← Chapters

အခန်း (၁၃၄၅-၁၃၄၆)

Vol. 135 Ch. 1345-1346

အခန်း (၁၃၄၅-၁၃၄၆)

Vol. 135 Ch. 1345-1346

အခန်း (၁၃၄၅) - သစ်ပင်ကြီးကို မှီခိုပြီး အရိပ်ခိုလှုံခြင်း

"ဒီအတိုင်းကြီး... ထွက်သွားတာလား "

ဟေးဟွမ်တောင်ရှိ ကျင့်ကြံသူအသီးသီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မယုံနိုင်အောင် ဖြစ်နေကြသည်။

ကြာနီနတ်မိမယ်ငယ်ဆိုသည်မှာ တာအိုပေါင်းစပ်ခြင်းအဆင့်အတွင်း တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်းမရှိခဲ့ဖူးသည့် မိစ္ဆာအလား ပါရမီရှင်တစ်ဦး မဟုတ်ပါလား။

အနည်းဆုံးတော့ ကြာနီနတ်ဘုရားဂိုဏ်းနှင့် အင်အားချင်းတူညီသော အနီးနားပတ်ဝန်းကျင်ရှိ ဂိုဏ်းပေါင်း ဆယ်ဂဏန်းကျော်တွင် သူမနှင့် ကျင့်ကြံမှုအဆင့်တူညီစဉ်အတွင်း ကြာနီနတ်မိမယ်ငယ်ကို အနိုင်ယူနိုင်သည့် ကျင့်ကြံသူတစ်ဦးမျှ မပေါ်ထွက်ခဲ့ဖူးချေ။

"ချင်းယွီနတ်ဘုရားဂိုဏ်းက ဒီတစ်ခါ... ဘယ်လိုမိစ္ဆာမျိုးကို စည်းရုံးလိုက်တာလဲ "

"ငါတို့ရဲ့ အစီအစဉ်တွေကို နည်းနည်း ပြောင်းလဲရတော့မယ် ထင်တယ်။ နောက်နှစ်ပေါင်း နှစ်ဆယ်ကျော်ရင် ချင်းယွီနတ်ဘုရားဂိုဏ်းမှာ ကျွယ်မင်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာဖို့ သေချာသလောက် ရှိနေပြီ"

"ဒါဆိုရင်တော့ ငါတို့ဘက်က ပေးစရာရှိတဲ့ အကျိုးအမြတ်တွေကို အပြည့်အဝ ပေးရမယ်။ အလားအလာရှိတဲ့ ကျွယ်မင်ကျင့်ကြံသူတစ်ဦးနဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ဆိုရင် ဒီလောက် အကျိုးအမြတ်လေး ပေးရတာက ဘာပြောစရာ ရှိလို့လဲ "

...

ဖန့်ချန်သည် လူအများရှိရာသို့ ပြန်လာခဲ့သည်။

ကျန်းအကြီးအကဲနှင့် အခြားသူများမှာ ခဏမျှ မှင်တက်နေကြပြီးမှ အပြေးအလွှား ရှေ့သို့တိုးကာ လက်အုပ်ချီလျက် ဂုဏ်ပြုစကား ဆိုကြတော့သည်။

ဝါယန်ဖုန်းသည်လည်း မလိုလားသော်လည်း ရှေ့သို့တိုးကာ လက်အုပ်ချီရင်း

"ဖန့်မိတ်ဆွေရဲ့ ဒီနေ့ပြသသွားတဲ့ နည်းစနစ်တွေက ငါတို့ကို မျက်စိပွင့်စေပါတယ်။ ဖန့်မိတ်ဆွေအနေနဲ့ တာအိုပေါင်းစပ်ခြင်းအဆင့်မှာ ကြာနီနတ်မိမယ်ငယ်ကို ဗြောင်ကျကျ အနိုင်ယူနိုင်လိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး"

"တစ်ပန်းလေး သာသွားရုံပါ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

ကြာနီနတ်မိမယ်ငယ်၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်တကယ်ပင် မြင့်မားလှသည်။

အကယ်၍ သူသာ ဖန့်ထျန်းဇွန် ၊ ဖန့်ရွှမ်ယန် နှင့် ဖန့်လူသား သုံးဦးကို တာအိုအဖြစ် မစုစည်းခဲ့လျှင်...

အကယ်၍ သူသာ ရှစ်မျက်နှာအရပ် ဓားကျမ်း ကို အသုံးမပြုခဲ့လျှင်...

အကယ်၍ ကြာနီနတ်မိမယ်ငယ်သာ ယခုထက် ဆယ်ဆမက ပို၍ အစွမ်းထက်လာခဲ့လျှင်... သူနှင့် တကယ့်ကို တိုက်ကွက်အနည်းငယ်မျှ ယှဉ်တိုက်နိုင်ပေလိမ့်မည်။

လင်ချုံးယွင်နှင့် အခြားသူများမှာ ရှေ့သို့တိုးကာ နှုတ်ဆက်ခွင့် မရှိကြသဖြင့် အဝေးမှသာ ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။

ထိုအချိန်ကျမှသာ လောကီရေးရာများကို စိတ်မဝင်စားဘဲ နေ့စဉ်ရက်ဆက် တံခါးပိတ်ကျင့်ကြံနေတတ်ကာ၊ ငါးနှစ်အတွင်း လင်ချုံးယွင်နှင့်ပင် စကားအနည်းငယ်သာ ပြောဖူးသည့် အောက်ခြေနယ်မြေခြောက်ခုမှ လာသော ဤဖန့်အကြီးကဲ ၏ တကယ့်အစွမ်းမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ အမှန်တကယ် သိမြင်သွားကြတော့သည်။

"ဖန့်မိတ်ဆွေ... စောစောကတော့ နိုင်ခြေက သုံးပုံ (သုံးဆယ်ရာခိုင်နှုန်း) ပဲ ရှိတယ်ဆို..."

ကျန်းအကြီးအကဲက လေသံအေးအေးဖြင့် ပြောလိုက်သည်။

"မတိုက်ကြည့်ရသေးခင်မှာ ကြာနီနတ်မိမယ်ငယ်ရဲ့ တကယ့်အစွမ်းကို မသိနိုင်လို့ အတတ်နိုင်ဆုံး ခန့်မှန်းရုံပဲ ရှိတာပါ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

ခဏအကြာတွင် သူ၏ အကြည့်တို့က မလှမ်းမကမ်းတွင် ရှိနေသော လင်ချုံးယွင်ထံသို့ ကျရောက်သွားသည်။

ဖန့်ချန်၏ အကြည့်ကြောင့် လင်ချုံးယွင်သည် တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရသည်။

လူအများနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဖန့်ချန်သည် နှုတ်ဆက်ကာ သူပုံမှန်ကျင့်ကြံနေကျ တိတ်ဆိတ်သော အခန်းသို့ ပြန်သွားခဲ့သည်။

ဝါယန်ဖုန်းနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

ဝါယန်ဖုန်းသည် နောက်ဆုံးမှ ထွက်သွားခြင်းဖြစ်ပြီး၊ မသွားမီ လင်ချုံးယွင်ကို လှမ်းခေါ်လိုက်သည်။

"ဟေးဟွမ်တောင်ရဲ့ ကိစ္စအဝဝကို ဖန့်အကြီးအကဲနဲ့ များများ ဆွေးနွေးတိုင်ပင်လိုက်ပါ။ အရင်ကလို လှုပ်ရှားမှုတွေ... မလိုတော့ဘူး"

ဝါယန်ဖုန်းက ဆိုသည်။

လင်ချုံးယွင်က သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဘာကြည့်တာလဲ "

ဝါယန်ဖုန်းက နှာခေါင်းရှုံ့ကာ

"ငါက လူအ မဟုတ်ဘူး။ ဖန့်အကြီးအကဲမှာ ဒီလိုကျင့်ကြံမှုအဆင့် ရှိနေမှတော့ သူ့ကို ဆက်ပြီး ရန်စနေတာဟာ ကိုယ့်ခေါင်းကို ကိုယ့်ခါးမှာ ချိတ်ထားတာနဲ့ အတူတူပဲ။ ငါက သေချင်ဇောနဲ့ မိုက်ရူးရဲနေတဲ့သူ မဟုတ်ဘူး၊ ဘာလို့ အဲဒီလို လုပ်နေရမှာလဲ ပြီးတော့ ဒီငါးနှစ်အတွင်း ရခဲ့တဲ့ အကျိုးအမြတ်တွေကိုလည်း အကုန်လုံး ပြန်ထုတ်ပေးလိုက်"

"အကယ်၍ ဖန့်အကြီးအကဲက မလိုချင်ဘူးဆိုရင်ရော..."

"သူ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အကုန်ပြန်ထုတ်ပေးလိုက်။ ဒီတစ်ကြိမ် ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ စစ်ဆေးမှုက ငါနဲ့ မဆိုင်တော့ဘူး၊ နောက်တစ်ကြိမ်ကိုပဲ စောင့်ရတော့မယ်။ မင်းကတော့ ဒီနေရာမှာ ရှိနေတုန်း ဖန့်အကြီးအကဲနဲ့ များများ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေး ယူထားလိုက်ဦး။ နောက်နှစ်အနည်းငယ်ကြာရင် သူက ကျွယ်မင်ကျင့်ကြံသူ ဖြစ်သွားတော့မှာ"

နောက်ထပ် ငါးနှစ်တာ ကာလအတွင်း...

ဟေးဟွမ်တောင်၏ စည်းစနစ်များမှာ ကြာနီနတ်မိမယ်ငယ် စောင့်ကြပ်ခဲ့စဉ်ကအတိုင်း တဖြည်းဖြည်း ပြန်လည်ဖြစ်တည်လာသည်။

နယ်မြေအသီးသီးက ဈေးတန်းပိုင်ရှင်များမှာ အကြောင်းရင်းကို သေချာမသိကြသော်လည်း ဝိညာဉ်ကျောက်တုံးများ အခွန်နည်းနည်းပဲ ပေးရသည်ကိုတော့ အလွန်ကျေနပ်နေကြပြီး မည်သည့်ကန့်ကွက်မှုမျှ မပြုလုပ်ကြချေ။

ဒုတိယမြောက် ငါးနှစ်တာကာလ စေ့သောအခါ ဝါယန်ဖုန်းနှင့် အခြားသူများသည် ဟေးဟွမ်တောင်သို့ ချိန်းဆိုထားသကဲ့သို့ ရောက်ရှိလာကြပြန်သည်။

သူတို့သည် ကြာနီနတ်မိမယ်ငယ်ကို ထပ်မံတွေ့ရှိရပြန်သည်။

ယခုတစ်ကြိမ် တောင်လုပွဲတွင် ကြာနီနတ်မိမယ်ငယ် ပြသလိုက်သော အစွမ်းမှာ အရင်တစ်ကြိမ်ထက် အနည်းဆုံး သုံးပုံတစ်ပုံ ခန့် ပို၍ အစွမ်းထက်လာခဲ့သည်။

သို့သော်လည်း တစ်ဖက်လူမှာ အနည်းငယ်မျှသော ကွာဟချက်ဖြင့် ဖန့်ချန်၏ လက်ထဲတွင် ထပ်မံရှုံးနိမ့်သွားရပြန်သည်။

ဤတိုက်ပွဲအပြီးတွင် ဝါယန်ဖုန်းနှင့် အခြားသူများသည် အောက်ခြေနယ်မြေခြောက်ခုအပေါ် ထားရှိသော သူတို့၏ အမြင်များမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ဟေးဟွမ်တောင်ခြေရှိ အလယ်အလတ်စား ဈေးတန်းတစ်ခု...

ဖန့်ချန်သည် ဝိညာဉ်ပစ္စည်းများ ရောင်းချသည့် ဆိုင်တစ်ဆိုင်သို့ ရောက်လာပြီး ဆိုင်အကူနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် နောက်ဖေးဝင်းထဲသို့ ဝင်သွားခဲ့သည်။

"လင်းကွေ့ကြယ်တာရာနယ်မြေဘက်မှာ ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ ရှေးဟောင်းမသေမျိုးတစ်ပါး စောင့်ကြပ်နေတာ အမှန်ပါပဲ။ ကျုပ်ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီရှေးဟောင်းမသေမျိုးဟာ အဆင့် ၇ မဟုတ်ဘဲ အဆင့် ၈ တောင် ဖြစ်နိုင်တယ်"

ဟွမ်ဝူကျီသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရိုးရှင်းရှင်း သက်လတ်ပိုင်း အရွယ် လူကြီးတစ်ဦးအသွင်ဖြင့် ရှိနေကာ၊ သူသည် ဤဆေးဆိုင်၏ ပိုင်ရှင်ပင် ဖြစ်သည်။

"လူ့လောက ကိုးခုနယ်မြေမှာ အဆင့် ၈ အထိ ရောက်နိုင်တဲ့ မသေမျိုးလမ်းစဉ်တွေက သိပ်မများဘူး"

ဖန့်ချန်က ခေါင်းညိတ်လိုက်ရင်း ဟွမ်ဝူကျီကို ကြည့်ကာ

"ချန်ခုန်း နဲ့ ပတ်သက်တဲ့ သတင်းတွေရော ရခဲ့လား"

"မရဘူး၊ ဒါပေမဲ့ ထိုက်ရွှီမသေမျိုး နဲ့ ပတ်သက်တဲ့ သတင်းတော့ ကြားခဲ့ရတယ်"

ဟွမ်ဝူကျီက ထူးဆန်းသော အမူအရာဖြင့် ဆိုသည်

"ဒီတစ်ကြိမ် ကျွယ်မင်နတ်ဘုရားနန်းတော်က လင်းကွေ့ကြယ်တာရာနယ်မြေ မှာ တပည့်လက်ခံပွဲ လုပ်ဖို့ အင်အားစုအသီးသီးက စီစဉ်နေကြတယ်။ စစ်ဆေးမှုမှာ ပါဝင်မယ့် ကျင့်ကြံသူ အရေအတွက်တင် သန်းဂဏန်းလောက် ရှိနိုင်တယ်။ အဲဒီ သန်းနဲ့ချီတဲ့ လူတွေထဲကမှ ကျွယ်မင်နတ်ဘုရားနန်းတော်က အယောက် ၂၀ ပဲ ရွေးမှာ။ ထိုက်ရွှီမသေမျိုး က ဒီစစ်ဆေးမှုရဲ့ အဓိက တာဝန်ခံပဲ"

"ရှေးဟောင်းမသေမျိုးတစ်ပိုင်း က ဒီစစ်ဆေးမှုကို တာဝန်ယူတာလား ကျွယ်မင်နတ်ဘုရားနန်းတော်က သူတို့ရဲ့ တပည့်တွေအပေါ် ထားရှိတဲ့ စံနှုန်းက တကယ့်ကို မသေးလှဘူးပဲ"

ဖန့်ချန်က ပြုံးလိုက်သည်။

"ရှေးဟောင်းမသေမျိုးတစ်ပိုင်း မဟုတ်တော့ဘူး"

ဟွမ်ဝူကျီက ခပ်အေးအေး ပြုံးကာ

"စစ်မှန်တဲ့ ရှေးဟောင်းမသေမျိုး ပဲ။ ဒီထိုက်ရွှီမသေမျိုး က အဆင့် ၇ ကို တက်လှမ်းသွားပြီ"

"..."

ဖန့်ချန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်

"ကြည့်ရတာ လီရှမ်းဇီ က အဲဒီ မသေမျိုးဆွေးနွေးပွဲမှာ ရှေးဟောင်းမသေမျိုးရွှေကိုယ်ထည်ကို မရလိုက်လို့ မသေမျိုးစာရင်းဝင်ခွင့်ကို မရခဲ့ပေမဲ့၊ ကျွယ်မင်နတ်ဘုရားနန်းတော်က တခြားတစ်နေရာကနေ ထိုက်ရွှီမသေမျိုး အတွက် မသေမျိုးစားရင်းဝင်ခွင့် တစ်ခု ရှာပေးလိုက်ပုံပဲ"

"သခင်လေး... မသေမျိုးစားရင်းခွင့် ဆိုတဲ့အရာက ကြည့်ရတာ ရဖို့တော်တော်မလွယ်ဘူးပဲ။ ကျုပ် တို့ နောင်ကျရင်..."

"မင်း သေသွားရင်တော့ မသေမျိုးစားရင် ဝင်ခွင့် မလိုဘူး၊ ယင်လောကရဲ့ စစ်မှန်တဲ့ နတ်ဘုရား ဝိညာဥ်ဖြစ်လာတာက မင်းရဲ့ အသိအမှတ်ပြုမှုပဲ။ တကယ်လို့ မင်း အသက်ရှင်လျက်နဲ့ အဆင့် ၆ အထိ ရောက်နိုင်မယ်ဆိုရင်၊ ငါ့ရဲ့ အစွမ်းရှိသမျှ သုံးပြီး မင်းအတွက် စားရင်းဝင်ခွင့် တစ်ခု ရအောင်လုပ်ပေးမယ်၊ မင်းကို ရှေးဟောင်းမသေမျိုး အဆင့်အထိ ပို့ပေးမယ်"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

ဟွမ်ဝူကျီ၏ မျက်လုံးများ တောက်ပသွားသည်

"ကျေးဇူးတင်ပါတယ် သခင်လေး"

သူသည် သစ်ပင်ကြီးကို မှီခိုပြီး အရိပ်ခိုလှုံရခြင်း ၏ အရသာကို နောက်ဆုံးတော့ ခံစားလိုက်ရပြီ ဖြစ်သည်။

အကယ်၍ ယခင်က အဖြစ်အပျက်များသာ မရှိခဲ့လျှင် ယခုအချိန်အထိ သူသည် အဆင့် ၃ ဓားနတ်ဘုရားအဆင့်မှာသာ ရှိနေဦးမည်ဖြစ်ပြီး အဆင့် ၄ သို့ တက်လှမ်းနိုင်မည့် လမ်းစပင် ရှိလိမ့်မည် မဟုတ်ချေ။

"ထိုက်ရွှီမသေမျိုး ဟာ ရှေးဟောင်းနယ်မြေ မှာ တာဝန်ကျခဲ့တဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာန ရဲ့ အဆင့် ၇ ရှေးဟောင်းမသေမျိုး ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်နေနိုင်တယ်။ ဝိညာဥ်သုတ်သင်ခြင်းဌာနရဲ့ အထက်လူကြီးတွေက ဒီကိစ္စကို စုံစမ်းနေကြပေမဲ့ ဗြောင်ကျကျတော့ မလုပ်ရဲကြဘူး၊ ရန်သူဖြစ်သွားမှာ စိုးလို့လေ"

" ဟွမ်ချင်းကျွဲဟာလည်း ဒီအကြောင်းကြောင့်ပဲ ရှဲ့ကျစ် အဖွဲ့ကို ဖျက်သိမ်းပြီး အထက်နယ်မြေသုံးခုဆီကို အရှက်တကွဲ ရောက်လာခဲ့ရတာ။ ထိုက်ရွှီမသေမျိုး နဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း မင်း သတိထားပြီး စောင့်ကြည့်ပေးပါ၊ ဒါပေမဲ့ ကိုယ့်ရဲ့ ဘေးကင်းရေးကိုတော့ အရင်ဦးစားပေးရမယ်"

ဖန့်ချန်က စကားအချို့ မှာကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။

အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ငါးနှစ် ထပ်မံကုန်ဆုံးသွားခဲ့ပြန်သည်။

ဤသည်မှာ ကြာနီနတ်မိမယ်ငယ် တောင်လုရန် တတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။

နာရီဝက်ခန့် အပြင်းအထန် ယှဉ်ပြိုင်ပြီးနောက် ကြာနီနတ်မိမယ်ငယ်မှာ အနည်းငယ်သော ကွာဟချက်ဖြင့် ထပ်မံရှုံးနိမ့်သွားခဲ့ပြန်သည်။

ယခင်နှစ်ကြိမ်တွင် သူမ ရှုံးနိမ့်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ မထွက်သွားဘဲ ဖန့်ချန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်

"ရှင်... အမြဲတမ်း ညှာပြီး တိုက်နေတာလား "ာ

"ကျုပ်လား မဟုတ်တာ ဟုန်မိတ်ဆွေနဲ့ ယှဉ်တိုက်ရတာ အစွမ်းကုန် ကြိုးစားမှ ရတာပါ။ တကယ်လို့ ကျုပ်သာ နည်းနည်းလေး ညှာလိုက်ရင် ရှုံးသွားမှာပေါ့"

ဖန့်ချန်က ခပ်သာသာ ခေါင်းခါရင်း ဆိုလိုက်သည်။

ကြာနီနတ်မိမယ်ငယ်၏ မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေသည်။

သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လျှို့ဝှက်နည်းစနစ် ကို သုံးစွဲထားသည့် ရလဒ်ပင် ဖြစ်သည်။

ပုံမှန်ကျင့်ကြံသူတစ်ဦးအတွက် ငါးနှစ်တာအတွင်း တိုက်ခိုက်နိုင်စွမ်းမှာ များစွာ ပြောင်းလဲသွားလေ့ မရှိပေ။

သို့သော် တစ်ဖက်လူမှာမူ သူမထက် တစ်ပန်း အမြဲသာနေသည် မဟုတ်ပါလား

"နောက်ငါးနှစ်နေရင် ငါ ထပ်လာခဲ့ဦးမယ်"

ကြာနီနတ်မိမယ်ငယ်က ထိုစကားတစ်ခွန်းကို ချန်ထားရစ်ကာ လှည့်ထွက်သွားတော့သည်။

အခန်း (၁၃၄၆) - အပြန်အလှန် ကူညီဖေးမခြင်း

မသိမသာနှင့်ပင် ဖန့်ချန်သည် ဟေးဟွမ်တောင်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုအနှစ်သုံးဆယ်အတွင်း ဖန့်ယိန့်ကွမ်း အစရှိသော သူ၏ ကိုယ်ပွားများသည်လည်း တစ်ဦးပြီးတစ်ဦး ထိုးဖောက်အောင်မြင်မှုများ ရရှိခဲ့ကြသည်။

ထိုကိုယ်ပွားများထံမှ တုံ့ပြန်လာသော စွမ်းအားများသည် အလွှာပေါင်းစုံသော ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ ဖန့်ချန်၏ ကိုယ်ပေါ်သို့ တိကျမှန်ကန်စွာ ကျရောက်လာခဲ့သည်။

ထိုစွမ်းအားများကြောင့် သူသည် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ထဲသို့ ခြေတစ်လှမ်း တိုးဝင်မိတော့မည့်အခြေအနေကို မနည်းထိန်းချုပ်ထားရသည်။

ယခုတစ်ကြိမ် လင်းကွေ့ကြယ်တာရာနယ်မြေတွင် ပြုလုပ်မည့် ကျွယ်မင်နတ်ဘုရားနန်းတော်၏ စစ်ဆေးမှုတွင် အနည်းဆုံး ကျင့်ကြံသူ သန်းဂဏန်းမျှ ရှိလိမ့်မည်။

၎င်းတို့အနက် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများ၏ စစ်ဆေးမှုကို စစ်ဆေးရေးမှူးများက အထူးတလည် အာရုံစိုက် စောင့်ကြည့်ကြမည်မှာ သေချာသည်။

အကယ်၍ စစ်ဆေးမှု မအောင်မြင်ပါက ကိစ္စမရှိသော်လည်း၊ အကယ်၍ အောင်မြင်ခဲ့ပါက ကျွယ်မင်နတ်ဘုရားနန်းတော်သည် ထိုသူ၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းစစ်ဆေးရာတွင် တာအိုပေါင်းစပ်ခြင်းအဆင့်ထက် အဆပေါင်းများစွာ ပိုမိုတင်းကျပ်မည် ဖြစ်သည်။

ဖန့်ချန်သည် ပြဿနာများကို ရှောင်လွှဲရန်အတွက် နောက်ဆုံးခြေလှမ်းကို မတက်လှမ်းမိစေရန် အတင်းအကျပ် ဖိနှိပ်ထားခြင်း ဖြစ်သည်။

ကျွယ်မင်နတ်ဘုရားနန်းတော်တွင် အမည်စာရင်း သွင်းပြီးမှသာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းလျှင်လည်း မနှောင်းပေ။

"ဖန့်မိတ်ဆွေ... ကျွယ်မင်နတ်ဘုရားနန်းတော်က ကျင့်ကြံသူတွေ လင်းကွေ့ကြယ်တာရာနယ်မြေကို ရောက်လာကြပြီ။ အခု ဒီနယ်မြေက အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ စစ်ဆေးမှု အသေးစိတ်တွေကို သတ်မှတ်နေကြတယ်လို့ ကြားတယ်။ ရှင် ကျွယ်မင်နတ်ဘုရားနန်းတော်ကို ဝင်နိုင်ဖို့ ဘယ်လောက်လောက် ယုံကြည်ချက်ရှိလဲ "

ကြာနီနတ်မိမယ်ငယ်က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အမှတ်မထင် မေးလိုက်သည်။

ဤသည်မှာ သူမ၏ နောက်ဆုံးအကြိမ် တောင်လုပွဲ ဖြစ်သည်။

ယခင်အတိုင်းပင် တောင်လုပွဲမှာ ရှုံးနိမ့်ခဲ့သော်လည်း သူမသည် ချက်ချင်း ထွက်မသွားဘဲ ဖန့်ချန်နှင့်အတူ ထိုင်ကာ တာအိုတရားများ ဆွေးနွေးရင်း ဝိညာဉ်လက်ဖက်ရည်ကို မြည်းစမ်းနေခြင်း ဖြစ်သည်။

"သုံးဆယ်ရာခိုင်နှုန်း လောက်ပါပဲ"

ဖန့်ချန်က အမှတ်မထင် ပြန်ဖြေလိုက်သည်။

"သုံးဆယ်ရာခိုင်နှုန်းလား ရှင်က သိပ်ကို သတိကြီးလွန်းတာပဲ။ ကျမ တောင်မှ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အခွင့်အရေးရှိတယ်လို့ ထင်နေတာ"

ကြာနီနတ်မိမယ်ငယ်က ခပ်သာသာ ခေါင်းခါလိုက်ရင်း

"ဒါတောင် ရှင်က ရှင့်ရဲ့ စွမ်းဆောင်ရည်တွေကို ထည့်မတွက်သေးဘူးနော်။ ကျမ တောင်လုပွဲ အကြိမ်ကြိမ်မှာ ရှင့်လက်ထဲမှာပဲ ရှုံးခဲ့တာ။ ရှင့်ရဲ့ အခွင့်အလမ်းက ကျမ ထက်တောင် ပိုမြင့်ရမှာ"

အနီးနားတွင် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်အပြင် ကျန်းအကြီးအကဲ၊ ဝါယန်ဖုန်း အစရှိသော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်လည်း ရှိနေကြသည်။

ကြာနီနတ်မိမယ်ငယ်၏ စကားကို ကြားသောအခါ ကျန်းအကြီးအကဲက မနေနိုင်ဘဲ ခေါင်းညိတ်လိုက်သည်

"ဟုတ်တယ်... သုံးပုံဆိုတာ နည်းလွန်းပါတယ်။ ကျုပ်ကြည့်ရသလောက်တော့ ရှစ်ပုံ၊ ကိုးပုံလောက် ရှိရမယ်"

ဝါယန်ဖုန်းသည်လည်း ဝန်မခံချင်သော်လည်း ယခုအချိန်တွင် ခေါင်းညိတ်လိုက်ရသည်

"ရှစ်ပုံ ကိုးပုံလောက်ကတော့ သေချာပါတယ်"

သူတို့သည် ကြာနီနတ်မိမယ်ငယ်၏ စရိုက်ကို ကောင်းကောင်းသိကြသည်။

သူမသည် ကြာနီနတ်ဘုရားဂိုဏ်း၏ အကြီးအကဲဖြစ်သလို ဟေးဟွမ် အစစ်မှန်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားရာ တာအိုပေါင်းစပ်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းသလောက် ရှိသူဖြစ်သည်။

ပုံမှန်အားဖြင့် မာနကြီးပြီး သူတို့နှင့်ပင် များများစားစား ထိတွေ့ဆက်ဆံလေ့မရှိသော သူမသည် ယခုအခါ ဖန့်ချန်၏ လက်ထဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရုံတင်မက၊ ယနေ့တွင် အတူထိုင်ကာ တာအိုတရားများပင် ဆွေးနွေးနေခြင်း ဖြစ်သည်။

သိသာသည်မှာ သူမသည် ဤဖန့်အကြီးအကဲကို သူမနှင့် တန်းတူရည်တူ စကားပြောနိုင်သော မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်လိုက်ခြင်းပင်။

အောက်ခြေနယ်မြေခြောက်ခုမှ လာသော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကြာနီနတ်မိမယ်ငယ်က တန်းတူရည်တူ ဆက်ဆံသည်ကို မြင်သောအခါ၊ သူတို့သည်လည်း နှစ်ပေါင်းများစွာက အောက်ခြေနယ်မြေခြောက်ခုအပေါ် ထားရှိခဲ့သော အထင်အမြင်သေးမှုများကို တဖြည်းဖြည်း ဖျောက်ပစ်လိုက်ကြပြီး ဖန့်ချန်အပေါ် ထားရှိသော သဘောထားကို ပြင်ဆင်လိုက်ကြတော့သည်။

"လင်းကွေ့ကြယ်တာရာနယ်မြေမှာ ကျင့်ကြံသူ သန်းချီရှိတာကို အယောက် ၂၀ ပဲ ရွေးမှာဆိုတော့၊ သုံးပုံဆိုတဲ့ ယုံကြည်ချက်က တော်တော်မြင့်နေပါပြီ။ လောကက လူတွေကို လျှော့တွက်လို့ မရဘူးလေ"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

"ဖန့်မိတ်ဆွေ ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ်။ ပထမဆုံးအကြိမ် တောင်လုတုန်းက ကျုပ်လည်း ဖန့်မိတ်ဆွေကို လျှော့တွက်ခဲ့မိတာပဲ"

ကြာနီနတ်မိမယ်ငယ်က ခပ်သာသာ ခေါင်းညိတ်ကာ လေးနက်သော အမူအရာဖြင့် ဆိုသည်

"ဒီတစ်ကြိမ် စစ်ဆေးမှုကိုတော့ ကျမ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ခြင်္သေ့တစ်ကောင်က ယုန်ကို ဖမ်းသလိုမျိုးပေါ့"

လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး တစ်စုံတစ်ခုကို စဉ်းစားမိကာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်ကြသည်။

ယခုအခါ ဖန့်ချန်သည် သတိကြီးလွန်းသည်ဟု သူတို့ မထင်ကြတော့ချေ။

ထိုကဲ့သို့သော ကြီးမားသည့် ကိစ္စမျိုးတွင် ဤသဘောထားမျိုး ရှိခြင်းကသာ ပုံမှန်ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ ပေါ့ဆသော သဘောထားကသာ အချိန်မရွေး ပြဿနာကြီးကြီးမားမား ပေးနိုင်သည် မဟုတ်ပါလား။

လူအတော်များများမှာ ထိတ်လန့်သွားကြပြီး၊ ဤနှစ်များအတွင်း အခြေအနေက အေးချမ်းလွန်းနေသဖြင့် သူတို့၏ စိတ်ထဲက သတိဝီရိယများ ပျောက်ဆုံးနေခဲ့သည်ဟု ခံစားလိုက်ရသည်။

"ဖန့်မိတ်ဆွေ... ကျမ ဒီကို မလာခင်မှာ ဂိုဏ်းချုပ်က ကျမ ကို ပြောလိုက်တယ်။ ဒီတစ်ကြိမ် စစ်ဆေးမှုမှာ ကျွယ်မင်နတ်ဘုရားနန်းတော်က ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ၂ ယောက်နဲ့ တာအိုပေါင်းစပ်ခြင်းအဆင့် ၁၈ ယောက်ပဲ ရွေးဖို့ စီစဉ်ထားတယ်တဲ့"

ကြာနီနတ်မိမယ်ငယ်က ဖန့်ချန်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ကြည်လင်နေပြီး သူမ၏ ရည်ရွယ်ချက်ကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။

"ဆိုလိုတာက အဲဒီ ၁၈ နေရာထဲက ၂ နေရာကိုပဲ အရယူရမှာ။ စစ်ဆေးမှုမှာ ရှင် နဲ့ လက်တွဲပြီး အပြန်အလှန် ကူညီဖေးမကြဖို့ ကျမ မျှော်လင့်ပါတယ်"

သူမ ထိုနေရာတွင် ရှိနေရခြင်းမှာ ဖန့်ချန်နှင့် လက်တွဲလိုသောကြောင့် ဖြစ်သည်။

"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၂ ယောက်ပဲ ရွေးမှာလား ဒါဆိုရင်တော့ ကျုပ်ရဲ့ ခြေလှမ်းက မှန်သွားတာပဲ"

ဖန့်ချန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကလေးတစ်ခု ပေါ်လာသည်။

အကယ်၍ သူသာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းခဲ့လျှင် ထိုနေရာ ၂ ခုအတွက် ပြိုင်ဆိုင်ရမည်ဖြစ်ရာ၊ သေချာပေါက် အထူးတလည် စောင့်ကြည့်ခြင်း ခံရပေလိမ့်မည်။

"ခွင့်ပြုထားတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ ကျုပ်တို့ လက်တွဲနိုင်ပါတယ်"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။ ဒါဆိုရင် အချိန်ကျရင် စစ်ဆေးမယ့်နေရာကို ကျမ တို့ အတူတူ သွားကြတာပေါ့"

ကြာနီနတ်မိမယ်ငယ်က ခေါင်းညိတ်ပြပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

"ဖန့်မိတ်ဆွေ... ကျုပ်တို့ ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်"

ဝါယန်ဖုန်းနှင့် အခြားသူများလည်း မတ်တတ်ရပ်ကာ ဂုဏ်ပြုစကား ဆိုကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ရက်အနည်းငယ်အကြာတွင် ချင်းယွီမသေမျိုး ကိုယ်တိုင် ဟေးဟွမ်တောင်သို့ ရောက်လာခဲ့ပြီး၊ သူနှင့်အတူ ဝါယန်ဖုန်းလည်း ပါလာသည်။

ဖန့်ချန်နှင့် ဝါယန်ဖုန်းတို့သည် တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး၊ ဟေးဟွမ်တောင်ကို ဝါယန်ဖုန်းထံ အပ်နှံလိုက်ကာ ဖန့်ချန်သည် ချင်းယွီမသေမျိုးနှင့်အတူ ထွက်ခွာခဲ့သည်။

လှေ ပေါ်တွင်မူ ချင်းယွီမသေမျိုးသည် ဖန့်ချန်အပေါ် ထားရှိသော သဘောထားမှာ ယခင်ကထက် ပိုမို နွေးထွေးသိမ်မွေ့လာပြီး ရင်းနှီးမှု အရိပ်အယောင်များ ပိုမိုပါဝင်လာသည်။

ဖန့်ချန်သည် အကြိမ်ကြိမ်သော တောင်လုပွဲများမှတစ်ဆင့် သူ၏ စွမ်းအားကို သက်သေပြခဲ့ပြီးဖြစ်ရာ၊ ချင်းယွီမသေမျိုး၏ မျှော်လင့်ချက်ထက်ပင် များစွာ သာလွန်နေခဲ့သည်။

"ဖန့်အကြီးအကဲ... မင်း မသိသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ကျွယ်မင်နတ်ဘုရားနန်းတော်က ဒီတစ်ခါ ရွေးချယ်မယ့် ကျင့်ကြံသူတွေဟာ အပြင်စည်း တပည့် တွေဖြစ်ပြီး အမာခံတပည့်တွေ မဟုတ်ဘူး"

ချင်းယွီမသေမျိုးက ဆိုသည်။

အပြင်စည်းတပည့် ဟုတ်လား

လင်းကွေ့ကြယ်တာရာနယ်မြေမှာ ဒီလောက်ကြီးမားတဲ့ ရွေးချယ်ပွဲကြီး လုပ်တာတောင် အပြင်စည်း တပည့် ပဲ ဖြစ်ရတာလား

ဖန့်ချန်၏ မျက်လုံးထဲတွင် သံသယများ ပေါ်လာသည်ကို မြင်သောအခါ ချင်းယွီမသေမျိုးက ရှင်းပြသည်

"ကျွယ်မင်နတ်ဘုရားနန်းတော်မှာ ကိုယ်ပိုင် တပည့်လက်ခံတဲ့ စံနှုန်းတွေ ရှိတယ်။ နတ်ဘုရားလမ်းစဉ်ကို တစ်ခါမှ မနင်းဖူးသေးတဲ့ လူသားစစ်စစ်တွေကိုပဲ အခြေခံကစပြီး အစွမ်းကုန် ပြုစုပျိုးထောင်ပေးတာမျိုးပေါ့"

"ဖန့်အကြီးအကဲတို့လို မသေမျိုးလမ်းစဉ်မှာ ခရီးအတော်အသင့် ပေါက်နေပြီဖြစ်တဲ့ ကျင့်ကြံသူတွေကိုတော့ ကျွယ်မင်နတ်ဘုရားနန်းတော်က အပြင်စည်း တပည့် အဆင့်အတန်းပဲ ပေးမှာပါ။ အမာခံတပည့်တွေနဲ့ မတူပေမဲ့ တကယ်တော့ ဒါက မင်းတို့အတွက် ပိုပြီး သင့်တော်ပါတယ်"

"ဘာလို့လဲဆိုတော့ မင်းတို့ကို ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ အဓိက ကျင့်စဉ်တွေကို အစကနေ ပြန်ကျင့်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပဲ။ အပြင်စည်းတပည့် ဖြစ်လာရင်တောင်မှ သာမန်ကျင့်ကြံသူတွေ လက်လှမ်းမမီနိုင်တဲ့ အကျိုးခံစားခွင့်တချို့ကို ရရှိနိုင်မှာပါ"

ချင်းယွီမသေမျိုးက ခပ်တိုးတိုး သက်ပြင်းချလိုက်ရင်း

"နတ်ဆေးပင် နဲ့ ပတ်သက်ရင်လည်း ကျွယ်မင်နတ်ဘုရားနန်းတော်က မင်းတို့ကို မျက်နှာသာပေးမှာပါ။ အကယ်၍ မင်းတို့ နောင်ကျရင် မသေမျိုး အဖြစ် တက်လှမ်းဖို့ အခွင့်အရေးရရင် နတ်ဆေးပင် ကို ဦးစားပေး ရယူနိုင်ခွင့် ရှိလိမ့်မယ်"

"ကျုပ်ဆိုရင်လည်း အဆင့် ၂ ကို တက်လှမ်းဖို့ အခြေခံတွေ အစောကြီးကတည်းက ပြည့်စုံနေပေမဲ့ နတ်ဆေးပင်ရဲ့ ကန့်သတ်ချက်ကြောင့်ပဲ အဆင့် ၁ မှာပဲ တစ်နေရတာ။ ဒီလိုမှန်းသိရင် အစကတည်းက သာမန် လွတ်လပ်သောမသေမျိုး လမ်းစဉ်ကိုပဲ လိုက်ခဲ့ရင် အနည်းဆုံးတော့ အဆင့် ၃ အထိ ရောက်နေလောက်ပြီ။ ဒါကလည်း ကျုပ်ရဲ့ ရည်မှန်းချက်တွေ ကြီးလွန်းခဲ့ပြီး လက်တွေ့နဲ့ မကိုက်ညီခဲ့လို့ပါပဲ"

(ချင်းယွီရဲ့ မသေမျိုးလမ်းစဥ်နဲ့ လွတ်လပ်သောမသေမျိုး လမ်းစဥ်က မတူဘူးနော် လွတ်လပ်သောမသေမျိုးလမ်းစဥ်က တက်လှမ်းခြင်းအဆင့်ကနေ အစစ်မှန်မသေမျိုး အဆင့်ကို မတက်နိုင်လို့ ခန္ဓာစွန့် ပြီး ဝိညာဥ်ဘဝနဲ့ လွတ်လပ်သောမသေမျိုးလမ်းစဥ်ကို လျှောက်တဲ့ ဟာပေါ့ နှစ်တစ်ထောင်ကြာတိုင်း ကပ်ဘေးကို ဖြတ်ကျော်ရပါတယ် ရှုပ်သွားမှာဆိုးလို့ပါ )

ထိုနေရာသို့ ရောက်သောအခါ သူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရာ၊ သူ၏ အတွေ့အကြုံကို အသုံးပြုပြီး ဖန့်ချန်ကို သတိပေးလိုသော အဓိပ္ပာယ်မှာ ထင်ရှားလှသည်။

"အကယ်၍ ယုံကြည်ချက် သိပ်မရှိဘူးဆိုရင်တော့ အောက်ခြေနယ်မြေခြောက်ခုကအတိုင်းပဲ အဆင့် ၃ ရောက်မှ နတ်ဆေးပင် ကို သုံးစွဲတာကလည်း မနှောင်းပါဘူး"

"ကျုပ် နားလည်ပါတယ်"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"မင်း ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာပြီးနောက် ရမယ့် အကျိုးကျေးဇူးတွေကို ထပ်ပြောရရင်တော့... ကျွယ်မင်နတ်ဘုရားနန်းတော်ဟာ မင်းလို တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူကို နှစ်စဉ် လစာအဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ပေးလိမ့်မယ်။ ဒါက မင်းကျင့်ကြံဖို့အတွက် လုံလောက်ပါတယ်"

" မင်း ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ နောက်ပြီး တက်လှမ်းခြင်းအဆင့် ကို ရောက်သွားရင် လစာကလည်း လိုက်ပြီး တိုးသွားမှာပါ။ ငါ သိသလောက်တော့ တချို့ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တစ်နှစ်စာ လစာဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာနဲ့ချီ ရှိတယ်"

ချင်းယွီမသေမျိုးက ဆက်ပြောသည်

"မင်း တက်လှမ်းခြင်းအဆင့်ကို ရောက်ရင် လုပ်ဆောင်ချက် အနိမ့်အမြင့်အလိုက် မသေမျိုးလမ်းစဉ်ရဲ့ နတ်ဆေးပင်ကို ရဖို့အတွက် တန်းစီစောင့်ဆိုင်းလို့ ရပြီ။ ဒါက မင်းကို အဆင့် ၁ မသေမျိုးအဖြစ် တက်လှမ်းဖို့ ကူညီပေးလိမ့်မယ်"

"တကယ်လို့ မင်းသာ နယ်မြေသစ်ရှာဖွေရေးအဖွဲ့ ထဲကို ဝင်နိုင်ပြီး ရှေးဟောင်းတားမြစ်နယ်မြေတချို့မှာ ကောင်းမှုကုသိုလ်တွေ ပြုနိုင်မယ်ဆိုရင် စည်းကမ်းချက်တွေကို ကျော်လွန်ပြီး အမာခံတပည့် ဖြစ်လာနိုင်တဲ့ အခွင့်အရေးတောင် ရှိသေးတယ်။ အဲဒီအချိန်ကျရင် မင်း သိမြင်ရမယ့် အရာတွေဟာ ငါတောင်မှ ခန့်မှန်းလို့ မရနိုင်တဲ့ အရာတွေ ဖြစ်လာလိမ့်မယ်"

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ချင်းယွီမသေမျိုး၏ မျက်လုံးများက လှုပ်ရှားသွားကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်

"မင်းက ရှေးဟောင်းနယ်မြေ က လာတာဆိုတော့... ဝမ်ချုံးစန်း ဆိုတဲ့လူကို ကြားဖူးလား "

All Chapters