← Chapters

အခန်း (၁၃၄၃-၁၃၄၄)

Vol. 135 Ch. 1343-1344

အခန်း (၁၃၄၃-၁၃၄၄)

Vol. 135 Ch. 1343-1344

အခန်း (၁၃၄၃) - မင်း တောင်ထိပ်ကို တက်နိုင်ရင် မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်

ဟေးဟွမ်တောင် အပြင်ဘက်တွင် မည်သည့်အချိန်က ရောက်ရှိလာသည်မသိသော လှေ တစ်စင်းသည် တိတ်ဆိတ်စွာ ဆိုက်ကပ်လာခဲ့သည်။

လွန်ခဲ့သော ငါးနှစ်က ကြာနီနတ်မိမယ်ငယ် ချမှတ်ခဲ့သော ငါးနှစ်ကတိစကားကို ဟေးဟွမ်တောင်ရှိ ကျင့်ကြံသူအသီးသီးတို့ ကြားသိထားကြရာ၊ ယခုအချိန်သည် ကတိပေးထားသည့် အချိန်နီးကပ်လာပြီဖြစ်ကြောင်း တွက်ချက်မိကြသဖြင့် အလေးအနက် စောင့်ကြည့်နေခဲ့ကြသည်။

လှေပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ တကူးတက လိုက်လံရှာဖွေနေစရာပင် မလိုတော့ချေ။

ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေနိုင်လောက်သည့် ပြင်းထန်သော အပူရှိန်အရှိန်အဝါကြောင့် ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးတို့မှာ တုန်လှုပ်ချောက်ချားသွားကြရသည်။

ကျင့်ကြံသူများစွာသည် သူတို့၏ ဂူဗိမာန်များထဲမှ ထွက်လာကြပြီး ကောင်းကင်ယံရှိ ထိုလှေကို ရှုပ်ထွေးသော မျက်နှာပေးများဖြင့် မော့ကြည့်နေကြသည်။

"ကြာနီနတ်မိမယ်ငယ် နောက်ဆုံးတော့ ရောက်လာပြီပဲ"

"ချင်းယွီနတ်ဘုရားဂိုဏ်းရဲ့ စောင့်ကြပ်မှုကို ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူတို့က သိပ်အတ္တကြီးတာပဲ။ ငါ့ရဲ့ ဂူဗိမာန် ငှားရမ်းခက အရင်က တစ်လကို အလယ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးရတာ။ သူတို့ လက်ထက်မှာ နှစ်တုံးအထိ တိုးပစ်လိုက်တယ် "

"ဟဲဟဲ... ဒါက ဘာဆန်းလို့လဲ ငါကြားတာတော့ ဈေးတန်းတွေကနေ နှစ်စဉ် ကောက်ခံတဲ့ အခွန်တွေကလည်း သုံးဆယ်ရာခိုင်နှုန်းလောက် တိုးသွားတယ်တဲ့။ အဲဒါ ဘယ်လောက်တောင် များမလဲ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်"

"ချင်းယွီနတ်ဘုရားဂိုဏ်းက သိပ်ကို လောဘကြီးတာပဲ။ အမြစ်မရှိတဲ့ ငါတို့လို လေလွင့်ကျင့်ကြံသူတွေကိုပဲ အရည်ညှစ်ဖို့ ကြံနေကြတာ"

"ကြာနီနတ်ဘုရားဂိုဏ်းက စောင့်ကြပ်တာကမှ ပိုကောင်းသေးတယ်။ ဒီတစ်ကြိမ် ကြာနီနတ်မိမယ်ငယ် တောင်ပြန်လုတာ အောင်မြင်ပါစေလို့ပဲ ဆုတောင်းရမယ်"

လှေပေါ်တွင်မူ ကြာနီနတ်မိမယ်ငယ်က တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူမ၏ အနီးသို့ လျှောက်လာပြီး ရိုသေစွာ မေးလျှောက်လိုက်သည်

"ဟုန်အကြီးအကဲ... အခုပဲ တောင်လုပွဲကို စတင်လိုက်ရမလား "

"အင်း"

ကြာနီနတ်မိမယ်ငယ်က ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ထိုတာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူက ဟေးဟွမ်တောင်ဆီသို့ ဦးတည်ကာ ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်တော့သည်

"ကြာနီနတ်ဘုရားဂိုဏ်းက တောင်လုဖို့ ရောက်လာပြီ "

ဟိန်းထွက်လာသော အသံလှိုင်းတို့သည် ခဏချင်းအတွင်းမှာပင် ဟေးဟွမ်တောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဖန့်ချန်သည် ပုံမှန် ကျင့်ကြံနေကျ ဂူဗိမာန်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

လွန်ခဲ့သော ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ သူသည် မိုးကြိုးဘေးဒုက္ခ ကိုးကြိမ်တိုင်တိုင် ကျော်ဖြတ်ပြီးဖြစ်သော တာအိုပေါင်းစပ်ခြင်းအဆင့် မဟာပြီးပြည့်စုံခြင်း သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်မရွေး၊ နေရာမရွေး သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ တက်လှမ်းနိုင်သည်။

သို့သော်လည်း ကျွယ်မင်နတ်ဘုရားနန်းတော်၏ တပည့်လက်ခံသည့် စံနှုန်းမှာ ကွဲပြားကြောင်း ကျန်းအကြီးအကဲထံမှ သူ ကြားသိထားသည်။

တာအိုပေါင်းစပ်ခြင်းအဆင့်နှင့် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်တို့အတွက် စစ်ဆေးမှုများမှာ တစ်ခုနှင့်တစ်ခု မတူညီကြချေ။

ဖန့်ချန်၏ ရည်ရွယ်ချက်မှာ ကျွယ်မင်နတ်ဘုရားနန်းတော်၏ အောက်ခြေအခြေအနေကို စုံစမ်းရန်နှင့် ဝမ်ချုံးစန်း၏ သတင်းအစအနကို ရှာဖွေရန် ဖြစ်သည်။

ထို့အပြင် ဝမ်ချုံးစန်းသည် ကျွယ်မင်နတ်ဘုရားနန်းတော်တွင် မည်သို့သော အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ရသည်ကိုလည်း သိလိုသည်။

တာအိုပေါင်းစပ်ခြင်းအဆင့်ဖြင့် ကျွယ်မင်နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ခြင်းက လူအများ၏ အာရုံစိုက်မှုကို သိပ်မခံရနိုင်ပေ။

အကယ်၍ ဝမ်ချုံးစန်းသည် ကျွယ်မင်နတ်ဘုရားနန်းတော်တွင် သူလျှိုများ ထားခဲ့လျှင်သော်လည်းကောင်း၊ သို့မဟုတ် ဤနေရာတွင် သူ၏ ကျင့်ကြံဖော်များ ရှိနေခဲ့လျှင်သော်လည်းကောင်း ဖန့်ချန်အနေဖြင့် ရိပ်မိခြင်းမခံရဘဲ စုံစမ်းရန် အခွင့်အလမ်း ပိုများသည်။

ထိုကောင်သည် ယခုအခါ လွှတ်လိုက်လျှင် ပြန်ဖမ်းရခက်သော ငါးရှင်တစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် ဖန့်ချန်အနေဖြင့် အစစအရာရာ သတိထားနေရသည်။

တစ်ချက်တည်းနှင့် မိအောင်ဖမ်းပြီး သူ့ထံမှ အရေးကြီးသော သတင်းအချက်အလက်များကို မေးမြန်းနိုင်ရန် အားထုတ်နေရခြင်း ဖြစ်သည်။

"ဖန့်မိတ်ဆွေ... ကြည့်ရတာ ကြာနီနတ်မိမယ်ငယ် ရောက်လာပြီပဲ။ ဒီတစ်ကြိမ်မှာရော သူမလက်ထဲကနေ ဒီဟေးဟွမ်တောင်ကို ကာကွယ်နိုင်မယ့် နည်းလမ်း ရှိရဲ့လား "

ဝါယန်ဖုန်းသည် ဝါးအိမ်ထဲမှ ထွက်လာခဲ့သည်။

လင်ချုံးယွင်သည်လည်း သူ၏ နောက်ကွယ်မှ ကပ်ပါလာပြီး ဝါယန်ဖုန်းနှင့် သူ၏ ဆက်ဆံရေးကို ဖုံးကွယ်ထားရန် စိတ်ကူးပင် မရှိတော့ချေ။

ဟိုးအဝေး ဟင်းလင်းပြင်တွင် ဆိုက်ကပ်ထားသော လှေ ကို ကြည့်ရင်း ကြာနီနတ်မိမယ်ငယ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ

ငါးနှစ်တာအတွင်း တစ်ဖက်လူမှာ ပို၍ အစွမ်းထက်လာပုံရသည်ဟု ဝါယန်ဖုန်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိသည်။

မိုးကြိုးဘေးဒုက္ခ ဘယ်နှစ်ကြိမ် ကျော်ဖြတ်ပြီးပြီလဲ မသိနိုင်သော်လည်း၊ ကံကောင်းသည်မှာ သူကိုယ်တိုင်လည်း ထိုငါးနှစ်အတွင်း ကျင့်ကြံမှု တိုးတက်လာခဲ့သည်။

ကြာနီနတ်မိမယ်ငယ်နှင့် ပြန်လည် ရင်ဆိုင်ရပါက ယခင်ကကဲ့သို့ ခုခံနိုင်စွမ်းမရှိဘဲ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ဟု သူ ယုံကြည်နေသည်။

"ဟုန်မိတ်ဆွေရဲ့ ကျင့်ကြံမှုက တော်တော်လေး တိုးတက်လာတာပဲ။ ကျုပ် အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ့မယ်"

ဖန့်ချန်က လှေကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ဒီနေ့ ဟေးဟွမ်တောင်ကို လက်လွှတ်လိုက်ရရင်တောင် နောက်ငါးနှစ်နေရင် ကျုပ် ပြန်လုနိုင်တဲ့ နည်းလမ်း ရှိပါတယ်။ ဖန့်မိတ်ဆွေအနေနဲ့ အရမ်းကြီး စိတ်ဖိစီးမနေပါနဲ့"

ဝါယန်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

ထို့နောက် သူ၏ အကြည့်တို့က ရုတ်တရက် လှုပ်ရှားသွားသည်။

နောက်ထပ် လှေတစ်စင်း ရောက်ရှိလာပြန်ပြီ ဖြစ်သည်။

ထိုလှေ ပေါ်တွင် ရပ်နေကြသူများမှာ ချင်းယွီနတ်ဘုရားဂိုဏ်း၏ ဝိညာဉ်တောင်အသီးသီးကို စောင့်ကြပ်နေကြသော တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများပင် ဖြစ်သည်။

လူအနည်းငယ်မှလွဲ၍ ကျန်ရှိသူအားလုံး ရောက်ရှိလာကြခြင်း ဖြစ်သည်။

"ကြာနီနတ်မိမယ်ငယ်ပဲ၊ သူမ ရောက်နေပြီ"

"တော်သေးတာပေါ့၊ ငါတို့ အချိန်မီ ရောက်လာလို့။ မဟုတ်ရင် ဒီတောင်လုပွဲကို လွဲသွားတော့မှာ"

"တကယ်တော့... မလာတာက ပိုကောင်းပါတယ်။ အားလုံးပေါင်းပြီး အရှက်ကွဲမယ့်အတူတူပေါ့"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့ ချင်းယွီနတ်ဘုရားဂိုဏ်းရဲ့ အကျိုးစီးပွားနဲ့ ဆိုင်တာပဲလေ။ ငါတို့က ဝိညာဉ်တောင် စောင့်ကြပ်သူတွေ၊ ဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်နေတော့ ဒီလို တောင်လုပွဲ အခမ်းအနားကို မလာရင် မသင့်တော်ဘူးလေ"

လှေသည် ဟေးဟွမ်တောင်ထိပ်သို့ ဆိုက်ကပ်လိုက်ပြီး တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။

ဝါယန်ဖုန်းကို နှုတ်ဆက်ပြီးနောက် တောင်လုပွဲ စတင်ရန် ဘေးမှ စောင့်ဆိုင်းနေကြသည်။

ကျန်းအကြီးအကဲ တစ်ယောက်သာ ဖန့်ချန်၏ အနီးသို့ လျှောက်လာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်

"ဖန့်မိတ်ဆွေ... ဒီတစ်ကြိမ် တောင်လုပွဲအတွက် ဘယ်လောက်လောက် ယုံကြည်ချက် ရှိလဲ "

"အနည်းဆုံး နှစ်ပုံ သုံးပုံ လောက်တော့ ရှိပါတယ်"

ဖန့်ချန်က အမှတ်မထင် ပြန်ဖြေလိုက်သည်။

"နှစ်ပုံ သုံးပုံလား အဲလောက်တောင် များတာလား..."

ကျန်းအကြီးအကဲ စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း ဖန့်ချန်၏ စကားကို အတည်မယူခဲ့ပေ။

ကြာနီနတ်မိမယ်ငယ်ကဲ့သို့ ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်နှင့် တန်းတူအဆင့်တွင် ရင်ဆိုင်ရပါက တစ်ပုံလောက် ယုံကြည်ချက်ရှိလျှင်ပင် များလှပြီ ဖြစ်သည်။

နှစ်ပုံ သုံးပုံဆိုသည်မှာ... ထိုဖန့်မိတ်ဆွေသည် အခြေအနေကို သေချာနားမလည်သေးဘဲ ပြောနေခြင်းဖြစ်မည်ဟု သူ ထင်လိုက်သည်။

ကြာနီနတ်မိမယ်ငယ် လှေပေါ်မှ ဆင်းလာသည့် ခဏတွင်ပင် ချင်းယွီနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ ပို၍များပြားစွာ တောင်ထိပ်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။

သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

ဤငါးနှစ်အတွင်း ဟေးဟွမ်တောင်တွင် သူတို့ ရရှိခဲ့သော အကျိုးအမြတ်မှာ ချင်းယွီနတ်ဘုရားဂိုဏ်းအတွင်းထက် အဆပေါင်းများစွာ ပိုများခဲ့သည်။

ထို့အပြင် ဘာကိစ္စကိုမှ ဝင်မစွက်ဖက်သော စောင့်ကြပ်သူနှင့် ကြုံခဲ့ရသည် မဟုတ်ပါလား။

အကယ်၍ သူတို့သာ ရွေးချယ်ခွင့်ရှိလျှင် ဖန့်ချန်ကိုသာ ဟေးဟွမ်တောင်အား ဆက်လက်စောင့်ကြပ်စေချင်ကြသည်။

သို့သော် သူတို့ သိထားသည်မှာ ယခင်တစ်ကြိမ် တောင်လုပွဲတွင် ဖန့်ချန် နိုင်ခဲ့ခြင်းမှာ ကြာနီနတ်မိမယ်ငယ်က အထင်သေးခဲ့၍ ဖြစ်ပြီး၊ ဖန့်ချန်က ထူးဆန်းသော လွတ်မြောက်ခြင်းအတတ်ကို သုံးကာ အခွင့်ကောင်းယူခဲ့ခြင်းသာ ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ တစ်ဖက်လူသည် ထိုကဲ့သို့သော အမှားမျိုးကို ထပ်မံကျူးလွန်လိမ့်မည် မဟုတ်သည်မှာ သေချာသည်။

ထို့ကြောင့် ဤတောင်လုပွဲတွင် ချင်းယွီနတ်ဘုရားဂိုဏ်း နိုင်ခြေမှာ သုညနီးပါးပင် ရှိသည်။

ဟေးဟွမ်တောင် ပိုင်ရှင်ပြောင်းသွားသည်နှင့် သူတို့သည်လည်း အထုတ်အပိုးများကို သိမ်းဆည်းကာ ချင်းယွီနတ်ဘုရားဂိုဏ်းသို့ အရှက်တကွဲ ပြန်ကြရပေတော့မည်။

ကြာနီနတ်မိမယ်ငယ်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဖန့်ချန်ကို လှမ်းကြည့်ပြီး ပြုံးလျက် အေးဆေးစွာ ပြောလိုက်သည်

"လွန်ခဲ့တဲ့ တစ်ခါက ငါပြောခဲ့တယ်၊ ရှင် တောင်ထိပ်ကို တက်နိုင်ရင် ရှင်နိုင်တယ်လို့။ အခုတစ်ခါမှာရော ဘယ်လိုမျိုး ယှဉ်ပြိုင်ချင်လဲ "

ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက်

"ဒါဆိုရင်လည်း အရင်တစ်ခါက ပုံစံအတိုင်းပဲ ယှဉ်ကြတာပေါ့။ မင်း တောင်ထိပ်ကို တက်နိုင်ရင် မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်၊ ဘယ်လိုလဲ "

ကြာနီနတ်မိမယ်ငယ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ပြုံးရိပ်များ ထင်ဟပ်လာကာ ဖန့်ချန်ကို ကြည့်သော အကြည့်တို့တွင် လေးစားမှု အရိပ်အယောင် ခပ်ပါးပါး ပေါ်လာသည်။

ကြာနီနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများကမူ စိတ်ထဲမှ မဲ့လိုက်ကြသည်။

ပြောတော့ဖြင့် အကောင်းသား၊ တကယ်တော့ ဤတောင်လုပွဲကို အရှက်မကွဲဘဲ အဆုံးသတ်ချင်ရုံသက်သက် မဟုတ်ပါလား။

သို့သော် တစ်ဖက်လူ၏ ချက်ချင်းလက်ငင်း စဉ်းစားနိုင်စွမ်းကိုမူ သူတို့ ချီးကျူးမိကြသည်

ကြာနီနတ်မိမယ်ငယ်သာ ဤပြိုင်ပွဲပုံစံကို သဘောတူလိုက်ပါက ယနေ့ တောင်လုပွဲသည် မည်သည့်ဘက်က နိုင်သည်ဖြစ်စေ နှစ်ဖက်စလုံးအတွက် အရှက်မကွဲဘဲ ဂုဏ်သိက္ခာရှိရှိ ပြီးဆုံးသွားမည် ဖြစ်သည်။

'စိတ်ဝင်စားစရာပဲ။ ဒီငါးနှစ်အတွင်း သူဟာ ကြာနီနတ်မိမယ်ငယ်ရဲ့ တောင်လုပွဲကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေပုံရတယ်။ ဒါကြောင့်လည်း ဟေးဟွမ်တောင်ရဲ့ စီမံခန့်ခွဲမှုကို ဂရုမစိုက်နိုင်ခဲ့တာ ဖြစ်မှာ'

ဝါယန်ဖုန်း၏ မျက်လုံးထဲတွင် ပြုံးရိပ်များ ပေါ်လာသလို အနည်းငယ် နှမြောတသဖြစ်မှုလည်း ရှိနေသည်။

ကြာနီနတ်မိမယ်ငယ်သည် မည်သည့် အတားအဆီးမှ မရှိဘဲ တောင်ထိပ်သို့ လွယ်လွယ်ကူကူ ဝင်ရောက်လာနိုင်မည်မှာ သေချာသည်။

ထိုဖန့်မိတ်ဆွေ အရှက်ကွဲသည်ကို ယနေ့ မြင်တွေ့ရတော့မည် မဟုတ်ချေ။

'ဖန့်မိတ်ဆွေရဲ့ ဒီလုပ်ရပ်က တကယ်ကို အချိန်ကိုက်ပါပဲ'

ဟု ကျန်းအကြီးအကဲကလည်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

ဟေးဟွမ်တောင်ရှိ ကျင့်ကြံသူအသီးသီးတို့မှာမူ အချင်းချင်း လေသံတိုးတိုးဖြင့် ဝေဖန်နေကြပြီး မျက်လုံးထဲတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပါဝင်နေသည်။

"ကောင်းပြီလေ... လွန်ခဲ့တဲ့ ငါးနှစ်ကအတိုင်းပဲပေါ့။ ငါ တောင်ထိပ်ကို တက်နိုင်ရင် ငါနိုင်တယ်လို့ သတ်မှတ်ကြတာပေါ့။ ဒါဆိုရင်..."

ကြာနီနတ်မိမယ်ငယ်က ခပ်သာသာ ခေါင်းညိတ်ကာ သဘောတူလိုက်ပြီးနောက်

"မိတ်ဆွေ... သတိထားပေတော့"

ခဏချင်းအတွင်းမှာပင် သူမသည် မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ထိပ်သို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။

တဟုန်းဟုန်း တောက်လောင်နေသော ကြောက်မက်ဖွယ် မီးတောက်များကြောင့် ထိုခဏတွင် ကြာနီနတ်မိမယ်ငယ်သည် မီးဖီးနစ်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ထင်မှတ်ရသည်။

ဝါယန်ဖုန်းနှင့် အခြားသူများမှာမူ မြင်သည်နှင့် တစ်ပြိုင်နက် စိတ်ထဲမှ ကောက်ချက်ချလိုက်ကြသည်

"ဒါကို မခုခံနိုင်ဘူး"

ယခုအချိန်တွင် မည်သူမဆို ကြာနီနတ်မိမယ်ငယ်၏ လမ်းကြောင်းပေါ်တွင် ပိတ်ရပ်နေပါက ထိုမီးတောက်များကြောင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားရမည်မှာ အမှန်ပင် ဖြစ်တော့သည်။

အခန်း (၁၃၄၄) - ငါးနှစ်ကြာရင် ငါပြန်လာခဲ့မယ်

လွန်ခဲ့သော ငါးနှစ်က ဖန့်ချန်သည် မည်သူမျှမသိအောင် ဟေးဟွမ်တောင်ထိပ်သို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ခဲ့သည်နှင့် မတူပေ။

ယခုတစ်ကြိမ်တွင် ကြာနီနတ်မိမယ်ငယ်သည် တောင်တံခါးကို ဗြောင်ကျကျ၊ တရားဝင် တိုးဝင်တိုက်ခိုက်လာခြင်း ဖြစ်သည်။

သူမကို တားဆီးချင်ပါက စစ်မှန်သော အစွမ်းအစ၊ မာန်ရှိရုံဖြင့်သာ ရပေမည်။

မည်သည့် လှည့်ကွက်ကလေးများကမျှ ဤကဲ့သို့သော အရှိန်အဝါကြီးမားသည့် တိုက်ပွဲမျိုးတွင် အသုံးတည့်လိမ့်မည် မဟုတ်ချေ။

"ဖန့်မိတ်ဆွေ... ကြာနီနတ်မိမယ်ငယ်နားကို မကပ်နဲ့ဦး။ မဟုတ်ရင် သူမရဲ့ တိုက်စစ်က မင်းကို ခဏချင်းအတွင်းမှာပဲ မီးခိုးငွေ့အဖြစ် အငွေ့ပျံသွားစေလိမ့်မယ်"

ဝါယန်ဖုန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်

"ငါ့ရဲ့ နှစ်ပေါင်းများစွာ ခါးခါးသီးသီး ကျင့်ကြံမှုက သူမနဲ့ အကွာအဝေးကို ကျဉ်းမြောင်းစေလိမ့်မယ်လို့ ထင်ထားတာ၊ အခုကြည့်ရတာတော့ အဲဒီ ဟေးဟွမ်အစစ်မှန်ခန္ဓာ က တကယ်ကို ကြောက်စရာကောင်းတာပဲ"

"အမှန်ပါပဲ"

တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ကြသည်။

ကြာနီနတ်မိမယ်ငယ် ပြသနေသော အရှိန်အဝါသည် တာအိုပေါင်းစပ်ခြင်းအဆင့်၏ အမြင့်ဆုံး အထွတ်အထိပ်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

သူတို့ကဲ့သို့သော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများသည် ထိုကဲ့သို့သော အခြေအနေရှိသည့် ကြာနီနတ်မိမယ်ငယ်ကို ကြားဖြတ်တားဆီးရန် အနည်းငယ်မျှပင် ယုံကြည်ချက် မရှိကြချေ။

ဝါယန်ဖုန်းက တစ်စုံတစ်ခုကို ထပ်ပြောရန် ပြင်လိုက်သော်လည်း ဖန့်ချန်ကို လှည့်ကြည့်လိုက်သည့်အခါ မျက်စိရှေ့တွင် လူရိပ်ပင် မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် အလိုအလျောက် မေးမိသွားသည်

"ဖန့်မိတ်ဆွေရော "

လူတိုင်း ပတ်ဝန်းကျင်ကို တစ်ပတ်ရှာကြည့်သော်လည်း လူအရိပ်အယောင် မတွေ့ရချေ။

နောက်ဆုံးတွင် ကျန်းအကြီးအကဲက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း အော်ပြောလိုက်သည်

"ဟိုမှာ"

အားလုံး လှမ်းကြည့်လိုက်ကြရာ မျက်နှာပျက်သွားကြတော့သည်။

ဖန့်ချန်သည် မည်သည့်အချိန်က ရောက်သွားသည်မသိ၊ ကြာနီနတ်မိမယ်ငယ် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် ပိတ်ရပ်နေပြီ ဖြစ်သည်။

"သူ သေချင်နေတာပဲ "

ဝါယန်ဖုန်းက နှာခေါင်းရှုံ့လိုက်သည်

"အောက်ခြေနယ်မြေခြောက်ခုက ကျင့်ကြံသူတွေက ဒီလောက်တောင် မောက်မာတာလား ဒါမှမဟုတ် ကြာနီနတ်မိမယ်ငယ်ရဲ့ တကယ့်စွမ်းဆောင်ရည်တွေကို ဘယ်သူမှ သူ့ကို မပြောပြထားကြဘူးလား "

လူတိုင်း စကားမဆိုနိုင်ကြဘဲ မျက်နှာများ တည်တင်းနေကြသည်။

အကယ်၍ ယနေ့ ဖန့်ချန်သာ အသက်ဆုံးရှုံးသွားပါက ချင်းယွီနတ်ဘုရားဂိုဏ်းအတွက် အရှက်ကွဲရုံတင်မကတော့ချေ။

၎င်းသည် ချင်းယွီနတ်ဘုရားဂိုဏ်းနှင့် ကြာနီနတ်ဘုရားဂိုဏ်းတို့အကြား ကြီးမားသော ပဋိပက္ခတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

အကြီးအကဲတစ်ဦးဆိုသည်မှာ အလွယ်တကူ အသက်ဆုံးရှုံးခံ၍ မရပေ၊ ပတ်သက်နေသော အကျိုးဆက်များက များပြားလွန်းလှသည်။

အကယ်၍ ချင်းယွီနတ်ဘုရားဂိုဏ်းဘက်က ဘာတုံ့ပြန်မှုမှ မပြပါက အဆုံးမရှိသော သံသယများ၊ စိန်ခေါ်စမ်းသပ်မှုများနှင့် ရင်ဆိုင်ရပေတော့မည်။

"ဖန့်မိတ်ဆွေကို ဘယ်သူမှ သတိမပေးကြဘူးလားတောင်လုပွဲဆိုတာ အသေသတ်ပွဲ မဟုတ်ဘူးလေ "

ဝါယန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်

"သူသာ ဒီနေ့ ဒီမှာ သေသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ မင်းတို့ မသိကြဘူးလား "

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြစဉ် တစ်ဦးက လေသံတိုးတိုးဖြင့် ဆိုသည်

"သူက ဒီလောက်ထိ မိုက်ရူးရဲဆန်မယ်လို့ ဘယ်သူ သိမှာလဲ။ မျက်စိမကန်းတဲ့သူတိုင်း ကြာနီနတ်မိမယ်ငယ်ရဲ့ အရှိန်အဝါကို ဘယ်သူမှ မတားဆီးနိုင်ဘူးဆိုတာ မြင်နိုင်တာပဲ၊ တားတဲ့သူကတော့ သေဖို့ပဲ ရှိတာပေါ့ "

"ဒါနဲ့... ဖန့်မိတ်ဆွေရဲ့ မျက်လုံးသူငယ်အိမ်တွေက... မီးခိုးရောင်သန်းနေတာကို မင်းတို့ မသတိထားမိကြဘူးလား "

ကျန်းအကြီးအကဲက ရုတ်တရက် ပြောလိုက်သည်။

လူတိုင်း သေချာစဉ်းစားကြည့်လိုက်ရာ မျက်နှာပေးများမှာ ထူးဆန်းသွားကြသည်။

ဝါယန်ဖုန်းက ခပ်တိုးတိုး ဆဲရေးလိုက်သည်

"တကယ်ပဲ မျက်စိကန်းနေတာပဲ"

စကားဆုံးသည်နှင့် သူသည် တောင်လုပွဲ စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်သို့ ပျံတက်သွားကာ ကြာနီနတ်မိမယ်ငယ်ကို လှမ်းအော်လိုက်သည်

"ဟုန်မိတ်ဆွေ...ညှာတာပေးပါဦး "

"ချင်းယွီနတ်ဘုရားဂိုဏ်းက အရှက်မရှိလိုက်တာ "

"တောင်လုပွဲမှာ ဘယ်လိုလုပ် ခွင့်ပြုချက်မရှိဘဲ ဝင်စွက်ဖက်ရတာလဲ "

"ချင်းယွီနတ်ဘုရားဂိုဏ်းက စည်းကမ်းဖျက်တော့မှာလား "

ဟေးဟွမ်တောင်ရှိ ကျင့်ကြံသူအသီးသီးတို့က ထိုခဏတွင် ဆဲဆိုကြတော့သည်။

အထူးသဖြင့် ဤငါးနှစ်အတွင်း ကြီးမားသော ဆုံးရှုံးမှုများဖြင့် ဖိနှိပ်ခံခဲ့ရသည့် ဈေးတန်းပိုင်ရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဒေါသထွက်လွန်း၍ သေမတတ် ဖြစ်နေကြသည်။

ဝါယန်ဖုန်းသည် ကြာနီနတ်မိမယ်ငယ်၏ အနီးသို့ မကပ်ရဲသဖြင့် အဝေးမှသာ လှမ်းအော်နေခြင်း ဖြစ်သည်။

ကြာနီနတ်မိမယ်ငယ်က ဘာကိုမှ ဂရုမစိုက်ဘဲ ဖန့်ချန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ အလွန်အမင်း ဆိုးဝါးသွားတော့သည်။

"ထားလိုက်ပါတော့၊ တိုက်ချင်ရင်လည်း တိုက်ကြတာပေါ့၊ ငါတို့ ချင်းယွီနတ်ဘုရားဂိုဏ်းက မင်းတို့ ကြာနီနတ်ဘုရားဂိုဏ်းကို ကြောက်နေမယ် ထင်လို့လား"

တစ်ချိန်တည်းမှာပင် ကြာနီနတ်မိမယ်ငယ်သည် ဖန့်ချန်က သူမ၏ လမ်းကြောင်းပေါ်တွင် ပိတ်ရပ်နေသည်ကို မြင်သောအခါ မျက်လုံးထဲရှိ အပြုံးရိပ်များမှာ ပို၍ ထင်ရှားလာသည်။

သူမအနေဖြင့် လက်တွန့်နေရန် စိတ်ကူးမရှိချေ။

ဤသည်မှာ တစ်ဖက်လူ၏ ရွေးချယ်မှုသာ ဖြစ်သည်။

ရွေးချယ်မှုတစ်ခုကို ပြုလုပ်ပြီးပြီဆိုပါက ထိုရွေးချယ်မှု၏ နောက်ကွယ်က အကျိုးဆက်ကို ခံယူနိုင်စွမ်းရှိရပေမည်။

ဝါယန်ဖုန်း လာတားခြင်းမှာ ဤကျင့်ကြံသူအတွက်ကြောင့် မဟုတ်ဘဲ၊ တောင်လုပွဲတွင် အသက်ဆုံးရှုံးမှု ဖြစ်ပွားပါက အထက်အဆင့်တွင် ပြဿနာများ တက်လာမည်ကို စိုးရိမ်၍ဖြစ်ကြောင်း သူမ သိသည်။

သို့သော်လည်း ကြာနီနတ်မိမယ်ငယ်မှာ လက်လျှော့ရန် အစီအစဉ် မရှိသေးချေ။

ပြင်းထန်သော အပူရှိန်သည် ခပ်သိမ်းသောအရာတို့ကို အရည်ပျော်စေတော့မည့်အလား၊ ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းစေတော့မည့်အလား ဖြစ်နေစဉ် ဖန့်ချန်၏ စိတ်ထဲတွင် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။

ရှေ့က အမျိုးသမီး၏ ကျင့်ကြံမှု စွမ်းပကားမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အစောပိုင်းနှင့်ပင် ခပ်မြည်းမြည်း ယှဉ်နိုင်နေပြီ ဖြစ်သည်။

အကယ်၍ သူမသည် ဝမ်ချုံးစန်းကဲ့သို့သော လူစားမျိုးဖြစ်ပြီး၊ မိခင်ဝမ်းအတွင်းက မှတ်ဥာဏ်ခြင်း ကို ချိုးဖျက်ကာ မိစ္ဆာ တစ်ဦးအဖြစ် မှတ်ဉာဏ်များ နိုးထလာသူ ဖြစ်ပါက ထို ဟေးဟွမ် အစစ်မှန်ခန္ဓာဆိုသည်မှာ ထို မိစ္ဆာ တို့၏ နည်းစနစ်တစ်ခုသာ ဖြစ်နိုင်ပေသည်။

ဖန့်ချန်က လက်ကို ခပ်သာသာ မြှောက်လိုက်ရာ၊ ကျယ်ပြောလှသော နှင်းပြင်းမုန်တိုင်း စွမ်းအား တို့သည် တဟူးဟူး မြည်ဟည်းလျက် ကြာနီနတ်မိမယ်ငယ်ဆီသို့ ကောင်းကင်လွှမ်းမိုးကာ တိုက်ခိုက်သွားတော့သည်။

နှင်းပြင်းမုန်တိုင်း စွမ်းအားနှင့်အတူ တောက်ပသောနတ်ဘုရားမျက်လုံး ၏ ပံ့ပိုးမှုကြောင့် ထိုခဏချင်းအတွင်း ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် ကြာနီနတ်မိမယ်ငယ်၏ အစွမ်းထက် မျဉ်းတစ်ကြောင်းမျှ ပို၍ သာလွန်သွားခဲ့သည်။

နောက်တစ်ခဏတွင်... ဖန့်ချန် သေချာပေါက် သေလိမ့်မည်ဟု ထင်ထားကြသော လူအားလုံးမှာ မီးဖီးနစ်ငှက်ကဲ့သို့သော ကြာနီနတ်မိမယ်ငယ်သည် ထိုနှင်းပြင်းမုန်တိုင်း စွမ်းအားအတွင်း နစ်မြုပ်သွားသည်ကို မှင်တက်ကာ ကြည့်နေမိကြသည်။

ထိတွေ့လိုက်သည့် ခဏမှာပင် သူမ၏ ကိုယ်ပေါ်ရှိ ပြင်းထန်သော မီးတောက်များမှာ ချက်ချင်းပင် ရေခဲအဖြစ်သို့ အေးခဲသွားတော့သည်။

ဧရာမ ရေခဲတုံးကြီးတစ်ခုသည် ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့သည်။

အားလုံးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြရင်း ထိုမြင်ကွင်းမှ ရုန်းမထွက်နိုင်ဘဲ စိတ်နှလုံးတို့ တုန်လှုပ်ကာ မျက်လုံးများထဲတွင် မိန်းမောတွေဝေမှုများ ပေါ်လာကြသည်။

ကြာနီနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ပထမဦးစွာ ထိတ်လန့်ဒေါသထွက်သွားကြပြီး၊ ချင်းယွီနတ်ဘုရားဂိုဏ်းက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူကို လွှတ်ပြီး တောင်လုပွဲမှာ ဝင်စွက်ဖက်ခိုင်းသည်ဟု ထင်လိုက်ကြသည်။

သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူတို့ နားလည်သွားကြသည်။

ချင်းယွီနတ်ဘုရားဂိုဏ်းသည် ထိုသို့ ဘယ်သောအခါမျှ လုပ်ဝံ့မည် မဟုတ်ချေ။

အကယ်၍ ဤစည်းကမ်းသာ ပျက်စီးသွားပါက နောက်နောင်တွင် ချင်းယွီနတ်ဘုရားဂိုဏ်းသည် ဂိုဏ်းပေါင်းစုံ၏ တောင်လုပွဲများကို ရင်ဆိုင်ရမည်ဖြစ်ရာ ဘယ်သောအခါမျှ အေးချမ်းရတော့မည် မဟုတ်ပေ။

ရေခဲတုံးကြီး မြေပြင်ပေါ်သို့ မကျမီမှာပင် ရုတ်တရက် အရည်ပျော်သွားပြီး၊ နီရဲသော အရိပ်တစ်ခုသည် ထိုထဲမှ ပျံထွက်လာကာ လျှပ်စီးကဲ့သို့ တောင်ထိပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

ချက်ချင်းပင် နောက်ထပ် လူရိပ်တစ်ခုကလည်း တန်းတန်းမတ်မတ် လိုက်ပါသွားသည်။

ခဏချင်းအတွင်းမှာပင် နှစ်ယောက်သားသည် တိုက်ကွက်ပေါင်း ရာကျော်မျှ အပြန်အလှန် ဖလှယ်လိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော မန္တန်စွမ်းအား အကြွင်းအကျန်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။

အနီးအနားတွင် ရှိနေသော ဝါယန်ဖုန်းနှင့် ကျန်းအကြီးအကဲတို့မှာ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် အလိုအလျောက် ပေအနည်းငယ်မျှ နောက်သို့ ဆုတ်လိုက်ကြရသည်။

နှစ်ယောက်သားသည် မြေပြင်မှ ကောင်းကင်သို့၊ ကောင်းကင်မှ မိုးကုတ်စက်ဝိုင်းအထိ၊ အဝေးမှ အနီးသို့၊ အနီးမှ အဝေးသို့ တစ်လှည့်စီ တိုက်ခိုက်နေကြသည်။

အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြတော့သည်။

ဝါယန်ဖုန်းမှာ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာပြီး သူ၏ မျက်လုံးများထဲတွင်လည်း အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်

"ဒီဖန့်မိတ်ဆွေက... တကယ့်ကို အစွမ်းအစတွေကို ဖုံးကွယ်ထားတာပဲ"

ကျန်းအကြီးအကဲက ဝါယန်ဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ဆိုသည်

"ကြာနီနတ်မိမယ်ငယ်နဲ့ ဒီလောက်အကြာကြီး ယှဉ်တိုက်နိုင်တယ်ဆိုရင်၊ သူ ရှုံးသွားရင်တောင်မှ သူ့ရဲ့ ခွန်အားက ငါတို့ကြားထဲမှာ ထိပ်တန်းကပဲ"

"ထိပ်တန်းတင် ဘယ်ကမလဲ..."

တစ်ဦးက အလိုအလျောက် စကားထောက်လိုက်သော်လည်း ဝါယန်ဖုန်း၏ မျက်နှာပျက်နေသည်ကို မြင်သောအခါ ချက်ချင်း စကားဖြတ်ပြီး အကြောင်းအရာ ပြောင်းလိုက်သည်

"စောစောက အဲဒါ ဘာဝိညာဉ်စွမ်းအားလဲ၊ မီးဖီးနစ်ငှက်ကိုတောင် အေးခဲသွားစေနိုင်တာလား ဒီတစ်ကြိမ် ကြာနီနတ်မိမယ်ငယ်က သူမကိုယ်တိုင်ကို ဗဟိုပြုပြီး ဒီမန္တန်ကို သုံးလိုက်တာ၊ အစွမ်းက အရင်က ငါတို့နဲ့ တိုက်တုန်းကထက်တောင် ပိုပြင်းသေးတယ်"

"အောက်ခြေနယ်မြေခြောက်ခုမှာ ထူးထူးဆန်းဆန်း အရာတွေ အများကြီး ရှိတာပဲ။ အခုကြည့်ရတာ ငါတို့တွေက ဖားသူငယ် ရေတွင်းထဲမှာ နေသလို ဖြစ်နေပြီ။ ဖန့်မိတ်ဆွေက အောက်ခြေနယ်မြေခြောက်ခုက လာတာဆိုတော့ မျိုးရိုးနောက်ခံအရ ငါတို့ကို မမီပေမဲ့၊ သူ့ရဲ့ ပါရမီကတော့ ငါတို့ထက် အများကြီး သာလွန်နေတာ ဖြစ်နိုင်တယ်"

တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲတစ်ဦးက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်

"နောက်နှစ်ပေါင်း နှစ်ဆယ်ကျော်ရင် သူ တကယ်ပဲ ကျွယ်မင်နတ်ဘုရားနန်းတော်ကို ဝင်နိုင်လောက်တယ်"

လူတိုင်း သူ၏ စကားကို စိတ်ထဲမှ ထောက်ခံမိကြသည်။

ကြာနီနတ်မိမယ်ငယ် ကျွယ်မင်နတ်ဘုရားနန်းတော်သို့ ဝင်နိုင်မည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

ဖန့်ချန်က သူမနှင့် ဤမျှအကြာကြီး ယှဉ်တိုက်နိုင်သည်ဆိုလျှင် ကျွယ်မင်နတ်ဘုရားနန်းတော်သို့ ဝင်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

ဝါယန်ဖုန်း၏ မျက်နှာမှာ ပို၍ပင် ဆိုးဝါးလာသည်။

ထိုအချိန်မှာပင် နှစ်ဖက်စလုံး၏ တောင်လုပွဲမှာ ပြီးဆုံးသွားခဲ့သည်။

ကြာနီနတ်မိမယ်ငယ်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေသည်။

ဖန့်ချန်ကို ကြည့်လိုက်သည့်အခါတွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသည့် ပုံစံမျိုး လုံးဝ မပေါ်ချေ။

"ငါးနှစ်ကြာရင် ငါပြန်လာခဲ့မယ်"

ကြာနီနတ်မိမယ်ငယ်က ထိုစကားတစ်ခွန်းကို ချန်ထားရစ်ကာ လှည့်ထွက်သွားတော့သည်။

အားလုံးမှာ ဆူညံသွားကြတော့သည်။

ထိုသည်မှာ... ယနေ့ တောင်လုပွဲတွင် ကြာနီနတ်မိမယ်ငယ် ရှုံးနိမ့်သွားခြင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters