အခန်း (၉၂၅-၉၂၇)
Vol. 62 Ch. 925-927
အခန်း (၉၂၅) မိစ္ဆာအိုကြီးကျိက သူ့ရဲ့တပည့်တွေကို အနိုင်ကျင့်နေ
“ဟုတ်ကဲ့”
တွမ့်မူရှန်းက သူ၏တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးတို့ကဲ့သို့ ဟိတ်ဟန်ကြီးသူ မဟုတ်။ သူက ပိုပြီး တဲ့တိုးဆန်သည်။ သူသည် နယ်ရှင်လှံကို မြှောက်ကာ ၁၀မီတာ အကွာတွင်ရပ်နေသည့် သူ၏ရှစ်စွင်းကို ကြည့်လိုက်၏။ လှံတစ်ချက်တည်းဖြင့် သူ၏ရှစ်စွင်းက သူ့ကို သတ်လိမ့်မည်ဟု ထင်နေသည်။ သို့သော် သူ၏ ဆင်ခြင်တုံတရားနှင့် အလိုလိုသိစိတ်က သူ၏ရှစ်စွင်းသည် သူ့ကို သတ်မှာမဟုတ်ဟု သူ့ကို ပြောနေသည်။
ဝှစ် ဝှစ် ဝှစ်
တွမ့်မူရှန်းက သူ၏လှံကို မြှောက်ကိုင်ကာ ရှေ့သို့တဟုန်ထိုးချီတက်သွားသည်။ သူက လှံကို ထိုးစိုက်လိုက်၏။
လုကျိုးက တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ကာ နယ်ရှင်လှံကို ရှောင်တိမ်းနေသည်။ တွမ့်မူရှန်း၏ အရှိန်ကို အမြဲတစေ ချိန်သားကိုက် ရှောင်ခဲ့၏။ ယင်းက သူ၏အရှိန်ကို မြှင့်တင်ပေးသော စတုတ္ထမြောက်မွေးဖွားဇယားချပ် အာနိသင်ကြောင့်ဖြစ်ပြီး သူ၏လှုပ်ရှားမှုများကို ပိုရှင်းလင်းစွာ နားလည်သဘောပေါက်စေ၏။
တွမ့်မူရှန်းသည် သူ၏ရှစ်စွင်းကို အနိုင်ယူနိုင်မည်ဟု မထင်ပေ။ သူ၏ရှစ်စွင်း လျင်မြန်စွာ အနိုင်ယူတာမခံရသရွေ့ အောင်မြင်သည်ဟု သတ်မှတ်၍ရသည်။ ထို့ကြောင့် အားကုန်သုံး၍ နယ်ရှင်လှံကို ဝေ့ယမ်းနေကာ ကြာကြာခံနိုင်ဖို့ မျှော်လင့်သည်။
လုကျိုးသည် သူ၏တပည့်များနှင့် လက်ရည်ယှဉ်သောအခါ အစတွင် လှုပ်ရှားလေ့မရှိ။ သူက ရှောင်တိမ်းနေပြီးနောက် ရှုထောင့်မျိုးစုံကနေ သူတို့၏အရည်အချင်းကို လေ့လာသည်။ တွမ့်မူရှန်းက ခြွင်းချက်မဟုတ်ပေ။
ယွီကျန့်ဟိုင်က ဘက်စုံတော်သော်ငြား သူသည် မလိုလားအပ်သည့်လှုပ်ရှားမှု များလွန်း၏။ ယွီရှန်းရုန်၏ အရှိန်က ပိုကောင်းပြီး သူ၏လှုပ်ရှားမှုများက ပိုသေသပ်သည်။ သို့သော် သူသည် တိုက်ခိုက်ရုံသာတိုက်ခိုက်ပြီး မခုခံပေ။ တွမ့်မူရှန်းက ရဲစွမ်းသတ္တိရှိပြီး ကြမ်းတမ်း၏။ သို့သော် သူသည် မည်သည့်အချိန်တွင် ရှေ့တိုးရမည်။ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသည်။
အကြီးအကဲလေးဦးက ကြည့်နေစဉ် တအံ့တဩဖြင့် နှုတ်ခမ်းသပ်မိသွား၏။
ဖန်လီထန်းက ပြောလိုက်၏။ “သူ ဒီအတိုင်း ဆက်လေ့ကျင့်နေမယ်ဆိုရင် အကြီးအကဲဟွားကို အနိုင်ယူဖို့ သိပ်မကြာတော့ဘူး”
“တွမ့်မူရှန်းရဲ့လှံသိုင်းမှာ တမူထူးကဲတဲ့ ဝိသေသလက္ခဏာတွေ ရှိပြီးသား။ သူ ချီတက်တဲ့အချိန်မှာ ထက်မြတ်လွန်းနေပြီး နောက်ဆုတ်တဲ့အရှိန်က မြန်ဆန်တယ်။ သူက တောင်တစ်တောင်လုံး မယိမ်းယိုင်ပုံပေါ်ပြီး လျှပ်စီးလိုမြန်တယ်။ တိုးတက်ဖို့ လိုအပ်တာ ဘာမှမတွေ့ဘူး” ကျော့ယွီရှုက ဝင်ပြောလိုက်သည်။
“ဆက်ကြည့်ကြတာပေါ့”
တွမ့်မူရှန်း၏ လှံသိုင်းက ပိုပိုပြီး ဖြုံစရာကောင်းလာသည်။ သူ၏စွမ်းအင်လှံများက ပိုအစွမ်းထွက်လာတော့၏။
“လှိုင်းလုံးထောင်ချီ”
လှိုင်းလုံးထောင်ချီက ဧရာမစွမ်းအင်လှိုင်းနှင့်တူသည်။ ၎င်းသည် ကျယ်ဝန်းသည့်အကွာအဝေးကို ဖြန့်ကျက်လျက် ခုခံမှုခက်ခဲစေသည်။
လုကျိုးသည် သူ၏ခမ်းနားသောကျင့်စဉ်ကို ထုတ်သုံးပြီး မျက်စိတစ်မှိတ်အတွင်း တွမ့်မူရှန်းနား ရောက်လာ၏။ ပြီးနောက် သူ၏လက်ဝါးဖြင့် ရိုက်လိုက်သည်။
ဘန်း
တွမ့်မူရှန်းက အမြန်ခုန်လိုက်၏။
“မျှော်နန်းသခင်က အစောကပဲလှုပ်ရှားလိုက်တာ” အကြီးအကဲလေးဦးသည် ထိုတခဏကို စောင့်ဆိုင်းနေသောကြောင့် သူတို့၏မျက်လုံးများ တောက်ပသွားလေ၏။
လုကျိုးသည် အနောက်မှနီးကပ်စွာ လိုက်ပါလာလျက် ထပ်မံရိုက်ချလိုက်သည်။
ဘန်း
လက်ဝါးစည်းတံဆိပ်က မြေပြင်ပေါ်ပြုတ်ကျသွားပြီး တွမ့်မူရှန်းက ၎င်းကို သူ၏စွမ်းအင်လှံဖြင့် ဖယ်ရှားလိုက်၏။
ဘန်း ဘန်း ဘန်း
ထိုစဉ် လုကျိုးက နယ်ရှင်လှံကို ဖမ်းပြီး တွမ့်မူရှန်း၏ရင်ဘတ်ကို သုံးချက်ရိုက်ချလိုက်သည်။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့ရုတ်တရက်ကြီး ခံစားချက် ပိုကောင်းလာသည်။
တွမ့်မူရှန်းက သူ၏ရှစ်စွင်းဆီမှ တဖက်သတ်ရိုက်နှက်ခံနေရပြီး ဝေဒနာဆက်ခံစားနေရသည်။
လေထဲ၌ လက်ဝါးရိုက်ချက်သံများက ဆက်လက်ပေါ်ထွက်နေသည်။
ဖန်လီထန်းက ကြည့်နေစဉ် ရံဖန်ရံခါ၌ ကျုံ့ပြီး ဇက်ပုဝင်သွားသည်။ တွမ့်မူရှန်းအစား သူ အရိုက်ခံနေရသည့်ပမာဖြစ်နေတော့သည်။
ထိုစဉ် မုံ့ချန်းတုံက တည်တံရေးခန်းဆောင်နား ဖြတ်သွားစဉ် ရုတ်ရုတ်သဲသဲ အသံကိုကြားလိုက်ရသည်။ သိချင်စိတ်ဖြင့် ခန်းမထဲဝင်လာ၏။ ဖြစ်ပျက်နေတာကို ကြည့်ပြီး အကြီးအကဲများကို မမေးဘဲ မနေနိုင်တော့ပေ။
“မျှော်နန်းသခင်က ဘာလုပ်နေတာလဲ”
“မျှော်နန်းသခင်က သူ့တပည့်တွေကို သင်ပေးနေတာ”
“သူ့တပည့်တွေကို ရိုက်နေတာ မဟုတ်တာ သေချာရဲ့လား”
“ငါလည်း သံသယဝင်ခဲ့တာ။ ဒါပေမဲ့ ငါတို့မှာ သက်သေရှိလို့လား” ဖန်လီထန်းက ပြောလိုက်သည်။ ကျန်သည့်အကြီးအကဲသုံးဦးက ခေါင်းခါလိုက်ကြသည်။
“မရှိဘူး” မုန့်ချန်းသုံက ပြန်ပြောလိုက်သည်။
အချိန်တချို့ကုန်လွန်သွားသည်။
ကျွီ ...
နယ်ရှင်လှံက မြေပြင်ပေါ် ပြုတ်ကျသွားသည်။
တွမ့်မူရှန်းက မြေပြင်ပေါ်ညွတ်ကိုင်းလိုက်၏။ သူ၏မျက်နှာက ယောင်ကိုင်းနေကာ မောကြီးပန်းကြီး အသက်ရှူနေသည်။
လုကျိုးသည် တွမ့်မူရှန်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေလျက် တည်ငြိမ်သောအမူအရာဖြင့် သူ့ကို ကြည့်ကာပြောလိုက်တော့သည်။
“မင်းရဲ့လှံသိုင်းက ပြီးပြည့်စုံမှုအဆင့်ကို ရောက်နေပြီ။ နောင်ကျ မင်းရဲ့ကျင့်ကြံရေးနည်းလမ်းကို ပိုအာရုံစိုက်။ ဒီမှာ နယ်ရှင်လှံကို ထားခဲ့။ မနက်ဖြန်မနက်မှ ပြန်လာခဲ့”
သူ့၌ တောက်ပကျောက်တုံးတစ်ခု ကျန်နေသေးသည်။ ယင်းကို သိမ်းထားရန် မလိုအပ်ပေ။ ထို့အပြင် တွမ့်မူရှန်းကိုယ်ထဲရှိ မဟာလေဟာနယ်မျိုးစေ့က သိပ်မကောင်းပေ။ ဤပြဿနာကို ဖြေရှင်းရပေမည်။
တွမ့်မူရှန်းက အသက်ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်။
“နားလည်ပါပြီ”
“တင်း ... တွမ့်မူရှန်းကို သွန်သင်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”
လုကျိုးက ခေါင်းညိတ်ပြီးနောက် တည်တံ့ရေးခန်းမထဲဝင်ရန် လှည့်ထွက်သွားပြီး ရုတ်တရက်သူက ပြန်လှည့်လျက် ပြောလိုက်တော့သည်။
“မနက်ဖြန်ကျ လောင်စစ်ကို ဒီနေရာလာခိုင်းလိုက်”
လုကျိုးပြောပြီးသည်နှင့် အသိပေးသံကြားလိုက်လေ၏။
“တင်း ... မင်ရှစ်ရင်ကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”
ဉာဏ်များလိုက်တာ ... လုကျိုးက အသက်ပြင်းပြင်းရှူလိုက်၏။ “သူ ရောက်မလာရင် သူ့ခြေထောက်ကို ချိုးပစ်မယ်”
“တင်း ... မင်ရှစ်ရင်ကို သွန်သင်ဆုံးမပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀”
ပြောပြီးနောက် လုကျိုးသည် တည်တံ့ရေးခန်းဆောင်ထဲ လှစ်ကနဲဝင်သွားသည်။
ပြီးနောက် မြေပြင်ပေါ်တွင် လဲနေသော နယ်ရှင်လှံက မြည်ဟည်းကာ တည်တံ့ရေးခန်းမထဲဝင်သွားတော့သည်။
ဘန်း
ခန်းမတံခါးက မြည်သံကျယ်ဖြင့် ပိတ်သွားတော့သည်။
ထိုစဉ် တွမ့်မူရှန်းက မြေပြင်ပေါ်တွင် ထိုင်နေပြီဖြစ်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တွမ့်မူရှန်းကို တပြိုင်နက်တည်း လက်မထောင်ပြလိုက်၏။
“မင်းက အံ့ဩစရာပဲ”
ယင်းက သူတို့နှစ်ယောက်သား သဘောထားကိုက်ညီသည့် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။
ထိုစဉ် အကြီးအကဲလေးဦးက သက်ပြင်းချလိုက်ကြသည်။
ဖန်လီထန်းက မေးလိုက်သည်။ “အစောင့်အရှောက်မုံ့ ... အကြီးအကဲတွေရယ် လော့ရှစ်ယင်းရယ်ကို ဖယ်လိုက်ရင် ဘယ်သူက ဒဿမမြောက်ပွင့်ချပ်အရင်ဆုံး ဖူးပွင့်မယ်လို့ထင်လဲ”
လူတိုင်းသည် ထိုမေးခွန်းကို အလေးထားစဉ်းစားနေကြ၏။ သို့သော် အတော်ကြာပြီးနောက် သူတို့ခေါင်းခါလိုက်သည်။ ၎င်းက ဖြေရန်အလွန်ခက်ခဲသော မေးခွန်းဖြစ်သည်။
ပထမနှင့် ဒုတိယတပည့်သည် လျှင်မြန်စွာ တိုးတက်နေ၏။ စတုတ္ထတပည့်၏ ခွန်အားအစစ်အမှန်ကို မည်သူမှမသိပေ။ နဝမတပည့်က အလွန်ပါရမီရှိပြီး တိုးတက်ဖို့ ရိုက်နှက်ခံရဖို့မလိုအပ်ပေ။ ဒဿမမြောက်ပွင့်ချပ် မည်သူက အရင်ဆုံးဖူးပွင့်မည်ဆိုတာ ပြောရန်အလွန်ခက်ခဲသည်။
နောက်ထပ်သုံးလအတွင်း လုကျိုးက ကိစ္စသုံးရပ်သာ လုပ်သည်။ သူ၏တပည့်များကို သွန်သင်ဆုံးမခြင်း၊ ကျောင်းယွဲ့ကို စောင့်ကြည့်ခြင်းနှင့် သူ၏စတုတ္ထမြောက်မွေးဖွား
ဇယားချပ်အုတ်မြစ်ကို အခြေခိုင်အောင်လုပ်ခြင်းတို့ဖြစ်သည်။
တကယ်တော့သူသည် သူ၏တပည့်များကို သွန်သင်ခြင်းအစား ရိုက်နှက်နေခြင်းနှင့် ပိုတူသည်။ လွန်ခဲ့သော ၆လအတွင်း ရှောင်ယွမ်အာနှင့် ခရုလေးမှလွဲလျှင် ကျန်သည့်တပည့်များက အညိုအမဲစွဲအောင် အရိုက်ခံထားရသည်။
နည်းပြနှင့် ထာရစွမ်းအား၏ အာနိသင်ကြောင့် သူ၏တပည့်များလျှင်မြန်စွာ တိုးတက်လာကြသည်။
တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာသည် နဝမမြောက်ပွင့်ချပ်ကို အောင်မြင်စွာ ဖူးပွင့်နိုင်ကြ၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်နိုင်သော်ငြား ရှစ်စွင်း၏ အကြံကြောင့် သူတို့သည် သူတို့၏ကျင့်ကြံမှုကို ဖိနှိပ်ထားခဲ့ကြသည်။ သူတို့သည် အရင်ဆုံးကျောက်တုံးအစီအရင် ၂၀၀ကို စစ်ဆေးရန် လိုအပ်ပြီး သူတို့၏ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်အောင် လုပ်နေချိန်တွင် မွေးဖွားဇယားချပ်သားရဲများ ပေါ်ပေါက်လာသောအခါ အနက်ရောင်မျှော်စင်အဖွဲ့အစည်း လုယူသွားခြင်းမရှိအောင် ကာကွယ်ထားရန် လိုအပ်၏။
ယခုအချိန်တွင် တော်ဝင်ခန်းမထဲရှိ လူတိုင်းက လုကျိုးက သူ၏တပည့်များကို သင်ပြသည့် လေ့ကျင့်ပေးပုံအားသိသွားကြပြီး လေ့ကျင့်ရေး၏ ကြမ်းတမ်းမှုကို အသားကျနေပြီဖြစ်သည်။
လီယွင်ကျန်းသည် သူ၏ဆရာက သူ၏ဆရာဖိုးဖိုးနှင့် လေ့ကျင့်နေကြောင်း ကြားသောအခါ နှစ်ခါသွားကြည့်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် သူ့ဆီ အရိပ်မည်း ထင်သွားပြီဖြစ်သည်။ ယခုအချိန်၌ သူ၏ဆရာက စီးဝူယာ့ဖြစ်နေတာကို တကယ်ဝမ်းသာမိသည်။ သူ၏ဆရာစီးဝူယာ့ အတော်လေးတိုးတက်လာ၏။ သူ၏ ခန္ဓာကိုယ်ကို ဖွဲ့တည်ရန် အချိန်တစ်လယူခဲ့ရသည်။ ဆန်းကြယ်ဉာဏ်အလင်းပွင့်ခြင်းနယ်ပယ်သို့ ရောက်ခဲ့သည်။ သို့သော် သူ၏ပထမဦးစားပေးက တာ့ထန်ကို အုပ်စိုးရန်ဖြစ်ပြီး ကျင့်ကြံခြင်းက ပံ့ပိုးရန်အတွက်သာဖြစ်သည်။ ထို့ကြောင့် အချိန်အများစုက နိုင်ငံရေးတွင် နှစ်မြှုပ်ထားသည်။ မြို့စားကြီး လေးဦး၏အကူအညီနှင့် အရပ်ဖက်နှင့် စစ်ဖက်မှ အမှုထမ်းတို့၏ ပံ့ပိုးမှုတို့ဖြင့် တာ့ထန်က ပိုတည်ငြိမ်လာ၏။
ထိုကာလအတွင်း စီးဝူယာ့က အလုပ်အများဆုံးလူဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ကျင့်ကြံခြင်းနှင့် လီယွင်ကျန်းကို သင်ကြားပေးခြင်းဖြင့် သူသည် ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ လူများနှင့် ကိစ္စများ ဖြေရှင်းရပြီး ကြုံရာကျပန်းများကို ကြုံတွေ့ရသည်။ အဆုံးကျ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ပါရမီရှင်များတောင် သူ၏အရည်အချင်းကို လက်ခံယုံကြည်သွားပြီဖြစ်သည်။
တစ်ဖက်တွင်မူ နဝမမြောက်ဘုံကျောင်း၏ ဘုရားကျောင်းသခင် စစ်ခုံးပေချန်းနှင့် တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်နျဲ့ချင်းယွင်တို့က ယခင်အချင်းပွားမှုများကို ဘေးဖယ်ချလျက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာတော့သည်။ လုကျိုးကို နှုတ်ဆက်ပြီးနောက် သူတို့၏ဂိုဏ်းအသီးသီးသို့ ပြန်သွားကြသည်။ သူတို့မထွက်ခွာခင် လုကျိုးလိုအပ်သည်နှင့် အပြေးလာမည်ဟု ကတိပေးခဲ့၏။ မိုးမခတစ်ထောင်ဘုရားကျောင်း၏ သခင် ရှားချန်းချိုးကမူ လုကျိုး၏အရည်အချင်းများကို သတိပြုမိသည်။ ထို့ကြောင့် သူသည် မိုးမခတစ်ထောင်ဘုရားကျောင်းသို့ မပြန်တော့ဘဲ မျက်နှာချိုသွေးရန် နန်းတော်ထဲတွင်သာ နေခဲ့တော့၏။ ဆိုရလျှင် လုကျိုးနှင့်နေသရွေ့ မိုးမခတစ်ထောင်ဘုရားကျောင်းက ဘေးကင်းနေလိမ့်မည်။
ညနေစောင်းတွင်ဖြစ်သည်။ ကျင့်ကြံပြီးနောက် လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။
ကုသိုလ်မှတ်= ၂၂၅၅၀၀
ကုသိုလ်မှတ်တဝက်သည် လွန်ခဲ့သည့်ခြောက်လက သူ၏တပည့်များကို သင်ကြားပေးခြင်းမှ ရလာတာဖြစ်သည်။ သူတို့က ဝှက်ဖဲကဲ့သို့ ဖြစ်နေ၏။
ကုသိုလ်မှတ်သည် အလွန်များသည် မဟုတ်သော်ငြား နည်းသည်လည်းမဟုတ်ပေ။
သူ့ဖာသာသူ အံ့ဩသွား၏။
အနက်ရောင်အစောင့်အရှောက်တွေက ပေါ်မလာဘူး။ သူတို့ ငါ့ကို ကြောက်နေတာများလား။
လွန်ခဲ့သည့်ခြောက်လ၌ အရာအားလုံးပုံမှန်ဟု ထင်ရသည်။ သာမန်မဟုတ်သည့်ကိစ္စမရှိ။ ဆန်းကြယ်သည့်အမျိုးသမီးလျှံရှင်းကတောင် ကျောင်းယွဲ့ဆီထပ်မသွားပေ။
ဒီငြိမ်းချမ်းမှုက ဘယ်လောက်ကြာမှာလဲ။ ရွှေကြာနယ်မြေမှာ ပထမဆုံးပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ပေါ်ပေါက်လာဖို့ အချိန်ကျပြီထင်တယ်။
“ဒီငြိမ်းချမ်းမှုက ဘယ်လောက်ကြာကြာခံမှာလဲ။ ရွှေကြာနယ်မြေမှာ ပထမဆုံး ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ပေါ်ပေါက်လာဖို့ အချိန်တန်ပြီ။ ငါတို့တွေ အနီရောင်နယ်မြေနဲ့ စတင်ပြီး ဟန်ချက်ဖျက်ရမလား။ ဒါမှမဟုတ် ရွှေကြာနယ်မြေနဲ့စရမလား”
၎င်းသည် အရေးကြီးသည့်ကိစ္စဖြစ်သည်။ သူသည် ဤကိစ္စကို စီးဝူယာ့နှင့် ဆွေးနွေးခဲ့သည်။ ရွှေကြာနယ်မြေရှိ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူအသစ်က ကပ်ရိုင်းတစ်ခုဖြစ်နေသည်။ သူတို့ကို အနက်ရောင်ကြာနယ်မြေက မွေးမြူတဲ့အစီအစဉ်ထဲသွင်းပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင်လောက်သည်။
တစ်ဖက်တွင်မူ အနီရောင်ကြာနယ်မြေက ထိလွယ်ရှလွယ်သည့် အခြေအနေဖြစ်နေ၏။ လုလီနှင့် ယီယောင်တို့ အဖြစ်အပျက်ပေါ်ပေါက်ပြီးသည့်အချိန်မှစပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် ဘာမှ မလှုပ်ရှားပေ။ အမှောင်ထဲ၌ ပုန်းနေသည့် အင်အားစုများက ဟန်ချက်ဖျက်ရန် စောင့်နေပုံပေါ်၏။
ထိုအတွေးများဖြင့် လုကျိုးက လှမ်းခေါ်လိုက်၏။ “တစ်ယောက်ယောက်... စီးဝူယာ့ကို ခေါ်ပေး”
…
အခန်း (၉၂၆) မိစ္ဆာဝေဟင်မျှော်နန်းက ပွင့်ချပ်ဆယ်လွှာ ထွက်ခြင်းဖြင့် မဆုတ်သာ မတိုးသာ အခြေအနေကို ချိုးဖောက်ခြင်း
ခန်းမအပြင်ဘက်မှ တစ်ယောက်က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် စီးဝူယာ့က ထိန်းသိမ်းရေးခန်းမရှေ့ ရောက်ရှိလာသည်။ သူက မေးလိုက်၏။
“ရှစ်စွင်း … ရှစ်စွင်း ကျွန်တော်ကို ရှာတာလား”
“မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ” လုကျိုးက မေးလိုက်သည်။
“ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ရှစ်စွင်း။ သူတို့က မပြင်းထန်ပါဘူး”
“ကောင်းတယ်။ ငါ တိုက်ခိုက်ရင် လက်ဆ မပြင်းခဲ့ဖူးပါဘူး” လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
စီးဝူယာ့ “...”
“မင်းလည်း အနက်ရောင်ကြာနယ်မြေရဲ့ အခြေအနေကို ကောင်းကောင်းသိထားတယ်။ အရင် ၆လအတွင်း အနက်ရောင် အစောင့်အရှောက်ရဲ့ အရိပ်အယောင် မတွေ့ရဘူး။ လက်ရှိ မင်းရဲ့ ရှစ်ရှိုးတွေက ပွင့်ချပ်ဆယ်လွှာ ထွက်ဖို့ စောင့်နေကြတာ။ ဒါပေမဲ့ သူတို့သာ လုပ်မယ်ဆိုရင် မွေးဖွားဇယားချပ်သားရဲတွေကို ဆွဲဆောင်ပြီးသား ဖြစ်သွားလိမ့်မယ်။ ငါတို့တွေ ဒီလို မဆုတ်သာ မတိုးသာ အခြေအနေကနေ ချိုးဖောက်ထွက်ဖို့ ဘယ်လိုလုပ်သင့်တယ် ထင်လဲ”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“ဒီနှစ်တစ်ဝက်အတွင်းမှာ အနီရောင်ကြာနယ်မြေမှာ ပွင့်ချပ်ဆယ်လွှာအဆင့် တက်လှမ်းသွားတဲ့ တခြားသူတွေလည်း ရှိနိုင်ခြေ ရှိတယ်။ တကယ်လို့ အဲဒီလိုဖြစ်မယ်ဆိုရင် သူတို့ ဆွဲဆောင်မိတဲ့ မွေးဖွားဇယားချပ်သားရဲတွေကို အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ပြန်ယူသွားတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ပဋိပက္ခ မဖြစ်ခဲ့တာ။ ဒီအခြေအနေကနေ ထိုးဖောက်ထွက်ဖို့ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းက တစ်ယောက်ယောက်က ပွင့်ချပ်ဆယ်လွှာ ထွက်လာဖို့ လိုတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို အသက်ဓာတ် နှလုံးသား အလွယ်တကူ လုယူခွင့် မပေးသင့်ဘူး”
စီးဝူယာ့က ခေတ္တမျှ စဥ်းစားပြီးသည့်နောက်တွင် ကျောက်အစီအရင်၏ အမှတ်အသားများ ပါရှိသည့် မြေပုံကို ထုတ်ကာ ဆက်ပြောလိုက်သည်။
“တကယ်တော့ အနက်ရောင် အစောင့်အရှောက်တွေ ပေါ်မလာရင်တော့ ပိုကောင်းတယ်။ ကျွန်တော်က သူတို့ကို လှည့်ဖျားဖို့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးနဲ့ အစီအရင်တွေကို လေ့လာနေခဲ့တာ။ ကျွန်တော်တို့တွေ အနီးဆုံး ကျောက်တောအုပ်ကို အသုံးပြုပြီးတော့ နဂိုရှိပြီးသား အစီအရင်ပေါ်ကနေ လှည့်ဖြားရေးအစီအရင်ကို အသုံးပြုနိုင်တယ်။ အဲဒါဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သတင်းအချက်အလက် ပြန်ပို့နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားတစ်ယောက်ယောက်က ပွင့်ချပ်ဆယ်လွှာ ထွက်အောင် လုပ်နေတုန်း ရှစ်စွင်းက မွေးဖွားဇယားချပ် သားရဲတွေကို နှိမ်နင်းလို့ရတယ်”
သိုသိုသိပ်သိပ်နေခြင်းက မကြွားဝါဘဲ အကျိုးအကြောင်းမသင့် မပြုမူခြင်းသာ ဖြစ်ပေသည်။
လုကျိုးက စီးဝူယာ့ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ ဉာဏ်ကောင်းခြင်းက အမှန်တကယ် ကွဲပြားလှ၏။
ခဏအကြာတွင် လုကျိုးက ပြောလိုက်သည်။
“ငါတို့တွေ တောအုပ်ထဲက ကျောက်အစီအရင်ကို အပြည့်အဝ ရှောင်နိုင်မှာလား”
စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။
“အဲဒီလိုလုပ်ဖို့ စွန့်စားမှုတော့ ရှိလိမ့်မယ်။ မွေးဖွားဇယားချပ် သားရဲတွေရဲ့ တည်ရှိမှုကို ဖော်ထုတ်ပြီးသား ဖြစ်သွားလိမ့်မယ်။ အကောင်းဆုံးက ကျောက်အစီအရင်နားမှာနေတာ အကောင်းဆုံးပဲ”
လုကျိုးက စီးဝူယာ့၏ အတွေးသည် သူ့စိတ်ကို အပိုင်သိမ်းနိုင်သွားကြောင်း ဝန်ခံရပေမည်။ ခဏအကြာတွင် သူက ထပ်မေးလိုက်၏။
“မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က ပွင့်ချပ်ဆယ်လွှာ ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ပွင့်ချပ်ဆယ်လွှာ ထွက်ဖို့ ဘယ်သူက ပထမဦးဆုံး ဖြစ်သင့်တယ်လို့ထင်လဲ”
“၂ယောက်လုံးက အတူတူ လုပ်ဆောင်နိုင်ပါတယ်” စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“ဟမ်”
“ကျွန်တော်တို့ဆီမှာ အစီအစဥ် ရှိထားပြီးသားဆိုတော့ မြန်မြန်ဆန်ဆန် လုပ်လိုက်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ဒီမှာရှိနေတုန်း ရွှေကြာနယ်မြေက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတွေကို ထိန်းချုပ်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေ အနီရောင်ကြာနယ်မြေရဲ့ မွေးဖွားဇယားချပ် သားရဲတွေကို နှိမ်နင်းဖို့ အကောင်းဆုံး လုပ်သင့်တယ်လို့ထင်တယ်။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ ဒါမှမဟုတ် အနက်ရောင်ကြာနယ်မြေပဲဖြစ်ဖြစ် မွေးဖွားဇယားချပ်ရဲ့ အသက်ဓာတ် နှလုံးသားနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုကတော့ ရှိမှာပါပဲ” စီးဝူယာ့က ပြောလိုက်သည်။
“ဆက်ပြော” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က မြေပုံပေါ်ရှိ အမှတ်အသားတစ်ခုကို ထောက်ကာ ပြောလိုက်သည်။
“အရှေ့ဘက် တောအုပ်တောင်က မြို့တော်နဲ့ သိပ်မဝေးဘူးဆိုတော့ မွေးဖွားဇယားချပ် သားရဲတွေကို ဖမ်းဆီးနိုင်လောက်တယ်”
လုကျိုးက စီးဝူယာ့၏ စကားများကို သေချာစဥ်းစားကြည့်လိုက်ပြီး
“ကောင်းပြီ။ မင်းက ဒီကိစ္စအတွက် အဆင်သင့်ပြင်ထားလိုက်။ ငါတို့တွေ မနက်ဖြန်ကျရင် ထွက်သွားကြမယ်”
“ဟုတ်ကဲ့ ရှစ်စွင်း” စီးဝူယာ့က လုကျိုးကို ပြန်ဖြေပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ရှစ်စွင်း … ရှစ်ကျဲကျောင်းယွဲ့ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သဲလွန်စတချို့ တွေ့ရတယ်”
“ပြော”
“တစ်ယောက်ယောက်က ရှစ်ကျဲကျောင်းယွဲ့ဆီ ချဉ်းကပ်လာပြီးတော့ သူမရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားတယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျင့်ကြံရေးက ရပ်တန့်နေတာပဲ” စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်ပြီး
“တရားခံရဲ့ ဇာစ်မြစ်ကို သိရပြီးလား”
“လျန်ရှင်းလို့ခေါ်တဲ့ အမျိုသမီးတစ်ယောက်ပါ။ အရင်လက ရှစ်ကျဲကျောင်းယွဲ့နဲ့ ဆက်သွယ်တုန်းက အဲဒီအကြောင်း သိလိုက်ရတာ” စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးအနေဖြင့် သူသည် ထိုကိစ္စများကို သိနေပြီဖြစ်ကြောင်း စီးဝူယာ့ထံ မပြောလိုက်ပေ။ သူက ခေါင်းအသာညိတ်ကာ ပြောလိုက်၏။
“သူမကို ဆက်ပြီး စောင့်ကြည့်ထားလိုက်”
“ဟုတ်ကဲ့”
“ဒါနဲ့ လက်တလော တိကျန်းရဲ့ လုပ်ဆောင်ပုံက ဘယ်လိုလဲ” လုကျိုးက မေးလိုက်သည်။
စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်၏။
“ကျွန်တော်ကို အသိမှတ်ပြုအောင် လုပ်နိုင်ခဲ့ပါပြီ”
လုကျိုးက တိကျန်း၏ အသက်ဓာတ် နှလုံးသားကို ထုတ်ကာ စီးဝူယာ့ဆီ ပစ်ပေးလိုက်သည်။
“အသက်ဓာတ် နှလုံးသားကို သူ့ဆီ ပြန်ပေးလိုက်။ လိုအပ်လာတဲ့ အချိန်ကျရင် တိကျန်းကို အသုံးပြုနိုင်တယ်”
ကျောင်းယွဲ့က ရွှေကြာနယ်မြေတွင် အလှမ်းဝေးနေလေသည်။ အကယ်၍ လုကျိုးအနေဖြင့် ပြန်သွားဖို့ လိုအပ်လာပါက အမြန်ဆန်ဆုံး ဖြစ်သည့် တိကျန်းကသာ သူ့ကို ပြန်လည်သယ်ဆောင်သွားနိုင်လိမ့်မည်။
“ရှစ်စွင်း ... “ စီးဝူယာ့က အသက်ဓာတ် နှလုံးသားကို ဖမ်းယူရင်း မျက်လုံးအပြူးသား ဖြစ်လာ၏။ သူက ယန်ကျန်းလော့၏ စာအုပ်ကို ဖတ်ရှုဖူးသည့်အတွက် အသက်ဓာတ် နှလုံးသား၏ ဆိုလိုရင်းကို နားလည်လေသည်။ သူ့ရှစ်စွင်းက တိကျန်းအတွက် နှစ် ၁၀၀၀ သက်တမ်းကို လက်လျှော့လိုက်သည့်အတွက် မည်သို့ မအံ့သြဘဲ နေမည်နည်း။
လုကျိုးက ထိုကိစ္စကို ဆက်မပြောဘဲ ပြောလိုက်သည်။
“သွားတော့”
စီးဝူယာ့က အသက်ဓာတ် နှလုံးသားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ပြီး နှုတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့ ရှစ်စွင်း။ စောစောအနားယူပါ”
...
ထိန်းသိမ်းရေးခန်းမမှ ထွက်လာပြီးသည့်နောက်တွင် စီးဝူယာ့က သူ့အိမ်သို့ ပြန်လာသည့်အခါ မှောင်နေပြီဖြစ်၏။
သူက ပြန်ရောက်ရောက်လာချင်း ခေါ်လိုက်သည်။
“တိကျန်း”
ဂတ်
တိကျန်းက ဘဲတစ်ကောင်အလား ထောင့်တစ်နေရာမှ နာခံစွာဖြင့် ပြေးလာသည်။
“ရှစ်စွင်းက ရက်ရောပြီးတော့ မင်းအတွက် အသက်ဓာတ် နှလုံးသားကို ပေးလိုက်တယ်။ အခု မင်းကို ပြန်ပေးမယ်” စီးဝူယာ့က အသက်ဓာတ် နှလုံးသားကို တိကျန်းဆီ ပြန်ပေးလိုက်၏။
ဂတ်
တိကျန်းက ပါးစပ်ဟကာ အသက်ဓာတ် နှလုံးသားကို မျိုချလိုက်သည်။ အသက်ဓာတ် နှလုံးသားက ဝမ်းဗိုက်မှတဆင့် နဂိုနေရာဆီ ရောက်ရှိသွား၏။
ဂတ် ဂတ် ဂတ်
ထို့နောက် တိကျန်းက ကျေးဇူးတင်သင့်အလား မြေပြင်ပေါ်တွင် သရုပ်ပြလိုက်သည်။ တစ်ချိန်တည်းဆိုသလို ထိုအရာ၏ စွမ်းအားက ပြောင်းလဲလာ၏။ အသက်ဓာတ် နှလုံးသား ပြန်ရောက်လာပြီဖြစ်၍ သူက ပျံသန်းနိုင်စွမ်း ရရှိလာပြီ ဖြစ်သည်။
“မင်းက မွေးဖွားဇယားချပ် သားရဲဆိုပေမဲ့ အရင်ကလိုမျိုး ကြွားလုံးထုတ်နေလို့ မရဘူး။ ဒါက ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးက မင်းရဲ့ အသက်ဓာတ် နှလုံးသားကို လျှို့ဝှက်ထားနိုင်ဖို့ လုပ်ထားတဲ့ ဆေးလုံးပဲ” စီးဝူယာ့က ဆေးလုံးတစ်လုံး ထုတ်ကာ ပြောလိုက်သည်။
ဂတ်
တိကျန်းက ခေါင်းကို ဘယ်ညာယမ်းရင်း ဆေးလုံးသောက်ဖို့ ငြင်းဆန်နေလေ၏။
စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။
“မင်း သောက်ရင်သောက် မသောက်ဘူးဆိုရင် မင်းရဲ့ အသက်ဓာတ် နှလုံးသားတစ်ဝက်ကို ပြန်ထုတ်ရမယ်။ မဟုတ်ရင် မင်း အသတ်ခံရဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်”
“...”
တိကျန်းက စီးဝူယာ့၏ စကားကြောင့် ကြောက်လန့်သွား၏။ သူက အလျင်အမြန် ဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက် တောင်ပံကို ခတ်ကာ စံအိမ်အတွင်း ပျံသန်းနေလေ၏။
စီးဝူယာ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မျက်နှာပေါ်မှ အမာရွတ်များကို ထိကာ ပြောလိုက်၏။
“ဒီနေ့တော့ စောစောအိပ်။ ငါ့ကို မနှောင့်ယှက်နဲ့။ ငါ ကောင်းကောင်းမအိပ်ရတာ နှစ်တစ်ဝက်လောက် ရှိသွားပြီ။ ရှစ်စွင်းက အရင်ကလိုမျိုး လက်သံပြောင်နေတုန်းပဲ”
...
နောက်တစ်ရက်တွင်
ကောင်းကင်လွန်းက တော်ဝင်နန်းတော်မှ အရှေ့ဘက် တောအုပ်တောင်တန်းဆီ ထွက်လာလေသည်။
ကောင်းကင်လွန်း၏ အမြန်နှုန်းက မြန်ဆန်လွန်းလှသည့်အတွက် အရှေ့တောအုပ်တောင်ရှိ ကျောက်တောအုပ်ကို ရောက်ရှိဖို့ တစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ဦးနှင့် အစောင့်အရှောက်မုန့်တို့က ကောင်းကင်လွန်းမှ ဆင်းသက်လာကြသည်။
“ရှစ်စွင်း ဒီနေရာပဲ” စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက ကျောက်တောအုပ် အစီအရင်ကို ငုံ့ကြည့်လိုက်သည်။ ထိုအရာက သူ ယန်ကျန်းလော့နှင့် ပထမဆုံးတွေ့ခဲ့သည့် အရာနှင့်အတူတူသာ ဖြစ်၏။
ယွီရှန်းရုန်က ထိုကျောက်တောအုပ်သည် သူ ယခင်က ချိုးဖောက်ခဲ့သည့်အရာနှင့် ဆင်တူကြောင်း သတိပြုမိလိုက်သည်။
“တကယ့်ကို တူနေတာပဲ”
ထို့နောက် တခြားသူများက ကောင်းကင်လွန်းမှ ဆင်းသက်လာကြသည်။
လုကျိုးက ပြောလိုက်၏။
“စီးဝူယာ့ ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးရဲ့ ဟယ်ကျုံးနဲ့ ဟွမ်းယွီတို့နဲ့ အစီအရင်ကို ခင်းကျင်းထားလိုက်”
“ဟုတ်ကဲ့”
စီးဝူယာက ဟယ်ကျုံးနှင့် ဟွမ်းယွီတို့ကို ကျောက်တောအုပ် အစီအရင်ဆီ ခေါ်ဆောင်သွား၏။
“ကျန်တဲ့သူတွေက သေချာစောင့်ကြည့်ထားကြ။ မင်းတို့တွေ မူမမှန်တာ တစ်ခုခု တွေ့ရင် ငါ့ကို အကြောင်းကြား” လုကျိုးက တခြားသူများအား တည်တည်ငြိမ်ငြိမ် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
အားလုံးက ကျောက်တောအုပ် အစီအရင်ကို ဝင်ရောက်လျက် နေရာအသီးသီး ယူလိုက်ကြသည်။
...
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် စီးဝူယာ့က ပြန်လည်ရောက်ရှိလာ၏။
“ရှစ်စွင်း ကျွန်တော်တို့တွေ အစီအရင် ခင်းကျင်းပြီးသွားပြီ”
လုကျိုးက ချက်ချင်းပြန်မဖြေပေ။ ထို့အစား သူက မုတ်ဆိတ်သပ်ကာ အရှေ့တောအုပ်တောင်ပတ်လည်ကို ကြည့်လိုက်၏။ သူက မွေးဖွားဇယားချပ် သားရဲများသည် မည်သည့်နေရာက ရောက်လာကြောင်း စဥ်းစားနေသည်။ အရှေ့တောအုပ်တောင်သည် အဆုံးမဲ့ပင်လယ်နှင့် အလှမ်းကွာလွန်းလှသည့်အတွက် သူတို့က မည်သည့်နေရာက ရောက်လာသနည်း။
အမည်မသိ နယ်မြေ သို့မဟုတ် မဟာလေဟာနယ်ဆီကလား။
ခဏအကြာတွင် သူက အတွေးများကို စုစည်းပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ထို့နောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်များကို မထုတ်ဖော်ခင် ကျောက်တောအုပ် အစီအရင်ဆီ သွားလိုက်ကြသည်။
စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုက အသေးစားအရွယ်အစား ထုတ်ဖော်ထားလေ၏။ ကွဲပြားချက်ကမူ တစ်ခုက ကြာပန်းရှိပြီး တစ်ခုက ကြာ မရှိပေ။
ထိုစဥ် ၂ဦးသားက ဆယ်ခုမြောက် ပွင့်ချပ်ကို ထွက်ဖို့ရာ ကြိုးစားနေကြသည်။
ပွင့်ချပ်ကိုးလွှာအဆင့်က ပွင့်ချပ်ဆယ်လွှာအဆင့်၏ ကူးပြောင်းမှုအမှတ် ဖြစ်ပေသည်။ အကယ်၍ အနက်ရောင်ကြာနယ်မြေကသာ မွေးဖွားဇယားချပ် သားရဲများကို လက်ဝါးကြီးအုပ်မထားပါက ပွင့်ချပ်ကိုးလွှာအဆင့်တွင် ကြာကြာနေရမည် မဟုတ်ပေ။
ပွင့်ချပ်ဆယ်လွှာ ရောက်ရှိပြီးသည့်နောက်တွင် မွေးဖွားဇယားချပ် သားရဲများကို ဆွဲဆောင်မိလိမ့်မည်။ အကယ်၍ ထိုသူက လုံလုံလောက်လောက် အားကောင်းခြင်း သို့မဟုတ် အားကောင်းသည့် ဂိုဏ်းနောက်ခံ ရှိထားခဲ့လျှင် လုကျိုးက တိမ်တိုက်တောင်ပေါ်တွင် ယုံကို သတ်ခဲ့သလိုမျိုး မွေးဖွားဇယားချပ် သားရဲကို သတ်နိုင်လိမ့်မည်။ ပွင့်ချပ်ဆယ်လွှာအဆင့် ကျင့်ကြံသူက အခြေငြိမ်သွားသည်နှင့် အသက်ဓာတ် နှလုံးသားကို အသုံးပြုပြီး မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်သည်။
ကောင်းကင်ဘုံက လူသားတွေနဲ့ ကစားနေသလိုမျိုးပဲ။ နယ်မြေအသီးသီးက လူတွေက မွေးဖွားဇယားချပ် သားရဲရဲ့ အသက်ဓာတ် နှလုံးသားတွေကို ယှဥ်ပြိုင်နေရတယ် ...
အဲဒီမွေးဖွားဇယားချပ် သားရဲတွေက ဘယ်ကရောက်လာတာလဲ သိချင်မိသား ...
လုကျိုးက ထိုအတွေးဖြင့် အမြင့်ဆုံးသစ်ပင်ထိပ်ဖျားဆီ သွားကာ အရှေ့ဘက်တောအုပ်တောင်ဝန်းကျင်ကို ကြည့်လိုက်သည်။
ခက်ထန်သားရဲက ဘယ်မှာပုန်းနေတာလဲ။ သူတို့ ပျံသန်းလာမဲ့ အပေါက်များ ရှိနေတာလား ...
လုကျိုးက အနောက်မှ အရှေ့သို့ ဖျတ်ခနဲ ပျံသန်းလာသည်။ သူက ကျောက်တုံးပေါ်တွင် ရပ်ကာ ချုံးချီကို စီးလာသည့် မင်ရှစ်ရင်ကို ကြည့်နေလိုက်၏။ သူ့တွင် ခရမ်းရောင် တောက်ပသံကျောက် ရှိနေ၍ တခြားသူများက အာရုံခံမိဖို့ ခက်ခဲလှသည်။ မူမမှန်သည့်အရာ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် မြောက်ဘက်သို့ ပျံသန်းသွားလိုက်၏။
ထို့နောက် လုကျိုးက ကျောက်တောအုပ် အစီအရင်ဆီ မပြန်ခင် တောက်ဘက်ခြမ်းဆီပါ သွားခဲ့လိုက်သည်။
ရှောင်ယွမ်အာ၊ ခရုလေး၊ ရှားချန်ချိုးနှင့် တခြားသူများက တက်တက်ကြွကြွ စောင့်ကြည့်နေကြသည်။ မူမမှန်သည့်အရာ မတွေ့ရသေးပေ။
လုကျိုးက ပွင့်ချပ်ဆယ်လွှာ ထွက်ဖို့ ကြိုးစားနေကြသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်သည်။ ထိုစဥ် သူတို့က ပွင့်ချပ်ထွက်ပေါ်ရေးဖြစ်စဥ်တွင် အရေးကြီးသည့်ကဏ္ဍသို့ ရောက်ရှိနေပြီဖြစ်၏။
…
အခန်း (၉၂၇) ဇယားချပ်ရှစ်ခု အကဲဖြတ်မှု
စောင့်ကြည့်နေသည့် လူတချို့ရှိနေသောကြောင့် ပြဿနာမရှိပေ။
အနှောင့်အယှက်ဖြစ်ခြင်းနှင့် စိတ်ထွေပြားမှာကို ရှောင်ရှားရန် ယွီကျန့်ဟိုင်နှင့်ယွီရှန်းရုန်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကျောချင်းကပ်လျက် ထိုင်နေကြသည်။
နှစ်ယောက်လုံး၏ စိတ်ဝိညာဉ်သဏ္ဌာန်က လှစ်ခနဲပေါ်လာပြီး လှည့်ပတ်နေတော့သည်။
လုကျိုးသည် သူ၏တပည့်များကို ပွင့်ချပ်ဖူးပွင့်သည့်နည်းလမ်း သင်ပေးခဲ့တာ ကြာပြီဖြစ်သည်။ သူတို့၏ နားလည်သဘောပေါက်မှုက နက်နဲသောကြောင့် ပွင့်ချပ်ဖူးပွင့်မှုက သူတို့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။ ပေါ်ပေါက်လာနိုင်သည့် အနက်ရောင် အစောင့်အရှောက်များကို စောင့်ကြည့်ပြီး မွေးဖွားဇယားချပ်သားရဲများကို သူ ဖြေရှင်းဖို့ပဲလိုသည်။ ဘေးကင်းစေရန်အတွက် သူသည် ကောင်းကင်ကျမ်းစာမှ အကြားစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။ ခဏအကြာတွင် အကြားအာရုံအကျယ်အဝန်းကို ဖြန့်ကျက်လိုက်တော့သည်။
အရှေ့အရပ်တွင် ဖြစ်သည်။ မင်ရှစ်ရင်က ရေရွတ်ပြောလိုက်သည်။ “ခွေးကောင် ရိုးရိုးသားသားပြောရရင် ငါက တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးအတွက် တမင်တကာလမ်းဖယ်ပေးနေတာ။ ငါ ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်နိုင်နေပြီလို့ ပြောတဲ့အချိန် မင်း ငါ့ကိုယုံလား”
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ဟောင်လိုက်သည်။
“ကြည့်ရတာ မင်းက ငါ့ကို နားအလည်ဆုံးထင်တယ်။ မင်း အရွယ်ရောက်လာတဲ့အခါ ငါ့နားကို လိုက်တော့။ ရှစ်စွင်းက သူ့ရဲ့မောင်းမဆောင်ထဲမှာ စီးတော်သားရဲ သုံးကောင်ရှိနေတယ်။ ဒီတော့ မင်း တစ်ယောက်ထဲကို မြတ်နိုးမှာ မဟုတ်ဘူး။ ငါပဲ မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံမှာ” မင်ရှစ်ရင်က ဆက်ပြောလိုက်၏။
ဝုတ် ဝုတ် ဝုတ်
“ဒါဆိုကောင်းပြီ။ ငါတို့ အပေးအယူလုပ်မယ်။ မင်းကို မပျိုးထောင်သလို မင်းရဲ့ကျင်ကြီးကျင်ငယ်တွေကိုလည်း အလဟဿမရှင်းပေးနိုင်ဘူး။ နေ့တိုင်း မင်းစားဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းပေးမယ်”
လုကျိုး “...”
သူ ဆက်လက်နားဆင်နေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲလေးဦးသည် လူအိုကြီးတို့ ထုံးစံအတိုင်း အောက်မေ့လွမ်းဆွတ် တမ်းတနေတော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက အနီရောင်ကြာနယ်မြေကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒါ့အပြင် ကျုပ်တို့တောင် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ ဖြစ်လာကြပြီ။ အရင်တုန်းကဆို ရေတွင်းအောက်က ဖားသူငယ်တွေလိုပဲ။ ပွင့်ချပ်ရှစ်လွှာအဆင့်က အမြင့်ဆုံးလို့ထင်ခဲ့ကြတာ”
“ကျုပ်သာ ဖန်ကျုံးနဲ့ မတွေ့ချင်ခဲ့ဘူးဆိုရင် ဒီလို စိတ်လှုပ်ရှားဖွယ်ဘဝကို လွဲချော်ခဲ့လောက်တယ်။ ဒါက တကယ်ကံကြမ္မာပဲ”
နားထောင်ပြီးနောက် လုကျိုးသည် နောက်ထပ်တစ်နေရာတွင် နားထောင်လိုက်သည်။
“ကျိုးရှစ်ကျဲ ... မကြာခင်မှာ ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်နိုင်ပါ့မလား” ခရုလေးက မေးလိုက်၏။
“ငါ့မှာ ပွင့်ချပ်ဘယ်လောက်ရှိရှိ ညီမလောက်မမြန်ဘူး။ ဒါ့အပြင် ညီမမှာ ကံမီးတောက်တောင် ရှိတယ်။ အစ်မ သိပ်အားကျတာပဲ” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ဘာမှ အားကျစရာမရှိပါဘူး။ ညီမက ဒါတွေကို ညီမအမေဆီက အမွေဆက်ခံထားတာ။ တကယ်တော့ ညီမက အစ်မကို အားကျနေတာ။ ရှစ်ရှိုးတို့နဲ့ တခြားသူတွေက အစ်မကို တကယ်မြတ်နိုးကြတာ။ သူတို့က ညီမနဲ့ နည်းနည်းစိမ်းနေတဲ့ပုံပဲ”
“ရှစ်မေ့ အတွေးလွန်နေပြီ။ သူတို့က ညီမ ရုတ်တရက်ပေါ်လာတာကို အသားမကျရုံပဲ”
“ဟုတ်ပြီ ကျိုရှစ်ကျဲ။ ညီမတို့ ဆက်သွားကြမယ်”
“ကောင်းပြီ”
“လက်သန်းကတိ”
လုကျိုးသည် အကြားစွမ်းအားကိုဖြတ်တောက်ပြီးနောက် ယွီကျန့်ဟိုင်၏ ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ အလင်းပွင့်က ပိုတောင်မြန်ဆန်သည့် အရှိန်ဖြင့် ကျဆင်းလာပြီဖြစ်သည်။
ယင်းကို မြင်တွေ့သောအခါ လုကျိုးသည် ယွီကျန့်ဟိုင်က ဒဿမမြောက်ပွင့်ချပ် ဖူးပွင့်ဖို့ သိပ်မကြာဟု ပြောတာကို ယုံကြည်သွားသည်။
လုကျိုးက ယွီရှန်းရုန်ကို ကြည့်လိုက်လေ၏။ ယွီရှန်းရုန်၏ အမူအရာသည် ခါတိုင်းလိုပင် တည်ငြိမ်နေ၏။ သူ၏ ပွင့်ချပ်ဖူးပွင့်သော နည်းလမ်းက ယွီကျန့်ဟိုင်နှင့် အလွန်ကွဲပြားခြားနားသည်။ တောက်ပနေသော ရွှေရောင်ပွင့်ချပ်ကိုးချပ်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဗဟိုပြုထားလေ၏။
ယွီကျန့်ဟိုင်နည်းတူ လုကျိုးက ယွီရှန်းရုန်သည် ဤအရေးကြီးသည့်ကာလကို ဖြတ်ကျော်ပြီးနောက် ဒဿမမြောက်ပွင့်ချပ်ကို အောင်မြင်စွာဖူးပွင့်နိုင်မည်ဟု သိနေ၏။
ထိုစဉ်လုကျိုးက အသံတိုးသဲ့သဲ့ကို ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်၌ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ တစ်စက္ကန့်အတွင်း သူ၏အိတ်ထဲမှ အနက်ရောင်အဆောင်ကို ဆွဲထုတ်လိုက်၏။
ယန်ကျန်းလော့လား ...
လုကျိုးသည် ကျောက်တောအုပ်နားရှိ သစ်ပင်ဆီ လှစ်ခနဲသွားလိုက်၏။ ပြီးနောက် သူ လက်ဝေ့ယမ်းလိုက်သည်။
ဝှစ်
အနက်ရောင်အဆောင်က မြေပြင်ပေါ် စတင်လောင်ကျွမ်းသွားတော့သည်။
ယန်ကျန်းလော့၏ မျက်နှာပေါ်လာရန် အချိန်သိပ်မယူလိုက်ရပေ။ သူက ကွယ်ဝှက်မနေဘဲ ပွင့်လင်းစွာပြောလိုက်၏။ “အစ်ကိုလု လုလီအန္တရာယ်ရှိနေတယ်လို့ အာရုံခံမိတယ်”
“လုလီက အန္တရာယ်ရှိနေတာလား” လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ လုလီသာ အန္တရာယ်ရှိနေလျှင် သူ၏အဋ္ဌမတပည့်က အန္တရာယ်ရှိနေတာဟု ဆိုလိုတာဖြစ်သည်။
ယန်ကျန်းလော့က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။ “ကျုပ် လုလီရဲ့အသက်ကျောက်တုံးကို နေ့တိုင်း မျက်စိထောက်ထောင့်ကြည့်နေတာ။ ဒီနေ့ သူ့အသက်ကျောက်တုံးရဲ့ အလင်းက အလွန်အားနည်းနေပြီ။ အစ်ကိုလု ကျေးဇူးပြုပြီး လုလီရှိတဲ့နေရာကို ပြောပြပါဦး”
လုကျိုးက ပြောလိုက်၏။ “စိတ်ပူဖို့မလိုဘူး။ ငါ ရှာလိုက်မယ်”
လက်တစ်ချက်ဝေ့ယမ်းလိုက်ရာ ရုပ်ပုံလွှာက ပျောက်သွားတော့သည်။
လုကျိုးသည် သူ၏စွမ်းအားဗဟိုချက်ပေါ် လက်တစ်ဖက်တင်ထားလျက် ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားလေ၏။ သူက မျက်လုံးမှိတ်ထားလျက် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တာန်ရွတ်ဆိုလိုက်သည်။ သူ၏ မျက်လုံးသည် အပြာရောင်ဖြင့် တောက်ပနေ၏။
မကြာမီ၌ လုကျိုးသည် အဝါရောင်ကြာကျင့်ကြံသူများက ဝိုင်းနေပြီး ဧရာမသားရဲတစ်ကောင်ကို တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။ သူတို့က ညီညီညာညာရှေ့တိုးနောက်ဆုတ်လုပ်နေကာ စည်းစနစ်ကျ၏။ ဒဏ်ရာရထားသည့် ကျင့်ကြံသူတချို့က မြေပြင်ပေါ် လဲနေသော်ငြား ကျန်သည့်သူများက သူတို့ကို အမြန်ကယ်ဆယ်သွားသည်။
လေထဲတွင် ဧရာမသားရဲရှေ့၌ ကျူးဟုန်ကုန်းက နောက်ပျံသန်းကာ ဧရာမသားရဲကို စွမ်းအင်လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဖုန်း
ဧရာမသားရဲသည် စွမ်းအင်လက်သီးဒဏ်ခံလိုက်ရသောအခါ စူးရှစွာ အော်လိုက်တော့သည်။ ယင်းကို မြင်သောအခါ ကျင့်ကြံသူများက တညီတညွတ်တည်း အားပေးတော့၏။
“ဂိုဏ်းချုပ်က အံ့ဩစရာပဲ”
ကျူးဟုန်ကုန်းသည် ဧရာမသားရဲကို စိုက်ကြည့်ပြီး ကျုံးဝါးလိုက်သည်။ “ညီနောင်တို့ မကြောက်နဲ့။ ဒီကောင်က မကြာခင်သေတော့မှာ သတိထားကြ။ မိုးပြိုရင် ငါ ကောင်းကင်ကို ထိန်းထားမယ်”
“ဂိုဏ်းချုပ်က စွမ်းဆောင်ရည်ရှိပါပေ့”
“ဂိုဏ်းချုပ်က စွမ်းဆောင်ရည်ရှိပါပေ့”
လီဝမ်ချင်းနှင့် ထောင်ရှင်းတို့က ကျင့်ကြံသူထောင်ချီကို ဦးဆောင်ပြီး ပျံသန်းကာ ဧရာမသားရဲကို တိုက်ခိုက်ကြတော့သည်။
များစွာသော စွမ်းအင်ဓားများနှင့် စွမ်းအင်ဓားသွားတို့က ပေါ်ထွက်လာပြီး နှစ်ဖွဲ့က တစ်ဖွဲ့ဆီတိုက်ခိုက်ကြတော့သည်။
ဧရာမသားရဲက တိုက်ခိုက်ကြတော့မည့်အချိန်တွင် ကျူးဟုန်ကုန်းက ၎င်း၏ခေါင်းထိပ်ကို ပျံသန်းသွားပြီး အရေးကြီးသည့်အချိန်၌ ထိုးချလိုက်တော့သည်။ တစ်ချိန်တည်းတွင်ပင် သူသည် ဧရာမသားရဲ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။
ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။ တစ်သင်းက တိုက်ခိုက်ပြီး တစ်သင်းက ခုခံနေ၏။ တစ်သင်းက ဒဏ်ရာရသည့် ကျင့်ကြံသူများကို ကုသပေးသည်။ စစ်မြေပြင်၌ ကျင့်ကြံသူထောင်သောင်းချီရှိနေပြီး သားရဲကို တိုက်ခိုက်ရန် ကျူးဟုန်ကုန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်။
လုကျိုးက လှည့်ပတ်ကြည့်နေပြီး လုလီကို ရှာရှန်ကြိုးစားလိုက်သည်။ သူ၏အဋ္ဌမတပည့် အနားကိုသာ မြင်နိုင်သောကြောင့် သူ၏အမြင်အာရုံစက်ကွင်းက အကန့်အသတ်ရှိသည်။
လူအုပ်နောက်ရှိ ရထားလုံးပေါ်တွင် လုလီကို ကျင့်ကြံသူနှစ်ယောက်က ကူတွဲပေးထားသည်။ သူက နီမြန်းသောမျက်နှာဖြင့် သားရဲကို ကြည့်နေကာ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာလေ၏။
“ဆရာကြီးလု ဆရာ့ရဲ့အစီအစဉ်က အလုပ်ဖြစ်တယ်။ သားရဲက ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
လုလီက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ခွန်အားကို သုံးပြီးတိုက်ခိုက်။ ငါတို့တွေ အကြာကြီး မတိုက်ခိုက်သင့်ဘူး”
သူတို့ထဲမှ တစ်ယောက်က လေထဲပျံသန်းလျက် အော်ပြောလိုက်သည်။
“ဆရာကြီးလုက အမိန့်ပေးတယ် ... ခွန်အားကို သုံးပြီး တိုက်ခိုက်ကြ။ ခွန်အားကို သုံးပြီးတိုက်ခိုက်ကြ”
ကျူးဟုန်ကုန်းက နောက်လှည့်ကြည့်ပြီး ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။ "ပွင့်ချပ်ငါးလွှာအထက်က ညီနောင်တို့ ငါ့ စိတ်ဝိညာဉ်သဏ္ဌာန်နောက်က လိုက်ကြ။ စုကြဟေ့”
ဝှစ် ဝှစ် ဝှစ်
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီး သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့ပြီးနောက် ကျူးဟုန်ကုန်းနောက်နား၌ ရပ်နေကြသည်။
ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေ၂၀၀ မြင့်၏။ ပေ ၃၀သာ မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ယှဉ်လျှင် ယင်းက ကြက်ပေါက်လေးများကြားတွင် ကြိုးကြာတစ်ကောင် ရပ်နေခြင်းနှင့်တူ၏။
လုကျိုးက ယင်းကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။ သူ၏အဋ္ဌမတပည့်က သူ၏ကျန်သည့်တပည့်များထက် သာမည်ဟု မထင်ထားပေ။ သို့သော် ယင်းက ကျိုးကြောင်းသင့်ပေ၏။ ဆိုရလျှင် မဟာလေဟာနယ်မျိုးစေ့အပြင် သူ၏အဋ္ဌမတပည့်က အဝါရောင်ကြာနယ်မြေတွင် အရင်းအမြစ်အားလုံးကို စုဝေးရန် လုလီ၏အကူအညီကို ရထားသည်။
ခဏအကြာတွင် လုကျိုးက ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်လိုက်ရာ ရုပ်ပုံလွှာက ပျောက်ကွယ်သွားသည်။ လုကျိုး မျက်လုံးဖွင့်လိုက်၏။ လေနှင့် ယိမ်းယိုင်နေသော သစ်ပင်တို့က သူ့ကို အာရုံပြန်ရလာစေသည်။
ပြီးနောက် သူသည် နောက်ထပ်အနက်ရောင်အဆောင်ကိုထုတ်ကာ လက်နှစ်ချောင်းကြား ကိုင်ထားပြီးနောက် ပစ်လွှတ်ပြီး မီးရှို့လိုက်၏။
ယန်ကျန်းလော့က သူ့ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။
“အစ်ကိုလု” ယန်ကျန်းလော့က စိုးရိမ်ပူပန်စွာ ပြောလိုက်တော့သည်။
“သူ အဆင်ပြေတယ်” လုကျိုးက တည်ငြိမ်စွာပြောလိုက်၏။ "သူ ဒဏ်ရာရထားရုံပဲ။ ဘာမှ မပြင်းထန်ဘူး” ယန်ကျန်းလော့၏ မျက်နှာထက်တွင် ဝမ်းသာပြီး စိတ်အေးသွားသည့်အမူအရာက ချက်ချင်း ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် လုလီ၏အသက်ကျောက်တုံးက ပိုတောက်ပလာပြီး မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့တာကို တွေ့လိုက်ရသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုလု။ အစ်ကိုလု အာရုံစိုက်ဖို့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်”
“ဘာများလဲ”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ မူလအဖွဲ့အစည်းက အနီရောင်ကြာနယ်မြေဆီ သူတို့လွှတ်လိုက်တဲ့ အနက်ရောင်အစောင့်အရှောက်တွေက ပြုပြင်ရေးနဲ့ တီထွင်ရေးပဲ အာရုံစိုက်နေတာကို မကျေမနပ်ဖြစ်နေကြတယ်။ ဒါကြောင့် သူတို့က အနီရောင်ကြာနယ်မြေဆီ စီရင်သူတစ်ယောက် လွှတ်လိုက်တယ်” ယန်ကျန်းလော့က တည်ကြည်စွာပြောလိုက်၏။
“စီရင်သူလား”
ယန်ကျန်းလော့က ရှင်းပြလိုက်၏။ “အနက်ရောင်မျှော်စင်ကို နှစ်ပိုင်းခွဲထားပြီး အထက်အဖွဲ့အစည်းနဲ့ အောက်အဖွဲ့အစည်းဆိုပြီး ရှိတယ်။ အထက်အဖွဲ့အစည်းက ဆုံးဖြတ်ချက်အားလုံးချမှတ်ပြီး အောက်အဖွဲ့အစည်းက သူတို့ပြောတာကို ဆောင်ရွက်လိုက်နာတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက စည်းမျဉ်းနဲ့အမိန့်ကို ထိန်းသိမ်းထားပြီး တရားစီရင်သူတွေက ဖမ်းဆီးရေးနဲ့ အပြစ်သားတွေကို ပြစ်ဒဏ်ပေးဖို့ တာဝန်ယူထားတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ တရားစီရင်သူ လေးယောက်ရှိပြီး သူတို့အားလုံးက မွေးဖွားဇယားချပ် ရှစ်ချပ်ရှိကြတယ်။ သူတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက အမျိုးမျိုးသော အင်အားစုကနေ ရွေးချယ်ထားတာ။ သူတို့ရဲ့ခွန်အားက နက်နဲတယ်”
“မွေးဖွားဇယားချပ်ရှစ်ခု” လုကျိုးသည် သူ၏အဆင့်မြင့် အသေရိုက်ချက်ကတ်အကြောင်း တွေးမိသွားသည်။
သူ့အား ယန်ကျန်းလော့ပေးသည့် စာအုပ်အရ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၌ မွေးဖွားဇယားချပ် ခြောက်ချပ်တည်းနှင့် ခွန်အားကွာဟချက် တစ်ခုဖြစ်စေသည်။ ထိုသို့ဆိုလျှင် မွေးဖွားဇယားချပ်သိုင်းပညာရှင်သည် မည်မျှသန်မာမည်နည်း။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ကွဲပြားတဲ့အမြင် အမျိုးမျိုးရှိပေမဲ့ ဒါကို ဘယ်သူမှ မကန့်ကွက်ဘူးလား” လုကျိုးက မေးကာ ဇဝေဇဝါဖြစ်သွား၏။
“လူတချို့ ကန့်ကွက်ပေမဲ့ အသုံးမဝင်ဘူး။ လူတိုင်းက ဆင်ခြင်တုံတရားရှိတာမှ မဟုတ်တာ။ တရားစီရင်သူတွေဆို ပိုဆိုးပေါ့။ အနက်ရောင်အစောင့်အရှောက်တွေက ပြဿနာမရှာချင်ဘူး။ ဒါပေမဲ့ နောက်ဆုံးအခြေအနေတွေမှာ သူတို့ဘက်ပြောင်းသွားမှာကို ကျူပ်တို့ ဂရုစိုက်ဖို့လိုသေးတယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ဟုတ်ပြီ”
အနက်ရောင်အဆောင် မီးရှို့လိုက်ပြီးနောက် ယန်ကျန်းလော့က ပျောက်ကွယ်သွားသည်။
လုကျိုး၏ အတွေးများ မစုစည်းရသေးခင် နောက်မှ လှုပ်ရှားမှုများ ခံစားမိ၏။ သူက ကောင်းကင်ထဲ ချက်ချင်း တက်ကာ ပုံရိပ်ယောင်များ ကျန်ရစ်တော့သည်။
တစ်ချိန်တည်းတွင် ကျောက်တုံးအစီအရင်နားတွင် လေ့လာနေသော စီးဝူယာ့က ခေါင်းမော့လိုက်ရာ သူ၏ရှစ်စွင်းကို တွေ့ရသည်။ ပြီးနောက် သူ အမြန်ပြောလိုက်တော့သည်။
“ရှစ်စွင်း အပြောင်းအလဲတစ်ခု ပေါ်လာပြီ။ မွေးဖွားဇယားချပ်သားရဲက အရှေ့ဖက်တောအုပ်တောင်တန်းဖက် ဦးတည်နေတာ”
လုကျိုးသည် အရှေ့ဖက်တောအုပ်တောင်တန်းရှိ တောင်တန်းဒေသကို ကြည့်လိုက်သည်။ တကယ်ပင် ဧရာမအရိပ်က တောင်တန်းဒေသပေါ် ဆင်းသက်နေတာကို မြင်ရ၏။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ “ဘာတွေဖြစ်ကုန်တာလဲ”
ယုတ္တိရှိရှိပြောရလျှင် မွေးဖွားဇယားချပ်သားရဲက ဤနေရာသို့ ရောက်လာသင့်သည်။ အဘယ်ကြောင့် ထိုနေရာသို့ ပျံသန်းသွားသနည်း။
တုံးလင်တောင်တန်းဒေသထဲတွင် တကယ်ပင် ဧရာမအရိပ်ကြီးတစ်ခု ပျံသန်းလာလျက် တောင်တန်းဒေသထဲသို့ ဝင်သွားပုံရသည်။
“ဘာတွေဖြစ်ကုန်တာလဲ” လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်၏။
“အဲ့ဒီမှာ မွေးဖွားဇယားချပ်သားရဲကို ဆွဲဆောင်နေတဲ့ တစ်ခုခုရှိနေပုံပဲ” စီးဝူယာ့က ထိုဖြစ်နိုင်ချေကို မတွေးခဲ့ပေ။ ဆိုရိုးစကားရှိသည့်အတိုင်း ဉာဏ်ရှိသည့်သူများတောင် အမှားလုပ်မိသည်။
မွေးဖွားဇယားချပ်သားရဲများနှင့် သူတို့က သိပ်မဝေးပေ။
လုကျိုးသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ကြည့်ပြီး ပြောလိုက်တော့သည်။
“သူတို့ကို ကြည့်ထားလိုက်။ ငါ မြန်မြန်ပြန်လာမယ်”
“နားလည်ပါပြီ”