← Chapters

အခန်း (၉၂၂-၉၂၄)

Vol. 62 Ch. 922-924

အခန်း (၉၂၂-၉၂၄)

Vol. 62 Ch. 922-924

အခန်း (၉၂၂) အနက်ရောင် အစောင့်အရှောက် လာလိမ့်မယ်

ထိုစကားက ကျန်းဝမ်ရှန်းအပေါ် လုကျိုး၏ သုံးသပ်မှု ဖြစ်၏။ သူက ကျန်းဝမ်ရှန်းသည် ပွင့်ချပ်ဆယ်လွှာ ထွက်ခါစဖြစ်ကြောင်း မြင်ခဲ့ရသည်။ ကျန်းဝမ်ရှန်းသည် သူ့အင်အားအသစ်နှင့် မရင်းနှီးသည်မှန်း သိသာလှပြီး တူညီသည့် တိုက်ကွက်ကိုသာ ၂ကြိမ် အသုံးပြုခဲ့သည်။ တစ်ဖက်လူကို ထိန်းထားနိုင်ဖို့အတွက် ကျန်းဝမ်ရှန်းက ထိုနည်းစနစ်ကို ဒုတိယအကြိမ် အသုံးပြုသည့်အခါ အပြောင်းအလဲ အနည်းငယ် လုပ်ဆောင်ခဲ့၏။

ဤကဏ္ဍတွင် ကျန်းဝမ်ရှန်းက တစ်ချိန်လုံး ဓားဖျားတွင် အသက်ရှင်နေရသည့် ယွီကျန့်ဟိုင်နှင့် မယှဥ်နိုင်ပေ။

ယွီကျန့်ဟိုင်က ဓားမော့ကို စွန့်ပယ်ကာ ကမ္ဘာဦးချီကို ရွေ့လျားစေလိုက်သည်။ လက်တစ်ချက် အဝှေ့တွင် သူက မီတာ ၁၀၀ အမြင့်သို့ ပျံတက်သွား၏။

အုပ်ချုပ်သူ သက်ဆင်းခြင်း

အမှောင်ကောင်းကင် ကြယ်ဝာာရာအလင်း

ယွီကျန့်ဟိုင်က နည်းစနစ် ၂ခုကို တစ်ပြိုင်နက် ထုတ်သုံးလိုက်သည်။

ထိုစဥ် ကောင်းကင်မှ မိုးများက စွမ်းအင်ဓားမော့များအဖြစ် ပြောင်းလဲသွားဟန်ပေါ်၏။

“ဖန်ဆင်းမှုဓားလား” ယွီရှန်းရုန်က မျက်မှောင်အသာကြုတ်လိုက်သည်။

ဤသည်က ဓားလမ်းစဥ်၏ အဆင့်တစ်ခု ဖြစ်ပေသည်။

ယွီရှန်းရုန် အနားရှိ လူများက သူ့စကားကို ကြားသည့်အခါ သိချင်စွာ မေးလာကြသည်။

“ဖန်ဆင်းမှုဓားလား”

ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလေ၏။

“ဒါက ဓားလမ်းစဥ်က သဘောတရားတစ်ခုပါပဲ”

“ဓားလမျးစဥျလား”

“ဓားအမျိုးအစား ၃ခု ရှိတယ်။ ပြည်သူဓား၊ အရှင်သခင်ဓားနဲ့ ကောင်းကင်သားတော်ဓား ဆိုပြီးတော့ရှိတယ်။ ဒါပေမဲ့ အဲဒီဓား ၃လတ်ရဲ့ အပေါ်မှာ ဖန်ဆင်းခြင်းဓား ဆိုတာ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ ဓားမဲ့လမ်းစဥ်လို့ သိကြတယ်” ယွီရှန်းရုန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

“ဒီလူက မကျွမ်းမကျင် ထုတ်သုံးနေပေမဲ့ ဖန်ဆင်းမှုဓားနဲ့ တူညီတဲ့အရာကို လုပ်ဆောင်နေတာပဲ”

အားလုံးက ယွီရှန်းရုန်၏ စကားကို ကြားကာ ဉာဏ်အလင်းပွင့်သွားသလိုမျိုး တလေးတစားဖြင့် ခေါင်းညိတ်လိုက်ကြသည်။

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“အဲဒါက မကျွမ်းမကျင် ထုတ်သုံးတယ်လို့ ယူဆလို့ ရတာလား။ အဲဒီလိုဆိုရင် သူက ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ပွင့်ချပ်ဆယ်လွှာအဆင့် ကျင့်ကြံသူကိုတောင် ရင်ဆိုင်နိုင်တဲ့ စွမ်းအင်ဓားမော့တွေကရော”

“ကျုပ်တို့က စွမ်းအင်ဓားမော့အကြောင်း ပြောနေတာ မဟုတ်ဘူး။ ဓားလမ်းစဥ်အကြောင်း ပြောနေတာ”

“ဟုတ်တယ်”

ထိုစဥ် စွမ်းအင်ဓားမော့များက မိုးများကဲ့သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ကျန်းဝမ်ရှန်း၏ ပေ ၂၀၀ မြင့်မားသည့် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ရေပြင်ညီအတိုင်း လှုပ်ရှားသွားကာ အပြိုအပျက်များ ဖြစ်လာစေသည်။

သိပ်မကြာခင် ပေ ၂၀၀ပတ်လည်ရှိသည့် စွမ်းအင်စက်ဝန်းတစ်ခု ရုတ်ခြည်းထွက်ပေါ်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း

ထိပ်တိုက်တွေ့ဆုံမှုက မုန်တိုင်းသဖွယ် ပြင်းထန်လာသည်။

ကျန်းဝမ်ရှန်းက မေးကို မော့ကာ ပြုံးလိုက်သည်။ တစ်ဖက်လူက လှုပ်ရှားမှု ပြောင်းလဲမည်က သူ့မှန်းဆချက်အတွင်းသာ ရှိနေသည်။

“ပွင့်ချပ်ကိုးလွှာက ပွင့်ချပ်ဆယ်လွှာအတွက် ပြိုင်ဘက်မဟုတ်ဘူး”

ကျန်းဝမ်ရှန်းက သူ့လက်ထဲတွင် ဓားမော့ပေါ်ထွက်လာပြီး ရုတ်တရက် ခုန်လွှားသွားသည်။ သူ့လက်ချောင်းအတွင်း လမ်းစဥ်က အမည်မရှိ ဟူသော စာတန်းပေါ်ထွက်လာသည်။ သူတို့ကို အနက်ရောင် သင်္ကေတများဖြင့် ဝန်းရံထား၏။

ထိုအရာကို မြင်ကာ လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။

“ဟမ် အနက်ရောင် သင်္ကေတတွေလား”

အကယ်၍ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူမျှသာဖြစ်နေပါက လုကျိုးက သူ့တပည့်ကို စိုးရိမ်မည် မဟုတ်ပေ။ သို့သော်လည်း အနက်ရောင် သင်္ကေတပေါ်ထွက်လာမှုဖြင့် ကိစ္စများက ပိုမိုရှုပ်ထွေးသွားနိုင်သည်။

လုကျိုးက ကျင့်ကြံသူများကြား ရပ်နေသည့် ယွီရှန်းရုန်ကို လှမ်းကြည့်လိုက်သည့်အခါ တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ယွီရှန်းရုန်က နည်းနည်းလေးမှ လှုပ်ရှားဖို့ စိတ်ကူးမရှိသည်မှာ သိသာလှသည်။ သူက ဘာမှမဟုတ်သည့်ကိစ္စကို စိုးရိမ်နေသည်လားဟု စဥ်းစားမိသွား၏။

အကယ်၍ ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို ကမ္ဘာပေါ်တွင် ဒုတိယအသိဆုံးဟု ပြောလျှင် မည်သူကမှ ယွီကျန့်ဟိုင်ကို အကောင်းဆုံး သိသည်ဟု ပြောရဲကြမည် မဟုတ်ပေ။ ယွီရှန်းရုန်က တည်ငြိမ်နေသည့်အတွက် သူက ဘာကြောင့် စိုးရိမ်စရာ လိုမည်နည်း။

ဝေဟင်အထက်

ယွီကျန့်ဟိုင်က ကျန်းဝမ်ရှန်း လှုပ်ရှားလာသည်ကို မြင်သည့်အခါ ပြောလိုက်သည်။

“ငါ ဒါကိုစောင့်နေတာ”

ထို့နောက် ယွီကျန့်ဟိုင်က သူ့လက်နှစ်ဖက်လုံးကို ပစ်ချလိုက်သည်။

ထိုစဥ် အဘက်ဘက်မှ စွမ်းအင်ဓားမော့များ ထွက်ပေါ်လာ၏။

ကျန်းဝမ်ရှန်းက ခြိမ်းခြောက်မခံရပေ။ သူက သူ့လက်ထဲမှ ဓားမော့ကို ကြည့်ပြီး အနက်ရောင် သင်္ကေတများဖြင့် ပတ်သက်ပြီး ယုံကြည်ချက်ရှိနေမှန်း သိသာလှသည်။ သူက ယွီကျန့်ဟိုင်၏ နှလုံးသားကို ချိန်ရွယ်ပြီး ပြောလိုက်သည်။

“မင်းတော့ သေပြီ”

ဘန်း ဘန်း ဘန်း

ကျန်းဝမ်ရှန်း၏ လက်ထဲမှ ဓားမော့က ဝေဟင်အထက် ဓားမော့ပင်လယ်ကို ဖြိုခွင်းသွားကာ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က နောက်မှ လိုက်ပါလာသည်။ သူက ယွီကျန့်ဟိုင်ရှေ့ ရောက်တော့မည့်ဆဲဆဲတွင်

ယွီကျန့်ဟိုင်က သူ့လက်ဝါးကို ရုတ်ခြည်းခွဲချလိုက်၏။

ဘန်း

ဝှစ်

ရွှံ့ထဲ ထိုးစိုက်နေသည့် နဂါးသွဲ့ကျောက်ဓားမော့က အသံမြည်လာကာ လေထဲ ပျံသန်းလာသည်။ ထိုစဥ် မီတာ ၁၀၀၀ရှည်လျားသည့် စွမ်းအင်ဓားမော့ တစ်ချောင်းက ပေါ်ထွက်လာပြီး အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်၏ နောက်ကို ပိုင်းဖြတ်လိုက်သည်။

ထိုအရာက ပေ ၂၀၀မြင့်မားသည့် အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်၏ ပခုံးပေါ် အတိအကျ ကျရောက်လာ၏။ ထိုအရာ၏ အင်အားက လျော့ကျသွားခြင်း မရှိဘဲ စိတ်ဝိညာဥ်သဏ္ဌာန်၏ ရင်ဘတ်အထိ ဖြည်းဖြည်းချင်း ကျရောက်လာသည်။ ဤသို့ဖြင့် စိတ်ဝိညာဥ်သဏ္ဌာန်၏ သုံးပုံတစ်ပုံခန့်က မီတာ ၁၀၀၀ ရှည်လျားသည့် စွမ်းအင်ဓားကြောင့် ပိုင်းဖြတ်ခံလိုက်ရသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ထဲ အပေါက်တစ်ခု ထိုးလိုက်သလိုမျိုး ဖြစ်၏။

ကျန်းဝမ်ရှန်းက နာကျင်စွာ အော်ညည်းလိုက်ရသည်။ သူ့လက်ထဲရှိ ဓားမော့နှင့် အနက်ရောက် သင်္ကေတများက တစ်ဖက်လူနှင့် မီတာအနည်းငယ် ကွာဝေးနေသော်လည်း သူ့စိတ်ဝိညာဥ်သဏ္ဌာန်က ပျက်စီးသွားပြီဖြစ်ကာ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို အပြင်းအထန် ဒဏ်ရာရရှိသွားစေသည်။

ထိုစဥ် ယွီကျန့်ဟိုင်က မဟာအမှောင် ကောင်းကင်လက်ဝါးချက်ကို ထပ်မံ ထုတ်သုံးလိုက်သည်။ ထိုလက်ဝါးစည်းတံဆိပ်က ကျန်းဝမ်ရှန်း၏ ရင်ဘတ်အပေါ် ကွက်တိ ကျရောက်လာသည်။

ဝုန်း

ကျန်းဝမ်ရှန်းက ကောင်းကင်မှ ပြုတ်ကျလာကာ အပြိုအပျက်များကြား ပြုတ်ကျသွားသည်။

အဆောက်အဦးပျက် ပုံသဏ္ဌာန်ရှိနေသည့် အပြိုအပျက်များက ယခုအခါ ပြားပြားဝပ်သွားလေသည်။

ယွီကျန့်ဟိုင်က ရေအိုင်ထဲ လဲကျနေသည့် ကျန်းဝမ်ရှန်းကို ငုံ့ကြည့်လိုက်သည်။ သူက ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေလေ၏။

အားလုံးက ထိုရလဒ်ကြောင့် အံ့အားသင့်သွားကြသည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပညာရှင်က အတော်လေးကို အားကောင်းတာပဲ။ တကယ်ကြီးကို အဲဒီလောက် အားကောင်းတာလား”

“ပထမဆုံးက သူက သူ့ပြိုင်ဘက်ကင်း လက်နက်ကို လျစ်လျူရှုထားပြီးတော့ ပြိုင်ဘက်အပေါ် ရူးသွပ်လောက်တဲ့ တိုက်ကွက်တွေပဲ တိုက်ခိုက်ခဲ့တာ။ အဲဒီနောက် အနီရောင်ကြာ ကျင့်ကြံသူက တိုက်ခိုက်လာတော့မယ်ဆိုမှ သူက အနောက်ဘက်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ပြိုင်ဘက်ကင်းအဆင့် လက်နက်ကို အသုံးပြုခဲ့တာပဲ။ တကယ်ကို အံ့သြဖို့ ကောင်းတယ်”

ယွီရှန်းရုန်က အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒါက အယောင်ပြပါပဲ။ အဲဒီတိုက်ကွက်တွေက ခံ့ညားရုံတင် မကဘူး အားလည်း ကောင်းတယ်။ ပြီးတော့ တစ်ဖက်လူရဲ့ တိုက်ပွဲအတွေ့အကြုံ လိုအပ်နေမှုက ပစ်ချက်ကြီးကြီး ဖြစ်သွားတာပဲ။ အနှစ်ချုပ်ပြောရရင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက အားကောင်းနေတာ မဟုတ်ဘဲနဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက အားနည်းလွန်းနေတာ”

“...”

“ညီအစ်ကို ခင်ဗျားက အားကောင်းသလိုမျိုး ပြောနေတယ်ဆိုတော့ လုပ်နိုင်တယ်ဆိုရင် ဒီနေရာက ထွက်သွားပါ့လား”

ယွီရှန်းရုန်က ညင်ညင်သာသာ ပြုံးပြီးသည့်နောက် ယဥ်ကျေးစွာ ပြန်ပြောလိုက်သည်။

“သူ ရှုံးနိမ့်သွားတာ ကံဆိုးတာပဲ။ တကယ်လို့ ကျုပ်သာ လှုပ်ရှားရမယ်ဆိုရင် သူ အဲဒီထက် ဆိုးဆိုးဝါးဝါး ပိုရှုံးနိမ့်သွားမှာ”

“...”

အားလုံးက ယွီရှန်းရုန်၏ စကားကြောင့် ဆွံ့အသွားကြသည်။ ထိုသူက အမှန်တကယ် ဟန်ဆောင်ကောင်းလှ၏။ သူတို့က ထိုသူကို အာရုံမစိုက်ချင်တော့ပေ။

ထိုစဥ် အဝေးတစ်နေရာမှ ကြည့်နေသည့် လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ သူက မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိစဥ်အခါက သူ့တပည့်ကြီး ၂ယောက်သည် ထိပ်သီးပွင့်ချပ်ရှစ်လွှာအဆင့် ဖြစ်ကြောင်း အမှတ်ရလိုက်သည်။

ကျိထျန်းတောက်က သူ့တပည့် ၂ဦးကို မကာကွယ်နိုင်သော်လည်း သူတို့ကမူ ကမ္ဘာကို လွှမ်းမိုးကာ တစ်ယောက်နှင့် တစ်ယောက် ယှဥ်ပြိုင်ခဲ့သည်။ အခုထိုအကြောင်းကို တွေးမိသည့်အခါ သူက သူတို့သည် အင်အားကြီး ပုဂ္ဂိုလ်များကို အနိုင်ယူသည်ကို တစ်ခါမှ မမြင်တွေ့ဖူးကြောင်း အမှတ်ရသွား၏။ ယနေ့တိုက်ပွဲကို တွေ့ကြုံပြီးသည့်နောက်တွင် သူက အတော်လေး သဘောကျနေမိသည်။

မိုးကြိုးသံများက မမြည်တော့သော်လည်း မိုးက ဆက်လက်ရွာသွန်းနေဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လုကျိုး၏ အကြားအာရုံဖြင့် ကောင်းကင်ကျမ်းစွမ်းအား မပါရှိလျှင်ပင် ထူးကဲနေလေပြီ။ သူက အဝေးရှိ အရာအားလုံးကို အလွယ်တကူ ကြားနေရ၏။ သူက အဝေးတစ်နေရာကို လှမ်းကြည့်နေရင်း အချိန်က နှေးကွေးသွားသလိုမျိုး သူ့အမြင်က ဖြည်းညင်းစွာ ကျဆင်းနေသည့် မိုးကို ထိုးဖောက်သွားသည်။

လုကျိုး၏ စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပေါ်လာ၏။

ကြည့်ရသည်မှာ သူက ပိုမိုအားကောင်းလာဟန်ပေါ်သည်။

ဒါက လေးခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်လို့ ရလာတဲ့ အလိုလိုစွမ်းရည်များလား ...

အပြိုအပျက်ထဲတွင် ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။ သို့သော်လည်း သူက ကျန်းဝမ်ရှန်း အနားမရောက်ခင် ရပ်တန့်လိုက်၏။ ထို့နောက် သူက လက်ကို မြှောက်လိုက်သည့်အချိန် သူ့လက်ထဲ နဂါးသွဲ့ကျောက်ဓားမော့က ပြန်လည်ရောက်ရှိလာသည်။

သူ့ကာကွယ်ရေးစွမ်းအားက မိုးစက်များကို အငွေ့ပျံသွားစေသည်။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ချီရှစ်တိက ကျန်းမိသာစုရဲ့ ပညာရှင်တစ်ယောက် ပျောက်ဆုံးနေပြီးတော့ လက်စားချေနိုင်ခြေ ရှိတယ်လို့ ပြောထားပြီးသား။ မင်းက မင်းနာမည်ကို ပြောင်းလိုက်ပေမဲ့ မျိုးရိုးနာမည်ကိုတော့ အသုံးပြုထားတုန်းပဲ။ ငါက ဘယ်လိုလုပ် သတိမထားမိဘဲ နေမှာလဲ။ ကျန်းရှီမင် ဘာလုပ်ချင်တာလဲ”

ကြည့်ရှုသူများက ထိုစကားများကို ကြားသည့်အခါ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

“ကျန်းမိသားစုရဲ့ ကျန်းရှီမင်လား။ ကျန်းယွမ်ရန်က အပြစ်ပေးခံရမှာ ကြောက်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ ကြားတယ်။ ကျန်းရှီမင်ရဲ့ နေရာကို မသိရဘူးတဲ့။ ကြည့်ချင်တော့ သူက ပွင့်ချပ်ဆယ်လွှာအဆင့် တက်လှမ်းသွားတာ ဖြစ်နေတာကိုး”

“မဆန်းတော့ပါဘူး။ တစ်ခုခု လွဲမှားနေတယ်လို့ ခံစားမိနေတာ။ အစကတည်းက မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းပွဲဆိုပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သွေးထွက်သံယို ဖြစ်လာသလိုပဲ”

“ကျန်းယွမ်ရန်နဲ့ ထိုက်တန်တယ်။ ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့စကား အမှန်ပဲ။ ကျန်းယွမ်ရန်ရဲ့ အပြစ်ကြွေးတွေက မြို့တော်ထဲမှာ ကပ်ထားတုန်းပဲ။ သူ လုပ်ခဲ့တာတွေကို ဘယ်သူက မသိဘဲ နေလို့လဲ။ ဒါပေမဲ့ ကျန်းရှီမင်က လက်စားချေရဲသေးတယ်လား။

တကယ်လို့ သူသာ အဲဒီလောက် တတ်စွမ်းနေတယ်ဆိုရင် အဲဒီအားကောင်းတဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ပညာရှင်ကို ဘာလို့လက်စားမချေလဲ။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို အနိုင်ကျင့်ချင်နေတာပဲ”

စကားများဖြင့် လူသတ်နိုင်လေသည်။ စီးဝူယာ့၏ နည်းဗျူဟာက အင်မတန် အသုံးဝင်လှ၏။ သစ္စာရှိလှသည့် ကျန်းယွမ်ရန်သည် တကယ်တမ်း အကျင့်ပျက်ချစားသည့် အမတ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မသိသည့်သူ မရှိပေ။ သူက အားလုံးရွံရှာသည့် သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့၏။ လူများကြား၏ တံတွေးခွက်ဖြင့် ကျန်းမိသားစုက မျောသွားဖို့ လုံလောက်နေလေပြီ။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။

“အဲဒီကိစ္စက ဒီလောက်ရိုးရှင်းမှာ မဟုတ်လောက်ဘူး”

“ညီအစ်ကို ခင်ဗျားက အတွေးလွန်နေတာ မဟုတ်ဘူးလား”

ယွီရှန်းရုန်က ဆက်ပြောလိုက်သည်။

“အဲဒီလို အမှန်မဟုတ်ဘူး။ ကျန်းရှီမင်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအသစ်ဆိုတာကို ထားလိုက်ပါအုံး။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ အနက်ရောင် သင်္ကေတတွေကို မြင်တယ်မလား။ အဲဒါက ကျန်းမိသားစုက အနက်ရောင်ကြာနယ်မြေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ သက်သေပဲ”

အနီးနားရှိ လူများက သူ့စကားကို ချေပတော့မည့်ဆဲဆဲတွင်

ယွီကျန့်ဟိုင်က ခေါင်းကို မော့ကာ ယွီရှန်းရုန်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

“အာ့ရှစ်တိ ငါ့ရဲ့ အောင်မြင်မှုကို ဘယ်လိုထင်လဲ”

ယွီကျန့်ဟိုင်၏ အသံက ကျယ်ပြီး ရှင်းလင်းသည့်အတွက် မီတာ ၁၀၀၀အဝေးတွင် ရပ်နေသည့် ကြည့်ရှုသူများက ကောင်းကောင်းကြားရလေသည်။ ကြည့်ရှုသူများက သူတို့၏ တည်ရှိမှုကို မြန်မြန်ဆန်ဆန် တွေ့ရှိသွားသည့်အတွက် အံ့အားသင့်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက အရေးမကြီးပေ။

ပို၍ အရေးကြီးသည်က ဘယ်သူက သူ့အာ့ရှစ်တိလဲ။

ယွီရှန်းရုန်က ပြန်ဖြေလိုက်၏။

“လက်ခံလို့ ရရုံပါပဲ”

အားလုံး “...”

ယွီကျန့်ဟိုင်က ထပ်မံပြောလေသည်။

“ငါက ကျန်းရှီမင်ကို တိုက်ခိုက်ဖို့ အုပ်ချုပ်သူ သက်ဆင်းခြင်းနဲ့ ဖန်ဆင်းခြင်းဓားမော့ကိုတောင် အသုံးပြုခဲ့တာလေ။ သူက ဒါက ငါ့ရဲ့ အဓိက တိုက်ကွက်လို့ ထင်နေပေမဲ့ သူ မသိတာက ငါ့ရဲ့ နဂါးသွဲ့ကျောက်ကသာ ငါ့ရဲ့ သတ်ဖြတ်ရေးတိုက်ကွက်ပဲ။ ဒါက ဘယ်လိုလုပ် လက်ခံနိုင်ရုံ ဖြစ်ရမှာလဲ”

ယွီရှန်းရုန်က ပြောလိုက်သည်။

“အုပ်ချုပ်သူ သက်ဆင်းခြင်းက ထူးကဲတဲ့ သက်ရောက်မှု ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဖန်ဆင်းခြင်း ဓားမော့ဆိုတာက ဘာတုန်း။ အဲဒါက ဖန်ဆင်းခြင်းဓားလို့ ခေါ်တာ။ ပြောရရင် ဓားပညာရပ်ကို အသုံးပြုခဲ့တာ။

တာ့ရှစ်ရှိုးက ဖန်ဆင်းခြင်းဓားမော့လို့ ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ အတော်လေး လိုအပ်နေတယ်လို့ မထင်ဘူးလား။ တကယ်လို့ ကျွန်တော်သာဆိုရင် ဖန်ဆင်းခြင်းဓားကို အလွယ်တကူ အသုံးပြုပြီးတော့ ကျွန်တော်ဓားတွေ အကုန်လုံးနဲ့ ကျန်းရှီမင်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်စရာ မလိုဘဲနဲ့ သတ်လို့ရတယ်”

“ဒါက ... “ ယွီကျန့်ဟိုင်က ပါးစပ်ပိတ်သွားပြီး ခေတ္တမျှ စဥ်းစားလိုက်သည်။

“ဒါက ကြောင်သူတော်ဆန်တယ်လို့ ပြောချင်နေတာမလား။ ဖန်ဆင်းခြင်းအားလုံးကို ဓားမော့အနေနဲ့ အသုံးပြုဖို့က ခက်ခဲတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုနဲ့ စွမ်းအင်ဓားတစ်ခုတည်း တိုက်ခိုက်မည်ဆိုရင်တောင် သူ့ကို အနိုင်ယူဖို့ ဖြစ်မှာ မဟုတ်ဘူး”

အားလုံး “...”

ယွီရှန်းရုန်က ယွီကျန့်ဟိုင်၏ စကားကို တည်တည်ငြိမ်ငြိမ် ပြန်လည်ချေပလိုက်၏။

“တာ့ရှစ်ရှိုး ကျွန်တော်ရဲ့ ဓားက ပြန်ပြင်ပြီးသွားပြီဆိုတာကို မေ့နေတာလား”

ဝှစ်

အသက်ရှည်ဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။ ထိုအရာက ပြန်လည်ကောင်းမွန်သွားရုံသာမက လွှမ်းမိုးအဆင့်ထိပင် အဆင့်မြင့်တက်သွား၏။ ထိုအရာက လေထဲတွင် ဝှေ့ယမ်းရင်း စွမ်းအင်ဓား ရှစ်သောင်းကို ဖန်တီးလိုက်သည်။ မိုးနှင့်အတူ သူတို့က ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားသည့် ဧရာမ ဓားတစ်ခုအသွင် ပြောင်းလဲသွားပြီး အားလုံး၏ အထက် မျောလွင့်နေလေ၏။

ဝှစ် ဝှစ် ဝှစ်

ထိုစဥ် စွမ်းအင်ဓားများက အသက်ရှည်ဓားအတွင်း ပျောက်ကွယ်သွားဟန်ပေါ်သည်။ ထို့နောက် အသက်ရှည်ဓားက ဓားအိမ်အတွင်း ပြန်လည်ဝင်ရောက်သွား၏။

အသက်ရှည်ဓား၏ အမြန်နှုန်းက မြန်ဆန်လွန်းလှသည့်အတွက် ကျင့်ကြံသူများက အရိပ်ကိုပင် မနည်းဖမ်းလိုက်ရသည်။

အားလုံး “...”

ယွီရှန်းရုန်က ဟန်ဆောင်ကောင်းနေသည်ဟု တွေးမိကြသည့် ကျင့်ကြံသူ ၂ယောက်က ကြောင်အမ်းသွားလေ၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“လက်နက် ၂ခုကြားက ကွာဟချက်က ကွာဟချက်အဖြစ် သတ်မှတ်လို့တောင် မရဘူး”

“တာ့ရှစ်ရှိုး ပြောတာမှန်တယ်”

ဤသို့ဖြင့် တပည့် ၂ဦးက သဘောတူညီချက် ရသွားလေသည်။

ထိုစဥ် ကျန်းရှီမင်က ညည်းတွားကာ ရွှံ့ရည်များနှင့် ချောင်းဆိုးလာသည်။ သူ့အမူအရာက ယွီကျန့်ဟိုင်ကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေမိ၏။ သူက ထိုရလဒ်ကို လက်မခံနိုင်ပေ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူထံ မည်သို့ရှုံးနိမ့်နိုင်မည်နည်း။ ဤသည်က ကျင့်ကြံရေးလောကတွင် အကြီးမားဆုံး အရှက်ခွဲမှု ဖြစ်ပေသည်။ သူက နာကျင်မှုကို တောင့်ခံထားရင်း ပြောလိုက်သည်။

“အစ အစကတည်းက အကုန်လုံး သိနေတာလား”

ယွီကျန့်ဟိုင်က ပြန်ပြောလိုက်သည်။

“မင်းက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း နည်းနည်းပဲ သိတာကိုး … ငါ့မှာ အင်မတန် ထူးချွန်တဲ့ ရှစ်တိတစ်ယောက် ရှိတယ်။ သူက နည်းဗျူဟာရှင်ကောင်း တစ်ယောက်လေ။ အရှင်မင်းကြီးက ကျန်းမိသားစုကို သုတ်သင်ဖို့ အမိန့်ပေးပြီးတဲ့နောက်မှာ ကျန်းမိသာစုဝင်တွေ အားလုံးကို မှတ်ထားပြီးသား။ မင်း မရှိတာကို သတိထားမိဖို့ မခက်ခဲဘူး။ ဒီကမ္ဘာမှာ ငါ့ကို စိန်ခေါ်ရဲတဲ့သူ နည်းနည်းပဲ ရှိတယ်။ မင်းက အတော်လေးကို သတ္တိကောင်းတာပဲ”

“ငါ့ရဲ့ ကျန်းမိသားစုက စွပ်စွဲခံရတာ”

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ပြောပါအုံး။ အနက်ရောင်ကြာနယ်မြေက မင်းကို ဆက်သွယ်ခဲ့တာလား”

ကျန်းရှီမင်က အရူးတစ်ယောက်လို ရယ်မောလိုက်၏။ သူ့ရယ်မောသံထဲတွင် ဝမ်းနည်းမှု အရိပ်အယောင် ပါဝင်နေသည်။

“မင်းက သိချင်တာလား။ ဘာပဲဖြစ်ဖြစ် ငါက မင်းကို ပြောပြမှာ မဟုတ်ဘူး”

“အဲဒီလိုဆိုတော့ မင်းမပြောရင် ငါက မရှာနိုင်ဘူးလို့များ ထင်နေလား”

ကျန်းရှီမင်က ချောင်းဆိုးလျက် ပြောလိုက်သည်။

“ရှာတွေ့တော့လည်း ဘာဖြစ်လဲ။ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူကို အနိုင်မယူနိုင်ပေမဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူကို သတ်ဖို့ ဆုံးဖြတ်ခဲ့တာ”

ထို့နောက် သူက သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့မျက်ဝန်းများက သွေးဆာလာပြီး သူ့ရင်ဘတ်မှ သွေးများက ရွှံ့ရည်နှင့် ပေါင်းစပ်သွားသည်။ သူ နည်းနည်းကောင်းလာသည့်အခါ ဆက်ပြောလိုက်၏။

“သူ … သူတို့တွေ သေချာပေါက် လာလိမ့်မယ်”

“သူတို့လား” ယွီကျန့်ဟိုင်က ခေါင်းအနည်းငယ် စောင်းကာ မေးလိုက်၏။

…

အခန်း (၉၂၃) မင်းရဲ့ကျင့်ကြံဆင့်မှုကို ကိုယ်တိုင်ကြီးကြပ်မယ်

ကျန်းရှီမင်းက သူ၏ပါးစပ်မှ သွေးများဆက်လက်စီးကျနေ၏။ သူသေတော့မည်ဆိုတာ သိသာသည်။ မည်သို့ပင်ဆိုစေ သူ၏မျက်နှာပေါ်၌ ရက်စက်သောအပြုံးတစ်ပွင့် ရှိနေသည်။ သူ့မျက်နှာပေါ် ရွာသွန်းကျသည့်မိုးသည် အညစ်အကြေးများကို ဆေးကြောသွားသော်ငြား တစ်ချိန်တည်းတွင် သူ၏အမြင်အာရုံကို ဝေဝါးသွားစေ၏။ သူ၏သွေးနီရောင်မျက်ဝန်းများသည် သူ မသက်မသာ ခံစားရမှုကြောင့် ပိုတောင်ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ သူ၏စိတ်က လွတ်နေပုံပေါ်ကာ ရေရွတ်ပြောလိုက်တော့သည်။

“ကျန်းမိသားစုက အပြစ်ကင်းတယ်။ ငါ့ရဲ့အဖေက လာဘ်စားတဲ့အရာရှိ မဟုတ်ဘူး။ ငါ့ရဲ့အဖေက လာဘ်စားတဲ့အရာရှိမဟုတ်ဘူး။ မင်းတို့အားလုံး သေရမယ်။ မင်းတို့အားလုံးသေရမယ်”

ကျန်းရှီမင်း၏ အသက်သည် သူ၏ခန္ဓာကိုယ်မှ ဆက်လက်စိမ့်ထွက်သွားပြီး မြေပြင်ပေါ် လဲကျသွားတော့၏။

ယွီကျန့်ဟိုင်၏ နဂါးသွဲ့ကျောက် ဓားမော့က ကျန်းဝမ်ရှန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖြတ်တောက်လိုက်၏။ ထိုတစ်ခုတည်းကပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရစေပြီးဖြစ်သည်။ ထိုအရာအပြင် ယွီကျန့်ဟိုင်၏ မဟာအမှောင်ကောင်းကင်လက်ဝါးကလည်း သူ၏ရင်ဘတ်ပေါ် တိတိကျကျ ကျရောက်သွားပြီး သူ၏အတွင်းကလီစာများကို တစစီဖြစ်သွားစေသည်။ သူ မသေလျှင် ထူးဆန်းနေမှာပဲဖြစ်သည်။

“ငါ အလွန်အကျွံ လုပ်မိသွားလား” ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို မေးလိုက်သည်။

“ကျုပ်သာဆိုရင် သူ အစောတည်းက သေလောက်ပြီ”

“...”

ကြည့်နေသေးသည့်သူများကလည်း ရူးသွပ်သွားတော့မည်ဟု ခံစားလိုက်ရသည်။

ထိုစဉ် ယွီကျန့်ဟိုင်အနိုင်ရလျှင် နောက်ပြန်လျှောက်မည်ဟု ပြောခဲ့သော ကျင့်ကြံသူက တောင့်တင်းသွားပြီး မျက်နှာပေါ်တွင် သဘာဝမကျသည့်အပြုံးပေါ်လာ၏။

ကြည့်နေသူများသည် ထိုသိုင်းပညာရှင်နှစ်ယောက်ကြား ဆက်ဆံရေးကို မခန့်မှန်းနိုင်လျှင် သူတို့သည် စိတ်မကျန်းမာသည့် သူများနှင့် ခြားတော့မှာ မဟုတ်ပေ။ ထို့အပြင် ယွီရှန်းရုန်၏ ဓားဖန်တီးမှုနှင့် စွမ်းအင်ဓားရှစ်သောင်းက သူတို့ကိုလက်ခံယုံကြည်စေရန် လုံလောက်တာထက်ပိုသည်။

ထိုစဉ် ယွီရှန်းရုန်က ပျံသန်းလာလျက် ကျန်းရှီမင်းပေါ်၌ ရပ်ကာ ပြောလိုက်တော့သည်။ "ငါ တောင်းပန်ပါတယ်။ မင်းအဖေရဲ့ပြစ်မှုကို ထုတ်ဖော်ပြီးပြီ။ ပြီးတော့ အဲ့ဒါတွေက ငြင်းဆန်လို့မရဘူး။ မင်းရဲ့နောက်ခံနဲ့ ကြီးပြင်းလာမှုက မင်းကို အမှန်နဲ့အမှားကြား ဝေခွဲဖို့ ကူညီပေးခဲ့သင့်တာ။ အမှန်နဲ့အမှားက အဖြူနဲ့အမည်းပဲ။ တရားမျှတမှုက အမှန်တရားကို ထုတ်ဖို့လိုတယ်။ မင်းက သင့်လျော်မှန်ကန်မှုရှိရင် ဒါမှမဟုတ် အရှက်ရှိမယ်ဆိုရင်တောင် မှားယွင်းတယ်ဆိုတဲ့ စကားလုံးကို သုံးမှာမဟုတ်ဘူး။ ငါသာ မင်းဆိုရင် အစောတည်းက ငါ့လည်ပင်း ငါဖြတ်လိုက်မှာ။ ရာရာစစ လက်စားချေမယ်ဆိုပြီး တခြားသူတွေကို စော်ကားပြီး ပတ်ပြေးရဲတယ်လား”

ထိုစကားများကိုကြားသောအခါ ကျန်းရှီမင်းက ထပ်ပြီး သွေးအန်တော့သည်။ သူ၏မျက်လုံးထဲ၌ အမုန်းတရား၊ အခဲမကျေမှုနှင့် မလိုမုန်းထားမှုတို့ ပြည့်နေ၏။ အသုံးမဝင်တော့ပေ။

ယွီရှန်းရုန်က ကျန်းရှီမင်းကို ကြည့်လိုက်သည်။ သူက ကျန်းရှီမင်းကို မသနားချေ။ သေခြင်းရှင်ခြင်းကြား နှစ်ပေါင်းများစွာရပ်တည်လာပြီးနောက် မုရှီးသင်္ချိုင်းတွင်ဖြစ်စေ၊ မြင့်မားလှသော တောင်တန်းများနှင့် နက်ရှိုင်းလှသော ချိုင့်ဝှမ်းကို ဖြတ်ကျော်ပြီး တောင်ဖက်သို့ ခရီးနှင်ခဲ့စဉ်ကဖြစ်စေ ပြက်ရယ်မှုများကို ခံစားခဲ့ရသည့်အချိန်တွင်တောင် သူနှင့် ယွီကျန့်ဟိုင်က ဒုက္ခဝေဒနာများ ပိုခံစားခဲ့ရသည်။

နုံချာသော လူတစ်ယောက်လာလျှင် သူ၏အမှန်တရားကို လွဲချော်စေ၏။ ကျန်းရှီမင်းက ထိုသို့သော လူမျိုးဖြစ်သည်။

ကျန်းရှီမင်း၏ အသက်က ဆက်လက်ထွက်နေပြီး သူ၏စွမ်းအင်တို့က အားနည်းသည်ထက် အားနည်းလာသည်။

ယွီရှန်းရုန်သည် မြူနှင့် မိုးများကို ကြည့်ပြီးမေးလိုက်တော့၏။ “အနက်ရောင်ကြာနယ်မြေက ဘယ်မှာလဲ”

“မင်း မင်းက ဒီ ဒီလောက်ကြီးမြတ်နေတယ်ဆိုရင် ဘာလို့များ မင်းဖာသာမင်း သွား သွားမရှာတာလဲ”

ကျန်းရှီမင်းက ပီအောင် မပြောနိုင်တော့ဘဲ စကားလုံးများက တစ်ဆို့နေ၏။ ခဏတာမောကြီးပန်းကြီး အသက်ရှုပြီးနောက် ခေါင်းက ဘေးသို့ငိုက်စိုက်ကျသွားသည်။ ထွက်သက်ရပ်သွားတော့၏။

“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၅၀၀၊ နယ်မြေအပို ကုသိုလ်မှတ် ၁၅၀၀”

ယွီကျန့်ဟိုင်သည် အသက်ထွက်သွားသော ကျန်းရှီမင်းကို ကြည့်ပြီး မေးလိုက်၏။ “သူ တကယ်သေပြီလား”

“သေလောက်ပါပြီ” ယွီရှန်းရုန်က ပြောလိုက်၏။

ယွီကျန့်ဟိုင်က မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ “သူက ယဲ့ကျန်းလို အသက်ပြန်ရှင်လာမှာလား”

“ဒါဖြစ်နိုင်တယ်”

“အမှားတွေကနေ သင်ယူသင့်တယ်။ အာ့ရှစ်တိ ... ကျေးဇူးပြုပြီး ဘေးဖယ်ပေး။ ဒီတစ်ခါ ငါကိုယ်တိုင် သူ့ကို အပြီးသတ်ပေးလိုက်မယ်” ယွီကျန့်ဟိုင်က သူ၏ညာလက်ကို မြှောက်လိုက်၏။ နဂါးသွဲ့ကျောက်ဓားမော့သည် သူ၏လက်ဖဝါးပေါ်၌ ပျံဝဲနေလျက် စတင်လည်ပတ်ကာ စွမ်းအင်ဓားမော့များ ထုတ်နေသည်။

ယွီရှန်းရုန်သည် အလောင်းကို စိတ်ဝင်စားခြင်းမရှိဘဲ ကြည့်နေသူများနှင့် အလောင်းကို စိတ်မဝင်စားသောကြောင့် ကြည့်နေသူများနှင့်အတူ နောက်တွင် ပြန်သွားရပ်လိုက်သည်။

ထိုစဉ် မီတာ၆၀အတွင်းရှိ ဧရိယာသည် ရွှေရောင်စွမ်းအင်ဓားမော့များဖြင့် ပြည့်နေတော့သည်။ သူတို့သည် ရေတံခွန်ကျဆင်းနေသည့်ပမာ ရူးသွပ်စွာပိုင်းဖြတ်နေတော့သည်။ လွှမ်းခြုံထားသည့် အကျယ်အဝန်းက သိပ်မကြီးမားသော်ငြား သူတို့ဖန်တီးခဲ့သည့် ရုတ်ရုတ်သဲသဲဖြစ်ရပ်က မြေငလျင်လှုပ်နေကာ တောင်တန်းများ လှုပ်ခါနေသည်ဟု ခံစားရစေသည်။ ရုတ်ရုတ်သဲသဲဖြစ်ရပ်က ယွီရှန်းရုန်နှင့် ကျန်းရှီမင်း တိုက်ခိုက်တုန်းကထက်တောင် ပိုကြီးမားသည်။

ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း

ခဏအကြာတွင် တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာ၏။

ယွီကျန့်ဟိုင်သည် သူ၏ဂန္တဝင်လက်ရာကို စိတ်ကျေနပ်စွာကြည့်ပြီးနောက် အဝေးသို့ ပျံသန်းသွားသည်။

၎င်းကို မြင်သောအခါ ပွဲကို ကြည့်နေကြသည့် ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြပြီး တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့နေကြ၏။

ထိုစဉ် ယွီရှန်းရုန်က ပြောလိုက်သည်။

“ကြောက်နေဖို့မလိုဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ကိစ္စတွေဖြေရှင်းတဲ့အချိန် အမှန်နဲ့အမှား အမြဲတမ်း ခွဲခြားတတ်တယ်”

“...”

ယွီကျန့်ဟိုင်က လူတိုင်းရှေ့သို့ပျံသန်းလာပြီးနောက် အားလုံးကို သိမ်းကြုံးကြည့်ကာ မေးလိုက်တော့သည်။ “ကျန်းမိသားစုက ဘယ်မှာလဲ”

“ကွမ်းတန်ပတ်လမ်းထဲက ကျင်း ကျင်းကျိုးမြို့ မြို့မှာ ...” ကျင့်ကြံသူများထဲက တစ်ယောက်က စိုးရိမ်ပူပန်စွာ ဖြေလိုက်၏။

“ကျင်းကျိုးမြို့လား။ အာ့ရှစ်တိ ဒီကိစ္စကို ရှစ်စွင်းဆီ သတင်းပို့သင့်တယ်။ ကျန်းမိသားစုရဲ့နောက်ခံကို စုံစမ်းစစ်ဆေးဖို့ ကျင်းကျိုးမြို့ကို ငါ သွားလိုက်မယ်” ယွီကျန့်ဟိုင်က ပြောသည်။

ယွီရှန်းရုန်က ခေါင်းခါပြီး ပြောလိုက်တော့သည်။ “အနက်ရောင်ကြာနယ်မြေ ပါဝင်လာပြီဆိုရင် ရှစ်ရှိုးတစ်ယောက်ထဲသွားတာ မသင့်တော်မှာ စိုးရတယ်”

“စိတ်မပူနဲ့ အချိန်က ပြောင်းလဲသွားပြီ။ ဘာလုပ်ရမယ်မှန်း ငါ သိတယ်”

“မဖြစ်ဘူး။ ရှစ်ရှိုးသာ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်နဲ့တွေ့ရင် အန္တရာယ်များမှာပဲ။ ရှစ်စွင်းက ရှစ်ရှိုးကို အချိန်မှီမကယ်နိုင်လောက်ဘူး” ယွီရှန်းရုန်က ပြောလိုက်သည်။

“ငါ ဂရုစိုက်ပြီး စစ်ဆေးတာကို အာရုံစိုက်မယ်”

“တာ့ရှစ်ရှိုး ကျုပ်သွားရင် ပိုကောင်းလိမ့်မယ်။ အရှိန်အရာမှာ ခင်ဗျားက ကျုပ်ထက်နှေးတယ်”

လူတိုင်းက တိတ်တိတ်ဆိတ်ဆိတ်သာ ကြည့်ရဲသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ သိုင်းပညာရှင်များ ကိစ္စရပ်များ ဆောင်ရွက်ပုံက ဒီလိုလားဟူ၍ မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။

ထိုစဉ် လေနှင့်မိုးထဲ နက်ရှိုင်းသော အသံတစ်သံထွက်ပေါ်လာ၏။ “မင်းတို့နှစ်ယောက်လုံး ပြန်လာ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ချက်ချင်းလှည့်ကြည့်ပြီး ထိတ်လန့်အံ့အားသင့်သွား၏။

ထိုရင်းနှီးနေသောအသံ၊ လေယူလေသိမ်း၊ အရှိန်အဝါတို့က သိပ်သည်းသောလေနှင့်မိုးကို ဖောက်လာ၏။

နှစ်ယောက်သား အရိုအသေပေးပြီး နာနာခံခံပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်း “...”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် မနှေးဖင့်တော့ဘဲ အပျက်အစီးပုံထဲမှ ပျံသန်းသွားတော့သည်။

မိုးသည်းထန်စွာ ရွာသွန်းကျလာပြီး တိုက်ပွဲပြီးနောက် အကြွင်းအကျန်များကို ဆေးကြောသွားတော့သည်။

ကျန်းရှီမင်း၏အလောင်းသည် စွမ်းအင်ဓားမော့များဖြင့် အညှာအတာမရှိ အပိုင်းပိုင်း ပိုင်းဖြတ်ခံလိုက်ပြီးဖြစ်သည်။ ကြည့်နေသူများကလည်း လေနှင့်မိုးကို ကြည့်နေ၏။

“ဒါ မဖြစ်နိုင်ဘူး”

“မြန်မြန်ထွက်သွားကြရအောင် ဒီမှာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဒါ့အပြင် နှစ်ယောက်လုံးကို ဒီလောက်နာခံအောင်လုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ”

ပွဲကြည့်ပရိသတ်များက လှည့်ထွက်သွားတော့မည်ဟု ပြင်လိုက်သည်။

“နေဦး”

လုကျိုး၏ ပုံရိပ်က လှစ်ခနဲပေါ်လာပြီး လူတိုင်းရှေ့သို့ ရောက်ရှိလာသည်။ မိုးနှင့်မြူတို့က သူ၏စွမ်းအင်ကြား အငွေ့ပျံသွားကာ လူတိုင်း၏အမြင်အာရုံကို ရှင်းလင်းပေးလိုက်သည်။

ကြည့်နေသူများသည် သူတို့ရှေ့၌ အနက်ရောင်ဆံပင်ဖြင့် အဘိုးအိုတစ်ဦးက လက်နောက်ပစ်ထားလျက် ပေါ်လာတာကို တွေ့လိုက်ရသည်။ အားလုံးက မှင်သက်လျက် အံ့ဩစွာ စိုက်ကြည့်နေကြသည်။

“ချန်း ချန်း ချန်းပေ့ ဘာ ဘာအမိန့်များ ပေးမလို့လဲ” ရှေ့တွင်ရပ်နေသောလူက ချွေးသီးချွေးပေါက်များကျနေသည်။

လုကျိုးက လက်ကိုဝေ့ယမ်းလိုက်၏။

ရွှေရောင်ထိုက်ရွှီကြေးမုံပေါ်လာချိန် လူတိုင်းက ထိတ်လန့်သွားကြသည်။

လူအုပ်ကြီးက သူတို့အပေါ်တောက်ပသော ရွှေရောင်အလင်းဖြာကျလာသောအခါ မျက်လုံးမှိတ်မိသွား၏။ မျက်လုံးဖွင့်လိုက်သောအခါ အနက်ရောင်ဆံပင်ဖြင့် အဘိုးအိုထွက်သွားပြီမှန်း သိလိုက်သည်။ သူ၏အရှိန်က မြန်လွန်းသောကြောင့် ဤနေရာ၌ တစ်ခါမှ မရှိခဲ့ဖူးဟုတောင် ထင်ရသည်။

တော်ဝင်နန်းတော်ထဲတွင် ဖြစ်သည်။

တည်တံ့ရေးခန်းမထဲ၌ လုကျိုးပြန်ရောက်ချိန်၌ ရှင်းလင်းပြီးဖြစ်သည်။

သူအချိန်ဖြုန်းမနေတော့ဘဲ သူ၏အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ကောင်းကင်ကျမ်းစာကို ကျင့်ကြံဖို့ ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းလိုက်သည်။ သူက အဋ္ဌမတပည့်ကို လေ့လာစဉ်၌ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးပြုခဲ့ပြီးဖြစ်သည်။

ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် တည်တံ့ရေးခန်းမသို့ ရောက်လာသည်။ နှစ်ယောက်လုံးက အလယ်၌ တင်ပျဉ်ခွေချိတ်ထိုင်နေသည့် သူတို့ရှစ်စွင်းကို မြင်သောအခါ ထိတ်လန့်သွားသည်။ ပထမအချက်မှာ သူ၏ရှစ်စွင်း၏ ပြန်လာတာကို ထိတ်လန့်သွားတာဖြစ်သည်။ ဒုတိယအချက်မှာ သူတို့ရှစ်စွင်းသည် ပိုငယ်ရွယ်လာ၏။

ပြောရန်မလို ထိတ်လန့်သော်ငြား သူတို့ဘာမေးခွန်းမှ မမေးရဲပေ။ ရှေ့တိုးလာလျက် သူတို့ရှစ်စွင်းကို တညီတညွတ်တည်း နှုတ်ဆက်လိုက်သည်။

“တပည့်က ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”

စိတ်ထဲတွင်မူ သူတို့၏ရှစ်စွင်း အဘယ်ကြောင့် ထိုမျှ မြန်ဆန်စွာပြန်လာနိုင်လည်းဆိုတာ သိချင်နေသည်။ သူတို့က မနားမနေပြန်လာတာဖြစ်၏။ သူတို့ရှစ်စွင်း၏ပုံစံအရ ဤနေရာ၌ ရှိနေတာ အတော်ကြာပြီ ဖြစ်ပုံပေါ်သည်။

“မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ” လုကျိုးက မျက်လုံးဖွင့်လိုက်၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် “...”

“မင်းတို့နှစ်ယောက်လုံး ကျန်းရှီမင်းကို ဖြေရှင်းတာ ကောင်းတယ်။ ဒါပေမဲ့ အနက်ရောင်ကြာနယ်မြေကို စုံစမ်းဖို့ ကြိုးစားတာက နည်းနည်း အဆင်အခြင်မဲ့တယ်” လုကျိုးက ပြောလိုက်သည်။

“ရှစ်စွင်းပြောတာ မှန်ပါတယ်” ယွီကျန့်ဟိုင်က မဝံ့မရဲပြောလိုက်သည်။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အစီအစဉ်က နှောင့်ယှက်ခံလိုက်ရပြီး အနှေးနဲ့အမြန် လူထပ်လွှတ်လာမှာ။ သူတို့ကို ရှာမဲ့အစား သူတို့လာမှာ စောင့်နေတာ ပိုကောင်းမယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ သိုင်းပညာရှင်တွေ ပြည့်နေတာ။ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်တွေပဲ။ မင်းတို့ သူတို့ကို ဖြေရှင်းနိုင်မယ်ထင်လား” လုကျိုးက ပြောလိုက်၏။

နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်လျက်ပြောလိုက်သည်။ “လောင်တ မင်းက ငါ့ရဲ့တပည့်ကြီးပဲ။ ပြောရရင် မင်းက အတားအဆီးတွေကို ဖြတ်ကျော်ပြီး အမြန်ဆုံးတိုးတက်သင့်တာ။ မင်း ကြိုးစားပမ်းစား မကျင့်ကြံရင် ယွမ်အာက မင်းကို လိုက်မှီဖို့ သိပ်လိုတော့မှာ မဟုတ်ဘူး”

ယွီကျန့်ဟိုင်က ဦးညွှတ်လျက်ပြောလိုက်သည်။ “ကျွန်တော် အရှက်ရမိပါတယ်။ ပိုကြိုးကြိုးစားစား ကျင့်ကြံပြီး တတ်နိုင်သမျှမြန်မြန် ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်အောင်လုပ်မယ်လို့ ကတိပေးပါတယ်”

“လောင်အာ့ မင်းက ငါ့ရဲ့ဒုတိယတပည့် ပြီးတော့ ရွှေကြာကိုဖြတ်တောက်ဖို့ အောင်မြင်အောင် ပထမဆုံးကြိုးစားနိုင်တဲ့လူပဲ။ ဒါပေမဲ့ ဘုံတစ်ထောင်လေပွေကို ဖွဲ့တည်ပြီး မင်းရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့က မွေးဖွားနန်းဆောင်ရှိထားဖို့ ကြာပလင်လိုအပ်တယ်။ ဒါကြောင့် ဒဿမမြောက်ပွင့်ချပ်ကို တတ်နိုင်သမျှ မြန်မြန်ဖူးပွင့်အောင်လုပ်မှပဲ။ နောက်ထပ်နယ်ပယ်အတွက် လမ်းအသစ်တွေရှာနိုင်မှာပဲ” လုကျိုးက ပြောလိုက်သည်။

ယွီရှန်းရုန်သည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ရန် ကြာပွင့်လိုပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းရန် ကြာပွင့်လိုကြောင်း သတိပြုမိပြီးဖြစ်သည်။ ကြာပွင့်မရှိခြင်းကြောင့် ဤကိစ္စသည် သူ့ကိုဝန်ပိစေလိမ့်မည်။ သို့သော် ယခု သူ့ရှစ်စွင်း၏စကားကို ကြားသောအခါ သူ ပျော်ရွှင်သွားပြီး စိတ်အေးသွား၏။ သူ အမြန်ပြောလိုက်တော့သည်။ “ကျေးဇူးပါရှစ်စွင်း”

“လာမဲ့ရက်တွေမှာ ငါ ကိုယ်တိုင် မင်းတို့ရဲ့ကျင့်ကြံဆင့်ကို ကြီးကြပ်ပေးမယ်”

“နားလည်ပါပြီ”

“တင်း ... ယွီကျန့်ဟိုင်ကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”

“တင်း ... ယွီရှန်းရုန်ကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”

…

အခန်း (၉၂၄) အရိုက်အနှက်ခံရသည်ကို ကြောက်ရွံ့ခြင်း

နောက်တစ်ရက် မနက်စောစော၌

မနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးသည့်နောက်တွင် အရာအားလုံးက ဆေးကြောခံလိုက်ရဟန်ပေါ်သည်။ ယခုအခါ ပန်းချီကားတစ်ချပ်ကဲ့သို့ သစ်လွင်နေ၏။

အပြိုအပျက်များကြား တိတ်ဆိတ်ကာ ငြိမ်းအေးနေသည်။

ပုံရိပ် ၃ခုက အဝေးမှ အရှိန်ဖြင့် ရောက်ရှိလာ၏။ သိပ်မကြာခင် သူတို့က အပြိုအပျက်အထက် ရပ်တန့်လိုက်ကြသည်။ အားလုံးက အနက်ရောင် ချပ်ဝတ်၊ အနက်ရောင် ခေါင်းဆောင်းနှင့် အနက်ရောင် မျက်နှာဖုံးတို့ကို ဝတ်ဆင်ထားကြသည်။ ၃ယောက်က တြိဂံပုံစံ အနေအထားဖြင့် ရပ်ကာ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်သည်။ သူတို့က ပတ်ဝန်းကျင်တွင် ကျန်ရှိနေသည့် တိုက်ပွဲစွမ်းအားတချို့ကို ခံစားမိလေ၏။

ခဏအကြာတွင် ဘယ်ဘက်ရှိ လူက ပြောလိုက်သည်။

“ခေါင်းဆောင် အငွေ့အသက်က အားပျော့နေပေမဲ့ ဒီနေရာပဲ ဖြစ်လောက်တယ်”

ဦးဆောင်နေသည့် အမျိုးသားက ခေါင်းအသာညိတ်ကာ

“အဲဒီအရူး ကျန်းရှီမင်က သေသွားပြီ။ ငါတို့တွေ အနီရောင်ကြာနယ်မြေမှာ အဆက်အသွယ် မရှိတော့ဘူး”

“ကျွန်တော်တို့တွေ နောက်ထပ် ဘာလုပ်ကြမလဲ”

“အဖွဲ့အစည်းရဲ့ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရမှာပေါ့။ အခု စတင်သတ်ဖြတ်ဖို့ မသင့်တော်သေးဘူး။ ငါတို့တွေ မွေးမြူရေးအစီအစဥ်ကို နှောင့်ယှက်လို့ မရဘူး။ ပထမဦးဆုံး ကျောက်အစီအရင်တွေကို စစ်ဆေးကြည့်ပြီးတော့ အပျက်အစီးတွေကို ပြန်ပြုပြင်ရမယ်။ တစ်ချိန်တည်း ငါတို့တွေ သင့်တော်တဲ့ အဆက်အသွယ်ကို ရှာရမယ်”

သူ့နောက်ရှိ ၂ဦးသားက ခေါင်းညိတ်လိုက်ကြသည်။

ခေါင်းဆောင်က ဆက်ပြောလိုက်၏။

“ပြီးတော့ ငါတို့ လက်တလော ဆုံးရှုံးသွားရတဲ့ အသက်ဓာတ် နှလုံးသားက အနီရောင်ကြာနယ်မြေမှာ ပေါ်ထွက်လာတဲ့ ပညာရှင်အသစ်ဆီမှာ ရှိနေနိုင်တယ်။ အဆင့်နိမ့် အဖွဲ့ဝင် ယီယောင်ရဲ့ သေဆုံးမှုကလည်း အဲဒီလူနဲ့ သက်ဆိုင်နေနိုင်တယ်။ ယီယောင်ကို သတ်နိုင်တဲ့သူက သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် အဲဒီလူကို တစ်ယောက်တည်း ရင်မဆိုင်ကြနဲ့။ သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရဲတယ်ဆိုမှတော့ သူ့မှာ နောက်ခံအင်အားစုတော့ ရှိလိမ့်မယ်”

သာမန်အနက်ရောင် အစောင့်အရှောက်က မွေးဖွားဇယားချပ် ၄ခု ရှိကြသည်။ ယီယောင်က မွေးဖွားဇယားချပ် ၅ခု ရှိထားပြီး သူ သေဆုံးသည့်အချိန်တွင် ပင်လယ်စိတ်ဝိညာဥ် ပုလဲကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူက သေဆုံးခဲ့ရ၏။ ထိုအကြောင်းရင်းကြောင့် ၃ယောက်သားက အင်မတန် သတိကြီးကြီးထားထားကြသည်။

“ကျွန်တော်လည်း သဘောတူတယ်။ ယီယောင်ကို သတ်နိုင်ပြီး အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ရန်စရဲတဲ့သူက သေချာပေါက် တစ်ယောက်တည်း ရင်ဆိုင်သင့်တဲ့သူတော့ မဟုတ်ဘူး”

ညာဘက်ရှိလူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ယန်ကျန်းလော့နဲ့ ယီယောင်က တူညီတဲ့ တာဝန်အတွက် စေလွှတ်ခံလိုက်ရတာလေ။ ယန်ကျန်းလော့က သူ လမ်းပျောက်သွားတယ်လို့ ပြောပေမဲ့ ယုံချင်စရာတော့ မကောင်းဘူး”

“ယန်ကျန်းလော့က လုလီနဲ့ ရင်းနှီးတယ်လေ။ အခု လုလီက ပျောက်ဆုံးသွားတာဆိုတော့ သူ့စိတ်တွေ ထွေပြားနေတာ ပုံမှန်ပါပဲ”

ထိုစဥ် ခေါင်းဆောင်က ထိုသူ ၂ဦး စကားကို ဖြတ်ပြောလိုက်သည်။

“အခု ငါတို့ အာရုံစိုက်ထားရမှာက အဖွဲ့အစည်း အကြီးအကဲ ညွှန်ကြားတဲ့အတိုင်း လုပ်ဖို့ပဲ။ ငါတို့တွေ အဲဒီကိစ္စကို နောက်မှ စစ်ဆေးလို့ရတယ်။ အချိန်ကျလာတဲ့အခါ ငါတို့က အထက်ပိုင်းကို တင်ပြပြီးတော့ အနက်ရောင် အစောင့်အရှောက်တွေ ထပ်ပြီးတောင်းဆိုတာမျိုး ဒါမှမဟုတ် တရားမျှတရေးခုံရုံးကို လှုပ်ရှားဖို့ တောင်းဆိုတာမျိုး လုပ်နိုင်တယ်။ ကျန်းရှီမင် သေဆုံးမှုအတွက်ကိုတော့ စုံစမ်းစစ်ဆေးစရာ မလိုဘူး”

“တရားမျှတရေးခုံရုံးလား။ သူတို့က လှုပ်ရှားပါ့မလား။ တခြားအင်အားစုတွေက သဘောမကျလောက်ဘူး”

ခေါင်းဆောင်က ခေါင်းအသာယမ်းကာ ပြောလိုက်သည်။

“ဒီမွေးမြူရေး အစီအစဥ်က နှောင့်ယှက်ခံရလိမ့်မယ်လို့ ခံစားချက်ရနေတယ်။ အဲဒီအချိန်ကျရင် အနီရောင်ကြာနယ်မြေနဲ့ အနက်ရောင်ကြာနယ်မြေကြားက စစ်ပွဲလိုမျိုး ရိုးရှင်းမှာ မဟုတ်ဘူး။ ပြီးတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကြားက အတွင်းရေး ပဋိပက္ခတွေက နက်ရှိုင်းလွန်းတယ်။

တကယ်လို့ တရားမျှတရေးခုံရုံးသာ ဝင်မပါဘူးဆိုရင် ဒီအစီအစဥ်ကို နှောင့်ယှက်ဖို့ လူတွေက အစပြုလာလိမ့်မယ်။ အခုအတွက်တော့ အနီရောင်ကြာနယ်မြေရဲ့ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူကို စုံစမ်းကြတာပေါ့။ အလျင်စလို လုပ်လာမဲ့ တခြားသူတွေလည်း ရှိမှာပဲ။ အခုအလုပ်ကိုပဲ သေချာလုပ်ထားပြီးတော့ မင်းတို့ရဲ့ အသက်ရှင်ဖို့က အရေးကြီးဆုံးဆိုတာကို မှတ်ထားကြ”

“ခေါင်းဆောင်က ပညာရှိပါတယ်”

“သွားကြစို့”

၃ယောက်သားက လျှပ်တစ်ပြက်အတွင်း လေထုထဲ ပျောက်ကွယ်သွားကြသည်။

...

တော်ဝင်နန်းတော်၏ ထိန်းသိမ်းရေးခန်းမအတွင်း

သူ့တပည့်များ၏ ကျင့်ကြံရေးကို စောင့်ကြပ်ဖို့ သူက ထိုသူများကို နန်းတော်မှ ခွင့်ပြုချက် မရှိဘဲ ထွက်မသွားဖို့ အမိန့်ပေးခဲ့သည်။ သူတို့အားလုံးက ယခုအခါ ကျင့်ကြံရေးကို အာရုံစိုက်ထားကြပြီ ဖြစ်၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်မှ အစပြု၍ သူက သူတို့ကို ၂ရက်တစ်ခါ သင်ကြားလမ်းညွှန်ပေးနေတယ်။

ထိုအချိန် စတင်ကတည်းက တစ်လအတွင်း လုကျိုး၏ တပည့်များ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ သူတို့က အတိတ်တုန်းက ရိုက်နှက်ခံရသည့် ဘဝကို ပြန်ရောက်သွားသလိုမျိုး ခံစားနေကြရသည်။ အထူးသဖြင့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ဖြစ်၏။ ၂ဦးသားက သူတို့၏ ရှစ်စွင်း၏ နှိပ်စက်မှုကို နေ့စဥ်နှင့်အမျှ ခံစားခဲ့ရပြီး သူတို့၏ ရှစ်တိ၊ ရှစ်မေးများက မကြည့်နိုင်အောင်ပင် ဖြစ်သွားကြသည်။ ၂ဦးသား၏ ကြီးမြတ်လှသည့် ပုံရိပ်က လက်တလောအတွင်း ပြိုလဲကျသွားသည်။

လုကျိုးက ထိုအရာများကို ဂရုမစိုက်ပေ။ သူ့အမြင်တွင် သူ့နည်းလမ်းများက ကျိထျန်းတောက် နည်းလမ်းနှင့် ယှဥ်လိုက်လျှင် လူသားဆန်နေသေး၏။ သူက သူတို့နားမလည်သည့် ကိစ္စများအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြကာ သရုပ်ပြခဲ့သည်။

...

နေ့လယ်ဘက်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ဦးက ထိန်းသိမ်းရေးခန်းမသို့ ရောက်ရှိလာကြသည်။ သူတို့ ရောက်လာသည့်အခါ ခန်းမအရှေ့တွင် တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်စွဲလျက် ရပ်နေသည်ကို မြင်လိုက်ရသည်။

အကြီးအကဲ ၄ယောက်က ထိုလူများ၏ ဆရာ မဟုတ်သည့်အတွက် ဝင်ပါခွင့်မရှိပေ။ ထို့ကြောင့် သူတို့က အဝေးမှသာ ကြည့်နေလိုက်၏။

သိပ်မကြာခင် လုကျိုးက ခန်းမထဲမှ ထွက်လာသည်။ သူက တွမ့်မူရှန်းအား သိချင်စွာ ကြည့်ကာ မေးလိုက်သည်။

“လောင်စန်း”

တွမ့်မူရှန်းက တဲ့တိုးသာ ပြောလိုက်သည်။

“ရှစ်စွင်း တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က ဒီနေ့သိပ်နေမကောင်းလို့တဲ့။ ချီရှစ်တိကတော့ တူလေးကို ကျင့်ကြံဖို့ သင်ပေးနေတယ်။ ကျိုးရှစ်မေးနဲ့ ရှောင်ရှစ်မေးတို့က အခုလှုပ်ရှားရေး နည်းစနစ်တွေကို လေ့ကျင့်နေကြတယ်”

လုကျိုးက မျက်မှောင်ကြုတ်ကာ “တကယ်လို့ ဒီနေ့ သူတို့ ထွက်မလာဘူးဆိုရင် နောက်တစ်ခေါက် ပေါ်လာတဲ့အချိန် ဒီနေ့ထက် ၂ဆတိုး ခံရလိမ့်မယ်”

လုကျိုး စကားဆုံးသည်နှင့် အဝေးမှ အသံတစ်သံ ချက်ချင်းထွက်ပေါ်လာသည်။

“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”

ထိုစဥ် ယွီကျန့်ဟိုင်က အဝေးတစ်နေရာမှ ပေါ်ထွက်လာ၏။

အကြီးအကဲ ၄ဦးက လှမ်းကြည့်လိုက်သည့်အခါ ယွီကျန့်ဟိုင်၏ မျက်နှာက ရောင်ကိုင်းနေပြီး အမာရွတ်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူက အနည်းငယ် ရှက်ရွံ့စွာဖြင့် ရောက်ရှိလာ၏။

သိပ်မကြာခင် ယွီရှန်းရုန်ကလည်း သူ့အသက်ရှည်ဓားကို လက်မှ ကိုင်ဆောင်လျက် ပေါ်ထွက်လာသည်။ သို့သော် ထူးဆန်းစွာ နှေးနှေးကွေးကွေး လျှောက်နေရုံမှလွဲ၍ သူက ပုံမှန်နှင့် မကွာခြားပေ။

အကြီးဆုံးတပည့် ၂ယောက်က လုကျိုးရှေ့တွင် ရပ်ကာ ဦးညွှတ်လိုက်ကြသည်။

လုကျိုးက ခေါင်းညိတ်ကာ

“အရင်တစ်ခေါက် ငါ မဟာအမှောင် ကောင်းကင်အောက်မေ့ရာရဲ့ အဓိကအချက်ကို သရုပ်ပြခဲ့ပြီးပြီ။ ဒီနေ့ မင်းက သင်ခဲ့တဲ့ဟာကို ပြန်ပြီး သရုပ်ပြရမယ်”

ထိုစဥ် ယွီရှန်းရုန်က ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော် တစ်ခုပြောစရာ ရှိလို့ပါ”

“ပြော”

“စန်းရှစ်တိက အခုလက်တလော ကြည့်ပဲကြည့်နေတာဆိုတော့ သူ့စိတ်ထဲမှာလည်း မေးခွန်းတွေ အများကြီးရှိနေမယ်လို့ ထင်တယ်” ယွီရှန်းရုန်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ဤတစ်ချိန်လုံးအတွင်း သူက အကြီးဆုံးနှင့် ဒုတိယတပည့်ကိုသာ အလေးထားခဲ့မိလေသည်။ သူက တပည့်အားလုံးကို ညီတူညီမျှ ဆက်ဆံသင့်၏။

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး တွမ့်မူရှန်းကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ လောင်စန်း အခုမင်းကို ပိုပြီးအာရုံစိုက်ပေးမယ်။ ဒီကို လာခဲ့”

ယခင်လပိုင်းအတွင်း လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို သင်ကြားပေးစဥ်အခါက တိုးမြင့်ခဲ့သည့် ကုသိုလ်ရမှတ်များသည် ယခု အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်၏။

သူက သူ့တပည့်များကို အသစ်အဆန်းများကို သင်ပေးခြင်း သို့မဟုတ် မျှဝေပေးခြင်းတို့ဖြင့် ကုသိုလ်ရမှတ်ကို ရရှိနိုင်ကြောင်း သိလိုက်ရသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ကျင့်ကြံရေးအပေါ် နက်နက်နဲနဲ နားလည်ထားသည့်အတွက် သူတို့ကို သင်ပေးဖို့ လွယ်ကူလှသည်။ ထို့ကြောင့် သူက သူတို့ကို သရုပ်ပြပေးရုံဖြင့်သာ အမှတ်များကို ရရှိနိုင်၏။

ထိုအကြောင်းအရင်းကြောင့် ထို၂ဦးဆီမှ သူရရှိထားသည့် ကုသိုလ်ရမှတ်များက အတော်လေး သနားစဖွယ် ဖြစ်နေလေသည်။ သူတို့၏ ကျင့်ကြံဆင့်က နက်နဲကာ သူတို့နှင့် အမြင်သစ်ကို မျှဝေမပေးသရွေ့ သူက ကုသိုလ်ရမှတ် အနည်းငယ်သာ ရရှိလေ၏။

“အာ” တွမ့်မူရှန်းက ကြောင်အမ်းသွား၏။

ယွီကျန့်ဟိုင်က လက်ဝှေ့ကာ ပြောလိုက်သည်။

“ရှစ်စွင်းက မင်းကို ခေါ်နေတာ။ စန်းရှစ်တိ အခုမင်းအလှည့်ပဲ”

တွမ့်မူရှန်းက သူ့အစ်ကိုကြီး ၂ယောက် အသက်ရှင်နေသေးလျက် ရှိနေသေးသည့်အတွက် ဘာမှကြောက်ရွံ့စရာ မလိုကြောင်း တွေးခဲ့မိသည်။ ထို့အပြင် သူက အမြဲလိုလို လုံ့လ ဝီရိယရှိ၏။ ထို့ကြောင့် သူက အကြောက်တရား မရှိဘဲ လျှောက်လှမ်းလာသည်။

“ရှစ်စွင်း”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါ့တပည့်တွေကြားမှာ မင်းရဲ့ ပါရမီက အဆိုးဝါးဆုံးပဲ။ ဒါပေမဲ့ မင်းက ဝီရိယအရှိဆုံး။ ကြိုးစားရုံနဲ့ အများကြီးကို ကာမိတယ်။ ငါက မင်းရဲ့ ကြိုးစားမှုကို အမြဲတမ်း သတိထားမိတယ်”

တွမ့်မူရှန်းက သူ့ရှစ်စွင်း၏ စကားကို ကြားသည့်အခါ စိတ်လှုပ်ရှားမိသွားသည်။

“မင်းရဲ့ နတ်ဒေဝါ ထိပ်သီးကျင့်စဥ်ကို ပြအုံး” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

တွမ့်မူရှန်းက အချိန်မဖြုန်းဘဲ နယ်ရှင်လှံကို ခန်းမအရှေ့ ပစ်ခွင်းလိုက်သည်။ အစပိုင်းတွင် သူ့အရှိန်က သိပ်မမြန်ဆန်ပေ။ သို့သော်လည်း လေဟုန်ကဲ့သို့ မြန်ဆန်လှပြီး လေမုန်တိုင်းသဖွယ် ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် ရေများဆူပွက်နေသလိုမျိုး ခံစားရပြီး တစ်ခါတစ်ရံတွင် ပင်လယ်မှ ထွက်ပေါ်လာသလိုမျိုး ခံစားရလေသည်။ လှုပ်ရှားမှုတိုင်းက တိကျကာ ပြီးပြည့်စုံလှ၏။

တွမ့်မူရှန်း ပြီးဆုံးသွားသည့်အခါ သူက လုကျိုးရှေ့တွင် ရပ်လိုက်သည်။ သူ့မျက်နှာက နီရဲခြင်း မရှိသလို မောပန်းနေခြင်းလည်း မရှိပေ။

သူ့တတိယတပည့်၏ သရုပ်ဖော်မှုကို ကြည့်ပြီးသည့်နောက်တွင် လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်၏။

“မင်းက အကြီးအကဲဟွားနဲ့ လက်ရည်စမ်းနေတုန်းလား”

တွမ့်မူရှန်းက အရိုးသားဆုံး ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့တွေ အရင်လက ဆယ်ကြိမ်လောက် လက်ရည်စမ်းခဲ့ပြီးတော့ ကျွန်တော် ကံကောင်းလို့ ခြောက်ကြိမ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြီးအကဲဟွား စတုရန်းသေတ္တာကို ရပြီးတဲ့နောက်မှာ ကျွန်တော် သုံးကြိမ်ပဲ နိုင်တော့တယ်”

ဟွားဝူတောက် “...”

ဟွားဝူတောက်၏ မျက်နှာက နီရဲလာ၏။ သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်ပေသည်။ သူက အားနည်းနေခြင်း မဟုတ်ဘဲ တွမ့်မူရှန်းကသာ ကြိုးစားလွန်းခြင်း ဖြစ်၏။ တွမ့်မူရှန်းက ထပ်ခါထပ်ခါ ရှုံးနိမ့်သွားလျှင်ပင် လက်လျှော့မည့်သူ မဟုတ်ပေ။ သူ့လို လူမျိုးကို မည်သူကများ တောင့်ခံနိုင်မည်နည်း။

ထိုစဥ် လုကျိုးက လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး တွမ့်မူရှန်း၏ ဆယ်မီတာအကွာတွင် ပေါ်ထွက်လာကာ ပြောလိုက်သည်။

“မင်းရဲ့ စွမ်းအားကုန်သုံးပြီး ငါ့ကို တိုက်ကြည့်”

All Chapters