← Chapters

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂) ဂိုဏ်းမဲ့ ကျင့်ကြံသူ၏ လေးနက်မှု

အနက်ဝတ် ကျင့်ကြံသူက အနည်းငယ် အံ့အားသင့်သွားလေ၏။ သူက လုကျိုးသည် ဤမျှ တဲ့တိုးဆန်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သို့သော်လည်း သူက အပြုံးကို ဆက်ထိန်းကာ ပြောလိုက်သည်။

“မိတ်ဆွေတစ်ယောက်ရှိတာက ရန်သူတစ်ယောက် တိုးတာထက် ပိုကောင်းတယ်လို့ ပြောတယ် မဟုတ်ဘူးလား”

“အဲဒါက ငါ့အတွက် အဓိပ္ပာယ် မရှိဘူး။ ငါ့ဆီမှာ ရန်သူတွေ အများကြီး ရှိတယ်။ ရန်သူ တစ်ယောက် ပိုသွားတာ ဘာမှကွဲပြားချက် မရှိဘူး” လုကျိုးက တဲ့တိုးသာ ပြန်ဖြေလိုက်သည်။

အနက်ဝတ် ကျင့်ကြံသူ “...”

အနက်ဝတ် ကျင့်ကြံသူက ကြိုးစွန်းသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုစဥ် စကားဆက်ပြောနေဖို့ လိုအုံးမည်လား။ သို့သော်လည်း သူက သူ့ရှေ့မှ လူအိုကြီးကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိပေ။ စွမ်းအားက အာဏာဟု ဆိုရိုးရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။

“ကျုပ်ကို သတ်လို့ ဘာများအကျိုးကျေးဇူး ရှိမှာမလို့လဲ”

“ငါ့ရဲ့ ဒေါသကို ဖြေနိုင်သလို ငါ့တပည့်ရဲ့ ဒေါသကိုလည်း ဖြေဖျောက်နိုင်တယ်။ ပြီးတော့ ဒီကမ္ဘာကြီးထဲက ကျင့်ကြံသူတွေရဲ့ စိတ်နှလုံးကိုလည်း ကိုင်လှုပ်နိုင်တယ်” လုကျိုးက ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။

“...”

အနက်ဝတ် ကျင့်ကြံသူက တိတ်ဆိတ်နေလေ၏။

လေထုက ပိုမိုပြင်းထန်လာသည်။

လေက ဘက်မှား၍ တိုက်ခတ်နေသည့်အလား တိုက်ပွဲက အချိန်မရွေးဖြစ်ပွားတော့မည့်ဟန် ပေါ်နေသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် အနက်ဝတ် ကျင့်ကြံသူက ပြောလာသည်။

“ဒါက တိုက်ပွဲလေးပါပဲ။ ခင်ဗျား ပြောခဲ့တဲ့ဟာတွေက တကယ့် အကျိုးကျေးဇူးမှ မရှိတာ။ ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် ဒါကို ဘယ်လိုလုပ်နားမလည်ဘဲ နေပါ့မလဲ”

တကယ့်အကျိုးကျေးဇူး မရှိဘူးတဲ့လား။ ငါက မင်းကို သတ်ပြီး ကုသိုလ်ရမှတ်အမြောက်အမြား ရတယ်ဆိုတာကို မပြောနိုင်ဘူးလေ။

လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်သည်။

“မင်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းကလား”

“ကျုပ်က ဂိုဏ်းမဲ့ ကျင့်ကြံသူပါ”

“ဂိုဏ်းမဲ့ ကျင့်ကြံသူတစ်ယောက်ကများ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတယ်လား” လုကျိုးက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“အမှန်တိုင်း ပြောရရင် ဝူချောင်က ဒီတာဝန်ပြီးတဲ့နောက်မှာ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကနေ ထွက်ဖို့ ကြံစည်ထားတာ။ လက်ရှိ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ပဋိပက္ခတွေ အများကြီးရှိပြီးတော့ အတွင်းပိုင်းရော အပြင်ပိုင်းရော ရှုပ်ထွေးနေတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှာ မနေချင်တဲ့သူတွေ အများကြီးပဲ” အနက်ဝတ် ကျင့်ကြံသူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“သူတို့က ရွှေကြာနယ်မြေကို ထိန်းချုပ်ချင်နေတာမလား” လုကျိုးက ကိစ္စတစ်ခုလုံးသည် __ကြောင်း ထင်မိသွားသည်။

“အနက်ရောင်မျှော်စင် အဖွဲ့အစည်း မပါဘဲ အဖြူရောင်မျှော်စင် အဖွဲ့အစည်းလည်း ရှိသေးတယ်။ ရွှေကြာနယ်မြေက အဖွဲ့အစည်း ၂ခုလုံးရဲ့ အာရုံကို ဆွဲဆောင်မိထားပြီးပြီ။ ရွှေကြာနယ်မြေရဲ့ နယ်မြေအနေအထားက သာလွန်ပြီးတော့ မွေးဖွားဇယားချပ် သားရဲတွေ အများကြီး ပုန်းအောင်းနေနိုင်တယ်။ ဒီလိုမျိုး အရင်းမြစ်မျိုးနဲ့ဆိုရင် သူတို့တွေအတွက် လက်လျှော့ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး” အနက်ဝတ် ကျင့်ကြံသူက ပြောလိုက်သည်။

လုကျိုးက ခေါင်းအသာယမ်းကာ “ဒီလိုဆိုရင် ဝူချောင်ကို လွှတ်မပေးဖို့ အကြောင်းရင်း ပိုပြီးခိုင်လုံသွားတာပေါ့”

“...”

အနက်ဝတ် ကျင့်ကြံသူက ပိုမိုဆွံ့အသွားမိသွား၏။

“ဝူချောင်ကို ပေးရင်ပေး မပေးဘူးဆိုရင် သူ့နေရာမှာ မင်း သေလိုက်” လုကျိုး၏ လက်ထဲတွင် အသေရိုက်ချက်ကတ် တစ်ကတ် ပေါ်ထွက်လာသည်။

ယန်ကျန်းလော့နှင့် တူညီစွာ အနက်ဝတ် ကျင့်ကြံသူက အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်သည်။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများက ပိုမိုအာရုံခံနိုင်စွမ်း ကောင်းဟန်ပေါ်၏။ သူက အလျင်အမြန် လက်မြှောက်ကာ ပြောလိုက်သည်။

“ချန်းပေ့ စိတ်ငြိမ်ငြိမ်ထားပါ။ ကျုပ်က ဝူချောင်ရဲ့ အသက်ကို လဲလှယ်ဖို့ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၆တုံးနဲ့ လဲလှယ်ပေးနိုင်ပါတယ်”

သူက လုကျိုး၏ ပြောစကားကိုပင် မစောင့်ဘဲ ခါးတွင် ချိတ်ထားသည့် အိတ်ကို ဖြည်ကာ အနီရောင် တောက်ပနေသည့် ကျောက်တုံးများကို တစ်တုံးပြီး တစ်တုံး ထုတ်ယူလာသည်။

လုကျိုးက နှလုံးခုန်နှုန်းတစ်ချက် မြန်သွား၏။

တကယ့်ကို အံ့သြဖို့ကောင်းတဲ့သူပဲ။ သူက သူ့ပိုင်ဆိုင်မှုထဲမှာ ဒီလောက်မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိနေတာပဲ ...

လုကျိုးက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ရှာဖို့ မကြိုးစားခဲ့ခြင်း မဟုတ်ပေ။ ယွီရှန်းရုန်၏ အသက်ရှည်ဓား ပျက်စီးသွားကတည်းက နေရာအနှံ့တွင် လိုက်ရှာဖို့ အမိန့်ပေးထားခဲ့သည်။

သူက ပန်းပဲဆရာများ၊ ဂိုဏ်းငယ်များနှင့် စွန့်စားသူများအထိ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးကို ရှာဖွေခိုင်းခဲ့သည်။ သူတို့က နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့ရပေ။ တကယ်တော့ ဂိုဏ်းတစ်ခုလုံး၏ အင်အားနှင့် ရှာမည်ဆိုလျှင်ပင် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး တစ်တုံးကို ရှာတွေ့ဖို့ ၈နှစ်ကနေ ၁၀နှစ်အထိ ကြာမြင့်နိုင်လေ၏။ ဤသည်က မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး မည်မျှရှားပါးနေလဲဆိုသည့် အချက် ဖြစ်သည်။ ပြိုင်ဘက်ကင်းအဆင့်ကို လွှမ်းမိုးအဆင့်အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းရည်ဖြင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို သိသိသာသာတိုးမြှင့်ပေးနိုင်သည့် ရလဒ်အနေဖြင့် ရှားပါးရုံသာမက လိုချင်သူလည်း များပြားလှသည်။

အစစ်အမှန် ခွန်းလွန်ဂိုဏ်း၊ လေဟာနယ်ဂိုဏ်းနှင့် ကောင်းကင်ရှာဖွေရေးဂိုဏ်းတို့ပင် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး တစ်တုံးစီသာ ရှိကြ၏။

လူတစ်ယောက်တည်းက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၆တုံးကို ပိုင်ဆိုင်ထားသည်ဟု တွေးကြည့်လိုက်လျှင် ….

လုကျိုးက ထိုကျောက်တုံး ၆တုံးဖြင့် သူ့လက်ထဲမှ ပြိုင်ဘက်ကင်းအဆင့် လက်နက် ၂ခုကို လွှမ်းမိုးအဆင့် လက်နက်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ သူက မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးနဲ့ ငါ့ရဲ့ သတ်ဖြတ်ငွေ့ကို ပျောက်ပျယ်စေလို့ မဖြစ်ဘူး ...

မည်သို့ပင်ဆိုစေကာမူ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ဝူချောင်က အနက်ရောင် အစောင့်အရှောက်။ သူက ငါ့တပည့်ကို ဖမ်းချင်တာ။ ငါ သူ့ကို လွှတ်ပေးလိုက်မယ်ဆိုရင် ... “

အနက်ဝတ် ကျင့်ကြံသူက လုကျိုး၏ လေသံအပြောင်းအလဲကို ချက်ချင်း ခံစားမိ၍ အခွင့်အရေးကိုအမိအရ ဖမ်းဆုပ်လိုက်သည်။

“ခင်ဗျားရဲ့ တပည့်က မဟာလေဟာနယ် စွမ်းအားရှိတယ်ဆိုတော့ လူတွေက သူမကို လိုချင်တာ ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ ဝူချောင်က အခုကစပြီး ရွှေကြာနယ်မြေမှာ ခြေမချစေရဘူးလို့ ကတိပေးနိုင်တယ်”

လုကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်းက မဟာလေဟာနယ် စွမ်းအားအကြောင်း သိထားတာလား”

အနက်ဝတ် ကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူတိုင်းက မဟာလေဟာနယ်ရဲ့ ကောင်းချီးပေးခံချင်ကြတာချည်းပဲ။ အမည်မသိကုန်းမြေမှာ မဟာလေဟာနယ်မျိုးစေ့ အရေအတွက်က နည်းပါးတယ်လို့ ပြောကြတယ်။ မဟာလေဟာနယ် မျိုးစေ့ရှိထားတဲ့ ကျင့်ကြံသူတွေက ထိပ်ဆုံးမှာ ရပ်တည်နိုင်တယ်လို့လည်း ပြောကြတယ်။ ကျင့်ကြံသူတွေက ဒီလိုမျိုး ဆွဲဆောင်မှုမျိုးကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ”

လုကျိုးက ကျိထျန်းတောက်၏ မှတ်ဉာဏ်ထဲမှ အမည်မသိနေရာတစ်ခုသို့ သွာကာ မဟာလေဟာနယ်မျိုးစေ့ ဆယ်စေ့ကို ရရှိခဲ့ကြောင်း အမှတ်ရသွားသည်။

အဲဒါဆိုရင် ငါ့တပည့်တွေ ဆယ်ယောက်လုံးက မဟာလေဟာနယ် မျိုးစေ့တွေ ရှိနေတာပေါ့ ...

အနက်ဝတ် ကျင့်ကြံသူက ဆက်ပြောလိုက်သည်။

“တကယ်လို့ မဟာလေဟာနယ် စွမ်းအားကို သူတို့ရဲ့ ကိုယ်ပိုင် အသုံးပြုမှုအတွက် သန့်စင်နိုင်မယ်ဆိုရင် သူတို့က အနည်းဆုံးတော့ မွေးဖွားဇယားချပ် ၈ခု အထိ အသက်သွင်းနိုင်လိမ့်မယ်လို့ ပြောတယ်”

“မဟာလေဟာနယ် စွမ်းအားက အဲဒီလောက်တောင် စွမ်းအားကြီးတယ်လား” လုကျိုးက မေးလိုက်၏။

မျက်နှာဖုံးအောက်မှ လူ၏ အမူအရာက တောင့်တင်းသွားလေသည်။ သူက ထိုလူအိုကြီးကို လှောင်ပြောင်လိုစိတ်ကို ခုခံထားလိုက်ရ၏။ ထိုအစား သူက ပြောလိုက်သည်။

“ခင်ဗျားက ဒီလိုတပည့်မျိုး ရှိတယ်ဆိုတော့ အနာဂတ်မှာ သေချာပေါက် မြင့်တက်လာမှာပါ။ ဒါပေမဲ့ သူမရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားဖို့ အကြံပြုချင်တယ်”

“မဟာလေဟာနယ် စွမ်းအားက ဘယ်လောက်ကြီးတယ်ဆိုတာကို သိထားမှတော့ မင်းက နည်းနည်းလေး အဲဒီအကြောင်းတောင် မတွေးမိဘူးလား” လုကျိုးက မေးလိုက်သည်။

အနက်ဝတ် ကျင့်ကြံသူက သက်ပြင်းချကာ “ချန်းပေ့ ကျေးဇူးပြုပြီး ကြည့်ပါ”

ဝှစ်

သူက အမာရွတ်များဖြင့် ရှုံ့တွနေသည့် လက်ကို ဖွင့်လိုက်သည့်အခါ အနက်ရောင် ကြယ်တာရာဒိုင်ခွက်တစ်ခု ထွက်ပေါ်လာသည်။

လုကျိုးက အနက်ရောင် ကြယ်တာရာဒိုင်ခွက်ကို ကြည့်လိုက်၏။ ထိုအရာပေါ်တွင် မွေးဖွားဇယားချပ် ၁၂ခု ရှိနေသည်။ သို့သော် ၅ခုက မှေးမှိန်နေလေ၏။ သိသာစွာ ဖျက်ဆီးခံထားရခြင်း ဖြစ်သည်။

ထို့နောက် အနက်ဝတ် ကျင့်ကြံသူက လက်ကို ဆုတ်လိုက်သည့်အချိန် ကြယ်တာရာဒိုင်ခွက်က ပျောက်ကွယ်သွားလေ၏။ ထို့နောက် ကြာပွင့်တစ်ခု ပေါ်ထွက်လာသည်။

လုကျိုးက အနက်ဝတ် ကျင့်ကြံသူ၏ မွေးဖွားနန်းဆောင်၏ ၃ပုံပုံ၁ပုံသည် လောင်ကျွမ်းခံထားရသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိသွား၏။

အနက်ဝတ် ကျင့်ကြံသူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ကျုပ်ရဲ့ မွေးဖွားနန်းဆောင်က ပျက်စီးနေပြီ။ ကျုပ်က ဘဝအဆုံးသတ်ကို ရောက်နေပြီ။ တကယ်လို့ ကျုပ်အမေရဲ့ ဝမ်းဗိုက်ထဲ ပြန်ဝင်သွားရမယ်ဆိုရင်တောင် ပြန်ပြီးတော့ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုအရာမျိုးနဲ့ဆိုရင် မဟာလေဟာနယ်အကြောင်း ဘယ်လိုများ တွေးမိအုံးမှာလဲ”

“အခုတော့ မင်းကို ယုံလိုက်မယ်။ မဟာလေဟာနယ် စွမ်းအားကို ဘယ်လိုခံစားမိတာလဲ” လုကျိုးက မေးလိုက်သည်။

အနက်ဝတ် ကျင့်ကြံသူက ထိုမေးခွန်းကို ကြားသည့်အခါ ကြောင်အမ်းသွား၏။

သူက ငါ့ကို စမ်းသပ်နေတာလား ...

ဒီရိုးရှင်းလှသည့် မေးခွန်းက သူ့ဉာဏ်ရည်ကို စော်ကားနေသလို ခံစားနေရသည်။ သို့သော်လည်း မေးခွန်းက ပိုမို၍ ရိုးရှင်းလေလေ လျော့တွက်လို့ မရနိုင်ကြောင်း သိထားရမည်။

ထိုအတွေးများဖြင့် အနက်ဝတ် ကျင့်ကြံသူက ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်သည်။

“မွေးဖွားဇယားချပ် ၅ခုကို အသက်သွင်းပြီးတဲ့နောက်မှာ အာရုံခံစားနှုန်းက ပိုပြီးတော့ စူးရှလာတယ်။ တကယ်လို့ မွေးဖွားဇယားချပ် ၅ခုအောက် ရှိတယ်ဆိုရင် မဟာလေဟာနယ် စွမ်းအားကို ခံစားမိဖို့ အဆောင်ကို သုံးဖို့လိုတယ်။ မဟာလေဟာနယ် စွမ်းအားက ဗြဟ္မာတေးသံ၊ ပုံရိပ်ယောင် အစရှိတာအတွက် သဘာဝရန်သူလိုပဲ။ အဲဒါကြောင့် အဆောင်တွေက မဟာလေဟာနယ် စွမ်းအားနဲ့ ထိတွေ့တဲ့အခါမှာ ပျောက်ကွယ်သွားကြတယ်”

ထိုအကြောင်းကို ကြားသည့်အခါ သူက ရှောင်ယွမ်အာကို သူနှင့်အတူ ခေါ်ဆောင်ပြီး ေကျာင်းယွဲ့ဆီ တော်ဝင်ရစ်ပလ္လင်ဆီ သွားခဲ့သည်ကို အမှတ်ရသွား၏။ ရှောင်ယွမ်အာက ထိုဗြဟ္မာတေးသံ ရွတ်ဖတ်မှုကြောင့် သက်ရောက်မှု မခံရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော်လည်း ကျောင်းယွဲ့က အဘယ့်ကြောင့် သက်ရောက်ခံရသနည်း။

ခဏအကြာတွင် သူက လျန်ရှင်းကို အမှတ်ရသွား၏။ ထိုအရာက လျန်ရှင်း၏ လက်ချက်သာ ဖြစ်ရမည်။ ထိုအရာဖြင့် လျန်ရှင်းသည် အသက်ရှင်နေဆဲဖြစ်ကြောင်း အမှတ်ရသွားလေ၏။

“စွမ်းအားကို ဘယ်လိုဖုံးကွယ်ရမလဲ” လုကျိုးက ဆက်မေးလိုက်သည်။

“ရိုးရိုးလေးပါ။ အဆောင်၊ ရတနာ၊ သီးသန့်အတွင်း အသက်ရှူနည်းစနစ် ဒါမှမဟုတ် ဆေးတွေကနေတစ်ဆင့် ဖုံးကွယ်ထားနိုင်တယ်” အနက်ဝတ် ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။

လုကျိုးက ခေါင်းညိတ်ကာ အနက်ဝတ် ကျင့်ကြံသူကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းက တော်တော်လေးကို လိမ္မာပါးနပ်တာပဲ”

“ဝူချောင်ကို ကျုပ်မျက်နှာကို ထောက်ပြီး သက်ညှာပေးပါ။ ခင်ဗျားကို ဒီမီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၆တုံး ပေးပါ့မယ်” အနက်ဝတ် ကျင့်ကြံသူက ဦးညွတ်လိုက်၏။

လုကျိုးက လက်မြှောက်လိုက်သည့်အချိန် သူ့လက်ထဲ အနက်ရောင် အိတ်တစ်ခု ချက်ချင်းရောက်လာသည်။

“ဂိုဏ်းမဲ့ ကျင့်ကြံသူအနေနဲ့ ကျုပ်က ကမ္ဘာကြီးဆီမှာ လျှောက်သွားပြီးတော့ စည်းမျဉ်းတွေနဲ့ ချုပ်နှောင်ရတာကို မကြိုက်ဘူး။ အဲဒါကြောင့် ဒီအရာတွေကို ရှာတွေ့ခဲ့တာပဲ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

…

အခန်း (၉၅၃) အကျိုးအမြတ်က မနည်း

လုကျိုးသည် အိတ်ထဲရှိ မီးဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်သည်။ အရေအသွေးက ကောင်းမွန်ပြီး စွမ်းအင်က လုံလောက်သည်။ အိတ်ကို ပိတ်ပြီးနောက် သူက မေးလိုက်၏။

“မီးဝိညာဉ်ကျောက်တုံးတွေက ရှားပါးတယ်။ ခင်ဗျား ဘယ်လိုလုပ် ဒီလောက်အများကြီး ရှာတွေ့တာလဲ”

ဝတ်ရုံနက်ကျင့်ကြံသူသည် နှစ်ကြိမ်ခန့်ရယ်မောပြီးနောက် ပြောလိုက်၏။

“ချန်းပေ့ ကျုပ်ရဲ့ကြယ်တာရာဒိုင်ခွက်ကို တွေ့ပြီးပြီပဲ။ ကျုပ်မှာ ဒီမီးဝိညာဉ်ကျောက်တုံးတွေ ရှိနေတာ အံ့ဩစရာမဟုတ်ဘူး”

လုကျိုးသည် သူက အတိတ်အကြောင်းမပြောပြချင်မှန်း သိ၏။ သို့သော်ငြား ကိစ္စအချို့ကို ဖော်ထုတ် နိုင်သေးသည်။ မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းနိုင်သည့်သူက မည်ကဲ့သို့ ဘာကောင်မှ မဟုတ်မှန်း နေမည်နည်း။ သို့သော် သူ အသိချင်ဆုံးက ဤလူ၏ မွေးဖွားဇယားချပ်ကို မည်သူက ဖျက်ဆီးနိုင်စွမ်းရှိလဲဆိုတာပဲဖြစ်သည်။

မီးဝိညာဉ်ကျောက်တုံးများကို ဖယ်လျက် လုကျိုးက မေးလိုက်၏။ “ခင်ဗျားရဲ့ကျင့်ကြံဆင့်နဲ့ဆို အင်အားစုတော်တော်များများက ခင်ဗျားကို သူတို့ဖက်သိမ်းသွင်းဖို့ ကြိုးစားကြမှာပဲ။ ဘာကြောင့် ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တာလဲ”

ဝတ်ရုံနက်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ “အတိတ်တုန်းက ကျုပ်မှာ ဒီအတွေးတွေရှိခဲ့တယ်။ နောက်ပိုင်းကျ လေပွေဝဲဂယက်တစ်ခုထဲအဖမ်းခံလိုက်ရပြီး မထွက်နိုင်တော့မှ ကျုပ် သဘောပေါက်သွားတာ။ ဒါက ဝူချောင် ရှိနေတဲ့ အခြေအနေမျိုးဘဲ။ တစ်ခါတစ်လေ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့တဲ့ ပုရွက်ဆိတ်တစ်ကောင်ဖြစ်ရတာ ဘာမှမမှားဘူး”

တောအုပ်က အလွန်ကြီးမားပေ၏။ ငှက်တိုင်းအဖို့ တူညီရန်မဖြစ်နိုင်။ တချို့က လွတ်လပ်မှုကို သဘောကျပြီး တချို့က တစ်စုံတစ်ခုကို မှီခိုအားထားရန်လိုအပ်သည်။ အတွေ့အကြုံများစွာ ရှိသူများသာလျှင် ထိုအတွေးများရှိ၏။

လုကျိုးက အနက်ရောင်အိတ်ကို ချိန်ဆလိုက်သည်။ “ခြောက်ခုပဲလား”

“...” ဝတ်ရုံနက်ကျင့်ကြံသူက အနေခက်စွာပြောလိုက်သည်။

"မီးဝိညာဉ်ကျောက်တုံးခြောက်ခုက ကျုပ်မှာ ရှိတာအကုန်ပါပဲ။ ဒါ အတော်များနေပါပြီ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်တို့ ပေါင်းလိုက်ရင်တောင် မီးဝိညာဉ်ကျောက်တုံး ခြောက်ခု မရှိနိုင်ဘူး”

လုကျိုးသည် မီးဝိညာဉ်ကျောက်တုံးများက ရှားပါးပြီး တန်ဖိုးကြီးမှန်း သိသော်ငြား အနက်ရောင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကတောင် မီးဝိညာဉ်ကျောက်တုံး များစွာ မရှိလောက်ဟု မထင်ထားခဲ့ပေ။ သူ့ရှေ့ရှိလူ၌ ထူးကဲသော နောက်ခံရှိကြောင်း သူ ပိုသေချာသွားပေသည်။ ကောင်းကင်သိုင်းခုံရုံးတစ်ခုလုံးပင်တောင် ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးနှင့်ပေါင်းပြီး တစ်ခုပဲရှာနိုင်တာ အံ့ဩစရာမရှိပေ။

“မီးဝိညာဉ်ကျောက်တုံးခြောက်ခုက မဆိုးဘူး။ ဒါပေမဲ့ ဒါတွေကို ယူသွားပြီး ကျုပ် ခင်ဗျားကို သတ်လိုက်ရင်ကော” လုကျိုးက မေးလိုက်၏။

ဝတ်ရုံနက်ကျင့်ကြံသည် ‌ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားသော်ငြား လျင်မြန်စွာ စိတ်တည်ငြိမ်သွား၏။ သူက ပြောလိုက်သည်။ "ခင်ဗျားက ကျိုးကြောင်းမသင့်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ ဒါ့အပြင် ခင်ဗျားသာ ကျုပ်ကို သတ်ချင်ရင် မေးနေမှာမဟုတ်ဘူး”

“ဉာဏ်ရှိတဲ့လူတစ်ယောက်က အခြေအနေကို လိုက်လျော်ညီထွေစွာ နေတတ်တယ်။ ခင်ဗျားကို ထောက်ပြီး ဝူချောင်ကို လွှတ်လိုက်မယ်”

“ကျေးဇူးပါ”

“ခင်ဗျားရဲ့ ကတိကို မှတ်ထား။ မဟုတ်ရင် ကျုပ် ခင်ဗျားကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်မယ်” လုကျိုးက ပြောလိုက်သည်။ ပြီးနောက် သူသည် လေထဲမီတာ၁၀၀တွင် လှစ်ခနဲပေါ်လာပြီး လေထဲ ပျောက်ကွယ်သွားတော့သည်။

လုကျိုးထွက်သွားပြီးနောက် ဝတ်ရုံနက်လူသည် ကျောမတ်လျက် ခေါင်းခါလိုက်တော့သည်။ သူသည် သက်ပြင်းရှည်ကြီးချလျက် ပြောလိုက်၏။ “ထွက်လာတော့”

သူ့ရှေ့ရှိ ၁၀မီတာအကွာရှိ အကျိုးအပြတ်ပုံထဲမှ လက်မောင်းတစ်ဖက်ထွက်လာသည်။ ပြီးနောက် အရိပ်တစ်ခုက မြေပြင်ပေါ်ရောက်လာပြီး ဖုန်များပေနေတော့သည်။

မြေပြင်ပေါ်တွားသွားထွက်လာပြီးနောက် ဝူချောင်သည် ပါးစပ်ထဲမှ အမှိုက်များ ထွေးထုတ်လိုက်ပြီး နောက် ကောင်းကင်ကိုစိုက်ကြည့်ပြီး အမောတကော အသက်ရှူကာ အကြောက်တရားများ ပြည့်နေ၏။ နောက်ဆုံး၌ သူ စိတ်တည်ငြိမ်သွားသောအခါ လှည့်မေးလိုက်သည်။

“ကျွန်တော့်အသက်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် မျှော်စင်သခင်”

“ငါက မျှော်စင်သခင် မဟုတ်တော့ဘူး”

“မဟုတ်ဘူး။ မျှော်စင်သခင်ပဲ။ ဆရာက အမြဲတမ်းမျှော်စင်သခင်ဖြစ်နေမှာ” ဝူချောင်က ဇွဲရှိရှိပြောလိုက်၏။

“ဟုတ်ပြီ ... ဟုတ်ပြီ။ ထလိုက်တော့”

“ဒါပြီးရင် အနက်ရောင်မျှောင်စင်အဖွဲ့အစည်းကို မပြန်သွားနဲ့တော့။ မင်းရဲ့အသက်ကျောက်တုံးကို ဖျက်ဆီးဖို့ နည်းလမ်းတစ်ခုရှာလိုက်မယ်” ဝတ်ရုံနက် ကျင့်ကြံသူက ပြောလိုက်သည်။

ဝူချောင်က စဉ်းစားဆင်ခြင်လျက် မေးလိုက်သည်။ “ဒါဖြစ်နိုင်ပါ့မလား”

“ဖြစ်နိုင်တယ်” ပြီးနောက် သူက တစ်ဖက်လှည့်ကာ လုကျိုးထွက်သွားသည့်ဖက်ကို ကြည့်ပြီး သူ့ဖာသာသူရေရွတ်ပြောလိုက်၏။ “ရွှေကြာနယ်မြေမှာ ဒီလိုအားကောင်းတဲ့လူဘာလို့ ရှိနေတာပါလိမ့်”

ကျောင်းယွဲ့သည် တိကျန်း၏ကျောပေါ်၌ ထိုင်နေပြီး သူ့ရှစ်စွင်းပြန်လာမှာကို စောင့်နေစဉ် သူမကို တစ်စုံတစ်ယောက်လှမ်းခေါ်တာကို ကြားလိုက်ရ၏။ “ကျောင်းယွဲ့ ငါ့ကို ကယ် ... ကယ်ပါ”

ကျောင်းယွဲ့သည် အသံလာရာဖက်ကြည့်လိုက်သောအခါ သူမကို လက်ဝှေ့ယမ်းပြနေသည့် လျန်ရှင်းကို တွေ့လိုက်ရသည်။ သူမရှစ်စွင်း၏လက်ဝါးရိုက်ချက်နှစ်ခုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးနောက် လျန်ရှင်းသည် အသက်ရှင်တော့မည့်ပုံမရပေ။ သူမ မျက်နှာသေဖြင့်ပြောလိုက်သည်။

“အိပ်မက်မက်နေတာပဲ”

လျန်ရှင်းသည် မယုံနိုင်သည့်အမူအရာဖြင့်ပြောလိုက်သည်။ "ငါ နင့်ကို သိလာတာ ကြာ ကြာလှပြီ။ ငါ့ကို မယုံသေးဘူးလား”

“ကျွန်မ ယုံခဲ့တယ်လေ ရှင့်ကို မိတ်ဆွေတစ်ယောက်အနေနဲ့ သဘောထားခဲ့တာ။ ဒါပေမဲ့ ကျွန်မကို ရှင် တစ်ချိန်လုံးလိမ်ခဲ့ပြီး မဟာလေဟာနယ်စွမ်းအင်ကို ခိုးယူဖို့တောင် ကြိုးစားခဲ့တယ်။ ဒါက ရှင် ပြောနေတဲ့ မိတ်ဆွေလို့ ခေါ်တဲ့အရာလား” ကျောင်းယွဲ့က ပျက်ရယ်ပြုလိုက်၏။

“ငါ မလုပ်ပါဘူး” ကျောင်းယွဲ့သည် လျန်ရှင်းကို ငုံကြည့်လိုက်၏။

“တကယ်တော့ ရှင်တစ်ခုခုမှားနေမှန်း သိပြီးသား။ ဒါပေမဲ့ ကျွန်မရဲ့ရှစ်စွင်းက အဲ့ဒီတုန်းက မရှိခဲ့ဘူးလေ။ မဟုတ်ရင် ကျွန်မရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ဖို့ ဘယ်လိုလုပ် ကတိပေးမှာလဲ”

“နင် နင် ငါ့ကို လိမ်တာလား”

ကျောင်းယွဲ့သည် လျန်ရှင်း၏စကားများက ယုတ္တိမရှိလာကြောင်း သိလိုက်သည်။ “နင်က ငါ့ကို လိမ်လို့ရပေမဲ့ ငါက နင့်ကို လိမ်လို့မရဘူးလား”

“ဒါဆိုရင် နင့်ကိုကယ်ဖို့ ငါ့အသက်ကို စွန့်စားခဲ့တာကကော အတုလို့ထင်နေတာလား” လျန်ရှင်းက ပြောလိုက်၏။

လျန်ရှင်းပြောပြီးသည်နှင့် မွေးဖွားဇယားချပ်တစ်ခုဆီသာ ရှိသေးသည့် အဖြူရောင်အစောင့် အရှောက်နှင့် အနက်ရောင်အစောင့်အရှောက်တို့က ရှေ့သို့ တက်လာသည်။

“ငါ သေရင်တောင် မင်းကို ငါတို့နဲ့ ဆွဲခေါ်သွားမယ်”

သူတို့၌ မွေးဖွားဇယားချပ်တစ်ခုဆီသာ‌ရှိလျှင်တောင် ကျောင်းယွဲ့သည် သူတို့အတွက် ပြိုင်ဘက် မဟုတ်သေးပေ။

ဂတ် ဂတ် ဂတ် ဂတ်

ထိုလူနှစ်ယောက် ခုန်တက်လာစဉ် တိကျန်းက အော်ဟစ်လိုက်၏။ ၎င်း၏အော်သံသည် အတော်လေးစိတ်အားထက်သန်နေပုံရသည်။ လျှပ်ပြက်သောအရှိန်ဖြင့် ရောက်လာပြီးနောက် ကျောင်းယွဲ့ကိုခေါ်သွား၏။

ကျောင်းယွဲ့သည် ထိတ်လန့်အံ့အားသင့်နေပြီး သူမဟန်ချက်ထိန်းရန် စွမ်းအင်သုံးလိုက်သည်။ ပြီးနောက် အစောင့်အရှောက်နှစ်ယောက်ကို လှည့်ကြည့်လိုက်၏။ အစောင့်အရှောက်များ အဝေး၌ ကျန်ရစ်ခဲ့တာကို မြင်သောအခါ တိကျန်း၏ အရှိန်ကြောင့် သူမ ပိုတောင် ထိတ်လန့်သွားသည်။

တိုက်ကွက်လွဲချော်သွားသည့် အစောင့်အရှောက်များသည် တောင်ပံလေးဖက်ကို တဖျတ်ဖျတ်ခတ်နေသော တိကျန်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေ၏။ သူတို့၏သွေးစွန်းထင်းနေသော မျက်နှာ၌ မလိုလားသည့်အမူအရာက ရှိနေသည်။

“မင်း ဘယ်ဖက်ကသွား ငါ ညာဖက်က သွားလိုက်မယ်”

အစောင့်အရှောက်နှစ်ဦးသည် တိကျန်းနှင့် ကျောင်းယွဲ့ကို ဝိုင်းထား၏။

ဝှစ်

တိကျန်းသည် တောင်ပံတဖျပ်ဖျပ်ခတ်ကာ ရှောင်လိုက်ပြန်သည်။ ၎င်း၏အရှိန်သည် လျှပ်ပြက်သည့်ပမာ မြန်ဆန်လွန်းလှပြီး ပကတိမျက်စိဖြင့်မြင်ရန် ခက်ခဲလှပေ၏။ အစောင့်များ သူ့နောက်လိုက်လေ သူသည် ရှောင်ရတာ ပိုပျော်ရွှင်လေဖြစ်နေ၏။

အတော်ကြာ လိုက်ပြီးနောက် အစောင့်အရှောက်နှစ်ဦးသည် တိကျန်းကို လိုက်မဖမ်းနိုင်သေးပေ။

တိကျန်းသည် လေထဲ၌ပျော်ရွှင်စွာ တဂတ်ဂတ်အော်မြည်နေ၏။

ယခင်က မွေးဖွားဇယားချပ်ခြောက်ခုဖြင့် ကျန်းမာပျော်ရွှင်သော ယန်ကျန်းလော့ကတောင် တိကျန်းကို ရိုက်မချနိုင်လေရာ မွေးဖွားဇယားချပ်တစ်ခုစီသာရှိသည့် ဒဏ်ရာရထားသော အစောင့်အရှောက်နှစ်ဦးဆို ပြောရန်မလိုတော့ပေ။

ကျောင်းယွဲ့က ပြုံးပြီးမေးလိုက်တော့၏။ “ဒါ နင်တို့တတ်နိုင်တာ အကုန်ပဲလား။ ဘာကြောင့် ထပ်မကြိုးစားကြည့်တာလဲ”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် သူတို့ထဲမှ တစ်ယောက်က ပြောလိုက်လေ၏။

“သူ့လှည့်ကွက်ထဲ မကျသွားစေနဲ့။ လူအိုကြီးပြန်မလာခင် ငါတို့ သွားကြရအောင်”

“ဟုတ်တယ်။ အခုတော့ အနက်ရောင်မျှော်စင်နဲ့ အဖြူရောင်မျှော်စင်ကြားက အငြိုးအတေးကို မေ့ထားလိုက်။ အတူထွက်ပြေးကြမယ်”

“ဟုတ်တယ်။ သင်္ကေတလမ်းကြောင်းက အဲ့မှာ ရှိနေသေးတယ်။ ငါတို့ အချိန်မှီလောက်မှာပါ”

နှစ်ယောက်သားက လှည့်ထွက်သွားပြီး မြောက်ပိုင်းဆီသို့ ပျံသန်းသွားသည်။

ယင်းကို မြင်သောအခါ လျန်ရှင်းသည် မြေပြင်ထဲမှ လှမ်းအော်လိုက်သည်။

“ခေါ်သွားပါ ... ငါ့ကို နင်တို့နဲ့ ခေါ်သွားပေးပါ”

အဖြူရောင်အစောင့်အရှောက်က လျန်ရှင်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“သစ္စာဖောက်တစ်ယောက်ဖြစ်တာက ပြစ်မှုကျူးလွန်တာပဲ”

ပြီးနောက် သူတို့နှစ်ယောက်သည် လျန်ရှင်းကို အာရုံမစိုက်တော့ဘဲ ကျောင်းယွဲ့ကို သတ်ဖို့ လက်လျှော့လိုက်၏။ သူတို့သည် အမြန်ပျံသန်းပြီး မကြာမီ၌ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

သိပ်မကြာမီ၌ မြောက်ပိုင်းကောင်းကင်ထဲတွင် သန်မာသော ကနဦးချီတို့သည် ကောင်းကင်ကို ဆုတ်ဖြဲနိုင်ပုံပေါ်က တိမ်များဝေ့တက်လာ၏။ သိုင်းပညာရှင်တစ်ယောက် ရောက်လာခြင်းပဲဖြစ်သည်။

ကျောင်းယွဲ့က ခေါင်းခါပြီး ပြောလိုက်တော့၏။ “ရန်သူကို သတ်ဖို့ ငါ လုံလောက်အောင်မသန်မာတာ နှမျောစရာပဲ။ ဒီတစ်ခေါက် နင့်ကို တကယ်ကျေးဇူးတင်ရမှာပဲ။ ရှစ်စွင်းက ဒီလို ပျော်စရာစီးတော်သားရဲလေးကို ဘယ်အချိန်က ရလိုက်ပါလိမ့်”

တိကျန်းသည် ၎င်း၏တောင်ပံကို စိတ်အားထက်သန်စွာ တဖျပ်ဖျပ်ခတ်လိုက်၏။ သို့သော် ၎င်းသည် ကွေ့ဝိုက်ပျံသန်းမနေဘဲ မျောလွင့်နေရုံသာရှိသည်။

ကျောင်းယွဲ့သည် လျန်ရှင်းကို အာရုံမစိုက်ပေ။ လျန်ရှင်းက သူမကို ကယ်တင်ခဲ့သော်ငြား သူမကိုလည်း အကွက်ချခဲ့သေးသည်။ ထို့အပြင် လျန်ရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားတစ်ယောက်ဖြစ်သောကြောင့် သတိထားလျှင် အကောင်းဆုံးပဲဖြစ်သည်။

ခဏအကြာတွင် လုကျိုးက အဝေးကနေပျံသန်းလာ၏။

“ရှစ်စွင်း” ကျောင်းယွဲ့သည် လေထဲ အမြန်ဒူးထောက်လိုက်၏။ လုကျိုးသည် ကျောင်းယွဲ့ကို တစ်ချက်ကြည့်ပြီးမေးလိုက်တော့သည်။

“မင်း ဒဏ်ရာရထားလား”

ကျောင်းယွဲ့သည် အနက်ရောင်အစောင့်အရှောက်နှင့် အဖြူရောင်အစောင့်အရှောက်တို့ သူမကို တိုက်ခိုက်သည့်အချိန်ကို ပြန်တွေးလိုက်၏။ ထိုစဉ်က အလိုလိုရှောင်ရှားခဲ့၏။ သို့သော် ၎င်းကို ပြန်တွေးမိချိန်၌ သူမရင်ထဲက အကြောက်တရားက ပေါ်ထွက်လာသည်။ ဆိုရလျှင် ပွင့်ချပ်ကိုးလွှာနှင့် ပွင့်ချပ်ဆယ်လွှာသိုင်းပညာရှင်များတောင် ထိုစဉ်က အသားပုံများအဖြစ် ချေမှုန်းခံရနိုင်လေရာ သူမကဲ့သို့ ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူဆို ပိုဆိုးပေလိမ့်မည်။

“မရပါဘူး။ တပည့်အမှားလုပ်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှစ်စွင်း” ကျောင်းယွဲ့က မထရဲပေ။

လုကျိုးက ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လဲနေသော လျန်ရှင်းကိုတွေ့လိုက်ရ၏။

သူသည် ကျောင်းယွဲ့၏စကားများကို လျစ်လျူရှုလျက်မေးလိုက်၏။ “အစောင့်အရှောက်နှစ်ယောက် လွတ်သွားတာလား”

“သူတို့ မြောက်ဖက်ကို ပျံသွားတယ်” ကျောင်းယွဲ့သည် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

လုကျိုးသည် မြောက်ဖက်ကိုကြည့်ပြီးနောက် ပြောလိုက်သည်။ "အရင်ဆုံး ပြန်ကြရအောင်”

လုကျိုးသည် လျန်ရှင်းကို ဆွဲခေါ်ရန် ဈာနမုဒြာကို သူမဆီ ပစ်ထုတ်လိုက်၏။

ထိုစဉ် မြောက်ပိုင်းရှိ ကောင်းကင်ထဲတွင် အသံကျယ်ကြီးတစ်သံပေါ်ထွက်လာ၏။ အနက်ရောင် တိမ်စိုင်တိမ်မည်းများ တလိမ့်လိမ့်တက်လာပြီး မိုးခြိမ်းသံများပေါ်လာသည်။

ကျောင်းယွဲ့နှင့် အဖမ်းခံထားရသည့် လျန်ရှင်းတို့က မြောက်ပိုင်းကို ကြည့်လိုက်သည်။

လျန်ရှင်းက မျက်မှောင်ကျုံ့လျက် နာကျင်မှုကို တောင့်ခံကာ ပြောလိုက်သည်။ "ရှင်တို့နှစ်ယောက် ပြေးသင့်တယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူတွေဖြစ်လောက်တယ်”

“သင်္ကေတလမ်းကြောင်းလား” လုကျိုးက မေးလိုက်သည်။

“ဒါက သင်္ကေတလမ်းကြောင်းဖွင့်ဖို့ ပေါ်ထွက်လာတဲ့အတက်အကျနှုန်းပဲ။ အနက်ရောင်မျှော်စင်မှာ သိုင်းပညာရှင်တွေ အများကြီးရှိတယ်။ သူတို့ တစ်ယောက်ယောက်ကို ပို့လိုက်တာ ဖြစ်ရမယ်”

လျန်ရှင်းက ပြောမပြီးသေးခင် သွေးအန်လိုက်ရသည်။

လုကျိုးသည် လျန်ရှင်းကို မသနားပေ။ ထိုအစား သူက အထင်တသေးပြောလိုက်၏။

“ငါက ကြောက်မယ်များထင်နေလား”

“...” လျန်ရှင်း ဆွံ့အသွားလေ၏။

ထင်သည့်အတိုင်း မြောက်အရပ်မှ အနက်ရောင်အရိပ်များ တဟုန်ထိုး ပေါ်ထွက်လာသည်။

လုကျိုးသည် သူတို့ကို ကြည့်ပြီး မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ တချို့သော အကြောင်းအရင်းများကြောင့် ဝူချောင် ထွက်ပြေးသွားစဉ်က မြင်ကွင်းသည် သူ့စိတ်ထဲပေါ်လာ၏။

…

အခန်း (၉၅၄) ပိုမိုရဲရင့်သည့် စစ်သူကြီးများ

လုကျိုးက တည်ငြိမ်နေလေ၏။ သူက အနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်တချို့ကို သတ်ခဲ့သည့်အတွက် အသုံးပြုပစ္စည်း ဝယ်နိုင်လောက်အောင် ကုသိုလ်ရမှတ် စုဆောင်းနိုင်ခဲ့သည်။ အကဲဖြတ်သူ အုပ်စုလိုက် မပေါ်လာသရွေ့ ပြဿနာရှိမည် မဟုတ်ပေ။ သို့သော်လည်း စီးဝူယာ့၏ ပြောစကားအရ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အတွင်းရေး ပဋိပက္ခပြင်းထန်မှုကြောင့် အကဲဖြတ်သူများက လှုပ်ရှားမှု ကြီးကြီးမားမား လုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်နီးပါး ဖြစ်၏။

လျန်ရှင်းက အဝေးတစ်နေရာမှ အရိပ်များကို မြင်သည့်အခါ ခေါင်းအသာယမ်းပြီး ပြောလိုက်သည်။

“အနက်ရောင် အစောင့်အရှောက်တွေပဲ”

အမှန်တကယ် အနက်ရောင် အစောင့်အရှောက်များ ဖြစ်နေလေသည်။

လုကျိုးက အနက်ရောင် ချပ်ဝတ်နှင့် ပုဆိန်လှံရှည်များ ကိုင်ဆောင်ကာ ပျံသန်းလာသည့် ကျင့်ကြံသူ ၂ဦးကို လှမ်းကြည့်လိုက်သည်။ ထိုကျင့်ကြံသူ ၂ဦးက သူတို့၏ ကျောတွင် လူတစ်ဦးချင်းစီကို သယ်ဆောင်လာသည့် သူများက တစ်ယောက်က အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး တစ်ယောက်က အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး အလောင်းများနှင့်တူနေသည်။

အနက်ရောင် အစောင့်အရှောက် ၂ဦးက လုကျိုး ရှေ့မှောက် ရောက်ရှိလာသည့်အခါ လေထဲတွင် ဒူးထောက်လျက် လက်နှစ်ဖက်ယှက်လိုက်သည်။

အနက်ရောင် အစောင့်အရှောက် ၁ဦးက ပြောလိုက်၏။

“ရှန်ရှစ်က ချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်တို့ကို လက်ခံပေးဖို့ တောင်းဆိုပါတယ်”

လျန်ရှင်း “...”

ကျောင်းယွဲ့ “...”

လုကျိုးက အနည်းငယ် အံ့အားသင့်သွားလေ၏။

“ရှန်ရှစ်လား”

ရှန်ရှစ်က လုကျိုး အနီရောင်ကြာနယ်မြေတွင် တွေ့ခဲ့သည့် အနက်ရောင် အစောင့်အရှောက်ထဲမှ တစ်ဦး ဖြစ်၏။

ရှန်ရှစ်က သူ့ချပ်ဝတ်နှင့် ခေါင်းဆောင်းကို ချွတ်ကာ အနည်းငယ် ပင်ပန်းနေသည့် လေးထောင့်ကျကျ မျက်နှာနှင့် သွေးဆာနေသည့် မျက်ဝန်းကို ထုတ်ဖော်ပြသလာကာ ပြောလိုက်သည်။

“ချန်းပေ့ ကျုပ် ဘယ်မှသွားစရာ မရှိတော့ဘူး”

လုကျိုးက အခြေအနေသည် ရုပ်ပြဆန်ကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် သူနှင့် တိုက်ခိုက်ခဲ့သည်မှာ သိပ်မကြာမြင့်လှသေးပေ။

“မင်းက အနက်ရောင် အစောင့်အရှောက်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ခစားတာကို ဘာလို့ ငါ့ဆီ ရောက်လာတာလဲ”

ရှန်ရှစ်က ပြောလိုက်၏။

“ကျုပ်တို့ ၆ယောက်က အနီရောင်ကြာနယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာပေမဲ့ ၄ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ ကျုပ်တို့တွေ ရှုံးနိမ့်တာကို ဒီခက်ထန်သားရဲတွေအပေါ် အပြစ်တင်ဖို့ တွေးခဲ့ပေမဲ့ ခေါင်းဆောင်တစ်ဦးက အမှန်တိုင်းပြောဖို့ ဖိအားပေးခံခဲ့လိုက်ရတယ်။ အဲဒါကြောင့် အနက်ရောင်မျှော်စင်က ကျုပ်တို့ရဲ့ လိုအပ်ချက်ကြောင့် သေဒဏ်ပေးခဲ့တယ်။

ကျုပ်ညီအစ်ကိုတွေနဲ့ ကျုပ်နဲ့က သင်္ကေတလမ်းကြောင်းကတစ်ဆင့် အသက်ကို စတေးပြီး ထွက်ပြေးလာခဲ့တာ။ ထွက်ပြေးလာတုန်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ကျုပ်ညီအစ်ကို တစ်ယောက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ ချန်းပေ့ အခု ကျုပ်တို့ကို ကယ်တင်နိုင်တာ ချန်းပေ့ တစ်ယောက်တည်းပဲ ရှိတယ်”

လုကျိုးက ရှန်ရှစ်၏ စကားများကို ချက်ချင်း မယုံပေ။

“မင်းက အမှန်တိုင်း ပြောနေတယ်ဆိုတာကို ဘယ်လိုလုပ် သိမှာလဲ”

ရှန်ရှစ်က အလောင်း ၂လောင်းကို ညွှန်ပြကာ ပြောလိုက်သည်။

“ကျုပ် ပြောသမျှအားလုံးက အမှန်တွေပါ။ ဒါက သက်သေပါ”

အလောင်း ၂လောင်းက စောစောလေးက လွတ်မြောက်သွားသည့် မွေးဖွားဇယားချပ် တစ်ခုစီ ရှိသည့် အနက်ရောင် အစောင့်အရှောက်နှင့် အဖြူရောင် အစောင့်အရှောက်တို့ ဖြစ်ကြသည်။

လျန်ရှင်းက တအံ့တသြ ရေရွတ်လိုက်၏။

“ကျွန်မရဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက လူကို သတ်ခဲ့တာလား”

ရှန်ရှစ်က မျက်လုံးအပြူးသား ဖြစ်သွားကာ နောက်အနည်းငယ် ဆုတ်ပြီး ပုဆိန်လှံရှည်ကို ကိုင်ဆွဲလိုက်သည်။ သူ့မျက်ဝန်းအထက် စိတ်ပျက်မှုများ ပြည့်နှက်နေကာ မေးလိုက်၏။

“ခင်ဗျားက အဖြူရောင်မျှော်စင် အဖွဲ့အစည်းကလား”

ရှန်ရှစ်၏ မေးခွန်းက လျန်ရှင်းနှင့် လုကျိုးတို့ ၂ယောက်လုံးကို ရည်ညွှန်းနေခြင်း ဖြစ်သည်။

လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။

“အဖြူရောင်မျှော်စင် အဖွဲ့အစည်းလောက်က ငါနဲ့ ဘာမှမဆိုင်ဘူး”

ရှန်ရှစ်က လုကျိုး၏ စကားကို ကြည့်သည့်အခါ သက်ပြင်းချလိုက်သည်။ သူက လုကျိုးက အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှ ဖြစ်နေသည်ကို တွေးမိသည့်အခါ ထိတ်လန့်နေမိ၏။

လုကျိုးက အလောင်း ၂လောင်းကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။

“နှမြောစရာပဲ”

“နှမြောစရာလား” ရှန်ရှစ်က နားမလည်နိုင်ဖြစ်သွားလေ၏။

လုကျိုးက ရှင်းမပြဘဲ ပြောလိုက်သည်။

“ဆက်ပြော”

ရှန်ရှစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အခု ကျုပ်တို့ လွတ်မြောက်လာပြီဆိုတော့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ကျုပ်တို့ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်မှာ သေချာတယ်။ ကျုပ်ညီအစ်ကိုနဲ့ ကျုပ်နဲ့က အခြေချလို့ ရမဲ့နေရာကိုပဲ ရှာချင်တာပါ။ ချန်းပေ့ ကျုပ်တို့ကို လက်ခံပေးဖို့ တောင်းဆိုပါတယ်”

“...”

လုကျိုးက ကိစ္စများသည် စိတ်ဝင်စားဖို့ကောင်းလှကြောင်း ခံစားမိလိုက်သည်။ သူက မုတ်ဆိတ်သပ်ကာ မေးလိုက်၏။

“မင်းတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ကမ္ဘာအဆုံးထိ ထွက်ပြေးနိုင်တယ်။ ကမ္ဘာကြီးက ကျယ်ပြောပါတယ်။ မင်းတို့ ၂ယောက် အခြေချလို့ ရမဲ့နေရာ မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား”

ရှန်ရှစ်က သက်ပြင်းချကာ အဝတ်ကို ဆုတ်ဖြဲလိုက်သည်။ သူ့ရင်ဘတ်အထက် အနက်ရောင်ကြာပွင့် တံဆိပ်တစ်ခုကို နှိပ်ခတ်ထား၏။ ထို့အပြင် ထိုအရာက လတ်လတ်ဆတ်ဆတ် နှိပ်ခတ်ထားဟန်ပေါ်သည်။

“အနက်ရောင် အစောင့်အရှောက်တွေက တာဝန်တစ်ခု စေလွှတ်တဲ့အခါတိုင်း အချိန်ကန့်သတ်ချက် အပေးခံရတယ်။ အချိန်ကန့်သတ်ချက်အတွင်းမှာ ပြန်မလာတဲ့ သူတွေက အဖွဲ့အစည်းကနေ အမဲလိုက်ခံရတယ်။ အဲဒီအချိန်မှာ အဖွဲ့အစည်းက ရက်ရက်စက်စက်နဲ့ ကျုပ်တို့အပေါ် အနက်ရောင်ကြာကို တံဆိပ်ခတ်ခဲ့တာပဲ။ ဒီအနက်ရောင်ကြာနဲ့ဆိုရင် ကျုပ်တို့တွေ နှလုံးသားကို တူးရင်တူး မဟုတ်ရင် အဖွဲ့အစည်းကို ပြန်မှရမယ်။ တကယ်လို့ ထွက်ပြေးနိုင်တယ်ဆိုရင် ဒီလူ ၂ယောက်ကို သတ်ပြီးတော့ ဘာလို့ ဒီအထိ ရောက်လာအုံးမှာလဲ”

လျန်ရှင်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ရှန်ရှစ်အား ကြည့်လိုက်သည်။

“အနက်ရောင်ကြာ တံဆိပ် … အခုတော့ မလွတ်မြောက်နိုင်တော့ဘူး”

လုကျိုးက လက်မြှောက်လိုက်၏။

လေဟုန်တစ်ချက်က လျန်ရှင်း၏ မျက်နှာအထက် ဖြောင်းခနဲ ကျရောက်လာသည်။

လျန်ရှင်း၏ လှလှပပ မျက်နှာလေးက ချက်ချင်းဆိုသလို ရောင်ကိုင်းလာလေ၏။

“ငါ စကားပြောနေတုန်း မင်းက ဖြတ်ပြောစရာလား”

လျန်ရှင်းက ထိုရိုက်ချက်ကြောင့် ကြောင်အမ်းသွားလေ၏။

“...”

လုကျိုးက ရှန်ရှစ်အား အာရုံစိုက်ကာ ပြောလိုက်သည်။

“မင်းတို့တွေက အနက်ရောင်ကြာနဲ့ တံဆိပ်ခတ်ခံထားရတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မင်းတို့တွေကို နောက်ယောင်ခံပြီး အမဲလိုက်မှာ သေချာသလောက်ပဲ။ တခြားလူရဲ့ လက်ကို ငှားပြီးတော့ သတ်ဖို့ ကြိုးစားနေတာပဲ။ မင်းတို့က မဆိုးဘူးပဲ”

ထိုစကားများကို ကြားပြီးသည့်နောက်တွင် ရှန်ရှစ်က တုန်လှုပ်သွားသည်။ သူက အလျင်အမြန် ပြောလိုက်၏။

“ချန်းပေ့ ကျုပ်ဆီမှာ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး။ ချန်းပေ့ရဲ့ ကျင့်ကြံဆင့်က နက်နဲပြီးတော့ ဝူကွမ်းဖျင်တောင် ပြိုင်ဘက် မဟုတ်တော့ ကျုပ်တို့ကိုသာ လက်ခံမယ်ဆိုရင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက မဆင်မခြင် ပြုမူရဲမှာ မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားကို အဖွဲ့အစည်းကို သုတ်သင်ဖို့ ကူညီပေးနိုင်ရင် ကျုပ်တို့ ၂ယောက်လုံးနဲ့ လွတ်မြောက်သွားလိမ့််မယ်။ အမှန်တိုင်း ပြောနေတာပါ။ တကယ်လို့ ဒီထဲမှာ မုသားစကားတစ်ခု ပါမယ်ဆိုရင် ဆိုးဆိုးရွားရွား သေပါစေ”

လုကျိုးက ရှန်ရှစ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ပုံမှန်လူထက်တောင် သေခြင်းတရားကို ကြောက်သေးတယ်”

ရှန်ရှစ်က ခေါင်းမော့ကာ လုကျိုးကို ကြည့်လိုက်၏။ လုကျိုးက ထိုစကားများကို အဘယ့်ကြောင့် ပြောမှန်း နားမလည်ပေ။

လုကျိုးက ရှန်ရှစ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ညီအစ်ကိုတွေက သေဆုံးရမှာကို ကြောက်ကြတယ်။ ငါ မင်းတို့ ၆ယောက်နဲ့ တိုက်ခိုက်တုန်းက ၄ယောက် အသက်ရှင်နိုင်ခဲ့တယ်။ သေခြင်းတရားကို ကြောက်တဲ့ မင်းနဲ့ မင်းညီအစ်ကိုတွေက ငါ့အာရုံစိုက်မှုနဲ့ ထိုက်တန်ပါ့မလား”

ရှန်ရှစ်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားလေသည်။ သူက လုကျိုး၏ စကားများကို မတုံ့ပြန်နိုင်ပေ။

ထိုစဥ် ရှန်ရှစ်၏ အပေါင်းအပါက ထိုရှက်ရွံ့မှုကို တောင့်မခံနိုင်တော့ဘဲ ရှန်ရှစ်အား ဆွဲကာ ပြောလိုက်သည်။

“အစ်ကိုရှန် သွားကြစို့။ ကမ္ဘာကြီးက ကျယ်ပြောပါတယ်။ ကျုပ်တို့တွေ နေနိုင်မဲ့ နေရာတစ်ခုတော့ ရှာတွေ့မှာပါ။ သွားကြစို့”

ထိုစကားကို ကြားပြီးသည့်နောက်တွင် လုကျိုးက လှောင်ပြောင်သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး

“အော် မင်းတို့က အခုတော့ အားကိုးတတ်သားပဲ”

ရှန်ရှစ်က သက်ပြင်းချကာ ထရပ်လိုက်သည်။ သူက လက်နှစ်ဖက် ယှက်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ကြည့်ရတာ ဒါက ကျုပ်တို့ရဲ့ ကံကြမ္မာပဲ ထင်ပါတယ်”

“ခဏနေအုံး” လုကျိုးက ပြောလိုက်သည်။

“ဟမ်”

လုကျိုးက မေးလိုက်၏။

“မင်းတို့တွေ တကယ်အသက်ရှင်ချင်တာလား”

ရှန်ရှစ်က ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူတို့သာ အသက်မရှင်ချင်ပါက ဤနေရာသို့ ရောက်လာမည် မဟုတ်ပေ။

လုကျိုး၏ အမူအရာက အလေးအနက်ဖြစ်သွားကာ ပြောလိုက်သည်။

“မင်းတို့တွေ နေလို့ရတယ်။ ဒါပေမဲ့ ငါ့ရဲ့ အခြေအနေတွေကို သဘောတူရမယ်”

ရှန်ရှစ်က စိတ်ပေါ့ပါးသွားကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“လုချန်းပေ့ ပြောပါ”

လုကျိုးက ပြောလိုက်သည်။

“ကျောင်းယွဲ့ သူတို့ကို ပြောပြလိုက်”

ကျောင်းယွဲ့က ပြောလိုက်သည်။

“တကယ်လို့ ရှင်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်တယ်ဆိုရင် ဒီစည်းမျဉ်းတွေကို လိုက်နာရမယ်။ ပထမဦးဆုံး မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့အသားတွေက တစ်ယောက်နဲ့ တစ်ယောက် သတ်ခွင့်မရှိဘူး။ ဒုတိယအနေနဲ့ မျှော်နန်းကို ဝင်မယ်ဆိုရင် အတိတ်ကို ဖြတ်တောက်ရမယ်။ တတိယအချက်အနေနဲ့ ရှစ်စွင်းကို သစ္စာမဖောက်ရဘူး။ အထက်လူကြီးကို ကလန်ကဆန် မလုပ်ရဘူး။ အကြီးအကဲတွေကို မလေးမစား မလုပ်ရဘူး။ စတုတ္ထအချက်အနေနဲ့ ... “

လုကျိုးက ကျောင်းယွဲ့၏ စကားများကို ကြားသည့်အခါ အနည်းငယ် ရှုပ်ထွေးလာသလို ခံစားမိလိုက်၍ လက်မြှောက်ကာ ရပ်တန့်လိုက်သည်။ ထို့နောက် သူက အရာအားလုံးကို စကားတစ်ခွန်းတည်းဖြင့် ပြောလိုက်၏။

“အတိုချုပ် ပြောရရင် မိစ္ဆာဝေဟင်မျှော်နန်းမှာ မင်းတို့ရဲ့ အသက်တွေ အပါအဝင် အရာအားလုံးကို ငါက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”

ရှန်ရှစ်က ပြောလိုက်၏။

“ဟုတ်ကဲ့”

လုကျိုးက ထပ်ပြောလိုက်သည်။

“မင်းတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာနဲ့ နောင်အနာဂတ်မှာ ရန်သူတွေ အများကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်။ ပြီးတော့ သူတို့က အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းထက်တောင် အဆရာချီ ပိုပြီးတော့ အားကောင်းနေနိုင်တယ်။ မင်းတို့ရဲ့ အသက်က ဒီညမှာပင် ဆုံးရှုံးသွားတာ ဖြစ်နိုင်တယ်။

အဲဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တာက ကိစ္စကောင်းကြီးတော့ မဟုတ်ဘူး။ သေချာစဥ်းစား။ အလျင်စလို ဆုံးဖြတ်ချက် မချနဲ့။ မင်းတို့ကို ဆုံးဖြတ်ဖို့ အသက်ဆယ်ရှိုက်စာ ပေးမယ်”

“...”

ရှန်ရှစ်က မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချပြီးသားဖြစ်သော်လည်း ထိုစကားများကို ကြားသည့်အခါ တုန်လှုပ်သွားလေသည်။

မိစ္ဆာဝေဟင်မျှော်နန်းက ဒီလောက်တောင် အားကောင်းတာလား။

ကျင့်ကြံရေးလောကတွင် အားကောင်းသူများကသာ နိုင်စားစတမ်း ဖြစ်၏။ ကြီးနိုင်ငယ်ညှင်း သဘောတရားက အသင့်တော်ဆုံးဖြစ်ပေသည်။ ဤသို့သော လောကမျိုး၌ အမှားအယွင်းတစ်ခုက သေဆုံးမှုကို ဖြစ်ပျက်သွားနိုင်သည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းဖြစ်စေ အဖြူရောင်မျှော်စင် အဖွဲ့အစည်းဖြစ်စေ သို့မဟုတ် တခြားသော အင်အားစုများဖြစ်စေကာမူ ငြိမ်းချမ်းနေသည့် နေရာဟူ၍ မရှိပေ။

အသက်ဆယ်ရှိုက်စာ ကုန်လုနီးပါးဖြစ်သည့်အခါ လုကျိုးက ခေါင်းအသာယမ်း၍ ပြောလိုက်သည်။

“ကြည့်ရတာ မင်းတို့တွေက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မသင့်တော်တဲ့ပုံပဲ။ မင်းတို့တွေ သေလိုက်တာပဲ ကောင်းမယ်”

ထိုစကားများကို ကြားကာ ရှန်ရှစ်နှင့် သူ့အပေါင်းအပါက ချက်ချင်းဆိုသလို ဒူးထောက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်။

“ကျုပ်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်ပါတယ်”

“သေချာစဥ်းစားပြီးသွားပြီလား”

“ဟုတ်ကဲ့” ရှန်ရှစ်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်၏။

“မင်းတို့တွေ ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုမှတော့ မင်းတို့တွေကို အစောင့်အရှောက် ရာထူးပေးမယ်။ အခုကစပြီး မင်းတို့တွေက သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားဖြစ်နေလိမ့်မယ်။ နားလည်ရဲ့လား”

အနက်ရောင် အစောင့်အရှောက် ၂ဦးက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်ကြသည်။

“ရှန်ရှစ်က မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“လီရှောင်မော့က မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“တင်း လက်အောက်ငယ်သား ၂ယောက်ကို ခေါ်ဆောင်နိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀၀ ရရှိပါတယ်”

All Chapters