရိုးဆီ ငါ ပေးခဲ့တဲ့ သတိပေးချက်က မလုံလောက်တဲ့ပုံပဲ”
လုကျိုးပြောပြီးသည်နှင့် လက်မြှောက်လိုက်သည်။ ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် ချန်ရန်ကျီဆီ တိုးဝင်သွားလျက် ခန်းမတစ်ခုလုံး လင်းထိန်သွားစေတော့သည်။
ချန်ရန်ကျီက ထိတ်လန့်သွား၏။ တစ်ဖက်လူက သူ့ကို တန်းသတ်လိမ့်မည်ဟု မထင်ထားပေ။ သူ လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ရန် လက်မြှောက်လိုက်လေ၏။
ဘန်း
ထင်သည့်အတိုင်းပင် ချန်ရန်ကျီက လွင့်ထွက်သွားပြီး လူတိုင်း၏အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။ သူ၏အရိပ်တောင်မှ မမြင်ရတော့ပေ။ မဟာစစ်သူကြီးများက ကြောက်လန့်မှုကြောင့် တုန်ယင်နေ၏။ ဒူးမထောက်သေးသည့်သူများက ချက်ချင်း ဒူးထောက်လိုက်ကြသည်။
လုကျိုး၏နည်းလမ်းက ရိုးရှင်းပြီး တိုက်ရိုက်ကျတာ သံသယဖြစ်ဖွယ်မရှိပေ။
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၄၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၀၀၀”