အခန်း (၉၅၅-၉၅၇)
Vol. 64 Ch. 955-957
အခန်း (၉၅၅) မိစ္ဆာအိုကြီးကျိ ပြန်လာပြီ
လုကျိုးသည် စနစ်မျက်နှာပြင်ပေါ်၌ ထိုလူနှစ်ယောက်၏အချက်အလက်ကို မြင်လိုက်ရ၏။ သူတို့သစ္စာရှိမှုက ၃၀ရာခိုင်နှုန်းသာရှိသည်။ ယင်းသည် ကောင်းမွန်သည့်စတင်မှတ်ဟု တွေးမိသည်။ ဆိုရလျှင် လန်လော့က မိစ္ဆာဝေဟင်မျှော်နန်းသို့ ပထမဆုံးဝင်ချိန်၌ သူ၏သစ္စာရှိမှုက ၅ရာခိုင်နှုန်းသာရှိသည်။ သစ္စာရှိမှုကို တဖြည်းဖြည်းချင်း ပျိုးထောင်၍ရသည်။ သူ အလျင်မလိုပေ။ ဆိုရလျှင် သူတို့က တွေ့တာမကြာသေးချေ။ သူ၏ဆွဲငင်မှုကို ယုံကြည်ချက်ရှိ၏။ ထို့ကြောင့် သူတို့သစ္စာရှိမှု တိုးလာဖို့အကြောင်း စိတ်မပူပေ။
သူတို့သစ္စာရှိမှုအပ လုကျိုးသည် ထိုလူနှစ်ယောက်အကြောင်း မည်သည့်အချက်အလက်မှ ရှာမတွေ့ခဲ့ပေ။ စနစ်၏အမှန်တရားမျက်ဝန်းမှ ဘာကိုမှ မဖုံးကွယ်နိုင်သည့် ရွှေကြာနယ်မြေမှ လူများနှင့်မတူ ယခုအချိန်တွင် အမှန်တရားမျက်လုံးသည် ရွှေကြာနယ်မြေမှ လူများအတွက်သာ အလုပ်ဖြစ်ပုံပေါ်၏။
“ထတော့”
“နားလည်ပါပြီ”
လျန်ရှင်း “...”
လျန်ရှင်းက အံ့ဩဆွံ့အသွားတော့သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မည်ကဲ့သို့သော အင်အားစုနည်း။ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၌ နှစ်ပေါင်းများစွာရှိလာပြီးနောက် သူမသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ခွန်အားကို အလွန်ကောင်းမွန်စွာ သတိပြုမိသည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကိုတောင် စိန်ခေါ်ရဲလောက်အောင် ဤအဘိုးအို၏ ခွန်အားသည် မည်သည်က လာသနည်း။ ဆိုရလျှင် ရှန်ရှစ်နှင့် သူ၏ရဲဘော်ရဲဘက်ကို လက်ခံလိုက်ခြင်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ရန်စခြင်းနှင့် မကွာခြားပေ။ သူမရင်ထဲ၌ ဝေဝါးဝါးအဖြေတစ်ခု ရှိနေသော်ငြား လက်ခံရန် ခက်ခဲနေသေး၏။ အဘိုးအိုက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို တကယ်ဖြေရှင်းနိုင်ခြင်းရှိသည်လော။
ရှန်ရှင်းက လျန်ရှင်း၏မေးခွန်းကို ဖြေပေးသွားသည်။ အနီရောင်ကြာနယ်မြေရှိ သူ၏အဖြေက သက်သေပြလိုက်ပြီးဖြစ်သည်။ ထိုစဉ် လုကျိုးက ပြောလိုက်၏။ “အလောင်းဖျောက်လိုက်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ စုန်းအတတ်ကျင့်ကြံသူတွေရှိတယ်ဆိုတော့ သူတို့ကို ထိန်းထားလို့မရဘူး”
ရှန်ရှစ်က ခေါင်းညိတ်လိုက်၏။ “ဒါ လွယ်ပါတယ်”
ရှန်ရှစ်က အဆောင်တစ်ခု ယူထုတ်လာသည်။ သူက လက်ညှိုးကိုဖြတ်လျက် သွေးစက်ကို အနက်ရောင်အဆောင်ပေါ် ကျသွားစေ၏။ ဤနည်းဖြင့် အဆောင်က ချက်ချင်းပင် မီးလောင်ကျွမ်းသွားတော့သည်။ မကြာမီ၌ ဖျက်ဆီးခြင်းဟူသော စကားလုံးက ပေါ်လာပြီး အလောင်းများပေါ်ကျသွားက အလောင်းက ပြာဖြစ်သွားလေ၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ “အခုတော့ အံ့ဖွယ်မြို့တော်ကို ပြန်ကြမယ်”
ထိုစဉ် အစောတုန်းက ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်များကြားရှိ တိုက်ပွဲမှ အရှုပ်အထွေးကို တော်ဝင်ရဲမက်များ၊ နန်းတော်ရှိ သိုင်းပညာရှင်များနှင့် အထိန်းတော်များက ရှင်းလင်းနေ၏။ ကံကောင်းသည်မှာ ထိုသိုင်းပညာရှင်နှစ်ယောက်က နန်းတော်အပြင်ဖက်၌ တိုက်ခိုက်တာပဲ ဖြစ်သည်။ မဟုတ်လျှင် တော်ဝင်နန်းတော်က ပြိုလဲသွားလိမ့်မည်။
သိုင်းပညာရှင်များသည် ဝေဟင်ထဲ၌ သူတို့ဆီပျံသန်းလာသော ကျင့်ကြံသူများကို မြင်သောအခါ ဝမ်းသာအားရအော်လိုက်၏။ “ပဉ္စမသခင်မလေးပဲ”
“တကယ် ပဉ္စမသခင်မလေးပဲ”
သိုင်းပညာရှင်များနောက်လိုက်ကာ လူတိုင်းက တစ်တန်းတည်း စုဝေးလိုက်သည်။ သူတို့က ဦးညွှတ်လျက် တညီတညွတ်တည်းပြောလိုက်သည်။ “ပြန်ရောက်လာတာ ကြိုဆိုပါတယ် ပဉ္စမသခင်မလေး”
ကျောင်းယွဲ့သည် ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။
"ငါ့ရဲ့ရှစ်စွင်း ပြန်လာပြီ။ ငါ့ရှစ်စွင်းအတွက် လမ်းဖယ်ပေးကြ”
ထိုစကားများကို ကြားသောအခါ သူတို့၏ခန္ဓာကိုယ်က အလိုလိုတုန်ယင်သွားပြီး မော့ကြည့်လိုက်၏။ သို့သော် မည်သည့်ကျင့်ကြံသူက ကျိချန်းပေ့မှန်း မထုတ်ဖော်နိုင်ပေ။ မည်သို့ပင်ဆိုစေ သူတို့က တညီတညွတ်တည်းပြောလိုက်၏။ “ပြန်လာတာ ကြိုဆိုပါတယ် ကျိချန်းပေ့”
လုကျိုးက ရှေ့တစ်လှမ်းတိုးလျက် ကြည်လင်သော အသံဖြင့်ပြောလိုက်သည်။ “လောကဝတ်တွေ မလိုပါဘူး”
လုကျိုး၏အသံသည် ရေခဲသို့ ညင်သာနေပြီး ဆွဲငင်မှုများ တည်ငြိမ်မှုများ ပြည့်နေ၏။
မယ်တော်ကြီး၏ဘေးရှိ အထိန်းတော် လီယွင်ကျောက်ကမူ လုကျိုးကို နောက်ဆုံးမှတ်မိသွားပြီး စိတ်အားထက်သန်စွာပြောလိုက်၏။
“ကျုပ်တို့တွေက ကျိချန်းပေ့ ရောက်လာမှာကို နေ့ရောညပါ စောင့်ကြိုနေတာပါ။ ကြိုဆိုပါတယ် ကျိချန်းပေ့”
လီယွင်ကျောက်၏ စီမံမှုအောက်၌ နန်းတော်၏သိုင်းပညာရှင်များက ထွက်ခွာသွားပြီး သူတို့ကို စောင့်ကြိုရန် အထိန်းတော်များနှင့် ရံရွေတော်တစ်စုသာ ကျန်ခဲ့သည်။
နန်းတော်ခန်းမထဲသို့ ပြန်လာချိန်တွင် ကျောင်းယွဲ့က လုကျိုးကို တော်ဝင်နန်းတော်ထဲ အဖြစ်အပျက်ကို အကြမ်းဖျင်းပြောပြလိုက်၏။ လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူ မေးလိုက်သည်။ “လျန်ရှင်းနဲ့ မင်း ဘယ်တုန်းက ပထမဆုံးအကြိမ်တွေ့တာလဲ”
ကျောင်းယွဲ့သည် မြေပြင်ပေါ် လဲကျနေသော လျန်ရှင်းကို တစ်ချက်ကြည့်ပြီး အသေးစိတ် ရှင်းပြလိုက် သည်။ “အဲ့ဒီတုန်းက ရှစ်မေ့ထျန်းရှင်းက သူရိန်ပြာတောင်တန်းပေါ်မှာ ထောင်ချောက်ဆင်တဲ့အချိန် တပည့် သူပြောတာကို သဘောမတူခဲ့ဘူး။ ဒါကြောင့် တပည့် ထွက်လာခဲ့တာ။ နောက်ပိုင်းကျ ယူနန်မှာ လျန်ရှင်းကို တွေ့ခဲ့တာ။ အဲ့ဒီတုန်းက သူက အားနည်းတဲ့ကျင့်ကြံသူတစ်ယောက်အဖြစ် ယောင်ဆောင်ခဲ့ပြီး တပည့်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ကူညီပံ့ပိုးပေးခဲ့တာ။ အကောင်းဆုံးမိတ်ဆွေလို့ သဘောထားခဲ့တယ်။ တပည့်ရဲ့ လေဟာနယ်မျိုးစေ့ကို ခိုးယူချင်နေမှန်း မထင်ထားဘူး”
လျန်ရှင်း ပါးစပ်ဟပြီး စကားပြောတော့မှာကို မြင်သောအခါ ကျောင်းယွဲ့က ပြောလိုက်သည်။ “ပါးစပ်ပိတ်”
ပြီးနောက် သူမက ဆက်ပြောလိုက်သည်။ "အဲ့ဒီတုန်းက တပည့်က မဟာလေဟာနယ်စွမ်းအင် အကြောင်း ဘာမှမသိခဲ့ဘူး။ ဒါကြောင့် အဲ့တာကို အလေးမထားခဲ့မိဘူးလေ။ လျန်ရှင်းက သူ့ဆရာကို တွေ့ရမယ်လို့ပြောပြီး ထွက်သွားခဲ့တာ။ သိပ်မကြာခင်တုန်းက ကျင့်မင်တာအိုဂိုဏ်းက ဂိုဏ်းချုပ်လည်းဖြစ်တဲ့ မော့ချီဖမ်းတာခံလိုက်ရတယ်။ ဂိုဏ်းနှစ်ဂိုဏ်းကြား ပဋိပက္ခဖြစ်စေဖို့ မော့ချီက တပည့်ကို ငါးစာအနေနဲ့သုံးခဲ့တာ။ ယူနန်ရဲ့အထွတ်အမြတ်ယဇ်ပလ္လင်မှာ သူက တပည့်ကို သူတော်စင်မ ဖြစ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ မိစ္ဆာမဖြစ်စေခဲ့တယ်။ ပြီးတော့ ရှစ်စွင်းက ဆက်ဖြစ်တာကို သိပါတယ်”
လုကျိုးသည် ယူနန်၏ယဇ်ပလင်၌ ခုံရွှမ်းကို သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က သူသည် အာရုံခံသိပ်သည်းမှုနယ်ပယ်၏ အလယ်အဆင့်တွင်သာရှိသည်။ ယခု ထိုအကြောင်းကို တွေးမိလေရာ ထိုစဉ်က သူ တကယ်အန္တရာယ်များခဲ့သည်။ ရန်သူများ အုပ်စုဖွဲ့တိုက်ခိုက်လျှင် သူက ခက်ခဲသည့်အချိန်ရှိလာလိမ့်မည်။
ခဏအကြာတွင် လုကျိုးက ပြောလိုက်၏။ “ဆက်ပြော”
ကျောင်းယွဲ့ကို ခေါင်းညိတ်လိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်လာပြီးတော့ လျန်ရှင်းက တပည့်ကို မရှာခဲ့ဘူး။ တပည့်တော်ဝင်နန်းတော်ကို ရောက်တော့မှပဲ တပည့်ဆီချဉ်းကပ်လာတာ။ အဲ့ဒီတုန်းက သူ ရုတ်တရက်ကြီး ပွင့်ချပ်ရှစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက တပည့်ကို ကာကွယ်ချင်တယ်လို့ပြောတာ။ တပည့်က သူ့ကို တုံးတုံးအအနဲ့ ယုံမိခဲ့တယ်လေ။ နှစ်ဝက်ကုန်သွားတာ။ အဲ့ဒီတုန်းက တော်ဝင်နန်းတော်နဲ့ သူ့ရဲ့ဂိုဏ်းလို့ခေါ်တဲ့ နေရာကြား မကြာမကြာ သွားခဲ့တာ။ အဲ့ဒီတုန်းက တပည့်ရဲ့ကျင့်ကြံဆင့်ကို အာရုံသိပ်မစိုက်ခဲ့ဘဲ တိုင်းပြည်အရေးဖြေရှင်းပြီး အလုပ်များနေတာ။ သူက ရုတ်တရက်ကြီး တပည့်ကို အဝေးခေါ်သွားချင်တယ်လို့ ပြောတော့ သံသယဝင်လာတာပဲ”
လုကျိုးက မေးလိုက်၏။ “အဲ့တုန်းက ငါ့ကို ဒီအကြောင်းတွေ ဘာလို့မပြောပြတာလဲ”
ကျောင်းယွဲ့က ဒူးထောက်ပြီးနောက် ပြောလိုက်သည်။ "ရှစ်စွင်းက အဲ့ဒီတုန်းက အနီရောင်ကြာနယ်မြေကို ရောက်နေပြီးပြီ။ ရှစ်စွင်းကို တပည့်ကို ဒုက္ခမပေးရဲပါဘူး။ ချီရှစ်တိကလည်း မဟာလေဟာနယ်အကြောင်း တပည့်ကို ပြောပြခဲ့ရင် တပည့် ဒီကိစ္စကို ထိန်ချန်ထားရဲမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးပါ”
လုကျိုးက လျန်ရှင်းကိုကြည့်ပြီး မေးလိုက်၏။ “ဒီတော့ မင်းက တလျှောက်လုံး ကျောင်းယွဲ့ရဲ့ မဟာလေဟာနယ်စွမ်းအင်ရဖို့ နည်းလမ်းတွေ စဉ်းစားနေတယ်ပေါ့”
လျန်ရှင်းက သက်ပြင်းရှည်ကြီးချလျက် ဝန်ခံလိုက်သည်။ “ဟုတ်တယ်” လုကျိုးသည် ရှန်ရှစ်ကို အချက်ပြလိုက်၏။
ရှန်ရှစ်သည် လုကျိုး၏ရည်ရွယ်ချက်ကို သဘောပေါက်ပြီး အဆောင်တစ်ခု ထုတ်လိုက်၏။ မီးမြှိုက်ပြီးနောက် အဆောင်သည် လျန်ရှင်းဆီတိုးဝင်သွား၏။ အဆောင်က သူမနား ကပ်သွားချိန်တွင် ပြအဖြစ်ပြောင်းလဲသွားတော့သည်။ ရှန်ရှစ်က လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။ “သူ့မှာ မဟာလေဟာနယ်စွမ်းအင်ရှိတာ သံသယဖြစ်ဖွယ် မရှိပါဘူး”
လျန်ရှင်းသည် ကိစ္စများကို ဖုံးကွယ်၍ မရနိုင်တော့မှန်း သိသဖြင့် ပြောလိုက်၏။
“ကျွန်မက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက လာပြီး ရွှေကြာနယ်မြေကို စောင့်ကြည့်ဖို့ တာဝန်ပေးခံရတာ။ အဲ့ဒီတုန်းက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ကြားဖူးတယ်။ နောက်တော့ ကျောင်းယွဲ့နဲ့ တွေ့ခဲ့တယ်”
“ကျောင်းယွဲ့မှာ လေဟာနယ်စွမ်းအင်ရှိတာ ဘယ်လိုသိလဲ” လုကျိုးက မေးလိုက်၏။
လျန်ရှင်းက ပြောသည်။ “ကျောင်းယွဲ့က စုန်းအတတ်ကျင့်ကြံသူတွေကို ဟိုးအရင်တုန်းက တွေ့ခဲ့ဖူးတာကြောင့်ပဲ။ သူ့အတွက် စိတ်မကောင်းဖြစ်တာကြောင့် စုန်းအတတ်ကျင့်ကြံသူတွေကို သတ်ပေးခဲ့တာ။ ဒါပေမဲ့ ရွှေကြာနယ်မြေထဲမှာ ကျွန်မရဲ့အချိန်က အကန့်အသတ်ရှိတယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ပြန်ရမှာ”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“မင်း သူ့ရဲ့လေဟာနယ်စွမ်းအင်ကို လုယက်ချင်တာကြောင့် သူ့ကို ကယ်တင်ခဲ့တယ်။ ဒါကို ဝန်ခံလား”
“ကျွန်မ ဝန်ခံတယ်” လျန်ရှင်းက ပြော၏။
“မဟာလေဟာနယ်စွမ်းအင်ကို ယူဖို့ ဘာနည်းလမ်းသုံးလဲ”
လျန်ရှင်းဖြေမှာကို မစောင့်ဘဲ ရှန်ရှစ်က ပြောလိုက်၏။ “စုပ်ယူခြင်းသလင်း”
“ဒီအကြောင်း ဘယ်လိုသိလဲ” လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်၏။
“စုပ်ယူခြင်းသလင်းက နာမည်အတိုင်းပဲ တခြားသူရဲ့ကျင့်ကြံဆင့်ကို စုပ်ယူနိုင်တယ်။ အဲ့ဒါက စွမ်းအင်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုလည်း စုပ်ယူနိုင်တယ်။ သလင်းတွေက ရှားပါးတယ်။ မီးဝိညာဉ်ကျောက်တုံးတွေထက်တောင် ရှားပါးတာ” ရှန်ရှစ်က ပြောလိုက်၏။
လျန်ရှင်းက ရှန်ရှစ်ကို ကြည့်ရန်ခေါင်းမော့ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ကျွန်မ စုပ်ယူခြင်းသလင်းတွေကို သုံးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ကျောင်းယွဲ့ကို ကာကွယ်ဖို့ လုပ်ခဲ့တာပဲ”
ထိုစကားများကို ကြားသောအခါ ကျောင်းယွဲ့က ဒေါသထွက်သွားသည်။ “ကျွန်မကို ကာကွယ်ဖို့လား”
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာ စုပ်ယူခြင်းသလင်းအပိုမရှိဘူး။ သူတို့သာ ကျောင်းယွဲ့ရဲ့ မဟာလေဟာနယ်စွမ်းအင်ကို လိုချင်တယ်ဆိုရင် သူတို့က သူမကို စတေးလိုက်မှာ။ ဒါကြောင့် သူမကို ဝှက်ထားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မီးက စာရွက်ကို မထိန်းနိုင်သလိုပဲ။ ခေါင်းဆောင်ထန်က လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ်” လျန်ရှင်းက ပြောလိုက်၏။
လုကျိုးက လက်ဆန့်ထုတ်လိုက်သည်။ "စုပ်ယူခြင်းသလင်းက ဘယ်မှာလဲ”
“ကျွန်မ ယူနန်က ထွက်လာတော့ အဲ့တာက ဖျက်ဆီးခံလိုက်ရတယ်”
ရှန်ရှစ်က ပြောလိုက်၏။ “သူ့ရဲ့ လေဟာနယ်စွမ်းအင်ကို မင်း စုပ်ယူခဲ့တယ်ဆိုတော့ မင်းရဲ့ ကျင့်ကြံဆင့်က အတော်တိုးတက်နေမှာပဲ။ သလင်းဖျက်စီးခံလိုက်ရလည်း ကိစ္စမရှိဘူး။ မင်းမှာ လေဟာနယ်စွမ်းအင်ရှိရင် ငါတို့အဲ့တာကို မင်းဆီက ပြန်ယူနိုင်တယ်”
လျန်ရှင်းသည် ထိုစကားများကို ကြားသောအခါ ကြောက်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။
လုကျိုးက မေးလိုက်သည်။ “မဟာလေဟာနယ်စွမ်းအင်ကို ပြန်ယူဖို့ နည်းလမ်းရှိတယ်လား”
“ရှိတာပေါ့။ ကျွန်တော်တို့ကလည်း အဲ့တာကို ပြန်ယူနိုင်တယ်။ တူညီတဲ့နည်းလမ်းအတိုင်းပဲလေ။ သူ့ကို သန့်စင်လိုက်ရုံပေါ့” ရှန်ရှစ်က ပြန်ပြောလိုက်သည်။
ကျောင်းယွဲ့က မှင်တက်သွားတော့သည်။
တစ်ဖက်တွင်မူ လုကျိုးက ဆိတ်ဆိတ်သာ နေနေတော့သည်။
ရှန်ရှစ်က ဦးညွှတ်လျက် ပြောလိုက်သည်။
"အစတည်းက အညှာတာမရှိ ပြုမူခဲ့တာ သူပဲလေ။ ဒီတော့ ဒီကိစ္စအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ကိုယ့်အပိုင်ကို ပြန်ယူရမယ်။ ကျွန်တော့်ရဲ့စကားတွေက နားဝင်မချိုတာကို မျှော်နန်းသခင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
“မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်” လုကျိုးသည် ရှန်ရှစ်ကို မည်ကဲ့သို့ အပြစ်တင်နိုင်မည်နည်း။ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်တစ်ယောက်က သူ့ဘေးတွင် ရှိနေလျှင် ကိစ္စရပ်များက ပိုချောမွေ့သွားပေမည်။
…
အခန်း (၉၅၆) အားလုံးကို ဆွဲချမိတဲ့အတွက် စိတ်မကောင်းပါဘူး
လုကျိုးက ကျောင်းယွဲ့ကို ကြည့်ကာ မေးလိုက်သည်။
“ကျောင်းယွဲ့ မင်းရော ဘယ်လိုထင်လဲ”
ကျောင်းယွဲ့က လျန်ရှင်းကို ကြည့်လိုက်သည်။ လျန်ရှင်းက သူမကို ကယ်တင်ခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူမဆီကနေ မဟာလေဟာနယ် စွမ်းအားကို ခိုးယူခဲ့သည်မှာလည်း သံသယဖြစ်ဖွယ် မရှိပေ။
သို့သော်လည်း ကျောင်းယွဲ့က ပြန်မဖြေခင် လျန်ရှင်းက ပြောလာသည်။
“ဘာမှ စဥ်းစားနေဖို့ မလိုဘူး။ မဟာလေဟာနယ် စွမ်းအားကို နင့်ဆီ ပြန်ပေးမယ်။ ဒါဆိုရင် ငါတို့တွေ ကျေပြီ”
လုကျိုးက စားပွဲခုံကို အသာရိုက်ကာ ပြောလိုက်သည်။
“မဟာလေဟာနယ် စွမ်းအားက မင်းအပိုင် မဟုတ်ဘူး။ မင်းက သူမဆီကနေ ခိုးယူခဲ့တာ။ အဲဒါကိုတောင် ဒီလိုမျိုး သမာသမတ်ကျကျ ပြောရဲသေးတယ်လား။ မင်းက ငယ်ရွယ်သေးလို့ အမှားအမှန်ကို မသိတာ နားလည်တယ်။ မင်းက ကောင်းကောင်း ပြုမူပေမဲ့ တကယ်ကို အရှက်မရှိတာပဲ။ ငါက မင်းမိဘတွေ မဟုတ်တော့ မင်းရဲ့ ခံစားချက်ကို ဂရုစိုက်မနေတော့ဘူး။ သူမကို ခေါ်သွားလိုက်။ နောက်တစ်ရက်ကျမှ မဟာလေဟာနယ် စွမ်းအားကို ပြန်ယူမယ်”
“ဟုတ်ကဲ့”
“အားလုံး ထွက်သွားလို့ရပြီ။ ငါတို့တွေ မနက်ဖြန် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ကြမယ်”
“ဟုတ်ကဲ့”
................
ညဘက်တွင်
လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းကာ သူ့အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို တတ်နိုင်သမျှ မြန်မြန်ပြန်လည်ဖြည့်တင်းဖို့ လုပ်ဆောင်လိုက်သည်။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား မရှိဘဲ သူက လုံခြုံမှု ကင်းမဲ့နေသလို ခံစားရ၏။
တစ်ချိန်တည်းဆိုသလို သူ့ကုသိုလ်ရမှတ်များကို ကြည့်လိုက်မိသည်။
ကုသိုလ်ရမှတ် - ၁၅၅ ၄၀၀
သူက ယနေ့တွင်မူ ကုသိုလ်ရမှတ် ၁သိန်းကျော် ရရှိခဲ့၏။ ထိုအရာအပြင် သူက မီးတောက် စိတ်ဝိညာဥ်ကျောက်တုံး ၆တုံး ရရှိခဲ့သည့်အတွက် ယနေ့အကျိုးအမြတ်က အတော်လေး ကြီးမားလှသည်။
ခဏအကြာတွင် သူက ခေါင်းယမ်းလိုက်၏။ ယခု ကုသိုလ်ရမှတ်များကို မည်သို့ဖြုန်းတီးပစ်ရမည်ကို စဥ်းစားနေဖို့ အချိန်မဟုတ်ပေ။ သူက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ အာရုံစိုက်ထားရမည်။
ရှန်ရှီနှင့် လီရှောင်မော့တို့က မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်သည်မှာ ကောင်းသော်လည်း လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေသေးသည်။ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ကြာ တံဆိပ်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သူ့ဆီ ခေါ်ဆောင်လာလိမ့်မည်။ အကယ်၍ မူမမှန်မှုသာ မရှိပါက အထွတ်အထိပ် ဆန်းကြယ်စွမ်းအားသည် ထိုတံဆိပ်များကို ဖယ်ရှားပစ်နိုင်လောက်၏။
...
နောက်တစ်ရက် မနက်ခင်း
လုကျိုးက မျက်လုံးမဖွင့်ခင် ကျောင်းယွဲ့က အပြင်ဘက်မှ ပြောလာလေသည်။
“ရှစ်စွင်း ရထားလုံးပျံ အဆင်သင့်ဖြစ်ပါပြီ”
“ကောင်းပြီ”
လုကျိုးက မျက်လုံးဖွင့်လိုက်၏။ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားကို ခံစားမိပြီးသည့်နောက်တွင် တစ်ဝက်ပြန်ကောင်းနေပြီဖြစ်ကြောင်း တွေ့ရှိသွားသည်။ သူက ထိုအရာနှင့် ပတ်သက်ပြီး ကျေနပ်နေမိ၏။
သူက စိတ်ထဲတွင် တွေးလိုက်မိသည်။
“ခရမ်းရောင် တောက်ပသံကျောက်သာ ပေါင်းစည်းရေးအဆင့် ဖြစ်သွားရင် ဘယ်လောက်တောင် မြန်ဆန်သွားလိုက်မလဲ”
သို့သော် မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးက လွှမ်းမိုးအဆင့် လက်နက်များကို အသုံးမပြုနိုင်ပေ။ ထိုအရာက လွှမ်းမိုးအဆင့် လက်နက်ကို ပေါင်းစည်းရေးအဆင့် လက်နက်အဖြစ် မည်သို့အဆင့်မြှင့်တင်နိုင်မလဲဟု မေးခွန်းထုတ်မိသွားသည်။
စနစ်ကရော ...
အတိတ်တုန်းက စနစ်သည် တောက်ပကျောက်တုံး၊ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးနှင့် သန့်စင်မွမ်းမံရေး အဆောင်တို့ကို ဆုလာဘ်ပေးခဲ့သည်။ ထိုအရာက စနစ်သည် လွှမ်းမိုးအဆင့် လက်နက်ကို ပေါင်းစည်းရေးအဖြစ် မြှင့်တင်ဖို့ လိုအပ်နေသည့် ပစ္စည်းများလည်း ရှိသင့်ပေသည်။
ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် လုကျိုးက ထိုအတွေးများကို ဖယ်ရှားကာ ထရပ်လိုက်သည်။ သူက စိတ်အခြေအနေ ကောင်းနေလေ၏။ အကြောင်းပြန်လှန်ကတ်ကို အသုံးပြုပြီးသည့်နောက်တွင် ပိုမိုသက်တောင့်သက်သာ ရှိလာသလို ခံစားနေရသည်။
ငါ့ရဲ့ ကုသိုလ်ရမှတ်အားလုံးကို အကြောင်းပြန်လှန်ကတ် သုံးလိုက်သင့်တယ် ...
ယခင်က သူသည် သံသယဖြစ်မှုကို စိုးရိမ်ပြီး လုံလုံလောက်လောက် အားမကောင်းသေးသည့်အတွက် အကြောင်းပြန်လှန်ကတ်မြောက်မြားစွာကို အသုံးမပြုခဲ့ပေ။ သို့သော်လည်း ယခုတွင် မည်သူကများ သူ့ကို သံသယဖြစ်ရဲမည်နည်း။
ခဏအကြာတွင် သူက ခန်းမမှ ထွက်လာကာ တိမ်ခွင်းရထားလုံးဖြင့် တော်ဝင်နန်းဆောင်မှ ကျောင်းယွဲ့၊ ရှန်ရှီနှင့် တခြားသူများနှင့်အတူ ပျံသန်းထွက်လာသည်။
...
တစ်ချိန်တည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ပြန်ရောက်လာမှုက တာ့ယန်၏ အံ့ဖွယ်မြို့တော်အတွင်း တောမီးလို ပျံ့နှံ့သွားလေ၏။
တစ်ယောက်က ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာ သတင်းပျံ့နှံ့နှုန်းက အံ့မခန်းဖြစ်သည်။
တည်းခိုဆောင်တစ်ခုအတွင်း
“မင်းတို့ ကြားပြီးပြီလား။ မိစ္ဆာအိုကြီးကျိ ပြန်ရောက်လာပြီတဲ့။ သူ ပြန်ရောက်လာပြီးတဲ့နောက်မှာ မနေ့က တော်ဝင်နန်းဆောင်မှာ ပြဿနာရှာတဲ့ ကျင့်ကြံသူတွေအားလုံး မောင်းထုတ်ခံလိုက်ရတယ်လေ။ တိုက်ပွဲကိုတောင် မိုင်များစွာကနေ မြင်နိုင်တယ်တဲ့”
“မင်းက တော်တော်သတ္တိကောင်းတာပဲ။ သူ့ကို မိစ္ဆာအိုကြီးကျိလို့ ခေါ်ရဲသေးတယ်လား”
“စကားချော်သွားလို့ပါကွာ”
ထိုစဥ် တည်းခိုဆောင်အပြင်ဘက်မှ ကျင့်ကြံသူတချို့က တီးတိုးပြောဆိုနေကြ၏။
“မျှော်နန်းသခင် ပြန်ရောက်ပြီဆိုတာကို ဂိုဏ်းချုပ်ကို သွားပြီး အကြောင်းကြားလိုက်”
“ဟုတ်ကဲ့”
...
ရွှေနန်းဥယျာဥ်တောင်၏ အကာအရံက အားလုံးရှေ့မှောက် ပေါ်ထွက်လာသည့်အခါ နေ့လယ်ဖက် ကျရောက်နေပြီဖြစ်၏။
လုကျိုးက လက်တစ်ဖက် နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လိုက်ပြီး တောင်တန်းနှင့် ကုန်းမြေအား ကြည့်နေလေသည်။
နေရောင်က ကုန်းမြေအပေါ် ဖြာကျနေပြီး တောင်ထိပ်က ကောင်းကင်ထိလုမတတ် မြင့်မားနေကာ တိမ်တိုက်နှင့် မြူခိုးများဖြင့် ဝန်းရံလျက် ရှိသည်။ ရှေးကျသည့် ထင်းရှူးသစ်ပင်များကလည်း မြင့်မားနေပြီး ကျောက်တုံးများကလည်း ထူးဆန်းလှသည်။ ထိုအရာက ပန်းချီကားတစ်ချပ်နှင့် တူ၏။
လုကျိုးက သူအိမ်ပြန်ရောက်သည်ကို တွေးမိကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ရုတ်ခြည်းဆိုသလို ရှန်ရှီနှင့် လီရှောင်မော့တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“မွေးဖွားဇယားချပ် သားရဲ”
သူတို့က ရွှေနန်းဥယျာဥ်တောင်အနီးတွင် ချန်ဟွမ်းကို မြင်တွေ့လိုက်သည်နှင့် တိမ်ခွင်းရထားလုံးမှ ပျံသန်းထွက်လာလိုက်သည်။ သူတို့ ၂ဦး၏ မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်နေလေ၏။ ထိုအရာက သူတို့၏ ယခင်အလုပ်မှ ရောဂါတစ်မျိုးဟုပင် ဆိုနိုင်သည်။
“မျှော်နန်းသခင် ဘာမှလှုပ်ရှားဖို့ မလိုဘူး။ ကျုပ်တို့တွေ ဒီမွေးဖွားဇယားချပ် သားရဲကို ဖြေရှင်းလိုက်မယ်” ရှန်ရှီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ကျောင်းယွဲ့က အလျင်အမြန် ပြောလိုက်ရ၏။
“အစောင့်အရှောက်ရှန် ခဏလောက် စောင့်ပါအုံး”
“...”
“ဒါက ကျွန်မတို့ လျိုရှစ်မေးရဲ့ စီးတော်သားရဲပါ။ မွေးဖွားဇယားချပ် သားရဲရယ် မဟုတ်ပါဘူး”
ကျောင်းယွဲ့က ရှင်းပြလိုက်သည်။
“စီးတော်သားရဲလား” ရှန်ရှီက အံ့အားသင့်သွားလေ၏။
ကျောင်းယွဲ့က ပြောလိုက်သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရွှေနန်းဥယျာဥ်တောင်ဆိုတာကို မေ့မထားနဲ့အုံး။ ရှင်တို့တွေ ဒီမှာ မြင်တွေ့သမျှ အရာအားလုံးအတွက် ကိုယ့်ဘာသာကိုယ် စိတ်ထဲ ပြင်ဆင်ထားသင့်တယ်”
ထိုစကားများဖြင့် ရှန်ရှီက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“သတိပေးတာ ကျေးဇူးပါ”
ရှန်ရှီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
တော်သေးတာပေါ့။ ငါသာ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်မိရင် ဘယ်လို အသက်ပျောက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး ...
ထိုအရာအပြင် ရှန်ရှီက အံ့အားသင့်နေမိ၏။ မည်သို့သော ပုဂ္ဂိုလ်မျိုးက ချန်ဟွမ်းကို ယဥ်ပါးစေပြီး စီးတော်သားရဲအဖြစ် ပြောင်းလဲခဲ့သနည်း။
မွေးဖွားဇယားချပ် သားရဲများကို မဆိုထားနှင့်။ သာမန်ခက်ထန်သားရဲများကို ယဥ်ပါးအောင် လုပ်ဖို့ရာပင် အင်မတန် ခက်ခဲလှလေပြီ။ မွေးဖွားဇယားချပ် သားရဲကို ယဥ်ပါးအောင် လုပ်ဖို့က အဆရာချီ သို့မဟုတ် အဆထောင်ချီ ပို၍ခက်ခဲ၏။ သို့သော်လည်း သူက တိမ်ခွင်းရထားလုံးပေါ်တွင် ရှိနေသည့် တိကျန်းကို ကြည့်သည့်အခါ သူက မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်ရှိနေကြောင်း ကိုယ့်ကိုယ်ကို သတိပေးလိုက်ရသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းကို အကဲဖြတ်ဖို့ ပုံမှန်စဥ်းစားဉာဏ်ဖြင့် ဆုံးဖြတ်၍ မရကြောင်း သိလိုက်သည်။
တိမ်ခွင်းရထားလုံးက မိစ္ဆာဝေဟင်မျှော်နန်း၏ အကာအရံအတွင်း ဝင်ရောက်လာသည့်အခါ အဖြူရောင် ပုံရိပ်လေးတစ်ခုက လူအုပ်ကို ဦးဆောင်ကာ ထွက်ပေါ်လာပြီး ဦးညွှတ်လိုက်သည်။
“မျှော်နန်းသခင် ပြန်လာတာကို ကြိုဆိုပါတယ်”
“ရှစ်စွင်းကို ကြိုဆိုပါတယ်”
လုကျိုးက တိမ်ခွင်းရထားလုံးပျံမှ ဆင်းသက်ကာ အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်။
ယဲ့ထျန်းရှင်းက လုကျိုး၏ ဆံပင်အနက်ရောင်များကို မြင်သည့်အခါ အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာ၏။
တူညီလှစွာ တခြားသူများကလည်း အံ့အားသင့်သွားကြသည်။
လုကျိုးက ပြောလိုက်သည်။
“လောကွတ်ချော်နေစရာ မလိုဘူး”
ထိုစကားများဖြင့် အားလုံးက ကျောမတ်မတ် ရပ်လိုက်ကြသည်။
တစ်ချိန်တည်းဆိုသလို ယဲ့ထျန်းရှင်းက မျက်နှာသစ်များကို မြင်သည့်အခါ မေးလိုက်သည်။
“အဲဒီလူတွေက ဘယ်သူတွေများလဲ”
ကျောင်းယွဲ့က အသစ်ရောက်လာသည့် လူ ၂ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
“အဲဒီ ၂ယောက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက် အသစ်တွေပါ”
“ကျုပ်က ရှန်ရှီပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
“ကျုပ်က လီရှောင်မော့ပါ။ တွေ့ရတာ ဝမ်းသာပါတယ်”
မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများကလည်း ပြန်လည်တုံ့ပြန်လိုက်ကြသည်။
ထို့နောက် လျန်ရှင်းက တိတ်ဆိတ်နေလျက် ပြန်လည်သုံးသပ်ရေးဂူဆီ ခေါ်ဆောင်သွားခံလိုက်ရသည်။
ထိုစဥ် လုကျိုးက လှမ်းခေါ်လိုက်၏။
“ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း”
“ဟုတ်ကဲ့ မျှော်နန်းသခင်”
“မင်းတို့ ၂ယောက်လုံး အစောင့်အရှောက် ၂ယောက်အတွက် နေထိုင်စရာ ပြင်ဆင်ပေးလိုက်အုံး”
“ဟုတ်ကဲ့”
ထိုစကားပြောပြီးသည့်နောက်တွင် လုကျိုးက အရှေ့ဘက် မျှော်နန်းဆောင်ဆီ ပြန်သွားလေသည်။
တခြားတစ်ဖက်တွင် ယဲ့ထျန်းရှင်းက ကျောင်းယွဲ့နှင့် စကားစမြည်းပြောဖို့ ဖိတ်ခေါ်သွား၏။
ဧည့်ခံမှုကို တာဝန်ပေးခံရပြီးသည့်နောက်တွင် ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ရှန်ရှီနှင့် လီရှောင်မော့တို့ကို ကြည့်လိုက်ရုံဖြင့် သူတို့ ဘယ်လိုပြုမူရမည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့ ၂ဦးက လေးလေးစားစား ဦးညွှတ်ကာ ပြောလိုက်၏။
“အစောင့်အရှောက်တွေကို ဂါရဝပြုပါတယ်”
ရှန်ရှီက သူသည် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သွင်ပြင်အလိုက် အကဲဖြတ်၍ မရကြောင်း သူ့ကိုယ်သူ သတိပေးထား၍ ဦးညွှတ်ကာ ပြောလိုက်သည်။
“မဟုတ်တာ … မဟုတ်တာ အားနာလွန်းနေပါပြီ”
“မဟုတ်ပါဘူး။ အစောင့်အရှောက်တို့ ကျုပ်တို့က ဒီလိုမျိုး ရိုသေမှုနဲ့ မထိုက်တန်ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ။ နေထိုင်စရာ ကိုယ်တိုင် စီစဥ်ပေးပါ့မယ်” ဖန်ကျုံးက အပြုံးလေးဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ အဆင်ပြေပါတယ်။ ကိုယ်တိုင် လုပ်ပေးစရာ မလိုပါဘူး” ရှန်ရှီက ပြောလိုက်၏။
“မဟုတ်တာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက်တွေကို ဘယ်လိုလုပ် ဂရုမစိုက်လို့ ဖြစ်ပါ့မလဲ” ကျိုးကျစ်ဖုန်းက ဝင်ပြောလိုက်သည်။
“၂ဦးလုံးက အတော်လေးကို ဧည့်ဝတ်ကျေကြလွန်းတော့ ကျုပ်တောင် မျက်နှာပူမိလာပြီ”
၄ယောက်သားက အချင်းချင်း ဦးညွှတ်နေကြသည့်အတွက် ဘေးနားရှိ အမျိုးသမီးတပည့်များကပင် အနည်းငယ် စိတ်ရှုပ်ထွေးမိသွားသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က တောင်ဘက် မျှော်နန်းဆောင်ဆီ ဦးဆောင်၍ ခေါ်လာလိုက်သည်။
လမ်းတစ်လျှောက်တွင် ဖန်ကျုံးက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်း ၄ခုအကြောင်း ရှင်းပြနေခဲ့၏။
“အစောင့်အရှောက်တို့ တောင်ဘက် မျှော်နန်းဆောင်က မျှော်နန်းသခင်ရဲ့ တပည့်တွေ နေထိုင်ရာပါ။ အဲဒါကလွဲရင် ဒီနေရာမှာက အကြီးအကဲနဲ့ အစောင့်အရှောက်တွေပဲ နေကြတာပါ။ တခြားသူတွေကတော့ နေထိုင်ခွင့် မရှိပါဘူး။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”
“တပည့်တွေလား” ရှန်ရှီက မေးလိုက်၏။
ဖန်ကျုံးက အသစ်ရောက်လာသည့်သူကို လျှော့မတွက်ရဲပေ။ ထိုအစား သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
“မျှော်နန်းသခင်မှာ ထူးချွန်ပြောင်မြောက်တဲ့ တပည့်ဆယ်ယောက် ရှိပါတယ်။ စောစောလေးက အဖြူဝတ် မိန်းမပျိုလေးက မျှော်နန်းသခင်ရဲ့ ခြောက်ယောက်မြောက် တပည့်ပါ။ ကျွန်တော်တို့ကတော့ သူ့ကို ဆဋ္ဌမ သခင်မလေးလို့ ခေါ်ပါတယ်”
ဝှစ်
ထိုစဥ် ဧရာမ အရိပ်ကြီးတစ်ခုက အားလုံးကို လွှမ်းမိုးလာလေ၏။ သူတို့က မော့ကြည့်လိုက်သည့်အခါ ဧရာမ ခေါင်းကြီးက သူတို့ကို ငုံ့ကြည့်နေပြီး သူတို့၏ ခန္ဓာကိုယ်ကို အနံ့ခံနေသည်ကို တွေ့လိုက်ရသည်။
ချန်ဟွမ်းက သူတို့ ခန္ဓာကိုယ်ကို အနံ့ခံပြီးသည့်နောက် ရွံရှာသည့်အလား ခေါင်းအသာယမ်းကာ ထွက်သွားလေသည်။ ထို့နောက် တစ်ချက်ပင် ပြန်လှည့်မကြည့်ခဲ့ပေ။
ရှန်ရှီနှင့် လီရှောင်မော့ “...”
ဖန်ကျုံးက ပြောလိုက်သည်။
“အဲဒါက ဆဋ္ဌမ သခင်မလေးရဲ့ စီးတော်သားရဲ ချန်ဟွမ်းလေ”
ရှန်ရှီက သူသည် ချန်ဟွမ်းကို အနီးကပ် မြင်သည့်အခါ သာမန်မွေးဖွားဇယားချပ် သားရဲ မဟုတ်ကြောင်း သိလိုက်ရ၍ အံ့အားသင့်သွားလေသည်။ ထိုတွေ့ရှိမှုဖြင့် မိစ္ဆာဝေဟင်မျှော်နန်းသည် ပိုမိုဆန်းကြယ်ကာ နက်နဲလာလေ၏။
ကျိုးကျစ်ဖုန်းက ခေါ်ဆောင်သွားကာ ပြောလိုက်သည်။
“ခင်ဗျားတို့နဲ့ အတူတူလာတဲ့ မိန်းကလေးက မျှော်နန်းသခင်ရဲ့ ငါးယောက်မြောက် တပည့်ပါ။ ကျုပ်တို့ကတော့ သူ့ကို ပဉ္စမ သခင်မလေးလို့ ခေါ်တယ်။ သူမရဲ့ ကျင့်ကြံဆင့်က နိမ့်လို့ဆိုပြီးတော့ လျှော့တော့ မတွက်နဲ့အုံး။ သူမက ... “
ရှန်ရှီက အလျင်အမြန် ဖြတ်ပြောလိုက်၏။
“ကျုပ် နားလည်ပါတယ်။ နားလည်ပါတယ်”
ရှန်ရှီက မည်သို့နားမလည်ဘဲ နေမည်နည်း။ ထိုအမျိုးသမီးတွင် မဟာလေဟာနယ် စွမ်းအား ရှိထားလေသည်။ နောင်အနာဂတ်တွင် အားကြီးသည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ ရှောင်လွှဲမရနိုင်ပေ။
ရှန်ရှီနှင့် လီရှောင်မော့တို့၏ သဘောထားကို မြင်တွေ့ပြီးသည့်နောက်တွင် ဖန်ကျုံးက သူတို့ ၂ဦးအပေါ် အထင်အမြင်ကောင်း ရှိလာမိသည်။ သူက ညီအစ်ကိုလိုမျိုး ခံစားလာမိ၏။
သူက ခေါင်းညိတ်ကာ မေးလိုက်သည်။
“ခင်ဗျားတို့တွေက အတွေ့အကြုံ ကြွယ်ဝတဲ့သူတွေဆိုတာကို တစ်ချက်တည်း ကြည့်ရုံနဲ့ ပြောနိုင်တယ်။ တကယ်လို့ စိတ်မရှိရင် ကျင့်ကြံဆင့်ကို မေးလို့များ ရမလား”
ထိုမေးခွန်းကို ကြားကာ ရှန်ရှီ၏ မျက်နှာအထက် ရှက်ရွံ့သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကျုပ်ရဲ့ ကျင့်ကြံဆင့်က အတော်လေး နိမ့်ကျပါတယ်။ ခင်ဗျားတို့တွေ ကျုပ်ကို မရယ်ဖို့ဘဲ မျှော်လင့်ပါတယ်”
“မစိုးရိမ်ပါနဲ့။ ကျုပ်တို့ အားလုံးက အသားကျနေပါပြီ။ ဒါက မိစ္ဆာဝေဟင်မျှော်နန်းလေ။ ဘာမှသာမန် သဘောတရားနဲ့ အကဲဖြတ်လို့ မရဘူး” ဖန်ကျုံးက ပြောလိုက်ပြီး အသစ်ရောက်လာသည့် သူ ၂ဦးနှင့် ရင်းနှီးနေသလို ခံစားနေရသည်။
“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်” ရှန်ရှီက တခြားသူများ ကြားမည်ကို စိုးရိမ်သည့်အလား ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ကျုပ်က လျှို့ဝှက်ဆန်းကြယ်အဆင့်ပါ။ မွေးဖွားဇယားချပ် ၄ခု ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူပါ။ ဟူး မျက်နှာပူလိုက်တာ”
လီရှောင်မော့က ပိုမိုပင် မျက်နှာပူနေဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ် … ကျုပ် … ကျုပ်က မွေးဖွားဇယားချပ် ၃ခုတည်းပဲ ရှိသေးတာပါ။ အားလုံးကို ဆွဲချမိတာ စိတ်မကောင်းပါဘူး”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်း “...”
…
အခန်း (၉၅၇) သူတို့ပေါင်းစည်းပြီးတော့ ဘာတွေဖြစ်မှာလဲ
အံ့ဩဆွံ့အသွားလေ၏။ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်း နှစ်ယောက်လုံး အံ့ဩဆွံ့အသွားတော့သည်။ ယခုအချိန်၌ သူတို့နှစ်ယောက်လုံး၏စိတ်များက ဗလာကျင်းသွားတော့သည်။ မွေးဖွားဇယားချပ်က ဘာမှန်းမသိသော်ငြား ဆန်းကြယ်နယ်ပယ်နှင့် ဘုံတစ်ထောင်လေပွေကို သိသည်။ ကျင့်ကြံသူများက နဝမမြောက်ပွင့်ချပ်မဖူးပွင့်ချိန်တွင်တောင် ထိုစကားလုံးနှစ်လုံးက ရှေးစာအုပ်များထဲတွင် ရှိသည်။ ထိုစကားလုံးနှစ်လုံးသည် ပုံပြောရာတွင် အတော်လေးသုံးခဲ့၏။ ဤလူနှစ်ယောက်က ပထမဆုံးအနေဖြင့် ဆန်းကြယ်နယ်ပယ်သိုင်းပညာရှင်နှစ်ယောက်ကို တွေ့ပြီးနောက် အံ့ဩဆွံ့အသွားတော့သည်။
ဖန်ကျုံးက မယုံနိုင်သော အမူအရာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။ "နေ နေပါဦး ... အစောင့်အရှောက်ရှန်၊ အစောင့်အရှောက်လီ ခင်ဗျားတို့စကားကို ထပ် ထပ်ပြောပေးနိုင်မလား”
ထိုစကားများကို ကြားသောအခါ ရှန်ရှီက ပိုတောင်အနေခက်သွား၏။ သူက အနေခက်စွာ ပြောလိုက်သည်။
“စ စ စတုတ္ထမြောက် လေး လေး လေး မွေး မွေးဖွားဇယားချပ်လေးခု၊ ဘုံတစ်ထောင်လေပွေ”
“မွေးဖွားဇယားချပ် သုံး သုံးခုပါ” လီရှောင်မော့က ပိုတောင်ရှက်သွားသည်။
ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်နှစ်ယောက်၏ သဘောထားများက မယုံနိုင်စရာ ကောင်းလောက်အောင် ယဉ်ကျေးသိမ်မွေ့သည်။
“...”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းနှစ်ယောက်လုံးသည် အံ့ဩဆွံ့အနေလျက် အချိန်အတော်ကြာသည်အထိ ဘာပြောရမည်မှန်း မသိတော့ပေ။ ယင်းကို မြင်သောအခါ ရှန်ရှီက ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းရှေ့ လက်ဝေ့ယမ်းပြလိုက်သည်။
“တစ်ဆိတ်လောက် ခင်ဗျားတို့အဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲ”
ဤနည်းဖြင့် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က နောက်ဆုံး၌ သတိပြန်ဝင်လာသည်။
“ဘာ ဘာ ဘာမှမဟုတ်ပါဘူး။ ဟိုးနားမှာရှိတဲ့ စိတ်ငြိမ်တဲ့မျှော်နန်းက သခင်ပြန်မလာသေးတာ တွေ့ရလို့။ အဲ့ဒီအမျိုးကောင်းသား ထွက်သွားတာကြာပြီလေ။ သူ ပျော်ရွှင်ပြီး ဘေးကင်းနေမလား တွေးမိလို့” ဖန်ကျုံးက ပြောလိုက်၏။ ကျိုးကျစ်ဖုန်းက အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသေးတာကို မြင်သောအခါ သူက ဖန်ကျုံးကို လှမ်းတို့လိုက်၏။
“အား ... ဟုတ်တယ်။ အမှန်ပါပဲ” ကျိုးကျစ်ဖုန်းက အလျင်စလိုပြောပြီးနောက် ဝမ်းနည်းစွာ သက်ပြင်းချလိုက်တော့သည်။
ထိုစကားများကို ကြားသောအခါ ရှန်ရှီက လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် သစ္စာရှိလိမ့်မယ်လို့ မထင်ထားဘူး။ ရှောင်မော့နဲ့ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ခွင့်ရခဲ့တာက တကယ်ကံကောင်းတာပဲ”
“အဟုတ်ပဲ။ ကျုပ်တို့ တကယ်ကံကောင်းတာ” လီရှောင်မော့က ဝင်ပြောသည်။
ဖန်ကျုံးသည် သူ၏မျက်လုံးထောင့်မှ မျက်ရည်သုတ်ချင်ယောင်ဆောင်ပြီး ဝမ်းနည်းစိတ်ဖြင့် ပြောလိုက်၏။
"တောင်းပန်ပါတယ်။ ကျုပ် စိတ်ခံစားချက်ထဲ နစ်သွားလို့ ကျေးဇူးပြုပြီးကြွပါ”
တောင်ဘက်မျှော်နန်းထဲဝင်ပြီးနောက် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းသည် နေအိမ်ကို လျင်မြန်စွာ ရှင်းပေးလိုက်၏။ ပြုလုပ်ပြီးနောက် သူတို့နှစ်ယောက်က လူသစ်နှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာခဲ့သည်။
တစ်ဖက်တွင်မူ ရှန်ရှီက ရိုင်းပျစွာ မပြုမူချင်သောကြောင့် သူနှင့် လီရှောင်မော့သည် ထိုနှစ်ယောက်ကို ပြန်ပို့ပေး၏။
အတော်ကြာပြီးနောက် လီရှောင်မော့က မေးလိုက်၏။
“အစ်ကိုရှန် ဘာ ဘာကြောင့်များ သူတို့ ဟန်ဆောင်နေတယ်လို့ ခံစားမိတာပါလိမ့်။"
ရှန်ရှီက ကြိမ်းမောင်းလိုက်၏။ “အဓိပ္ပာယ်မရှိတာ မပြောနဲ့။ သူတို့ဟန်ဆောင်နေတယ်ဆိုရင်တောင် ငါတို့ အလေးထားရဦးမှာပဲ”
“ဪ” လီရှောင်မော့က နာခံစွာ ခေါင်းညိတ်လိုက်သည်။
ရှန်ရှီက သူသည် အေးစက်ပြီး ကရုဏာတရားကင်းမဲ့သော အနက်ရောင်မျှော်စင်၌ အချိန်အတော်ကြာ နေလာခဲ့သောကြောင့် ဤပြောင်းလဲမှုကို အနည်းငယ် မသက်မသာဖြစ်နေသလားဟု တွေးမိသည်။ အတိတ်တုန်းက သူ၏အချိန်သည် ကျင့်ကြံခြင်းနှင့် တာဝန်များ ဆောင်ရွက်ခြင်းဖြင့် ကုန်ဆုံးနေတာသာ ဖြစ်သည်။ သန်မာသူက အားနည်းသူက အမဲလိုက်၏။ ယင်းက ရှင်သန်ရေးအတွက် ကွက်တိအကျဆုံးပဲ ဖြစ်သည်။ သူသည် ဤပြောင်းလဲမှုအတွက် အနည်းငယ် အသားမကျဖြစ်နေ၏။
တောင်နောက်တွင်ဖြစ်သည်။
ကျိုးကျစ်ဖုန်းက မှင်သက်စွာရေရွတ်ပြောလိုက်သည်။ "ဘုံ ဘုံတစ်ထောင်လေပွေ ... ဘုရားရေ ငါတို့ ဘာလုပ်ကြမလဲ”
“မင်း ဘာတွေကြောက်နေတာလဲ” ဖန်ကျုံးက အထင်တသေးပြောလိုက်၏။ "သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ချင်စိတ် ရှိတယ်ဆိုမှတော့ မျှော်နန်းသခင်က သူတို့ကို ဖိနှိပ်ဖို့ သန်မာပြီးသားလို့ ဆိုလိုတာပဲလေ။ မင်း ဘာတွေ စိတ်ပူနေတာလဲ”
“ဟေ့ ဟေ့ ဒီလိုပညာရှင်တွေ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်လာရင် ငါတို့နေရာက အန္တရာယ် များလာမှာမလား” ကျိုးကျစ်ဖုန်းက မေးလိုက်၏။
“ငါတို့ အဆင်ပြေတယ်” ဖန်ကျုံးက ပြောလိုက်၏။ "ငါတို့မှာ အစွမ်းထက်တဲ့ပညာရှင်တွေ ပိုများလေ ငါတို့လို လူတွေက ပိုလိုအပ်လာလေပဲ။ ဒါ့အပြင် လူတိုင်းက စစ်သူကြီးလုပ်နေရင် ဘယ်သူက စစ်သည်ဖြစ်တော့မှာလဲ”
ထိုစကားများကို ကြားသောအခါ ကျိုးကျစ်ဖုန်းက ခေါင်းညိတ်လိုက်၏။ ဖန်ကျုံး၏စကားများက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားမိသည်။
ဖန်ကျုံးက ဆက်ပြောလိုက်တော့သည်။
“ငါတို့အပေါ် သူတို့သဘောထားက မဆိုးသလိုပဲ။ ဒါ့အပြင် သူတို့ ဘယ်လောက်ပဲသန်မာ သန်မာ သူတို့က မျှော်နန်းသခင်နဲ့ သူ့ရဲ့တပည့် ဆယ်ယောက်ထက် ဘယ်လိုလုပ် ပိုတော်နိုင်မှာမလဲ”
“မင်းပြောတာ အဓိကကျတယ်”
“ငါ့အမြင်မှာ ငါတို့တွေ လုပ်သင့်တဲ့အတိုင်း ဆက်လုပ်ရုံပဲ။ သူတို့ကို အနိုင်မယူနိုင်ဘူးဆိုမှတော့ ကျင့်ကြံဆင့်အကြောင်း မပြောဖို့ မှတ်ထားဦး” ဖန်ကျုံးက ပြောလိုက်၏။
“မင်း မှန်တယ်”
လုကျိုးသည် အရှေ့ဖက်မျှော်နန်းသို့ပြန်လာပြီး သူသည် အချိန်မဖြုန်းတော့ဘဲ ကောင်းကင်ကျမ်းစာကို စတင်ဆင်ခြင်သုံးသပ်လိုက်၏။
ညနေစောင်းသောအခါ သူသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားအများစုကို ပြန်ရပြီး ဖြစ်သည်။
သူ သက်ပြင်းချလိုက်၏။ ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များကြား တိုက်ပွဲသည် သူ့ကို ကုသိုလ်မှတ် ၁သိန်းကျော်ပေးခဲ့သော်ငြား ကိစ္စရပ်များက သူတို့သည် သူ တွေးထင်တာလောက် မရိုးရှင်းပေ။ သူသတ်ခဲ့သည့် ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်များသည် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အဆင့်နိမ့်အဖွဲ့ဝင်များသာ ရှိသေးသည်။ သူသည် ဝူချောင်ကို ကာကွယ်ရန် ထွက်လာသော မွေးဖွားဇယားချပ် ၁၂ခုနှင့်ပညာရှင်ကို သတ်ရမည်ဆိုလျှင် လွယ်ကူမှာမဟုတ်ပေ။ ထိုလူသည် မွေးဖွားဇယားချပ် ငါးခုဆုံးရှုံးသွားသည့်တိုင် ထိုလူ၌ မွေးဖွားဇယားချပ် ၇ခုရှိနေသေး၏။ ထိုလူသည် ထင်ရှားကျော်ကြားခဲ့သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တာ သံသယဖြစ်ဖွယ်မရှိပေ။ ယင်းကို ကြည့်လျှင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ပညာရှင်များစွာ ရှိနေတာကို မြင်နိုင်သည်။ မည်သို့ပင်ဆိုစေ သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ရန် အာရုံစိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားကို တိုးတက်အောင်လုပ်ရမည်။
ခဏအကြာတွင် သူ တအံ့တဩပြောလိုက်၏။ "သူက ဝူချောင်ကို ဘာလို့ကယ်ခဲ့တာလဲ”
သူ၏အတွေးများကို လျင်မြန်စွာဖယ်ရှားလိုက်သည်။ ပိုသန်မာလာစေရန် အာရုံစိုက်တာ အကောင်းဆုံး ဖြစ်သည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ လူများစွာကို သတ်ဖြတ်ပြီး ရှန်ရှီနှင့် လီရှောင်မော့ကို ခေါ်ယူပြီးနောက် သူသည် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းတို့နှင့် ဆန့်ကျင်ဖက်တွင်ရပ်ရန် ကံပါပြီးသားဖြစ်သည်။ သူ့တပည့်ဆယ်ယောက်လုံး၌ မဟာလေဟာနယ်မျိုးစေ့ ရှိသည်။ ဤလျှို့ဝှက်ချက် ပေါက်ကြားခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်လိမ့်မည်။
ကုသိုလ်မှတ်= ၁၅၅၄၀၀
ကျန်ရှိသော သက်တမ်း ၆၄၂၄၁၀ ရက်၊ ၁၇၆၀ရက်ထဲတွင် ၂၃၆ရက်က အကြောင်းပြန်လှန်ကတ်မှ ဖြစ်သည်။
လုကျိုးသည် ကုသိုလ်မှတ် တစ်သိန်းခွဲကျော်ကြည့်မိလိုက်သောအခါ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ယခုသူသည် သူ၏အိမ်သို့ ပြန်ရောက်လာပြီဖြစ်ရာ ကံစမ်းမဲ မနှိုက်ဘဲ မည်သို့နေမည်နည်း။
“ကံစမ်းမဲ”
“တင်း ကံစမ်းမဲ ၅၀နှင့် ကံကောင်းမှတ် ၁၀၀သုံးပြီးပါပြီ။ ဗုဒ္ဓလမ်းစဉ်၏ လိပ်ပြာအချစ်ပန်းပွင့်ကို ရရှိပါသည်”
လုကျိုးက ခေါင်းညိတ်ပြီး စိတ်ကျေနပ်စွာ မုတ်ဆိတ်သပ်လိုက်၏။ “ကံစမ်းမဲ”
“တင်း ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ၅ကတ်ရရှိပါတယ်"
“ကံစမ်းမဲ”
“တင်း ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ ပါဝင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”
နောက်နေ့နံနက်၌ လုကျိုးသည် သူ ရထားသည့် ကံကောင်းမှတ် ၂၀၀ကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေသည်။ အစောပိုင်း၌ တစ်စုံတစ်ခုကို နှစ်ကြိမ် မဲနှိုက်မိသည်မှအပ ကံကောင်းမှတ်များက သူ ဘာမှမရခဲ့ပေ။
“ကံစမ်းမဲ”
“တင်း ကုသိုလ်မှတ် ၅၀နှင့် ကံကောင်းမှတ် ၂၀၀ သုံးလိုက်ပါပြီ။ ကျိထျန်းတောက်၏ အထွတ်အထိပ်အသွင်ကတ် ရရှိပါတယ်” မူလက စိတ်ဓာတ်ကျနေသော လုကျိုးသည် အားဖြည့်ဆေးအထိုးခံလိုက်ရသည့်ပမာ ရုတ်တရက်စွမ်းအင်များပြည့်ဖြိုးလာ၏။
သူ ပါဝင်မှုအတွက် တစ်ညတာ ကျေးဇူးတင်ခံရပြီးနောက် နောက်ဆုံးတွင် သူ ကြိုးစားမှုအတွက် ဆုရရှိခဲ့ပြီးဖြစ်သည်။ ဤနည်းဖြင့် ဖြစ်စဉ်တစ်ခုလုံးထိုက်တန်သွားသည်။
လုကျိုးက လက်ဖြန့်ပြီး အထွတ်အထိပ်အသွင်ကတ်ကို ကြည့်လိုက်သည်။ ဒုတိယအတွေးတွင်မူ အထွတ်အထိပ်အသွင်ကတ်က အလွန်အသုံးဝင်သည်ဟု မထင်ရပေ။
လက်ရှိ၌ သူက မွေးဖွားဇယားချပ်လေးခု အသက်သွင်းထားပြီး ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ် ဖွဲ့တည်နိုင်ကာ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး လက်နက်များစွာလည်းရှိ၏။ ရန်သူအုပ်လိုက်ကြီးနှင့် မရင်ဆိုင်သရွေ့ သူသည် အကန့်အသတ်မဲ့ ကနဦးချီ သို့မဟုတ် စွမ်းအင်တို့ လိုအပ်မှုမရှိဘဲ သူ့လမ်းသို့ လာသည့်သူတိုင်းက ဖြေရှင်းရန် လုံလောက်၏။
သူက သာမန်ကာလျှံကာ လက်ဝေ့ယမ်းလိုက်ရာ အထွတ်အထိပ်အသွင်ကတ်က ပျောက်ကွယ်သွား၏။ ပြီးနောက် သူသည် စနစ်မျက်နှာပြင်ပေါ်ရှိ အထွတ်အထိပ်အသွင်ကတ် နံပါတ်ကို ကြည့်လိုက်သည်။
“ဒါက”
အထွတ်အထိပ်အသွင်ကတ်ဘေးတွင် သူ မြင်လိုက်ရသည်က ‘ကတ်ကို ပေါင်းစည်း၍ ရသည်’ ဟူ၍ဖြစ်သည်။
“သူတို့ကို ပေါင်းစည်းလို့ရတာလား” လုကျိုးက ဇဝေဇဝါဖြစ်သွား၏။ သူ့၌ ကျိထျန်းတောက် ကတ် ၁၀၀ရှိလျှင်တောင် အဆုံးကျ ယင်းက ကျိထျန်းတောက်ကတ်သာ ဖြစ်နေမည်မဟုတ်ပါလော။ အရေအတွက်ထဲတွင် ခွန်အားရှိနေမည်လော။
ကတ်များ ပေါင်းစည်းပြီးနောက် ရလဒ်က မသေချာ မရေရာ၊ အထွတ်အထိပ်အသွင်ကတ်က ရရှိရန် အခက်ခဲဆုံးလည်း ဖြစ်သည်။ ၎င်းကို ကုသိုလ်မှတ်မဝယ်နိုင်။ အထွတ်အထိပ်အသွင်ကတ် သုံးခုရဖို့ မည်မျှကြာမည်နည်း။ အဆုံးတွင် လုကျိုးသည် ထိုအကြောင်းကို စိတ်မပူဖို့ ဆုံးဖြတ်လိုက်သည်။ သူ့၌ ကတ်လုံလုံလောက်လောက်ရှိသည်နှင့် ကတ်များကို ပေါင်းစည်းနိုင်မည်။ ဆိုရလျှင် ဤကတ်က ဘာမှ မသုံးမဝင်တော့ပေ။ ကတ်များကို ပေါင်းစည်းခြင်းဖြင့် ဘာမှဆုံးရှုံးမှာ မဟုတ်ပေ။
ထိုစဉ် ကျောင်းယွဲ့၏ အသံက အပြင်မှ ပေါ်ထွက်လာသည်။ “တပည့်က ရှစ်စွင်းကို နှုတ်ခွန်းဆက်ပါတယ်”
လုကျိုးက မျှော်နန်းအပြင်ဖက်သို့ လျှောက်လာသည်။ လုကျိုးကို မြင်သောအခါ ကျောင်းယွဲ့က ပြောလိုက်၏။ "ရှစ်စွင်း အစောင့်အရှောက်ရှန်ရဲ့ ခန္ဓာကိုယ်ပေါ်က တံဆိပ်က မည်းလာပါပြီ”
“မည်းလာတယ်လား”
“အစောင့်အရှောက်ရှန်က အဲဒါကို မထင်ထားပါဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုသုံးပြီး ၁၀ရက်အတွင်း ဖယ်ရှားနိုင်မယ်လို့ ထင်ခဲ့တာ။ အစောင့်အရှောက်နှစ်ယောက်က အခု သူတို့ပစ္စည်းတွေကို ထုပ်ပိုးပြီး ထွက်ခွာဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို မငြိစွန်းစေချင်ဘူးလို့ ပြောနေပါတယ်” ကျောင်းယွဲ့က ရှင်းပြလိုက်၏။