အခန်း (၉၁၃-၉၁၅)
Vol. 61 Ch. 913-915
အခန်း (၉၁၃) တိကျန်း
ထိုစကားကို ကြားသောအခါ လုကျိုးက ပြောလိုက်လေ၏။
“မင်းရဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ရှုပ်ထွေးနေတဲ့ပုံပဲ”
ယန်ကျန်းလော့သည် လုကျိုး၏ စကားကို မငြင်းဆန်ခဲ့ပဲ ခေါင်းညိတ်လိုက်၏။
“ခင်ဗျား ပြောတာမှန်တယ်။ ဒါပေမဲ့ ကျုပ်တို့မှာ အတွင်းပိုင်း ပြဿနာ မရှိဘူး။ ပြင်ပ ပြဿနာ ရှိနေတာ”
လုကျိုးသည် မျက်ခုံးတစ်ဖက် ပင့်လျက် မေးလိုက်တော့သည်။
“ပြင်ပ ပြဿနာလား”
ယန်ကျန်းလော့က ကူကယ်ရာမဲ့စွာ ပြောလိုက်တော့သည်။
“အစ်ကိုလု ထပ်ပြီး မပြောပြနိုင်တာအတွက် ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ နောင်ကျ အကိုလုက နားလည် သဘောပေါက်ပါလိမ့်မယ်”
ထိုကဲ့သို့ သဘောထားဖြင့် လုကျိုးသည် ယန်ကျန်းလော့ကို စကားပြောအောင် ဖိအားပေးဖို့ အခက်တွေ့နေသည်။ ဆိုရလျှင် သူသည် ဂုဏ်သိက္ခာရှိသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ ယန်ကျန်းလော့က အလွန် ပရိယာယ်ကြွယ်ပြီး ယဉ်ကျေး၏။ ယန်ကျန်းလော့ စကားပြောအောင် အားသုံးလျှင် ထူးဆန်းနေလိမ့်မည်။ ခဏအကြာအတွင် သူက မေးလိုက်တော့သည်။
“လျန်ရှင်းလို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ကို သိလား”
ယန်ကျန်းလော့က ခေါင်းခါပြီး ပြောလိုက်တော့၏။
“လျန်ရှင်းလား သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ဘာကြောင့်မေးတာလဲ အကိုလု”
“ဆန်းကြယ်တဲ့ လူတစ်ယောက်ကို မတော်တဆ တွေ့ခဲ့လို့။ ပြီးတော့ သူ ထူးဆန်နေတယ်လို့ ငါ ခံစားမိတယ်။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းထဲမှာ အဲ့လိုလူ မရှိတာ သေချာလား”
လုကျိုးသည် မေးလိုက်တော့၏။
“ကျုပ်က အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ သာမာန်အဖွဲ့ဝင် တစ်ယောက်ဆိုပေမဲ့ ဗဟုသုတ မရှိတာတော့ မဟုတ်ဘူး။ အဖွဲ့အစည်းထဲမှာ ဒီလိုလူအကြောင်း တစ်ခါမှ မကြားဖူးဘူး။ သူက နာမည်တု သုံးတာများလား”
ယန်ကျန်းလော့က အကြံပြုလိုက်၏။
“သူက နာမည်တု သုံးထားတာများလား”
ယန်ကျန်းလော့က အကြံပြုလိုက်သည်။
နာမည်တူသာ ဆိုလျှင် စုံစမ်းစစ်ဆေးနိုင်စရာ အကြောင်းမရှိပေ။ လုကျိုးသည် လျန်ရှင်း၏ ဇစ်မြစ်ကို မစုံစမ်းနိုင်ပါက နောင်ကျ ကျောက်ယွဲ့ကို သတိထား လေ့လာရုံသာ ရှိသည်။
ထို့အတွေးဖြင့် လုကျိုးသည် ယန်ကျန်းလော့ကို ကြည့်ပြီး ပြောလိုက်တော့၏။
“ငါက ကျိုးကြောင်းမသင့်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ မင်း ရိုးသားမယ်ဆိုရင် ငါလည်း ရိုးသားမယ်။ ငါ သိချင်လို့ပါ။ လုလီအတွက် ဒါတွေအားလုံး လုပ်ပေးတာ ထိုက်တန်လို့လား”
“လုလီက ကျုပ်အသက်ကို ကယ်ခဲ့ဖူးတယ်”
ယန်ကျန်းလော့က ရိုးရိုးသားသား ပြောလိုက်၏။
“သန်မာသူက အားနည်းသူကို အမဲလိုက်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက် ရှာတွေ့ဖို့က ခက်ခဲလွန်းတယ်။ ဒါထက်ပိုတာက ကျုပ်တို့တွေက အခက်အခဲ မျိုးစုံကို ကျော်ဖြတ်ခဲ့ဖူးတဲ့ ညီအစ်ကိုတွေပဲ။ လုလီမရှိဘဲ ကျုပ် ယန်ကျန်းလော့က ဒီမှာ ရှိမှာမဟုတ်ဘူး”
ပြီးနောက် ယန်ကျန်းလော့က မော့ကြည့်ပြီး ပြောလိုက်တော့သည်။
“အစ်ကိုလု အစ်ကို့ဘဝမှာ ကာကွယ်ဖို့ အသက်စွန့်ရ ထိုက်တန်တဲ့သူ ရှိလောက်တယ်မလား”
လုကျိုးသည် ယန်ကျန်းလော့၏ အမေးကြောင့် မှင်သက်သွားသည်။ သူ ကမ္ဘာမြေပေါ်တွင်သာ ဆိုပါက တွေဝေမနေဘဲ ဖြေမှာပဲ ဖြစ်သည်။ ဥပမာ အနေဖြင့် သူ့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သော သူ့မိဘနှစ်ပါးပဲ ဖြစ်သည်။ သို့သော် ဤကြမ်းတမ်းလှသော ကမ္ဘာကြီး၌ အန္တရာယ်များ ပြည့်နေပြီး သူကာကွယ်ချင်သည့် တစ်စုံတစ်ယောက် ရှိမရှိ သေချာမသိပေ။ ဤနေရာ၌ သူယုံကြည်ရသည့် သူများက သူ၏တပည့်များနှင့် မိစ္ဆာဝေဟင် မျှော်နန်း၏ အကြီးအကဲများပဲ ဖြစ်သည်။ သို့သော် သူတို့ကို ယုံကြည်ခြင်းက သူသည် သူတို့အသက်အတွက် စွန့်လွှတ်ချင်စိတ် ရှိလားဆိုတာ မသိပေ။ သူအသက် စွန့်နိုင်ပါ့မလား မသေချာ။
သူ့တပည့်များ၏ အစောပိုင်း သစ္စာဖောက်မှုမှ သူ့တပည့်၏ မှန်ကန်သည့် လမ်းကြောင်းနှင့် သူ့တပည့်များ၏ အံ့ဩဖွယ်ကောင်းသော ဆောင်ရွက်ချက်များအထိ အရာအားလုံး ချောမွေ့ခဲ့သည်။ သူ့အသက်ကို စွန့်စားခြင်းကဲ့သို့ စိတ်ထိခိုက် လှုပ်ရှားစေဖွယ် ကိစ္စရပ်များ မကြုံတွေ့ရပေ။
လုကျိုးသည် အတန်ကြာ တိတ်ဆိတ်သွားလေ၏။
ယင်းကို မြင်သောအခါ ယန်ကျန်းလော့က လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
“ကျုပ် မှားပြောမိပါတယ်”
လုကျိုးသည် သူ၏အတွေးများကို ဖယ်ရှားလျက် ပြောလိုက်၏။
“လုလီက အခု ဘေးကင်းတယ်။ ဒါပေမဲ့ သူက အနီရောင်ကြာနယ်မြေမှာ မဟုတ်ဘူး”
“အနီရောင် ကြာနယ်မြေထဲမှာ မဟုတ်ဘူးလား”
ယန်ကျန်းလော့က ထိတ်လန့်သွား၏။
“ကျုပ် လုလီရဲ့ လမ်းကြောင်းကို စစ်ဆေးခဲ့တယ်။ သူ ကောင်းကင်ချား တောင်တန်းဒေသကနေ အဆုံးမဲ့ သမုဒ္ဒရာဆီ ထွက်ခွာသွားတာ။ သူ့ကို ရှာဖို့ အဆုံးမဲ့သမုဒ္ဒရာဆီ သွားပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ တာဝန်အတွက် အနက်ရောင် မျှော်စင်အဖွဲ့အစည်းက ပေးထားတဲ့ အချိန်အကန့်အသတ်ကို ကျော်လွန်သွားပြီးပြီ။ သူ ရွှေကြာနယ်မြေကို သွားတာလား”
စုံစမ်းစစ်ဆေးပြီးနောက် ယီချန်းရှုနှင့် လုကျိုး၏ တိုက်ပွဲအကြောင်း ယန်ကျန်းလော့ ရှာတွေ့ခဲ့သည်။ လုကျိုးကို အဝေးသို့ သယ်ဆောင်သွားရန် လုလီက ဘုံတစ်ထောင် လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုခဲ့တာလည်း ရှာတွေ့သွား၏။ ယင်းသည် သူက ယီယောင်နှင့် လုကျိုး တိုက်ခိုက်ချိန်တွင် မလှုပ်ရှားခဲ့ရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ် ဖြစ်သည်။
“သူက အခု ရွှေကြာနယ်မြေမှာ မဟုတ်ဘူး”
လုကျိုးက ပြောလိုက်၏။
“ဒါဆို သူဘယ်မှာလဲ။ အကိုလုက သူဘေးကင်းတာကို ဘယ်လိုလုပ် သိတာလဲ။ မဟုတ်ဘူး သူ ဘယ်နေရာရောက်ရောက် သူ့ကို ခေါ်ထုတ်ရမယ်”
ယန်ကျန်းလော့က စိုးရိမ်ပူပန်စွာ ပြောလိုက်လေ၏။
လုကျိုးက ပြန်ပြောလိုက်သည်။
“အခု သူ ငါ့တပည့်နဲ့ ရှိနေတာ”
“... “
ယန်ကျန်းလော့ နားမလည်ပေ။
“မင်း စိတ်ချထားလို့ ရတယ်။ လုလီနဲ့ ငါတပည့်ရဲ့ ကျင့်ကြံစဉ်နဲ့ဆို သူတို့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒါ့အပြင် လုလီက အချိန်တိုအတွင်း ပြန်လာဦးမှာ မဟုတ်တာကြောင့် မင်း စိတ်အေးလက်အေး အနားယူပြီး အနက်ရောင်မျှော်စင် အဖွဲ့အစည်းထဲမှာ နေလို့ရတယ်”
လုကျိုးက ပြောလိုက်လေ၏။
“တကယ်လား”
“ငါက လိမ်တတ်တဲ့ သူတစ်ယောက် မဟုတ်ဘူး။ ယုံမယုံ မင်း အပေါ်ပဲ မူတည်တယ်”
လုကျိုးက ပြောလိုက်သည်။
ယန်ကျန်းလော့က အပျော်လွန်သွားကာ လုကျိုးကို ချက်ချင်း အရိုအသေ ပေးလိုက်လေ၏။
“ကျေးဇူးပါ အကိုလု”
“မင်း ငါ့ကို ဒီအတိုင်း ယုံလိုက်တာပဲလား”
သူရှေ့ရှိလူက ယုံကြည်တတ်လွန်းသည်ဟု လုကျိုး ခံစားမိသွားသည်။
“ကျုပ်မှာ ရွေးချယ်စရာ မရှိဘူး။ ဒါ့အပြင် ခင်ဗျားကို ယုံလို့လဲ ဘာမှ ဆုံးရှုံးသွားမှာမှ မဟုတ်တာ”
ယန်ကျန်းလော့က ရိုးရိုးသားသား ပြောလိုက်သည်။
“ငါက ထက်မြက်တဲ့ သူတွေကို အလေးစားဆုံးပဲ”
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ယန်ကျန်းလော့ကို ကြည့်လိုက်သည်။
ထိုစဉ် ယန်ကျန်းလော့က ခေါင်းမော့လျက် ကောင်းကင်ရှိ နေကို ကြည့်ပြီး ပြောလိုက်တော့သည်။
“ကျုပ်ရဲ့ ကံက ကောင်းတာပဲ။ မွေးဖွားဇယားချပ် သားရဲတစ်ယောက် ဒီရောက်နေပြီ”
“မင်းက မွေးဖွားဇယားချပ် သားရဲကို အာရုံခံနိုင်တယ်လား”
လုကျိုးက မေးလိုက်သည်။
မွေးဖွားဇယားချပ် သားရဲတွေက အားကောင်းတဲ့ သူတွေကို အာရုံခံနိုင်တယ်။ အထူးသဖြင့် ဒသတ္တမမြောက် ပွင့်ချပ် ဖူးပွင့်ကာစ လူသားပဲ။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းက တစ်ချိန်တည်းမှာ တိုက်ခိုက်နိုင်ပြီး တစ်ချိန်တည်းမှာလည်း ခုခံနိုင်တဲ့ ဒီကျောက်တုံး အစီအရင်ကို ဖန်တီးခဲ့တယ်။ မွေးဖွားဇယားချပ် သားရဲတစ်ကောင် ချဉ်းကပ်လာတိုင်း ကျောက်တုံးအစီအရင်က အချက်ပြတယ်”
လုကျိုးသည် အဝေးရှိ ကျောက်အစီအရင်ကို ကြည့်လိုက်သည်။ တစ်ကယ်ပင် အလယ်ရှိ အဝိုင်းနေရာက ဖြတ်ကနဲ လင်းလာ၏။ သူသည် အနက်ရောင် မျှောင်စင် အဖွဲ့အစည်၏ စွမ်းအားကို မှင်သက်မိသွားသည်။ ၎င်းသည် အတိုင်းအတာ တစ်ခုထိ ရောက်နေပြီ ဖြစ်၏။ ကမ္ဘာမည်မျှ များစွာသည် ၎င်းတို့၏ နောက်ဖေးခြံဝန်းထဲ ရှိနေသနည်း။ သူက မေးလိုက်တော့သည်။
“အနက်ရောင် မျှော်စင်အဖွဲ့အစည်းက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ကမ္ဘာဘယ်နှစ်ခု ရှိနေတာလဲ”
ယန်ကျန်းလော့က ခေါင်းခါလိုက်သည်။
“အစ်ကိုလု မေးခွန်းတစ်ခု မေးလိုက်တာနဲ့ ချက်ကောင်းကို တန်းထိတာပဲ။ အဲဒါတွေက အနက်ရောင် မျှော်စင်အဖွဲ့အစည်းရဲ့ ထိပ်တန်းလျို့ဝှက်ချက်ပဲ။ သာမာန်အဖွဲ့သားတွေက ဒါတွေကို မသိနိုင်ဘူး။ ဒါပေမဲ့ အနက်ရောင် ကြာနယ်မြေနောက်မှာ ပိုကြီးမားတဲ့ အင်အားစု ရှိနေသလားလို့ တစ်ခါတစ်လေ သံသယ ဝင်မိတယ်”
“စိတ်ဝင်စားစရာပဲ “
လုကျိုးက ပြောလိုက်လေ၏။
“မင်းရဲ့ အဖြေကို အသိအမှတ် ပြုတယ်”
လူတိုင်းသည် ယန်ကျန်းလော့ကဲ့သို့ ပါးနပ်နေလျှင် ကောင်းလိမ့်မည်။ ဉာဏ်ကောင်းသည့် သူများနှင့် အပေးအယူ လုပ်ရတာ အလွန် စိတ်ကျေနပ်စရာ ကောင်းသည်။
ဗြီး
ထိုစဉ် ကျောက်တောအုပ်ထဲမှ ဆူညံသံ တစ်သံ ပေါ်ထွက်လာ၏။
“လာနေပြီ”
ယန်ကျန်းလော့က ပြောလိုက်၏။
“ငါးကီလိုမီတာအတွင်းမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ မွေးဖွားဇယားချပ် သားရဲကို တတ်နိုင်သမျှ မြန်မြန် ပစ်ချလိုက်မယ်”
“ဟုတ်ပြီ”
ထိုစဉ် တောအုပ်ထဲ လေသံများ ပေါ်ထွက်လာ၏။
နှစ်ယောက်သား အလိုလို လှည့်ကြည့်လိုက်ကြသည်။ သူတို့ရှေ့ရှိ မျက်နှာလှသော သစ်ပင်ကြီးကနေ သူတို့ဆီ အနီရင့်ရောင် မီးလုံးကြီး ပျံသန်းလာတာကို တွေ့လိုက်ရ၏။
လုကျိုး၏ အမူအရာက တည်ငြိမ်နေသော်ငြား မျက်လုံးက ပြူးကျယ်နေ၏။ ဒါ ဘာလဲဟ။
ယန်ကျန်းလော့က သုန်မှုန်စွာ ပြောလိုက်သည်။
“မကောင်းတော့ဘူး”
“မင်း အဲဒါကို မဖြေရှင်းနိုင်ဘူးလား”
လုကျိုးက မေးလိုက်သည်။
“ဒါက သာမာန် မွေးဖွားဇယားချပ် သားရဲတစ်ကောင် မဟုတ်ဘူး။ ဒီသားရဲကို တိကျန်းလို့ ခေါ်တယ်။ သူ့ရဲ့သဏ္ဍာန်က ဘောလုံးလိုပဲ မီးလိုနီပြီး ခြေထောက် ခြောက်ချောင်း၊ တောင်ပံ လေးဘက် ရှိတယ်။ မျက်နှာ မပါဘူး”
ယန်ကျန်းလော့က ရှင်းပြလိုက်လေ၏။
“တိကျန်းကို သွေးဆောင်မိမယ်လို့ မထင်ထားဘူး”
“တကယ် သိချင်မိတာပဲ။ အနက်ရောင် မျှော်စင် အဖွဲ့အစည်းက ကြမ်းတမ်းခက်ထန်တဲ့ သားရဲတွေရဲ့ အသိုက်ကို တန်းမသွားပဲ လူသားမျိုးနွယ်ထဲ သူတို့ ကျူးကျော်လာတာကို ဘာလို့ စောင့်နေတာပါလိမ့်”
လုကျိုးက မေးလိုက်၏။
“ကြမ်းတမ်းခက်ထန် သားရဲအသိုက်ထဲ သွားရှာတာက ပိုမကောင်းဘူးလား”
“မဖြစ်နိုင်ဘူး”
ယန်ကျန်းလော့က ချက်ချင်း ပြောလိုက်၏။
“အသိုက်ထဲမှာ သားရဲတွေ တကယ် အများကြီး ရှာတွေ့နိုင်တယ်။ ဒါပေမဲ့ အရမ်း များလွန်းတယ်။ ဥပမာ အနေနဲ့ အနီရောင် ကြယ်နယ်မြေထဲက ရေနက်ဆန်းကြယ်ကို အဆုံးမဲ့သမုဒ္ဒရာနဲ့ ကောင်းကင်ချား တောင်ကြား အတွင်းပိုင်းလိုမျိုး နေရာတွေက လူသားတွေ နေလို့ မရဘူး”
ယန်ကျန်းလော့၏ စကားများသည် အဆုံးမဲ့ သမုဒ္ဒရာအတွင်းရှိ ဧရာမ သားရဲအကြောင်း လုကျိုးကို သတိပေးလိုက်သည်။ ထိုဧရာမ သားရဲသည် စနစ်ဆီမှ သတိပေးချက်ကိုပင် ရစေ၏။ ၎င်းအစွမ်းထက်ပုံကို မှန်းဆနိုင်သည်။ သူက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။
ယန်ကျန်းလော့က တိကျန်းကို ကြည့်ပြီး ပြောလိုက်သည်။
“သားရဲက မြန်လိုက်တာ။ ကြမ်းတမ်းခက်ထန် သားရဲအားလုံးထဲ အမြန်ဆုံးပဲ”
လုကျိုး၏ မျက်လုံးက လက်သွား၏။ သူသည် ယီယောင်၏ လျှပ်ပြတ်သော အရှိန်ကို ပြန်တွေးမိသွား၏။ သူသာ ဤမွေးဖွားဇယားချပ် သားရဲဆီမှ အရှိန်ရခဲ့လျှင် မည်မျှ အံ့ဖွယ်ကောင်းမည်နည်း။ သူ မေးလိုက်လေ၏။
“ငါ့အတွက် သင့်တော်လား”
“အလွန် သင့်တော်တယ်။ တိကျန်းရဲ့ အသက်ဓာတ် နှလုံးသားနဲ့ဆို အကိုလုရဲ့ အရှိန်က ယီယောင်ရဲ့ အရှိန်ထက် ပိုတောင် မြန်သွားမှာ။
ထိုစဉ် တိကျန်းက လေထဲ ပျံသန်းလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ဝဖိုင်းဖိုင်း ရှိပြီး ခြေတံများကို ရှေ့နောက် ကန်ကျောက်နေ၏။ ယန်ကျန်းက သတိထားလိုက်သည်။ သားရဲတစ်ကောင်ဆိုတာ မှန်းဆကြည့်ရန် ခက်ခဲနေသည်။
ယန်ကျန်းလော့က ခြေသာ ဖော့နင်းပြီး လျှပ်ပြတ်သော အရှိန်ဖြင့် ပျံသန်းသွားသည်။ သူသည် တိကျန်းနောက် လစ်ကနဲ သွားလျက် ၎င်း၏လက်ကို ရိုက်ချလိုက်တော့သည်။
ဖုန်း
ထိုက်တောင်တန်းနှင့် တူသည့် အနက်ရောင် လက်ဝါးစည်းတံဆိပ်သည် တိကျန်းကို ချက်ချင်း ဖိချလိုက်၏။ ပြင်းထန်သည့် ဖိအားဖြင့် အရိုက်ခံရပြီးနောက် တိကျန်းသည် တစ်ချက်ချင်း ပျံတက်သွားသည်။ သူ၏ အရှိန်က အဆပေါင်းများစွာ မြန်တာ သိသာသည်။
ယန်ကျန်းလော့က မျက်မှောင်ကျုံ့လျက် ပြောလိုက်တော့သည်။
“ထင်တဲ့အတိုင်းပဲ သူ့ကို မဖမ်းနိုင်ဘူး”
…
အခန်း (၉၁၄) မျှော်လင့်မထားသည့် အသက်ဓာတ် နှလုံးသား
“မဖမ်းနိုင်ဘူးလား” လုကျိုးက ထပ်မံမေးလိုက်သည်။
“အရမ်းမြန်လွန်းတယ်။ ဒီတစ်ခါတော့ ကျုပ်စကား မတည်နိုင်တော့ဘူး ထင်တယ်” ယန်ကျန်းလော့၏ အမူအရာက အလေးအနက်ဖြစ်လာသည်။
လုကျိုးက ယန်ကျန်းလော့၏ အရှိန်သည် ယီယောင်၏ အရှိန်နှင့် ယှဥ်နိုင်ကြောင်း သတိပြုမိခဲ့သည်။ စောစောလေးက လက်ဝါးချက်က တိကျန်းကို ကျောက်တောအုပ်ထဲ တွန်းပို့ဖို့ ရည်ရွယ်ခဲ့၏။ သူက တိကျန်း၏ တုံ့ပြန်မှုနှင့် အရှိန်သည် လွန်ကဲနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
“ငါ စမ်းကြည့်ရအောင်” လုကျိုးက လေထဲ ပျံသန်းလာသည့် သူ့မဟာနည်းစနစ်ဖြင့် သူက တိကျန်း၏ အထက် ပေါ်ထွက်လာပြီး လက်ဝါးချက်ဖြင့် ဖိနှိပ်လိုက်သည်။
ကောင်းကင်အထက် အပြာရောင် အလင်းတန်း ဖျတ်ခနဲ ပေါ်ထွက်လာ၏။
အစွန့်ပစ်ခံ ဉာဏ်ပညာ
မင်း ဘယ်လိုရှောင်မလဲ ကြည့်ရသေးတာပေါ့ ...
လုကျိုးက သူ့ဘာသာသူ တွေးလိုက်ပြီး ထူးကဲသည့် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် အစွန့်ပစ်ခံ ဉာဏ်ပညာက ပစ်မှတ်ကို အလိုလို ဖမ်းယူနိုင်သည်။
ယန်ကျန်းလော့က ထိုအရာကို မြင်ပြီးသည့်နောက် အံ့အားသင့်နေသည်။ လုကျိုးနှင့် ယီယောင်တို့၏ တိုက်ပွဲမြင်ကွင်းက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာ၏။ သူက အပြာရောင်စွမ်းရည်ကို အမှန်တကယ် လေးစားမိသည်။ သူက လုကျိုးသည် အပြာရောင်ကြာနယ်မြေမှ ဖြစ်လိမ့်မည်ဟု သံသယများစွာ ရှိခဲ့၏။ သို့သော်လည်း ထိုအရာက သူ့ကိုယ်ပိုင် ကောက်ချက်ချမှု တစ်ခုသာ ဖြစ်၏။ တကယ်တော့ သူက အပြာရောင်ကြာနယ်မြေအကြောင်း မကြားဖူးသလို ဖတ်လည်း မဖတ်ဖူးပေ။
ထိုစဥ် တိကျန်းက ရောက်ရှိလာသည့် အန္တရာယ်ကို ခံစားမိသည့်အလား တောင်ပံလေးခုကို တစ်ဖျတ်ဖျတ်ခတ်ကာ တောအုပ်မှ ပျံသန်းထွက်သွားသည်။ ထိုအရာက မျက်စိတစ်မှိတ်အတွင်း မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွား၏။
“အဲဒီလောက်တောင် မြန်တယ်လား” အပြာရောင် လက်ဝါးစည်းတံဆိပ်က ပျံသန်းထွက်သွားပြီး လေထဲ လေးကိုင်းသဏ္ဌာန်တစ်ခု ဖြစ်တည်လာစေသည်။
သို့သော်လည်း တိကျန်းက အစွန့်ပစ်ခံ ဉာဏ်ပညာကို ရှောင်ရှားနိုင်လိုက်၏။
သိပ်မကြာခင် အစွန့်ပစ်ခံ ဉာဏ်ပညာက လေထုထဲ ပျောက်ကွယ်သွားသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
ကြည့်ရတာ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားက ကန့်သတ်ချက် မရှိတာတော့ မဟုတ်ဘူးပဲ ...
“ကျုပ် လိုက်ဖမ်းလိုက်မယ်” ယန်ကျန်းလော့က တိကျန်းနောက် လိုက်ဖမ်းလေသည်။ သူ့မဟာနည်းစနစ်ဖြင့် သူက တိကျန်းရှေ့မှောက် ချက်ချင်းပေါ်ထွက်လာ၏။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖော်ထုတ်ကာ သူ့မွေးဖွားဇယားချပ် တစ်ခုမှ တိကျန်းဆီ ပိုက်ကွန်သဏ္ဌာန် အလင်းလိုမျိုး ပစ်ခွင်းလာသည်။
ဘန်း ဘန်း ဘန်း
မြန်ဆန်လှသည့် လှုပ်ရှားမှုနှင့် အရှိန်ဖြင့် တိကျန်းသည် ပိုက်ကွန်သဏ္ဌာန် တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ အဆုံးသတ်တွင် လှည့်ပြေးရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ထင်ထားသည့်အတိုင်း လုကျိုးက အနောက်ဘက်တွင် ရပ်နေလေ၏။ သူက ယန်ကျန်းလော့၏ ကြယ်တာရာ ဒိုင်ခွက်ကို ကြည့်လိုက်မိသည်။ ဤသည်က ကြယ်တာရာ ဒိုင်ခွက်တွင် မွေးဖွားဇယားချပ် ၆ခု ရှိထားသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ဖြစ်၏။
ယန်ကျန်းလော့က ဘုံတစ်ထောင်လေပွေအဆင့်၏ တိုက်ခိုက်ရေး နည်းစနစ်များကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ထားမှန်း သိသာလှသည်။ သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ခေတ္တမျှ ဖော်ထုတ်ထားသော်လည်း ကြယ်တာရာ ဒိုင်ခွက်အပေါ် ထိန်းချုပ်မှုသည် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေကြောင်း မြင်နိုင်လေသည်။
ယန်ကျန်းလော့က လှမ်းခေါ်လိုက်၏။
“ညီအစ်ကိုလု တောအုပ်ထဲ မောင်းထုတ်လိုက်မယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက လက်နှစ်ဖက်ပူးကာ လက်ဟန်တချို့ကို ပြုလုပ်လိုက်သည်။ သူက အကြောင်းရင်းကို မသိရသော်လည်း ရန်သူနှင့် တိုက်ခိုက်သည့်အခါ ယနေ့လောက် တစ်ခါမှ စိတ်မလှုပ်ရှားခဲ့ဖူးပေ။ ထိုစဥ် သူက လက်ကို ဖြန့်လိုက်၏။
ကောင်းကင်အထက် စွမ်းအင်ဓားသိန်းချီက ထွက်ပေါ်လာပြီး မထိုးဖောက်နိုင်သည့် နံရံတစ်ခုလိုမျိုး တားဆီးထားသည်။
ယန်ကျန်းလော့က ပြောလိုက်သည်။
“ညီအစ်ကိုလုကို တကယ်ကို လေးစားမိပါတယ်”
သူက လုကျိုးနောက်မှ လိုက်ကာ စွမ်းအင်ဓားများစွာကို ဖန်တီးလိုက်သည်။ သူတို့က လုကျိုး၏ စွမ်းအင်ဓား အရေအတွက်လောက် မများပြားပေ။ မည်သို့ပင်ဆိုစေကာမူ ၂ဦးလုံးက အတူတကွ အလုပ်လုပ်ပြီး တိကျန်းကို တားဆီးနိုင်သည်။
တိကျန်းက ယခုအခါ ပျာယာခတ်သွားဟန် ပေါ်၏။ ထိုအရာက ပျံသန်းစရာ နေရာမရှိသည့်အတွက် တောအုပ်ထဲသာ ပြေးဆင်းဖို့ ပြင်လိုက်ရသည်။
ထိုအရာက မြန်ဆန်လွန်းလှသော်လည်း ယခုအခါ မျက်ကန်းတစ်ယောက်လို လျှောက်ပျံနေသလို ဖြစ်နေသည်။ ထိုအရာက အရှေ့အနောက် ကူးချီသန်းချီ ပျံနေလေသည်။ ကြည့်ရသည်မှာ သူ့ဉာဏ်ရည်က သိပ်မြင့်ပုံမပေါ်ပေ။
“မျှော်လင့်ချက် ရှိသေးတယ်” ယန်ကျန်းလော့က လှမ်းပြောလိုက်သည်။ သူက အမြဲတမ်းတစ်ယောက်တည်း တိုက်ခိုက်လေ့ရှိ၏။ ထိုကြောင့် သူ့နည်းဗျူဟာများက တစ်ဦးတည်း နည်းဗျူဟာမျှသာ ဖြစ်ပေသည်။ သူက လုကျိုးကို မေ့လျော့သွားခဲ့၏။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုဖြင့် သူတို့က တိကျန်းကို မဖမ်းဆီးနိုင်လျှင် အနည်းငယ် ရှက်ဖို့ ကောင်းလှသည်။
၂ဦးက စွမ်းအင်ဓားကို စီးနင်းလျက် တောအုပ်ဆီ ပျံသန်းလာလိုက်သည်။ တစ်ယောက်က ဘယ်ဘက်တွင်ဖြစ်ကာ တစ်ယောက်က ညာဘက်တွင် နေရာယူထား၏။ ၂ဦးသားက သူတို့၏ ကနဦးချီကို ထိန်းသိမ်းထားဖို့ အတွေးမရှိကြပေ။ သူတို့က တိကျန်းနောက်ကို လိုက်လာကြသည်။
...
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ၂ယောက်က မွေးဖွားဇယားချပ် သားရဲနှင့် တိုက်ခိုက်နေသည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်မှာ ပုံမှန်သာဖြစ်၏။
အဝေးရှိ ကျင့်ကြံသူများက ကောင်းကင်ကို မော့ကြည့်နေကြသည်။ ကျင့်ကြံဆင့်နိမ့်သည့်သူများက လုကျိုးနှင့် ယန်ကျန်းလော့တို့အား အလင်းပြောက် ၂ခုအဖြစ်သာ မြင်ရလေ၏။
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
“ငါ လတ်တလော မအိပ်မိလို့များလား။ ဒါမှမဟုတ် ငါအသက်ကြီးလာတာများလား။ မျက်စိထဲ လျှောက်မြင်နေသလိုပဲ”
...
ကံကောင်းစွာဖြင့် ရုတ်ရုတ်သဲသဲဖြစ်မှုက ခေတ္တမျှသာ ကြာမြင့်ခဲ့သည်။
ဘုံတစ်ထောင်လေပွေအဆင့် ပညာရှင် ၂ယောက်၏ ချောင်ပိတ်မှုကို ခံရပြီးသည့်နောက်တွင် တိကျန်းက တောအုပ်အတွင်း ပြန်သွားရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထို့နောက် သူက သစ်ပင်ထက် ပျံသန်းလာလိုက်၏။
“သားရဲ ဘယ်ပျံအုံးမလဲ ကြည့်ရသေးတာပေါ့” လုကျိုးက လေထဲ ရပ်တန့်လိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ကာ သူ့လက်ထဲ အနက်ရောင် ကျောက်တုံးဝိုင်းဝိုင်းတစ်ခု ပေါ်ထွက်လာသည်။
သိပ်မကြာခင် သူက လေးကိုင်းအဖြစ် ပြောင်းလဲလိုက်သည်။
ဝှစ်
စွမ်းအင်မြားက အမည်မဲ့ပေါ်တွင် ပေါ်ထွက်လာ၏။
ယန်ကျန်းလော့က တအံ့တသြဖြင့် ပြောလိုက်သည်။
“ပေါင်းစည်းမှုလား”
အနက်ရောင်မျှော်စင် အဖွဲ့အစည်းပင် ပေါင်းစည်းရေးလက်နက်များက အင်မတန် ရှားပါးလှပြီး အနက်ရောင်မျှော်စင် အဖွဲ့ထဲမှ တချို့သာ ရှိကြသည်။ တကယ်တော့ ဘုံတစ်ထောင်လေပွေ ပညာရှင်တိုင်းတွင် လွှမ်းမိုးအဆင့်လက်နက် ပိုင်ဆိုင်ကြခြင်းမဟုတ်ပေ။ ပေါင်းစည်းရေးလက်နက်ကို ပြောဖို့ပင် မလိုတော့ပေ။ သူက လုကျိုးတွင် ပေါင်းစည်းရေးလက်နက် ရှိထားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အနည်းဆုံးတော့ ထိုအရာက ပေါင်းစည်းရေးလက်နက်နှင့် တူနေ၏။
စွမ်းအင်မြားက လေထုထဲ ထွက်ပေါ်လာသည်။
ယန်ကျန်းလော့က လုကျိုးသည် မြားတစ်ချောင်းသာ ပစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် လုကျိုးက စွမ်းအင်မြားများကို တစ်စင်းပြီး တစ်စင်း ဆက်တိုက်ပစ်ခတ်ခဲ့၏။
ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်
လုကျိုးက စွမ်းအင်မြား ၅စင်းကို အတူတကွ ဖန်တီးပြီး အထွတ်အထိပ် ဆန်းကြယ်စွမ်းအားဖြင့် ပေါင်းစပ်ကာ ပစ်ခတ်လိုက်သည်။
ပထမစွမ်းအင်မြားက တိကျန်းပေါ် ကျဆင်းတော့မည့်ဆဲဆဲတွင် ထိုအရာက နိမ်နိမ်ပျံသန်းပြီး မြားကို ရှောင်ရှားလိုက်သည်။
စွမ်းအင်မြားက လေးကိုင်းသဏ္ဌာန် ကွေ့လာကာ တိကျန်းနောက် လိုက်လာသည်။
ထိုစဥ် ဒုတိယစွမ်းအင်မြားက တိကျန်းနှင့် နီးကပ်လာ၏။
သို့သော် တိကျန်းက ဒုတိယစွမ်းအင်မြားကိုလည်း ရှောင်ရှားလိုက်ပြန်သည်။
စွမ်းအင်မြား ၂စင်းကလည်း လေထုထဲ လေးကိုင်းသဏ္ဌာန် ၂ခု ထွက်ပေါ်လာသည်။
ထိုစဥ် တတိယနှင့် စတုတ္ထစွမ်းအင်မြားများ ရောက်ရှိလာ၏။
တိကျန်းက ဆွံ့အမိသွားသည်။ ထိုအရာက အပြင်းအထန် တောင်ပံခတ်လိုက်ပြီး ၂ဦးသား၏ မြင်ကွင်းကို ဝေဝါးသွားစေသည်။
လုကျိုးနှင့် ယန်ကျန်းလော့တို့က ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများဖြစ်၏။ သူတို့၏ မြင်ကွင်းက သာမန်လူများနှင့် မယှဥ်နိုင်သည့်အရာ မဟုတ်ပေ။ ဘုံတစ်ထောင်လေပွေအဆင့်တွင်ပင် သူတို့က တိကျန်း၏ ပုံရိပ်ယောင်များကိုသာ မြင်နိုင်လေ၏။ တိကျန်း၏ အရှိန်ကို တွေးကြည့်၍ ရလေသည်။ သာမန်လူများက မြင်ဖို့ရာ စိတ်ကူးထားနိုင်သည့်အရာ မဟုတ်ပေ။
မြား ၅စင်းကို ပစ်ခတ်ပြီးသည့်နောက်တွင် တိကျန်း၏ နေရာကို ခန့်မှန်းနိုင်သွားဟန်ပေါ်၏။
စွမ်းအင်မြား ၄ခုဆီမှ ဖိအားအပြင် တိကျန်းက အောက်ဆင်းရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ဘန်း
ထိုစဥ် ၅ခုမြောက် မြားက တောင်ပံကို ထိုးစိုက်သွား၏။
ထိုအရာကို မြင်ပြီးသည့်နောက်တွင် ယန်ကျန်းလော့က တိကျန်းအပေါ်တွင် ပေါ်ထွက်လာသည်။ သူက လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။
ဒဏ်ရာရသွားသည့် တိကျန်းက အင်မတန် မြန်ဆန်လှသေးသည်။ ထိုအရာက ဘယ်ညာရှောင်ရှားကာ တောအုပ်အတွင်း ပျံသန်းဝင်ရောက်သွားသည်။
ယန်ကျန်းလော့က လုကျိုးအား လှမ်းခေါ်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ညီအစ်ကိုလု”
“ကောင်းပြီ”
၂ဦးသားက နည်းဗျူဟာကို နားလည်ပြီး လုကျိုးက အနောက်ဘက်တွင် ဆင်းသက်စဥ် ယန်ကျန်းလော့က အရှေ့ဘက်တွင် ဆင်းသက်လိုက်သည်။ ထို့နောက် ၂ဦးသားက အလယ်ခေါင်သို့ ပြေးသွားလေသည်။
ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူများ၏ ထိုးထွင်းဉာဏ်က အားလုံးထက် သာလွန်နေ၏။ လေနှင့် မြက်ပင်များပင် သူတို့၏ အမြင်အတွင်း ရှိနေသည်။
၂ဦးသားက မဟာနည်းစနစ်များကို ထုတ်သုံးကာ တောအုပ်အလယ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကြသည်။
ထိုနေရာက ကျောက်တောအုပ်နှင့် ကွဲပြားသည့် ဦးတည်ရာတစ်ခု ဖြစ်ပေသည်။ သူတို့ တစ်ယောက်တည်းသာဖြစ်နေပါက တိကျန်းကို ဖမ်းဖို့ရာ ကောင်းကင်ကို တက်သလောက် ခက်ခဲနေလိမ့်မည်။
“သားရဲ မင်း မလွတ်နိုင်တော့ဘူး” ယန်ကျန်းလော့က တိကျန်းရှေ့နား ဆင်းသက်လာကာ ပြောလိုက်သည်။
ဝေဟင်အထက် တိကျန်းက ဧရာမ ဝက်ဝံရိုင်း အရွယ်အစားတစ်ကောင်ဖြစ်ပြီး မြေပေါ်တွင်မူ နွားတစ်ကောင်မျှသာ ရှိတော့သည်။
တိကျန်းက တခြားသော မွေးဖွားဇယားချပ်များနှင့် အရွယ်အစား ကွဲပြားလေ၏။ ထိုအရာက အမှန်တကယ် ထူးဆန်းလှသည်။ ထိုစဥ် သူက တောင်ပံကို ခေါက်သိမ်းထား၏။ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေသည်မှလွဲ၍ လှုပ်ရှားခြင်း မရှိပေ။
ထိုစဥ် ယန်ကျန်းလော့က လက်ကို မြှောက်လိုက်၏။
လေထုထဲ အဆောင်များစွာ ထွက်ပေါ်လာသည်။
ထိုစဥ် လုကျိုးက ပြောလိုက်သည်။
“ခဏနေအုံး”
“ညီအစ်ကိုလု” ယန်ကျန်းလော့က နားမလည်ဖြစ်သွားသည်။ အကယ်၍ သူတို့သာ ယခုမလှုပ်ရှားပါက တိကျန်းကို ဖမ်းဆီးဖို့ အခွင့်ကောင်း ရနိုင်မည် မဟုတ်တော့ပေ။
လုကျိုးက ပြောလိုက်သည်။
“ကြည့်ရတာ သူက အညံ့ခံလိုက်တဲ့ပုံပဲ”
လုကျိုးက တိကျန်း၏ ပုံစံကို မြင်သည့်အခါ အံ့အားသင့်သွားမိသည်။ ထိုမြင်ကွင်းက ကမ္ဘာမြေတွင် ကြက်ကို ဖမ်းစဥ်အချိန်ကို ပြန်လည်အမှတ်ရသွားစေ၏။ သူငယ်ရွယ်စဥ်အခါက ကြက်ကို ပြေးစရာ နေရာမရှိသည်အထိ လိုက်ဖမ်းခဲ့ဖူးသည်။ ထိုအရာက ချောင်ပိတ်ခံရသည့်အခါ မြေပြင်ပေါ်တွင် ဝပ်တွားပြီး တောင်ပံများကို သိမ်းထားပြီး ကြောက်ရွံ့ကာ ဆက်လက်ပြေးဖို့ ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြလိမ့်မည်။
“သေချာရဲ့လား” ယန်ကျန်းလော့က သူသည် ဤသို့ အတွေ့အကြုံမျိုး မရှိသည့်အတွက် မသေချာပေ။ အတိတ်တုန်းက သူသည် မွေးဖွားဇယားချပ် သားရဲများကို သတ်ပစ်ခြင်းဖြင့် အသက်ဓာတ် နှလုံးသားကို စုဆောင်းခဲ့၏။
“တိကျန်းက အရမ်းကို မြန်တယ်။ စီးတော်သားရဲအဖြစ် သုံးဖို့ သင့်တော်ရဲ့လား” လုကျိုးက မေးလိုက်သည်။
“အဲဒီလိုတော့ မရလောက်ဘူး။ တိကျန်းက စီးတော်သားရဲ လုပ်ဖို့ မသင့်တော်ဘူး။ အရမ်းကို မြန်လွန်းတယ်။ ပြီးတော့ ကျင့်ကြံသူတွေအတွက် ကျောပေါ်မှာ နေဖို့လည်း စွမ်းအင်အများကြီး ကုန်ဆုံးရလိမ့်မယ်။ တိကျန်းက သခင်အဖြစ် အသိအမှတ်ပြုနိုင်စွမ်း မရှိဘူး။ သူ ကြီးထွားလာတာနဲ့ မိစ္ဆာစွမ်းအားတွေကို စုပ်ယူပြီးတော့ လူသားတွေကို သတ်ဖြတ်လိမ့်မယ်။ သတ်ပစ်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ။
ဒီလိုခက်ထန်ကြမ်းတမ်းတဲ့ သားရဲတွေကို မသနားပါနဲ့။ ဒီလိုခက်ထန်ကြမ်းတမ်းသားရဲတွေက လူသားတွေကို ဝါးမျိုးဖို့ တည်ရှိနေတာ” ယန်ကျန်းလော့က ပြောလိုက်သည်။
“မင်း ပြောတာ ဟုတ်တယ်” လုကျိုးက ပြောလိုက်၏။ သူက လျှောက်လှမ်းလာပြီး တိကျန်းနှင့် ဆယ်မီတာအကွာတွင် ရပ်တန့်လိုက်သည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။
“သားရဲ ဒါက မင်းရဲ့ ကံကြမ္မာပဲ။ တခြားသူတွေကို အပြစ်တင်မနေနဲ့”
လုကျိုးက လှုပ်ရှားတော့မည့်ဆဲဆဲတွင်
တိကျန်းက ခေါင်းမော့လာပြီး ပါးစပ်ဟကာ သလင်းကျောက်တစ်ခုကို အန်ထုတ်လာသည်။
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက် အသက်ဓာတ် နှလုံးသားက သူ့ဆီ ပျံသန်းလာ၏။
ကျွီ ကျွီ
တိကျန်းက သနားခံနေသည့်အလား အသံ ၂ချက်ပြုလိုက်သည်။
ယန်ကျန်းလော့က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“ဒီသားရဲက အသက်ဓာတ် နှလုံးသားကို တကယ်ကြီးကို ထုတ်ပေးခဲ့တာပဲ။ တကယ်ကို မျက်စိပွင့် နားပွင့် ဖြစ်ရတယ်။ ကမ္ဘာကြီးထဲမှာ ထူးခြားဆန်းကြယ်မှုတွေ အများကြီးရှိတာပဲကိုး”
…
အခန်း (၉၁၅) မိစ္ဆာဝေဟင်မျှော်နန်း၏ တမန်တော်လောင်းကို ခေါ်ယူခြင်း
ယန်ကျန်းလော့သည် နှစ်ပေါင်းတစ်ထောင်ကျော်ကြာ အသက်ဓာတ်နှလုံးသားများ ရယူခဲ့၏။ ထိုကာလအတွင်း ကြမ်းတမ်းခက်ထန်သားရဲကို ၎င်း၏အသက်ဓာတ်နှလုံးသားအား လိုလိုလားလား ပေးအောင် လုပ်နိုင်စွမ်း ရှိသည့်သူကို သူ တစ်ခါမှမတွေ့ဖူးပေ။ တိကျန်းက ပထမဆုံးဖြစ်၏။ ထို့ကြောင့် သူ ထိတ်လန့်သွားတော့သည်။
လုကျိုးသည် အသက်ဓာတ်နှလုံးသားကို သိမ်းပြီးနောက် အံ့ဩနေသောအကြည့်ဖြင့် တိကျန်းကို လေ့လာလိုက်သည်။ ၎င်း၌ မြင့်မားသည့်ဉာဏ်ရည်ရှိပုံမပေါ်သော်ငြား သူ့ကိုယ်သူ ကာကွယ်ရန် အသက်ဓာတ်နှလုံးသားကို ပေးရမည်မှန်း သိနေသည်။
“တိကျန်း”
တိကျန်းသည် ညည်းသံနှင့် ဆင်တူသည့် ထူးဆန်းသောအော်သံတစ်သံ ထုတ်လွှင့်လျက် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေသည်။
ယန်ကျန်းလော့က ခေါင်းခါပြီး ပြောလိုက်သည်။ "အစ်ကိုလု ဒီသားရဲကို ထားလို့မရဘူး။ ကျုပ်တို့ သူ့ကို ဖယ်ရှားလိုက်မယ်”
“နေဦး” လုကျိုးက ယန်ကျန်းလော့ကို တားရန် လက်မြှောက်လိုက်၏။
ယန်ကျန်းလော့က စိတ်ရှုပ်ထွေးသွားတော့သည်။ လုကျိုး ဘာလုပ်ရန်ကြိုးစားနေမှန်း သူ မဖော်ထုတ်နိုင်ပေ။
ဝှစ် ဝှစ် ဝှစ်
တိကျန်းက တောင်ပံကို တဖျပ်ဖျပ် ခတ်လိုက်သည်။ သို့သော် သူက ထိုင်နေသေးဆဲ ရှိ၏။ အသက်ဓာတ်နှလုံးသား မရှိဘဲ ၎င်း၏အရှိန် ဆုံးရှုံးသွားရုံသာမက ခွန်အားလည်းဆုံးရှုံးသွားသည်။
အသက်ဓာတ်နှလုံးသားတို့သည် သားရဲများ၏ စွမ်းအားရင်းမြစ်ဖြစ်သည်။ အားကောင်းသည့် အသံစွမ်းအင်နှင့် ကနဦးချီတို့ပါဝင်သည်။ အသက်ဓာတ်နှလုံးသားမရှိသည့် ကြမ်းတမ်းခက်ထန်သားရဲများသည် ကျင့်ကြံသူများ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ် ဆုံးရှုံးခြင်းနှင့် ဆင်တူသည်။ ကျင့်ကြံသူများ၏ အမြင်တွင် ကြမ်းတမ်းခက်ထန်သားရဲများက သားရဲများသာ ဖြစ်နေသေးသည်။ ကျင့်ကြံသူများနှင့် မယှဉ်နိုင်ပေ။
လုကျိုးက တိကျန်းရှေ့တွင် ရပ်လျက် မုတ်ဆိတ်သပ်ကာ မေးလိုက်တော့သည်။ “တိကျန်း မင်း ငါပြောနေတာ နားလည်လား”
ဂွက် ဂွက်
တိကျန်းသည် ဘဲတစ်ကောင်ကဲ့သို့ အော်သံထုတ်လွှင့်လာ၏။
ယန်ကျန်းလော့သည် ထိုအရာကြောင့် အံ့ဩဆွံ့အနေလေ၏။ သူသည် အတွေ့အကြုံရှိသော်ငြား သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ဆွံ့အနေသည်။ ယန်ကျန်းလော့က မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“မင်းနားလည်တာကောင်းတယ်”
ယန်ကျန်းလော့က “...”
ဒီအဘိုးကြီးက တိကျန်းပြောတာ ဘယ်လိုလုပ်နားလည်တာလဲ။
လုကျိုးက ဆက်ပြောလိုက်သည်။ "မင်း ဘယ်နေရာကလာလဲ။ ဘာကြောင့်လာလဲ ဂရုမစိုက်ဘူး။ မင်း ငါနဲ့တွေ့ပြီဆိုတော့ မင်းကို အခွင့်အရေးတစ်ခုပေးမယ်” ပြီးနောက် သူသည် အသံတိုးလျက် ဆက်ပြောလိုက်သည်။ "မင်း ငါ့ရဲ့စီးတော်သားရဲဖြစ်ချင်လား”
ယန်ကျန်းလော့ “...”
ယန်ကျန်းလော့က ထပ်ပြီးကန့်ကွက်တော့မည် ပြင်လိုက်သော်ငြား လုကျိုး ကိစ္စရပ်များဆောင်ရွက်ပုံက ကွဲပြားခြားနားတာကို ပြန်တွေးမိချိန်၌ စကားလုံးများကို မျိုချလိုက်သည်။
တိကျန်းက တောင်းပန်သည့်အသံ ထပ်ထုတ်လိုက်သည်။
လုကျိုး၏ အမူအရာက တည်ကြည်နေလျက် မေးလိုက်သည်။ “မင်း ဆန္ဒမရှိဘူးလား”
တိကျန်းသည် တုံ့ပြန်သည့်အနေဖြင့် အော်သံထွက်လာသည်။
“ငါ့တပည့်ဖြစ်ချင်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့က အခွင့်အရေးမရှိဘူး။ တိရစ္ဆာန်ကောင် ... မင်းက မင်းအတွက် ဘာကောင်းမှန်းမသိဘူးပဲ။ အသက်ဓာတ်နှလုံးသားမရှိဘဲ မင်း ဘယ်လိုပြန်သွားမှာလဲ။ ငါ မင်းကို လွှတ်ပေးရင်တောင် မင်း အသတ်ခံရပြီး မီးရှို့သတ်ခံရမှာ။ သေချင်းတရားထက်ပိုဆိုးတဲ့ ကံကြမ္မာကို ကြုံတွေ့ရလိမ့်မယ်။ ဒါက မင်းလိုချင်တာဆိုရင် စမ်းကြည့်လို့ရတယ်” လုကျိုးက ပြောလိုက်သည်။
“...”
မွေးဖွားဇယားချပ်ခြောက်ခုပိုင်ရှင် ယန်ကျန်းလော့က ဆွံ့အသွားတော့သည်။ ဒီနည်းလမ်းက အလုပ်ဖြစ်မှာလား။
တိကျန်းသည် ၎င်း၏တောင်ပံကို စတင်ခတ်လျက် ပျံသန်းရန်ပြင်ဆင်နေသည်။ မကြာမီ၌ တောင်ပံလေးဖက်သည် ၎င်း၏ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို လေထဲသယ်ဆောင်သွားသည်။ သူတို့သည် ပျံသန်းရန် မွေးဖွားလာတာ သံသယမရှိပေ။ သစ်ပင်တစ်ပင်အမြင့်တစ်ဝက်ခန့်အထိ ပျံသန်းပြီး ဂုဏ်ယူဝင့်ကြွားနေပုံ ပေါ်၏။
ထိုစဉ် လုကျိုးက မျက်မှောင်ကျုံ့လျက် ကောင်းကင်စွမ်းအားကို အသုံးပြုလိုက်သည်။ “သတိထား”
ဂွက်
တိကျန်းသည် ကောင်းကင်ဘုံကနေ ပြုတ်ကျလာ၏။ ၎င်း၏ခန္ဓာကိုယ်သည် နွားတစ်ကောင်အရွယ်အစားခန့် ရှိသော်ငြား ပြုတ်ကျသည့်ပုံက ရုပ်သိပ်မဆိုးပေ။
ဖုန်း
တိကျန်းသည် ယန်ကျန်းလော့ရှေ့သို့ ကျသွား၏။
ရုတ်ရုတ်သဲသဲဖြစ်ရပ်သည် ငှက်များကို ပျံသန်းသွားစေပြီး သားရဲများကိုလည်း တကွဲတပြား ထွက်ပြေးသွားစေကာ သူတို့က အစာမရှာကြတော့ပေ။ တောအုပ်ထဲ၌ ဆူညံသံများ ပေါ်ထွက်နေပြီး ခဏအကြာတွင် တိတ်ဆိတ်သွားပြန်၏။
သစ်ရွက်များက နှင်းကဲ့သို့ကျဆင်းနေပြီး နွေဦးနှင့် တူနေသည်။
တိကျန်းက မြေပြင်ပေါ်တွားသွားလာ၏။ ၎င်းသည် အညံ့မခံသေးပုံပေါ်ကာ စူးရှစွာအော်ငြီးတော့သည်။
လုကျိုးက ခေါင်းခါလျက်ပြောလိုက်သည်။ “မင်း ခေါင်းမာနေသေးတုန်းပဲလား”
တိကျန်းသည် ၎င်း၏တောင်ပံကို တဖျပ်ဖျပ်ခတ်လျက် လွတ်လွတ်လပ်လပ်ပျံသန်းသွားနိုင်သည့် ကောင်းကင်ကို မော့ကြည့်နေသည်။ ယင်း၏ခန္ဓာကိုယ်က တုန်ယင်နေပြီး မလှုပ်ရှားနိုင်တော့မှန်း သိလိုက်သည်။
၎င်းကို တွေ့သောအခါ ယန်ကျန်းလော့က ကျိန်ဆဲလိုက်၏။
“တိရစ္ဆာန်ကောင် ... မင်း ဒီစိတ်ကောင်းစေတနာကို ငြင်းဆန်ရဲရင် မင်း သေဖို့ပဲရှိတော့တယ်။ အခု မင်းရဲ့အသက်ဓာတ်နှလုံးသား ဆုံးရှုံးသွားပြီ။ မင်းအသိုက်ကို ပြန်သွားခဲ့ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ အစ်ကိုလုဘေးမှာနေပြီး ကြိုးစားပမ်းစားကျင့်ကြံ။ အဲ့ဒီအချိန်ကျ မင်း နောက်ထပ်နှလုံးသားအသစ်ဖွဲ့တည်နိုင်မယ်”
ဝှစ် ဝှစ် ဝှစ်
တိကျန်းသည် ရုတ်တရက် ၎င်း၏တောင်ပံခတ်တာကို ရပ်တန့်လိုက်တာ လုကျိုးကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
လုကျိုးက ပြောလိုက်၏။ “ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။ ငါ့ရဲ့ စီးတော်သားရဲဖြစ်ချင်လား”
ဂတ် ဂတ် ဂတ်
တိကျန်းသည် တောင်ပံကို ချလျက် ခေါင်းမော့ကာ လုကျိုးကိုကြည့်ပြီးနောက် အကြိမ်ရေအနည်းငယ်ခန့် ဂတ် ဂတ် အော်လိုက်သည်။
“တင်း ... စီးတော်သားရဲ အသစ်ရပါပြီ။ သခင်= လုကျိုး”
“သိပ်ကောင်းတယ်”
တိကျန်းသည် နောက်ဆုံးတော့ အညံ့ခံလိုက်သည်။
ကြည့်နေသည့် ယန်ကျန်းလော့က ပြောလိုက်၏။ “သူက စီးတော်သားရဲဖြစ်ဖို့ တကယ်လက်ခံမယ်လို့ မထင်ထားဘူး။ တိကျန်းတွေက အမြဲတစေ မောက်မာထောင်လွှားပြီး ယဉ်ပါးအောင်လုပ်ဖို့ ခက်ခဲတယ်။ ဒီတိကျန်းက ငယ်တဲ့ပုံပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ငါ ကံကောင်းသွားတဲ့ပုံပဲ”
“ခင်ဗျားရဲ့ဘေးမှာ နေရင်း ဖြည်းဖြည်းချင်းယဉ်ပါးအောင်လုပ်လို့ရတယ်။ သူ့ရဲ့အသက်ဓာတ်နှလုံးသားကို ပြန်ဖွဲ့တည်ပြီးတဲ့အချိန် ရင့်ကျက်လာလိမ့်မယ်။ အရွယ်ရောက်လာတဲ့အခါ နောင်ကျ အစ်ကိုလုကို အကူအညီကြီးပေးနိုင်မှာ” ယန်ကျန်းလော့က ပြောလိုက်၏။
“အသက်ဓာတ်နှလုံးသားဖွဲ့တည်ဖို့ ဘယ်လောက်ကြာမလဲ” လုကျိုးက မေးလိုက်၏။
“အနည်းဆုံးနှစ်ပေါင်းတစ်ရာ ... ဒါပေမဲ့ နှစ်ပေါင်း သုံးရာကနေ ငါးရာ၊ နှစ်ပေါင်းတစ်ထောင်အထိ ကွာခြားနိုင်တယ်။ အသက်ဓာတ်နှလုံးသားဖွဲ့တည်ဖို့က သူတို့အတွက် အချိန်အကြာကြီး ယူရတယ်” ယန်ကျန်းလော့က ပြောလိုက်သည်။
“ဒါ ကြာလွန်းတာပဲ” ဆိုလိုသည်က တိကျန်းသည် သူ့ကို အချိန်အတော်ကြာ အကူအညီပေးနိုင်မှာ မဟုတ်ပေ။ အနည်းဆုံးတော့ ချုံချီနှင့်ထန်ခန်းတို့သည် သူတို့၏အခန်းကဏ္ဍကို ဆောင်ရွက်နိုင်၏။ တိကျန်းက အသက်ဓာတ်နှလုံးသားဖွဲ့တည်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဆိုပါက အသုံးမဝင်ဖြစ်မည်မဟုတ်ပါလော။
ယန်ကျန်းလော့က လုကျိုး၏အတွေးကို ဖတ်နိုင်ပုံပေါ်ကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူ ပြန်ကောင်းအောင်လုပ်ဖို့ နည်းလမ်းရှိတယ်”
“အို ...”
“မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းလိုက်။ ကျင့်ကြံသူတွေက မွေးဖွားဇယားချပ်တစ်ခုကို ဖန်တီးဖို့ ကြာပလင်ရဲ့ မွေးဖွားနန်းဆောင်ထဲမှာ အသက်ဓာတ်နှလုံးသားတစ်ခုထားရမယ်။ ဖြစ်စဉ်က အသက်ဓာတ်နှလုံးသားဆီက သက်တမ်းထောင့်ငါးရာကို စုပ်ယူမှာ။ အစ်ကိုလုသာ ဆန္ဒရှိတယ်ဆိုရင် အစ်ကို့ရဲ့ကိုယ်ပိုင်သက်တမ်းနဲ့ အစားထိုးလို့ရတယ်။ မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်မယ်ဆိုရင် သက်တမ်းငါးရာရလိမ့်မယ်။ တနည်းအားဖြင့် တိကျန်းရဲ့ အသက်ဓာတ်နှလုံးသားကို ခင်ဗျားရဲ့သက်တမ်းတစ်ထောင်နဲ့ လဲလှယ်နိုင်တာ” ယန်ကျန်းလော့က ရှင်းပြလိုက်၏။
“ဒီနည်းလမ်းက ဖြစ်နိုင်လား” လုကျိုးက စဉ်းစားဆင်ခြင်လျက် မေးလိုက်သည်။
“ဖြစ်နိုင်တယ်” ယန်ကျန်းလော့က ပြောလိုက်၏။ "အနက်ရောင်ကြာနယ်မြေမှာဆို သူတို့ရဲ့သက်တမ်းတစ်ထောင်ကို စတေးရဲတဲ့အကြီးအကဲတွေရှိတယ်။ ဒါမှ သူတို့တွေက အသက်ဓာတ်နှလုံးသားကို ပြန်သုံးနိုင်ပြီး လူငယ်မျိုးဆက်ကို ပေးနိုင်တာ။ ဒါပေမဲ့ ဒီနည်းနဲ့ဆို အသက်ဓာတ်နှလုံးသားကို နှစ်ကြိမ်ပဲသုံးလို့ရတယ်။ မွေးဖွားဇယားချပ်က သက်တမ်းငါးရာပေးပြီး မွေးဖွားဇယားချပ်ရှစ်ခုက သက်တမ်းလေးထောင်ပေးနိုင်တယ်။ ဒါကြောင့် နှစ်တစ်ထောင်ဆိုတာ ဘာမှမဟုတ်ဘူး။ အားလုံးက အစ်ကိုလုပေါ်ပဲ မူတည်တယ်”
ဂတ် ဂတ် ဂတ်
ယန်ကျန်းလော့ပြောတာကို နားလည်ပုံပေါ်ပြီး တိကျန်းသည် လုကျိုးဘေးသို့ ရုတ်တရက်ပြေးလာကာ ပိုလိမ္မာပြီး နာခံပုံပေါ်လာ၏။
“ဘယ်လိုပဲဖြစ်ဖြစ် မွေးဖွားဇယားချပ်ကို ပြန်အသုံးချပြီး သက်တမ်းတစ်ထောင်ကို သားရဲဆီပေးဖို့ စဉ်းစားတဲ့လူနဲ့ အကြိမ်တွေ့ရတာပထမဆုံးပဲလေ” ယန်ကျန်းလော့က ရွှင်ပျစွာပြောလိုက်သည်။
လုကျိုးသည် ခေါင်းညိတ်လိုက်တော့သည်။ ခဏအကြာ၌ သူက ယန်ကျန်းလော့ကို ကြည့်ပြီး ပြောလိုက်၏။ "မင်းက ဉာဏ်ကောင်းတဲ့လူပဲ။ ငါက ဉာဏ်ကောင်းတဲ့သူတွေကို သဘောကျအဆုံး။ ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့ ဆန္ဒရှိလား”
“အမ်း ...” ယန်ကျန်းလော့က ဆွံ့အသွား၏။ ယင်းကို သူ မထင်ထားပေ။
“ငါ မင်းကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပါ” လုကျိုးက ပြောလိုက်သည်။
ယန်ကျန်းလော့၏မျက်နှာပေါ်၌ အခက်တွေ့နေသည့်အမူအရာပေါ်လာပြီး သက်ပြင်းချလိုက်တော့သည်။
“အလိုလေး ... ကျုပ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားတစ်ယောက်။ လွတ်လပ်မှုကို လိုလားပေမဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို အလွယ်တကူ ထားမသွားနိုင်ဘူး။ အဖွဲ့အစည်းမှာ လုပ်ဖို့လိုတဲ့ကိစ္စတွေအများကြီး ရှိသေးတယ်။ ဒါပေမဲ့ အစ်ကိုလုရဲ့ ကြင်နာမှုကို အသိအမှတ်ပြုပါတယ်”
“အင်း ... အခုချက်ချင်းဆုံးဖြတ်စရာမလိုဘူး။ စိတ်ပြောင်းသွားရင် ငါ့ကို အသိပေး” လုကျိုးက ပြောလိုက်၏။
“ကျေးဇူးပါ အစ်ကိုလု” လုကျိုးကို ကျေးဇူးတင်စကားပြောပြီးနောကင် ယန်ကျန်းလော့သည် သူ့ရင်ဘတ်နားရှိ အိတ်ကပ်ထဲမှ စာအုပ်ထူတစ်အုပ်ကို ထုတ်ပြီး လုကျိုးကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
“ဒီထဲမှာ မွေးဖွားဇယားချပ်ရဲ့ အခြေခံစည်းမျဉ်းတွေနဲ့ ဘုံတစ်ထောင်လေပွေအကြောင်းပါဝင်တယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ အစ်ကိုလု”
လုကျိုးသည် ခေါင်းညိတ်လိုက်၏။ စာအုပ်ကို လက်ခံပြီးနောက် သူ မေးလိုက်တော့သည်။ “မင်းက တိကျန်းကို ငါ့ဆီပေးလိုက်ပြီဆိုတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဒီကိစ္စနောက်လိုက်ရင် မင်း ဘယ်လိုရှင်းပြမယ်လို့ စီစဉ်ထားလဲ”